03 December 2012
ပက်ဖြန်းလှည့်တော့ ဒီဇင်ဘာ
ဒီဇင်ဘာ...၊ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ၊ အေးချမ်းခြင်း မြူနှင်းတို့နဲ့ လွှမ်းခြုံရစ်သိုင်း ထားတဲ့လ၊ ပွဲတော်တွေနဲ့ လှုပ်ရှားအသက်ဝင် နေတဲ့လ...၊ ကျနော် အချစ်ဆုံးလ...၊
ဒီဇင်ဘာလ ဝင်ရောက်လာတိုင်းမှာ နူးညံ့သိမ်မွေ့တဲ့ ခံစားမှုလေးတွေ ကျနော်ရလေ့ ရှိပါတယ်၊ ငယ်ငယ်တုန်းကဆို နိုဝင်ဘာလ ၃၀ ရက်နေ့ညမှာ သူငယ်ချင်းတွေနဲ့အတူ တစ်ညလုံးလှည့်ပတ်ပြီး 'Sweet December' အော်ခဲ့ကြလေ့ ရှိတယ်၊ တချို့နှစ်တွေမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာရွက်တွေ၊ ဆော့ဖ်ပင်တွေ ဝယ်ပြီး အဲဒီ ဆွိဒီဇင်ဘာကိုပဲ စာလုံးမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ရေးလို့ ရင်းနှီးတဲ့ အိမ်တွေမှာ လိုက်ကပ်ကြတယ်၊ လူကလည်းငယ်၊ ခံစားမှုကိုလည်း ဇက်ကုန်ဖွင့်ထားတဲ့ အရွယ်ဖြစ်တော့ကာ ဒီဇင်ဘာကို ကိုယ့်ဟာကိုယ် နှစ်သက်သဘောကျလို့ တစ်ညလုံး မအိပ်ဘဲ ကြိုရတာ အားမရဘဲ အေးအေးချမ်းချမ်း အိပ်နေကြတဲ့ အိမ်တွေကိုပါ နိုးလော့၊ ထလော့ လုပ်ချင်တဲ့စိတ်တွေက အပြည့်နဲ့ရယ်...၊
ဘလော့ဂ်ရေးဖြစ်လာတဲ့ ဒီဖက်နှစ်ပိုင်းတွေမှာလည်း ဒီဇင်ဘာကို ကြိုက်နှစ်သက်တဲ့ ဘလော့ဂါတွေ၊ စာဖတ်သူတွေနဲ့ တွေ့ရပြန်တော့ ဒီဇင်ဘာ အကြောင်းတွေဖတ်ရင်း ကြည်နူးလိုက်၊ ပြုံးပျော်လိုက်နဲ့...၊ ဒီဇင်ဘာများ ရောက်ပြီဆို လူက ရင်ထဲမှာ အေးသလိုလို၊ နွေးသလိုလို၊ နှလုံးခုန်နှုန်းက အခု တစ်မိနစ် ၆၀ ဖြစ်လိုက်၊ အခု ၁၂၀ ဖြစ်လိုက်နဲ့...၊ ပြောချင်တာက ဒီဇင်ဘာဆိုတာ ကျနော့်အတွက် ဘယ်တော့မှ ဘာသိဘာသာ ဖြတ်ကျော်သွားမယ့် လတစ်လ မဟုတ်ပါဘူး..၊
ဒီနှစ်မှာတော့ ဒီဇင်ဘာမဝင်ခင် ကြိုတင်လှုပ်ရှားနေလေ့ ရှိတဲ့ စိတ်တွေက နောက်ကျိညစ်ညူး နေခဲ့တယ်၊ အဖြစ်အပျက်တွေက နားရှိလို့သာ ကြားရ၊ မျက်စိရှိလို့သာ မြင်ရတယ်၊ တယ်ပြီး မယုံနိုင်စရာပါပဲ၊ ဖတ်လေရာ သတင်းတိုင်း၊ ကြည့်နေရာ စာမျက်နှာတိုင်းမှာ ရက်စက်ကြမ်းကြုတ်မှုကိုပဲ မြင်နေရတယ်၊ လူ့တန်ဖိုးကို ပိုပိုပြီး အလေးပေး၊ တန်ဖိုးထားလာကြတဲ့ ဒီနေ့လို ၂၁ ရာစုထဲမှာ လူထက် မြင့်မြတ်စင်ကြယ်တဲ့ ရဟန်း၊ သံဃာတော်တွေဟာ ဒီလိုမျိုး ဆက်ဆံတာ ခံနေရတုန်းပဲလား၊ လူလူချင်း အကြားမှာတောင် လက်ရုံးအားကိုးနဲ့ ဖြေရှင်းတာထက် စကားပြောဆို ညှိနှိုင်းပြီး အဖြေရှာဖို့ သဘောပေါက်လာကြတဲ့ အခြေအနေမှာ သံဃာတော်တွေကို မီးတိုက်ပြီး မောင်းထုတ်သတဲ့လား၊ မီးပျက်တဲ့ တိုင်းပြည်မှာ နေလာကြသူတွေပီပီ လက်ပေါ်ကို ဖယောင်းစက်ကလေး တစ်စက်ကျရင်တောင်၊ လက်ကို ဖယောင်းတိုင်မီးတောက်လေး ဟပ်ရင်တောင် ဘယ်လောက်ပူတယ်ဆိုတာ ကျနော်တို့အားလုံး သိပါတယ်၊ အခု.. ကိုယ်ပေါ်မှာ၊ ခေါင်းပေါ်မှာ မီးညွန့်မီးတောက်တွေ လောင်ကျွမ်းခံခဲ့ကြရတဲ့ အရှင်သူမြတ်တွေခမျာ ဘယ်လောက်များ ပူလောင်လိုက်ကြမလဲ၊ ဘယ်လောက်များ နာကျင်လိုက်ကြမလဲ၊ ဒီအကျပ်အတည်းကို လူစုခွဲပြီး ဖြေရှင်းမယ်ဆိုတာ လူအများစုက နားလည်ပါတယ်၊ ဖြေရှင်းတဲ့ နည်းလမ်းက လူမဆန်လို့၊ လူ့ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနဲ့ မညီလို့သာ စုတ်တသပ်သပ်၊ တောက်တခေါက်ခေါက်နဲ့ ရင်ထုမနာ ဖြစ်ခဲ့ကြရတာပါ...၊
ဒီလိုအဖြစ်တွေရဲ့ နောက်မှာတော့ ဆေးပေါင်းလည်း မခနိုင်၊ ကျီးလည်း မနိုးနိုင်တော့သလို ဒီဇင်ဘာဟာလည်း ကျနော့်ရင်ထဲကို အပြည့်အဝ ချိုမြိန်စွာနဲ့ ဝင်မလာ နိုင်တော့ဘူး၊ အခုတလောမှာ ရနေတဲ့ ခံစားမှုက ၂၀၀၇ ခုနှစ်အကုန်မှာ ရခဲ့တဲ့ ခံစားမှုမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ၊ အဲဒီတုန်းကတော့ ဝါးရင်းတုတ် တဝင့်ဝင့်မှာ 'ကွဲ' ခဲ့ကြရတာပါ၊ အခုတော့ မီးတောက် တလွင့်လွင့်မှာ 'စွဲ' ခဲ့ကြရ ပြန်ပြီ၊ ၂၀၁၂ ခုနှစ် ကုန်ကာနီး အထိတိုင်အောင် ရှိနေသေးတဲ့ စိတ်မိုက်၊ စိတ်ရိုင်း အလျှံညီးညီးတွေ အပေါ်ကို ဒီဇင်ဘာရဲ့ နှင်းမှုန် ဖြူလွလွတွေက ပက်ဖြန်းငြှိမ်းသတ် နိုင်ပါစေလို့ ကျနော် စိတ်မသက်မသာနဲ့ ဆုတောင်းနေမိပါတယ်...။ ။
ညီလင်းသစ်
၃ ဒီဇင်ဘာ၊ ၂၀၁၂
24 comments:
  1. တိမ်ပြာ(မနောမြေ)December 3, 2012 at 1:25 AM
    ဒီဇင်ဘာကိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ချစ်တယ်၊၊ Sweet December ညတွေကို ခေါပုတ်မီးကင်စားပြီး ကျော်ဖြတ်ခဲ့ရတဲ့ ငယ်ဘဝတွေကို လွမ်းတယ်၊၊ သတင်းတွေမြင်ရဖတ်ရတာတော့ အတူတူပါပဲ အကိုရေ၊၊ မျက်ရည်လည်မိတယ်၊၊
