05 November 2012

ပြိုင်ဖက်...





‘အဆင်ပြေမယ်ဆိုရင် ကျနော်တို့နဲ့ နှစ်ယောက်တွဲပွဲ ကစားလို့ ရမလား...’

လှည့်ကြည့်လိုက်တော့ မကြာခဏ မြင်နေကျ မျက်နှာတစ်ခု...၊ ကျနော်တို့ ကစားလက်စကွင်းမှာ သူတို့ပါ ဝင်ပြီး ကစားနိုင်မလား ဆိုတဲ့သဘော...၊ အဲဒါနဲ့ ကျနော်ပေးရမယ့် ဆားဗစ်ကို မစသေးဘဲ ပိုက်တစ်ဖက်က ဒေါမနစ်ဆီကို လှမ်းကြည့်လိုက်တယ်၊ ဒေါမနစ်က ‘လုပ်လေ’ ဆိုတဲ့ သဘောနဲ့ ခေါင်းဆတ်ပြတယ်၊ ကျနော်ကလည်း ‘ရပါတယ်၊ ဒါပေမယ့် ဒီပွဲတော့ အပြီးဖြတ်လိုက်ဦးမယ်ဗျာ’ လို့ဆိုတော့ ဟိုလူနှစ်ယောက်က ‘ဟာ.. လုပ်ပါ၊ လုပ်ပါ’ ဆိုပြီး ကွင်းဘေးနားမှာ ရပ်နေကြတယ်၊ ကျနော်နဲ့ ဒေါမနစ်နဲ့ ကစားလက်စ တစ်ဦးချင်းပွဲကို ဆက်ကစားတယ်၊ ပွဲပြီးဖို့ သုံးလေးမှတ်လောက်ပဲ လိုတော့တာ ဆိုတော့ ခဏအကြာမှာပဲ ပြီးသွားတယ်၊ ဒီတော့မှ ခုနက ကွင်းဘေးမှာ ရပ်နေတဲ့ ပုဂ္ဂိုလ်နှစ်ယောက်လည်း ကွင်းထဲကို ဝင်လာကြတယ်၊ ပွဲမစမီ သွေးပူလေ့ကျင့်ခန်း အနေနဲ့ ကျနော်တို့ ကြက်တောင်ကို ဟိုဖက်ဒီဖက် အပြန်အလှန်ရိုက်ပြီး စ,လိုက်ကြတယ်...၊

ကျနော်အလုပ်လုပ်တဲ့ နေရာက အားကစားရုံမှာ ကြာသပတေးနေ့၊ နေ့လယ်ထမင်းစားချိန်တိုင်း ကျနော်တို့ ကြက်တောင်ရိုက် ကြပါတယ်၊ တခြား လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ ရှိရင်ရှိသလို တခါတလေ လူများတတ်ပေမယ့် အမြဲပုံမှန်ကတော့ ကျနော်နဲ့ ဒေါမနစ် ပါပဲ၊ သူနဲ့ ကစားတဲ့ အကြောင်းကို တစ်ခါတုန်းက ဒီမှာ ရေးခဲ့ဖူးပါတယ်၊ အားကစားရုံမှာ ကြာသပတေးနေ့ နေ့လယ်က ကြက်တောင်အတွက် သီးသန့်အချိန် ပေးထားပြီး ကွင်း ၁၂ ကွင်းရှိတယ်၊ ဒါပေမယ့် ကြက်တောင်လာရိုက်ကြတဲ့ ကျနော်တို့လို ဝန်ထမ်းတွေ၊ ဆရာတွေ၊ ကျောင်းသားတွေ များလို့ အဲဒီ ၁၂ ကွင်းလည်း ပြည့်တာပါပဲ၊ အစမှာတော့ ကျနော်တို့ တစ်ဦးချင်းပွဲ ကစားလို့ရပေမယ့် နောက်ပိုင်း လူများလာတဲ့အခါ အခုလိုပဲ နှစ်ယောက်တွဲ ပွဲတွေနဲ့ ကွင်းကို မျှပြီး ကစားရပါတယ်၊ အဲဒါဟာ ခုနက လူနှစ်ယောက်ကို သိဖို့ဖြစ်လာတာ ပါပဲ၊

သူတို့နှစ်ယောက် ကစားတာ တော်တော့်ကို ကောင်းတယ်၊ နှစ်ယောက်ထဲမှာမှ အင်္ကျီအပြာနဲ့ လူက ပိုပြီးသွက်တယ်၊ သူ့နာမည်ကို ကျနော် မသိဘူး၊ တွေ့လိုက်ရင် အမြဲတမ်း အဲဒီအင်္ကျီအပြာပဲ ဝတ်လေ့ရှိလို့ ကျနော်က အင်္ကျီအပြာနဲ့လူလို့ ခေါ်တယ်၊ ပုံစံကြည့်ရတာတော့ မာစတာတန်း ဒါမှမဟုတ် ပါရဂူတန်း တက်နေတဲ့ ကျောင်းသားနဲ့ တူတာပဲ၊ သူ့ရဲ့ smash တွေက ပိုပြင်းတယ်၊ ပထမဦးဆုံး ကစားတဲ့ ပွဲမှာပဲ သူတို့ရဲ့ အရည်အချင်းကို ကောင်းကောင်းသိလိုက်ရတယ်၊ ဆားဗစ်ပေးပုံ ပေးနည်း၊ ကြက်တောင်ကို အထောင်ရိုက်ပုံ၊ smash ရိုက်ချပုံ၊ ပိုက်ကျော်ရုံ ချပေးနည်း၊ ခြေထောက် အသိမ်းအနှုတ်၊ အတက်အဆုတ်... အားလုံးက သေသေသပ်သပ်နဲ့ တကယ့်ကို အသားတကျ...၊ အဲဒီအချိန် ကျနော်နဲ့ ဒေါမနစ်ကတော့ သူတို့နဲ့ ဆန့်ကျင်ဖက်...၊ ပညာနဲ့ ကစားဖို့ အသာထား၊ ကလေးတွေ ကစားသလို ကြက်တောင်နောက်ကို အမောတကောနဲ့ ပြေးလိုက်နေရတယ်၊ ဆားဗစ်ပေးပြန်တော့လည်း ကြက်တောင်ကို ဒီလိုပဲ အထောင်ပေးမိလို့ ပိုက်တဖက်က ပြိုင်ဖက်အတွက် ရိုက်ချဖို့ တကယ့်ကို အနေတော်..၊ ဒီကြားထဲ ပိုဆိုးတာက ကျနော်တို့က နှစ်ယောက်အတူ သိပ်မကစားဖူးဘူး၊ ဆိုတော့ အပေးအယူ မျှတယ် ဆိုတာ မရှိဘဲ လွတ်ကွက်၊ ဟာကွက်တွေက အများကြီး..၊ အဲဒီလိုနဲ့ ကစားလိုက်တာ ဘာပြောကောင်းမလဲ၊ တချိန်လုံး တဖုန်းဖုန်းနဲ့ ရိုက်ချ ခံနေရတဲ့အပြင် ကြက်တောင်ဆိုတာလည်း ကျနော်တို့ကွင်းရဲ့ ကြမ်းပြင်ပေါ်ကနေကို မတက်ဘူး...၊

