29 April 2013

ကျွန်းကလေးရဲ့ ရင်ခွင်မှာ (၅)


နောက်တစ်နေ့ကတော့ ကျွန်းကလေးပေါ်မှာ ကျနော်တစ်ယောက်ထဲ လည်ပတ်ရမယ့် နေ့ပါပဲ၊ အရင်ရက်တွေတုန်းက ဆုံခဲ့ရတဲ့ ညီအစ်ကိုမောင်နှမတွေက ကိုယ်စီ အလုပ်သွားကြရလို့ ဘယ်သူမှ မလိုက်နိုင်တော့ဘူး၊ တစ်နေ့တာကို စတင်ဖို့အတွက် အနည်းငယ် ရင်းနှီးနေပြီဖြစ်တဲ့ ပင်နီဆူလာကို အရင်ဆုံး လမ်းလျှောက်သွားလိုက်တယ်၊ အဲဒီမှာပဲ မနက်စာစားဖို့ ရည်ရွယ်တာလည်း ပါတာပေါ့...၊


ပင်နီဆူလာရဲ့ မနက် ၉ နာရီဟာ တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ် ပါပဲ၊ တစ်ဆိုင်၊ နှစ်ဆိုင်လောက်ကလွဲပြီး ဆိုင်ခန်းတွေ အားလုံးလိုလို ပိတ်ထားဆဲပဲ၊ လူတိုင်းကိုယ်စီက အလုပ်,လုပ်ကြရလို့ စောစောဖွင့်လည်း ဈေးဝယ်သူ မရှိမယ့်အတူ အေးအေးလူလူနဲ့ ဖွင့်ကြတာများလား၊ တစ်ထပ်ပြီးတစ်ထပ် တက်ရင်း ပိတ်ထားတဲ့ ဆိုင်တံခါးတွေကိုပဲ ကျနော်လိုက်ကြည့်နေမိတယ်၊ လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက ပြောသံကြားဖူးတဲ့ ပင်နီဆူလာ၊ ဓါတ်ပုံထဲမှာ တစွန်းတစ မြင်ခဲ့ရဖူးတဲ့ ပင်နီဆူလာ၊ ရွှေတို့ရဲ့ စုရပ်လို့ဆိုတဲ့ ပင်နီဆူလာ...၊ အဲဒီ ပင်နီဆူလာထဲကို ကျနော်တကယ်ရောက်နေပါလား လို့တွေးရင်း တိတ်ဆိတ်နေတဲ့ စင်္ကြံကနေ ငုံ့ကြည့်နေခဲ့ မိတယ်၊


ကဲ.. ကြည့်ပါဦး၊ တစ်ထိုင်ထဲမှာ အကုန်ရနိုင်တဲ့ ဒီလိုဝန်ဆောင်မှုမျိုး ကမ္ဘာပေါ်မှာ များများစားစား ရှိမယ်မထင်ဘူး၊း) ဝန်ဆောင်မှု အမျိုးအစား မတူတာက ကိစ္စမရှိပါဘူး၊ အခက်အခဲ ပြေလည်သွားဖို့က အဓိက မဟုတ်လား၊ လာသာလာခဲ့...၊ One stop service နဲ့ အကုန်အဆင်ပြေသွား စေရမယ်..၊


‘ရဲရင့်’ လက်ဖက်ရည်ဆိုင်မှာ မုန့်ဟင်းခါးတစ်ပွဲ၊ ကျစိမ့်တစ်ခွက် မှာပြီး ကျွန်းကလေးပေါ်က မနက်ခင်းကို မြန်မာဆန်ပစ် လိုက်တယ်၊ စင်္ကာပူက ကျနော် စားသောက်ခဲ့တဲ့ နေရာတိုင်းမှာ သတိထားမိတာ တစ်ခုက ပါးစပ်သုတ်ဖို့ လက်သုတ်ပုဝါ မတွေ့မိတာပါ၊ တစ်ခုခု စားသောက်လို့ ပါးစပ်သုတ်မယ်ကြံတိုင်း စားပွဲပေါ်မှာ ဘာမှမတွေ့ပါဘူး၊ ကိုယ်နဲ့အတူ စားသူတွေကို မသိမသာ အကဲခတ်ကြည့်တော့ အားလုံးက တစ်ရှူးထုပ်လေးတွေ ကိုယ်စီ ဆောင်ထားကြတာ တွေ့ရတယ်၊ ဒါနဲ့ ခရီးဆောင် သေတ္တာထဲကို ပြန်ပြီး မွှေနှောက်ရှာကြည့်တော့ ခရီးမှာအအေးမိရင်၊ နှာစေးရင် လိုလိုမယ်မယ် သုံးရအောင် ထည့်လာမိတဲ့ တစ်ရှူးထုပ်ကလေး တစ်ထုပ်ကို သွားတွေ့တယ်၊ အဲဒီအထုပ်လေးကို ကိုယ်နဲ့မကွာ ဆောင်ထားလိုက်တော့မှပဲ ကိုယ့်ကိုယ်ကို ကျွန်းသားတစ်ပိုင်း ဖြစ်ပြီဆိုပြီး စိတ်ကျေနပ်သွားတော့တယ်...၊း)


