11 December 2011

ဘီပီအေ (သို့မဟုတ်) မမြင်ရသော အန္တရာယ်


(Credit: animafac.net)

ဒီကနေ့ ကမ္ဘာမှာတိုးတက်ဆန်းပြားလာတဲ့ တီထွင်မှုတွေနဲ့အတူ တပါတည်း ပါလာတဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေ ရှိပါတယ်၊ တချို့အရာတွေကို အန္တရာယ်မှန်း ချက်ချင်းသိပြီး ရှောင်နိုင်ပေမယ့် တချို့အရာတွေကတော့ နေ့စဉ်ဘဝမှာ အမြဲထိတွေ့ နေရသည့်တိုင် အန္တရာယ်ရှိမှန်း မသိနိုင်တာ မျိုးတွေလည်း ရှိပါတယ်၊ အဲဒီလို မမြင်နိုင်တဲ့ အန္တရာယ်တစ်ခု အကြောင်းကို ကျနော်ပြောပြ ချင်ပါတယ်၊ သူကတော့ ဘီပီအေ (BPA) လို့ အတိုကောက် ခေါ်ကြတဲ့ Bisphenol A ပါပဲ...၊

အဲဒါဘာလဲ

ဘီပီအေဆိုတာ ပိုလီကာဗွန်နိတ် (polycarbonate) ပလပ်စတစ်အမာနဲ့ အပူဒဏ်ခံ ပလပ်စတစ်အမာ (thermosetting epoxy resin) တို့ကို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ဓါတုဗေဒ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်၊ သူ့ကို ၁၉ ရာစုကုန်လောက် ကတည်းက စတင်ပြီး စမ်းသပ်ဖော်ထုတ် နိုင်တာ ဖြစ်ပေမယ့် တကယ်တမ်း အကြီးအကျယ် အသုံးပြုလာတာ ကတော့ ၁၉၅၀ ပြည့်လွန် နှစ်တွေမှာ ပလပ်စတစ်ထုတ်တဲ့ ကုန်ထုတ်လုပ်မှုတွေမှာပါ၊ ပြီးတော့ တစထက်တစ တွင်ကျယ်လာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ ဆားကစ်ပြားတွေမှာ လျှပ်ကာပစ္စည်း (insulator) အဖြစ်လည်း အသုံးပြုလာ ကြတယ်၊ အဲဒီလို သုံးကောင်းကောင်းနဲ့ နေရာတကာမှာ သုံးလာ လိုက်ကြတာ အခုတော့ ဘီပီအေက ပေးတဲ့ ပြဿနာဟာ အလေးအနက်ထား စဉ်းစားရတော့မယ် အချိန်ကို ရောက်လာခဲ့ပါပြီ...၊

အကြောင်းကတော့ ဘီပီအေဟာ Endocrine disruptor လို့ခေါ်တဲ့ ဟော်မုန်းတွေကို ဒုက္ခပေးသူ ဖြစ်လို့ပါပဲ၊ ခန္ဓာကိုယ်ထဲကို ဘီပီအေ ရောက်သွားတဲ့အခါ လူ့ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှု စနစ်နဲ့ အာရုံကြောစနစ်ကို သူက ဖျက်ဆီးပစ်နိုင် ပါတယ်၊ တကယ်တော့ ဘီပီအေဟာ အခုလို ဟော်မုန်းဓါတ်တွေအပေါ် သက်ရောက်မှု ရှိနိုင်တယ် ဆိုတာ အချိန်တော်တော် ကြာကြာကတည်းက သိထားကြပေမယ့် လူ့ခန္ဓာကိုယ်ထဲကို ပမာဏ အများကြီး ဝင်ရောက်သွားမှသာ ဒါဟာ အန္တရာယ်အဆင့် ဖြစ်နိုင်တယ်လို့ ထင်မှတ်ထားခဲ့ ကြတာပါ၊ ဒါပေမယ့် ၁၉၉၆ မှာ မစ်ဆူရီ တက္ကသိုလ်က ဓါတ်ခွဲခန်းတစ်ခုမှာ ကြွက်တွေနဲ့ စမ်းသပ်ကြည့်တော့ အလွန်နည်းပါးတဲ့ ဘီပီအေ ပမာဏဟာလည်း ကောင်းကောင်း အန္တရာယ်ပြုနိုင်တယ်လို့ အမှတ်မထင် တွေ့ရှိလိုက်ရတယ်၊ သားမွေးတော့မယ့် ကြွက်မကြီးကို ဘီပီအေ ပမာဏ မဆိုစလောက်ကလေး သုံးလေးရက်လောက် ပေးလိုက်တယ်၊ နောက် မွေးလာတဲ့ ကြွက်သားပေါက်လေးတွေကို စမ်းကြည့်တဲ့အခါ အထီးလေးတွေရဲ့ မျိုးပွားဟော်မုန်း စနစ်ဟာ ပျက်စီးနေတာကို တွေ့လိုက်ရတာပါ၊

နောက် သိပ်မကြာခင်မှာပဲ အခြားစမ်းသပ်မှုတစ်ခုမှာ ဘီပီအေ ပမာဏကိုလိုက်လို့ ကြွက်မလေးတွေမှာ ခရိုမိုဆုမ်း ကစင့်ကလျား ဖြစ်မှုကိုလည်း တွေ့လာကြတယ်၊ ဒါကိုကြည့်ပြီး အဲဒီပမာဏ အတိုင်းသာ လူ့ခန္ဓာကိုယ်မှာ သက်ရောက်ခဲ့ရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အဖို့ သားလျှော၊ သားပျက်တာတွေ ဖြစ်နိုင်လိမ့်မယ်လို့ ကောက်ချက်ဆွဲကြ ပါတယ်၊ အဲဒီနောက်မှာတော့ စမ်းသပ်မှုတွေ တစ်ခုပြီး တစ်ခုလုပ်ပြီး ဘီပီအေကို အလေးအနက်ထား သုတေသန လုပ်လာကြတယ်၊ ကြွက်တွေတင် မဟုတ်တော့ဘဲ အခြား တိရိစ္ဆာန်ငယ်လေး တွေကိုပါ သုံးပြီး ဘီပီအေ ပမာဏ မျိုးစုံနဲ့ စမ်းသပ်ကြပါတယ်၊ တက္ကသိုလ်ပေါင်းစုံ၊ ဓါတ်ခွဲခန်းပေါင်းစုံက ရလာတဲ့ ဒီတိရိစ္ဆာန်တွေအပေါ် စမ်းသပ်မှု အဖြေတွေကို လူသားတွေ အတွက် ဆင့်ပွားတွက်ချက် ကောက်ချက် ဆွဲလိုက်တဲ့အခါ တွေ့ရှိချက်တွေက ကြောက်စရာပါပဲ၊