နောက်ပိုင်းကျမှ ဒီလူနှစ်ယောက်က နှစ်ယောက်တွဲပွဲတွေချည်းပဲ လိုက်ကစားလေ့ ရှိတာ သတိထားမိတယ်၊ ကျနော်တို့တင် မကဘဲ တခြားတွေ့သမျှ လူတွေနဲ့ ကစားတယ်၊ အဲဒါကြောင့် သူတို့နှစ်ယောက်က အချိတ်အဆက်မိသလို အတွေ့အကြုံတွေ ရှိနေတာကိုး၊ အဲဒီ ပထမဆုံးပွဲရဲ့ နောက်ပိုင်းမှာလည်း ကြုံရင်ကြုံသလို သူတို့က လာလာကစားတယ်၊ ကစားတိုင်းလည်း ကျနော်တို့ကချည်း အရှုံး..၊ ဘယ်လိုကစား ကစား နိုင်ဖို့ဆိုတာ တစ်ခါမှတောင် အရိပ်အယောင် မမြင်ရဘဲ အရှုံးသက်သက်နဲ့သာ တချိန်လုံး တွေ့နေရတဲ့အခါ နည်းနည်းတော့ စိတ်ဓါတ်ကျသလို ဖြစ်မိတယ်..၊ ကျနော်တို့ ဘယ်လောက်ရှုံးရှုံး၊ အမှတ်ဘယ်လောက်ကွာကွာ၊ ဒီလူနှစ်ယောက်ကတော့ မညှာဘူး၊ ရိုက်ချစရာ ရှိရင် အားမနာစတမ်း smash ပဲ..၊ ဆိုတော့လည်း ရှုံးသူတို့ ပြောလေ့ရှိတဲ့ ‘အရှုံးအနိုင်က ပဓာန မကျပါဘူးကွာ၊ ယှဉ်ပြိုင်ခြင်းသာ အဓိကပါ’ ဆိုတာက ကျနော်တို့ရဲ့ လက်သုံးစကား ဖြစ်လာရတယ်..၊

ဒီလူတွေနဲ့ မတွေ့တာ အတော်ကြာနေပြီ၊ အခုဒီနေ့မှ ပြန်တွေ့တာ...၊ ထုံးစံအတိုင်း ကွင်းတွေအားလုံးကလည်း အပြည့်..၊ အမှန်အတိုင်း ပြောရရင် ကျနော်သူတို့နဲ့ သိပ်မကစားချင်ဘူး၊ ကစားရမယ့် ပြိုင်ဖက်က သူတို့ဖြစ်နေတဲ့ အပြင် ကျနော်ကလည်း ဒီနေ့မှ ခါးနာနေတယ်၊ ဒါပေမယ့် ငြင်းဖို့ကလည်း မကောင်းဘူး၊ ကွင်းတိုင်းမှာ နှစ်ယောက်တွဲပွဲတွေနဲ့ မျှပြီး ကစားနေကြချိန်မှာ ကိုယ်တွေကပဲ တစ်ဦးချင်းပွဲ ကစားနေရင် နည်းနည်း တစ်ကိုယ်ကောင်းဆန်ရာ ကျမှာပေါ့၊ ဒီလိုနဲ့ သွေးပူလေ့ကျင့်ခန်း ပြီးတော့ ပွဲစတယ်၊

ကျနော်တို့က အရင် ဆားဗစ်ရတယ်၊ ဟိုးအရင်အချိန်နဲ့ စာရင်တော့ ကျနော်တို့နှစ်ယောက် နည်းနည်းပိုပြီး အတွေ့အကြုံ ရှိလာပြီလို့ ပြောလို့ရတယ်၊ ကွင်းမှာ လူပြည့်တိုင်း နှစ်ယောက်တွဲပွဲတွေ ကစားနေကြ ရတာကိုး၊ ကျနော်က ကြက်တောင်ကို ပိုက်ကျော်တယ် ဆို ရုံကလေး ကပ်ပြီး ချပေးလိုက်တယ်၊ မျက်နှာချင်းဆိုင် ဓါးလွယ်ခုတ် နေရာမှာ ဆားဗစ်ကို လက်ခံတာက အင်္ကျီအပြာနဲ့လူ..၊ ပိုက်ကျော်ရုံ လေး ကပ်ပြီး ဝင်လာတဲ့ ကြက်တောင်ကို သူက ဆားဗစ်လိုင်း မကျော်ဘူးထင်ပြီး မရိုက်ဘဲ လွှတ်ပေးလိုက်တယ်၊ ဒါပေမယ့် ကြက်တောင်က ဆားဗစ်လိုင်းပေါ် တည့်တည့်ကြီးကျလို့ ကျနော်တို့ ဗွေဆော်ဦး တစ်မှတ်ရသွားတယ်၊ ဒုတိယ ဆားဗစ်အတွက် ကွင်းရဲ့ ဘယ်ဖက်ခြမ်းကို ပြောင်းတယ်၊ အဲဒီ ဒုတိယဆားဗစ်ကို ခုနအတိုင်းပဲ ကျနော် ချပေးလိုက်တယ်၊ အင်္ကျီအပြာနဲ့လူရဲ့ မိတ်ဆွေက ပင့်တင်ပြီး ပြန်ရိုက်တယ်၊ ဒါပေမယ့် ရိုက်ချက်ချော်သွားလို့ ကြက်တောင်က ကျနော့်အနောက်မှာ ရှိနေတဲ့ ဒေါမနစ်ဆီ တန်းတန်းမတ်မတ် ရောက်သွားတယ်၊ ဒေါမနစ်က အဲဒီကြက်တောင်ကို မိမိရရ တခါတည်း ရိုက်ချလိုက်တယ်၊ နှစ်မှတ်...၊ အခုထိ ကျနော်တို့ ဆားဗစ် မသေသေးဘူး၊ တတိယဆားဗစ် ဆက်တယ်၊ ဒီတစ်ခါတော့ ကြက်တောင်က ပိုက်ပေါ်ကျော်ပြီး တဖက်ခြမ်းကို ဝင်လာရုံပဲ ရှိသေး၊ အင်္ကျီ အပြာနဲ့လူက တဟုန်ထိုး ပြေးဝင်ပြီး ရိုက်ချတယ်၊ သူ သတိနဲ့ စောင့်နေပုံပဲ၊ ဒါပေမယ့် စက္ကန့်ဝက်လောက် နောက်ကျသွားတယ်၊ ကြက်တောင်က ကျနော်တို့ဖက် ရောက်မလာဘဲ ပိုက်ထဲတိုးသွားတယ်၊ အဲဒီလို ၃ မှတ်ဆက်တိုက်ရပြီး အဖွင့်ကောင်းကောင်းနဲ့ ကျနော်တို့က အစပိုင်းမှာ ဦးဆောင်ကစားနေ ခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဟိုလူတွေက တဖြည်းဖြည်းနဲ့ ပြန်မှီလာတယ်၊ ပြီးတော့ ကျနော်တို့ထက် အမှတ်သာသွားတယ်၊ အဆုံးသတ်မှာတော့ ငါးမှတ်အကွာနဲ့ သူတို့နိုင်သွားတယ်၊