အစီအစဉ်က MBS အပေါ်က Skypark ကိုသွားဖို့ ဆိုတော့ ရထားစီးရအောင် စီးတီးဟောလ် ဘူတာကို သွားတယ်၊ အဲဒီမှာ ရယ်စရာလေးတစ်ခုကို ကြုံရသေးတယ်၊ မြေအောက်ထဲဆင်း၊ ဘူတာဂိတ်ထဲလည်း ဝင်လိုက်ရော ယူနီဖောင်းဝတ် အမျိုးသမီး တစ်ယောက်က ကျနော့်အရှေ့မှာ ပိတ်ရပ်လိုက်တယ်၊ ပြီးတော့ ̔ကျမက ဒီဘူတာရဲ့ လုံခြုံရေး တာဝန်ရှိသူပါ၊ ရှင့်ရဲ့ အိတ်ကို တစ်ချက်လောက် ကြည့်ချင်လို့ ဒီဖက်ကို ခဏလေးကြွပါ̕ ဆိုပြီး သူ့ရဲ့ အိုင်ဒီကဒ်ကို ပြလည်းပြ၊ ခပ်လှမ်းလှမ်းက စားပွဲတစ်ခုကိုလည်း ညွှန်ပြတယ်၊ ကျနော် သိလိုက်တယ်၊ ကျနော့်လည်ပင်းမှာ လွယ်ထားတဲ့ ကင်မရာရယ်၊ ကျောမှာပိုးထားတဲ့ လေးထောင့်ကျကျ ကင်မရာအိတ်ရယ်ကို ကြည့်ပြီး မသင်္ကာ ဖြစ်သွားတယ် ဆိုတာ...၊ အမျိုးသမီးကတော့ ဆက်ပြောတယ်၊ အခုလို စစ်တာကို စိတ်မရှိဖို့နဲ့ ဒါဟာ မသင်္ကာလို့ မဟုတ်ဘဲ random check ဖြစ်တဲ့ အကြောင်း..၊ ဒါနဲ့ သူပြတဲ့ စားပွဲပေါ်မှာပဲ ကင်မရာအိတ်ကို တင်ပြီး ဖွင့်ပြလိုက်တယ်၊ မှန်ဘီလူးတွေကို သာမန်ကာလျှံကာ ပြပြီးတော့ သူ စိတ်ဝင်စားမယ် ထင်တဲ့ ပစ္စည်းတွေကို သေသေချာချာ ထုတ်ပြ လိုက်တယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ဝိုင်ယာကြိုးတွေနဲ့ ဓါတ်ခဲတွေ...၊ ကျနော်က ဒီကြိုးတွေဟာ ကင်မရာနဲ့ကွန်ပျူတာ၊ ကင်မရာနဲ့ဖလက်ရှ် ဆက်သွယ်တဲ့ ကြိုးတွေဖြစ်တဲ့ အကြောင်း၊ ဓါတ်ခဲတွေကတော့ ဖလက်ရှ်အတွက် အပိုဆောင်ထားတဲ့ ဓါတ်ခဲတွေ ဖြစ်တဲ့အကြောင်း ရှင်းပြလိုက်တယ်၊ သူ နည်းနည်းစိတ်အေးသွားပုံ ရတယ်၊ ပစ္စည်းတွေကိုတော့ တစ်ခုမှ ကိုင်မကြည့်ဘူး၊ ကျနော့်ရဲ့ အိုင်ဒီကဒ်ကို တောင်းကြည့်တယ်၊ ပြီးတော့ တဆက်ထဲ ̔ရှင်က ဓါတ်ပုံဆရာလား̕ လို့ မေးတယ်၊ ကျနော်ကလည်း ̔ဆိုပါတော့ဗျာ̕ ပေါ့လေ၊ အဲဒီမှာ သူက ̔ရှင် ဒီဘူတာကိုတော့ ဓါတ်ပုံရိုက်လို့ မရဘူးနော်၊ ရိုက်ချင်ရင် ဟောဟိုက ရုံးခန်းမှာ ခွင့်သွားတောင်းဖို့ လိုတယ်̕ လို့ ပြောတယ်၊ သူ့လေသံက သူတာဝန်ယူရတဲ့ ဘူတာထဲမှာ ကျနော် ဓါတ်ပုံတွေ လျှောက်ရိုက်နေမှာကို စိုးရိမ်နေတဲ့ လေသံ..၊ ကျနော်က ̔ဟုတ်လား၊ ကျနော်က အခုလေးတင်ပဲ ဓါတ်ပုံတစ်ပုံ၊ နှစ်ပုံလောက် ရိုက်ဖို့ စိတ်ကူးနေတာ၊ အင်း..ဘူတာတွေ၊ ရထားတွေက ကျနော့်ရဲ့ အဆိုင်းမင်န့်ထဲမှာတော့ မပါ,ပါဘူး၊ ကျနော်ကိုယ်တိုင်က စိတ်ဝင်စားလို့ အမှတ်တရ ရိုက်သွားချင်တာ သက်သက်ပါ၊ ကျနော် မြင်ဖူးသမျှထဲမှာ အခုဒီက ဘူတာတွေ၊ ရထားတွေလောက် သန့်ရှင်း၊ ခေတ်မီတာ မတွေ့ဖူးသေးဘူး၊ ဒါပေမယ့် ခင်ဗျားက မရိုက်ရဘူး ဆိုတော့လည်း မရိုက်ရုံပဲ ရှိတာပေါ့ဗျာ̕ လို့ ပြောပြီး ပစ္စည်းတွေကို ခပ်တည်တည်နဲ့ ပြန်သိမ်းနေ လိုက်တယ်၊ လုံခြုံရေး အမျိုးသမီးက ဘာမှဆက်မပြောဘဲ ကျနော့်မျက်နှာကို လှမ်းကြည့်နေတာ မျက်လုံးထောင့်ကနေ မြင်နေရတယ်၊ ကင်မရာအိတ်ကို ဇစ်ဆွဲပိတ်လိုက်တဲ့ အခိုက်မှာပဲ သူ ကျနော့်အနားကို ကပ်လာပြီး လေသံတိုးတိုးနဲ့ ‘ဒီမှာ.. ဓါတ်ပုံ တစ်ပုံ၊ နှစ်ပုံလောက်ပဲ ရိုက်မှာဆိုရင်တော့ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ဒီဘူတာထဲမှာ လုံခြုံရေး ကင်မရာတွေတော့ အများကြီး ရှိတယ်၊ ရှင် ရိုက်မယ်ဆိုရင် အဲဒီကင်မရာတွေရဲ့ အရှေ့မှာတော့ မရိုက်နဲ့ပေါ့၊ ဟုတ်ပြီလား...၊ ပြီးတော့ ကျမက ဒီလိုပြောတယ်လို့လည်း ဘယ်သူ့ကိုမှ မပြောနဲ့နော်’ ပြောတယ်၊ လှမ်းကြည့်လိုက်တော့ ညိုနုနု မျက်နှာပေါ်မှာ အပြုံးရိပ်ကလေး တွေ့လိုက်ရတယ်၊ ကျနော်က ̔ဒါဆိုလည်း ကျေးဇူးပါဗျာ၊ စိတ်ချပါ...၊ ကျနော်က ခင်ဗျားဒုက္ခရောက်အောင် လုပ်မယ့်သူ မဟုတ်ပါဘူး၊ ကောင်းသောနေ့လေး ဖြစ်ပါစေဗျာ̕ လို့ နှုတ်ဆက်ပြီး ထွက်လာခဲ့တော့တယ်၊


စင်္ကာပူမှာ ရထားစီးတာ သုံးလေးခါလောက်လည်း ကျရော ရထားထဲဝင်လိုက်ပြီ ဆိုတာနဲ့ လက်က ဘောင်းဘီအိတ်ထဲက ဖုန်းကို အလိုလို စမ်းမိလျက်သား ဖြစ်နေတတ်တယ်၊ ရေမြေလိုက်သွားတာ ထင်ပါရဲ့...၊း) အစတုန်းက ရထားထဲရောက်ရင် ဟိုဟိုဒီဒီ လိုက်ကြည့်နေတာဆိုလို့ ကျနော်တစ်ယောက်ပဲ ရှိတယ်၊ အားလုံးလိုလိုက ဖုန်းတွေ၊ တက်ဘလက်တွေကနေ မျက်နှာကို မခွာဘူး၊ ကိုယ့်ရဲ့ ဖုန်းကိုယ်စီကို လူတွေအများကြီးက တချိန်တည်း၊ တပြိုင်တည်း သုံးနေကြတာ ဒါပထမဆုံး မြင်ဖူးတာပါပဲ၊ ရထားတွေကတော့ စီးရတာ အတော့်ကို အဆင်ပြေပါတယ်၊ ရထားတွေဆုံတဲ့ ဘူတာရုံကြီးတွေမှာ ရထားပြောင်းစီးတဲ့လူတွေ အဆင်ပြေအောင် အသွားရထားနဲ့ အပြန်ရထားကို အထပ်တွေခွဲထားတာ၊ ရထားက ဘူတာတစ်ခုကို ချဉ်းကပ်လာတဲ့ အခါမှာ တံခါးဖွင့်မှာက ဒီဖက်ခြမ်းလား၊ ဟိုဖက်ခြမ်းလား ဆိုတာကို ဖော်ပြတာ.. စတဲ့ အသေးစိတ်လေးတွေကအစ စနစ်ကျကျ ပြင်ဆင်ထားတာ တွေ့ရတယ်၊ တစ်ခါမှာ မောမောနဲ့ ရထားထဲမှာ ရေဗူးထုတ်သောက်မယ် လုပ်တော့ အဖော်လိုက်ပို့ပေးတဲ့ ညီမငယ်က ရထားထဲမှာ ရေသောက်ခွင့်မရှိဘူးလို့ လှမ်းပြောတယ်၊ ပထမတော့ ကျနော်က သူနောက်နေတာ ထင်လိုက်သေးတယ်၊ ဒါပေမယ့် နံရံမှာ ရေးထားတဲ့ ဒဏ်ငွေတွေကို တွေ့တော့ ရေသောက်ချင်စိတ်ကို ကမန်းကတန်း ပြန်မျိုချလိုက်ရတယ်၊ ဂလု....၊


ရောက်တဲ့နေ့ကတည်းက နေ့တိုင်းလိုလို ဘယ်နားသွားသွား တွေ့နေရတဲ့ Skypark ကောင်းကင်ဥယျာဉ်ထဲကို ပြန်ခါနီးမှ တက်ဖြစ်ပါတယ်၊ Tower 3 ကနေ တက်ရပြီးတော့ ဝင်ကြေးက ဒေါ်လာ ၂၀ ပေးရပါတယ်၊ ဓါတ်လှေကားကို လူတစ်ယောက်က မောင်းပြီး လိုက်ပို့ပေးတယ်၊ ကျနော်တို့ ခပ်ငယ်ငယ် ဓါတ်လှေကားတွေ ပေါ်ကာစမှာလို မောင်းသူတစ်ယောက် သီးသန့်ထားတာ အမှတ်ရစရာ..၊ ဒါပေမယ့် အဲဒီခပ်ငယ်ငယ်က ဓါတ်လှေကားတွေနဲ့တော့ အကွာကြီးကွာသွားပြီ၊ မြေပြင်ကနေ Skypark ရှိတဲ့ ၅၆ ထပ်ကို ၃၂ စက္ကန့်ပဲ ကြာပါတယ်၊


ကောင်းကင်က ကြည်လင်သာယာတဲ့ ကောင်းကင်ပြာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ခဏတာပဲ လာရတဲ့သူအဖို့ဆိုတာ နက္ခတ်ရွေးခွင့်တော့ ဘယ်ရှိမှာလဲ၊ Infinity pool မှာတော့ ရေကူးနေတဲ့သူတွေက အေးအေးလူလူ...၊ အရပ်ရှစ်ခွင်ကို လှည့်ပြီး ကျနော်လည်း infinity အထိကို အေးအေးလူလူ ငေးကြည့်နေလိုက်တယ်၊


