06 April 2011

နှစ်သက်မိရာ တနေ့တာ


လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီမှာ ကျန်ခဲ့တဲ့ ဟိုးအရင် ဘဝတွေတုန်းက တနေ့တာ ဖြတ်သန်းမှုဆိုတာ လေထဲမှာ သင်းပျံ့နေတဲ့ ကောက်သင်းရနံ့လေးတွေ၊ နားစည်မှာ လာရောက် ရိုက်ခတ်တတ်တဲ့ ရွာဦးစေတီက ဆည်းလည်းသံ ခပ်လွင်လွင်လေးတွေ၊ မြင်လွှာမှာ နူးညံ့စွာ ပေါ်လာတတ်တဲ့ စိမ်းစိမ်းစိုစို လယ်ကန်သင်းတွေနဲ့ အနည်းနဲ့အများ ရိုးရိုး ရှင်းရှင်း ငြိမ်းငြိမ်း ချမ်းချမ်း ရှိနေခဲ့မှာ သေချာပါတယ်၊ ဒီဖက်ခေတ်လို တိုးတက်မှုတွေ တိုးဝှေ့၊ တွန်းတိုက်နေတဲ့ ကာလမှာတော့ တနေ့တာ ဖြတ်သန်းမှုထဲမှာ အရောင်တွေ၊ အရိပ်တွေ အများကြီး ပြောင်းသွားသလို အမောတွေကိုလည်း တော်တော်များများ သယ်ပိုးခရီးနှင်နေ ကြရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ်ဘဝ ​ရုန်းကန်လှုပ်ရှား ရတာတွေထဲမှာ တစိမ့်စိမ့်နဲ့ ကြိုက်နှစ်သက်တာတွေ ရှိသလို ပြေးရင်းလွှားရင်း ဖြတ်ကနဲ ကြိုက်မိတာတွေလည်း ရှိမှာပါ၊ လူဆိုတာက ကိုယ်ကျင်လည်ရာ ဝန်းကျင်မှာ နှစ်သက်တာလေးတွေ ရှိတဲ့အခါ အခိုက်အတန့်လေးပဲ ဖြစ်စေဦးတော့၊ ဘဝဟာ နေပျော် တယ်လို့ ထင်မိကြတာမျိုး မဟုတ်လား၊ တကယ်တော့ ဘာကို ကြိုက်သလဲဆိုတာက အရေးမကြီးပါဘူး၊ ကြိုက်တတ်တဲ့ စိတ်ကလေး၊ အသိအမှတ်ပြု နှစ်သက်တတ်တဲ့ စိတ်ကလေး ရှိနေဖို့က ပိုပြီး အရေးကြီးတာပါ၊ မသက်ဝေ တဂ်လာတဲ့ Daily likes ဆိုတဲ့ ပို့စ်လေး ဖြစ်ပါတယ်...၊


# အိပ်ရာထ နှိုးစက်ကို အလျော့တွက်နဲ့ ပေးပြီး နှိုးစက်သံ ကြားကြားချင်း မထဘဲ ၅ မိနစ်လောက် ဆက်အိပ်ခွင့်ရတဲ့ အိပ်တဝက်၊ နိုးတဝက် အဲဒီ အခိုက်အတန့်လေးကို ကြိုက်တယ်၊

# ရေတဖန်ခွက် သောက်တဲ့အခါ တညလုံး ခြောက်သွေ့နေတဲ့ အာခေါင်၊ ရင်ခေါင်း၊ အူနံရံတလျှောက် ရေအေးအေး တွေ စီးကျသွားတာကို ခံစားရတာ ကြိုက်တယ်၊

# အိပ်ရာထထချင်းမှာ ခေါင်းလောင်းပြီး ရေချိုးရတာကို ကြိုက်တယ်၊ ဆေးကြော်ငြာတွေမှာ တွေ့ရတဲ့ before and after ခြားနားချက်လိုပဲ လူက ချက်ချင်း လန်းဆန်းသွားလို့...၊

# ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီတွေ ဝတ်ရတာကြိုက်တယ်၊ တကူးတက ဖြီးသင်နေစရာ မလိုဘဲ ခေါင်းလိမ်းဆီ ခရင်မ် လက်ညှိုးတကော်နဲ့ ဆံပင်တွေကို လက်နဲ့သပ်လိုက်ရတာ ကြိုက်တယ်၊

# အလုပ်ကို ၅ မိနစ်အတွင်း ရောက်သွားတာကို ကြိုက်တယ်၊ ကျောင်းတက်ခဲ့တုန်းက အသွား ၁ နာရီခွဲ၊ အပြန် ၁ နာရီခွဲ အချိန်ပေးခဲ့ရတာ ကို ပြန်တွေးလေ အခုလို အလုပ်နဲ့အိမ်နဲ့ နီးတာကို ပိုပြီး နှစ်သက်လေပါပဲ၊

# မနက် ၇ နာရီခွဲမှာ အလုပ်စလို့ ရသလို ၁၀ နာရီခွဲမှ စလို့ရတဲ့ လွတ်လပ်မှုကိုလည်း ကြိုက်တယ်၊

# ဘာမှ မလုပ်ခင် ဘလော့ဂ်တကိုက် ကော်ဖီတကျိုက်နဲ့ လျှောက်လည်ရတာကို ကြိုက်တယ်၊

# ဓါတ်ခွဲခန်းထဲမှာ သီချင်းဖွင့်ထားပြီး ဘယ်သူနဲ့မှ စကားပြောစရာ မလိုဘဲ အလုပ်လုပ်ရတာ ကြိုက်တယ်၊

# မနက် ၁၁ နာရီခွဲမှာ ကင်န်တင်း ဖွင့်ဖွင့်ချင်း နေ့လယ်စာ သွားစားရတာကြိုက်တယ်၊ (၁၂ နာရီလောက်ဆို အတန်းတွေ ဆင်းပြီး ကျောင်းသားတွေနဲ့ ကင်န်တင်းက ပြည့်ပြည့်သွားတတ်လို့...)

# တစ်ယောက်ထဲ စားတဲ့အခါ မှန်ပြတင်းနားမှာ ထိုင်၊ ကော်ရစ်ဒါက လမ်းသွားလမ်းလာတွေကို ငေး၊ တွေးချင်ရာတွေးပြီး ထမင်းစားရတာ ကြိုက်တယ်၊

# အလုပ်စားပွဲ ပြန်ရောက်တော့ အက်စပရက်ဆို တစ်ခွက်နဲ့အတူ ဘလော့ဂ်တွေကို အချိုတည်းရတာ ကြိုက်တယ်၊

# စောစောအိမ်ပြန်လို့ရအောင် analysis တွေ လုပ်စရာမရှိတဲ့ နေ့လယ်ခင်းတွေကို ကြိုက်တယ်၊

# အိမ်ရောက်ရောက်ချင်း ဖိနပ်နဲ့ ခြေစွပ်ချွတ်လိုက်တဲ့အခါ ရတဲ့ ပေါ့ပါးလွတ်လပ်မှုကို ကြိုက်တယ်၊ (အလုပ်က ဖိစီးမှု တွေက အဲဒီ ဖိနပ်၊ ခြေစွပ်တို့နဲ့အတူ ကျွတ်ပြီး အိမ်ဝမှာပဲ ကျန်ခဲ့တယ်လို့ ခံစားရတယ်)

# မအိမ်သူ ညစာပြင်နေတုန်း သားနဲ့ အေးအေးဆေးဆေး ကစားရတာကို ကြိုက်တယ်၊

# ည ၉ နာရီ မထိုးခင် သားအိပ်ပျော်သွားလေ့ ရှိတဲ့ ညတွေကို ကြိုက်တယ်၊ ကျနော့်အတွက် စာဖတ်ဖို့၊ တီဗီကြည့်ဖို့၊ ဘလော့ဂ်ရေးဖို့ အချိန်ပိုရလို့...၊း)

