18 October 2012
တောင်ကုန်းများရှိရာ အရပ်ဆီ...
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တုန်းက Adelboden ဆိုတဲ့ ဒေသကို သွားဖြစ်ခဲ့တယ်၊ Adelboden က ဂျာမန်စကားပြောတဲ့ အပိုင်းမှာရှိတဲ့ မြို့ ကလေးတစ်မြို့ ဖြစ်ပါတယ်၊ ဆွစ်ဇာလန် မြေပုံပေါ်မှာကြည့်ရင် အလယ်ပိုင်းလောက်မှာ ရှိပြီးတော့ ကျနော်တို့ အိမ်ကနေ ကားနဲ့ တစ်နာရီခွဲလောက် သွားရတဲ့ ခရီးအကွာအဝေး ဖြစ်ပါတယ်၊ အိမ်ကနေ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ထွက်တယ်၊ လမ်းခရီးမှာ ပုံမှန်နှုန်းနဲ့ပဲ မောင်းသွားလိုက်တယ်၊
Adelboden ဒေသထဲကို ရောက်လာတယ်ဆိုရင်ပဲ တောင်ကုန်းတွေကို စတွေ့ရတော့တာပါပဲ၊ ဆွစ်ဇာလန်ဟာ ခိုင်မာမြဲမြံလှတဲ့ အဲလ့်ပ်စ် တောင်တန်းတွေနဲ့အတူ တောင်စဉ်၊ တောင်တန်း၊ တောင်စွယ်၊ တောင်ထွတ်၊ တောင်မွတ်၊ တောင်ညို၊ တောင်ဝါ၊ တောင်ချွန်း.. အင်မတန် ပေါလှတဲ့ နိုင်ငံပါ၊ ဒါပေမယ့် တောင်ကုန်း၊ တောင်ကမူ ပြေပြေလေးတွေတော့ အတွေ့ရ နည်းတယ်၊ အခု ဒီအရပ်မှာတော့ ကားလမ်းရဲ့ ဘေးတဖက်တချက်မှာ တောင်ကုန်းကလေးတွေ၊ ကုန်းကမူလေးတွေ တွေ့လိုက်ရတော့ ကျနော်ချက်ချင်းပဲ သဘောကျသွားမိတယ်၊ တောင်ကုန်းတွေက အများအားဖြင့် စားကျက်မြေတွေ ဖြစ်ပေမယ့်လို့ တခါတလေမှာလည်း အိမ်ကလေးတွေ တစ်လုံးစ၊ နှစ်လုံးစကို တွေ့ရသေးတယ်၊ ကားမောင်းနေရင်း တန်းလန်းနဲ့မို့ ဓါတ်ပုံတော့ မရိုက်လိုက်ရဘူး၊ လမ်းဘေးက ကုန်စုံဆိုင်လေး တစ်ဆိုင်မှာ နေ့လယ်စာအတွက် ပေါင်မုန့်၊ အာလူးကြော်၊ အသားခြောက်တချို့ ၊ ချယ်ရီ ခရမ်းချဉ်သီး သေးသေးလေးတွေနဲ့ ရေတစ်ဗူး ဆင်းဝယ်တယ်၊ တောင်ပေါ်မှာ လမ်းလျှောက်ရင်း တစ်နေရာရာမှာ ထိုင်စားဖို့လေ...၊
ထုံးစံအတိုင်း တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့ တက်တယ်၊ ကေဘယ်လ်ကားက ခပ်သေးသေးပါပဲ၊ ကျနော်တို့တက်တဲ့ တောင်က မီတာ ၂၀၀၀ အမြင့်ရှိပေမယ့် ကေဘယ်လ်ကားနဲ့ဆိုတော့ ငါးမိနစ်သာသာနဲ့ ရောက်သွားတယ်၊ ကဲ.. တောင်တက်ရတာ ပင်ပန်းတယ်လို့ ဘယ်သူတွေကများ ပြောနေကြပါလိမ့်၊ တောင်ကြီးဖဝါးအောက်တဲ့၊ တွေ့လား.. ငါးမိနစ်တောင် မကြာလိုက်ဘူး၊း) ဟိုး...ခပ်လှမ်းလှမ်း တောင်ကြားထဲက အိမ်စုစုလေးတွေက ကျနော်တို့ ညအိပ်ရပ်နားမယ့် Adelboden မြို့ ကလေးပါပဲ...၊
ဆိုင်းဘုတ်ကို ဖတ်ကြည့်ပါဦး...၊ အဲဒီလို လျှာခလုတ်တိုက်မတတ်၊ ပါးစပ် ပလုတ်ပလောင်းနဲ့ အသံထွက်ရခက်တဲ့ နာမည်တွေ တွေ့နေပြီဆိုရင် ဒါသေချာပြီ.. ဆွစ်ဂျာမန် အပိုင်းကို ရောက်နေပြီပဲ၊း) အဲဒီလို စကားလုံးခက်ခက်တွေနဲ့ ကျင့်သားရနေလို့လား တော့မသိဘူး၊ ဆွစ်ပြင်သစ်တွေ ဂျာမန်စကား ပြောနိုင်တာထက်ကို အများကြီးပိုပြီး ဆွစ်ဂျာမန်တွေက ပြင်သစ်စကား ပြောနိုင်ကြတယ်၊ မူလတန်းကတည်းက သင်ခဲ့ကြရတာချင်း အတူတူ ဆွစ်ပြင်သစ်တွေက ဂျာမန်စကားကို ကျောင်းမှာပဲ ထားခဲ့ကြတာ များတယ်၊ ကျနော်မေးကြည့်တော့ ဆွစ်ပြင်သစ်အများစုက ဂျာမန်စကား မပြောချင်လို့-တဲ့၊ အထူးသဖြင့် ဆွစ်ဂျာမန်စကားပါ၊ သူက ဂျာမနီက ဂျာမန်စကားလို နားထောင်လို့ မကောင်းဘူး၊ ပြောတဲ့အခါလည်း သလိပ်ခပ်သံတွေ၊ လေကို အလုံးလိုက် မျိုချသံတွေနဲ့ မသက်သာ လှဘူး၊ ကလေးတွေစားတဲ့ တုတ်ထိုး ငှက်သိုက်မုန့် ပွပွကြီး တစ်ခုလုံးကို ပါးစပ်ထဲ တခါထဲထည့်ပြီး စကားပြောသလိုမျိုးလို့ ကျနော့်မျက်စိထဲမှာ မြင်နေတယ်..၊း)