ဒီဖက်အခြမ်းက အောက်ဖက်မှာတော့ မနေ့ကရောက်ခဲ့တဲ့ Gardens by the bay...၊ နေရာအနှံ့ မရောက်ခဲ့ရတဲ့ Gardens တစ်ခုလုံးကို အခုလိုမှပဲ မျက်လုံးနဲ့ ခြုံငုံလည်ခွင့် ရတော့တယ်၊ ခပ်လှမ်းလှမ်းက ပင်လယ်ထဲမှာ သင်္ဘောပေါင်းစုံက ကစားစရာ အရုပ်လေးတွေလို အစီအရီ...၊


ကောင်းကင်ဥယျာဉ်ထဲကနေ မြင်ရသလောက်ကို ကျနော်လိုက်ကြည့် နေမိတယ်၊ လာဖို့ကို အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ ကျွန်းကလေးက အခုတော့ ကျနော့်ရဲ့ အောက်ဖက်မှာ...၊ မိုးမျှော်တိုက်တာတွေ၊ သိပ်သည်းတဲ့ လူနေအဆောက်အဦးတွေက မျက်စိတဆုံး..၊ အဲဒီတိုက်တာတွေမှာ ကျနော်ချစ်ခင်ရတဲ့ မိတ်ဆွေတွေ နေကြတယ်၊ အားလုံးကို မဟုတ်သည့်တိုင် သူတို့ထဲက တချို့ကို ဆုံခွင့်ရတာ ဝမ်းမြောက်စရာပါ၊ ကျနော်စကားပြောကြည့် ရသလောက် ညီအစ်ကိုမောင်နှမ တစ်ချို့က ကျွန်းကလေးကနေ ထွက်ခွာဖို့ အစီအစဉ် ရှိကြတာ သိရတယ်၊ တချို့က ဇာတိမြေဆီ..၊ တချို့ကတော့ နောက်ထပ်နေရာသစ်ဆီ..၊ ဘယ်လိုပဲဖြစ်ဖြစ် ဟောဒီကျွန်းကလေးပေါ်မှာ သူတို့ထဲက တချို့နဲ့ နောက်ထပ်တစ်ကြိမ် ဆုံဖို့ဆိုတာတော့ မဖြစ်နိုင်သလောက်ပါပဲ၊


အဆောက်အဦးတွေ အများကြီးကြားမှာ အခုတော့ ပင်နီဆူလာကို ကျနော်ရှာတတ်သွားပြီ၊ ဟိုး.. ခပ်လှမ်းလှမ်း အောက်ဖက်က အဲဒီအဆောက်အဦးထဲမှာ မြန်မာစကားသံတွေ ရှိတယ်၊ မြန်မာစာအုပ်တွေ ရှိတယ်၊ တစ်ပတ်တစ်ခါ ဆုံတွေ့မှုတွေ ရှိတယ်၊ ချဉ်ပေါင်ကြော်တွေ ရှိတယ်၊ လက်ဖက်ရည်တွေ၊ မုန့်ဟင်းခါးတွေ ရှိတယ်၊ အဆင်မပြေမှုတွေကို အချင်းချင်း အပြန်အလှန် အားပေးမှုတွေ၊ ဝမ်းနည်းစရာတွေကို ဖြေသိမ့်မှုတွေ ရှိတယ်၊ မြန်မာတို့ရဲ့ မောင်းနှင်အားတွေ ရှိတဲ့ ပင်နီဆူလာကို နှုတ်ဆက်တဲ့ အကြည့်နဲ့ ကျနော်ကြည့်ခဲ့တယ်၊ Till we meet again Peninsula...!


စင်္ကာပူမှာ သုံးလေးခါလောက်တော့ တက္ကစီ စီးဖြစ်ခဲ့တယ်၊ ပထမဦးဆုံး စီးဖြစ်တဲ့ တက္ကစီမှာ မောင်းသူကိုလည်း မြင်လိုက်ရရော ကျနော် အံ့သြသွားတယ်၊ ဆရာကြီးဒေါက်တာသန်းထွန်းနဲ့ အတော့်ကို တူလို့ပါ၊ မျက်နှာကျအပြင် ကိုယ်ခန္ဓာ အချိုးအစားပါ တူတယ်လို့ ဆိုရမယ်၊ ဒုတိယတစ်ခါ စီးပြန်တော့ မောင်းသူက စာရေးဆရာ အီကြာကွေးနဲ့ တူနေပြန်ရော..၊ ဒီတစ်ခါတော့ ကျနော်နဲ့အတူပါတဲ့ သူငယ်ချင်းတွေကို ̔မင်းတို့ စင်္ကာပူမှာ တက္ကစီမောင်းသူတွေက တကယ့်နာမည်ကြီးတွေ ပါလား̕ လို့ နောက်မိတယ်၊ အဲဒီ သူငယ်ချင်းတွေနဲ့ပဲ နောက်တစ်ခါ စီးဖြစ်ပြန်ရော၊ ဒီတစ်ခါတော့ ကားပေါ်ရောက်ရောက်ချင်း တက္ကစီဆရာကို အားလုံးက လှမ်းကြည့်ပြီးတာနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိကြတယ်၊ ကားဆရာက ခင်ဝမ်းနဲ့ တူနေတာကိုး..၊ တက္ကစီတွေ စီးဖြစ်တော့ တက္ကစီစီးတဲ့ အကြောင်းတွေ ရေးလေ့ရှိတဲ့ အစ်မခင်ဦးမေကို သတိရချင်စရာ...၊


နေ့လယ်ပိုင်းမှာတော့ အော့ချတ်ကို နောက်တစ်ခေါက် ထပ်သွားတယ်၊ ပထမတစ်ခေါက် ရောက်တုန်းက ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် ဖြစ်သွားလို့ အခုတော့ လင်းလင်းချင်းချင်းရှိတဲ့ နေ့လယ်ခင်းမှာ အရောက်သွားလိုက်တယ်...၊


ကျနော်သွားတာက စနေ၊ တနင်္ဂနွေ မဟုတ်လို့လားတော့ မသိဘူး၊ လူတွေနဲ့ တိုးမပေါက်အောင် ဖြစ်နေတာမျိုး မဟုတ်ဘဲ လမ်းလျှောက်လို့ ကောင်းရုံပါပဲ၊ နာမည်ကြီး တံဆိပ်တွေ၊ အေးစိမ့်နေတဲ့ လေအေးစက်တွေနဲ့ ကုန်တိုက်ကြီးတွေ၊ ဝတ်ကောင်းစားလှတွေနဲ့ အောချတ်ဟာ သွေးကြီးနေတယ်၊ ကာလသားတစ်သိုက် စတာနောက်တာကို မကြားချင်ယောင်ဆောင်ပြီး ရှင်လောင်းလှည့်ကာနီးဆဲဆဲ ကနွဲ့ကလျလေး ရပ်နေတဲ့ ကွမ်းတောင်ကိုင် လုံမပျိုတစ်ယောက်လို အောချတ်ဟာ မျက်နှာချေအဖွေးသားနဲ့ လှလို့...၊


အောချတ်ဘူတာကနေ ဒိုဘီဂေါ့ဘူတာ ရောက်တဲ့အထိ ကျနော်လျှောက်ခဲ့တယ်၊ အော့ချတ်မှာ အတောမသတ်နိုင်ဘဲ မောမတတ်ကို လျှောက်ခဲ့တာ...၊း) အရိပ်ရတဲ့ သစ်ပင်ကြီးတွေ တဖက်တချက် စိုက်ပျိုးထားလို့ ပူတယ်ဆိုသည့်တိုင် လမ်းလျှောက်ရတာ နှစ်လိုဖွယ် ကောင်းတာတော့ အမှန်ပါ...၊


အဲဒီလို လျှောက်နေရင်းပေါ့...၊ တစ်နေရာ အရောက်မှာ ကိုးရီးယား အမျိုးသမီးလေးတစ်ယောက်က ကျနော့်အရှေ့တည့်တည့်ကနေ ပိတ်ရပ်ပြီး သူ့ရဲ့ လက်ကိုင်ဖုန်းနဲ့ ဓါတ်ပုံလှမ်းရိုက် လိုက်တယ်၊ တကယ့်ကို ပိုင်စိုးပိုင်နင်း မပြောမဆိုနဲ့...၊ ဘယ်ရမလဲ..၊ သူရိုက် ကိုယ်ရိုက်ပေါ့၊ ကျနော်ကလည်း တစ်ပုံပြန်ရိုက်လိုက်တယ်၊း)


