19 December 2011

နောက်ကျသွားခဲ့ပြီ ဆိုရင်...


အခုလို နှစ်ကုန်ပိုင်းရက်တွေ ရောက်လာပြီဆိုရင် ကျနော်အလုပ်,လုပ်တဲ့ နေရာမှာ ကြော်ငြာစာရွက် တမျိုးကို ရံဖန်ရံခါ တွေ့ရတတ်ပါတယ်၊ တခြားဟာ ကြော်ငြာတာတော့ မဟုတ်ပါဘူး၊ လက်ပ်တော့ပ် ကွန်ပြူတာ ပျောက်သွားလို့ ပြန်ပေးရင် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါ့မယ်လို့ အသိပေးတဲ့ ကြေငြာစာပါ၊ အဲဒီလို လက်ပ်တော့ပ် ပျောက်သွားသူတွေကလည်း အများအားဖြင့် ပီအိပ်ခ်ျဒီ ကျောင်းသားတွေ ဖြစ်နေတာကို တွေ့ရတယ်၊ ပီအိပ်ခ်ျဒီ ကျောင်းသားမှာမှ မကြာခင် စာမေးပွဲဖြေ၊ စာတမ်းဖတ်ရတော့မယ့် နောက်ဆုံးနှစ် ကျောင်းသားတွေ ဖြစ်နေတာပါ၊ ဒါ့ထက် ပိုဆိုးတာကတော့ ၂ နှစ်၊ ၃ နှစ်စာ တပင်တပန်းနဲ့ ပြုစု၊ ရေးသားထားတဲ့ စာတမ်းအားလုံးက အဲဒီ တစ်ခုတည်းသော လက်ပ်တော့ပ်ရဲ့ ဟာ့ဒ်ဒစ်ခ် (hard disk) ထဲမှာ ပါသွားတာပါပဲ၊ အဲဒါကြောင့် ကြော်ငြာသင်ပုန်းတွေမှာ ကပ်ထားတတ်တဲ့ စာရွက်အပိုင်းလေးတွေမှာ လက်ပ်တော့ပ်ကို မနှမြောတဲ့ အကြောင်း၊ ခိုးသွားတဲ့ လူပဲဖြစ်ဖြစ်၊ ကောက်ရတဲ့ လူပဲဖြစ်ဖြစ် ပြန်လာပေးမယ် ဆိုရင် လက်ပ်တော့ပ်အသစ် တစ်လုံးစာ တန်ဖိုးကို ကျေးဇူးဆပ်မှာ ဖြစ်တဲ့ အကြောင်း၊ အဓိက လိုချင်တာက ရေးထားခဲ့သမျှတွေ သိမ်းဆည်းထားတဲ့ အဲဒီ ဟာ့ဒ်ဒစ်ခ်လေးပဲ ဖြစ်ကြောင်း..၊ စသဖြင့် ပါလေ့ရှိပါတယ်၊ တချို့ကလည်း ကွန်ပြူတာ ယူသွားတဲ့လူကို စိတ်မဆိုးပါကြောင်း၊ လက်ပ်တော့ပ်ကို ယူထားလို့ရကြောင်း၊ ဟာ့ဒစ်ခ်ထဲက ဖိုင်လ်တွေကိုသာ ပြန်ကူးပေးစေချင်လို့ USB sticks လေးတွေကို ပို့ပေးချင်ကြောင်း၊ လိပ်စာ သို့မဟုတ် ပို့ပေးရမယ့် နေရာကို ကျေးဇူးပြု၍ ပြောစေလိုကြောင်း စသဖြင့် ရေးထားတာ တွေ့ရပါတယ်..၊

သွားရင်းလာရင်း အဲဒီလို ကြော်ငြာစာရွက်လေးတွေ ဖတ်ရတဲ့အခါ ပျောက်သွားတဲ့ လူအစား ကျနော်ရင်မော မိပါတယ်၊ စာကြောင်းတိုင်းမှာ သူတို့ရဲ့ ပူပင်သောကနဲ့ ထိတ်လန့်စိုးရိမ်မှုကို ခံစားလို့ရတယ်၊ အခုခေတ်မှာ အထိုက်အလျောက် ပေးနိုင်မယ်ဆိုရင် တော်တော်တန်တန် လက်ပ်တော့ပ် တစ်လုံးရနိုင်ပေမယ့် နှစ်တွေနဲ့ ချီပြီး သုတေသနလုပ်၊ ရေးသားထားတဲ့ စာတမ်းအပိုင်းအစတွေကတော့ ဘယ်လိုမှ ပြန်ရေးဖို့ ပြန်လုပ်ဖို့ မဖြစ်နိုင်တော့ သလောက်ပါပဲ၊ ပြီးတော့ စာမေးပွဲကလည်း သိပ်မကြာခင်မှာပဲ လာတော့မှာ...၊ အဲဒီလို ကြော်ငြာတဲ့ ကျောင်းသား ဘယ်နှယောက်လောက် သူတို့ရဲ့ လက်ပ်တော့ပ် ဒါမှမဟုတ် ဟာ့ဒစ်ခ်ကို ပြန်ရသလဲတော့ မသိပါဘူး၊ ဒီကာလက ခရစ္စမတ် ကျောင်းပိတ်ရက်၊ နီးလာတဲ့ စာမေးပွဲတွေနဲ့ ရှုပ်နေတဲ့ အချိန်ဆိုတော့ ကျောင်းဝင်းထဲမှာ လူပေါင်းစုံ ဝင်ထွက်သွားလာ နေတတ်ပါတယ်၊ ယူသွားတဲ့လူက အပြင်က ဆိုရင်တော့ အခုလို ကြော်ငြာထားတာကိုတောင် သိချင်မှ သိတော့မှာပါ...၊

ကျနော်တို့ ဒီနေ့ဖြတ်သန်းနေရတဲ့ ခေတ်ဟာ သတင်းအချက်အလက်ခေတ် ဆိုတာ အားလုံးအသိပါပဲ၊ နေရာတကာမှာ သိချင်တာတွေကို သိနိုင်သလို အဲဒီလို သိလာတာတွေကိုလည်း သိမ်းဆည်းသိုမှီးဖို့ ကိရိယာ၊ အသုံးအဆောင်တွေက မျိုးစုံပါ၊ ကျနော်တို့ရဲ့ မိဘဘိုးဘွားတွေ ခေတ်နဲ့ ယှဉ်မယ်ဆိုရင် ဒီနေ့ခေတ်မှာ ဖတ်စရာ၊ မှတ်စရာ၊ သိမ်းဆည်းစရာတွေက များလွန်းလှပါတယ်၊ ဖုန်းနံပါတ်တွေ၊ အီးမေးလ် လိပ်စာတွေ၊ အီလက်ထရောနစ် ပြက္ခဒိန်က ချိန်းဆိုထားမှုတွေ၊ အလုပ်ဖိုင်လ်တွေ၊ ဓါတ်ပုံတွေ.. ပြောမယ်ဆိုရင် တပုံကြီးပါ၊ အဖေအမေတို့ ခေတ်ကလို ဖုန်းနံပါတ်လေး သုံးလုံးလောက် ခေါင်းထဲမှတ်လိုက်ရင် ပြီးနေတဲ့ ခေတ်မဟုတ်တော့တဲ့အခါ ဦးနှောက်က ထမ်းရတဲ့ ဝန်ဟာလည်း မနိုင်ဝန် ဖြစ်လာခဲ့တယ်၊ အဲဒီအခါ တိုးတက်လာတဲ့ အီလက်ထရောနစ် ကိရိယာတွေထဲမှာ အချက်အလက်တွေ အားလုံးကို မှတ်သားသိမ်းဆည်း ဖြစ်ကြပါတော့တယ်၊