ကျနော်တို့ ဟိုဖက်ဒီဖက် ကွင်းချိန်းပြီး ဒုတိယပွဲ ဆက်ကစားကြပြန်တယ်၊ ဒီတစ်ခါလည်း ကျနော်တို့က အမှတ်အသာနဲ့ အစကောင်း ပြန်ရော..၊ ဒါပေမယ့် ပွဲရဲ့ အလယ်လောက်ရောက်တော့ သူတို့ပြန်မှီလာတယ်၊ ပထမပွဲတုန်းက ဖြစ်စဉ်အတိုင်းပဲ၊ အဲဒီလို အမှတ်မတိမ်းမယိမ်းနဲ့ သွားနေရင်းက သူက တစ်မှတ်နှစ်မှတ်လောက် ကျောလိုက်၊ ကိုယ်က နှစ်မှတ်လောက် ပြန်ကျောလိုက်နဲ့ အဆုံးကို ရောက်လာတယ်၊ အဲဒီမှာ ကျနော်တို့က နှစ်မှတ်အကွာနဲ့ နိုင်လိုက်တယ်၊ ၂၁ မှတ် - ၁၉ မှတ်...၊ အနိုင်ရဖို့က အနည်းဆုံး နှစ်မှတ်ကွာရမယ်ဆိုတော့ အခု တကယ့်ကို ပွက်ကာသီကာလေး ကပ်နိုင်တာပေါ့..၊

ကျနော်တို့က ဘက်စ်အော့ဖ်သရီး ကစားတာပါ၊ ပထမပွဲ သူတို့နိုင်တယ်၊ ဒုတိယပွဲ ကျနော်တို့နိုင်တယ်၊ အခု တတိယနဲ့ နောက်ဆုံးပွဲက အဆုံးအဖြတ်ပဲ၊ ကျနော်တို့ ကွင်းပြန်ချိန်းကြတယ်၊

'အခုကစားခဲ့တဲ့ ကွင်းဖက်က ကြည့်ရင် ပိုပြီးအလင်းပြန်တယ်နော်...'

အင်္ကျီအပြာနဲ့လူက ကွင်းအချိန်းမှာ လှမ်းပြောတယ်၊ ဟုတ်ပါတယ်၊ မျက်နှာချင်းဆိုင်မှာ မှန်ပြူတင်းပေါက်တွေရှိလို့ အဲဒီဖက်ကွင်းကနေ ကြည့်ရင် ပိုပြီးအလင်းပြန်ပါတယ်၊ သူပြောတာ မမှားပါဘူး၊ ဒါပေမယ့် အခုလို လောလောလတ်လတ် ရှုံးထားကာစ မှာဆိုတော့ သူ့စကားက 'အလင်းပြန်လို့ ငါတို့ ရှုံးရတာပါကွာ' ဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားတယ်၊ သူကတော့ အဲဒီလိုသဘောနဲ့ ပြောတာ ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊

'ဟုတ်တယ်ဗျ၊ ဒါ့ကြောင့် အဲဒီကွင်းဖက်ကနေ ကစားတိုင်း ရှုံးကြတာ ဖြစ်မယ်... ̕'

အမှတ်တမဲ့နဲ့ ကျနော် လှမ်းနောက်လိုက်မိတယ်၊ အင်္ကျီအပြာနဲ့လူက ကျနော့်ကို တစ်ချက်လှမ်းကြည့်တယ်၊ သူ့မျက်လုံးထဲမှာ အရိပ်တချို့ ဖြတ်ပြေးသွားတာ ကျနော်ကလည်း မြင်ဖြစ်အောင် မြင်လိုက်တယ်၊ တကယ်တော့ ဒီစကားက ရိုးရိုးလေးပါ၊ တစ်ယောက်တစ်ပွဲစီ ရှုံးထား ကြတယ်၊ ရှုံးတာကလည်း အလင်းပြန်တဲ့ ကွင်းဖက်မှာ နေတုန်းက..၊ ဒါပေမယ့် ဒါဟာ တိုက်ဆိုင်မှုပဲ ဖြစ်ဖို့ ပိုများပါတယ်၊ အလင်းက မျက်စိထဲ စူးနေလောက်အောင်လည်း မပြန်ပါဘူး၊ ဒါပေမယ့် သူအမြဲတမ်း အနိုင်ရနေကျ လူတစ်ယောက်ဆီက ဒီစကားမျိုး ထွက်လာတာကို အင်္ကျီအပြာနဲ့လူက သိပ်မဘဝင်ကျဟန် မတူဘူး၊ နိုင်ခြင်းနိုင်ရင် အလင်းပြန်လို့ မဟုတ်ဘဲ သူ့ရဲ့ အရည်အချင်းကြောင့်သာလို့ သူက ဖြစ်ချင်ပုံပါပဲ၊

'ဒါဆို ဒီတတိယပွဲရဲ့ တဝက်မှာ ကျနော်တို့ ကွင်းပြန်ချိန်းကြမလား...'

သူက မျှမျှတတ ဖြစ်ချင်ပုံနဲ့ မေးတယ်၊ ဒါ ကျနော့်အတွက်တော့ မလိုတဲ့ ကိစ္စပါ၊ ကျနော်တို့ရဲ့ နိုင်ခြင်း၊ ရှုံးခြင်းမှာ မှန်ပြူတင်းက ဝင်လာတဲ့ မဆိုစလောက် အလင်းလေးက ဒီလောက် အခရာ မကျပါဘူး၊ ခပ်ပြုံးပြုံးပဲ ပြန်ပြောလိုက်တယ်...၊

'ရပါတယ်ဗျာ၊ အဆင်ပြေမှာပါ...၊ ဒီတစ်ခါတော့ ကျနော်တို့ ဒီကွင်းကို အသားကျလောက်ပါပြီ...'

