မြင်ရတဲ့ မြင်ကွင်းတွေက ဘယ်လိုမှကို ကြည့်မကောင်းဘူး၊ တက်လာတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ အားလုံးမှာ နိုင်လိုမင်းထက်ဝါဒ၊ အကြမ်းဖက်ဝါဒ တွေကိုပဲ တွေ့နေရတယ်၊ ဒီမိုကရေစီ ယဉ်ကျေးမှုကို ဖော်ဆောင်နေပါတယ် ဆိုတဲ့ နိုင်ငံတနိုင်ငံရဲ့ အကြီးဆုံးမြို့ အလယ်ခေါင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေက ရိုင်းစိုင်းကြမ်းကြုတ်မှုရဲ့ ပြယုဂ်သက်သက်ပဲ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး၊ ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံတွေမှာ သုံးခဲ့ကြတဲ့၊ မြန်မာပြည်ရဲ့ အရင်ခေတ် စစ်အစိုးရ အာဏာပိုင်တွေလည်း သုံးခဲ့ကြတဲ့ ခါးပိုက်ဆောင် လက်မရွံ့ လူမိုက်တွေကို ဒီနေ့လို ကာလအထိ တွေ့နေရတာဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး၊
ဆန္ဒပြတယ်၊ သပိတ်မှောက်တယ်၊ အဓိကရုဏ်းဖြစ်တယ် ဆိုတာတွေက ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း ဖြစ်နေကျ ကိစ္စတွေပါပဲ၊ အဲဒီလို လူထုနဲ့ ရဲနဲ့ ထိပ်တိုက်တိုးတဲ့အခါ လူစုလူဝေး ဖြိုခွင်းမှုဆိုတာ ဖြစ်လေ့ ရှိတာပဲ၊ ဖြစ်စဉ်နဲ့ လူစုလူဝေးပေါ်မူတည်လို့ ရဲက ဝိုင်းဝန်းညှပ်ပိတ်ပြီး ဖမ်းတာရှိမယ်၊ ရေပိုက်နဲ့ လူစုခွဲတာရှိမယ်၊ မျက်ရည်ယိုဗုံး သုံးတာရှိမယ်၊ ဒိုင်းနဲ့တွန်း ဒုတ်နဲ့ရိုက်တာ ရှိမယ်၊ နောက်ဆုံး ရာဘာကျည်နဲ့ ပစ်တာရှိမယ်၊ ဒါပေမယ့် ဘယ်လိုနည်းကိုပဲ သုံးသုံး ယူနီဖောင်းဝတ်ထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကပဲ ပေါ်ပေါ်တင်တင် ကိုင်တွယ်လေ့ရှိပါတယ်၊ ဘယ်ကခေါ်လာမှန်းမသိရတဲ့ အရပ်ဝတ်နဲ့ လူတွေက လုပ်ပိုင်ခွင့်အပြည့် ရထားတဲ့အလား ဆန္ဒပြပြည်သူကို ဆွဲရမ်း၊ တွန်းထိုး လုပ်တာမျိုးတွေ မရှိဘူး၊ ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့အခါ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာကို အလေးထားပြီး ကိုင်တွယ်ဆောင်ရွက်တတ်အောင် အီးယူက ရဲတွေကိုယ်တိုင် မြန်မာ့ရဲတွေကို သင်တန်းတွေ စဉ်ဆက်မပြတ်ပေးခဲ့တာ၊ ပေးနေတာ ကျနော်တို့ သတင်းတွေထဲမှာ မမြင်ချင်မှ အဆုံးပါ၊ ဟော… အခု တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အခါ အဲဒီပညာတွေ ဘယ်ရောက်သွားသလဲ၊