အော့ချတ်လမ်းမကြီး တစ်လျှောက်မှာ ကုန်တိုက်တွေ အများကြီးတွေ့ခဲ့ပေမယ့် ဘယ်ကုန်တိုက်မှမဝင်၊ ဘယ်မှာမှ မရပ်ခဲ့ဘူး၊ ကျနော်က ဈေးဝယ်ဖို့လည်း အစီအစဉ်မှ မရှိဘဲကိုး၊ ဒါပေမယ့် တစ်နေရာရောက်တော့ ကုန်တိုက်တစ်ခုရဲ့ တံခါးရှေ့က အဖြတ်မှာ အထဲမှာ ဖွင့်ထားတဲ့ အဲကွန်းလေ အေးစိမ့်စိမ့်က ကျနော့်ကို ခဏလောက် ဝင်နားလှည့်ပါဦးလားလို့ ဖိတ်ခေါ်နေသလိုပါပဲ၊ အဲဒီတော့မှ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေနဲ့ ရွှဲနစ်နေတာ သတိပြုမိတယ်၊ အပူဒဏ်သက်သာအောင် ခဏတော့ ဝင်ခိုဦးမှပါလေလို့ စဉ်းစားပြီး အထဲဝင်လိုက်တဲ့ အခိုက်မှာပဲ အဲဒီ မာ့ခ်ရှေး စားသောက်ဆိုင်နဲ့မှ တည့်တည့်ကြီးကို ဝင်တိုးတော့တယ်၊ ̔ငါ့နှယ်နော်.. တကူးတက လိုက်ရှာရင်တောင် တွေ့ချင်မှတွေ့မှာ̕ လို့ တွေးမိပြီး ကျနော် ရယ်ချင်သွားတယ်၊ ပြီးတော့ ပျော်လည်းပျော်သွားတယ်၊ စင်္ကာပူက မောင်နှမဘလော့ဂါတွေ ရေးလေ့ရှိတဲ့ မာ့ခ်ရှေးကို မြင်ဖူးသွားလို့ပါ၊ အမှတ်တရ ဓါတ်ပုံလေးတစ်ပုံ ရိုက်တယ်၊ ပြီးတော့ အနီးကပ်သွားကြည့်တယ်၊ ဘာမှတော့ မဝယ်ခဲ့ဘူး၊ ဒါတွေနဲ့ ဝေးရာကို ခဏလေးထွက်လာတုန်း အခုလို အနီးကပ် ပြန်လာကြည့်တာကပဲ လွန်လှပြီ မဟုတ်လား...၊း)


အော့ချတ်လမ်းပေါ်က သန့်ရှင်းတောက်ပြောင်ပြီး ပြုံးပျော်နေကြတဲ့ မျက်နှာတွေကြားမှာ ညစ်ထပ်ထပ်နဲ့ ညှိုးညှိုးငယ်ငယ် မျက်နှာတစ်ခုက ကျနော့်မြင်ကွင်းထဲ ဝင်လာခဲ့တယ်၊ အမှိုက်ပုံးတွေထဲက အမှိုက်တွေကို လာသိမ်းတဲ့ အဖိုးအိုတစ်ယောက်...၊ နိုင်ငံတိုင်းမှာ အမှိုက်တွေလိုက်သိမ်းတဲ့ ဝန်ထမ်းတွေရှိပါတယ်၊ မဆန်းပါဘူး၊ ဒါပေမယ့် ဒီကျွန်းကလေးပေါ်က food court တွေမှာ၊ လမ်းဘေးတွေမှာ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေမှာ.. အိုကြီးအိုမ အရွယ်ကျမှ ဆင်းဆင်းရဲရဲ အလုပ်,လုပ်နေရရှာတဲ့ အဖိုးအို၊ အဖွားအိုတွေ အကြောင်းကို မိတ်ဆွေတွေဆီက ကြားလည်းကြားဖူးထားပြီး ကျနော်ကိုယ်တိုင်လည်း မြင်နေရတဲ့အခါ မျက်စိရှေ့က အဖိုးအိုအတွက် ကင်မရာခလုတ်ကို နာနာကျင်ကျင်နဲ့ နှိပ်လိုက်မိတော့တယ်၊ ဒါဟာ စင်္ကာပူရဲ့ မျက်နှာစာတစ်ခုလို့ပဲ ဆိုရမှာပါ၊ အိမ်ရှေ့က လှလှပပ ပန်းဥယျာဉ်တွေ အကြောင်းပြောရတာ ကောင်းသလို နောက်ဖေးလမ်းကြားက ရွှံ့တွေ၊ ဗွက်တွေအကြောင်းကိုလည်း ကျနော်တို့ မေ့မထားသင့်ဘူး မဟုတ်လား၊


ညနေ မစောင်းတစောင်းမှာတော့ Makansutra Gulttons Bay ကို ကျနော်တစ်ခေါက် ပြန်သွားတယ်၊ ကျနော်ရောက်ခဲ့တဲ့ညမှာ ပထမဦးဆုံး ညစာ,စားခဲ့တဲ့ နေရာလေး...၊ လရောင်တချို့တဝက် လူးပေလိမ်းကျံထားတဲ့ ကျွန်းကလေးရဲ့ လေပြေအေး ညလေးကို ပထမဦးဆုံး ခံစားခဲ့ရတဲ့ နေရာလေး...၊ ဒီအချိန်မှာ ဆိုင်ခန်းတွေ မဖွင့်သေးမှန်း သိပါတယ်၊ ကျနော်က နှုတ်ဆက်ရုံပဲ သွားခဲ့တာပါ၊ ရောက်တဲ့ညတုန်းကတော့ မွှေးကြိုင်ပြီး အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဆူညံစည်ကားနေတဲ့ ဆိုင်တန်းလေးက အခုတော့လည်း ပျင်းရိတိတ်ဆိတ်လို့...၊ ဟင်းတွေကို ဖွယ်ဖွယ်ရာရာ ချက်တတ်ပေမယ့် နေ့လယ်ခင်းမှာ တရေးတမော အိပ်တတ်တဲ့ အပျင်းကြီးကြီး မိန်းမပျိုလေး တစ်ယောက်လို ချစ်စရာကောင်းနေခဲ့တယ်...၊


၅ ညတာ အိပ်စက်အနားယူခဲ့တဲ့ အခန်းကလေးကို ကျနော် နှုတ်ဆက်လိုက်တယ်၊ အခန်းကလေးက နေချင်စရာ နွေးထွေးမှုတွေ ဘယ်လောက်ပဲရှိရှိ ဧည့်သည်ဆိုတာ အဆုံးမှာတော့ အိမ်ပြန်ရမှာပဲ မဟုတ်လား၊ ပစ္စည်းတွေကို သိမ်းဆည်းနေရင်းနဲ့ ထူးအိမ်သင်ရဲ့ တေးသွားတစ်ပိုဒ်ကို ကျနော် ဆိုညည်းနေခဲ့တယ်၊ ♫♫ နှုတ်ဆက်ခဲ့ပါတယ် အလင်းရောင်အခန်းလေးရေ...၊ အမှောင်လမ်းမတွေထဲကို ငါသွားတော့မယ်... ♪♪♫

နေခွင့်ရတဲ့ အချိန်လေးက တိုတောင်းပေမယ့်လို့ ဘာပဲဖြစ်ဖြစ် ကျေနပ်စရာပါ၊ ကျနော်ဆုံခဲ့ရတဲ့ အာဂန္တု ကျွန်းသူကျွန်းသားတွေက stress တွေ၊ ခပ်တန်းတန်းဆက်ဆံမှုတွေ များတဲ့ လူ့အဖွဲ့အစည်းမှာ နေ,နေပေမယ့်လို့ ဖော်ရွေမှု၊ ခင်မင်မှု အပိုင်းမှာတော့ တစ်ရွေးသားမှ မလျော့ဘဲ တကယ့်ကို တင်းပြည့်ကျပ်ပြည့်နဲ့ ချစ်စရာကောင်းကြတယ်၊ သူတို့တွေထဲက တချို့ကို ကျနော်မှတ်မိသလောက် နာမည်နဲ့တကွ ကျေးဇူးမှတ်တမ်း ပြုပါရစေ..၊ ကျွန်းကလေးရဲ့ ရင်ခွင်မှာ အစစအရာရာ ချောမွေ့အဆင်ပြေအောင် အကူအညီပေးခဲ့၊ ဆုံတွေ့ခဲ့ကြသူတွေ အကြောင်း ပြောမယ်ဆိုရင်...

