05 December 2011

The Lady ...



(Credit: Google image)

မနေ့ညက အဲဒီရုပ်ရှင် သွားကြည့်ဖြစ်ပါတယ်၊ လူများ,မများ မသိနိုင်တာနဲ့ ရုပ်ရှင်မစမီ နာရီဝက် ကျော်ကျော်လောက် ကတည်းက ကြိုရောက်နေ ဖြစ်တယ်၊ လက်မှတ်ဝယ်ဖို့ တန်းစီရင်း ခုံနေရာ ဘယ်လောက် ကျန်သေးသလဲ ပြတဲ့ မော်နီတာကို ကြည့်လိုက်တော့ ၈၀ ရာခိုင်နှုန်း လောက်ကို ကျန်နေသေးတာ တွေ့ရတယ်၊ ဒါနဲ့ အေးအေးဆေးဆေးပဲ ဖြစ်သွားတယ်..၊ ပြမယ့် ခန်းမထဲကို ဝင်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ ဝင်ထိုင်နေလိုက်ပြီး နည်းနည်းစီ ဝင်လာနေတဲ့ လူတွေကို ငေးကြည့်နေ မိတယ်၊ ကျနော့်စိတ်ထဲမှာ ဒီလိုဇတ်ကားမျိုးကို လာကြည့်သူတွေဟာ ဘယ်လိုလူမျိုး တွေများ ဖြစ်နိုင်မလဲလို့ အရမ်း သိချင်နေမိတယ်၊ မြန်မာပြည်ကို ရောက်ဖူးသူတွေလား၊ ဒါမှမဟုတ် မကြာခင်မှာ သွားမယ့်သူတွေလား၊ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားလို့ ဒုက္ခနွံထဲက မတက်နိုင်သေးတဲ့ နိုင်ငံလေးနဲ့ အဲဒီအထဲက အမျိုးသမီး တစ်ယောက် အကြောင်း ပိုပြီး သိချင်သူတွေ များလား၊ ဒါမှမဟုတ် Luc Besson ဘာပဲရိုက်ရိုက် ကြည့်လိုက်မယ် ဆိုသူတွေလား...၊

ကျနော့်စိတ်ထဲ တွေးနေမိတာကို ဘေးက မအိမ်သူကို ပြောတော့ အင်မတန် လက်တွေ့ကျတဲ့ အကြံဥာဏ်ကို ပေးတယ်၊ 'သိချင်ရင် လိုက်မေးကြည့် ပါလား' တဲ့..၊ ဝင်လာသူတွေ ကတော့ ကျနော် မျှော်လင့်ထားသလို သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ များတယ်၊ မြန်မာ တစ်ယောက်တလေများ ကံကောင်းစွာနဲ့ ပါလာမလားလို့ တစ်ယောက်မှ အလွတ်မပေးဘဲ ထိုင်ကြည့်နေသေးတယ်၊ အာရှသူလို့ ယူဆရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတာက လွဲရင် ကျန်တဲ့ ပရိတ်သတ်တွေက အနောက်တိုင်းသား တွေချည်းပါပဲ၊ ဒီလို ရုပ်ရှင်မျိုးကို ကြည့်ပြီး ပြန်အထွက်မှာ တခြားမြန်မာ လူမျိုးတွေရဲ့ အမြင်ကို ကြားချင်၊ သိချင်မိတယ်၊ အဲဒီလိုနဲ့ ခန်းမထဲမှာ မီးတွေ မှောင်သွားခဲ့တယ်....၊

ဗိုလ်ချုပ်က သူ့သမီးလေးကို အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့သမိုင်းကို ပြောပြနေတဲ့ အခန်းနဲ့ ဇတ်လမ်း စ,ပါတယ်၊ အဲဒီ အခန်းမှာ ပုဂံရဲ့ အရုဏ် တက် မြင်ကွင်းတွေကို ကြိုကြားကြိုကြား ညှပ်ပြီး ပြသွားတယ်၊ ပုဂံဟာ မြင်ကွင်းကျယ် ပိတ်ကားပေါ်မှာ ကြည့်ရတာ ပိုပြီး ကျက်သရေ ရှိနေသလိုပဲ၊ အဲဒီနောက်တော့ အတွင်းဝန်ရုံး လုပ်ကြံ သတ်ဖြတ်မှု၊ သိပ်မကြာခင်မှာပဲ ဒေါ်ခင်ကြည် နေမကောင်းလို့ မြန်မာပြည် ပြန်လာရတဲ့ အမေစု အခန်းတွေကို ပြပါတယ်၊ ပြီးတော့ ၈၈ အရေးတော်ပုံ၊ NLD ဖွဲ့စည်းမှု၊ ရွှေတိဂုံ ညီလာခံ.. စတာတွေ ဆက်လာပါတယ်၊ ဒီအခန်းတွေကို ပြတဲ့အခါ အများသိတဲ့ အတိုင်း ယိုးဒယားနယ်စပ်မှာ တူနိုင်သလောက် အတူဆုံး ဆက်တင်လုပ်ပြီး ရိုက်ထားတဲ့ အခန်းတွေနဲ့ ရန်ကုန်မြို့က တကယ့်နေရာတွေကို ရောမွှေပြီး ပြသွားတယ်၊ ဒီဇတ်ကား ရိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ဘာမှ မစသေးခင် ဒါရိုက်တာ Luc Besson နဲ့ အဖော် ၂ ယောက်က မြန်မာပြည်ကို လာပြီး ရှုခင်း၊ မြင်ကွင်းတွေကို ကင်မရာ အသေးလေးနဲ့ ၁၇ နာရီစာ ရိုက်သွားခဲ့တယ်လို့ ဆိုပါတယ်၊ အခု အဲဒီရှုခင်းတွေကို ဒီလို နေရာတွေမှာ ပြန်သုံးထားတာ ဖြစ်ပါတယ်၊ အမေစုရဲ့ အမှတ် ၅၄ အိမ်ကိုတော့ ယိုးဒယား နယ်စပ်မှာ တပုံစံတည်း ပြန်ဆောက်ပြီး ရိုက်ပါတယ်၊

