30 April 2011

တောင်ခြေရွာကလေးသို့ ...


ပြီးခဲ့တဲ့တစ်ပတ်က အီစတာ ရုံးပိတ်ရက်မှာ တောင်ခြေရွာကလေး တစ်ရွာဆီကို သွားလည်ဖြစ်ပါတယ်၊ အိမ်ကနေ ၂ နာရီ လျော့လျော့ လောက် ကားမောင်းသွားရတဲ့ အဲဒီရွာကလေးက အဲလ့်ပ်စ် (Alps) တောင်တန်းတွေရဲ့ တောင်ကြားချိုင့်ဝှမ်း တစ်ခုထဲမှာ ရှိပြီးတော့ နာမည်က လင့်န့်ခ် (Lenk) လို့ခေါ်ပါတယ်၊ ချိုင့်ဝှမ်း valley ထဲဆိုတော့ ရွာရဲ့တည်နေရာက သိပ်တော့ မမြင့်ပါဘူး၊ မီတာ ၁၀၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်၊ အဲဒီ ​Lenk ရွာလေးရဲ့ နာမည်ကျော်ကြားမှုက မိသားစုတွေနဲ့ ကလေးတွေအတွက် လည်ပတ်၊ သွားလာဖို့ အဆင်ပြေပြေ စီစဉ်ထားပေးမှုပါပဲ၊ ကျနော်တို့ သွားခဲ့တဲ့ တည်းခိုခန်းက Reka Village လို့ခေါ်တဲ့ မိသားစုတွေအတွက် ဦးစားပေး ဆောက်ထားတဲ့ ဘန်ဂလိုတွေပါ၊ ပြီးခဲ့တဲ့ နှစ်ကုန်မှာ နှင်းတောင်ပေါ်သွားတုန်း တည်းခဲ့တာလည်း ဒီ Reka Village အုပ်စုဝင်ပါပဲ၊ ဆွစ်တစ်နိုင်ငံလုံးမှာ နေရာတော်တော်များများ ရှိပြီးတော့ အိမ်နီးချင်း နိုင်ငံတချို့မှာလည်း ရှိတယ်၊ ဆောင်းတွင်းဆို နှင်းတောင်တွေပေါ်မှာ၊ နွေရာသီ ဆိုရင်တော့ တောရွာတွေမှာ၊ တောင်တန်းတွေပေါ်မှာ၊ စိုက်ပျိုးမွေးမြူရေး ခြံတွေမှာ အစရှိသဖြင့် တည်းခိုစရာတွေ ရှိပါတယ်၊ ကျနော်က ကျေးလက်တောရွာတွေကို ချစ်ပါတယ်၊ အဲဒီမှာ သန့်စင်တဲ့ လေထု၊ စိမ်းစိုတဲ့ သစ်ပင်၊ ရိုးသားတဲ့ လူတွေနဲ့မို့ စိတ်လက် အပန်းပြေတယ်၊ ဆွစ်ဇာလန်က ကျေးလက်ပဲဖြစ်ဖြစ်၊ မြန်မာပြည်က ကျေးလက်ပဲဖြစ်ဖြစ်၊ အဲဒီမှာနေကြတဲ့ လူတွေက မြို့ကြီးသားတွေ ထက်ကို ပိုပြီး ဖော်ရွေတယ်လို့ ခံစားရတယ်၊ အခုသွားခဲ့တဲ့ Lenk ကလည်း တောမြို့လေးတစ်မြို့ပဲ ဆိုကြပါစို့...၊


