19 January 2011

တောင်ပေါ်မှာ ၂၀၁၀ ကိုထားရစ်ခဲ့


ပြီးခဲ့တဲ့နှစ်ရဲ့ နောက်ဆုံးတစ်ပတ်မှာ ကျနော်တို့မိသားစု ခရီးထွက်ဖြစ်ပါတယ်၊ ခရစ္စမတ်နေ့ကနေ နှစ်ဆန်း တစ်ရက်နေ့အထိ တောင်ပေါ်မှာ သွားနေဖြစ်တယ်၊ နှစ်တိုင်းလိုလို ဒီလိုကာလမှာ တနေရာရာကို ကျနော်တို့ သွားလေ့ရှိပါတယ်၊ ဒါပေမယ့် သိပ်ဝေးဝေးလံလံ တော့လည်း မဟုတ်ပါဘူး၊ အများအားဖြင့် တောင်ပေါ်မှာ Chalet တစ်လုံးငှားပြီး သွားနေဖြစ်တာပါပဲ၊ ဆွစ်ဇာလန်မှာက ခရစ္စမတ်နဲ့ နှစ်သစ်ကူးကြားက ရုံးပိတ်ရက် မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော့်အလုပ်ကတော့ Lab တစ်ခုလုံး နားလည်မှုနဲ့ ဒီလိုကာလမှာ ဘယ်သူမှ အလုပ်မလုပ်ကြဘူး၊ မအိမ်သူကတော့ ခွင့်ယူပါတယ်၊ ဒီလိုမျိုး ခရီးတွေထွက်ဖို့ကိုလည်း သူပဲ ရှာလေ့၊ ဖွေလေ့ရှိပါ တယ်၊ အင်တာနက်မှာ၊ မဂ္ဂဇင်းပေါင်းစုံထဲမှာ၊ သတင်းစာကြော်ငြာတွေမှာ အစရှိသဖြင့်ပေါ့၊ ဒီလို ရှာဖွေတာမျိုး ကျနော်လည်း အရင်က လုပ်လေ့ရှိပေမယ့် ဒီလို အပန်းဖြေခရီး ရှာတာ၊ လေကြောင်းခရီး ရှာ တာ၊ သွားစရာ destination ရှာတာ မျိုးတွေမှာတော့ အမှန်အတိုင်း ပြောရရင် သူက ကျနော့်ထက် ပိုမြန် တယ်၊ ကျနော်တွေ့ထားတာတွေထက် သူတွေ့တာတွေက ဈေးပိုသက်သာလေ့ ရှိတယ်၊ တကယ်တော့ လည်း သိပ်မဆန်းပါဘူး၊ သူက ဒီ field ထဲမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ဖူးတာကိုး၊ ဆိုတော့ ဒီလိုကိစ္စတွေမှာ ကျနော်က သူ့ကိုပဲ လွှဲပေးထားလိုက်တော့တယ်၊ ဟုတ်တယ်လေ..၊ အချင်းချင်းတွေ တမိုးတည်းအောက် ဘာဖြစ်လို့ ပြိုင်နေမှာလဲ၊ ကျွမ်းကျင်ရာ လိမ္မာပဲဥစ္စာ...၊

အခုလည်း ဒီခရီးကို သူပဲ စီစဉ်တာပါ၊ တကယ်တော့ ၂၀၁၀ ဒီဇင်ဘာမှာ သွားဖို့ကို ၂၀၀၉ ဒီဇင်ဘာကတည်း က ကြိုပြီး ဘွတ်ကင်လုပ်ထားခဲ့ရတာ...၊ အဲဒီတုန်းက မှတ်မိသေးတယ်၊ ကျနော်ကတောင် 'ဟင်..ဒီလောက် အစောကြီးထဲက လုပ်ဖို့လိုသလား' လို့တောင် မေးလိုက်သေးတယ်၊ သူက 'အားလုံးနီးပါး ပြည့်နေပြီ၊ အခုထဲ ကလုပ်ထားမှ ရမှာ' လို့ပြန်ပြောတယ်၊ တိုတိုပြောရရင် အခန်းငှားဖြစ်သွားတယ်ပေါ့၊ အခုတော့လည်း ဤခရီး နီးသလား မေးရပြီ၊ သွားခဲ့တဲ့ တောင်ပေါ်ရွာလေးနာမည်က "Leysin" (လေဇန်း) တဲ့...၊