# တခါတလေ ရုပ်ရှင်ကောင်းကောင်း တစ်ခုကြည့်နေတုန်း မအိမ်သူက 'ရေခဲမုန့် စားမလား'လို့ (သူစားချင်တိုင်း) လာလာ အဖော်စပ်ပြီး မေးတာကို ကြိုက်တယ်၊ (ကိုယ့်ဟာကိုယ်ဆိုလည်း ကျနော်က ဘယ်တော့မှ ရေခဲမုန့်စားဖို့ သတိတရ မရှိတတ်ပါဘူး)

# ည ၁၂ နာရီ မထိုးခင်မှာ လေးလံပိကျ လာတဲ့ မျက်ခွံတွေကို ကြိုက်တယ်၊ ဒါပေမယ့် ဒါဟာ တကယ့်ကိုပဲ အင်မတန် ရှားတောင့်ရှားပါး နိုင်လှတဲ့ အဖြစ်ပါ...၊း)


ကျနော့်ရဲ့ တနေ့တာက ဖတ်ရတာ ပျင်းရိငြီးငွေ့စရာများ ကောင်းနေမလားပဲ၊ ဒါပေမယ့် ဒါဟာ တနင်္လာကနေ သောကြာ အတွင်း ကျနော်အများဆုံး ဖြတ်သန်းလေ့ရှိတဲ့ ယေဘုယျ ပုံစံပါပဲ၊ ပြင်သစ်လူမျိုးတွေ ပြောလေ့ရှိတဲ့ အီဒီယမ် တစ်ခု ရှိပါတယ်၊ métro, boulot, dodo တဲ့၊ métro ကတော့ subway ပါ၊ boulot က အလုပ်၊ dodo က အိပ်တာ...၊ မြို့ပြ လူတန်းစား ဘဝက တနေ့တနေ့ ရထားပေါ်မှာနဲ့ အလုပ်မှာ အချိန်ကုန်၊ အိမ်ရောက်တော့ ပင်ပန်းပြီးအိပ်၊ နောက်တနေ့ ဒီလိုပဲ ပြန်စ,နဲ့ လုံးလည်ချာလည် လိုက်နေတာကို ဆိုချင်တာပါ၊ Stuck in a rut ဆိုတာနဲ့ ခပ်ဆင်ဆင်ပါပဲ၊ ပုံစံကျပြီး ထပ်ပြန်တလဲလဲ ဖြစ်စဉ်တွေနဲ့ဆိုရင်တော့ နေ့စဉ်ဘဝက အနှေးနဲ့အမြန် ငြီးငွေ့စရာ ဖြစ်လာမှာပါပဲ၊ တနေ့တာ ဖြတ်သန်းမှုမှာ နှစ်သက်မိတာလေးတွေကို နှစ်သက်ကြောင်း သတိလေးထားပြီး ကြည့်နိုင်မယ်ဆိုရင် ဒါဟာလည်း ဘဝကို နေပျော်အောင် နေကြည့်ဖို့ အခြေခံပဲ ဖြစ်မလားလို့ တွေးနေမိပါတယ်...။ ။


ညီလင်းသစ်
၆ ဧပြီ၊ ၂၀၁၁

28 comments:

  1. သူများကြိုက်တာတွေ လာဖတ်ရတာ ကြိုက်တယ် :P

    ReplyDelete
  2. "မှန်ပြတင်းနားမှာ ထိုင်၊ ကော်ရစ်ဒါက လမ်းသွားလမ်းလာတွေကို ငေး၊ တွေးချင်ရာတွေးပြီး ထမင်းစားရတာ ကြိုက်တယ်" တူသွားပြီ။ မှန်နားမှာထိုင်ပြီးလမ်းသွားလမ်းလာတွေငေးပြီးစားရတာကျမလည်းကြိုက်တယ်။
    အိုင်အိုရာ

    ReplyDelete
  3. "တစ်ယောက်ထဲ စားတဲ့အခါ မှန်ပြတင်းနားမှာ ထိုင်၊ ကော်ရစ်ဒါက လမ်းသွားလမ်းလာတွေကို ငေး၊ တွေးချင်ရာတွေးပြီး ထမင်းစားရတာ ကြိုက်တယ်၊" I love that too!!