- SIM card ဝယ်တာအပါအဝင် ကျနော့်ကို နေ့တိုင်း၊ နေ့တိုင်း စိတ်ပူစွာနဲ့ ဖုန်းဆက်သတင်းမေးတဲ့ သူငယ်ချင်း ထွန်းထွန်း၊
- သူဖတ်ဖို့ ဝယ်ထားတဲ့ နာမည်ကြီး စာအုပ်ပေမယ့် ကျနော့်ဆီမှာ ဝယ်မရမှန်းသိတဲ့အခါ တစ်စက္ကန့်မဆိုင်းဘဲ လက်ဆောင်ပေးလိုက်တဲ့ သူငယ်ချင်း သန်းနိုင်၊
- ဗာဟီရအလုပ်တွေ၊ လူမှုရေးအလုပ်တွေကို ပစ်ပြီး ကုသိုလ်ရပါစေတော့ ဆိုတဲ့စေတနာနဲ့ ဘုန်းကြီးကျောင်းတွေကို အပင်ပန်းခံ လိုက်ပို့ပေးတဲ့ ညီမလေးဇွန်၊ ညီမလေးညို၊ ညီမလေးခင်၊
- အလုပ်ကနေ ခွင့်ယူပြီး တစ်နေကုန် နေရာစုံ လိုက်ပို့ပေးတာတောင် အားမရသေးဘဲ ̔ဧည့်ဝတ်မကျေလိုက်ဘူးဗျာ̕ ချည်း တဖွဖွပြောနေတဲ့ ကိုညိမ်း၊
- တစ်ညနေပဲ ဆုံလိုက်ပေမယ့် နှစ်များစွာ အမှတ်ရနေမယ့် ဖော်ရွေရက်ရောမှုတွေနဲ့ ကိုဖုန်းလွင်၊
- တကုပ်ကုပ် ချက်ပြုတ်နေတာတောင် အပြုံးမပျက်ဘဲ ခင်မင်စရာကောင်းတဲ့၊ အဆင်စုံအသွေးစုံ မုန့်လင်မယားတို့ရဲ့ ဖန်တီးရှင် ညီမ မဒမ်ကိုး၊
- အိမ်လာလည်တဲ့ ဧည့်သည်တွေ ဗိုက်ပြည့်သွားစေချင်တဲ့ စေတနာတွေ တပွေ့တပိုက်နဲ့ ဧည့်ဝတ်ကျေလွန်းတဲ့ ကိုခင်မောင်ဦး၊ မသန္တာလွင်၊
- လူသိများ ထင်ရှားတဲ့ နာမည်ကြီးဘလော့ဂါ ဖြစ်ပေမယ့် မာန်မာနမရှိ၊ ဟိတ်ဟန်မရှိဘဲ ဖော်ရွေစွာနဲ့ လာနှုတ်ဆက်တဲ့ အစ်မခင်ဦးမေ၊
- ကျနော်စားချင်သမျှ မြန်မာအစားအစာတွေ လိုက်ကျွေးတဲ့အပြင် ကင်မရာပစ္စည်း ဆိုင်တွေကိုပါ ညွှန်ပြပေးတဲ့ စာဖတ်သူ ညီ၊
- တစ်ထမ်း၊ တစ်ရွက်နဲ့ တက်ညီလက်ညီ ရှိလှတဲ့၊ လူတစ်ဖက်သားကို အမြဲကူညီချင်တဲ့ နေနဲ့လ၊ ရွှေနဲ့မြ အစ်ကိုဝင်းနိုင်၊ အစ်မချစ်ကြည်အေး၊
- မြင်လိုက်တာနဲ့ ̔မိသားစု̕ ဆိုတဲ့ စကားလုံးလေးကို ပိုပြီးခံစား၊ နားလည်သွားစေတဲ့ ချစ်စရာကောင်းတဲ့ အစ်မသက်ဝေတို့ မိသားစု၊
- တိုးတိုးညင်သာနဲ့ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ ညီငယ် Evergreen ဖြိုး၊
- အလုပ်တွေ ရှိတဲ့ကြားက အချိန်လုပြီး ရောက်လာခဲ့တဲ့ မသိမ့်၊
- ဘယ်အချိန် ပြန်ဖတ်ဖတ်၊ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ကဗျာတစ်ပုဒ်လို သစ်လွင်တဲ့ ဖော်ရွေမှုတွေနဲ့ ကဗျာဆရာ ကိုတင်မင်းထက်၊
- အားလုံးအတွက် အမှတ်ရစရာ ဓါတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ ကိုကျော်စိုးမင်း၊
- အလုပ်ကိုယ်စီနဲ့ မအားတဲ့ကြားက ရတဲ့ညနေခင်းလေးမှာ မဖြစ်မနေ ညစာစီစဉ်ခဲ့တဲ့၊ ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြတဲ့ စည်သူ၊ ဥမ္မာ၊ စံပယ်၊ ပပ၊ ဖြိုးအောင်ထွန်း၊
- စင်္ကာပူမှာ မနေပေမယ့် အဝေးကနေ ဝမ်းသာအားရ တကူးတက ဖုန်းဆက်ပြီး နှုတ်ဆက်တဲ့ ညီငယ် မောင်မျိုး၊
- သား ၂ ယောက်နဲ့အတူ အိမ်ထောင့်တာဝန်တွေ များလှတဲ့ကြားက မဖြစ်မနေ ဖုန်းနဲ့ နှုတ်ဆက်တဲ့ sonata-cantata မသီတာ၊
- နေမကောင်းလို့ ချောင်းတွေ ဆိုးနေပေမယ့် ဖုန်းဆက်ပြီး ဧည့်ဝတ်ကျေခဲ့တဲ့ ညီမ ကဗျာသင်္ခါရ၊
- sms လေးပို့ပြီး အစစအရာရာ အဆင်ပြေပါစေကြောင်း ဆုတောင်းပေးခဲ့တဲ့ မယုမွန်၊
- ဖုန်းနဲ့တမျိုး၊ sms တွေနဲ့တသွယ် နှုတ်ဆက်ကြတဲ့ အမည်မသိခဲ့ရတဲ့ ညီအစ်ကို မောင်နှမတွေ၊
- နောက်... ကျနော့်ရဲ့ အားနည်းချွတ်ချော်မှုကြောင့် ဖော်ပြဖို့ ကျန်ကောင်း၊ ကျန်နေခဲ့နိုင်တဲ့ မိတ်ဆွေတွေ...၊

သူတို့အားလုံးရဲ့ ခင်မင်ဖော်ရွေမှုနဲ့ ဧည့်ဝတ်ကျေမှု တွေအတွက် ချစ်ခင်အမှတ်ရစွာနဲ့ ကျေးဇူးစကား ဆိုချင်ပါတယ်၊ သူတို့ရဲ့ အချိန်တွေနဲ့သာ မတည်ဆောက်ခဲ့ဘူး ဆိုရင်၊ သူတို့ရဲ့ အပြုံးတွေနဲ့သာ မညွတ်ပျောင်းစေခဲ့ဘူး ဆိုရင် ဟောဒီကျွန်းကလေးကို လာရတဲ့ ခရီးစဉ်ဟာ အခုလို အမှတ်တရ ဖြစ်ကျန်ခဲ့မှာ မဟုတ်ပါဘူး၊ သူတို့အားလုံးရဲ့ စေတနာကို အရင်းခံတဲ့ ခင်မင်မှုဟာ ခေါင်းပေါ်က နေနဲ့အပြိုင် တောက်ဖြာ၊ နွေးထွေးပြီး ကျနော့်ရင်ဘတ် တစ်ခုလုံးကို လင်းစေခဲ့တယ်၊


တကယ်တော့ တားမြစ်ထားမှုတွေ ရှိလင့်ကစား... ကျနော်ကိုယ်တိုင်က လိုလိုလားလား အမိခံချင်တဲ့ ငါးတစ်ကောင်ပါ၊ စည်းကမ်းချက်တွေ အတော်အသင့် များလှတဲ့ ကျွန်းကလေးပေါ်မှာ နေကြသူတွေပီပီ အာဂန္တု ကျွန်းသူကျွန်းသား တွေကတော့ စည်းကမ်းကို လိုက်နာပြီး ကျနော့်ကို မျှားချင်မှ မျှားကြမှာပါ၊ ဒါပေမယ့် ကမ်းနားမှာ မထိုင်၊ ငါးမျှားတံကို မကိုင်ပါဘဲနဲ့ သူတို့ရဲ့ ရင်ထဲက ချစ်ခင်ရင်းနှီးမှုတွေက ကီလိုမီတာ ထောင်ချီတဲ့အရပ်က ကျနော့်ကို စွေ့ကနဲ မျှားသွားခဲ့တော့တယ်၊ အဲဒီ ချစ်ခင်မှု ငါးမျှားချိတ်လေးကို ပါးစောင်မှာကိုက်ပြီး သွားခဲ့မိတဲ့ ခရီးစဉ်လေးက ကာလများစွာတိုင် အမှတ်တရနဲ့ ရှိနေတော့မှာ အသေအချာပါပဲ...၊ ကျွန်းကလေးရဲ့ ခရီးစဉ်ကို အခုလို အဆုံးရောက်တဲ့အထိ စိတ်ရှည်ရှည်ထားပြီး စောင့်ဖတ်ခဲ့ကြတဲ့ ညီအစ်ကို၊ မောင်နှမ အယောက်တိုင်းကိုလည်း ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျား...။ ။


