12 September 2012
နောက်ဆုံးအချိန်ထိ...
ကျနော့်အိမ်မှာ လစဉ်ကြေးနဲ့ယူတဲ့ ဓါတ်ပုံမဂ္ဂဇင်းတစ်အုပ် ရှိပါတယ်၊ ပြင်သစ်မှာရှိတဲ့ ဓါတ်ပုံအေဂျင်စီ တစ်ခုက ထုတ်တဲ့ Réponses Photo ဆိုတဲ့ မဂ္ဂဇင်းပါ၊ အခု စက်တင်ဘာလထုတ် မဂ္ဂဇင်းထဲမှာတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဓါတ်ပုံလေးတစ်ပုံ ပါလာခဲ့တယ်၊ မဂ္ဂဇင်းက ကျနော့်ဆီရောက်တာ ကြာပါပြီ၊ ပြီးခဲ့တဲ့ သြဂုတ်လ မကုန်ခင်ကတည်းက ဆိုပါတော့..၊ ဒါပေမယ့် မဂ္ဂဇင်းစာအုပ်ကို ဟိုလှန်၊ ဒီလှန်လုပ်ရင်း အဲဒီဓါတ်ပုံလေးရှိတဲ့ စာမျက်နှာ ရောက်တိုင်း ကျနော် ရှေ့မဆက်နိုင်ဘူး၊ ပုံနဲ့တွဲပါတဲ့ စာကြောင်းတွေကို ပြန်,ပြန် ဖတ်မိတယ်၊ ဓါတ်ပုံကို အကြာကြီး အသေးစိတ် လိုက်ကြည့်နေမိတယ်၊ ပြီးတော့ ကျနော်တစ်ခါမှ မသိဖူးတဲ့ ဓါတ်ပုံနောက်ကွယ်က လူတွေအကြောင်းကို တွေးနေမိတယ်...၊
ဒီဓါတ်ပုံလေးထဲက ကင်မရာတွေက Bill Biggart ဆိုတဲ့ ဓါတ်ပုံဆရာ တစ်ယောက်ကိုင်ခဲ့တဲ့ ကင်မရာတွေပါ၊ လွန်ခဲ့တဲ့ ၁၁ နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ရဲ့ မနက်ခင်းမှာ Bill ဟာ သူနေထိုင်တဲ့ မန်ဟက်တန်ကနေ ပုံထဲက ကင်မရာ ၃ လုံးကိုဆွဲပြီး ဝေါလ်ထရိတ်စင်တာ ဖက်ကို အပြေးအလွှားနဲ့ ရောက်သွားခဲ့တယ်၊ ဒီမြို့မှာနေတဲ့ Bill ဟာ ဝေါလ်ထရိတ်စင်တာ ဆီသွားတဲ့ လမ်းတွေကို အကြိမ်များစွာ လျှောက်ဖူးခဲ့မှာ ပါပဲ၊ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အဲဒီလမ်းတွေဖက်က တလိပ်လိပ်တက်လာတဲ့ ဖုန်လုံးကြီးတွေ ထဲကို ဝင်သွားပြီးတဲ့နောက် ဘယ်တော့မှ ပြန်ထွက်မလာ နိုင်တော့ဘူး၊ ဒုတိယ ပြိုကျတဲ့ တာဝါရဲ့အောက်ထဲမှာ သူပါသွားခဲ့တယ်...၊
သူ့ရဲ့အလောင်းကို ၄ ရက်မြောက်တဲ့နေ့မှာ ကယ်ဆယ်ရေးတွေက​ ရှာတွေ့သွားတယ်၊ ပြီးတော့ ရက်အနည်းငယ် အကြာမှာ သူ့ရဲ့ ပစ္စည်း၊ ပစ္စယတွေ အားလုံးကို သူ့အမျိုးသမီးဆီ သက်ဆိုင်ရာက လာအပ်သွားတယ်၊ အဲဒီမြင်ကွင်းကို ကျနော်မြင်ယောင်ကြည့်မိတယ်၊ ဓါတ်ပုံလေးထဲမှာ တွေ့ရတဲ့ ပစ္စည်းတွေကို လက်ခံယူနေတဲ့ အချိန်မှာ ဖြစ်နေမယ့် အဲဒီအမျိုးသမီးရဲ့ စိတ်ခံစားမှုကို ကျနော် အဆုံးထိ မတွေးရဲဘူး၊ အော်ဟစ်ငိုယိုတာ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တိတ်တိတ်လေး ကြေကွဲရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေတာ မျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ ဝမ်းနည်းခြင်းဟာ ထုထည်ကြီးမားစွာနဲ့ကို ဖိစီးနေခဲ့မှာ အသေအချာပါ၊ အိမ်ကနေ အပြေးအလွှား ထွက်သွားတဲ့ ခင်ပွန်းသည်ရဲ့ အပြန်ခရီးဟာ ကင်မရာ ၃ လုံးတဲ့လား..၊ ကျနော့်ရှေ့က ဓါတ်ပုံလေးထဲမှာ အကြမ်းဖက်ဝါဒရဲ့ ဆွဲဆုတ်၊ နင်းခြေခြင်း အောက်ကနေ ဖုံအလိမ်းလိမ်းနဲ့ စုတ်ပြတ်၊ ပျက်စီးပြီး ပြန်ထွက်လာတဲ့ ကင်မရာတွေနဲ့ မှန်ဘီလူးတချို့၊ ဖလင်လိပ်တွေနဲ့ သတင်းထောက် ကဒ်ပြားတွေ၊ မှန်မကွဲဘဲ ကျန်ခဲ့တဲ့ မျက်မှန်လေးတစ်လက်...၊ မြင်ကွင်းဟာ ပကတိသက်ငြိမ်..၊ ဒါပေမယ့် တပြိုင်တည်းမှာပဲ ကမ္ဘာပျက်မတတ် အော်သံတွေ ကျနော်ကြားနေရတယ်...၊
Bill ရဲ့သူငယ်ချင်း ဓါတ်ပုံဆရာ တစ်ယောက်က ပစ္စည်းတွေကို စစ်ဆေးကြည့်တယ်၊ ဖလင်ကင်မရာ ၂ ခုစလုံး ပျက်စီးသွားကြတယ်၊ ဖလင်လိပ်တွေကလည်း ပြိုကျလာတဲ့ အင်္ဂတေ အပိုင်းအစတွေ အောက်မှာ ပွင့်ထွက်ကုန်ပြီး အလင်းထိသွားကြလို့ သုံးမရတော့ဘူး၊ ကျန်တဲ့ ဒစ်ဂျစ်တယ်လ် ကင်မရာလည်း ပျက်စီးနေတယ်၊ ဒါပေမယ့် အထဲက မင်မိုရီကဒ်ကတော့ အကောင်းအတိုင်း ရှိနေသေးတယ်လို့ ထင်ရတယ်၊ ဒါနဲ့ အဲဒီကဒ်ကို သူတို့ ကွန်ပြူတာထဲ ထည့်ကြည့်တယ်၊ ပထမတော့ ဘာမှ ပွင့်မလာဘူး၊ ဒါပေမယ့် နှစ်ခါသုံးခါ ကြိုးစားကြည့်တော့ အကောင်းအတိုင်း ရှိနေသေးတဲ့ ဓါတ်ပုံတွေ ထွက်လာခဲ့တယ်၊ ဖုန်လုံးကြီးတွေ၊ အင်္ဂတေ အကျိုးအပဲ့တွေ၊ လူနာတင်ယာဉ်တွေ၊ မီးသတ်ကား၊ ရဲကား၊ ပြေးလွှားနေတဲ့ လူတွေ ဒါတွေကို တွေ့ရတယ်၊ နောက်ပိုင်း ဓါတ်ပုံတွေမှာတော့ Bill ဟာ ဝေါလ်ထရိတ်စင်တာ အောက်ခြေအထိကို ကြောက်စရာကောင်းလောက်အောင် ချဉ်းကပ်သွားတာ တွေ့ရတယ်၊ လောလောလတ်လတ် ပြိုကျထားတဲ့ ပထမတာဝါကို သူရိုက်နိုင်ခဲ့တယ်၊ အဲဒီနေ့က အဲဒီလိုနေရာမှာ သူ့လိုဘယ်သူမှ အနီးကပ် မရိုက်နိုင်ခဲ့ဘူး၊ နောက်တော့ မပြိုသေးတဲ့ ဒုတိယတာဝါ အောက်ကို သူရောက်သွားခဲ့တယ်၊ ဓါတ်ပုံသတင်းထောက် ပီသစွာပဲ သတင်းဓါတ်ပုံရဖို့ သူစိတ်စော နေခဲ့မယ်လို့ ကျနော်တွေးကြည့်မိတယ်၊ အဲဒီနောက် ၁၀ နာရီ၊ ၂၈ မိနစ်၊ ၂၄ စက္ကန့် အတိအကျမှာ သူ့ရဲ့ နောက်ဆုံးဓါတ်ပုံကို ရိုက်ပြီး ပြိုကျလာတဲ့ ဒုတိယ အဆောက်အဦးအောက်မှာ သူသေဆုံးသွားတော့တယ်၊ အပေါ်က ဓါတ်ပုံထဲမှာ စာအုပ်ရဲ့ ညာဖက်အပေါ်က ဓါတ်ပုံဟာ အဲဒီနောက်ဆုံးပုံပါပဲ...၊
Bill ရဲ့ မင်မိုရီကဒ်ထဲက ထွက်လာတဲ့ ဓါတ်ပုံပေါင်း ၁၅၀ လောက်မှာ အစောပိုင်းက ရိုက်ထားတဲ့ သစ်ပင်တွေရဲ့ ပုံတွေလည်း ပါတယ်လို့ ဆိုပါတယ်၊ သူက သစ်ပင်တွေကိုလည်း ချစ်တတ်တဲ့ ဓါတ်ပုံဆရာ တစ်ဦးပါ၊ ကျန်ခဲ့တဲ့ သူ့ရဲ့ သားသမီး ၃ ယောက်ကကော...၊ တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ရတဲ့ ဒီအဖြစ်ကို ပြန်ပြောတိုင်း သူ့အလုပ်ကို နောက်ဆုံးအချိန်ထိ သစ္စာရှိရှိနဲ့ ရဲရဲဝံ့ဝံ့ လုပ်ခဲ့တဲ့ သူတို့အဖေကို ဂုဏ်ယူနေမယ်လို့ ကျနော်ထင်ပါတယ်၊ လှုပ်လှုပ်ခတ်ခတ် ဖြစ်ရတဲ့ ဓါတ်ပုံလေးကိုကြည့်ပြီး ကျနော်တွေးနေမိတယ်...။ ။
Ref: Réponse Photo magazine (September 2012)
ညီလင်းသစ်
၁၂ စက်တင်ဘာ၊ ၂၀၁၂
27 comments:
  1. သက်စွန့်ဆံဖျား ကိုယ့်အလုပ်ကို သက်ဆုံးတိုင်လုပ်သွားတဲ့ Bill Biggart ရဲ့သတင်းလေးဖတ်ရတော့ စိတ်မကောင်း ဖြစ်မိသလို Twins tower ရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်လာတယ် မောင်ညီလင်းရေ။ Bill တစ်ယောက်လူသေပေမယ့် သမိုင်းမှာနာမည်ကတော့ ဆက်လက်ရှင်သန်နေမှာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. ဖတ်ရင်းနဲ့ မျက်ရည်တောင် ဝဲမိတယ်...။ ကျန်ခဲ့တဲ့ မိသားစုဆို ဘယ်လောက်များ ယူကျုံးမရ ဖြစ်လိုက်မလဲလို့။ ကမ္ဘာပေါ်မှာရှိသမျှ အကြမ်းဖက်မှုတွေ ပပျောက်ငြိမ်းနိုင်ပါစေ....
    ပူးတေ
    ReplyDelete
  3. 9/11 ဟာ အတိတ်တစ္ဆေလိုပါပဲဗျာ..... ဒီအဖြစ်အောက်မှာ အသက်ပေးသွားကြသူတွေအတွက် ကြေကွဲမဆုံးနိုင်အောင်ပါပဲ.....
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  4. ဓာတ်ပုံကြည့်ရတာ ဝမ်းနည်းစရာကောင်းလိုက်တာ..
    စက်တင်တာ ၁၁ရက်ဟာ တကယ်ကို ထိတ်လန့် ဝမ်းနည်းစရာ။ မမေ့နိုင်စရာပါဘဲ...
