12 August 2013

ကြယ်ကြွေည သန်းခေါင်ယံ


ပြီးခဲ့တဲ့ တနင်္ဂနွေည သန်းခေါင်ယံနဲ့ တနင်္လာနေ့ မိုးသောက်ယံမှာ Perseids meteor ကြယ်တွေ ကြွေမယ့်အကြောင်းကို ဟိုးအစောကြီး ကတည်းက နက္ခတ်တာရာ ပြက္ခဒိန်မှာ ကျနော်မှတ်ထားမိတယ်၊ ဒါပေမယ့် မှတ်သာမှတ်ထားပေမယ့် မျှော်လင့်ချက် ကတော့ သိပ်အကြီးကြီး မထားမိပါဘူး၊ အကြောင်းက သြဂုတ်လဟာ နွေရာသီ ဆိုပေမယ့် တိမ်တွေထူ၊ မိုးတွေရွာချင်လည်း ရွာနေတတ်တာမျိုး မဟုတ်လား၊ အရင်ကလည်း အဲဒီလို မှတ်ထားပြီး သတ်မှတ်ရက် နီးလာတော့ ကောင်းကင်ကို တမော့မော့နဲ့ တိမ်တွေ ကင်းမှ ကင်းပါ့မလားလို့ စောင့်ကြည့်ရင်း ဘာမှ မမြင်လိုက်ရဘဲ ကျော်လွန်သွားတဲ့ ရက်တွေ ရှိခဲ့ဖူးတာကိုး...၊ ဒါပေမယ့် ဒီနှစ် ဥရောပရဲ့ နွေရာသီဟာ အပူလှိုင်းတွေဘာတွေ ဖြတ်တဲ့အထိကို ပူပါတယ်၊ ဒီလိုနဲ့ ကြယ်တွေအများဆုံး ကြွေမယ်ဆိုတဲ့ တနင်္ဂနွေညကို နီးလာတဲ့အထိ ရာသီဥတုကလည်း နေ့ရောညပါ ကြည်ကြည်လင်လင်နဲ့ ရှိနေခဲ့တော့ မျှော်လင့်ချက် ပါးပါးလေး ပြန်တက်လာခဲ့တယ်၊ D-day မတိုင်ခင် ၂ ရက်အလိုမှာ မိုးလေဝသ ခန့်မှန်းချက်ကို ကြည့်တော့ ကောင်းကင်ဟာ စနေကနေ တနင်္ဂနွေညမှာ အကြည်လင်ဆုံး ရှိနေမယ်၊ ဒါပေမယ့် ကြယ်ကြွေညရဲ့ အထွတ်အထိပ်လို့ ဆိုတဲ့ တနင်္ဂနွေကနေ တနင်္လာညမှာတော့ တိမ်စိုင်တချို့ ရှိနိုင်မယ်-တဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် တနင်္လာနေ့မှာ အလုပ်သွားရမှာ ဖြစ်လို့ တနင်္ဂနွေမှာ ညဥ့်နက်သန်းခေါင် နေဖို့ ကျနော့်အတွက် ခဲယဉ်းပါတယ်၊ ဒါနဲ့ပဲ စနေနေ့ညမှာ ကြယ်တွေကို ဓါတ်ပုံထွက်ရိုက်ဖို့ ရွေးချယ်လိုက်တော့တယ်...၊

တကယ်တော့ မူလအစီအစဉ်က ဟိုတလောက ကျနော်တို့သွားခဲ့တဲ့ observatory ရှိတဲ့တောင်ပေါ် ကို သွားဖို့ပါ၊ အဲဒီနေရာမှာ မြို့ ပြရဲ့ ̔အလင်းညစ်ညမ်းမှု̕ တွေ မရှိသလောက် နည်းပါးပါတယ်၊ ဒါပေမယ့် ဖြစ်ချင်တော့ အနီးကပ်မှ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိဘူး၊ ကျနော် ခါးမျက်သွားတယ်၊ ဒါနဲ့ပဲ တောင်ပေါ်သွားမယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး အိမ်အနီးက မြင်ကွင်းမှာပဲ ကျေနပ်လိုက်ရ တော့တယ်၊


စနေနေ့ည ၁၁ နာရီ ၃၅ မိနစ်မှာ ဝရန်တာကနေ လှမ်းကြည့်တော့ ကောင်းကင်ဟာ တိမ်တွေလုံးဝ ကင်းစင်ပြီး ကြည်လင်နေခဲ့ပြီ၊ ဒါနဲ့ နေ့လယ်ကတည်းက ဓါတ်ခဲကို အားအပြည့်သွင်းထား၊ မဲင်မိုရီကဒ်ကို ရှင်းထားတဲ့ ကင်မရာကို ထရိုင်ပေါ့ထ်မှာတပ်၊ intervalometer timer ကို ကင်မရာမှာတပ်၊ အနွေးထည်နဲ့ ဓါတ်မီးကိုယူ၊ မအိမ်သူကို တခါတည်း ဂွတ်နိုက်လုပ်ပြီး အိမ်အောက်ကို ဆင်းလာခဲ့တယ်...၊


ဟိုး.. ငယ်ငယ်လေး ကတည်းက ကျောင်းစာတွေထဲမှာ သင်ခဲ့ရတဲ့ နဂါးငွေ့တန်း ဂလက်ဆီကို ကျနော့်ရဲ့ မျက်စိရှေ့တည့်တည့်မှာ ထင်းထင်းကြီးကို တွေ့နေရတယ်၊ ဒါတောင်မှ အိမ်နားမှာ ကားပါကင်က မီးတွေ၊ လမ်းမီးတွေ၊ အိမ်တချို့က မီးတွေနဲ့ လင်းနေလို့ အမှောင်ဆုံးဖြစ်တဲ့ သစ်ပင်ရိပ်တွေမှာ ကပ်သပ်ပြီး နေခဲ့ရတာပါ၊ မြန်မာပြည်မှာ ဆိုရင်တော့ မှောင်ရိပ်ခိုမှုနဲ့ အဆွဲခံရနိုင်ပေမယ့် အခုတော့ မီးမရှိတဲ့ အခိုက်အတန့်ကို ကျေနပ်နေမိတယ်၊ ဂလက်ဆီကို မြင်ကွင်းကနေ ပျောက်သွားမှာစိုးလို့ ကျနော်တော့ လက်နက်နဲ့ငြိမ်းချမ်းရေး မလဲချင်.. အဲ... အလင်းမဝင်ချင် သေးဘူး၊း) ဒီပုံကို တနင်္ဂနွေနေ့ မနက် ၁ နာရီ ၂၅ မိနစ်မှာ ရိုက်ပါတယ်...၊


နက္ခတ်တာရာ ပြက္ခဒိန် အလိုအရ ကြယ်ကြွေမှာကို ကောင်ကင်တခွင်လုံးမှာ မြင်ရမှာဖြစ်ပေမယ့် ကြယ်တွေက Perseus constellation ကနေ ကြွေမယ်လို့ ဆိုတယ်၊ ကျနော်နေတဲ့ အရပ်ကနေ ကြည့်မယ်ဆိုရင် Perseus constellation က မြောက်ဖက်မှာ ရှိပါတယ်၊ ကံဆိုးချင်တော့ အဲဒီမြောက်ဖက်မှာ အဆောက်အဦးတွေက မီးတွေ၊ လမ်းမီးတွေနဲ့ လင်းထိန်နေလို့ ကင်မရာကို ဘယ်လိုမှ လှည့်လို့မရနိုင်ခဲ့ဘူး၊ ဒါနဲ့ပဲ Milky way ရှိတဲ့ တောင်ဖက်အရပ်ကိုပဲ ကင်မရာကို အသေချိန်ထားပြီး ထိုင်ရိုက်နေလိုက် တော့တယ်၊ မနက် ၁ နာရီလောက်က စပြီးတော့ ကြယ်တွေက အရပ်ရှစ်မျက်နှာလုံးမှာ ကြွေပါတယ်၊ တစ်နာရီကို အလုံး ၅၀ ကနေ ၆၀ လောက်အထိ ကြွေမယ်လို့ ပြောထားပေမယ့် ကျနော့်မျက်စိရှေ့ မှာတော့ အဲဒီလောက် မများပါဘူး၊ တချို့ ကြယ်တွေက ခဏလေးနဲ့ မီးလောင်သွားလို့ ကြွေချိန်မြန်တာအပြင် ကျနော်က မြက်ခင်းပေါ်မှာ လှဲမအိပ်ဘဲ ထိုင်ရုံပဲထိုင်နေလို့ ကောင်းကင်တခွင်လုံးကို မြင်ကွင်းက မခြုံမိတာကြောင့်လည်း ပါ,ပါလိမ့်မယ်၊ အင်မတန်လှတဲ့ meteor fireball ကြယ်လုံးကြီး ၃ လုံး ကြွေတာကို မျက်စိနဲ့ မြင်လိုက်ရပေမယ့် ကင်မရာရှိတဲ့ဖက် မဟုတ်လို့ မမိလိုက်ဘူး၊ ကျနော်ရိုက်လို့ ရတဲ့အထဲက ခေါင်းပြတ်၊ အမြီးပြတ်၊ ဟိုတစောင်း၊ ဒီတစောင်း ပုံတွေကို ဖယ်ပြီး အဆင်အပြေဆုံး အပေါ်ကပုံနဲ့ပဲ ဒီတစ်ခေါက် ကျေနပ်လိုက်ရ ပါတယ်...၊

အိမ်ပေါ်ကို ပြန်တက်လာတော့ မနက် ၃ နာရီခွဲ ရှိနေပြီ၊ လုံးဝမည်းမှောင်တဲ့ နေရာကနေ ရိုက်ခဲ့တာ မဟုတ်လို့ ကြယ်တွေက လင်းသင့်သလောက်တော့ မလင်းပါဘူး၊ ဒါပေမယ့် နဂါးငွေ့တန်း ဂလက်ဆီအပါအဝင် Perseids meteor shower ရဲ့ ကြယ်ကြွေမိုး အမှတ်တရအဖြစ် တင်လိုက်ပါတယ်၊ ပုံတွေအားလုံးကို ISO 3200 နဲ့ f/2.8 မှာထားပြီး intervalometer timer နဲ့ စက္ကန့်သုံးဆယ် အလင်းပေးပြီး ရိုက်ပါတယ်...။ ။


ညီလင်းသစ်
၁၂ သြဂုတ်၊ ၂၀၁၃

23 comments:

  1. ဘယ်လိုအလုပ်ကိုလုပ်လုပ် စနစ်တကျ ပီပီပြင်ပြင် လုပ်တတ်လေ့ရှိတဲ့ မောင်ညီလင်းကို ချီးကျူးမိတာ အခါခါပဲ... ကြယ်ကြွေညရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ စိတ်ဝင်တစားလေ့လာဖတ်ရှုသွားတယ်နော်...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မှောင်ရင်အရမ်းကောင်းမျာနော်။
    ခုတောင်အရမ်းလျတာ။
    အိုင်အိုရာ

    ReplyDelete
  3. စာလုံးပေါင်းခွင့်လျွတ်။ မမြင်ရလို့ ။
    အိုင်အိုရာ

    ReplyDelete
  4. ဒီလောက်များတဲ့ကြယ်တွေ နဂါးငွေ့တန်းတွေကို ပုံတွေထဲမှာပဲမြင်ဖူးသေးတယ်...။ အစ်ကို့လက်ရာကိုကြည့်ရတာ ပန်းချီကားတစ်ချပ်နဲ့တောင်တူနေသေးတယ်...။ အပြင်မှာတကယ်အဲလိုကြယ်တွေအများကြီးနဲ့ ကောင်းကင်ကိုမြင်ခွင့်ရချင်သေးတယ်။

    ReplyDelete
  5. It is beautiful and cool brother.

    ReplyDelete
  6. ကိုညီလင်းတို.ဆီမှာ အနွေးထည်ပြန်ဝတ်နေရပြီလား။
    ဂျပန်မှာတော. ပူတုံးဘဲ။
    ကာဒီဂန်အပါးတောင် မကပ်နိုင်သေးဘူး။

    ReplyDelete
  7. အိုးးး သိပ်လှပါလား ကြည့်ခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် :)

    ReplyDelete
  8. လှလိုက်တာာာာာာာ
    ပန်းချီလေးတွေနဲ့ တူတယ်...
    ညရဲ့ တိတ်ဆိတ်ခြင်းတွေမှာ ကြယ်တွေကို အာရုံစိုက်
    ဓာတ်ပုံရိုက်ယူနေတဲ့အချိန် စိတ်ခံစားမှုကို တွေးကြည့်တယ်..
    သိပ်ငြိမ်သက်အေးချမ်းနေမှာပဲ အကိုရာ

    ReplyDelete
  9. ကြယ်ကြွေတွေကို ကြည့်ပြီးဆုတောင်းရင် ပြည့်သတဲ့ .
    ကိုညီလင်းကတော့ သဘာဝ အလှကို ခံစားနေမှာနဲ့ ဆုတောင်းဖြစ်မှာမဟုတ်ဘူး ။
    ကြယ်ကြွေတွေကြည့်ပြီး စိတ်အေးချမ်းမှူရသလို အမြဲ စိတ်အေးချမ်းပါစေ ။ ကျမရဲ့ အညတရ ဘလော့လေးကို အချိန်ပေးပြီးလာလည်လို့ အားနာရသလို ကျေးဇူးလဲတင်ပါတယ် ။

    ReplyDelete
  10. ကိုညီလင်းသစ် ရေ ကြယ်လေးတွေကို မြင်ရတာ စိတ်ကို အေးချမ်းတယ်နော်။ မလေးကကြယ်လေးတွေကိုသဘောကျတယ်။ ဓါတ်ပုံတွေကိုတ၀ကြီးကြည့် သွားပါတယ်။

    ReplyDelete
  11. Those are really precious photos. Thanks for your time to take the photos and sharing with us.

    စာချစ်သူ(Canada)

    ReplyDelete
  12. သတင်းစာမှာ ရေးထားတာတွေ့ ကတည်းက ကြည့်ချင်မိတာ..မြို့ ရဲ့ တောင်ဖက် ၅၅ မိုင်မှာ ကြည့်လို့ ရတယ်...အိမ်ကနေ လှမ်းကြည့်တော့ ဘာမှမမြင်ရဘူးရယ်...ဓာတ်ပုံတွေ တကယ်မိုက်တယ်...ISO 3200 နဲ့ f/2.8 မှာထားပြီး intervalometer timer နဲ့ စက္ကန့်သုံးဆယ် အလင်းပေးပြီး ရိုက်တာကို စမ်းဦးမယ်...:)

    ReplyDelete
  13. ဓာတ်ပုံတွေလှတယ်။ အဲလို ရိုက်တတ်ချင်တယ်။

    ReplyDelete
  14. အရမ်းလှတယ် အကို..

    ReplyDelete
  15. အကိုက ကံကောင်းပါသေးတယ်..
    ကြယ်တွေများကြီးကြွေတာကို
    တွေ့လိုက်ရသေးတယ်
    ပစ်တို့ဆို ဘာမှန်းတောင် မသိလိုက်ပါဘူး..

    ReplyDelete
  16. Nyi...
    Deadly thanks! :D

    တီတင့်...
    တီတင့်ကတော့ လူတစ်ဖက်သားကို အမြဲပဲ ချီးကျူးတတ်သူ ပဲနော်၊ ကျေးဇူးပါ တီတင့်ရေ...၊

    မအိုင်အိုရာ...
    ဟုတ်တယ်ဗျ၊ မှောင်ရင် ကြယ်တွေက အခုထက်ပိုပြီး လင်းမှာ...၊

    ညီမမိုး...
    ကျေုးဇူးပါ ညီမရေ..၊ အင်း.. မြန်မာပြည်မှာတော့ ဆောင်းတွင်းလို အချိန် အညာဖက်တွေမှာ ပိုပြီး မြင်နိုင်မယ် ထင်တယ်နော်...။း)

    Anonymous...
    Thank you!

    အမည်ဝှက်စာဖတ်သူ(၁)...
    ဒီမှာလည်း ပူတုန်းပဲဗျ၊ နေ့ရောညရော short pant ပဲ ဝတ်နေရတယ်၊ အဲဒီညကတော့ လေပြေနည်းနည်း တိုက်နေလို့ လိုလိုမယ်မယ် ယူသွားတာပါ..၊း))

    အမည်ဝှက်စာဖတ်သူ(၂)...
    ကျေးဇူးတင်ပါတယ်ဗျာ...၊

    ညီမသူသူ...
    ဟား.. တိတ်ဆိတ်ငြိမ်းချမ်းမှုကတော့ တကယ့်ကို အပြည့်ပဲဗျို့၊ တခါတခါမှ ကြားရတဲ့ အဝေးကားသံ တချို့ကလွဲရင် သစ်ရွက်ကို လေတိုးသံပဲ ကြားနေရတယ်...၊း)