လူကို ဘာတွေ ဒုက္ခ ပေးနိုင်သလဲ

လူ့ခန္ဓာကိုယ်ထဲမှာ ဘီပီအေ ပမာဏ များလာတဲ့အခါ အမျိုးသမီးတွေ အတွက် ရင်သားကင်ဆာနဲ့ အမျိုးသားတွေ အတွက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တယ်၊ မွေးလာတဲ့ ယောက်ျားလေး ကလေးငယ်တွေမှာ လိင်အင်္ဂါ ကောင်းစွာ မဖွံ့ဖြိုးတာတွေ ဖြစ်နိုင်တယ်၊ မျိုးပွားဟော်မုန်းတွေကို ထိခိုက်တာဖြစ်လို့ ကိုယ်ဝန်ရဖို့ ပိုပြီးခက်ခဲတာတွေ ဖြစ်နိုင်တယ်၊ မိန်းကလေးငယ်တွေမှာ အရွယ်မတိုင်မီ အများကြီးစောပြီး အပျိုဖော်ဝင်တာ ဖြစ်နိုင်တယ်၊ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါတွေ လွယ်လွယ်နဲ့ ဖြစ်နိုင်တယ်၊ အာရုံစူးစိုက်မှု လျော့ကျတာတွေ၊ hyperactivity လို့ခေါ်တဲ့ အလွန်အမင်း လှုပ်ရှားတက်ကြွတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်၊ ဘီပီအေကြောင့် ဒါတွေဖြစ်မယ်လို့ ကျိန်းသေပြောတာ မဟုတ်ပေမယ့် ဒါတွေဖြစ်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ဆိုလိုတာပါ...၊

အဲဒီလို အသံတွေ ကျယ်လောင်လာတဲ့အခါ ဘီပီအေကိုသုံးပြီး ပလပ်စတစ် ထုတ်လုပ်နေတဲ့ စက်ရုံကြီးတွေ၊ ကုမ္ပဏီကြီးတွေက ကန့်ကွက်သံတွေ ထွက်လာပါတော့တယ်၊ အခုပြောနေတဲ့ အချက်တွေက ၁၀၀ ရာခိုင်နှုန်း ကျိန်းသေတာ မဟုတ်ဘူး၊ လုပ်နေကြပါတယ် ဆိုတဲ့ သုတေသန တွေကလည်း အကန့်အသတ်တွေ အများကြီး ရှိကြတယ်၊ စမ်းသပ်မှု တွေကလည်း အပြည့်အဝ ယုံကြည်ရမယ်လို့ ဘယ်သူက အာမခံမှာလဲ စသဖြင့်ပေါ့....၊ ပြီးတော့ သူတို့ကလည်း တန်ပြန် ဓါတ်ခွဲစစ်ဆေးမှုတွေ လုပ်ကြတယ်၊ ရယ်စရာကောင်းတာ တစ်ခုက သူတို့ စပွန်ဆာပေးပြီး လုပ်ခိုင်းတဲ့ သုတေသန စမ်းသပ်ချက် တွေအားလုံးက ဘီပီအေဟာ လူသားတွေအတွက် အန္တရာယ်လုံးဝ မရှိပါဘူးလို့ တညီတညွတ်တည်း အသံ ထွက်တာပါပဲ၊ စီးပွားရေးသမားကတော့ ခေတ်အဆက်ဆက် ဒီလိုပဲ ရှိနေမယ် ထင်ပါရဲ့...၊

ဆိုတော့ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ရောဂါတွေ ဖြစ်စေနိုင်တဲ့ ဘီပီအေ ဒြပ်ပေါင်းက လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရော ရှိနေပြီလား ဆိုပြီး ဆက်လက် စစ်ဆေးကြတယ်၊ အမေရိကားနဲ့ ဥရောပက ကျား၊မ အသက်အရွယ် မျိုးစုံရဲ့ ဆီးတွေကို ဓါတ်ခွဲကြည့်တော့ ၉၅ ရာခိုင်နှုန်းမှာ ရှိနေတာကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရတယ်၊ များလွန်းတဲ့ ပမာဏပါပဲ၊ တကယ်လည်း ကျနော့်အလုပ်က ဓါတ်ခွဲခန်းမှာ ရေနမူနာတွေကို စစ်ဆေးတိုင်း ဘီပီအေကို အမြဲလိုလို တွေ့ရလေ့ ရှိပါတယ်၊ ဒါဆိုရင် အရှေ့တိုင်းက လူတွေမှာရော...? သူတို့ရဲ့ ကိုယ်ခန္ဓာထဲမှာလည်း ဘီပီအေ ဒြပ်ပေါင်း ရှိနေနိုင်သလား လို့မေးရင် မြေကြီးလက်ခတ် မလွဲပါပဲလို့ ဖြေရမှာပါ၊ ဟုတ်ပါတယ်၊ ဒီနေ့ ခေတ်သစ်ကမ္ဘာမှာ နေကြတဲ့သူ အယောက်တိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘီပီအေဟာ နေရာယူနေပြီးသား ဖြစ်နေပါပြီ၊ အကြောင်းကတော့ ကျနော်တို့ နိစ္စဓူဝ ထိတွေ့နေရတဲ့ ပစ္စည်းတွေဟာ ဘီပီအေနဲ့ မကင်းနိုင်လို့ ပါပဲ၊

