25 June 2013
သူ ချစ်ပုံက...
ကျနော့်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ သူနဲ့ကျနော်က ငယ်ငယ်ကတည်းက ဆော့ကစားရင်း သိခဲ့ကြတဲ့ သူငယ်ချင်းတွေ မဟုတ်သလို အထက်တန်းကျောင်းမှာ၊ တက္ကသိုလ်မှာ သိခဲ့ကြသူတွေလည်း မဟုတ်ပါဘူး၊ ကျောင်းတွေကိုယ်စီပြီးလို့ လုပ်ငန်းခွင် အတွက် ပြင်ဆင်တဲ့ သင်တန်းတွေတက်ရင်းမှ သိခဲ့ကြတာ...၊ သူက ကျနော့်ထက် လေးငါးနှစ်လောက် အသက်ပိုကြီးတယ်၊ ဒါပေမယ့် စတွေ့ပြီး နာရီပိုင်းလောက်မှာပဲ သူက ̔နှုတ်မကျိုးသွားခင် မင်းနဲ့ငါလို့ပဲ သုံးရအောင်ကွာ̕ ဆိုပြီး တရင်းတနှီး ပြောလာတယ်၊ အသက်တွေကလည်း မငယ်တော့ဘူးဆိုတော့ ကျနော်တို့ အားလုံးကအချင်းချင်း ခင်ဗျားတွေ၊ ကျနော်တွေ လုပ်နေကြတာကိုး..၊ အဲဒီလို ပြောပြီးတာနဲ့ သူကကျနော့်ကို ဟိုးငယ်ငယ်လေးကတည်းက အတူကစားပြီး ကြီးလာခဲ့သူ တစ်ယောက်လို မင်းနဲ့ငါနဲ့ တရင်းတနှီး ပြောတော့တာပဲ၊ သူက ၅ နှစ်လောက် အသက်ပိုကြီးတာကို သိလို့ ကျနော့်မှာသာ သူ့ကို မင်းတွေ၊ ငါတွေ လုပ်ဖို့ အစပိုင်းမှာ အတော်ခက်လိုက်သေးတယ်၊
ပြောချင်တာက ကျနော့်သူငယ်ချင်းက အင်မတန် ဖော်ရွေတယ်၊ စကားပြောတာလည်း ပွင့်လင်းတယ်၊ ဇာတိက မြင်းခြံသား၊ ၆ ပေ လောက်ရှိတဲ့ သူ့အရပ်နဲ့ လိုက်အောင်ပဲ စကားသံကလည်း ကျယ်ကျယ်လောင်လောင်နဲ့...၊ လူတစ်ယောက်ယောက်နဲ့ ခွန်းကြီးခွန်းငယ် စကားပြောရပြီ ဆိုရင် သူ့မှာ ချက်နဲ့လက်နဲ့ ပြန်ပြောစရာ စကားလုံးက အမြဲရှိတယ်၊ တစ်ဖက်သားရဲ့ ထောက်ကွက်မှာ ကြောင်အ,ပြီး ဘာပြန်ပြောရမှန်း မသိတာမျိုး ဘယ်တုန်းကမှ ကျနော် မတွေ့ဖူးခဲ့ဘူး၊ စကားစစ်ထိုးရုံတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး၊ လက်ပါပြီး ထိုးကြ၊ ကြိတ်ကြမယ်ဆိုလည်း သူကဖြစ်တယ်၊ တဖက်သားက အပြန်အလှန် စကားပြောတတ်သူ မဟုတ်ဘဲ ထိုးမယ်၊ နှက်မယ် တကဲကဲဆိုတဲ့ လူစားမျိုး ဆိုရင် သူကလည်း ဘယ်တော့မှ လက်မနှေးဘူး၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းက လူမိုက်တော့ မဟုတ်ဘူး၊ လူတကာကို လိုက်ပြီး စော်ကား၊ ရန်လိုနေသူလည်း မဟုတ်ဘူး၊ သူ့အရှေ့မှာ မတရားလုပ်နေတာ၊ မမှန်မကန် ဖြစ်နေတာတွေ တွေ့ရင်သာ သူက မနေနိုင်မထိုင်နိုင် ဝင်ဝင်ပါမိတတ်တာ...