Photobucket
ခရစ္စမတ်နေ့ မနက်ဟာ နှင်းတွေနဲ့ ဖွေးနေခဲ့တယ်၊ မှတ်မှတ်ရရ ၂၄ ရက်နေ့က တညလုံးနှင်းတွေ ကျနေခဲ့တော့ ဒီနှစ်မှာ ထူးထူးဆန်းဆန်း White Christmas ဖြစ်သွားတယ်၊ ယူသွားတဲ့ ပစ္စည်းတွေကတော့ မြင်တဲ့အတိုင်း အစုံပါပဲ၊ ပန်းသီးဖျော်ရည်ပုံး၊ ထင်းချောင်းတွေ၊ အာလူး၊ ဝိုင်သေတ္တာ၊ ဘာတွေ ဘယ်လိုများနေမှန်းကို မသိတော့ဘူး၊ အိမ်အပြီး ပြောင်းတာကျနေတာပဲ၊ သားရဲ့ sledge အတွက်တောင် နေရာ သိပ်မကျန်ချင်ဘူး၊ တကယ်တော့ Leysin မှာအကုန် ရပါတယ်၊ ဒါပေမယ့် ကျနော်တို့နေမယ့် နေရာက တောင်ကုန်းပေါ်မှာဆိုတော့ တခုခုလိုရင် ရွာထဲကို ခဏခဏ ဆင်းဝယ်နေရာမှာ စိုးလို့...၊


Photobucket
ရွာထဲက လမ်းမ တနေရာ..၊ Leysin က ပင်လယ်ရေမျက်နှာပြင် မီတာ ၁၄၀၀ ကျော်ကျော်မှာ ရှိပါတယ်၊  အဲလ့်ပ်စ် (Alps) တောင်တန်းပေါ်က ရွာကလေးပါ၊ ကျနော်တို့နေတဲ့ မြို့ကနေ ၄၅ မိနစ်လောက် ကားမောင်းသွားရင် ရောက်တယ်၊ နှင်းက တစ်ရက်ကြိုပြီး ကျထားတာဆိုတော့ လမ်းမတွေအားလုံး ဖုံးနေခဲ့တယ်၊ ဒါပေမယ့် နှင်းရှင်းစက်တွေနဲ့ နှင်းကျပြီးတိုင်း ရှင်းလေ့ ရှိပါတယ်၊ ကျနော်တို့ ကားထားရမယ့် ကားပါကင်ကတော့ လမ်းမ,ကနေ နဲနဲမတ်မတ် တက်ရတယ်၊ ဒါ့ကြောင့် ဒီ Chalet တွေကိုလာတဲ့ ကားအားလုံး ပါကင်လမ်းကို မတက်မီ ကားဘီးတွေကို ချိန်းကြိုးတပ်ပါလို့ သတိပေးကြတယ်၊ ကျနော်တို့ ရောက်သွားလို့ ကြည့်လိုက်တော့ တပ်တဲ့ကား သိပ်မရှိပါဘူး၊ ဒီလိုပဲ မောင်းနေကြတာပဲ၊ ဒါပေမယ့် မအိမ်သူ က စိုးရိမ်နေတာရယ်၊ သားလည်း ပါလာတာရယ်ကြောင့် ကျနော်လည်း ချိန်းကြိုးတပ်ပြီး မောင်းလိုက်တယ်၊


