01 March 2014

ကျွန်းမှာချည်သောကြိုး


“စင်္ကာပူအဲလိုင်းက လျှော့ဈေးတွေချနေတာ တွေ့ပြီးပြီလား၊ ဇူးရစ်ကနေ စင်္ကာပူကို ဘယ်လောက်မှ မရှိဘူး”…၊

အိပ်ခန်းထဲမှ ထွက်လာသော မအိမ်သူ၏အသံကြောင့် ကွန်ပျူတာမျက်နှာပြင်မှာ စူးစိုက်ထားခဲ့သော အာရုံတို့က ပျံ့လွင့်သွားခဲ့သည်၊ ရုတ်တရက် လှမ်းပြောတာမို့ စင်္ကာပူလေကြောင်းနှင့် လျှော့ဈေး လို့တော့ ကြားလိုက်မိသည်၊ ကျန်တာက ဘာမှန်း မသဲကွဲလိုက်၊ ထို့ကြောင့် ဖတ်လက်စ ဆောင်းပါးမှ မျက်နှာကို အသာခွာကာ သေချာစေရန် လှမ်းမေးမိသည်၊

“စင်္ကာပူအဲလိုင်းလေ…၊ အခု သူတို့ ပရိုမိုးရှင်းကာလ အနေနဲ့ ခရီးစဉ်တစ်ချို့ကို ဈေးတွေလျှော့ပြီး ရောင်းနေတယ်၊ အဲဒီမှာ စင်္ကာပူလည်း ပါတယ်၊ ဒီကနေ စင်္ကာပူကို လက်မှတ်ခက နည်းနည်းလေးရယ်...”၊

ပုံမှန်ဈေး၏ ထက်ဝက်ခန့်သာ ရှိသောဈေးနှုန်းကို ကြားလိုက်ရတော့ တကယ်ပဲ အံ့သြသွားရသည်၊ လေကြောင်းလိုင်းတစ်ခု အနေဖြင့် အခုလောက်အထိ ဈေးချရောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင် မထားဖူးခဲ့…၊ အမြဲတမ်းလိုလို ထောင်ဂဏန်းအထက်မှာသာ ရှိတတ်သော လေယာဉ်ခကို ယခုလို အင်အားချိနဲ့သော ကိန်းဂဏန်းများအဖြစ် မြင်ရသည်က အမှန်ပဲ စိတ်ဝင်စားဖို့ ကောင်းပါသည်၊ စိတ်က ဖတ်လက်စ ဆောင်းပါးမှာ မရှိတော့…၊ ဒါသာအမှန်ဆိုရင်တော့ ကြားနေကျ မဟုတ်တဲ့ ဈေးပဲ…၊

“ဟုတ်ကော ဟုတ်ရဲ့လား၊ ဘယ်မှာ တွေ့တာလဲ…”

ယုံတစ်ဝက် မယုံတစ်ဝက်စိတ်ဖြင့် လှမ်းမေးမိသည်၊ ဘယ်ကနေဘယ်လိုများ သူမ ကြံကြံဖန်ဖန် တွေ့လာပြန်ပါလိမ့်…၊

“ဟုတ်တယ်…၊ အခုပဲ KrisFlyer သတင်းလွှာမှာ ပါလာတာ…၊ ဒီမှာ လာကြည့်ပါလား…”

ကွန်ပျူတာကို ဘေးမှာအသာချထားခဲ့လိုက်ပြီး အိပ်ခန်းဆီ လျှောက်သွားရင်း သူမ ကြည့်နေသည့် တက်ဘလက်မျက်နှာပြင်ကို ကြည့်လိုက်တော့ ဟုတ်သည်၊ အာရှမှ စင်္ကာပူ၊ ဘန်ကောက် အပါအဝင် ဥရောပမှ မြို့တစ်ချို့ကို ပြေးဆွဲမည့် ခရီးစဉ်များအား အထူးလျှော့ဈေးကာလ သတ်မှတ်ပြီး ပရိုမိုးရှင်း လုပ်နေသည့် သတင်းကို တွေ့ရသည်၊

“ဒီဈေးကတော့ တကယ့်ကို ကြုံတောင့်ကြုံခဲ သက်သာတဲ့ ဈေးပါလား၊ အတော့်ကို စိတ်ဝင်စားစရာပဲ…”

