15 January 2013

ဘိလပ်မြို့တော်သို့...


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကျနော်တို့မိသားစု လန်ဒန်ကို သွားဖြစ်ခဲ့ပါတယ်၊ ဒီခရီးက ကျနော့်အတွက် ၃ ကြိမ်မြောက် ဖြစ်ပေမယ့် သားအတွက်ကတော့ ပထမဦးဆုံးအကြိမ် ဖြစ်လို့ သူက အတော်လေးကို တက်ကြွနေတယ်၊ အခုတလော သူကြည့်လေ့ရှိတဲ့ Cars 2 တို့၊ Flushed Away တို့လို ကာတွန်းကားတွေက တဆင့် လန်ဒန်ကို တစွန်းတစ မြင်ဖူးနေလို့လည်း ဒီခရီးက သူ့အတွက် အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေခဲ့တယ်၊ မသွားခင်ကတည်းက ဘစ်ဘင်န်တို့၊ သိမ်းမြစ်တို့ကို ပါးစပ်ဖျားကနေ မချဘူး...၊




လူအများဆုံး စီးကြတဲ့ Low-cost လေကြောင်း EasyJet နဲ့ပဲ သွားပါတယ်၊ နှစ်ခါစီးရင် တစ်ခါနောက်ကျလေ့ ရှိတဲ့လေယာဉ်က ဒီတစ်ခေါက် ထူးထူးခြားခြား အချိန်တွေဘာတွေ မှန်လို့..၊း) EasyJet က အချိန်မမှန်စဖူး မှန်တဲ့အခေါက်မှာမှ အချိန်မှန်လေ့ရှိတဲ့ လန်ဒန် Underground ရထားတွေက ကမောက်ကမ ဖြစ်တာနဲ့ ကြုံရတော့တယ်၊ ဖြစ်ပုံက ဒီလိုပါ...၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ယူကေမှာ ရုံးပိတ်ရက်ဖြစ်တဲ့ Boxing day ပါ၊ အဲဒီနေ့ဟာ နှစ်ကုန်လျှော့ဈေး year-end sales ရဲ့ ပထမဦးဆုံး ရက်လည်း ဖြစ်ပါတယ်၊ ဆိုတော့ လူတကာတွေ အနားယူကြ၊ ဈေးဝယ်ထွက်ကြချိန်မှာ Underground ရထားမောင်းသူတွေက အလုပ်ဆင်းနေရလို့ အဲဒီနေ့အတွက် လုပ်ခပိုတောင်းတယ်၊ ဒါပေမယ့် သူတို့တောင်းတာကို အစိုးရက မလိုက်လျောပါဘူး၊ ဒါနဲ့ပဲ ရထားမောင်းသူ အများစုက အလုပ်မဆင်းဘဲ သပိတ်မှောက်ကြလို့ ရထားတွေ ပျောက်ကုန်တာပါ၊ ထွက်တဲ့ရထားကလည်း လေးငါးဘူတာလောက် ခရီးတိုလေးတွေကိုပဲ နာရီဝက်မှ တစ်ခါလောက် ဆွဲပေးတယ်၊


ဒီတော့ လျှော့ဈေးလိုက်ဝယ်တဲ့ လူတွေက အုံနဲ့ကျင်းနဲ့၊ စီးရမယ့်ရထားက တစ်စင်းနှစ်စင်း၊ အဲဒီအထဲမှာမှ ကျနော်တို့က အိမ်မရောက်နိုင်သေးဘဲ အထုပ်တွေ အပိုးတွေနဲ့...၊ လန်ဒန်ရဲ့ မြေအောက်ရထား ဘူတာရုံတွေထဲက တွန်းတွန်းတိုက်တိုက် ကြိုဆိုမှုတွေထဲမှာ ကျနော်တို့ရဲ့ အသက်ရှူသံတွေ ပြင်းထန်နေခဲ့တာပေါ့၊ ဆွစ်ဇာလန်ကနေ လန်ဒန် Gatwick လေဆိပ်ကို ၁ နာရီခွဲပဲ ကြာပါတယ်၊ ဒါပေမယ့် လေဆိပ်ကနေ တည်းခိုတဲ့အိမ်အထိ ၃ နာရီခွဲတောင် ကြာသွားတယ်၊ ရထားငါးစင်းလောက် ပြောင်းစီးနေခဲ့ ရတာကိုး...၊


နောက်တစ်နေ့မှာတော့ Regent လမ်းမကြီးပေါ်မှာ လျှောက်ရင်းနဲ့ Hamleys ကလေး ကစားစရာဆိုင်ကို သွားဖြစ်တယ်၊ သားရဲ့ ပြီးခဲ့တဲ့ မွေးနေ့တုန်းက ကျနော်တို့က ဘာမှအထွေအထူး မဝယ်ပေးဘဲ လန်ဒန်ရောက်တဲ့အခါမှ သူဝယ်ချင်တာ ဝယ်နိုင်အောင် ပိုက်ဆံစုပေးထားတယ်၊ အဲ့ဒါအပြင် နိုဝင်ဘာလမှာ ကျနော်တို့နေတဲ့ မြို့ကလေးမှာ ကစားစရာရောင်းပွဲလေး တစ်ခုရှိတယ်၊ မလိုချင်တော့တဲ့ သူတို့ရဲ့ ကစားစရာ အဟောင်းလေးတွေကို ကလေးတွေကိုယ်တိုင် ရောင်းကြတဲ့ ပွဲလေးပါ၊ ဈေးက မများပါဘူး၊ မနက်ခင်းလေး တစ်ခုမှာ အလွန်ဆုံး ငါးကျပ်၊ တစ်ဆယ်လောက်နဲ့ ရောင်းကြတယ်၊ အဲဒီပွဲမှာ သားကလည်း သူ့ကစားစရာ တချို့ကို သွားရောင်းပြီး ရတဲ့ပိုက်ဆံလေး နည်းနည်းကိုလည်း စုထားတယ်၊ သူ လန်ဒန်ကို လာချင်တဲ့အကြောင်းထဲမှာ အဲဒီ ပိုက်ဆံတွေကို သုံးချင်တာလည်း ပါတယ်၊ အဲဒါကြောင့် တခြားဘာမှမလုပ်ခင် သူ့ကို ကစားစရာဆိုင်ကိုပဲ အရင်ပို့ပေးလိုက်တာပါ..၊ အဲဒါမှ ကျနော်တို့လည်း နားအေးမှာ မဟုတ်လား...၊း)


ရီးဂျင့်လမ်းမကြီးကတော့ မီးတွေထိန်ပြီး လူတွေနဲ့ စည်ကားလို့ပေါ့၊ လမ်းလယ်ခေါင်က မီးဆိုင်းကြီးတွေမှာ အခုလို စာတန်းမျိုးတွေ အများကြီး ချိတ်ထားတယ်၊ ကျနော်က စာသားလေးကို သဘောကျနေခဲ့တာ..၊ ချည်ပြီးတုပ်ပြီးဆိုတာ ဒါပဲနေမှာပဲ၊း) ကဲ... ရောင်းရင်းတို့၊ ခင်ဗျားတို့ရဲ့ အချစ်ဟာ စစ်တယ်လို့ သေချာရင် ပိုက်ဆံအိတ်ကိုသာ လက်လှမ်းလိုက်တော့..၊း)


