17 September 2012
လက်တစ်ကမ်းအကွာ
ကွန်ပြူတာ မျက်နှာပြင်ပေါ်ရှိ မြားကလေးကို သူစိုက်ကြည့်နေခဲ့သည်မှာ အတော်ကြာသွား ခဲ့ပြီ၊ မြားကလေးကို ကြည့်သာ ကြည့်နေသော်လည်း တကယ်တမ်းမှာတော့ မမြင်ပါ၊ သူ့စိတ်အာရုံက မြင်ကွင်းပေါ်မှာ မရှိဘဲ တပြိုင်တည်းမှာ တွက်ချက်မှုပေါင်း များစွာကိုလည်း လုပ်နေရသည်၊ သူ့ရှေ့ရှိ ကွန်ပြူတာ စခရင်မ်ပေါ်မှာတော့ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ငွေကြေး ကိန်းဂဏန်းများ၊ ရက်စွဲများ ပါသည့် အင်တာနက် စာမျက်နှာတစ်ခု ပွင့်လျက်ရှိသည်၊ ဤစာမျက်နှာကို လွန်ခဲ့သော သုံးပတ်ခန့်မှ စတင်၍ အခေါက်ပေါင်းများစွာ ဝင်ကြည့်ဖြစ်သောကြောင့် အလွတ်နီးပါးပင် ရနေလေ သည်၊ ပြီးတော့ စဉ်းစားတွက်ချက် နေသည်တို့ကလည်း အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ဖူးသည့် ထပ်တလဲလဲ အကြောင်းများသာ ဖြစ်၍ အဖြေလည်း ရှိသင့်သလောက် ရှိပြီးသားဖြစ်သည်၊
မြားကလေးကို Continue the reservation ဆိုသည့် အကွက်လေးပေါ် အသာတွန်းရွှေ့ လိုက်သည့်အခါ လက်ညှိုးတစ်ချောင်း ထောင်ထားသည့် လက်ကလေးပုံစံ ဖြစ်သွားသည်၊ ထို အနေအထားမှာ လက်ထဲမှမောက်စ်ကို နှိပ်လိုက်ပါက နောက်ထပ် စာမျက်နှာတစ်ခုသို့ သူရောက်သွားမည်၊ ထိုစာမျက်နှာမှာ အတည်ပြုစရာ ရှိသည်တို့ကို အတည်ပြုပြီးလျှင် ငွေချေရမည့် အဆင့်သို့ ရောက်မည်ဖြစ်ပြီး ဗီဇာကဒ်လိုမျိုး အကြွေးဝယ်ကဒ် တစ်ခုခု၏ နံပါတ်ကို ရိုက်ထည့်ပြီး ပေးချေလိုက်သည်နှင့် သူ့အတွက် ခရီးစဉ်တစ်ခု အဆင်သင့် ဖြစ်သွား လိမ့်မည်၊ ထိုခရီးစဉ်သည် ၁၄ နာရီခန့် လေယာဉ်စီးရပြီး အဆုံးမှာ ကျွန်းကလေး တစ်ခုရှိသည့် ခရီးစဉ်ဖြစ်သည်၊ အချိန်ကြာမြင့်စွာကပင် သူအိမ်မက် မက်နေခဲ့ရသော ခရီးလည်း ဖြစ်ပါသည်၊ သို့သော် ညာဖက်တစ်ခြမ်း လေဖြတ်ခံထားရသူလို မောက်စ်ပေါ်မှ သူ့ ညာလက်ညှိုးက အခုထိ မလှုပ်သေး..၊ ထိုအစား ဘယ်လက်ချောင်းများကသာ စားပွဲပေါ်မှာ တဒေါက်ဒေါက်နှင့် ခေါက်နေမိလေသည်၊
“ရှေ့နှစ်ဆန်းလောက်မှာ ရှေရီ သဘောတူရင် ဗရီနာနဲ့ နေပယ်လ်ကို သွားချင်လို့..၊ ရမလား..”