Photobucket
ကျနော်တို့ နေခဲ့တဲ့ Chalet က တတိယမြောက်ပါ၊ တကယ်တော့ ဒီအိမ်လေးတွေက ဆွစ်ရိုးရာဆန်ဆန် သစ်သား Chalet တွေတော့ မဟုတ်ပါဘူး၊ အဲဒီရိုးရာ အိမ်တွေက သစ်သားသက်သက်နဲ့ပဲ ဆောက်ကြတာ များတယ်၊ အခုအိမ်လေးတွေကတော့ အုတ်တဝက်ဆိုတော့ ရိုးရာမဆန်ပေမယ့် နေရာကောင်းလို့ ရွေးဖြစ် ပါတယ်၊ အားလုံးပေါင်း ဘန်ဂလို အလုံး ၂၀ ရှိပါတယ်၊ ပုံထဲမှာ ဓါတ်ပုံဆရာရဲ့ အရိပ်ပါနေလို့ သိပ်မမိုက်ဘူး၊ ပထမ photoshop မှာ clone out လုပ်ဦး မလို့ပဲ၊ နောက်တော့လည်း ဒီလိုပဲ ထားဖြစ်သွားတယ်၊ စိတ်မရှိပါနဲ့ဗျာ...၊ :D


Photobucket
ဘန်ဂလိုရှေ့ ဝရန်တာကနေ မြင်ရတဲ့ မြင်ကွင်းပါ၊ ကျနော်တို့က တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့ Ski slope ရဲ့ လမ်းကြောင်းတည့်တည့်ပေါ်မှာ ရှိတာမို့ ski စီးတဲ့သူတွေ အတော်ကြိုက်တဲ့ နေရာဖြစ်ပါတယ်၊ တောင်ပေါ်ကိုတော့ အဲဒီ Teleférique cable car တွေနဲ့ တက်ကြတယ်၊ ခပ်လှမ်းလှမ်းက ski slope သေးသေးလေးကတော့ ski သင်တဲ့ သူတွေ စီးလေ့ရှိတဲ့ နေရာဖြစ်ပါတယ်၊


Photobucket
ဒီမြင်ကွင်းကိုပဲ zoom နဲ့ ရိုက်ထားတာပါ၊ ကျနော်တို့ဆီမှာ ဆောင်းတွင်းဆိုရင် အဲ့လ်ပ်စ်တောင်တန်းတွေပေါ်မှာ ကောင်းကင်ပြာပြာနဲ့ ကြည်လင်သာယာသလောက် ကျနော်တို့နေတဲ့ တောင်ခြေ ရေကန်စပ်မှာတော့ တိမ်စိုင်တွေ ဖုံးအုပ်နေတတ်တယ်၊ အဲဒီတိမ်တွေ ပေါ်ကျော်ပြီး အခုလို တောင်ပေါ်ရောက်လာတော့ ရှုခင်းက တော်တော်လှပါတယ်၊ တောင်ကြားမှာ မြင်နေရတဲ့ အဲဒီ တိမ်မျှင်တန်းတွေက တနေ့လုံးလိုလိုပဲ ရှိနေခဲ့တယ်၊


Photobucket
တရက်မှာတော့ ကျနော်တို့ တောင်ပေါ်တက်ဖြစ်တယ်၊ တောင်ထိပ်က မီတာ ၂၃၀၀ ကျော်မှာ ရှိပါတယ်၊ ၃၆၀ ဒီဂရီ လည်နေတဲ့ စားသောက်ဆိုင် တစ်ခုရှိတယ်၊ အဝိုင်းပုံစံ ဆောက်ထားပြီးတော့ အပေါ်ထပ်မှာ တဖြည်းဖြည်းချင်း လည်နေတဲ့ tarrace တစ်ခုလုပ်ထားတယ်၊ စားသုံးသူတွေက ကိုယ့်စားပွဲမှာကိုယ်ထိုင်ရင်း ရှုခင်းကို တပတ်လုံးအပြည့် ကြည့်နိုင်အောင် လုပ်ပေးထားတာပါ၊ ပေးရတာနဲ့ ရတဲ့ အစားအသောက် ကွာလတီကတော့ မတန်ပါဘူး၊ ကျနော်တို့က တော့ နေ့လည်စာ,စားပြီးမှ တက်လာတော့ အဲဒီမှာ ရေတောင် သွားမသောက်ခဲ့ဘူး၊ သားက ကြည့်ချင်တယ်ဆိုလို့ ပိုက်ဆံထည့်ကြည့်ရတဲ့ မှန်ပြောင်းပဲ သွားကြည့်ခဲ့တယ်၊


