09 November 2008

ကျနော်နှင့်ထိုရောဂါ


အခုပြန်တွေးကြည့်တော့ ဘယ်တုန်းကတည်းက ကျနော့်မှာ အဲဒီရောဂါရသွားလဲဆိုတာ တိတိကျကျ မမှတ်မိတော့ဘူး၊ အချိန်အားဖြင့် ဒီနှစ်ပိုင်းအတွင်းမှာပဲ ဆိုတာတော့ သေချာတယ်၊ ကျနော့်အထင် မသကာ ရှိလှ ၆ လအောက်ပေါ့၊ အခုတော့ အဲဒီရောဂါက တော်တော့်ကို အမြစ်တွယ်နေပြီလို့ ပြောရတော့မယ်၊

ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီရောဂါရှိတဲ့သူတွေ ရှိတယ်၊ ဒီတုန်းကတော့ သူတို့တွေမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဆိုတာ မျိုးပဲ၊ သူတို့ကို ကြည့်ရင်း ကျနော်ကတော့ သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ၊ ကူးစက်ရောဂါလည်းမဟုတ်တော့ သူတို့နဲ့ လက်ပွန်းတတီး သွားလာနေခဲ့တာပေါ့၊ ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ သူတို့ရဲ့ကိုယ်ခံအားကလည်း တူမှမတူတာကိုး...၊

အခုတော့ ကျနော်လည်း သူတို့နေရာရောက်နေခဲ့ပြီ၊ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ ဘယ်လိုဖြစ်လို့ ငါ ဒီပိုးဝင်သွားတာပါလိမ့်...လို့၊ အစောကြီးကတည်းက မရဘဲ အခုကျမှ ဘယ်လိုဖြစ်လို့ ဒီရောဂါက ကိုယ့်ဆီရောက်လာခဲ့ရတာလဲ၊ ကျနော်သုံးသပ်လို့ ရသလောက်ကတော့ ရောဂါရဲ့ အသွင်အပြင်ပြောင်းသွား တာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ ဒါ့ကြောင့်လဲ ကျနော့်လိုပဲ မထင်မှတ်ဘဲ အလစ်အငိုက် ခံလိုက်ရတဲ့သူတွေတဖြည်း ဖြည်းနဲ့ များလာနေခဲ့တာနေမှာ၊ အင်းလေ...အခုပုံစံအတိုင်းဆိုရင် ကူးစက်ရောဂါတောင် ဖြစ်လာနိုင်ပါရဲ့...၊

ကျနော်အခုပြောနေတဲ့ ရောဂါက WHO မှာတောင် classified မလုပ်ရသေးပါဘူး၊ အကြောင်းကတော့ တဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှု၊ ကျွမ်းကျင်လိမ္မာမှု၊ ငွေကြေးတတ်နိုင်မှု စ,တာတွေပေါ် မူတည်လို့ ရောဂါ ပြန့်နှံ့ပုံက ကွဲသွားလေ့ ရှိလို့ပါပဲ၊ ဒီရောဂါရဲ့ နာမည်က တခြားတော့ အထွေအထူးမဟုတ်ပါဘူးဗျာ၊ DSLR Addicted Disease လို့ကျနော်ခေါ်ချင်တဲ့ Digital Single-Lens Reflex camera တွေကို စွဲလန်းနှစ်သက်တဲ့ ရောဂါပါပဲ၊ ဟုတ်တယ်ဗျာ...ကျနော်တော့ DSLR addicted ဖြစ်နေခဲ့ပြီ၊

အရင်တုန်းက ကျနော့်သူငယ်ချင်းတွေ ဖလင်ထည့်ရိုက်ရတဲ့ ကင်မရာတွေနဲ့ အရူးထနေတုန်းက ကျနော်က အေးအေးဆေးဆေး နေခဲ့နိုင်တယ်၊ ရိုက်ပြီးရုံနဲ့ မပြီးသေးဘဲ ဖလင်ဆေးဦး၊ ကူးဦး စ,တဲ့ အဆင့်တွေနဲ့ လေးလံ ကြာရှည်လှတဲ့ အဲဒီကင်မရာကြီးတွေက ကျနော့်ရဲ့ စိတ်ကို မညွတ်နူးစေခဲ့ဘူး၊ ရိုက်မယ့်လူဖက်က ပညာရပ်ကို တစုံတရာ အတိုင်းအတာအထိ နားလည်ထားဖို့ကလည်း လိုသေးတာကိုး၊ ပြီးတော့ ရိုက်ချက်တွေအပေါ်မှာ ကိုယ်က အနုပညာ ကွန့်မြူးလိုက်ပေမယ့် Result ကချက်ချင်းမှ မသိရတာ...၊ အခုတော့ DSLR ကအဲဒါတွေ အားလုံးကို ချန်ထားဖြတ်တက်ခဲ့ပြီလေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးပိုလာသလို အဖြေကို ချက်ချင်းသိခွင့်၊ ချက် ချင်းအမှား ပြင်ဆင်ခွင့် စ,တာတွေလည်း အပြည့်ပါပဲ၊

