11 November 2012
ပြိုင်ဖက်... (Behind the picture)
ပြီးခဲ့တဲ့ ပို့စ်အတွက် သုံးတဲ့ ဓါတ်ပုံကို ဘယ်လိုမျိုး ရိုက်ခဲ့လဲဆိုတာ စိတ်ဝင်စားသူတွေ အတွက် ဝေမျှချင်ပါတယ်၊ အဲဒီပို့စ်ကို စရေးတဲ့ အချိန်မှာပဲ သရုပ်ဖော်ပုံအတွက် ကြက်တောင်နဲ့ဘက်တံ (racket) ကို ဓါတ်ပုံလေးတစ်ပုံ ရိုက်မယ်လို့ တွေးမိတယ်၊ အဲဒီလို တွေးပြီး သရုပ်ဖော်ပုံတော့ ရပြီဆိုပြီး အေးအေးဆေးဆေးပေါ့၊ ဒါပေမယ့် မအားမလပ်နဲ့ ပို့စ်က နှစ်ရက်လောက် ခွဲရေးနေတုန်းမှာ ဓါတ်ပုံနဲ့ ပတ်သက်ပြီး စိတ်ကူးကတစ်မျိုး ပြောင်းသွားတယ်၊ ကြက်တောင်နဲ့ဘက်တံကို ဒီလိုပဲ ကြမ်းပြင်ပေါ်ချ ရိုက်တာနဲ့စာရင် အသွင်တစ်မျိုးနဲ့ စမ်းကြည့်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးပါ၊ ဥပမာ-လေထဲမှာ မြောက်နေတဲ့ ကြက်တောင်ကို ဘက်တံနဲ့ ထိကာနီးဆဲဆဲ ပုံစံမျိုးပေါ့၊ ကြက်တောင်ရော ဘက်တံပါ သီးခြားကင်းလွတ်နေတဲ့အခါ 'အက်ရှင်' ကို ပိုပေါ်လွင်စေမယ်လို့ ထင်တာလည်း တစ်ကြောင်းပါ၊ အဲဒီလိုနဲ့ အောက်က set-up အတိုင်း ရိုက်ခဲ့ပါတယ်...၊
ပထမဦးဆုံး လေထဲက ကြက်တောင်အတွက် ကြက်တောင်ကို အပ်ချည်ကြိုးအမည်းနဲ့ ချည်ပါတယ်၊ အပ်ချည်ရဲ့ အခြားဖက် တစ်စကိုတော့ lightstand ထိပ်မှာတပ်ထားတဲ့ ထီးမှာချည်တယ်၊ ဘက်တံအတွက်ကတော့ လွယ်ပါတယ်၊ ထရိုင်ပေါ့ထ်မှာ ညှပ်ထားလိုက်ရုံပါပဲ၊ ပြီးတော့မှ DIY snoot တပ်ထားတဲ့ flash ကိုသုံးပြီး ဘက်တံနဲ့ကြက်တောင် နှစ်ခုတည်း အပေါ်မှာပဲ ကွက်ကွက်လေး အလင်းပေးပြီး ရိုက်ပါတယ်၊
ကင်မရာ ဆက်တင်အပိုင်းကတော့ manual mode မှာထားပြီး shutter speed ခပ်မြန်မြန်၊ aperture အလင်းတံခါး ခပ်ကျဉ်းကျဉ်းနဲ့ ရိုက်ရုံပါပဲ၊ တကယ်တမ်း ရိုက်ကြည့်တော့ ကျနော်ထင်ထားတာထက် လွယ်တာတွေ့ရတယ်၊ အလင်းပေးပုံကလည်း light source တစ်ခုတည်းနဲ့ ညာဖက်က ပေးထားတာဖြစ်လို့ စတူဒီယို တွေမှာလို ဘယ်ညာ အလင်းချိန်ညှိတာလည်း မလိုပါဘူး၊ ဒီဓါတ်ပုံလေးက စိတ်ဝင်စားစရာ ကောင်းတယ်ဆိုရင်တော့ အဲဒီလို ဖြစ်အောင်လုပ်တဲ့ အဓိကအချက်က ၂ ခုပဲ ရှိပါတယ်၊ ကင်မရာရဲ့ အလင်းတံခါးကို ကျဉ်းကျဉ်းလေးပဲ ဖွင့်တာရယ် flash အလင်းကို နေရာသေးသေးလေးမှာပဲ ပေးထားတာ ဖြစ်ပါတယ်၊ ကင်မရာရဲ့ အလင်းတံခါးက ကျဉ်းလွန်းလို့ ဘေးပတ်ဝန်းကျင်က မဆိုင်တဲ့ အရာတွေကို မမြင်ရတော့တဲ့ အချိန်မှာ flash ရဲ့ အလင်းတန်း ရှည်မျောမျောလေးက ကြက်တောင်နဲ့ဘက်တံကို ရုန်းကြွလာစေခဲ့တာ ဖြစ်ပါတယ်၊