ဒါပေမယ့် အဲဒီ ပစ္စည်းကိရိယာတွေ အားလုံးက သူ့အလိုလို ပျက်စီးတာ၊ လွတ်ကျတာ၊ အခိုးခံရတာ၊ ဗိုင်းရပ်စ်ထိတာ ဒါတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်နိုင်တယ် မဟုတ်လား၊ အဲဒီအခါ စုဆောင်းသိမ်းဆည်း ထားသမျှတွေ အားလုံးဟာ တသက်လုံးမွေးလာတဲ့ကြက် တမနက်နဲ့ ချက်ပစ်လိုက်သလို မိနစ်ပိုင်း အတွင်းမှာ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်၊ ဆန်တိုရိနီ (Santorini) ဆိုတဲ့ ဂရိကျွန်းကလေး တစ်ခုကို အလည်ရောက်တုန်းက အဲဒီလို အဖြစ်မျိုး ကျနော်ကြုံခဲ့ဖူး ပါတယ်၊ ကျနော်တို့တည်းတဲ့ ရွာကလေးကနေ တောင်ကြောရဲ့ အခြားတဖက်က ရွာတစ်ရွာကို သွားလည်ကြတယ်၊ အဲဒီရွာကလေးကို ရောက်တော့ ကမ်းစပ်မှာ လမ်းလျှောက်ရင်း ပင်လယ်ရေပြာပြာတွေက ဆွဲဆောင်လှတာက တကြောင်း၊ တောင်ကြောကြီးပေါ်ကို အတက်အဆင်း လုပ်ခဲ့ရလို့ မောပန်းနေတာက တကြောင်းဆိုတော့ ရေကူးချင်စိတ် ပေါက်လာရော၊ လာတုန်းက ရွာထဲကို လည်ဖို့သက်သက်ပဲဆိုတော့ ရေကူးဖို့ အဝတ်အပို မပါပေမယ့် ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ ဝတ်ထားတဲ့ သရီးကွာတား ဘောင်းဘီနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဆင်းလိုက်တာပေါ့၊ ရေထဲရောက်လို့ ၅ မိနစ်လောက်ကြာမှ တစုံတခုကို စဉ်းစားမိပြီး စိတ်ထဲမှာ ထိတ်ကနဲ ဖြစ်သွားတယ်၊ ကိုယ့်ဘောင်းဘီ အိတ်ထဲကို ကိုယ်ပြန်စမ်းဖို့ အဲဒီအကြိမ်လောက် မဝံ့မရဲ ဖြစ်ရတာ အဲဒီအကြိမ်ပဲ ရှိတယ်၊ မရဲတရဲနဲ့ စမ်းလိုက်တော့ ထင်တဲ့အတိုင်း ဖုန်းက ဆားငန်ရေတွေ တဝကြီး သောက်ပြီးနေခဲ့ပြီ၊ ဘာ back up မှလည်း မလုပ်ထားမိတော့ သွားတာပါပဲ၊ အထက်က ဖြစ်ရပ်တွေမှာလည်း ပူပင်သောက ရောက်ရတဲ့ တခုတည်းသော အကြောင်းအရာက ဟာ့ဒ်ဒစ်ခ်ကို back up မလုပ်ထားမိလို့ ပါပဲ၊

ဒီနေ့ခေတ်လို သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကို ခိုးယူတာ၊ အလွဲသုံးစား ပြုတာတွေ များတဲ့ခေတ်မှာ လုံခြုံရေးဟာ အင်မတန် အရေးကြီးပါတယ်၊ ကိုယ့်ကွန်ပြူတာမှာ နောက်ဆုံးပေါ် ဗိုင်းရပ်စ်ကာကွယ်ရေး စနစ်၊ fire wall စနစ်တွေ တပ်ထားပေမယ့်လည်း ၁၀၀% လုံခြုံမယ်လို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး၊ ဒါမှမဟုတ်လည်း သူခိုးသူဝှက်ဘေး၊ မီးဘေး စတာတွေနဲ့လည်း ကြုံတွေ့နိုင်တာပဲ မဟုတ်လား၊ အကောင်းဆုံးကတော့ ကိုယ့် ရဲ့ ကွန်ပြူတာ၊ လက်ပ်တော့ပ်ကို back up လုပ်ထားတာ အကောင်းဆုံး ပါပဲ၊ back up နဲ့ ပတ်သက်လို့ မမေ့နိုင်စရာ အဖြစ်တစ်ခုကိုလည်း ကျနော်ကြုံခဲ့ ပါသေးတယ်၊

လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးက ကွန်ပြူတာတစ်လုံး ဝယ်သုံးတယ်၊ hp အမျိုးအစားပါ၊ အဲဒီတုန်းက hp ကွန်ပြူတာတွေမှာ Operating System (OS) ကို ပြန်ပြီး reinstall လုပ်ဖို့ အပိုစီဒီတွေ မပါ,ပါဘူး၊ ဟာ့ဒ်ဒစ်ခ်ထဲမှာပဲ partition တစ်ခုအနေနဲ့ ထည့်ပေးလိုက်တယ်၊ သုံးစွဲသူက ကိုယ့်ဟာကိုယ် စီဒီထဲမှာ ပြန်ပြီး ကူးထားဖို့ လိုပါတယ်၊ အဲဒီလို ဟာ့ဒ်ဒစ်ခ်ပေါ်က OS ကို စီဒီပေါ်ကို back up လုပ်ပြီး ကူးထားဖို့လည်း ကွန်ပြူတာက ခဏခဏ သတိပေးတယ်၊ ဒါပေမယ့် ကျနော်က စီဒီပေါ်ကို ကူးထားတာက အစင်းရာ၊ အခြစ်ရာတွေ ထင်ပြီး ပျက်ချင် ပျက်နိုင်သေးတယ်၊ သူ့ရဲ့မူလ ဟာ့ဒ်ဒစ်ခ်ထဲမှာ ရှိနေတာကမှ ပိုပြီး စိတ်ချရမယ်၊ ကွန်ပြူတာ တခုခု ဖြစ်သည့်တိုင် အနည်းဆုံးတော့ ဒီ OS ထားတဲ့ partition ရှိရာဆီ လာလို့တော့ ရမှာပဲ၊ အဲဒါကြောင့်သာ hp က ဒီလို ဟာ့ဒ်ဒစ်ခ်မှာ ထည့်ပေးလိုက်တာပေါ့-လို့ ရွှေဥာဏ်တော် စူးရောက်စွာနဲ့ တွေးပါတယ်၊ အဲဒီလို တွေးပြီးသကာလ ခဏခဏ သတိပေးနေတဲ့ မက်ဆေ့ခ်ျကို ဖျက်ပစ်လိုက်တယ်၊ ဒါတင်မကသေးဘဲ ဟာ့ဒ်ဒစ်ခ်ပေါ်က ဖိုင်လ်တွေ၊ ဓါတ်ပုံတွေကိုလည်း ဘာတစ်ခုမှ back up လုပ်မထား ဖြစ်ပါဘူး၊ မိုက်လုံးကြီးခဲ့ပုံက အဲဒီလို...၊ တိုတိုပြောရရင် Anti-virus စနစ် သေသေချာချာ တပ်ထားပေမယ့် တစ်နေ့မှာ ဗိုင်းရပ်စ်ထိပြီး ဟာ့ဒ်ဒစ်ခ် တစ်ခုလုံး သုံးမရအောင်ကို ပျက်စီးသွားခဲ့တယ်၊ reinstall လုပ်ဖို့ စီဒီလည်း မရှိ၊ ဖိုင်လ်တွေ ဓါတ်ပုံတွေလည်း ပျက်စီးနဲ့...၊