“အင်းလေ… အဲဒါ ပြောတာပေါ့၊ ဈေးက ဒီလောက်သက်သာနေတာ၊ ရှေရီ စင်္ကာပူကို ပြန်မသွားချင်ဘူးလား…?“

စင်္ကာပူ…၊ လွန်ခဲ့သည့် တစ်နှစ်က ရောက်ခဲ့ဖူးသော ကျွန်းကလေး…၊ ချစ်ခင်ရသော ရေးဖော်၊ ဖတ်ဖော် ညီအစ်ကို၊ မောင်နှမတစ်ချို့နှင့် ကိုယ်တိုင်ကိုယ်ကျ ဆုံခဲ့ဖူးရာ ကျွန်းကလေး…၊ ဒီကျွန်းကလေးဆီကို ပြန်လာဖို့ စိတ်ဆန္ဒ ရှိခဲ့ပေမယ့် ဘယ်အချိန်လောက် မှာဖြင့် နောက်တစ်ခေါက် ပြန်လာမယ်ဟု ကြိုတင်တွေးထားခြင်း မရှိတာ ဝန်ခံရပါမည်၊ အခုတော့ မအိမ်သူက မေးနေခဲ့ပြီ၊ ပြန်မသွားချင်ဘူးလား-တဲ့…၊

“အင်း ဟုတ်တော့ဟုတ်တယ်…၊ ဒီလောက်သက်သာတဲ့ ဈေးနှုန်းကို တွေ့ပြီးမှ ကိုယ်နဲ့မဆိုင်သလို လွှတ်ပေးလိုက်ရမယ်ဆိုရင်လည်း နှမြောစရာ…”

အခုလို ရုတ်တရက်ကြီး ဆိုင်းမဆင့်ဗုံမဆင့် ဆုံးဖြတ်ဖို့ဆိုသည်က သိပ်တော့မလွယ်…၊ ကိုယ့်ရဲ့ စိတ်ရင်းဆန္ဒရယ်၊ မိသားစုနဲ့တာဝန်တွေရယ် အကြားမှာ အဖြေက တိကျရေရာမှု မရှိလှ…၊

“တကယ်ပြောတာ…၊ ဒီလို ဈေးသက်သာတဲ့ အခွင့်အရေးက ရဖို့သိပ်မလွယ်ဘူး၊ ဆိုတော့ သွားချင်တယ်ဆိုရင် သွားသာသွား…၊ အိမ်အတွက်က ဘာမှပူစရာ မလိုပါဘူး…”

အတွေးတို့ မဆုံးခင်မှာပဲ မအိမ်သူက ထပ်ပြီးတိုက်တွန်းပြန်သည်၊ စိတ်ထဲက ဇဝေဇဝါဖြစ်မှုတို့က နေရောင်နွေးနွေးအောက်မှာ လွင့်ပါးကုန်သည့် မြူနှင်းတို့နှယ်…၊ မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်း ငြိမို့ သိပ်မကြာခင်မှာပဲ ဆုံးဖြတ်ချက်က ကျသွားခဲ့သည်၊ သူမ၏ နားလည်၊ စာနာမှုတို့ အတွက် ကျေးဇူးတင်မိပါသည်၊

တကယ့်ကို မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်ကိန်း…၊ ထိုသို့ဖြင့် တစ်နှစ်ကျော်ကျော်အကြာမှာ ခြင်္သေ့ကျွန်းကလေးပေါ်သို့ နောက်တစ်ကြိမ် ပြန်ရောက်ဖို့ ဖြစ်လာခဲ့လေတော့သည်၊


