24 September 2013

ယူရီးယား (သို့မဟုတ်) ရင်းနှီးနေသောသူစိမ်း


ဟိုတလောဆီက မီဒီယာသတင်းတွေမှာ ဖတ်ရတဲ့ ငါးပိရည်ကျိုထဲက ယူရီးယား ဓါတ်မြေသြဇာ အကြောင်းက လူထုအကြားမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေပါတယ်၊ ငါးပိရည်ဆိုတာက မြန်မာလူမျိုး အများစုရဲ့ ထမင်းပွဲမှာ မပါမဖြစ် ဖြစ်တဲ့အပြင် ဆင်းရဲချမ်းသာမရွေး စားကြတာ ဖြစ်လေတော့ ဒီသတင်းဟာ လူတန်းစား အလွှာအသီးသီးအပေါ်မှာ ရိုက်ခတ်မှု ရှိခဲ့တယ်၊ လူပြောများနေတဲ့ ယူရီးယားအကြောင်းကို အရင်ကတည်းက တစွန်းတစကြားဖူးထား သူတွေ ရှိသလို အခုလို အစားအသောက်ထဲ ပါလာမှ ဘာလဲဆိုတာ စူးစမ်းလေ့လာ ချင်သူတွေလည်း ရှိမှာပါ၊ ထမင်းပွဲထဲမှာ အခုလို မအပ်မရာ ပါလာတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတစ်ခုအကြောင်း ကျနော်တို့ နည်းနည်းလောက် အနီးကပ် လေ့လာကြည့်ရ အောင်ပါ...၊




ယူရီးယားဆိုတာ ဘာလဲ

ယူရီးယား (Urea) ဆိုတာက နိုက်ထရိုဂျင် မော်လီကျူးတွေပါတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းပါ၊ သူက ကျနော်တို့နဲ့ မစိမ်းပါဘူး၊ ကျနော်တို့က မသိရင်သာ နေမယ်၊ ယူရီးယားကတော့ ကျနော်တို့ရဲ့ နိစ္စဓူဝ ရှင်သန်မှုမှာ ပါနေပြီးသား...၊ တကယ်တော့ ယူရီးယားဆိုတာ ခန္ဓာကိုယ်က အမြဲစွန့်ထုတ်နေတဲ့ အရာတစ်ခုပါ၊ ကျနော်တို့စားလိုက်တဲ့ အစာတွေမှာပါတဲ့ ပရိုတိန်းဓာတ်နဲ့ အမိုင်နိုအက်ဆစ်ကို အသည်းက ခြေဖျက်ပါတယ်၊ အဲဒီအခါမှာ ယူရီးယားထွက်လာပြီးတော့ သွေးကြောတွေထဲကို ရောက်သွားတယ်၊ သွေးထဲက အဲဒီယူရီးယားကိုမှ ကျောက်ကပ်က တစ်ခါ ပြန်စစ်ယူပြီး ဆီးထဲကနေ စွန့်ထုတ်လိုက်ပါတယ်၊ ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ နိုက်ထရိုဂျင် မော်လီကျူးတွေ ရှိရင်လည်း အဲဒီယူရီးယားထဲမှာ ပျော်ဝင်ပြီး အခုလိုပဲ ဆီးထဲကနေ ပါသွားလေ့ ရှိပါတယ်၊ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ရဲ့ ဆီးထဲမှာ တစ်နေ့ကို ယူရီးယား ၂၀ ကနေ ၃၀ ဂရမ်အထိ ပါလေ့ရှိတယ်၊ ချွေးထွက်တဲ့ အခါမှာလည်း ယူရီးယား အနည်းငယ် ပါ,ပါတယ်၊

အဲဒီလို ဆီးထဲမှာ ယူရီးယားပါတယ် ဆိုတာကို ၁၇၂၇ ခုနှစ်ကတည်းက Herman Boerhaave ဆိုတဲ့ ဒတ်ခ်ျလူမျိုး သိပ္ပံပညာရှင်က တွေ့ရှိထားခဲ့တယ်၊ တချို့ကလည်း Hilaire Rouelle ဆိုတဲ့ ပြင်သစ်ဓါတုဗေဒ ပညာရှင်က ၁၇၇၃ မှာတွေ့တယ်လို့ ဆိုတယ်၊ ဒါပေမယ့် သူတို့တွေက တွေ့ရှိတဲ့ အဆင့်မှာပဲ ရှိနေတုန်းပဲ၊ ကျနော်တို့ ဒီနေ့သုံးနေတဲ့ ယူရီးယား ဆိုတာကို အစောဆုံး ဓာတ်ပြု၊ ထုတ်လုပ်နိုင်ခဲ့ သူကတော့ Friedrich Wöhler ဆိုတဲ့ ဂျာမန် ဓာတုဗေဒ ပညာရှင်ပါ၊ ၁၈၂၈ မှာ ထုတ်နိုင်ခဲ့ပြီ၊ ခေတ်ပြိုင်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ဆီမှာ ကုန်းဘောင်နန်းဆက်က ဘကြိးတော် စစ်ကိုင်းမင်း နန်းတက်နေချိန်ပေါ့၊ ယူရီးယားကို ကာဘာမိုက် (Carbamide) လို့လည်း ခေါ်ကြပါသေးတယ်...၊

ယူရီးယားကို ဘာအတွက်သုံးလဲ

ယူရီးယားကို အသုံးအများဆုံးကတော့ ကျနော်တို့အားလုံး သိကြတဲ့အတိုင်း ဓာတ်မြေသြဇာ အနေနဲ့ပါ၊ ကမ္ဘာပေါ်မှာ ထုတ်လုပ်သမျှရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဓာတ်မြေသြဇာ အတွက်ပါ၊ ဒါ့အပြင် ကျွဲတွေ၊ နွားတွေရဲ့ အစာမှာလည်း ထည့်လေ့ရှိပါတယ်၊ ယူရီးယားထဲမှာ နိုက်ထရိုဂျင် ပါဝင်တဲ့အတွက် တိရိစ္ဆာန်တွေရဲ့ ကြီးထွားမှုကို အထောက်အကူ ပြုတယ်၊ ပြီးတော့ အလားတူ နိုက်ထရိုဂျင်ပါတဲ့ အခြားအစာတွေနဲ့ ယှဉ်ရင် သူက ဈေးလည်းသက်သာလို့ အသုံးများကြတယ်၊ ဓာတ်မြေသြဇာတို့၊ ကျွဲနွားတို့လို့ ဆိုလိုက်တော့ မြို့ပြက လူတွေနဲ့ မဆိုင်ဘူးလို့တော့ မတွေးလိုက် ပါနဲ့၊ ကျနော်တို့ ပတ်ဝန်းကျင်မှာ ယူရီးယားပါတဲ့ ပစ္စည်းတွေ တကယ်ကို အများကြီး ရှိပါတယ်၊ တချို့ပလပ်စတစ်တွေ ထုတ်လုပ်မှုမှာ ယူရီးယားပါတယ်၊ ဆံပင်ကို သန်မာအောင်သုံးတဲ့ hair conditioner ဆေးရည်တွေမှာ ယူရီးယားပါတယ်၊ သွားတွေဖြူအောင် သုံးတဲ့ ဆေးတွေမှာ ယူရီးယားပါတယ်၊ မျက်နှာပေါင်းတင်ဆေး၊ အရေပြား မခြောက်အောင် သုံးတဲ့ ခရင်မ်တွေမှာ ယူရီးယားပါတယ်၊ ယူရီးယားက အရေပြားဆဲလ်တွေကို ပွင့်သွားစေတဲ့အတွက် လေထဲက စိုထိုင်းဆ (moisture) ကို ဆဲလ်တွေက စုပ်ယူနိုင်လို့ အသားအရေကို စိုပြေစေတယ်၊ တချို့စီးကရက်တွေမှာ ရနံ့ကို ထိန်းချုပ်ဖို့ ယူရီးယားပါတယ်၊ ချွင်းဂန်းတွေမှာ ယူရီးယားပါတယ်၊ အိမ်သုံးဆပ်ပြာ၊ ပန်းကန်ဆေး ဆပ်ပြာတွေမှာ ယူရီးယား ပါတယ်၊ ဒါတင်မကသေးဘဲ ကိတ်မုန့်၊ ပေါင်မုန့်ဖုတ်တဲ့အခါ ဂျုံအရည်အသွေး ပိုကောင်းအောင်၊ ပိုလှအောင် ထည့်ကြတဲ့ food additive တချို့မှာလည်း ယူရီးယား ပါ,ပါတယ်၊ ကိတ်မုန့်ဝယ်တဲ့ အခါ ဘူးခွံပေါ်၊ ဒါမှမဟုတ် ပလပ်စတစ်အိတ်ပေါ်မှာ ဖော်ပြလေ့ရှိတဲ့ ingredients list (ပါဝင်ပစ္စည်း စာရင်း)ကို ကြည့်,ကြည့်ပါ၊ E927b လို့ တွေ့ရင် အဲဒါဟာ ယူရီးယားပါတဲ့ food additive ပါပဲ၊