ဘယ်ပစ္စည်းတွေမှာ ဘီပီအေ ပါသလဲ

အချိုရည်ဘူးတွေ၊ ဘီယာဘူးတွေရဲ့ အတွင်းဖက်မှာ သုတ်ထားတဲ့ ပလပ်စတစ် အလွှာထဲမှာ ဘီပီအေ ပါတယ်၊ ရေခဲသေတ္တာတွေ၊ ပန်းကန်ဆေးစက်တွေ၊ ဖုန်စုပ်စက်တွေ ထဲက လျှပ်စစ်ဆားကစ်နဲ့ ပလပ်စတစ် အစိတ်အပိုင်းတွေမှာ ဘီပီအေ ပါတယ်၊ ဥယျာဉ်ခြံသုံး စိုက်ပျိုးရေး ကိရိယာတွေကို ဘီပီအေ ပါတဲ့ ပလပ်စတစ်တွေနဲ့ လုပ်ကြတယ်၊ အိမ်မှာခင်းတဲ့ လီနိုလီယမ် ပလပ်စတစ် အခင်းမှာ ဘီပီအေပါတယ်၊ ဆယ်လိုတိတ်တွေမှာ၊ ကော်ထဲမှာ၊ ပစ္စည်းတွေ ထုပ်ပိုးလေ့ရှိတဲ့ ကပ်ထူစက္ကူပုံးတွေမှာ သုတ်တဲ့ ဆေးထဲမှာ၊ မျက်မှန်ကိုင်းနဲ့ မျက်ကပ်မှန် တချို့ထဲမှာ၊ အများပြည်သူ သောက်ဖို့ထားကြတဲ့ ၂၀ လီတာဝင် ပလပ်စတစ် ရေပုံးကြီးတွေ ထဲမှာ၊ ဧည့်ခန်းအလှဆင် ပလပ်စတစ် ပစ္စည်းတွေထဲမှာ၊ မြန်မာပြည်မှာ အရမ်းသုံးကြတဲ့ မယ်လမင်း (melamine) ပလပ်စတစ် ထမင်းစား ပန်းကန်နဲ့ ခွက်တွေထဲမှာ၊ စီဒီတွေ ဒီဗီဒီတွေထဲမှာ...၊ တကယ့်ကိုမှ အများကြီးပါပဲ၊ နောက်ဆုံး စူပါမားကက်တွေမှာ ဈေးဝယ်ရင် ငွေရှင်းကောင်တာက ပြန်ပေးတဲ့ ကျသင့်ငွေ စက္ကူဖြတ်ပိုင်းလေးတွေ မှာတောင်မှ ဘီပီအေ ပါ,ပါတယ်၊ ကျနော်တို့ ပတ်ဝန်းကျင်မှာ လက်ညှိုးထိုး မလွဲပါဘူး၊ အဆိုးဆုံးနဲ့ ထိတ်လန့်ဖို့ အကောင်းဆုံးကတော့ ကလေးငယ်လေးတွေ စို့တဲ့ ပလပ်စတစ် နို့ဘူးတွေထဲမှာပါ တွေ့ရတာပါပဲ...၊

ဒီနေရာမှာ အရေးအကြီးဆုံး မေးခွန်းတစ်ခု ရှိပါတယ်၊ ကောင်းပြီ...၊ အဲဒီ ဘီပီအေဒြပ်ပေါင်းက ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် ပမာဏ ဘယ်လောက်ဆိုရင် လူကို အန္တရာယ်ဖြစ်စေ နိုင်သလဲ ဆိုတဲ့မေးခွန်းပါ၊ ဒီနေ့ လက်ရှိအချိန်မှာ ကမ္ဘာ့ သိပ္ပံပညာရှင်တွေ၊ မူဝါဒနဲ့ စည်းမျဉ်းတွေ ရေးဆွဲမယ့် အာဏာပိုင်တွေ၊ ဘီပီအေပါတဲ့ ပလပ်စတစ် ထုတ်လုပ်သူတွေ အားလုံး အကျိတ်အနယ် ဆွေးနွေးငြင်းခုံ နေကြတာလည်း အဲဒီအချက်ပါပဲ၊ လောလောဆယ်တော့ သဘောတူညီမှု မရကြသေးသလို ဒီမေးခွန်းကိုလည်း ဘယ်သူမှ တိတိကျကျ မဖြေနိုင်သေး ပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ကိန်းဂဏန်း တစ်ခု သတ်မှတ်ဖို့အတွက် လုပ်ရမယ့် အဆင့်တွေက များလွန်းလို့ပါပဲ၊ ဓါတ်ခွဲခန်း စစ်ဆေးချက်တွေ အရ ဘီပီအေဟာ အန္တရာယ်ရှိတာ လုံးဝသေချာပေမယ့် တကယ့်လက်တွေ့မှာ ဘယ်လောက် ပမာဏရှိရင် လူသားတွေအပေါ် ရိုက်ခတ်မှုက ဘယ်နှရာခိုင်နှုန်း ရှိနိုင်မလဲဆိုတာ အတော်ပြောရခက်တဲ့ ကိစ္စပါ၊ အချိန်အများကြီးယူပြီး လူထုကျန်းမာရေး အနေနဲ့ ကွင်းဆင်းလေ့လာဖို့ လိုပါလိမ့်မယ်၊ လောလောဆယ် လုပ်နိုင်တာက ခန္ဓာကိုယ်ထဲမှာ ဘီပီအေ ပမာဏများတဲ့ လူတွေကို လေ့လာပြီး သူတို့မှာ ဖြစ်နေတဲ့ ရောဂါတွေကို ဆက်စပ်တွက်ချက်၊ ဓါတ်ခွဲခန်း အဖြေတွေနဲ့ ညှိယူရတာပဲ ရှိပါတယ်၊

ဒါပေမယ့် သေချာတာကတော့ ကျနော်တို့ရဲ့ ကမ္ဘာကြီးမှာ ရောဂါဘယတွေ ပိုပြီးထူပြောလာတာ ဖြစ်ပါတယ်၊ အထက်မှာ ပြောခဲ့တဲ့ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ပိုပြီး ဖြစ်လာကြတာ၊ ကလေးမွေးဖွားနှုန်း ကျဆင်းလာတာ၊ မိန်းကလေးငယ်တွေ အပျိုဖော်ဝင်ချိန် စောသထက် စောလာတာ.. စတာတွေက ငြင်းမရတဲ့ သက်သေတွေပါပဲ၊ ဒါတွေဖြစ်ရတဲ့ နောက်ခံအကြောင်းအချက်တွေ အများကြီး ရှိပါတယ်၊ အဲဒီအထဲမှာ ပလပ်စတစ်တွေ၊ သံဘူးတွေထဲမှာ ပါတဲ့ ဘီပီအေလိုမျိုး ဓါတုဗေဒ ဒြပ်ပေါင်းတွေဟာလည်း အဓိက အကြောင်းတွေထဲက တစ်ခုပါပဲ၊ ကဲ..ဒါဖြင့် ကျနော်တို့ ဘာလုပ်ကြမလဲ...?