၊ သူ့ရဲ့ မဟုတ်မခံ စိတ်ဓါတ်ကို ကျနော် သဘောကျတယ်၊ ငါ ကူညီလိုက်ရမလား၊ ဝင်ပြီး ရှင်းပေးလိုက်ရမလားလို့ စဉ်းစားနေစရာ မလိုဘဲ မွေးရာပါအသိနဲ့ စက္ကန့်မဆိုင်း ဝင်ကူညီတတ်တဲ့ အမှန်တရား ချစ်စိတ်ကို ကျနော် လေးစားတယ်၊ အဲ... ဘေးထွက်အကျိုးဆက်ကတော့ ရန်ပွဲတွေ မကြာခဏ ကြုံရတာပါပဲ၊ သူ ဘယ်လိုမှ သည်းမခံနိုင်တဲ့ လူတန်းစား တစ်ရပ်ရှိတယ်၊ ကားစပယ်ယာ...၊
ကားခတွေ ပိုတောင်းတာ၊ ပိုက်ဆံကို ပြန်မအမ်းဘဲ ရူးချင်ယောင်ဆောင်နေတာ၊ ခရီးသည်တွေကို တွန်းတင်၊ ဆွဲချတာ၊ ခရီးသည်တွေအပေါ် တစ်သက်စာ ကျေးဇူးပြုထားသူတွေလို မျက်နှာပေါက်မျိုးတွေနဲ့ မချေမငံ ပြောဆို ငေါက်ငမ်းတာ..၊ အဲဒါမျိုးတွေဆို သူ နည်းနည်းမှ သည်းမခံနိုင်ဘူး၊ ကိုယ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဝင်ပြောလေ့ရှိတယ်၊ အဲဒါဆိုရင်တော့ ပွဲပဲ၊ စပယ်ယာ ဆိုတာကလည်း ဘီးလေးဘီးပေါ်က အာဏာရှင် အသေးလေးတွေ မဟုတ်လား၊ ကိုယ့်ကားလည်း လာစီးသေး၊ အားလုံးက ငြိမ်ခံနေတဲ့ အလယ်မှာ ဟီးရိုးလည်း ဝင်လုပ်သေးဆိုတော့ ငြိမ်မသွားဘဲ လေသံမာမာနဲ့ ပိုပြီး ရင့်သီးလာလေ့ ရှိတယ်၊ တချို့ဆို ဝူးဝူးဝါးဝါး ထ,လုပ်သေးတာ..၊ အဲဒီအခါမျိုးဆို ကျနော့်သူငယ်ချင်းက သူတို့ထက် ပိုပြီး လေသံမာပြ လိုက်တယ်၊ စကားကို လှန်မပြောနိုင်အောင် တရစပ် ဖိပြောလိုက်လေ့ ရှိတယ်၊ ကံကောင်းတာတစ်ခုက သူ့ရဲ့ လေသံနဲ့ သူ့ရဲ့ အရပ်အမောင်း ကြောင့်ပဲလားတော့ မသိဘူး၊ ထိုးကြကြိတ်ကြတဲ့ ရန်ပွဲအဆင့်ကို ရောက်မလာဘဲ စကားများတာနဲ့တင် ပြီးသွားကြတာ များတယ်၊
တစ်ခါမှာ ကျနော်တို့ မန္တလေးကနေ ပြန်လာကြတယ်၊ သူက ဗင်ကားအဖြူလေးကို မောင်းပြီးတော့...၊ လမ်းလည်း သင့်တာနဲ့ သူ့ဇာတိ မြင်းခြံက အိမ်ကိုလည်း ဝင်လည်ကြတယ်၊ သူ့အိမ်ကနေ ခရီးဆက်ဖို့ ထွက်လာတော့ မြင်းခြံမှာ ဘုရားပွဲတစ်ခု ကျင်းပနေတာနဲ့ သွားကြုံတယ်၊ လမ်းမပေါ်မှာလည်း လူတွေ၊ ဈေးဆိုင်တန်းတွေက အပြည့်ပဲ၊ လူတွေကြားထဲကနေ တရွေ့ရွေ့နဲ့ ရှေ့တိုးမောင်းလာရင်း မျက်နှာချင်းဆိုင်ကနေ ကုန်ကားတစ်စင်း မောင်းလာတာ တွေ့ရတယ်၊ ကုန်ကားက သူ့ဖက်အခြမ်းမှာ လမ်းပိတ်နေတော့ ကျနော်တို့ မောင်းလာတဲ့ အခြမ်းကနေ ခပ်တည်တည်နဲ့ မောင်းလာတယ်၊ ကျနော့်သူငယ်ချင်းကလည်း သူ့လမ်းက အမှန်ဆိုတော့ ပုံမှန်ပဲ ရှေ့ဆက်တိုးသွား နေတယ်၊ အဲဒီမှာ ကားနှစ်စီးက မျက်နှာချင်းဆိုင် အနေအထားနဲ့ နီးကပ်လာပြီး ကြားမှာ လူတွေလည်းရှိတော့ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့ဘူး၊ ကားကို ရပ်လိုက်ရတဲ့ အချိန်မှာပဲ ကုန်ကားမောင်းသူက ̔ဟေ့ကောင်... ဒီမှာ ဘုရားပွဲ ကျင်းပနေတာ မင်းမမြင်ဘူးလား၊ မင်း မြန်မာလူမျိုး မဟုတ်ဘူးလား̕ လို့ ဒေါသတကြီးနဲ့ လှမ်းအော်တယ်၊ သူ အော်တာက ကျယ်တော့ ဘေးပတ်ဝန်းကျင်က လူတွေရော၊ ကားနှစ်စင်းကြားက လူတွေပါ အားလုံးကြားကြတယ်၊ တချို့တွေကလည်း တပြိုင်တည်း အေးလေ,ဘုရားပွဲ လုပ်နေတာကို မမြင်ဘူးလား၊ ဒီကောင်ဘာကောင်လဲ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကျနော်တို့ကားဖက်ကို လှမ်းကြည့်ကြတယ်၊ ကုန်ကားမောင်းသူရဲ့ ဒေါသသံနဲ့ အပြောက ကြားရသူတွေကိုပါ ဒေါသတွေ ထွက်လာစေပုံ ပါပဲ၊ ဒီလို အနေအထားမှာ တော်ရုံလူဆို ကယောင်ချောက်ချားနဲ့ မျက်စိသူငယ်၊ နားသူငယ် ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်၊ ကားကလည်း လူအုပ်ကြီး အလယ်မှာ ရောက်နေတာ မဟုတ်လား၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းကတော့ အေးအေးဆေးဆေး ပါပဲ၊ ကားတံခါးဖွင့် ဆင်းလိုက်ပြီးမှ ဟိုလူ့ထက် ပိုကျယ်ပြီး ပိုမာတဲ့ လေသံနဲ့ ̔ဟေ့ရောင်...ငါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်၊ အမျိုးဘာသာ၊ သာသနာကို မင်းထက် ပိုပြီး ချစ်တယ်၊ နားလည်လား၊ အခု ဘုရားပွဲလုပ်နေတာ မြင်လို့ ငါ ဖြေးဖြေးလေး မောင်းလာတာ မင်းမမြင်ဘူးလား၊ မင်းကသာ ကိုယ့်လမ်းမှာ ကိုယ်မမောင်းဘဲ ယာဉ်ကြောပြောင်းပြန် မောင်းပြီး ဘုရားပွဲမှာ ကိုးရိုးကားရား လုပ်နေတာ... ̕ လို့ ပြန်ပြောလိုက်တယ်၊ သူ့ စကားသံ အဆုံးမှာ ခုနတုန်းက ကျနော်တို့ဖက်ကို ကြည့်နေကြတဲ့ လူတွေက ကုန်ကားမောင်းသမားကို အေးလေ,ဘုရားပွဲမှာ ကိုးရိုးကားရားနဲ့၊ ဒီကောင် ဘာကောင်လဲ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်ကြပြန်တယ်၊ အဲဒီတော့မှ ကုန်ကားမောင်းသမားလည်း အသာလေး ပြန်ကုပ်သွားပြီး သူ့ကားကို လမ်းဘေးဆင်းရပ်လိုက်ရ တော့တယ်၊
