17 February 2014

မြက်ရိတ်သမား


“တိုင်းပြည်အတွက် မြက်တစ်ပင်တောင်မှ စိုက်ခဲ့ဖူးသူ မဟုတ်ဘူး” တဲ့၊
လူရှေ့သူရှေ့မှာ ဟိတ်နဲ့ဟန်နဲ့ ပြောခဲ့တာ...၊

လောကမှာ မြက်စိုက်တာထက်
ပိုပြီးအရေးကြီးတဲ့ လုပ်ငန်းတွေ ရှိနေခဲ့တာ
ခမျာ မသိလေရော့ သလား...၊

အပြစ်တော့ မဆိုသာပါဘူးလေ...၊
လူဆိုတာက ကိုယ်သန်ရာ သန်ရာ ပြောကြတာမျိုး မဟုတ်လား၊

အလင်းတွေ ပွင့်လာတဲ့အခါ
အသံတွေဟာ ပိုပြီး ကျယ်လာကြတယ်၊

“Weather မကောင်းရင် ဖြုတ်လဲလိုက်...”
“Any ask…?”
“ကွန်တိန်နာနဲ့ ထည့်မရဘူး၊ ပိုရင်တော့ ရောင်းစားရမှာပဲ...”
“အေးအေးဆေးဆေး ဖယောင်းတိုင် ထွန်းနေပါ...”
“တစ်နပ်ပဲ စားကြ...”
“ပြည်သူကို အလိုလိုက်မိလို့ အကြွေးတွေ တင်ကုန်တာ...”
“နယ်လှည့်ပြီး ပါးရိုက်လာတာကွ...”
“နှယ်နှယ်ရရဗိုက် မှတ်နေသလား၊ ကျည်ရာ ရှိတယ်...”

အသံတွေ၊ အသံတွေ
များလိုက်တဲ့ အသံတွေ...
တစ်ချိန်က တစွန်းတစသာ ကြားခွင့်ရတဲ့ တီးတိုးသံတွေ
ဟော... အခုတော့
ရပ်သိရွာကျော် ကျယ်ကျယ်လောင်လောင်နဲ့
တစ်ခါပြော တစ်ခါထိ...၊
အိုးနင်းခွက်နင်း ကြားရချက်
ဗေထိဆိုမှဖြင့် ကွဲချက်က ဟက်တက်...၊
အမေတို့ခေတ်က ပြောကြသလို
'စီကနဲဆို သူကြီးလူချည့်ပဲ' ဆိုရမလို
လူစွမ်းကောင်းတွေ ပေါတဲ့မြေ...၊

ခက်နေပုံများတော့...
ဒိုင်ယာလော့ခ် ကျက်မလာတဲ့ ရှေ့ထွက်ဝန်မင်းတွေနဲ့
ပေရှည်နေတဲ့ အော်ပရာမှာ
မပျော်ရှာနိုင်တဲ့ ပရိတ်သတ်
ပြောင်းဖူးရိုးနဲ့ ထ,ပစ်ချင်စိတ်ကို ကြိတ်မှိတ်၊ မြိုသိပ်...

ဟိုး အရှေ့တစ်ရိုးက ကောင်းကင်မှာ
ပုစဉ်းရင်ကွဲသံတွေ ဆူညံလှတယ်...။


ညီလင်းသစ်
၁၇ ဖေဖော်ဝါရီ၊ ၂၀၁၄

17 comments:

  1. ဘယ့်နှယ့် .... မွေးနေ့ မနက်ခင်း ပြောင်းဖူးရိုးနဲ့ ပစ်ချင်သတဲ့
    နွားနို့ နဲ့ ပဲ ဧည့်ခံပါ အစ်ကိုရာ :D

    ပျော်ရွှင်စရာမွေးနေ့ပေါင်းများစွာကို မအိမ်သူ၊ သားကလေး တို့နဲ့ အတူ ဖြတ်ကျော်နိုင်ပါစေ။