ဒီလိုနဲ့ တတိယပွဲကို စလိုက်တယ်၊ ပွဲစတာနဲ့ ဆားဗစ်တွေကို အလဟဿ မသေအောင် ကျနော်အထူးသတိထားတယ်၊ အမှတ်ပေး စနစ်သစ်မှာ ဆားဗစ်ကိုပါ ရေတွက်တာဆိုတော့ ကိုယ်အမှားလုပ်ပြီး ကြက်တောင်က ပိုက်ထဲတိုးလည်း ဟိုဖက်က အလကားနေရင်း တစ်မှတ် ရတာကိုး..၊ ဒီတစ်ခါတော့ နှစ်ဖက်စလုံးက အထူးသတိထားပြီး ကစားနေကြတာ သိသာတယ်၊ အမှတ်တွေက တဖက်နဲ့တဖက် သိပ်မကွာဘဲ မတိမ်းမယိမ်း တက်လာကြတယ်၊ အခွင့်အရေးရတာနဲ့ လွတ်မသွားစေဘဲ အမိအရ ယူဖို့လည်း နှစ်ဖက်စလုံးက ကြိုးစားလာကြတယ်၊ ကြက်တောင်က လေထဲမှာ နည်းနည်းလေး မြောက်သွားတာနဲ့ အင်္ကျီအပြာနဲ့လူက ရိုက်ချတော့တာပဲ..၊ ဆိုတော့ ကျနော်တို့က သူအဲဒီလို ရိုက်မချနိုင်အောင် ကြက်တောင်ကို ပိုက်နဲ့ကပ်လျက် နိမ့်နိမ့်လေး ပေးချင်ပေး၊ ဒါမှမဟုတ် ဟိုးနောက်ဖက် စည်းနားအထိ ရောက်အောင် အဝေးကြီး ပို့ပေးရတယ်၊ ဒါဆို သူ smash လုပ်ပေမယ့် အားနည်းနည်းပျော့တာမို့ ပြန်ဆယ်နိုင်မယ်၊

တစ်ကြိမ်မှာ ကြက်တောင်က ကျနော်တို့ကွင်းဖက်ကို ထောင်တက်လာတယ်၊ ပိုက်နဲ့ ၂ မီတာလောက်အကွာ ကျနော့်ရဲ့ အရှေ့တည့်တည့်...၊ ရိုက်ချဖို့ အကောင်းဆုံး အနေအထား..၊ ကျနော်လေထဲကို ခုန်လိုက်ပြီး အားနဲ့ ရိုက်ချလိုက်တယ်၊ ဒါပေမယ့် ကျနော်ခုန်တဲ့ အမြင့်နဲ့ ကြက်တောင်က ကျလာတဲ့အရှိန်က ချိန်သားမကိုက်ဘဲ ဖြစ်သွားလို့ ကြက်တောင်ကို မထိတထိပဲ ရိုက်မိတယ်၊ တဖက်ကွင်းကို အရှိန်နဲ့စိုက်ပြီး ဆင်းရမယ့်ကြက်တောင်က အခုတော့ ပျော့ဖတ်ဖတ်နဲ့ လည်ပြီး ရောက်သွားတယ်၊ အဲဒီမှာ အင်္ကျီ အပြာနဲ့ လူအတွက် အခွင့်အရေး ရသွားတယ်၊ ရိုက်ချလိုက်တာ တစ်ချက်တည်း ဖုန်းကနဲပဲ..၊ ကျနော် ကိုယ့်အမှားအတွက် စိတ်တိုသွားမိတယ်၊ တကယ်ဆို ဘာမှ ခုန်စရာတောင် မလိုဘဲ အပိုင်ရိုက်နိုင်တဲ့ဟာကို..၊ လိုအပ်တာထက် ပိုပြီး အင်အားသုံးမိတဲ့ အမှားပါပဲ၊ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါမနစ်က ဟိုးနောက်စည်းနား အဝေးကြီးကနေ ပိုက်ကိုကျော်တယ် ဆိုရုံလေး ကြက်တောင် ချပေးတဲ့နေရာမှာ အတော်ကောင်းပါတယ်၊ သူနဲ့တစ်ယောက်ချင်း ကစားတဲ့အခါ ကျနော်ဆိုရင် အဲဒီအကွက်မှာ ခဏခဏ အငိုက်မိလို့ သတိထားရတယ်၊ ဒါပေမယ့် သူကလည်း ဒီနေ့မှ တစ်ချက်မှ မမှန်ပြန်ဘူး၊ ကြက်တောင်က ပိုက်မကျော်ဘဲနေလိုက်၊ ကျော်ပြန်တော့လည်း လေထဲမှာ ထောင်သွားလို့ ဟိုဖက်က လူတွေက ရိုက်ချလိုက်နဲ့၊ အမှတ်တွေ မပေးသင့်ဘဲ ကျနော်တို့ ပေးနေရတယ်၊ ဒါပေမယ့် ဒေါမနစ်ကို အပြစ်မပြောမိအောင် ကျနော်သတိထားတယ်၊ ကစားပွဲတစ်ခုမှာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့တဲ့အခါ အခုလို စိတ်နဲ့မတွေ့တာမျိုး ဖြစ်တတ်တာ သဘာဝပဲ မဟုတ်လား၊ ကြက်တောင်လို နှစ်ယောက်အသင်း၊ ဘော်လီဘောလို ၆ ယောက်အသင်း၊ ဘော်လုံးလို ၁၁ ယောက်အသင်း... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အမှားကို သူလိုက်ဆယ်ရတာ၊ သူ့အမှားကို ကိုယ်က ပြန်ချေဖျက်ဖို့ ကြိုးစားရတာ၊ ဒါတွေက အမြဲပဲရှိနေမှာပါ၊ အဲဒါတွေကို အပြစ်မမြင်ဘဲ စိတ်ဓါတ်ခိုင်ခိုင်ထားပြီး ရှေ့ဆက်သွားဖို့က အရေးကြီးပါတယ်၊ အဲဒီလိုမှ team spirit ကို ဖော်ဆောင်နိုင်မှာ မဟုတ်လား...၊

