08 September 2013

ဒုတိယဆုံမှတ်၏ ပွင့်ဖူးစ နေ့ရက်များအကြောင်း


အမှန်က
မနေနိုင်မထိုင်နိုင် ထ, ရပ်မိတဲ့
ငါ့ ကိစ္စပါ…၊
တသက်လုံး ငြိမ်ငြိမ်ဆိမ်ဆိမ် ထိုင်လာခဲ့သမျှ
အခုမှ ကျိုးမှန်း သိခဲ့ရ...၊

မိုးကောင်းကင်မှာ လေယာဉ်ပျံတွေကို မြင်တိုင်း
ဥယျာဉ်ကျွန်းပေါ်က ဒေလီယာ ပန်းကလေးတွေကို
သတိရတယ်၊
အဆုပ်လိုက်အခဲလိုက်နဲ့ ခေါင်းပေါ်မှာ ခဏရပ်တန့်၊
ရွာတော့မလိုလို ဟန်ပြင်ပြီးမှ
အဝေးကို ရယ်မောထွက်ခွာသွားတဲ့
တိမ်တိုက်တွေကို သူတို့ ငေးနေရှာ ရော့မယ်၊
တချို့က ဖူး၊ တချို့က ပွင့်၊
တချို့က ခပ်ဖွေးဖွေး နေရောင်ခြည်အောက်၊
တချို့က ခပ်ဖွဲဖွဲ မိုးစက်တွေအောက်…၊

အဲဒီဥယျာဉ် ရှိရာဆီပေါ့...၊
အလွမ်းတွေကို တစ်ပင်ပြီးတစ်ပင် ဆင့်လို့
ကိုင်းကူးကိုင်းဆက်နဲ့
ငါ စိုက်ပျိုးနေခဲ့မိတာ၊
ဒေလီယာ ပန်းကလေးတွေရဲ့ ဂီတမှာ
မှော်ဝင်နေတဲ့ ကချေသည် တစ်ယောက်လို
ငါ ယစ်မူး မျောပါသွားချင် ပါရဲ့ကွယ်...၊

တည်ဆောက်ဖို့ အားမထုတ်သလို
ဖြိုဖျက်ဖို့လည်း မကြိုးစားခဲ့ဘူး၊
မရိတ်သိမ်းချင်တဲ့ အရာတွေအတွက်
မစိုက်ပျိုးမိအောင် နေတယ်၊
ငါး မမိခဲ့တဲ့ နေ့ရက်များစွာမှာ
ပြုံးရယ်စွာနဲ့ အိမ်ပြန်လာနိုင်အောင် ကြိုးစားရင်း
စိတ်ရှည်ခြင်းကိုလည်း သင်ယူတတ်ခဲ့ပြီ၊
အချိန်ဆိုတာက သူ့ရာသီကျမှ
တလွင့်လွင့်၊ တသုန်သုန် တိုက်လာတတ်တဲ့
မြောက်ပြန် လေညှင်းလေးပဲ မဟုတ်လား...၊

ပုံပြင်ထဲက လူငယ်လေးလိုတော့
ပုလွေလေး တစ်ချောင်းနဲ့
ကြွက်အပေါင်းကို မခေါ်နိုင်ခဲ့ပါဘူး၊
ဒါပေမယ့် ငါ့လက်ထဲက
လောကဓာတ် ကြွက်ကလေးရဲ့ ခေါင်းအညိတ်မှာ
ဟောဒီ ဘဒ္ဒကမ္ဘာလည်း မြေကြောရှုံ့ ခဲ့ရပြီ…၊

ဒေလီယာပန်းကလေးတို့ရေ...
အနီရောင်အစက်ကလေး မှာ
ငါ့ကို စောင့်နေပါ၊
တပေါင်းလရဲ့ ရော်ရွက်ဝါတွေနဲ့အတူ
ငါ ပြန်လာခဲ့မယ်...။


ခက်ဆစ်။ ။
အနီရောင်အစက်ကလေး = ထင်ရှားကျော်ကြားသော်လည်း အရွယ်အစားမှာ သေးလွန်းသောကြောင့် ကမ္ဘာ့မြေပုံပေါ်တွင် အနီရောင် အစက်ကလေးအဖြစ်သာ မြင်ရတတ်သည့် အရှေ့တောင်အာရှမှ နေရာတစ်ခု...။


ညီလင်းသစ်
၈ စက်တင်ဘာ၊ ၂၀၁၃

27 comments:

  1. ဒီတစ်ခါ... အစောကြီးကို ကြိုပြီး ကြော်ငြာနေပါလား? :P

    ReplyDelete
  2. Are u going home? Sweet!
    Blue Cloud(Manawland)
    :)

    ReplyDelete
  3. Welcome again.
    I am happy eventhough I got only few hours.

    Nyi

    ReplyDelete
  4. Welcome again.
    I am happy even though I got only few hours....

    (ဟင်း ဟင်း... ညီ့ ဆီက ကူးချလိုက်တယ်နော်... ပေါ်တင်ပဲ...)

    ReplyDelete
  5. :) :) :)
    သားသား ပါလာမှာလား အစ်ကို ?