အခုတော့ ကျနော် ပျဉ်ဖိုးနားလည် သွားခဲ့ပါပြီ၊ ကျနော့်ရဲ့ နေ့စဉ်ဘဝမှာ back up ဆိုတာက မရှိမဖြစ် အရာ၊ ခေါင်းထဲမှာ အမြဲမြည်နေတဲ့ အချက်ပေးခေါင်းလောင်း ဖြစ်လာခဲ့ပြီ၊ အထူးသဖြင့် သားကလေး မွေးလာပြီးတဲ့ နောက်ပိုင်းမှာ သူ့ရဲ့ဓါတ်ပုံလေးတွေ အပါအဝင် ကျနော် ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေကို တတ်နိုင်သလောက် ထိန်းသိမ်းချင်တဲ့ အတွက် back up ကို အချိန်ပေးပြီး မမေ့မလျော့ လုပ်ဖြစ်ပါတယ်၊ ကွန်ပြူတာတစ်ခု ပျက်စီး၊ ဆုံးရှုံးသွားပြီ ဆိုရင် ဖိုင်လ်တွေ၊ စာရွက်စာတမ်းတွေ အပြင် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုက ဓါတ်ပုံတွေ ဖြစ်ပါလိမ့်မယ်၊ ခရီးသွားတုန်းက ပုံတွေ၊ ကလေးတွေရဲ့ ငယ်ဘဝပုံတွေ၊ သူငယ်ချင်းတွေနဲ့ အမှတ်တရပုံတွေ၊ မိဘတွေ သက်ရှိထင်ရှား ရှိတုန်းက ပုံတွေ၊ ဒါတွေက ဘယ်လိုမှ ပြန်ပြီး အစားထိုးလို့ မရနိုင်တဲ့၊ 'နင့်'နေအောင် ပေးလိုက်ရမယ့်၊ 'ဟာ'ပြီး ကျန်ခဲ့မယ့် ဆုံးရှုံးမှုတွေ ပါပဲ၊ ဘလော့ဂ်တွေ ဖတ်ရင်းနဲ့လည်း မကြာခဏ ဆိုသလို ဓါတ်ပုံတွေ ပျက်စီးဆုံးရှုံးတဲ့ အကြောင်း ဖတ်ရတိုင်း ကျနော်ကိုယ်ချင်းစာမိ ပါတယ်၊

အလျင်းသင့်လို့ ကျနော် back up လုပ်ပုံကို ပြောပြချင်ပါတယ်၊ ပထမဆုံး ဓါတ်ပုံတွေကို ကင်မရာကနေ ကွန်ပြူတာထဲကို USB ကေဘယ်လ်ကြိုး၊ ဒါမှမဟုတ် HDMI ကြိုးနဲ့ ပြောင်းထည့်ပါတယ်၊ ဖြစ်နိုင်ရင် memory ကဒ်ကို ကျနော်က ခဏခဏ အသွင်းအထုတ် မလုပ်ချင်ပါဘူး၊ USB port ပျက်သွားရင် အသက်ကယ် အနေနဲ့ momory ကဒ်ကနေ တိုက်ရိုက်ကူးလို့ ရသေးတယ်၊ memory ကဒ်က စပြီး ပျက်သွားရင်တော့ အတော်လေး ခဲယဉ်းသွားမယ် မဟုတ်လား၊ ဒါ့ကြောင့်ပါ...၊ ကွန်ပြူတာထဲကို ပုံတွေ ရောက်သွားပေမယ့်လည်း ကင်မရာထဲက ပုံတွေကို မဖျက်ပါဘူး၊ အဲဒီအချိန် ကွန်ပြူတာ ပျက်သွားခဲ့ရင် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်မယ့်ကိန်းပါ၊

ဒုတိယ အနေနဲ့ ဖြစ်နိုင်ရင် external hard disk တစ်ခုနဲ့ ပုံတွေကို ချက်ချင်း back up လုပ်ပါတယ်၊ အချိန်မရရင် တစ်ရက်နှစ်ရက်အတွင်း လုပ်ပါတယ်၊ ဒီ ပြင်ပဟာ့ဒ်ဒစ်ခ်က နောက်တိုးတဲ့ ဖိုင်လ်အသစ်တွေကိုပဲ ရွေးပြီးကူးတဲ့ ဆော့ဖ်ဝဲပါတဲ့ ဟာပါ၊ အဲဒါပြီးတော့ နောက်ထပ် ဟာ့ဒ်ဒစ်ခ် တစ်ခုနဲ့ ဖိုင်လ်အသစ်တွေကို ထပ်ကူးပါတယ်၊ ဒီတခါတော့ ဖိုင်လ်တွေကို ကိုယ့်ဟာကိုယ်ရွေး copy-paste လုပ်ပြီး ကူးပါတယ်၊ ဒီအဆင့်မှာ ဖိုင်လ်တွေ၊ ဓါတ်ပုံတွေကို ဟာ့ဒ်ဒစ်ခ် ၂ ခုနဲ့ ကူးပြီးသွားလို့ ကင်မရာထဲက ပုံတွေကို လိုအပ်ရင် ဖျက်ပစ်ပါတယ်၊ အဲဒါပြီးတော့ နောက်ထပ် ဟာ့ဒ်ဒစ်ခ် ၂ ခုနဲ့ အသစ်ရောက်လာတဲ့ ပုံတွေသာ မကဘဲ အရင်က ရှိပြီးသား ပုံတွေပါတဲ့ ဖိုလ်ဒါတွေ အားလုံးကို ကော်ပီလုပ်ပါတယ်၊ ဒီအတွက် ၂ TB စီရှိတဲ့ ဒစ်ခ်တွေကို သုံးပါတယ်၊ အဲဒီလို external hard disk ၄ ခုနဲ့ back up လုပ်ပြီးရင်တော့ လတ်တလော လုပ်ရမယ့်ဟာ ပြီးပြီလို့ ဆိုရမှာပါ၊ ဒါပေမယ့် သေချာအောင် ၄ လတစ်ခါလောက် ဒီဗီဒီတွေနဲ့ back up ထပ်လုပ်ပါတယ်၊ အဲဒီလောက်ဆိုရင်တော့ ကျနော့်အတွက် မဆိုးပါဘူး၊ အွန်လိုင်း ဆာဗာတွေမှာ back up လုပ်လို့ရတာတွေ ရှိပေမယ့် ကျနော်ကတော့ သံသယ ကြီးတယ်ပဲဆိုဆို အခုလို ကိုယ့်ဟာကိုယ် ဒစ်ခ်တွေ အများကြီးနဲ့ လုပ်ရတာကိုပဲ ပိုနှစ်သက်ပါတယ်၊