    မသန္တာ...
    အာ.. အညတရ ဘလော့ဂ်ရယ်လို့ မရှိပါဘူးဗျာ၊ စိတ်ထဲရှိတဲ့ အတိုင်း ရေးကြတာကို ခင်ခင်မင်မင် လာဖတ်နေကြရင် ပြီးတာပဲ မဟုတ်လား၊း) အခုလို လာလည်တာလည်း ကျေးဇူးပါ... နော။

    မမေသူ...
    ဟုတ်ပါတယ်၊ တိတ်ဆိတ်တဲ့ ညချမ်းနဲ့ မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေက စိတ်ကို အေးချမ်းစေတာ အမှန်ပါပဲ၊ လာလည်တဲ့ အတွက်လည်း ကျေးဇူးပါနော်၊

    ကနေဒါကစာချစ်သူ...
    Thank you so much for your appreciation and for your kind comment...!

    ညီမစန်းထွန်း...
    မီးရောင်တွေနဲ့ ဝေးနိုင်သလောက် ဝေးအောင်သွားမှပဲ တွေ့ဖို့ အဆင်ပြေတာ ညီမရဲ့၊ နောက်တစ်ခါဆို စမ်းသာစမ်းကြည့်ဗျာ၊ astrophotography ရိုက်ရတာ ဒီလောက်ကြီး မခက်လှပါဘူး၊း)

    မဆွေလေးမွန်...
    ကျေးဇူးပါဗျာ..၊ ရိုက်တတ်ချင်ရင် တစ်ခါလောက် စမ်းကြည့်ပါလား၊ ဒီလောက်ကြီး မခက်ခဲပါဘူး...၊း)

    ကိုအောင်ထွဋ်...
    ကျေးဇူးတင်ပါတယ်ဗျာ...၊

    ညီမပစ်ပစ်...
    အားမငယ်ပါနဲ့ ညီမရာ...၊ လောလောဆယ် ကြည့်ဖို့ အဆင်မပြေသေး ရင်လည်း တစ်ချိန်ချိန်မှာတော့ ဖြစ်လာမှာ သေချာပါတယ်...။

    ReplyDelete
  17. Starry, starry night
    Paint your palette blue and gray
    Look out on a summer's day...

    Lyrics of Vincent came across my mind as soon as I see the photos.

    ReplyDelete
  18. The Great Captures...
    N/A

    ReplyDelete
  19. တစ်ခါလောက် စမ်းရိုက်ကြည့်ဖို့ တော့ ကြိုးစားနေမိတယ်။။။။ :)

    ReplyDelete
  20. ဟန်ကြည်August 14, 2013 at 3:14 PM

    အဲဒီနေ့က ကလေးတစ်ယောက်ကတော့ပြောသား...ဆရာတဲ့ ဒီည ကြယ်မိုးရွာမယ်တဲ့...ဟာ ကြယ်မိုးရွာရင်တော့ ဆရာတို့ခေါင်းမှာ အာလူးသီးတွေထကုန်မှာပေါ့လို့ အရွှန်းဖောက်လိုက်မိသေး...

    ဓာတ်ပုံတွေကို ကြည့်လိုက်မှပဲ အတော်လှတာ သိလိုက်ရတော့တယ်...အေးဗျာ မမြင်လိုက်ရတာ နာတာပဲ...

    ReplyDelete
  21. လှတယ် လှတယ် ပုံတွေကြည့်ပြီး စိတ်အေးချမ်းလိုက်တာ
    တိမ်ပြာ(မနောမြေ)

    ReplyDelete
  22. အသိဆရာကြီးတယောက် စာရေးရင် သူ့မဟေသီအကြောင်း အမြဲပါတယ်။
    ကြယ်အကြောင်းရေးမှာများ
    မအိမ်သူကို ဂွတ်တနိုက် လိုက်ရသေးတယ်။
    ပုံ
    စာမရေးဖြစ်လို့ ဧရာ စာလုံးဘယ်လိုရိုက်ရမလဲ မေ့ချင်ချင် ဖြစ်နေသူ

    ကြယ်ကြွေတာတော့ နောင်နှစ်များမှ ကြည့်တော့မယ်အေ

    ReplyDelete