ခန္ဓာကိုယ်ထဲကို ဘယ်လိုဝင်ရောက် သလဲ

ကမ္ဘာ့ခေါင်းဆောင်တွေ၊ နားလည်တတ်ကျွမ်းသူတွေက ဘီပီအေကို လုံးဝတားမြစ်တာ၊ ဒါမှမဟုတ် လျှော့ချတာ အစရှိတဲ့ တိကျရေရာမှု တစ်ခုခု မလုပ်နိုင်သေးခင်မှာ ကျနော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှော့ချကာကွယ်လို့ ရပါတယ်၊ မနှစ်က လောလောလတ်လတ် လုပ်ထားတဲ့ သုတေသန တစ်ခုမှာ လူ ၂၀ ကို ရွေးပြီး သူတို့ပုံမှန် စားသောက်ပုံအတိုင်း စားသောက်စေတယ်၊ အဲဒီလူတွေက ပလပ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ရေခဲရိုက် အစားအစာတွေ၊ သံဘူးနဲ့ ထည့်ထားတဲ့ အစားအသောက်၊ အချိုရည် စတာတွေကို ပုံမှန်ဝယ်စားလေ့ ရှိကြသူတွေပါ၊ တစ်ပတ်အကြာမှာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဘီပီအေ ပမာဏကို တိုင်းတာ မှတ်သားတယ်၊ ပြီးတော့ နောက်တစ်ပတ်မှာ သူတို့ကို သံဘူးတွေ၊ ပလပ်စတစ်တွေနဲ့ လုံးဝကင်းတဲ့ အစားအသောက် လတ်လတ်ဆတ်ဆတ်တွေကိုပဲ ချက်ကျွေးတယ်၊ ပြီးတော့ တခါ တိုင်းတာကြ ပြန်တယ်၊ အဲဒီအခါ ဒီလူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဘီပီအေ ပါဝင်နှုန်းက ၅၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတာ တွေ့ရတယ်၊ အထက်ပါ အချက်တွေကို အခြေခံပြီးတော့ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို ဘီပီအေ အများဆုံး ဝင်ရောက်နိုင်တဲ့ နည်းဟာ သံဘူးတွေ၊ ပိုလီကာဗွန်နိတ် ပလပ်စတစ်တွေနဲ့ ထုပ်ပိုးထားတဲ့ အစားအသောက်၊ အရည်တွေကနေ ဖြစ်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်၊

ဘယ်လို ကာကွယ်ကြ မလဲ

သံဘူးတွေရဲ့ အတွင်းဖက်မှာ အစားအသောက်နဲ့ သံနဲ့ တိုက်ရိုက်မထိတွေ့ စေဖို့ ခံထားတဲ့ ပလပ်စတစ် အလွှာကနေ ဘီပီအေက အစားအသောက်ထဲကို တဖြည်းဖြည်း စိမ့်ဝင်တာဖြစ်လို့ ဖြစ်နိုင်ရင် သံဘူးနဲ့ ထည့်ထားတဲ့ အစားအသောက်တွေ၊ အရည်တွေကို တတ်နိုင်သလောက် ရှောင်တာ အကောင်းဆုံးပါပဲ၊ အထူးသဖြင့် အက်ဆစ်ဓါတ်ဖြစ်တဲ့ အချဉ်ဓါတ်ပါတဲ့ ဟာတွေပါ၊ ဥပမာ- ခရမ်းချဉ်သီး သံဘူးမျိုး..၊ ဂျပန်မှာတော့ အခုနောက်ပိုင်း သံဘူးတွေထဲမှာ ဘီပီအေ မပါတဲ့ PET အမျိုးအစား ပလပ်စတစ် အလွှာကို အစားထိုး သုံးလာကြပါတယ်၊

သံဘူးတွေနဲ့အတူ တပါတည်း အရေးပါတဲ့ ဘီပီအေ ရင်းမြစ်နောက်တစ်ခုကတော့ ပလပ်စတစ်ပါ၊ ဒါပေမယ့် ဒီနေ့လို ပလပ်စတစ် ယဉ်ကျေးမှုထဲမှာ မက်မက်စက်စက် ပျော်ဝင်နေမိတဲ့ ကျနော်တို့အဖို့ ပလပ်စတစ်ကို လုံးဝရှောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒီတော့ ဘီပီအေ၊ Phthalates စတဲ့ ဓါတုဒြပ်ပေါင်းတွေ အများဆုံး ပါလေ့ရှိတဲ့ ပိုလီကာဗွန်နိတ် (Polycarbonate) အမျိုးအစား ပလပ်စတစ်နဲ့ ပီဗီစီ (PVC) အမျိုးအစား ပလပ်စတစ်တွေကို အစားအသောက်နဲ့ ပတ်သက်လာရင် တတ်နိုင်သလောက် ရှောင်ဖို့ပါပဲ၊ အဲဒီ ပလပ်စတစ် ၂ မျိုးကို သိနိုင်ဖို့က ပလပ်စတစ် မျိုးခွဲကုဒ် (Plastic Identification Code) ကိုကြည့်နိုင် ပါတယ်၊ ပလပ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေအားလုံးမှာ အဲဒီမျိုးခွဲကုဒ်တွေကို မထည့်မနေရ ထည့်ကြရ ပါတယ်၊ ပစ္စည်းတွေပေါ်မှာ သက်ဆိုင်ရာ ကုဒ်တွေကို အောက်ကပုံအတိုင်း တွေ့ရလေ့ ရှိပါတယ်၊

(Credit: indoorquality.org)

အားလုံးပေါင်း ၇ ခုရှိပြီးတော့ ပီဗီစီက ၃၊ ပိုလီကာဗွန်နိတ်က ၇ ဖြစ်ပါတယ်၊ ပိုလီကာဗွန်နိတ်က "O" ဆိုတဲ့ Other အမျိုးအစားအောက်မှာ ပါဝင်ပါတယ်၊