    ReplyDelete
  4. တနေ့တနေ့ အချိန်လုပြီး ဘလော့နဲ့ဖေ့စ်ဘွတ်မှာ ကွန်မန့်အနေနဲ့ ကိုယ်ရေးချင်ရာရေးရတာကို ကြိုက်တယ် .. တီရှပ်နဲ့ဂျင်းဘောင်းဘီ ၀တ်ရတာကို ကြိုက်တာချင်း တူတယ် ...

    mie nge

    ReplyDelete
  5. ဘယ်လို lifestyle ပဲဖြစ်ဖြစ် နေတတ်ရင်ကျေနပ်စရာချည်းပါပဲဗျာ..

    ReplyDelete
  6. နေ့စဉ်အကြိုက်တွေနဲ့ ဘ၀တစ်ခုကို မျှဝေပေးလို့ ဒီပို့စ်လေးလည်းကြိုက်ပါတယ်။
    ပြင်သစ်အီဒီယမ်ထဲက စကားလုံးလေးတစ်လုံး ကို ကြည့်ပြီး ဒီကမြေအောက်ရထားလိုင်းနံမည်ကို တောင် သတိရမိတယ်။
    “ တိုကျို မက်ထရို ”တဲ့။

    ReplyDelete
  7. အဲဒီလို ရိုးရှင်းတဲ့ နေ့ စဉ်ဘဝပုံစံလေးကို ကြိုက်တယ် :)

    ReplyDelete
  8. ကိုညီလင်းသစ်လို ဘ၀မျိုးလေးကို ကြိုက်တယ်.. :)

    SZH

    ReplyDelete
  9. မမဘေဘီပြောသလိုပဲ သူများကြိုက်တာ ဖတ်ရတာလေး ကြိုက်တယ် :P...
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  10. စော(အဝါရောင်မြေ)April 6, 2011 at 8:03 AM

    မကြိုက်တာ မရှိတာလဲ ကောင်းတာပါပဲဗျာ
    :P

    ReplyDelete
  11. ညကိုးနာရီမထိုးခင်သားအိပ်ပျော်သွားလေ့ရှိတဲ့ညတွေကိုကြိုက်တယ်... :D... ကျမလဲခလေးတွေ စောစောအိပ်တာကြိုက်တယ်... သူတို့အိပ်မှ ကွန်ပျူတာရှေ့ကောင်းကောင်းထိုင်ရတာ...

    ReplyDelete
  12. ချော(အစိမ်းရောင်လွင်ပြင်)April 6, 2011 at 9:30 AM

    ကော်ဖီတစ်ခွက်နဲ့ ဘလော့ဂ်တွေကိုမြည်းရတာကြိုက်တယ် ဆိုတဲ့စကားကိုကြိုက်တယ်..
    ဟားဟား ဘလော်ဂ့်တွေက အမြည်းဖြစ်မှန်းခုမှ သိတော့တယ်.. တော်ပါသေးရဲ့ အရက်နဲ့ မမြည်းလို့း)
    ပေါ့ပါးလွတ်လပ်တဲ့ အကြိုက်လေးတွေကို သဘောတကျနဲ့ ဖတ်သွားပါတယ်..
    ဘလော့တွေဖတ်ရတာကြိုက်တယ်း)

    ReplyDelete
  13. ရိုးရိုးလေးရေးသွားတာကို ဖတ်ရတာ ကြိုက်ပါတယ်

    စူးနွယ်လေး

    ReplyDelete
  14. အမလည်း ဒီနိုင်ငံကိုရောက်လာပြီး စက်ရုပ်လို ပုံမှန်ဖြစ်နေတဲ့ ဘ၀ကို ကြိုက်ခဲ့ဖူးတဲ့ အသက်အရွယ် အပိုင်းအခြားတခု ရှိခဲ့ဖူးပါတယ်။