လမ်းကလေးကနေ ညာဖက်ကို အသာဖဲ့ဆင်းလိုက်ပြီးတော့ ဘေးနားက တောင်ကုန်းလေးတစ်ခုပေါ် ကျနော်တို့ တက်လိုက်တယ်၊ ကုန်းထိပ်မှာတော့ သစ်သားခုံးတန်းကလေး...၊ ကောင်းကင်မှာ တိမ်တွေထူနေလို့ ရာသီဥတုက နည်းနည်းလေး စိမ့်နေတယ်၊ နွေးထွေးတဲ့ နေရောင်ခြည်တန်းတွေ ဖြာကျနေတဲ့ နေ့မျိုးတွေမှာ ဒီခုံတန်းကလေးပေါ် ထိုင်ပြီး စာဖတ်ရရင် အတော်လေး ချမ်းမြေ့ ဖို့ ကောင်းမယ်လို့ ကျနော်စဉ်းစားနေမိတယ်၊ ဥပမာ- သက်တံ့ဆယ်စင်းလို စာအုပ်မျိုး ဖတ်ရင်းနဲ့လေ...၊း)
ဒီမြင်ကွင်းကို မြင်လိုက်တော့ ကျနော့်စိတ်ထဲ မွန်ဂိုးလီးယားများ ရောက်နေသလားတောင် ထင်မိသွားသေးတယ်၊ တပြန့်တပြူး မြက်ခင်းပြင် အကျယ်ကြီးထဲမှာ မွန်ဂိုတွေ နေလေ့ရှိတဲ့ Yurt တဲကြီး တစ်လုံးလောက်သာ ရှိနေခဲ့ရင် ဒါဟာ အလယ်တန်းမှာ သင်ခဲ့ရတဲ့ မွန်ဂိုးလီးယား စတက်ပ် မြက်ခင်းပြင်ပါလို့ ကျနော် ကိုယ့်ကိုယ်ကို ပြန်ပြီး လှည့်စားမိမှာ အသေအချာပဲ၊ မှန်း... ဟိုးမှာ မြင်းကို ဒုန်းစီးလာတဲ့ မျက်လုံးမှေးမှေးနဲ့ တစ်ယောက်ဟာ ကူဗလိုင်ခန်များလား၊ တကယ်တော့ မီတာ ၂၀၀၀ အမြင့်မှာ ဆိုပေမယ့် သူ့ထက်မြင့်တဲ့ တောင်တွေ ထပ်ဆင့် ဝိုင်းပတ်ထားလို့ မြေပြန့်တစ်ခုလို ဖြစ်နေခဲ့တာပါ..၊
ဒီစားသောက်ဆိုင်ရဲ့ အရှေ့ မှာပဲ နေ့လယ်စာ ပစ်ကနစ် စားဖို့ ကျနော်တို့ ရပ်လိုက်ကြတယ်၊ ဆိုင်ထဲ ဝင်စားဖို့ မဟုတ်ပါဘူး၊ ဆိုင်ရှေ့ က အဲဒီကျောက်တုံးကြီးဘေးမှာ ထိုင်စားကြတာ..၊ ကိုယ့်ဟာကိုယ် ဝယ်လာတာတွေကို မစားခင် ဆိုင်ထဲဝင်ပြီး လက်ဆေးတယ်၊ အာလူးချောင်းကြော် ဝယ်တယ်၊ စားပြီးတော့တခါ ဆိုင်ထဲထပ်ဝင်ပြီး တပိုတပါးသွားတယ်၊ ကော်ဖီသောက်တယ်၊ ဒါဟာ စတက်ပ် မြက်ခင်းအတုပေါ်မှာ ကျနော်ဖန်တီးခဲ့တဲ့ win-win situation အစစ်ပါပဲ...၊
ဒီရေတံခွန်လေးက ကေဘယ်လ်ကား စီးရတဲ့ ဂိတ်ဘေးမှာ ရှိပါတယ်၊ ကားဂိတ်ကနေ အဲဒီကို ဆင်းသွားဖို့ လူသွားလမ်းကလေး တစ်ခုလည်း ရှိတယ်၊ အချိန်လည်း ရမယ်၊ လုံလောက်တဲ့ နေရောင်ခြည်တန်း တွေလည်း ရှိမယ်ဆိုရင်.. အေးအေးလူလူ သွားထိုင်နေဖို့ကောင်းတဲ့ နေရာလေး တစ်ခုပါပဲ၊
ကျနော်တို့ တည်းခဲ့တဲ့ ဟိုတယ်ပါ၊ The Cambrian လို့ အမည်ရပါတယ်၊ ပုံကတော့ ဟိုတယ်ရဲ့ ရင်ပြင်မှာ ချထားတဲ့ သံမဏိလုံးတွေပါ၊ ဖန်လုံးကြီးထဲ ကြည့်ပြီး ဘာတွေဖြစ်မယ်လို့ ဟောကြတဲ့ ရှေ့ဖြစ်ဟောသူတွေလို ဒီသံလုံးတွေထဲ ကြည့်လိုက်တဲ့အခါ ဟိုတယ်ကြီး ပေါ်လာလို့ အဲဒီမှာပဲ ဝင်တည်းလိုက်တာတော့ မဟုတ်ပါဘူး...၊း)