အိမ်မှာ ပလပ်စတစ်ခွက်တွေ၊ ပန်းကန်တွေ သုံးရင်လည်း အစားအသောက် နွှေးဖို့ မိုက်ခရိုဝေ့ဖ်ထဲကို မထည့်မိဖို့ လိုပါတယ်၊ ပန်းကန်ဆေးစက်ထဲကို ပလပ်စတစ်ခွက်တွေ ထည့်မဆေးရင် ပိုပြီးကောင်းပါတယ်၊ ဖြစ်နိုင်ရင်တော့ မယ်လမင်းပန်းကန် (melamine) တွေ သုံးတဲ့အခါ အစားအသောက် ပူပူလောင်လောင်တွေ မထည့်ဖို့ပါ၊ အကြိမ်ကြိမ် ရေနွေးထည့်သောက်ထားလို့ အရောင်တွေပြောင်း၊ ဝါကျင့် နေတဲ့ မယ်လမင်း ရေနွေးခွက်တွေကို မြင်မိတိုင်း ကျနော် စိတ်မသက်မသာ ဖြစ်ရမြဲပါပဲ၊ ရေနွေးကြမ်းကို ကြွေခွက်နဲ့ ထည့်သောက်ရင် သူ့အိုးနဲ့သူ့ဆန် 'တန်' တာမို့ အကောင်းဆုံးပါပဲ၊ အရေးအကြီးဆုံးကတော့ ကလေးတွေအတွက် နို့ဘူးကို BPA-free စာတန်းပါတဲ့ အာမခံ နို့ဘူးတွေ ဝယ်သုံးဖို့ ပါပဲ၊ ဒီဖက်နှစ်ပိုင်းတွေမှာ လွယ်လင့်တကူ ဝယ်လို့ရနေပါပြီ...၊

အပြစ်မဲ့တဲ့ ရင်သွေးလေးတွေကို ဒီကမ္ဘာထဲ ခေါ်လာပြီး သူတို့အတွက် ကျနော်တို့ ထားခဲ့မယ့် ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ယိုယွင်းဆုတ်ယုတ် လာတာကတော့ စိတ်မကောင်းစရာပါ၊ ဒါပေမယ့် ဘယ်လို ကဏ္ဍမှာပဲ ဖြစ်ဖြစ် တီထွင်မှု၊ တိုးတက်မှု နဲ့အတူ ကြိုတင်မျှော်လင့်လို့ မရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပါလာတတ်တာ အနည်းနဲ့အများ ဆိုသလို ကျနော်တို့ တွေ့ရမှာပါ၊ ဒီလို ဆိုးကျိုးတွေကို မြင်လို့ တီထွင်ဆန်းသစ်မှု တွေကို တဗျစ်တောက်တောက် အပြစ်ပြောပြီး ကျောက်ခေတ်မှာပဲ ထိုင်ပြီး ကျန်ခဲ့ချင်လို့ မရပါဘူး၊ အကောင်းဆုံးကို တီထွင်ရင်းနဲ့ အဆိုးတွေ ပါလာရင်လည်း တတ်နိုင်သလောက် သိအောင်လုပ်၊ သိလာသလောက် ကြိုးစားကာကွယ်ဖို့ပဲ ရှိပါတယ်၊ အသက်ကို ဥာဏ်စောင့်တယ်လို့ပဲ ကိုယ့်ကိုယ်ကို အားပေးရတော့မှာ ပါပဲ...။ ။

Ref:
http://en.wikipedia.org/wiki/Bisphenol_A
http://www.lemonde.fr/planete/article/2011/10/28/bisphenol-a-un-scandale-mondial_1595537_3244.html


ညီလင်းသစ်
၁၁ ဒီဇင်ဘာ၊ ၂၀၁၁

28 comments:

  1. I got so much knowledge after reading your post, thank you. Should use only 4 , 5, 1, 2. Do not warm food in plastic boxes. Hehe memorizing to avoid :))) Thanks again.

    ReplyDelete
  2. ဗဟုသုတတိုးတယ် ကိုညီရေ..ဝေမျှတာ ကျေးဇူးပါ...

    ReplyDelete
  3. ခေတ်မှီတိုးတတ်လာတာနဲ့အမျှ ဘဝရှင်သန်မှုက ပိုလို့
    ခက်ခဲလာတယ်လို့ ဒီပို့စ်လေးကို ဖတ်ပြီးတွေးနေမိတယ်။
    ဟိုး...ငယ်ငယ်က ဖန်ပုလင်းထဲရေထည့်သောက်၊ဒန် သို့
    ကြွေခွက် တွေနဲ့ပဲ အစားအသောက် ထည့်စားခဲ့ရတဲ့
    အခြေအနေတွေကိုပဲ ပြန်သတိရမိပါရဲ့...။ထားပါတော့လေ၊
    ခုချိန်မှာတော့ ဒါတွေလွန်ခဲ့ပါပြီ...။ခုတော့ ရှောင်သင့်တာ
    တွေရှောင်လို့ရနိုင်သလောက် ရှောင်ရတော့မှာပေါ့လေ..။
    မျှဝေ၊သတိပေးတာကျေးဇူးပါအစ်ကိုရာ...၊
    (အင်း...ဒီတိုင်းဆို သံဘူးဘီဘီတွေအစား ပုလင်းဘီဘီ
    တွေကိုပဲပြောင်းအားပေးဦးမှပါ......:))

    ReplyDelete
  4. ဗဟုသုတတိုးစေတဲ့ ပို့လေးတင်ပြပေးလို့ ကျေးဇူးပါ

    ReplyDelete
  5. ညီလင်းရေ ဗဟုသုတတိုးစေတဲ့ ဒီပို့စ်လေးအတွက်ကျေးဇူးပါ ။ အသက်ကို ဥာဏ်စောင့်တယ် ဆိုတဲ့ စကားကတော့ သိပ်မှန်တယ် ကင်ဆာဖြစ်မှာကြောက်လို့ ခုနောက်ပိုင်း တခါတလေကျရင် စားစရာတွေ မိုက်ခရိုဝေ့ဗ်နဲ့ နွှေးစားတာတောင် နည်းနည်း ဆင်ခြင်နေမိပြီ အေးအေးကြီးဘဲ စားလိုက်တယ် ပြီးရော .. ကင်ဆာဖြစ်မှာထက် ကတုံး ( ခေါင်းတုံး ) ဖြစ်မှာ ပိုကြောက်တယ်း)



    mie nge

    ReplyDelete
  6. ဗဟုသုတလေးတွေအတွက်ကျေးဇူးပါရှင်
    -အသက်ကို ဥာဏ်စောင့်-ဥစ္စာကိုကံစောင့်ဆိုတဲ့အတိုင်းပေါ့နော်
    -----ပုလင်းတွေကတော့ ဘေးကင်းပါတယ်နော်

