17 June 2013
တိမ်တွေနဲ့အတူ...
အားလုံးပဲ မင်္ဂလာပါဗျာ...၊ ကျနော်လည်း ခြင်္သေ့ကျွန်းကလေး ကနေ ပြန်လာပြီးတဲ့နောက် ခြင်္သေ့တစ်ကောင်လိုပဲ ဂူအောင်းသွားလိုက်တာ အခုမှပဲ ဘလော့ဂ်ကို ပြန်ရောက်ဖြစ်တော့တယ်၊ ပျောက်နေပေမယ့် တကယ်တော့ ဘာမှ အထွေအထူးတော့ မလုပ်ဖြစ်ပါဘူး၊ ထုံးစံအတိုင်း အလုပ်များတယ်၊ ဟိုနားဒီနား ခရီးတိုလေးတွေ သွားတယ်၊ ပြီးတော့ ပျင်းနေတယ်၊ ဒီအတောအတွင်း လာလည်သွားကြတဲ့၊ စီဘောက်စ်မှာ နှုတ်ဆက်သွားကြတဲ့ ညီအစ်ကို၊ မောင်နှတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဘလော့ဂ်မှာ စာမရေးဖြစ်တာဟာ တချို့တွေ ဖြစ်သလို ဖေ့စ်ဘွတ်ခ်မှာ စာတွေလိုက်ဖတ် နေလို့လား ဆိုတော့လည်း မဟုတ်၊ ဒါဖြင့်ရင် ဓါတ်ပုံတွေ ရိုက်ဖြစ်နေတာလား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး၊ ပြောရရင် ကင်မရာကို သေသေချာချာ မကိုင်ဖြစ်တာတောင် အတော်လေး ကြာနေပြီ၊ ကင်မရာကိုင်မယ့်အစား သူများတွေ ရိုက်ထားတဲ့ ပုံတွေကိုပဲ ကျနော် လိုက်ကြည့်ပြီး အားကျနေမိတယ်၊ ဓါတ်ပုံနည်းပညာ ဆိုဒ်တွေကိုလိုက်ဖတ်ပြီး တစ်ခါမှ မလုပ်ဖူးတဲ့ ဓါတ်ပုံနည်းစနစ်တွေကို စမ်းကြည့်ချင်စိတ်တွေ ဖြစ်နေခဲ့တယ်၊ စိတ်ကသာ ရှိနေပေမယ့် တကယ်တမ်းမှာကျ လက်က မလိုက်ဖြစ်ဘူး...၊
မနေ့ကတော့ အိမ်မှာအေးအေးလူလူ ထိုင်နေဖြစ်ပါတယ်၊ ဝရန်တာကနေ လင်းချင်း၊ ကြည်လင်နေတဲ့ ရာသီဥတုကို ကျနော် ကြည့်နေဖြစ်တယ်၊ ဒီနှစ် ဥရောပရဲ့ နွေဦးရာသီက မိုးတွေရွာ၊ နှင်းတွေကျပြီး အတော်ဆိုးခဲ့လို့ အခုလိုရာသီဥတု သာသာယာယာ မရှိတာ ကြာပြီမဟုတ်လား၊ အဲဒီအခိုက်အတန့်မှာပေါ့...၊ ကျနော့်ရဲ့ မြင်ကွင်းထဲကို တိမ်တွေ ဝင်ရောက်လာကြတာ...၊ ကောင်းကင်ပြာထဲမှာ တိမ်ဖြူဖြူတွေ အဆုပ်လိုက်၊ အဆုပ်လိုက် ရွေ့နေကြတာကို ကျနော် ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေဖြစ်တယ်၊ မောင်သိန်းဇော်ရဲ့ ကဗျာထဲက အဆုံးမရှိ ကျယ်ဝန်းတဲ့ အမှားထဲက တိမ်တွေဟာ ဒီလိုမျိုးပဲလား၊ ကျနော်ကတော့ တရားနဲ့ မဖြေဘဲ ကင်မရာ ကောက်ကိုင်ဖြစ်သွားတယ်၊ တိမ်တွေရဲ့ အရွေ့ကို ဓါတ်ပုံတစ်ပုံထဲနဲ့ ပြမယ့်အစား ပိုပြီးထင်ရှားအောင် Time-lapse ဗီဒီယိုလေးတစ်ခု လုပ်ဖြစ်သွားပါတယ်၊ Time-lapse ဗီဒီယို ဆိုတာကို မရင်းနှီးသူတွေ အတွက် အလွယ်ပြောရရင်တော့ ဓါတ်ပုံတွေ အများကြီးရိုက်ပြီးမှ ပြန်စီထားတဲ့ ဗီဒီယိုပါ၊ တစ်ပုံနဲ့တစ်ပုံ စက္ကန့်ပိုင်းလောက် ခြားပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြန်စီလိုက်တဲ့အခါ still ဓါတ်ပုံတွေကနေ motion ပါတဲ့ ဗီဒီယိုလေးတစ်ခု ဖြစ်သွားတဲ့ သဘောပါပဲ၊