ဇတ်လမ်းက အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲလ်ယိုး (Michelle Yeoh) နယ်တွေကို စည်းရုံးရေး ခရီးထွက်တာ၊ နောက်တော့ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရတာတွေ ဆက်ပြတယ်၊ မီရှဲလ်ယိုးက ဇတ်ဝင်ခန်းတွေမှာ မြန်မာစကားကို သွက်သွက်လက်လက် ပြောနိုင်အောင် ကျင့်ထားတာ တွေ့ရပေမယ့် လေသံကတော့ အတော်လေး ဝဲတယ်၊ ဒီနေရာမှာ သူ့အသံနဲ့ ခပ်ဆင်ဆင်တူ နိုင်မယ့် မြန်မာ အမျိုးသမီး တစ်ယောက်ကို စကားပြောခိုင်းပြီး နောက်ခံအသံ ထပ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကျနော်ကတော့ သူကိုယ်တိုင် ပြောတာကိုပဲ ပိုသဘောကျတယ်၊ ဒါဟာ သူ့ရဲ့ အားထုတ်မှု မဟုတ်လား၊ အစ တစ်ကြောင်း၊ နှစ်ကြောင်းလောက်မှာ နားထဲ တမျိုးဖြစ်ပေမယ့် နောက်တော့လည်း အသားကျ သွားပါတယ်၊ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ဇတ်ဝင်ခန်းတွေကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားတာ တွေ့ရတယ်၊ ဒါပေမယ့် တချို့ဗိုလ်ချုပ်တွေက မျက်နှာကြည့်လိုက် တာနဲ့ ထိုင်းလူမျိုးမှန်း သိသာသလို တချို့ကလည်း မြန်မာစကား ပြောတဲ့လေသံ အရမ်း ဝဲလွန်းတာ သတိထား မိတယ်၊ စစ်ဗိုလ်၊ စစ်သားနဲ့ ပတ်သက်တာတွေ ပြရင် အများအားဖြင့် ရက်စက်၊ ကြမ်းတမ်းမှု၊ ကောက်ကျစ်မှုကို ပြနိုင်ဖို့ ကြိုးစားတာ တွေ့ရတယ်၊ ဒီအတိုင်း ဟုတ်လိုက်လေဗျာ-လို့ ဆိုရမယ့် အခန်းတွေ ရှိသလို ဇတ်နာအောင် သာသာထိုးထိုးလေး လုပ်ထားတာတွေလည်း ပါတယ်လို့ ပြောရမှာ ပါပဲ၊ ဒါဟာ ခံစားမှုကို ဦးစားပေးတဲ့ ရုပ်ရှင် မဟုတ်လား...၊

ဇတ်လမ်းရဲ့ အရေးပါတဲ့ အခန်းတစ်ခု ဖြစ်သလို ကျနော်လည်း အကြိုက်ဆုံး ဇတ်ဝင်ခန်းကတော့ အမေစုကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးတဲ့အခန်းပါပဲ၊ အော်စလိုမြို့က ဆုပေးပွဲ ခန်းမ၊ အခမ်းအနား အပြင်အဆင်မှ စပြီးတော့ နောက်ဆုံး ဆုလက်ခံ ယူတဲ့ မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါးနဲ့ ကင်မ်တို့ ရပ်နေတဲ့ ပုံစံ အနေအထား အသေးစိတ်ကအစ ဂရုစိုက်ထားတာ သတိထား မိတယ်၊ တဖက်ကလည်း ရန်ကုန်က အိမ်ကြီးထဲမှာ အမေစု တဖြစ်လဲ မီရှဲလ်ယိုးက ရေဒီယို အဟောင်းကြီး တစ်လုံးကို နားထောင်နေတယ်၊ သူ့ကိုယ်စား မိသားစုကို ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက် ချိန်မှာပဲ မီးပြတ်သွားတယ်၊ သူနဲ့အတူ ရေဒီယို နားထောင်နေတဲ့ အဖော် အမျိုးသမီးက ရေဒီယိုအသေးလေး ပြေးယူတယ်၊ အဲဒီအချိန် အခမ်းအနားကို လွတ်သွားမှာစိုးလို့ အမေစုက စိတ်လှုပ်ရှား နေတယ်၊ ရေဒီယို ရောက်လာတော့ အထဲမှာ ဓါတ်ခဲ မရှိပြန်ဘူး၊ အဲဒါနဲ့ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတောင့်တွေထုတ်၊ ရေဒီယိုထဲ အမြန်ထည့်ပြီး ဖွင့်နားထောင် လိုက်တော့ သားကြီး အလက်ဇန်းဒါးက ကျေးဇူးတင်စကား ပြောနေခဲ့ပြီ၊ အမေစုကတော့ သားရဲ့အသံကို မျက်ဝန်းတွေ တလက်လက်နဲ့ နားထောင် နေတယ်၊ ကျေးဇူးတင်စကား ပြောအပြီးမှာ ဂုဏ်ပြုအော်ခက်စထရာက တေးသွားတစ်ပိုဒ်ကို တီးမှုတ်လိုက်တယ်၊ ကျနော် အရမ်းကြိုက်တဲ့ Pachelbel Canon တူရိယာသက်သက် တေးသွား..၊ စန္ဒရားနဲ့ ချယ်လိုကို အားပြုထားတဲ့ တေးသွား...၊ အဲဒါကို ရေဒီယိုကနေ ကြားရတဲ့အခါ အမေစုက တဖက်ကနေ စန္ဒရားကို အသာအယာ လိုက်တီးပါတယ်..၊ မိသားစုနဲ့ ဝေးပြီး တစ်ဦးတည်း ပိတ်လှောင်ခံထားရတဲ့ အိမ်ကြီးထဲမှာ စိတ်ဓါတ်မာကျော ပါတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ညအမှောင်ထဲ စန္ဒရားခလုတ်တွေကို အသာအယာ တို့ထိလို့...၊ အဲဒီမြင်ကွင်းကို အလင်းအမှောင် နိုင်နိုင်၊ နောက်ခံဂီတ အားကောင်းကောင်းနဲ့ ပံ့ပိုးလိုက်တဲ့အခါ အမျိုးစုံတဲ့ ခံစားမှုတွေက ရင်ဘတ်ထဲမှာ ပြည့်ကျပ် လာတော့တယ်၊

