21 January 2011

သားနဲ့ နှင်းလျှောစီးသင်တန်း


ကျနော်တို့ တောင်ပေါ်သွားဖို့ရက် နီးလာတဲ့အချိန်မှာ တနေ့ နှင်းလျှောစီးတဲ့အကြောင်း စကားပြောဖြစ်ကြတယ်၊ အဲဒီမှာ သားက သူလည်း ski စီးချင်တယ်လို့ ပြောလာတယ်၊ ကျနော်နဲ့ မအိမ်သူနဲ့ တစ်ယောက်မျက်မှာ တစ်ယောက်ကြည့်ပြီး ဘယ်လိုလဲလို့ မျက်လုံးချင်း စကားပြောကြတယ်၊ အမှန်တော့ သားအသက်က ၃ နှစ်နဲ့ ၄ လပဲ ရှိသေးတော့ နဲနဲတော့ ငယ်သေးတယ်၊ ဒါပေမယ့် တဖက်က ပြန်ကြည့်ရင်လည်း ဒီလိုသင်ခြင်းအားဖြင့် ဘာမှ ကြီးကြီးမားမား ထိခိုက်နိုင်စရာ အကြောင်းလည်း မရှိပါဘူး၊ ပြီးတော့ ဆွစ်လူမျိုးတွေက ski နဲ့အတူကို မွေးလာကြတဲ့ လူတွေ...၊ မအိမ်သူက အစ ကျနော်သိတဲ့ လူတွေအားလုံး ၄ နှစ်နဲ့ ၅ နှစ်လောက်မှာ နှင်းလျှောစီး စ,သင်ခဲ့ကြတဲ့ သူတွေချည်းပါပဲ၊ ဒီလိုနဲ့ပဲ ခရစ္စမတ် အားလပ်ရက်အတွင်း သားကလေး ski စီးသင်ဖို့ ဖြစ်လာခဲ့တော့တယ်...၊


Photobucket
မသွားခင် တစ်ပတ်အလိုမှာ သားအတွက် ski ကို သွားငှားကြတယ်၊ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ski ကို ဆောင်းရာသီ တစ်ခုလုံးစာ ငှားလို့ရပါတယ်၊ ဒီလိုငှားရင် တောင်ပေါ်စခန်းရောက်မှ တစ်ရက်စာ ငှားတာထက် အများကြီး ပိုသက်သာတယ်၊ Ski နဲ့အတူ ဖိနပ်၊ ဦးထုပ် တွဲပြီး ငှားတယ်၊ ကလေးဖြစ်တဲ့အတွက် ski တုတ်တံ မလိုပါဘူး၊ မျက်မှန်ကိုတော့ တကိုယ်ရေကျန်းမာရေး အကြောင်းကြောင့် ငှားလို့မရပါဘူး၊ ကိုယ့်ဟာကိုယ် ဝယ်ရတယ်၊


Photobucket
Ski သင်တန်းကို အိမ်ကနေပဲ အင်တာနက်ကနေ စာရင်းသွင်းလိုက်တယ်၊ တစ်ပတ် ၄ ရက်၊ တစ်ရက် ၁ နာရီခွဲ...၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း နှစ်ချိန်မှာ ကျနော်တို့ မနက်ပိုင်းကို ယူလိုက်တယ်၊ သားက ကလေးတို့ထုံးစံ... ငှားလာတဲ့ နေ့ကစ,လို့ ski ကို လက်က မချချင်တော့ဘူး၊ အိမ်ရာထဲတောင် ယူအိပ်မယ် လုပ်နေလို့ မနည်း တားထားရသေးတယ်၊


Photobucket
သင်တန်းက မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲအထိ ဖြစ်ပါတယ်၊ ကျနော်တို့ တည်းတဲ့ ဘန်ဂလိုကနေ နှင်းဖုံးကွင်းပြင် ကြီးကိုဖြတ်၊ ရွာလမ်းမပေါ် ရောက်ပြီဆိုရင် အခမဲ့ shutter bus တွေ စီးရုံပါပဲ၊ နာရီဝက် တစ်စီးရှိတယ်၊ နှင်းလျှောစီး သင်တန်းက ကလေးတွေအတွက် သီးသန့်လုပ်ထားတဲ့ snow park ထဲမှာ လုပ်တာကိုး၊ အဲဒီ နှင်းဥယျာဉ်က ရွာအဝင်မှာ ဆိုတော့ ၅ မိနစ်လောက် ကားစီးရပါတယ်၊ သင်တန်း စ,စချင်း ၁၅ မိနစ်လောက် သွေးပူလေ့ကျင့်ခန်း လုပ်ကြရတယ်...၊ ski ဖိနပ်ကြီးတွေက ကျပ်လည်းကျပ်၊ လေးလည်းလေးတာမို့ ဒါဟာအရေးကြီးပါတယ်၊