++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


တစ်နှစ်ဆိုသည့် အချိန်က ပြောင်းလဲမည်ဆိုလျှင် အရာများစွာ ပြောင်းလဲဖို့အတွက် ကောင်းစွာလုံလောက်ပါသည်၊ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်နေသည့် မြန်မာနိုင်ငံနှင့်အတူ လိုက်ပါရွေ့မျောရင်း နိုင်ငံသား အချို့တို့၏ နေ့စဉ်ဘဝတို့လည်း ပြောင်းလဲခဲ့ရသည်၊ ဤသို့ဖြင့် ကျွန်းကလေးမှာ ဆုံတွေ့ခဲ့ဖူးသော အာဂန္တု ကွှန်းသူ၊ ကျွန်းသားတစ်ချို့ မရှိကြတော့…၊ တစ်ချို့က အိမ်ပြန်ကုန်ကြသလို တစ်ချို့ကတော့ အခြားနိုင်ငံတွေကို ရောက်သွားကြသည်၊ ဆုံခဲ့ဖူးသူ တစ်ချို့နှင့် မတွေ့နိုင်တော့သလို ခြင်္သေ့ကျွန်းကလေးမှာ တွေ့ကြုံရမည့် အနေအထားတို့ကလည်း အရင်တစ်ခေါက်ကနှင့် တူမည်မထင်ပါ၊ မနှစ်တုန်းက ကျွန်းကလေးပေါ် ရောက်တုန်းရောက်ခိုက်မှာ စာပေဟောပြောပွဲ ကျင်းပသည့်ရက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံခဲ့ရသေးသည်၊ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ နားထောင်ခွင့်ရသည့် ရှားရှားပါးပါး အခွင့်အရေး တစ်ခုမို့ များစွာ ကျေနပ်ဝမ်းမြောက်ခဲ့ရသည်၊ ယခုတစ်ကြိမ်မှာတော့ နတ်ပြည်မှ အပ်တစ်ချောင်းက လူ့ပြည်မှအပ်ကို ဆုံနိုင်တော့မည် မထင်…၊

ကျွန်းကလေးဆီ မရောက်ခင် ဆက်တိုက်ရွာနေခဲ့သော မိုးက ကျွန်းကလေးပေါ် ရောက်သည့်နေ့မှ စပြီး လုံးဝတိတ်သွားကာ သွားလာလည်ပတ်သမျှ နေရာတိုင်းက ခြောက်သွေ့၊ သာယာနေခဲ့သည့် အဖြစ်ကို ပြန်ပြီး သတိရမိသည့်အခါ ပြုံးမိသည်၊ ရာသီဥတုနှင့် ပတ်သက်ပြီး တစ်ကြိမ်ကံကောင်းဖူးလျှင် နောက်တစ်နှစ်မှာလည်း ဆက်ပြီး ကံကောင်းတတ်ပါသလား? ဒါလည်း သိပ်တော့ မသေချာပါ၊ အခုအချိန်မှာ တွေးကြည့်နေတာထက် နောက်တစ်လ အကြာမှာ ပြေးကြည့်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မည်၊ ခုံတစ်လုံးပေါ်မှာ ငြိမ်သက်စွာ ထိုင်ပြီး ပြန်ပြောင်းတွေးတောသည့် အခါကျတော့လည်း တစ်နှစ်ဆိုသည်က မနေ့တစ်နေ့ကအတိုင်း…၊ လူများ၊ လမ်းများ၊ ရနံ့များက ရစ်ဝဲဝေ့ပျံ့ကာ စိတ်အာရုံမှာ အစီအရီ ပေါ်လာကြသည်၊

တကယ်တော့ ပြောင်းလဲခြင်းတရားတို့ဖြင့် ရစ်ပတ်ရံခွထားသော လောကမို့ ကျွန်းကလေးဆီမှာ ကြုံရမည့် အပြောင်းအလဲတို့ကလည်း သဘာဝကျပါသည်၊ အခြေအနေ၊ အချိန်အခါတို့က တစ်နှစ်စာပိုပြီး အိုမင်းသွားသည့်တိုင် ချစ်ခင်လေးစားရသော စာရေးဖော်၊ စာဖတ်ဖော် မောင်နှမတစ်ချို့နှင့်တော့ဖြင့် နုပျိုလန်းဆန်းစွာ တွေ့နိုင်ကောင်းသည်ဟု အနည်းဆုံးတော့ မျှော်လင့်မိပါသည်၊ ကျွန်းကလေးကကော…? အရင်တစ်ခေါက်ကလိုပဲ နွေးထွေးဖော်ရွေစွာ ကြိုဆိုတတ်သည့် ကျွန်းကလေးအဖြစ် ရှိနေဆဲလား? ရောက်ဖူးနေသည့် ခရီးတစ်ခု ဖြစ်သည့်တိုင် သွားရတော့မည် ဆိုသည့်အခါ စိတ်လှုပ်ရှား၊ ပျော်ရွှင်ရတာက ဓမ္မတာပဲ ဖြစ်ပါလိမ့်မည်…။ ။


