04 February 2013

ဘိလပ်မြို့တော်သို့ (၃) ...


လန်ဒန်မှာ ကျနော်တို့ သွားလာသမျှ အချိန်တိုင်းအတွက် စီးဖြစ်တာကတော့ Underground ရထားတွေပါပဲ၊ ကျနော်တို့ တည်းခဲ့တဲ့အိမ်က zone 6 ထဲမှာပါတော့ မြို့ ပြင်ဖက် နည်းနည်းကျတယ်လို့ ဆိုရမှာပေါ့၊ အဲဒီကနေ မြို့ထဲသွားတိုင်း အနည်းဆုံးတော့ ရထားတစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်စီးရတယ်၊ အချိန်အားဖြင့် ၄၅ မိနစ်ကနေ တစ်နာရီလောက်တော့ ကြာပါတယ်၊ မှတ်မှတ်ရရ ရောက်တဲ့နေ့မှာ တက္ကစီ တစ်ခါပဲစီးခဲ့တယ်၊ ဒါတောင် အဲဒါက ရထားမောင်းသူတွေ သပိတ်မှောက်တာနဲ့ တိုးသွားလို့...၊ အပြင်သွားမယ့် နေ့ဆို မနက် ၉ နာရီခွဲ နောက်ပိုင်းမှ ရထားစီးရအောင် အချိန်တွက်ပြီး ထွက်တယ်၊ ၉ နာရီခွဲ နောက်ပိုင်းဆိုရင် ရထားခတွေက တဝက်နီးပါး သက်သာပါတယ်၊ ပြီးတော့ ရုံးချိန်အမီ သွားတဲ့သူတွေလည်း မရှိတော့လို့ ရထားတွေလည်း ချောင်ပါတယ်၊ ညနေမှာတော့ ၄ နာရီကနေ ၇ နာရီအတွင်းဆို မနက် rush hour လိုပဲ ရထားခတွေ ဈေးကြီးတယ်၊ ဒါကိုတော့ ကျနော်တို့ မရှောင်နိုင်တော့ဘူး၊ ကလေးတစ်ဖက်နဲ့မို့ ည ၇ နာရီ ကျော်တဲ့အထိ စောင့်ဖို့ မကြိုးစားတော့ဘူး၊


ကြာလာတော့ အဲဒီလို နေ့တိုင်းရထားစီးရတာကို သားက စိတ်ပျက်လာတော့တယ်၊ သူ နားမလည်နိုင်တာက နေရာတကာ နှစ်ထပ်ဘတ်စ်ကား အနီကြီးတွေ တွေ့နေရဲ့သားနဲ့ ကျနော်တို့က ဘာဖြစ်လို့ မြေကြီးအောက်မှာ သွားတဲ့ရထားကိုပဲ တချိန်လုံး စီးနေကြတာလဲ ဆိုတာပါ၊ အပြင်ထွက်တာနဲ့ ဘတ်စ်ကားနဲ့ သွားမှာလားလို့ အမြဲမေးတယ်၊ ကျနော်တို့ကလည်း ဘတ်စ်ကားနဲ့ဆို သုံးလေးဆင့် ပြောင်းစီးရမယ့်အပြင် မီးပွိုင့်တွေ၊ ယာဉ်ကြောတွေကြောင့် အချိန်တွေ ပိုကြာမယ်လို့ အမြဲပြန်ဖြေရတယ်၊ ပြီးတော့လည်း ခြေလှမ်းတွေက ဘူတာရုံကိုပဲပေါ့၊ အမှန်တော့ သားက မြို့ ပြရဲ့ လူနေမှုဘဝကို ကောင်းကောင်းနားမလည်သေး တာပါ၊ သူက ၅ လအရွယ်ကတည်းက နေ့ကလေးထိန်းကျောင်း သွားနေရတယ် ဆိုပေမယ့် အိမ်ကနေဆို ၁၀ မိနစ်ပဲ လမ်းလျှောက်ရတဲ့ အကွာအဝေးပါ၊ အခု တက်နေတဲ့ မူကြိုကလည်း ၁၀ မိနစ်ပဲ လမ်းလျှောက်ရတယ်၊ တခါတလေမှာ မြို့ထဲကိုသွားရင်လည်း tram နဲ့ ၁၅ မိနစ်ဆို ရောက်ပြီ၊ ဆိုတော့ အခုလို ထောင်သောင်းချီတဲ့ လူအုပ်ကြီးနဲ့ အချိန်အကြာကြီး သွားရတာက သူ့အတွက် စိတ်ညစ်စရာ ဖြစ်ပုံပါပဲ၊ ကျနော်တို့ ကတော့ ခရီးသွားတယ်ဆိုတာမှာ ရသမျှ အတွေ့အကြုံအားလုံးဟာ ကိုယ့်အတွက် အမြဲတမ်း ပျော်စရာ၊ သာယာကြည်နူးစရာပဲ ဖြစ်လိမ့်မယ်လို့ မထင်ထားနဲ့ဆိုပြီး သူ့ကို စကားလုံးတွေ အမျိုးမျိုး ပြောင်းသုံးပြီး ဖျောင်းဖျတာပါပဲ၊ စူပုပ်ပုပ် ဖြစ်နေတဲ့ သူ့မျက်နှာကို မသိချင် ယောင်ဆောင်ပြီးတော့ပေါ့...၊