အခုလို ယူရီးယားပါတဲ့ ပစ္စည်းတွေ၊ အသုံးအဆောင်တွေ အများကြီးရှိကြောင်း ထည့်ပြောရတာက ယူရီးယားဆိုတာ မနေ့တနေ့ကမှ ထ,ပေါ်လာတဲ့၊ ကျနော်တို့ တစ်ခါမှ မသိဖူးတဲ့ ပစ္စည်းတစ်ခု မဟုတ်ဘူးဆိုတာ သိစေချင်လို့ပါ၊ ပြီးတော့ ကျနော်တို့စားတဲ့ အစားအသောက်တချို့မှာ တခါတလေလည်း ပါလာတတ်တယ် ဆိုတာကို သတိပြုမိစေချင်တာလည်း ပါ,ပါတယ်၊ ကောင်းပြီ...၊ နိုင်ငံတကာမှာ ထုတ်လုပ်နေကြတဲ့ ပစ္စည်းတွေ၊ ခရင်မ်တွေ၊ အစားအစာတွေမှာ ယူရီးယား ပါတယ် ဆိုပေမယ့် သူတို့က စံချိန်၊ စံညွှန်းတွေအတိုင်း အတိအကျထည့်သလို ပါရင်လည်း ပါတယ်ဆိုတဲ့ အကြောင်း ဖော်ပြလေ့ရှိတယ်၊ ဒါဆို ကျနော်တို့ဆီက ငါးပိတွေမှာကော...?

ရေကျိုငါးပိထဲမှာ ယူရီးယားပါတာ ဘယ်လိုသိနိုင်မလဲ

သာမန် မျက်လုံးနဲ့ ကြည့်ရုံ၊ အနံ့ခံ၊ အရသာ ခံကြည့်ရုံနဲ့တော့ ဘယ်လိုမှ မသိနိုင်ဘူးလို့ ဝမ်းနည်းစွာနဲ့ ပြောရမှာပါပဲ၊ ယူရီးယားဟာ နဂိုမူလကတည်းက အရောင်၊ အနံ့၊ အရသာ ထူးထူးခြားခြား မရှိသလို သူ့ရဲ့ water solubility (ရေမှာပျော်ဝင်နှုန်း) ကလည်း အရမ်းမြင့်ပါတယ်၊ အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်မှာ ရေ တစ်လီတာထဲကို ၁၀၈၀ ဂရမ်အထိ ပျော်ဝင်နိုင်တယ်၊ ဆိုတော့ ရေကျိုငါးပိ ကောင်တွေပေါ်ကို ရေဖျော်ထားတဲ့ ယူရီးယားတွေ ပက်ဖြန်းမယ်ဆိုရင် ယူရီးယားက ရေမှာလုံးဝ ပျော်ဝင်နေလို့ ဘာမှ မသိနိုင်ပါဘူး၊ ထို့အတူပဲ ယူရီးယားအမှုန့်တွေကို ငါးပိကောင်တွေနဲ့ ရောနယ်ပြီး သိပ်ထားမယ် ဆိုရင်လည်း ငါးပိကနေ အရည်ထွက်လာတာနဲ့ ယူရီးယားတွေက ပျော်ဝင်၊ ပျောက်ကွယ်သွားမှာ ဖြစ်လို့ မသိနိုင်တော့ ပါဘူး၊

အဲဒီလို အပြင်ပန်းအားဖြင့် သိဖို့ မလွယ်ကူတဲ့ အတွက်ကြောင့် ငါးပိထဲမှာ ယူရီးယား ပါ၊မပါ သိချင်ရင်တော့ ဓာတ်ခွဲကြည့်မှပဲ ရမှာပါ၊ ငါးပိထဲမှာ ရှိမယ်လို့ ယူဆရတဲ့ ယူရီးယားကို Methanol လို၊ Ethyl Acetate လို organic solvent တစ်မျိုးမျိုးသုံးပြီး extract လုပ်၊ ပြီးတော့မှ UPLC-MS/MS လို ဓာတ်ခွဲစက်မျိုးနဲ့ စစ်ဆေးကြည့်မှပဲ အတိအကျ သိနိုင်ပါလိမ့်မယ်၊

သတင်းတွေမှာ ကျနော်လိုက်ဖတ်မိ သလောက်တော့ ငါးပိတွေထဲမှာ ယူရီးယားပါတယ် လို့သာ ပြောနေကြပေမယ့် အဲဒီလို ပါကြောင်းကို ဓာတ်ခွဲခန်း အဖြေတွေနဲ့ သက်သေပြတာမျိုးတော့ မကြားမိပါဘူး၊ ကျနော်မဖတ်မိဘဲ ကျန်ခဲ့တာလည်း ဖြစ်ကောင်း၊ ဖြစ်နိုင်ပါတယ်၊ ယူရီးယားကို ဓာတ်ခွဲစစ်ဆေးဖို့က ဒီလောက်ကြီး မခက်လှပါဘူး၊ လိုအပ်တဲ့ စက်ကိရိယာတွေသာ ရှိမယ်ဆိုရင် တစ်ခါမှ မလုပ်ဖူးသည့်တိုင် ISO-European Standard Operating Procedure တို့လို၊ United States Environmental Protection Agency (US-EPA) တို့လို analytical method တွေ ရနိုင် ပါတယ်၊ ဓာတ်ခွဲစစ်ဆေးမှု မရှိတဲ့အခါ စုံစမ်းလို့ရတဲ့ သတင်းအချက်အလက်တွေက ခိုင်မာတယ် ဆိုဦးတော့ ဓာတ်ခွဲခန်း စစ်ဆေးချက်လိုမျိုး မငြင်းနိုင်၊ မကာနိုင် လောက်အောင်တော့ မထိရောက်ပါဘူး၊ အခုတော့ စားသုံးသူကာကွယ်ရေးအသင်းက ရေကျိုငါးပိတွေ ထဲမှာ ယူရီးယား ပါတယ်လို့ ပြောပေမယ့် တဖက်က လုပ်ငန်းရှင်တွေ ကလည်း မထည့်ပါဘူးလို့ ပြန်ငြင်းနေ ကြတယ်၊ အဲဒီအခါ ကြားထဲက ပြည်သူလူထုအတွက် ပိုပြီး နားရှုပ်စေတာ၊ ဖြစ်ရပ်မှန်ပေါ် ဝေဝါးပြီး၊ စိတ်ဝင်စားမှု လျော့ပါးသွားတာ ဖြစ်နိုင်ပါတယ်၊ ကဲပါလေ... ပစ္စည်းကိရိယာ မရှိလို့၊ နည်းပညာ ချို့တဲ့လို့ ဓာတ်ခွဲခန်းမှာ သက်သေမပြနိုင်တာ အသာထားလိုက်ပါ၊ အခု အဲဒီယူရီးယားပါတယ် ဆိုတဲ့ငါးပိတွေကို စားမိပြီ ဆိုပါစို့...၊ ဘာတွေ ဖြစ်လာမလဲ?