ဟိုတယ်မှာ ရေနွေးကန် သေးသေးလေးတစ်ခုလည်း ပါ,ပါတယ်၊ နေပြန်ပွင့်လာပေမယ့် မဆိုစလောက်လေး အေးနေတာမို့ ရေနွေးကန်ထဲ ဆင်းစိမ်ရတာ အတော်ဇိမ်ကျတယ်၊ ခုနတုန်းက လမ်းလျှောက်ထားလို့ ညောင်းညာနေတဲ့ အကြောအခြင်တွေလည်း ပြေလျော့သွားတယ်၊ ကျနော် သဘောကျတာက အခုလို ရေကူးကန်ဘေးမှာ၊ တချို့အိမ်တွေရဲ့ နောက်ဖေးဘက်မှာ ခင်းထားတတ်ကြတဲ့ သစ်သားရင်ပြင် တွေကိုပါ၊ နေ၊ လေ၊ ရေတို့နဲ့ တချိန်လုံး ထိတွေ့နေတဲ့ သစ်သားကြမ်းခင်းပေါ် ခြေဗလာနဲ့ လမ်းလျှောက်ရတဲ့ အရသာဟာ အတော်စွဲမက်ဖို့ ကောင်းပါတယ်၊ အိမ်ထဲမှာ ခင်းထားတဲ့ သစ်သားကြမ်းပြင်ပေါ် လျှောက်ရတာနဲ့ မတူဘူး၊ အပြင်ဖက်က သစ်သားတွေက ရာသီဥတုဒဏ်ကို တချိန်လုံး ခံနေရတာမို့ သူတို့အပေါ် နင်းလျှောက်သူကို တသီးတသန့် ဆန်တဲ့ အထိအတွေ့တစ်ခု ပေးလေ့ရှိတယ်၊ နည်းနည်းလေး အာရုံစိုက် ခံစားကြည့်ရင် သူတို့ရဲ့ ဖြတ်သန်းမှုဟာ ခြေဖဝါးတွေက တဆင့် သွေးလှည့်ပတ်မှု အဖွဲ့အစည်းထဲ ဝင်လာတာ သတိထားမိမှာပါ...၊
ရေကြိုက်တဲ့ သားအတွက်တော့ ရေကူးကန်လေးက အတော်ပါပဲ၊ အခန်းထဲကနေ ရေကူးကန်ရှိတဲ့ အထပ်ကို ဓါတ်လှေကားနဲ့ တခါထဲ တန်းဆင်းလို့ရတဲ့ အတွက် သူက အခန်းထဲရောက်ကတည်းက အဲဒီရေချိုးခန်း ဝတ်ရုံကြီး ဝတ်ပြီး ရေသွားကူးရအောင် ချည်းပဲ တချိန်လုံး အော်နေတော့တယ်၊ ဟိုတယ်မှာ အခန်းတိုင်းနီးပါး အပြည့်ဖြစ်နေလို့ ရေကန်ထဲမှာလည်း လူတွေရှိပါတယ်၊ အဲဒါကိုမှ ဒီကလေးက တချိန်လုံး ဒိုင်ဗင်ထိုးမယ် လုပ်နေလို့ အတော်လေး မာန်ထားရတယ်..၊း)
နောက်တစ်နေ့မနက်တော့ အတော်လေး နေသာတာမို့ ရာသီဥတုက ပြန်နွေးသွားတယ်၊ အခန်းလေးရဲ့ ဝရန်တာကနေ မနေ့က ကျနော်တို့ တက်ခဲ့တဲ့ အဲ့လ်ပ်စ် တောင်တန်းတွေကို မြင်နေရတယ်၊ ဟိုးအရှေ့ တည့်တည့်က အဖြူကြောင်းလေးက ကေဘယ်လ်ကားဂိတ် ဘေးနားက ရေတံခွန်လေး ပါပဲ၊ တကယ်တော့ ဒီနေရာလေးမှာ ကော်ဖီတစ်ခွက်နဲ့ ထိုင်ပြီး ကျနော်က စာလေးတစ်ပုဒ်လောက် ဖြစ်ဖြစ် ရေးချင်တာပါ၊ ဒါပေမယ့် မျက်စိနှစ်လုံး ပွင့်ကတည်းက ရေသွားကူးဖို့ တချိန်လုံး ပူဆာနေတဲ့ ကလေးတစ်ယောက်က ဘေးမှာဆိုတော့ ဖြစ်မလာပါဘူးဗျာ၊း)
ရာသီဥတု သာယာတာမို့ paragliding လေထီးစီးတဲ့ လူတွေလည်း ဟိုတစ်စ ဒီတစ်စ ကောင်းကင်မှာ တွေ့ရတယ်၊ တချိန်လုံး ခဲနေတဲ့ အဲဒီလို ဂလေဆီယာ ရေခဲပြင်ကြီးတွေ အပေါ်ကနေ လေထီးစီးရတာ အတော်လေး ရင်ခုန်စရာ ကောင်းမယ်လို့ တွေးမိတယ်၊ အခွင့်အခါ သင့်ရင် တစ်ခါလောက်တော့ လေထီးခုန်ကြည့်ချင်တယ်၊ အဲဒီအခါ ကိုယ့်ရဲ့ အကြောက်တရားက လစ်မစ် ဘယ်လောက်ရှိလဲ၊ အဲဒီ ကြောက်စိတ်ကို ကိုယ့်ဟာကိုယ် ကျော်လွှားနိုင်စွမ်း ရှိလားဆိုတာလည်း သိလာရလိမ့်မယ်၊ တကယ်တမ်းမှာတော့ ဒီလောက်ကြီး အန္တရာယ် မရှိပါဘူး၊ တစ်ခါနှစ်ခါ စမ်းခုန်ကြည့်ချင်တဲ့ လူတွေအဖို့ ပရော်ဖက်ရှင်နယ်လ် ဆရာတွေနဲ့အတူ လေထီးတစ်ခုထဲ tandem အတူ တွဲခုန်လို့ ရပါတယ်၊ သူထိန်းကျောင်းတဲ့ နောက်ကို ကိုယ်ကအသာလေး လိုက်စီးသွား ရုံပါပဲ..၊ အင်း... ကျနော်က ပြောမယ့်သာ ပြောရတာပါ၊ တကယ်တမ်းမှာက မြင်ရတဲ့ လေထီးကြိုးတွေပေါ် ဘဝတစ်ခုလုံး ပုံအပ်ပြီး စွန့်စားလိုက်ဖို့ထက် မမြင်ရတဲ့ သံယောဇဉ် ကြိုးတွေကို တွဲခိုပြီး အန္တရာယ်နဲ့ ဝေးရာမှာ လေဟုန်စီးချင်စိတ်က ခပ်များများရယ်...။ ။
ညီလင်းသစ်
၁၈ အောက်တိုဘာ၊ ၂၀၁၂
35 comments:
  1. တကယ်ကို သွားချင်စရာကောင်းလိုက်တာ ..