ကျနော် ပြန်ပြောချင်တဲ့ နောက်တစ်ခန်းကတော့ ကင်ဆာရောဂါနဲ့ သိပ်မနေရတော့မယ့် အကြောင်း ရေးထားတဲ့ မိုက်ကယ်လ်အဲရစ်စ်ဆီက စာကို ဖတ်အပြီးမှာ ဗြိတိသျှ သံရုံးကတဆင့် အမေစုက ဖုန်းဆက်တဲ့ အခန်းပါ၊ အသံလှိုင်းတွေ သိပ်မကြည်တဲ့ ဖုန်းကို မျက်ဝန်းမှာ မျက်ရည်တွေ ဝဲပြီး ပြောတဲ့အခန်း...၊ 'ကျမ ပြန်လာဖို့များ လိုနေမလားဟင်' ဆိုတဲ့ စကားလေးကို ပြောချလိုက်တဲ့ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ အရိပ်တွေ အများကြီး ဖြတ်ပြေးသွားတယ်၊ မိသားစု၊ သေကောင်ပေါင်းလဲ ခင်ပွန်း၊ နောက်ဆုံးကြားခြင်း ဖြစ်ကောင်းဖြစ်မယ့် အသံ၊ အချုပ်အနှောင်၊ သောက၊ ပြည်သူလူထု၊ ဒုက္ခဆင်းရဲ... အဲဒါတွေ အကုန်လုံးကို အဲဒီ စက္ကန့်ပိုင်းလေးမှာ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်၊ ရင်နင့်ရတဲ့ အခန်းပါပဲ၊ တိတ်ဆိတ်နေတဲ့ ရုံထဲမှာ ကျနော့်ဘေးက မအိမ်သူလိုပဲ တိတ်တဆိတ် ရှိုက်သံတွေ ကြားနေရတယ်..၊

သရုပ်ဆောင်တွေ အဖြစ် မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါး၊ ကင်မ် တို့ရဲ့ ရုပ်သွင်၊ အမူအရာတွေ အတော်လေး တူပေမယ့် အမေစုရဲ့ ကာရိုက်တာကို ခံစားယူရတာတော့ လွယ်မယ့်အလုပ်လို့ ကျနော် မထင်ပါဘူး၊ ဒါပေမယ့် အရပ်အမောင်း၊ မျက်နှာသွင်ပြင်ခြင်း ဆင်သလို ရှိတဲ့ အာရှ သူ မင်းသမီး မီရှဲလ်ယိုးက အတော်လေးကောင်းအောင် သရုပ်ဆောင်သွား နိုင်တာ တွေ့ရပါတယ်၊ အထူးသဖြင့် တချို့အခန်းတွေမှာ အမေစုရဲ့ အကြည့်ကို 'ဖမ်း' နိုင်တာ သတိထား မိတယ်၊ ဇတ်လမ်းထဲမှာ မျက်ရည်ဝဲတာ..၊ မျက်ရည်ကျတာတွေ ပါ,ပါတယ်၊ အမေစုကော.. အပြင်မှာ ဒီလိုမျိုး ရှိဖူးလား? ကရုဏာတရား ကြီးမားလှတဲ့ အဲဒီမျက်ဝန်းတွေ ထဲမှာ မျက်ရည်တွေ ရစ်ဝဲနေတာ မြင်တွေ့ဖူးသူ မရှိသလောက် နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီတိုင်းပြည်ကို ချစ်လွန်းတဲ့ ဒီအမျိုးသမီးကြီး ဟာလည်း သူ့ရဲ့ ကိုယ်ပိုင် မိသားစု အတွက် ငိုကြွေးရချိန်တွေ ရှိလိမ့်မှာ အသေအချာပါ၊ အနည်းဆုံး ရင်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ ဖြစ်ဖြစ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အခုကတော့ ခံစားမှုကို နှိုးဆွရမယ့် ရုပ်ရှင်ဖြစ်လို့ ဒီလိုမျိုး သာသာထိုးထိုး ရှိနိုင်တာ သဘာဝပါပဲ၊

ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြင်သစ်ဒါရိုက်တာ Luc Besson ကို အင်တာဗျူးတွေမှာ မေးကြတယ်၊ 'ခင်ဗျားရဲ့ ရုပ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်သာ ကြည့်ခွင့်ရရင် ဘာပြောမယ်လို့ ထင်သလဲ'..တဲ့၊ သူက ဖြေတယ်၊ 'ဖြစ်နိုင်တာ နှစ်ခုပါပဲ၊ ဒေါ်စုက ဟက်ဟက်ပက်ပက် ရယ်မောပြီး ဖြစ်ရလေ Luc ရယ်..၊ မင်းမို့ ကြံကြံဖန်ဖန် ဒီလိုမျိုး စိတ်ကူးယဉ်တွေ စဉ်းစားတတ် ပလေတယ်-လို့ ပြောရင်ပြော..၊ ဒါမှမဟုတ် သူ့မိသားစုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အောက်မေ့ သတိရစိတ်နဲ့ တိတ်ဆိတ်ချင်လည်း တိတ်ဆိတ် နေလိမ့်မယ်' တဲ့၊ တကယ်တမ်းမှာလည်း Luc Besson က ကံကောင်းစွာနဲ့ အမေစုကို လာတွေ့ခွင့် ရခဲ့ပါတယ်၊ အဲဒီမှာ သူက မေးလိုက်တယ်၊ 'အဆင်ပြေမယ်ဆိုရင် ဒေါ်စု ဒီဇတ်ကားကို ကြည့်ချင်သလား' ဆိုတော့ အမေစုက 'ကျမအတွက် အားရှိတဲ့ တစ်နေ့ကျရင် ကြည့်ဖြစ်မှာပါ'လို့ ပြန်ပြောတယ်လို့ ဆိုပါတယ်၊