ကျနော်တို့ ဆက်ထွက်လာချိန်မှာ ကျနော့်သူငယ်ချင်း သုံးသွားတဲ့ စကားလုံးတွေကို ကျနော် ပြန်စဉ်းစားနေမိတယ်၊ အမှန်တော့ ကုန်ကားမောင်းတဲ့လူက ကျနော်တို့နဲ့ ဘုရားပွဲကိုလာတဲ့ ရွာသားတွေကို ̔ဘုရားပွဲ၊ မြန်မာလူမျိုး̕ စတဲ့ စကားလုံးတွေနဲ့ မသိမသာလေး တည်ပေးလိုက်တာပါ၊ တကယ်ဆို သူကတောင် အမှားလုပ်နေသေးတာ...၊ ကားနှစ်စီး ပိတ်မိနေတဲ့ သာမန်အခြေအနေလေး တစ်ခုမှာ အဲဒီစကားလုံးမျိုးတွေ မလိုအပ်ပါဘူး၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းက အဲဒီအခြေအနေကို ̔ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ̕ စတဲ့ စကားလုံးတွေနဲ့ ပြန်ဖြည်လိုက်တယ်၊ ဒါ့အပြင် သူက မာန်အပြည့်နဲ့ ပြန်ပြောလိုက်နိုင်လို့ တဖက်သားက အသာလေး ပြန်ငြိမ်သွားရတယ်၊ ဒီနေ့အချိန်မှာ ပြန်စဉ်းစားတော့ အဲဒီတုန်းက ကျနော့်သူငယ်ချင်းက ဟိုလူ့အပေါ်မှာ စိတ်ဆိုးနေတာ ကြောင့်လည်း ပါမယ်ထင်ပါရဲ့၊ ̔အမျိုးဘာသာ၊ သာသနာ̕ ကိုချစ်တယ် လို့ပြောတဲ့ သူ့လေသံက မာန်နဲ့ ဒေါသသံလေး စွက်နေခဲ့တာ ပြန်တွေးမိပြီး ပြုံးမိတယ်၊ အင်း.. ဖြစ်တော့ ဖြစ်တတ်ပါတယ်လေ၊ တခါတလေမှာ ကျနော်တို့လည်း ချစ်တယ်၊ စောင့်ရှောက်မယ် ပြောနေရင်းနဲ့ကို အာဃာတတွေ သင့်ချင်သင့်နေတတ်တာ မဟုတ်လား...။ ။
ညီလင်းသစ်
၂၅ ဇွန်၊ ၂၀၁၃
21 comments:
  1. မာန်ပါပါပြောတတ်သူကတပန်းသာတာတော့အမှန်ဘဲ။
    ဒီထဲမှာစိတ်ခံစားမှုပါပါသွားတော့..
    ပိုပြီးအားပါတာပေါ့။
    အိုင်အိုရာ
    ReplyDelete
  2. သဘောကျလိုက်တာ၊၊ အားကျတာလည်း ပါတယ်၊၊ ကျနော်ဆို ပြည်ပမှာနေတာသာ ကြာလာတာ၊၊ အားနာတတ်တဲ့အကျင့်ရယ် သူများအနိုင်ကျင့်ရင် ငုံ့ခံတတ်တဲ့ အကျင့်တွေက မပျောက်နိုင်သေးဘူး၊၊
    တိမ်ပြာ(မနောမြေ)
    ReplyDelete
  3. ကောင်းတာညီလင်းရယ်၊ လက်ရှိတိုင်းပြည်အခြေအနေကိုထင်ဟပ်နေတဲ့ ပို့စ်ပါ၊ ယူတတ်ရင်တွေးတောဆင်ခြင်စရာတွေပါရဲ့။
    ငြိမ်း
    ReplyDelete
  4. ရေးလိုက်မှဖြင့် အကောင်းချည့်ပဲ
    ReplyDelete
  5. သူငယ်ချင်းအကြောင်းလေးရေးထားပေမယ့် အတွေးကောင်းကောင်းပေးတဲ့ စာတပုဒ်ပါပဲ အစ်ကို
    ReplyDelete
  6. Yea, sometimes it happens. Your post makes sense and reflects the recent situation of our country and it's religion. Thanks for sharing your thoughts by dropping words.
