30 April 2011

တောင်ခြေရွာကလေးသို့ ...


ပြီးခဲ့တဲ့တစ်ပတ်က အီစတာ ရုံးပိတ်ရက်မှာ တောင်ခြေရွာကလေး တစ်ရွာဆီကို သွားလည်ဖြစ်ပါတယ်၊ အိမ်ကနေ ၂ နာရီ လျော့လျော့ လောက် ကားမောင်းသွားရတဲ့ အဲဒီရွာကလေးက အဲလ့်ပ်စ် (Alps) တောင်တန်းတွေရဲ့ တောင်ကြားချိုင့်ဝှမ်း တစ်ခုထဲမှာ ရှိပြီးတော့ နာမည်က လင့်န့်ခ် (Lenk) လို့ခေါ်ပါတယ်၊ ချိုင့်ဝှမ်း valley ထဲဆိုတော့ ရွာရဲ့တည်နေရာက သိပ်တော့ မမြင့်ပါဘူး၊ မီတာ ၁၀၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်၊ အဲဒီ ​Lenk ရွာလေးရဲ့ နာမည်ကျော်ကြားမှုက မိသားစုတွေနဲ့ ကလေးတွေအတွက် လည်ပတ်၊ သွားလာဖို့ အဆင်ပြေပြေ စီစဉ်ထားပေးမှုပါပဲ၊ ကျနော်တို့ သွားခဲ့တဲ့ တည်းခိုခန်းက Reka Village လို့ခေါ်တဲ့ မိသားစုတွေအတွက် ဦးစားပေး ဆောက်ထားတဲ့ ဘန်ဂလိုတွေပါ၊ ပြီးခဲ့တဲ့ နှစ်ကုန်မှာ နှင်းတောင်ပေါ်သွားတုန်း တည်းခဲ့တာလည်း ဒီ Reka Village အုပ်စုဝင်ပါပဲ၊ ဆွစ်တစ်နိုင်ငံလုံးမှာ နေရာတော်တော်များများ ရှိပြီးတော့ အိမ်နီးချင်း နိုင်ငံတချို့မှာလည်း ရှိတယ်၊ ဆောင်းတွင်းဆို နှင်းတောင်တွေပေါ်မှာ၊ နွေရာသီ ဆိုရင်တော့ တောရွာတွေမှာ၊ တောင်တန်းတွေပေါ်မှာ၊ စိုက်ပျိုးမွေးမြူရေး ခြံတွေမှာ အစရှိသဖြင့် တည်းခိုစရာတွေ ရှိပါတယ်၊ ကျနော်က ကျေးလက်တောရွာတွေကို ချစ်ပါတယ်၊ အဲဒီမှာ သန့်စင်တဲ့ လေထု၊ စိမ်းစိုတဲ့ သစ်ပင်၊ ရိုးသားတဲ့ လူတွေနဲ့မို့ စိတ်လက် အပန်းပြေတယ်၊ ဆွစ်ဇာလန်က ကျေးလက်ပဲဖြစ်ဖြစ်၊ မြန်မာပြည်က ကျေးလက်ပဲဖြစ်ဖြစ်၊ အဲဒီမှာနေကြတဲ့ လူတွေက မြို့ကြီးသားတွေ ထက်ကို ပိုပြီး ဖော်ရွေတယ်လို့ ခံစားရတယ်၊ အခုသွားခဲ့တဲ့ Lenk ကလည်း တောမြို့လေးတစ်မြို့ပဲ ဆိုကြပါစို့...၊


Photobucket
တည်းခိုရာ ဘန်ဂလိုတွေရှေ့က Reka ဆိုင်းဘုတ်...၊ အိမ်ကနေ ဘာမှ မဝေးပေမယ့် ဒီနေရာက ဆွစ်ဂျာမန် စကားပြောတဲ့ အပိုင်းဖြစ်သွားလို့ လမ်းတွေ၊ ဆိုင်းဘုတ်တွေကို ဂျာမန်လိုပဲ ရေးပါတယ်၊ လူတွေကလည်း ဆွစ်ဂျာမန်ပဲ ပြောကြတယ်၊ မပြောမဖြစ်မှ ပြင်သစ် ဒါမှမဟုတ် အင်္ဂလိပ်လို ပြောတယ်၊ ဆွစ်ဇာလန်က နိုင်ငံလေးက သေးပေမယ့် တရားဝင် ရုံးသုံးဘာသာ စကားက ၄ မျိုးရှိလို့ ဒီလိုမျိုး ခဏခဏ ကြုံပါတယ်၊ တခါတခါတော့လည်း ရယ်ချင်စရာ..၊ ၁ နာရီလောက် ရထားစီးလိုက်ရင်ပဲ ဂျာမန်စကားတွေ ကြားရလို့ တခြားနိုင်ငံ ရောက်သွားသလို မကြာခဏ ခံစားရတယ်၊


