23 August 2013

ကိုယ်မိခဲ့သော နဂါးငွေ့တန်း


ပြီးခဲ့တဲ့ပို့စ်မှာ ရေးခဲ့သလို ဒီတစ်ခေါက်တောင်ပေါ်ကို သွားတော့ ကျနော့်မှာ ရည်ရွယ်ချက်တိတိကျကျတစ်ခု ပါသွားခဲ့တယ်၊ နဂါးငွေ့တန်းဂလက်ဆီကို ဓါတ်ပုံရိုက်ဖို့...၊ Milky way လို့ခေါ်ကြတဲ့ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဓါတ်ပုံတွေကို အတော်များများလည်း တွေ့ဖူးကြမှာပါ၊ ကမ္ဘာအနှံ့ နေရာဒေသမျိုးစုံမှာ ရိုက်ထားတဲ့ ပုံတွေက တမျိုးစီ စိတ်ဝင်စားဖို့ ကောင်းတယ်၊ အဲဒီလိုပုံတွေကို လိုက်ကြည့်ရင်းနဲ့ နဂါးငွေ့တန်းဂလက်ဆီကို ဘယ်လိုဓါတ်ပုံရိုက်ရသလဲ ဆိုတဲ့ ကျူတိုရီယယ်တွေ ဖတ်ရတဲ့အခါ ကျနော်လည်း တစ်ခါလောက်တော့ အဲဒီကြယ်စုကြီးကို မြင်ဖူးချင်၊ ဓါတ်ပုံရိုက်ချင်နေ ခဲ့တယ်၊ အဲဒီလိုအခြေအနေမှာ တောင်ပေါ်ကိုသွားကြမယ် ဆိုတော့ အရင်ဦးဆုံး လုပ်မိတာက မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေ လိုက်ကြည့်မိတာပါပဲ၊ တီဗီသတင်း၊ ရေဒီယိုသတင်း၊ အင်တာနက်သတင်း အားလုံးက အဲဒီရက်တွေမှာ ရာနှုန်းပြည့် သာယာမယ့်အကြောင်း ကြေညာထားကြတယ်၊ အိုကေ...၊ ရာသီဥတုက ကိုယ့်ဖက်တော့ပါပြီ၊ တောင်ပေါ်ဆိုတော့ မီးရောင်တွေနဲ့လည်း ဝေးမယ်ဆိုတော့ ဒါဟာအခွင့်ကောင်းပဲ မဟုတ်လား၊ ကင်မရာ ဓါတ်ခဲ၊ မင်မိုရီကဒ်မှ စပြီးတော့ လိုအပ်တဲ့ ဓါတ်ပုံရိုက်ပစ္စည်းတွေ အားလုံးကို ပြင်ဆင်ပါတယ်၊ တကယ်တမ်း တောင်ပေါ်တက်ကြတော့ sleeping bag တွေ၊ ဓါတ်မီး၊ အနွေးထည်တွေ ထည့်ထားတဲ့ ကျောပိုးအိတ်ကြီးက တဖက်၊ ကင်မရာအိတ်နဲ့ ထရိုင်ပေါ့အိတ်က တဖက် ဖြစ်နေပေမယ့် ကျနော့်ခေါင်းပေါ်က တစ်နေရာရာမှာ ရှိနေမယ့် နဂါးငွေ့တန်း အကြောင်းကို ကြိုတွေးပြီး မောရကောင်းမှန်း မသိခဲ့ဘူး...၊