    အဲ့လို တောင်တန်းတွေ မြင်ရတာ အရမ်းသဘောကျတယ် ..
    ခင်မင်လျှက်
    ဆောင်းနှင်းရွက်
    ReplyDelete
  2. ဟုတ်ပါ့အကိုရာ....ခုံတန်းလျားလေးနဲ့ ကွင်းပြင်ကျယ်ပုံ
    ကိုမြင်တော့ သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွဲကို
    တောင် ပြေးမြင်ယောင်မိသေး....၊ရေတံခွန်လေးကလည်း
    ချစ်စရာ....၊အေးအေးလူလူသွားထိုင်ဖို့သာကောင်းပါဘိ
    တော့....၊သားသားလေးပုံကလည်း တကယ့် ချစ်စရာ
    လေးပဲဗျာ.....၊ဓာတ်ပုံလေးတွေလည်းကြည့်ကောင်း၊
    စာလည်းဖတ်လို့ကောင်းနေမှ တုံးတိကြီးဖြတ်ချလိုက်သ
    လိုဖြစ်သွားတယ်.....အပိုင်း၂ လာဦးမယ့်သဘောထင်
    တယ်...မျော့နေမယ်ဗျိုး..... :)
    ReplyDelete
  3. ပုံလေးတွေ စာလေးတွေက သေသေသပ်သပ်နဲ့ အမြဲဖတ်လို့ကောင်းတယ်။ ဒေသန္တရ ဗဟုသုတ ခပ်ပါးပါး လွှမ်းခြုံထားပြီး ကိုယ့်ခံစားချက်ရယ် ပျော်ရွှင်ကြည်နူးစရာ အတွေ့အကြုံလေးတွေရယ် ရောယှက်ထားတဲ့ ကိုညီလင်း ပို့စ်လေးတွေက စာဖတ်သူကို မငြီးငွေ့ရအောင် ဆွဲဆောင်နိုင်ပါပေတယ်။ အဆုံးသတ်စာသားလေးကတော့ ဒီပို့စ်ရဲ့ အနှစ်ဆိုပါတော့နော်။
    တွဲခိုထားတဲ့ မမြင်ရသော ကြိုးကလေးတွေ ကြာရှည်တည်တံ့ ခိုင်ခံ့ပြီး အန္တရာယ်ကင်းစွာ လေဟုန်စီးနိုင်ပါစေရှင် ... ။
    ReplyDelete
  4. အပေါ်က မမေပြောသွားတာတွေက ဇွန်ပြောချင်တာနဲ့ တစ်ထပ်တည်းရယ်။ ပုံတွေ သိပ်လှတာပဲ... ရောက်ဖူးချင်လိုက်တာနော်... :)
    ReplyDelete
  5. အိပ်မက်ထဲက မြင်ကွင်းလေးတွေ
    လက်တွေ့ဘ၀ထဲ ရောက်လာသလိုပါပဲ
    အရမ်းကိုခံစားလို့ကောင်းတဲ့ရှုခင်းလေးတွေပါ ခုံလေးမှာထိုင်ပြီး
    စာဖတ်ချင်တဲ့အတွေးလေးကို ဂျက်လဲခံစားမိတယ်
    ကျေးဇူးပါရှင် လှပတဲ့ မြင်ကွင်းလေးတွေအတွက်
    ချမ်းမြေ့ပါစေ
    ReplyDelete
  6. လှလိုက်တဲ့ ဆွစ်ဇာလန်ရဲ့ ရှုခင်းတွေ...
    တကယ်ကို ရင်သပ်ရှုမောပါဘဲ
ှုရှုခင်းက လှပါတယ်ဆို ဓာတ်ပုံဆရာကလည်း လက်စွမ်းပြထားလိုက်တာ..
    နီးများ နီးရင် ချက်ခြင်းကို ပြေးလာချင်စိတ်ပေါက်အောင်ကို ဆွဲဆောင်အား ကောင်းလှတယ်။
    ကိုညီလင်းသစ်သားလေးလည်း တဖြေးဖြေးနဲ့ ထွားလာပြီနော်.. ချစ်စရာကောင်းတယ်
    ReplyDelete
  7. မြင်ကွင်းတွေ စိတ်ကြည်နူးစရာကောင်းသလို စာရေးသူရဲ့ အရေးအသားကလည်းကောင်းဆိုတော့ ပို့စ်တစ်ပုဒ်ဆိုလည်း တစ်ပုဒ် ထိထိရောက်ရောက် ပါပဲလားနော်။ ဗဟုသုတတွေယူရင်း မောင်ညီလင်းတို့ မိသားစု တည်းခိုတဲ့ ဟိုတယ်ကြီးဆီကို သွားရကံကြုံချင်ပါ့း) သံမဏိဖန်လုံးကြီးတွေနဲ့ တောင်တန်းကြီးတွေ သဘောကျလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  8. lovely photos..