အီတလီတောင်ပိုင်းက မြို့ကလေးကို သွားလည်ချင်ကြောင်း ဇနီးသည်က ဟိုတလောဆီက ခွင့်တောင်းလာသည်၊ သူ့သူငယ်ချင်း၏ မွေးနေ့အမှတ်တရ ခရီးဟု ဆိုသည်၊ သူ့အနေနှင့် သဘောမတူနိုင်စရာ မရှိပါ၊ အသာတကြည်ပင် ခွင်ပြုခဲ့သည်၊ အိမ်ထောင်ရေး ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား၊ တွယ်တာခြင်းသာ ဖြစ်သင့်ပြီး အပြန်အလှန် ချုပ်နှောင်ခြင်းမျိုးတော့ မဖြစ်သင့်ဟု သူလက်ခံထားသည်၊ ဇနီးသည်နှင့် အီတလီခရီးအကြောင်း ပြောနေသည့် ထိုအခိုက်လေးမှာပဲ သူ့ခေါင်းထဲမှာ ဖြတ်ကနဲ လင်းသွားခဲ့ခြင်း ဖြစ်သည်၊ သူသည် အခြေအနေ အချိန်အခါကို တွက်ချက်၊ ခန်မှန်းရာတွင် တဖက်ကမ်းခတ်သူ မဟုတ်သော်လည်း ဤလိုအခြေအနေ မျိုးကိုတော့ အကင်းပါးစွာဖြင့် မိမိရရ အသုံးချရကောင်းမှန်း သိသူဖြစ်သည်၊
“အတော်ပဲ..၊ ကိုယ်လည်း စင်ကာပူကို သွားလည်မလို့ စဉ်းစားနေတာ...”
သူမ မအံ့သြပါ၊ စင်ကာပူ သွားချင်သည့်အကြောင်း သူက အခွင့်သင့်လျှင် သင့်သလို တစ်ခွန်းစနှစ်ခွန်းစ ပြောဖူးသည် မဟုတ်လား၊ သူမက အပြုံးတစ်စဖြင့် ‘ဒါပဲချောင်းနေ သိလား’ ဟု ဆိုသောအခါ သူပျော်သွားသည်၊ ဘယ်အချိန်မှာ ဘယ်လိုပြောရမလဲဟု တွေးတောနေခဲ့သော အကြောင်းတစ်ခု..၊ ယခုမူ မီးစိမ်းပြသွားပြီ ဖြစ်၍ ယာဉ်ကြောရှာရန်သာ လိုတော့သည်၊ ထိုနေ့မှစပြီး လေကြောင်းလိုင်းများ၏ ဝက်ဘ်ဆိုဒ်များ၊ တည်းခိုစရာ ဟိုတယ်၊ မိုတယ်တို့၏ ဝက်ဘ်ဆိုဒ်များကို သူလှန်လှော ရှာဖွေတော့သည်၊ ထို့ပြင် ခြင်္သေ့ကျွန်းကလေး၏ မြေပုံကို မကြာခဏကြည့်ပြီး လမ်းများ၊ အထင်ကရ နေရာများကို လိုက်မှတ်နေမိသည်၊ နည်းပညာခေတ်တွင် Google street view ၏ကောင်းမှုဖြင့် သူ့မှာ မသွားမီက ရောက်နှင့်နေတော့သည်၊
ဖြစ်နိုင်လျှင်တော့ သူက ကမ္ဘာ့ဆက်သွယ်မှု ကွန်ယက်ကြီးထဲမှာ သိကျွမ်းခဲ့ရသူများ အားလုံးဆီကို အလည်သွားချင်သူ ဖြစ်သည်၊ သို့သော် ကမ္ဘာ့နေရာ တစ်နေရာစီမှာ ကျဲပြန့်နေကြသော မိတ်ဆွေများထံ သွားနိုင်ဖို့ ဆိုလျှင်တော့ ယူရိုမီလျံလို ထီမျိုးပေါက်မှပဲ ဖြစ်မည်လားမသိ..၊ အချိန်အားဖြင့်ကော ငွေကြေးအားဖြင့်ပါ အတော်ကုန်ကျ ပါလိမ့်မည်၊ တစ်ခါတုန်းက ဤနိုင်ငံသား မိတ်ဆွေတစ်ဦး ကျောင်းပြီးတော့ အလုပ်မဝင်သေးခင် အတွေ့အကြုံရအောင်ဟု ဆိုကာ Round the world လေယာဉ်လက်မှတ်ကို ဒေါ်လာ ၄ ထောင်ဖြင့်ဝယ်ပြီး အာရှမှ အမေရိကားအထိကို ကျောပိုးအိတ်တစ်လုံးဖြင့် ၉ လကြာလောက် စုန်ချည်ဆန်ချည် ခရီးသွားနေခဲ့သည့် အကြောင်းကို ပြန်အမှတ်ရမိသည်၊ ဤခရီးမျိုး စီစဉ်ဖို့ မဖြစ်နိုင်(သေး)သည့် သူ့အတွက်တော့ လောလောဆယ် လူအများစုရှိရာ ခြင်္သေ့ကျွန်းကလေးကိုပဲ အာရုံကျနေရခြင်း ဖြစ်သည်၊