ယူရီးယားက အန္တရာယ်ရှိသလား

အစားအသောက်လည်း မဟုတ်၊ စားဖို့လုပ်ထားတာလည်း မဟုတ်တဲ့ အရာတစ်ခုက ဗိုက်ထဲကို မကြာခဏ ဝင်တယ်ဆိုရင်တော့ ယေဘုယျအားဖြင့် အန္တရာယ်ရှိတယ် လို့ပဲ သတ်မှတ်ရမှာပါ၊ ဒီနေရာမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ အဆင့်ကို ၂ ဆင့်ခွဲမြင်ဖို့ လိုပါတယ်၊ စားမိတာနဲ့ သိပ်မကြာခင်မှာပဲ ရောဂါလက္ခဏာတွေ မြင်ရတတ်တဲ့ Acute toxicity လို့ခေါ်တဲ့ လက်ငင်းအန္တရာယ်နဲ့ ကာလကြာမြင့်စွာ စားပြီးတဲ့အခါမှ ရောဂါလက္ခဏာ ဖြေးဖြေးချင်း ပြလာတတ်တဲ့ Chronic toxicity ဆိုတဲ့ ရေရှည်အန္တရာယ် တို့ပါပဲ၊ လူအများစုကို ဒုက္ခပေးလေ့ ရှိတာက chronic toxic ရေရှည်အဆိပ် ဖြစ်စေတဲ့ အစားအစာတွေပါ၊ သူက စားပြီးပြီးချင်း ကောက်ခါငင်ခါ အော့အန်တာ၊ ခေါင်းမူးတာစတဲ့ အဆိပ်အတောက် လက္ခဏာတွေ မပြတဲ့အတွက် အဆိပ်ဟာ ခန္ဓာကိုယ်ထဲ ရောက်လို့ရောက်မှန်း မသိဘဲ နှစ်ပေါင်းများစွာ စားနေမိတာမျိုး ဖြစ်တတ်ပါတယ်၊ အခု ယူရီးယားရဲ့ လက်ငင်းအန္တရာယ် (Acute) နဲ့ ရေရှည်အန္တရာယ် (Chronic) တို့ကို ကျနော်တို့ ကြည့်ရအောင်...၊

ဓာတုဒြပ်ပေါင်း တစ်ခုစီမှာ Material Safety Data Sheet (MSDS) လို့ခေါ်တဲ့ ဒေတာဖိုင်တွေ ရှိပါတယ်၊ သူ့ရဲ့နာမည် အပြည့်အစုံ၊ ထုတ်လုပ်ပုံ၊ ထိန်းသိမ်းထားသိုနည်း၊ လူနဲ့တိရိစ္ဆာန်၊ ပတ်ဝန်းကျင် စတာတွေအပေါ် အန္တရာယ် ရှိမရှိ... စတာတွေ ပါဝင်တဲ့ စာရွက်ပါ၊ ဓာတုဒြပ်ပေါင်းရဲ့ ကိုယ်ရေးရာဇဝင်လို့ ဆိုကြပါစို့၊ ယူရီးယားရဲ့ MSDS ဖိုင်တွေကို လေ့လာကြည့်တဲ့အခါ ကြွက်တွေအပေါ် Acute toxicity သက်ရောက်မှုဟာ 2000 mg/Kg ကနေ 14300 mg/Kg အထိ ရှိတယ်လို့ တွေ့ရပါတယ်၊ ဆိုလိုတာက ၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ကြွက်တစ်ကောင်ဟာ အနည်းဆုံး ၂၀၀၀ မီလီဂရမ် ကနေ အများဆုံး ၁၄၃၀၀ မီလီဂရမ် စားမိတဲ့အခါ အဆိပ်ဖြစ်စေတဲ့ သဘောပါ၊ တစ်ခါ ယူရီးယားရဲ့ ရေရှည်အန္တရာယ် Chronic toxicity ကို ဓာတ်ခွဲခန်း ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ချက်ကျတော့ 6750 mg/Kg/day လို့ တွေ့ရတယ်၊ ၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ကြွက်က တစ်နေ့ကို ၆၇၅၀ မီလီဂရမ်လောက် စားသွားမယ်ဆိုရင် ရေရှည်မှာ အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်၊

ယူရီးယားကို တိရိစ္ဆာန်နှင့်လူအပေါ် စမ်းသပ်ခြင်း

ယူရီးယားဟာ လူနဲ့ တိရိစ္ဆာန်တွေအပေါ် အန္တရာယ် ရှိသလားဆိုတာ သိနိုင်ဖို့ စမ်းသပ်မှုတွေ လုပ်ခဲ့ကြတာ ရှိပါတယ်၊ စမ်းသပ်မှုရဲ့ အများစုက ဓာတ်ခွဲခန်းသုံး ကြွက်တွေအပြင် မျောက်၊ ဝက်၊ ခွေး၊ နွား စတဲ့ အကောင်တွေအပေါ်မှာ စမ်းသပ်ထားတာ ဖြစ်ပါတယ်၊ လူနဲ့ ပတ်သက်လို့ကတော့ တိုက်ရိုက်ပြုလုပ်တဲ့ စမ်းသပ်မှု အနည်းငယ်ရှိသလို ယူရီးယားကို ဆေးအဖြစ် သုံးနေရသူတွေ၊ နေ့စဉ်စားသုံးမှုမှာ ယူရီးယား ပါနိုင်တဲ့ လူတွေအပေါ်မှာလည်း သုတေသန လုပ်ထားတာပါ၊

တိရိစ္ဆာန်များနှင့် စမ်းသပ်ခြင်း

တိရိစ္ဆာန်လေးတွေနဲ့ ပြုလုပ်ထားတဲ့ စမ်းသပ်မှုတွေ အများကြီးထဲကမှ စိတ်ဝင်စားစရာကောင်းတာ အချို့ကို ပြောပါ့မယ်၊ ၁၉၈၀ တုန်းက အမေရိကန် တက္ကသိုလ်တစ်ခုမှာ ကြွက်အကောင် ၁၀၀ စီ ပါတဲ့ အုပ်စု ၃ စုကို မတူညီတဲ့ ယူရီးယားပမာဏကျွေးပြီး စမ်းတယ်၊ ပထမအုပ်စုကို ခန္ဓာကိုယ် အလေးချိန် အလိုက် 674 mg/Kg၊ ဒုတိယအုပ်စုကို 1350 mg/Kg နဲ့ တတိယအုပ်စုကို 6750 mg/Kg နေ့စဉ်ကျွေးပြီး ၁ နှစ်တိတိ စောင့်ကြည့်၊စမ်းသပ် ခဲ့ကြတယ်၊ ရလဒ်က ကြွက်တွေ အားလုံးရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ထူးခြားတဲ့ ပြောင်းလဲမှု မတွေ့ခဲ့ရဘုး၊ ဒုတိယအုပ်စုမှာ ရှိတဲ့ ကြွက်မလေးတွေမှာ Lymphomas ဆိုတဲ့ သွေးကင်ဆာတစ်မျိုးကို ဖြစ်စေတဲ့ ဆဲလ်တချို့ ကြီးထွားနေတာ တွေ့ရပေမယ့် ဒါဟာ သူတို့ကိုကျွေးတဲ့ ယူရီးယားပမာဏနဲ့ တိုက်ရိုက် အချိုးမကျလို့ ယူရီးယားကြောင့်ပါလို့ တစ်ထစ်ချ မယူဆခဲ့ဘူး၊

သန္ဓေသားဖွံ့ဖြိုးမှု အပေါ် ယူရီးယားရဲ့ သက်ရောက်မှုကို သိရဖို့ စမ်းသပ်မှုတစ်ခုမှာတော့ 50 g/Kg ပမာဏရှိတဲ့ ယူရီးယားကို ၁၂ နာရီခြား ၂ ခါခွဲပြီး ကြွက်ကလေးတွေကို ၁၄ ရက် ကျွေးပါတယ်၊ အဲ့ဒီနောက် စမ်းသပ်ကြည့်တော့ သန္ဓေသားအပေါ် ဖွံ့ဖြိုးမှုအပေါ် ထားခြားတဲ့ သက်ရောက်မှု မတွေ့ရဘူးလို့ ဆိုတယ်၊ မွေးလာတဲ့ ကြွက်ကလေးတွေကို စစ်ဆေးကြည့်တော့ ကိုယ်အလေးချိန်က ပျမ်းမျှရှိသင့်တာထက် အနည်းငယ် လျော့နေပေမယ့် ခန္ဓာကိုယ် အရွယ်အစား ကတော့ နည်းနည်းပိုကြီးတယ်လို့ သိရပါတယ်၊

ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာ တက္ကသိုလ်က ၁၉၇၀ မှာ လုပ်ခဲ့တဲ့ စမ်းသပ်မှု တစ်ခုမှာတော့ ခန္ဓာကိုယ်က ယူရီးယားကို စုပ်ယူနိုင်မှုအပေါ် ဝက်ကလေးတွေနဲ့ စမ်းသပ်ခဲ့ပါတယ်၊ အမှတ်အသား လုပ်ထားတဲ့ ယူရီးယားကို ကျွေးပြီးတော့ စောင့်ကြည့်လေ့လာတဲ့အခါ ၄၈ နာရီအတွင်း ဆီးထဲမှာ ၅၂ ရာခိုင်နှုန်း ပြန်ထွက်လာခဲ့တယ်၊ နောက်ထပ် ၄၈ နာရီမှာတော့ ၁.၉ ရာခိုင်နှုန်း ထပ်ပါလာပြီး မစင်ထဲမှာတော့ ၁.၃ ရာခိုင်နှုန်းပဲ ပါ,ပါတယ်၊ အသည်း၊ ကြွက်သားနဲ့ သွေးထဲမှာတော့ ၁ ရာခိုင်နှုန်းထက် ပိုနည်းတဲ့ ယူရီးယားကိုပဲ တွေ့ရတယ်လို့ ဆိုတယ်၊ ဒီစမ်းသပ်မှုမှာ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့ ယူရီးယားရဲ့ ၆၀% ပဲ ပြန်ထွက်လာတာ တွေ့ရပြီးတော့ ယူရီးယားဟာ ကိုယ်ခန္ဓာရဲ့ ပရိုတိန်းတွေ ထဲမှာလည်း ပျော်ဝင်နိုင်တယ်လို့ ကောက်ချက်ချခဲ့ ကြပါတယ်၊ ဒါတွေက ဓာတ်ခွဲခန်းအဆင့် စမ်းသပ်မှုတွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ စမ်းသပ်မှုတချို့ ဖြစ်ပါတယ်...၊

လူနှင့် စမ်းသပ်ခြင်း

လူနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ယူရီးယားဆိုင်ရာ စမ်းသပ်မှု၊ ကုသမှုတွေကတော့ ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ၁၉၂၅ မှာ အင်္ဂလန်မှာရှိတဲ့ ဆေးတက္ကသိုလ် တစ်ခုရဲ့ စမ်းသပ်မှုမှာ ကျန်းမာ၊ သန်စွမ်းတဲ့ ယောက်ျား ၄ ယောက်ကို ယူရီးယား ၁၅ ဂရမ် ကျွေးလိုက်တယ်၊ ပြီးတဲ့အခါ သူတို့ရဲ့ သွေးကို တိုင်းကြည့်တော့ ယူရီးယားပါဝင်နှုန်းက ၁၅ မိနစ်ကနေ ၁ နာရီအတွင်းမှာ ၄၀% မြင့်တက်သွားတာ တွေ့ရပါတယ်၊ နောက်ထပ် ၃ နာရီကြာမှ မူလအနေအထားကို ပြန်ကျတယ်၊ တစ်ခါ အဲဒီ စမ်းသပ်မှုကိုပဲ ကျောက်ကပ်မကောင်းတဲ့ လူနာ ၁၅ ယောက်နဲ့ ထပ်လုပ်တယ်၊ ဒီတစ်ခါတော့ ယူရီးယားက သွေးထဲမှာ ၅၀% အထိကို မြင့်တက် သွားပြီးတော့ ပြန်ကျဖို့ကလည်း ၄ နာရီကျော်ကျော် ကြာတယ်လို့ သိရပါတယ်၊

သွေးထဲမှာ ယူရီးယားဓာတ် အရမ်းမြင့်လာတဲ့အခါ တချို့လူတွေမှာ အစားစားချင်စိတ် မရှိတာ၊ ခေါင်းမူးတာ၊ ပျို့အန်ချင်စိတ် ဖြစ်တာ၊ ရင်တုန်ပန်းတုန် ဖြစ်တာ စတာတွေ ဖြစ်နိုင်ပါတယ်၊ ၁၉၆၁ က ပြုစုထားတဲ့ စာတမ်းတစ်ခုမှာ တောင်အာဖရိက နိုင်ငံက ယူရီးယား စားမိတဲ့ လူတွေအကြောင်း ဖတ်ရပါတယ်၊ လူအယောက် ၈၀ ဟာ ယူရီးယား ဓာတ်မြေသြဇာကို အိမ်သုံးဆားအဖြစ်နဲ့ မှားပြီး စားမိကြလို့ ဆေးရုံတင်လိုက်ရတဲ့ အကြောင်းပါ၊ ယူရီးယားရော ဆားရော နှစ်ခုစလုံးက အဖြူရောင် အမှုန့်တွေဆိုတော့ မှားလွယ်ပါတယ်၊ အဲဒီလူတွေမှာ ခုနပြောတဲ့ အော့အန်တာ၊ ခေါင်းမူးတာ၊ ရင်တုန်တာ စတာတွေ ဖြစ်တယ်၊ ဒါပေမယ့် ရက်အနည်းငယ် အတွင်းမှာပဲ အားလုံးပြန်ကောင်း သွားကြတယ်လို့ ဆိုတယ်၊

ယူရီးယားကို ဆေးအနေနဲ့သုံးတဲ့ ကုသမှုတွေကိုကြည့်ရင် ဆီးထွက်နည်းစေတဲ့ ဟော်မုန်းတွေ သဘာဝမဟုတ်ဘဲ ထွက်နေတာကို လျှော့ချတဲ့ ကုသနည်းကလည်း စိတ်ဝင်စားစရာပါ၊ အကြောင်းကတော့ အဲဒီကုသမှုမှာ ယူရီးယား ပမာဏ အများကြီးကို ကာလရှည်ကြာစွာ စားရလို့ ဖြစ်ပါတယ်၊ တခါတလေ ၆၀ ဂရမ်ကနေ ၉၀ ဂရမ်လောက် ပမာဏရှိတဲ့ များပြားတဲ့ ယူရီးယားကို စားရတဲ့ လူနာ တချို့တလေမှာ ဝမ်းပျက်တတ်တာက လွဲလို့ အများစုက ခံနိုင်ရည်ရှိတယ်လို့ သိရတယ်၊ တစ်နေ့ကို ၃၀ ဂရမ်နဲ့ ၅ နှစ်ဆက်တိုက် ယူရီးယား စားနေရတဲ့ လူနာတစ်ယောက် ဆိုရင် ဘယ်လို ဘေးထွက်ဆိုးကျိုးမှ မတွေ့ရဘူးလို့ ဆိုပါတယ်၊

သကြားမပါတဲ့ ချွင်းဂန်းတွေမှာ အရသာကို ပြုပြင်ဖို့အတွက် ယူရီးယားကို ၃% လောက်အထိ ထည့်ကြလေ့ ရှိပါတယ်၊ အဲဒီလို ၃% ထည့်တာဟာ စားတဲ့လူအတွက် အန္တရာယ်ဖြစ်စေသလား ဆိုတာကို ဒိန်းမတ်နိုင်ငံ၊ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိပ်ဗေဒ ဌာနခွဲကလည်း သုတေသန လုပ်ထား ပါသေးတယ်၊ သူတို့ရဲ့ တွေ့ရှိချက်ကတော့ အဲဒီလောက် ပမာဏ ယူရီးယားဟာ လူကို ဘာမှ ဒုက္ခမပေးနိုင်ဘူး ဆိုတာပါပဲ...၊

အခု အထက်မှာ ဖတ်ခဲ့ရတဲ့ တိရိစ္ဆာန်နဲ့ စမ်းသပ်ချက်၊ လူနဲ့စမ်းသပ်ချက်တွေ အပြင် လေ့လာတွေ့ရှိချက် အားလုံးနီးပါးကတော့ ယူရီးယားကို အန္တရာယ်ရှိတဲ့ ပစ္စည်းအဖြစ် မသတ်မှတ်ကြ ပါဘူး၊ အထူးသဖြင့် ကင်ဆာကိုဖြစ်စေမှု (Carcinogenicity) ၊ သန္ဓေသား ပျက်စီး ထိခိုက်မှု (Teratogenicity) ၊ မျိုးရိုးဗီဇ သွေဖယ်ပြောင်းလဲစေမှု (Mutagenicity) စတဲ့ အချက်တွေ မတွေ့ခဲ့ကြဘူး၊ ဆိုလိုတာက လေ့လာစမ်းသပ်မှုတွေ အရတော့ ယူရီးယားဟာ ကင်ဆာ ဖြစ်စေတယ်လို့ မတွေ့ရဘူး၊ ယူရီးယားကြောင့် အများဆုံးဖြစ်ရတဲ့ အန္တရာယ်ကတော့ အော့အန်တာ၊ နေထိုင်မကောင်း ဖြစ်တာ စတာတွေပဲ ဖြစ်ပါတယ်၊