တော်တော်ကြာ မြေအောက်ထဲ ဆင်းရပြန်ပြီ၊ တော်တော်ကြာ ပြန်တက်ရပြန်ပြီ၊ ဖြစ်ချင်တော့ လူတွေကလည်း နေရာတကာမှာ အပြည့်ပဲ...၊ ခရစ်စမတ်နဲ့ နှစ်သစ်ကူးအကြား ကာလဟာ လန်ဒန်ရဲ့ လူအရှုပ်ဆုံး အချိန်တွေထဲမှာ ပါမယ်ထင်ပါရဲ့၊ ဒါပေမယ့် underground ရထားတွေက အချိန်မှန်လို့ သွားရလာရတာ အဆင်ပြေ ချောမွေ့ပါတယ်...၊


တစ်ရက်မှာတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့ စားသောက်ဆိုင်လေး တစ်ခုကို ရောက်သွားခဲ့တယ်၊ Rainforest cafe တဲ့...၊ ဆိုင်က ပစ်ကပ်ဒီလီလမ်းနဲ့ ရီးဂျင့် လမ်းမကြီး ဆုံတဲ့နားမှာ ရှိပါတယ်၊ တကယ့်မြို့လယ်ခေါင်ပေါ့၊ ဒါပေမယ့် ဆိုင်ထဲဝင်လိုက်တာနဲ့ မိုးသစ်တော တစ်ခုရဲ့ အလယ်မှာ ရုတ်တရက် ပစ်ချခံလိုက်ရ သလိုပဲ၊ ရေစီးသံတွေ၊ ငှက်အော်သံတွေ၊ စိုထိုင်းထိုင်း ဖြစ်နေတဲ့ ခံစားမှုတွေ၊ အုံ့ဆိုင်းဆိုင်း သစ်ပင်တွေက တမုဟုတ်ချင်း လွှမ်းမိုးသွားတယ်၊ ဆိုင်က မြေအောက်ထဲမှာ နှစ်ထပ်ရှိပါတယ်၊ မြေညီထပ်က အမှတ်တရ ပစ္စည်းရောင်းတာနဲ့ ဧည့်ကြို...၊ ကျနော်တို့က reservation လုပ်ဖို့ ဖုန်းကြိုဆက်တော့ အခုကာလမှာ reservation လက်မခံပါဘူး၊ frist come, first served ပါတဲ့...၊ ဒါနဲ့ ရောက်သွားတော့ လက်မှတ်လေးတစ်စောင် ပေးပြီး မိနစ် ၂၀ ကြာတဲ့အခါ အောက်ထပ်ကို ဆင်းသွားပါလို့ ဆိုတယ်၊ အချိန်စေ့လို့ အောက်ထပ်ကို ဆင်းသွားတော့ အဲဒီလက်မှတ်လေးကို ယူထားလိုက်ပြီး ၁၀ မိနစ်လောက် စောင့်ပါလို့ ဆိုပြန်တယ်၊ လူတွေကတော့ ဝင်လိုက်၊ ထွက်လိုက်နဲ့ပေါ့၊ စောင့်ဆိုင်းခြင်းရဲ့ အဆုံးမတော့ ဒုတိယမြောက် မြေအောက်ထပ်မှာ စားပွဲလေးတစ်လုံး ရပါတယ်၊ စားပွဲထိုးဝန်ထမ်း လူငယ်လေးတစ်ယောက် ရောက်လာတယ်၊ ကာကီအင်္ကျီ၊ ဘောင်းဘီနဲ့...၊ ကျနော်က ဟောဒီ မိုးသစ်တောထဲမှာ ခင်ဗျားတို့ရဲ့ adventures အတွက် တာဝန်ယူမယ့် ဂိုက်ပါလို့ မိတ်ဆက်တော့ ကျနော် သဘောကျသွားတယ်၊ စားသောက်ဆိုင်မှာ စားတဲ့ပုံစံထက် ဆာဖာရီထွက်ရင်း စခန်းချတဲ့ ပုံစံမျိုးရအောင် လုပ်ထားတာပဲကိုး...၊