လူတွေ၊ လူတွေဆိုတာ နေရာတိုင်းမှာပါပဲ၊ ညရောက်လည်း ဒီလိုပဲ တွန်းတွန်းတိုက်တိုက်နဲ့ သွားနေကြတယ်၊ အရင်အခေါက်တွေ တုန်းက ကျနော် မှတ်မိသလောက် အခုလောက် လူမများသလိုပဲ၊ ဈေးသည်၊ ဈေးဝယ်တွေထဲမှာ မျောပါရင်း ဘာမှန်းမသိဘဲ ကျနော် မောနေမိတယ်...၊


ညပိုင်းမှာ ဘီဘီစီ အသံလွှင့်ဌာနကိုလည်း ရောက်ဖြစ်ခဲ့ပါတယ်၊ အဆောက်အဦးရှေ့က ရင်ပြင်မှာ စပီကာတွေ မြှုပ်ထားပြီးတော့ ဘာသာစကား ပေါင်းစုံနဲ့ ရေဒီယို အစီအစဉ်တွေကို လွှင့်ပေးနေတာ သတိထားမိတယ်...၊


အသံလွှင့်ဌာန ဆိုတော့ အထပ်တိုင်းက စားပွဲတိုင်းမှာ လူတစ်ယောက်ကို ကွန်ပြူတာ မော်နီတာ နှစ်ခုသုံးခုနဲ့ အသံတည်းဖြတ် ပြင်ဆင်နေကြတယ်၊ မြန်မာပိုင်း အစီအစဉ်ဌာနကို ခဏတဖြုတ် ရောက်တော့ အဲဒီနေ့ ဂျူတီကျတဲ့ ဝန်ထမ်းတွေက ဖော်ဖော်ရွေရွေနဲ့ နှုတ်ဆက်ကြပါတယ်၊


အထပ်တိုင်းက စတူဒီယို သေးသေး၊ ကြီးကြီးတွေမှာ ရုပ်သံလွှင့်တာရော၊ အသံလွှင့်တာရော ဖြတ်သွားဖြတ်လာ တွေ့ခဲ့ရတယ်၊ အချိန်သာ ရခဲ့မယ်ဆိုရင် အဲဒီမှာ အသံသွင်းတဲ့ စနစ်နဲ့ ဆော့ဖ်ဝဲအသုံးပြုပုံကို ကျနော် အနီးကပ် လေ့လာချင်မိတယ်၊ ရုပ်သံ ဌာနကြီးတွေရဲ့ Video editing protocol ကို ကျနော်တကယ်ပဲ စိတ်ဝင်စားပါတယ်၊ အခုကတော့ ခရီးသွားဟန်လွဲမို့ ဘာမှ မသိနိုင်ခဲ့ပါဘူး...၊


ဒီတစ်ခေါက်လန်ဒန်မှာ ဟိုးအရင်ကလို နှစ်ထပ်ဘတ်စ်ကားအို အနီကြီးတွေ အတွေ့ရ နည်းသွားတယ်၊ နောက်ပေါက်ကနေ တွယ်စီးလို့ရသလို အပေါ်တက်တဲ့ လှေကားကလည်း အနောက်ဖက်မှာပဲ ရှိတဲ့ ဘတ်စ်ကားအိုကြီးတွေ...၊ အဲဒီကားကြီးတွေကို တွေ့ရင် ကျနော်တို့ဆီက စစ်ကျန် ချက်ပလက် ဗိုက်ပူကြီးတွေကို သတိရမိတယ်၊ အခုတော့ အိုလံပစ်ရဲ့ ကျေးဇူးကြောင့်လားတော့ မသိဘူး၊ ဘတ်စ်ကားတွေ အများစုက အသစ်တွေဖြစ်နေတာ သတိထားမိပါတယ်...၊ လန်ဒန်ဟာ သယ်ယူပို့ဆောင်ရေး ယာဉ်ခတွေ ဈေးကြီးတဲ့ မြို့လို့ဆိုရမှာပါပဲ၊ ဒီတစ်ခေါက်မှာတော့ Oyster card လို့ခေါ်တဲ့ top-up card တစ်မျိုးရှိလို့ နည်းနည်း တော်သေးတယ်၊ အဲဒီကဒ်နဲ့ ပေးရင် ပုံမှန်ထက် ဈေးသက်သာသလို ကဒ်ထဲကိုလည်း ပိုက်ဆံလိုသလောက် ထပ်ဖြည့်လို့ ရပါတယ်၊


နောက်တစ်ရက်မှာ သိပ္ပံပြတိုက်ကိုလည်း ရောက်ခဲ့တယ်၊ လန်ဒန်မှာ ပြတိုက်တော်တော်များများ အခမဲ့ ကြည့်ခွင့်ရတာကို ကျနော် သဘောကျမိတယ်၊ ပြတိုက် အဆောက်အဦးတွေက ခမ်းနားသလို အထဲမှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေကလည်း အတော်လေး စုံလင်ကြတယ်၊ ဒီပြတိုက်မှာတော့ ဓါတ်ပုံသိပ်မရိုက်ဖြစ်ပေမယ့် အပေါ်ပုံက တယ်လီဖုန်း မိသားစုကို သဘောကျလို့ ရိုက်ခဲ့တယ်၊ ၁၉ ၈၇ ကနေ ၁၉ ၉ ၇ အတွင်းမှာ သုံးခဲ့ကြတဲ့ ဖုန်းတွေပါ၊ စကားပြောဖို့ သက်သက်ကလွဲပြီး ကျန်တာမရတဲ့ တကယ့်တယ်လီဖုန်း စစ်စစ်တွေ...၊း)


အဲဒီ သိပ္ပံပြတိုက်ကို သွားတာက အဲဒီမှာပြတဲ့ 4D iMax ဒိုင်နိုဆော မှတ်တမ်းရုပ်ရှင်ကို သားကို ပြဖို့အတွက်ပါ၊ ရုပ်ရှင်ပြဖို့ အချိန်စောနေ သေးတာနဲ့ ဟိုဒီလျှောက်ရင်း အာကာသပြခန်းထဲကို ရောက်သွားတယ်၊ လပေါ်ကို ဆင်းခဲ့တဲ့ အပိုလို ၁၁ ရဲ့ အာကာသ ယာဉ်မှူး ဝတ်စုံဆိုပဲ၊ ဟုတ်မှာပါ၊ ဦးထုပ်ရဲ့ ပြဒါးသုတ်ထားတဲ့ မှန်က ဒီလိုတည့်တည့်ကြည့်တော့ ထမင်းဆီဆမ်းထည့်တဲ့ ရွှေလင်ပန်းနဲ့ တူသလိုလို၊ အင်း.. ဒါဆို အဖြူရောင်ဝတ်စုံက ယုန်ကလေးနဲ့ အရောင်တူနိုင်သလို ဒီလက်အိတ်တွေနဲ့ ဆန်ဖွပ်တဲ့ ကျည်ပွေ့ကို ကိုင်ရင်လည်း အတော်သက်သာမှာ၊ အခုဆို အဖိုးလည်း မောလောက်ရောပေါ့...၊း)