အဲဒီလိုနဲ့ DSLR ရဲ့အလှမှာ ကျနော်လည်း ရုန်းမထွက်နိုင် ဖြစ်ခဲ့ရတယ်ပေါ့ဗျာ၊ သူ့ မာယာတွေရဲ့အောက် ကျနော့်မှာ နေ့နဲ့ညတွေ မှားလို့၊ စားလည်းသူ့စိတ် သွားလည်း သူ့စိတ်နဲ့ အစွဲလန်းကြီးစွဲလန်း ခဲ့တာပါပဲ၊ အဲဒီလို မွတ်သိပ်တမ်းတမှုတွေရယ်၊ ပြန်အိပ်မရတဲ့ တရေးနိုးအိပ်မက် တွေရယ် ပေါင်းစပ်လွန်းမက ပေါင်းစပ်သွားတဲ့အခါမှာတော့ ‘ ဟေ့..ဒီမှာ DSLR, မင်းကိုစပြီး ချစ်မိကတည်းက ပိုင်ဆိုင်ဖို့အတွက်ပဲ ချစ်ခဲ့တာ ကွ ’ ဆိုပြီး လူကြီးစုံရာတွေ ဘာတွေ စောင့်မနေတော့ဘဲ ကျနော်တစ်ယောက် တည်း သွားပြီး DSLR တစ်လုံး ဝယ်လိုက်တော့တာ ပါပဲ၊ အင်း..ဝယ်ရတော့တာပေါ့လေ၊ ခိုးပြေးတာတို့၊ ကားတင် ပြေးတာတို့မှ လုပ်လို့ မရဘဲ၊ အရောင်းဆိုင်မှာ ဗီဒီယိုကင်မရာတွေ၊ လုံခြုံရေးအစောင့်တွေက များပါဘိသနဲ့...၊

အခုတော့လည်း ဓါတ်ပုံအကြောင်းကို အချိန်ရှိသရွေ့ စဉ်းစားနေချင်တယ်၊ ဒီလိုအလင်းဆို ဘယ်လိုရိုက်လိုက် မယ်၊ ဒီနေရောင်နဲ့ဆိုရင် Exposure ကိုဘယ်လောက်ထားမှ သင့်မှာပဲ၊ ဒါမျိုးဆိုရင်တော့ Flash သုံးတာထက် ISO ကိုနဲနဲ ပိုတင်လိုက်တာ ကောင်းမလားပဲ...စသဖြင့်ပေါ့ဗျာ၊ ပုံလေးတွေကို ဘလော့ဂ်မှာတင်တဲ့အခါ လာ ကြည့်တဲ့သူတွေ ရှိတော့လည်း စိတ်ချမ်းသာရတာပေါ့၊ ကျနော်တို့ငယ်ငယ်က ကင်မရာနဲ့ ပတ်သက်ရင် အဖေ ပြောလေ့ရှိတာလေးကို သွားသတိရတယ်၊ ‘ လူတစ်ယောက်ကိုမုန်းရင် ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ ’ တဲ့၊ တွေ့ကရာ လျှောက်ရိုက်၊ ကူးလိုက်၊ ဆေးလိုက်၊ ထပ်ရိုက်လိုက်နဲ့ အဲဒီလူ မွဲသွားမယ်ပေါ့ဗျာ၊ အခု digital ခေတ် မှာတော့ မမှန်တော့ပါဘူး၊ ဝယ်တဲ့အခိုက်မှာတော့ အမျိုးအစားပေါ် မူတည်လို့ ဈေးများကောင်းများနိုင်ပေမယ့် နောက်ပိုင်းမှာ စိတ်ချမ်းသာရဖို့ များပါတယ်၊ ကျနော့်ရဲ့ ချစ်ရပါသော DSLR လေးနဲ့ ကျနော်ကတော့ ရှေ့သွား နောက်လိုက် ညီညီပါပဲ။ ။


ညီလင်းသစ်
၉ နိုဝင်ဘာ၊ ၂၀၀၈

4 comments:

khin oo may said...

kom: စိတ်ချမ်းသာရင်ြ့ပီးတာပါဘဲ။ ဆက်လက် အောင်မြင်ပါစေ

Yu Wa Yi said...

“လူတစ်ယောက်ကိုမုန်းရင် ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ ” တဲ့။။သြော်ရက်
စက်လိုက်တာနော်။ သူ..ကျွန်မကို အဲဒါကြီးဝယ်ပေးထားတယ်လေ..။

Everest said...

Haha.
Well said Ko NLT well written.
I know what you mean for I feel exactly the same.

Happy snapping!

Nyi Linn Thit said...

မခင်ဦးမေ..စိတ်ကတော့ သူရောက်လာပြီးကတည်းက အတော်ချမ်းသာနေတယ်ဗျာ....ဟီး၊

မယုဝရီရေ...အဲဒါက ဖလင်ထည့်ရတဲ့ကင်မရာတွေအ တွက် Version ပါ၊ Digital camera တွေအတွက် version က ‘ လူတစ်ယောက်ကိုချစ်ရင် တကြိမ်တခါ ဝယ်ရုံနဲ့ အကြာကြီးစိတ်ချမ်းသာစေမယ့် digital ကင်မရာဝယ်ပေးလိုက်ပါ ’ တဲ့....၊ :D

Everest....I am sure that you'd get it. Great minds think alike, don't they?