    ကောင်းကျိုးမပေးတဲ့ ဒီအကြမ်းဖက်ဝါဒတွေ ကမ္ဘာမြေကြီးပေါ်က ကွယ်ပျောက်သွားပါစေလို့ ဆုတောင်းမိပါတယ်။
    ReplyDelete
  5. sometime i am thinking about the photographers. They are taking the photo risking on their life. But one of my fri who fall in love with photograph told me that they are enjoying on it after touching their eyes with the small windows and they lost contact with anyhting. So Cheers to those who are enjoying in photography..including you. :P
    Nyi
    ReplyDelete
  6. ဓာတ်ပုံလေးကိုကြည့်ရတာ အတော်လေး စိတ်မကောင်း စရာပဲ ... ။
    ဓာတ်ပုံဆရာတို့ သတင်းထောက်တို့ရဲ့ ကြေကွဲစရာ သတင်းမျိုးကြားတိုင်း စစ်နဲ့ အကြမ်းဖက်ဝါဒကို ပိုပြီး ရွံမုန်းမိတယ်။
    ReplyDelete
  7. စိတ်မကောင်းကြီးစွာနဲ့ဖတ်သွားပါတယ်...
    သတင်းသမားတယောက်တာဝန်ကျေပွန်စွာ......
    အာဏာရှင်စနစ်နဲ့အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းပါစေ
    ReplyDelete
  8. ကိုယ်တိုင် ..ဓါတ်ပုံဆရာ့ ဘေးရောက်သွားသလိုပါပဲ...........ပြီးတော့ သူ့ မိသားစု...........။ ဒီကမ္ဘာကြီးမှာ........အမုန်းတွေမရပ်သေးသရွေ့  ကြေကွဲဖွယ်ရာ ကမ္ဘာသိအဖြစ်အပျက်များ.......... တိတ်တိတ်လေး ပြီးသွားသော အဖြစ်အပျက်များ......ဆက်ပြီးရှိနေဦးမယ်...........။ လူသားအချင်းချင်းကို အမျိုးအမည် တံဆိပ် မခွဲမခြား..လူသားလို ရိုးရိုးရှင်းရှင်း မြင်နိုင်ကြမယ့်တနေ့  ....အချင်းချင်း မချစ်နိုင်တောင် အမုန်းတွေရပ်ကြမယ့် တစ်နေ့ ဟာဖြင့်..........ရှိရော ရှိပါ့ဦးမလားလို့ ........မောဟိုက်လွန်းပါရဲ့ .....။ ကိုညီေ၇......အသစ်တစ်ခုဖတ်ရတိုင်း.....သပ်ရပ်ကျစ်လစ်လှပတဲ့  ဖန်တီးမှုတွေကြောင့် အမြဲစိတ်ကျေနပ်ရပါတယ်။ ဖန်တီးမှုကောင်းကောင်းလေးတွေကို ခံစားခွင့်ရတာဟာ...အစားအသောက်ကောင်းကောင်းကို စားခွင့်ရတာထက် အရသာရှိလွန်းတယ်။ အလုပ်လုပ်ရင်း...မွန်းကျပ်မှုတွေကနေ ..အရသာရှိတဲ့ ဖန်းတီးမှုတွေအပေါ် ကျေနပ်မှုတွေရစေတဲ့ အတွက် ကျေးဇူးကမ္ဘာ....း))
    ReplyDelete
  9. here(thumb up!), to encourage your photography posts
    ReplyDelete
  10. ဝေါထရိတ်စင်တာ ဗွီဒီယိုခွေကြည့်တုန်းကလည်း အများနည်းတူ မျက်ရည်ကို မထိန်းချုပ်နိုင်ခဲ့ဘူး။ Bill Biggart ရဲ့သတင်းလေးဖတ်ရတော့ ၀မ်းနည်းမှုတွေကို ပျို့အန်တော့မတတ်ပဲ။ စစ်ကတော့ ကိုယ့်တိုင်းပြည်ကိုယ်ကာဖို့ ထားရှိသင့်ပေမယ့် အကြမ်းဖက်ဝါဒကိုတော့ ကမ္ဘာမှာ တကယ့်တကယ့်ကို မရှိသင့်တဲ့အရာပါ။
    ReplyDelete
  11. ဝမ်းနည်းသလို စိတ်မကောင်းသလို ဖြစ်မိတယ်..