ကျနော်တို့ ညအိပ်တည်းမယ့် Alpage de la Peule တောင်ပေါ်စခန်းကို ရောက်သွားတော့ ကျနော်အရမ်း သဘောကျသွားတယ်၊ ဘေးပတ်ဝန်းကျင်မှာ ဘာရွာ၊ ဘာအိမ်တစ်လုံးမှ မရှိဘူး၊ တောင်ကြောကြီး တစ်ခုလုံးမှာ သူ့အဆောက်အဦး တစ်ခုပဲရှိတယ်၊ ဒီလိုနဲ့ ညစာစားအပြီး ည ၉ နာရီကျော်ကျော်မှာ မှောင်စပြုလာတာနဲ့ ကျနော့်မိသားစု အပါအဝင် ရှိသမျှလူတွေအားလုံး အိပ်ရာဝင်ကုန် ကြတယ်၊ ကျနော်တို့ဆီကို အလည်လာတဲ့ ညီမလေးတစ်ယောက် ကတော့ ညစာစားရင်း ကျနော်ကြိုပြောထားတဲ့ ကြယ်တွေ၊ ဂြိုဟ်တွေအကြောင်းပဲ စိတ်ဝင်စားသွား လို့လားတော့ မသိဘူး၊ မအိပ်သေးဘဲ ကျနော်နဲ့အတူ တဲအပြင်ဖက်မှာ နေခဲ့တယ်၊ တောင်ပေါ်ဖြစ်တဲ့အတိုင်း နေအလင်းရောင် ပျောက်တာနဲ့ ချက်ချင်းအေးလာတယ်၊ လေကလည်း တသုန်သုန် တိုက်နေတယ်၊ ကင်မရာကို ထရိုင်ပေါ့မှာ သေချာဆင်၊ long exposure ရိုက်မယ့် intervalometer timer ကို ကင်မရာမှာ တပ်ပြီး တဖြေးဖြေး၊ တအိအိနဲ့ အုပ်ဆင်းကျလာတဲ့ အမှောင်ထုကို စိတ်အေးလက်အေး ထိုင်စောင့်နေလိုက်တော့တယ်...၊


မွန်ဂိုတဲလေးထဲမှာတော့ သားရယ်၊ အတူလာတဲ့ မိသားစုက ကလေးနှစ်ယောက်ရယ်က မအိပ်ချင်ကြသေးဘူး၊ အမေတွေ ဟန့်နေတာကို မသိကျိုးကျွန်ပြုရင်း မီးအိမ်လေးကို ဖွင့်ပြီး နေနိုင်သလောက် နေဖို့ ကြိုးစားနေကြတယ်၊ တဲကလေးရဲ့ အပေါ်က ကောင်းကင်မှာတော့ နောက်ဆုံးလက်ကျန် အလင်းရောင်လေး မဆိုစလောက် ရှိနေသေးပေမယ့် တစ်စထက်တစ်စ များ,များလာတဲ့ ကြယ်တွေကို ပို,ပိုပြီး မြင်လာရပြီ၊ ဒီပုံလေးက အစောပိုင်း test shots တွေ ရိုက်အပြီး ည ၉ နာရီခွဲမှာ ရိုက်ထားခဲ့တာပါ...၊


သိပ်မကြာခင်မှာပဲ ကျနော့်ရဲ့ ခေါင်းပေါ်တည့်တည့်မှာ နဂါးငွေ့တန်းဂလက်ဆီ ကြယ်စုကြီးကို ထင်ထင်ရှားရှား တွေ့လိုက်ရတော့တယ်၊ ဟိုးငယ်ငယ်လေး ကတည်းက ကျောင်းမှာ သင်ခဲ့ရတဲ့ ကြယ်အစုအဝေးကြီး၊ ကျနော်တို့ ကမ္ဘာ့ နေအဖွဲ့အစည်း အပါအဝင် ကြယ်တွေဂြိုဟ်တွေ ကုဋေ ၄၀၀ လောက် ပူးပေါင်းလှည့်ပတ်နေတဲ့ ကြယ်အစုအဝေးကြီး၊ “မကြာခင်” နောက်ထပ် ဂလက်ဆီကြီး တစ်ခုဖြစ်တဲ့ Andromeda နဲ့ ဝင်တိုက်ပြီး စီးချင်းထိုးတော့မယ့် ကျနော်တို့ရဲ့ ကြယ်အစုအဝေးကြီး...၊ ကင်မရာက long exposure နဲ့ ရိုက်နေချိန်မှာ ကျနော်ကလည်း တသက်လုံးကြားဖူးခဲ့ပြီး အခုမှ မျက်မြင်ကိုယ်တွေ့ ကြုံရတဲ့ နဂါးငွေ့တန်းဂလက်ဆီကြီးကို မြေကြီးပေါ် ပက်လက်အိပ်ရင်း မမှိတ်မသုန် ကြည့်နေခဲ့မိတယ်၊