Photobucket
ကျနော်တို့ နေခဲ့တဲ့ တစ်ပတ်လုံးလိုလို သာယာပေမယ့် တောင်ပေါ်တက်တဲ့ နေ့ကျမှပဲ တိမ်ထူနေခဲ့တယ်၊ သားက ဘန်ဂလိုကနေ cable car တွေကို နေ့စဉ်မြင်နေရတော့ စီးချင်လို့ တချိန်လုံး ပူဆာနေခဲ့တယ်၊ စီးရမယ်လို့ ကတိပေး လိုက်တဲ့ နေ့ကျမှ မြင်ကွင်းက မကောင်းဘူး၊ ဒါပေမယ့် သူကတော့ ပျော်နေခဲ့တယ်၊ သာယာတဲ့နေ့ဆိုရင် ဟိုးရေကန်အစွန်းက ကျနော်တို့နေတဲ့မြို့ကို ဒီနေရာကနေ လှမ်းမြင်ရပါတယ်၊


Photobucket
တောင်ပေါ်ရောက်လာရင်တော့ တခြားတောင်ကြောတွေပေါ်အထိ ski စီးလို့ရအောင် လမ်းကြောင်းတွေ အများကြီး ရှိပါတယ်၊ တောင်ကြား valley ထဲကိုဆင်းလိုက်၊ chair lift နဲ့ပြန်တက်လာလိုက်၊ စသဖြင့် ကိုယ်အဆင်ပြေသလို စီးလို့ရတယ်၊ နောက်ဆုံး ရွာထဲကို ပြန်ဆင်းတဲ့ လမ်းကြောင်းတလျှောက် လိုက်သွားရင်တော့ ကျနော်တို့တည်းတဲ့ ဘန်ဂလို အစုကို ရောက်ပါတယ်၊ ကျနော်ကတော့ တမနက်ခင်းပဲ ski စီးဖြစ်လိုက်တယ်၊ မအိမ်သူက နေ့လယ်ပိုင်း စီးတယ်၊ တယောက်တလှည့် ကလေးထိန်းရင်းနဲ့...၊ ကျန်တဲ့ ရက်တွေမှာက သား ski သင်တဲ့နေရာကို အဖော်လိုက်သွား ပေးနေလို့၊ သားကို အဲဒီမှာ ski သင်ဖို့ ကျနော်တို့ စီစဉ်ပေးထားတယ်၊ သူ ski သင်တဲ့ အကြောင်းကို နောက်ပို့စ်မှာ သီးသန့်ရေးဖို့ စိတ်ကူးထားလို့ ဒီမှာ အသေးစိတ် မရေးတော့ပါဘူး၊


Photobucket
ဒါကတော့ အစ်ဂလူးဘား (Igloo bar)ပေါ့၊ ခပ်သေးသေးပါပဲ၊ တောင်ပေါ်ကို cable car နဲ့ရောက်လာရင် ညာဖက်မှာ ဆောက်ထားတယ်၊ အထဲမှာ စားပွဲရှည် ၆ လုံးလောက် ခင်းထားတယ်၊ ထိုင်ခုံတွေပေါ်မှာ သိုးရေ ခင်းထားပေးတယ်၊ အများဆုံး ရောင်းရတာတော့ ဝိုင်ပူ ပါပဲ၊ ဈေးလည်းသက်သာသလို အယ်လ်ကိုဟောအနည်းငယ်၊ အပူဓါတ် အနည်းငယ်ဆိုတော့ တော်တော်သောက်ကြတယ်၊ ဒီ အစ်ဂလူးကို နဲနဲစိတ်ဝင်စားလို့ မေးကြည့်တော့ လေဘော်လုံး အကြီးနဲ့ ဆောက်တာလို့ ဆိုတယ်၊ ဘော်လုံးကြီးကို လေထိုး၊ သူ့အပေါ်ကနေ နှင်းအတုတွေဖြန်း၊ တချိန်တည်းမှာ သိပ်သွားအောင် ရေပိုက်တွေနဲ့ ဖြန်း၊ ခိုင်လောက်ပြီဆိုမှ ဘော်လုံးကို လေလျှော့ပြီး ပြန်ထုတ်လိုက်တာပါ၊ လူ ၃ ယောက်နဲ့ဆောက်တာ ၈ နာရီကြာတယ် လို့ဆိုတယ်၊ နံရံထုက ၁ မီတာဝန်းကျင် ရှိပါတယ်၊