ဒီပုံက ပစ္စည်းနှစ်ခုဟာ ဘာလို့ထင်ပါသလဲ? အဲဒါ အာကာသယာဉ်မှူးတွေ ဝတ်လေ့ရှိတဲ့ အာကာသအနှီး space diapers ပါ၊း) ဒီလို diapers တွေကို အရေးကြီးတဲ့ operation လုပ်နေချိန်တွေမှာ ဝတ်တတ်သလို စကြာဝဠာထဲထွက်ပြီး တိုင်းတာရေး လုပ်နေတဲ့ အခါတွေမှာလည်း ဝတ်ရပါတယ်-တဲ့၊ ဒါကိုကြည့်ပြီးလည်း ကျနော့်မှာ သဘောတွေ ကျနေပြန်ရော..၊း) စကား တတ်ကာစ ကလေးရဲ့အဖေ အာကာသယာဉ်မှူး ဆိုရင်တော့ သူ့သားက 'အဖေ့အလုပ်က အင်မတန်ခက်ခဲတဲ့ အာကာသယာဉ်မှူးသာ ဆိုတယ်၊ အခုထိ သားလိုပဲ diapers ဝတ်တုန်း...' လို့များ အပြောခံရမလား မသိ...၊း)


အဲဒီနားမှာပဲ လကမ္ဘာပေါ်ကို အပိုလိုယာဉ်နဲ့ သင်ကိုယ်တိုင် လိုက်သွားရတဲ့ ရှားရှားပါးပါး အတွေ့အကြုံကို 4D ရုပ်ရှင်နဲ့ မြည်းစမ်းလှည့်ပါ၊ ဘာညာနဲ့ ကြော်ငြာထားတာ တွေ့တာနဲ့ ဝင်ကြည့်ကြပြန်တယ်၊ ဒါကတော့ အခမဲ့ မဟုတ်ပါဘူး၊ လက်မှတ်တစ်စောင် ၆ ပေါင် ပေးရပါတယ်၊ ပဏာမအနေနဲ့ သာမာန်ပိတ်ကားပေါ်မှာ အပိုလို ၁၁ ရဲ့ သမိုင်းကြောင်းနဲ့ လပေါ်ကို ဆင်းခဲ့တဲ့ အတွေ့အကြုံ တွေကို ပြတယ်၊ ပြီးတော့မှ နောက်ထပ်အခန်း တစ်ခုထဲမှာ 3D မျက်မှန်တွေနဲ့ ကြည့်ရတဲ့ လပေါ်ကိုဆင်းတဲ့ simulation ရုပ်ရှင်လေးတစ်ခု ပြပါတယ်၊ 4D ရုပ်ရှင်တို့ထုံးစံ ထိုင်နေတဲ့ ခုံတန်းတွေလှုပ်၊ နောက်မှီက လေတွေ၊ မီးခိုးတွေထွက်လာ.. စသဖြင့် ပေါ့လေ၊ ဒါပေမယ့် ရယ်စရာကောင်းတာက နာမည်ကျော် Science museum ကြီးက အပိုလိုခရီးစဉ် 4D ရုပ်ရှင်က ဂျာမနီမှာ ရှိတဲ့ Europa Park ကစားကွင်းက 4D ရုပ်ရှင် ကာတွန်းကားတွေလောက်တောင် effect ကို မနိုင်တာပါပဲ...၊း) နည်းနည်းလေး မညှာမတာ ပြောရရင် အပိုလိုအာကာသယာဉ်ပေါ် ထိုင်လိုက်သွားရတဲ့ ဖီလင်ထက် တချိန်တုန်းက ရန်ကုန်မှာ ပြေးဆွဲခဲ့တဲ့ ၂ စီးတွဲ ဘတ်စ်ကားတွေရဲ့ နောက်တွဲမှာ ထိုင်စီးရတဲ့ ဖီလင်နဲ့ ပိုတူတယ်၊း) အဲ... ခုန်တဲ့၊ တုန်တဲ့ နေရာမှာ အပိုလို ၁၁ က မြန်မာပြည်က ၂ စီးတွဲယာဉ်နဲ့ အတူတူပဲ ဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ...၊


ပြတိုက်က ထွက်လာတော့ နာမည်ကျော် Big Ben ဆီကို ဆက်သွားပါတယ်၊ လေဆိပ်ကထွက်ကတည်းက ဟိုဆရာလေးက Big Ben ဘယ်မှာလဲလို့ တချိန်လုံး မေးနေတာကြောင့်လည်း ပါ,ပါတယ်၊ သူကြည့်ဖူးတဲ့ Cars 2 ကာတွန်းရုပ်ရှင်ထဲမှာ ကားရုပ်ဆိုးလေး Mater ကို Big Ben ပေါ်က နာရီဘီးတွေမှာ လူဆိုးတွေက ကြိုးတုပ်ပြီး ဖမ်းထားတဲ့ အခန်းပါတယ်လေ..၊း) သားက သူလည်း အဲဒီ ကားရုပ်ဆိုးလေးလို နာရီစင်ကြီးပေါ် တက်ရမယ်လို့ အောက်မေ့နေတာကိုး...၊ ကျနော် စုံစမ်းကြည့်ရသလောက် Big Ben ပေါ်တက်ဖို့က ဗြိတိန်နိုင်ငံသား ဖြစ်ရမယ့်အပြင် MP တစ်ယောက်ယောက်ရဲ့ ဖိတ်ကြားခံရသူလည်း ဖြစ်ရပါ့မယ်၊ ဒါတောင်မှ သတ်မှတ် ရက်တွေမှာပဲ တက်ခွင့်ရှိတာပါ၊ အရင်တုန်းက Clock Tower လို့ ခေါ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဘုရင်မကြီးရဲ့ စိန်ရတုနန်းသက် အထိမ်းအမှတ်က စပြီးတော့ Elizabeth Tower လို့ တရားဝင် အမည်သတ်မှတ် လိုက်ပါတယ်၊

နာရီစင်ကြီးက နာရီကို မော့ကြည့်လိုက်တော့ ညနေ သုံးနာရီ ငါးမိနစ်...၊ ညနေ သုံးနာရီတွေမှာ တစ်ခုခုဖြစ်တတ်တဲ့၊ ညနေ သုံးနာရီတွေကို စွဲလမ်းတတ်တဲ့၊ ညနေ သုံးနာရီအကြောင်းကို အက်ဆေးလှလှလေး တစ်ပုဒ် ရေးဖူးတဲ့ ဘလော့ဂါအစ်မ တစ်ယောက်ကို ဖြတ်ကနဲ သတိရလိုက် မိတယ်...၊း)