    ReplyDelete
  12. ကိုညီလင်းသစ်ရေ
    ကိုယ်လဲ နောက်ဆုံး ပုံရိပ် ဘယ်နေရာမှာ ပေါ်စေနိုင်မလဲ လို့ ဖတ်ပြီးတော့ စဉ်းစား ရပါတယ်
    တာဝန်ကျေတဲ့ သတင်းသမား အတွက် ဝမ်းနည်း မိတယ်
    ခင်မင်တဲ့
    ရွှေစင်ဦး
    .
    ReplyDelete
  13. သူ့နေရာမှာ ၀င်ခံစားကြည့်မိတယ်...တော်တော်ကြောက်စရာကောင်းမှာပဲ...။ သူ့ရဲ့ အလုပ်ကို နောက်ဆုံးအချိန်ထိ ရဲရဲဝံ့ဝံ့ တာဝန်ကျေအောင် လုပ်သွားနိုင်တဲ့ တကယ် လေးစားချီးကျူးစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ...။
    ReplyDelete
  14. ပုံလေးကို တစိမ့်စိမ့်ကြည့်နေမိတယ်...
    ပုံထဲက ပစ္စည်းတွေ တစ်ခုချင်းစီက စကားတွေ ပြောနေသလိုပဲ..
    နောက်ဆုံးအချိန် သူ့ရဲ့အလုပ်အတွက် သူ့ရဲ့ဆန္ဒဇော..
    မြင်တွေး ကြည့်မိတယ်...
    အပြစ်ရှိသူအနည်းစုကြောင့်...
    အပြစ်မဲ့သူပေါင်းများစွာ...။
    ReplyDelete
  15. အဲဒီသတင်းပါတဲ့နေ့ ဂျက် မလေးရှားမှာပါ
    တချိန်လုံးဒါပဲလာနေလို့ TV လိုင်းတွေပြောင်းနေမိတယ်
    ခဏကြာမှ သဘောပေါက်တော့တယ် ကြည့်ရင်းနဲ့
    ငိုချင်လာတယ်
    ဓာတ်ပုံဆရာတွေသတင်းသမားတွေ
    ကြေကွဲဖို့ကောင်းလှတယ်
    နောက်ပိုင်း ကယ်ဆယ်ရေးကိစ္စတွေလဲကြည့်ဖြစ်တယ်
    အကြမ်းဖက်မှုတွေ ကင်းပြီးလှပတဲ့
    ကမ္ဘာကြီးဖြစ်ပါစေလို့
    ReplyDelete
  16. အဲဒီနေ့အဲဒီအချိန်မှာ ဖြစ်တည်နေမယ့် ဓာတ်ပုံဆရာရဲ့
    စိတ်ခံစားချက်ကို ကျွန်တော်တွေးနေမိတယ်ဗျ...။သူ
    ဘယ်လိုခံစားနေရမလဲ.....? စိုးထိတ်စိတ်နဲ့အတူ ဓာတ်
    ပုံကောင်းတွေထွက်လာဖို့ စိတ်စောနေမလား....၊စိတ်တွေ
    အရမ်းလှုပ်ရှားနေမလား...၊ဓာတ်ပုံဆရာတစ်ယောက်ရဲ့
    တစ်ကြောင်းတည်းသောစိတ်နဲ့ တည်ငြိမ်နေမလား....။
    ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာတော့ ကျွန်တော်တို့တစ်တွေ
    သူ့အတွက် ဂုဏ်ယူစိတ်နဲ့အတူ စိတ်မကောင်းဖြစ်မိ
    တာတော့အမှန်ပဲအကိုရာ...။
    ReplyDelete
  17. ဓာတ်ပုံလေးရယ်... အတွေးလေးရယ် ပေါင်းပြီးတော့ ခံစားရတယ်ဗျာ..