Photobucket
ဘယ်ဖက်ခြမ်းမှာ တွေ့ရတဲ့ အိမ်ကလေးက ကျနော်တို့ နေခဲ့တဲ့ အိမ်ကလေးဖြစ်ပါတယ်၊ အားလုံးပေါင်း အခန်း ၈ ခန်း ပါပြီး ဒီ Reka ရွာမှာ တော့ အဲဒီလို အိမ်လေး ၆ လုံးရှိတယ်၊ ကျနော်တို့က မြေညီထပ်မှာဆိုတော့ အပြင်ဖက်က မြက်ခင်းပြင်ကိုလည်း အသုံးပြုလို့ ရတယ်၊ သဘောကျစရာ ကောင်းတာက အိမ်ရှေ့မှာ မြင်နေရတဲ့ အိမ်လေးက မွေးမြူရေး လုပ်တဲ့ ခြံဖြစ်လို့ နွားတွေ၊ မြင်းတွေရဲ့ အသံတွေ ကြားနေရတာပါပဲ၊ တခါတခါ အိမ်တံခါး ဖွင့်ထားလို့ လေသင့်ရင် ကောက်ရိုးနံ့ သင်းသင်းလေးတောင် ရလာတတ်တယ်၊ ကလေးတွေစီးတဲ့ ပိုနီ မြင်းပုလေးတွေလည်း မွေးထားလို့ နေ့ခင်းပိုင်းဆို ကလေးတွေ တရုံးရုံးနဲ့ ရှိနေတတ်ပြန်ပါတယ်၊


Photobucket
Reka ဟိုတယ်ကို ရောက်ဖို့ ဒီလမ်းကနေ ကားနဲ့မောင်းဝင်လာရတယ်၊ ဟိုးအရှေ့မှာ မြင်နေရတာကတော့ အဲ့လ်ပ်စ် တောင်တန်းတွေပါပဲ၊ နွေဦးဆိုပေမယ့် အဲဒီမှာတော့ နှင်းတွေ တော်တော်များများ ကျန်နေတုန်းပဲ၊ ညာဖက်က မြင်ရတဲ့ အိမ်ကလည်း နွားမွေးတဲ့ အိမ်ပါပဲ၊ အဲဒီက နွားတွေက တည်းခိုခန်းရှေ့က စားကျက်မှာ အမြဲတမ်း စားလို့၊ သောက်လို့...၊


Photobucket
ဒါကတော့ ခုနမြင်ရတဲ့ အဲ့လ်ပ်စ် တောင်တွေရဲ့ မျက်နှာချင်းဆိုင်ဖက် အခြမ်းပါ၊ ဒီဖက်မှာ မြင်နေရတဲ့ အိမ်တွေ အားလုံးနီးပါးက မွေးမြူရေး လုပ်ကြတဲ့ အိမ်တွေပါပဲ၊ နွေဦးဝင်လာတာနဲ့ နွားတွေ၊ သိုးတွေကို အနီးတဝိုက်က စားကျက်တွေမှာ လှန်ထားတတ်ကြတယ်၊ နွေရာသီလုံးလုံး ရောက်ရင်တော့ ဟိုးတောင်ပေါ်က စားကျက်တွေအထိ မောင်းသွားပြီး အဲဒီမှာပဲ တနွေလုံး ထားကြတယ်၊ အဲဒီ မွေးမြူရေး လုပ်တဲ့ အိမ်တွေရဲ့ အိမ်ရှေ့မှာ ရေခဲသေတ္တာလေးတွေ ထုတ်ထားပြီး သူတို့ရဲ့ ခြံထွက် နွားနို့၊ ဒိန်ခဲ၊ ကြက်ဥ စတာတွေကို အဲဒီ ရေခဲသေတ္တာတွေ ထဲမှာ ထည့်ပြီးရောင်းတယ်၊ ပစ္စည်းဈေးကို ရေခဲသေတ္တာမှာ ကပ်ထားတယ်၊ နွားနို့တစ်ပုလင်းဈေး၊ ကြက်ဥတစ်လုံးဈေး၊ ဒိန်ခဲတစ်ထုပ်ဈေး စသဖြင့်...၊ ဝယ်ချင်တဲ့လူက ကိုယ့်ဟာကိုယ် ရေခဲသေတ္တာထဲမှာ ဖွင့်ပြီးယူ၊ ကျသင့်ငွေကို ဘေးနားက ဘူးလေးထဲမှာ ထည့်ထားခဲ့ရုံပါပဲ၊ ဘားကုဒ်မပါတဲ့ စားသောက်ကုန်တွေကို ကြိုက်သလောက် လတ်လတ်ဆတ်ဆတ် ဝယ်လို့ရတဲ့ နေရာတွေပေါ့၊ အရောင်းဝန်ထမ်းလည်း မရှိ၊ ပစ္စည်းတွေ scan မဖြတ်ဘဲ အပြင်ထွက်သွားရင် အသံထမြည်တဲ့ တံခါးတွေလည်း မရှိ၊ ဗီဒီယို ကင်မရာတွေလည်း မရှိ...၊ ရှိတာက ရောင်းသူနဲ့ ဝယ်သူကြားမှာ ထားတဲ့ အပြန်အလှန် ယုံကြည်မှုပါပဲ၊ ကျနော်တို့ အိမ်ဖက်က ကားလမ်းဘေး ပန်းစိုက်ခင်းတွေမှာတော့ ကပ်ကြေးတစ်လက်နဲ့ ဘူးလေးချထားပြီး တစ်ပွင့်ဘယ်လောက်လို့ ရေးထားတဲ့ စိုက်ခင်းတွေ တော့ရှိတယ်၊ ဝယ်သူက ကိုယ့်ဟာကိုယ် စိုက်ခင်းတွေမှာ ကြိုက်တဲ့အပွင့် ကပ်ကြေးနဲ့ဖြတ်ပြီး ပိုက်ဆံထားခဲ့တဲ့ စနစ်ပါ၊ အခုလို အစားအသောက်ကို ရောင်းတာတော့ ဒီမှာ ပထမဆုံး တွေ့ဖူးတာပါပဲ၊