တကယ်တမ်း အရင်းစစ်ရလျှင် သူ့အနေနှင့် ခြင်္သေ့ကျွန်းကို လည်ပတ်လိုခြင်းထက် ထိုကျွန်းမှာ နေထိုင်ကြကုန်သော အာဂန္တု ကျွန်းသူကျွန်းသားများကို တွေ့လိုရင်း ဖြစ်သည်၊ ခြင်္သေ့ကျွန်းမှ သူကသိသော၊ သူ့ကိုသိသော ဘလော့ဂ်ရေးသူ ဖြစ်စေ၊ စာဖတ်သူဖြစ်စေ.. အားလုံးနှင့် သူဆုံတွေ့ချင်ပါသည်၊ တကယ်တော့ ခြင်္သေ့ကျွန်းမှ မဟုတ်..၊ ထိုသူများက တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းမှ ဖီဂျီကျွန်းမှာ နေကြလျှင်လည်း ဖီဂျီကျွန်းသို့ သွားရန် သူကြိုးစားမိမည် ထင်သည်၊ လေယာဉ်လက်မှတ်များ၊ တည်းခိုခန်းများကို ရှာနေရင်းမှ မိတ်ဆွေများနှင့် တွေ့ရမည့်နေ့ရက်များကို ကြိုတွေးကာ စိတ်ကူးသက်သက်ဖြင့် သူပျော်နေမိသည်၊ သူကသာ တွက်ရေးနှင့် စက်သူဌေး ဖြစ်နေသော်လည်း.. တဖက်က လူတွေခမျာ အလုပ်တစ်ဖက်နဲ့ အားပါဦးမှ..၊ အားသည့်တိုင်လည်း တွေ့ချင်ပါဦးမှဟု တွေးမိသောအခါ သူပူပန်သွားမိသည်၊ သို့သော် ကျွန်းကလေးကို အလည်လာချင်သည့် အကြောင်း တစ်ခါတုန်းက သူစာတစ်ပုဒ် ရေးဖူး၏၊ ထိုစာနှင့်ပတ်သက်၍ အများစုက လာသာလာဖို့ ဖိတ်ခေါ်ခဲ့သည့် အကြောင်း ပြန်တွေးမိသောအခါ ထိုသူတို့သည် မျက်နှာလွှဲခဲပစ် လုပ်မည့်သူများတော့ မဟုတ်တန်ရာဟု ယူဆလိုက်ပြီး သူ ပြန်စိတ်အေးသွား ခဲ့လေသည်၊ သူ၏ ခရီးစဉ်ကိုလည်း ‘ဇော်ဂျီဖြင့်သာ ဆုံခဲ့ဖူးသည့် ဖို,မဝင် မိတ်ဆွေများဆီသို့’ ဟု ကိုယ့်ဘာသာ နာမည်ပေးထားလိုက်သည်၊
သို့သော်... ဤလောက၌ ကြိုတင်တွေးဆ၍ မရသော အကြောင်းချင်းရာ များစွာရှိပါသည်၊ အကယ်၍ သူ၏ ခရီးစဉ်ကို လက္ခဏာဆရာ တစ်ယောက်နှင့်သာ ကြိုတင်တိုင်ပင်မိပါက ခရီးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဟု ဆိုလိမ့်မည် ထင်သည်၊ ကျွန်းကလေးဆီသို့ သွားမည့်ခရီးမှာ ကျွန်းခံနေသော အဖြစ်နှင့်မှ တည့်တည့်တိုးရခြင်း..၊ သူ့အလုပ်မှာ လူသစ်တွေ ရောက်လာသည်နှင့်အတူ ပရောဂျက်အသစ်တွေကလည်း အချိန်ကိုက် ကျလာခဲ့သည်၊ ယခင့်ယခင်က ဝန်ထမ်းသစ်များ ရောက်လာလျှင် သူ့အနေနှင့် တိုက်ရိုက် တာဝန် မရှိသော်လည်း ဒီတစ်ခေါက်ကျမှ တိုက်တိုက်ဆိုင်ဆိုင် လုပ်စရာတွေ ရှိနေခဲ့သည်၊ လူသစ်တွေ၊ ပရောဂျက်သစ်တွေကို ထားပစ်ခဲ့ပြီး ဒီအတိုင်း ထွက်သွားရမှာ သူစိတ်မဖြောင့်ပါ..၊ ထို့ပြင် နွေရာသီ ခွင့်သုံးပတ် သွားပြီး ပြန်လာခဲ့သည်မှာ ယခုမှ တစ်ပတ်ဆယ်ရက် သာသာပဲရှိ သေးသည်၊ တကယ်တမ်း ခရီးထွက်ဖြစ်လျှင် ရှေ့လမှာ ဖြစ်သော်လည်း လေယာဉ်လက်မှတ် ဈေးသက်သာဖို့ ယခုကတည်းက ကြိုဝယ်ဖို့ လိုပါသည်၊ ထိုအခါ ခွင့်ရရန် သေချာဖို့ လိုသည့်အတွက် ယခုကတည်းက ခွင့်တင်ရမည် ဖြစ်သည်၊ ထိုထိုသော အခြေအနေမှာ သူ့အလုပ်ရှိ လူသားရင်းမြစ် ဌာနမှ စာတစ်စောင် အိမ်သို့ရောက်လာခဲ့သည်၊ သူ့ကို ရာထူးတိုးသည့် စာ...၊ နောက်တစ်နေ့မှာ ဌာနမှ သက်ဆိုင်ရာ ဒါရိုက်တာကို သူသွားတွေ့ပြီး ကျေးဇူးစကားဆိုတော့ အဆိုပါဒါရိုက်တာက သူ့ကို လုပ်ဆောင်ခဲ့သည့် အငန်းအတာ အားလုံးအတွက် ကျေးဇူးတင်ကြောင်းနှင့် ရှေ့လာမည့် ဆောင်ရွက်စရာများကိုလည်း လွှဲအပ်ခွင့် ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြန်ပြောလိုက်သည်၊
တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့သည် သူ၏တွက်ချက်ထားမှုအရ လေယာဉ်လက်မှတ်များ ဝယ်ရန်၊ ဟိုတယ်အခန်း စရန်သတ်ရန် စသည်တို့ လုပ်ရမည့်နေ့ ဖြစ်သည်၊ ထိုအရာများ မလုပ်မီ ခွင့်ရမရ သေချာအောင် စောစောက ဒါရိုက်တာကို ဝင်တွေ့ပြီး အားလပ်ရက် ခွင့်တောင်းရမည် ဖြစ်သည်၊ ထိုပုဂ္ဂိုလ်သည် ခွင့်တောင်းသမျှ မငြင်းဘဲ ပေးလေ့ရှိသည့် သဘောကောင်းသူတစ်ဦး ဖြစ်ပါသည်၊ သို့သော် သူ့ဆောင်ရွက်မှု များကို နှစ်သက်စွာ ကျေးဇူးတင်ပြီး မကြာခင်စမည့် လုပ်ငန်းသစ်များအတွက်လည်း ကူညီပါရန် လောလောလတ်လတ် ပြောထားသူတစ်ယောက်ကို ခွင့်တောင်းရမှာ သူအားနာမိပါသည်၊ တောင်းခဲ့လျှင် ခွင့်ရရန် ရာခိုင်နှုန်းများသော်လည်း ဝန်ထမ်းစည်းကမ်းနှင့် လူ့ကျင့်ဝတ်ကို သူ မချိုးဖောက်ချင်ပါ၊ သူသည် အခွင့်အရေးရတိုင်း တောင်းတတ်သူတစ်ယောက် မဟုတ်ကြောင်း ကိုယ့်ကိုယ်ကို ပြဌာန်းဖို့ လိုပါလိမ့်မည်၊
ကွန်ပြူတာ မျက်နှာပြင်ပေါ်မှ Continue the reservation ဆိုသည့် အကွက်ကလေးပေါ်မှာ ပေါ်နေသည့် လက်ကလေးကို ဘေးသို့ အသာပြန်ဆွဲ ယူလိုက်သည်၊ လက်ကလေးက မြားကလေး ပြန်ဖြစ်သွားသည်၊ ဖွင့်ထားသော အင်တာနက်စာမျက်နှာမှ လေကြောင်းလိုင်းများ၊ ဟိုတယ်ဈေးနှုန်းများ အပေါ်မှ ဖြတ်ပြီး မြားကလေးကို အပေါ်ဖက်သို့ ဆွဲယူလိုက်သည်၊ စာမျက်နှာ၏ အပေါ်ညာဖက်ဆုံး ထောင့်မှာ အဆိုပါစာမျက်နှာကို ပိတ်ရန် အနီရောင် ကြက်ခြေခတ် အကွက်ကလေး ရှိပါသည်၊ ထိုအကွက်ကလေးပေါ်မှာ မြားကလေး ရောက်သွားသည့်အခါ မောက်စ်ပေါ်မှ သူ့ညာလက်ညှိုးကို တစ်ချက်နှိပ်ချ လိုက်သည်၊ မြင်နေခဲ့သော စာများ၊ ဂဏန်းများအားလုံး တမုဟုတ်ချင်း ပျောက်သွားသည်၊ ထိုပျောက်ကွယ်သွားမှုမှာ သူ၏ အိပ်မက်များ၊ ပျော်ရွှင် မှုများလည်း ပါသွားခဲ့သည်၊ သူ့အပေါ်မှာ ကြီးမားလှသည့် တစုံတခုက ပိကျလာသည့် အလား သူ လေးလံငြိမ်သက် သွားတော့သည်၊ သူသည် လွယ်လင့်တကူ လက်လျှော့တတ်သူ မဟုတ်သည့် အတွက် ထိုစာမျက်နှာကို နောက်ထပ် လအနည်းငယ်အကြာမှာ ပြန်ဖွင့်ဖြစ်ပါ လိမ့်မည်၊ လောလောဆယ်မှာတော့ ဖို,မဝင်သည့် မိတ်ဆွေများကို ဇော်ဂျီအားကိုးဖြင့်သာ တွေ့နေရဦးတော့မည် ဖြစ်သည်...။ ။
ညီလင်းသစ်
၁၇ စက်တင်ဘာ၊ ၂၀၁၂
38 comments:
  1. ဘိလပ်ကျွန်းကိုလဲ လာလည်ပါအုံး ကိုညီလင်းရေ ...