    ReplyDelete
  18. ခံစားရတယ်..ကိုညီလင်းရေ..တင်ပေးတဲ့အတွက်တော့
    ကျေးဇူးပါနော်...ဖတ်ပြီးတော့ကျမှ အတော်ကို စိတ်မကောင်းဖြစ်မိတယ်...ဒီလိုမျိုးဖြစ်ရပ်တွေ မိုးနတ်တို့
    မသိပဲ အများကြီး..အများကြီးရှိနေတာပဲလေ...ခုကတော့
    ဓါတ်ပုံလေးကြည့်ပြီး...သူ့မိသားစုတွေကိုပါ ကိုယ်ချင်းစာနေမိတယ်
    ReplyDelete
  19. ဖတ်ပြီး တော်တော်စိတ်မကောင်းဖြစ်မိတယ်...
    နောက် ဆုံး အ ချိန် ထိ ... ... ...
    ReplyDelete
  20. စိတ်မကောင်းဖြစ်မိပါတယ်။
    တဆက်တည်းမှာဘဲအဲဒီနေ့ မှာဆုံးသွားခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကိုသတိရ၀မ်းနည်းမိတယ်။
    အိုင်အိုရာ
    ReplyDelete
  21. အန်တီတင့် ...
    ဒီလို လူမျိုးတွေရဲ့ အကြောင်းကို ကျနော်တို့တွေ ဆယ်စုနှစ်တွေများစွာ ပြောနေကြရမယ်ဆိုတာ သေချာပါတယ် အန်တီတင့်ရာ...၊
    (မ)ပူးတေ ...
    ဟုတ်တယ်ဗျာ၊ ကလေးသုံးယောက်ရဲ့ အဖြစ်က သနားစရာ..၊
    ကိုနေဝသန် ...
    9/11 ရဲ့နောက်ပိုင်း မွေးလာတဲ့ ကလေးတွေဆို အဲဒီမြင်ကွင်းတွေ ပထမဦးဆုံး မြင်မိတဲ့အခါ စိတ်ကူးယဉ် ရုပ်ရှင်ကားတစ်ကားလို့ ထင်ကြမှာ သေချာတယ်ဗျ..၊
    မချော ...
    ဟုတ်တယ်နော်၊ စက်တင်ဘာရောက်တိုင်း အဲဒီ ဓါတ်ပုံတွေ၊ documentary တွေ ပြန်ကြည့်ရတဲ့အခါ တခါတခါ ဒါတွေဟာ တကယ်ပဲ ဖြစ်ခဲ့ရဲ့လားလို့ ဇဝေဇဝါ ဖြစ်မိတတ်တုန်းပါပဲ..၊
    Nyi ...
    That's correct. I guess it must have happened like you said. At that moment, all what Bill was seeing was through the view finder and the entire world surrounding him must have been silent... even too silent not to hear the tower falling on him. :(
    မမေ ...
    ဟုတ်တယ်နော်၊ စစ်သတင်းထောက်တွေရဲ့ ဘဝက တကယ့်ကို သက်စွန့်ဆံဖျားပဲ၊ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေသာ မရှိတော့ဘူးဆိုရင် မလိုအပ်ဘဲ အသက်စွန့်ရတဲ့ အဲဒီလို ဓါတ်ပုံဆရာတွေလည်း ရှိ တော့မှာ မဟုတ်ပါဘူး...၊
    မစည်းစိမ် ...
    အဲဒီစနစ်ဆိုးတွေရဲ့ မြေစာပင်တစ်ပင်ပါပဲ...၊
    (မ)ကဗျာ ...
    ဒီကမ္ဘာမှာ ယမ်းငွေ့တွေ ပြယ်လွင့်ပြီး နှင်းဆီဖြူတွေနဲ့ သန့်စင်လှပ နေမယ့် နေ့တစ်နေ့ကို လူသားဆန်ချင်တဲ့ လူတွေ စောင့်စားနေခဲ့ ကြတာ ရာစုနှစ်တွေနဲ့ကို ချီနေခဲ့ပါပြီဗျာ..၊ အခုထိတော့ ရွှေပြည်တော်ဟာ မျှော်တိုင်းဝေးနေဆဲ ပါပဲ၊ ကိုယ်နိုင်သလောက်လေး ကိုယ့်အဝန်းအဝိုင်းမှာ ငြိမ်းချမ်းစေဖို့ပဲ ကျနော်တို့ အားထုတ်ရမှာပဲ မဟုတ်လား..၊ ကွန်မန့် အရှည်ကြီး အတွက်လည်း ကျေးဇူးစကား ဆိုပါရစေနော်...၊
    Ko Kyaw Minn Naing ...