    ReplyDelete
  2. I saw some Padauk is blooming in November. Everything can't imagine. but I hope this December will SWEET DECEMBER.
    ReplyDelete
  3. မောင်မျိုးDecember 3, 2012 at 3:07 AM
    စကားလုံးတွေ မဲ့လိုပါပဲ အစ်ကိုရေ ဘာပြောရမှန်းတောင်မသိ ။
    ReplyDelete
  4. သောကနဲ့အတူ ဒုက္ခဝေဒနာ ခံစားခဲ့ရတဲ့ ခံစားနေရတဲ့ လူသားအားလုံးနဲ့ သံဃာတော်အပေါင်း နိဗ္ဗာန်မရောက်မှီ သံသရာအဆက်ဆက်မှာ အခုလို ဘဝဆိုးမျိုးနဲ့ ကင်းဝေးပြီး အတိတ်ဝဋ်ကြွေးများရှိခဲ့ရင်လည်း ကြေပါစေလို့ ဆုတောင်းမြဲဆုတောင်းလျှက်ပါ မောင်ညီလင်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  5. ဆေးပေါင်းခတဲ့ည လို့ မျက်နှာစာအုပ်မှာ ပျော်ပျော်ရွှင်ရွှင်ရေး၊ သီချင်းတွေ နားထောင်ပြီးခါမှ မနက်ရောက်တော့ မြင်ရ၊ ကြားရတဲ့သတင်းတွေကြောင့် လူက ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ ဒါကြောင့် ရေးနေကျ Sweet December လို့တောင် မရေးဖြစ်ဘူး။ Just want it to be Sweet December လို့ပဲ ရေးလိုက်တယ်။
    စိတ်ထဲမှာ အေးချမ်းချိုမြိန်လှတဲ့ ဒီဇင်ဘာကို အပြည့်အ၀ မခံစားနိုင်တော့တာ အမှန်ပဲ။
    သိပ်အကျည်းတန်တဲ့ လုပ်ရပ်ပါ။
    ReplyDelete
  6. ဟုတ်တယ်..အစ်ကို.
    သတင်းတွေ မကြည့်ရက်လျှက် မြင်နေခဲ့ရတယ်
    like လည်း မလုပ်ရက်၊ ကွန်မန့်လည်း မပေးချင်နဲ့
    တနင့်နင့်ကြည့်ခဲ့ရတဲ့ မြင်ကွင်းတွေ
    “မီးပျက်တဲ့ တိုင်းပြည်မှာ နေလာကြသူတွေပီပီ လက်ပေါ်ကို ဖယောင်းစက်ကလေး တစ်စက်ကျရင်တောင်၊ လက်ကို ဖယောင်းတိုင်မီးတောက်လေး ဟပ်ရင်တောင် ဘယ်လောက်ပူတယ်ဆိုတာ ကျနော်တို့အားလုံး သိပါတယ်”
    ဆိုတဲ့ စာသားကို အပြန်ပြန်အလှန်လှန်ဖတ်ရင်း.......