ပတ်ဝန်းကျင်တစ်ခုလုံးဟာ တကယ့်ကို ပကတိအမှောင်...၊ ကျနော်မှန်းထားတာထက်ကို အလင်းညစ်ညမ်းမှု နည်းပါးလှတယ်၊ ဒီလိုအမှောင်မျိုးကို မြို့ ပြမှာတော့ ဘယ်လိုမှ မရနိုင်ပါဘူး၊ Perseid meteor shower ကြယ်မိုးက စ,နေပြီဖြစ်လို့ အဲဒီနေ့ကလည်း ကြယ်တွေကြွေတာကို မျက်စိနဲ့ မြင်ခဲ့ရသလို အပေါ်က ပုံမှာလည်း ဖမ်းမိလိုက်တယ်၊


တခြားဖက်က ကြယ်တွေကို ဓါတ်ပုံလှည့်ရိုက်ပြီးတော့ နဂါးငွေ့တန်းဂလက်ဆီဖက် ကင်မရာကို ပြန်လှည့်တယ်၊ အခုတော့ ကောင်းကင်မှာ နဂါးငွေ့တန်းဂလက်ဆီရဲ့ တည်နေရာကို သိသွားပြီဖြစ်လို့ လွယ်ကူသွားပြီ၊ ညဥ့်ဦးပိုင်းတုန်းက ကျနော်ရှာတော့ ရုတ်တရက် ချက်ချင်းမတွေ့ဘူး၊ သူက ကြည့်နေမကျရင် ဖြစ်ဖြစ်၊ ကောင်းကင်က မှောင်သင့်သလောက် မမှောင်ရင်ဖြစ်ဖြစ် အဖြူရောင်မီးခိုး စုစုလေးတွေလို့ ထင်ရတယ်၊ နောက်ပိုင်းတော့ ညဥ့်ပိုနက်လာလေလေ မြင်လိုက်တာနဲ့ တန်းပြီးသိနိုင်လောက်အောင် ထင်ရှားလာလေလေ ပါပဲ၊ ပြီးတော့ အတော့်ကို ရှည်လျားပါတယ်၊ ဒီဂလက်ဆီဟာ ကြီးမှန်းသိပေမယ့် အဲဒီလောက်အထိ ရှည်မယ်လို့ ကျနော်က ထင်မထားမိလို့ အံ့သြသွားမိတယ်၊ ဒီပုံတွေက 16mm lens နဲ့ရိုက်ထားလို့ ပုံထဲမှာ အကုန်နီးပါး ဝင်ပေမယ့် အပြင်မှာတော့ ဟိုးတောင်တန်းတွေ ပေါ်ကနေ ကျနော့်ရဲ့ ခေါင်းပေါ်အထိ ကြီးမားရှည်လျား ပါတယ်၊ နဂါးငွေ့တန်း ဂလက်ဆီရဲ့ တည်နေရာကို အချိန်နဲ့အမျှ ပြပေးတဲ့ iPhone apps တစ်ခုကိုလည်း စိတ်ဝင်စားသူတွေ၊ မသိသေးသူတွေ သိရအောင် တပါတည်း လက်တို့ပါရစေ၊ Planets လို့ ခေါ်ပါတယ်၊ App store မှာ ရိုက်ရှာလိုက်ရင် ထိပ်ဆုံးက ထွက်လာပါလိမ့်မယ်၊ နဂါးငွေ့တန်းဂလက်ဆီ အပြင် နက္ခတ်တာရာ အစုအဝေးတွေ၊ ဂြိုဟ်ကြီးတွေရဲ့ တည်နေရာတွေ ကိုပါ ပြပါတယ်၊