အသုံးလည်းဝင်၊ သဘောကျစရာလည်း ကောင်းတဲ့ အချက်က အစားအသောက်စာရင်းမှာ Nut free, Egg free, Dairy free အစရှိသဖြင့် ရေးထားတာပါ၊ မတည့်တဲ့ သူတွေအတွက် စိတ်ရှင်းရှင်းနဲ့ စားနိုင်တာပေါ့၊ ကျနော်ကတော့ အသီးအရွက်တွေ လှိုင်လှိုင်နဲ့ ကြော်ထားတဲ့ ခေါက်ဆွဲကြော်ကို ခပ်ဖြေးဖြေးစားရင်း ကျောက်စက်ရေကျသံတွေ အောက်မှာ ကော့စ်မိုပိုလီတန် မြို့ ကြီးကို မေ့နေခဲ့တယ်...၊


ဟောဒါ ကျနော်သိတဲ့ လန်ဒန်ပါပဲ...၊ အုတ်နီခဲအကွက်လေး တွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် အိမ်လေးတွေ ရှိတတ်တဲ့ နေရာပေါ့...၊ အမြဲလိုလို မိုးရွာရင်ရွာ၊ မရွာရင် အုံ့မှိုင်းနေတတ်တဲ့ မြို့မှာ ရာသီဥတု ကြည်လင်တဲ့ နေ့ကလေးတစ်နေ့လည်း ရှားရှားပါးပါး ကျနော်တို့ လက်ဆောင်ရလိုက် ပါသေးတယ်၊ တည်းခိုရာအိမ်နဲ့ မဝေးတဲ့ ရပ်ကွက်ထဲက လမ်းတွေပေါ်မှာပဲ လမ်းလျှောက်ထွက်ဖြစ် ခဲ့တယ်...၊


တစ်ညနေမှာတော့ Shrek musical လည်း သွားကြည့်ဖြစ်ပါတယ်၊ လန်ဒန်မှာ သဘောကျစရာတစ်ခုက အခုလို musical တွေ၊ ပြဇတ်တွေ၊ အော်ပရာတွေ အမြဲလိုလို ရှိနေတာပါပဲ၊ ဟိုအရင် တစ်ခေါက်ကတော့ Lion King musical ကျနော် ကြည့်ဖြစ် ပါတယ်၊ ကြည့်စရာတွေ များတာမှန်ပေမယ့် ဈေးတွေကြီးတာကိုလည်း ထည့်ပြောမှ ပြည့်စုံမှာပါ၊ ဟုတ်ပါတယ်၊ သီရေတာမှာ တင်ဆက်တာတွေ အတော်များများက ဈေးအတော်ကြီးပါတယ်၊ ဒါပေမယ့် ဈေးဘယ်လောက်ကြီးကြီး အားလုံးလိုလိုက ရုံပြည့်ရုံလျှံ ပါပဲ၊ အခု Shrek ကတော့ လျှော့ဈေးချတာနဲ့ ကြုံလို့ သားကိုလည်း ပြချင်တာနဲ့ ကြည့်ဖြစ်သွားတာ...၊ လက်မှတ်တစ်စောင်ကို ၃၅ ပေါင် ပေးရပါတယ်၊ မူလဈေးက ၆၅ ပေါင်ပါ၊ musical တို့ထုံးစံ အသံပညာ အမျိုးမျိုးနဲ့ သီချင်းတွေကို ဆိုသွားတာ တော်တော် နားထောင်လို့ ကောင်းပါတယ်၊ သရုပ်ဆောင်သူတွေကလည်း မူလကာတွန်း ဇတ်ကောင်တွေရဲ့ စရိုက်ကို မသွေဖီဘဲ သရုပ်ဆောင်သွား နိုင်ပါတယ်၊ သားကတော့ နဂါးအရုပ်ကြီးကို သဘောကျလို့ မဆုံးဘူး...၊


ကျနော့်ရဲ့ နှစ်သစ်ကူး ညစာပါ...၊း) နှစ်သစ်ကူးနဲ့ ကြုံကြိုက်ပေမယ့် လန်ဒန်ရဲ့ နာမည်ကြီး countdown ကို မသွားဖြစ်ပါဘူး၊ အစ်မဝမ်းကွဲ ချက်တဲ့ မုန့်ဟင်းခါးကို စားပြီး အိမ်မှာပဲ နွေးနွေးထွေးထွေး နေဖြစ်တယ်၊ London Eye နားမှာ နှစ်သစ်ကူးကို စောင့်နေကြတဲ့ လူတွေကို ည ၁၁ နာရီခွဲမှာ အင်တာဗျူးလုပ်နေတာ တီဗီကနေ တွေ့လိုက်တယ်၊ အားလုံးလိုလိုက နေ့လယ် ၃ နာရီလောက် ကတည်းက နေရာဦးထားပြီး စောင့်နေကြတာလို့ ဆိုတယ်၊ ဒီလောက် ချမ်းချမ်းစီးစီးထဲမှာကို...၊ အိမ်မှာပဲနေပြီး နံနံပင်၊ ငရုတ်သီးမှုန့်၊ ပဲကြော် နိုင်းချင်းနဲ့ မုန့်ဟင်းခါးပူပူလေး စားရတဲ့ အရသာနဲ့ ဘယ်လဲနိုင်မလဲကွယ်...၊း)