တစ်ခုရှိတာက အခုလို ဟာ့ဒ်ဒစ်ခ်တွေ အများကြီးနဲ့ back up လုပ်ထားပေမယ့် အဲဒါတွေကို တစ်နေရာတည်းမှာ တစုတဝေးတည်း ထားရင်လည်း သိပ်တော့ အဓိပ္ပါယ် မရှိပါဘူး၊ အဲဒါကြောင့် back up ဒစ်ခ်တစ်ခုကို အလုပ်မှာထားတယ်၊ နောက်ထပ် ဒစ်ခ်တစ်ခုကိုတော့ အလုပ်လည်း မဟုတ်၊ အိမ်လည်း မဟုတ်တဲ့ နေရာမှာ ထားပါတယ်၊ ဟိုတလောတုန်းက ဘလော့ဂ်တွေမှာ မဲလ်ဝဲ ကိစ္စတွေ ပေါ်လာပြီးတဲ့နောက် ကျနော့်ရဲ့ ဘလော့ဂ်ကိုလည်း ပုံမှန် back up လုပ်ဖြစ်ပါတယ်၊ ဒါကိုတော့ blogger ကနေ တပါတည်းပေးထားတဲ့ Setting -> export လုပ်နည်းနဲ့ပဲ လုပ်ပါတယ်၊ သူက ဘလော့ဂ်ကို xml ဖိုင်လ်အနေနဲ့ သိမ်းပါတယ်၊ ပို့စ်တွေနဲ့ ကွန်မန့်တွေပါ သိမ်းပေးပါတယ်၊ ဓါတ်ပုံတွေတော့ သိမ်းပေးပုံ မရပါဘူး၊ မတွေ့မိဘူး၊ ဒါပေမယ့် ဓါတ်ပုံတွေက ကျနော့်ရဲ့ back up ဒစ်ခ် ၄ ခုထဲမှာ အပြည့်ဆိုတော့ ဒါက ပြဿနာ မရှိပါဘူး၊ အကြောင်း တစုံတခုကြောင့် ဘလော့ဂ်ပျက်သွားခဲ့ရင် ဘလော့ဂ်အသစ်ဖွင့်ပြီး ဒီ xml ဖိုင်လ်ကို import ပြန်လုပ်လိုက်ရုံ ပါပဲလို့ ဆိုတယ်၊ တခါမှတော့ မစမ်းဖူးသေးဘူး၊ စမ်းခွင့်တော့လည်း မကြုံချင်ပါဘူး၊ ဒီ export back up နည်းက wordpress လို တခြား ပလက်ဖောင်းတွေကို ရွှေ့ဖို့အတွက် ဆိုရင်တော့ အဆင်မပြေဘူး ဆိုလား ပြောသံကြားဖူးတာပဲ၊ ဒါပေမယ့် ကျနော်က အဲဒီလို ပြောင်းမယ့်သူလည်း မဟုတ်တော့ အကြောင်း မဟုတ်ပါဘူး၊

ဒီကနေ့ တိုးတက်လာတဲ့ နည်းပညာတွေ အလယ်မှာ back up လုပ်ပုံလုပ်နည်းတွေ၊ back up လုပ်ရင် သုံးရမယ့် ကိရိယာတွေက မျိုးစုံပါပဲ၊ back up လုပ်ရတာ ဘာမှမကြာမှန်း၊ လုပ်သင့်မှန်းလည်း သိနေပေမယ့် ကျနော်တို့တွေ တခါတရံမှာ သတိလက်လွတ် နေမိတတ်ကြပါတယ်၊ အဲဒီလို မေ့လျော့နေတဲ့ မိတ်ဆွေတွေကို ကျနော်တခါက ဆုံးရှုံးခဲ့သလို မဆုံးရှုံးစေဖို့ ရည်ရွယ်ရင်း သက်သက်ပါ၊ နောက်ကျသွားခဲ့ပြီ ဆိုရင် အဆုံးအရှုံးက ကြီးမားနိုင်ပါတယ်၊ မိတ်ဆွေတို့ဆီမှာလည်း လွယ်ကူမြန်ဆန်ပြီး အများကိုလည်း ဝေမျှချင်တဲ့ နည်းလမ်းတွေများ ရှိခဲ့ရင် တဆိတ်လောက် ပြောပြခဲ့ပါဦးလား...။ ။


ညီလင်းသစ်
၁၉ ဒီဇင်ဘာ၊ ၂၀၁၁

27 comments:

  1. အရင်တစ်ခါက ကွန်ပြူတာထဲ သိမ်းရမှာ စိတ်မချလို့ external hard disk ထဲပဲ သိမ်းထားမိတာ အဲဒါက အရင်ပျက်တော့ သိမ်းထားသမျှပုံတွေ ကုန်ရော။

    အခုတော့ ကွန်ပြူတာထဲမှာရော external hard disk မှာရော သိမ်းတယ်။ အကို့လိုတော့ သုံးလေးလုံး မသိမ်းဖြစ်ဘူးဗျ။ DVD နဲ့ ပြန်ခုတ်ထားဖို့တော့ အစီအစဉ်ရှိပေမဲ့ အပျင်းကြီးနေသေးတယ် :)

ီဓါတ်ပုံသမား (လို့ပဲ ဆိုပါရစေ) တွေအနေနဲ့ကလဲ ခက်တယ်ဗျာ။ အပျော်တမ်း လက်တည့်စမ်းလောက်သာ ရိုက်တတ်သေးပေမဲ့ ကိုယ်ရိုက်ခဲ့တဲ့ ပုံတွေ ကောင်းကောင်းဆိုးဆိုး တော်ရုံကြည့်လို့ကောင်းတယ်ဆို လုံးလုံးကို မဖျက်ရက်ဘူးဗျာ။

    အကို သပ်သပ်ရပ်ရပ် လုပ်တတ်တာကတော့ ဘလော့ကို ဝင်ဖတ်လိုက်တာနဲ့ကို မှန်းလို့ရပါတယ်ဗျာ။

    ReplyDelete
  2. အိုင်တီ သမားသာဆိုတယ်။ အကို့လောက်တောင် ၀ီရီယ မရှိဘူး။ မခံခဲ့ရဘူးလား ဆိုတော့ ခဏခဏ ခံခဲ့ရဘူးတယ်။ အဆိုးဆုံးက တခါ သူငယ်ချင်းတွေ စုပြီး ရီကောတင်း လုပ်ထားတဲ့ဟာ ဒီနေ့ သိမ်းထားပြီး မနက်ဖြန်မှာ ဟဒ်ဒစ် ပျက်သွားတာပဲ ကော်ပီလဲ မရှိ အားလုံး ပင်ပင်ပန်းပန်း တစ်နေ့လုံး တစ်ညလုံး လုပ်ထားတော့... စိတ်ဓါတ်ကျတာ ဘာပြောကောင်းမလဲ... အခုထိလဲ မမှတ်သေးပါဘူး... :D
    ဒါပေမယ့် အကိုပြောလို့ စိတ်မှာတော့ တေးမှတ်ထားလိုက်မိပြီး... လုပ်သင့်ပါတယ်။ အကို့နည်းလမ်းက တော်တော်လေး ကောင်းပါတယ်။ ကျေးဇူးပါပဲ ခင်ဗျ...