ဒါပေမယ့် ဒီနေရာမှာ အရေးအကြီးဆုံး အချက်တစ်ခုကို ကျနော်တို့ သတိထားဖို့ လိုပါတယ်၊ ယူရီးယားဟာ ကင်ဆာမဖြစ်စေဘူးလို့ အခုလို စမ်းသပ်မှုတွေက ပြောပေမယ့် ဒါကို တရားသေ မမှတ်လိုက်ဖို့ လိုပါတယ်၊ ဒီစမ်းသပ်မှုတွေက ဖြစ်နိုင်သလောက် ဘောင်အတွင်းကနေ အချိန် အတိုင်းအတာ တစ်ခု သတ်မှတ်ပြီးတော့ပဲ လုပ်ထားကြတာ ဖြစ်ပါတယ်၊ တချို့ ဓာတုဗေဒ ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ၊ ပမာဏပေါင်းများစွာ ဝင်ရောက်ပြီးမှသာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်တာမျိုးဖြစ်လို့ ချက်ချင်းမသိနိုင်တာတွေလည်း ရှိပါတယ်၊ ရေကျိုငါးပိထဲမှာ ယူရီးယား ပါ၊ မပါဆိုတာကို ဓါတ်ခွဲခန်း စစ်ဆေးချက်နဲ့ သက်သေမပြနိုင်သေးဘဲ အငြင်းပွားနေတဲ့ လက်ရှိကာလမှာတော့ အကောင်းဆုံးက ကိုယ့်ကိုယ်ကို တတ်နိုင်သလောက် ကာကွယ်တာပါပဲ...၊

ဘယ်လိုကာကွယ်မလဲ

ကျနော် ဒီဆောင်းပါးကို ရေးရတဲ့ အဓိက ရည်ရွယ်ချက်က ယူရီးယားကို ငါးပိထဲကနေ စစ်ထုတ်နည်း၊ ဒါမှမဟုတ် မစားမိအောင် ကာကွယ်နည်း တစ်ခုခုများ ရှိလိုရှိငြား လေ့လာစုံစမ်းရင်း ရေးဖြစ်သွားတာ ဖြစ်ပါတယ်၊ ယူရီးယားဆိုတာ စားဖို့မသင့်တဲ့အကြောင်း ပြောရတာ ဖတ်သူအတွက် အကျိုးရှိစေ နိုင်ပါတယ်၊ အဲဒီလို မကောင်းတဲ့ ယူရီးယားကို ဘယ်လိုရှောင်ရမလဲလို့ ပြောနိုင်ရင် ဒါ့ထက်ပိုပြီး အကျိုးရှိမယ် မဟုတ်လား၊ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ထင်သလောက် မလွယ်ကူပါဘူး၊ အကြောင်းကတော့ ကျနော် အထက်မှာ ပြောခဲ့သလို ငါးပိထဲမှာ ယူရီးယား ပါ၊ မပါဆိုတာ အလွယ်တကူ မသိနိုင်သလို အဲဒီ ယူရီးယားကို စစ်ထုတ်ဖို့ကလည်း ဓာတ်ခွဲခန်း အကူအညီ မပါဘဲနဲ့ မဖြစ်နိုင်လို့ပါပဲ၊

သတင်းတစ်ပုဒ်ထဲမှာတော့ ငါးပိရည်ကို ကျိုချက်တဲ့အခါ ယူရီးယားက ပြိုကွဲပြီး နိုက်ထရိုဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ် ပျောက်ကွယ်သွားမယ်လို့ ဆရာဝန်တစ်ယောက် ပြောတာ ဖတ်လိုက်ရတယ်၊ မှန်သင့်သလောက် မှန်ပေမယ့် လုံလောက်တဲ့ ဓာတ်ပြုပျက်စီးမှုတော့ မဟုတ်ပါဘူး၊ ယူရီးယားက 132.7 °C မှာ အခဲအဖြစ်ကနေ အရည်စ,ပျော် ပါတယ်၊ အဲဒါကိုမှ ဆက်ပြီး အပူပေးမယ်ဆိုရင် 135 °C မှာ ရေဆူမှတ်ကို ရောက်ပြီးတော့ တချိန်ထဲမှာ ပြိုကွဲ၊ ပျက်စီး ပါတယ်၊ ဆိုတော့ ကျနော်တို့အားလုံး သိကြတဲ့အတိုင်း ငါးပိရည်ကျိုတဲ့အခါ 100 °C မှာ ရေဆူမှတ်ကို ရောက်တယ်၊ ငါးပိရည်တွေ ပွက်ပွက်ဆူမယ်၊ အဲဒါကို ဆက်ထားရင် ငါးပိရည်တွေ ခန်းသွားတာပဲ ရှိပါမယ်၊ အပူချိန်ကတော့ ယူရီးယား ပြိုကွဲစေတဲ့အထိ မြင့်တက်လာမှာ မဟုတ်ပါဘူး၊ ယူရီးယားရဲ့ အနည်းငယ်သော မော်လီကျူး တချို့ကတော့ အပူချိန် ၁၀၀ ဒီဂရီမှာ ပြိုကွဲတာ ဖြစ်ကောင်း၊ ဖြစ်နိုင်ပါတယ်၊ ရှိသမျှ ယူရီးယားအားလုံးတော့ မဖြစ်နိုင်ပါဘူး၊

ဆိုတော့ စိတ်မသန့်ဘူးဆိုရင် လောလောဆယ် ကျနော်တို့လုပ်နိုင်တာက ငါးပိရည်ကို နည်းနည်းလောက် လျှော့စားတာဖြစ်ဖြစ်၊ အရင်က နေ့တိုင်းစားတယ်ဆိုရင် အခု ၂ ရက်တစ်ခါမှ စားတာမျိုး၊ တချို့ရက်တွေမှာ ငါးပိရည်အစား ငံပြာရည်ဖြစ်ဖြစ်၊ ငါးပိထောင်းဖြစ်ဖြစ် စားတာမျိုးပဲ လုပ်နိုင်ပါတယ်၊ ကျနော့်အမေကတော့ ဒီသတင်းတွေ ထွက်လာပြီးနောက်ပိုင်း ငါးပိရည်ကို ၂ ခါပြန် ကျိုပြီးမှ စားနေတယ်လို့ ပြောတယ်၊ ဒီနည်းကလည်း မဆိုးပါဘူး၊ ယူရီးယားဟာ ရေမှာ ပျော်ဝင်လွယ်တယ်၊ အပူချိန်အမြင့်မှာ ပြိုကွဲတယ်လို့ သိထားတော့ အခုလို ရေများများနဲ့ ဆေးပစ်တာ၊ ခပ်ကြာကြာလေး ကျိုတာဟာ ယူရီးယားကို အမိုးနီးယား၊ အမိုနီယမ်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ် ပြိုကွဲသွားစေပြီး တတ်နိုင်သလောက် လျှော့ချပစ်နိုင် ပါတယ်၊