အခု ဗီဒီယို အပိုင်းလေးထဲမှာတော့ ဓါတ်ပုံ ၃၀၄ ပုံကို စီထားပါတယ်၊ မူလ ရိုက်တုန်းကတော့ ၆၄၄ ပုံ ရိုက်ထားခဲ့တာ...၊ နောက်တော့ ဗီဒီယိုဖိုင် အရမ်းလေးမှာ စိုးတာနဲ့ ပုံတစ်ဝက်လောက်ကိုပဲ သုံးဖြစ်သွားတယ်၊ ကောင်းကင်ကို မြစ်တစ်စင်းလို့ တင်စားကြရင် အဲဒီမြစ်ထဲမှာ တိမ်တွေက အခုလိုပဲ မြုပ်ချည်၊ ပေါ်ချည်နဲ့ မျောနေမယ် ထင်ပါရဲ့၊ အဲဒီ မြုပ်ချည်၊ ပေါ်ချည် တိမ်တွေနဲ့အတူ ကျနော်လည်း မြုပ်နေရာကနေ ပြန်ပေါ်လာဖြစ် ပြန်ပါပြီ၊ ၅၁ စက္ကန့်ပဲ ကြာတဲ့ ဗီဒီယိုလေးကို အဆင်ပြေရင်တော့ ကြည့်သွားပါဦးဗျာ... နော။ ။
ညီလင်းသစ်
၁၇ ဇွန်၊ ၂၀၁၃
26 comments:
  1. Welcome back bro...
    Nyi
    ReplyDelete
  2. စလုံးမှာတော့ အင်ဒိုနီးရှားက တောမီးကြောင့် ကောင်းကင်ရော၊ ၀န်းကျင်တစ်ခွင်လုံး မှုန်မှိုင်းမှိုင်းနဲ့၊ ပြီးတော့ ရာသီဥတုက အိုက်စပ်စပ်နဲ့...။း( အစ်ကို့ဗီဒီယိုထဲက ကောင်းကင်ပြာနဲ့တိမ်တွေကိုပဲ တမေ့တမောငေးကြည့်သွားတယ်။း)
    ReplyDelete
  3. ၃၀၄ ပုံကနေ ၆၄၄ ပုံ...။
    amazing :)
    ReplyDelete
  4. တိုက်တိုက်ဆိုင်ဆိုင်ပါလား မောင်ညီလင်းရေ.. တီတင့်ရဲ့ ဘလော့လေးက သက်တမ်းကုန်သွားလို့ ပိတ်သွားတာ မနေ့ကမှ ဘလော့စပေါ့ ပြန်ပြောင်းပြီး ဘလော့တွေ စလည်တယ် လင့်ခ်တွေ လက်လှမ်းမှီသလောက် လိုက်ချိတ်နေရင်း... 'တိမ်တွေနဲ့အတူ' ပို့စ်အသစ်လေးဖတ်ခွင့် ကြည့်ခွင့် ရသွားတာ ကျေနပ်စရာပါ :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  5. ဖတ်ရတာ တိုလိုက်တာ
    ဒါပေမယ့် ဖတ်ရတဲ့အတွက်ကို ၀မ်းသာပါကြောင်း..:D
    ReplyDelete
  6. ခုမှတွေ့ ရတော့တယ်
    ReplyDelete
  7. တိမ်တွေကို သိပ်ချစ်ပေမယ့် အဲလောက်ကြီး ရွေ့လျားနေတာကိုတွေ့တော့ သိပ်မချစ်ချင်တော့သလို ခံစားရတယ်...
    (((ပုဂ္ဂလိက ခံစားချက်ပါ... လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်... အလဲ့...)))