Photobucket
သားက သွေးပူလေ့ကျင့်ခန်း လုပ်တာကို စိတ်မဝင်စားဘူး၊ အတန်းစဖို့ လူစစ်၊ ပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ ခပ်လှမ်းလှမ်းမှာ ဆရာမတစ်ယောက်က 'စိန်ပြေးတမ်း ကစားမယ်၊ သူ့ကိုလိုက်ဖမ်း၊ ဘယ်သူအရင်မိမလဲ ကြည့်ရအောင်' ဆိုပြီး ထွက်ပြေးတော့ ကလေးတွေက အော်ဟစ်ပြီး လိုက်ဖမ်းကြတယ်၊ ဒါကို သားက မျက်မှောင် ကြုတ်ပြီး ကြည့်နေတယ်၊ သူ နားမလည်ဘူး၊ ski သင်ဖို့လာတာ ဘာဖြစ်လို့ သူ့နေ့ကလေးထိန်းကျောင်းက ကစားနည်း မျိုးတွေ ကစားနေကြတာလဲလို့ တွေးနေပုံရတယ်၊ ပြီးတော့ တစ်ယောက်တည်း ပြန်လှည့်လာပြီး ကွင်းစပ်မှာပုံထားတဲ့ သူ့ ski ကို သူ့ဟာသူ လာယူပြီး စီးမယ်လုပ်နေလို့ နည်းပြတစ်ယောက်က ပြန်လာဆွဲခေါ်ပြီး ရှင်းပြနေရတယ်၊ ကျနော်တို့က ခပ်လှမ်းလှမ်းက ကြည့်နေရင်း ရီနေရတယ်၊ နောက်တော့ အဲဒီနည်းပြကပဲ သူ့ကိုတွဲပြီး နဲနဲစီးခိုင်းလိုက်လို့ ကျေနပ်သွားတယ်၊


Photobucket
သားက ski ကို အခုကောက်ဝတ်၊ အခုစီး လို့ထင်နေပုံရတယ်၊ ဒါပေမယ့် တကယ်တမ်း သင်တန်းလည်းစ,ရော သူ သဘောပေါက်သွား တော့တယ်၊ ကုန်းမြင့်လေးပေါ်ကနေ နည်းပြတစ်ယောက်က ဒူးကိုနဲနဲ ညွှတ်ထား၊ ဒူးပေါ်မှာ လက်ကိုတင်ထား၊ ski ရဲ့ လားရာကို ထိန်းဖို့ ကိုယ်ကို ရှေ့ကိုနဲနဲ ကိုင်းထား... စသဖြင့် ရှင်းပြပြီး လွှတ်ပေးလိုက်တယ်၊ လမ်းကြောင်းက တိုတိုလေးပေမယ့် ရှေ့နားမှာ ဆီးဖမ်းမယ့် နည်းပြဆီကို သား ရောက်မလာပါဘူး၊ ညာဖက်ကို စောင်းထွက်သွားလိုက်၊ ဘယ်ဖက်ကို ကွေ့ဆင်းသွားလိုက်နဲ့...၊ တခါမှာ တစ်ပတ်လည်ပြီး နောက်ပြန်တောင် ဆင်းသွားသေးတယ်...၊


Photobucket
ဘယ်လိုပဲဖြစ်ဖြစ် သားအပါအဝင် ကလေးတွေကတော့ ပျော်နေကြတာပါပဲ၊ လဲတဲ့သူက လဲ၊ တစ်ယောက်နဲ့တစ်ယောက် တွန်းတဲ့လူက တွန်းနဲ့၊ အများစုက သားထက်ကြီးပုံရတယ်၊ တချို့မိဘတွေ ပြောသံအရလည်း မနှစ်ကတည်းက သင်ထားဖူးတဲ့ ကလေးတွေလည်း ပါတယ်၊ သူတို့တွေကတော့ ငြိမ်ငြိမ်လေး ထိန်းပြီး စီးနိုင်ကြတယ်၊


Photobucket
သားကတော့ ပထမဆုံး ဆိုပေမယ့် နဲနဲမှ မလျှော့ဘူး၊ လူလစ်တာနဲ့ တဖက်ခြမ်းက ၇ နှစ်၊ ၈ နှစ်အရွယ် အကြီးတန်း တွေ သင်တဲ့နေရာကို ပြေးတော့တာပဲ၊ အဲဒီမှာ တောင်ကုန်းကိုတက်ဖို့ Tire-fesse လို့ခေါ်တဲ့ လက်နဲ့ ကိုင်လိုက်သွား ရတဲ့ စက်သီးကြိုးတန်းနဲ့ ခုန်ဖို့ ကမူအငယ်လေးတွေ ရှိတော့ ဒါကို သူက စိတ်ဝင်စားသွားတာ၊ သူ့စိတ်ထဲ လွယ်တယ်များ မှတ်နေလား မသိပါဘူး၊ ဆရာမတစ်ယောက်က သွား,သွား ပြန်ဖမ်းလာရတယ်...၊ :D


Photobucket
နောက်ပိုင်းမှာ သင်တန်းသားလည်း များလာတော့ တခါစီးရဖို့အရေး၊ အကြာကြီး စောင့်နေရတာမျိုးလည်း ဖြစ်လာတယ်၊ ကလေး ၂၀ လောက်နဲ့ နည်းပြက ၅ ယောက်ထဲဆိုတော့ ခရီးက သိပ်မတွင်ဘူး၊ ဒါပေမယ့်လည်း ဒါကို ကျနော်တို့ မျှော်လင့်ထားပြီးသားပါ၊ ဒီနှစ် နှင်းလျှောစီး သင်တန်းကနေ ski ပြားကို ဝတ်ပြီး ချော်မလဲအောင် လမ်းလျှောက် နိုင်ပြီဆိုရင်ပဲ တော်လှပြီ၊ အဓိက,က ski ဖိနပ်က ဘယ်လိုရှိတယ်၊ အဲဒီဖိနပ်မှာ ski တပ်လိုက်ရင် ဘယ်လို feeling ရှိလဲဆိုတာ သူ့ကို သိစေချင်ရုံ သက်သက်ပါပဲ၊ ဒါတောင် သူက တောင်ပေါ်ကို cable car နဲ့တက်ပြီး ski နဲ့ပြန်ဆင်းလာမလို့ တောင်းဆိုနေသေးတယ်၊ :)

သင်တန်း ပထမနေ့ကတည်းက သင်တန်းမှူးက ပြောတယ်၊ မိဘတွေ ရပ်ကြည့်မနေရင် ကလေးတွေက သူတို့စကား ပိုနားထောင်ပြီး သင်ရတာ ပိုမြန်ပါတယ်-တဲ့၊ ဒီတော့ သင်တန်းစ,ရင် ခဏတဖြုတ်စောင့်ကြည့်၊ ပြီးရင်တော့ သင်တန်း မပြီးခင် ၁၀ မိနစ်အလိုလောက်မှာ ပြန်လာတာက သူတို့ကို ကူညီရာရောက်သလို ကလေးတွေအတွက်လည်း ပိုပြီး အကျိုးရှိပါတယ်-တဲ့၊ ဒါနဲ့ မိဘတွေလည်း ရွာထဲပြန် ဝင်လည်တဲ့သူလည်၊ ကော်ဖီဆိုင် သွားထိုင်တဲ့လူထိုင်နဲ့...၊ ကျနော်တို့လည်း ၁ နာရီဝန်းကျင်လောက် စိတ်လွတ်၊ ကိုယ်လွတ် လည်ပတ်လို့ ရသွားတယ်၊