Houses of Parliament ကတော့ ဘူဇွာတွေ၊ မြေရှင်တွေ၊ ခေတ်ပြောင်းတော်လှန်ရေး၊ စက်မှုတော်လှန်ရေး၊ ခရူးဆိတ် စစ်ပွဲ၊ ကပ်ရောဂါ ပေါင်းစုံ၊ ငတ်မွတ်ခေါင်းပါးမှု၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ တိုးတက်ထွန်းကားလာမှု... စတာတွေ အားလုံးကို မြင်ခဲ့၊ ကြားခဲ့၊ ဖြတ်သန်းခဲ့ရမှာ သေချာပါတယ်၊ လန်ဒန်ရဲ့ နာမည်ကျော် မှုန်မှိုင်းမှိုင်း ကောင်းကင်အောက်မှာ စကားပြောချင်စိတ် ကုန်ခန်းသွားတဲ့ အဖိုးအို တစ်ယောက်လို ငုတ်တုတ်...၊


မြစ်တဖက်ကမ်းက London eye...၊ ဒီဓါတ်ပုံလေးရဲ့ အလင်းအမှောင်ကို အထိုက်အလျောက် စိတ်တိုင်းကျမိပါတယ်၊ အဲဒီနေ့က လန်ဒန်ရဲ့ထုံးစံ မိုးတွေအုံ့ပြီး ရာသီဥတု ဆိုးနေပေမယ့် ကံကောင်းချင်တော့ လမ်းမီးတွေကို ဖွင့်လိုက်တဲ့ အချိန်နဲ့ ကြုံကြိုက်သွားခဲ့တယ်၊ အဲ... ကံဆိုးချင်တော့ လိုချင်တဲ့ frame ရအောင် ဘယ်လိုမှ မရိုက်နိုင်ခဲ့ဘူးဗျာ..၊ ဝက်စမင်စတာ တံတားပေါ်မှာ လူတွေ၊ လူတွေဆိုတာ.. တကယ့်ကို ကြိတ်ကြိတ်တိုး၊ လန်ဒန်တစ်မြို့လုံးက လူတွေ ဒီတံတား တစ်ခုတည်းပေါ်များ ရောက်နေသလားတောင် ထင်ရတယ်၊ အဲဒီလောက် လူတွေများတဲ့ တံတားပေါ်မှာ ဖဲသုံးချပ်လိုမျိုး ကစားသမားတွေကလည်း အကျအနကို ထိုင်ပြီး စီးပွားဖြစ်နေကြ သေးတယ်...၊ ဘော်လုံးသေးသေးလေး တစ်လုံးကို သစ်သားမီးခြစ် ဘူးခွံသုံးခုနဲ့ တလှည့်စီအုပ်ပြီး ဘယ်ဘူးထဲမှာ ရှိသလဲလို့ ခန့်မှန်းရတဲ့ ငွေထိုးငွေလျော် ကစားနည်းပါ၊ ဝိုင်းမြှောက်ပေးတဲ့ ဒလန်တွေ ကြားထဲမှာ ထိုးသားတွေ တရုန်းရုန်းနဲ့ မြန်မာပြည်က ဘုရားပွဲဈေးအလား အောက်မေ့ရတယ်၊

ဆိုတော့ ဟိုလူက တွန်းသွားလိုက်၊ ဒီလူက တိုက်သွားလိုက်နဲ့ ကြားထဲမှာ ဒီအလင်းအမှောင်လေးကို မိလိုက်အောင် မနည်းရိုက်ခဲ့ရတယ်..၊ တကယ်ဆို တံတားနဲ့၊ အောက်ဖက်က သိမ်းမြစ်နဲ့၊ လမ်းမီးတိုင် အပြည့်အစုံနဲ့ဆို ပိုကောင်းမှာပေါ့..၊ အခုတော့ လမ်းပေါ်က လူတွေမပါအောင် ခေါင်းတွေပေါ်က ကျော်ရိုက်ရင်း ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရတော့တယ်...၊း)

(ထူထူထဲထဲ အနွေးထည်တွေဝတ်ပြီး ကျနော်နဲ့အတူ အပိုင်း ၂ ကိုလည်း ဆက်လိုက်ခဲ့ပါဦး...နော)းD


ညီလင်းသစ်
၁၅ ဇန်နဝါရီ၊ ၂၀၁၃

36 comments:

  1. Oh, I miss London!
    အလွမ်းဓာတ်ခံရှိနေလို့လား မသိဘူး၊ မှုန်မှုန်မှိုင်းမှိုင်း ကောင်းကင်အောက်က သိမ်းစ်မြစ်ကမ်းဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ အဖိုးအိုနဲ့တူတဲ့ ပါလီမန်အိမ်ရာပုံကို အကြိုက်ဆုံးပဲ။

    သားသားလိုပဲ ဇွန်လည်း cars animation ပရိတ်သတ်ပဲ... :D

    အပိုင်း ၂ ကို ဆက်လိုက်ဖို့ အနွေးထည်ထူထူ သွားယူလိုက်ဦးမယ်။း)

    ReplyDelete
  2. ပျော်စရာ.....
    ခရီးတွေသွားရတာနှစ်သက်သူမို့ အခုလို ခရီးစဉ်တွေကိုလည်း လိုက်ပါရပြန်တယ်..လုံဒုံဟာအိပ်မက်ထဲမှာပဲရှိနေသေးတယ်