အပြန်ကျတော့ EasyJet က သုံးနာရီနီးပါးလောက် နောက်ကျပါလေရော..၊ အလာတုန်းက တစ်မိနစ်မလွဲဘဲ အချိန်မှန်လို့ ကျနော့်မှာ တအံ့တသြနဲ့ ဖြစ်မိသေးတယ်၊ အခုလို နောက်ကျတာ တွေ့မှပဲ 'ဟူး.. တော်သေးတယ်၊ ကုမ္ပဏီ မမှားဘူး' လို့ သက်ပြင်းချပြီး သက်သာရာ ရတော့တယ်၊း) ဆိုတော့ Gatwick လေဆိပ်မှာပဲ တဝဲလည်လည်ပေါ့...၊


Costa ကော်ဖီ အက်စ်ပရက်ဆို double shot နဲ့ နေ့လယ်ခင်းကို ဆွဲဆန့်ပစ်လိုက်တယ်၊ မဟုတ်ရင်လည်း ကျနော်တို့မှာ တခြားရွေးချယ်စရာမှ မရှိဘဲကိုး...၊ EasyJet ရေ... အဆုံးတော့ မင်းရောက်လာရမှာ ပါလေ...၊


သားကလည်း နေ့လယ်ခင်းကို လက်ညှိုးလေးနဲ့ ပွတ်,ပွတ်ဆွဲပြီး သူ့နည်းသူ့ဟန်နဲ့ ဆွဲဆန့်တယ်၊ စကရင်တွေဟာ ကလေးတွေအတွက် မကောင်းတာမှန်ပေမယ့် ဒီလိုအခြေအနေမှာ အသုံးဝင်တာတော့ အမှန်ပါပဲ...၊


လန်ဒန်ပြန် အမှတ်တရ ပစ္စည်းပါ...၊း) Fish and chips တော့ မဟုတ်ဘူး၊ မြန်မာ့ ဘာလချောင်...၊ တရုတ်တန်းက တရုတ်ပစ္စည်း၊ ယိုးဒယားပစ္စည်း၊ ဗီယက်နမ်ပစ္စည်းတွေ ကြားမှာ ခပ်တင်းတင်း ရှိနေခဲ့တာပေါ့..၊ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ ပဲလေ..၊ A taste of Burma ဆိုပဲ..၊ နိုင်ငံနဲ့ကို ချီပစ်လိုက်တာ...၊ အဲဒါကြောင့်လား မသိဘူး၊ ၁၈၀ ဂရမ်ပါတဲ့ ပုလင်းလေးတစ်ခုကို သုံးပေါင်ခွဲ ပေးရပါတယ်၊ ဘာပဲဖြစ်ဖြစ် အိုလံပစ်လို နိုင်ငံတကာ အားကစားပွဲကြီးမှာ ဟိုးအနောက်က နှစ်သိမ့်ဆုနဲ့ ပန်းဝင်လာတဲ့ မြန်မာ့အားကစားမယ်လေးကို ဝမ်းသာအားရ အားပေးချင်တဲ့ စိတ်မျိုးနဲ့ အဲဒီဘာလချောင်တွေကို ကျနော် ဝယ်ခဲ့ပါတယ်...၊

တကယ်ဆို လန်ဒန်လို မြို့ ကြီးမှာ လည်ပတ်စရာ၊ စားစရာ၊ ကြည့်စရာတွေဆိုတာ ဘယ်ကုန်နိုင်ပါ့မလဲ၊ ဒါပေမယ့် ကျနော်တို့ရဲ့ ခရီးစဉ်က မိသားစုနဲ့ ဆုံတွေ့တာရယ်၊ ၅ နှစ်အရွယ် ကလေးတစ်ယောက် စိတ်ဝင်စားနိုင်မယ့် အရာတွေကို အထိုက်အလျောက် ဦးစားပေးထား တာရယ်ကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတယ်၊ နှစ်သစ်ကူး အမှတ်တရ ဘိလပ်မြို့တော် ခရီးစဉ်လေးမှာ လိုက်ပါအားပေးကြတဲ့ ညီအစ်ကို၊ မောင်နှမ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်...။


ညီလင်းသစ်
၎ ဖေဖော်ဝါရီ၊ ၂၀၁၃

21 comments:

  1. I had always a wish to watch a musical like Lion King and Mamma Mia in one of the London theaters but missed the chance as the tickets are quite expensive for a student. Lucky that you got a chance to enjoy the Shrek musical. :-) The rainforest like restaurant is interesting too. Love every picture of this post and my favourite ones include a dish of mohninga and dry balachaung with Lion trademark. We should be proud, indeed! And of course... the pictures of lovely thar thar. :)

    Thanks for sharing and we enjoy along with your trip starts from the beginning till end. ^_^

    Have a great week ahead!