ညီလင်းသစ်
၁ မတ်၊ ၂၀၁၄

17 comments:

  1. ကိုညီလင်းသစ်ရဲ့ ခရီးသွားပို့(စ်)တွေ ဖတ်ရပြန်အုန်းတော့မည်။ :) :) :-)

    ReplyDelete
  2. ဓါတ်ပုံအက်ဆေးကို လှပသေသပ် သိမ်မွေ့ညင်သာစွာ ရေးလေ့ရှိတဲ့ ကိုညီလင်းသစ်ရဲ့ ခရီးသွားပို့စ်လေး အသက်ဝင်လာအုန်းမှာမို့..စောင့်မျှော်လျှက်ပါ..
    ခု ကွန်မန့်လေးချန်ရစ်ခဲ့ပါတယ် အကို ညီလင်းသစ် :)

    ReplyDelete
  3. အယ် ကိုညီလင်းသစ် စလုံးကို လာဦးမယ်ပေါ့၊ ဝမ်းသာလိုက်တာ….။ တွေ့ကြဦးမယ်လေ နော်။ လူတွေက တစ်နှစ်စာအိုမင်းသွားပြီ ကိုညီလင်းသစ်ရေ….။ ခင်မင်ဖော်ရွေမှုတွေကတော့ အရင်အတိုင်းရှိနေမှာပါ။ မချစ်နဲ့အတူ ကျန်တဲ့ကျွန်းသားမောင်နှမတွေက နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင့်။ (တကယ်လည်း ခုတစ်လော စလုံးမှာ အတော်ပူနေတာ)

    ReplyDelete
  4. ရက်တွေညောင်းပြီး လတွေပြောင်းလို့ တစ်နှစ်တာ အိုမင်းသွားပေမယ့် စာဖတ် စာရေး မိတ်ဆွေတို့ရဲ့ ချစ်ခင်နွေးထွေးမှုတွေကတော့ ဘယ်တော့မှ အိုမင်းရင့်ရော်သွားမယ်မထင်ဘူး မောင်ညီလင်းရေ..
    ဧပြီလလောက်သာ သွားဖြစ်ရင် တီတင့်မှာ..မောင်ညီလင်းတို့ မိသားစုကို ကျွန်းလေးမှာ ဆုံနိုင်ခွင့် မျှော်လင့်ချက်ရောင်ခြည်လေးရှိနေတယ်...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  5. မောင်မျိုးMarch 1, 2014 at 7:54 AM

    အသစ်သော ပျော်ရွှင်မှုတွေ ရပါစေ အစ်ကိုး)

    ပျော်စရာကြီး

    ReplyDelete
  6. ဟန်ကြည်March 1, 2014 at 12:23 PM

    စိတ်ရှည်လက်ရှည်နဲ့ ကျကျနန ရေးတတ်တဲ့ ကိုညီလင်းသစ်ရဲ့ ခရီးသွားပို့စ်တွေ ဖတ်ခွင့်ရဦးမယ်ဆိုတဲ့ သဘောပဲဗျို့...ခရီးသွားစာပေကို ရသပါအောင် ရေးနိုင်တာကို လေးစားရင်းစွဲရှိတာကြောင့် စောင့်မျှော်လျက်ပါဗျား...

    ReplyDelete
  7. မဆွေလေးမွန်…
    ဟုတ်.. ခရီးက သွားမှာ သေချာပေမယ့် ဘာတွေ၊ ဘယ်လောက် ရေးဖြစ်မလဲတော့ မသေချာသေးဘူးဗျ..၊း))

    မထရီဆာ…
    ကျနော်လည်း ရေးနိုင်မယ်လို့တော့ မျှော်လင့်တာ ပါပဲဗျာ၊ ခုလို ကွန်မန့်လေး ချန်ခဲ့လို့လည်း ကျေးဇူးပါနော်…၊

    အစ်မချစ်…
    ဟုတ်ကဲ့ အစ်မ…၊ အခါအခွင့် သင့်တော့လည်း လာရဦးမှာ ပေါ့လေ..၊း) ကျွန်းသားတွေက နွေးထွေးစွာ ကြိုနေမယ် ဆိုလို့လည်း ဝမ်းသာရပါသဗျာ..၊ ဆုံကြမယ်နော်…၊း)