Photobucket
တည်းခိုရာ ဘန်ဂလိုတွေရှေ့က Reka ဆိုင်းဘုတ်...၊ အိမ်ကနေ ဘာမှ မဝေးပေမယ့် ဒီနေရာက ဆွစ်ဂျာမန် စကားပြောတဲ့ အပိုင်းဖြစ်သွားလို့ လမ်းတွေ၊ ဆိုင်းဘုတ်တွေကို ဂျာမန်လိုပဲ ရေးပါတယ်၊ လူတွေကလည်း ဆွစ်ဂျာမန်ပဲ ပြောကြတယ်၊ မပြောမဖြစ်မှ ပြင်သစ် ဒါမှမဟုတ် အင်္ဂလိပ်လို ပြောတယ်၊ ဆွစ်ဇာလန်က နိုင်ငံလေးက သေးပေမယ့် တရားဝင် ရုံးသုံးဘာသာ စကားက ၄ မျိုးရှိလို့ ဒီလိုမျိုး ခဏခဏ ကြုံပါတယ်၊ တခါတခါတော့လည်း ရယ်ချင်စရာ..၊ ၁ နာရီလောက် ရထားစီးလိုက်ရင်ပဲ ဂျာမန်စကားတွေ ကြားရလို့ တခြားနိုင်ငံ ရောက်သွားသလို မကြာခဏ ခံစားရတယ်၊


Photobucket
ဘယ်ဖက်ခြမ်းမှာ တွေ့ရတဲ့ အိမ်ကလေးက ကျနော်တို့ နေခဲ့တဲ့ အိမ်ကလေးဖြစ်ပါတယ်၊ အားလုံးပေါင်း အခန်း ၈ ခန်း ပါပြီး ဒီ Reka ရွာမှာ တော့ အဲဒီလို အိမ်လေး ၆ လုံးရှိတယ်၊ ကျနော်တို့က မြေညီထပ်မှာဆိုတော့ အပြင်ဖက်က မြက်ခင်းပြင်ကိုလည်း အသုံးပြုလို့ ရတယ်၊ သဘောကျစရာ ကောင်းတာက အိမ်ရှေ့မှာ မြင်နေရတဲ့ အိမ်လေးက မွေးမြူရေး လုပ်တဲ့ ခြံဖြစ်လို့ နွားတွေ၊ မြင်းတွေရဲ့ အသံတွေ ကြားနေရတာပါပဲ၊ တခါတခါ အိမ်တံခါး ဖွင့်ထားလို့ လေသင့်ရင် ကောက်ရိုးနံ့ သင်းသင်းလေးတောင် ရလာတတ်တယ်၊ ကလေးတွေစီးတဲ့ ပိုနီ မြင်းပုလေးတွေလည်း မွေးထားလို့ နေ့ခင်းပိုင်းဆို ကလေးတွေ တရုံးရုံးနဲ့ ရှိနေတတ်ပြန်ပါတယ်၊


Photobucket
Reka ဟိုတယ်ကို ရောက်ဖို့ ဒီလမ်းကနေ ကားနဲ့မောင်းဝင်လာရတယ်၊ ဟိုးအရှေ့မှာ မြင်နေရတာကတော့ အဲ့လ်ပ်စ် တောင်တန်းတွေပါပဲ၊ နွေဦးဆိုပေမယ့် အဲဒီမှာတော့ နှင်းတွေ တော်တော်များများ ကျန်နေတုန်းပဲ၊ ညာဖက်က မြင်ရတဲ့ အိမ်ကလည်း နွားမွေးတဲ့ အိမ်ပါပဲ၊ အဲဒီက နွားတွေက တည်းခိုခန်းရှေ့က စားကျက်မှာ အမြဲတမ်း စားလို့၊ သောက်လို့...၊