    ReplyDelete
  2. ကျွန်မတို့ တိုင်းပြည်မှာက လူပြက်တွေ ပေါသကိုး ကိုညီလင်းသစ်ရယ်။ ကျွန်မအဖိုးပြောခဲ့ဖူးတဲ့ စကားလေး သတိရတယ်။ တရုတ်ကားကြည့်နေရသလိုပဲတဲ့....စူ့ထက်စူ လူစွမ်းကောင်းဆိုတာတွေချည်း ထွက်ထွက်လာတယ်။ ခွေးတွေကြောင်တွေ အိမ်ခေါင်ပေါ်ရောက်မှဖြင့် အိမ်ရေမြုတ်လို့ လို့ပဲ မှတ်ပါလေ :)

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. ကိုညီလင်းမွေးနေ့လား? မညိုလေးနေ နှုတ်ဆက်ထားတာတွေ့လို့။ ပျော်စရာကောင်းတဲ့မွေးနေ့ဖြစ်ပါစေအကိုရေ။
    ညီမကတော့ သူတို့သတင်းတွေများတက်တက်လာရင် ဖတ်ရင်းအကုသိုလ်များလွန်းလို့ကျော်ကျော်ဖတ်တယ်။

    ReplyDelete
  5. ခေတ်ပေါ်ပျက်လုံးများပေါ့ အစ်ကိုရေ့း)

    ReplyDelete
  6. "ဒိုင်ယာလော့ခ် ကျက်မလာတဲ့ ရှေ့ထွက်ဝန်မင်းတွေနဲ့
    ပေရှည်နေတဲ့ အော်ပရာမှာ
    မပျော်ရှာနိုင်တဲ့ ပရိတ်သတ်
    ပြောင်းဖူးရိုးနဲ့ ထ,ပစ်ချင်စိတ်ကို ကြိတ်မှိတ်၊ မြိုသိပ်"
    ခက်ပြီးရင်းခက်ပေါ့ မောင်ညီလင်းရေ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  7. မွေးနေ့မှာ မြက်ရိတ်နေပါလား...:P ပျောက်ချက်ကောင်းနေသောအစ်ကိုတစ်ယောက်...အသုံကျယ်ကျယ်နဲ့ပြန်ပေါ်လာတယ်ပေါ့..။

    ReplyDelete
  8. ဒီမှာလည်းပြောင်းဖူးရိုးရောပုလင်းခွံရောနဲ့ ပစ်ချင်စိတ်ကြိတ်မှိတ်လို့ မြိုသိပ်ရင်း..အကုသိုလ်တွေပွားနေ...
    အို်င်အိုရာ

    ReplyDelete
  9. တွယ်ငင်တိုးရစ်တွေ ဘာတွေတောင် မရေးနိုင်တော့ဘူးကိုး
    ငါ့ အစ်ကိုတောင် ဒီလိုကဗျာတွေ ထွက်ကျလာပြီကော :)

    Happy Birthday, my bro ! :)

    ReplyDelete
  10. ဟန်ကြည်February 17, 2014 at 11:45 AM

    အင်း ကြည့်သောသူမြင်၏ ဆိုပေမယ့် မကြည့်ဘဲနဲ့ မြင်မြင်နေရတာတော့ စိတ်ထဲမှာ တယ်မကောင်းလှဘူး ကိုညီလင်းသစ်ရေ...

    ReplyDelete
  11. ကျေးဇူးကိုညီ။ မွေးနေ့ မှာ ကဗျာကောင်းတစ်ပုဒ် ဖတ်ခွင့်ရလို့ ပါ။

    ReplyDelete
  12. ညီမလေးညို…
    နွားနို့နဲ့ ဧည့်ခံချင်ပေမယ့် နွားတွေအားလုံးက တရုတ်ပြည် ရောက်ကုန်ပြီဗျ၊ အဲဒါ ဘယ်မှာရနိုင်မလဲ လိုက်မေးဖို့ လုပ်ပြန်တော့ လယ်သမားတွေက လယ်တွေပြန်ရဖို့ ဆန္ဒသွားပြနေကြလို့ ရွာမှာ လူမရှိတော့ဘူး၊း)) မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါ ညီမရေ၊

    အစ်မချစ်…
    အဟုတ်ပဲဗျား…၊ အိမ်ရေမြုပ်တဲ့ ဥပမာတော့ ကြိုက်သွားပြီဗျို့၊း)

    ညီမ Adora etc.
    အဲဒါအကောင်းဆုံးပဲ..၊ ကျနော့်မှာတော့ဗျာ.. ဘယ်ဘဝက ဝဋ်ကြွေးမှန်း မသိပါဘူး၊ အဲဒီသတင်းတွေ မြင်ရင် မျက်လုံးက အလိုလို ကျောက်ချပြီးသား ဖြစ်ဖြစ်နေတာ…၊း) မွေးနေ့ဆုတောင်း အတွက် ကျေးဇူးပါနော်…၊

    မောင်မျိုး…
    အဲဒီ အငြိမ့်အဖွဲ့က သိပ်အောင်မြင်နေတာဗျ…၊း)

    တီတင့်…
    အမှန်ပဲ တီတင့်ရေ့…၊ ခက်နေတာတော့ အတော့်ကိုကြာပြီ…၊

    ညီမမိုး…
    အဲဒါပြောမလို့ဗျ..၊ ရိတ်ချင်ပါတယ် ဆိုမှ အန်တီစုက မစိုက်ခဲ့လို့ အခု ရိတ်စရာ တစ်ပင်မှကို မရှိဘူး၊ ဟိုလူကြီး ပြောမယ်ဆိုလည်း ပြောစရာပါလေ…၊းP

    မအိုင်အိုရာ…
    ပုလင်းခွံနဲ့တော့ မပစ်နဲ့ဗျ၊ မတန်ဘူး…၊ ရောင်းစားရင် ပိုက်ဆံလေးဘာလေး ရဦးမှာ..၊ ပြောင်းဖူးရိုး ဆိုရင် လုံလောက်နေပြီ…၊း))

    ညီမလေးသူသူ…
    ဟင့်အင်း… အဖြစ်က မနှစ်ကနဲ့ မတူလို့ မတွယ်ငင်၊ မတိုးရစ် နိုင်တော့ဘူးကွယ်…၊း) Thank you, sis…!!!

    ဆရာဟန်…
    ဟုတ်တယ်ဗျာ…၊ ခံရတဲ့ ပြည်သူ့ဖက်က တွေးတွေးပြီး ရင်နာ ရချက်တော့…၊

    ကိုဖုန်း…
    Thanks bro…!

    အစ်မရှင်လေး…
    ဟုတ်ကဲ့အစ်မ…၊ ကျေးဇူးပါ…။

    ReplyDelete
  13. ရင်တွင်းဖြစ် စစ်စစ် အနှစ်တွေပေါ.နော်။

    ပြောင်းဖူးရိုးလောက်နဲ.မရဘူး ကိုညီလင်းရေ.။

    ပစ်မယ်.ပစ်တော.လဲ ...

    ReplyDelete
  14. ဟုတ်ပ အကိုရေ
    အသံတွေများဆူညံနေတာပါဘဲလေ

    ReplyDelete
  15. ပြောင်းဖူးရိုးက တော်သေးသပေါ့...
    ဒီမှာ လေးဂွနဲ့ကို ဆော်ပစ်လိုက်ချင်တာ..:)

    ReplyDelete
  16. ရင်လှိုင်းMarch 18, 2014 at 8:09 AM

    မြတ်ရိတ်သမားမှာ အသံတွေ အများကြီးပဲနော်.....။

    ReplyDelete