    ReplyDelete
  6. "တည်ဆောက်ဖို့ အားမထုတ်သလို
    ဖြိုဖျက်ဖို့လည်း မကြိုးစားခဲ့ဘူး၊
    မရိတ်သိမ်းချင်တဲ့ အရာတွေအတွက်
    မစိုက်ပျိုးမိအောင် နေတယ်၊",,,,

    "လောကဓာတ် ကြွက်ကလေးရဲ့ ခေါင်းအညိတ်မှာ
    ဟောဒီ ဘဒ္ဒကမ္ဘာလည်း မြေကြောရှုံ့ ခဲ့ရပြီ…၊"

    "ဒေလီယာပန်းကလေးတို့ရေ...
    အနီရောင်အစက်ကလေး မှာ
    ငါ့ကို စောင့်နေပါ၊"

    အလွန်နှစ်သက်စရာကောင်းတဲ့ဖွဲ့ ဆိုမှုပါဘဲ။

    ဒီကွန်မန့် လေးကိုလည်း လောကဓါတ်ကြွက်ကလေးအကူနဲ့ ပို့ လိုက်ပါတယ်။ လေကြောရှုံ့ တယ်ခေါ်မလားဘဲ။
    ဘာရယ်မဟုတ် ဟိုးငယ်ငယ်လေးတုန်းကဖတ်ဖူးတဲ့ဝတ္ထုခေါင်းစဉ်လေးကိုသတိရမိတယ်။ "မရိပါနဲ့ ကြွေသွားမယ်" တဲ့...
    ဒေလီယာပန်းကလေးများနှင့်အတူရောယောင်ခံစားအားပေးသွားပါတယ်။း)
    အိုင်အိုရာ
    အနီစက်ခပ်ကြီးကြီးတနေရား)

    ReplyDelete
  7. အစောကြီးရင်ခုန်နေပါဒယ်
    ဒန် ဒန် ဒန်

    တူတူ ;)

    ReplyDelete
  8. ရန်ကုန်ရောက်ရင်တွေ့ချင်သေးတယ်အစ်ကိုတို့မိသားစုကို...း)

    ReplyDelete
  9. ကြိုဆိုပါတယ်ညီလင်း၊ မရိတ်သိမ်းချင်တဲ့အရာတွေအတွက် မစိုက်ပျိုး မိအောင်နေတယ်။ ငြိမ်းနှစ်သက်တဲ့ မက်ဆေ့ခ်ျ လေးပါ။

    ReplyDelete
  10. ဟန်ကြည်September 9, 2013 at 8:36 AM

    ဖြည်းဖြည်းဆေးဆေး အရသာခံပြီး ဖတ်သွားတယ်...ဖတ်ရင်းတွေးရင်း အတော်အရသာရှိတာ အမှတ်ထင်ထင်ပါပဲ...ကျေးဇူး ကိုညီလင်းသစ်

    ReplyDelete
  11. မနာလိုချင်စရာပါပဲလား အကို.... :P ဒုတိယ အကြိမ်ဆို အမှတ်ရစရာတွေက ပထမအကြိမ်ထက် ပိုနေမယ်ထင်တယ်... ။ အကိုရဲ့ အက်ဆေးလေးတွေကနေ စောင့်မျှော်ရတော့မှာပေါ့နော်အကို..:)

    ReplyDelete
  12. အစောကြီးရင်ခုန်နေတယ်ဆိုတာ အကို့ကို စတာနော်
    သမီး ရင်ခုန်တာ အဟုတ်ပူး
    တော်ကြာ သာမီးကို ချင်ကာပူက မှတ်နေဦးမယ် :D :D

    ReplyDelete
  13. ညီမလေးဇွန်...
    အင်း.. နောင်လည်း ကြေညာရမယ့် အတူတူ အခုကတည်းက တစ်ခါထဲပဲ ကြေညာ လိုက်တော့တယ်...၊း)

    မသန္တာ...
    Thank you sis...!

    မနောမြေကတိမ်ပြာ...
    အဲ.. မဟုတ်ဘူးဗျ၊ အိမ်နဲ့ သိပ်မဝေးတော့တဲ့ ခရီးလို့တော့ ပြောရမလားပဲ...၊း)

    Nyi...
    Thanks bro! Yeah.. it was extremely tight. :)

    အစ်မသက်ဝေ...
    Thanks sis! Yeah... it was extremely tight. :)

    (ဟင်း..ဟင်း.. ညီ့လိုပဲ ပြန်ဖြေလိုက်တယ်နော်... ပေါ်တင်ပဲ)

    ညီမလေးညို...
    မပါဘူး ညီမရဲ့...၊ သူက ကျောင်းမပိတ်ဘူးဗျ..၊း)

    အနီစက်ခပ်ကြီးကြီးတစ်နေရာက မအိုင်အိုရာ...
    အဲဒီက ကြွက်ကလေးကလည်း ခေါင်းညိတ်တယ်လား၊ ဝတ္ထုခေါင်းစဉ်လေးကိုတော့ ရေရေလည်လည် ကြိုက်သွားပြီဗျ၊း)