    အရာရာအားလုံး အေးချမ်းတည်ငြိမ်ပါစေ
    ဒီဇင်ဘာဟာ...အေးချမ်းသောဒီဇင်ဘာ ဖြစ်နိုင်ပါစေ။ ။
    ReplyDelete
  7. ဒီနှစ်ဒီဇင်ဘာမှာ ကိုယ့်ရပ်ကိုယ့်မြေရောက်နေပေမဲ့ ဒီဇင်ဘာကို ရင်မခုန်မိတော့ဘူး ကိုညီလင်းရေ ... ။
    ရင်ခုန်ရမယ့်အစား ရင်တွေနာလို့ .... :(
    ReplyDelete
  8. ကိုညီရေ........ခုတလော......တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် မြင်ရ ကြားရမှုတွေမှာ.......ရင်မော နှောက်ကျိစွာနဲ့  တမ်းတနေမိတဲ့  စကားလုံးတွေဟာ.......လူ လူချင်း စာနာမှု...။။ ကိုယ်ချင်းစာတရား...။။။.ဥာဏ်ပညာ....။။ ချစ်ခြင်းမေတ္တာ....။။ စသည်ဖြင့်သော စကားလုံးတွေပဲဖြစ်တယ်....။။ သက်ပြင်းမောကြီးတွေ ချရင်း ငြိမ်းအေးသော ဒီဇင်ဘာဖြစ်နိုင်ပါစေကြောင်း ခပ်တိုးတိုး ဆုတောင်းသွားပါတယ်.....။။
    ReplyDelete
  9. ဟုတ်တယ်...အကို.....မအေးချမ်းတဲ့ဒီဇင်ဘာ....၊ပူလောင်
    လှတဲ့ဒီဇင်ဘာ....၊ညွှတ်နူးပျော်ရွှင်ခြင်းတွေ ဝေးလွှင့်သွား
    တဲ့ ဒီဇင်ဘာ ပါပဲအကိုရာ...၊ဓာတ်ပုံတစ်ပုံတက်လာတိုင်း
    တစ်ချက်ကြည့်ပြီးတာနဲ့ Hide လုပ်ပစ်လိုက်ရတယ်....၊
    နောက်တစ်ခါထပ်ပြီးမြင်နိုင်တဲ့ အင်အားတွေ မရှိတော့လို့။
    ReplyDelete
  10. ဆွံ့အလို့နေမိတယ်.....မကြည့်ရက် မကြည့်ရဲ...မမြင်ရက် ..မမြင်ရဲ...ဒီလိုအဖြစ်ဆိုးတွေ တကယ်ရှိခဲ့တာလား.....မယုံနိုင်အောင်ပါဗျာ...
    ခင်မင်တဲ့
    seesein
    ReplyDelete
  11. ငြိမ်း
    ဟုတ်ပါတယ်။ မျှော်လင့်မထားတဲ့ဖြေရှင်းပုံ၊ ဖြေရှင်းနည်းကြောင့် အံ့သြထိတ်လန့်နာကျင်စွာ ခံစားရပါတယ်။ အန်တီတင့်ဆုတောင်းသလို ဆုတောင်းရင်း အေးချမ်းတဲ့မေတ္တာနှင်းမှုန်တွေ ပက်ဖျန်းလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ငြိမ်းအတွက် မွေးနေ့ လက်ဆောင်လို့မယူပါရစေနဲ့။
    ReplyDelete
  12. တော်တော်စိတ်မကောင်းဖြစ်မိပါတယ် ... ထူးမခြားနား ဇာတ်လမ်းတွေကို ကပြနေတဲ့ အစိုးရမင်း တွေ စရိုက်မှန်တွေ ပေါ်လွင်သွားတာပေါ့ ..
    ReplyDelete
  13. ဟုတ်တယ် ...အရမ်းစိတ်မကောင်းဖြစ်မိတယ်...
    တနေ့တနေ့ fb ကြည့်ပြီး ဘယ်လိုမှ မခံစားနိုင်တောဘူး
    တော်တော်ကို ဆိုရွားတဲ့လုပ်ရပ်ပါပဲ...ဘာတွေပဲ
    အပေါ်ယံကပြောနေနေ..သူတို့စိတ်ဓါတ်တွေကို
    သူတို့လုပ်ရပ်တွေက သက်သေခံနေတာပါပဲ.....