ဒီပုံကတော့ နောက်ဆုံးဇကာတင် အဆင့်ထိ ရောက်လာပြီးမှ ပြုတ်ကျန်ခဲ့တဲ့ ပုံဖြစ်ပါတယ်၊ ဒီပုံကို ကျနော်မရွေးခဲ့တာက ကြက်တောင်က ဘယ်ဖက်လှည့်နေလို့ပါ၊ ဒီပုံတွေကို ရိုက်ဖို့လုပ်နေတုန်း ရယ်စရာကောင်းတာ တစ်ခုက အပ်ချည်ကြိုးနဲ့ ချည်ထားတဲ့ ကြက်တောင်ဟာ တချိန်လုံး လည်နေတာပါ၊ အခန်းထဲမှာ လေလည်းမတိုက်ပါဘဲနဲ့ ကြက်တောင်က မော်ဒယ် မိန်းမပျိုလေးတွေလို ဘယ်လှည့်လိုက်၊ ညာလှည့်လိုက် အိုက်တင်အပြည့်နဲ့ ဓါတ်ပုံအရိုက်ခံနေ ခဲ့တယ်...၊ အဲဒီ ကြက်တောင်စည်းနဲ့ မော်ဒယ်မလေးက flash ဖက်ကို လှည့်လိုက်တဲ့အခါ အလင်းဟာ ကြက်တောင်အထဲထိဝင်ပြီး ကြက်တောင်မွှေးလေးတွေ တစ်ခုနဲ့တစ်ခုထပ်နေတဲ့ အရိပ်လေးတွေပါ ပေါ်စေလို့ (ကျနော့်ရဲ့ အမြင်) ပိုလှပါတယ်၊ 'ပြိုင်ဖက်'ပို့စ်မှာသုံးထားတဲ့ ပုံက အဲဒီလို ပုံမျိုးပါ၊ အခု ဒီအပေါ်ကပုံမှာတော့ ကြက်တောင်က ဘယ်ဖက်လှည့်နေတဲ့အတွက် အဲဒီလို အရိပ်လေးတွေ မတွေ့နိုင်ဘူး၊ ဒါ့ကြောင့်ပဲ ဒီပုံဟာ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်...၊ ဒီပို့စ်က နည်းစနစ်တွေအကြောင်း နည်းနည်းပြောတဲ့ပို့စ် ဖြစ်တာနဲ့အညီ ကင်မရာနဲ့ဖလက်ရှ်ရဲ့ Exif ကိုလည်း ဖော်ပြလိုက်ပါတယ်၊ ပြီးခဲ့တဲ့ ပို့စ်ကပုံနဲ့ ဒီပုံနှစ်ခုလုံးအတွက် Exif က အတူတူပါပဲ...၊
Camera: Canon 5D mark II
Lens: Canon EF 50mm f/1.4 USM
Focal length: 50 mm
Aperture: f/8
Speed: 1/200
ISO: 100
Strobist: Canon Speedlite 580Ex II, snooted, camera right, power 1/8, zoomed to 24mm
ကျနော့်ရဲ့ ကြိုကြားကြိုကြား စာလေးတွေ၊ ပုံလေးတွေကို လာအားပေးကြတဲ့ ဘလော့ဂ်ရေးဖော် ညီအစ်ကိုမောင်နှမ တွေနဲ့တကွ စာဖတ်သူ အယောက်တိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်...။ ။
ညီလင်းသစ်
၁၁ နိုဝင်ဘာ၊ ၂၀၁၂
23 comments:
  1. နည်းပညာလေးတွေမှတ်သားသွားတယ်။