    ReplyDelete
  3. အခါပေးကောင်းပေမယ့် နှောင်းခဲ့ပြီလေ
    နောင်တချိန်ပြည်လုံးကြိမ်မီးအုံးတော့မှ ဦးကောင်းမင်းမပြောရက်လေခြင်းလို့ ဖြစ်မှာကြိုသိပေမယ့် ဦးကောင်းနောက်ကျပြီကော..
    ဖြစ်ပြီးနှင့်ပြီ.
    အခုဆို အိမ်ကစက် ရုံးကစက် ပြီးတော့ အိတ်ဆောင်ထည့်တဲ့ အရာတွေထဲမှာပါ သုံးလေးခု ကူးပြီး ထားတယ်။
    ဒါပေမယ့် သင်္ခါရဆိုတာ ရှိသေးတယ် မဟုတ်လား

    ညီ

    ReplyDelete
  4. ကျနော်လဲ ဗိုင်းရပ်စ်ကိုက်လို့ ဒေတာတွေ အကုန်လုံးနီးပါးပျက်ဖူးတော့ အခုတော့ ပျဉ်ဖိုးနားလည်နေပါပြီ။ ဒါပေမယ့် တခါတလေတော့ မေ့တက်တယ်။ ကျနော်ကတော့ ဒီဗွီဒီနဲ့လဲ ကူးထားတယ်။ Word and Excel files တွေကိုတော့ မေးထဲတွေပါ ပို့တယ်။ ကိုတောင်ငူသားရေးသလိုပဲ ပုံတွေကလဲ မဖျက်ရက်ဘူး (မလှတာတောင်။) ကျနော်တို့ဆီမှာတော့ လက်တော့ပျောက်တဲ့ ပြသနာက ဆိုးတယ်ဗျ။ အထူးသဖြင့် B.S student လေးတွေက ယူတာများတယ်။ ကျနော့် ဂျူနီယာလေးဆို M.S တက်တုံးက လက်တော့ (၂)ခါပျောက်လို့ သူ့ရဲ့ သုတေသနကို (၂) ခါ လုပ်ရမယ့်အစား (၄) ခါ လုပ်လိုက်ရတယ်။
    (လီယို)

    ReplyDelete
  5. အကိုရေ ကွန်ပြူတာကို back up ဘယ်လိုလုပ်ရတာရယ် ဖုန်းကိုဘယ်လိုလုပ်ရတာရယ်လေးပြောပြပါလား
    ကျနော့်ဆိုနီဖုန်းတစ်လုံးထဲက ဖုန်းနံပါတ်တွေဘာမှမတွေ့ရတော့လို့ပါ
    အရမ်းကိုဗဟုသုတရသွားတယ်အကိုရေ
    ကျေးဇူးပါနော်

    ညီမငယ်

    မဒိုးကန်

    ReplyDelete
  6. တဲ့တဲ့ကြီးသတိပေးနေသလိုပါဘဲ။
    အရမ်းကျေးဇူးတင်ပြီးစေတနာကို အသိအမှတ်ပြုရပါတယ်။
    သတိပေးရကျိုးနပ်အောင်နဲ့ ယူကျုံးမရမဖြစ်ရလေအောင် လုပ်ဖြစ်အောင်လုပ်ပါတော့မယ်ရှင်။
    အိုင်အိုရာ

    ReplyDelete
  7. ကိုညီလင်းသစ်ရေ....
    ကျွန်မက အရာရာကို သိတ်သတိမရချင်တဲ့သူရှင့်။ ဒါကြောင့် ဘက်ခ်အပ်ဘယ်တော့မှ မလုပ်ဖြစ်ဘူး။ အချိန်မရွေး တစ်က ပြန်စဖို့ အမြဲ အားမွေးထားတယ်။

    မကောင်းဘူးလို့ပဲ ဆိုပါတော့လေ....

    ReplyDelete
  8. ဒီပိုစ့်ဖတ်ပြီးမှဘဲ ကိုယ့်အကြောင်းကို ပြန်ဖော်လိုက်ပါဦးမယ်
    ဘလော့ပေါ်မှာတောင် တင်မရေးဖြစ်ခဲ့တဲ့ အကြောင်းလေးပါ.
    ပြီးခဲ့တဲ့ ၄လပိုင်းတုန်းက လက်ပ်တော့ပျောက်သွားတယ်။
    နှမြောတာက အဲဒီလက်ပ်တော့ထဲမှာ ရေးလက်စ စာတွေ၊ စာရေးဖို့ စုထားရိုက်ထားတဲ့ဓာတ်ပုံတွေ အလုပ်နဲ့ ပတ်သက်တဲ့ ဖိုင်တွေအကုန်ပါသွားလို့ ကျွန်မဖြင့် စိတ်ညစ်လိုက်တာ။ အရေးထဲမှာ ခရီးသွားတုန်းက ရိုက်ခဲ့တဲ့ ပုံတွေလည်း မင်မိုရီစတစ်ထဲမှာ အကုန်ပျက်သွားတယ်။ ဘလောဂ့်တောင် ဆက်မရေးနိုင်တော့ဘူးလို့ စိတ်ထဲက ထင်လိုက်မိတယ်။ back up လည်း ဘာတစ်ခုမှ လုပ်မထားသလိုခဲ့ဘူး။ အလုပ်နဲ့ပတ်သက်ပြီး ကံကောင်းတာက ရုံးချုပ်ကို လစဉ် report လုပ်ထားတော့ ပြီးခဲ့တဲ့ လက မေလ်းထဲက ဖိုင်ကို ပြန်သိမ်းယူလိုက်ပြီး လစဉ် ပြန်လုပ်လို့ ရလိုက်တယ်။ ဘလော်ဂ့်အတွက်ကတော့အဲဒီတုန်းက ရေးလက်စ စာတွေ ခုချိန်ထိ ပြန်မဆက် မရေးဖြစ်တော့ဘူး ။ back up မလုပ်မိတဲ့ အကျိုးတွေပါဘဲ။ ပြီးခဲ့တဲ့ အပတ်ကလည်း ဖုန်းပျောက်သွားတယ်.. ဖုန်းနံပတ်ကို စာအုပ်ထဲချမရေးဘဲ ဖုန်းထဲမှာဘဲ မှတ်တတ်တဲ့ ကျွန်မ ဘယ်သူ့ဖုန်းနံပါတ်မှ ကျန်မနေခဲ့တော့ ဒုက္ခများရသေးတယ်။ အင်း မကောင်းတဲ့ အကျင့်တွေ ချပြောမိပြီ။
    နောက်ဆိုရင်တော့ ဘာမဆို back up လုပ်တဲ့အကျင့်ကို လုပ်ရတော့မယ် ကိုညီလင်းသစ်ရေ။ လက်ပ်တော့ ပျောက်သွားတဲ့ ကျောင်းသားတွေကို သနားမိတယ်. သူတို့အတွက်တော့ တကယ်ကို အခက်ကြီးခက်ရှာမှာ ..

