19 November 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၃)


ဒီတစ်ခေါက် မြန်မာပြည်ခရီးစဉ်အတွက် ပြင်ဆင်တွက်ချက်တဲ့ အချိန်မှာ သတိမထားဘဲ နေလို့မရအောင် ဖြစ်ရတဲ့တစ်ချက်က နေထိုင်စားသောက် စရိတ်တွေ ကြီးမြင့်တဲ့အချက်ပါပဲ၊ အထူးသဖြင့် တည်းခိုဖို့ ဟိုတယ်အခန်းခတွေ မတန်တဆ ဈေးကြီးနေတာပါ၊ တကယ်တော့ မနှစ်က ဖေဖော်ဝါရီလမှာ ကျနော်တို့ သွားခဲ့ကတည်းက အခန်းခတွေ တက်နေခဲ့ပါပြီ၊ ဒါပေမယ့် အဲဒီတုန်းက တည်းဖို့အတွက် အစောကြီးကတည်းက reservation လုပ်ထားခဲ့လို့ ဈေးတွေ စ,တက်ပေမယ့်လည်း ကျနော်တို့က အရင် ဈေးနှုန်းဟောင်းအတိုင်း ရလိုက်တယ်၊ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်တော့ဘူး၊ ဟိုတယ်တိုင်းလိုလို သူတို့ရဲ့ အရင်တောင်းနေကျ မူလနှုန်းကနေ သုံးဆ၊ လေးဆ ပိုမြှင့်ပြီး တောင်းကြတယ်၊ ဒါဟာ ဟိုတယ်အကြီးကြီးကနေ ဟိုးအောက်ဖက်က သေးသေးလေးအထိ ဒီလိုပါပဲ…၊ တဖက်ကလည်း အခန်းခတွေ ဘယ်လောက်ကြီးကြီး အခန်းတွေ မလောက်တဲ့အကြောင်းလည်း ကျနော်တို့ ကြားနေဖတ်နေ ရပြန်တယ်၊ ပြောရရင် ၁၉၉၆ ခုနှစ် Visit Myanmar Year ဆိုပြီး မြန်မာ့ ခရီးသွားလုပ်ငန်းကို စပြီးမြှင့်တင်ဖို့ ကြိုးစားကတည်းက ၂၀၁၁ လောက်အထိ ဟိုတယ်တွေက အခန်းပြည့်တယ်ဆိုတာ တကယ့်ကို ရှားပါတယ်၊ ဆိုတော့ အခုမှ တိုင်းရေးပြည်ရေးက သာသာယာယာ ရှိလာတော့ လှိမ့်ဝင်လာတဲ့ ဧည့်သည်တွေ၊ လုပ်ငန်းရှင်တွေ အားကိုးနဲ့ ရတုန်းရခိုက်လေး သဲ့ယူလိုက်မဟဲ့လို့ ကြံစည်နေကြပုံ ရတယ်၊ သူတို့ဖက်ကကြည့်တော့ ̔မိုးရွာတုန်း ရေခံတယ်̕ ပေါ့၊ ဒါပေမယ့် ပိုက်ဆံသာ မတန်တဆ တောင်းတယ်၊ ပြန်ပေးရမယ့် ဝန်ဆောင်ခ၊ အခန်းအပြင်အဆင်၊ သန့်ရှင်းမှု၊ အစားအသောက် စတာတွေမှာ ဘာမှ မပြောင်းလဲဘဲ ဒုံရင်းကဒုံရင်းပဲ ဆိုတော့ တည်းရမယ့် ဧည့်သည်တွေဖက်က ကြည့်ရင်တော့ ̔ပွဲလန့်တုန်း ဖျာခင်း̕ တဲ့ လုပ်ရပ်ပါပဲ၊ ပြင်သစ် စကားပုံလေးတစ်ခုကို ကိုးကားပြီး ပြောရရင် ̔လူတိုင်းက စောင်ကို ကိုယ့်ဖက်ကိုယ်ဆွဲတဲ့ အခြေအနေ̕ ပါပဲ၊ အတူခြုံနေတဲ့ တခြားလူတွေအဖို့ ကိုယ်ပေါ်မှာ စောင်မရှိတော့ဘဲ ချမ်းပဲတုန်တုန်၊ အအေးပဲပတ်ပတ် အကြောင်းမဟုတ်ဘူး၊ ကိုယ့်ကိုယ်ပေါ်မှာ စောင်ရှိဖို့အတွက် စောင်ကို ဆွဲဖို့ အဓိကပဲ…၊


စောင်ကို တစ်ယောက်တစ်လက် ဝိုင်းဆွဲနေကြတဲ့ လက်တွေကြားထဲမှာ Bed & Breakfast တည်းခိုခန်းလေး တစ်ခုကို ကျနော်တို့ အတော်ရှာလိုက်ရတယ်၊ မနှစ်တုန်းက တည်းခဲ့တဲ့ အင်းယားလိတ်ဟိုတယ်မှာ မဟုတ်တော့ဘူး ဆိုတော့ သားက သိပ်ပြီး မကျေနပ်ချင်ဘူး၊ အဲဒီတုန်းက မနက်တိုင်း ရေကူးလို့ ရနေတာကိုး…၊ တစ်နေ့တစ်ခါ ရေကူးဖို့အရေး ဟိုတယ်ခကို လေးဆပိုပြီး ပေးရမှာကတော့ တကယ့်ကို မတန်တဲ့ ကိစ္စပါပဲ၊ ၇ မိုင်ခွဲက B&B ဟိုတယ်လေးက ရေကူးကန် မပါတာ၊ မနက်စာ ပြင်ဆင်တဲ့ နေရာမှာ အတွေ့အကြုံ နည်းတာတွေက လွဲရင် နေဖို့ အဆင်ပြေတဲ့ နေရာလေး တစ်ခုပါပဲ…၊


၇ မိုင်ခွဲမှာ တည်းရတဲ့ အားသာချက်တစ်ခုက အဲဒီနားက “ကုန်းမြင့်သာ” စားသောက်ဆိုင်နဲ့ နီးနီးနားနား ရှိတာပါပဲ၊ ဆိုတော့ ကျနော်တို့ မကြာခဏ သွားစားဖြစ်ပါတယ်၊ ဘဲဥဆိုတာ စားရကောင်းမှန်း မသိကြတဲ့ နိုင်ငံကနေ လာသူဆိုတော့ မြန်မာဘဲဥဟင်း မှာစားဖြစ်တယ်…၊း)