    ReplyDelete
  8. good one brother, match with piano, would b better if its quite longer. I always wanted to make a timelapse and I never had enough time and feeling, one day, I wish I can create one for myself from the view of my ygn home varanda where I used to sit toward the street for no reason during my teenage, if the opportunity present itself ;)
    ReplyDelete
  9. မောင်မျိုးJune 17, 2013 at 6:38 AM
    သံစဉ်လေးက နားထောင်လို့ကောင်းတယ်ဗျ ။
    အစ်ကို့တင်စားချက်လေးကြောင့် ပျင်းနေတဲ့ ကျနော်တောင် ကဗျာဆန်သွားတဲ့ တိမ်တစ ဖြစ်သွားတယ်း)
    အရင်ကဆို အစ်ကိုပျောက်နေရင် ဘာလို့များ အဲ့လောက်အလုပ်တွေများနေ (များချင်ယောင်ဆောင်နေတာ) လဲလို့တွေးမိတာ ကိုယ့်အလှည့်မှပဲ ကိုယ်ချင်းစားမိတော့တယ် ဇနီးသား တွေမရှိတာတောင် ဘာကို ရှုပ်လို့ ရှုပ်နေမှန်းမသိတော့တာ အစ်ကိုဆို ပိုဆိုးပေါ့နော့်။
    အစစ အားလုံးအဆင်ပြေချောမွေ့ပါစေဗျာ။
    ReplyDelete
  10. ရွေ့လျားမိုးတိမ်များကို လာရောက်ခံစားသွားပါသည်...း))
    ReplyDelete
  11. ကောင်းကင်ပြာလဲ့လဲ့ ပေါ်မှာ တိမ်ဆိုင် လိပ်လိပ်ကြီးတွေ မြင်ရတိုင်း ပျော်တယ်.....။။
    BLOG ကို လာချောင်းကြည့်လိုက်တိုင်း အသစ်တွေ ရှိနေတာ မြင်ရရင် ပျော်တယ်......။။
    ဒီတစ်ခါတော့ ပျော်စရာ ၂ ခု တပြိုင်တည်း တွေ့ လိုက်ရသလိုပေါ့......။။ :D
    လက်ရှိနေထိုင်ရာ ကျွန်းကလေးကို တခြားဘာမှ ခံစားချက် မထားမိပေမယ့် တိမ်လိမ်လိမ်တွေနဲ့  ဖြည့်ထားတဲ့  ကောင်းကင် ပြာပြာကြီးကိုတော့ အလွန်ကြိုက်တယ်........။။။
    ReplyDelete
  12. ကြေကွဲစရာကတော့ အကို့ဗီဒိုလေးကို မြန်မာပြည်က
    ကြည့်ဖို့ရာကုသိုလ်ကြမ္မာမမှီခဲ့ပါဘူးဗျာ...၊တိမ်တွေ
    ကိုကြည့်ချင်ပါတယ်ဆိုမှ လိုင်းကဆိုးချက်..... :(
    ဖဘမှာတစ်ပုံတစ်လေလောက်တင်ပေးရင်တော့ နှစ်
    ထောင်းအားရရှိပေလိမ့်မယ် အကိုရဲ့.....အဆင်ပြေ
    မှပါလေ.... :))))
    ReplyDelete
  13. နော်နော်June 17, 2013 at 3:28 PM
    တိမ်တွေကိုတော့ အရမ်းသဘောကျတယ်။
    ReplyDelete
  14. အသစ်တွေ့တာနဲ့ အပြေးလာခဲ့ပြီး တိမ်ရွေ့လျားမှုတွေကို ခံစားသွားပါတယ် အစ်ကိုရေ ...
    ReplyDelete
  15. Nyi...
    Always No.1 as usual... huh! :D Thanks for welcoming me back!
    ညီမလေးဇွန်...
    ဒီမှာလည်း ပြီးခဲ့တဲ့ ၃ လလုံးလုံး မိုးတွေအုံ့ပြီး မှုန်မှိုင်းနေခဲ့တာ...၊ အခုမှ နေကလေး နည်းနည်း ပြန်ပွင့်လာတာလေ...၊း)
    johnmoeeain...
    ဒါတောင် နည်းသေးတာဗျ...၊းD
    တီတင့်...
    ဒါဆို တီတင့်က ဘလော့စပေါ့ထ်ကို အိမ်ပြောင်းလာတာပေါ့၊ ရွာလေးက အရင်ထက်စာရင် နည်းနည်းခြောက်ကပ်သွားပေမယ့် ကျနော်တို့ ရှိပါသေးတယ် တီတင့်ရေ..။း)
    မသန္တာ...