Photobucket
ဘန်ဂလိုတွေ ရှေ့မှာတော့ ကလေးတွေ အတွက် စက်ဘီးတွေ၊ ကားတွေ မောင်းလို့ရအောင် လမ်းလေးတစ်ခု လုပ်ထားပေးတယ်၊ တကယ့်ကားလမ်းမလို မျဉ်းတွေ၊ လိုင်းတွေ၊ ယာဉ်အန္တရာယ် သတိပေး ဆိုင်းဘုတ်တွေနဲ့၊ ဒါက အဲဒီလမ်းကလေး အဝင်ဝက 'ကလေးများလမ်း' ဆိုင်းဘုတ်ပါ၊


Photobucket
ကလေးတွေအတွက် ဘက်ထရီနဲ့မောင်းတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ခြေနင်းကား၊ ခြေနင်းဆိုင်ကယ်၊ စက်ဘီး၊ လယ်ထွန်စက်၊ ဝန်ချီစက် တော်တော်များများ ထားပေးထားတယ်၊ အလကားတော့ မဟုတ်ဘူး၊ ယာဉ်ပေါ်လိုက်လို့ တရက်ကို ဆွစ်ဖရန့် ၂ ဖရန့်ကနေ ၅ ဖရန့်အထိ ပေးရတယ်၊ မိသားစုတွေ excursion ထွက်လို့ရအောင် လူကြီးစီး စက်ဘီးတွေလည်း ငှားတယ်၊


Photobucket
သားကတော့ အဲဒီမှာ စိတ်ကြိုက်ပေါ့၊ စီးစရာတွေ များလွန်းလို့ သူ့မှာ ဘာရွေးရမှန်းတောင် မသိဘူးဆိုပဲ၊ ဒါပေမယ့် ကျနော်တို့ကတော့ တစ်ရက်ကို ယာဉ် ၂ စီးထက် ပိုမငှားပေးပါဘူး၊ တန်ဖိုးထားတတ်တဲ့ စိတ်လေး လျော့သွားမှာ စိုးလို့၊


Photobucket
ဒီ မော်တော်ဆိုင်ကယ်လေးကိုတော့ သူ အတော်ကြိုက်သွားတယ်၊ သူက အားလုံးထဲမှာ တော်တော်မြန်တယ်၊ ညနေ ကစားလို့ပြီးရင် ကားတွေ၊ ဆိုင်ကယ်တွေကို သံကြိုးနဲ့ သော့ပြန်ခတ်၊ ဘက်ထရီအားသွင်းတဲ့ ဓါတ်ကြိုးကို ပြန်တပ်၊ သော့ကို reception က ပုံးလေးထဲမှာ သွားပြန်ထည့်ရပါတယ်၊


Photobucket
ဟိုတယ်ရဲ့ တဖက်ခြမ်း တောင်ခြေ၊ ကုန်းမြင့်မှာ ဆောက်ထားတဲ့ Chalet အိမ်လေးတွေနဲ့ ထင်းရူးတောပါ၊ အရင်တုန်းက ဆွစ်ရိုးရာ chalet တွေမှာ အုတ်၊ အင်္ဂတေ သိပ်မပါပေမယ့် အခုနောက်ပိုင်းတော့လည်း တော်တော်များများ သုံးလာကြပါပြီ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အိမ်တွင်းအပူပေး စနစ်က မီးလင်းဖို တစ်ခုပဲ ရှိပါတယ်၊ အခုတော့ လျှပ်စစ် heater ရေပူရေအေး၊ ဂျာကူဇီ၊ တချို့ chalet ဆို အိမ်တွင်း ရေကူးကန်နဲ့ဘာနဲ့၊ နောက်ပိုင်း အိမ်တွေက အရောင်တင်ဆီသုတ်ထားတဲ့ သစ်သားအရောင်တွေနဲ့ပေမယ့် တချို့တွေကတော့ ရှေးယခင် အတိုင်း ရေနံလို ဆေးတမျိုးသုတ်ထားတဲ့ အမည်းရောင် အတိုင်းပါပဲ၊ ဒီလို အိမ်အမည်းလေးတွေကို မြင်တော့ မြန်မာပြည်က ရေနံချေး ဝနေတဲ့ အိမ်ကလေးတွေကို သတိရမိတယ်၊


Photobucket
အဲဒီ တဖက်ခြမ်းကပဲ နွားအုပ်တအုပ်ကို zoom နဲ့ ဆွဲရိုက်ထား ကြည့်တာ..၊ သူတို့က အတော်လေးတော့ လှမ်းပါတယ်၊ ဒါပေမယ့် လေသင့်တာက တကြောင်း၊ နွားတွေလည်ပင်းမှာ ဆွဲထားတဲ့ သံခလောက်ကြီးတွေက အသံကျယ်လွန်းတာ တကြောင်းဆိုတော့ အဝေးကြီးကနေ နွားအုပ်ကိုကြားရတယ်၊ ဒါ့ကြောင့်လည်း တောင်ပေါ်စားကျက်တွေမှာ တစ်လ ကိုးသီတင်း ဒီလိုပဲ လွှတ်ထားပေမယ့် သိပ်ခဲခဲယဉ်းယဉ်း မရှာရဘဲ ပြန်တွေ့တာဖြစ်မယ်၊