    ReplyDelete
  2. ပျော်ပျော်ပါးပါး လိုက်လည်သွားတယ် :) စာလုပ်ရင်းနဲ့ စိတ်နောက်လို့ ဝင်လာခဲ့တာ ဝင်ရကျိုးနပ်ခဲ့ပါတယ် ကိုညီလင်းသစ်ရေ၊၊ ပိုစ်တွေ တရပ်စပ် မတင်နိုင်ပေမယ့် ရေးလိုက်တဲ့ပိုစ်တိုင်းဟာ အလေးအနက်ထားခြင်းနဲ့ သေသပ်မှုတွေ ပြည့်လို့နေခဲ့တယ်၊၊ အဲဒီ သင်ခန်းစာအတွက် ကျေးဇူးပါ အကို၊၊
    တိမ်ပြာ(မနောမြေ)

    ReplyDelete
  3. ဒေသန္တရ ၀င်စားမှု ၊ အိမ်ချစ်စိတ် နဲ့ လူမှုကိစ္စ စတာတွေကို သက်ဝင်လှုပ်ခတ်စေခဲ့ပါတယ် ...

    ReplyDelete
  4. အနွေးထည်ထူထူဝတ်ထားတဲ့ကြားက တုပ်ကွေးက မိလိုက်သေးတယ်။ ဆေးတွေသောက်ပြီး ဘိလပ်ခရီး အဆုံးအထိ လိုက်ခဲ့ပါတယ် အစ်ကို :)

    ReplyDelete
  5. ကိုညီလင်းသစ်ရေ ..
    အပိုင်း ၁ ၊ ၂၊ ၃ အကုန်လုံး ဖတ်သွားတယ် ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  6. ဘိလပ်မြို့တော်လေးထဲ စီးမျောခဲ့မိရပါတယ် .. မျှဝေမှု အတွက် ကျေးဇူးပါရှင် ..

    မိသားစုနှင့်ပျော်ရွှင်ဖွယ် နှစ်သစ်ကူးလေးကို အစဉ် ထာဝရပိုင်ဆိုင်ရပါစေလို့ ..

    ReplyDelete
  7. ကိုညီလင်းစားရေးကောင်းတော့ စာဖတ်ပြီး စာထဲပါသွားလိုက်တာ
    လန်ဒန်ကိုရောက်နေသလားပဲ အတော်လေးစိတ်ဝင်စားဖို့ကောင်းလှပါတယ်
    ပုံတွေကလဲရှင်းလင်းပြတ်သားမှုအပြည့်ပါပဲ
    မုန့်ဟင်းခါးကိုကြည့်ပြီး စားချင်နေပြီ
    သားတော်မောင်ကတော့ အိမ်ရှေ့မင်းသားပဲနော်

    ReplyDelete
  8. အစ်ကို့ပို့စ်တွေ ဖတ်ရတာ.. ပျော်ဖို့ကောင်းတယ်.. တခုခုကို ပေးစွမ်းနိုင်တယ်.. ကြည်နူးမှု၊ ပျော်ရွှင်မှု တစ်ခုခုပေါ့.... အစ်ကို့ကလေးက ချစ်စရာလေး.... အစ်ကို့ပုံသာ ထည့်ဖို့လိုပါတော့တယ်... :D

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  9. သားသား စူပုတ်ပုတ်ဖြစ်နေပုံက ချစ်စရာကောင်းလိုက်တာ
    ဗျ....။လန်ဒန်ရဲ့ နှစ်သစ်ကူးကို မြန်မာမွင်းဂါးတစ်ပွဲနဲ့
    လဲလိုက်တာကိုလည်း အားပေးတယ်ဗျိုး....:))))။
    မိုးသစ်တောစားသောက်ဆိုင်လေးကလည်း သဘောကျ
    စရာလေးဗျ...၊သဘောအကျဆုံးကတော့ မြန်မာ့ဘာလ
    ချောင်ကြော်ကို နှိုင်းယှဉ်ရေးသွားပုံလေးပဲဗျ...၊အသံထွက်ပြီးတောင် ရီလိုက်မိ..... :)))