    ReplyDelete
  7. မောင်မျိုးJune 25, 2013 at 11:10 AM
    အဲ့လို လူမျိုးနဲ့ သူငယ်ချင်းဖြစ်ရတာတော်တော်ပျော်ဖို့ကောင်းတယ် ။ သူ့ဆီက ထွက်ကျလာမယ့် အချိန်ကိုက် စကားလုံးတွေက ဗိုက်ဆာနေတဲ့အချိန် အားရပါးရ စားပစ်လိုက်ရတဲ့ အသုတ်စုံလို သိပ်အရာရှိမှာပဲ .။
    ReplyDelete
  8. အင်းလေ.....အင်းလေ......၊ချစ်တယ်....၊စောင့်ရှောက်
    မယ်...၊အဲ....ဒေါသသံလေးနဲနဲလည်းပါမယ်နော်.... :)
    ReplyDelete
  9. ဖတ်ပြီးတော့ သဘောကျလိုက်တာ...ကားသမားစကားကြောင့် လူတွေအကြည့် အကို့ သူငယ်ချင်း စကားကြောင့် လူတွေက ကားသမားကို ပြန်ကြည့်ကြတာ ဖတ်ပြီး ပြုံးမိတယ်...အတွေးကောင်းသလို အရေးကောင်း...
    ReplyDelete
  10. ဟင်းနော်...
    သူငယ်ချင်းအကြောင်းရေးထားတယ်ဆိုပေမယ်.လဲ၊ သိနေတယ်နော် ..............
    ကိုညီလင်းရေ. ...လိုအပ်ရင်တော. ဒေါသသံလေးလဲစွက်သင်.ရင်စွက်ရမယ်လေ။ သူများပြောတိုင်း ငုံ.ခံနေလို.လဲမဖြစ်ပေဘူး မဟုတ်လား။
    ReplyDelete
  11. မအိုင်အိုရာ..
    ဟုတ်တယ်ဗျ၊ မာန်ပါပါ ပြောတဲ့သူတွေ၊ လက်ဟန်ခြေဟန်နဲ့ ပြောတတ်တဲ့ သူတွေက စကားပြောရာမှာ ပိုပြီး ဆွဲဆောင်မှု ရှိတယ်လို့ မှတ်သားဖူးတယ်..၊း)
    မနောမြေကတိမ်ပြာ...
    ဟုတ်ပါတယ်၊ ကျနော်တို့ မွေးဖွားကြီးပြင်းလာရတဲ့ ဝန်းကျင်က စရိုက်လက္ခဏာတွေကို တော်ရုံနဲ့ ဖျောက်ဖို့တော့ လွယ်မယ် မထင်ဘူးဗျ...နော၊
    ငြိမ်း...
    ပို့စ်ထဲက မက်ဆေ့ခ်ျပါးပါးလေးကို မိလိုက်တဲ့အတွက် ဝမ်းသာမိပါတယ်ဗျာ..၊ လာဖတ်တဲ့အတွက်လည်း ကျေးဇူးပါ၊
    ညီမVista...
    ကဲ... ဘာမုန့်ကြိုက်သလဲသာ ပြောတော့ ညီမရေ..၊း) ဒါနဲ့ စာတွေ မရေးဖြစ်တာ ကြာပြီနော်...၊
    ညီမမိုး...
    ကျေးဇူးတင်ပါတယ် ညီမရေ...၊
    Sis Zun...
    It seems like you got the message and connotation in the post. :) Thanks for your visit and kind comment!
    မောင်မျိုး...
    ညီပြောမှပဲ ငရုတ်ရည်တွေ ရွှဲရွှဲဆမ်းထားတဲ့ အသုပ်စုံတွေကို မျက်စိထဲ မြင်မိပြီး ဗိုက်ဆာလာတယ်ဗျ...၊းD
    ကိုညိမ်း...
    ကဲ.. ချစ်စေ၊ စောင့်ရှောက်စေ၊ ဥပဒေထုတ်စေ (အဲ.. ရောကုန်ပြီ၊ ဘွာတေး) ဒေါသသံ ပါးပါးကလေးလည်း ပါစေဗျား...၊းD
    ညီမစန်းထွန်း...
    Jessie J ဆိုထားတဲ့ Price Tag သီချင်းထဲက "Everybody look to their left, Everybody look to their right.." ဆိုတာ အဲဒါမျိုးထင်တယ်နော်၊းD လာအားပေးတာ ကျေးဇူးပါ ညီမရေ...၊
    အမည်ဝှက်စာဖတ်သူ...