စားပွဲအလယ်က ငါးပိရည်၊ တို့စရာပန်းကန် ကိုတွေ့တော့ လောလောလတ်လတ် ရေးခဲ့တဲ့ ငါးပိရည်နဲ့ ယူရီးယားအကြောင်း ဆောင်းပါးကို ပြန်တွေးပြီး ပြုံးမိပါတယ်၊ ပြီးတော့မှ တစ်ဇွန်းခပ်ပြီး ထမင်းထဲဆမ်း၊ သခွားသီး တစ်စိတ်ကိုမြှုပ်ပြီး စားလိုက်တယ်၊ ယူရီးယားအကြောင်း တွေးပြီးစားရတဲ့ ငါးပိရည်က ပိုပြီးအရသာ ရှိနေသလိုပဲ…၊


ဆယ်စုနှစ် ၂ ခုကျော်လောက်ကြာမှ ပြန်လည်ဆုံစည်းရတဲ့ ဝက်သား သရက်သီးသနပ်… …၊


ဒါကတော့ အိမ်မှာစားဖြစ်တဲ့ အမေ့လက်ရာ မြင်းခွာရွက်သုပ်…၊ ဟိုက အာရှဆိုင်လေးတွေမှာလည်း မြင်းခွာရွက်က အမြဲလိုလို ရတတ်လို့ စိတ်ကူးရသလို သုပ်စားဖြစ်ပေမယ့် အမေ့လက်ရာကိုတော့ ဘယ်တော့မှ မှီမယ်မထင်ပါဘူး…၊


ဒီမှာ အသီးအရွက်တွေ အတော်များများ ရပေမယ့် ချဉ်ပေါင်ရွက်ကတော့ ဘယ်တော့မှမရဘူးလို့ တစ်ခါတုန်းက အမေ့ကို ပြောထားဖူးတယ်၊ အမေက အဲဒါလေးကို မမေ့ဘဲ အရင်တစ်ခေါက်ကကော အခုတစ်ခေါက်မှာပါ ချဉ်ပေါင်တွေ ကြော်ကျွေးခဲ့တယ်၊ စားဖူးသမျှ ချဉ်ပေါင်ကြော်တွေထဲက အကောင်းဆုံးတစ်ခု…၊း)


ကျနော်တို့ ငယ်ငယ်က သွားဖုံးမှာ အနာဖြစ်တာတို့၊ လျှာကိုက်မိတာတို့ ဖြစ်ရင် အမေက ရွှေဖရုံသီးဟင်း ချက်ကျွေးပြီး ̔စားကြဟဲ့…၊ ဖရုံသီးမှာ ဗိုက်တာမင်ဘီတူး ပါတယ်̕ လို့ အမြဲပြောတတ်တယ်၊ ဒီတစ်ခေါက် အမေ့အိမ်ကိုရောက်တော့ ကျနော့် သွားဖုံးမှာ အနာဖြစ် မနေသလို ခန္ဓာကိုယ်ကလည်း ဗိုက်တာမင်ဘီတူး လိုမနေပါဘူး၊ ဒါပေမယ့် အမေ့ရဲ့ ရွှေဖရုံသီးဟင်းကတော့ ငယ်ငယ်ကအတိုင်း အရသာရှိနေခဲ့တယ်…၊


ဒီတစ်ခေါက် ခရီးစဉ်မှာတော့ ရေးဖော်ရေးဖက် ဘလော့ဂါမောင်နှမတွေနဲ့ ဆုံတွေ့ဖို့ ဖြစ်လာခဲ့တယ်၊ နန်းသီတာဆိပ်ကမ်းက Junior Duck စားသောက်ဆိုင်ကို လာခဲ့ပါဆိုတော့ ကျနော်ဝမ်းသာသွား မိတယ်၊ Junior Duck စားသောက်ဆိုင် ဆိုတာက ကျနော် မြန်မာပြည်မှာ ရှိစဉ်တုန်းက အလျင်းသင့်သလို ရောက်လေ့ရှိတဲ့ နေရာဖြစ်သလို အဲဒီကနေ မြင်ရတဲ့ ရှုခင်းတွေကလည်း ဘယ်တော့မှ ရိုးမသွားဘူး၊ ညနေစာအတွက် စားသောက်ဆိုင်ရဲ့ အပြင်ဖက်မှာ reservation လုပ်ထားတဲ့အပြင် စားပွဲကလည်း စားပွဲဝိုင်းဖြစ်လို့ ထပ်ဆင့်ပြီး သဘောကျမိ ပြန်တယ်၊ လူအများနဲ့ ဆုံတွေ့ပြီး စားကြတဲ့အခါ ထိုင်ရတဲ့စားပွဲက စားပွဲရှည်ဆိုရင် ကိုယ့်ဘေးနှစ်ဖက်က လူရယ်၊ အရှေ့ဖက်က လူရယ်လောက်ပဲ စကားပြောဖို့ အခွင့်ရတယ်၊ စားပွဲရဲ့ အခြားနေရာကလူတွေနဲ့ စကားပြောဖို့ ဆိုတာက စားသောက်ပြီးလို့ ထ,ပြန်တဲ့အချိန်မှပဲ တစ်ခွန်းနှစ်ခွန်း ပြောလိုက်ရတာ များပါတယ်၊ အခုကတော့ စားပွဲဝိုင်းဆိုတော့ တကယ့်ကိုမျက်နှာစုံညီ…၊ နန်းသီတာဆိပ်ကမ်းရဲ့ ညနေခင်းဟာ ဘာမှ မပြောင်းလဲသလောက် ပါပဲ၊ ညနေခင်းရဲ့ ကျ,နေအောက်မှာ ဒလဖက်ကမ်းကို ပြန်နေသူတွေ၊ ဘောတံတားတွေပေါ်မှာ ထိုင်သူတွေ၊ ခြင်းလုံးခတ်သူတွေနဲ့…၊ ရန်ကုန်မြစ်ထဲမှာတော့ ထုံးစံအတိုင်း သင်္ဘောကြီးငယ် အရွယ်စုံက ကျောက်ချပြီး နားနေကြတယ်၊ အဲဒီမြစ်ကိုပေါ့…၊ ̔နင့်ကို ငါတို့မလိုတော့ဘူး၊ ကိုးရီးယားက အိုပါးတွေရဲ့ ကျေးဇူးနဲ့ နင့်အပေါ်မှာ ထိုးမယ့် တံတားပေါ်မှာ ငါတို့တွေ ကားတဝီဝီနဲ့ ဖြတ်ကြရတော့မှာ̕ ဆိုပြီး နေ့ချင်းညချင်း သွေးကြီးသွားကြသူတွေက ပစ်ပယ်ဖို့ လုပ်ကြသေးတာ…၊ ဒါပေမယ့် ̔ကျနော်တို့လက်ထက်မှာ လုံးဝမဆောက်ပါဘူး̕ ဆိုတဲ့ စကားအောက်မှာ စိတ်ပျက်လက်ပျက်နဲ့ သူ့ဆီကို လူတွေ ပြန်လာတော့လည်း မြစ်ကတော့ ပစ်ပစ်ခါခါ မလုပ်ပါဘူး၊ အရင်အတိုင်း တလှုပ်လှုပ်နဲ့ ဝါဝါလွင်လွင်ပဲ စီးဆင်းလို့…၊