    ညီ

    ReplyDelete
  3. မောင်ညီလင်းရဲ့ ပို့စ်ကိုဖတ် ဓာတ်ပုံတွေမြင်ပြီးသွားတဲ့အချိန်မှာ အင်္ဂလန်ကိုအလည်လာဘို့ ဖိတ်ခေါ်နေတဲ့ ညီမလေးနဲ့ တူမလေးတို့ကို တီတင့် အားတာနဲ့ လာလည်မယ်လို့ ပြန်ပြောလိုက်တော့မယ်း)
    မရောက်ဖူးသေးတဲ့နေရာလေးကို အလည်ခေါ်သွားပြီး ဗဟုသုတလေးတွေကအစ အစီအရီ တိတိပပလေး ပြောပြတဲ့အတွက် စိတ်ဝင်စားစရာပဲ။
    နွေးထွေးတဲ့မိသားစုလေး အမြဲတန်း စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အကြိုက်ဆုံးက ညစ်သလိုနဲ့ ဘာကိုမှန်းမသိ လက်နေတဲ့ ကမ်းနဘေးက ပါလီမာန်အိမ်ရာ။ စိတ်ထဲမယ် ဟယ်ရီပေါ်တာတွေ၊ lord of the ring တွေ၊ ပြေးမြင်ယောင်လာသလိုပဲ။
    နောက် BBC။ ခုမှ မြင်ဖူးတယ်။
    ရင်ပြင်မှာ စပီကာတွေမြှပ်ထားတာ သဘောကျလိုက်တာ။
    အဆောက်အဦးကြီးကို မြင်ရတဲ့ မြင်ကွင်းလဲ ကြိုက်တယ်။
    ညဘက်ရိုက်တာလားမသိ။
    အပြာရောင်လဲ့လဲ့တွေက မြင်ကွင်းကို ပိုအသက်ဝင်စေတယ်။ ခရစ်စမတ်သစ်ပင်ရဲ့ မီးရောင်စုံတွေ အထိမြင်ရတာ တကယ် သဘောကျမိတယ်။
    နောက် London Eye.
    နောက်က တိမ်တွေ မီးခိုးနဲ့ အဖြူ ၊ အပြာ ရောယှက်နေပုံကို နှစ်သက်တယ်။
    မီးတိုင်က မီးလေးတွေ လင်းနေတာလဲ လှတယ်။
    ရန်ကုန်မှာလဲ တကယ်အေးနေပြီမို့ အနွေးထည်ဝတ်ပြီး အပိုင်း (၂) ကို လိုက်ခဲ့ပါမယ်ရှင် :))

    သူသူ

    ReplyDelete
  5. မရောက်ဖူးပေမယ့် ပုံလေးတွေကြည့် စာလေးတွေလိုက်ဖတ်ရင်း ရောက်သွားခဲ့ပါတယ်..လန်ဒန်မြို့ကို...။ ဟုတ် အနွေးထည်ထူထူထဲထဲတော့မဟုတ်ဘူး ရန်ကုန်မှာခုရက်ပိုင်းတော်တော်အေးနေလို့ သိမ်းထားတဲ့အနွေးထည်တွေနဲ့ ရှိုးထုတ်လို့ရသွားတယ်။ အစ်ကိုနဲ့အတူ အနွေးထည်ဝတ်ပြီး အပိုင်းနှစ်ကိုဆက်မယ်...း)

    ReplyDelete
  6. ရောက်ဖူးချင်တဲ့ အိမ်မက်မြို့တော်တွေထဲမှာ ဘိလပ် နဲ့
    ဝါရှင်တန်က ထိပ်ဆုံးကပဲအကိုရ...၊ခုတော့ ဝါရှင်တန်ကို
    စန်းထွန်း နဲ့ လိုက်သွားပြီး၊ဘိလပ်ကိုတော့ အစ်ကိုနဲ့အ
    တူ ရောက်ခဲ့ရပြီပေါ့ဗျာ။ဓာတ်ပုံတွေကတော့ ပြောစရာကို
    မရှိအောင် သေသပ်လှပလွန်းရဲ့...၊ပန်းချီဆရာကောင်း
    တစ်ယောက် အချိန်ယူအနုစိတ်ရေးဆွဲထားတဲ့ ပန်းချီကား
    လေးတွေကို ကြည့်နေရသလိုပဲ....၊သဘောကျလွန်းလို့
    နှစ်ကြော့သုံးကြော့ပြန်ကြည့်သွားမိတယ်၊အကြိုက်ဆုံးက
    ပါလီမန်အဆောက်အဦးကြီးပဲ...၊ခမ်းနားသလောက်၊
    သမိုင်းပေါင်းများစွာကို လျှို့လျှို့ဝှက်ဝှက်သိမ်းဆည်း
    ထား ထားတဲ့ အဖိုးအိုအိုကြီး ကျနေတာပဲနော်.....။
    BBC အသံလွှင့်ဌာနကို အဲ့လိုပဲဝင်ကြည့်လို့ရတယ်
    လား....ကောင်းလိုက်တာဗျာ...နော်....။နောက်ပို့စ်
    ကျရင် အဆင်ပြေရင် သားသားလေးပုံလည်း လုပ်ပါ
    ဦးအကိုရ.....နော့....။

    ReplyDelete
  7. ပုံတွေရိုက်ထားတာ ကောင်းလိုက်တာ ကိုညီလင်းရယ် ...
    ကိုယ်တိုင်သွားကြည့်တုန်းကတောင် ဒီလောက် မလှသလိုပဲ :) ဓာတ်ပုံဆရာ တော်ချက် ..

    နှစ်ထပ်ဘတ်စ်ကားကြီးနဲ့ ဖုန်းရုံကလေး ရိုက်ထားတဲ့ ပုံက လူသွားပလက်ဖောင်းပေါ်မှာ ပီကေတွေကပ်နေတာ မြင်တော့ တခါတုန်းက မမေ ရေးဖူးတဲ့ ပီကေလမ်းကိုတောင် သတိရမိသေး ... ။

    နောက်တခါ ကိုညီလင်း မြန်မာပြည်လာရင် ဆန်ဖွပ် မောင်းထောင်းသူတွေအတွက် လက်အိတ်လေးတွေ လက်ဆောင်ပေးဖို့ ၀ယ်ခဲ့ပါလား :)

    ဒီလောက် လူရှုပ်တဲ့ မြို့တော်လန်ဒန်မှာ ခုလို ဓာတ်ပုံကောင်းလေးတွေ ရအောင် ရိုက်နိုင်တာ ချီးကျူးပါတယ် ကိုညီလင်းရေ ... ။

    အပိုင်း (၂) ကိုတော့ မမေက ယပ်တောင်ခပ်ပြီး ဆက်လိုက်ခဲ့ပါမယ်။
    ခုတလော မီးတွေပျက်နေလို့ :)

    ReplyDelete
  8. မိုးနတ်ကတော့ ဘာပြောရမှန်းကို မသိဘူးဖြစ်နေတယ်
    ဘာလို့ဆို အကိုရိုက်ခဲ့တိုင်းပုံတိုင်းနဲ့ လန်ဒန်ရဲ့နေရာတိုင်း
    ကို အရမ်းပဲ သဘောကျမိနေလို့ ..ရောက်ဖူးချင်လိုက်
    တာအကိုရယ်...တော်တော်ပျော်စရာကောင်းမှာနော်.:)
    အပိုင်း ၂ ကိုလဲ ဆက်လက်စောင့်မျှော်နေပါတယ်ရှင်..
    ရန်ကုန်တော့ မသိဘူး...မိုးနတ်တို့ဆီမှာ အားကြီး
    အေးတယ်ရှင့်...မိုးနတ်မှတ်ထားတာ ဒီနေ့နဲ့ဆို (၆)
    ရက်တိတိရှိပြီ...ဆောင်းတွင်းအစကနေပြီးတော့ ဒီအထိ
    အခုလောက် မအေးဖူးသေးဘူး...မိုးနတ်တို့ဆီမှာတော့
    စံချိန်တင်သွားပြီ....အနွေးထည်ထူထူက
    ခုနေခါမှာ မရှိမဖြစ်ဖို့ ကိုယ်နဲ့မကွာ ၀တ်ထားပြီးသား
    အကိုရ...:)
    ခင်မင်နေတဲ့...မိုးနတ်