    မပြောမပြီး၊ မတီးမမြည် ဖြစ်လာတဲ့အခါ ဆိုရေးရှိက ဆိုအပ်လှ၏ ပေါ့လေ.. ဟုတ်လား၊း))
    ReplyDelete
  12. ကွက်တိပဲ ကိုညီလင်း :)
    ReplyDelete
  13. ဒီပို့စ်လေးကို ဖတ်ပြီးအရမ်းသဘောကျနေတာ :)
    ဟိုနေ့က စတင်ထားတာမြင်ကတည်းက
    လာဖတ်ပြီး မန့်လို့မရလို့ အကိုရ ...ဒီရက်ထဲ
    လိုင်းတွေလဲ တော်တော်ကိုမကောင်းဘူးနော် :(
    အကို့ပို့စ်ထဲက မက်ဆေ့ခ်ျက ပါးပါးလေးတော့
    မဟုတ်ဘူးအကိုရ .....အကိုစာရေးထားတာက
    ကျစ်လစ်ပြည့်စုံတော့ ပို့စ်လေးက တိုပေမဲ့
    အကုန်လုံးကို ကွက်တိပါနေတာ....:)
    သဘောကျပါဘိတော့ :)))))))
    ခင်တဲ့ မိုးနတ်
    ReplyDelete
  14. ဟဲဟဲဟဲဟဲဟဲ
    ဒီ့ထက်များပြားတဲ့ လေသံနဲ့တောင်ရယ်ပြချင်သေးတယ်..။
    ဘယ်လို စာလုံးပေါင်းရမှန်းမသိလို့..။
    ထို့ကြောင့် ညီလင်းသစ်ဟု ခေါ်သည်။
    ဤပို့စ်အား ကွန်မန့်ပေးရန် စကားလုံးများစွာမလို....
    Bro Bro !!!
    :) :) :)
    သူသူ
    ReplyDelete
  15. Bravo Bro ! ပြောတာတောင် ဂလို စာရိုက်မိတဲ့ အဖြစ်
    :D :D
    ReplyDelete
  16. စိုးသူရ(မန္တလေး)June 28, 2013 at 7:33 PM
    သူငယ်ချင်းအကြောင်းလေးကတော့အရမ်းကောင်းပါတယ်။အမျိုးဘာသာ။သာသနာချစ်တဲ့စိတ်ရိုသေစိတ်ရှိတဲ့အတွက်လေးစားပါတယ်။လူတိုင်းလူတိုင်းသာကိုယ်ဘာသာသာသနာကိုချစ်စိတ်ရှိမယါဆိုရင်ဗုဒ္ဓဘာသာကြီးဟာဘယ်တော့မှကွယ်ပျောက်မသွားတော့ပါဘူး။
    ReplyDelete
  17. ဖတ်လို့ကောင်းလိုက်တာ ကိုညီလင်းသစ်ရယ်း)
    ReplyDelete
  18. -ပဌာန်းဆက်လို့ ဆိုရလေမလား။ တစ်ခါတစ်လေ ခင်မင်သိကျွမ်းတာ အချိန်ကာလ ရှည်တာတိုတာနဲ့ မဆိုင်ဘူး မောင်ညီလင်းရေ...တိုတောင်းတဲ့ အချိန်အတွင်းမှာ သိခွင့် ဆုံဆည်းခွင့်ရခဲ့တဲ့ ဘလော့ဂါတွေကို တီတင့် ရင်းနှီးချစ်ခင် မိတာမျိုးလိုပေါ့လေ...
    -အတွေ့အကြုံလေးတစ်ခုပေါ်မှာ သုံးသပ်ချက်လေးနဲ့ ရေးသွားတာ စိတ်ဝင်စားစရာ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  19. ဟုတ်ပ အကိုရယ်...
    ReplyDelete
  20. ကွက်ကနဲပဲ.... ဒါပေမယ့် အရမ်းထိတယ် အကို...
    ReplyDelete
  21. ဖတ်ပြီးသွားပြီ။ဘာမှမရေးတော့ဘူး။တွေ့မှပြောတော့မယ်ကွာ။appreciate it!
    ReplyDelete