အပြီးသတ် သုံးသပ်ချက်

ယူရီးယားက တကယ်တော့ ကျနော်တို့ခန္ဓာကိုယ်ထဲမှာ နေ့စဉ်နဲ့အမျှ ပေါက်ဖွားနေတဲ့ သဘာဝ ဒြပ်ပေါင်း endogenous compound ဖြစ်လို့လားတော့ မသိဘူး၊ သူနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ သုတေသနက တခြားဓာတုဒြပ်ပေါင်းတွေလောက် မများပါဘူး၊ တွေ့ရှိရသလောက် စာတမ်းတွေ၊ သုတေသန သုံးသပ်ချက်တွေမှာတော့ ယူရီးယားဟာ ကင်ဆာဖြစ်စေတယ်လို့ မသုံးသပ်ကြဘူး၊ ပျို့အန်တာ၊ ရင်တုန်တာ၊ ဝမ်းပျက်တာ၊ ခေါင်းမူးတာ စတဲ့ လက္ခဏာတွေပဲ တွေ့ရတယ်လို့ ဆိုတယ်၊ လူထက်စာရင် ယူရီးယားကို နိုက်ထရိုဂျင်အားဖြည့် အစာအဖြစ် စားကြတဲ့ ကျွဲနွားတွေက နေမကောင်းဖြစ်တာ ပိုများပါတယ်၊ ဒါပေမယ့် အခုတွေ့ရှိချက်တွေအရ ယူရီးယားဟာ အန္တရာယ်မရှိဘူး၊ ဒါ့ကြောင့် အားရပါးရ စားကြတော့ဟေ့-လို့ မှတ်ယူဖို့တော့ မဟုတ်ပါဘူး၊ သဘာဝမဟုတ်တဲ့ ပြင်ပအရာတစ်ခုဟာ လူ့ခန္ဓာကိုယ်ထဲကို နှစ်ပေါင်းများစွာ ဝင်ရောက်နေတဲ့အခါ ဘယ်လိုမျိုး ဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ အပ်ကျမပ်ကျ မပြောနိုင်ပါဘူး၊

တဖက်ကလည်း FDA လို တာဝန်ရှိအဖွဲ့အစည်းတွေ အနေနဲ့ ယူရီးယားကိစ္စကို အလေးအနက် ထားပြီး ကိုင်တွယ် စုံစမ်းသင့်ပါတယ်၊ အင်တာဗျူးတစ်ခုမှာ ̔ယူရီးယားကိစ္စ သတင်းတွေ ထွက်နေပေမယ့် ကျနော်တို့ဆီကို လာတိုင်တာ မရှိသေးလို့ စုံစမ်းမှုတွေတော့ မလုပ်သေးပါဘူး̕ လို့ ဖြေသွားတာ ဖတ်လိုက်ရတယ်၊ အံ့သြစရာပါပဲ၊ ဒီကိစ္စဟာ လာတိုင်မှ စုံစမ်းရမယ့် ကိစ္စမဟုတ်ပါဘူး၊ တကယ်ဆိုရင် ဖြစ်သင့်တာက ဘယ်သူမှဘာမှ မပြောခင် ဒီလိုကိစ္စတွေကို အရင်ဆုံးသိနေသူဟာ FDA ပဲ ဖြစ်သင့်ပါတယ်၊ ဥရောပနိုင်ငံတွေမှာ ဆိုရင် FDA နဲ့ အလားသဏ္ဍန်တူ အဖွဲ့တွေဟာ ဈေးတွေထဲ၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်တွေထဲ အမြဲလိုလို ရှောင်တခင် ဝင်စစ်နေလေ့ ရှိပါတယ်၊ ဒါမှသာ ဆေးဝါး၊ အစားအသောက်တွေကို အချိန်နဲ့ တပြေးညီ monitoring လုပ်ပြီး စောင့်ကြည့်၊ ကြပ်မတ်နိုင်မှာ ဖြစ်ပါတယ်၊

အစိုးရပိုင်းကလည်း FDA ကို ပံ့ပိုးပေးဖို့ လိုပါတယ်၊ လုံလောက်တဲ့ ဘတ်ဂျက်ချပေးတာ၊ လုပ်ပိုင်ခွင့်တွေ အပြည့်အဝ အပ်နှင်းတာ စတဲ့ ပံ့ပိုးကူညီမှုတွေဟာ FDA ကို တကယ်ပဲ ရှင်သန်နေတဲ့၊ လူထုအားကိုးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာစေမှာပါ၊ တစ်ခါ လွှတ်တော်မှာ ခိုင်မာတိကျတဲ့ ဥပဒေတွေ၊ လုပ်ထုံး၊ ကျင့်ထုံးတွေ ပြဌာန်းရေးဆွဲပြီး တိတိကျကျ လိုက်နာအောင် အမျိုးသားကျန်းမာရေး စီမံကိန်းတစ်ရပ်အနေနဲ့ အကောင်အထည်ဖော်သင့်တယ်၊ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့ အင်တာဗျူးမှာ ဥပဒေတွေက ရှိပြီးသား၊ လိုက်နာအောင်လည်း လုပ်နေကြပါလျက်နဲ့ ခရီးမရောက်တဲ့အကြောင်း ညည်းတွားသွားတာ ကြားလိုက်ရပါတယ်၊ ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေကြားမှာ အသက်ဆက်နေရတဲ့ မြန်မာပြည်သူလူထုကို အနည်းဆုံး ငါးပိရည်လေး တစ်ခွက်တော့ စိတ်ချလက်ချ စားစေသင့်ပါတယ်၊ လျှပ်စစ်မီး မရှိရင် ဖယောင်းတိုင်ထွန်းနေ၊ ကြွေးထူရင် တစ်နပ်လျှော့စား စတဲ့ ဆေးမြီးတိုတွေကို ရပ်ပြီး ခိုင်မာ၊ တိကျတဲ့ စောင့်ရှောက်မှုတွေ၊ ပညာပေး ဟောပြောမှုတွေ လိုအပ်နေပါပြီ…၊

စားသုံးသူ ပြည်သူလူထု အနေနဲ့ကလည်း ကိုယ်အခွင့်အရေးကို အပြည့်အဝ တောင်းဆိုတတ်ဖို့ လိုပါတယ်၊ ငါတို့က တသက်လုံး ဒီလိုပဲ စားလာတာ…၊ ရောဂါပီးနေပြီ၊ မပီးလို့ သေတော့လည်း သေကာမှ သေရော၊ ခုတော့ စားရမှာပဲ၊ တတ်နိုင်ဘူး… စတဲ့ အပြောမျိုးတွေကို ကျနော် နားလည် ပေးနိုင်ပါတယ်၊ တသက်လုံး နင်းပြားဘဝနဲ့ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ အရေးတယူ စောင့်ရှောက် တာမျိုး မခံခဲ့ရလေတော့ ဖြစ်မှတော့ခံပေါ့ ဆိုတဲ့ စိတ်မျိုးတွေ အရိုးစွဲနေတာ ဝမ်းနည်းစရာ ကောင်းပေမယ့် ဆန်းတော့ မဆန်းပါဘူး၊ ဒါပေမယ့် ကျနော်တို့ ခဏလေးဖြစ်ဖြစ် ရပ်တန့်စဉ်းစား ကြည့်ရအောင်…၊ အခုလို မကောင်းတဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေ စားလို့ ကိုယ်သေသွား ခဲ့ရင်တောင် ဒီကိစ္စက အဲဒီမှာ ရပ်တန့်သွားမှာ မဟုတ်ဘူး၊ နောင်လာမယ့် ကျနော်တို့ရဲ့ မျိုးဆက် တွေအထိ ဆက်ပြီးပါသွားဦးမှာ…၊ ငှက်ပျောသီးကို ဆေးဆိုးရောင်းတဲ့ အမျိုးသမီး တစ်ယောက်က အင်တာဗျူးမှာ ပြောသွားတယ်၊ ̔ကျမ ဒီလိုပဲ ရောင်းလာတာ နှစ် ၂၀ ရှိပြီ̕ တဲ့၊ ကြောက်စရာပါပဲ၊ မျိုးဆက်တစ်ဆက်စာကို ငှက်ပျောသီးတွေ ဆေးဆိုးပြီး ရောင်းနေခဲ့တာ…၊ ဒါတွေကို ရပ်တန့်သွားအောင် တစ်ယောက်ကစ တစ်ရာဆိုသလို ကျနော်တို့တွေ လုပ်နိုင်ပါတယ်၊ ကိုယ့်ရဲ့ စားသုံးသူ အခွင့်အရေးကို ကိုယ်ကိုယ်တိုင်ပဲ တောင်းဆို၊ ကာကွယ်ရမှာ ဖြစ်ပါတယ်၊ ဥပမာ- ဈေးထဲမှာ မျှစ်ဝယ်တဲ့အခါ ဈေးသည်ကို ဆေးဆိုးထားသလား မေးတာမျိုး၊ ငါးပိဝယ်တဲ့အခါ ယူရီးယားတွေ ပါသလား စုံစမ်းတာမျိုး၊ စူပါမားကက်တွေမှာ ရက်စွဲလွန်နေတဲ့ စားသောက်ကုန်တွေ တွေ့ရင် ဒီအတိုင်းပဲ စင်ပေါ်မှာ ပြန်တင်လိုက်တာမျိုး မလုပ်ဘဲ ဝန်ထမ်းကို ခေါ်ပြပြီး သိမ်းခိုင်းတာမျိုး၊ မသင်္ကာတဲ့ အစားအသောက်တွေ တွေ့ရင် စားသုံးသူ ကာကွယ်ရေးအဖွဲ့လို အဖွဲ့အစည်းမျိုးကို အကြောင်းကြား တာမျိုး… စတာတွေ လုပ်နိုင်ပါတယ်၊ သေချာတာပေါ့၊ ဈေးသည်ကို ရှင့်ငါးပိထဲ ယူရီးယား ပါသလားလို့ သွားမေးရင် ဟိုက မသိဘူးလို့ ဖြေရင်ဖြေ၊ ဒါမှမဟုတ် မပါဘူးလို့ ဖြေမှာပါပဲ၊ ကိစ္စမရှိ ပါဘူး၊ ဒါဟာ ကျန်းမာရေးသတိ ရှိနေတာကို ပြတာပါ၊ စားသုံးသူ အများစုက ဒီလိုမျိုး အစားအသောက်သတိ ရှိလာတဲ့အခါ ရောင်းချသူတွေကလည်း သူတို့ရဲ့ ရောင်းကုန်တွေအပေါ် ပိုပြီး ဂရုစိုက်လာ ပါလိမ့်မယ်၊ အဲဒီအခါ ထုတ်လုပ်သူတွေကလည်း ကျန်းမာရေး စံချိန်စံညွှန်းနဲ့ ညီအောင် ထုတ်လုပ်ဖို့ အသိတရား ပိုပြီး ဝင်လာမှာ ဖြစ်ပါတယ်၊ ဒါဟာ စားသုံးသူနဲ့ ထုတ်လုပ်သူ အပြန်အလှန် ပညာပေး၊ ထိန်းကျောင်းတဲ့ သဘောတရား ပါပဲ၊