    ReplyDelete
  9. တစ်ကယ်ကိုပဲ ကျေးဇူးပါအကို... နည်းပညာနဲ့ အလှမ်းဝေးတဲ့ သူမို့ သတိထားပြင်ဆင်စရာ လေးတွေ အတွက် ကျေးဇူးပါလို့...
    ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..

    ReplyDelete
  10. Hooooo.............Being a blogger and photographer is not easy.I already noticed that you are a Sae sus the cher thu:D....I got so much knowledge and tks.
    Gyidaw

    ReplyDelete
  11. Back Up လုပ်ရမှန်းသိရက်နဲ့ မကြာခဏ ခံရပေါင်းများနေပြီ။ နည်းပညာတွေ ထွန်းကားလာတာ တဖက်က ကောင်းပေမယ့်၊ တဖက်က မကောင်းပြန်။ အရင်ကဆို စာရွက်ပေါ်ချရေးတော့ စာမူတွေက လက်ခံကျန်သေးတယ်။ အခုက ကွန်ပြူတာနဲ့ လက်တမ်းရိုက်တော့ ထိပြီဆို စာတစ်လုံးတောင် ပြန်မရတော့တာမျိုး။
    အလုပ်မှာလည်း မီတင်မိနစ်တွေ အဲ့လိုနဲ့ ပျောက်သွားလို့ ဗျာများဘူးခဲ့တယ်။
    သိသိကြီးနဲ့ ဆက်မိုက်နေတာပါပဲ။ အင်း..ပြီးရင် Blogလေး Back Up လုပ်ဦးမှ...။

    ReplyDelete
  12. ကွန်ပြူတာ သုံးသူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါဘဲ။ ကျွန်တော်လဲ ဒီလိုကြုံဖူးတယ် အစ်ကို... external hard disk တစ်ခုထဲမှာ ဓာတ်ပုံတွေ၊ သီချင်းတွေ တခြားဆော့ဝဲတွေ အားလုံးကို သိမ်းထားတာ အဲဒါ မြန်မာပြည်ပြန်တုန်းက ဘယ်နားမှာ ဘယ်လို ပျောက်သွားတယ် မသိပါဘူး။ တစ်ခုတော်သေးတာက ကွန်ပြူတာထဲမှာ တော်တော်များများက မဖျက်ရသေးဘဲ ထားထားလို့  သီချင်းတချို့ ကလွဲရင် ကျန်တာတွေ ပြန်ရခဲ့တယ်။ ခုလို သတိပေးတာ ကျေးဇူးအစ်ကို... အချိန်ပေးပြီး back up လုပ်ဖို့ ကို ကြိုးစားပါ့မယ်...

    ReplyDelete
  13. စာမေးပွဲကြီးဖြေခါနီးမှာ လက်တော့ပ်ပါသွားတာရယ်
    ကိုယ့်ဌာနေပြန်ခါနီး ကင်မရာပါသွားတာမျိုး
    အမြဲလိုလိုကြားဘူးတယ်။ လူပေါင်းစုံတို့ ဆုံဆည်းတဲ့
    နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတယ်နော်။
    သတိပေးထားတဲ့အချက်တွေဖတ်သွားတယ်မောင်ညီလင်း။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. ထင်တဲ့အတိုင်း ကောမက် မပေါ်တော့ဘူး... အစအဆုံး ပြန်မရေးချင်တော့ဘူး...
    ကျေးဇူးပါ အကိုလို့ပဲ ပြန်ပြောချင်တော့တယ် :(

    ReplyDelete
  15. သတိပေးလို့ ကျေးဇူးပါ။

    ReplyDelete
  16. ညီမကတော့
    တကယ်ကို back up သမား
    စစ်စစ်ပါအကိုရေ
    အားအားရှိအရင်ကပုံတွေ
    စာတွေ..အကြောင်းအရာတွေ
    ပြန်ပြန်ပြီး back up လုပ်လွန်းလို့
    ကိုယ့်ကိုကိုယ်မနည်းပြန်ဘရိတ်အုပ်ထား၇တယ်

    လက်တော့အခိုးခံရမှာကြောက်လို့
    desktop ဘဲသုံးပါတယ်ရှင်..

    ReplyDelete
  17. မြစ်ကျိုးအင်းDecember 19, 2011 at 8:31 PM

    back up မလုပ်ဖြစ်တာကြာပြီ။
    ဘာမှမဟုတ်ဘဲနဲ့ကို လုပ်ဖို့မေ့မေ့နေတာ။
    ဒီစာလေးက လက်တို့ပြီး ပြောလိုက်သလိုပါပဲ။

    ReplyDelete
  18. ဟုတ်တယ်..
    ဒီစာလေးက သတိပေးစာလေးပါ...
    ကိုယ်သိပ်ကြိုက်တဲ့ ၀တ္ထု ကဗျာလေးတွေက လွဲလို့ back up လုပ်ဖို့ အလွန်ပျင်းပေမယ့် လုပ်ရဦးမှာပါ။

    ReplyDelete
  19. တောင်ငူသား ...
    ဟုတ်တယ်ဗျ၊ စက်ထဲပဲဖြစ်ဖြစ် external disk ပဲဖြစ်ဖြစ် ကော်ပီ တစ်ခုတည်းဆို သိပ်စိတ်မချရဘူး၊ ဓါတ်ပုံတွေ ဆိုတာကတော့ ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေ ပါပဲဗျာ..၊

    ကိုမောင်သန့် ...
    ကျနော်လည်း သိပ်ဝီရိယ ရှိလှတယ်ရယ် မဟုတ်ပါဘူးဗျာ၊ ခံခဲ့ရဖူးလို့သာ ကိုယ့်ကိုယ်ကို သတိပေး နေရတာ..၊ ရီကောဒင်း ပျက်သွားတာ နှမြောစရာကြီး...၊

    ညီ ...
    အခါနှောင်းပြီ ဆိုလို့ “ဦးကောင်း” လည်း စိတ်မကောင်း ပါဘူး၊ အရှင်နှစ်ပါးကော..၊ ဂေါဝိန်ကို ရောက်နေကြ ပြီလား?းD

    လီယို ...
    ဟုတ်တယ်နော်၊ အဲဒီ လက်ပ်တော့ပ်တွေက တကယ့်ကို သူခိုးမျက်စိ ကျစရာဗျ..၊ သုတေသန ၄ ခါ လုပ်လိုက်ရတဲ့ ကျောင်းသားတော့ စာကြေသွားမှာပဲ၊း)

    မဒိုးကန် ...
    ကွန်ပြူတာ back up က OS reinstallation disk တစ်ခု ဆောင်ထား၊ ဒေတာတွေ၊ ပုံတွေကို external disk ထဲမှာ ကော်ပီတွေ ကူးထားဖို့ပါ၊ ဖုန်း back up ကျနော်လုပ်တာတော့ ဖုန်းထဲက လိပ်စာတွေ၊ နံပါတ်တွေကို ကွန်ပြူတာထဲကူး၊ အဲဒီကမှ ပြင်ပဒစ်ခ် တွေထဲကို ထပ်ကူး..အဲဒါပါပဲ..၊