Photobucket
ကျနော်တို့ နေခဲ့တဲ့ အခန်းလေးက ရိုးရိုးစင်းစင်းလေးပါပဲ၊ အိပ်ခန်းတစ်ခန်းနဲ့ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ထိုင်ခုံ မွေ့ရာတစ်ခုပါတဲ့ ဧည့်ခန်း....၊ ဒါပါပဲ၊ ဧည့်ခန်းမှာ လိုင်း ၆ လိုင်းပဲ ဖမ်းလို့ရတဲ့ ရေဒီယိုလေး တစ်လုံးရှိတယ်၊ တီဗီ မရှိဘူး၊ အခမဲ့ WiFi စနစ်တော့ ရှိတယ်၊ အဲဒီမှာ နေတုန်း ဘလော့ဂ်လည်းမရှိ၊ တီဗီလည်း မကြည့်၊ သတင်းစာလည်း (ရွာထဲ သွားမဝယ်လို့) မရှိနဲ့..၊ ပုံမှန်ကျင်လည်ရာ လောကနဲ့ အဆက်အသွယ် ပြတ်နေခဲ့တယ်၊ ညဆိုလည်း ဘာမှလုပ်စရာ မရှိလို့ စာအုပ်လေး တစ်အုပ်ဖတ်ပြီး ၁၀ နာရီမထိုးခင် ထူးထူးဆန်းဆန်း အိပ်ရာတွေဘာတွေတောင် ဝင်ဖြစ်လို့...၊ တကယ့်ကျေးလက် ပါပဲ၊ မိုးလင်း အိပ်ရာထတော့ ဧည့်ခန်း ပြူတင်းပေါက်က အရင်ဆုံး တွေ့ရတာ က နှင်းဖုံးတောင်တန်းတွေ...၊

ဒီမှာနေတုန်း ကောင်းတာတခုက အားလုံးက ကိုယ့်လိုပဲ ကလေးတွေပါတဲ့ မိသားစုတွေ ဆိုတော့ ကိုယ့်ကလေး ပြေးလွှားအော်ဟစ်နေလည်း အားနာစရာ မလိုတာပါပဲ၊ ငိုတဲ့ကလေး၊ ဆူညံတဲ့ကလေး၊ တချိန်လုံး လျှောက်ပြေးနေတဲ့ကလေး၊ ကလေးပေါင်းစုံကို တွေ့ရဖို့ လူကြီးတိုင်းက အဆင်သင့်ဖြစ်တဲ့ စိတ်တွေနဲ့ လာခဲ့ကြမှာကိုး၊ ဒီမှာနေတုန်း မကောင်းတာကတော့ ကော်ဖီပဲ၊ ရေရေလည်လည် ညံ့တယ်၊ ၃ ရက်ဆက်တိုက် ဝတ်ထားတဲ့ ခြေစွပ်ကို ရေစိမ်ပြီး သောက်ရသလိုပဲ၊ ကျနော် သိရသလောက် အရင်တုန်းက ဒီအခန်းတွေမှာ ကော်ဖီမှုန့်ကနေ ပေါင်းခံပြီး အိုးလိုက်ဖျော်ရတဲ့ စက်တွေထားပေးတယ်၊ ဧည့်သည်တွေက ကိုယ့်ကော်ဖီမှုန့်နဲ့ ကိုယ်လာခဲ့၊ အခုတော့ Nespresso လို ဗူးလေးတွေ ထည့်ရတဲ့ စက်တွေ ထားပေးတယ်၊ Nespresso တော့မဟုတ်ဘူး၊ ဘာတံဆိပ်မှန်းတောင် မမှတ်မိ တော့ဘူး၊ ဒီလောက်အရသာ ဆိုးဝါးတဲ့ကော်ဖီ ဒီကမ္ဘာလောကရဲ့ တခြား ဘယ်နေရာမှာမှ ရှိနိုင်တော့မယ်လို့ မထင်ဘူး၊ အဲဒီလောက်တောင်...၊ တော်သေးတာ တခုက ဘူတာရုံတွေမှာ တွေ့ရတတ်တဲ့ ကော်ဖီစက်မျိုး တစ်ခု reception အရှေ့မှာ ထားပေးတယ်၊ ပိုက်ဆံ ထည့်ပြီးဝယ်ရတဲ့ တော်ရိလျော်ရိ ကော်ဖီ..၊ ဒါပေမယ့် အဲဒီစက်ထဲက ကော်ဖီကတောင် သူတို့ဆီက ဝယ်ထားရတဲ့ ဗူးလေးတွေထဲက ကော်ဖီထက် အများကြီး ပိုကောင်းနေသေးတယ်၊ ကဲ..ဘယ်လောက်များ ဆိုးသလဲ ဆိုတာ...၊ ကျနော့်မှာ ကော်ဖီကောင်းကောင်း တစ်ခွက်နဲ့ အဲ့လ်ပ်စ် တောင်တန်းတွေကို ခံစားမလို့ဟာ ရုပ်ရှင်ရုံထဲ ရောက်ပြီးမှ နေကြာစေ့ထုပ် မေ့ကျန်ခဲ့သလို အဖြစ်မျိုး...၊ ပိတ်ကားကြီးကြည့်ပြီး နှုတ်ခမ်းပဲ သပ်နေရတော့ မလိုလို၊ ဖြစ်ပုံများ ပြောပါတယ်...။ ။


ညီလင်းသစ်
၃၀ ဧပြီ၊ ၂၀၁၁

စာကြွင်း။ ။ အနီးအနားကို လျှောက်သွားတဲ့ ပုံတွေကိုတော့ နောက်တစ်ပို့စ်မှာ တင်ပါ့မယ်..။

25 comments:

  1. မောင်မျိုးApril 30, 2011 at 3:55 AM

    ချစ်စရာ့ရွာကလေးပဲ ပုံ ၄-၅ ကိုကြိုက်တယ် ။ ပြီးတော့ သူတို့ဈေးရောင်းပုံလေးကလည်း လေးစားစရာ ယုံကြည်မှုနဲ့အရောင်းအ၀ယ်လုပ်ကြတာလေး ။

    ReplyDelete
  2. ဈေးရောင်းတာလေးကို သဘောကျမိတယ်ဗျာ .. နှစ်သက်စရာလည်းကောင်းတယ်. တောင်တန်းတွေကို လည်း သဘောကျမိတယ် .. ခု ဒီပို့စ်ဖတ်လိုက်တော့ ကိုယ်ပါ အဲ့ဘက် ရောက်ပြီး လျှောက်လည်လိုက်ရသလိုပဲဗျာ .. တကယ်လက်တွေ့မရောက်ပေမဲ့ ခုလို စိတ်ကူးနဲ့ ရောက်ခွင့်ရလိုက်ပါတယ် . . ကျေးဇူးပါ..

    ReplyDelete
  3. ယုံကြည်မှု့နဲ့ ဈေးရောင်းတာကို သဘောကျတယ်။
    ကလေးတွေကားမောင်း ဆိုင်ကယ်စီးလမ်းလုပ်ပေးထားတာ သဘောကျတယ်။
    ကျနော်သမီးဆိုလဲ တနေကုန်စီးလို့ဝမှာမဟုတ်ဘူး။
    မနက်ခင်းနိုးလာလို့ မြက်ခင်းပြင်ကို မျက်နှာမူရတာ
    အားကျလိုက်တာ..။
    အဲလ်ပ် တောင်တန်းကိုရောပေါ့..။
    ကော်ဖီအတွက် ဝမ်းနည်းပါတယ်..။
    နောက်ဆို လိုရ မယ်ရ ကော်ဖီနဲနဲသယ်သွားရမယ်ထင်တယ်။


    ပေါက်

    ReplyDelete
  4. ဒီမှာတော့ ခြံစိုက်ခင်းတွေမှာ ပန်းဝယ်ရင်အဲလိုပဲကိုယ့်ဟာကို ဗူးထဲပိုက်ဆံထည့်ခဲ့တာ။ ဒိန်ခဲနွားနို့ကို အဲလိုရောင်းတာတော့မကြုံဖူးသေးဘူး။
    အဲဒီမှာတောင်ပေါ်မြက်ခင်းပြင်ကလည်းသန့်၊တောင်ပေါ်လေကလည်းသန့်လို့ဆွိစ်ကနွားနို့နာမည်ကြီးတာဖြစ် မယ်။ တခြားနွားနို့နဲ့ကိုမတူဘူး။
    ကလေးတွေတော့တော်တော့်ကိုပျော်ကြမှာပဲ။ စီးဖို့ကစားစရာတွေကလည်းအများကြီးပဲနော်။ အင်း...ကော်ဖီမကောင်းတာက ကိစ္စမရှိပါဘူး။ ကလေးဆူညံတာအတွက်တော့အဆင်သင့်မဖြစ်သေး ဘူး :)

    စူးနွယ်လေး

    ReplyDelete
  5. ရှုခင်းလေးတွေ အိမ်လေးတွေက ချစ်စရာကောင်းလိုက်တာ... သွားလည်ချင်စရာ... သားလေးကအတော်ပျော်နေပုံဘဲ...

    ReplyDelete
  6. နောက်ဆုံးပုံမှာပြထားတဲ့ မြင်ကွင်းမျိုး မှာ ရယ်
    ကန်းစပ်ရေပြင်ကြီးနား နေနေရတဲ့ အနေအထားမျိုး မှာ ရယ် ဘယ်တခုမှာ နေရတာကို ပိုပြီးနှစ်သက်လဲ ညီလင်း ? အရင်ပို့စ်ထဲက ဓါတ်ပုံတွေကြည့်ပြီးကတည်းက ကျမတော့ အဲ နေရာကို သဘောကျနေမိတာ ...