ကျနော် ဒီဆောင်းပါးရေးရတဲ့ ရည်ရွယ်ရင်းက ယူရီးယားအကြောင်းကို ပိုသိလာအောင်၊ ယူရီးယားဟာ လူအပေါ် ဘာတွေ ဖြစ်စေနိုင်သလဲ ဆိုတာ ပိုပြီး ရှင်းလင်းစေဖို့ အတွက်ပါ၊ လောလောဆယ်တော့ ဈေးကွက်ထဲမှာ ရေကျိုငါးပိ ရောင်းအားက ၄၀ ရာခိုင်နှုန်း ကျသွားတယ်လို့ သိရပါတယ်၊ မှန်ကန်တဲ့ ရောင်းချသူအတွက် ဆိုရင်တော့ ဒီလိုလျော့ကျသွားတာ နစ်နာစရာ ပါပဲ၊ ရောင်းသူရော၊ ဝယ်သူကြားမှာပါ သို့လော၊ သို့လော မတင်မကျမှုတွေ ပျောက်သွားအောင် တာဝန်ရှိ အဖွဲ့အစည်း အနေနဲ့ အမြန်ဆုံး ဓာတ်ခွဲစစ်ဆေးပြီး ပါတယ်ဆိုရင်လည်း ဘယ်လောက် ပမာဏ ပါတယ်၊ မပါဘူးဆိုရင်လည်း မပါတဲ့အကြောင်း ရှင်းလင်းတိကျစွာ ထုတ်ပြန်ပေးဖို့ လိုတယ်ဆိုတာ သုံးသပ်ရင်း တင်ပြလိုက်ရပါတယ်...။ ။

Ref:
http://www.chem.unep.ch/irptc/sids/OECDSIDS/57136.pdf
http://www.inchem.org/documents/jecfa/jecmono/v32je16.htm
http://www.wisegeek.com/what-is-urea.htm
http://www.wisegeek.org/what-are-the-different-uses-of-urea.htm
http://www.dermaltherapy.com/urea-natural-moisturizer.asp
http://www.ncmissouri.edu/hea/barton_epaosha/Urea4600%20msds.pdf
http://www.ivorychem.com/msds/UREA46MSDS.pdf
http://toxnet.nlm.nih.gov/cpdb/pdfs/ChemicalTable.pdf
http://en.wikipedia.org/wiki/Urea


ညီလင်းသစ်
၂၄ စက်တင်ဘာ၊ ၂၀၁၃

30 comments:

  1. Nice research bro. Thumbs up

    Nyi

    ReplyDelete
  2. ကောင်းလိုက်တဲ့ပိုစ့်အကိုရေ
    ခုလိုတတ်သိတဲ့ အကိုရေးပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်
    ဒါဟာလဲကျနော်တို့တတ်နိုင်တဲ့ နိုင်ငံရေးပါပဲ

    ချစ်ခင်လေးစားလျှက်

    ဂျာရစ်တင်သိန်းအေး

    ReplyDelete
  3. စိတ်ဝင်စားစရာ ကောင်းပါတယ်။
    ရှာရှာဖွေဖွေ လေ့လာပြီး မျှဝေတဲ့အတွက် ကျေးဇူးပါဗျာ။

    ReplyDelete
  4. အင်မတန် တန်ဖိုးရှိတဲ့ ပို့စ်လေးပါ ကိုညီလင်းသစ် ရေ ။
    အရေးအသားကလဲ ကောင်းတော့ အစအဆုံး တောက်လျှောက်ဖတ်ဖြစ်သွားတယ် ။

    ReplyDelete
  5. အကိုရေ... အိမ်မှာရှိတဲ့ ငါးပိရေတွေကို လွှတ်လဲမပြစ်ရက်၊ စားလဲမစားရဲ ဖြစ်နေတာ။ ခုမှပဲစိတ်ချမ်းသာသွားတော့တယ်။ စေတနာတွေကို မြင်နေရတာမို့ကျေးဇူးတင်ပါတယ် ကိုညီရေ

    ReplyDelete
  6. a valuable post.
    thanks for your effort..

    ReplyDelete
  7. Thank you for sharing your knowledge and interesting post .
    Please let me share .

    ReplyDelete
  8. ကိုညီရေ..
    ကောင်းလိုက်တာ...
    မသိသေးတာတွေပါ ထပ်သိသွားရတယ်...
    အချိန်ပေးသေချာရေးထားတဲ့ ကိုညီ စေတနာတွေ တွေ့နေရတယ်..။
    ပြန်လည်မျှဝေပါ့မယ်..။

    ReplyDelete
  9. တန်ဖိုး မဖြတ်နိုင်တဲ့ ပို့စ်လေးတပုဒ်ပါပဲ ကိုညီလင်းရေ
    ကျေးဇူးအထူးတင်ပါတယ်... အစ်ကိုပြောတဲ့ စားသုံးသူအခွင့်အရေးဆိုတာကို မြန်မာပြည်သူပြည်သားတွေ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်... မြန်မာပြည်က လူတွေအတွက် သေချာအချိန်ပေး လေ့လာပြီး ကျန်းမာရေးအသိပညာပေးပို့စ်တပုဒ်ရေးတဲ့ အစ်ကိုတို့မိသားစုလဲ ကျန်းမာရွှင်လန်းကြပါစေနော်...

    ခင်မင်လျှက်
    ပူေးတ

    ReplyDelete
  10. ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေကြားမှာ အသက်ဆက်နေရတဲ့ မြန်မာပြည်သူလူထုကို အနည်းဆုံး ငါးပိရည်လေး တစ်ခွက်တော့ စိတ်ချလက်ချ စားစေသင့်ပါတယ်၊

    ကျေးဇူးကိုညီလင်းသစ် ရေ ပိုစ့် လေးအတွက် တကယ် တကယ် ကျေးဇူးတင်တယ်နော်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  11. ကိုယ်ကြိုက်တဲ့ ငပိရည်လေး တောင်စိတ်ချလက်ချ စားသုံးခွင့်မရှိတဲ့ ဘ၀တွေ.. !_!