ည ၁၂ နာရီလောက်မှာ ကျနော်ရပ်လိုက်တယ်၊ ပတ်ဝန်းကျင်က မှောင်လွန်းလို့ ၁၀ နာရီလောက် မှာကတည်းက ကြယ်တွေက ကောင်းကင်တခွင်လုံး ပြည့်သိပ်နေတာကို ကောင်းကောင်း မြင်နေရပါပြီ၊ တချက်တချက် ခပ်ပြင်းပြင်း တိုက်လိုက်တဲ့ တောင်ပေါ်လေတွေ ကလည်း စိမ့်ကနဲ ဖြစ်သွားစေတယ်၊ ဒီတစ်ခါတော့ မွန်ဂိုတဲလေးတစ်ခုလုံးက သူ့ကိုအုပ်မိုးထားတဲ့ နဂါးငွေ့တန်းဂလက်ဆီကြီး အောက်မှာ အေးအေးချမ်းချမ်းနဲ့ အိပ်မောကျနေ ခဲ့ပြီ...၊

ဓါတ်ပုံသမားတွေအတွက် Exif ကိုပြောရရင်တော့ ပုံတွေအားလုံးကို Canon 16-35mm L lens, f/2.8, 35 sec, ISO 3200, manual focus နဲ့ ရိုက်ပါတယ်၊ ကင်မရာ မလှုပ်အောင် ထရိုင်ပေါ့နဲ့အတူ Canon intervalometer timer TC-80N3 ကို သုံးပါတယ်၊

တောင်ပေါ်ဒေသကို ကျနော်အကြိမ်များစွာ ရောက်ဖူးပါတယ်၊ ဒါပေမယ့် ဒီအရပ်ဒေသမှာက တိမ်ကင်းစင်တဲ့ ညကောင်းကင်ကို မြင်နိုင်ဖို့ဆိုတာ အမြဲတမ်း မဖြစ်နိုင်တော့ ကျနော်ရောက်ခိုက်မှာ အခုလိုမျိုး ကြည်လင်၊ ရှင်းလင်းတဲ့ ကောင်းကင်ကို တစ်ခါမှ မတွေ့ရဖူး ပါဘူး၊ နောက်တစ်ခုကတော့ ကျနော် ပြောပြောနေတဲ့ အလင်းညစ်ညမ်းမှုပါ၊ မြို့ ပြနဲ့ဝေးတဲ့ ဟောဒီလို တောင်ပေါ်တွေမှာတောင်မှ ရွာလေးတွေ၊ လမ်းမီးတိုင်တွေက တခါတလေ အနှောင့်အယှက် ပေးတတ်ပါတယ်၊ အခုဟောဒီ Alpage de la Peule ကတော့ အီတလီနယ်စပ်၊ ပြင်သစ်နယ်စပ်နဲ့ ကပ်နေပြီး နည်းနည်းချောင်ကျ လို့လားတော့ မသိဘူး၊ လူလုပ်ထားတဲ့ အလင်းဟာ မရှိသလောက်ကို နည်းလှတယ်၊ အမှန်တော့ ကျနော် မအိပ်ချင်သေးဘူး၊ ကြည်လင်အေးချမ်းပြီး တိတ်ဆိတ်နေတဲ့ ညကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးပစ်လိုက်ရမှာ တကယ့်ကို နှမြောစရာ...၊ ကင်မရာပစ္စည်းတွေ သိမ်းနေရင်းနဲ့ တာရာမင်းဝေရဲ့ ဝတ္ထုခေါင်းစဉ်ဖြစ်တဲ့ “ကိုယ့်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း” ဆိုတာ ဒါမှအစစ်လို့ တွေးမိပြီး ကျနော် ပြုံးမိသွားတယ်၊ တလက်စထဲ သီချင်းကလေး တပိုင်းတစတောင် နှုတ်ကနေ ထွက်ကျသွားလေရဲ့...။