    ReplyDelete
  15. ချစ်ကြည်အေးApril 6, 2011 at 1:59 PM

    # အိမ်ရောက်ရောက်ချင်း ဖိနပ်နဲ့ ခြေစွပ်ချွတ်လိုက်တဲ့အခါ ရတဲ့ ပေါ့ပါးလွတ်လပ်မှုကို ကြိုက်တယ်၊ (အလုပ်က ဖိစီးမှု တွေက အဲဒီ ဖိနပ်၊ ခြေစွပ်တို့နဲ့အတူ ကျွတ်ပြီး အိမ်ဝမှာပဲ ကျန်ခဲ့တယ်လို့ ခံစားရတယ်)


    ဟားဟား သဘောကျတယ်...ဟုတ်တယ် အဲလိုမှ မိသားစုနဲ့ ကွာလတီတိုင်းမ်ကလေးတွေ ရနိုင်မယ်လေနော့....


    # တခါတလေ ရုပ်ရှင်ကောင်းကောင်း တစ်ခုကြည့်နေတုန်း မအိမ်သူက 'ရေခဲမုန့် စားမလား'လို့ (သူစားချင်တိုင်း) လာလာ အဖော်စပ်ပြီး မေးတာကို ကြိုက်တယ်၊ (ကိုယ့်ဟာကိုယ်ဆိုလည်း ကျနော်က ဘယ်တော့မှ ရေခဲမုန့်စားဖို့ သတိတရ မရှိတတ်ပါဘူး)

    အမလည်း အဲလိုပဲ ကိုယ်စားချင်တာ သူ့အဖော်စပ်ရတာ အရင်ပဲ...တရားခံရှာတာ ဆိုပါတော့...ဟဟဟ :P

    ReplyDelete
  16. မဘေဘီ ...
    သူများကြိုက်တာတွေ လာဖတ်ပြီး ကြိုက်ကြောင်း ရေးသွားတဲ့ ကွန်မန့်ကိုလည်း ကြိုက်တယ်...၊း)

    မအိုင်အိုရာ ...
    21 grams ဇတ်ကားထဲမှာ (ထင်တယ်) မင်းသားက မင်းသမီးကို “တစ်ယောက်ထဲစားရင် ကျောက်ကပ် ပျက်စီးတာ ပိုမြန်တယ်” ဆိုလား ပြောဖူးတယ်၊ ကျနော်ကတော့ အတွေးတွေကို ကျောက်ကပ်နဲ့ လဲပစ် လိုက်တယ်၊း)

    Mon Petit Avatar ...
    ကြည့်စမ်း..၊ Great minds think alike ဆိုတဲ့စကား တယ်မှန်ပါလား...၊း)

    မ mie nge ...
    အချိန်လုပြီး ကွန်မန့်ကို ရေးချင်သလို ရေးတယ် ဆိုတာတော့ ကြိုက်သွားပြီဗျို့...ဟားဟား၊

    မပွင့်မြူးဇင် ...
    သိပ်သေချာတာပေါ့ဗျာ....၊

    မ,ကောင်းမွန်ဝင်း ...
    ပြင်သစ်တွေနဲ့ ဂျပန်တွေရဲ့ ရထားစီးဘဝတွေ ကတော့ အတူတူပဲ ဖြစ်မယ်ထင်ပါရဲ့ဗျာ...၊

    puff ...
    မပျင်းတတ်ဘူးဆိုရင် ဘဝမှာ ရိုးရိုးရှင်းရှင်း နေရတာ လည်း ပျော်စရာပါပဲဗျာ...၊

    SZH ...
    ဟုတ်ကဲ့၊ အယောက်တိုင်းမှာတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ဘဝနေနည်းတွေ ရှိမှာ သေချာပါတယ်..၊

    Angelhlaing ...
    အကြိုက်တွေကို ကြိုက်တဲ့အကြောင်း ဖတ်ရတာလည်း ကြိုက်ချင်စရာပါပဲ...၊း)