Photobucket
သင်တန်းက ၁၁ နာရီခွဲမှာ ပြီးတော့ တစ်ရက်မှာ ဘန်ဂလိုမပြန်ဘဲ အဲဒီရှေ့က စားသောက်ဆိုင်လေးမှာပဲ နေ့လယ်စာ စားဖြစ်ပါတယ်၊ ဆိုင်လေးက ရေခဲပြင် စကိတ်စီးတဲ့ကွင်းနဲ့ တွဲဖွင့်ထားတော့ သားက Ice skate စီးမယ် လုပ်ပြန်ရော၊ ဒါနဲ့ ဖိနပ်ငှားတဲ့ ကောင်တာမှာ ဖိနပ်သွားငှားပြီး သူကျေနပ်အောင် ၁ နာရီလောက် ပေးစီးဖြစ်တယ်၊ ကလေးတွေအတွက် လက်ကိုင်ရင်း စီးဖို့ တန်းလေးတွေ ရှိနေ လို့ သူ့အတွက် နဲနဲအဆင်ပြေ သွားတယ်၊


Photobucket
ski စီးတုန်းက အပြားဆိုတော့ မြေပြန့်ဆိုတာနဲ့ ရပ်နေလို့ရတယ်၊ ဒီမှာက steel blade တစ်ချောင်းတည်းပေါ်မှာ ရပ်ရတာမို့လို့ အစပိုင်းတုန်းက သူ့အတွက် တမျိုးဖြစ်နေတယ်၊ နောက်ပိုင်းကျမှ ခြေလှမ်းလေး တစ်လှမ်း၊ နှစ်လှမ်း လှမ်းနိုင်သွားတယ်၊ ဒီ Ice skating ကိုလည်း သူက မြင်မြင်ချင်း လွယ်တယ်ပဲ အောက်မေ့လိုက်သလား မသိပါဘူး၊ တကယ်စီးတော့ သူထင်တာနဲ့ လွဲနေတော့ သူ့ မျက်နှာပေါ်မှာ အံ့သြတဲ့ အရိပ်အယောင်လေးတွေ ကျနော် မကြာခဏ သတိထားမိတယ်..၊

ဒီတောင်ပေါ်ခရီးကို ပြန်ရောက်,ရောက်ချင်း ရေးဖို့ပါပဲ၊ ကွန်ပြူတာပျက်သွားတာနဲ့ အခုထိကြာသွားရတာ..၊ ဒီခရီးစဉ်နဲ့ ဓါတ်ပုံတွေကို 'တင်ပါတော့ဗျို့' လို့ စိတ်ဝင်တစားနဲ့ စောင့်ဆိုင်းမေးမြန်းနေခဲ့တဲ့ ညီအစ်ကို၊ မောင်နှမတွေကို ကျေးဇူး တင်ပါတယ်၊ ကဲ...ပုံတွေလည်း အများကြီး ထပ်တင်လိုက်ပါတယ်ခင်ဗျား..။ ။


ညီလင်းသစ်
၂၁ ဇန်နဝါရီ၊ ၂၀၁၁

13 comments:

  1. သားသားက အရမ်းချစ်ဖို့ကောင်းတာပဲ။

    ReplyDelete
  2. သားနှင်းလျှောစီးတာကို အနားကနေသွားကြည့်ချင်တယ်...။ ပထမဆုံးပုံထဲမှာ သားကတကယ့် Professional လိုဘဲ.. =)။ အောက်ဆုံးက စကိတ်စီးနေတဲ့ပုံလေးအကြိုက်ဆုံးဘဲ..။

    ReplyDelete
  3. Brother ဇာတ်ကားထဲက နှင်းလျှောစီးတာသွားသတိရမိတယ်
    အခွင့်ကြုံရင် စမ်းကြည့်ဖို့တေးထားပါတယ်

    ReplyDelete
  4. အောက်ဆုံးက ပုံလေးကို အချစ်ဆုံးပဲ လက်ကလေးကိုကား ခြေထောက်အနေထားလေးနဲ့ ပရော်ဖက်ရှင်နယ်လေးကျနေတာပဲး)

    ReplyDelete
  5. ချစ်စရာကောင်းလိုက်တာ

    ReplyDelete
  6. သားလေးက ကိုင်ပေါက်ချင်စရာလေး.. အသည်းယားတယ်.. :D

    ReplyDelete
  7. ငယ်ငယ်ကတည်းကသင်ထားတော့မကြောက်တော့ဘူး။
    ကျမကတော့ အခုထိ မစီးတတ်ဘူး။
    ဒီကကလေးတွေကတော့ နှင်းနဲ့ skiနဲ့ အတူကြီး
    လာတော့ သူတို့ အတွက်ပျော်စရာကြီးနော်။
    သားလေးနဲ့ မအိမ်သူကို နှုတ်ဆက်ပေးပါအုံးနော်။