♫♫ အလင်းကိုရှောင်ခွာ နေထိုင်ရင်း xxxx ညကိုနှစ်သက် ကျေနပ်ခဲ့ပြီလေ ♪♪ xxx ကျောက်ဆောင်တွေလို ငြိမ်သက်ရင်း အမြင့်မှာပွင့်တဲ့ ကြယ်ပန်းတစ်ခင်း xxx ♫♪ ပြန်လေဦး ကောင်းသောညရယ် နှုတ်ဆက်တယ်လေ... ♫♫♪


ညီလင်းသစ်
၂၃ သြဂုတ်၊ ၂၀၁၃

21 comments:

  1. နှုတ်ဆက်သီချင်း ကို ထပ်ခါထပ်ခါ ဆိုရင်း ကောင်းကင်ကြီးကို ကြည့်နေချင်တယ်. ကိုညီလင်းရေ ကြယ်တွေဟာ အိပ်မက်တွေလိုပဲ...

    ညီ

    ReplyDelete
  2. တအားလှတယ် သေချာရှင်းပြပေးတဲ.အတွက်လည်း ကျေးဇူးပါ :)

    ReplyDelete
  3. ဓာတ်ပုံ တွေ အရမ်း သဘောကျတာပဲ.... အခု လို သွားနိုင် ရိုက်နိုင်တာကို လည်း အားကျပါတယ်..

    ReplyDelete
  4. ကိုညီလင်း
    အခုတလော မုဒ် ပြန်ဝင်နေတယ်ထင်တယ်။ ပို.စ်တွေ နည်းနည်းစိပ်နေတယ်။ဘာဘဲဖြစ်ဖြစ်သဘောကျပါတယ်။

    Milky way ကိုတခါမှကိုမမြင်ဖူးဘူး။ ကြယ်မိုးရွာတာကိုလဲမမြင်ဖူးဘူး။
    ပုံတွေကြည်.ရတာ တကယ်ကို ထင်ထင်ရှားရှားတွေ.ရတယ်နော်။ ပုံတွေကို share လုပ်လို.ကျေးဇူးတင်ပါတယ်၊

    ReplyDelete
  5. Bro,
    Thank you so much for post & photos :)

    ReplyDelete
  6. အဲလောက်ကြယ်တွေပြည့်သိပ်နေတဲ့ ကောင်ကင်းကို တကယ်လက်တွေ့မြင်ဖူးချင်လိုက်တာ..။ ပြီးတော့ နဂါးငွေ့တန်းဆိုတာ စာထဲမှာပဲသင်ခဲ့ဖူးတာမဟုတ်လား...။ အစ်ကို့ဓါတ်ပုံတွေက လက်ရာမြောက်လွန်းလို့ထင်ရဲ့ တကယ့်အပြင်မှာမြင်ရသလိုဖြစ်နေတာ တကယ်ပြောတာ...။

    ReplyDelete
  7. စိတ်ဝင်စားရင်းမျောသွားတာကိုယ်ကိုတိုင်အဲဒီညမှာသွားကြည့်နေလိုက်ရသလိုဘဲအကိုရေ တကယ်စီ၊းမျောသွားလေရဲ့

    သတိရလျှက်

    တင်သိန်းအေး

    ReplyDelete
  8. တကယ့်ကို ကြယ်တွစုံညီခတဲ့ ညပဲနော်။ နဂါးငွေ့တန်းတောင် အဆစ်ပါလိုက်သေးတယ်။း)
    ဒါနဲ့ ဂစ်တာတစ်လက်ရော သယ်မသွားခဲ့ဖူးလား အစ်ကို? ကြယ်တွေစုံတဲ့ညပဲဖြစ်ဖြစ်၊ ဖမ်းမိတဲ့ နဂါးငွေ့တန်းပဲဖြစ်ဖြစ်၊ အပေါ်မှာ ညီပြောသွားတဲ့ နှုတ်ဆက်သီချင်းလိုမျိုးဖြစ်ဖြစ် ဆိုညည်းဖို့လေ။

    ReplyDelete
  9. နဂါးငွေ့တန်း
    ကြယ်စင်လမ်းနှင့်
    အံ့မခမ်းသည့်
    ကောင်းကင်ကြီး ... ။

    ReplyDelete
  10. ညဖက် တခါမှ အဲဒီလို ဂလက်ဆီတွေ မကြည့်ဖူးသေးဘူး..ဓာတ်ပုံတွေ တကယ်မိုက်တယ်...Planets Apps ကိုလည်း ဒေါင်းဦးမယ်...