    N/A
    ReplyDelete
  9. တကယ်ကိုလှတဲ့နေရာပဲအစ်ကိုရေ...ရိုက်ချက်တွေကလည်းကောင်းလိုက်တာဗျာ....။ တိမ်နေထူနေတဲ့ရာသီဥတုလည်းကြိုက်တယ်..နေရောင်အောက်ကရှုခင်းကိုလည်းကြိုက်တယ်...။ ရေတံခွန်ဘေးနားက လမ်းကလေးကနေအောက်ဆင်းကြည့်ချင်တယ်...Lord of the Rings ထဲက Mordor ဆီသွားတဲ့လမ်းလိုဘဲ...။ ရေကူးကန်နဲ့ပုံကတော့ ပြက္ခဒိန်ကာဗာထက်တောင် ပိုကောင်းတယ်လို့ထင်တယ်...။ ဟိုတယ်ကနည်းနည်း ခေတ်ဆန်တယ်ထင်တယ်... သစ်သားတွေနဲ့ Rustic ဖြစ်မယ်ဆိုရင်တော့ ကျွန်တော့်အကြိုက်ဘဲ..ဟဲဟဲ..။ သားကကြီးလာပြီ...ရုပ်လည်းနည်းနည်းပြောင်းသွားသလိုဘဲ..။
    ReplyDelete
  10. သားလေးတောင် တော်တော်လေး ကြီးလာပြီနော်...
    တော်သေးတာပေါ့ နောက်နေ့နေသာတော့ ကောင်း ကင်ပြာပြာနဲ့ ပုံလှလှလေးတွေ ရိုက်နိုင်တာ။
    ကျမတော့ ဂျာမန်စကားက ခက်လို့ မပြောကြတာမဟုတ်ဘဲ ပြင်သစ်စကားပြောတဲ့ လူတွေကိုယ်နှိုက်က သွးကြီးပြီး သူတို့စကားပဲ သူတို့ပြောချင်ကြလို့လို့ ထင်တယ်။ နောက်တခုက ဒုတိယကမ္ဘာစစ်ကြောင့် ဂျာမန်ကို နိုင်ငံတော်တော်များများက မုန်းနေကြလို့လည်း ဖြစ်မယ်။ :D
    ReplyDelete
  11. ကျမတော့ခုံတန်းလေးပေါ်မှာထိုင်ပြီးမှန်ဘီလူးလေး
    တစ်လက်နဲ့ ဟိုးအဝေးကြီးတွေထိစပ်စပ်စုစုလျှောက်ကြည့်မယ်။လက်လှမ်းမှီရာမြင်ကွင်းထဲရောက်လာတဲ့ ငှက်တွေကြည့်မယ်။ စိတ်တိုင်းကျကြည့်ပြီးသွားပြီဆိုရင်တော့ခုံတန်းလေးပေါ်မှာပက်လက်လှန်လှဲပြီးကောင်းကင်ကြီးကိုမော့ကြည့်ရင်းတိမ်တွေသွားနေတာကြည့်ပြီးလတ်ဆတ်တဲ့
    သဘာဝအနံ့ လေးကိုမက်မက်မောမောခံစားနေမိမယ်။
    တစ်ခုခုရဲ့ စေ့စော်မှုမရှိမချင်းလှဲပြီးအတွေးတွေလွင့်ချင်တိုင်းလွင့်စေလိုက်မယ်။
    စိတ်ကူးနဲ့ တင်ကျေနပ်သွားပြီကိုညီလင်းသစ်ရေ။း)
    တကယ်ကိုအလည်သွားချင်တဲ့နိုင်ငံတစ်ခုပါ။
    အိုင်အိုရာ
    ReplyDelete
  12. နေရာလေးကလဲလှ အစ်ကိုက စာရေးကောင်းလွန်းတော့ ဖတ်လို့ကို မဝဘူး.... သားသားလေး ရေကူးသွားဖို့ ပူဆာနေပုံလေးကို မျက်စိထဲမြင်ပြီး သဘောကျသွားတယ်... အဲနေရာလေး ရောက်ဖူးချင်လိုက်တာ... လေထီးလဲ ခုံကြည့်ချင်ပေမယ့် အစ်ကိုပြောသလိုပဲ မမြင်ရတဲ့ သံယောဇဉ် ကြိုးတွေကို တွဲခိုနေတာ အသားကျနေလို့လားမသိဘူး မြင်ရတဲ့ လေထီးကြိုးတွေပေါ် ဘဝတစ်ခုလုံးမပုံအပ်ရဲလောက်ဘူးးးးးး :)
    ReplyDelete
  13. ကိုညီလင်းရဲ့ စာတွေထဲမှာ ခရီးသွားတဲ့ အကြောင်းနဲ့ ကြိုကြား ကြိုကြားတွေ့ရတတ်တဲ့ မအိမ်သူ အကြောင်းတွေအကြိုက်ဆုံး။ ခုလဲ စာကိုအစအဆုံး ၂ခေါက်လောက်ပြန်ဖတ်ရင်း အားကြ၊ ကျေနပ်၊သွားချင်စိတ်ပေါက်သွားပါတယ်။
    (Adora)
    ReplyDelete
  14. လှလိုက်တာဗျာ သွားချင်တယ်
    ReplyDelete
  15. phonetics တွေကို ရေးထားတာသဘောကျတယ်ဗျာ။ ကျွန်တော် ၁၀တန်းအောင်တော့ YUFL ပြင်သစ်စာ မေဂျာဗျ။ ၂ နှစ်သာကုန်သွားတယ် ပထမနှစ်ကမတက်တော့ ထွက်လိုက်ရတယ်။ ဟီးဟီး.. အန်နီးဝေး.. Les photos sont magnifiques!