    အခုလို တိုတိုလေးတစ်ပုဒ် ရေးဖို့တောင် တစ်လခွဲလောက် ကြာသွားခဲ့တာဗျ..၊ အခင်အမင်မပျက် လာလည်တာ ကျေးဇူးပါနော်..။း)
    ညီမVista...
    အမ်.. အတူတူပဲကို သူက ဦးသွားပြီ...၊းD
    အစ်မသက်ဝေ...
    မဟုတ်မှလွဲရော... ဒါဆို အစ်မသက်ဝေက သက်ငြိမ်မှာ ငြိမ်သက် ချင်သူပဲ ဖြစ်ရမယ်၊း)
    (ပုဂ္ဂလိက အမြင်ပါ၊ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်..၊ အဟဲ..)းD
    Bro Raymond KMN...
    Thanks bro! Yeah, I I would have loved to make it a bit longer but had to cut off for the sake of file size. Knowing your idea about your future time-lapse is already interesting. I'd definitely like to watch it in due course. :D
    မောင်မျိုး...
    အနေဝေးကြပေမယ့် အရေးအကြောင်းဆို ဒီညီအစ်ကိုတွေ အသွားအလာ မပျက်တာ သိရလို့ ဝမ်းသာမိတယ်ဗျ..၊း) နေ့စဉ်ဘဝမှာ ပါးစပ်လှုပ်မှ ဘလော့ဂ်ပေါ်မှာ လက်လှုပ်ရတာ မှန်ပေမယ့် အဆင်ပြေတဲ့အခါ စာပြန်ရေးပါဦး ညီရေ...၊
    ညီမမိုး...
    မိုးက တိမ်ကို စိတ်ဝင်စားတယ်ဆိုတာ အင်မတန်မှ သဘာဝ ကျတာပေါ့ ညီမရေ..၊းD
    ညီမ,ကဗျာ...
    အဆုံးမရှိအောင် ကျယ်ဝန်းတဲ့အမှားထဲက တိမ်စိုင်လှလှတွေကို တရားနဲ့ဖြေရသူဆိုတာ သိနေတယ်လေ..၊း) လာလည်တာလည်း ကျေးဇူး ညီမ...၊
    ကိုညိမ်း...
    မိုင်တွေ ပိုခြားသွား၊ အင်တာနက်တွေ ပိုနှေးသွားပေမယ့် ကျနော့်ဆီကို လာလည်နေဆဲ ဖြစ်လို့ ကျေးဇူးတင်တယ် ကိုညိမ်း၊ ဖေ့စ်ဘွတ်ခ်မှာလည်း တင်ထားပါတယ်ဗျာ..၊ မျောလွင့်တိမ်တွေကို ကိုညိမ်း ကြည့်နိုင်ပါစေဗျား...၊း)
    မနော်နော်...
    ဟုတ်.. လာအားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊
    ညီမမိုးည...
    ပျောက်နေပေမယ့်လည်း ပြန်လာတဲ့အခါ အရင်လိုပဲ ခင်ခင်မင်မင် လာလည်တဲ့အတွက် ကျေးဇူးပါ ညီမရေ...။
    ReplyDelete
  16. ကြည့်ရတာအားမရလို့ ၂ ခါပြန်ကြည့်သွားပါတယ်။
    အိုင်အိုရာ
    ReplyDelete
  17. တိမ်တွေ တိမ်တွေ...
    ချစ်စရာကောင်းလိုက်တာ အကိုရယ်...
    ရွေ့လျားနေပုံက အသက်ဝင်လှပလွန်းတယ်...:)
    ညလေးလဲ အမအိုင်အိုရာလို ၂ခါပြန်ကြည့်သွားတယ် :PPPPPPPPPPPPP
    နောက်ပြီး အကို့ဆီက စာကြွေးတွေလဲ နောက်နေ့မှာ
    လာဆပ်အုံးမယ် အကိုရယ်...ညလေးလဲ လိုင်းပေါ်
    ပြန်ရောက်လာတာ သိပ်မကြာသေးပါဘူးးးးးးးးး
    ဖဘ အကောင့်သစ်လဲ ပြန်ဖွင့် ကဗျာတွေလဲပြန်တင်နဲ့
    အလုပ်တွေ အားကြီးရှုပ်နေတော့ အကိုဆီလဲ
    အိမ်လည်မလာဖြစ်ခဲ့ဘူးးးးးးးး တကယ်က အမြဲ
    သတိတရရှိနေပါတယ် bro :)
    ခင်မင်လေးစားရတဲ့ အကိုတစ်ယောက် အစစ
    အရာရာ အမြဲအဆင်ပြေပါစေလို့လဲ ဆုမွန်ခြွေလျက်ပါ
    အကို့အိမ်သူနဲ့ သားသားလေးရော
    နေကောင်းကျန်းမာရဲ့ မဟုတ်လား ?