    ReplyDelete
  11. အို..............

    မြင်ကွင်းတွေကို အတော်ကြာကြာထိုင်ငေးနေမိတယ်
    သိပ်ငြိမ်သက်အေးချမ်းနေမှာပဲ
    ပြီးတော့.....
    စကားလုံးတွေတောင်ပျောက်ရှကုန်တယ်
    တဲကလေးကို သဘောကျမိသေးတယ် :)

    သူသူ

    ReplyDelete
  12. ကျမငှက်လေ့လာရေးခရီးတွေထွက်တုန်းကကျမနဲ့ လုပ်ဖေါ်ကိုင်ဖက်နိုင်ငံခြားသားတစ်ယောက်ကညဘက်ဆိုကြယ်တွေကြည့်တယ်။ သူနဲ့ အတူကွင်းဆင်းတဲ့ရက်တွေမှာညတိုင်းလိုလိုကြယ်တွေကြည့်ခဲ့ဘူးတယ်။ တောထဲမှာစခန်းချကြရတာများတော့အမြဲကြည့်လို့ ကောင်းခဲ့တယ်လေ။
    လူသိများတဲ့ကြယ်တွေကိုသူကစပြီးပြခဲ့တယ်။ ကျမလည်းကြားဖူးနေကြနံမည်တွေကိုအဲတော့မှဘဲမှန်ဘီလူးကနေ တဆင့် မြင်ဘူးခဲ့တော့တယ်။( သောကြာကြယ်တို့ ဓူဝံကြယ်တို့ မောင်ရင်ဆိုင်းတန်းတို့ အော်ရီယွန်တို့ ဗီးနပ်စ်တို့  ..မှတ်မိတော့ပါဘူး)။ ဒီနေ့ ထိမျက်လုံးထဲစွဲနေတာက Saturn ring လို့ ထင်တာဘဲ။ ဘာ ring လဲမသိတော့ဘူး။ သူပြတဲ့အထဲမှာ မျက်လုံးထဲစွဲနေခဲ့တာ။ (မလေးဆိုရင်တော့သိမှာဘဲ။) ကြယ်တခုကိုမှန်ဘီလူးနဲ့ သေချာကြည့်ရင်သူ့ ပါတ်လည်မှာ orbit ring လိုမျိုး ကွင်းလေး ပတ်နေတာမြင်ရတယ်။ ကျမလေသိပ်သဘောကျလို့ ညတိုင်းအဲဒါကိုဘဲထပ်ခါထပ်ခါကြည့်မိတယ်။ တချို့ ကြယ်စုတွေကိုတော့ ကျမသူငယ်ချင်း အမေရိကန်မလေး ကြယ်တွေကြွေတာသွားကြည့်ကြတဲ့ညကပြလို့ တွေ့ ခဲ့ဘူးတယ်။ တော်တော်စိတ်ဝင်စားစရာကောင်းတာဘဲ။ ကိုညီလင်းသစ် ပို့ စ်ကြောင့်ကျမလည်းကြယ်တွေကိုစောင့်ကြည့်ချင်စိတ်တွေပြန်ပေါ်လာပြီ။ စိတ်ဝင်စားစရာပို့ စ်လေးအတွက်ကျေးဇူးပါ။
    အိုင်အိုရာ