    ReplyDelete
  16. ကိုညီရေ.............ဓါတ်ပုံလေးတွေကို အရမ်းသဘောကျတယ်.....။ သားသားကလည်း ချစ်ဖို့ ကောင်းလိုက်တာ.။ သစ်သား တံတားကျယ်ကျယ်ပြန့် ပြန့် ကြီးမှာ လမ်းလျှောက်ရတဲ့  အရသာမျိုး.......အပြင်ဖက်တွေမှာလုပ်ထားတတ်တဲ့ ...သစ်သားလှေခါးမှာ တက်ဆင်းရတာမျိုးတွေကို ကြိုက်တယ်။ ၀ရံသာကနေ ငေးရတဲ့  အရသာဆိုတာကတော့ ပြောဖွယ်ရာမရှိပေါ့.......။ ပြီးခဲ့ တဲ့ နှစ်ပတ် ကမ်းခြေသွားတော့....နေလည်ခင်း အချိန်ကောင်းကြီး မိုးတွေ အသားကုန်ရွာတော့ အတူသွားတဲ့  သူငယ်ချင်းတွေက စိတ်ဓါတ်ကျပေမယ့် ကိုယ်တစ်ယောက်တည်း မှန်တခါးက လိုက်ကာလေးဆွဲဖွင့်ပြီး ခုံလေးဆွဲထိုင်....ကမ်းခြေဖက်ကို လှမ်းငေးရတဲ့  အရသာနဲ့ တင်ကို တန်နေပြီလို့  ကျေနပ်နေတာ.။ တကယ်ပါ....မိုးရေပေါက်ကြီးတွေနဲ့  ဖွေးနေတဲ့ ကမ်းခြေရယ်....အခန်းရှေ့ ကုန်းလျှောလေးက သစ်ပင်တွေနဲ့  မြက်ခင်းစိမ်းစိမ်းကြီးရယ်...မိုးပေါက်ကြီးတွေရယ်...အေးချမ်းပြီး လှနေလိုက်တာများ.......။ ဒါနဲ့  အပမ်းမကြီးဘူးဆိုရင်... camera ၀ယ်မလို့  နည်းနည်းလမ်းညွှန်ပေးပါလား.....။
    ReplyDelete
  17. ညီမဆောင်းနှင်းရွက် ...
    ဟုတ်တယ်ဗျ၊ အဲဒီမြင်ကွင်းက အတော်လှတယ်...၊
    ကိုညိမ်း ...
    ဟမ်... အပိုင်း ၂ မရှိတော့ဘူးလေဗျာ၊း) ဒါအကုန်ပဲ ကိုညိမ်းရ..၊ ခရီးက တစ်ရက်ခရီးဆိုတော့ ဘာမှ အထူးအထွေ မရှိဘူးဗျ...။း)
    မမေ ...
    လေဟုန်စီးနေရင်း လေနွေးစီးကြောင်းတွေထဲ ရောက်မသွားဖို့ သတိထားရမယ်၊ တော်ကြာ စထရာတိုစဖီးယား အလွှာကျော်သွားမှ ဒုက္ခ..၊း) ဆုတောင်းလေးအတွက်လည်း ကျေးဇူးပါဗျာ..၊
    ဇွန် ...
    ကျနော် ဇွန့်ကို ပြန်ရေးချင်တာကလည်း အပေါ်က မမေကို ရေးလိုက်တာနဲ့ တစ်ထပ်တည်းရယ်..၊းP ဒီကမ္ဘာလေး တစ်ခုထဲမှာ နေကြသူအချင်းချင်း မရောက်နိုင်ဘူး ဆိုတာ မရှိပါဘူးဗျာ၊ အနှေးနဲ့ အမြန် ဖြစ်လာမှာပါ..၊း)
    မစံပယ် ...
    အခုလို အားပေးတာ ကျေးဇူးပါဗျာ..၊
    မချော..
    အင်း.. မချောသာ လာမယ်ဆိုရင် စိတ်ဝင်စားနိုင်တဲ့ အစီအစဉ် တစ်ခုလည်း ရှိတယ်ဗျ၊ ဝိတ်လျှော့နေတဲ့ သူတွေအတွက် တောင်ပေါ်တက်တဲ့အခါ ကေဘယ်လ်ကားကို ပေးမစီးဘဲ ဒီအတိုင်း လမ်းလျှောက်တက်ခိုင်းတဲ့ အစီအစဉ်လေ..၊း) (ချစ်ခင်သော စိတ်နဲ့ စတာပါ မချောရေ..)း)
    တီတင့် ...
    ကျေးဇူးအများကြီး တင်ပါတယ် တီတင့်ရေ..၊
    ကို N/A ...
    Hey.. long time no see, huh? :) Good to see your comment again..!!! Hope things are ok.
    ကိုဖြိုး ...
    အဲဒါကြောင့် ရေတံခွန်ဘေးက လမ်းကလေးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲလို့ ထင်နေတာ..၊ အခု ညီပြောမှပဲ သိသွားတော့တယ်၊း) နောက်တစ်ခါကျ အဲဒီကိုသွားရင် Aragorn လို အဝတ်အစား ဝတ်ပြီး သွားကြည့်ဦးမယ်...၊း)
    မစူးနွယ် ...
    ဒုတိယကမ္ဘာစစ် ကိစ္စက အခုထိ ဂျာမန်တွေအပေါ် သက်ရောက်မှု ရှိနေတုန်းပဲ ဆိုတာ မှန်ပါတယ်၊ ကျနော် သိရသလောက် ပြင်သစ်နိုင်ငံက ပြင်သစ်တွေက သူတို့စကားမှသူတို့ ဆိုတဲ့ စိတ်မျိုး ရှိကြတာ မှန်ပေမယ့် ပြင်သစ်စကားပြောတဲ့ ဆွစ်တွေကတော့ အဲဒီလောက် မဟုတ်ပါဘူး၊ သူတို့က Hochdeutsch ပြောဖို့ ဝန်မလေးကြပေမယ့် ဆွစ်ဂျာမန် ဒိုင်ယာလက်ခ်ကို မပြောချင်ကြတာဗျ၊ အဲဒီ စကားက အသံထွက် ပိုခက်သလို နေရာပေါ် မူတည်လို့ ဒိုင်ယာလက်ခ်တွေလည်း များလှတာကိုး၊ အခန့်မသင့်ရင် သိထားပြီးသား Hochdeutsch တောင် ပျက်သွားနိုင်တယ်လေ...၊း)
    မအိုင်အိုရာ ...
    Wow... အိုင်ဒီယာ တယ်ကောင်းပါလား၊ မအိုင်အိုရာရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးပုံကိုတော့ သဘောကျသွား ပြီဗျို့..၊း)
    ညီမပူးတေ ...
    ညီမလည်း ‘လေထီး’ ထက် ‘မြေကြီး’ ကိုပဲ ပိုပြီး တွယ်တာသူပေ ပဲလား?း) အေးဗျာ.. ချစ်သူ၊ ခင်သူတွေနဲ့ ကျန်းမာစွာ အတူရှိရတဲ့ အဖြစ်က တန်ဖိုးထားချင် စရာပဲ မဟုတ်လား...နော၊
    Adora ...
    အခုလို သေသေချာချာ အချိန်ပေးပြီး လာဖတ်သွားလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ..၊
    ကိုလွင်ပြင် ...
    အားပေးတာ ကျေးဇူး...၊
    ကိုကျော်မင်းနိုင် ...
    YUFL မှာ တက်ခဲ့တာလား၊ ပထမနှစ်မှာ ၂ နှစ်တက်ခဲ့တာ ဆိုတော့ ပြင်သစ်စာကို အခြေခံကျကျ လေ့လာမယ်ဆိုတဲ့ စိတ်ကူးနဲ့ပဲ ဖြစ်ရမယ်..၊း) Merci pour ton commentaire! :D
    ReplyDelete
  18. မောင်မျိုးOctober 19, 2012 at 10:16 AM
    ပုံလေးတွေကြည့်ပြီး ခရီးမထွက်ဖြစ်တာတောင် ကြာပါပေါ့လို့ စိတ်ထဲဖြစ်သွားတယ် ပျော်စရာကြီး
    ပုံတွေလည်း လှတယ် ။
    ReplyDelete
  19. မကဗျာ ...
    ကြုံရာ၊ ကျရာ အခြေအနေထဲမှာ အလှတရားကို မြင်အောင် ကြည့်တတ်တဲ့ အဲဒီလိုစိတ်မျိုးရှိတာ ကောင်းတာပေါ့ဗျာ၊ လူအများစုက ကမ်းခြေဆိုရင် နေသာနေမှ သဘောကျတာ မဟုတ်လား၊ တဖွဲဖွဲ ကျနေတဲ့ မိုးစက်တွေအောက်မှာ အုန်းပင်တွေ ယိမ်းနွဲ့ နေတာကို ကြည့်ရတာလည်း ‘ကဗျာ’ တစ်ပုဒ်ပါပဲ..၊း) ကင်မရာနဲ့ ပတ်သက်လို့ ဘာအများအစား စိတ်ဝင်စားလဲ၊ ဘတ်ဂျက် လျာထားငွေ ဘယ်လောက် ရှိလဲ.. စတာတွေကို nyilinnthit@gmail.com ကို ပို့ပေးမလား? ကျနော်သိသလောက် ပြောပေးပါ့မယ်..။
    ReplyDelete
  20. ကိုညီ.........မေးလ်ပို့ လိုက်ပါ့မယ်..........။ ကြိုတင်ကျေးဇူးတင်ထားပါတယ်နော်......။း)
    ReplyDelete
  21. သွားရောက်လည်ပတ်ချင်စရာပဲ ဒကာတော် ကိုညီလင်းသစ်ရေ။ ရေကူးဝတ်စုံဝတ်ထားတဲ့ ဒကာရဲ့သားလေးကိုမြင်တော့ တရုတ်သိုင်းကားတွေက ကွန်ဖူးသင်နေတဲ့ ကလေးတွေကို မျက်စိထဲ မြင်ယောင်မိတယ်။
    ပြီးတော့...
    ကျနော်က ပြောမယ့်သာ ပြောရတာပါ၊ တကယ်တမ်းမှာက မြင်ရတဲ့ လေထီးကြိုးတွေပေါ် ဘဝတစ်ခုလုံး ပုံအပ်ပြီး စွန့်စားလိုက်ဖို့ထက် မမြင်ရတဲ့ သံယောဇဉ် ကြိုးတွေကို တွဲခိုပြီး အန္တရာယ်နဲ့ ဝေးရာမှာ လေဟုန်စီးချင်စိတ်က ခပ်များများရယ်...
    အဲဒါလေးကို သဘောကျတယ်။
    ခင်မင်တဲ့
    ReplyDelete
  22. OMG!!!! ရှုခင်းတွေလှလိုက်တာ သွားလည်ချင်တယ် အဲလို သဘာဝတောတောင်တွေထဲ လျှောက်သွားရတာကို အရမ်းကြိုက်တယ် ကိုညီလင်း ခေးလေးအရမ်းချစ်ဖို့ကောင်းတာပဲ သူရေကူးရတာတော်တော်ကြိုက်ပုံရတယ်နော်...။ ဟိုသစ်သားထိုင်ခုံလေးမှာ ကိုညီလင်းပြောသလို သက်တံဆယ်စင်းနဲ့ဆိုရင်တော့ ဇိမ်ကျချက်နော်...။ နောက်ဆုံးတစ်ကြောင်းရေးထားတာလေးကြိုက်တယ်။
    ReplyDelete
  23. သဘာဝအလှတွေဓာတ်ပုံတွေစိတ်ဝင်စားတဲ့
    လမင်းအတွက်တော့ကျေးဇူးတင်ပါတယ်ရှင်
    ReplyDelete
  24. ဓါတ်ပုံလှလှတွေကြည့်ရတာကျေးဇူးတင်ပါတယ်။
    28.10.2012 နေ့ ကျမတို့ Luzern ကိုရောက်မယ်။
    တရုတ်ကျောင်းကသူတွေနဲ့ လာကြမှာ...နေ့ ချင်းပြန်ပဲ။
    ReplyDelete
  25. ရှုခင်းတွေက တော်တော်ကို လှတယ်... အစ်ကိုဓာတ်ပုံရိုက်ချက်တွေကလဲ တော်တော်ကို ကောင်းတယ်... ရေးထားတာလေးကလဲ ဆွဲဆောင်မှုရှိတယ်... ခုလို ဗဟုသုတလေးတွေကို ဖတ်ခွင့်ကြည့်ခွင့်သိခွင့်ရလို့ ကျေးဇူးပါ အစ်ကို...
    ReplyDelete
  26. BRO, AMAZING POST AND PHOTOS. YOU WRITE LIKE A POET WOULD WRITE HIS POEM . THANK YOU FOR SHARING YOUR TALENT AND YOUR SPIRIT WITH US.
    CHEERS :)
    J
    ReplyDelete
  27. I can't keep lol when i read your writing about Swiss German.That's exactly the same what my two younger sons said about their weakness in it.Thanks for the photoes n the map where i drove around.BTW Tha Tha changed alot.Nice to see his picture.
    Gyidaw
    ReplyDelete
  28. ဘလော့တွေမရောက်တာကြာလို့ လိုက်လည်နေတာ... အကို့ဆီပြန်ရောက်လာတော့လည်း ဘလော့လေးကအရင်အတိုင်း ကြည်နူးစရာ သိပ်လှတဲ့ဓာတ်ပုံလေးတွေနဲ့ သပ်သပ်ရပ်ရပ် အရေးအသားလေးတွေပြန်ဖတ်ရတော့ သဘောကျမိတယ်..... သားလေးတောင် တော်တော်ကြီးနေပြီဗျာ...... သူကလေး.. သဲပြင်တွေပေါ်မှာဆော့ရင်း ဘာဘီကျူးစားနေကြတဲ့ပုံလေးတင်ထားတဲ့ ပို့စ်တုန်းကနောက်ဆုံးရောက်ဖြစ်တာပဲ..... ကျွန်တော်ငယ်ငယ်လေးကတည်းကမက်ခဲ့တဲ့ အိပ်မက်တွေကို အကို့ပုံတွေထဲမှာမြင်ရတာ ကျေနပ်မိတယ်.... ဆွစ်စ်ရဲ့အလှနဲ့ ရာသီဥတုကို မူလတန်းကျောင်းသားဘ၀ထဲက သိပ်သဘောကျခဲ့တာ... တစ်ဘဝလုံးမှာ သွားလည်ဖို့တစ်နေရာပဲအခွင့်အရေးရှိမယ် ဆိုရင်အဲဒါ ဆွစ်စ်ပဲ.... အကို့ကိုကျေးဇူးတင်ပါတယ်.... :)
    ခင်မင်လေးစားစွာဖြင့်
    ကိုကိုးအိမ်(မန္တလေး)
    ReplyDelete
  29. အကို့ ခရီးသွားပို့စ်လေးတွေ ဖတ်တိုင်း ခရိးထွက်ခဲ့သူလို စိတ်ကို ကြည်လင်လန်းဆန်းစေတယ်အကို... ဂျာမန် စကားကြောင်း ဝေဖန်ထားတာတွေ့တော့ ပြုံးမိသွားတယ် အဟီးးး ကိုယ်တွေ့မို့လေအကို ..:P
    ဟုတ်တယ် အကိုပြောသလိုပဲ မမြင်ရတဲ့ သံယောဇဉ်ကြိုးက မြင်နေရတဲ့ သံမဏိ သံဘောင်တွေထက် ပိုခိုင်မာနေသလိုပဲ ...:)
    ဒါနဲ့ စကားမစပ်အကို.... ညီမလေး " ဒန် " သွားတာဖြစ်မယ်နော်အကို ...:D
    ReplyDelete
  30. ပုံတွေအကုန်လုံးကိုလည်းသဘောကျတယ်အကို
    ရေတံခွန်လေးကိုလည်းသဘောကျတယ်..
    တောင်ပေါ်ကခုံတန်းလေးမှာ ညီမကတော့
    ကော်ဖီတခွက်နဲ့ သီချင်းခပ်တိုးတိုးနားထောင်ချင်
    မိတယ်..ပတ်ဝန်းကျင်ရဲ့အလှကိုတစိမ့်စိမ့်ခံစားရင်း
    နဲ့ဆိုပါတော့လေ..
    ဆွတ်စ်ဇာလန်ရဲ့အလှတရားကိုတော့
    ဟိုးငယ်ငယ်တုန်းက ကလန်ဒါတွေထဲမှာတော့
    မြင်ဖူးပါရဲ့..အခုလိုအကိုက ပုံလေးတွေတင်ပေးတော့
    ပိုပြီးသဘောကျမိတယ်...
    ReplyDelete
  31. အားပါး ဓာတ်ပုံတွေက ရှယ်ပဲဗျို့ . သားတောင် တော်တော်လေး ကြီးလာပြီ..ထိုင်ခုံလေးရယ်၊ သံမဏိလုံး ဓာတ်ပုံလေးကို အကြိုက်ဆုံးပဲ..
    ReplyDelete
  32. Nice photos & post..
    Thanks for your share
    ReplyDelete
  33. photo ရိုက်ချက်တွေက့ မိုက်တယ် ဗျို...
    အဲ့လ်ပ်စ် တောင်တန်းတွေကိုလည်းသဘောကျတယ် လှတယ်...
    ခရီးသွား ရှုခင်းတွေ သဘောကျလို့။ ခရီးသွားပို့စ်လေးတွေ ရေးတဲ့ ဘလော. ကို ဝင်ဝင်ဖတ်ဖြစ်တယ်...
    အိပ်မက်ထဲ မှာတော့ လေဟုန်စီးဖူးပါရဲ့......:)
    ဗဟုသုတ ရလို့ ကျေးဇူးပါ ..........
    ReplyDelete