    ပို့စ်ရေးတိုင်း အကွက်စေ့စေ့လေးနဲ့ တိတိကျကျ ရေးတတ်လေ့ရှိတာကို ချီးကျူးပါတယ်။ ဓာတ်ပုံပညာ ကျွမ်းသလို စာအရေးအသားလည်းကောင်းတယ်။
    တစ်ဦးချင်းရဲ့ အရည်အချင်းတွေ စုပေါင်းထားတဲ့ သက်တံ့ဆယ်စင်းလို စာအုပ်လေးတွေ ဆက်လက် ဖတ်ခွင့်ကြုံချင်ပါသေးတယ် မောင်ညီလင်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. ကိုညီလင်းသစ် ကတော်.တော.ကို အသေးစိတ်၊ အနုစိတ် လုပ်တတ်တယ်ထင်တယ်။
    အိမ်နေရင်း တီရှပ်ကိုတောင် မီးပူတိုက်
    စကားမစပ် အိမ်အပြင်အဆင်လေးက မြန်မာပြည်က အိမ်နဲ.တောင်တူသလိုဘဲ။ ကြည်.ရတာ cozy and comfy ဖြစ်တယ်။ ပါကေးလိုမျိုးကြမ်းပြင်တွေ.ရတာလဲကြိုက်တယ်။
    ကိုညီလင်းသစ်သားလေးနဲ.မအိမ်သူတို.ပုံတွေမတွေ.တာတောင် အတော်ကြာသွားပြီ။ ရန်ကုန်ပို.စ်နောက်ပိုင်းလောက်ထဲက သိပ်မတွေ.ရတော.ဘူး။
    ReplyDelete
  3. ဟုတ်တယ်နော်။ ယှဉ်ကြည့်လိုက်တော့အရင်ပုံကတော်တော်ပိုလှတယ်။
    အိုင်အိုရာ
    ReplyDelete
  4. အသေးစိတ်နဲ့ တိတိကျကျအမြဲဖြစ်နေစေအောင် ကြိုးစားတဲ့ အကို့လုပ်ရပ်လေးတွေက လေးစားစရာ ပါအကိုရေ..
    ReplyDelete
  5. I do know that you will share this photo shooting technique. sorry if i overlook on your subject, i love the decoration of your living room, as it has Myanmar's culture.
    Nyi
    ReplyDelete
  6. မိုးနတ်က ဓါတ်ပုံပညာအကြောင်းအများကြီးနားမလည်ပေမဲ့..လာအားပေးသွားပါတယ် အကိုတော်ရေ...မသိနားမလည်သေးတဲ့ အကြောင်း
    အရာတွေကို နားလည်ခွင့်ရခဲ့တဲ့ အတွက်လဲ ကျေးဇူးပါ၊
    တချို့အရာတွေက ကိုယ်နဲ့မနီးစပ်ရင်လွယ်ပေမဲ့လဲ
    စိတ်မ၀င်စားမိဘူးလေ..ကိုညီလင်းရဲ့ပို့စ်လေးကြောင့်
    အမှတ်တမဲ့ဖြစ်နေတာလေးတွေကို အမှတ်ရစေပါတယ်
    ခင်တဲ့..မိုးနတ်
    ReplyDelete
  7. ပုံကို အရင်ကြည့်လိုက်တော့ .. ဟယ် ... ကြက်တောင်က လေထဲမှာ မြောက်နေတယ် ၊ ဘယ်လို လုပ်ထားလဲမသိဘူး.. လို့တွေးမိတယ်၊း)
    အဲဒီလောက် တုံးတား)
    ကိုညီလင်းရဲ့ ဘလော့ကို အမြဲလာဖတ်ပါတယ်
    ဒါက ပထမဆုံး comment ရေးခြင်းပါ
    အထူးသဖြင့် ကိုညီလင်း စာထဲက အတွေးတွေ ၊ ခံစားချက်တွေကို သဘောကျပါတယ်
    ReplyDelete
  8. တီတင့်...