    ReplyDelete
  12. လူတိုင်းဖတ်သင့်တဲ့ ဆောင်းပါးလေးပါပဲ ကိုညီလင်းရေ ...
    မသိသေးတာတွေ အများကြီး သိရလို့ ကျေးဇူးအရမ်းတင်ပါတယ်။
    ကိုညီလင်းရဲ့ စေတနာနဲ့ အားထုတ်မှုအတွက် လေးစားစွာ ချီးကျူးပါတယ် ရှင် ... ။

    ReplyDelete
  13. အကို့ရဲ့ အချိန်ပေးမှု၊ စေတနာတွေကို လေးစားပါတယ်
    တိမ်ပြာ(မနောမြေ)

    ReplyDelete
  14. နော်နော်September 24, 2013 at 12:02 PM

    အဖိုးတန်တဲ့ ပို့စ်လေးပါ။ကျေးဇူးတင်ပါတယ်။ရှယ်ပါရစေနော။

    ReplyDelete
  15. အလွန်ပြည့်စုံအောင် ဖတ်လိုက်ရတယ်။ ငပိက ကြိုက်တဲ့ အစာထဲမှာ မပါသလို မိသားစုမှာ ဘယ်လောက်အတိုင်းအတာထိ သူတို့စားသောက်နေကြသလဲတော့ အနေမနီးလို့ သတိမထားမိဘူး။ အိမ်ဖုံးဆက်ဖြစ်ရင်တော့ ပြန်ဖောက်သည်ချဖြစ်ဦးမှာပါ။

    ReplyDelete
  16. နှမ်းတစ်စေ့၊ ကြယ်တစ်ပွင့်၊ မှင်တစ်စက် ဆိုတဲ့အထဲမှာ type တစ်ချက် ဆိုပြီး ထပ်ဖြည့် ပါရစေအစ်ကို။ အစ်ကို့ရဲ့ စေတနာပါတဲ့ typing အချက်တိုင်းအတွက် ကျေးဇူးပါ။ ညီမလေး ဆက်ပြီး မျှဝေပေး လိုက်ပြီနော်။

    ReplyDelete
  17. A very well-written post with scientific facts and a reference list
    this should be published on social media to inform the public
    Bravo bro!
    pyae phyo

    ReplyDelete
  18. A very well-written post with scientific facts and a reference list
    this should be published on social media to inform the public
    Bravo bro!
    pyae phyo

    ReplyDelete
  19. ပို့စ်လေးနဲ့အတူ စေတနာတွေကိုပါ တွဲလို့ ခံစားလိုက်ရတယ်အကို ... ကျေးဇူးပါအကိုရေ..

    ReplyDelete
  20. Nyi...
    Thanks so much bro...!

    ညီမ ဂျာရစ်ဒိုးကန်တင်သိန်းအေး...း)
    အဟုတ်ပဲဗျာ..၊ ကျနော်တို့ လက်တစ်ကမ်းက နိုင်ငံရေးအစစ် ပါပဲ...၊

    ကိုနေမျိုး...
    ကျေးဇူး တင်ပါတယ်ဗျာ..၊

    မသန္တာ...
    ဟုတ်..၊ ပို့စ်အရှည်ကြီးကို မပျင်းမရိ လာဖတ်တာကိုပဲ ကျနော်က ကျေးဇူးတင်လှ ပါပြီဗျာ၊း)

    ညီမ Adora etc...
    သတိလေးတော့ ကပ်ပြီးစားနော် ညီမ...၊းD

    Anonymous (1)...
    Thanks for your encouragement, too!

    Anonymous (2)...
    Thank you for taking time to read! Please, do as you wish! :)

    အစ်မမြသွေး...
    ဟုတ်.. ကျေးဇူးပါ အစ်မရေ...၊

    ညီမပူးတေ...
    ကျနော်လည်း အဲဒီလိုပဲ မျှော်လင့်တာပါပဲဗျာ၊ ဆုတောင်းလေးအတွက်လည်း ကျေးဇူး ပါနော်...၊

    အစ်မရွှေစင်...
    ဟုတ်.. အစ်မ၊ မတွေ့တာကြာပြီ၊ နေကောင်းတယ်ဟုတ်...?း)

    ကိုသောမတ်စ်...
    ဟုတ်တယ်ဗျာ..၊ ဘဝတွေက တကယ်ကို ဆိုးနေခဲ့တာ...၊း(

    မမေ...
    ဟုတ်.. ခက်ခဲလှတဲ့ ကွန်နက်ရှင်ကြားကနေ ကြိုးစားပြီး လာဖတ်တဲ့ မမေကိုလည်း ကျေးဇူး တင်ပါတယ်နော်..၊

    မနောမြေက တိမ်ပြာ...
    အမြဲလိုလို ပုံမှန် လာဖတ်နေလို့လည်း ကျနော်က ကျေးဇူးတင်ပါတယ်ဗျာ..၊

    မနော်နော်...
    ဟုတ်ကဲ့..၊ ကျေးဇူးပါ၊ အဆင်ပြေသလို ရှယ်ပါဗျာ..၊

    ကိုဖြိုးမော်...
    စာလာဖတ်တဲ့ အတွက်ရော၊ အသိအမှတ်ပြု ထားခဲ့တဲ့ ကွန်မန့်အတွက်ရော.. ကျေးဇူး တင်ပါတယ်ဗျာ...၊

    ညီမလေးညို...
    ဒါဆို... နှမ်းတစ်စေ့၊ ကြယ်တစ်ပွင့်၊ မှင်တစ်စက်၊ type တစ်ချက်၊ အပြင် share တစ်လက် ဆိုပြီး ထပ်ဖြည့်လိုက်ပါဦး၊း) ကျေးဇူးပါ ညီမလေး..။

    Ko Pyae Phyo...
    Thanks a lot for your appreciation, bro!

    အစ်မရှင်လေး...
    My pleasure... Ama!

    ညီမအိန်ဂျယ်...
    ကျေးဇူး ညီမလေး...။း)

    ReplyDelete
  21. Bravo Ko Kyi ! It is very precious post and should be published on the media. Everybody can feel your effort.

    ReplyDelete
  22. Great Post and should publish it. That's the reason why I always visit to your blog.

    ReplyDelete
  23. သိခွင့်ရတာတွေ ၊ ဖတ်ခွင့်ရတာတွေ အတွက် ... ကျေးဇူးပါ

    ကိုညီလင်းသစ် ...

    ReplyDelete
  24. Thanks for your valuable time and effort to share us this post.

    ReplyDelete
  25. အဖိုးတန်တဲ့ပို့ စ်လေးအတွက်
    ပီတိနဲ့ အတူကျေးဇူးတင်ရပါတယ်။
    အိုင်အိုရာ

    ReplyDelete
  26. သိပ်ကောင်းတယ်အစ်ကို...။ငပိထဲမှာ ယူရီးယား
    ပါတယ်လို့ပဲကျွန်တော်တို့သိကြတယ်...။ဒါပေမယ့်
    အဲဒီယူရီးယားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာမှမသိ
    ကြပါဘူး...။တိုက်တိုက်ဆိုင်ဆိုင် တလောကပဲ
    ဒေါက်တာခင်မောင်ညိုက အလဲဗင်းသတင်းစားထဲမှာ
    ယူရီးယားနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားသွား
    သေးတယ်ဗျ...။ဒါပေမယ့် ဒေါက်တာကြီးက ခုလိုမျိုး
    သေသေချာချာပြောမသွားဘူးရယ်...။ဒီပို့စ်လေးကို
    အလဲဗင်းလိုမျိုး သတင်းစာတစ်စောင်စောင်ကို
    ပို့သင်တယ်လို့ထင်တယ်ခင်ဗျ...။

    ReplyDelete
  27. တန်ဖိုးရှိတဲ့ ပိုစ့်အတွက် ကျေးဇူးအများကြီး တင်ကြောင်းပြောခဲ့ပါရစေး)

    မောင်ဘကြိုင်

    ReplyDelete
  28. အော်... မနေ့က မောင်ဏီရဲ့ ပို့စ်မှာ ဖတ်လိုက်ရတယ်.. မောင်ညီလင်းနောက်ကို လူတွေဝိုင်းလိုက်လို့ ထွက်ပြေးရတယ်ဆိုကထဲက စိတ်ဝင်စားနေတာ.. ဒီကနေ့မှ အကြောင်းရင်း ကွက်ကွက်ကွင်းကွင်းသိတော့တယ် ဟာဟ..
    တန်ဘိုးရှိတဲ့ပို့စ်လေးကနေ ဗဟုသုတတွေ ယူသွားပါတယ်ကွယ်... :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete