03 April 2013

ကျွန်းကလေးရဲ့ ရင်ခွင်မှာ (၄)


(အမှန်တော့ ဒီခရီးသွားပို့စ် အဆက်ကို ဟိုတစ်နေ့ကတည်းက တင်ဖို့ရှိပေမယ့် ကြားဖြတ်ပို့စ်လေးတစ်ခု တင်လိုက်ရတာနဲ့ ဒီနေ့ကို နောက်ဆုတ်လိုက်ရတာ၊ ပြီးတော့ အဲဒီကြားဖြတ် ပို့စ်ကလည်း တင်မယ်ဆိုရင် တစ်နှစ်မှာ တစ်ရက်တည်းသာ တင်ခွင့်ရှိတဲ့ ပို့စ်အမျိုးအစား ဖြစ်နေလို့...၊ ဒါပေမယ့် လာလည်ကြသူတွေက သမာဓိအား ကောင်းနေကြတော့ ကျွန်းကလေးလည်း ရေမမြုပ်လိုက်ဘူး ဆိုပါတော့ဗျာ..၊ အိုကေ.. ဆက်လိုက်ရအောင်)းD

စာပေဟောပြောပွဲပြီးတဲ့ နောက်တစ်ရက်မှာမှ ကျနော့်ရဲ့ အလည်အပတ် ခရီးစဉ်က တကယ်ပဲ စဖြစ်တော့တယ်၊ အဲဒီနေ့မှာ ကျနော့်ကို လိုက်ပို့တာက ကိုညိမ်းနိုင်ပါ၊ ကျနော်က တစ်ယောက်ထဲလည်း လည်လို့ဖြစ်ပါတယ်လို့ ဆိုနေတဲ့ကြားက ခွင့်ရှားပါးတဲ့ နိုင်ငံမှာ ခွင့်တစ်ရက်ယူပြီး သေသေချာချာ လိုက်ပို့ပေးတဲ့ ကိုညိမ်းကို ကျေးဇူးတင်ရပါတယ်၊ ကျနော်တို့ ၂ ယောက် အရင်ဦးဆုံး Raffles City မှာ အေးအေးဆေးဆေး ကော်ဖီဝင်သောက်လိုက် သေးတယ်၊ ပြီးတော့မှ ပထမဦးဆုံး ချီတက်သွားတာက Gardens by the bay...၊


Gardens by the bay ကို Marina Bay Sands ဖက်က တံတားပေါ်ကနေ လှည့်ဝင်ပါတယ်၊ အဲဒါမတိုင်ခင် တစ်ရက်မှာ အစ်မချစ်ကြည်အေးနဲ့ စကားပြောဖြစ်တုန်း အဲဒီတံတားပေါ်ကနေ ဓါတ်ပုံရိုက်ရင် လှတဲ့အကြောင်း သူက အကြံပေးတာနဲ့ ကျနော်တို့လည်း အဲဒီဖက်က လှည့်ဝင်ဖြစ်တာပါ၊ အရေးထဲ အဲဒီတံတားပေါ်ကို တက်ဖို့လမ်းကို ရှာမရဘူး ဖြစ်နေသေးတယ်၊ ဟိုမေးဒီစမ်း၊ ဟိုဆိုင်းဘုတ်၊ ဒီဆိုင်းဘုတ် လိုက်ဖတ်ပြီး မိနစ် ၂၀ လောက်နေမှ အပေါ်ကို တက်နိုင်တော့တယ်၊ အစ်မချစ် ပြောတဲ့ အတိုင်း တံတားပေါ်ကနေ မြင်ရတဲ့ ရှုခင်းက တော်တော်လှပါတယ်၊ ဒါတောင် မနက်ပိုင်း ဖြစ်နေတဲ့အပြင် တိမ်တွေက အုံ့ဆိုင်းထူထပ်နေလို့ ကျနော်လိုချင်တဲ့ အလင်းမရခဲ့ဘူး၊ တိမ်ကင်းစင်တဲ့ ညပိုင်းတွေဆို ပိုပြီးလှမှာ သေချာတယ်၊ Anyway.. thanks Ama Chit! This photo is dedicated to you. :)


တိမ်တွေထူပြီး ဓါတ်ပုံရိုက်လို့ မကောင်းပါဘူးဆိုမှ ပန်းခြံထဲရောက်တော့ dome နှစ်ခု ရှိတဲ့အထဲမှာ Flower Dome က ပြုပြင်ထိန်းသိမ်းဖို့ ပိတ်ထားတဲ့ ရက်နဲ့မှ သွားတိုးနေပြန်ရော..၊ ဒါနဲ့ပဲ သူ့ဘေးက Cloud Forest တစ်ခုကိုပဲ ဝင်လိုက်ရတယ်၊ ဝင်ဝင်ချင်းမှာ တောင်ကုန်းလေးလို လုပ်ထားတဲ့အပေါ်ကနေ ရေတံခွန်လေးတစ်ခု ကျနေတာ တွေ့ရတယ်၊ အဲဒီကကျတဲ့ ရေက အငွေ့တွေရယ်၊ green house effect လို လုပ်ထားတာရယ်ကြောင့် တိမ်စိုင်၊ မြူခိုးတွေ ဝေနေသလို ဖြစ်နေတယ်၊ “တိမ်တောအုပ်” လေးထဲကို ဝင်လိုက်ရသလိုပါပဲ၊ မျောလွင့်တိမ်တို့ နားခိုရာ ကိုညိမ်းကတော့ တိမ်တောအုပ်လေးကို သဘောတွေ ကျနေမလားလို့ ကျနော် ဖြတ်ကနဲ တွေးမိလိုက်သေးတယ်..၊


ဒီဟာက Red pitcher plant လို့ ထင်တာပဲ၊ အသားစားတဲ့ အပင်လေ..၊ ယင်ကောင်၊ ပိုးကောင်လေးတွေဆို သူတို့အကြိုက်ပေါ့..၊ အဲ.. လာလည်ကြတဲ့ လူတွေကတော့ ယင်ကောင်မဟုတ်လို့ ဒီအပင်လေးတွေကို မကြောက်ကြတဲ့ ပုံပါပဲ၊ အထဲကို တုတ်တွေနဲ့ ထိုးကြပုံရတယ်၊ “အပွင့်ထဲကို တုတ်နှင့်မထိုးရ” ဆိုတဲ့ သတိပေးစာတန်း ကပ်ထားတာ တွေ့မိတယ်...၊


Flower Dome လောက် ပန်းတွေ မစုံပေမယ့် မြင်ရသလောက်လေးကို ကျနော် အမှတ်တရ ရိုက်ဖြစ်ခဲ့ပါတယ်..၊ ကိုယ်က စိတ်တိုင်းမကျလို့ နောက်တစ်ခေါက် ပြန်လာမယ်လို့ ပြောခွင့်မရှိတဲ့ ဘဝကိုး...၊း)


အများစုကတော့ သစ်ခွပန်းတွေ များပါတယ်..၊ ဘာသစ်ခွလဲ ဆိုတာတော့ မမေးကြေးနော်...၊း) ကျနော်က ပန်းဆို ပန်းဂေါ်ဖီလောက်ပဲ ကောင်းကောင်းသိတာ...၊


သစ်ပင်ပန်းပင်တွေကို အခုလို တောင်ကုန်းပုံစံ လုပ်ထားတဲ့ အဆောက်အဦးထဲမှာ စိုက်ထားတာပါ၊ အပြင်ဖက်ကို ထွက်လျှောက်လို့ရအောင်လည်း လျှောက်လမ်း ၂ ခု လုပ်ထားပေးတယ်၊ Dome အထဲမှာက ရေတံခွန်က ရေကျသံတွေ၊ သစ်ပင်ပန်းပင်တွေရဲ့ စိမ်းစိုတဲ့ မြင်ကွင်း၊ စိုစွတ်တဲ့ အငွေ့အသက်.. စတာတွေနဲ့ဆိုတော့ မိုးသစ်တောလေး တစ်ခုထဲကို ရောက်နေရ သလိုပါပဲ..၊ ̔မိုးငွေ့နှင့်အတူ̕ လည်ပတ်နိုင်တဲ့ နေရာလေးပါ...၊း)


အထဲမှာ လျှောက်ကြည့်နေရင်းနဲ့ သူ့ကိုလည်း တွေ့ရတယ်၊ ဘယ်နေရာသွားသွား မလွတ်နိုင်ဘူး ထင်ပါရဲ့..၊ နေရာတိုင်းမှာ သူ့မျက်နှာဆိုတာ ဒါများလား..၊ တစ်ကမ္ဘာလုံးက လူတွေ လာ,လာဓါတ်ပုံရိုက်ကြလွန်းလို့ သွေးကြီးပြီး မိုးပေါ်ပျံတက် ချင်နေတဲ့ သင်္ဘောကြီးကို ကျနော့်နည်း ကျနော့်ဟန်နဲ့ ဘောင်ခတ် ပစ်လိုက်တယ်..၊း)


အဲဒီ တောင်ကုန်း အဆောက်အဦးလေးထဲမှာ စိတ်ဝင်စားစရာ အခန်းလေးတစ်ခု ရှိပါတယ်၊ +5° C လို့ နာမည်ပေးထားတယ်၊ ကမ္ဘာ့အပူချိန်က နှစ်အလိုက် မြင့်တက်လာမှာ ဖြစ်လို့ သက္ကရာဇ် ၂၁၀၀ မှာ ကမ္ဘာကြီးက ပျမ်းမျှခြင်း ၅ ဒီဂရီ ပိုပြီးပူမယ့် အကြောင်း သတင်းဇတ်ကားလေးလို ပြထားတာ..၊ နှစ်တွေတိုးလာလေလေ၊ အပူရှိန်က မြင့်တက်လာလေလေ၊ နေရာတကာမှာ ရေတွေကြီး၊ လူတိရစ္ဆာန်တွေ သေကြတာတွေကို မြင်ရတယ်၊ ၂၁၀၀ အရောက်မှာတော့ ၅ ဒီဂရီ ပြည့်တဲ့အထိ ပိုပြီးပူမယ်ပေါ့..၊ စာပေဟောပြောပွဲ မှာ ဆရာမြင့်မောင်ကျော်ကလည်း ဒီအကြောင်းကို ထည့်ပြောသွားသေးတယ်၊ သူကတော့ ၆ ဒီဂရီလို့ ပြောတယ်၊ ၅ ဖြစ်ဖြစ် ၆ ဖြစ်ဖြစ်.. ပိုပြီး ပူလာမှာကတော့ အသေအချာပဲ..၊ အဲဒီအချိန် ကျနော်တို့ မရှိတော့လို့ ဒါတွေကို မကြုံရဘူး ဆိုပေမယ့် နောက်မျိုးဆက် ကလေးတွေရဲ့ လက်ထဲမှာ နေပျော်စရာ တစ်စက်မှ မရှိတော့တဲ့ ကမ္ဘာကြီးကို ထည့်ခဲ့မှာလား? ဇတ်လမ်းကလေးကို ကြည့်နေရင်းနဲ့ "Think global, Act local" ဆိုတဲ့ ဆောင်ပုဒ်လေးကို သတိရနေ မိတယ်...၊


လောလောဆယ်မှာတော့ စိမ်းစိုနေဆဲ အငွေ့အသက်လေးတွေနဲ့ နီနီရဲရဲ ချစ်စရာ ပန်းလေးတွေ ကျနော်တို့ လက်တစ်ကမ်းမှာ ရှိနေပါသေးတယ်...၊ Never too late to mend လို့လည်း ဆိုကြတယ် မဟုတ်လား..၊


Gardens by the bay ကနေ ပြန်ထွက်လာတော့ နေ့လယ် ၁၂ နာရီခွဲနေပြီ၊ နောက်ဆုံးတော့ Flower Dome ပိတ်ထားတာကပဲ ခပ်ကောင်းကောင်းလို့ ဆိုရမလိုပါပဲ၊ အခု Cloud Forest တစ်ခုတည်းနဲ့တင် တစ်မနက် ကုန်သွားခဲ့တာ...၊ နေ့လယ်စာ ထမင်းစားဖို့ Gardens by the bay ကနေ ပင်နီဆူလာကို ကျနော်တို့ လမ်းပြန်လျှောက်တယ်၊ ကျနော့်မလဲ စင်္ကာပူတစ်မြို့လုံးမှာ ထမင်းစားစရာ နေရာဆိုလို့ ပင်နီဆူလာ တစ်ခုပဲရှိတယ်လို့ အောက်မေ့နေတာလားလို့ မေးရမလို ဖြစ်နေပြီ၊ ထစ်ကနဲဆို မြေအောက်ထပ်က စားသောက်ဆိုင်လေးတွေပဲ ပြေးပြေးမြင်နေ မိတော့တယ်၊ ကိုညိမ်းက ကျနော့်ကို လမ်းလျှောက်ခိုင်းရမှာ အားနာနေပုံရတယ်၊ ရထားစီးရအောင်ချည်း လုပ်နေတော့တာ..၊ ကျနော်ကလည်း သူ့ကို ပြန်အားနာနေရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ကျနော့်ကို လိုက်ပို့တဲ့အပြင် ကျနော်ဓါတ်ပုံရိုက်ချင်တာ မှန်သမျှကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးနေတာကိုး..၊ ဓါတ်ပုံဆရာတွေနဲ့ သွားရတာ အင်မတန်ပျင်းဖို့ ကောင်းပါတယ်၊ သူတို့က သူတို့ဟာသူတို့ ဇောကပ်ပြီး ပတ်ဝန်းကျင်ကို မေ့ချင်မေ့နေတတ်တာ ကလား၊ ဒါ့အပြင် ကိုညိမ်းက ကျနော့်ရဲ့ ကင်မရာအိတ်နဲ့ ထရိုင်ပေါ့ကို သယ်ပေးသေးတယ်၊ ကင်မရာအိတ်က ၁၁ ကီလို လေးပါတယ်၊ မသယ်ပါနဲ့ဆိုတာလည်း ဘယ်လိုမှ ပြောမရ...၊ တိမ်တွေကို ချစ်တတ်တဲ့ လူငယ်လေးတစ်ယောက်မှာ ဧည့်သည်ကို ဧည့်ဝတ်ကျေချင် စိတ်နဲ့ ပေကပ်ကပ်လုပ်ပြီး ခေါင်းမာလိုက်ဖို့ ဝန်မလေးတာကို တွေ့ရတော့ ကျနော့်မှာ သဘောတကျနဲ့ အလျှော့ပေးလိုက်ဖို့အပြင် အခြားမရှိတော့ဘူး...၊


ကဲ...ကြည့်ပါဦး ကျနော့်ရဲ့ နေ့လယ်စာကို...၊ နရသီဟပတေ့ တော့ မဟုတ်ဘူး၊ ဒါပေမယ့် သူ့ထက်မလျော့တဲ့ ပျော်ရွှင်ကျေနပ်ခြင်းတွေနဲ့ ကျနော် ပွဲတော်တည်...အဲ.. ထမင်းစားခဲ့တယ်..၊း)


ပြောကြစတမ်းဆို ဟောဒီ ချဉ်ပေါင်ကြော်လေး တစ်ခွက်စားရဖို့ ဆိုရင် နောက်ထပ် ၁၇ နာရီလောက် လေယာဉ်ထပ်စီး ဆိုလည်း ကျနော် စီးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး၊ ကျနော်သာ အကယ်၍များ ကျွန်းကလေးကို အလုပ်တာဝန်နဲ့ ပြောင်းလာရမယ်ဆိုရင် ပထမဦးဆုံး တစ်လမှာ နေ့တိုင်းနေ့တိုင်း.. ရနံ့သစ်က ချဉ်ပေါင်ကြော်တစ်ခွက် လာလာစားဖြစ်လိမ့်မယ် ထင်တယ်...၊း) အို...ချစ်သော ချဉ်ပေါင်...။


ထမင်းစားပြီးတော့ ကျနော်တို့ ဆင်တိုစာကို ဆက်သွားကြတယ်၊ ဆင်တိုစာကတော့ ထုံးစံပဲ ထင်ပါရဲ့...၊ ဘယ်နေရာကြည့်ကြည့် လူတွေအပြည့်ပါပဲ..၊ ဒါတောင် တနင်္လာနေ့မို့ လူနည်းသေးတာလို့ သိရတယ်..၊


အာရှရဲ့ အကြီးဆုံးဆိုတဲ့ သမုဒ္ဒရာပြတိုက် Underwater World ကို ရောက်ဖြစ်ပါတယ်၊ ငါးအမျိုးအစား အတော်လေးစုံအောင် ပြထားတာ တွေ့ရတယ်၊ ငါးတွေကို မှန်ခန်းထဲမှာ ကြည့်ရတာ မဟုတ်ဘဲ ငါးကန်ကြီးရဲ့ အောက်မှာ လှိုဏ်ခေါင်းလိုမျိုး ဖောက်ထားပြီး အဲဒီတစ်လျှောက် ကြည့်ရတာ အမြင်ကို တစ်မျိုးဆန်းသစ်စေတယ်၊ စင်္ကာပူဟာ သူ့မှာရှိတဲ့ နည်းပညာနဲ့ လူသားရင်းမြစ်ကို အပြည့်အဝ အသုံးချပြီးတော့ ခရီးသွားလုပ်ငန်းဖက်မှာပါ ပိုပြီး ဆွဲဆောင်လာတာကို တွေ့ရတယ်၊ တစ်ကောင်ပြီးတစ်ကောင် တက်လာနေတဲ့ အာရှကျားတွေကို ယှဉ်နိုင်ဖို့ ဘက်ပေါင်းစုံကနေ စီးပွားရေး စစ်မျက်နှာဖွင့်ရမယ်ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်တယ်...၊


ပင်လယ်ခူတွေကို မီးရောင်မျိုးစုံနဲ့ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြထားတာတွေ့တော့ ကျနော် သဘောကျသွားမိတယ်၊ Art of display က အရေးပါတယ်ဆိုတာ အကောင်းဆုံး ဥပမာပါပဲ...၊


အဲဒီမှာ ဖျံနဲ့ လင်းပိုင် ပြပွဲလေးလည်း ကြုံတာနဲ့ ဝင်ကြည့်ဖြစ်ပါတယ်၊ မိသားစုတွေ၊ ကလေးတွေ အများကြီးနဲ့ ပျော်စရာ အခင်းအကျင်းလေး ပါပဲ၊ ဘော်လုံးဖမ်းတာ၊ ပလပ်စတစ် ကွင်းတွေကို လိုက်ဆယ်တာ.. စတာတွေမှာ ဖျံလေးတွေက သူတို့ကို သင်ထားပေးတဲ့ အတိုင်း အတိအကျ လုပ်နိုင်တာ သဘောကျစရာပါ...၊


လင်းပိုင်တွေလည်း ထို့အတူပါပဲ..၊ ကြိမ်ကွင်းထဲ ခုန်ဝင်တာ၊ လေထဲက ဘော်လုံးကို ရိုက်ချတာ... စတဲ့ ပြကွက်တွေနဲ့ ကလေးတွေကို ရင်သပ်ရှုမော ဖြစ်စေတယ်..၊ အမျိုးအစား မတူပေမယ့် ကျနော်တို့ဆီက ဧရာဝတီလင်းပိုင်တွေကိုလည်း ဖြတ်ကနဲ သတိရလိုက် မိတယ်၊ သူတို့တွေကတော့ တဖြေးဖြေးနဲ့ မျိုးတုန်းလာနေပြီလို့ တလောဆီက သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်၊ တကယ့်ကို စိတ်မကောင်းစရာပါ၊ ပြန်ပြီး အဖတ်ဆယ်လို့ မရတဲ့ ဆုံးရှုံးမှုတွေ ဒီကမ္ဘာကြီးမှာ ဘယ်လောက်တောင်များ ရှိနေခဲ့ပြီလဲ၊


အာရှတိုက်ရဲ့ တောင်ဖက်အကျဆုံး ဆိုတဲ့ Southern Most Point ကျွန်းကလေးဆီလည်း ကျနော်ရောက်သွားတယ်၊ ညီမလေး ဇွန်မိုးစက်က ဆင်တိုစာရောက်ဖြစ်ရင် အဲဒီကိုလည်း သွားကြည့်လိုက်ပါဦးလို့ အကြံပေးတာနဲ့ ကျနော်လည်း သွားရကောင်းမှန်း သိသွားခဲ့တာ..၊ ကျွန်းကလေးဆီကို လာတဲ့ခရီးမှာ နောက်ထပ် ပိုပြီးသေးတဲ့ ကျွန်းကလေးကို တွေ့လိုက်ရလို့ ကျနော် သဘောကျသွား မိတယ်၊ ကျွန်းလေးပေါ်မှာ twin towers ကိုလည်း တွေ့တော့ သွားတက်မယ်လို့ ချက်ချင်းပဲ စိတ်ကူးရတယ်၊ အင်း.. ဒီ twin towers ဆီတော့ လေယာဉ်ပျံတွေ မလာလောက်ဘူး ထင်ပါရဲ့..၊ ဘာပဲဖြစ်ဖြစ် သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ချစ်စရာ ကျွန်းပိစိကလေးဆီ လာဖို့ ညွန်းခဲ့တဲ့ ညီမလေးဇွန်ကို ကျေးဇူးတင်ပါတယ်၊ This photo is dedicated to you, Nyi Ma Lay. :)


ကျွန်းပိစိကလေးဆီကို ကြိုးတံတားနဲ့ ကူးရပါတယ်၊ သာမန် သစ်သားတံတား၊ ဒါမှမဟုတ် အင်္ဂတေတံတား မဟုတ်ဘဲ အခုလို ကြိုးတံတားလေး လုပ်ထားတာကိုက ကျွန်းကလေးဆီကို ပိုပြီး လာချင်အောင် ဆွဲဆောင်နေသလိုပါပဲ..၊


စောစောတုန်းက တွေ့ထားတဲ့ သစ်သားမျှော်စင်လေး တစ်ခုပေါ်တက်လိုက်တော့ လည်ပတ်ခဲ့တဲ့ အနီးပတ်ဝန်းကျင်ကို မြင်ရတယ်..၊ ဟိုဟိုဒီဒီ လိုက်ငေး ကြည့်နေရင်းနဲ့ ဒါဟာ စင်္ကာပူကို အထိုက်အလျောက် ကိုယ်စားပြုတဲ့ မြင်ကွင်းတစ်ခုလို့ ကျနော် ခံစားလာရတာနဲ့ ဒီဓါတ်ပုံလေးကို ရိုက်ဖြစ်လိုက်တာပါ၊ ထိန်းသိမ်းထားတဲ့ သစ်ပင်တွေ ရှိမယ်၊ ကျွန်းနိုင်ငံဖြစ်လို့ သဲမြေနဲ့ ကမ်းခြေတွေ ရှိမယ်၊ ထုနဲ့ထည်နဲ့ အဆောက်အဦးတွေ ရှိမယ်၊ မြင်လိုက်တာနဲ့ ဒါ စင်္ကာပူလို့ လူတိုင်းသိစေတဲ့ Merlion ကြီးလည်း ရှိမယ်၊ ပြီးတော့ အဲဒါတွေ အားလုံးရဲ့ အရှေ့မှာ လုံခြုံရေးကင်မရာကလည်း ထင်ထင်ရှားရှားကို ရှိမယ်၊ ဒါဟာ.. ကျနော် လာချင်နေခဲ့တဲ့ ကျွန်းနိုင်ငံလေးပဲ မဟုတ်လား...၊


ကဲ..မိတ်ဆွေ, ဘယ်ဆီကိုများ ကြည့်ချင်ပါသလဲ? အင်ဒိုနီးရှားလား? ဒါမှမဟုတ် ပိုဝေးတဲ့ သြစတြေးလျလား? အကြွေစေ့လေး အနည်းငယ်ထည့်ရုံနဲ့ ခြေတစ်လှမ်းမှ ကြွစရာ မလိုဘဲ ဇော်ဂျီများ မြေကြောရှုံ့သလို ကိုယ်တိုင်ကိုယ်ကျ ချက်ချင်း ရောက်သွားစေ ရမယ်၊းD


“မကြာခင်မှာ နေဝင်တော့မယ်...၊ ဒီလိုနဲ့ တစ်နေ့တာဟာ အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အဆုံးသတ်ရဦးတော့မယ်၊ ဟိုး... ပင်လယ်ထဲမှာတော့ သင်္ဘောကြီးငယ်တွေက ဝင်ချည်၊ ထွက်ချည်နဲ့ အမြဲမပြတ် ရှိနေမှာပဲ..၊ နေဝင်ချိန်တွေ များစွာ ရှိခဲ့ဖူးတယ်၊ နောက်ထပ်လည်း နေဝင်ချိန်တွေ အများကြီး လာလိမ့်ဦးမယ်၊ ဘယ်လိုပဲဖြစ်ဖြစ်... အာရှတိုက်ရဲ့ တောင်ဖက်အကျဆုံး နေရာကလေးမှာ မြင်ခွင့်ရတဲ့ နေဝင်ချိန်လေး တစ်ခုကို ငါ့ရဲ့ ဖုန်းကလေးထဲမှာ ရပ်တန့်၊ သိမ်းဆည်းထားလိုက် ပါရစေကွယ်...” ၊ သူမ အဲဒီလိုများ တွေးနေမလားလို့ ကင်မရာရဲ့ view finder ကနေ ကြည့်နေရင်း ကျနော် စဉ်းစားနေမိတယ်...၊

ည ၇ နာရီမှာတော့ ဆင်တိုစာရဲ့ နာမည်ကြီး Songs of the sea ပြပွဲကို ကြည့်ဖြစ်တယ်၊ အဲဒီပွဲမှာ ဓါတ်ပုံရိုက်ဖို့ အစောကြီးကတည်းက ကျနော် စိတ်ကူးထားခဲ့တာပါ၊ အဲဒါကြောင့်လည်း တစ်နေကုန် ထရိုင်ပေါ့ကို သယ်ပြီး လျှောက်သွားနေခဲ့တာ၊ အဲဒီအချိန်မှာပဲ ကောင်းကင်မှာ မိုးသားတွေက တက်လာခဲ့တယ်၊ ဒါပေမယ့် လေကလည်း တိုက်နေတော့ ရွာချင်မှ ရွာမှာပါလေဆိုပြီး တွေးမိတယ်၊ ရှိုးပွဲလုပ်တဲ့ ကမ်းစပ်ဖက်ကို ဝင်တဲ့အပေါက်မှာတော့ လက်မှတ်တွေစစ်ရင်း တစ်ယောက်ကို ပလပ်စတစ် မိုးကာလေး တစ်ထည်စီ ပေးနေတာတွေ့ရတော့ စိတ်ထဲမှာ ထင့်သွားတယ်၊ ဒါနဲ့ သေချာအောင် ̔ဒီမိုးကာက ဘာလုပ်ဖို့လဲ̕ လို့ မေးတော့ ̔မိုးရွာရင် ဝတ်ရအောင်ပါ̕ တဲ့...၊ ကျနော် အတော်လေး စိတ်ညစ်သွားတယ်၊ ဒါဆိုရင်တော့ ရွာတော့မယ် ထင်ပါရဲ့၊ ကျွန်းသားတွေက သူတို့ကျွန်းမှာ ရွာတတ်တဲ့ မိုးအကြောင်းကို အသိဆုံး ဖြစ်မှာပေါ့...၊ တကယ်တမ်းမှာလည်း ခုံတန်းတွေမှာ ထိုင်ပြီး ရှိုးမစခင်မှာပဲ မိုးက အကြီးအကျယ် ရွာချလိုက်ပါတော့တယ်..၊


မိုးစက်တွေအောက်မှာ အလင်းတွေ အမျိုးမျိုးသုံးပြီး ကစားတဲ့ Songs of the sea ကို ကြည့်နေရင်း ကျနော့်မှာ ရယ်ရအခက်၊ ငိုရအခက်နဲ့ ဖြစ်နေခဲ့တော့တယ်၊ စင်္ကာပူကို မလာခင်မှာ နေ့တိုင်းလိုလို မိုးရွာနေတယ်လို့ မိတ်ဆွေတွေက ပြောကြတယ်၊ ကျနော်တော့ ကံမကောင်းဘူးပေါ့လေ..၊ ဒါပေမယ့် ကျနော်ရောက်တဲ့ သောကြာနေ့ ညနေကစပြီး ရက်ဆက်ဆိုသလို နေတွေသာပြီး ကောင်းကင်ပြာတွေ ဘာတွေနဲ့ ဆိုတော့ သူတို့လည်း အံ့တွေသြပြီး ကျနော့်အတွက် ဝမ်းတွေသာလို့ပေါ့၊ ကျနော်ကတောင် နောက်နေသေးတယ်၊ ကျနော် မလာခင်က ဘယ်လိုပဲရွာရွာ စင်္ကာပူမိုးဟာ နောက်ဆုံးမှာတော့ ဒီလိုပဲ တိတ်သွားရမယ်လေ ဆိုပြီး...၊ အမှန်တော့ မိုးက သူ့ကို မထီလေးစား လုပ်ချင်တဲ့ ကျနော့်ကို ဆုံးမဖို့ အကွက်ကောင်းကို ချောင်းနေခဲ့တာ..၊ အခုတော့ ကျနော်စောင့်နေခဲ့တဲ့ Songs of the sea ပွဲတည့်တည့်မှာမှ ရွာချပစ်လိုက်တယ်၊ ပြီးတော့လည်း ကြည့်ဦး..၊ ကျနော် မလူးသာမလှုပ်သာ ဘယ်နေရာကိုမှ ထွက်ပြေးပြီး မိုးခိုလို့ မရတဲ့ အချိန်မှာမှ ရွာတာ...၊ ရှိုးပွဲက ပြနေတာဆိုတော့ ကျနော့်မှာ ပါလာတဲ့ ထီးကလေးကိုတောင် ထုတ်ဆောင်းခွင့် မရခဲ့ဘူး၊ အနောက်ကလူတွေ ကွယ်သွားမှာစိုးလို့၊ ဖြစ်ပုံများတော့ အဲဒီလို...၊ ဒီပုံလေးအတွက် ကိုညိမ်းကို ခရက်ဒစ် ပေးပါတယ်၊ မိုးကာအင်္ကျီလေး အောက်ကနေ ရသလောက် သူက ဖုန်းလေးနဲ့ ရိုက်ထားခဲ့တာ...၊

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချိန်ပိုင်းလေး မိုးမိသွားတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ ရာသီဥတုနဲ့ ပတ်သက်ပြီး အဆင်ပြေပါတယ်၊ သွားလေရာမှာ မိုးလိုက်လို့ ရွာနေခဲ့တဲ့ ကံဆိုးမ မဖြစ်ခဲ့တာ ဝမ်းသာစရာပါ၊ ပြီးတော့ တစ်နေ့တည်းမှာ နေရာတွေ အများကြီးကို ရောက်ခဲ့တာကလည်း ပျော်စရာပဲပေါ့...။

(ကဲ...ဒီတစ်ပုဒ်မှာတော့ ဓါတ်ပုံတွေ ၂၃ ပုံတောင် တင်လိုက်ပါတယ်၊ April Fool မှာ စိတ်ထဲ စနိုးစနောင့် ဖြစ်သွားခဲ့သူတွေ ကျေပါပြီနော်..၊း) နောက်တစ်ပိုင်းကိုလည်း ဆက်လိုက်ခဲ့ပါဦး၊ ကျွန်းကလေးက ရေမြုပ်မှာ မဟုတ်ပါဘူး...)


ညီလင်းသစ်
၃ ဧပြီ၊ ၂၀၁၃

38 comments:

  1. ယေးး တောင့်တလိုက်တာ ကိုယ်ထင်ပြလာပီ


    ညီ

    ReplyDelete
  2. စိတ်ဆိုးပြေသွားပြီ။ Dedicated ပုံလေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ :)) Southern Most Point လို့ရေးထားတဲ့ နေရာလေးရော မှတ်တမ်းမတင်ခဲ့ဘူးလား အစ်ကို?

    ReplyDelete
  3. ဟော ...
    ဆွစ်တောင်တန်းတွေပေါ် တစ်ကျွန်းစာလောက် မြေဝယ်ပေးရမှာစိုးလို့ ကျွန်းလေးပြန်ပေါ်လာပြီ
    ရေ မမြုပ်တော့ဘူး :P

    ReplyDelete
  4. ကိုယ့်စလုံးမှဟုတ်ရဲ့လား
    သြော် တော်တော်လှပါလား
    ကင်မရာမန်းသိပ်တော်တယ်
    ကြော်ငြာအားကောင်းတယ်
    မရောက်ဖူးတဲ့နေရာတွေရှိသေးတယ်
    ဟီးးဟီးး အဲလောက် အဲလောက်း))))

    ReplyDelete
  5. Thanks for sharing.. Really love the pictures. I also miss the food from ပင်နီဆူလာ. :) Waiting for your next post..

    ReplyDelete
  6. အော် သူလုပ်ပြန်ပြီပေါ.လေ။ ချဉ်ပေါင်ကြော် အနီးကပ်ပုံ

    ReplyDelete
  7. နော်နော်April 3, 2013 at 3:54 PM

    ရေးတဲ့နောက် တောက်လျှောက်လိုက်လည်သွားပါ၏
    ခြေထောက် အဲလေ မျက်လုံးတောင် အတော်ညောင်းသွား၏ (နောက်တာပါ)နောက်ထပ် ဘယ်ဆက်လိုက်ရမလဲ မျှော်နေပါမယ်နော။

    ReplyDelete
  8. ပုံလေးအတွက်ကျေးဇူးပါ ကိုညီလင်းသစ်ရေ။ ပုံတွေက ကောင်းလွန်းလို့ ကြည့်ရတာ ဘယ်လိုသဘောကျမှန်းမသိဘူး။ စလုံး အဲလောက် လှသလားလို့ ကွကိုယ်ပြန်မေးနမိတယ်း))) ရိုက်တဲ့သူတော်လို့ပါ နော်...း)

    ReplyDelete
  9. အားပါး ဓာတ်ပုံတွေက ကောင်းမှကောင်း...ချဉ်ပေါင်ကြော်ကို အနီးကပ် ရိုက်ထားတာ ဂလု..ဂလု...ဟန်ဒါဆန်ဝေ့စ်တံတားဖက် ရောက်လား ကိုညီ...

    ReplyDelete

  10. လောလောဆယ်ဖုန်းနဲ့ဆွဲကြည့်နေလို့ ပုံတွေတပုံမှမပေါ်ဘူး…ခုတော့ မျက်မမြင်တစ်ယောက်စာအုပ်ဖတ်နေတာနဲ့တူနေတယ် နက်ဖြန်ရုံးရောက်မှ အားပါးတရပြန်ကြည့်ဦးမယ် အစ်ကို….( သြော် ကျွန်းကလေးမြှုပ်သွားတဲ့အကြောင်းကို ဧပရယ်ဖူးလ်မှန်းလုံးဝမစဉ်းစားမိဘူး အဲလို အဲလိုတော်တာ)

    ReplyDelete
  11. All the photos are awesome..Ko Nyi Lynn..
    Chin Paung kyaw from "Ya Nant Thit" is also my favourite :)

    Nyi Ma War So

    ReplyDelete
  12. အကိုရိုက်ပြထားမှ
    စလုံးတော်တော်လှပါလားလို့
    သိတော့တယ်အကိုရေ
    အကိုApril Fool လုပ်တယ်ဆိုတာ
    စီအိုင်အေ ပစ်ပစ်က စောကထဲက
    သိပြီးသား..အဲတာမို့
    ကျွန်းကလေး ရေမြှုပ်သွားတာကို
    ဖတ်ပြီး အေးဆေးဘဲ အိမ်ပြန်သွားတာ... :P

    ReplyDelete
  13. ညီ...
    ကျနော်လည်း ညီနဲ့ကျမှ တစ်မိသားစုလုံးကို စိတ်ပူအောင် လုပ်တဲ့သူ ဖြစ်လိုဖြစ်၊ ဇော်ဂျီ ဖြစ်လိုဖြစ်၊ ကိုယ်ပျောက်ဝိဇ္ဇာ ဖြစ်လိုဖြစ်နဲ့...၊ ဟုတ်တော့ နေပါပြီ၊း)

    ညီမလေးဇွန်...
    အဲ.. အဲဒီနေရာလေးကို မှတ်တမ်းတင်ဖို့ မေ့နေခဲ့တာ..၊ အခု ပို့စ်တွေ ပြန်ရေးမှပဲ အဲဒီလိုမျိုး တစ်ပုံလောက် ရိုက်ခဲ့ရမှာလို့ သတိရတော့တယ်..၊း))

    မညိုလေး...
    မြေဝယ်ပေးရတာက အကြောင်း မဟုတ်ပါဘူး၊ တော်ကြာ အာဂန္တု ကျွန်းသားတွေ တဖွဲဖွဲ ကျနေတဲ့ နှင်းတွေအောက်မှာ ပင်နီဆူလာကို လွမ်းနေမှာစိုးလို့....၊း)

    ညီမမဒမ်ကိုး...
    ဘယ်နေရာတွေကို မရောက်သေးဘူးလဲ? သိချင်တာကို မေးလိုက်စမ်းဘာ...၊း)

    Anonymous...
    Ah.. you are also a fan of Peninsula's food. :) Thanks for your appreciation, too.

    အမည်ဝှက်စာဖတ်သူ...
    သြော်.. ကြုံတုန်းလေး အမှတ်တရ ပါဗျာ...၊း)

    မနော်နော်...
    အဟဲ.. ညောင်းရမယ်လေ၊ ၂၃ ပုံတောင် တင်ထားတာကိုး...၊း) ပုံမှန် လာလည်တဲ့ အတွက်လည်း ကျေးဇူးပါနော်...၊

    အစ်မချစ်...
    အာ.. အစ်မချစ်ကတော့ လုပ်ပြီ..၊ ဒီလိုပဲ မြေစမ်းခရမ်းပျိုး စိတ်ကူးတည့်ရာ ရိုက်ကြည့်နေတာ ပါပဲ အစ်မရာ..၊ ဘာပဲဖြစ်ဖြစ် အားပေးတာ ကျေးဇူး...၊း)

    ညီမစန်းထွန်း...
    အဲ.. မရောက်ခဲ့ဘူး ထင်တယ်ဗျ၊ စဉ်းစားကြည့်တာတော့ မမှတ်မိတော့ဘူး....၊း)

    ညီမမိုး...
    မျက်မမြင်တစ်ယောက် စာအုပ်ဖတ်တဲ့ ဥပမာကိုတော့ သဘောကျသွားပြီ၊း) သြော်.. ကျနော်က ညီမ သိသိကြီးနဲ့ ဧပရယ်ဖူးလ် ပြန်လုပ်ပြီး အတည်ကြီး ရေးသွားတာ အောက်မေ့လို့...၊း)

    Nyima War So...
    I see. That Chin Paung Kyaw is really tasty, isn't it? :) Thanks for your visit, sis!

    ညီမ blackroze...
    သြော်.. ဒါ့ကြောင့်လည်း စီအိုင်အေပစ်ပစ်လို့ ကျော်ကြားပေတာကိုး...၊း)

    ReplyDelete
  14. မနေ့ညနေ ရုံးဆင်းခါနီး ပို့စ်အသစ်တွေ့လို့ ကမန်းကတန်း ၀င်ဖတ်လိုက်ရတာ အားမရတာနဲ့ နောက်တစ်ကြိမ် သေသေချာချာ လာဖတ်တာ။း) သွေးကြီးနေတဲ့ နေရာတကာ မြင်နေရတဲ့ သင်္ဘောကြီးကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဘောင်ခတ်ပစ်လိုက်တာဆိုတာကို အရမ်းသဘောကျနေမိတာ။ ဘောင်မှာထိုးထားတဲ့ လေဘယ်လ်လေးကိုရောပဲ။း)) စင်္ကာပူကို ကိုယ်စားပြုတယ်တဲ့ဆိုတဲ့ ပုံလေးကိုလည်း ကြိုက်တယ်။

    ReplyDelete
  15. မနေ့ညက ဖုန်းနဲ့ အရင်ဖတ်ဖြစ်တယ်.
    မမိုးငွေ့ ပြောသလို ပုံတွေတော့ မမြင်ရဘူး..။
    ဒီနေ့ ရုံးကိုရောက်တော့မှ ချက်ချင်းဖွင့်ကြည့်တာ...။
    ပုံတွေ တော်တော်လှတာပဲ......။
    ရေတံခွန်ရှိတဲ့နေရာလေးနဲ့ ပန်းပင်လေးတွေ ရှိတဲ့နေရာလေး တော်တော်သဘောကျတယ်..။
    ပုံလေးတွေကို ဒီအတိုင်းကြည့်ရင် လှတယ်ဆိုတာပဲ ခံစားမိမှာပေမယ့် အကိုက ဖတ်ချင်စဖွယ်အရေးအသားလေးတွေနဲ့ တွဲထားတော့ အဲ့နေရာကလေးတွေ ဖတ်သူပါ ကိုယ်တိုင်ရောက်သွားသလိုမျိုးခံစားရတယ်..။
    ထမင်းဝိုင်းလေးတွေ့တော့ ပြုံးမိတယ်..။
    အကို့နိုင်ငံမှာ မြန်မာထမင်းဟင်း မရဘူးလား မသိဘူး..။
    အကို လွမ်းနေမှာပဲ..ချဉ်ပေါင်ကြော်ကြိုက်တာချင်းတော့ တူသဗျာ...။
    ဒါနဲ့ ဟင်းတွေက ဆီတွေတော့ များသား...မြန်မာဆိုင်တွေက ဘယ်နိုင်ငံမှာ ဖွင့်ဖွင့် ဆီများတတ်တယ်နော်...။
    အကိုပြောတဲ့ Art of display ဆိုတာကို ပင်လယ်ခူတွေကို မြင်လိုက်တာနဲ့ ဟုတ်တယ်..ဟုတ်တယ် လို့ ထောက်ခံမိရက်သားဖြစ်သွားတယ်..။
    ညီမလေးဇွန် ညွှန်းတဲ့ ကျွန်းပိစိလေးကလည်း ချစ်စရာ :)။
    Songs of the sea ကိုကြည့်ရင်း ပြည်သူ့ရင်ပြင်မှာ ရေပန်းကြီးတွေ သွား သွားကြည့်မိတဲ့ ညတွေကို ပြန်သတိရလာတယ်...။
    မိုးတွေရွာလိုက်လို့ အကို့စိတ်ကြိုက်ဓာတ်ပုံရိုက်မလာခဲ့ရဘူးပေါ့လေ.....။
    နောက်တစ်ပိုင်းကို ဆက်လိုက်ခဲ့ပါပြီ အကို....။

    (ပြီးခဲ့တဲ့ ပို့စ်မှာ အရူးလုပ်ခံရတာအတွက် ကျေကျေနပ်နပ်ကြီး ပျော်ရွှင်ခဲ့ပါရဲ့ဗျာ.... :))) )

    သူသူ

    ReplyDelete
  16. စကာင်္ပူကို ကိုယ်တိုင်ရောက်သွားသလိုပဲ ခံစားရတယ်။ ပုံတွေက အရောင်အသွေးရော၊ ကင်မရာ ရှုထောင့်တွေရော ကောင်းလိုက်တာ..။ မိုးရွာလို့ ပုံတွေ မရိုက်လိုက်ရတဲ့နေရာရောက်တော့ ကိုညီတစ်ယောက် မချင့်မရဲဖြစ်နေမှာ တွေးမိပါတယ်။ ကြိုးတံတားပုံလေးရယ်၊ ခြသေံင့်္ပုံရယ်၊ အနီရောင်ပိန်းပန်းပုံလေးရယ်၊ ကင်မရာယူထားတာ အကြိုက်ဆုံးပဲ..။ နောက်တစ်ပိုင်းမှာရော ဘယ်လိုပုံတွေနဲ့များ ဖမ်းစားထားဦးလေမလဲ..။ စိတ်ဝင်စားစွာ.. နှစ်သက်စွာ စောင့်နေပါ့မယ် ကိုညီရေ..။

    ReplyDelete
  17. ချောမေတို့ ကနောကြေနေပြီ။ ဒီလိုအရူးလုပ်လို့ ဘယ်ရမလဲ။
    ချဉ်ပေါင်မစားရတာကြာလှပြီ။
    ဓါတ်ပုံတွေကတော့အမြဲလှနေတာပါဘဲ။

    အိုင်အိုရာ

    ReplyDelete
  18. Asia's largest aquarium museum is not 'Underwater world'. The largest is S.E.A Aquarium ( Marine life park), also situated in Sentosa, near Universal studio. It was opened in Dec'12.
    http://www.rwsentosa.com/language/en-US/Homepage/ThingsToDo/MarineLifePark/SEAAquarium

    ReplyDelete
  19. talented writing...
    thnx 4 sharing pix...

    Anne♥

    ReplyDelete
  20. လျှောက်လမ်း 2 ခု က ဆက်ထားတဲ့အောက်တည့်တည့်ကရိုက်ရင်အသဲပုံလေးထွက်တယ်..အဲ့ဒါကိုအသိမပေးမိလိုက်ဖူး....

    ReplyDelete
  21. မောင်မျိုးApril 4, 2013 at 12:56 PM

    ဓာတ်ပုံတွေက သေချာရိုက်ထားမှန်းသိသာတယ် ညီကတော့ ကင်မရာချိန်လိုက်တာ ခြေလက်အစုံ ကင်မရာထဲဝင်တယ်ဆိုရင် ရိုက်လိုက်တာပဲ နောက်မှ ခြေပြတ်ခေါင်းပြတ် ဖြစ်နေ၇င်တော့မသိး)

    ကိုညိမ်းနိုင်က တော်တော် သဘောကောင်းတဲ့ လူကြီးဗျ ချစ်ဖို့ကောင်းတယ် ။ လေပေးလည်းဖြောင့်တယ် ။

    ReplyDelete
  22. အို...ချစ်သော ချဉ်ပေါင်

    ဆိုတဲ့ အပိုဒ်လေးဖတ်ပြီး သဘောကျလိုက်တာ။

    ReplyDelete
  23. ဓာတ်ပုံတွေကကောင်းလိုက်တာဗျာ...၊အဲ့ဒီနေ့ကရောက်
    ခဲ့တဲ့ ရှုခင်းတွေမှ ဟုတ်ပါလေစရယ်လို့ ကိုယ့်ဘာသာ
    ဇဝေဇဝါဖြစ်မိသွားတယ်...၊နောက်ဆုံးဓာတ်ပုံမြင်လိုက်
    မှသေချာသွားတယ်....၊ကိုယ်ရိုက်တဲ့ပုံတော့ ကိုယ်မှတ်မိ
    တယ်...၊အဲ့ပုံတစ်ခုတည်းမစွံတာကိုးခင်ဗျ..... :))))))

    ReplyDelete
  24. စင်င်္ကာပူ မိုးကို သွားမစမ်းနဲ့လေ ဓါတ်ပုံတွေ လှလိုက်တာနော် တော်ပါသေးရဲ့ ကျွန်းကလေးပြန်ပေါ်လို့ 
    AA

    ReplyDelete
  25. သူ သိတ်မှုန်းတယ်။

    ReplyDelete
  26. ညီမလေးဇွန်...
    ဒုတိယအကြိမ် လာဖတ်တဲ့အတွက် ဒုတိယမ္ပိ ကျေးဇူးတင်ပါတယ်၊း) ဟို မိုးပျံသင်္ဘောကြီးက လှလွန်းလို့ ပန်းချီကားလေး တစ်ချပ်လို ပိုလှသွားအောင် ဘောင်ခတ်လိုက်တာပါလေ...၊း))

    ညီမသူသူ...
    ကျနော်နေတဲ့ နေရာမှာလည်း ထမင်း၊ ဟင်း ရပါတယ်၊ အင်း.. ကျနော့်ပုံစံက ထမင်းသိပ်ငတ်နေတဲ့ ပုံများ ပေါက်နေပြီလားပဲ..၊း) မြန်မာဟင်းတွေက အများအားဖြင့် ဆီများတတ်တာတော့ မှန်ပါတယ်၊ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ ခဲ့တဲ့ လူမျိုးကွ-လို့များ ပြောချင်သလားပဲ၊းP ညီမသူသူရဲ့ ထုံးစံအတိုင်း တစ်ချက်ချင်းစီကို အသေးစိတ် မှတ်ချက်ပေးခဲ့လို့လည်း ကျေးဇူး အများကြီး တင်ပါတယ်ဗျာ...၊

    အစ်မမြသွေး...
    ကျွန်းကလေးရဲ့ ခရီးစဉ်ကို အထူးပဲ စိတ်ဝင်တစားနဲ့ လိုက်လည်တာ တွေ့ရလို့ ကျေးဇူးပါ အစ်မရေ၊ ပုံလေးတွေကို နှစ်သက်တယ် ဆိုလို့လည်း ဝမ်းသာရပါတယ်...၊း)

    မအိုင်အိုရာ...
    နောကြေနေတဲ့ ချောမေကို ပြောမလေ...၊ အမောပြေ ကွန်မန့်လေးအတွက် မနောမြေမှာ မျောနေ ခဲ့ရပြီလို့...၊းP

    Anonymous...
    Hmm...I think I must have confused all those superlative adjectives, abusively used to describe the products of our days. :) Anyhow, thank you for your correction!

    Anne...
    Kind comment...
    thnx 4 leaving it... :)

    ATZH...
    :) 2

    အမည်ဝှက်စာဖတ်သူ...
    အဟမ်း.. ကျနော့်ကို အသည်းပုံလေးအကြောင်း အသိပေးချင်နေတာ ဘယ်သူများပါလိမ့်...?းD

    ညီငယ်မောင်မျိုး...
    ကိုညိမ်းနိုင်က သဘောကောင်းတာ မှန်ပေမယ့် ̔လူကြီး̕ တော့ မဟုတ်သေးပါဘူးဗျာ၊ လူငယ်လေး တစ်ဦးပဲ ရှိပါသေးတယ်ဗျ...၊း)

    မဆွေလေးမွန်...
    ဟုတ်တယ်ဗျ၊ ချဉ်ပေါင်ကို ကြိုက်မိလို့ “ချစ်သောချဉ်ပေါင်” လို့ ရေးရတာ အဆင်ပြေသွားတာ၊ ဂျူးမြစ်ကိုများ ကြိုက်မိရင်တော့ “အို..ဂျစ်သော ဂျူး” လို့များ ရေးမိမလား မသိ...၊း))

    ကိုညိမ်း...
    အာ.. ကိုညိမ်းကတော့ လုပ်ပြီ၊ အဲဒီပုံလေးလည်း ကောင်းပါတယ်ဗျ၊ ကိုညိမ်း အဲဒီလို သတိတရနဲ့ ရိုက်ခဲ့လို့သာ ဒီပို့စ်လေးရဲ့ အဆုံးမှာ အခုလို ထည့်လိုက်နိုင်တာ..၊ မဟုတ်ရင် ဒီလိုပဲ တုံးတိကြီးနဲ့ အဆုံးသတ်ရမှာဗျ...၊း)

    AA...
    မစမ်းတော့ပါဘူးဗျာ၊ စင်္ကာပူ မိုးအကြောင်း တွေးမိရင် လွတ်သွားတဲ့ ဓါတ်ပုံတွေ သတိရပြီး မျက်ဝန်းထဲမှာ မိုးရွာပြီညို ဖြစ်ချင်ချင်ဗျ...၊း)

    အစ်မခင်ဦးမေ...
    ဝှူး ... ဟထိုး “ှ ” လေး ပါအောင် ရေးခဲ့လို့ တော်သေးတာပေါ့ အစ်မရယ်...၊ နို့မို့ဆို စိတ်မကောင်းစရာတွေ ဖြစ်နေတော့မှာ...။းD

    ReplyDelete
  27. ပြန်စာလာဖတ်တာ..အကို ပြန်ထားတဲ့ စာတွေဖတ်ပြီး အသံထွက်ရယ်မိတယ်..။
    သမီး အကို စိတ်လက်ပေါ့ပါးနေတယ်..။
    ပျော်တယ်..။
    :) :) :)

    ReplyDelete
  28. ကွန်နက်ရှင် ကောင်းတုန်း အပြေးအလွှားဖတ်၊ အပြေးအလွှား မန့်ခဲ့တယ် ကိုညီလင်းရေ ...
    စင်္ကာပူကို မရောက်ဖူးသေးတာမို့ ကိုညီလင်း ပို့စ်ကို ဖတ်လိုက်ရတာ ရောက်သွားသလိုပါပဲ။
    ပိုက်ဆံ အကုန်အကျ သက်သာ အချိန်ကုန်သက်သာစေတဲ့ အတွက် ကျေးဇူးပါ ကိုညီလင်းရေ ... ။
    သွားလည်စရာ မလိုတော့ဘူး :D

    ReplyDelete
  29. Thanks a lot for your nice photos and supporting words.

    ReplyDelete
  30. ပုံလေးတွေက လှပအသက်ဝင်နေလေတော့ အစ်ကို့ရဲ့အသေးစိတ်ကျလှသော စာနဲ့ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်တိုင်ခရီးသွားနေရသလိုပါပဲလား ... :)

    ReplyDelete
  31. အို....ချစ်သော ချဉ်ပေါင်ကို အခိုက်ဆုံးပဲဗျို့ :) အကို့ပိုစ်ဖတ်ပြီး ဒီနွေအိမ်ပြန်မယ့်အရေး အရမ်းကို စိတ်လှုပ်ရှားနေမိပြီ၊၊ ချဉ်ပေါင်ကြော်ရယ် ပဲပြုတ်ရယ်ကို အလွမ်းဆုံးပဲ။

    ReplyDelete
  32. သားနှစ်ယောက်ရဲ့ မွေးရပ်မြေကို သူတို့ရဲ့ဖေဖေနဲ့ မေမေက
    ခဏလေးလာလည်သွားတဲ့သူလောက်တောင်
    စွဲဆောင်မှုရှိအောင် မစွမ်းဆောင်ပေးနိုင်ဘူးလို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေမိတယ်...။

    ReplyDelete
  33. ဒီပိုစ့်ထဲက ပုံတွေက ပိုကောင်းတယ်လို့ ခံစားနေရတယ်။
    ပန်းတွေရော၊
    ပြီးတော့ ချဉ်ပေါင်ကြော်။
    ဖတ်ရင်းနဲ့ အဲဒီလိုပုံ ထွက်အောင် ရိုက်ဖို့ ကိုယ်တိုင် တခါမှလည်း အချိန်မပေးမိတာကို တွေးမိနေတယ်၊
    ဘလော့ဂ်ဂါတွေကို တချို့မြင်ဖူးတော့ ပြန်လည်ပြီး ပုံဖော်မိသေးတယ်၊
    မချစ်ကြည်အေး၊ မသက်ဝေ၊
    မခင်ဦးမေနဲ့ တွေ့ရတာကို ဖတ်မိလိုက်ချိန်မှာ အရမ်းစိတ်ဝင်စားသွားပြီး ဘယ်လိုလေးများ ပုံဖော်ထားလေမလဲလို့ ရှာပြီးဖတ်တော့ မတွေ့ရဘူး၊
    စာပေဟောပြောပွဲ နောက်ကျတာတွေ၊ ထမင်းဗူးလေး စားရပုံတွေကို ကိုညီလင်းသစ်လိုပဲ ကျွန်မ တချိန်က ခံစားမိဖူးတာနဲ့ ထပ်တူပဲ၊
    ပိုစ့်အားလုံးအတွက် ပေါင်းရေးမိတယ်။

    ReplyDelete
  34. Perfect Compositions @ photos..
    Esp.. 3,4 & 8

    Next one pls...
    N/A

    ReplyDelete
  35. ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့မို့

    ကိုယ်တိုင် ရောက်သွားသလို ခံစားမိပါရဲ့။

    ReplyDelete
  36. မနေ့က ခရီးကပြန်ရောက်ခါစမှာ အိမ်ကတူမလေးတွေကပြောတယ် မောင်ညီလင်းရဲ့ ကျွန်းလေးရေမမြုပ်တော့ဘူးတဲ့း))ဒါကြောင့်ဒီည အပိုင်းဆက်လေးကို အေးအေးဆေးဆေး ၀င်ဖတ်ဖြစ်သွားတယ်... ကျွန်းလေးမှာ နေတဲ့သူအတော်များများတောင် ဒီလောက်အထိ နှံ့နှံ့စပ်စပ်သိမယ်မထင်ဘူး ဓာတ်ပုံတွေကလည်း ရိုက်ချက်တွေကောင်းပါ့။
    ကျွန်းကလေးအကြောင်း သိကောင်းစရာအနေနဲ့ Book mark လုပ်သွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  37. Merlion ကြီးကို အောက်ကနေပင့်ရိုက်ထားတဲ့ပုံလေးကို တော်တော်ကြိုက်တယ်...
    ဓာတ်ပုံတွေအားလုံးကတော့ ဓာတ်ပုံဆရာရဲ့လက်စွမ်းအောက်မှ တောက်ပြောင်လှပလွန်းပါတယ် ကိုညီရေ...

    ခင်တဲ့
    မလေး

    ReplyDelete