    တူတူ...
    ရော်.. ဒီကလေးနှယ်.. နောက်ပြန်ပြီကော...၊းD

    ညီမမိုး...
    ဟုတ်... နီးလာတဲ့အခါ ကျနော် ဆက်သွယ်လိုက်ပါ့မယ် ညီမရေ...၊

    ငြိမ်း...
    ကျေးဇူး တင်ပါတယ်ဗျာ...၊

    ဆရာဟန်...
    ကျေးဇူး တင်ပါတယ်ခင်ဗျ...၊

    ညီမအိန်ဂျယ်...
    မနာလိုမဖြစ်နဲ့ဗျ..၊ လေယာဉ်လက်မှတ်က လျှော့ဈေးတွေ ချနေတာ.. လာ.. လာ လိုက်ခဲ့...၊း)

    ညီမသူသူ...
    အံမယ်.. အံမယ်.. ဖြေရှင်းချက် လာပေးတယ်ပေါ့လေ၊း) ဒီအရေးအသားကို ကြည့်ကတည်းက ဒီညီမမှန်း သိပါတယ်ဗျာ၊ အိုင်ပီတောင် စစ်နေစရာ မလိုပါဘူး။းD

    ReplyDelete
  14. ညီ, လေးသနားပါတယ် မြေဇာပင်ဖြစ်နေပြီ

    ညီ

    ReplyDelete
  15. ရော်ရွက်တို့ မြေခချိန်မှာ အဲဒီအနီရောင်အစက်ကလေး
    အပေါ်မှာ တစ်ချိန်က ကသောင်းကနင်းနဲ့အမှားမှား
    အယွင်းယွင်းတွေနဲ့ ဧည့်ဝတ်ကြေချင်လျက် မကြေဖြစ်
    ခဲ့တဲ့ သိုးမဲလေးတစ်ကောင်တော့ နောက် ဧည့်ဝတ်ကြွေး
    ကို ကျေအောင်ဆပ်ခွင့်မရှိတော့ဘူးအကိုရ.... :(

    ReplyDelete
  16. အားကျပါ့..ညီမကတော့ အနီရောင်အစက်ကလေးဆီ မပြန်နိုင်တာ ၃ နှစ် ရှိပြီ...

    ReplyDelete
  17. အို ဒုတ်ခတော.တွေ.တော.မှာဘဲ။
    သူမို.ပြန်ပြီဆိုရင် ချဉ်ပေါင်ကြော်ပန်းကန် အနီးကပ်ပုံတို.၊ မုန်.ဟင်းခါးပန်းကန်ပုံတို. ....လာတော.မှာကြိုမြင်ယောင်သေး။
    မည်သို.ပင်ဆိုစေကာမူ အကျွနုပ်တို.လဲ ဒီဇင်ဘာ ပြန်မည်ဆိုတော. ဒီတခါတော. ခံနိုင်ရည်ရှိမှာပါ ဌဲဌဲ..

    ReplyDelete
  18. ကြိုက်တယ် ဒီအသုံးအနှုန်းလေး ဘာတဲ့

    "တပေါင်းလရဲ့ ရော်ရွက်ဝါတွေနဲ့အတူ
    ငါ ပြန်လာခဲ့မယ်...။"


    ReplyDelete
  19. I want to visit again too. I had a dream the other day, I was late to go to airport for Singapore trip. Enjoy the trip!

    ReplyDelete
  20. မရိတ်သိမ်းချင်တဲ့ အရာတွေအတွက်
    မစိုက်ပျိုးမိအောင် နေတယ်၊

    Like Like..

    ReplyDelete
  21. welcome again bro..
    :D

    ReplyDelete
  22. ပြည်တော်ပြန် ... :)

    ReplyDelete
  23. ဒီတစ်ခေါက်တော့ ဆုံခွင့်ရမယ်ထင်ပါရဲ့ မောင်ညီလင်းရေ..
    အခုတော့ရေးခွင့် ဖတ်ခွင့်တွေနဲ့ အလှမ်းဝေးတဲ့ အဝေးတစ်နေရာကို ရောက်နေတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  24. “ တည်ဆောက်ဖို့ အားမထုတ်သလို
    ဖြိုဖျက်ဖို့လည်း မကြိုးစားခဲ့ဘူး၊
    မရိတ်သိမ်းချင်တဲ့ အရာတွေအတွက်
    မစိုက်ပျိုးမိအောင် နေတယ်၊
    ငါး မမိခဲ့တဲ့ နေ့ရက်များစွာမှာ
    ပြုံးရယ်စွာနဲ့ အိမ်ပြန်လာနိုင်အောင် ကြိုးစားရင်း
    စိတ်ရှည်ခြင်းကိုလည်း သင်ယူတတ်ခဲ့ပြီ၊
    အချိန်ဆိုတာက သူ့ရာသီကျမှ
    တလွင့်လွင့်၊ တသုန်သုန် တိုက်လာတတ်တဲ့
    မြောက်ပြန် လေညှင်းလေးပဲ မဟုတ်လား...”

    ကိုညီက ကဗျာရေးလဲ ကောင်းတယ်ဆိုတာ အခုတော့သိပြီ... :)

    ReplyDelete