    ReplyDelete
  10. ဘာလချောင်ပုလင်းတွေ... အကြိုက်ဆုံးပါ။

    ReplyDelete
  11. ဟုတ်ပါ့ အကိုတော်ရေ...
    မိုးနတ်သဘောကျမိတာကလဲ လေးငြိမ်းနဲ့
    တထပ်တည်းပါပဲ....အထူးသဖြင့် အကို့သားတော်
    မောင်လေးပေါ့...သိပ်ကိုချစ်စရာကောင်းတယ်...:)
    အကို့ပုံနဲ့ အမတော့်ပုံပဲ ကျန်တော့တယ်...:P
    မြင်ဖူးချင်တယ် အကိုရေ...နောက်အခေါက်တွေကျရင်
    ထည့်ပြီးတင်ပေးပါနော်....လန်ဒန်မှာတော့
    သဘောကျမိတာတွေက အများကြီးရယ်မို့ ဘယ်ဟာကို
    ပိုပြီး သဘောကျမိတယ်ဆိုတာ ကိုယ့်ကိုယ်တောင် မသိတော့ဘူးရယ်....ပြဇာတ်တွေ အော်ပရာတွေ
    မြူဇစ်ကယ်တွေကတော့ ညလေးလဲ အရမ်းသဘောကျမိတယ်....နောက်ပြီး မိုးသစ်တော
    လေးကလဲ တစ်မျိုးတစ်ဘာသာဆန်းနေတာပေါ့..
    အဆုံးသတ်ကိုတော့ အကြိုက်ဆုံးပဲရှင်...ရေးလဲ
    ရေးတတ်ပါပေ့နော်...သပ်ရပ်လှပတဲ့ အဆုံးသတ်လေးအထိကို စာရေးကောင်းတဲ့ အကိုနဲ့
    အတူ လိုက်ပါစီးမြောခဲ့ပါကြောင်းးးး :)
    ခင်မင်လေးစားလျက်....မိုးနတ်

    ReplyDelete
  12. ကွန်နက်ရှင် နှေးနေလို့ ပုံတွေပေါ်အောင် အကြာကြီး စောင့်ကြည့်ရတယ် ကိုညီလင်းရေ ... ။
    သားသားပုံက ချစ်ဖို့ကောင်းမှကောင်း။
    မမေလဲ မြေအောက်ရထား မကြိုက်ဘူး၊ လူရှုပ်တာ မကြိုက်ဘူး၊ ဘိလပ်မှာနေတဲ့ ၄ နှစ်ကျော် အတောအတွင်း လန်ဒန်ကို ၃ ခေါက်လားပဲ ... ရောက်ဖူးတာ။
    ကိုညီလင်းတို့ မိသားစု နောက်တခါ ဘိလပ်သွားရင် လန်ဒန်မှာ မနေနဲ့ ... ကိုညီလင်းရဲ့ .. အေးအေးဆေးဆေးရှိတဲ့ နယ်မြို့လေးတွေကို လျှောက်လည်ပေါ့။

    ဓာတ်ပုံတွေကြည့်ရင်း မုန့်ဟင်းခါးပန်းကန်ထဲက ငရုတ်သီးခြောက်တောင့် ၂ ခုကို မြင်လိုက်ရတာနဲ့တွင် လျှာတွေစပ်လာတယ်။ :) အက်စ်ပရက်ဆိုလေး ကယ်လိုက်ပေလို့ :P

    ခြင်္သေ့ဘာလချောင်ကတော့ ဦးရီးတော် ၀ယ်လာလို့ စားဖူးတယ်။ ကိုညီလင်း ဘာလချောင်ဝယ်တဲ့ စိတ်မျိုး ... ဖတ်ပြီး ပြုံးမိတယ် ... ၀မ်းသာအားရနဲ့ ၃ ပုလင်းတောင် အားပေးလိုက်တာပေါ့လေ။

    ဘိလပ်မြို့တော် ခရီးကို မြန်မာ့ဘာလချောင်လေးနဲ့ အဆုံးသတ်လိုက်တာ သဘောကျတယ် ကိုညီလင်းရေ ...
    မမေလဲ နောက်တခါ ဘိလပ်ရောက်ရင် ဖြစ်ဖြစ် ... ရန်ကုန်မှာပဲ ဖြစ်ဖြစ် ကိုညီလင်းတို့ မိသားစုလေးနဲ့ ဆုံချင်ပါသေးတယ်။

    ReplyDelete
  13. Zun...
    Yes, either students or not, musicals are expensive for everyone. :) I totally agree with you. Well, I happened to watch Lion King at that time as a ticket was offered to me. Otherwise, I don't think I could have afforded one. :) Thanks also for your lovely appreciation and encouragement !!

    မနောမြေကတိမ်ပြာ...
    မတွေ့တာကြာပြီလို့ မှတ်နေတာ စာမေးပွဲတွေ ဆက်နေပုံရတယ်၊း) အခိုက်အတန့်အားဖြင့် စိတ်ကြည်လင်စေတယ် သိရလို့ ဝမ်းသာရပါတယ်ဗျာ၊ စာမေးပွဲတွေလည်း ဖြေနိုင်ပါစေလို့...၊

    ကိုငြိမ်းစိုးဦး...
    စိတ်ဝင်တစားနဲ့ လာဖတ်လို့ ကျေးဇူးပါပဲဗျာ...၊

    မညိုလေး...
    ဟော... ဖြစ်မှဖြစ်ရလေဗျာ၊ မညိုလေးလည်း တုပ်ကွေး မိနေတာကိုး..၊ ခရီးစဉ်မှာ လေစိမ်းတွေက တဝူးဝူးနဲ့ဗျာ..၊း) ဒါကိုပဲ အဆုံးထိ လိုက်လာသေးလို့ ကျေးဇူးတင်ပါတယ်နော်...၊