ညီလင်းသစ်
၂၉ ဧပြီ၊ ၂၀၁၃

33 comments:

  1. Bird eye views are awesome.
    Still not enough in reading but the story was ended.

    Nyi

    ReplyDelete
  2. သူရိုက်ကိုယ်ရိုက် ပုံကို သိပ်သဘောကျတာပဲ။း) နောက်ဖေးလမ်းကြားက ရွှံ့တွေဗွက်တွေ ပေကျံနေတဲ့ မျက်နှာစာတစ်ခုရဲ့ ပုံလေးကိုလည်း ကြိုက်တယ်။ အစ်ကို့ခရီးစဉ်သာ ဒီနှစ်ထဲ အကောင်အထည်မဖော်ဖြစ်ခဲ့ရင် ဇွန်တို့တွေ့ခွင့်တောင် ရပါ့မလားလို့ တွေးမိသေးတယ်။ မိုင်တစ်သောင်းအကွာမှာရှိတဲ့ တောင်တန်းတွေနဲ့ကုန်းမြေကြားရဲ့ အမှတ်စက်တစ်ခုကနေ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းကလေးဆီ တကူးတကလာရောက်လည်ပတ် တွေ့ဆုံသွားခဲ့တဲ့ ကိုညီလင်းသစ်ကိုလည်း ဇွန်တို့ အာဂန္တုကျွန်းသူကျွန်းသားတွေက အမြဲသတိရ ကျေးဇူးတင်နေတာပါ။း))

    ReplyDelete
  3. Did you notice, the big trees along the orchard road are Pa Dauk tree?

    ReplyDelete
  4. ကိုညီလင်းသစ်ရေ...
    ပုံတွေကို သိပ်သဘောကျ၊ စာရေးထားတာတွေကလည်း တင်စား ချောမွေ့လို့။ နောက်တစ်ခါသာ လာမယ်ဆိုရင် ကျွန်မတို့ ကျွန်းသားတွေအနေနဲ့ ခင်မင်ဖော်ရွေမှုငါးစာနဲ့ ကိုညီလင်းသစ်ကို ထပ်မျှားဖို့ ဝန်မလေးပါဘူးရှင့်......း)

    ReplyDelete
  5. ဖတ်လို့ ကောင်းတာ ဗျာမတွေ့ လိုက်ရတာ စိတ်မကောင်းဘူး ကျနော်က
    ပိတ်ရက်အလုပ်လုပ်နေရလို့ 

    ReplyDelete
  6. မြင်တာချင်းတူပေမယ့် မြင်တတ်တာချင်း မတူတာ ပင်နီဆူလာပုံက သက်သေပဲ အစ်ကို ။ ပင်နီဆူလာ အဲလို လှ မှန်း အခုမှသိတော့တယ် ။ နောက် ... ယူနီဖောင်း ဝတ်လာပေးကြတဲ့ မော်ဒယ်တွေနဲ့ ရထားတွဲပုံလေး။

    မိုင်ထောင်ချီ ကူးလာခဲ့ရတဲ့ ငါးလေးအတွက် အမှတ်တရခရီးဖြစ်တယ်ဆိုလို့ အာဂန္တုဗျိုင်းတွေကလည်း ဝမ်းသာပါတယ် :)
    [ တကယ်ပါ မနေ့ကအထိကို ဗျိုင်းဖြစ်နေသေးတာ :D ]

    ReplyDelete
  7. ဟိ... ဇွန် အမှားလာပြင်တာ။ ကီလိုမီတာတစ်သောင်းဖြစ်ရမှာကို မိုင်တစ်သောင်းလို့ ယူနစ်မှားပြီး ရေးမိလို့။ :D

    ReplyDelete
  8. အစကနေအဆုံးထိလိုက်လာစီးမျောခဲ့တာ အခုတော့ ကျွန်းကလေးရဲ့ခရီးစဉ်လေးအဆုံးသတ်သွားပါပေါ့လား....။ နောက်ထပ်ပို့စ်အသစ်တခုဖတ်ရဖို့ ဘယ်လောက်များစောင့်ရဦးမလဲရှင့်..း)

    ReplyDelete
  9. စလုံးကို အရင်က မီးခြစ်ဖာလေးထဲက အခန်းလေးတွေလို ပြွတ်သိပ်နေတော့တယ်ထင်တာ အစ်ကိုရိုက်တဲ့ ပုံလေးတွေ ကြည့်ရတော့မှ စလုံးက ချက်ချင်းကြီး ခမ်းနားသွားသလိုပဲ ။

    အမှတ်တရ ရှိတဲ့အတွက် ကျေးဇူးး)

    ReplyDelete
  10. တိုတောင်းတဲ့ ရက်ကလေးပေမယ့် ရိုက်ချက်တွေအပေါ် ကဗျာဆန်တဲ့ စာသားလေးတွေထပ်ဆင့်ရင်း ကျွန်းကလေးနဲ့ ပတ်သက်သမျှကို စိတ်ဝင်စားအောင် အသေးစိတ်ဖေါ်ကျူးသွားနိုင်တဲ့အပြင် အားလုံးအပေါ် အသိအမှတ်ပြုတဲ့ နှုတ်ဆက်ထားတာလေးကို ဖတ်ရတာ ကြည်နူးစရာပါ မောင်ညီလင်းရေ...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. I visit to your blog almost everyday..Ko Nyi..:) hoping that there will be a new post for SG trip.
    Now it's all worthwhile, it's interesting post as always.
    Cheers,
    -Nyi Ma War So

    ReplyDelete
  12. လပြည့်ရိပ်April 29, 2013 at 5:07 PM

    စင်္ကာပူပိုစ့် အားလုံး စိတ်ဝင်စားစရာတွေချည်းပဲ။ ခုလိုပြည့်ပြည့်စုံစုံတင်ပြတဲ့အတွက်ကျေးဇူးပါ အကို... အော် ဒါနဲ့ .. မြင်ဘူးသွားပြီ.. :-)

    ReplyDelete
  13. စိုးသူရ(ရွှေမန္တလေး)April 29, 2013 at 6:09 PM

    စကာင်္ခရီးစဉ်ကတော့ကိုညီလင်းသစ်ပျော်သလိုအကိုရဲစကာင်္ပူခရီးစဉ်မှတ်တမ်းတွေနဲ့ဓာတ်ပုံတွေကိုရသပြောင်မြောက်စွာဖော်ပြပေးခဲ့တဲ့အတွက်စာဖတ်ပရိသတ်တွေပျော်ရွှင်ရခဲ့ပါတယ်အကို။နောက်ထပ်ဘယ်ခရီးစဉ်မှတ်တမ်းရေးဦးမှာလဲကိုညီရေ..............................................?

    ReplyDelete
  14. သေသပ်ခမ်းနားတဲ့ဓာတ်ပုံတွေ၊တင်စားနှိုင်းယှဉ်ထားတဲ့ စကားလုံးတွေ....၊ပြောစရာမရှိအောင် အားလုံးကိုကျေ
    နပ်နှစ်သိမ့်မှုပေးနိုင်တဲ့ အဆုံးသတ်လေးပါပဲအစ်ကို.....၊
    ကြည့်ပါဦး......မကြာခင်ခွဲခွာရတော့မယ့် စင်္ကာပူလေးက
    အစ်ကိုရဲ့အနုပညာလက်အကြားမှာ လှပနေပုံက မခွဲချင်
    မခွာရက်စရာရယ်....။

    ReplyDelete
  15. Nyi...
    Thank you! I would have loved to continue but don't you think that I took already too much time to reach even this stage. :)

    ညီမလေးဇွန်...
    ကျေးဇူးပါပဲဗျာ...၊ ဟုတ်တယ်.. အခြေအနေတွေက အမြဲတမ်း ပြောင်းလဲနေတဲ့ ကာလမှာ လူတွေကလည်း နေရာတစ်ခုတည်းမှာ တသမတ်တည်း မရှိနိုင်တော့ဘူး ဆိုတော့ နောက်ဆို တွေ့ချင်မှ တွေ့မှာလို့ ကျနော်လည်း တွေးမိတယ်၊း) မိုင်တစ်သောင်းလို့ မှားရေးတာ ကိစ္စ မရှိပါဘူးလေ၊ ဖြူသီတောင်မှ မိုင်ပေါင်းကုဋေ ဆိုပြီး လုပ်ခဲ့သေးတာပဲ...၊း))