    တီတင့်…
    ဟုတ်ပါတယ်လေ..၊ တစ်နှစ်လောက် ပြောင်းသွားရုံနဲ့တော့ ညီအစ်ကို မောင်နှမတွေရဲ့ ခင်မင်မှုက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ ကျနော် ဧပြီလဆန်းအထိ ခြင်္သေ့ကျွန်းမှာ ရှိနေဖြစ်မယ် တီတင့်ရဲ့…၊ ထပ်ဆုံခွင့်ရရင်တော့ အမိုက်ပဲ…၊း))

    မောင်မျိုး…
    ကျေးဇူးပါ ညီရေ…၊ မတွေ့တာကြာပြီ၊ နေကောင်းတယ်ဟုတ်?း)

    ဆရာဟန်…
    ခရီးက သွားမှာတော့ သေချာပါရဲ့…၊ အဲဒီခရီး အကြောင်းကို ပြန်ရေးဖို့ မုဒ်ဘယ်လောက် ဝင်မလဲလို့ မသေချာတာလေး တစ်ခုပါပဲဗျာ…။း))

    ReplyDelete
  8. ရို်က်ချက်ပြင်းတဲ့ ဓာတ်ပုံလှလှလေးတွေ မြင်ရတော့မည်...:P

    ReplyDelete
  9. အကိုရေ...ခရီးသွားပိုစ့်တွေ မျှော်နေပါ၏

    ReplyDelete
  10. I am sure you'll have a great time over there again! Wish you have an another beautiful trip on lion island. :)

    ReplyDelete
  11. အသစ်တဖန်ပြန်လည်၍...

    ညီ

    ReplyDelete
  12. This time, please see the Padauk tree from orchard. :)

    ReplyDelete
  13. Lucky you.. :)
    Have a great trip..
    N/A

    ReplyDelete
  14. တစ်နှစ်ဆိုတဲ့အချိန်ကခဏလေးပဲနော် မနှစ်က အစ်ကိုရေးတဲ့ စလုံးခရီးသွားပို့စ်တွေပုံတွေကိုကြည့်ခဲ့ဖတ်ခဲ့တာဖြင့် မနေ့တနေ့ကလိုပဲ...။

    ReplyDelete
  15. ညီမစန်းထွန်း…
    ညီမ,ပြောမှ ကင်မရာကို ဖုန်သုတ်ဖို့ သတိရသွားပြီ…၊း)

    ညီမပစ်ပစ်…
    အဆင်ပြေသလို ရေးပါ့မယ် ညီမရေ…၊

    Lil Sis Zun…
    Thanks sis! Hope I'll have fun, too. :)

    ညီ…
    အချိန်ကျလာတော့လည်း…

    Anonymous…
    Ha ha ha.. you're right. :D I'll try not to forget to do so this time. Thanks for your reminder! :)

    Ko N/A…
    Thanks bro…!

    ညီမမိုး…
    ဟုတ်တယ်ဗျာ..၊ အချိန်ကုန် မြန်ချက်တော့ ကျနော့်စိတ်ထဲ မနှစ်တုန်းက စလုံးကို ယူသွားခဲ့တဲ့ သေတ္တာတောင်မှ အကုန်မထုတ်ရသေးဘူး လားလို့..။းD

    ReplyDelete
  16. တစ်နှစ်ဆိုတာက ခနလေးပါလားနော်...
    လေကြောင်းလိုင်းတွေ လက်မှတ်ခဈေးများများချပါစေ... ဒါမှ ကိုညီတစ်ယောက် ခရီးတွေသွား.. ကျွန်မတို့လဲ ခရီးသွားဆောင်းပါး ကောင်းကောင်းလေးတွေကို ရိုက်ချက်လှလှလေးတွေနဲ့ ဖတ်ရမှာ...။ ဘယပဲဖြစ်ဖြစ် သတင်းလှမ်းပေးတဲ့၊ ခရီးသွားခွင့်ပေးတဲ့ မအိမ်သူရဲ့ ကျေးဇူးကိုတော့ ထိုက်ထိုက်တန်တန် ပြန်ဆပ်လိုက်ပါနော်..:)

    ReplyDelete
  17. ခုချိန်လာပါ သင့်အားမီးခိုးများက စောင့်ကြိုလျှက်ပါး))))

    ReplyDelete