    ညီမဆောင်းနှင်းရွက်...
    လာဖတ်တာ ကျေးဇူးပါ ညီမရေ...၊

    မထရီဆာ...
    လာလည်တဲ့ အတွက်ရော နှစ်လိုဖွယ်ရာ ဆုတောင်းလေး အတွက်ရော ကျေးဇူးတင်ပါတယ်ဗျာ...၊

    မစံပယ်...
    ကျေးဇူးပါနော်၊ မုန့်ဟင်းခါးကတော့ ပြန်ကြည့်ပြီး ကျနော်လည်း ထပ်စားချင်နေမိတယ်...၊း)

    ကိုနေဝသန်...
    ပို့စ်တွေကနေ တစုံတခု ရတယ်ဆိုတော့လည်း ကျနော် ဝမ်းသာရ ပါတယ်၊ အဲ... ကျနော်က အများအားဖြင့် ကင်မရာရဲ့ အနောက်ဖက်မှာ ရပ်သူဗျ...၊း)

    ကိုညိမ်း...
    လဲရမယ်လေ..၊ လန်ဒန်နှစ်သစ်ကူးက မြန်မာ့မုန့်ဟင်းခါးနဲ့ ယှဉ်လိုက်ရင် ဦးစားပေး မဟုတ်တော့တာ သေချာတယ်ဗျ၊း) အေးဗျာ..၊ ကျနော်တို့ရဲ့ ဘာလချောင်ကို အားပေးမယ့်သူက ကျနော်တို့ပဲ ရှိတယ် မဟုတ်လား၊ ကေသရာဇာကြီး မာန်ဖီနိုင်ပါ စေကြောင်းပေါ့လေ... နော၊း)

    အစ်မရှင်လေး...
    ဟုတ်.. အစ်မ၊ စားလို့လည်း အဆင်ပြေပါတယ်...၊

    ညီမမိုးနတ်...
    လန်ဒန်က တကယ်ဆိုရင် ဒီ့ထက်လှတဲ့ နေရာတွေ အများကြီး ရှိတာပေါ့လေ၊ ကျနော်က လွတ်လွတ်လပ်လပ် ဓါတ်ပုံ လိုက်မရိုက် နိုင်လို့ပါ၊ ဘာပဲဖြစ်ဖြစ် ရိုက်နိုင်သလောက်လေး ရိုက်ခဲ့တဲ့ ပုံတွေကို နှစ်သက်တဲ့အတွက် ကျေးဇူးပါဗျာ၊ သားရဲ့ အမေပုံကိုတော့ ဟိုအရင်က ပို့စ်အချို့မှာ တင်ဖူးပါတယ်၊ အင်း.. ကျနော့်ပုံကျတော့.. ကျနော်က ဒီပုံတွေကို ရိုက်ဖို့ ကင်မရာ နောက်မှာ ရပ်ရသူ မဟုတ်လား...၊ ဆိုတော့... ...၊း)

    မမေ...
    ကွန်နက်ရှင်အကြောင်း ကြားရတာ စိတ်မကောင်းပါဘူး မမေရေ၊ ကျနော်လည်း ပုံတွေကို လေးမှာစိုးလို့ resolution အနိမ့်ဆုံး ချထားတာပါပဲ၊ မမေ အကြံပေးတာကောင်းတယ်၊ နောက်တစ်ခါဆို မင်းဂံရွာလို နယ်ဖက်တွေကို သွားဖို့ ကြိုးစားရမယ်၊း) ငရုတ်သီးတွေက စားလို့ကောင်းတယ် မမေရဲ့၊ မစပ်ဘူး၊ ဟုတ်တယ်ဗျာ..၊ ဘာလချောင်တွေကို အားပေးလိုက်တယ်၊ နှစ်သိမ့်ဆုပေါ့လေ..၊း) ကျနော်တို့လည်း မမေနဲ့ ဆုံနိုင်ဖို့ မျှော်လင့်မိပါတယ်...။

    ReplyDelete
  14. မမျှော်လင့်ပဲဘိလပ်ခရီးစဉ်မှာမုန့် ဟင်းခါးလည်းစားရ ဘာလချောင်ကြော်လည်းစားရတော့ကျမသာဆိုအဲလိုပဲလုပ်ဖြစ်မှာလို့ တွေးမိတယ်။ သားလေးအပါအ၀င်ပုံကောင်းတွေလည်းကြည့်ရလို့ ကျေးဇူးပါကိုညီလင်းသစ်ရေ။
    အိုင်အိုရာ

    ReplyDelete
  15. သားလေးက ထွားလာတယ်..ဘိလပ်အကြောင်း သိရတဲ့အတွက် ကျေးဇူးပါ ကိုညီလင်း..