    Anonymous...
    Really?? Oh.. I didn't realize it at all. Well, I think I found a reason to come back to Singapore. :)

    အစ်မချစ်...
    ဟုတ်..၊ ကျေးဇူးပါ အစ်မ..၊ အဲဒီလို ငါးစာမျိုးနဲ့သာ ဆိုရင်တော့ ဟောဒီ ငါးတစ်ကောင်က ငါးမျှားတံနဲ့ပဲ မျှားမျှား၊ ကွန်နဲ့ပဲ ပစ်ပစ်... မိမှာ အသေအချာဗျ...၊း)

    ညီမ Vista...
    ကျနော်ကလည်း တွေ့ချင်ခဲ့တာဗျ၊ တနင်္ဂနွေနေ့မှာ လာမယ်လို့တောင် ထင်နေတာ၊ နောက်တစ်ခေါက်ပေါ့လေ၊း) ပို့စ်အသစ် မတွေ့တာကြာပြီနော်၊ နေကောင်းတယ်ဟုတ်..?

    ညီမလေးညို...
    အင်း.. ပင်နီဆူလာ အဆောက်အဦးကိုမြင်ရင် ကျနော်ကတော့ ချဉ်ပေါင်ကြော်တွေကို သတိရစိတ်နဲ့ အကောင်းပဲ မြင်နေခဲ့တာလားတော့ မသိပါဘူးဗျာ၊း) ဗျိုင်း ဖြစ်ခဲ့တယ် ဆိုတဲ့အတွက်တော့ စိတ်မကောင်းပါဘူး ညီမလေးရာ၊ အနည်းဆုံးတော့ လည်တံကျော့ကျော့ ရှိတာပေါ့လေ လို့ပဲ ဖြေသိမ့်ရတော့ မှာပဲ..၊း))

    ညီမမိုး...
    အဲ.. အဖြေရခက်ဆုံး မေးခွန်းကိုမှ မေးရက်ပလေတယ်ဗျာ...၊း)

    ATZH...
    Thank you so much...!

    ညီငယ်မောင်မျိုး...
    စင်္ကာပူကို ညီ တင်စားတဲ့ပုံကိုတော့ ကြိုက်သွားပြီဗျာ...၊း) တကယ်တော့ စလုံးက ကျနော် ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေထဲက ထက်ကို ပိုပြီး ခမ်းနားပါတယ်...၊ သတိရခြင်းကတော့ အပြန်အလှန် ပေါ့လေ...နော၊း)

    တီတင့်...
    ကျေးဇူးအများကြီး တင်ပါတယ် တီတင့်ရေ..၊ အမြဲပဲ မပျက်မကွက် လာအားပေးလို့လည်း ထပ်ဆင့် ကျေးဇူးပါ...၊

    Nyi Ma War So...
    Thanks a lot Nyi Ma for your patience and kind comment! :) It makes me keep moving.

    ညီမလပြည့်...
    ကျေးဇူး တင်ပါတယ် ညီမရေ..၊ သြော်.. ညီမက Samsung GALAXY Note II ကို အခုမှပဲ မြင်ဖူးတာလား? ;)

    ကိုစိုးသူရ...
    ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလို ကြားရတာ ကျနော်ကလည်း ဝမ်းသာပါတယ်၊ အဲ.. လောလောဆယ်တော့ ခရီးသွားဖို့ ပိုက်ဆံစုလိုက်ဦးမယ်ဗျာ..၊း)

    ကိုညိမ်း...
    ကျေးဇူး ကိုညိမ်းရေ...၊ အင်း... မကြာခင်မှာ အဲဒီ လှလှပပ စင်္ကာပူလေးကိုပဲ လွမ်းလို့ကျန်ရစ်ခဲ့မှာ အားနာပါတယ်လေ-လို့ ကိုညိမ်းက ဆိုရတော့မှာပေါ့ဗျာ...။း)

    ReplyDelete
  16. ဓာတ်ပုံတွေက တကယ်မိုက်တယ်...ဖော်ရွေပျူငှာမှု ငါးစာတွေနဲ့  မိုင်သောင်းချီအဝေးက ငါးလေးကို မျှားတယ်ဆိုတယ့် တင်စားတာလေးကို သဘောကျတယ်...

    ReplyDelete
  17. ထုံးစံအတိုင်း ဒုတိယအကြိမ်ပြန်လာဖတ်.. ကော်မန့် လာရေးပြန်ပါတယ်..။။

    ကိုညီရေ.....ညီမက တကယ့်ကို ဧည့်ဝတ်မကျေနိုင်ခဲ့ သူပါ။။
    အရမ်းလည်း အားနာပါတယ်..။။ နောက်တစ်ကြိမ်များ ဧည့်ဝတ်ကျေခွင့်ရမလားလို့  ... ချောင်းမဆိုးအောင် ခုကတည်းက ချောင်းဆိုးပျောက်ဆေး မှန်မှန်သောက်ထားရ ကောင်းမလားလို့ ..(ချောင်းထပ်မဆိုးအောင်လို့ လေ....။။။ အာ့လိုကို ဧည့်ဝတ်ကျေချင်တာပါ...။။ :P :P :P )

    အာ့တုန်းကတော့...ချောင်းဆိုးပျောက်ဆေးတောင် စွဲမလိုဖြစ်လို့  မနည်းပြန်ဖြတ်ယူရတယ်.... :P :P :P

    ကိုညီ့ ပို့ စ်ကိုဖတ် ... ဓါတ်ပုံလေးတွေကြည့်လိုက်တော့ ကျွန်းကလေးကလည်း ဟုတ်တုတ်တုတ် လျှောက်သွားချင်စရာလေးပါလားလို့  ပြန်စဉ်းစားနေမိတယ်။။ ပိတ်ရက်တစ်ရက်လောက်တော့ ကိုညီ့ပို့ စ်အတိုင်း လျှောက်သွားကြည့်ဦးမှ ထင်ပါရဲ့ ...။။ :D :D

    ReplyDelete
  18. စင်ကာပူကဆိုင်တွေမှာ တစ်ရှုး မထားပေးတာ သိလိုက်ရလို. အံ.သြသွားပါကြောင်း၊
    ချဉ်ပေါင်ကြော် နှင်. မုန်.ဟင်းခါး အ၀ ၊အမုန်းစားခဲ.မည်ဟု ယူဆရပါကြောင်း၊
    ကိုညီလင်းသစ်က တခုခုဆို မိန်းမပျိုလေးတွေနဲ. ခိုင်းနှိုင်းတင်စား တတ်သည်ကိုသတိထားမိပါကြောင်း၊
    နောက်ပို.စ် တခု ကိုစောင်.မျှော်လျှက်ရှိပါကြောင်း၊


    ReplyDelete
  19. နော်နော်April 30, 2013 at 10:38 AM

    ကျွန်းကလေးကတော့ အဆုံးသတ်သွားပါပြီ။ကြည်နူးစရာ၊လွမ်းစရာ၊ရယ်စရာ ရသစုံတဲပ အဆုံးသတ်လေးပါပဲ။ ရသစုံတဲ့ ဘ၀ကြီးကို ကျင်လည်ရစဉ် စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပါစေ၊ စာများများရေးနိုင်ပါစေ လို့ ဆန္ဒပြုလျှက်
    အစ်မ- နော်နော်

    ReplyDelete
  20. ဓါတ်ပုံတွေ လှလိုက်တာ ကိုညီလင်းရေ… တွေ့နေ မြင်နေကျ မြင်ကွင်းတွေကို မတူတဲ့ Angle ကနေ ရိုက်ပြသွားတာ သိပ်လှတာပဲ… သားလေးနဲ့ မအိမ်သူကိုပါ ခေါ်ပြီး နောက်တခေါက် လာလည်ပါအုံး လို့ ဖိတ်ပါတယ်နော်… အမတို့ မိသားစုကတော့ ကျွန်းကလေးကနေ အဆောတလျင် ထွက်ခွာဖို့ အစီအစဉ် မရှိသေးတာမို့ ကိုညီလင်းတို့ နောက်တခေါက် ရောက်လာဖြစ်ရင်လည်း အတတ်နိုင်ဆုံး ဧည့်ဝတ် ကျေနိုင်ဖို့ မျှော်လင့်ပါတယ်။ ကိုညီလင်းရဲ့ ကျေးဇူးမှတ်တမ်းမှာ အမှတ်တရ ပါဝင်ခွင့်ရတဲ့အတွက် အမကလည်း ကျေးဇူးတင်ပါတယ်နော်…း-)

    ReplyDelete
  21. ဖုန်းနဲ့သာ နှုတ်ဆက်လိုက်ရလို့
    မသီတာရဲ့ နာမ၀ိသေသနက

    သား ၂ ယောက်နဲ့အတူ အိမ်ထောင့်တာဝန်တွေ များလှတဲ့ကြားက မဖြစ်မနေ ဖုန်းနဲ့ နှုတ်ဆက်တဲ့
    ဖြစ်သွားတာ...