    ReplyDelete
  13. ဗဟုသုတတွေအတွက် ကျေးဇူးပါ မောင်ညီလင်းရေ.. မွန်ဂိုတဲလေးကိုလဲ သဘောကျတယ်..
    နဂါးငွေ့တန်းဆိုတာ ဒီအသက်အရွယ်ရောက်မှ သိတော့တယ်...
    ကောင်းကင်ပြင်မှာ ကြယ်တွေဖွေးနေရင်တောင် ကြည့်လို့မ၀တာ... ဒီပို့စ်လေးကို ဖတ်ပြီးတဲ့နောက်... 'တို့များလဲအားကျပါရဲ့' လို့ပဲဆိုရတော့မှာပဲ :))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. ညီ...
    ကြယ်တွေ ကြွေသွားသည့်တိုင်... ပေါ့၊ ဟုတ်လား...?း) (အလဲ့.. ဒီတစ်ခါတော့ ကွန်မန့်က ထူးထူးခြားခြား ရှည်လို့ပါလား)းD

    အမည်ဝှက်စာဖတ်သူ...
    ကျေးဇူး တင်ပါတယ်ဗျာ...၊

    cool emerald...
    အခုလို လာအားပေးတဲ့အတွက်လည်း ကျေးဇူး အများကြီး တင်ပါတယ်ဗျာ...၊

    အမည်ဝှက်စာဖတ်သူ (၂)...
    အေးဗျာ.. ခုတလော ပို့စ်တင်တာ သိပ်များစိပ်နေလား မသိဘူးနော်၊ အရင်လို ခပ်ခွာခွာလေး လုပ်မှနဲ့ တူတယ်၊းD Milky way တို့၊ ကြယ်မိုးတို့ကတော့ မြင်ဖို့ အမြဲတမ်း မလွယ်ပါဘူးဗျာ၊ ကောင်းကင်က ကြည်ဦးမှ၊ အလင်းရောင်တွေလည်း မရှိဦးမှ..၊

    Nyi Ma Lay Nyo...
    Thanks for your appreciation sis!

    ညီမမိုး...
    ဇန်နဝါရီ၊ ဖေဖော်ဝါရီ လတွေမှာ မင်္ဂလာဒုံလို နေရာမျိုးမှာ ကြည့်ရင် မြင်ကောင်း၊ မြင်ရမယ် ထင်တယ်နော်၊ ရန်ကုန်မှာက အလင်းရောင်တွေကို ရှောင်ဖို့ ပြဿနာ မရှိနိုင် ပေမယ့် တိမ်ကင်းစင်တဲ့ ကောင်းကင်ကို ရဖို့တော့ အတော်စိတ်ရှည်ရမယ် ထင်တယ်၊ အင်း.. မုန့်ကျွေးရမယ့်သူ စာရင်းထဲမှာ ညီမကိုလည်း တို့ထားလိုက်ပြီ...၊း)

    ညီမတင်သိန်းအေး...
    ကျေးဇူးတင်ပါတယ် ညီမရေ..၊ ပြောရရင် ဆေးလက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးလေး သောက်ပြီး ကြည့်ရင် ပိုတောင် ကောင်းဦးမယ် ထင်တယ်နော်..၊းP

    ညီမလေးဇွန်...
    အဲ.. ဂစ်တာတော့ သယ်မသွားနိုင်တော့ဘူးဗျာ၊ အခုတောင်မှ လူက ဝန်တင်လားနဲ့ တော်တော့်ကို တူနေခဲ့တာ...၊ ပြီးတော့ တစ်နေကုန် လမ်းလျှောက်ထားလို့ ပင်ပန်းပြီး အိပ်နေတဲ့ လူတွေက သီချင်းရှင်ကို ဝိုင်းပြီး ကြင်နာလိုက်မှဖြင့်....၊း))

    မမေ...
    ပျောက်နေတာ ကြာပြီနော်..၊ နေကောင်းလား? ချစ်စရာ ကွန်မန့် ကဗျာလေး အတွက်လည်း ကျေးဇူး...၊း)

    ကိုဖုန်း...
    Thanks bro!