    Thanks bro..! Hope all is ok with you.
    ဘုန်းဘုန်းတောက် ...
    စက်တင်ဘာ ၁၁ မတိုင်ခင် နှစ်ရက်သုံးရက်အလိုဆို ဒီက တီဗီချန်နယ်လ်တွေမှာလည်း သတင်းမှတ်တမ်း မျိုးစုံကို ပြန်ပြပါတယ်၊ ပြတိုင်းလည်း ဝမ်းနည်းရတာ ပါပဲဘုရား...၊
    :P ...
    ကျနော်လည်း အဲဒီလိုတွေ ဖြစ်နေခဲ့တာ ပါပဲ..၊
    အမရွှေစင် ...
    လောကမှာ ရဲရဲရင့်ရင့်နဲ့ နေသွားကြတဲ့ လူတွေအဖို့ နောက်ဆုံးပုံရိပ်တွေဟာ လှနေမယ်လို့ ကျနော်တော့ ထင်မိတာပါပဲ အမရေ..၊
    မမိုးငွေ့ ...
    အမှန်ပါပဲ၊ သေရမှာထက် အလုပ်မဖြစ်မှာကို ပိုပြီး ကြောက်တဲ့လူစားမျိုးပါ...၊
    မမြသွေးနီ ...
    'အပြစ်ရှိသူ လူနည်းစုကြောင့်...' ဆိုတဲ့ စကားစုလေးက တွေးစရာတွေကို ဆင့်ပွားပြီး ပေးခဲ့ပြန်တယ်..၊
    မစံပယ်ချို ...
    ကျနော်ကတော့ မြန်မာပြည်မှာပဲ ရှိနေသေးတယ်..၊ ဖြစ်ပြီး ၃ ရက်လောက် ကြာတဲ့အထိ ဘာဆိုတာ ကောင်းကောင်း သဘောမပေါက်ခဲ့ဘူးဗျ..၊
    ကိုညိမ်း ...
    ကိုညိမ်းနဲ့ ကျနော်နဲ့ ဒီမှာလည်း အတွေးတွေက တူနေပြန်ပါရော့လား..၊ သူ နည်းနည်းမှ မကြောက်ခဲ့ ဘူးလား၊ ဒါမှမဟုတ် ကြောက်ကြောက်နဲ့ပဲ ဓါတ်ပုံ ကောင်းတွေရဖို့ ဇွတ်ဝင်သွား ခဲ့တာလား စသဖြင့် ကျနော်လည်း ခဏခဏ တွေးမိတယ်...၊
    ကိုအောင်ထွဋ် ...
    ဒီဓါတ်ပုံကတော့ အတော့်ကို 'တာ'သွားတဲ့ ဓါတ်ပုံ ပါပဲဗျာ..၊
    မမိုးနတ်ကြယ်စင် ...
    ဟုတ်ပါတယ်၊ လူပေါင်း ၃၀၀၀ ဆိုတဲ့အထဲမှာ ဒီလိုမျိုး ဇတ်လမ်းတွေ ဘယ်လောက်တောင်များ ရှိနေခဲ့ မလဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး၊ လာလည်တဲ့အတွက်လည်း ကျေးဇူးပါဗျာ..၊
    မသက်ဝေ ...
    ကင်မရာ ကိုင်သူချင်းမို့ စိတ်အခြေကို နားလည်မိ ပါတယ်ဗျာ..၊
    မအိုင်အိုရာ ...