    ခင်တဲ့ မိုးနတ်ကြယ်စင်
    ReplyDelete
  18. ကိုညီလင်းသစ် ပျောက်ချက်သား ကောင်းနေလိုက်တာ..ပေါ်လာတော့လည်း တိမ်တွေနဲ့ အတူး) ..မိုက်တယ် တိမ်တွေက မျောလွင့်နေတာကို ပြတင်းပေါက်က ကြည့်နေရသလို ခံစားရတယ်...
    ReplyDelete
  19. မအိုင်အိုရာ...
    နှစ်ထပ်ကွမ်း အားပေးမှုအတွက် ကျေးဇူး...၊း)
    ညီမမိုးနတ်...
    ကျေးဇူးတင်ပါတယ် ညီမရေ...၊ ဒါဆို ခုတလော ပျောက်နေကြသူတွေထဲ ညီမလည်း ပါတဲ့ သဘောပေါ့၊း) ခင်ခင်မင်မင်နဲ့ လာလည်တဲ့ အတွက်လည်း ကျေးဇူးပါဗျာ...၊
    ညီမစန်းထွန်း...
    ဟုတ်တယ်ဗျာ..၊ လေအဝေ့မှာ မျောလွင့်ဖို့ ပြန်ပေါ်လာတာ..၊းD
    အရင်လိုပဲ လာလည်တဲ့အတွက် ကျေးဇူး ညီမ...။
    ReplyDelete
  20. အာကာပြင် နဒီကြော ...
    မျောပါတဲ့ ငွေတိမ်လွှာ။
    မိုးဝဠာ ပြာလွင်ထဲ
    ရစ်ဝဲလို့သာ ... ။
    တိမ်လွှာက ဖြူဖွေး ... ။
    လက်မနှေးပါဘု
    အပြေး လျင်အမြန်ပေါ့
    camera ကိုင်ကာ ရိုက်တယ်
    လှလိုက်ချည်သေး ... ။ ... ။
    ReplyDelete
  21. စိုးသူရJune 19, 2013 at 1:34 PM
    ကိုညီရေပျောက်သွားလိုက်တာအခုမှပေါ်လာတော့တယ်။
    ReplyDelete
  22. အကို အပျာက်နေလိုက်တာ။ မရေးတော့ဘူးလားလို့ လာလာချောင်းကြည့်ရင်းစိတ်ပူနေတာ။ခုမှပဲ ရင်အေးသွားတော့တယ်။ တိမ်တွေအတွက် ကျေးဇူးတင်ပါတယ်။
    ReplyDelete
  23. မမေ...
    Waoh... ရိုးရိုးလေးနဲ့ သဘောကျစရာ ကောင်းလှတဲ့ ကဗျာလေး..၊ ကျေးဇူးအများကြီး တင်ပါတယ် မမေ..၊း)
    ကိုစိုးသူရ...
    အေးဗျာ..၊ ဒီတစ်ခေါက်က နည်းနည်း ကြာသွားတယ်လို့ပဲ ပြောရတော့မှာပဲ..၊း)
    Adora etc...
    သတိတရ ရှိတာ ကျေးဇူးပါ ညီမရေ..၊ ပုံမှန်ပြန်ရေးဖို့တော့ ကြိုးစားမှာပါ၊ လာလည်တာလည်း ကျေးဇူးနော်..။
    ReplyDelete
  24. တိမ်မျောမြစ်ထဲမှာ ပက်လက်ကူးရင်းစီးမျောသွားပါကြောင်း၊ Forrest Gump တေးသွားနဲ့အလွန်လိုက်ဖက်ပါကြောင်း၊ တစ်ပုဒ်ဆို ဆိုသလောက် ထိမိပါကြောင်း။
    ငြိမ်း
    ReplyDelete
  25. လာသွားတယ်အကိုရေ
    မရောက်ဖြစ်တာကြာပေါ့
    ReplyDelete
  26. Loved it especially :28-:33. :)
    ReplyDelete