ကျနော့်ရဲ့ ညာဖက်ဘေးမှာ သားထိုင်တယ်၊ သားရဲ့ ဘေးမှာ မအိမ်သူ၊ သူ့ဘေးမှာက ညီမလေးသူသူ (ရွှေအိမ်စည်)…၊ ဓာတ်ပုံတွေထဲမှာ ကျနော်ကြိုမြင်ဖူးတဲ့ ညီမသူသူနဲ့ အခုအပြင်မှာ တွေ့ရတဲ့ ညီမသူသူက တထပ်ထဲပါပဲ၊ အနောက်တိုင်းသူတွေ အလုအယက် လိုချင်ကြမယ့် အသားအရည်ပေါ်မှာ ကြက်သွေးရောင် ချည်သား အင်္ကျီလုံချည်ကို ဝတ်ထားပြီးတော့ နူးနူးညံ့ညံ့၊ ငြိမ်ငြိမ်ဆိမ်ဆိမ်ပဲ ထိုင်နေခဲ့တယ်၊ ပြောင်မြောက်တဲ့ ဝတ္ထုတိုတွေနဲ့အတူ စာအုပ်ရီဗျူးတွေကို သူမတူအောင် ရေးတတ်တဲ့ ညီမသူသူကို မြင်ရတာ အဆိုတော်ဗလရဲ့ “ဘယ်သူဖန်ဆင်း ပေးတာလဲ” ဆိုတဲ့ သီချင်းကလေးကို သတိရချင်စရာ…၊း)

ညီမသူသူရဲ့ ဘေးမှာတော့ မမေ (မေဓာဝီ)…၊ ကျနော်အပါအဝင် လူတွေအများကြီး နှစ်သက်ခဲ့ရတဲ့၊ တခုတ်တရ ဖတ်ခဲ့ရတဲ့ အက်ဆေးတွေ၊ စကားပြေတွေကို စီးဆင်းစေခဲ့ရာ ကလောင်တစ်ချောင်း…၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဧရာဝတီစာပေပွဲတော်ကို သနပ်ခါးပါးကွက်ကျားနဲ့ လာတက်ခဲ့တဲ့ မမေရဲ့ ပါးပြင်မှာ ဒီညနေတော့ သနပ်ခါး မတွေ့မိဘူး၊ သွေးနေကျ ကျောက်ပျဉ်ကြီး ဟိုတလောက ကွဲသွားတယ်ဆိုတဲ့ အကျိုးဆက်ပေပဲလား၊ သနပ်ခါး မပါပေမယ့် တရားကိုသိတဲ့ မမေရဲ့ မျက်နှာလေးကတော့ ကြည်ကြည်လင်လင်နဲ့…၊

မမေရဲ့ဘေးမှာတော့ အစ်မချစ် (ချစ်ကြည်အေး)…၊ အစ်မချစ်နဲ့က ဒါ ဒုတိယအကြိမ် ဆုံဖြစ်တာပါ…၊ ပထမအကြိမ်တုန်းက စင်္ကာပူမှာ…၊ အစ်မချစ်ကတော့ မြင်နေကျပုံအတိုင်းပါပဲ၊ စင်္ကာပူမှာပဲဖြစ်ဖြစ် မြန်မာပြည်မှာပဲ ဖြစ်ဖြစ်ပါ၊ နွဲ့နွဲ့ပြေပြေ ထိုင်ရင်း မပွင့်တပွင့် ပြုံးတတ်တာက အစ်မရဲ့ ထရိတ်မတ်ခ်ပဲ ထင်ပါရဲ့…၊း)

အစ်မချစ်ရဲ့ ဘေးမှာက အစ်မမြသွေး (မြသွေးနီ)…၊ ပုံနှိပ်မီဒီယာဖက်ကော ဘလော့ဂ်ရပ်ဝန်းဖက်မှာပါ ထဲထဲဝင်ဝင် ရှိလှသူ၊ ဘလော့ဂ်ပေါ်က စာတွေကို ပုံနှိပ်မဂ္ဂဇင်းတွေထက် လမ်းဖောက်စီးဆင်း စေခဲ့သူ၊ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ခင်ပွန်းသည်နဲ့ အတူလက်တွဲပြီး စာပေမောင်နှမတွေအပေါ် အမြဲပဲ အကူအညီပေးတတ်သူ…၊ အစ်မမြသွေးက ̔တို့က.. ညီလင်းသစ်ဆိုတာ အသက်ကြီးကြီး လူကြီးတစ်ယောက်လို့ အောက်မေ့နေတာ̔ လို့ တွေ့တွေ့ချင်း အံ့သြပုံနဲ့ ပြောပေမယ့် ကျနော်ကတော့ သူ့ပုံကို မြင်ဖူးထားလို့ နုနယ်ပြေပြစ်တဲ့ အစ်မတစ်ယောက်ဆိုတာ ကြိုပြီးသိထားတဲ့အတွက် တကယ်တမ်း တွေ့လိုက်ချိန်မှာ မအံ့သြမိပါဘူး…၊း)

အစ်မမြသွေးရဲ့ ညာဖက်မှာထိုင်တာက ကိုညိမ်း (မျောလွင့်တိမ်တို့နားခိုရာ)…၊ ကိုညိမ်းက စင်္ကာပူမှာ တိမ်တွေနဲ့အတူ မျောလွင့်နေခဲ့ရာက မြန်မာပြည်မှာ နားခိုရာ ပြန်ဖြစ်နေသူ၊ စင်္ကာပူမှာတုန်းက ကျနော့်ကို ဟိုဟိုဒီဒီ လိုက်ပို့ရင်း MRT မှားစီးမိတဲ့အဖြစ်ကို ခမျာမှာ အခုထိ အားနာလို့ မဆုံးသေးတဲ့ပုံ…၊ အစ်မမြသွေးကို မြင်ချိန်မှာ မအံ့သြမိတဲ့ ကျနော်က ကိုညိမ်းကို မြင်တော့ အံ့သြသွားတယ်၊ ကျနော်သိထားသလောက် သူနေတဲ့နေရာက ဝေးပါတယ်၊ အဲဒါကို ညပိုင်းပြန်ရမှာတွေ ဘာတွေမစဉ်းစားဘဲ ရောက်အောင်လာခဲ့တာ၊ စင်္ကာပူမှာတုန်းက ဘောင်းဘီဝတ်မိုးတိမ် အနေနဲ့ တွေ့ခဲ့ရတဲ့ ကိုညိမ်းက အခုမြန်မာပြည်မှာတော့ ပုဆိုးဝတ်မိုးတိမ် အဖြစ်နဲ့ ခပ်ပြုံးပြုံး…၊

တအောင့်လောက်ကြာတော့ ကိုမြစ် (မြစ်ကျိုးအင်း)နဲ့ မမြတ်မွန်တို့ ရောက်လာကြတယ်၊ သူ့ရဲ့ ဇတ်သဘင်လောကအပေါ် ကျေညက်ပိုင်နိုင်ပုံကို သတိထားမိရာက စ,လို့ ကိုမြစ်ရဲ့ ပို့စ်တွေကို ကျနော်ဖတ်ဖြစ်လာခဲ့တယ်၊ နောက်တော့ ဖေ့စ်ဘွတ်ခ်ရဲ့ စာမျက်နှာတချို့မှာ ဦးထုပ်တွေ ဆောင်းထားလေ့ရှိတဲ့၊ ကင်မရာကို စိတ်ဝင်စားတဲ့ လူငယ်လေးတစ်ဦးအဖြစ် အမှတ်ထင်ထင် ရှိနေခဲ့တယ်၊ လူတိုင်းနဲ့ ဦးထုပ်က မလိုက်ဖက်ပေမယ့် ကိုမြစ်နဲ့ကျတော့ ကြည့်ရတာ အတော်လေး အဆင်ပြေတယ်လို့ ဆိုရမှာပဲ၊ သူကလည်း ဒါကို သိနေပုံရတယ်၊ အခုလို ညဖက်လာတာတောင် ရိုးရာမပျက် ဦးထုပ်လေးဆောင်းလို့...၊ ‘ညစာ စားနေတုန်း တလျှောက်လုံးမှာ မချွတ်တမ်း စွဲလမ်းမှုနဲ့များ သူဆောင်းထားမလား မသိဘူး’ လို့ ကျနော်တွေးနေမိတာကို ကိုမြစ် ရိပ်မိသွားတယ် ထင်ပါရဲ့..၊ ခဏနေတော့ ဦးထုပ်လေးကို တရိုတသေ ချွတ်ပြီး လက်တစ်ကမ်းအကွာမှာ ချထားလိုက်တာ တွေ့ရတယ်...၊း)

မမြတ်မွန် ကိုတော့ မမျှော်လင့်ဘဲ တွေ့ခွင့်ရတဲ့အတွက် ကျနော် ဝမ်းသာသွားမိတယ်၊ ကိုရန်အောင် ထုတ်ခဲ့တဲ့ “သက်တံ့ဆယ်စင်း” မှာ တစ်အုပ်ထဲ အတူပါခဲ့သူဆိုတော့ အခုလို ကြုံတောင့်ကြုံခဲ ဆုံခွင့်ရတာ ဝမ်းသာစရာပဲ မဟုတ်လား၊ သူ့ရဲ့ ‘မေတ္တာဖြင့်မိုး၊ နှလုံးသားနှင့်ကာ’ နဲ့ ‘မသိကိန်း၏တန်ဖိုး’ နှစ်ပုဒ်စလုံးက အင်မတန်ရသမြောက်တဲ့ ဝတ္ထုတွေပါ၊ သက်တံ့ဆယ်စင်းရဲ့ ရီဗျူးတစ်ခုမှာလား မသိဘူး သူ့ကို ဖွဲ့ထားတာ ဖတ်လိုက်ရတယ်၊ တရုတ်မင်းသမီးချော ချောသည့်မြတ်မွန်... ... ဆိုပြီးတော့...၊ အင်း... ဒါဟာ ရေးသူရဲ့ အလွန်တော့လည်း မဟုတ်ပေဘူးလို့ ခဏချင်းမှာ ကျနော် မှတ်ချက်ချမိပါတယ်…၊

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ရောက်လာသူတွေကတော့ ညီမမိုး (မိုးငွေ့) နဲ့ မပျိုးယုဝသုန် (မမဝသုန်နှင့်အပြာရောင်တောင်တန်းများ)…၊ ညီမမိုးက ဘလော့ဂ်ပို့စ်တွေကို စက်နဲ့လှည့်ထုတ်နေသလား ထင်ရလောက်အောင် ထုတ်လုပ်မှု အားကောင်းသူပါ၊ မြန်မာပြည်ရဲ့ အင်တာနက် ကော်နက်ရှင် နှေးနှေးမြန်မြန် သူ့ရဲ့ ပို့စ်တွေကတော့ မှန်မှန်ပါပဲ၊ အက်ဆေးလှလှလေးတွေ၊ ထောင့်မျိုးစုံက ရေးထားတဲ့ အိန်ဂျယ်စာစုတွေဟာ မိုးရေပက်ဖြန်းထားတဲ့ ကျူးလစ်ပန်းလေးတွေလို အသွေးစုံ၊ အဆင်စုံနဲ့…၊ သူ့ဘလော့ဂ်ရဲ့ ထိပ်ဆုံးမှာ ̔မိုးငွေ့ဆိုတာ ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူ… ̔ လို့ ရေးထားတယ်၊ အဲဒီညက ကော်ဖီမသောက်ဖြစ်ကြလို့ ပထမတစ်ချက်ဖြစ်တဲ့ ကော်ဖီခါးတယ်ဆိုတာ ဘယ်လောက်ခါးမှန်း ကျနော်မသိရပေမယ့် ဒုတိယတစ်ချက်ကတော့ တကယ့်ကို အမှန်ပါပဲလေ-လို့ တီးတိုးရေရွတ်မိတယ်…၊း)

မပျိုးယုဝသုန် ရဲ့ အပြာရောင်တောင်တန်းတွေဆီကို ညီမမိုးရဲ့ ဘလော့ဂ်ကနေတဆင့် ကျနော်ရောက်ဖူးခဲ့တယ်၊ မပျိုးယုဝသုန်ဟာ ညက်ညောတဲ့ စကားပြေတွေနဲ့အတူ အနုပညာကော၊ အတတ်ပညာပါ ပါတဲ့ ကဗျာတွေကိုလည်း ဖွဲ့နိုင်သူပါ၊ အထူးသဖြင့် သူ့ရဲ့ ကလေးကဗျာလေးတွေဟာ ကာရန်နဘေ အချိုးညီညီ၊ အသံသာသာနဲ့ အင်မတန်အပြစ်ကင်းတဲ့ ချစ်ခြင်းရနံ့တွေ ထုံမွှမ်းနေတတ်တယ်၊ အဲဒီကဗျာလေးတွေကို ဖတ်ရချိန်မှာ လက်ကလေးတွေပိုက်လို့ ညီညာဖြဖြ ရွတ်နေကြတဲ့ ကလေးငယ်လေးတွေကို စိတ်အာရုံမှာ မြင်ယောင်လာမိစေ ပါတယ်၊ မပျိုးယုဝသုန်ဟာ သူ့ဘလော့ဂ်မှာ ကိုယ်တိုင် ရေးထားသလို ̔ကမ္ဘာမြေမှာ ကဗျာတွေရေရွတ်ဖို့ ̕ ရောက်လာသူ ပါပဲ…၊

အဲဒီနေ့ ညနေပွဲကို မလာနိုင်ပေမယ့် ကိုဏီ (ဏီလင်းညို) နဲ့ ကိုကိုး (ကိုကိုးအိမ်)တို့နဲ့လည်း ဖုန်းနဲ့ နှုတ်ဆက်ခွင့် ကြုံခဲ့ပါတယ်…၊

ကွန်ပျူတာဖန်သားပြင်ပေါ်က စာလုံးတွေကနေတဆင့် ရင်းနှီးခင်မင်ခွင့် ရခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကို ရန်ကုန်ရဲ့ အောက်တိုဘာ ညနေခင်းတစ်ခုထဲမှာ နွေးနွေးထွေးထွေး ဆုံတွေ့ခွင့်ရခဲ့တာ တကယ့်ကို ဝမ်းမြောက်စရာပါ၊ စားပွဲဝိုင်းညစာ ဖြစ်လို့လည်း အားလုံးတပြေးညီ ပါဝင်စကားပြောလို့ ရတယ်၊ Junior Duck ရဲ့ ဟင်းတွေကလည်း ဟိုးယခင်ကာလတွေက အတိုင်း အရသာရှိဆဲ…၊ အထူးသဖြင့် သူတို့ရဲ့ နာမည်ကြီးဘဲကင်ကို အထူးခရက်ဒစ် ပေးရမှာဖြစ်သလို ကန်စွန်းရွက်ကြော်ကလည်း ဒီတစ်ခေါက် ဆိုင်အစုံက စားခဲ့သမျှထဲမှာ အကောင်းဆုံးပါပဲ၊ တကယ်တမ်းသာ စကားတွေ ပြောကြစတမ်းဆိုရင် နန်းသီတာဆိပ်ကမ်းရဲ့ အဲဒီညနေခင်းလေးက တိုတောင်းလှတယ်လို့ ဆိုရမှာပါ၊ ဒါပေမယ့် လူတိုင်းကိုယ်စီက ပြေးပြေးလွှားလွှားနဲ့ မအားမလပ် ဖြစ်နေတတ်တဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ သူတို့တွေနဲ့ ဆုံဖြစ်ခဲ့တဲ့ အဲဒီညနေခင်းလေးက ကျနော့်အတွက်တော့ ငြိမ့်ငြိမ့်ညောင်းညောင်း ထိုးလိုက်တဲ့ ခေါင်းလောင်းလေးတစ်လုံး လိုပါပဲ၊ တစ်ညနေခင်းလေးပဲ ထိုးလိုက်ပေမယ့် နှစ်များစွာတိုင် ပဲ့တင်ရိုက်ခတ်၊ အမှတ်ရဖြစ်နေမှာ တကယ့်ကို အသေအချာပါ…။ ။

(စာဖတ်သူတစ်ယောက်က ကွန်မန့်ရေးဖူးတယ်၊ သူမို့ တင်လိုက်ရင် အစားအသောက်ပုံတွေနဲ့ နှိပ်စက်တော့တာပဲ-တဲ့၊ အဲဒါနဲ့ ပေါက်တဲ့နဖူး မထူးတဲ့ စိတ်မျိုးနဲ့ ဒီတစ်ပုဒ်မှာ အစားအသောက်ပုံတွေ များများတင်ဖြစ်သွားပါတယ်၊ လာမယ့်တစ်ပုဒ်မှာတော့ စိမ်းလန်းတဲ့ ရှုမျှော်ခင်းတွေ၊ ထင်းရူးတောတွေ ရှိရာ ကလောမြို့လေးဆီ ကျနော်တို့ သွားကြရအောင်…)


ညီလင်းသစ်
၁၉ နိုဝင်ဘာ၊ ၂၀၁၃

25 comments:

  1. Nice to see all in one post, food and friends. Should name it F&F.
    Nyi

    ReplyDelete
  2. don't know why the first comment cannot came up.

    Nice to see all in one post as food and friends, should name the post as F&F.

    Nyi

    ReplyDelete
  3. အကြောင်းအရာ တစ်ခုခုဖြစ်စေ ဘလော့ဂါတစ်ဦးချင်းစီအပေါ်ဖြစ်စေ ဖတ်သူတို့ ထင်ထင်ရှားရှား မြင်သာအောင် ပီပီပြင်ပြင် စိတ်ဝင်တစားရေးတတ်တဲ့ မောင်ညီလင်းရဲ့ ပို့စ်လေးတွေဖတ်မိတိုင်း စိတ်ကြည်နူးမိတာအမှန်ပါ။ ခရီးထွက်တာများနေလို့ ပို့စ်တွေလွတ်ကုန်တယ်ကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. မြင်းခွာရွက်သုပ်ရယ် ချဉ်ပေါင်ကြော်ရယ် ကို ပိုပြီး အကြိုက်ဆုံး..
    ပြီးတော့ ဘလော့မောင်နှမတွေနဲ့ တွေ့ပြီး ညစာစားပွဲလေးအကြောင်းရေးထားတာ မျက်လုံးထဲ တစ်ကယ့်ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိတယ်.။

    ReplyDelete
  5. ဒီတစ်ခေါက်ပြန်ဖို့ ဟိုတယ်ကို ဖုန်းဆက်တာ အရင်က တစ်ည 30000 လောက်ဟိုတယ်က 80000 ပြောလိုပြော .. ပိုက်ဆံနှမြောလို့ သူငယ်ချင်းအိမ်ပဲ သွားအိပ်မယ် စဉ်းစားတယ် ... :)

    ပန်းဆိုးတန်းကမ်းနားက ဘဲလေး ကိုလည်း ပြန်တိုင်း မပျက်မကွက် ၂ည ၃ညလောက်တော့ ရောက်တုန်းပါပဲ။

    ကလောအကြောင်း ၀မ်းမြောက်ဝမ်းသာဖြင့် စောင့်ဖတ်မည် ဖြစ်ပါကြောင်းဗျား ... အခုထိ မြန်မာပြည်ထဲက မရောက်ဖူးတဲ့ မြို့တွေထဲမှာ အဲဒီမြို့ပါတယ်.. အစ်ကို့စာတွေထဲကတဆင့် ရောက်ဖူးတော့မှာပေါ့ :)

    ReplyDelete
  6. ကိုညီလင်းသစ်ကို တွေ့ဖူးချင်ပါတယ် ဂစ်တာတီးတတ်တဲ့ လက်ချောင်းလေးတွေပဲ မြင်ဖူးလို့ :)
    တိမ်ပြာ(မနောမြေ)

    ReplyDelete
  7. It's true that the hotel prices are jumping up enormously though the services offer are not good enough. There are many tourists who keen to flock to Myanmar but when they found out the accommodation price, they step backward and left out from their list. Recently, a couple of two Australians paid AUD 5,000-6,000 for 10 days package trip in Myanmar. For others who couldn't afford that much, they end up going other South East Asian countries like Thai, Vietnam and Cambodia. With above amount, travellers can visit to 3 or 4 Asian countries or even to Europe. The travel and tourism affairs of our country should have to take note of it if they want to keep tourists coming in.

    As and always, your voyage post gives the same taste to readers with smile and joys.

    Thanks for sharing!

    ReplyDelete
  8. ကိုညီရေ...
    အဲ့ဒီညနေခင်းလေးကိုတောင် တကယ့်ကို ပြန်လွမ်းသွားရတယ်..
    တစ်ဦးချင်းစီကို အလေးအနက်ထားပြီး ရေးထားပေးတာ ကြည်နူးစရာ...။ လေးဆယ်ကျော် မြသွေးနီကို
    နုတယ်လို့ ပြောခံရတော့ ပုထုစဉ်ပီပီ ပီတိတွေဝေဖြာလျှက်..။. နောက်တစ်ကြိမ် ဂျူနီယာဒါတ်ခ်မှာ ထပ်ဆုံကြပါစို့.. :)
    ကလောပို့စ်လေးကို အမှန်အကန်စောင့်မျှော်နေလျှက်...

    ReplyDelete
  9. နည်းနည်းလေးကပ်လွဲသွားဒါနာသကွာာာာ

    ပုံ

    တင်သိန်းအေး :P

    ReplyDelete
  10. မြန်မာပြည်မှာ ပျော်ခဲ့ရတယ်ဆိုတော့ ၀မ်းသာပါတယ် ကိုညီ...။

    ကလောမြို့ရောက်ခဲ့တဲ့ အကြောင်းလေးရေးမှာကိုလည်း ဖတ်ချင်မိပါတယ်။ (ကျွန်တော် နှစ်ခေါက်တိတိ ရောက်ခဲ့ဖူးလို့ပါ။)

    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို

    ReplyDelete
  11. ဒီ နိုဝင်ဘာထဲ ခရီးတွေဆက်တိုက်၊ အလုပ်တွေ ဆက်တိုက်ဖြစ်နေတာနဲ့ ဘလော့ဂ်ကိုတောင် မျက်ခြေပြတ်နေတာရယ်...။
    ဖေ့ဘုတ်မှာ အကို တဂ်တာတွေ့မှ မြင်မိတော့တယ်...။
    B&B ကို အကို ရိုက်ထားတဲ့ ရှုထောင့်လေး လှတယ်...။
    အကို့ မေမေ ချက်ကျွေးတဲ့ဟင်းတွေက ဟိုတယ်စာထက်တောင် လှပကောင်းမွန်နေသေး (နောက်တစ်ခါ သမီးများ ရှယ်ယာ ရမလားလို့ :D )
    ကိုယ့် အတွက် စာပိုဒ်ဖတ်ပြီး ပြုံးမိတယ်..။
    ဒါဆို အနောက်နိုင်ငံမှဆိုရင် သမီး မျက်နှာငယ်ဘူးပေါ့လေ ဟီးးဟီးး
    ကလောသွားတောလား အကြောင်း ဖတ်ချင်တယ် အကို...။
    အကို့ ညီမ ဗဲရီးဘီးဇီးနေတာကြောင့် ဖေ့ဘုတ်မှာ လင့်တင်ပေးပါနော်..အဟဲ :D :D :D :D

    ညီမလေး

    ReplyDelete
  12. အစ်ကိုက ညီမလေးကို အဲလိုလေးရေးထားပေးလို့ နောက်တစ်ခါလာလည်ရင် မုန့်ပိုကျွေးမယ်... ဟဟ နောက်တာပါ...အဲလောက်လဲမဟုတ်ပါဘူး...။ ကလောကိုလိုက်လည်ဦးမယ်နော်..။

    ReplyDelete
  13. စာတွေဖတ်ပြီး သိကျွှမ်းနေရတဲ့ ဘလော့ဂါမောင်နှမတွေ တွေ့ ဆုံကြတာ ပျော်စရာကြီး...တစ်ယောက်ချင်းစီကို ဂရုတစိုက် ရေးတာလေးကို သဘောကျတာ...အဲဒီအစားအသောက်တွေ မစားရတာ ကြာပြီ...ကလောကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက တက္ကသိုလ်ကလေ့လာရေးခရီးထွက်တုန်းက တစ်ခေါက်ရောက်ဖူးတယ်...ခုတော့ ဘယ်လိုများ ပြောင်းလဲနေပါလိမ့်..

    ReplyDelete
  14. မောင်နှမတစ်တွေနဲ့ ဆုံခဲ့ရတဲ့အကိုရေ... ပျော်စရာကြီးပဲနော် ..:) အချိန်ရောက်ရင် အိမ်ပြန်ချင်တဲ့ ရောဂါကလည်း မသေးဘူးပဲအကိုရေ... အားကျလိုက်တာ.. ပြန်ဦးမယ် နောက်နှစ်မှ ..:D:D

    ReplyDelete
  15. နော်နော်November 19, 2013 at 3:33 PM

    ကိုညီ့စာလေးတွေဖတ်ပြီး ဘလော့ဂါတွေနဲ့ တ၀ိုင်းတည်း လိုက်စားရသလို ခံစားမိပြီး တစ်ယောက်ခြင်းစီနဲ့ ကိုယ့်ကို မိတ်ဆက်ပေးသလိုလေးဖြစ်နေသေးတော့ သူတို့နဲ့တောင် ခင် လို့...။အားလုံးထဲမှာ အမေ့လက်ရာ ချဉ်ပေါင်ကြော် မြင်းခွာရွက်သုပ် အကြိုက်ဆုံး။ကလောကို အမ အတော်သဘောကျတာ၊မြန်မာပြည်မှာ အကြိုက်ဆုံးမြို့ပဲ။အရမ်းနေလို့ကောင်းတယ်။ကိုညီတို့နဲ့ နောက်ပို့စ်မှာ ထပ်ရောက်အုံးမယ်။ ပျော်စရာ။စောင့်နေမယ်ဗျို့။ကလောပိုစ့်။

    ReplyDelete
  16. သားသားပုံလေးတွေ တွေ.ရမလားလို.။
    သူ.ပုံလေးတွေအဆင်ပြေရင် တင်ပေးပါနော်။
    စိတ်ဝင်စားစရာ ကလောမြို.ကို လိုက်လည်မယ်နော်။

    ReplyDelete
  17. ရိုးရာမပျက် ချဉ်ပေါင်ကြော်ပန်းကန်တွေ.တော. ဒီကလဲ ထုံးစံမပျက် အကြာကြီး စိုက်ကြည်.မိကြောင်းပါ။ မြင်းခွာရွက်သုတ်ကိုရောဘဲပေါ.။

    အစားအသောက်ပုံဆို စိတ်ကြီးတယ်၊ တခြားအကြောင်းအရာတွေထက်စိတ်ဝင်စားတယ် ဒါဘဲ။
    ရန်ကုန်မှာ ကုန်ဈေးနှုန်းတက်တာ၊ အစားအသောက်တွေကအစ ဈေးတက်ကုန်တာ ကြောက်ခမန်းလိလိဘဲ။ ပိုက်ဆံတသိန်းအုပ်တအုပ်ဆိုတာများ ရွှတ်ခနဲ ရွှတ်ခနဲ ဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး။ ငါးထောင်တန်တွေပေါ်လာတော. တသိန်းအုပ်ဆိုတာလဲ ပါးပါးလေး။

    ReplyDelete
  18. ညီ…
    B&B အကြောင်းရေးရင်းကနေ F&F ပါ ဖြစ်သွားပုံရတယ်ဗျ..၊း)
    ညီဟာ နာမည်ပေး ဝါသနာပါသူ တစ်ယောက်ဆိုတာ တဖြေးဖြေးနဲ့တော့ သိလာရပြီ…၊းD

    တီတင့်…
    ကျေးဇူးပါ တီတင့်ရေ..၊ ခရီးက ပြန်လာမှ အေးအေးဆေးဆေး လာဖတ်လေ တီတင့်..၊ ပို့စ်တွေကို သပ်သပ်ဖယ်ထားပေးမယ်..၊းD

    မဆွေလေးမွန်…
    ဒါဆိုရင်တော့ ကျနော်တို့ အကြိုက်ချင်းတူနေပြီဗျ..၊း) စာလာဖတ်တဲ့ အတွက်လည်း ကျေးဇူးနော်..၊

    ကိုနေမျိုး…
    အဲဒါအကောင်းဆုံးပဲဗျ..၊ ပိုက်ဆံကုန် သက်သာတာပေါ့၊း) ကလောကိုလည်း လိုက်ခဲ့ဗျာ..၊ အရမ်းအေးချမ်းပြီး ချစ်စရာ ကောင်းတဲ့ မြို့လေးဗျ…၊း)

    မနောမြေကတိမ်ပြာ…
    အခုတလော မတွေ့မိလို့ ကျနော်တောင် သတိရနေမိ သေးတယ်၊ အဲ.. ကျနော့်ပုံတွေထဲမှာ ကြည့်ပျော်ရှုပျော် ဖြစ်မယ့် တစ်ပုံတစ်လေးများ ရှိမလားလို့ ရှာကြည့်ဦးမယ်ဗျာ၊း)

    Anonymous…
    I totally agree with what you said. There are a lot of tourists who wanna come and experience our uniqueness and authenticity which they can't see often elsewhere. Most of my friends work in tourism and the whole industry knows what's going on. But, it's still beyond their control. I saw many hotel construction sites and consequently, prices should go down again in about 3 years maximum. Thanks for your comment and sharing your point of view!

    အစ်မမြသွေး…
    တကယ့်ကို မြင်တဲ့အတိုင်း ပြောတာပါ အစ်မရဲ့…၊း) အဟဲ.. ဒီတစ်ခေါက် ဂျူနီယာဒတ်ခ် သွားရင်တော့ ကန်ဇွန်းရွက်ကြော် ၂ ပွဲဆင့်ပြီး စားပစ်မယ်၊ ငရုတ်သီးစိမ်း များများနဲ့…၊းD

    ညီမဒိုးကန်…
    ကပ်လွဲသွားတယ် ဆိုတော့ ညီမက ဘယ်တုန်းက ပြန်ဖြစ်တာလဲ? ဒါမှမဟုတ် သွားဖို့ တာစူနေတုန်းလား…?

    ကိုဏီ…
    ကိုဏီနဲ့ ဆုံဖြစ်ရင် ဒီ့ထက်တောင် ဝမ်းသာစရာ ကောင်းခဲ့မှာဗျ၊း) ရန်ကုန်မှာ မဆုံဖြစ်ပေမယ့် ကလောကိုတော့ အတူသာ လိုက်ခဲ့တော့ဗျာ…၊း)

    ညီမသူသူ…
    အမေ့လက်ရာကို ရှယ်ယာ ဝင်ချင်တယ်ဆိုရင် နောက်တစ်ခါ ဖိတ်ကျွေးမယ်လေ၊း) ညီမက အနောက်နိုင်ငံမှ မဟုတ်ပါဘူး၊ မြန်မာပြည်မှာလည်း ထင်ရှားကျော်ကြားပြီး လူချစ်လူခင် ပေါများပြီးသားပါလေ…၊း)

    ညီမမိုး…
    ဒါဆိုရင် Bar Boon Cafe မှာ လိုက်ကျွေး…၊ အခုတစ်ခေါက်က ကပ်လွဲသွားလို့…၊း)

    ညီမစန်းထွန်း…
    အာရှစာတွေက ဥရောပမှာထက်စာရင် ညီမတို့ဆီမှာတောင် ပိုပြီး ပေါဦးမယ်ထင်တယ်၊ မရဘူးလား…? ကလောကို လွန်ခဲ့တဲ့ ၁၀ နှစ်က သိခဲ့တာဆိုတော့ အခုအနေအထားက ပြောင်းလဲနေမှာ သေချာတယ်ဗျ…၊

    ညီမအိန်ဂျယ်…
    ဟော… ပြန်ပေါ်လာပြီ၊ ပျောက်နေတာ ကြာပြီရော…၊း) အဆင်ပြေရင် ပြန်သာပြန် ညီမရေ…၊

    မနော်နော်…
    အဟုတ်ပဲဗျ..၊ သူတို့အားလုံးက သိပ်ခင်ဖို့ကောင်းတာ…၊ ရင်းနှီးလွယ်ကြသလို ဟင်းပွဲတွေ မှာတာလည်း အများကြီး…၊းD ကျနော်လည်း ကလောမြို့ကို အရမ်းသဘောကျတယ်ဗျ..၊

    အမည်ဝှက်စာဖတ်သူ (၁)…
    ဟုတ်.. အဆင်ပြေမယ့်ပုံတွေ တင်ပေးပါ့မယ်နော်..၊ ရှေ့လာမယ့် ပို့စ်ကို စိတ်ဝင်တစား ရှိလို့လည်း ကျေးဇူးပါ…၊

    အမည်ဝှက်စာဖတ်သူ (၂)…
    အစားအသောက်ကို တခြားအကြောင်းအရာတွေထက် စိတ်ဝင်စားတယ် ဆိုတာတော့ သဘောကျသွားပြီဗျို့..၊းD ဟုတ်ပါတယ်လေ၊ လူ့ရဲ့ အခြေခံလိုအပ်ချက် ၃ ပါးမှာ အစားက၊ အဝတ်နဲ့ နေရာထိုင်ခင်းထက် အရင်ကို လာတာပဲကိုး..၊း) ဟုတ်ပါ့ဗျား..၊ ကျနော်တို့ခေတ်က တစ်သိန်းက အမေတို့ခေတ်က တစ်ရာလောက်တောင် အသုံးမခံလှဘူး..။

    ReplyDelete
  19. ပျော်စရာကြီး။Blogger တွေအများကြီးနဲ့တွေ့ခဲ့ရတယ်နော်အကို

    ReplyDelete
  20. It sounds so much fun Ko Nyi :))

    ReplyDelete
  21. ဘလော့မောင်နှမတွေနဲ့ဆုံတွေ့ရတကိုပဲ ပျော်စရကောင်းလှပါတယ်......ဘယ်ဟင်းဘယ်လောက်ပဲကောင်းနေပါစေအမေရဲ့ လက်ရာအကောင်းဆုံကိုတော့တကယ်ယုံကြည်တယ် ငပိည်တို့စရာတွေမြင်လိုက်တော့ ထမင်းတောင်ဆာနေပြီကိုညီလင်းရေ

    ReplyDelete
  22. အမေ့လက်ရာအမိုက်ဆုံး။
    ကလောကဂေါ်ရခါးရွာလေးမှာ
    တောင်တက်ပြီး
    ချာပါတီနဲ့ ဟင်းတွေစားဖြစ်ခဲ့ရင်
    သတိရလိုက်နော်။
    အိုင်အိုရာ

    ReplyDelete
  23. အကိုရေ
    မရောက်ဖြစ်တာကြာပေါ့
    ကျန်းမာရေးကြောင့်နဲ့ ပါစင်နယ်တချို့ကြောင့်
    ဆိုပါတော့ အကိုရာ..
    သတိ၇ပါတယ်..
    မြန်မာပြန်ပြီး ငပိမစားရရင် အဓိပ္ပါယ်မရှိသလိုဘဲနော်
    အကို
    ပစ်လည်း ပြန်ရင် ဘာတွေမကောင်းဘူးပြောပြော
    မြန်မာထမင်းဝိုင်းစစ်စစ် ကိုဘဲစားချင်တာ အကိုရ

    ReplyDelete
  24. ဟင်းပွဲတွေ အားပါးတရ ကြည့်လိုက်ရတာ ဗိုက်ကိုဆာလောင်လာတာပဲ... နန်းသီတာက ဆိုင်လည်း သဘောကျပါတယ်.. B&B လည်း သဘောကျတယ်

    ReplyDelete
  25. ကိုညီလင်းရေ …
    ဒီပို့စ်ကို တင်တင်ချင်းကတည်းက တွေ့ပြီး ဖတ်ပြီး ကွန်မန့်ရေးဖို့ ကြိုးစားခဲ့တာ … အဲဒီတုန်းက အပေါ်မှာ မန့်ထားတာ ၂ ယောက်လားပဲ ရှိသေးတာ။ မအားလို့ ခဏနေမှ ရေးမယ်လဲ ဆိုရော ကွန်နက်ရှင်က မကောင်းတော့ဘူး။ ခုတော့ ကွန်မန့်ပေါင်း ၂၄ ခုအပြင် ပို့စ်အသစ်တွေတောင် ၂ ပုဒ်ထပ်တက်နေပြီ။
    “မမေပါးက သနပ်ခါးက နေညိုချိန်ရောက်တော့ ပျက်ပြီပေါ့ရှင့် ။
    ညနေချိုချို
    နေညိုညိုမှာ
    နံ့သာပြယ်လွင့် ပြီပေါ့ကွယ် … လို့” ကွန်မန့်ရေးမလို့ဟာ နောက်ကျသွားပြီမို့ ရေးတော့ပါဘူးနော်။ :)

    ReplyDelete