Photobucket
အစားအသောက်ပုံတော့ သိပ်မရိုက်ဖြစ်ခဲ့ဘူး၊ ဒါက New Year Eve မှာ အဆာပြေစားခဲ့တာပါ၊ ဘန်ဂလိုထဲမှာ မီးလင်းဖိုလေး တစ်ခုလည်းရှိတော့ သားက သိပ်သဘောကျတယ်၊ ကျနော် မီးမွှေးရင် သူကထင်းယူပေးရတာနဲ့၊ သတင်းစာ စက္ကူရှာပေးတာနဲ့၊ မီးခြစ်ကိုလည်း တချိန်လုံး ခြစ်ချင်နေတယ်၊ အဲဒီနေ့မှာ ကျနော်တို့မိတ်ဆွေ လင်မယား နှစ်ယောက်လည်း ရောက်နေခဲ့တယ်၊ မိတ်ဆွေ အမျိုးသမီးက မပေါ့မပါးကြီးနဲ့မို့ ဒီတောင်ပေါ်ခရီးကို အဆင်မပြေရင် မလာခဲ့နဲ့ ဆိုတာ ရောက်လာသေးတယ်၊ ဒါ့ကြောင့် လူကြီး ၄ ယောက်ပေမယ့် ဝိုင်ခွက်က ၃ ခွက်ထဲ ရှိတာပါ၊ ကိုယ်ဝန်သည်နဲ့ သားက သစ်သီး ဖျော်ရည်သောက်ကြတယ်၊


Photobucket
ဒီမှာ ပြောစရာရှိတာဆိုလို့ ရွာထဲ တခုခု သွားဝယ်ရတဲ့ဟာပဲ ရှိပါတယ်၊ ဒီလောက် ကားအပြည့်ထည့်ထားတာတောင် ဆပ်ပြာလုံးဝ ပါမလာဘူး၊ နောက်နေ့ကျတော့ ရွာထဲကို သွားဝယ်တယ်၊ ရွာက ဟိုးခပ်လှမ်းလှမ်း အောက်ခြေမှာ မြင်နေရတဲ့ အိမ်စုစုလေးတွေပါ၊ တခုခုလိုတိုင်း အဲဒီ ကွင်းပြင်ကြီးဖြတ်ပြီး သွား,သွားဝယ်ရတယ်..၊ တရက် ကျနော် တစ်ယောက်တည်း ဈေးသွားဝယ်ပြီး အပြန် ညနေ ခပ်မှောင်မှောင်မှာ အငဲရဲ့ 'ဒီကွင်းပြင်ကြီးပေါ် တို့လျှောက်ဖူးတယ်' ကို အော်ဆိုပစ်လိုက်တယ်၊ :D