    စော ...
    ဟုတ်တယ်ဗျ၊ ကြိုက်တာ မရှိတာထက် စာရင်တော့ မကြိုက်တာ ရှိတာ ခံသာပါတယ်၊ အဲ.. မကြိုက်တာ မရှိဘူး ဆိုရင်တော့ နေရာတကာ အံဝင်ခွင်ကျ ဖြစ်ဖို့ သေချာသလောက်ပဲ...၊း)

    rose of sharon ...
    ကွန်ပြူတာ အသုံးပြုချိန်ခြင်းတော့ တူနေပြီဗျို့...၊

    မချော ...
    နေဦးဗျ၊ “အရက်မဟုတ်ဘဲ ကော်ဖီနဲ့ မြည်းလို့ တော်ပါသေးရဲ့” လို့ အတွေးမစောနဲ့ဦး၊ ကော်ဖီက အိုင်းရစ်ရှ်ကော်ဖီဆို ဘယ့်နှယ့်လုပ်မလဲ...၊းD

    မစူးနွယ် ...
    ရှင်းလင်းတဲ့ ကွန်မန့်လေးကလည်း ကြိုက်ချင်စရာပါပဲ..၊

    မသီတာ ...
    ဘဝမှာ တချိန်မဟုတ် တချိန်တော့ ကျနော်တို့အားလုံး စက်ရုပ်တွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြဖူးမယ်လို့ ထင်တာပဲ၊ ကိုယ့်ကိုယ်ကို မသိရင်သာ နေမယ်....၊း)

    ReplyDelete
  17. အမချစ်ကြည်အေး ...
    အေးအတူ ပူအမျှဆိုတာ ဒါပဲဖြစ်မယ်ဗျ၊ ဝလည်း အတူတူ ဝလာအောင်လေ....ဟားဟား။

    ReplyDelete
  18. ကိုညီလင်းရဲ့ တစ်နေ့တာ အကြိုက်လေးတွေကို စိတ်ဝင်တစား လာဖတ်သွားတယ်။ စာရေး ကောင်းတဲ့ သူဆိုတော့ ဘာလေး ရေးရေး နှစ်သက်ဖို့ ကောင်းတာပဲ။

    ReplyDelete
  19. ကိုအောင်(ပျူနိုင်ငံ)April 6, 2011 at 8:20 PM

    ကျနော်ကတော့ နိုးစက်ကို ၂ ဆင့်ပေးပြီး
    အိပ်တယ်၊ ပထမအဆင့် မြည်လာရင် ပိတ်ပြီး
    ဆက် အိပ်တယ်၊ ဒုတိယအဆင့် ထပ်မြည်ရင်
    ပိတ်ပြီး ငါးမိနစ်လောက် ခိုး အိပ်တယ် ... :P

    ReplyDelete
  20. ရိုစ့် ...
    အင်း... ရိုစ့်ကိုတော့ တခုခုကျွေးမှ ဖြစ်တော့မှာပါ...၊း)

    ကိုအောင် ...
    အဲဒါလည်း ကောင်းမယ်ဗျ၊ ငှက်ဆိုးထိုးသလို အသံနဲ့ နှောင့်ယှက်တတ်တဲ့ နှိုးစက်တွေဟာ လူတွေ stress များရခြင်း အကြောင်းတခုလည်း ဖြစ်နိုင်တယ်၊ အခုလို ၂ ဆင့်ခံ ဆိုတော့ ကြားခံနယ်က ကျယ်ပြန့်လို့ ငြိမ့်ငြိမ့်ညင်သာ နိုးလာလို့ ရတာပေါ့...။း)

    ReplyDelete
  21. Like at face book,just type like,like,like......Love to read one's daily like.Whatever you touch the subject,it sparkle cos of your writing skill.It's lovely.
    Gyidaw

    ReplyDelete
  22. ဘဝကို နေပျော်အောင် နေတတ်တယ်ဆိုတာလေး အကြိုက်ဆုံးပဲ...း))