    ReplyDelete
  7. တိုးတက်လာတာနဲ့ အမျှ
    ပျက်စီးမှု့တွေလည်း များလာပြီ ..
    (( 2012 လည်း ရောက်တော့မယ် .. :P
    ဖတ်လိုက်ရတာ ဗဟုသုတ ရတယ် ..
    ကျေးဇူးပါ ကိုညီလင်းသစ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  8. ဗဟုသူတတွေအများကြီးရစေတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။

    ReplyDelete
  9. Valuable post.I prefer porceline than
    plastic products.But i often use those things to warm up.I'll try to avoid it.Thanks .
    Gyidaw

    ReplyDelete
  10. ဘီပီအေရဲ့ ဆိုးကျိုးက တကယ့်ကို ကြောက်စရာကြီးပါလားနော်။ ခုလို လူတိုင်းသိသင့်တဲ့ ဘီပီအေရဲ့ ဆိုးကျိုးဗဟုသုတကို သေသေချာချာရေးပြီး ဝေမျှပေးတဲ့ ကိုညီလင်းသစ်ကို ကျေးဇူးအရမ်းတင်ပါတယ်။ ဟိုးအရင် ကျွတ်ကျွတ်အိတ်နဲ့ ပလတ်စတစ်ဆိုးကျိုးတွေကို ဆရာမဂျူးရဲ့ ဆောင်းပါးတွေဖတ်ပြီး ထိတ်လန့်ဆင်ခြင်ခဲ့ဖူးတယ်။
    ခုတစ်ခါ ဘီပီအေကို တတ်နိုင်သမျှ လျှော့ချနိုင်အောင် စားသောက်ဆင်ခြင်နေထိုင်ဖို့ ကိုညီလင်းရဲ့ ပို့စ်ထဲက အချက်အလက်တွေ မှတ်သားခွင့်ရလိုက်လို့ တကယ့်ကို ကျေးဇူးပါ။

    ReplyDelete
  11. အတော့်ကိုအဖိုးတန်တဲ့ စာလေးပဲ ကိုညီလင်းသစ်။ သတိပေးသံ ဟိုတဟ ဒီတစ ကြားဖူးခဲ့ပေမဲ့ ဒီလို စုံစေ့ ထောင့်စေ့အောင် မသိခဲ့ရဖူး။ ကျေးဇူးဗျာ..
    N/A

    ReplyDelete
  12. အသင့်သောက်နိုင်တဲ့ သံဗူးတွေ ပလပ်စတစ်ဗူးတွေနဲ့ အချိုရည်တွေသောက်ရင်မကောင်းဘူးလို့သိထားပေမယ့် ခုလိုအသေးစိပ်သိရတာကျေးဇူးပါပဲ ကိုညီလင်းသစ်ရေ.......။

    ReplyDelete
  13. ဘီပီအေရဲ့ ဆိုးကျိုးတွေက မမြင်ရပေမဲ့ ကြောက်ဖို့ ကောင်းလိုက်တာ
    ပြီးတော့လည်း ရှောင်ဖို့လည်း အမှတ်တမဲ့ဆို အတော်ခက်တယ်
    ခုခေတ်မှာ အိမ်တိုင်းလိုလို မိုက်ခရိုဝေ့ရယ်၊ မယ်လမင်းနဲ့ ပလပ်စတစ်ခွက်တွေက မရှိမဖြစ် နေရာယူလာတော့ ခန္ဓာကိုယ်ထဲမှာတောင် ဘယ်လောက်များ နေရာယူနေပြီလဲမသိဘူး
    တွေးကြည့်တော့ လန့်သွားမိတယ်
    မယ်လမင်းခွက်နဲ့ ရေနွေး၊ ကော်ဖီသောက်ခဲ့တာ နေ့စဉ်လိုလိုပါဘဲ။ (ဟိုတုန်းက)
    ပြီးတော့ မြန်မာပြည်က လက်ဖက်ရည်ဆိုင်တွေ ကြွေ့ပန်းကန်အစား မယ်လမင်းတွေအသုံးများလာတာလည်း စိတ်ပူစရာ.. ဖြစ်နိုင်ခြေတွေ သိထားတော့လည်း ဆင်ခြင်ရတာပေါ့နော်. အထူးသဖြင့်တော့ ကလေးတွေအတွက် ပိုအရေးကြီးနေတာပါဘဲ။ ပိုစ့်လေးအတွက် ကျေးဇူးကိုညီလင်း

    ReplyDelete
  14. Rose ...
    My pleasure..! Sharing is caring, isn't it? :)

    မစန်းထွန်း ...
    ဝမ်းသာပါတယ် ညီမရေ..၊

    ကိုညိမ်းနိုင် ...
    ကျနော်တော့ ပုလင်းတွေကိုပဲ အားပေးနေတာ ကြာပြီဗျ၊း) ဘီပီအေ ကိစ္စ မသိခင်ကတည်းကပဲ ဆိုပါတော့၊ သံဘူးတွေက အလူမီနီယမ်နဲ့ လုပ်ထားတာ ဆိုတော့ ကျနော်တို့ဆီမှာ အလူမီနီယမ် recycle အမှိုက်ပုံးက သိပ်အများကြီး မထားပေးဘူးဗျ၊ အဲ..ပုလင်းကတော့ သူ့အတွက် ကွန်တိန်နာတွေ နေရာတိုင်းလိုလိုမှာ တွေ့ရတော့ အဆင်ပြေတယ်လေ၊း)

    လွင်ပြင်လှိုင်းငယ် ...
    လာဖတ်တာ ကျေးဇူးပါဗျာ..၊

    မ mie nge ...
    အေးအေးကြီးပဲ စားတော့လည်း အေးရာအေးကြောင်း ပဲပေါ့ဗျာ..နော၊း) ကင်ဆာကို ကြောက်ရခြင်းအကြောင်း ကိုတော့ ရေလည်သဘောကျ သွားပြီ...ဟားဟား၊းD

    တောင်ကြီးကမစံပယ် ...
    ပုလင်းတွေက တကယ်ပဲ ဘေးကင်းပါတယ်၊ ဖန်က သဲကရတဲ့ ဆီလီကာနဲ့ လုပ်ထားတာ ဖြစ်လို့ သူနဲ့ထိတွေ့တဲ့ အရာတွေအပေါ် ဓါတ်ပြုခြင်း မရှိသလောက် နည်းပါတယ်..၊

