30 January 2011

မျှော်တိုင်းမှန်းရည် ဝေးလှသည်


ကျနော် ဓါတ်ပုံပညာကို စ,ပြီး ဝါသနာပါတော့ အဖေပြောဖူးတာလေး သွားသတိရတယ်၊ 'လူတစ်ယောက်ကို မုန်းရင် သူ့ကို ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ' တဲ့၊ အဖေ အဲဒီစကား ပြောတုန်းက ဒစ်ဂျစ်တယ်လ် ကင်မရာတွေ မပေါ်သေး ပါဘူး၊ ဒီတော့ ဟုတ်တာပေါ့၊ ကင်မရာအသစ်နဲ့ မျောက်အုန်းသီးရ ဖြစ်မယ်၊ ဟိုရိုက်ဒီရိုက် လုပ်မယ်...၊ ပြီးတော့ ကိုယ့်လက်ရာလေး သိချင်တော့ ဖလင်ကနေ ဓါတ်ပုံကူးမယ်၊ မကြိုက်တော့ ထပ်ရိုက်မယ်၊ ထပ်ကူးမယ်၊ ထပ်ရိုက်မယ်၊ ဒီလိုနဲ့ မျောက်သူ့အမေရိုက် (အဲ) ဂျာအေး သူ့အမေရိုက် ဖြစ်မယ်ပေါ့၊

ကျနော် ပထမဆုံး DSLR ကင်မရာတစ်လုံး စ,ဝယ်တော့ အဲဒီစကားလေး ပြန်ကြားပြီး နဲနဲတော့ တွန့်သွားသေးတယ်၊ ပြီးတော့မှ ကိုယ့်ကိုယ်ကို ပြန်အားပေးပြီး ဒီလို ဝယ်ပစ်လိုက်တယ်၊ ထားလိုက်စမ်းပါ၊ အခုက ဒစ်ဂျစ်တယ်လ်ခေတ်၊ ဖလင်ခေတ်လို ပိုက်ပိုက် မကုန်တော့ဘူး၊ ရိုက်... မကြိုက်ရင်ပြန်ဖျက်၊ ဒါပဲပေါ့၊ ကင်မရာ တစ်လုံးဝယ်...တသက်သုံး...၊ လာထား...၊

အင်း... လက်တွေ့မှာတော့ အဲဒီလို မဟုတ်ခဲ့ဖူးဗျာ၊ ကျနော်လည်း အဲဒီ သတ္တဝါလိုပဲ အုန်းသီးတွေ တစ်လုံးပြီးတစ်လုံး ခူးချင်နေမိတယ်၊ ဒီလိုနဲ့ ကျနော် အဲဒီ တွင်းနက်ကြီးထဲ ပြုတ်ကျသွားတယ် ဆိုပါစို့ဗျာ...၊ ဒါပေမယ့် ပြောကြတယ် မဟုတ်လား၊ ဝါသနာပါတာသာ လုပ်၊ ဘယ်တော့မှ မမှားဘူး-တဲ့၊ အင်း... နဲနဲတော့ ချင့်ချိန်ပေါ့လေ...နော့၊ :)

ဒီလိုနဲ့ ကျနော့်ကို ပထမဆုံး အလုပ်အပ်မယ့်သူ ပေါ်လာတယ်၊ ကျနော်တို့ရဲ့ သူငယ်ချင်းပါပဲ၊ သူက Elke Berr...၊ Elke က ကျောက်မျက် ပညာရှင်ပါ၊ မြန်မာပြည်ကို အကြိမ်ကြိမ်လာပြီး ကျောက်တွေ ဝယ်ဖူးတယ်၊ အခု မဂ္ဂဇင်းတစ်စောင်မှာ ထည့်ဖို့ ဓါတ်ပုံတွေလိုတော့ ကျနော့်ကို အကူအညီတောင်းတယ်၊ အလကားမတ်တင်းတော့ မဟုတ်ဘူး၊ ပရောဖက်ရှင်နယ်လ် ဆန်ဆန် ပြောရရင် ကျနော်နဲ့ အလုပ်,လုပ်မယ်ပေါ့ (အဟဲ)၊ အရင် သူသုံးနေကျ ဓါတ်ပုံဆရာနဲ့ ဘာဖြစ်လို့ ဆက်မလုပ်လဲတော့ မသိဘူး၊ ကျနော် အလုပ်လက်ခံလိုက်တယ်၊