ကျနော် စိတ်လှုပ်ရှားပြီး မောနေတာ ကိုယ့်ကိုယ်ကို ပြန်သတိထားမိတယ်၊ ဒီလိုအခြေအနေမှာ စိတ်မတည်ငြိမ်တဲ့လူက တစ်ပန်းရှုံး ပြီးသားပဲ၊ ဒါနဲ့ အသက်ကို အားရပါးရ ရှူသွင်းတယ်၊ ရှူထုတ်တယ်၊ သုံးလေးခါလောက် လုပ်လိုက်တော့ နည်းနည်းပြန်ငြိမ် သွားတယ်၊ အခြေအနေကို အမြန်ဆုံး ပြန်သုံးသပ်တယ်၊ ပထမပွဲတုန်းက ကျနော်တို့ ရှူံးတယ်ဆိုပေမယ့် အမှတ်အသာနဲ့ ဦးဆောင်ကစား နိုင်ခဲ့တယ်၊ ဒုတိယပွဲမှာတော့ နိုင်အောင်တောင် ကစားနိုင်ခဲ့ပြီ၊ ဒီပွဲမှာလည်း အခု ၁၃ မှတ်အထိ အမှတ်က မတိမ်းမယိမ်းနဲ့မို့ ဘာမှ စိတ်စောနေစရာ မလိုဘူး၊ ကျနော်တို့နဲ့ မတွေ့ဖြစ်တဲ့ အတောအတွင်းမှာ ဒီလူတွေ လက်ကျသွားတာ ဖြစ်နိုင်သလို ကျနော်တို့ လက်တက်လာတာလည်း ဖြစ်နိုင်တယ်၊ ဆိုတော့ ကျနော်တို့ နိုင်အောင်ကို ကစားနိုင်တယ်၊ အဲဒီလိုလေး တွေးလိုက်တော့ နည်းနည်း အားပြန်တက် သွားတယ်၊ အရေးအကြီးဆုံးက ကျနော်တို့ရဲ့ အမှားကနေ သူတို့ အမြတ်ထုတ်၊ အခွင့်အရေး ယူမသွားဖို့ပဲလို့ ကျနော် ကိုယ့်ကိုယ်ကို ပြန်ပြီး သတိပေးလိုက်တယ်၊ ပြန်တက်လာတဲ့ စိတ်ဓါတ်နဲ့အတူ ထောင့်စေ့အောင် ကျနော်ကြိုးစားကြည့်တယ်၊ ကြက်တောင်ကို ဘယ်ဖက်ရိုက်မလဲ ဆိုတာ သူတို့မသိနိုင်အောင် မြေပေါ်ကျကာနီးအထိ လက်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ဖျောက်ကစားတယ်၊ Smash ရိုက်ချတော့မယ်ဆို စိတ်အာရုံကို လက်ကောက်ဝတ်ဆီ ပို့ထားတယ်၊ လက်မောင်းအားကို သုံးပြီး ရိုက်ချတာထက် လက်ကိုဖျော့ထား၊ လက်ကောက်ဝတ်ကို ချိုးပြီး ရိုက်ချတာက ပိုပြီးထိရောက်ပါတယ်၊ အဲဒီလို ကစားပြီး သိပ်မကြာခင်မှာပဲ ပွဲဟာ ကျနော်တို့လက်ထဲမှာ ရောက်လာပြီဆိုတာ သိလိုက်ရတယ်၊ ဟုတ်ပါတယ်..၊ အမှတ်တွေ ဆက်တိုက်တက်လာပြီး နောက်ဆုံးမှာ ၆ မှတ်အကွာနဲ့ ကျနော်တို့ နိုင်လိုက်တယ်၊ ပွဲအပြီး နှုတ်ဆက်ကြချိန်မှာ အင်္ကျီအပြာနဲ့လူက 'bravo' ဆိုပြီး ချီးကျူးတော့ ကျနော်က 'You did a good job, too' လို့ ပြန်နှစ်သိမ့်လိုက်တယ်၊ ဒီလူ့ကို အဲဒီစကား ပြောလိုက်တဲ့ အချိန်မှာ ဘာမှန်းမသိတဲ့ ခံစားမှုတစ်မျိုး ကျနော်ရနေခဲ့တယ်၊ ပြီးတော့ ကစားရတာ အကြိတ်အနယ်မို့ နှစ်သက်မိကြောင်းပြောပြီး ကျနော်တို့ လမ်းခွဲလိုက်ကြတယ်...၊

ဒီကြက်တောင်ပွဲလေးက တကယ်တော့ ဘာမှ အရေးမပါ,ပါဘူး၊ အရေးကြီးလှတဲ့ နိုင်ငံ့ဂုဏ်ဆောင်ပွဲ မဟုတ်သလို နိုင်လည်း တဒင်္ဂလေး ကျေနပ်၊ ရှူံးလည်း ခဏတဖြုတ် စိတ်ဓါတ်ကျပြီး အလွန်ဆုံး နာရီဝက်လောက် အကြာမှာပဲ အားလုံးမေ့သွားမှာပါ၊ အခုတစ်ခေါက် အင်္ကျီ အပြာနဲ့လူနဲ့ သူ့ကစားဖော်ကို ကျနော်တို့ နိုင်လိုက်ပေမယ့် နောက်တစ်ခေါက်ကျ သူတို့ကပဲ အပြတ်အသတ် နိုင်တာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ကျနော်တို့ကို တချိန်တုန်းက မှောက်လိုမှောက်၊ လှန်လိုလှန် ကစားခဲ့သူ တစ်ယောက်ကို နောက်ဆုံးတော့ နိုင်အောင် ပြန်ကစားနိုင်တဲ့ အရည်အသွေး ကျနော်တို့ဆီမှာ ရှိတယ်ဆိုတဲ့ အသိက ဒီကစားပွဲရဲ့ အမြတ်ပါပဲ၊ ဘဝမှာ တခါတလေ အဆုံးသတ်ရလဒ်ထက် အဲဒီရလဒ်ကို ဆောင်ကြဉ်းပေးတဲ့ စိတ်အတင်အချ၊ စိတ်ခွန်အားကို သိလိုက်ရတာက ပိုပြီးအကျိုးရှိ ပါတယ်၊ ရလဒ်က ဒီတစ်ပွဲတည်းအတွက် ဖြစ်ပေမယ့် အဲဒီလိုရလဒ်ပေါင်းများစွာကို ယူပေးနိုင်တဲ့ စိတ်စွမ်းအားကတော့ ကိုယ့်တစ်ဘဝလုံးကို မောင်းနှင်ပေးသွား နိုင်တာ မဟုတ်လား...။ ။


ညီလင်းသစ်
၃ နိုဝင်ဘာ၊ ၂၀၁၂

31 comments:

  1. I am your blog reader. That post is good one too.

    ReplyDelete
  2. ဓါတ်ပုံရဲ့ အလင်းအမှောင်ကို ကြိုက်တယ်ဗျ

    ညီ

    ReplyDelete
  3. ကစားပွဲလေး ကို မျှဝေခံစားရတဲ့ အတွက် ကျေးဇူး ကိုညီလင်းသစ် ရေ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  4. ပြိုင်ဖက်ကိုဖတ်ရင်း ကိုယ်တိုင်ကစားနေသလို မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် မြင်ယောက်နေတယ်။ အမှတ်ပေး စနစ်သစ်မှာ ဆားဗစ်ကိုပါ ရေတွက်တာဆိုတာလေး သိသွားတယ် တီတင့်တို့ ကစားစဉ်ကတော့ စံနစ်ဟောင်းလေးပေါ့။ အားကစားတိုင်းမှာ ကိုယ့်ရဲ့အားနည်းချက်ဟာ တစ်ဖက်သားအတွက် အခွင့်အရေးဖြစ်သွားနိုင်တာကို ဂရုပြုသင့်တာ အမှန်ပဲ မောင်ညီလင်းရေ။ စိတ်ဝင်စားဘို့ကောင်းအောင် ရေးသွားနိုင်ပါပေတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မောင်မျိုးNovember 5, 2012 at 5:53 AM

    အစ်ကို့ အစားမောပါမောသွားတယ်း)

    ပြိုင်ပွဲထဲ ၀င်ပြိုင်လိုက်ရသလိုပဲ ဘာပဲဖြစ်ဖြစ် ဒါကလည်း တိုက်ပွဲတစ်ခုပေါ့ စိတ်ခံစားမှု အနိမ့် အမြင့်ကော သက်လုံး အတွေ့အကြုံ ထိန်းချုပ်နိုင်မှု ဒါတွေဟာ နေရာတိုင်းမှာ လိုအပ်မှုတွေပါပဲ ရှုံးတာကို လက်ခံနိုင်သလို အနိုင်အတွက်လည်း ပီတိဖြစ်နိုင်ရမှာပေါ့ ။

    ဘာပဲဖြစ်ဖြစ် အစ်ကိုနိုင်တဲ့အတွက် ၀မ်းသာပါတယ် ဘရာဗိုး)

    ReplyDelete
  6. ပိုစ့်လေးကို ဖတ်ပြီး ကိုယ်နဲ့ မရင်းနှီးတဲ့ ကစားပွဲတစ်ခုကို လေ့လာခွင့်ရခဲ့တဲ့အတွက် ကျေးဇူးပါ အစ်ကို... အဲဒီလို ခံစားချက်မျိုး ခံစားဖူးတယ်... ကျွန်တော်တို့ ဒေသမှာ အရမ်းကောင်းတဲ့ ဘော်လုံးအသင်း တစ်သင်းရှိတယ်... သူတို့ နဲ့ ကန်တိုင်း မခံချင်စိတ်နဲ့ အားထည့်ကစားဖြစ်တယ်... သူတို့ နဲ့ တွေ့ တိုင်းလဲ ကျွန်တော်တို့ အသင်းက ကောင်းကောင်းကန်နိုင်တယ်... မခိုမကပ်နဲ့ အားထည့်ကစားကြတယ်... ဒါကြောင့် နောက်ပိုင်း သူတို့ နဲ့ သူနိုင်လိုက် ကိုယ်နိုင်လိုက်ပါဘဲ... အဲဒီလို နိုင်တဲ့အနိုင်က တကယ်ကို ချိုမြိန်တယ်... တကယ်တော့ တကယ့်ပြိုင်ဘက်ကောင်းနဲ့ တွေ့ တဲ့အခါ ကိုယ်ကိုယ်တိုင်က ပိုးအားထုတ်ကစားရင်း ကိုယ့်အရည်အသွေးလဲ ပိုတက်လာတယ် ထင်တာပါဘဲ...

    ReplyDelete
  7. ကိုညီလင်းနဲ့အတူ ကြက်တောင်လိုက် ကစားနေရသလိုပဲ။ တောက်လျှောက် ဆွဲခေါ်သွားတယ်။ နောက်ဆုံးပွဲ ... အသက်တောင်မရှူရဲဘူး ... နိုင်ပြီဆိုမှပဲ သက်ပြင်းချနိုင်တော့တယ်။

    ထုံးစံအတိုင်း ပြောရရင်တော့ ... စာတပုဒ်လုံးရဲ့ အနှစ်သာရကို ပေးစွမ်းတဲ့ အဆုံးသတ်ကလေးကိုတော့ သဘောအကျဆုံးပါပဲ ... ။

    ReplyDelete
  8. သရုပ်ဖော်အရေးအသားတွေ သွက်လက်ရဲတင်းတယ်ဗျာ. သဘောကျတယ်. ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ကစားနေရသလို ရင်တမမနဲ့၊ ကစားနေရင်း ကိုယ့်စိတ်ကို ပြန်ထိန်းဖို့ သတိပေးနေချိန်မှာ ကိုယ်တိုင်ရဲ့ စိတ်ကိုပါ လိုက်စောင့်ကြည့်နေခဲ့မိတယ်.

    ကောင်းတဲ့အက်ဆေးလေးလို့ ချီးကျူးရုံမည်ကာမတ္တနဲ့ မလုံလောက်နိုင်တဲ့ အက်ဆေးကောင်းလေးပါပဲ ဘရို..

    Y.

    ReplyDelete
  9. ဓာတ်ပုံအရမ်းကြိုက်ပါတယ်..
    ကြက်တောင်ရိုက်ခြင်း အနုပညာပီပြင်စွာ စာဖွဲ့နိုင်ခြင်းကိုလည်း.. ချီးကျူးမိး))

    ReplyDelete
  10. မောတောင်မောတယ် ..ဖတ်ရင်း အနော်သာဆို လျှာအတစ်လိုက်ထွက်နေမယ်ထင်တယ် ဟိဟိ

    ReplyDelete
  11. အဲလိုစိတ်စွမ်းအားမျိုးဘယ်အချိန်ဘယ်အခြေအနေပဲဖြစ်ဖြစ်အမြဲပိုင်ဆိုင်ရရှိနိုင်ပါစေလို့ ...
    အိုင်အိုရာ

    ReplyDelete
  12. စာဖတ်ရင်းနဲ့ ကြက်တောင်ဝင်ရိုက်ရသလိုပဲ။
    nice post.