    မ,ဆောင်းနှင်းရွက် ...
    ၂၀၁၂ ဒီဇင်ဘာ ၂၁ ကိုများ ဆိုလိုချင်ရော့ သလားပဲ၊း)

    မ,ရှင်လေး ...
    သိသလောက် မျှဝေခွင့်ရတာကိုပဲ ဝမ်းသာရပါတယ်..၊

    Gyidaw ...
    Me too. It happens to me from time to time dispite BPA knowledge. :) Gotta be careful all the time. :)

    မ,ဇွန်မိုးစက် ...
    ဟုတ်တယ်ဗျာ၊ ပလပ်စတစ်က သုံးရတာ လွယ်ကူပေါ့ပါး တာကလွဲလို့ သဘာဝ ပတ်ဝန်းကျင် အတွက်ရော၊ လူ့ကျန်းမာရေး အတွက်ပါ သိပ်ကောင်းကျိုး မပြုပါဘူး၊ အပြေးအလွှား လာဖတ်တာ ကျေးဇူးပါနော်..၊

    ကို N/A ...
    စိတ်ဝင်တစား ရှိနေတာကိုပဲ ကျနော်က ကျေးဇူး တင်ရမှာပါ၊ သူ့ရဲ့ effect က ချက်ချင်းမဟုတ်တော့ တချို့တွေက စိတ်မဝင်စားကြဘူးဗျ...၊

    မမိုးငွေ့ ...
    ဒီလိုဆိုတော့လည်း ဝမ်းသာရပါတယ်ဗျာ..၊

    မချော ...
    ကျနော်လည်း အဲဒီ မယ်လမင်း ခွက်တွေနဲ့ အားရပါးရ စားသောက် ခဲ့တာပေါ့ဗျာ၊ ပေါ့ပါးတယ်၊ ခိုင်ခန့်တယ်၊ ဈေးတော်တယ်၊ ကဲ..ဘာလို သေးလဲ?း) ဆိုးကျိုးတွေ ဘယ်လောက်ပြောပြော ဘိုင်းကနဲ လဲသေတာမျိုး မဟုတ်တော့ တချို့ကလည်း နောင်ခါလာ၊ နောင်ခါဈေး လို့ပဲ သဘောထားကြမယ် ထင်ပါတယ်..။

    ReplyDelete
  15. ကယ်လီဖိုးနီးယားက ယူအက်စ်မှာ ဂရင်းနင်း တို့ အော်ဂဲနစ်တို့ နဲ့ ပတ်သက်လို့ အအော်ဆုံးဆိုတော့ဘီပီအေ ဖရီးဆိုတာကို ဖုဒ်ကွန်တိန်နာတွေမှာ တွေ့ တွေ့ နေတော့ သူများကိုမေးကြည့်တော့ ပလတ်စတစ်ဆိုတာဘဲသိခဲ့တယ်။ ဒီပို့ စ်ဖတ်မှဘဲသေသေချာချာနားလည်တော့တယ်။ကျေးဇူးပါရှင်။ ပလတ်စတစ်နဲ့ မနွှေးမိအောင်လို့ တော့တော်တော်သတိပြုဆင်ခြင်ပါတယ်။ ဒါပေမဲ့အမြဲတော့မရှောင်နိုင်ပြန်ဘူး။း(

    ReplyDelete
  16. ဗဟုသုတတွေရလို့ကျေးဇူးတင်တယ်။
    ပလပ်စတစ်ပန်းကန်ခွက်ယောက်တွေကိုလုံးဝ မကြိုက်ဘူး။ အခုရုံးကိုယူနေတဲ့ထမင်းဘူးကတော့ ပလပ်စတစ်ဘူးပေါ့။စားခါနီးဆိုမိုက်ကရိုဝေ့ဗ်နဲ့ နွှေးလိုက်သေးတယ်။
    ဂျပန်ဖြစ်ဆိုတော့ ပစ္စည်းမှာအချက်အလက်တွေရေးထားပေမယ့်ဖြစ်နိုင်ရင်မသုံးချင်ပါဘူး။

    ဒီနိုင်ငံမှာဆေးပညာတိုးတက်လို့ကိန်းဂဏန်းအတိအကျသိနေရတာလား၊စားသောက်နေထိုင်မှုကြောင့်အဖြစ်များတာလားဆိုတာ အတိအကျမသိပေမယ့် ကင်ဆာရောဂါသည်အရမ်းကိုများတယ်။

    ReplyDelete
  17. ဘီပီအေ ဆိုးကျိုးက လန့်စရာပါလား ကိုညီလင်းသစ်ရေ။ မယ်လမင်းတွေ အသုံးပြုနေတာ ရပ်တန့်က ရပ်မှပါဘဲနော်။ မမြင်နိုင်တဲ့ ရောဂါတွေကလည်း အလစ်ချောင်းနေလိုက်ကြတာ။ မစားရဲ၊ မသွားရဲအောင်ပါပဲနော်။ ဘီပီအေကို ဒီမှာ ကျယ်ကျယ်ပြန့်ပြန့်မသိကြသေးလောက်ဘူး။ နောက်ဆိုရင် မယ်လမင်းအစား ကြွေထည်တွေ ပြန်တစ်ခေတ်ဆန်းလာလိမ့်မယ်ထင်ပါရဲ့...။

    ReplyDelete
  18. အကိုရေ ခုလိုသိရတဲ့အတွက်ကျေးဇူးပါနော်
    ကျနော်ဆိုပလတ်စတစ်ဘူးတွေသိပ်ချစ်တာ ၀ယ်ဝယ်စုတယ်
    အောင်မလေး ကြောက်စရာကြီးရယ်း(

    ReplyDelete
  19. အခုလို ဘီပီအေနဲ့ ပတ်သက်တဲ့ အသိပညာပေးလေးတွေကို ဗဟုသုတ လေ့လာခွင့်အားနည်းသူများဆီလည်း
    နည်းလမ်းတစ်မျိုးမျိုးနဲ့ ရောက်စေချင်လိုက်တာ
    မောင်ညီလင်းရေ။
    တီတင့်တို့အိမ်မှာလည်း အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းကို
    အပြည့်အဝသုံးခဲ့တာလေ။ တွေးရင်းတောင်လန့်စရာပဲ။
    မျှဝေပေးတဲ့ ဗဟုသုတတွေအတွက် ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  20. ဗဟုသုတတွေ အများကြီးရလို့ ကျေးဇူးပါအကို...
    ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..