    ReplyDelete
  9. ပုံတွေ ပုံတွေ အကုန်ကြိုက်တယ် ဗျို့ 

    ReplyDelete
  10. Houses of Parliament က စကားပြောချင်စိတ်တွေ ကုန်ခမ်းနေရော့တဲ့လား။ တစ်ခါတစ်ခါ ဒီလို အဆောက်အဦးတွေရဲ့ ဘာသာမဲ့စကားတွေ ကြားရရင် ဘာရယ်မသိ ၀မ်းနည်းမိသလိုလို..။ သို့ပေမယ့် ဓါတ်ပုံတွေကိုတော့ တော်တော်သဘောကျမိတယ်..။

    ReplyDelete
  11. ပုံတွေမိုက်တယ်..
    N/A

    ReplyDelete
  12. ပုံတွေ အားလုံး သိပ်ကောင်းတယ်....
    လန်ဒန်မှာ လည်းနိုင်ငံခြားသားတွေ တော်တော်များနေပြီ လို့ယူဆပါ တယ်....

    ReplyDelete
  13. ပုံတွေလှလိုက်တာ... ပိုစတာ ကျနေတာပဲ :)

    ReplyDelete
  14. ဘာကြောင့် ဘိလပ် လို့ခေါ်လည်းမသိဘူးနော်..

    ReplyDelete
  15. ဇွန်...
    ဇွန်လည်း Cars ပရိတ်သတ်ပဲလား?း) ကားလေးတွေကို မျက်နှာ အမူအရာကအစ ချစ်စရာကောင်းအောင် ဆွဲထားတာဆိုတော့ ကလေးရော၊ လူကြီးပါ ကြိုက်ချင်စရာ ပါပဲ..၊ အနွေးထည်တင် မကဘဲ သိုးမွှေးဦးထုပ်ပါ ယူခဲ့ဖို့ မမေ့နဲ့နော်..၊း)

    ညီ...
    ကျနော်နဲ့ ခရီးအတူ လိုက်ခဲ့လို့ ကျေးဇူး...၊း) အိပ်မက်တွေကို အိပ်ရာ ပြင်ပမှာ မက်ခွင့်ရတဲ့ နေ့တွေလည်း ရောက်လာဦးမှာပါ..၊

    တီတင့်...
    အဆင်ပြေရင် သွားသာလည်ပါ တီတင့်ရေ...၊ ဘာပဲပြောပြော လေ့လာစရာတွေက တကယ့်ကို အများကြီးပါပဲ..၊

    ညီမသူသူ...
    ဓါတ်ပုံလေးတွေကို နှစ်သက်ကြောင်း အသေးစိတ် ပြောသွားလို့ ကျေးဇူးပါနော်၊း) ဟယ်ရီပေါ်တာနဲ့ Lord of the ring ကိုတောင် ကျနော် မေ့နေခဲ့တာ..၊း) ဟုတ်ပါတယ်၊ ဘီဘီစီ အဆောက်အဦးက ညဖက် ရိုက်ထားတာပါ...၊

    ညီမမိုး...
    သိမ်းထားတဲ့ အနွေးထည်တွေ ဝတ်ထားပြီးသား ဆိုရင်တော့ အပိုင်း ၂ အတွက် အဆင်သင့်ဆိုတာ သေချာပြီ...၊း)

    ကိုညိမ်း...
    ကိုညိမ်းလည်း ပါလီမန်အိမ်ရာကို ကြိုက်သူထဲမှာ ပါတာကိုး..၊း) ဓါတ်ပုံတွေကို နှစ်သက်တာ သိရလို့ ကျေးဇူးပါဗျာ၊ အဲ.. ဘီဘီစီက ဒီအတိုင်းတော့ ဝင်လည်လို့ မရလောက်ဘူး ထင်တယ်ဗျ၊ ကျနော် တို့က အဲဒီမှာ အလုပ်,လုပ်တဲ့သူနဲ့ သွားတာပါ...၊

    မမေ...
    အခုလို ချီးကျူးတာ ကျေးဇူးပါ၊ မနက်ဖြန်မနက် မျက်နှာကြက် အသစ် ပြန်တပ်ရမှာကတော့ တစ်ပိုင်းပေါ့လေ..၊း)) မမေက ပီကေ ကပ်နေတာအထိ အသေးစိတ် မြင်တယ်နော်၊ ကျနော်လည်း အခုမှ ဓါတ်ပုံထဲမှာ သတိထားမိတယ်၊း) လန်ဒန်မှာ လူရှုပ်တာတော့ တကယ်ပဲ မမေရေ...၊

    ညီမမိုးနတ်...
    ခုတလော အေးတဲ့အကြောင်းတော့ နေရာတိုင်းလိုလိုမှာ ပြောနေကြရတယ် ထင်တယ်နော်၊ အမြဲပုံမှန် အလည်လာတဲ့ အတွက်လည်း ကျေးဇူးစကား ဆိုပါရစေဗျာ..၊း)

    ညီမVista...
    အားပေးတာ ကျေးဇူး ညီမ...၊း)

    johnmoeeain...
    နံရံတွေမှာ နားရှိတယ်လို့ ပြောကြသလို ကြားရတာတွေ သိပ်များလာတဲ့အခါ အဲဒီ နံရံတွေ၊ အဆောက်အဦးတွေလည်း တခါတခါတော့ နှုတ်ဆိတ်နေချင် မိလိမ့်မယ်လို့ ကျနော်တော့ တွေးနေမိတာ ပါပဲဗျာ၊း) ဓါတ်ပုံတွေကို နှစ်သက်လို့လည်း ကျေးဇူးပါ၊

    ကိုN/A...
    ကျေးဇူးပါဗျာ၊ ဒါနဲ့ ပျောက်နေတာ အတော်ကြာနေပါ့လား..?း)

    အမည်ဝှက်စာဖတ်သူ...
    ဟုတ်မယ်ဗျ၊ ကျနော် မြင်ခဲ့၊ ကြားခဲ့ရသလောက် နိုင်ငံခြားသားတွေ များတဲ့အကြောင်း ပြောကြတယ်...၊

    မစူးနွယ်...
    ပုံတွေမှာ အားနည်းချက်တွေ အများကြီးပေမယ့် အခုလို အားပေးတော့လည်း ကျေးဇူး တင်ရပါတယ်ဗျာ..၊း)

    အမည်ဝှက်စာဖတ်သူ(၂)...
    သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ ကျနော်လည်း တခါတုန်းက လိုက်ရှာဖူးသေးတယ်၊ အခုထိတော့ ပြည့်စုံလုံလောက်တဲ့ အဖြေမတွေ့သေးပါဘူးဗျာ...။