အနှုတ်လက္ခဏာ တစ်ခုကို ပြောပါ ဆိုရင်တော့ ဇတ်ကား အဆုံးသတ်ဟာ ကျနော့် အတွက်တော့ မချင့်မရဲ ဖြစ်ရပါတယ်၊ ဒီဇတ်လမ်းကို ရိုက်နေတဲ့ အချိန်မှာ ဇတ်သိမ်းဟာ happy ending မဟုတ်သလို tragic ending လို့လည်း မဆိုနိုင်တဲ့ အချိန်ပါ၊ (အခုထိလည်း ဒီနှစ်ခုထဲက တစ်ခုမှ မဟုတ်သေးပါဘူး)၊ ဆိုတော့ ရုပ်ရှင်ဇတ်သိမ်းဟာ အထိုက်အလျောက် ခက်မှာ သေချာပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ဇတ်သိမ်းပုံထက် ပိုပြီး အနုပညာ ဆန်မယ့် လုပ်ကွက်တွေ ရှိမယ်လို့ ကျနော်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာမှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါပဲ၊ မကောင်းဘူးလို့ ပြောရတာ လွယ်လွယ်လေးပါ၊ ရုပ်ရှင်တစ်ခုလုံးကို ခြုံကြည့်ရင်လည်း ဟာကွက်တွေ အများကြီးပါ၊ အထူးသဖြင့် အမေစုရဲ့ နိုင်ငံရေး လှုပ်ရှားမှု အသားပေး အခန်းတွေမှာပေါ့၊ ဒါပေမယ့် ရသလောက် သတင်းအချက်အလက် တွေနဲ့ပဲ သူများနိုင်ငံမှာ သိုသိုသိပ်သိပ်နဲ့ ဒီလိုမျိုး ရိုက်ခဲ့ရတာ ကျနော်တို့ မေ့ထားလို့ မဖြစ်ပါဘူး၊ ပြီးတော့ ဒီရုပ်ရှင်ဟာ မြန်မာ့နိုင်ငံရေးကို ရိုက်ကူးတဲ့ သတင်းမှတ်တမ်းကားလည်း မဟုတ်ပါဘူး၊ အဲဒီ နိုင်ငံရေးထဲမှာ တန်ဖိုးကြီးမား လှတဲ့ ပေးဆပ်၊ စွန့်လွှတ်မှုတွေနဲ့ နေထိုင်နေတဲ့၊ လူတွေက ချစ်စနိုးနဲ့ 'The Lady' လို့ နာမ်စားသုံး ခေါ်ဝေါ်ကြတဲ့ လွတ်လပ်ခြင်းရဲ့ နှင်းဆီတစ်ပွင့် အကြောင်းပါ၊ ကျနော့်အတွက်တော့ ရင်ကိုလာမှန် ခဲ့ပါတယ်...။ ။


ညီလင်းသစ်
၅ ဒီဇင်ဘာ၊ ၂၀၁၁

45 comments:

  1. မကြည့်ရသေးဘူး။ မကြည့်မဖြစ်ကြည့်ရမဲ့ကားပါ။
    ဒအဆစက အိမ်မှာလည်း လာရိုက်သွားတယ်လို့ ဖတ်ဘူးတယ်။ အဲဒီနောက် မစ်ချဲလ်ကိုလည်း ဗီဇာမပေးတော့ဘူးလို့ ဖတ်လိုက်မိတယ် ဘယ်မှာလည်းတော့မသိတော့ပါဘူး။ သူငယ်ချင်းတွေနဲ့ အတူကြည့်ချင်လိုက်တာ။ ရှဲလို့ ကျေးဇူးပါကိုညီလင်းသစ်ရေ။
    အိုင်အိုရာ

    ReplyDelete
  2. ဒီပို့ စ်ကလည်း ရင်ကို လာမှန်တယ်..The Lady ကို ကြည့်ဖြစ်အောင် ကြည့်မယ်ဗျို့ ..

    ReplyDelete
  3. ကိုညီရေ
    မျှဝေပေးတာ ကျေးဇူးပါ
    အရမ်းကြည့်ချင် နေပြီ ကင်ဆာရောဂါနဲ့ သိပ်မနေရတော့မယ့် အကြောင်း ရေးထားတဲ့ မိုက်ကယ်လ်အဲရစ်စ်ဆီက စာကို ဖတ်အပြီးမှာ ဗြိတိသျှ သံရုံးကတဆင့် အမေစုက ဖုန်းဆက်တဲ့ အခန်းပါ၊ အသံလှိုင်းတွေ သိပ်မကြည်တဲ့ ဖုန်းကို မျက်ဝန်းမှာ မျက်ရည်တွေ ဝဲပြီး ပြောတဲ့အခန်း...၊ ကျမ ပြန်လာဖို့များ လိုနေမလားဟင် လို့ ဖတ်လိုက်ရတာနဲ့တင် ကျမ မျက်ရည်ကျနေမိခဲ့တယ်
    ကျေးဇူးပါကိုညီ

    ReplyDelete
  4. ဒါနဲ့.. အဲဒီကားကို လာကြည့်တဲ့သူတွေကို ပြီးတော့ အင်တာလိုက်ဗျူးဖြစ်သေးလား.... သူတို့ရဲ့ တုန့်ပြန်မှုကကော ဘယ်လိုလဲ ကိုညီလင်းသစ်... ကျွန်တော်က အဲဒါကို အရမ်းစိတ်ဝင်စားတယ်.. နိုင်ငံခြားသားတွေ မြန်မာပြည်နဲ့ပတ်သက်တာတွေမှန်သမျှ ဘယ်လိုခံစားချက်ရှိသလဲဆိုတာကို အမူအရာတွေကြည့်ပြီးတော့ အမြဲဖတ်လေ့ရှိတယ်.... တခုခုသိခဲ့ရင်ပို့စ်လေး တစ်ခုတင်ပေးပါဦး..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  5. မကြည့်ရသေးဘူး ကိုညီလင်းသစ်ရေ။
    ပို့စ်ကိုဖတ်ပြီး ပိုကြည့်ချင်လာမိတယ်။
    ကျွန်မက မျက်ရည်မခိုင်ဘူး။
    ဒီကားမှာလိုအပ်မှုတွေရှိလည်း ကျွန်မကတော့ငိုမှာပဲ။
    မူလအကြောင်းအရာကို သေချာသိပြီးသားမို့
    ဒီလိုရုပ်ရှင်ဖြစ်လာအောင်လုပ်တဲ့သူတွေကို
    ကျေးဇူးတင်တာပေါ့။
    မျှဝေတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. THIS TIME WE WATCH MOVIE IS DIFFERENT. NORMALLY WE DO NOT KNOW THE STORY OR THE DETAIL SCRIPT BEFORE WATCHING. THIS TIME, WE KNOW EACH AND EVERY DETAIL OF THE STORY FROM READING, LISTENING AND LEARNING ABOUT HER. BUT STILL EARGERLY WANT TO CATCH IT......BECAUSE SHE IS THE LADY.....

    JASMINE

    ReplyDelete
  7. အရမ်းကြည့်ချင်တဲ့ဇာတ်ကားလေးပါပဲ

    ReplyDelete
  8. ကြည့်ပြီးတော့တမျိုးတမည် အမည်မဖော်ပြတတ်တဲ့ဝေဒနာကြီးရယ် မျက်ရည်တချို့ရယ် ရှိုက်သံတွေရယ် ကျန်ခဲ့တယ်အကိုရေ ....