တကယ့်ကို ရိုးရိုးသားသား ပြောရရင် ကျောက်မျက်ရတနာတွေကို ကျနော် ဓါတ်ပုံ မရိုက်ချင်ပါဘူး၊ ခက်လည်း ခက်သလို ကျနော်လည်း မကျွမ်းကျင်ဘူး၊ (ပြီးတော့ ကျနော်က တဖိတ်ဖိတ်လက်နေတဲ့ စိန်တစ်ပွင့်ထက်စာရင် မော်ဒယ်လ်တစ်ယောက်ရဲ့ မျက်ဝန်း တောက် တောက်တစုံကို ပိုပြီး စိတ်ဝင်စားတယ်..အဟဲ၊ ဤကား စကားချပ်။) ဒါပေမယ့် တခါမှမလုပ်ဖူးလို့ စမ်းကြည့်ချင်တာနဲ့ လက်ခံလိုက်တယ်၊ ဒါက အဲဒီတုန်းက ရိုက်ထားတာတွေထဲက တချို့ပါ၊ ကျနော့်ရဲ့ပိုက်ဆံအိတ်လေးကို နဲနဲ ပိုဖောင်းလာစေတဲ့ ဓါတ်ပုံတချို့လို့ ဆိုပါစို့..၊ ကိုယ်ရဲ့ ဝါသနာဥယျာဉ် ကနေ ပထမဆုံး ရောင်းတန်းဝင်အပွင့်လေး ပွင့်လာတော့ ကျနော့်ဘလော့ဂ်ကို မကြာမကြာ လာလည်လေ့ရှိတဲ့ ညီအစ်ကို၊ မောင်နှမတွေကို သတိရမိသေးတယ်၊ သူတို့သာ အနားမှာရှိရင် အထိမ်းအမှတ် အနေနဲ့ ကျနော် မုန့်ဝယ်ကျွေးမိမှာပဲ၊ တကယ်ပါ...။ ။ :)


(၁)
Photobucket


(၂)
Photobucket


(၃)
Photobucket


(၄)
Photobucket


(၅)
Photobucket


(၆)
Photobucket


(၇)
Photobucket


(၈)
Photobucket


ကျောက်နာမည်တွေတော့ ကျနော့်ကို မမေးကြနဲ့နော်...၊ ကျနော်က ကျောက်ဆို ဦးကျောက်လုံးနဲ့ ကိုကြီးကျောက် လောက်ပဲ သိတာ...၊ ဒါကတော့ Elke Berr ရဲ့ ဝက်ဘ်ဆိုဒ် ပါ...။ ။


ညီလင်းသစ်
၃၀ ဇန်နဝါရီ၊ ၂၀၁၁

17 comments:

  1. တခုပဲ
    အလင်းအမှောင်နဲ့ဖမ်းစားအောင်ရိုက်ဖို့
    ကျောက်တွေကလှုပ်ရှားမှုမှ မရှိတာ
    မုန့်စားချင်ပါတယ်

    ReplyDelete
  2. ပုံတွေက ကျမကိုတော့ ရင်ခုန်နှုန်းတွေ မြန်စေပါတယ်။
    စိတ်ထိန်း စိတ်ထိန်း

    ReplyDelete
  3. တစ်ကွင်းလောက် လိုချင်တာဗျာာာာာာာ


    စိတ်ထိန်း စိတ်ထိန်းး)

    ReplyDelete
  4. les bagues sont magnifiques et mettent mon cœur battre plus vite que d'habitude.

    ReplyDelete
  5. Nyi ...
    အကြံပေးတာ ကျေးဇူးတင်ပါတယ်၊ ကျနော်လည်း အဲဒီလို အလင်းအမှောင် ကစားရတာ ကြိုက်တယ်၊ အခု ဒီပုံတွေကတော့ မဂ္ဂဇင်းမှာ ထည့်ဖို့သက်သက်ဖြစ်လို့ background setting နဲ့ atmosphere မလိုပါဘူး၊ သူက လက်စွပ်တွေ သက်သက်ကိုပဲ ကွက်ယူပြီး ထည့်မှာလေ..၊ :)

    မသီတာ ...
    အမဆီမှာ နှလုံးရောဂါတို့၊ ဘာတို့တော့ မရှိလောက် ပါဘူးနော်..၊ တဖက်သားအား ထိခိုက်နာကျင်စေမှု ပုဒ်မ,က အင်တာနက်အတွက်ရော အကျုံးဝင်နေမှာစိုးလို့ :D

    မောင်မျိုး ...
    ဘာမှ မပူနဲ့၊ အဲဒီပုံတွေ ရိုက်လို့ရတဲ့ ပိုက်ဆံနဲ့ မုန့်လက်ကောက်တို့၊ ဘာတို့လောက်တော့ ကျနော် ဝယ်ပေးနိုင်ပါတယ် :D

    Mon Petit Avatar ...
    Mon coeur battait et mes mains tremblaient aussi lors de la prise de photo. C'était parce qu'il faisait très chaud à cuase des projecteurs, lol.