    ReplyDelete
  13. ကစားနေပုံလေးတွေကို ရေးနေရင်း တစ်ချက်တစ်ချက် အစဆွဲလိုက်တဲ့ စကားစုလေးတွေကို ကြိုက်တယ်အကို။

    ReplyDelete
  14. သိပ်ကိုလှတဲ့ပို့စ်လေးပါလားအကိုရ....၊အဆုံးသတ်မှာပေး
    သွားတဲ့ မတ်စေ့လေးကလည်း တကယ်ကောင်းတယ်...။
    ဓာတ်ပုံလေးကလည်း မက်မက်မောမောထိုင်ကြည့်ချင်စရာ
    ပန်ချီကားလေးအတိုင်ပဲဗျာ...တကယ်တကယ်...။ဟုတ်
    တယ်နော်....တစ်ခါတစ်လေကျ ကိုယ်အမြဲရှုံးနေတတ်တဲ့
    ပြိုင်ပွဲတွေမှာ တစ်ပြန်တစ်လှည့်ပြန်နိုင်လိုက်လို့ရလာတဲ့
    ခံစားမှုမျိုးက သိပ်ကိုချိုမြိန်လှရဲ့....၊ကိုယ့်ကို ကိုယ်လည်း
    ယုံကြည်မှုတွေတိုးလာသလိုပဲဗျနော်....။

    ReplyDelete
  15. ကစားပုံရေးထားတာ အသေးစိပ်တော့ ကိုယ်တိုင်ကြည့်နေရသလိုပါပဲ

    ReplyDelete
  16. လပြည့်ရိပ်November 5, 2012 at 2:32 PM

    အင်း .. ကြက်တောင် ရိုက်နေတုန်းကများ စာရေးဖို့ စာစီနေသလား .. :P

    ReplyDelete
  17. လပြည့်ရိပ်November 5, 2012 at 2:34 PM

    တကွက်ချင်း ပြန်ရေးနိုင်လို့ ... :)

    ReplyDelete
  18. မနက်ကတည်းက တွေ့ တွေ့ ချင်းပဲ ဖတ်ထားပြီးပြီ ..ခုမှ comment ကို အေးဆေးလာရေးတာ.......။ စာမဖတ်ရသေးခင်ကတည်းက ဓါတ်ပုံနဲ့ တင်ကိုပဲ အားလုံးကို အနိုင်ရပြီးသားပါ..... ;)
    စာဖတ်လိုက်တော့ စာဖတ်သူတွေအားလုံးကို ကြက်တောင်ပွဲတစ်ပွဲ ပေးကြည့်ထားပြန်တယ်....စိတ်လှုပ်ရှားမှု ..တွေနဲ့ လေ........။ ကိုယ်တိုင်အပျော်သက်သက် သူကောက် ကိုယ်ကောက် ကြက်တောင်မျိုးရိုက်ဖူးပေမယ့် ...ကြက်တောင်ပွဲကြည့်ရမှာတော့ ပျင်းခဲ့ ဖူးတာ ပြန်ပြင်လိုက်ရတော့မယ်ထင်တယ်...။ :D :D ကိုယ်တိုင် ပွဲတစ်ခု ဘေးကနေထိုင်ကြည့်ရသလိုမျိုး အစအဆုံး စိတ်ဝင်စားဖို့ ကောင်းတယ်.......။ ဟုတ်တယ်နော်......အရေးကြီးပြီဆိုရင် စိတ်လှုပ်ရှားပြီး မမှားသင့်တဲ့ အမှားတွေ လုပ်ပစ်တတ်ကြတယ်.....။ စိတ်တည်ငြိမ်တဲ့ လူက အမြဲ သာသွားတာပါပဲ.......။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲ သတိပေးနေရတဲ့ အချက်လေးပါပဲ.......။။ BTW ...ဒီခုနောက်ပိုင်း အသစ် အသစ်လို့ တောင် လာမအော်ရတော့ဘူးနော်..... :D :D :D

    ReplyDelete
  19. Anonymous...
    Thank you for your kind comment!

    ညီ...
    ကျေးဇူးပါဗျာ..၊

    အစ်မရွှေစင်...
    လာလည်တာ ကျေးဇူး အစ်မရေ...၊

    တီတင့်...
    တီတင့်က အမှတ်ပေး စနစ်ဟောင်းနဲ့ စကားခဲ့ဖူးသူကိုး...၊ ကျနော်တို့ တစ်ပွဲလောက် လုပ်လိုက်ရအောင်လေ...နော၊း)

    မောင်မျိုး...
    ညီ့ရဲ့ ကွန်မန့်လေး သဘောကျတယ်၊ ပြုံးချင်စရာလေးလည်း ပါသလို မျှမျှတတ၊ တည်တည်ငြိမ်ငြိမ်နဲ့...၊း) ကျေးဇူးညီရေ...၊

    ကိုညီရဲ...
    ပြိုင်ဖက်ကောင်းကို အမှီလိုက်ကစားရင်း ကိုယ့်ရဲ့ အရည်အသွေးလည်း တက်လာတယ်ဆိုတဲ့ အမြင်လေး သဘောကျတယ်ဗျ၊ တွေးစရာလေးပါတဲ့ ကွန်မန့်အတွက် ကျေးဇူးပါဗျာ..၊

    မမေ...
    ဒါဆိုရင်တော့ ကျနော်တို့ ကစားတဲ့ဆီကို မမေကို တစ်ခါလောက် ဖိတ်ဦးမှပါပဲ..၊း) အမှန်အကန် အားပေးမယ့် ပရိတ်သတ်ကောင်း တစ်ယောက်ရမှာ သေချာတယ်...၊း))

    ကိုရန်...
    သွက်လက်ရဲတင်းတဲ့ သရုပ်ဖော် အရေးအသားတွေအတွက် စူးရှထက်မြက်တဲ့ ကွန်မန့်ကို ချန်ခဲ့လို့ ကျေးဇူးပါပဲ ဘရို...၊း)

    မလေး...
    ဓါတ်ပုံလေး ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ် မလေးရေ..၊

    ညီမVista...
    ကျနော်လည်း စ,ကစားတုန်းက တကယ့်ကို လျှာအတစ်လိုက် ထွက်ခဲ့တာဗျ၊ အဟုတ်ပြောတာ..၊း)

    မအိုင်အိုရာ...
    အမြဲတမ်းသာ ပိုင်ဆိုင်ခွင့်ရလို့ ကတော့ဗျာ...ဟင်းဟင်း...၊ ဘာပြောကောင်းမလဲ..၊း)

    မ,ရှင်လေး...
    Throwing two birds with one stone လေ..၊ အဟဲ.. မပိုင်လား၊း)

    ညီမမြတ်မွန်...
    ညီမက သတိလေးကပ်ပြီး ဖတ်သွားခဲ့တယ် ထင်ပါရဲ့ဗျာ၊း) ကျေးဇူးပါနော်...၊

    ကိုညိမ်း...
    ဟုတ်တယ်ဗျ၊ 'ငါလုပ်နိုင်တယ်' ဆိုတဲ့ ယုံကြည်မှုမျိုး ရသွားဖို့က အရေးကြီးတယ် ထင်တာပဲ၊ အဲဒါကြောင့် ကြည့်ပါလား၊ အိုဘားမားတောင် 'Yes, we can..' နဲ့ မဲတွေကို သိမ်းကြုံး ယူသွားတာ လေးနှစ်တောင် ပြည့်ပါရောလား...၊း)