    နောက်ဆုံးတကြောင်းက ကြော်ငြာလေးအတွက်ပါ ကျေးဇူး ပါ ။

    mie nge

    ReplyDelete
  7. လပြည့်ရိပ်April 30, 2011 at 8:19 AM

    ဒီမှာလည်း အဲလို ပန်းရောင်းတာတွေရှိတယ်။ စတော်ဘယ်ရီသီးပေါ်ချိန်ကျလည်း စိုက်ခင်းထဲမှာ ကိုယ့်ဖာသာကိုယ်ခူး ကြိုက်သလောက်စား ဘယ်လောက် ဆိုပြီး ရောင်းတာတွေရှိတယ်။
    ဒါနဲ့ သားလေးက ပိုပိုပြီး ချစ်ဖို့ကောင်းလာတယ်။ အကျီင်္အနီလေးနဲ့ပုံက တော်တော်ပျော်နေပုံပဲ။ အဲဒီပုံလေးကို ကြည့်ပြီး သူ့ဆံပင်တွေကို ဆွဲဖွပစ်ချင်နေတာ :)
    ကော်ဖီအရသာ ဥပမာ ပေးတာကိုတော့ကြိုက်သွားပြီ။ ” ၃ ရက်ဆက်တိုက် ဝတ်ထားတဲ့ ခြေစွပ်ကို ရေစိမ်ပြီး သောက်ရသလိုပဲ၊ ” တဲ့ ..ဟားဟား... ဒါနဲ့ အဲဒီခြေစွပ်ကရော နွေရာသီပူပြင်းချိန်ဝတ်ထားတာလား ၊ ဆောင်းရာသီ ခြေဆီမထွက်ချိန်ဝတ်ထားတဲ့ ခြေစွတ်လား :P ...

    ReplyDelete
  8. I also like the atmosphere of countryside,folk tase and fragrance .Although living and going around same when you write it,it's sooooooo cute n lovely.Sorry for coffee, you made me lol.If i were there i might be the same.
    Gyidaw

    ReplyDelete
  9. မောင်မျိုး ...
    ဟုတ်တယ်ဗျ၊ အစားအသောက်ကို အဲဒီလိုရောင်းတာ ကျနော်လည်း အရင်က မတွေ့ဖူးဘူး၊ လူတိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ဝယ်နိုင်ခြမ်းနိုင်တဲ့ အခြေခံ စီးပွားရေးရှိတဲ့အခါ ဘယ်နေရာမှာမဆို လုပ်နိုင်မယ် ထင်ပါရဲ့ဗျာ..၊

    ကိုဘာနေ ...
    နှစ်သက်၊ သဘောကျတယ်ဆိုလို့ ကျေးဇူးပါဗျာ..၊

    ပေါက် ...
    ဟုတ်တယ်ဗျို့၊ နောက်တစ်ခေါက် အဲဒီလိုနေရာ သွားမယ်ဆိုရင်တော့ သယ်ထားပြီးသားပဲ၊ အရင် နှစ်ကုန်မှာ သွားတုန်းကလည်း ကြုံခဲ့ရတာ၊ ကျနော်ကိုက အမှတ်မရှိတော့ အခုထပ်ထိတာပေါ့၊း)

    မစူးနွယ် ...
    ဟုတ်တယ်ဗျ၊ ဆွစ်နွားနို့ကတော့ တော်တော်ကောင်း တယ်လို့ လူတိုင်းပြောကြတယ်၊ ကော်ဖီမကောင်းတာက ကျနော့်အတွက်တော့ မဟာပူပန်မှုကြီး ပါပဲဗျာ၊းD

    မ Rose of Sharon ...
    ဟုတ်ပါတယ်၊ အဲဒီလို နေရာမှာတော့ ကလေးတိုင်း ပျော်ကြမှာ သေချာပါတယ်..၊

    မ mie nge ...
    ၂ နေရာလုံးက တမျိုးစီ ကောင်းကြပါတယ်၊ တောင်ပေါ် ဒေသက ကောင်းပေမယ့် ရေရှည်မှာ နေဖို့ သိပ်တော့ လွယ်မယ်မထင်ဘူး၊ ဥပမာ-ဆောင်းတွင်း ဆိုရင် အရမ်းအေးမယ်၊ သွားရေးလာရေး ခက်မယ်၊ ဆိုတော့ အခုနေ,နေတဲ့ ရေကန်နားမှာ နေတာကိုပဲ ပိုကြိုက်ပါတယ်..၊း)

    လပြည့်ရိပ် ...
    ဟားဟား..ကျနော့်ရဲ့ ခြေစွပ်ဥပမာက လပြည့်ထပ်ပြီး ခွဲခြမ်းစိတ်ဖြာမှ ပိုပြီး ပြည့်စုံသွားပြီ၊ အင်း.. နွေရာသီ ပူပြင်းချိန် ခြေဆီထွက်တဲ့ ခြေထောက်တွေနဲ့ ဝတ်ထားတဲ့ ခြေစွပ်လို့ ပြောရမှာပဲဗျ၊ ဆိုးချက်က..။းD

    ဂျီးဒေါ် ...
    အကြိုက်ချင်းတူတာ သိရလို့ ဝမ်းသာပါတယ်ဗျာ၊ ကျေးလက်ဒေသတွေက အနားယူအပန်းဖြေဖို့တော့ အတော်ကောင်းတဲ့ နေရာတွေပါပဲ၊ ကော်ဖီကတော့ နောက်ဆို သင်ခန်းစာ ယူရမှာပဲဗျ..။း)

    ReplyDelete
  10. သွားလည်ချင်လိုက်တာ။
    ကော်ဖီမကောင်းတာတော့တော်တော် မအီမသာဖြစ်မှာဘဲနော်။ အဲဒီ ရှုခင်းနဲ့ ကော်ဖီ နဲ့ မှပြည့်စုံမှာ။
    ပုံအားလုံးကြိုက်ပါသည်။
    အိုင်အိုရာ