အသက်အရွယ်စုံ၊ ပုံသဏ္ဍန်မျိုးစုံ၊ ခက်ထန်တဲ့စရိုက်မျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ လူအုပ်ကြီးတွေကို မြန်မာပြည်သူတွေ မြင်နေရ၊ ကြားနေရတာ အတော့်ကိုများနေပါပြီ၊ အဲဒီလူတွေကို တခါတလေမှာ ဒေါသထွက်နေသော လူအုပ်ကြီးလို့ သုံးနှုန်းမယ်၊ တခါတလေမှာတော့ တာဝန်သိ လုပ်သားပြည်သူလို့ သုံးနှုန်းမယ်၊ ပေါ်ချင်တဲ့အချိန် ပေါ်လာမယ်၊ ပျောက်ချင်တဲ့အချိန် ပျောက်သွားမယ်၊ ရိုက်မယ်၊ နှက်မယ်၊ သတ်မယ်၊ မီးရှို့မယ်၊ မင်းမဲ့စရိုက်တွေ လုပ်မယ်၊ ဒါပေမဲ့ ဟုတ်တိပတ်တိ အရေးယူခံရတယ်ဆိုတာတော့ ကြားရမှာ မဟုတ်ပါဘူး၊ အရင်စစ်အာဏာရှင် လက်ထက်ကတည်းက ခြောက်လှန့်ခဲ့တဲ့ အဲဒီ လူစုလူဝေး အိပ်မက်ဆိုးကြီးကို ပြည်သူတွေက ဆက်မမက်ချင်တော့ဘူး၊ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပါတယ်ဆိုတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်လိုမှကို မမြင်ချင်တော့ဘူး၊
ဒီနေ့ ဖြစ်သွားတဲ့ အဖြစ်အပျက်မှာ ဆန္ဒပြသူတွေကို အဓိက ဖြိုခွင်းသူတွေဟာ ရဲတွေသာဆိုရင် မြင်ရသူတွေအဖို့ ဒီလောက်ခံပြင်းမယ် မထင်ဘူး၊ အခုတော့ ရန်ကုန်မြို့ရဲ့ အသည်းနှလုံးတည့်တည့်ပေါ်မှာ၊ ဆူးလေဘုရားရဲ့ အရိပ်အောက်မှာ၊ နိုင်ငံတကာရဲ့ မျက်လုံးပေါင်းများစွာ အရှေ့မှာ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာတွေ အကြမ်းဖက်ကြတာ အကျည်းတန်လွန်း လှတယ်၊ ပုဆိုးချက်ပြုတ်၊ အင်္ကျီကြယ်သီးပြုတ်၊ လက်မောင်းမှာ ဆေးမှင်ကြောင်၊ မိုက်ကန်းကန်းရုပ်တွေက “တာဝန်” တို့၊ “စည်းကမ်း” တို့ စတဲ့ လက်မောင်းပတ်တွေ ပတ်ပြီး မိန်းမပျိုလေးတွေပါမချန် ဆွဲလွဲနေကြတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ၊ အထူးသဖြင့် တကယ်တာဝန်ရှိတဲ့ ရဲကို တာဝန်မပေးဘဲ ပြည်သူလူထု အရေခြုံထားတဲ့ လူတွေကို မတန်မရာ “တာဝန်” လက်ပတ်တွေနဲ့ ပွဲထုတ်နေသူတွေဟာ ပွင့်လင်းမြင်သာမှု ရှိရတဲ့၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူတွေ ပါပဲ…။ ။
ညီလင်းသစ်
၅ မတ်၊ ၂၀၁၅
ဖြစ်သွားတဲ့ အဖြစ်အပျက်မှာ ဆန္ဒပြသူတွေကို အဓိက ဖြိုခွင်းသူတွေဟာ ရဲတွေသာဆိုရင် မြင်ရသူတွေအဖို့ ဒီလောက်ခံပြင်းမယ် မထင်ဘူး ဆိုတာ သေချာတယ် ကိုညီလင်းရေ...
ReplyDeleteတွေးကြည့်ရင်တော့ ရင်လေးစရာတွေကြီးပဲ အစ်ကိုရေ နေ့စဉ်မြင်နေကြားနေ ဖတ်နေရတာတွေကလည်း စိုးထိတ်စရာအပြည့်နဲ့ပါပဲ
ReplyDeleteAbsolutely fantastic job you have done here. And Thank you for sharing with us
ReplyDelete