    ရန်ကုန်မှာတုန်းက မဆုံလိုက်ရလို့။
    ReplyDelete
  2. လာမယ်လေ မမေ..၊ ပုံမှန်အတိုင်းဆို ဒီနှစ်ကုန်မှာ ရောက်လာဖို့ ရှိပါတယ်၊ အဲဒီအခါမှ ဘိလပ်ရည် တိုက်ဖို့ မမေ့နဲ့နော်...။း)
    ReplyDelete
  3. စင်္ကာပူလာရင်း ဘန်ကောက်ကိုပါ လာလည်ပါဦးဗျ။ အရင်ပိုစ့်တွေလဲ ဖတ်ဖြစ်ပေမယ့် မမန့်ဖြစ်ဘူး အကိုရေ။ သီးဆစ်ရေးနေချိန်မို့ မအားပေမယ့် ဘလော့ဂင်းကိုတော့ မဖြတ်နိုင်သေးဘူး။ ကိုညီလင်းသစ်ရဲ့ မအိမ်သူခေါ်တဲ့ " ရှေရီ " ဆိုတာလေး ဖတ်မိတော့ ဂျူးရဲ့ "ကျွန်မ၏သစ်ပင်" ဆိုတဲ့ဝတ်ထုလေးကို သတိရသွားတယ်။
    (လီယို)
    ReplyDelete
  4. I'm the first one to leave comment from Singapore, waiting for you, bro, :)
    ReplyDelete
  5. ကိုညီလင်းသစ်နဲ့ အပြင်မှာ တကယ်ကိုဆုံတွေ့ချင်ပါတယ်။ လာနိုင်ဖို့အတွက် အလုပ်တွေမြန်မြန်ပြီးပြတ်ပါစေ။
    ReplyDelete
  6. ကံဆိုတာလည်း အဆန်းကြယ်သားနော်
    ဆုံခွင့်ဆုံထိုက်တဲ့သူချင်းမှ ဆုံဖြစ်ကြတာမျိုး
    ရေစက်ဆိုတဲ့စကားလုံးလေးကို အကြိမ်ကြိမ် ရေရွတ်သွားမိတယ်...
    ညီ
    ReplyDelete
  7. ဖတ်နေရင်းနဲ့ လာတော့မယ်ထင်နေတာ နောက်ကျ မလာဖြစ်ဖူးတဲ့... လာဖြစ်ရင် မအိမ်သူနဲ့ သားလေးပါ ခေါ်လာခဲ့စေချင်ပါတယ်.... လာသာလာခဲ့ပါ။ ကျွန်းလေးပေါ်က မြန်မာတွေက ဖော်ရွေပျူငှာ ဧည့်ဝတ်လဲ ကျေကြပါတယ်.....လာဖြစ်ရင် အကြောင်းထပ်ကြားလိုက်ပါနော်
    ခင်မင်စွာဖြင့်
    ပူးတေ
    ReplyDelete
  8. Welcome to Singapore..par..Ko Nyi Lin..yay :))
    -War So
    ReplyDelete
  9. ပျော်ရွှင်ဖွယ်ရာပြည့်စုံတဲ့ခရီးလေးဖြစ်ပါစေ
    ခရီးသွားတဲ့ပုံတွေကိုစောင့်နေမယ် ကိုညီလင်းရေ
    ReplyDelete
  10. မောင်ညီလင်းနဲ့ မြန်မာပြည်မှာမဆုံဖြစ်ခဲ့ပေမယ့် စင်္ကာပူမှာများဆုံလေမလားလို့ ဖတ်ရင်းဖတ်ရင်း အိပ်မက်ကလန့်နိုးသွားပြီး) တီတင့်က ၂၂ရက်ဆို စင်္ကာပူရောက်နေပြီလေ မောင်ညီလင်းတို့ မိသားစုနဲ့ ဆုံချင်ပေမယ့် အခြေအနေမပေးသေးဘူးလို့ မှတ်လိုက်ပါပြီ။ တစ်ချိန်ချိန်ပေါ့လေ ဘဝဆိုတာ ဆန္ဒနဲ့လက်တွေ့ ကိုက်ညီဘို့ခက်ခဲတယ် မဟုတ်လား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  11. ကိုညီ...မျှော်လင့်ထားရသော......ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်တစ်ခု အမြန်ဆုံး ဖန်တီးနိုင်ခွင့်ရပါစေ............