    ReplyDelete
  6. အမ်မာလေး လှလိုက်လေခြင်းဗျာ..
    လိုဂျင်ဒယ်.. လိုဂျင်ဒယ်...
    သို့သော်............... :D

    ReplyDelete
  7. ပုံ ၃ ကိုကြိုက်တယ်...။ လန့်မသွားနဲ့အုန်း ပုံကိုဘဲကြိုက်တာပါ...ပစ္စည်းမကြိုက်ပါဘူ :) ။ ပိုက်ဆံအိတ်ကလေးဖောင်းလာတယ်ဆိုလို့.. ၀မ်းသာဘာဒယ်..။

    ReplyDelete
  8. စိတ်ဝင်စားတယ်
    ကျွန်မက ကျောက်စိမ်းကို ပိုကြိုက်တယ် အရောင်လေးက စိမ်းနေလို့
    ၂ နဲ့၃က ဘာကျောက်လဲ မသိဘူး စိမ်းတော့စိမ်းတယ်
    ကျောက်စိမ်းလဲမဟုတ်ဘူး

    ReplyDelete
  9. ကျွန်တော်လဲ ကြိုက်တယ်။ ဓတ်ပုံပညာကိုပြောတာပါ။ ခုမှ ဘီဂင်နာဘဲရှိပါသေးတယ်ဗျာ.

    ReplyDelete
  10. ရောင်းတန်းဝင်အပွင့်လေးပွင့်လာလို့ မုန့်ကျွေးဖို့ သတိရတယ် ဆိုလို့ ၀မ်းသာပါတယ် .. ကျွေးမယ့်မုန့် နဲ့ ရတနာတွေတော့ စိတ်မ၀င်စားပါဘူး သုံးနေတဲ့ ကင်မရာမျိုး ဘဲ လက်ဆောင်ရရင် ကျေနပ်ပါပြီ ဗျား)
    ရတနာဆိုင်မှာ အလုပ်လုပ်ဖူးတယ် သူတို့အတွက်အမြတ်က ကြီးတယ်နော် ဘရာသာရဲ့  အိတ်ပိုဖောင်းလာအောင်လို့ ဓါတ်ပုံဖိုး များများသာတောင်းဗျာ .....

    mie nge

    ReplyDelete
  11. ရတနာ စိန်ကျောက်
    ဇယ် တောက်တမ်း ကစားရအောင် ..း))

    ReplyDelete
  12. အမမေငြိမ်း ...
    အဲဒီ “သို့သော် ...”တွေနဲ့ ပြန်,ပြန် မျိုချခဲ့ရတဲ့ တံတွေး တွေလည်း များလွန်းလှတယ်..၊း)

    ကိုဖြိုး ...
    အဲဒီ ပုံ ၃ က ကျနော့်ရဲ့ favourite ပါပဲ၊း)

    မချော ...
    စကားပလ္လင် ခံထားတယ်လေ၊ ကျောက်နဲ့ ပတ်သက်ရင် မမေးကြေး-လို့...၊ သိဘူးဗျ၊းD

    လရိပ်အိမ် ...
    ဝမ်းသာပါတယ်ဗျာ၊ ကျနော်လည်း ပရို မဟုတ်ပါဘူး၊ :)

    မ mie nge ...
    ကင်မရာကြောင့် ရလာတဲ့ မုန့်ထက် ကင်မရာကိုပဲ ပိုစိတ်ဝင်စားတယ် ဆိုတော့ ရွှေဥထက် ငန်းကို ပို အာရုံကျတယ်နဲ့ တူတယ်..အဟဲ၊ (နောက်တာနော်... )၊ ဟုတ်တယ်...စင်ပေါ်ရောက်မှကို တောင်းပစ်ဦးမယ်..။

    ဆောင်းနှင်းထက်ထက် (အဲ) ရွက် ...
    ဇယ်တောက် မလို့လား ....ပမ်..ပမ်..ပမ်ပမ်း....ပမ်! :D