    ညီမ
    မဒိုးကန်

    ReplyDelete
  9. ကြည့်ချင်လိုက်တာ အကိုရာ

    ReplyDelete
  10. နိုဘယ်ဆုယူတဲ့အခန်းကို ကိုယ်တိုင်လိုက်ကြည့်နေသလို ပေါ်လွင်အောင် ရေးထားပေးတာပဲ။ ဒါဖတ်ပြီးမှရုပ်ရှင်ကြည့်ရတော့ ပိုမြင်တတ်သွားတာပေါ့ဗျာ..း)

    ReplyDelete
  11. ကိုညီလင်းသစ်ရေ....
    အရမ်းကို ကြည့်ချင်နေတဲ့ ဇာတ်ကားပါ...။
    မြန်မာတစ်ယောက်ဖြစ်တဲ့ ကိုညီလင်းသစ် ဘယ်လို ရင်မျိုးနဲ့ ကြည့်ခဲ့တယ်ဆိုတာ မှန်းလို့ရပါတယ်။ ကျွန်မလည်း ကြည့်မိရင် မအိမ်သူလို ငိုမိမှာဘဲ။ ဘ၀မှာ အမေပြီးရင် အမေစုက အမြဲတမ်း လေးစားမိတဲ့ စံပြ အမျိုးသမီးကြီးတစ်ဦးပါ။ ဘယ်သူတွေ သူ့ကို ဘာတွေပဲ ပြောနေနေ၊ သူ့လို စိတ်မျိုးထားနိုင်ဖို့ဆိုတာက တကယ် မလွယ်တာပါ။ လာကြည့်သူ ၃..၄ယောက်လောက်ကို အင်တာလေးဗျူးကြည့်ခဲ့ရမှာ...။ :)

    ReplyDelete
  12. The post hit my heart.What a(......)review!(I can't express the proper adj for it)We shall watch it.French TV channel frequently on about the movie last week.Your writing really made me emotion.When i read Ma Eain Thu's lovely advice lol.Then.......My tear fall down as a mother and wife.Nobody can deny that SHE IS GREAT LADY.Thanks for sharing Ko Nyi.
    Gyidaw

    ReplyDelete
  13. I like the 5th paragraph most in the post.Your expression in it is the climax .You and me the same taste in Piano and cello.When i listen to the music,i prefer under dim light or moon light and close my eyes....peace and quiet for a moment.
    Gyidaw

    ReplyDelete
  14. ကျေးဇူးပါပဲအစ်ကိုရေ...
    ရင်ထဲကိုထိသွားတာပဲ။

    ReplyDelete
  15. အဲဒီရုပ်ရှင်စရိုက်တဲပအချိန်ကစပြီးစိတ်ဝင်စားခဲ့တာပါ
    ခုထိမကြည့်ရသေးပါဘူး
    ဒီပိုစ့်လေးကိုဖတ်ပြီး----'ကျမ ပြန်လာဖို့များ လိုနေမလားဟင်' ---ဆိုတဲ့နေရာမှာမျက်ရည်ဝဲခဲ့
    ရပါတယ်
    ကျေးဇူးတင်ပါတယ်အကိုရေ

    ReplyDelete
  16. ကြည့်ချင်လိုက်တာ... နဂိုထဲကကြည့်ချင်နေတာ ဒီပို့စ်လေးကြောင့် ပိုကြည့်ချင်သွားတယ်...

    ReplyDelete
  17. ကိုညီလင်းသစ်ရေ ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ်။
ီဒီကားကို မကြည့်ရသေးပေမဲ့ ကိုယ်တိုင်ကြည့်ရသလိုပဲ သဘောပေါက်သွားတယ်။ မီရှဲရိုးလ် သရုပ်ဆောင်တာ မိတ်ဆက်ကြော်ငြာတဲ့ နေရာမှာ ကြည့်ရတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သိပ်မတူဘူး။

    ReplyDelete
  18. အရင်ကတည်းက ကြည့်ချင်နေတာ ခု
    ပိုပြီး ကြည့်ချင်စိတ်တွေ ဖြစ်လာတယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  19. ကိုညီလင်းသစ်ရေ ကြည့်ကို ကြည့်ရမဲ့ ကားလို့ တေးထားပါတယ်။ ခု ရီဗျူးဖတ်ပြီးတော့ ပို ကြည့်ချင်မိတယ်။ အခက်အခဲတွေကြားက အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြတာကိုပဲ Appreciateဖြစ်လှပါပြီ....

    ReplyDelete
  20. ဇာတ်ကား ပိုစတာထွက် ကြော်ငြာလေးတွေကြည့်နေရကတည်းက သိပ်ကြည့်ချင်နေတဲ့ကားပါ ခဏလေး ကြည့်ရတာတောင် ကြက်သိန်းတွေထလို့ အနီးစပ်ဆုံးတူအောင်ရိုက်ရတာလေးကပဲ ကျနော်တို့ရင်ကို လှုပ်ခတ်စေခဲ့တာပါပဲလေ အမေ့ရဲ့အကြောင်းကိုတော့ ဘယ်လိုစာမျိုး ဘယ်လို သီချင်းမျိုး ဘယ်လိုရုပ်ရှင်မျိုးကမှ မှီအောင်ရိုက်နိုင်မယ်မထင်ပါဘူး သူဟာ အနှိုင်းမဲ့ ပေးဆပ်သူတစ်ယောက်ပါပဲ ။

    အစ်ကို့ပို့စ်လေး သိပ်ကောင်းတယ် ကျေးဇူးတင်ပါတယ် ဖေ့ဘွတ်မှာ ရှယ်လိုက်တယ်ဗျး)

    ReplyDelete
  21. ကြားနေတာကြာပြီ..အရမ်းကြည့်ချင်တယ်..။
    နမူနာတွေတော့ Youtube မှာကြည့်လိုက်ရတယ်..
    ကြက်သီးမွှေးညှင်းတွေတောင်ထတယ်..။
    စိတ်ထဲမှာ ဝမ်းနည်းတာလား..မပြောပြတတ်ဘူး၊ မျက်ရည်ဝဲတက်လာတဲ့အထိပဲ။ အရေးအခင်းအချိန်ကို ပြန်သတိရသွားတာလည်းပါတယ်။ အမလည်း အဲဒီတုန်းက state ကျောင်းသူတယောက်အနေနဲ့ ပါခဲ့ဖူးတာကိုး။