    ReplyDelete
  16. ဇွန်ထင်တာကတော့လေ... ဘရစ်တိန် (Britain) ကနေ အသံထွက်တွေ ရွေ့လျောပြောင်းလဲပြီး ဘိလပ်များ ဖြစ်သွားသလို့။ ဖရန်စစ်ကနေ ပြင်သစ်လို့ ဖြစ်သွားကြတယ် မဟုတ်လား။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ :D

    ReplyDelete
  17. စာကျန်ခဲ့လို့ ပြန်တင်တာ :D

    ဇွန်ထင်တာကတော့လေ... ဘရစ်တိန် (Britain) ကနေ အသံထွက်တွေ ရွေ့လျောပြောင်းလဲပြီး ဘိလပ်များ ဖြစ်သွားသလားလို့။ ဖရန်စစ်ကနေ ပြင်သစ်လို့ ဖြစ်သွားကြတယ် မဟုတ်လား။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ :D

    ReplyDelete
  18. တကယ်ကိုပဲ စိတ်တွေက ပြေးလွှား ရွေ့လျားတာ သိပ်မြန်တယ်နော်... တိုက်ဆိုင်တာ တခုခုတွေ့ရင် စိတ်ထဲကနေ ဖျတ်ကနဲ သတိရသွားတတ်တာ... လန်ဒန် ညနေ သုံးနာရီမှာ သတိတရရှိသွားတဲ့ ကိုညီလင်းကို <3 <3 <3...

    အပိုင်း (၂) (၃) တွေ မျှော်နေမယ်နော်...

    ReplyDelete
  19. ဂျာကင်အဝါလေးနဲ့ သားသားလေးက ဘာတွေများ စိတ်ဝင်တစားကြည့်နေပါလိမ့်...

    အပိုင်း(၂)တင်ပါတော့ဗျို့... အနွေးထည်ထူကြီးဝတ်ပြီးစောင့်နေတာနော်...:)

    ReplyDelete
  20. Thanks for nice photos..

    ReplyDelete
  21. ကိုယ်ပေးထားတဲ့ကွန်မဲန့်လေးအတွက် ပြန်စာလေးလာ ဖတ်ရင်းနဲ့ ဘိလပ်အကြောင်းမေးထားတာ ဖတ်လိုက်ရတော့ အရမ်းတိုက်ဆိုင်တယ်သိလား ကိုညီလင်း... မနေ့ညကမှ အဲသည်အကြောင်းလေး ဖတ်ထားတာ။ ပျင်းပျင်းနဲ့ ဝတ္ထုတွေ လျှောက်မွှေဖတ်ရင်း အဲသည်စာအုပ် အဆုံးထိ မဖတ်ဖြစ်ပေမယ့် ထိပ်ပိုင်းနားမှာပဲ သည်လိုအကြောင်းအရာလေးတွေ သိလိုက်ရတယ်။ ချစ်တယ်ဆိုရင်လက်ညှိုးထောင်ဆိုတဲ့ ကြူမွှေးဝတ္ထု ထဲမှာ... ရေးထားတာက ဘိလပ်ဆိုတာ ဟိန္ဒူစကားဖြစ်ပြီး ဂရိတ်ဗြိတိန်ကို ခေါ်တာတဲ့။ ပိုက်ဆံဆိုတာကလည်း ဟိန္ဒူစကားပဲ တဲ့။ လန်ချားဆိုတာလည်း ကုလားစကားမှတ်နေကြတာ အမှန်က တရုတ်စကားတဲ့။ ဘဇားဆိုတာကလည်း ကုလားစကားမဟုတ်ဘူး...အင်္ဂလိပ်စကားလည်းမဟုတ်ဘဲ အင်္ဂလိပ်တွေကယူသုံးထားတဲ့ ပါးရှဲန်း(အီရန်)စကားတဲ့။

    ReplyDelete
  22. ဓါတ်ပုံတွေနဲ့ စာရေးထားတာက ကိုယ်တိုင်ရောက်ရသလိုပါပဲ ကိုညီလင်းရေ ''အာရုံများပျံသန်းရာနိုင်ငံကလေးသို့''ပိုစ့်လိုပဲ စောင့်ဖတ်ပါမယ်နော်..အနွေးထည်အထူကြီးဝတ်ပြီးတော့စောင့်စရာတော့မလိုတော့ပါဘူး..မန္တလေးမှာ နေ့လည်ဆိုပူလာပြီလေ :)

    July May

    ReplyDelete
  23. ခရီးသွားဆောင်းပါးလေးက

    ဆွဲဆောင်မှု ကောင်းလိုက်တာ .....

    အထူးသဖြင့် .....

    ဓာတ်ပုံတွေနဲ့ပါ ဝေဝေဆာဆာမို့ ၊

    ကိုယ်တိုင် ရောက်သွားသလို ခံစားရပါတယ် ။

    စာရေးကောင်းတဲ့ အကိုညီလင်းသစ်ရေ.....

    နောက်ထပ်တင်လာမယ့် အပိုင်းတွေ

    စောင့်မျှော်နေပါ့မယ်ဗျာ ။

    ReplyDelete
  24. ဇွန်...
    ဇွန်ပြောတာ အများကြီး ဖြစ်နိုင်ပါတယ်၊ ဟုတ်တယ်နော်...၊
    ဖွန်ဆွား-ဖရန်စစ်-ပရန်စစ်-ပရန်သစ်-ပြင်သစ် လို့တောင် အဆင့်ဆင့် ပြောင်းလဲခဲ့သေးတာဆိုတော့...၊း) ပြီးတော့ ဘရစ်တိန်နဲ့ ဘိလပ်က pronunciation အရကော၊ syllable အရပါ အတော်လေး နီးစပ်တာ သတိထားမိတယ်၊ အခုလို တကန်တက ပြန်လာပြီး စဉ်းစားမိတာလေးကို ဝေမျှလို့ ကျေးဇူးပါ ညီမလေး..၊း)

    အစ်မသက်ဝေ...
    ဒါဟာ လွယ်လင့်တကူ မေ့ပစ်လိုက်နိုင်စရာ အကြောင်းမှ မဟုတ်တာပဲဗျာ..၊ (သက်ပြင်းတစ်ချက် ရှိုက်ပြီးမှ မိုးကုပ်စက်ဝိုင်းကို ရီဝေဝေ ကြည့်ရင်း တစ်လုံးချင်း ပြောသွား...)းD

    အမည်ဝှက်စာဖတ်သူ(၃)...
    တော်တယ်ဗျာ၊ လူတွေအများကြီး ကြားထဲမှာ မြင်ဖြစ်အောင် မြင်သွားတယ်လား..၊း) 🎵 ဝိုး..ဟို.. ဒီက စောင့်နေသူ... 🎶း)
    သိပ်မကြာခင် လာမယ်နော်...၊း)

    Anonymous...
    It's my pleasure...!!