    ReplyDelete
  12. အစက ဖတ်နေရင်း တွေ့ရတော့မယ် အောက်မေ့တာ၊ အဆုံးသတ်ကျမှ စိတ်မကောင်းဖြစ်သွားတယ်။ :(
    နောက်တစ်ခါ မြန်မာပြည်ပြန်ရင် SIA နဲ့ S'pore transit ၀င်ခဲ့လေ။ :)
    ကိုညီလင်းသစ် စင်္ကာပူမရောက်ခင် ဇွန်က အရင် ဥရောပရောက်ချင်ရောက်လာမှာ... ;)
    ReplyDelete
  13. လာမယ့်နှစ်ဆန်းပိုင်းအကိုလာဖြစ်ရင် သိပ်ကောင်းမှာပဲဗျာ၊
    ကျွန်တော်တော့ မျှော်လင့်ချက်တွေကို မျှော်လင့်နေဆဲပါ။
    လာဖြစ်ရင် ကြိုသာအကြောင်းကြားဗျာ....ခွင့်ယူထားမယ်။
    ဟိုတယ်တွေဘာတွေလည်းမပူပါနဲ့ စီစဉ်ပေးထားမယ်...။
    အားလည်းမနာနဲ့.....။ဒီတစ်ခေါက်မဖြစ်နိုင်တော့ပေမယ့်
    နောက်တစ်ခေါက်က ပိုနီးစပ်သွားပြီပေါ့ဗျာ......နော့....။
    ပုံ၊ခြင်္သေ့ကျွန်းကလေးပေါ်မှ အာဂန္တုဘုန်းကြီးကျောင်း
    သားလေး......
    ReplyDelete
  14. ကိုညီလင်းသစ် စာရေးသွားတာ
    မိုက်တယ်ကွာ ...း))
    ခင်မင်လျှက်
    ဆောင်းနှင်းရွက်
    ReplyDelete
  15. ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့အစ်ကို...။ အစ်ကိုလာဖို့စောင့်နေတာကြာပါတယ်... မိတ်ဆွေတွေအကုန်လုံးကိုသာ လေယာဉ်လက်မှတ် စပွန်ဆာပေးပြီးသာ ခေါ်လိုက်တော့ဗျာ... ။ သားအကြောင်းလည်းရေးပါဦး..။
    ReplyDelete
  16. Visa ကြိုလုပ်ထားရတော့မလား.. :)
    ReplyDelete
  17. လီယို ...
    အခုနောက်ပိုင်း မြန်မာပြည်သွားရင် စင်ကာပူဖက်က လှည့်သွားဖြစ်နေလို့ ဘန်ကောက်တောင် မရောက်တာ ကြာပြီဗျ၊ အခွင့်သာရင် လာချင်ပါတယ်၊ သီးဆစ်ရေးနေတာလည်း အဆင်ပြေပါစေဗျာ..၊
    Ko TZA ...
    Thanks for your encouragement, bro! It is always pleasant to know that you have someone who awaits you. Hope to see ya soon!
    (Ma) Purple Vine ...
    အခုလို သိရတာ ဝမ်းသာပါတယ်ဗျာ၊ အလုပ်အတွက် ဆုတောင်းပေးတာလည်း ကျေးဇူးပါနော်..၊
    ညီ ...
    အဲဒီလိုများ ဖြစ်နေပြီလား မသိပါဘူးဗျာ၊ အင်း.. ကျနော့်ဖက်ကလည်း လုံလောက်တဲ့ အားထုတ်မှု မပါသေးလို့ ဆုံနိုင်ခွင့်ဟာ ဝေးနေသေးတာပဲ ဖြစ်မှာပါ၊
    မပူးတေ ...
    လာဖြစ်မှာပါ၊ အနှေးနဲ့အမြန်ပဲ ကွာမယ်လို့ မျှော်လင့်ရတာပါပဲ၊ မိသားစုပါ အဆင်ပြေရင်လည်း လိုက်လာပါ လိမ့်မယ်၊ နောက်တစ်ကြိမ် ကြိုးစားတဲ့အခါလည်း သေချာပေါက်ကို ကျနော် အသိပေးဖြစ် အုံးမှာပါဗျာ..၊း)
    (Ma) War So ...
    Thanks for your invitation! It's just a matter of time. :)
    ATZH ...
    :( 2.
    မစံပယ် ...