    ညီမစန်းထွန်း...
    အခွင့် ကြုံခဲ့ရင် ထွက်ကြည့်ဖို့ မမေ့နဲ့နော်၊ Planets app လေးက မိုက်တယ်ဗျ၊ ညီမ သဘောကျဖို့ များပါတယ်...၊း)

    ညီမသူသူ...
    ဟုတ်တယ် ညီမရေ၊ အေးလည်း အေးတယ်၊ ချမ်းလည်းချမ်းတယ်၊ ညီမသာ ဆိုရင်တော့ အဲဒီနေရာမှာ အင်မတန် ထိရှတဲ့ ဝတ္ထုတိုတစ်ပုဒ် ထွက်ကျလာမှာ သေချာတယ်...၊း)

    မအိုင်အိုရာ...
    ခါးပတ်ပါတဲ့ ဂြိုဟ်က စနေဂြိုဟ်ဖြစ်ဖို့ များပါတယ်၊ သူက ခါးပတ်တဝင့်ဝင့်နဲ့ အများအလည်မှာ ထင်ရှားနေလေ့ ရှိတာကိုး၊း) အခု ကွန်မန့်မှာ ပြောသွားတဲ့ အကြောင်းတွေက စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ ပို့စ်တစ်ပုဒ်လောက် မရေးချင်ဘူးလား?း)

    တီတင့်...
    ဟုတ်.. ကျနော်လည်း ဒီအသက် ဒီအရွယ် ရောက်မှပဲ တွေ့ဖူးတာပါ တီတင့်ရာ၊ အတူတူပါပဲ၊း) ကျနော်တို့ ကြီးပြင်းရတဲ့ ဘဝတွေမှာ အဲဒီလိုတွေ ကြည့်ဖို့ အခွင့်အရေး မရခဲ့ကြတာ များတယ် မဟုတ်လား...၊ လာအားပေးတာ ကျေးဇူးပါနော်...။

    ReplyDelete
  15. ခရစ္စတလ်August 25, 2013 at 11:05 AM

    လပ္ပတ္တာနဲ့ မြောင်းမြကြား တောင်ပေါ်ရွာလေးမှာ ကြယ်တွေရဲ့ အလှကို ခံစားခဲ့ဖူးတာ သတိရသွားတယ်။ ပုံတွေ သိပ်လှတယ်။ မျှဝေတဲ့အတွက်ကျေးဇူး။

    ReplyDelete
  16. အရင်က တခါမှ မမြင်ဖူးဘူး..

    ReplyDelete
  17. I wish I could be there watching the stars!! Nice pictures and writing as usual. Just catching up with your blog.

    ReplyDelete
  18. အခု မှ သေသေချာချာ တစ်ခေါက်ပြန်ကြည့်တော့ shooting star ပါတဲ့ third photo မှာ upper left နားမှာ Andromeda Galaxy ကိုမြင်နေရတယ်ဗျ။

    ReplyDelete
  19. ကိုရန်နိုင်အေး...
    အဲဒါ Andromeda လား? ကျနော်က ရိုက်သာ ရိုက်ခဲ့တာ... တခါမှ သတိမထားမိဘူးဗျ၊ အခုလို ပြောပြပေးတာ ကျေးဇူးပါဗျာ...။

    ReplyDelete
  20. ဟုတ်တယ်ဗျ။ ကျွန်တော် လည်း ထင်တာနဲ့ Stellarium software နဲ့ location Zurich နဲ့ အချိန်ကို 2013 Aug ပြောင်းပြီး ပြန်တိုက်စစ် ကြည့်တော့ ထင်တဲ့အတိုင်း Andromeda ဖြစ်နေတယ်။ အဲဒီပုံက အရှေ့ဖက်လှည့်ပြီး မြောက်ဖက်ခပ်စောင်းစောင်း ရိုက်ထားတာ ဖြစ်မယ်။ Galaxy ကတောင်ဖက်မှာ ပိုထင်းတယ်လေ။ ကျွန်တော်လည်း အတွေ့အကြုံတွေ၊ ပုံတွေကို ဖတ်ရ၊ ကြည့်ရလို့ ကိုညီလင်းသစ်ကို ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete