တခါတုန်းက
မျက်မမြင်ပုဏ္ဏားခြောက်ယောက်
ဆင်တစ်ကောင်ကို
စိတ်ကြိုက်စမ်းသပ်အပြီးမှာ
ဆင်ကြီးက တွေးတွေးဆဆနဲ့
စကားလုံးတွေ ပစ်ချသတဲ့...၊
ဆင်ဆိုတာ အကြီးမားဆုံးမို့
နေမကောင်းရင်တောင်
ဆင်ပိန်ကျွဲလောက် တဲ့၊
အားကောင်းသလို
အစားလည်း တောင်းလို့
ဆင့်ပါးစပ်နှမ်းပက် လုပ်လို့မရဘူး၊
မဝရေစာ ဘယ့်နှယ့်ဗျာ
အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်ကုန်မှာပေါ့၊
ဆင်တွေများ သိမ်မွေ့ချင်တော့
ဆင်မယဉ်သာ ပေါ့
အဲ..ဆင်တွေတဏှာခြုံ
ဆင်မုန်ယို တော့
ထင်တိုင်းကြဲစတမ်း...၊
လာမကပ်နဲ့
သိတယ်မဟုတ်လား !
ဆင်သွားလမ်းဖြစ် တဲ့
ဆင်ကောင်းမပြောနဲ့
ဆင်ကန်းတောတိုး
ဘယ်လိုဆိုးတယ်ဆိုတာ သိမှာပါ၊
ဒီလိုသြဇာကြီးမားတဲ့ဆင်
လူတွေက သဘောတကျနဲ့ အတုခိုးပြီး
အခန်းဝမှာသုံးထား
ဆင်နားရွက်တံခါး
တခါ အဆောင်လက်ဖွဲ့လိုဝတ်
ဆင်မြီးလက်စွပ် တဲ့၊
ကဲ..ဆင်တွေရဲ့ လွှမ်းမိုးမှု
ဂရုမပြုလို့ရမလား
လယ်ပြင်မှာဆင်သွားသလို
ထင်ရှားနေတော့လည်း
(ကန်တော့ပါရဲ့)
ဆင့်ဖင်ခေါင်း ပဲဆိုဆို
ကြီးကျယ်ပြီပေါ့၊
အဲ..ဆင်ပြောင်ကြီးအမြီးကျမှတစ် ဆိုသလို
ဆင်လည်းလေ လောကီသားပေမို့
ဆင်သတ်အရပ်ဝေ မယ့်
ပုဂ္ဂိုလ်တွေနဲ့တွေ့လည်း တွေ့ရော
ဟော..စောစောက
ဆင်ဖြူတော်မှီကြံစုပ် ခဲ့တဲ့ကောင်တွေ
ဘယ်ပျောက်ကုန်ကြလဲ၊
မထူးတော့မယ့်အတူ
တစ်ကောင်တည်းပဲ ဆင်ကြံ,ကြံ
မျက်ရည်ခံထိုးတောင်းပန်ရင်း
ဆင်ကျီစားရာဆိတ်မခံသာ ဖြစ်သွားရင်
ခွင့်လွှတ်ပါ တဲ့၊
(အင်း...အခုမှတော့)
ဆင်သေကိုဆိတ်ရေနဲ့ဖုံး
ရနိုင်ပါအုံးမလား ။ ။
ညီလင်းသစ်
၁၅ ဒီဇင်ဘာ၊ ၂၀၀၈
ဂျပန်သွား တောလား - ၁၁
-
Day 12 - 3 hours Shinkansen bullet train from Fukuoka to Kyoto
- Temples, shopping in Kyoto
- the best & most expensive eels I had ever had
April 1, 2...
18 hours ago
4 comments:
ဆင်စီးပြီး မြင်းရံနေတာပဲမြင်ချင်ပါတယ်။
ဆင်နင်းပြီး မြင်းကန်တာ မမြင်ချင်ပါဘူး ဆိုတာလည်းရှိတယ်နော်။
ဘုရားလောင်း ဆင်မင်းဘ၀ကတော့ဇာတ်သိမ်းမလှဘူး။ မိန်းမတစ်ယောက် စနက်နဲ့ သေဆုံးရတယ်လေ။
ရေးလည်းရေးတတ်ပါပေ့ ကိုညီလင်းသစ်ရေ..။
ဒါနဲ့ “ဆတီပင်ဆိုလာ့စ်” ဆိုတဲ့ ပုဂ္ဂိုလ်ကို “ဆင့်ဖင်ဆိုလား” ဆိုပြီး စောင်းရေးကြတာတွေမှတ်မိတယ်။
တော်သေး.. တထိတ်ထိတ်နဲ့ ဖတ်သွားတာ.. ဆင့်- ခွေးမျှော်လို့ မပါတာ။ ဟီးးး :P (ဗမာတွေကတော့ ပြောတတ်ပါ့နော်)..။ ဟိုခေတ်တခါက ဆင်ဝန်ကတော် ဆိုတာလည်း ရှိတယ်ဗျ.. မြို့မငြိမ်းတောင် သီချင်းရေး ထားသေး။ ဒါတော့ ဆင်လည်း ဆင့်အထွာပေါ့နော..။ ဆင်ကြီး ဂဠုန်ချီ မဖြစ်ရင် တော်ပါပြီ...
ဟုတ်ပ မယုဝရီနဲ့ အမမေငြိမ်းရေ...ဆင်တစ်ကောင်လုံး ကုန်အောင်ပြောနည်းလို့ မှတ်ရတော့မှာပဲထင်ပါရဲ့..၊ ဆင်နဲ့ပတ်သက်တာတွေ အကုန်မရေးမိဘဲ ကျန်သေး တယ်ဆိုရင်တော့ ထိုးမယ့်ဆင်နောက်တစ်လှမ်းဆုတ် တယ်လို့ပဲ မှတ်ပါတော့ဗျာ :D
:))
ဆင်တွေနဲ့ ချာလပတ်လည် သွားတယ်
အဲလောက် စုံအောင်ရေးနိုင်တာ အံ့သြကော
:P :P
Post a Comment