    အခုကတည်းက ကြိုပြီးဆုတောင်းပေးထားတာ ကျေးဇူးပါနော်၊း) ရောက်တဲ့အခါတော့ ပုံတွေ ရိုက်ဖြစ် မှာပါ..၊
    အန်တီတင့် ...
    အကယ်၍များ ဆုံဖြစ်ခဲ့ရင် ကျနော်က ၇၁ ယောက်မြောက်များ ဖြစ်မလား?း) အခါအခွင့် သင့်တဲ့ တစ်နေ့တော့ ဖြစ်မယ်လို့ပဲ မျှော်လင့်ပါတယ် အန်တီတင့်ရေ..၊
    မကဗျာ ...
    ဆုတောင်းပေးသွားတာ ကျေးဇူးအထူးပါဗျား..၊
    ဇွန် ...
    ဥရောပ ရောက်ဖြစ်ရင် ကျနော်တို့ဆီကို ဝင်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်၊ တကယ်ပါ..၊ အားမနာစတမ်း ဆက်သွယ်လိုက်ပါဗျာ...၊
    ကိုညိမ်း ...
    အဲဒီခရီးကို စီစဉ်မယ်လုပ်တုန်းကတောင် ကိုညိမ်းတို့ ဘယ်လတွေမှာ နည်းနည်းအလုပ်ပါးသလဲလို့ စဉ်းစား မိသေးတယ်ဗျ၊ ဟုတ်တယ်ဗျာ..၊ ဟိုးအရင် ဘာမှ plan မရှိခင်တုန်းကနဲ့ စာရင်တော့ အခုဟာက ပိုနီးစပ် လာပါပြီ၊ အဲဒါကြောင့်လည်း လက်တစ်ကမ်းအကွာလို့ ပြောချင်တာ..၊ စိတ်သာချဗျာ၊ လာဖြစ်ဖို့ ရက်လွယ်တဲ့အခါ ဆက်သွယ်လိုက်မယ်လေ...၊း)
    ညီမဆောင်းနှင်းရွက် ...
    ကျေးဇူးပါ ညီမရေ...၊း)
    ကိုဖြိုး ...
    ဟော.. ပြန်ပေါ်လာပြန်ပြီ၊း) အေးဗျာ.. တောင်ကြီးက မရောက်နိုင်မှတော့ မိုဟာမက်ကပဲ လာရတော့မယ် ထင်ပါရဲ့ဗျာ၊း) အဲဒီလိုဆိုလည်း လာသာလာခဲ့ပါ၊ ညီ သဘောကျတဲ့ Alps တောင်တန်းတွေပေါ် လိုက်ပို့ ပေးမယ်...။း)
    ReplyDelete
  18. တွေ့ဆုံဖြစ်ရင် မောင်ညီလင်းက ၇၂ဖြစ်မှား)
    ကိုကိုစိန် (ကိုရီးယား) က ၇၁ ဖြစ်သွားလို့လေ ဟိဟိ။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  19. သြော်... တကယ် လာဖြစ်တော့မှာလားလို့ ဖတ်ရင်း ဝမ်းသာနေမိတာ... နောက်ဆုံးမှ မလာဖြစ်တော့ဘူး ဆိုတော့ စိတ်မကောင်း ဖြစ်မိတယ်... အစ်ကို ရာထူးတိုး လို့ ဝမ်းသာပေမယ့် ဒီကို မလာဖြစ်တော့ဘူး ဆိုတော့လဲ စိတ်မကောင်း ဖြစ်မိတယ်... ဖြစ်နိုင်ရင် အစ်ကိုနဲ့ ဆုံဖူးချင်တယ်... ကျွန်တော်က ဒီနှစ်ကုန်ရင် ပြန်ဖြစ်မယ် အစ်ကို... ကံကြုံရင်တော့ တစ်ခါလောက် ဖြစ်ဖြစ် ဆုံချင်ပါသေးတယ် အစ်ကို...
    ReplyDelete
  20. အကိုရေ
    ဂျပန်ကိုရော စိတ်မ၀င်စားဘူးလားဗျ ။
    ReplyDelete
  21. ဆပ်ပြာပူဖေါင်းလေးတလုံး လေထဲမှာ တလွင့်လွင့်နဲ့ လှလှပပ ပျံသန်းနေတာကို ဝမ်းမြောက်ဝမ်းသာ ကြည့်နေရင်းမှာပဲ ဖျတ်ကနဲ ပေါက်သွားတဲ့ ခံစားချက်မျိုး...း(
    ReplyDelete
  22. Congratulations for your promotion.
    စာချစ်သူ(Canada)
    ReplyDelete
  23. လုပ်ချင်တာတွေရယ်။ တကယ်လက်တွေ့ လုပ်နေရတာတွေရယ်....