    ReplyDelete
  22. သိပ်ကြည့်ချင်တယ်အစ်ကိုရာ...၊အစ်ကိုရေးမှ ပိုလို့တောင်
    ကြည့်ချင်သွားသေး....၊ခွေ ရှာကြည့်ဦးမယ်...၊စလုံးမှာ
    တော့ ရုံတင်မယ်မထင်....။

    ReplyDelete
  23. ရုပ်ရှင်မကြည့်ရသေးပေမဲ့ ကိုညီလင်းရဲ့ အရေးအသားမှာဘဲ
    မျက်ရည်များစွာ မြောပါသွားပါတယ်..
    သူ့အကြောင်းတွေ ဖတ်မိတိုင်း ဝမ်းနည်းစရာရှိရင် မျက်ရည်တွေ ထိန်းမရအောင် ကျလာမိသလို
    သတင်းကောင်းလေးတွေ၊ သူပျော်ရွှင်နေတဲ့ ပုံလေးတွေ ကြည့်ရဖတ်ရရင်လဲ အတိုင်းမသိ ပျော်ရွှင်မိပါတယ်။
    သူဟာ ကျွန်မရဲ့ သူရဲကောင်းပါ..

    ReplyDelete
  24. မအိုင်အိုရာ ...
    ဟုတ်ပါတယ်၊ အဲဒီ အတိုင်းပါပဲ၊ သူငယ်ချင်းတွေနဲ့ အတူတူ ကြည့်နိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ၊

    မစန်းထွန်း ...
    ကြည့်ပါ ညီမရေ..၊ ကြည့်ဖြစ်အောင် ကြည့်ပါဗျာ..၊း)

    မဘေဘီ ...
    ဒါဆိုရင် သေချာပြီ၊ လက်ကိုင်ပုဝါသာ ဆောင်ထား ပေတော့ မဘေဘီရေ...၊း)

    ကိုနေဝသန် ...
    မဗျူးလိုက်နိုင် ဘူးဗျာ၊ ရုပ်ရှင် အပြီးမှာ အားအင်တွေ ဆုတ်ယုတ် သွားသလို နုံးခွေပြီး ကျန်ခဲ့တယ်၊ ထိုင်ခုံမှာပဲ အကြာကြီး ဆက်ထိုင်နေဖြစ် သေးတယ်၊း(

    မ,ကောင်းမွန်ဝင်း ...
    ဟုတ်တယ်ဗျ၊ အခက်အခဲတွေ အများကြီး ကြားကနေ ရိုက်ခဲ့တာ ချီးကျူးစရာ ပါပဲ၊ တကယ့်ကိုပဲ “ထိ” တဲ့ ရုပ်ရှင်ပါ..၊

    JASMINE ...
    That's right! There are a great deal of risks in making her life a movie as the entire world knows it thoroughly. That's why people become so curious to see how the movie can interpret the greatness of the Lady.

    လွင်ပြင်လှိုင်းငယ် ...
    ကြည့်ခွင့် ရပါစေဗျာ..၊

    မဒိုးကန် ...
    ညီမလည်း ကြည့်ပြီးပြီလား? ဟုတ်တယ်နော်၊ အဆုံးမှာ အဲဒီလိုကြီး ကျန်ခဲ့တယ်...၊

    ညီမ blackroze ...
    ကြည့်ဖို့ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ် ညီမရေ၊

    အမည်ဝှက်စာဖတ်သူ ...
    ကျနော်တော့ အဲဒီအခန်းကို မျက်စိထဲမြင်ပြီး ကျန်ခဲ့တယ်ဗျာ..၊

    အမမြသွေးနီ ...
    ကိုယ့် ညီအစ်ကိုမောင်နှမ တခြား မြန်မာလူမျိုးတွေနဲ့ အတူတကွ ကြည့်ချင်ပေမယ့် အခြေအနေက မပေးခဲ့ ဘူးဗျာ၊း) ပွဲမစခင်က ဗျူးချင်နေပေမယ့် ပွဲအပြီးမှာ စကားဟဟတောင် မပြောနိုင်တော့ဘူး အမရဲ့၊ မောပြီး ကျန်ခဲ့တယ်..၊း)

    Gyidaw ...
    Yes, I also watched those French TV channels' interviews. They are nice. I'm also happy to know that you love piano and cello, too. :) Let me take this opportunity to thank you for your appreciation and regular visits as ever!! :)

    ကိုကြီးသက် ...
    ကျေးဇူးပါဗျာ၊ လာလည်တဲ့ အတွက်ရော.. ကွန်မန့် အတွက်ပါ..၊

    တောင်ကြီးကမစံပယ် ...
    ဒီမှာလည်း ရုံတင်တာ ၄-၅ ရက်ပဲ ရှိပါသေးတယ်၊ သိပ်မကြာခင်တော့ နိုင်ငံတော်တော် များများမှာ ပြမယ်လို့ ထင်တာပဲဗျ...၊

    မရိုစ့် ...
    ဟုတ်ကဲ့..၊ အဆင်ပြေရင် ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းပါတယ်..၊

    မငယ်နိုင် ...
    ကျေးဇူးပါဗျာ..၊ ဟုတ်ပါတယ်၊ မစ်ရှဲလ်ယိုး သရုပ်ဆောင်တာ ကောင်းပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုတော့ ဘယ်လိုမှ မတူနိုင် ပါဘူး၊ ရုပ်ရှင် ကြည့်နေတုန်းမှာလည်း သူက သတ်သတ်၊ အမေစုက သတ်သတ်ပါ၊ ဒါပေမယ့် အမေစုနဲ့ အတူဆုံးလို့ ဆိုရမယ့် မင်းသမီး တစ်ယောက်က သူ့ရဲ့ အတတ်ပညာနဲ့ ဖော်ကျူးတဲ့အခါ ရသမြောက် သွားတယ်လို့ ဆိုလိုချင် တာပါ..၊

    ညီမဆောင်းနှင်းရွက် ...
    ကြည့်ချင်တဲ့ ဆန္ဒတွေ ပြည့်စေဖို့ ကျနော် တကယ်ပဲ ဆုတောင်းပါတယ် ညီမရေ..၊