    မစူးနွယ်...
    အဲဒီစာအုပ် ကျနော်လည်း ဖတ်ဖူးသလိုပဲ၊ နာမည်ကို ရင်းနှီးပေမယ့် အခု မစူးနွယ်ပြောတဲ့ အကြောင်းတွေကိုတော့ မေ့နေပြီ၊း) ဘိလပ်ဆိုတဲ့ စကားလုံးကို အင်္ဂလန်၊ လန်ဒန်၊ ဗြိတိန် အစား အမျိုးမျိုး သုံးနေကြတာ ကျနော်တို့အားလုံး သိကြပေမယ့် ဘယ်အင်္ဂလိပ် စကားလုံးက ရွေ့လျောလာသလဲဆိုတာ တိတိပပ မှတ်တမ်းမှတ်ရာ မတွေ့မိ ဖြစ်နေကြတာ မဟုတ်လား၊ အခု မစူးနွယ် ပြောတာလည်း အပေါ်မှာ ဇွန်ပြောသွားတာနဲ့ တစ်ထပ်ထဲ ကျနေတဲ့အပြင် ယုတ္တိဗေဒ ရှုထောင့်က ကြည့်ရင်လည်း မဖြစ်နိုင် စရာ မရှိပါဘူး၊ အခုလို နောက်တစ်ခေါက် ပြန်လာပြီး သိဖူး၊ ဖတ်ဖူး တာကို အားလုံးနဲ့ ပြန်ဝေမျှလို့ တကယ့်ကို ကျေးဇူး အများကြီး တင်ပါတယ်ဗျာ..၊ Sharing is caring, isn't it? :)

    Ma July May...
    မဂျူလိုင်က မန္တလေးကလား..?း) ဒီ ဘိလပ်သွားတောလားက အာရုံများပျံသန်းရာ နိုင်ငံကလေး လောက်တော့ အပိုင်းတွေ များမှာ မဟုတ်ဘူးဗျ၊ နေခဲ့တဲ့ ရက်က တိုသလို ရင်ခုန်သံ အထူအပါးလည်း မတူဘူးလေ...၊း)

    ကိုညီလင်းနိုင်...
    အခုလို ပုံမှန်လာလည်တဲ့ အတွက်ရော၊ ကွန်မန့်လေးတွေနဲ့ အားပေးတဲ့ အတွက်ရော ကျနော်ကလည်း ကျေးဇူး အများကြီး တင်ပါတယ်ဗျာ..၊း)

    ReplyDelete
  25. ဘိလပ်ပြန်ကိုညီလင်းသစ်ပေါ့နော်.. အဲ့လိုလေတွေတင်ပေးတော့ရောက်ဖုးသွားတာပေါ့ အကိုရာ ကျေးဇူးတင်ပါတယ်။။

    ReplyDelete
  26. အဒေါ်တယောက်ပြောဖူးတာတော. ဟိသရိုးလေဆိပ်ရောက်တော. ၊ကုလားပြည်များမှားရောက်လာသလားထင်ရလောက်အောင် ဘိလပ်မှာ ကုလားတွေများတယ်တဲ.။
    ကိုညီလင်းသစ်ေ၇ာ ဘယ်လိုမြင်ခဲ.လဲမသိဘူး။

    ReplyDelete
  27. Those londond street lamps, perfect foreground, they really go well with the historic monument subjects in dark cloudy ambient light, and
    yeh, BBC is my favourite show beside some hidden agenda ;) the way they choose narrators, background music, editing, and colour tone,
    they really can tune a footage into certain taste, anyway..
    Waiting for no.2, cheers!

    ReplyDelete
  28. ဘယ်အချိန်ရောက်လာလာ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတတ်တဲ့ တကယ်ကိုရောက်သွားသလိုကိုစီးမျောခံစားရတဲ့ အကို့ဘလော့လေးက ကျနော့်အကြိုက်ဆုံးဘလော့ဂါများစာရင်းမှာအပါအ၀င်ပေါ့အကိုရေ ..
    မိသားစုတွေပျော်ရွှင်ချမ်းမြေ့ပါစေ

    ချစ်ခင်လျှက်

    ဂျာရစ်

    ReplyDelete
  29. ဘိလပ် ကိုအလည်ေ၇ာက်ခဲ့တယ်ဗျာ။မိသားစုကျမ်းမာချမ်းသာကြပါစေ။

    ReplyDelete
  30. ရောက်ဖူးချင်နေတဲ့ နေရာလေး
    တခုစီကို အကိုကအလည်ခေါ်သွားလိုက်သလိုဘဲ

    ReplyDelete
  31. လိုက်မယ်..လိုက်မယ်..တို့ လည်း လိုက်မယ် ချန်မထားနဲ့ ..ဓာတ်ပုံတွေရိုက်ချက် တကယ်မိုက်တယ် ကိုညီ..အပိုင်း၂ ကို စောင့်မျှော်နေပါတယ်..

    ReplyDelete
  32. What a GREAT post!!! BBC looks impressive with the employees working days and night. I wish I had money to go back there again and looking forward to read the next post!
    Mon Petit Avatar

    ReplyDelete
  33. သတိတရလာနှုတ်ဆက်လို့ ကျေးဇူးနော့်။
    မအားတဲ့ကြားကအပြေးအလွှားလာအားပေးသွားပါတယ်။
    ထုံးစံအတိုင်းသပ်ယပ်မှု လှပမှု ကျစ်လစ်မှု ဖမ်းစားနိုင်မှုများအပြည့်နဲ့ အတူလိုက်လည်ခဲ့ပါတယ်။
    အားကျလိုက်တာနော်။း)
    အိုင်အိုရာ

    ReplyDelete
  34. မင်္ဂလာပါ! ကိုညီလင်းသစ်
    ပထမဦးဆုံးအကြိမ်အဖြစ် ဆရာချစ်ကြည်အေးဆိုဒ်ကနေ ရောက်လာခဲ့တာပါ၊ အိမ်မက်ထဲမှာ အရမ်းရောက်ဖူးချင်တဲ့ မြို့လေးကို စာနဲ့အတူ ပုံတွေ ဝေေ၀ဆာဆာနဲ့ ဖော်ပြပေးသွားတာ အရမ်းနှစ်သက်မိပါတယ်.. ထို့အတူ ကိုညီလင်းနိုင်ရဲ့ ဓါတ်ပုံပညာကိုလည်း လေးစားအတုယူသွားပါတယ် .. အပိုင်း(၂)ကို ဆက်သွားလိုက်ပါအုန်းမယ်ရှင့် .. :) :)

    ReplyDelete
  35. "သက်ပြင်းတစ်ချက် ရှိုက်ပြီးမှ မိုးကုပ်စက်ဝိုင်းကို ရီဝေဝေ ကြည့်ရင်း တစ်လုံးချင်း ပြောသွား..."

    (((ခံစားရတယ်... တကယ်ပဲ...)))
    :D :D :D

    ReplyDelete
  36. thanku for ur sharing and i,m feel , have been arrived by myself.

    ReplyDelete