    ReplyDelete
  21. ကြောက်စရာပဲ ကျနော်လည်း သံဗူးနဲ့ အချိုရည်တွေ တော်တော်သောက်ဖြစ်နေတယ် လျှော့အုံးမှာ တိုးတက်မှုနဲ့အတူ အန်တရယ်တွေကလည်း ပါ လာတတ်တာပဲ ။ ကျေးဇူး အစ်ကို ။

    ReplyDelete
  22. လင်းခန့် December 13, 2011 at 2:19 PM

    ကိုညီ ရေ
    အရေးသင့်ဆုံးပိုစ့်လေးပါပဲဗျာ။ဘီပီအေ ဆိုတာခုမှကြားဖူးတာပါဗျာ။ရှောင်ရှားဖို့ ဆိုဝေးရောပေါ့။ကျေးဇူးအထူးပါဗျာ။

    ReplyDelete
  23. တကယ်ကို စေတနာ ပါပါနဲ့ ရေးထားတဲ့ ပိုစ့်ကောင်းလေး တစ်ပုဒ်ပါ။ ဒီပိုစ့်လေးကို ဖတ်ရင်း တွေးမိတာက ကျွန်တော်တို့ ဒီလို ဘုမသိ ဘမသိနဲ့ ဘယ်လို ရောဂါမျိုးတွေ ဘယ်လောက်တောင် ရနေပြီလဲ ဆိုတာပါဘဲ အစ်ကို...။ စဉ်းစားမိရင် ရင်မောမိတယ် အစ်ကို...။ ခုလို သိပြီဆိုတော့ ကိုယ့်ဘက်က ရှောင်နိုင်ဖို့ ကြိုးစားရတော့မှာပေါ့။ ဒီပိုစ့်လေး အတွက် ကျေးဇူးတင်ပါတယ် အစ်ကို...

    ReplyDelete
  24. ခုမှစကြားဖူးတာပါ။ ဒီခေတ်ကြီးမှာ ကျန်းမာရေးအတွက် ရှောင်ရန်တွေလဲ များလာတယ်ဗျနော်။ ဗဟုသုတတွေ ဝေမျှပေးလို့ ကျေးဇူးတင်မိပါတယ်။ အမြဲလာလည်နေပေမယ့် ခုမှမန့်ဖြစ်တယ်ခင်ဗျ။
    (လီယို)

    ReplyDelete
  25. အန္တရာယ်ရှိမှန်းသိသိကြီးနဲ့ ဘယ်လိုမှ မကင်းနိုင်သေးတဲ့ အရာတွေပါပဲ။ အိမ်မှာသုံးနေရတဲ့ အစိုးရက ရေပေးဝေတဲ့ ရေပိုက်တွေ သောက်ရေသန့်ဗူးတွေ မယ်လမင်း အသုံးအဆောင်တွေ ပလပ်စတစ် ဗူးခွက်တွေ ရှောင်မရအောင်ကို အသုံးတွေက တွင်ကျယ်နေတာ။ အဲဒီလို အနောက်နိုင်ငံတွေမှာက ရှောင်မယ်ဆို ဖြစ်နိုင်သေးတဲ့ အနေအထားမှာရှိပေမယ့် ဖွံ့ဖြိုးမှုသိပ်မရှိသေးတဲ့ ကျန်းမာရေး အသိတရားတွေ နည်းပါးနေသေးတဲ့ အရှေ့တိုင်းနိုင်ငံတွေမှာတော့ ရှောင်ဖို့မပြောနဲ့ နည်းပါးအောင် လျှော့ချနိုင်ဖို့တောင် မလွယ်သေးတဲ့ အနေအထားပဲ ကိုညီလင်းသစ်ရေ။ ဒီနိုင်ငံမှာများဆို ကြွပ်ကြွပ်အိတ် ဖော့ဗူး တစ်ခါသုံး ပလပ်စတစ် အသုံးအဆောင် ပန်းကန်ခွက်ယောက်တွေများ ဖောချင်းသောချင်းကို သုံးကြတာ။ ဘာဝယ်ဝယ် ဘာစားစား ရှောင်လို့ကို မလွတ်ဘူး။ မှတ်သားလိုက်နာစရာ ပို့စ်လေးအတွက် ကျေးဇူးပါရှင်။

    ReplyDelete
  26. ကိုညီလင်းသစ်...
    တကူးတက အချိန်ပေးပြီး စာလာဖတ်လို့ ကျေးဇူးလည်းတင် ဝမ်းလည်းဝမ်းသာမိပါတယ်။ ထူးထူးခြားခြား အားပေးစကားလေးအတွက်လည်း ထပ်ဆင့်ကျေးဇူးတင်နေမိတယ်။
    စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေနော်။
    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete
  27. ကိုညီလင်းသစ်ရေ...အုန်းမုတ်ခွက် နဲ့ သဲအိုးလေးနဲ့ အေးစိမ့်နေတဲ့ရေလေးကို သတိရမိတယ်။ သဘာဝကြီးကို လွန်ဆန်ပြီး ဖန်တီးတာမှန်သမျှ ဘာမှ မကောင်းပါလားနော်။ ပလပ်စတစ်ရဲ့ ဆိုးကျိုးတွေကို ကြားနေပေမဲ့ အလွယ်တကူ အဆင်တပြေ သုံးနေမိကြတာပါပဲ။ မိုက်ကရိုဝေ့ဖ်သုံးတာ မကြိုက်ပေမဲ့ လွယ်လွယ်သုံးလိုက်မိနေတာ။ အဆင်သင့် စားစရာတွေကိုပဲ လွယ်လွယ် စားသောက်နေမိတာ...။ ဘေးထွက်ဆိုးကျိုးတွေ များလိုက်တာနော်....။ ရှောင်သင့်တာတွေကို ခုလို စေ့စေ့စပ်စပ်ရေးပြတဲ့အတွက် ကျေးဇူးပါရှင်

    ReplyDelete
  28. ကျေးဇူး ကိုညီရေ...
    တန်ဖိုးရှိတဲ့ ဒီပို့စ်လေးကို အများဖတ်လို့ရအောင် Myanmar Blogs Digest အတွက် ယူသွားလိုက်တယ်နော်.

    Regards,
    Yan.

    ReplyDelete