    ကိုဆိုဆီ...
    အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ...၊

    ညီမလပြည့်ရိပ်...
    အဲဒီလို ဘယ်ဟုတ်မလဲဗျာ၊ ကစားရင်းတန်းလန်း ဒီအကွက်လေးတော့ ပို့စ်မှာ ထည့်ရေးဦးမှလို့ စိတ်ကူးပေါ်လာရင် ကစားဖော်တွေကို time out တောင်းပြီး ဘေးမှာချထားတဲ့ စာရွက်ပေါ်မှာ တခါတည်း ကောက်မှတ်ခဲ့ရတာဗျ..၊း)

    မ,ကဗျာ...
    ဓါတ်ပုံလေးကို လှလှပပ ချီးကျူးသွားလို့ ကျေးဇူးပါဗျာ၊း) ကြက်တောင်ပွဲ ကြည့်ရတာ ညီမ မပြောနဲ့၊ ကျနော်လည်း ပျင်းတယ်ဗျ၊ အကြာကြီး မကြည့်ချင်ဘူး၊ အင်း..အသစ်တင်ပါ လို့ အော်ချင်သူတွေ အော်လို့ရအောင် သုံးပတ်လောက် ပို့စ်မတင်ဘဲ ထားရင်ကောင်းမလားပဲ၊း) ဒုတိယ အကြိမ်ပြန်လာပြီး ပေးခဲ့တဲ့ ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ် ညီမရေ...။

    ReplyDelete
  20. I like "team spirit".
    YES!
    That is the main altitude I am looking for now. :) love to read this post. hope to transfer this thinking to my team work.

    ReplyDelete
  21. ဒီပို့စ်လေးဖတ်ပြီး ငယ်ငယ်တုန်းက ကျောင်းဝင်းကစားကွင်းထဲမှာ အပျော်တမ်းကစားခဲ့ဖူးတာကိုအမှတ်ရမိသွားတယ်...။ ကိုညီလင်းနောက်ဆုံးပိုဒ်မှာပေးသွားတဲ့ စိတ်ခွန်အားလေးကို ခံစားမျှဝေသွားပါတယ်...။
    ပုံလေးလှတာကိုတော့ အထူးမပြောတော့ဘူး ကိုညီလင်းလက်ရာကိုသိပြီးသားလေ..။

    ReplyDelete
  22. ပို့စ်ကောင်းလေးပါလား..အကိုရေ
    အားရပါးရကိုအားပေးသွားပါတယ်နော်..
    နောက်ဆို မှန်မှန်လာမှဖြစ်မယ်
    စာတွေအဆက်ပြတ်သွားမှာစိုးလို့လေ..
    ခင်တဲ့..မိုးနတ်

    ReplyDelete
  23. ကိုယ်ကိုယ်တိုင် ပါဝင်ကစားနေရသလိုပဲ ဒကာတော် ကိုညီလင်းသစ်ရေ။ ပုံလေးကိုကြည့်ပြီး ဟိုးအရင်က မီးပူပုံလေးကို သွားအမှတ်ရတယ်။
    ခင်မင်လျက်

    ReplyDelete
  24. Ko Nyi,

    I would like to share on my face book because nowadays our country needs team spirit. I hope your message will give something to our people.

    Looking forward to hear from you soon.

    Best wishes,
    Regular reader


    ReplyDelete
  25. ကြက်တောင်ရိုက်တာကို စိတ်ဝင်စားစရာဖြစ်အောင် ရေးတတ်လိုက်တာ။
    တစ်ကြောင်းမှ မလွတ်အောင် သေချာဖတ်နေမိတယ်။ ကိုယ်တိုင် ဝင်ရိုက်နေတယ်လို့တောင် ခံစားမိတယ်။
    ဓာတ်ပုံလည်း တကယ်ကောင်းတယ်ကိုညီလင်းသစ်ရေ.
    စာရော ဓာတ်ပုံရော သဘောကျလိုက်တာ။

    ReplyDelete
  26. အစ်ကိုဆီစာလာဖတ်တိုင်း...မှတ်သားစရာတစ်ခုမဟုတ်တစ်ခုတော့စွဲကျန်မြဲပဲ...။ ကစားပွဲတစ်ခုပေမယ့် သေချာတွေးရင်တော့ မြှုပ်ကွက်တွေများကြီးနော...။
    စိတ်သာလျှင်အဓိကဆိုသလိုဘဲ....ကစားပွဲမှအနိုင်ရဖို့စိတ်ခွန်းအားကအရေးပါသလို...ရှုံးခဲ့ရင်လည်းစိတ်ထားတတ်ရင် သိပ်မခံစားရဘူးပေါ့..။ ဓာတ်ပုံကိုတော့ ကြိုက်သွားပြီ...။

    ReplyDelete
  27. အကိုရာ
    ပြိုင်တယ်ဆိုကထဲက အရှုံးနဲ့အနိုင်ပေါ့
    နှစ်မျိုးထဲကရွေးရတာဘဲလေ
    ထွက်လာတဲ့အဖြေတစ်ခုကို
    လက်ခံရမှာဘဲလေ..
    ညီမတော့ကြက်တောင်ရိုက်တာ
    ဝါသနာသိပ်မပါဘူးအကိုရ
    တခါတလေ ကြက်တောင်ကိုရိုက်လိုက်တာ
    ဘတ်တံပါ လက်ထဲကအရှိန်နဲ့လွင့်သွားရော :p

    ReplyDelete
  28. အက်ဆေးကလေးကို နှစ်သက်လို့ နောက်တစ်ခေါက် ပြန်လာဖတ်သွားတာပါ။

    လေးစားလျက်
    မြတ်ပန်းနွယ်

    ReplyDelete
  29. ဂျွန်မိုးအိမ်၊ မမိုးငွေ့၊ မိုးနတ်ကြယ်စင်၊ ဘုန်းဘုန်းတောက်၊ Regular reader, မချော၊ ကိုဖြိုး၊ ညီမblackroze နဲ့ မမြတ်ပန်းနွယ်...
    ကွန်မန့်လေးတွေအတွက် အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်နော်...။

    ReplyDelete
  30. တစ်ကယ်ပဲ ကိုယ်တိုင် ကစားနေရသလိုပဲ အကို...
    မောလိုက်တာ..:P

    ReplyDelete
  31. ပြိုင်ပွဲကို အသေအချာ ထိုင်ကြည့်ရသလိုပဲ..

    ReplyDelete