Photobucket
ကျနော် ကင်မရာစမ်းရင်း ရိုက်ဖြစ်လိုက်တာပါ၊ သားက အဲဒီမှာ သိပ်ပျော်တယ်၊ နှင်းတွေထဲမှာ sledge စီးရတာ၊ မီးလင်းဖိုမှာ မီးမွှေးရတာ၊ နေ့ကလေးထိန်းကျောင်း သွားစရာမလိုဘဲ အဖေ၊ အမေနဲ့ တစ်ပတ်လုံးနေရတာ...၊ ကျနော် တို့အတွက်လည်း အဆင်ပြေပါတယ်၊ ည ၈ နာရီလောက်ဆို သူမျက်လုံး စင်းလာပြီ၊ အိမ်မှာဆို ၈ နာရီခွဲမှာ မနည်း သိပ်နေရတာ...၊ ပင်လယ်ရေမျက်မှာပြင် အမြင့်မှာဆိုတော့ သူ့ရဲ့ ခန္ဓာဗေဒက တုံ့ပြန်တာ ပြောင်းလဲသွားပုံပါပဲ၊ ၁ ရက် နေ့မနက် ပြန်လာတော့ သူက သိပ်မပြန်ချင်ဘူး၊ နောက် ဘယ်တော့ ပြန်လာဦးမှာလဲ ဆိုတာပဲ တမေးမေးနဲ့..၊ တကယ်တမ်း ပြန်ဆင်းလာတော့လည်း ၁၀ မိနစ်လောက်အတွင်းမှာပဲ စိတ်ပြေလက်ပျောက် ဖြစ်သွားတယ်၊ ၂၀၁၀ ရဲ့ နောက်ဆုံး တစ်ပတ်တာကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ မြန်မြန်ဆန်ဆန် ကုန်သွားခဲ့တော့တယ်...။ ။


ညီလင်းသစ်
၁၉ ဇန်နဝါရီ၊ ၂၀၁၁

10 comments:

  1. နှင်းတွေ သိပ်လှတာပဲ
    အားကျတယ်ဗျာ

    သားသားကြီးလာပြီနော် :P

    ReplyDelete
  2. ပုံတွေ မျှော်ရကျိုးနပ်သွားပြီး အားလုံးလှတယ် zoom နဲ့ရိုက်ထားတဲ့ပုံက တော်တော်လှတယ် လှတယ် ။

    သားကြီးလာရင်တော့ အဖေက ကင်မရမင်း သားကိုမော်ဒယ်ထိုင်ခိုင်းရင် ပိုကောင်းမယ်ဗျး) သူနေတာက ပုံတွေမှ စတိုင်လ်ကျနေတယ် ။

    ReplyDelete
  3. အစ်ကိုရေပုံတွေတအားကောင်းတယ်..။ အဲဒီရွာလေးမှာလည်းသွားနေချင်စရာ..အေးအေးချမ်းချမ်းနဲ့နေမှာဘဲ...။ တနှစ်လောက်တောင် ကြိုဘွတ်လုပ်ရတာလား...။ နှင်းတွေနဲ့တောင်တွေရှိတဲ့ Switzerland ကတော့ ကျွန်တော့်အတွက် Dreamland ဘဲ..။ ရောက်ဖြစ်အောင်လာခဲ့အုန်းမယ်..။ အောက်ဆုံးပုံက သားသား မျက်လုံးလေးတွေ သဘောကျတယ်..လက်နေတာဘဲ..။ သားအမိနှစ်ယောက်မှန်ပြောင်းကြည့်နေတဲ့ပုံကိုတော့ အကြိုက်ဆုံးဘဲ...။

    ReplyDelete
  4. သားလေးက ချောလိုက်တာအေ...
    တောင်ပေါ်ခရီးကလည်း သွားချင်စရာ..
    အမတို့ဆီမှာလည်း ၁နာရီခွဲလောက်မောင်းရတဲ့ နေရာမှာ အဲလို နှင်းဖုံးနေတဲ့ တောင်ပေါ်စခန်း ရှိတယ်။ ဒါမဲ့ မသွားဖြစ်သေးပါဘူး။ နောက်နှစ်တော့ သွားမလားလို့။ ခုတော့ ညီလင်းတို့ တောင်ပေါ်ရွာကို ကြည့်ပြီး သွားဖြစ်အောင် သွားမယ်လို့ တွေးနေတယ်..။
    ခုထိတော့ ဘယ်လောက်မှမဝေးတဲ့ Blue Ridge Mountains နဲ့ Shenandoah River ဆီကိုတောင် မရောက်သေးဘူးအေ..။ :(

    ReplyDelete
  5. မေ့လို့ ...ပို့စ် ခေါင်းစဉ်လေးလည်းကြိုက်တယ်..း)
    ပုံတွေ စာတွေ အားလုံးအတွက်ကျေးဇူး