    သက်တံ့ဆယ်စင်း ဆိုရင်တော့ ကျနော်တို့ရဲ့ ပရိုဂျူဆာကြီး ဆြာရန်အောင်ကို အပူကပ်မှပဲ ဖြစ်မယ်ထင်တယ်ဗျ၊ သူက အတွေ့အကြုံ ရှိထားသူ မဟုတ်လား..၊း)
    အမည်ဝှက်စာဖတ်သူ (၁)...
    စိတ်ပါတဲ့ ဟာတွေကျတော့လည်း လုပ်ရင်းလုပ်ရင်းနဲ့ အသေးစိတ်သလိုများ ဖြစ်သွားခဲ့တာလား မသိပါဘူးဗျာ..၊း) ဟုတ်တယ်နော်၊ သားနဲ့ မအိမ်သူတို့ အကြောင်း မရေးဖြစ်တာ နည်းနည်းကြာနေပြီ၊ သားနဲ့ ပတ်သက်တာ တစ်ခုရေးဖို့ လျာထားတာတော့ ရှိနေတယ်ဗျ၊ မကြာခင် ဖြစ်မလားပဲ...၊
    မအိုင်အိုရာ...
    အမှန်ပေါ့ဗျာ..၊ အဲဒါကြောင့် သူ့ကိုပဲ ရွေးဖြစ်သွားခဲ့တာပါပဲ...၊
    ညီမအိန်ဂျယ်လှိုင်...
    အမြဲတစေ လာလည်ပြီး အားပေးနေလို့ ကျေးဇူးပါ ညီမရေ...၊
    Nyi...
    In photography, it is said that subject is not always the only center of interest but background plays a major role as well. So you are welcome to appreciate what looks pleasant to your eyes. :) Thanks ...!
    (မ)မိုးနတ်ကြယ်စင်...
    ဟုတ်တယ်ဗျ၊ နည်းပညာတွေ အခေါ်အဝေါ်တွေ ပါလာပြီဆိုရင် စာဖတ်သူ အများစုအတွက် ပို့စ်တစ်ပုဒ်က စိတ်ဝင်စားမှု ကျသွားလေ့ ရှိပါတယ်၊ ဒီလို အခြေအနေမှာတောင် ဇွဲကောင်းကောင်းနဲ့ အားပေးသွားလို့ ကျေးဇူး အထူးပါဗျား..၊း)
    အမည်ဝှက်စာဖတ်သူ (၂)...
    အာ... အဲဒီလိုကြီးတော့ ကိုယ့်ကိုယ်ကို နှိမ့်ချ မပြောကြေးလေဗျာ..၊း) အခုလို လုပ်ချင်တာလုပ်လို့ ရနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ကျနော်တို့အားလုံး အဖို့ မသိ၊ နားမလည်ခြင်းတွေ များလှပါတယ်ဗျာ..နော၊ ဟိုး...အရင် တိတ်တိတ်လေး လာလည်သွားတဲ့ အချိန်တွေ အတွက်ရော အခုထားခဲ့တဲ့ ပထမဦးဆုံး ကွန်မန့်လေး အတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ...။
    ReplyDelete
  9. လပြည့်ရိပ်November 11, 2012 at 9:22 PM
    အော်.. ဒီလိုကိုး .. ဒါဆို အရင်က မီးပူပုံ ရိုက်ခဲ့ပုံနဲ့ နဲနဲဆင်တူတယ်.. ဒီပိုစ့်မဖတ်ခင်က ကျွန်မတွေးနေမိတာက အနောက်ခံ အနက်ရောင်တစ်ခုခု များခံထားမလားလို့.. ခုတော့ဟုတ်မှမဟုတ်ပဲကိုး.. :) ဒါနဲ့ အရှေ့က နံရံပေါ်မှာ ကျနေတဲ့ အရိပ်တွေကို သဘောကျတယ်.. အဲဒါ အနောက်ဘက်က ခန်းစီးရဲ့ အရိပ်များလား..