    ReplyDelete
  16. ဘိလပ်မြို့တော် နိဂုံးချုပ်လေး ဖတ်သွားပြီ မောင်ညီလင်းရေ။ စနစ်တကျလေးနဲ့ ဟာကွက်မရှိ အကွက်စေ့စေ့လေး ရေးသွားတာကို ချီးကျူးပါတယ်။ တကယ်ဆို ဒီထက်သာပို ကြာကြာနေခွင့်ရရင် တီတင့်တို့လည်း ဒီထက်ပိုသိခွင့်ရမှာပေါ့နော်။ လူကြီးတွေတောင် မလွှဲသာလို့ သွားရတဲ့ လူအုပ်ကြီးကြားမှာ သားတော်မောင် နှုတ်ခမ်းစူသင့်ပါတယ်လေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  17. မသိလိုက်တာနဲ့ အပိုင်း (၃) ကိုခုမှဖတ်ခွင့်ရတယ် အကိုရာ..။
    ပုံကလေးတွေနဲ့ အစီအစဉ်တကျ၊ သေသေသပ်သပ်ရေးသွားတာလေး သဘောကျလိုက်တာ..။
    ညီမ အကြိုက်ဆုံးက Rainforest cafe ပဲ။
    ပုံလေးထဲ့ တစွန်းတစလှမ်းမြင်ရ။ အကို ရေးပြတာဖတ်ရတာနဲ့တင် တော်တော်စိတ်ဝင်စားနေတယ်။ ဟိုးးနောက်က ဆင်ရုပ်ကြီးတွေလား...အစစ်တွေတော့ ဟုတ်လောက်ပါဘူးနော်...။
    သားကလေးပုံတွေကို ချစ်ခင်စိတ်နဲ့ သဘောတကျကြည့်မိတယ်..။
    လန်ဒန်မှာလည်း ဘာလချောင်ကြော်၇ှိတာပဲနော်.. :D ။
    မုန့်ဟင်းခါးကတော့ သိပ်မကြိုက်လှဘူး အကိုရဲ့..။
    အကို့ ခရီးစဉ်လေးကို အဆုံးထိလိုက်ခဲ့ရင်း လန်ဒန်ကို တကယ်ပဲရောက်သွားသလို ကျေနပ်ပျော်ရွှင်ခဲ့ရတယ်..။
    အကို ကျန်းမာပျော်ရွှင်ပြီး စာတွေ အများကြီးရေးနိုင်ပါစေရှင်.....။

    ReplyDelete
  18. Happy ending with "Balachaung" ;-)

    ReplyDelete
  19. အလုပ်များနေတာနဲ့ အစ်ကို့လန်ဒန်ပို့စ်နောက်ဆုံးပိုင်းကို ခုမှပဲလာဖတ်ဖြစ်တော့တယ်..။ ကလေးခင်ဗျာသနားပါတယ် လူတွေအများကြီးကြားမှာ တော်တော်စိတ်ရှုပ် စိတ်ညစ်နေရှာမှာ...။ အစ်ကိုရေးတဲ့ ခရီးသွားပို့စ်တွေအရမ်းသဘောကျမိတယ်ဆိုတာ ကိုယ်တိုင်လိုက်ပါးသွားရသလို ခံစားမှုမျိုးကိုပေးနိုင်စွမ်းတဲ့အရေးအသားကြောင့်ပဲ..။ နောက်တစ်ပို့စ်ကတော့ စလုံးခရီးစဉ်ထင်ပါရဲ့...စောင့်မျှော်နေပါ့မယ်..။ မိသားစုအားလုံးပျော်ရွှင်ကျန်းမာပါစေ..။

    ReplyDelete
  20. ခရီးသွားဆောင်းပါးလေးက

    ဒေသန္တရ ဗဟုသုတ အပြည့်ပေးထားတာကို

    သက်ဝင်ခံစားမိတယ်။

    အထူးသဖြင့် ဓာတ်ပုံ တည်နေရာတွေနဲ့တစ်ကွ

    အသေးအဖွဲလေးတွေအဆုံး

    တိတိကျကျ ဖွဲ့ပြထားတာမို့၊

    ကိုယ်တိုင်ရောက်ရှိသွားသလိုပါပဲ။

    ကိုညီလင်းရေ....

    စောင့်မျှော်နေပါ့မယ်။

    ဆက်လက် ထုဆစ်နိုင်ပါစေဗျာ။

    ReplyDelete
  21. အုတ်နီခဲအကွက်လေး တွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် အိမ်လေးတွေ ရှိတတ်တဲ့ နေရာပေါ့...၊ အမြဲလိုလို မိုးရွာရင်ရွာ၊ မရွာရင် အုံ့မှိုင်းနေတတ်တဲ့ မြို့လေး..

    တနေ့တော့ အဲဒီမြို့လေးကိုရောက်ဖူးချင်ပါသေးတယ်
    အကိုရေ..
    အိမ်မက်တွေထဲကတခုဆိုပါတော့လေ...

    ReplyDelete