    မချစ်ကြည်အေး ...
    ဟုတ်ပါတယ်ဗျာ၊ တကမ္ဘာလုံးက သိတဲ့ အကြောင်းအရာကို risk ယူပြီး အခက်အခဲတွေ ကြားက အတတ်နိုင်ဆုံး ရိုက်ခဲ့တာကို appreciate ဖြစ်တဲ့ စိတ်နဲ့ ကြည့်ဖို့ပဲ လိုတာပါ၊ အမေစုကို ချစ်တဲ့ စိတ်ကိုတည်ပြီး အဲဒီအပေါ် ရုပ်ရှင်ကပေးတဲ့ ရသကို ခံစားဖို့ပဲ မဟုတ်လားဗျာ..၊

    မောင်မျိုး ...
    အမှန်ပါပဲ ညီရေ..၊ အတူ မရှိနိုင်တဲ့ အမေစု အကြောင်းကို ရုပ်ရှင်ရဲ့ အတတ်ပညာနဲ့ ထပ်ပြီး အောက်မေ့ သတိရစေဖို့ ပါပဲ၊ အမြန်ဆုံး ကြည့်ခွင့် ရပါစေဗျာ..၊

    အဖြူရောင်နတ်သမီး ...
    ဟုတ်တယ်ဗျ၊ ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင် ဖြတ်သန်းခဲ့ဖူးတဲ့ သူတွေအတွက်ဆို ဒီရုပ်ရှင်က ခံစားမှုတွေ ပိုပြီးတော့ ပေးပါလိမ့်မယ်..၊

    ကိုညိမ်းနိုင် ...
    ဟင်.. စ,လုံးမှာ တင်မယ်လို့ မထင်ဘူးလား? အဲဒီလို ဖြစ်သည့်တိုင် အင်တာနက်ပေါ်မှာ မကြာခင်တော့ တွေ့နိုင်မယ် ထင်ပါတယ်ဗျာ..၊

    မချော ...
    ဒါရိုက်တာ Luc Besson က ပြောတယ်၊ ဒီရုပ်ရှင်ဟာ ဒေါ်စုကို စာတမ်းတစ်စောင်၊ သမိုင်းတစ်ခုလို ပုံဖော်ဖို့ မဟုတ်ဘဲ ကြည့်သူတွေရဲ့ နှလုံးသားကို ကိုင်လှုပ်ပြီး သူ့ဘဝကို နက်နက်ရှိုင်းရှိုင်း ပိုပြီး နားလည်ခံစား လာအောင် ရည်ရွယ်ပါတယ်-တဲ့၊ အမေစုကို ချစ်သူတွေ အတွက်တော့ emotional ဖြစ်စေမှာ အသေအချာပါ..။

    ReplyDelete
  25. ထပ်ဆင့်ဖေါ်ပြပေးလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  26. Hi Ko Nyi Linn Thit,

    My name is Phone Lwin and currently in Uzwil, Switzerland until end of Feb next year. Could you please kindly point me out where can I watch the movie near Uzwil, Wil or St.Gallen area. I hope movie got English sub title :) Everything here is in German and I have no idea.

    Thanks & Regards,
    Phone Lwin

    ReplyDelete
  27. Your review is so great that I feel deeply sad. I will watch "The Lady" movie for sure.

    ReplyDelete
  28. Review လေးအတွက် ကျေးဇူးတင်တယ် ကိုညီလင်း...
    သွားကြည့်ဖြစ်မှာ သေချာပါတယ်...း)

    ReplyDelete
  29. မကြည့်ရသေးဘဲ.. ညီလင်းရေးတာကို ဖတ်ရတာနဲ့တောင် ခံစားရ.. မျက်ရည်ကျရတယ်..။ ကျေးဇူးးပါ...

    ReplyDelete
  30. Review လေးကို ဖတ်ဖြစ်အောင်ဖတ်သွားပါတယ်...။ ကြည့်ဖြစ်အောင်ကြည့်မယ့်ကားပါ.. မျက်ရည်ကတော့ ကျမှာသေချာတယ်..

    ReplyDelete
  31. မောင်ညီလင်းရဲ့ အရေးအသားနဲ့တင့် ပီပီပြင်ပြင် ကြည့်နေရသလိုပါပဲ။ ကြည့်ခွင့်လေးတော့ ကြုံချင်ပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  32. ကျွန်တော်လဲ အဲဒီကားလင့်ကို ဒီနေ့ ဘဲ ရတယ် အစ်ကို...
    ဇာတ်လမ်း မကြည့်ရသေးခင် အစ်ကို့ ပိုစ့်လေးကို အရင် ဖတ်ကြည့်သွားတယ်...
    မကြည့်ရသေးပေမယ့်လို့ ထွေလာမှာ ကြည့်ရတာတော့ မီရှဲယိုက ဒေါ်စုလို ဂရုဏာပါတဲ့ အပြုံးမျိုး ပြုံးနိုင်ပါ့မလားလို့ သံသယဝင်မိတယ်...
    အဲဒီအပြုံးမျိုးက ပြုံးဖို့ က မလွယ်ဖူးလို့ ထင်မိလို့ ပါ...
    ကြည့်ကြည့်လိုက်ဦးမယ် အစ်ကို...

    ReplyDelete
  33. မ,ရှင်လေး ...
    ဝေမျှခွင့်ရတာ ဝမ်းသာရပါတယ်..၊

    Dear Ko Phone Lwin ...
    If I checked correctly, there isn't in St-Gallen. I don't find one even in Zurich either. It's quite strange that they don't show this movie. But, I looked on internet only so I might be wrong. You might want to have a look in the newspapers. Here in Swiss French part, we have both French version and original version. Sorry about that and good luck!