    မအိုင်အိုရာ ...
    ဒီလိုဆိုတော့လည်း ဝမ်းသာရပါတယ်ဗျာ...၊း)

    မချစ်ကြည်အေး ...
    ဒါလည်း စိတ်ဝင်စားစရာ ရှုထောင့်တစ်ခု ပါပဲ၊ ကျနော်တို့ အနေနဲ့ ကိုယ့်ရွေးချယ်မှုကို ကိုယ်ကျေနပ်ဖို့ပဲ လိုတာ မဟုတ်လား...၊

    မချော ...
    ဒီပို့စ်ကို ရေးနေတဲ့ အချိန်မှာ မချောကို ကျနော် အထူးသတိရနေ ခဲ့တယ်၊ တခါတုန်းက မဲန်မိုရီ စတစ်ခ် ထဲက ခရီးသွားပုံတွေ ပျက်သွားတဲ့အကြောင်း ရေးဖူးလို့လေ..၊ အခု လက်ပ်တော့ပ်ရော ဖုန်းရော ဆိုတော့ မလွယ်ပါ့လား..၊ ဒီပစ္စည်းတွေက အခုခေတ်မှာ ပြန်ဝယ်ဖို့ သိပ်မခဲယဉ်းတော့ပေမယ့် အထဲက စာတွေ၊ ဓါတ်ပုံတွေ၊ နံပါတ်တွေက နှမြောစရာဗျာ...၊ မချော စိတ်ဓါတ်ကျသွားတာ ကျနော်တို့ နားလည်လို့ ရပါတယ်၊ ဒီလို ဆုံးရှုံးမှုမျိုး နောက်ထပ် မကြုံပါစေနဲ့တော့ လို့ပဲ ဆုတောင်းပါတယ်...၊

    ညီမအိန်ဂျယ်လ်လှိုင် ...
    ကျေးဇူးပါ ညီမရေ...၊

    ဂျီးဒေါ် ...
    တတ်နိုင်သလောက်တော့ ကြိုးစားတာပဲ ဂျီးဒေါ်ရေ့၊း)

    မမြသွေးနီ ...
    အမှန်ပဲဗျို့၊ စာရွက်ပေါ် ရေးတဲ့ခေတ်က ဘာပဲပြောပြော လက်ခံ ကျန်သေးတယ်၊ အခုတော့ ဗေထိ ဆိုတာနဲ့ ကွဲပဟ..ပဲ၊း)

    ညီရဲ ...
    အေးဗျ၊ အခုနောက်ပိုင်း external hard disk တွေကလည်း သေးသထက် သေးလာတော့ သူ့ကို မပျောက်ဖို့ကိုပဲ ပြန်ပြီး ဂရုစိုက်နေရ ပြန်ရော..၊း)

    အန်တီတင့် ...
    ဟုတ်ကဲ့..၊ ပုံမှန် လာအားပေးတာလည်း ကျေးဇူးပါနော်၊

    ကိုမောင်သန့် ...
    ကွန်မန့်က စပန်းမ်ထဲ ရောက်နေတာဗျ၊ ဘယ်လိုက ဘယ်လို ဝင်သွားလဲ မသိဘူး၊ ကျနော် ပြန်ဆွဲထုတ် လိုက်ပါပြီ..၊း)

    မ,ရှင်လေး ...
    လာဖတ်လို့လည်း ကျေးဇူးပါ..၊

    ညီမ blackroze ...
    ကောင်းတာပေါ့ ညီမရေ..၊ ဒီလိုဆိုတော့ ညီမဆီမှာ လက်ခံကော်ပီတွေ အများကြီးမို့ တခုခုဖြစ်ရင် ပူစရာ မလိုတော့ဘူး..၊

    ကိုမြစ်ကျိုးအင်း ...
    သတိပေးနိုင်တယ်ဆိုတော့လည်း ဝမ်းသာမိပါတယ်..၊

    မလေး ...
    ကျနော်လည်း ပျင်းပျင်းနဲ့ လုပ်နေရတာပါပဲဗျာ ..။

    ReplyDelete
  20. Me and my Chit Chit, we always back up our laptop data to external hard disk. So when my laptop broke down once, I have all my data back. I haven't done back up in blog yet, I'll do that. Thank you, Ko Nyi Linn.

    ReplyDelete
  21. တပါးကမဟာဂီရိမှာ တပါးကတော့ ရွှေတိဂုံမှာပါ

    ညီ

    ReplyDelete
  22. မောင်မျိုးDecember 21, 2011 at 6:16 AM

    ကျနော်လည်း မှတ်ပုံတင်လေး ပျောက်တုန်းက အဲ့လိုပဲဖြစ်သေးတယ် ပိုက်ဆံအိတ်လေး ပျောက်သွားတော့ အရေးကြီးတဲ့ မှတ်ပုံတင်ပါ ပါသွားတာကိုး ဒီထဲက ကျောင်းသားတွေကို ကိုယ.်ချင်းစာမိပါရဲ့ တကယ်ကို ပူပင်သောက ရောက်ကြမှာ ခံစားမိတယ် ။ တစ်ချို့ အမှတ်တရတွေ ပြန်လုပ်ယူလို့မရတဲ့ အမှတ်ရဟောင်းတွေမှတ်လား သတိထားတာကောင်းတာပေါ့ ( ကျနော်ကတော့ ခဏခဏကိုထိနေတော့တား))

    ReplyDelete
  23.ဲJenifer Lopez ရဲ့ Back up plan ကို သတိရပြီး ပြုံးမိသေးတယ် အဲ့ ဒီ ကားက ရီရလို့ လေ မှတ်မိနေတာ

    ReplyDelete
  24. Nice post.

    Here is my sharing:

    PC ဆိုရင်တော့ စကတည်းက Hard Disk ၂ လုံးထည့်ပြီး Mirroring လုပ်ထားတာကောင်းပါတယ်။ တစ်လုံးပျက်သွားလည်း နောက်တစ်လုံး ကျန်သေးတယ်ဆိုတော့ တပြိုင်နက်နှစ်လုံးစလုံး မပျက်မချင်း စိတ်ချရပါတယ်။ Back Up ကိုလည်း သူ့အလိုလိုလုပ်နေပြီးသားဖြစ်တဲ့အတွက် သတိထားနေစရာလည်းမလိုတော့ပါဘူး။

    နောက်တစ်ခုကတော့ external drive တွေကိုလည်း IP configure လုပ်လို့ရတာဝယ်တပ်ထားရင် အရေးကြီးတာတွေကို External Hard drive ထဲမှာ ထပ်ပြီး သိမ်းလိုက်ဖို့လွယ်ကူစေပါတယ်။

    ပိုက်ဆံပေါရင်တော့ online storage ကောင်းကောင်းဝယ်ထားပြီး monthly back up လုပ်ရင်တော့ စိတ်ချသထက် စိတ်ချရပါတယ်။ ကိုယ့်ဘာသာကိုယ် သတိထားပြီး backup လုပ်နေတာထက် scheduler တစ်ခုခုနဲ့ schedule လုပ်တာက ပိုပြီး အဆင်ပြေစေပါတယ်။