    မကြိုက်တာတွေလည်း ဆက်ရေးအုံးလေ...
    အမလည်း ရေးနေတယ်... Daily Dislike ပေါ့...း))

    *** ဓါတ်ပုံထောင့်မှာ နာမည်လေး ရေးထားပါတယ်... သူက ဘလော့ဂ်ကို သံယောဇဉ်ပြတ်လိုက်သမှ နာမည်တောင် ရေးချင်တာ မဟုတ်ဘူး... ကိုယ်ကသာ မနေနိုင်လို့ နာမည်လေး အတိုကောက် ရေးထားလိုက်ရတာ...း))

    ကိုညီလင်းကို Flickr ထဲမှာ ရှာမရဘူးဗျ...

    ReplyDelete
  23. ဂျီးဒေါ် ...
    ကျေးဇူးပါဗျို့၊ ဂျီးဒေါ်ကိုတော့ marmite en chocolat ကျွေးမယ်...၊း)

    မသက်ဝေ ...
    ဟုတ်သားပဲဗျာ၊ နာမည် initial ပါတာကို ဒီမျက်လုံးက ဘယ်လိုလုပ်များ မတွေ့ဖြစ်သလဲ မသိဘူး၊ ရှန်းတာနဲ့ မှုန်တာ.. တခုခုပဲ၊း) Flickr အကောင့်ကို ကျနော် မသုံး တာကြာနေပြီဗျ၊ အဲဒီအကောင့်ကို ဒီဘလော့ဂ်မှာ ပုံတွေ တင်ဖို့ hosting အနေနဲ့ပဲ ဖွင့်ထားတာပါ၊ အဲဒီက ပုံတွေအားလုံး ကို ဒီဘလော့ဂ်ရဲ့ Photo ဆိုတဲ့ label အောက်မှာ တွေ့နိုင်ပါတယ်၊ Pro အကောင့်တစ်ခု ဖွင့်ဖို့ စဉ်းစားနေတယ်၊ ဖွင့်ဖြစ်ရင် ကျနော်ပြောမယ်လေ..။

    ReplyDelete
  24. ကျနော်လဲ အိမ်ပေါ်ရောက်လို့ ဖိနပ်နဲ့ ခြေအိပ်
    ချွတ်ရတာကို ကြိုက်ပါတယ်။

    ပေါက်

    ReplyDelete
  25. မောင်မျိုးApril 8, 2011 at 5:32 AM

    # တစ်ယောက်ထဲ စားတဲ့အခါ မှန်ပြတင်းနားမှာ ထိုင်၊ ကော်ရစ်ဒါက လမ်းသွားလမ်းလာတွေကို ငေး၊ တွေးချင်ရာတွေးပြီး ထမင်းစားရတာ ကြိုက်တယ်၊

    အဲ့အချက်ကိုကြိုက်တယ်း) ။

    အစ်ကို့စာတွေဖတ်ပြှီး ဓာတ်ပုံတွေငေး ပြီးတော့ မိသားစုဘ၀လေးကို အားကျရတာကြိုက်တယ်။

    ReplyDelete
  26. ပေါက် ...
    အဲဒါဆို ချက်ချင်းပဲ လွတ်လပ်သွားတယ်လို့ ခံစားရတယ်နော်....၊

    မောင်မျိုး ...
    ခင်မင်ဖွယ်ရာ ကောင်းတဲ့ ညီငယ်တစ်ယောက်က ပုံမှန် လာလာဖတ်နေတာလည်း နှစ်သက်စရာ ကောင်းတဲ့ အချက်တခုပါပဲဗျာ...။း)

    ReplyDelete
  27. အချက်တွေအားလုံး ရိုးရိုးရှင်းရှင်းလေးဖြစ်နေတာကို ကြိုက်တယ်..။

    ReplyDelete
  28. ဖြိုး ...
    Simplicity is the best policy ဆိုလားပဲ ပြောကြတယ်လေ...။း)

    ReplyDelete