    ReplyDelete
  11. အားလုံးပြိးပြည့်စုံနေမှ ဒီကော်ဖီကတော့ လုပ်ပြီ:):)
    တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရမှာနော်..အကို ကော်ဖီကြိုက်တဲ့ သူချင်းမို့လေ.. ကြည်နူးစရာ ခရီးစဉ်လေး ဖြစ်ခဲ့မယ် ယုံကြည်ပါတယ်...:)
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  12. အဲဒီလို တောင်တန်းတွေနဲ့ ကုန်းတက်ကုန်းဆင်းတွေမှာ ဆောက်ထားတဲ့အိမ်လေးတွေကိုသဘောကျတယ်...။ ကလောမြို့လို့ပေါ့....။ သားကပိုထွားလာတယ်...။ နောက်ဆုံးပုံလေးကို အကြိုက်ဆုံးဘဲ... အဲလိုရှုခင်းမျိုးနဲ့ နေ့တိုင်းနိုးထရရင်သိပ်ကောင်းမယ်..။

    ReplyDelete
  13. ကချင်ပြည်နယ်က ပူတာအို မြို့လိုပဲနော်
    အပေါ်ဆုံးက အရမ်းတူတာပဲ ပူတာအိုမှာ
    ဘိုတဲတွေက အဲ့လိုပဲ သားလေးက
    အရပ်ထွက်လာပုံရတယ် မျက်နှာနဲနဲချောင်နေသလို
    ထင်မိတယ်။ ဓါတ်ပုံအနေထားကြောင့်လားတော့မသိဘူး

    ReplyDelete
  14. အဲ့လိုကျေးလက်မှာ ခြံလေးစိုက်၊နွားလေးမွေးချင်လိုက်တာ
    ဗျာ...၊ယုံကြည်မှုအခြေခံဈေးရောင်းတဲ့ပုံစံကိုတော့သဘောကျတယ်အကိုရာ...။သားသားကတော့အတော်ပျော်နေ
    မှာပေါ့နော်...၊

    ReplyDelete
  15. ခရီးသွား ဆောင်းပါးလေး လာဖတ်တယ် ကိုညီလင်း။ တောင်တန်းနဲ့ သဘာဝ အလှ ရှုခင်းပုံလေးတွေ သဘောကျတယ်။ သားသားလည်း တော်တော် ပျော်ခဲ့မှာပဲနော်။

    ReplyDelete
  16. ရှုခင်းတွေ လှတာများ ရင်သပ်ရှုမောပါဘဲ ကိုညီလင်းသစ်ရေ
    အသွားချင်ဆုံး နိုင်ငံထဲမှာ ဆွဇ်က ထိပ်ဆုံးကပါဘဲ
    သိပ်လှတဲ့ ရှုခင်းတွေကို မြင်ရဖို့ ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတယ်
    ဈေးရောင်းတဲ့ စနစ်ကလည်း သဘောကျဖို့ကောင်းလိုကတာ
    လူတွေရဲ့ ရိုးသားမှုနဲ့ ယုံကြည်မှုဟာ ဂုဏ်ယူစရာ ကောင်းလိုက်တာနော်
    စကားမစပ်
    သားလေးက သိပ်ချစ်ဖို့ကောင်း
    ကော်ဖီကြိုက်သူချင်းမို့တော့ ကိုယ်ချင်းစာမိတယ်

    ReplyDelete
  17. ဒီနေ့ ပဲ Montreux ကပြန်ရောက်ပါတယ်။
    တောင်တန်းတွေ၊ရေကန်တွေ့ ကြည့်ရင်း ကိုညီတို့ များ
    တွေ့ မလား၊ တခြားမြန်မာများ တွေ့ မလား ရှာကြည့်သေးတယ်။

    ReplyDelete
  18. အောက်ဆုံးပုံကိုမြင်တော့ အခုချက်ချင်းကို ပြေးပြီး သွားချင်လာမိတယ်။ ဒါပေမယ့် ကော်ဖီကောင်းကောင်းလေးတော့ မမေ့မလျော့ သယ်သွားမှ ဖြစ်မယ်။ ကျွန်တော်လဲ ကော်ဖီကြိုက် ထဲကပဲ။ ဖတ်စရာ စာအုပ်ကောင်းကောင်းလေးတစ်အုပ်၊ ကော်ဖီတစ်ခွက်၊ ရေနွေးတစ်ခရားနဲ့ ဒီလိုရှုခင်း ဒီလိုအခန်းလေးမှာ ထိုင်ပြီး.......

    အရမ်းသွားချင်တယ်ဗျာ။ ငြိမ်းချမ်းတယ်။

    တောင်ငူသား

    ReplyDelete
  19. Are you angry about coffee?I like to read your for example about coffee.:D
    Anyway thank for shearing and waiting to read for your new posts.:D
    Thu Ri Ya is very lovely child.Like your nice photos.