    Thesis တွေလုပ်တဲ့အခါမှာ one copy , one machine ထဲမထားဖို့ မြန်မာပြည်မှာတော့ ဆရာတွေက တစ်ခါတည်းသင်ပေးကြပါတယ်။ ရှေ့ကလူတွေလည်း ခံရကြပြီးပါပြီ။ floppy ခေတ်ကလူတွေဆိုရင် ဒါကို အမြဲသတိရှိကြရပါတယ်။

    cloud storage တွေ ဈေးကျလာရင်တော့ အဆင်အပြေဆုံးဖြစ်လာမယ်ထင်ပါတယ်။

    Backup နဲ့ပတ်သက်ရင်တော့ Portable တွေမှာသိမ်းတာကို သိပ်အားမပေးချင်ပါဘူး။ ဒါတွေက နည်းပညာအရ ပျက်လွယ်တဲ့အမျိုးအစားတွေဖြစ်နေတုန်းပါပဲ။ ဈေးပေါတဲ့ hosting တွေမှာသိမ်းတာလည်း hosting က hardisk ကြွသွားရင် ကိုယ်သိမ်းထားသမျှပါသွားနိုင်တဲ့အတွက် သိပ်အများကြီးယုံလို့မရပါဘူး။ ဈေးကြီးတဲ့ Hosting တွေမှာတော့ RAID 5 တွေဘာတွေသုံးတဲ့အတွက် hard disk ပျက်လို့ data lost တာမရှိတတ်ပါဘူး။

    လိုရင်းတွေကို ချုပ်ပြီးပြောရရင်တော့၊
    ကိုယ့်ဘာသာကိုယ် သတိရမှ သိမ်းတာထက် schedule လုပ်ထားပြီး အမြဲသိမ်းနေတာကပိုပြီး ထိရောက်ပါတယ်။
    Hard Disks ၂လုံးထားပြီး Mirror လုပ်ထားပါ။
    Hard Disks အသံမည်လာရင်ဖြစ်ဖြစ်၊ bad sector တွေ့ရင်ဖြစ်ဖြစ် ချက်ချင်းလဲပါ။ External Storage Device ၀ယ်ထားပြီး၊ network storage drive လုပ်ထားပါ။
    စိတ်ချရတဲ့ Online Hosting မှာ အရေးကြီးတဲ့ files တွေကို monthly Upload လုပ်ထားပါ။
    ရေရှည်သိမ်းထားမယ့် Data တွေကို portable storage တွေမှာ မသိမ်းပါနဲ့။ DVD , CD တွေဆိုလည်း rewritable တွေမှာ မသိမ်းပါနဲ့။

    Muziz.

    ReplyDelete
  25. Muziz ...
    ပြည့်ပြည့်စုံစုံနဲ့ ရှင်းရှင်းလင်းလင်း ရှိလှတဲ့ ကွန်မန့်အတွက် ကျေးဇူး အများကြီး တင်ပါတယ်၊ ဒီအထဲမှာ ကျနော်မေ့နေတာတွေ အများကြီး ပြန်တွေ့ရတယ်၊ ဥပမာ- PC ထဲကို နောက်ထပ် hard disk တွေ ထပ်ထည့်ဖို့ အစောကြီး ကတည်းက စဉ်းစား ထားပေမယ့် မေ့သွားတယ်၊ အခု ဒီကွန်မန့် ဖတ်မှ အဲဒီလို mirroring လုပ်ဖို့ စိတ်ကူး ပြန်ရတယ်၊ သိပ်ကောင်းတဲ့ အကြံဥာဏ်ပါပဲ၊ အရင်တုန်းကတော့ Schedule လုပ်ပြီး back up လုပ်လေ့ ရှိပါတယ်၊ ဒါပေမယ့် ဗိုင်းရပ်စ်ထိတဲ့ အဲဒီအခေါက်တုန်းက ဗိုင်းရပ်စ်က USB cable ကတဆင့် အမြဲ ဆက်ထားတဲ့external hard disk ထဲအထိပါ ဝင်နေတာ တွေ့လို့ ကျနော်က ဖြစ်နိုင်ရင် hard disks တွေကို PC နဲ့ အမြဲတမ်း ဆက်မထား ချင်တော့ဘူး၊ အဲဒါဆို EHD ကိုSchedule ချိန်အမီ ပြန်,ပြန်ပြီး ဆက်နေရမယ့်အတူ ကိုယ့်ဟာကိုယ်ပဲ manually ကူးဖြစ်သွားတာ..၊

    Online storage နဲ့ပတ်သက်လို့တော့ ဘယ်ဟာတွေ ဘယ်လိုကောင်းလဲ ဆိုတာ သိပ်မသိတာနဲ့ အဲဒါကို သိပ်မစဉ်းစား ဖြစ်တာပါ၊ Network storage device စနစ်ကိုတော့ စိတ်ဝင်စားတယ်၊ IT မိတ်ဆွေ တချို့လည်း ပြောကြပါတယ်၊ သိပ်မကြာခင်တော့ သူ့ရဲ့ သဘောသဘာဝကို လေ့လာကြည့်ပြီး စမ်းမလားလို့ စိတ်ကူးနေပါတယ်၊ ထပ်ပြောပါရစေ..၊ back up နဲ့ ပတ်သက်ပြီး အားနည်းချက်၊ အားသာချက်၊ အကျိုး၊ အပြစ်၊ လုပ်နိုင်တဲ့ အမျိုးအစား စသဖြင့် စုံစုံလင်လင်နဲ့ တချက်ချင်း အကြံဥာဏ်ပေးသွားလို့ တကယ်ပဲ ကျေးဇူး တင်ပါတယ်ဗျာ..။

    ReplyDelete
  26. back up အမြန် လုပ်မှ

    ReplyDelete
  27. အကိုရေ...ကျွန်တော်တော့ external hard disk ထဲ ရုပ်ရှင်
    တွေကူးထည့်ထားတာ သူ့အလိုလိုပျက်သွားပါရောလား..။
    ထူးဆန်းတာက ဟက်ဒစ်တစ်ခုလုံးပျက်တာမဟုတ်ပဲ ရုပ်
    ရှင်တွေချည်းရွေးပျက်သွားတာ..၊ဒါ့ပုံတွေနဲ့ တစ်ခြားဖိုင်
    တွေကကျန်ခဲ့တယ်..။ဟပ်ဒစ်ကလည်း အသစ်ကြီးရှိသေး
    တာ...၊တော်သေးတာပေါ့..ရုပ်ရှင်တွေဆိုတော့ ပြန်ဒေါင်း
    လို့ရတဲ့ဟာမို့လို့...။အကို့လို လေးလုံးနဲ့တော့ ဘက်
    အပ်မလုပ်နိုင်သေးဘူးအစ်ကိုရာ...၊တစ်လုံးနဲ့ပဲလုပ်ထား
    ရတယ်...။အွန်လိုင်းပေါ်မှာဘက်အပ်လုပ်ဖို့ကတော့ အကို့
    လိုပဲ သံသယရှိနေဆဲပဲ...:)။(မအားလို့ ခုမှ မန့်ရတယ်
    အကိုရေ...၊ပျော်ရွင်ကြည်နူးဖွယ် ခရစ်စမတ်နှင့် နှစ်ကူး
    ကာလကိုပိုင်ဆိုင်နိုင်ပါစေဗျား..။)

    ReplyDelete