    ဆုံးရှုံးရတဲ့ လူတွေထဲမှာ မအိုင်အိုရာရဲ့ သူငယ်ချင်းလည်း ပါခဲ့တာကိုး..၊ ကျနော် တကယ်ပဲ စိတ်မကောင်းပါဘူးဗျာ...။
    ReplyDelete
  22. သူဟာ သတင်းထောက်ဆိုတဲ့ သူ့တာဝန်အပြင် ဓါတ်ပုံပေါ်မှာပါ ရူးသွပ်သူတစ်ယောက် ဖြစ်မယ် ထင်ပါရဲ့။ အဲဒီအချိန်မှာ ရှိနေမဲ့ သူ့ရဲ့ စေတနာ...လူတွေကို သတင်းဓါတ်ပုံကောင်းတွေ ပြန်မျှဝေချင်တဲ့ စေတနာ။ အဲဒါအပြင် ဒီလိုအချိန်မှာ ပုံကောင်းတွေ ရအောင်ရိုက်နိုင်တဲ့ သတင်းသမား။ အဲသလို အတ္တ-ပရ တွေ ရောနေလိမ့်မယ်။ ကျန်ရစ်ခဲ့သူအတွက်တော့ ချစ်တဲ့သူနဲ့ ဒါတွေနဲ့ ဘယ်လဲနိုင်ပါ့မလဲနော်.....။ အများကြီး ပြောနိုင်တဲ့ သက်ရှိပုံလေးတစ်ပုံပါပဲ.....။
    ReplyDelete
  23. မိတ်ဆွေတယောက် ဖုန်းဆက်ပြောတော့ ပထမတလုံးစတိုက်ပြီးခါစ အိမ်မှာတီဗီဖွင့်ကြည့်မိတာပေါ့ ကြည့်နေရင်းနဲ့ နောက်တလုံးပါထပ်တိုက်သွားရော အံ့သြ တုန်လှုပ်စရာတွေ စိတ်မကောင်းဖြစ်စရာတွေက အဲနေ့မှာ ဆက်တိုက်ဘဲ ညီလင်းရေ .. ခုချိန်ထိ ဒီလိုလမျိုးရောက်လို့ တီဗီဖွင့်ဖြစ်တိုင်း နာကျင်ရတယ် ဒေါသဖြစ်ရတယ် ... အိမ်ကအမျိုးသား လိုက်ပို့ပေးလို့ အဲ တိုက် ၂ လုံးဆီတော့ ရောက်ဖူးလိုက်တယ် အပေါ်ထပ်မှာလည်း စပဂဲတီခေါက်ဆွဲလည်း ဘ၀မှာ ပထမဆုံး စားဖြစ်ခဲ့သေးတယ် တကယ့်ကိုမှတ်မှတ်ရရ ...
    mie nge
    ReplyDelete
  24. ဒီလို ဓာတ်ပုံဆရာတွေကြောင့်ပဲ ရက်စက်ဆိုးရွားမူကို မြင်တွေ့ ခဲ့ရတာ..ဓာတ်ပုံတွေက သမိုင်းတွေပါ..
    ReplyDelete
  25. ဓါတ္ပံုသမားပီသတဲ့ဘေလာ့ဂ္ဂါ ကေန..
    ဓါတ်ပုံသမားပီသတဲ့အညတရသူရဲကောင်းတဦးအား
    မှတ်တမ်းတင်ထားတဲ့အဖြစ်..ကို စိတ်မကောင်းစွာ
    ဓါတ်ပုံသမားတဦးအနေနဲ့ ကော်မန့်ပေးပါတယ်။
    နောက်ကျပေမယ့်..အခုမှတွေ့မိလို့ဖြစ်ပါတယ်....။
    တော်တော်လေးထိထိရှရှဖြစ်မိတယ်....။
    ဆက်စပ်တွေးမိတာတွေလဲ..များသွားရပါတယ်..။
    ReplyDelete
  26. ဓါတ္ပံုသမားပီသတဲ့ဘေလာ့ဂ္ဂါ ကေန..
    ဓါတ်ပုံသမားပီသတဲ့အညတရသူရဲကောင်းတဦးအား
    မှတ်တမ်းတင်ထားတဲ့အဖြစ်..ကို စိတ်မကောင်းစွာ
    ဓါတ်ပုံသမားတဦးအနေနဲ့ ကော်မန့်ပေးပါတယ်။
    နောက်ကျပေမယ့်..အခုမှတွေ့မိလို့ဖြစ်ပါတယ်....။
    တော်တော်လေးထိထိရှရှဖြစ်မိတယ်....။
    ဆက်စပ်တွေးမိတာတွေလဲ..များသွားရပါတယ်..။
    ReplyDelete
  27. ဖတ်ပြီးသားတွေ ထပ်ထပ်ဖတ်။
    ကိုညီလင်းကအသေးစိတ်တယ်။
    ReplyDelete