    ReplyDelete
  14. ဒီအသက် ဒီအရွယ်ရောက်လာတဲ့အချိန်ထိ
    ဒီဇင်ဘာဆိုရင် ရင်ထဲမှာတခုခုရှိနေသလိုပဲ
    ပျော်သလိုလို လွမ်းသလိုလို
    တောင်ကြီးအိပ်ရှေ့က မီးဖိုကြီးကိုလဲ
    မျက်စိထဲမြင်ရောင်လာတယ်
    မိသားစုနဲ့အတူ
    ပျော်ရွှင်အေးချမ်းတဲ့ ဒီဇင်ဘာလေးဖြစ်ပါစေ
    အတိတ်က အရိပ်တွေ ခဏခဏညှည့်ကြည့်မနေပါနဲ့တော့ရှင်
    ReplyDelete
  15. ဟုတ်တယ် အကိုရေ
    ဒီနှစ်ဒီဇင်ဘာရဲ့သတင်းတွေကတော့
    စိတ်မကောင်းစရာတွေပါဘဲ
    ReplyDelete
  16. သက်ပြင်းပဲ ချသွားပါတယ် ကိုညီလင်းသစ်ရေ......။ တစ်ခါတစ်လေ FB ကို မဖွင့်ချင်လောက်အောင်ကို သတင်းတွေက ထိတ်လန့်စေခဲ့တယ်။ ဒါပေမယ့် ဒါတွေကို ရှောင်ပြေးလို့မရ၊ ဘယ်နေရာမှာပဲ ရောက်နေနေ ကိုယ့်နိုင်ငံအရေးမို့ မသိချင်ယောင်မဆောင်နိုင်ခဲ့ဘူး။ အားလုံးအေးချမ်းစေချင်ပါတယ်ဗျာ။
    (လီယို)
    ReplyDelete
  17. ဒီနှစ်ရဲ့ ဒီဇင်ဘာကတော့ ..ရင်နာစရာတွေနဲ့ ပါပဲ အကိုရေ....
    ReplyDelete
  18. မနောမြေက တိမ်ပြာ...
    ခေါပုတ်ကင်နဲ့ Sweet december...၊ အတော့်ကို လိုက်ဖက်မှာ သေချာတယ်..၊း)
    ညီ...
    :( 2
    johnmoeeain...
    Padauk in November...? Wow.. very unusual, isn't it?
    ညီငယ်မောင်မျိုး...
    ပြောခဲ့ပေါင်းလည်း များခဲ့ပြီကိုး ညီရဲ့.....၊း(
    တီတင့်...
    ဟုတ်ပါတယ်ဗျာ၊ အဲဒီလိုပဲ ဆုတောင်းရတော့ မှာပါပဲ...၊
    ဇွန်...
    ဟုတ်ပါရဲ့၊ ဒီဇင်ဘာလ ကလေး sweet ဖြစ်ဖို့တောင်မှ ရဲရဲကြီး မမျှော်လင့်နိုင် တော့တဲ့ ခေတ်ပါပဲ ဇွန်ရေ...၊
    ညီမရွှေအိမ်စည်...
    အေးဗျာ၊ ကျနော်တို့အားလုံး သိခဲ့ကြဖူးတဲ့ အေးအေးချမ်းချမ်း ဒီဇင်ဘာကိုပဲ တမ်းတနေမိတော့တယ် ညီမရေ..၊
    မမေ...
    မမေ အဖြစ်ကလည်း ဒီဇင်ဘာတိုင်းမှာ အဝေးကနေ အိမ်ကိုလွမ်းခဲ့ရသလောက် အခုအိမ်မှာ နေခွင့်ရတဲ့ ဒီဇင်ဘာကျတော့မှပဲ.... ဟူး.....၊း(
    ညီမ,ကဗျာ...
    အဲဒီ စကားလုံးတွေက အခုမျက်မှောက် ကာလရဲ့ Key words တွေပါပဲ ညီမရေ..၊
    ကိုညိမ်း...