    ReplyDelete
  20. မအိုင်အိုရာ ...
    အစစ်ပဲဗျာ၊ ကော်ဖီမပါရင် ရှုခင်းကောင်းကောင်းတွေ လည်း 'နင်' ချင်စရာပါပဲ..၊း)

    Angelhlaing ...
    ဟုတ်တယ်ညီမရေ..၊ ကော်ဖီကြိုက်သူချင်းဆိုတော့ ဆိုလိုရင်းကို ကောင်းကောင်းသိမှာပဲ..၊

    ဖြိုး ...
    ဟုတ်တယ်ဗျ၊ တချို့နေရာတွေက ကလောနဲ့ တူတယ်လို့ ပြောရမယ်၊

    မဘေဘီ ...
    ပူတာအိုနဲ့ တူတယ်ဆိုတာ ယုံတယ်ဗျို့၊ ပူတာအိုကို မရောက်ဖူးပေမယ့် 'မြန်မာပြည်ရဲ့ ဆွစ်ဇာလန်' လို့ တင်စားပြီး ခေါ်ကြတယ်လို့ ကြားဖူးတယ်..၊

    ကိုညိမ်းနိုင် ...
    ကျနော်လည်း အဲဒီလိုလေး နေချင်တယ်ဗျ၊ အနည်းဆုံး တော့ အသက်ကြီးလာတဲ့ အခါမှာပေါ့ဗျာ၊ သားက တော်တော်ပျော်ခဲ့တယ်၊

    ရိုစ့် ...
    စာလာဖတ်ပြီး ပုံလေးတွေ နှစ်သစ်တာ သိရလို့ ကျေးဇူး တင်ရပါသဗျာ..၊

    မချော ...
    တကယ်လာမယ်ဆို ကျနော်တတ်နိုင်တာ ကူညီဖို့ အဆင်သင့်ပါပဲဗျာ၊ ခင်ရတဲ့ ညီအစ်ကို မောင်နှမတွေကို ကျနော်ကလည်း ဖြစ်နိုင်သလောက် လိုက်ပြပေးချင် ပါတယ်၊

    မရှင်လေး ...
    ကျနော့်ကို ကြိုပြောရင် တွေ့လို့ရတာပေါ့၊ Montreux က ကျနော်တို့အိမ်နဲ့ မိနစ် ၂၀ ရထားစီးရင် ရောက်ပါတယ်၊

    (ကို)တောင်ငူသား ...
    ကော်ဖီ ကြိုက်သူတွေဟာ တွေးပုံချင်းလည်း တူတယ်လို့ ပြောရမယ် ထင်တယ်ဗျ၊ ကျနော်လည်း အဲဒီလိုတွေ လုပ်ရတာ ကြိုက်တယ်..၊း)

    Ma Chaw Su ...
    Thanks for your nice comment! Yeah, I have something in mind to make a post about coffee, probably in the form of photo or video or written post as usual. Let's see! Please do come and read whenever it's ok for you. Thanks again!

    ReplyDelete
  21. ကိုညီလင်းသစ်ရေ
    နေ့လည်က လာဖတ်တယ်။ ဒီပို့စ်ကို။ အချိန်မရလို့ ဘာမှမရေးခဲ့ရဘူး။
    ခရီးက ဒေသန္တရဗဟုသုတတွေ နဲ့ လူနေမှုစရိုက်တွေကိုသိရတာ စိတ်ဝင်စားတယ်။
    ခလေးနဲ့အတူဘယ်သွားသွား မိသားစုပုံစံတွေကိုရွေးရတာ ကောင်းကောင်းသဘောပေါက်တယ်။
    ကျွန်မလည်း ကော်ဖီကြိုက်သူပါ။ မကောင်းတဲ့ ကော်ဖီကို သောက်မိရင် ကျွန်မပေးတတ်တဲ့ ဥပမာကတော့ “ သူခိုးမျက်ရည်” လိုပဲလို့။ အဖွားက အရသာမရှိရင် အဲလိုပြောလေ့ရှိခဲ့တာကြောင့် ပါ။

    ReplyDelete
  22. မကောင်းမွန်ဝင်း ...
    “သူခိုးမျက်ရည်”...??? တယ်မိုက်တဲ့ အစ်ဒီယမ်ပါလား၊ တခါမှ မကြားဖူးဘူး၊း) မှတ်ထားလိုက်ပြီဗျို့....။းD

    ReplyDelete
  23. တကယ်ပါ...
    လူတွေ တယောက်နဲ့တယောက် ဆက်ဆံကြတဲ့ ဆက်ဆံရေးမှာ အရေးအကြီးဆုံးက ယုံကြည်မှု ပါပဲ... တန်ဖိုးထားစရာ သိပ်ကောင်းပါတယ်...

    လာလည်ချင်နေတဲ့သူကို မဖြစ်မနေ အရောက်လာချင်အောင် ဆွဲဆောင်လိုက်တဲ့ ခရီးသွားပိုစ့်ပါပဲ....

    ReplyDelete
  24. မသက်ဝေ ...
    အမှန်ပါပဲဗျာ..၊ တစ်ယောက်နဲ့တစ်ယောက် မယုံကြည် ကြတော့ရင် ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်တော့ဘူး၊ လာလည်ဖို့ အကြောင်းများ ရှိခဲ့ရင်လည်း ကျနော့်ကို ပြောပါဦး၊ တတ်နိုင်တာ ကူညီဖို့ အသင့်ပါပဲဗျာ...။

    ReplyDelete
  25. စိတ်ရော လူပါ အပန်းပြေတယ်ဆိုတာ ဒီလို ခရီးမျိုး နေမှာပဲ။ သဘောကျလိုက်တာ..

    ReplyDelete