    ReplyDelete
  6. Nyi ...
    နှင်းတွေက တောင်ပေါ်မှာဆိုရင်တော့ လှတယ်ဗျ၊ မြို့မှာဆိုရင် ကျပြီးနောက်တစ်ရင် ကားမီးခိုးငွေ့တွေနဲ့ မည်းညစ်ပြီး ရုပ်ဆိုးသွားတယ်..၊ :(

    မောင်မျိုး ...
    ကျနော်လည်း အဲဒီပုံလေး ကြိုက်တယ်ဗျ၊ နောက်ခံ မြူခိုးတွေ ဝေနေတဲ့ Background နဲ့..၊ အဟဲ..သားက လောလောဆယ်တော့ ကင်မရာနောက်မှာ နေဖို့ ပိုစိတ်ဝင်စားနေတယ်၊ ကျနော်လုပ်သလို ကင်မရာ ခလုတ်တွေ လိုက်နှိပ်ချင်လို့...၊ :)

    ကိုဖြိုး ...
    ကျေးဇူးပါပဲ၊ တောင်ပေါ်မှာတုန်းကတောင် ကျနော် သတိရသေးတယ်၊ ကိုဖြိုးက တောင်တန်းတွေကို ကြိုက်တယ် ပြောဖူးလို့၊ လာသာ လာခဲ့ပါဗျာ၊ ကျနော်တတ်နိုင်တာ ကူညီဖို့ အဆင်သင့်ပါပဲ၊ အားလုံး လိုက်ပို့ပေးမယ်လေ...၊

    အမမေငြိမ်း ...
    ကျေးဇူး အမရေ့..၊ တောင်ပေါ်ခရီး ဆိုရင်တော့ သွားသာသွားဗျို့..၊ လေရှူရတာကအစ သန့်ရှင်းပြီး အရမ်းစိတ်ကြည်တယ်၊ အမဆို ကဗျာတွေ အများကြီး ထွက်ကျလာမယ် ထင်တယ် :)၊ Wow... အမက John Denver ရဲ့ အငွေ့အသက်တွေနားမှာ နေ,နေတာကိုး၊ ကျနော်တော့ အဲဒီ Blue Ridge Mountains တွေပေါ်မှာ Country Road သီချင်းဆိုချင်တယ်၊း)

    ကိုဖြိုး ...
    ပုံမှန် လာ,လာဖတ်နေလို့ ကျနော်က ကျေးဇူးတင် ရမှာပါ..၊ :)

    ReplyDelete
  7. Apls (အဲလ်ပ်စ်)တောင်တန်းတွေဆိုတာ
    ပထဝီမှာပဲ သင်ခဲ့ဖူးတာ..
    အခုတော့ မြင်ဖူးသွားပြီ..။
    ရှူခင်းတွေ အရမ်းလှတယ်..။

    ReplyDelete
  8. ဒီမှာတော့ ခရစ်စမတ် ပြီး နောက်တရက်ကျမှဘဲ နှင်းတွေကျသွားတယ် .. ဒီပို့စ်တက်သွားတာ မသိလိုက်ဖူး အခုမှသိလို့ ဖတ်သွားတယ် ဗျို့  )))
    သွက်သွက်ကလေး ဖတ်ရ ဓါတ်ပုံတွေလည်းကြည့်ရလို့
    ကျေးဇူးအထူးပါ ......

    mie nge

    ReplyDelete
  9. ပေါက် ...
    ကျေးဇူးတင်ပါတယ်ဗျာ...၊

    မ mie nge ...
    ပုံမှန် လာလာဖတ်တာ ကျနော်ကတောင် ကျေးဇူးတင်ရ မှာပါ...၊ :)

    ReplyDelete
  10. သားလေးက ချစ်ဖို့သိပ်ကောင်းတာပဲ။
    ဓာတ်ပုံတွေရိုက်ထားတာလဲ အရမ်းကောင်းတယ်။
    မဖတ်ရသေးတဲ့ စာတွေ ဖြည်းဖြည်းချင်း ပြန်လိုက်ဖတ်နေပါတယ်။

    ReplyDelete