    ReplyDelete
  10. ညီမလပြည့်ရိပ်...
    ညီမက မှတ်မိတယ်၊း) ဟုတ်ပါတယ်၊ အဲဒီအတိုင်း ခပ်ဆင်ဆင်ပါပဲ၊ မီးကို အပေါ်က မပေးဘဲ ဘေးကပေးတာပဲ ကွာသွားတာ..၊ နံရံပေါ်က အရိပ်က မျက်နှာကြက်က မီးအုပ်ဆောင်းရဲ့ အရိပ်ပါ၊ ပုံထဲမှာ သူ့ကို မပါအောင် ရိုက်ထားလို့...။
    ReplyDelete
  11. ဓါတ်ပုံရိုက်တဲ့ပညာလေးကို စိတ်ဝင်စားတယ် ထဲထဲဝင်ဝင်မလေ့လာဖြစ်သေးတာက ကင်မရာကောင်းကောင်းတစ်လုံးဝယ်ရမှာရယ် ခရီးတွေထွက်ပြီး ပုံကောင်းတွေမရိုက်နိုင်သေးတာရယ်ကြောင့်ပါ ...ခုလို စိတ်ရှည်လက်ရှည်နဲ့ ရိုက်ပုံရိုက်နည်းလေးကို ရှင်းပြပေးတာကျေးဇူးပါ...
    ReplyDelete
  12. မောင်မျိုးNovember 12, 2012 at 7:42 AM
    ညီ..ကတော့ ကင်မရာကိုင်ပြီး ချိန်လိုက်တာပဲ ပြီးရင် ရိုက်ထည့်လိုက်တယ် တစ်ခါတလေ ခြေထောက်ပြတ် ခေါင်းပြတ်တော့ြုဖစ်တာပေါ့း)
    ReplyDelete
  13. ဥာဏ်တုန်းပုံများ ကြက်တောင်ကို အစ်ကို့သားလေးက လှမ်းပစ်ပေးတယ် ထင်နေတာ။ အပ်ချည်ကြိုးနဲ့ ချည်ထားတာကိုး၊
    ReplyDelete
  14. You're such a talented artist! Please keep it up. :)
    ReplyDelete
  15. အကိုလင်းသစ်ရဲ့ ဓာတ်ပုံပညာနဲ့စာအရေးအသားတော့လေးစားအားကျမိပါတယ်ရှင်
    ReplyDelete
  16. ကိုညီလင်းသစ်တော့ စာရေးကောင်း၊ သီချင်းဆိုဗီဒီယိုရိုက်ကောင်း၊ ဓါတ်ပုံရိုက်ကျွမ်း စွယ်စုံပဲဗျို့၊ အားကျတယ်ဗျာ
    ခင်မင်စွာဖြင့်
    သီဟသစ်
    ReplyDelete
  17. really good your photos idea..
    thanks for your share..
    ReplyDelete
  18. အားပါးပါး......Canon 5D mark II....ကြီးကိုရော..... ..... ကမ်မရာနောက်က ဖန်တီးသူကိုရော အားကျပါတယ်.... ;)
    ဆရာတစ်ယောက်ကတော့ ပြောဖူးတယ်...... အားကျတယ်ဆိုတဲ့  စကားတစ်ခွန်းပြောတိုင်း ကိုယ်ကိုယ်တိုင်ရောပဲ သူများဆီက ကိုယ့်ကို အားကျတယ်ဆိုတဲ့  စကားတစ်ခွန်းပြန်ကြားရအောင် ကြိုးစားသင့်တယ်တဲ့ ........