    အမှန်ပဲ ကိုညိမ်းရာ၊ ပုံတစ်ပုံ မြင်ပြီးတိုင်း လူမှာ အားအင်တွေ ကုန်ခမ်းသွားသလိုကို ခံစားနေရတာဗျ...၊
    မစည်းစိမ်...
    မယုံနိုင်စရာ ကောင်းတာတော့ အမှန်ပါပဲဗျာ...၊
    ငြိမ်း...
    အမြန်ဆုံး အေးချမ်းပါစေလို့ပဲ ကျနော်တို့ ဆုတောင်းရတော့ မှာပါပဲ...၊
    အစ်မရွှေစင်...
    ဟုတ်ပဗျာ..၊ ဇတ်လမ်းက နှစ်ပါးသွားမှာ ကြည်နူးမယ် ကြံကာရှိသေး ဘီလူးဆိုင်းသံက ကြားလာရပြီ...၊
    ညီမ မိုးနတ်ကြယ်စင်...
    Action speaks louder than words ဆိုတဲ့ စကားပုံလေးကို သတိရတယ်..၊
    ညီမစံပယ်ချို...
    အင်း... အဲဒိအတိတ်က သုံးရက်လောက်ပဲ ကြာသေးတော့လည်း စိတ်မကောင်းစရာ တွေက ကျန်နေသေးတာပေါ့ ညီမရယ်..၊ ဆုတောင်လေးအတွက် ကျေးဇူးပါနော်..၊
    ညီမblackroze...
    အေးဗျာ... အဖြစ်က မနှစ်ကနဲ့ မတူတာတော့ အမှန်ပဲ၊
    လီယို...
    ဟုတ်ပါတယ်ဗျာ၊ စိတ်မချမ်းမြေ့စရာတွေ ဆိုပေမယ့်လည်း နိုင်ငံအရေးဆိုတော့ ကျနော်တို့လည်း မျက်နှာလွဲ ခဲပစ် ဘယ်လုပ်နိုင်ပါ့မလဲလေ...၊
    ညီမအိန်ဂျယ်လှိုင်...
    အေးလေဗျာ... ဒီဇင်ဘာမှာ အေးချမ်းနေရမယ့် အစား....။း(
    ReplyDelete
  19. ဒီဇင်ဘာရဲ့အပူက ပြည်သူလူထုတွေအတွက် စိတ်မချမ်းမြေ့စရာပါ ကိုညီလင်းသစ်ရေ..
    ReplyDelete
  20. နိုဝင်ဘာ ပိတောက်လေ..။
    ဆရာမ ဆီမှာ ဖတ်မိတာ :)
    http://apyonepan.blogspot.sg/search?updated-max=2012-12-03T09:42:00%2B06:30&max-results=1&start=1&by-date=false
    ReplyDelete
  21. ဒီနှစ် ဒီဇင်ဘာကတော့
    ရင်မီးတောက်ခဲ့ရတဲ့
    ဒီဇင်ဘာလေးပါ ။
    မျှဝေခံစားခဲ့ပါတယ်ဗျာ ။
    ReplyDelete
  22. ထပ်တူထပ်မျှ ခံစားရပါတယ် ကိုညီလင်းသစ်ရေ..
    ဒီဇင်ဘာလည်း ရင်ထဲမှာ မအေးချမ်းနိုင်ပါဘူး
    ရောင်နီလေး သန်းလာပြီလို့ မျှော်မှန်းပြီး ပျော်ရုံရှိသေး.
    အပျော်တွေ ရိုက်ချိုးခံလိုက်ရသလို ခံစားလိုက်ရတယ်... ”
    ReplyDelete
  23. ပုံတွေမြင်ရတာ...သတင်းတွေဖတ်ရတာ ရင်ထဲမှာတကယ်မချိပါဘူး.... ဘယ်လိုပြောရမှန်းမသိအောင်ကို စိတ်မကောင်းဖြစ်ရပါတယ်...
    ReplyDelete