    လူကိုယ်တိုင်သာ နှုတ်ဆက်ခွင့်ရရင်

    ဟင်းတွေကို ဖွယ်ဖွယ်ရာရာ မချက်တတ်ပဲ နေ့လယ်ခင်းမှာ တရေးတမော အိပ်တတ်တဲ့ အပျင်းကြီးကြီး မိန်းမကြီး တစ်ယောက်

    ဖြစ်သွားနိုင်တယ်...အဟေဟေ့ဟေး...:D

    ReplyDelete
  22. ဖတ်ပြီး..ပျော်သလိုလို ၊၀မ်းနည်းသလိုလို
    ခံစားလိုက်ရတယ်။ တွေ့ ကြုံဆုံခွဲ ဆိုတာကို သတိပြုလိုက် မိလို့ ပါ။

    ReplyDelete
  23. ပင်နီဆူလာမှာလည်းသန့်ရှင်းရေးအဒေါ်ကြီးတစ်ယောက်ရှိတယ် တစ်ခါတစ်လေ ညောင်းလို့ တူပါရဲ့ ပရုတ်ဆီတွေလူးနေတတ်တယ် သု့ကိုမြင်ရင် စိတ်ထဲဝမ်းနည်းလာတယ် အစ်ကို့ စာတွေရော ဓါတ်ပုံတွေရောGOODDDD' နောက်ပို့စ်အသစ်တွေ မျှော်နေပါတယ်
    AA

    ReplyDelete
  24. Nice post as usual.
    Iora

    ReplyDelete
  25. As usual, nice travel story! I miss the local foods. Singapore sky line had changed within the last 10 years.

    ReplyDelete
  26. ဒီပို့စ် ကစိတ်ဝင်စားစရာ အကောင်းဆုံးလို့ ထင်မိပါတယ်...ပုံတွေ လည်းအရမ်းကောင်းပါတယ်...
    (...တစ်နေရာ အရောက်မှာ ကိုးရီးယား အမျိုးသမီးလေးတစ်ယောက်က ကျနော့်အရှေ့တည့်တည့်ကနေ ပိတ်ရပ်ပြီး သူ့ရဲ့ လက်ကိုင်ဖုန်းနဲ့ ဓါတ်ပုံလှမ်းရိုက် လိုက်တယ်၊ တကယ့်ကို ပိုင်စိုးပိုင်နင်း မပြောမဆိုနဲ့...၊ ဘယ်ရမလဲ..၊ သူရိုက် ကိုယ်ရိုက်ပေါ့၊ ကျနော်ကလည်း တစ်ပုံပြန်ရိုက်လိုက်တယ်၊း)...ကိုရီးယားမှန်း ဘယ်လိုလုပ်သိ ....
    အမှတ်တရ ဇတ်လမ်း လေးများ ဖတ်ရမလားလို့ပါ...

    ReplyDelete
  27. စာတွေဖတ် ပုံတွေကြည့်သွားတယ်
    လက်ရာတွေကောင်းတယ်။

    ReplyDelete
  28. Photos are amazing as usual.
    When I saw your monhingar, I really wanted to eat that kind of mohningar.
    You are killing me.:D
    I also want to visit there.
    Thanks for the beautiful pics and nice writing.

    Iora

    ReplyDelete
  29. ဘလော့ဂ်ရှိရာ ရောက်မလာဖြစ်တာ ရက်ပေါင်းကြာခဲ့ပြီမို့ အစ်ကို တင်ထားတာကို မသိဖြစ်လိုက်ဘူး...။
    ဒီနေ့မှ တွေ့တယ်...။
    ဖတ်နေရင်း မပြုံးဖြစ်တာကြာတဲ့ မျက်နှာက ခပ်ယဲ့ယဲ့ကနေ...သွေးရောင်လွှမ်း...နောက် ကြည်ကြည်စင်စင် ပေါ့ပေါ့ပါးပါး ပြုံးမိတယ်...။
    ချစ်စရာ အငွေ့အသက်အရေးအသားတွေနဲ့..အစ်ကိုဟာ “ညီလင်းသစ်” ပီသနေတုန်းပါပဲ...။
    သူရိုက် ကိုယ် ရိုက် ပုံကလေးကို ဖန်တီးထားတာလေးကိုလည်း တကယ် သဘောတကျနဲ့ အတော်ကြာကြာကြည့်နေမိတယ်..။
    အမျှားခံရတဲ့ ငါးလေးအဖြစ် သရုပ်ဖော်ပုံနဲ့ တင်စား နိဂုံးချုပ်သွားတာလဲ ချစ်ခင်စိတ်နဲ့ ပြုံးမိတယ်..။
    ကျေးဇူးပါ အစ်ကို...။
    မှိုင်းညို့နေတဲ့ စိတ်ကို လန်းဆန်းကြည်လင်သွားစေတဲ့ ပို့စ်အတွက်ရယ်ပါ...။
    အစ်ကို အေးချမ်းပျော်ရွှင်ပါစေ...။

    ReplyDelete
  30. ဗီဇာမလို၊ လေယာဉ်လက်မှတ်ဖိုး မကုန်ပဲ စကာင်္ပူကို ကိုညီရဲ့ ခရီးသွားအက်ဆေးလေးနဲ့ ရောက်ခဲ့ရတယ်။ အက်ဆေးလေးဆုံးချိန်မှာ သေသပ်စွဲဆောင်မှုကောင်းတဲ့အရေးအသား၊ လှပတဲ့ကင်မရာရိုက်ချက်နဲ့ ဓာတ်ပုံတွေကြောင့် စိတ်ကျနပ်မှုအပြည့်အ၀ ရရှိခဲ့ရပါတယ်။ ဆက်လက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ခရီးထွက်နိုင်ပါစေ၊ ဓာတ်ပုံတွေ ရိုက်နိုင်ပါစေ၊ ခရီးသွားဆောင်းပါးတွေ ရေးနိုင်ပါစေ။

    ReplyDelete
  31. ကျွန်းကလေးရဲ့ ရင်ခွင်မှာ ဆိုတဲ့ စီးရီးလေးကို အစအဆုံး ဖတ်သွားပြီး ပုံကလေးတွေကိုလည်း ခံစားသွားပါတယ်။ ကိုယ်တိုင်နေနေရတဲ့ နေရာလေးတစ်ခုအကြောင်းကို အခုလိုလေး ပုံကလေးတွေနဲ့တစ်ဖုံ စာကလေးတွေနဲ့တစ်မျိုး ဝေဝေဆာဆာလေး မြင်တွေ့လိုက်ရတာ ရင်ထဲမှာ ကြည်နူးမှုလေး တစ်ခုဖြစ်ရတယ်။

    ဖုန်းကိုယ်စီကို လူတွေအများကြီးက တချိန်တည်း၊ တပြိုင်တည်း သုံးနေကြတာ ဒါပထမဆုံး မြင်ဖူးတာပါပဲ ဆိုလို့ သူငယ်ချင်းတစ်ယောက် လာလည်တုန်းကလည်း အဲသည်လို စကားလေးနဲ့ဆင်ဆင် စကားမျိုးကို တအံ့တသြ ပြောခဲ့တာ ပြန် အမှတ်ရမိတယ်။ သူ ပြောသွားတာက " ရထားပေါ်ရောက်ရင် လူတွေအကုန်လုံးက စက်ရုပ်လေးတွေ ကျနေတာပဲနော်။ ကိုယ့်ဖုန်းလေးတွေကို အမြဲငုံ့ကြည့်နေတော့တာပဲတဲ့။ "

    ReplyDelete
  32. ကိုညီလင်းနဲ့အတူ စင်္ကာပူလိုက်သွားရသလိုပဲ ... တကူးတက သွားစရာမလိုတော့အောင် ... ဒါမှမဟုတ် နောက်ထပ် တခါ ထပ်သွားလည်ချင်အောင် ... ရေးလည်း ရေးတတ်ပါပေတယ်ရှင် ... ။

    ReplyDelete