    ရိုစ့် ...
    ကောင်းတယ်ဗျို့၊ မလွတ်သွား စေနဲ့....၊း)

    မသက်ဝေ ...
    ဝေမျှခွင့်ရတာဟာ မင်္ဂလာ တစ်ပါးပါပဲဗျာ..၊း)

    အမမေငြိမ်း ...
    ဟုတ်ကဲ့ အမ..၊ တကယ်တော့ ကျနော်ရေးတာထက်ကို အများကြီးပိုပြီး ဝမ်းနည်းဖို့ ကောင်းတာပါ အမရာ...၊

    :P ...
    ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကြည့်ဖြစ်အောင် ကြည့်ပါဗျာ..၊

    အန်တီတင့် ...
    ဟုတ်ကဲ့..၊ ကြည့်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ။

    ReplyDelete
  34. ညီရဲ ...
    ဒေါ်စုနဲ့ တူဖို့၊ မှီဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး၊ သူ့ရဲ့ စိတ်ဓါတ်နဲ့ သူ့ရဲ့ ဖြတ်သန်းမှုက မျက်နှာမှာ ပေါ်နေတာမို့ တခြားလူ တစ်ယောက်အတွက် တုနိုင်ဖို့က မလွယ်နိုင်ဘူးလေ၊ ကျနော်ကတော့ မီရှဲလ်ယိုးကို ဒေါ်စုအကြောင်း တတ်နိုင်သလောက် ကိုယ်ဟန်အမူအရာနဲ့ ပြန်ပြောပြနေတဲ့ မင်းသမီး တစ်ယောက်လို့ မြင်သလို သူ့ကို ကျော်ပြီး သူ ပြနေတဲ့ ဒေါ်စုကိုလည်း တပြိုင်နက်တည်း မြင်နေခဲ့ ပါတယ်..။

    ReplyDelete
  35. ကျေးဇူးပါ ကိုညီလင်းသစ် ရေ။ တကယ်ကောင်းတဲ့ ရုပ်ရှင် Review လေးပါ။

    ReplyDelete
  36. Thanks Ko Nyi Linn Thit,

    I also checked on the web and it is true that the movie is shown only in French part of Swiss. Last two weeks ago, I was in Lausanne. Only if I knew that the movie is in, I would have plan my trip accordingly. Anyway thanks for your review on the movie and reply.

    Regards,
    Phone Lwin

    ReplyDelete
  37. ကျွန်တော်တို့လို ကိုယ်တိုင်မကြည့်လိုက်ရတဲ့ သူတွေအတွက် ခုလို ထင်မြင်ယူဆချက်လေးနဲ့ သေချာ ရှင်းပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ.. တခြားမိတ်ဆွေတွေအတွက်လဲ ပြန်လည်မျှဝေပေးဖို့ အတွက် ဒီပို့စ်လေးကို ကူးယူသွားပါတယ်......

    ReplyDelete
  38. ဒကာတော် ကိုညီလင်းသစ်ရေ အခုတောင် ကြည့်ချင်လှပြီဗျို့။ အိန္ဒိယနိုင်ငံမှာကော ရောက်နေပြီလား မသိဘူး။

    ReplyDelete
  39. လေးစားဂုဏ်ယူစွာနဲ့ကိုကြည့်ချင်နေမိတာပါ
    ကြည့်ဖြစ်အောင်ကြည့်အုံးမယ်

    ReplyDelete
  40. ကျေးဇူးအရမ်းတင်ပါတယ်ကိုညီလင်းသစ်......အကိုရေးထားတာတွေကိုဖတ်ရရုံတင်မျက်ရည်လည်မိပါတယ်ဗျာ....

    ReplyDelete
  41. ဘယ်မှာဒေါင်းလို့ရမယ်ဘယ်ကနေကြည့်လို့ရမယ်ဆိုတာလေးကိုတချက်လောက်ပြောပေးလို့ရမလားခင်ဗျာ....ကျေးဇူးတင်ပါတယ်.....

    ReplyDelete
  42. သူများတင်ပေးထားတာတွေ့လို့ ဖေ့စ်ဘွတ်ပေါ်မှာ ဒီပို့စ်လေး ဖတ်လိုက်ရတယ် .. အမတော့ မကြည့်ရသေးဘူး တင်ရင်တော့ ကြည့်ဖြစ်အောင်သွားကြည့်ဦးမယ်

    mie nge

    ReplyDelete
  43. စင်္ကာပူမှာတော့ ရုံတင်တာ မတွေ့ဘူး။ ရုံတင်ရင်သွားကြည့်ကြဖို့ သူငယ်ချင်းတွေနဲ့ ပြောထားပြီသား။ ခုတိုင်းဆို အွန်လိုင်းကနေပဲ download လုပ်ပြီး ကြည့်ရမယ်ထင်တယ်။
    တစ်ချို့တွေဆီက သိပ်မကြိုက်ဘူးလို့ ဝေဖန်သံတွေကြားပေမယ့် စိတ်ထဲမှာတော့ ကြည့်ချင်နေမိတာ။ ကိုညီလင်းသစ် ရေးထားတာကိုဖတ်ပြီး ပိုကြည့်ချင်စိတ်ပေါက်သွားတယ်။

    ReplyDelete
  44. ဒီဇာတ်ကားကို ရိုက်ကူးနေတယ် ကြားကတည်းက အရမ်းကို ကြည့်ချင်နေခဲ့တာပါ။ ဇာတ်လမ်းကို movie review ပုံစံရေးထားတာ မျက်လုံးထဲရော စိတ်ထဲမှာပါ ခံစားလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။ မြန်မာပြည်မှာ ရုံတင်မယ့်နေ့ကိုသာ မျှော်လင့်နေပါတယ်။

    ReplyDelete
  45. ကိုညီလင်းသစ်ရေ... ပြီးခဲ့တဲ့အပတ်က သွားကြည့်ရလို့ သတိတာနဲ့ ၀င်မန့်ပါတယ်။ နိုင်ငံရေးသမိုင်းအချက်အလက်တစ်ချို့နဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ရှိတာမှန်ပေမယ့် အမေစုတို့ မိသားစုနဲ့ပတ်သက်တဲ့ အခန်းတွေအားလုံးလိုလို ကောင်းပါတယ်။ မီရှဲလ်ယိုရော ဒေးဗစ်ပါ နှစ်ယောက်စလုံး အရမ်းသရုပ်ဆောင်ကောင်းကြပါတယ်။ ဇွန်အကြိုက်ဆုံးအခန်းကလည်း နိုဗယ်ဆုချီးမြှင့်ပွဲပါပဲ။ ဟိုဘက်ဒီဘက် နှစ်ဘက်အနေအထားကို ယှဉ်ပြီးရိုက်ပြသွားတာရော၊ နောက်ခံဂီတ ပံ့ပိုးမှုရော သိပ်ကောင်းပါတယ်။ မျက်ရည်တွေက ထိန်းမရအောင် ပိုးပိုးပေါက်ပေါက် ကျခဲ့တာပေါ့...။

    ReplyDelete