    ReplyDelete
  8. ချစ်စ၇ာကောင်းတဲ့ခလေးကို ပိုပြီးချစ်စရာကောင်းအောင် ရေးတတ်တယ် ... ကျမတို့မိသားစုတော့ တခါမှကို နှင်းလျောစီး မရောက်ဖူးသေးဘူး .. အမျိုးသားက မကြိုက်တော့ ကိုယ်လည်း မရောက်ဖြစ်ဘူး ..

    mie nge

    ReplyDelete
  9. လပြည့်ရိပ် ...
    ကျေးဇူးပါပဲ... ... ...၊

    ကိုဖြိုး ...
    သူကဘာမှ ဟုတ်တိပတ်တိ စီးဖြစ်တာ မဟုတ်ပါဘူး :) ski ဝတ်ပြီး လမ်းလျှောက်ဖြစ်တာက ခပ်များများပါ..၊

    Nyi ...
    အခွင့်ကြုံရင်တော့ စမ်းသာစမ်းဗျို့၊ ပျော်ဖို့ကောင်း ပါတယ်...၊

    မောင်မျိုး ...
    အဲဒီ ပရော်ဖက်ရှင်နယ်ပုံလည်း ရိုက်ပြီးရော လဲတော့တာပဲ...၊ :)

    Vista ...
    ကျေးဇူးတင်ပါတယ်ဗျာ....၊

    နန်းညီ ...
    ကြည့်စမ်း..ဘယ်တုန်းကတည်းက ဂျူဒို သင်ထားတာ လဲ? မဖြစ်ဘူး...နောက်ဆို ဆင်ခြင်မှ... :D

    မ,ရှင်လေး ...
    ကလေးတွေကတော့ ဘယ်မှာပဲဖြစ်ဖြစ် အတတ်မြန်ကြ တာပါပဲ..၊ နှုတ်ခွန်းဆက်လွှာကို ပါးလိုက်ပါပြီဗျား..၊း)

    မ mie nge ...
    တကယ်စီးချင်ရင် လွယ်ပါတယ်၊ ski စီးပြီးကြရင် After ski လို့ခေါ်တဲ့ activity တစ်ခုရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ဘားကိုသွားပြီး တနေကုန် ပင်ပန်းထားတာကို ပြေပျောက်အောင် တခုခု သွားသောက်တာပါ..း)၊ Alcoholic မှမဟုတ်ပါဘူး၊ ကော်ဖီ၊ လက်ဖက်ရည် ကြိုက်တာ သောက်ကြတာပဲ၊ ဒီတော့ အမျိုးသားကို After ski ပို့ပြီး ကိုယ်က ski စီးလို့ ဖြစ်ပြီပေါ့...ဟုတ်? :D

    ReplyDelete
  10. ဟယ် သူတောင် ကိုယ့်ထက်အရင်စီးတတ်သွားပါရော့လား :)

    ReplyDelete
  11. သားလေးက ချစ်စရာကောင်းလိုက်တာ...
    နန်းညီ ကော်မန့်ကို ဖတ်မိတော့ အသံထွက်ပြီး ရယ်လိုက်မိတယ်... ဟုတ်ပါရဲ့... သူပြောလဲ ပြောချင်စရာ... အသည်းယားစရာလေးကိုး...း))

    ReplyDelete
  12. မ,စူးနွယ် ...
    ဟင့်အင်း..မစီးတတ်သေးဘူးဗျ၊ အခုမှ လမ်းလျှောက် တုန်း...အဟဲ၊

    အမသက်ဝေ ...
    ကျေးဇူးအမ..၊ ဟုတ်တယ် နန်းညီက အဲဒါမျိုးလေးတွေ ပြောတတ်တယ်...တကယ်၊ :D

    ReplyDelete
  13. ကလေးတောင် စီးတတ်တယ်။ ညီမတော့ ဘာမှမတတ် ဟိး.. ။

    ReplyDelete