    ကျမတော့ တစ်ထပ်တည်းကျချင်နေပြီ.....
    ReplyDelete
  24. စိတ်သွားတိုင်းရယ်ကိုယ်ကမပါ။
    အမြန်သွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်
    ကိုယ်ချင်းစာပါတယ်
    တောင်ကျွန်းသား
    ReplyDelete
  25. :).. အခွင့်ထပ်ရခဲ့မယ်ဆိုရင် သွားသာသွားပါ အစ်ကိုရေ...
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  26. မောင်မျိုးSeptember 20, 2012 at 8:07 AM
    သားတို့ မဲဆောက်ကိုလည်း တစ်ခါလောက်လာလည်ပါအုံး အစ်ကိုရေ့ ဆုံချင်သေးတယ် ၀က်ဝံကလေးကိုလည်း သတိရတယ် ။
    ReplyDelete
  27. ကံကြုံရင်တော့ တစ်ခါလောက် ဖြစ်ဖြစ် စင်္ကာပူမှာ ဆုံချင်သေးတယ် ။
    သူ့ကိုသိသော စာဖတ်သူ
    ReplyDelete
  28. ကျွန်းပေါ်က ကျွန်းသူကျွန်းသား ဇော်ဂျီသုံးသူများနဲ့ အမြန်ဆုံးတွေ့နိုင်ပါစေ ကိုညီလင်းသစ်ရေ...
    ပျော်စရာ ခရီးလေးလည်း ဖြစ်ပါစေရှင်...
    ReplyDelete
  29. comment ရေးဖို့ ပျင်းတတ်သူတောင် ရေးချင်စိတ်ပေါက်သွားတယ်။
    လာလည်ပါ။ ကိုညီလင်းသစ်ရဲ့  စာဖတ်သူတွေကလည်း ဆုံတွေ့ချင်ပါတယ်။ ဖိတ်ခေါ်ပါတယ်ရှင် :)
    ReplyDelete
  30. စိတ်မညစ်ပါနဲ့အကိုရာ
    နောက်တနှစ်ပေါ့..
    ReplyDelete
  31. စာရေးကောင်းတယ် အကိုရေ..
    ပိုစ့်လေးလာဖတ်သွားပါတယ်။။။
    သွားချင်သောခရီးလေးကိုလည်းပျော်ရွှင်စွာသွားနိုင်ပါစေ..ရှင်..
    ReplyDelete
  32. အဟုတ်ကြီးလာတော့မှာလားလို့ .. ဟုတ်လည်းမဟုတ်ဘူးဗျာ
    ReplyDelete
  33. ဗီယက်နမ်ကိုလည်းကြုံရင်ဝင်ခဲ့ပါနော်... သွားချင်နေတဲ့ခြင်္သေ့ကျွန်းကိုလည်း အမြန်ဆုံးသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...
    ReplyDelete
  34. ဘလော့ဂ်ဂါသူငယ်ချင်းတွေထဲကဆိုရင်တော့
    ပေါက်ရှိတဲ့ တိုင်ဝမ်ရယ်
    မောင်မျိုးရှိတဲ့ မဲဆောက်ရယ်
    နောက် ငယ်သူငယ်ချင်းတွေရှိတဲ့
    ဂျပန်နဲ့ USA ကို သွားချင်ပါတယ်...
    ဥရောပတော့ ဓာတ်မကျသေးဘူးအေ
    ကော်မန့်ရေးတာပဲလေ ဒီလောက်ဆို တော်ပါပြီ..:))
    ReplyDelete
  35. ရာထူးတာ ကွန်ဂရက် ကိုညီ..ကိုညီ့အိမ်မက်လေး တနေ့ တော့ ဖြစ်လာမှာပါ..စလုံးကို သွားဖြစ်အောင်သွား ကိုညီ..တကယ်ပျော်ဖို့ ကောင်းတယ်..စလုံးကို လွမ်းသား..
    ReplyDelete
  36. ကိုညီ့အက်ဆေးလေးတွေ ဖတ်လို့ကောင်းတယ်ဗျာ. ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့စေတယ်.
    တစ်နေ့နေ့တော့ ကျွန်တော်တို့တွေ ဆုံတွေ့နိုင်ဖို့ လောလောဆယ် ဇော်ဂျီနဲ့ အဆက်မပြတ် ရှိနေကြရဦးမှာပေါ့ဗျာ.း)
    အောင်မြင်ပျော်ရွှင်ပါစေ ဘရို...
    ခင်မင်လျက်
    ရန်အောင်.
    ReplyDelete
  37. နောက်တစ်ခါဆိုရင်တော့ အထစ်အငေါ့မရှိ ခြင်္သေ့ကျွန်းသို့ ရှောရှူစွာ
    ရောက်နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ရှင်..။
    ReplyDelete