    အာ့ကြောင့် အားကျတယ်ဆိုတဲ့  စကားကို နည်းနည်းလျှော့ပြောရမယ်ထင်တယ်နော့် ....။။.တော်ကြာ ဆရာ့ စကား နားမထောင်သလို ဖြစ်နေမှာစိုးလို့  :P :P :P
    ReplyDelete
  19. ကြက်တောင်ကိုကြိုးနဲ့ချည်ထားတာကိုတော့ ရိပ်မိလိုက်ပါ
    ရဲ့....၊ဘက်တန်ကို ထရိုင်ပေါ့မှာ ညှပ်ထားလိမ့်မယ်လို့
    ထင်ကိုမထင်တာ.....၊တစ်ယောက်ယောက်က ကိုင်ထား
    ပေးမယ်လို့ထင်နေတာ...အကိုရ....ဟီး...၊နောက်ပြီး
    နောက်ကနေ ကက်ထူအမဲတစ်ခု နောက်ခံထားတယ်လို့
    လည်း ထင်နေလိုက်သေး....:P အဲ့ဒီလိုကို ဓာတ်ပုံအမြင်
    က စူးရှတာကလား.......:D။ခုလိုမျိုးလေး ဝေမျှပေးတာ
    ကျေးဇူးတင်ရတယ်အကို...၊အဆင်ပြေရင် ဓာတ်ပုံအခြေ
    ခံသဘောလေးတွေ ဖတ်ချင်ပါသေးတယ်...၊အကိုရေးပုံ
    မျိုးက ရှင်းရှင်းလင်းလင်းရှိလို့ခင်ဗျ
    ReplyDelete
  20. ဓာတ်ပုံ ပညာကလဲ အရမ်းကို ကျယ်ပြန့် တယ်နော်... ကျွန်တော့် အဖေကလဲ ဓာတ်ပုံရိုက်တယ်... ကျွန်တော် ပြန်ရင် အဲဒီအလုပ်ကို ဆက်လုပ်ရမယ်တဲ့... ဒါပေမယ့် ကျွန်တော်က ကင်မရာ အကြောင်းကို ကောင်းကောင်း နားမလည်သေးဘူး။ အစ်ကိုနဲ့ အပြင်မှာ တွေ့ ချင်တဲ့ထဲမှာ ဓာတ်ပုံအယူအဆလေးတွေ အကြောင်းကို မေးချင်တာလဲ ပါတယ်။ ဒါပေမယ့် အစ်ကို ဒီကို လာမယ့်အချိန်မှာ ကျွန်တော်က ရှိနေမှာ မဟုတ်တော့ဘူး။ ဒီလကုန်တာနဲ့ ကျွန်တော်က ပြန်ပြီ။ အစ်ကိုနဲ့ အပြင်မှာ တစ်ခါလောက်တော့ တွေ့ ဖူးချင်ပါသေးတယ်...
    ReplyDelete
  21. ပါးကျပ်ဟောင်းလောင်းပွင့် .. သဘောတွေကျ .. ချီးကျုးမိပါတယ် အကိုတော်ရေ ..
    ReplyDelete
  22. မမိုးငွေ့၊ ညီငယ်မောင်မျိုး၊ ကိုစိုးကြီး၊ ညီမဇွန်၊ ညီမ,ချစ်စံအိမ်၊ ကိုသီဟသစ်၊ Anonymous၊ မကဗျာ၊ ကိုညိမ်း၊ ကိုညီရဲ၊ ညီမVista ...
    ခင်ခင်မင်မင်နဲ့ လာလည်ကြလို့ အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ..။
    ReplyDelete
  23. ကင်မရာကောင်းကောင်း ဝယ်ပြီးရင် အဲဒီလို ရိုက်ချင်တယ်..အခုတော့ လေ့လာသွားတယ် ကိုညီရေ...
    ReplyDelete