    ReplyDelete
  13. ပုံတွေက လှလိုက်တာ ကိုညီလင်းရေ...
    ကျွန်တော်က မိန်းကလေးဖြစ်ပေမယ့် အဲလိုမျိုးတွေ ဝတ်ဖို့ ဝယ်ဖို့ စိတ်မဝင်စားတော့ အဲဒါတွေကို ဓါတ်ပုံရိုက်ဖို့လဲ တခါမှ မတွေးမိဘူး...
    ကြည့်ရတာတော့ ရိုက်ရ ခက်မဲ့ပုံပဲ...း))

    ReplyDelete
  14. အမသက်ဝေ ...
    အင်း..အမသာဆို အဲဒါတွေကို ဝယ်မယ့်အစား အဲဒါတွေကို ရိုက်မယ့် ကင်မရာကောင်းကောင်းတစ်လုံး ပဲ ဝယ်မှာ မြင်ယောင်နေတယ်...ဟုတ်၊း)

    ReplyDelete
  15. တိုက်ဆိုင်လိုက်လာ... ခုတလော အဲဒါတွေကို ရိုက်ကြည့်ဖို့ ကြိုးစားနေတာ မအောင်မြင်ဘူး.. မပြတ်သားဘူး
    ဘယ်လို ဘယ်လို ရိုက်ရတယ် ပြောပြပါဦး

    ReplyDelete
  16. မပန်ဒိုရာ ...
    ဒါတွေကို ရိုက်ဖို့ macro lens ဒါမှမဟုတ် max. aperture အနည်းဆုံး f/2.8 လောက်ရှိမယ့် မှန်ဘီလူး တွေနဲ့ဆို ပိုကောင်းပါတယ်၊ ကျနော်ကတော့ macro မှန်ဘီလူးနဲ့ ရိုက်ထားတာပါ၊ ဒိထက်ပိုပြီး အရေးကြီးတာ က tripod ပါ၊ aperture နဲ့ shutter ကို လိုသလို ကစား နိုင်ဖို့ tripod သုံးနိုင်ရင် ကောင်းပါတယ်၊

    နောက်တခုက အလင်းပါ၊ direct flash တွေက ကြမ်းပြီး violent ဖြစ်လို့ shot-through umbrella သို့မဟုတ် soft-box တွေသုံးဖို့ လိုပါတယ်၊ ဒီပုံတွေ အတွက်တော့ light tent ကို သုံးပါတယ်၊ ဘယ်ဖက်မှာ studio strobe တစ်ခု၊ ညာဖက်မှာ ရိုးရိုးမီးလုံး၊ ဒါမှ မဟုတ် flash တစ်ခုထားပြီး ရိုက်တယ်၊ light source မှာ အလင်းကို soften မလုပ်တော့ဘဲ လာသမျှအလင်း ကို light tent ကပဲ လျှော့ချပေးပါတယ်၊ ဒါတွေကတော့ continuous lighting နဲ့ ရိုက်ထားတာပါ၊

    dramatic effect တွေလိုချင်ရင်တော့ manual exposure ကိုသုံးလေ့ ရှိပါတယ်၊ ကျနော်ကတော့ ဒါတွေကို aperture priority နဲ့ ရိုက်ပါတယ်၊ max. aperture ရဲ့ 1 f-stop, 2 f-stop လောက်နဲ့ ရိုက်တယ်၊ ဆိုလိုတာက max. aperture က f/2.8 ဆိုရင် f/4 ဒါမှ မဟုတ် f/5.6 လောက်နဲ့ ရိုက်ပါတယ်၊ f/8 ကလည်း ရိုက်လို့ကောင်းတဲ့ aperture ပါပဲ၊ နောက်ဆုံးအနေနဲ့ ကတော့ ခလုတ်နှိပ်တဲ့အခါ ကင်မရာမလှုပ်အောင် 2 sec timer သုံးပါတယ်၊

    ဒါတွေက လောလောလတ်လတ် ကျနော် စဉ်းစားလို့ ရသလောက်ပါ၊ မရှင်းတာ ရှိရင်လည်း ထပ်မေးပါဦး၊ ကျနော်သိတာဆို ပြောပြဖို့ အဆင်သင့်ပါပဲ ခင်ဗျား...။

    ReplyDelete
  17. သေသေချာချာရှင်းပြထားတာ ကျေးဇူးပါ။
    lighting နဲ့ပတ်သက်လို့တော့ လိုအပ်တာတွေ မရှိသေးဘူး
    tripod သုံးပြီး ရှိတာလေးတွေနဲ့ ရိုက်ကြည့်လိုက်ပါဦးမယ်။

    ReplyDelete