Photobucket
ဒါကတော့ ခုနမြင်ရတဲ့ အဲ့လ်ပ်စ် တောင်တွေရဲ့ မျက်နှာချင်းဆိုင်ဖက် အခြမ်းပါ၊ ဒီဖက်မှာ မြင်နေရတဲ့ အိမ်တွေ အားလုံးနီးပါးက မွေးမြူရေး လုပ်ကြတဲ့ အိမ်တွေပါပဲ၊ နွေဦးဝင်လာတာနဲ့ နွားတွေ၊ သိုးတွေကို အနီးတဝိုက်က စားကျက်တွေမှာ လှန်ထားတတ်ကြတယ်၊ နွေရာသီလုံးလုံး ရောက်ရင်တော့ ဟိုးတောင်ပေါ်က စားကျက်တွေအထိ မောင်းသွားပြီး အဲဒီမှာပဲ တနွေလုံး ထားကြတယ်၊ အဲဒီ မွေးမြူရေး လုပ်တဲ့ အိမ်တွေရဲ့ အိမ်ရှေ့မှာ ရေခဲသေတ္တာလေးတွေ ထုတ်ထားပြီး သူတို့ရဲ့ ခြံထွက် နွားနို့၊ ဒိန်ခဲ၊ ကြက်ဥ စတာတွေကို အဲဒီ ရေခဲသေတ္တာတွေ ထဲမှာ ထည့်ပြီးရောင်းတယ်၊ ပစ္စည်းဈေးကို ရေခဲသေတ္တာမှာ ကပ်ထားတယ်၊ နွားနို့တစ်ပုလင်းဈေး၊ ကြက်ဥတစ်လုံးဈေး၊ ဒိန်ခဲတစ်ထုပ်ဈေး စသဖြင့်...၊ ဝယ်ချင်တဲ့လူက ကိုယ့်ဟာကိုယ် ရေခဲသေတ္တာထဲမှာ ဖွင့်ပြီးယူ၊ ကျသင့်ငွေကို ဘေးနားက ဘူးလေးထဲမှာ ထည့်ထားခဲ့ရုံပါပဲ၊ ဘားကုဒ်မပါတဲ့ စားသောက်ကုန်တွေကို ကြိုက်သလောက် လတ်လတ်ဆတ်ဆတ် ဝယ်လို့ရတဲ့ နေရာတွေပေါ့၊ အရောင်းဝန်ထမ်းလည်း မရှိ၊ ပစ္စည်းတွေ scan မဖြတ်ဘဲ အပြင်ထွက်သွားရင် အသံထမြည်တဲ့ တံခါးတွေလည်း မရှိ၊ ဗီဒီယို ကင်မရာတွေလည်း မရှိ...၊ ရှိတာက ရောင်းသူနဲ့ ဝယ်သူကြားမှာ ထားတဲ့ အပြန်အလှန် ယုံကြည်မှုပါပဲ၊ ကျနော်တို့ အိမ်ဖက်က ကားလမ်းဘေး ပန်းစိုက်ခင်းတွေမှာတော့ ကပ်ကြေးတစ်လက်နဲ့ ဘူးလေးချထားပြီး တစ်ပွင့်ဘယ်လောက်လို့ ရေးထားတဲ့ စိုက်ခင်းတွေ တော့ရှိတယ်၊ ဝယ်သူက ကိုယ့်ဟာကိုယ် စိုက်ခင်းတွေမှာ ကြိုက်တဲ့အပွင့် ကပ်ကြေးနဲ့ဖြတ်ပြီး ပိုက်ဆံထားခဲ့တဲ့ စနစ်ပါ၊ အခုလို အစားအသောက်ကို ရောင်းတာတော့ ဒီမှာ ပထမဆုံး တွေ့ဖူးတာပါပဲ၊


Photobucket
ဘန်ဂလိုတွေ ရှေ့မှာတော့ ကလေးတွေ အတွက် စက်ဘီးတွေ၊ ကားတွေ မောင်းလို့ရအောင် လမ်းလေးတစ်ခု လုပ်ထားပေးတယ်၊ တကယ့်ကားလမ်းမလို မျဉ်းတွေ၊ လိုင်းတွေ၊ ယာဉ်အန္တရာယ် သတိပေး ဆိုင်းဘုတ်တွေနဲ့၊ ဒါက အဲဒီလမ်းကလေး အဝင်ဝက 'ကလေးများလမ်း' ဆိုင်းဘုတ်ပါ၊


Photobucket
ကလေးတွေအတွက် ဘက်ထရီနဲ့မောင်းတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ခြေနင်းကား၊ ခြေနင်းဆိုင်ကယ်၊ စက်ဘီး၊ လယ်ထွန်စက်၊ ဝန်ချီစက် တော်တော်များများ ထားပေးထားတယ်၊ အလကားတော့ မဟုတ်ဘူး၊ ယာဉ်ပေါ်လိုက်လို့ တရက်ကို ဆွစ်ဖရန့် ၂ ဖရန့်ကနေ ၅ ဖရန့်အထိ ပေးရတယ်၊ မိသားစုတွေ excursion ထွက်လို့ရအောင် လူကြီးစီး စက်ဘီးတွေလည်း ငှားတယ်၊


Photobucket
သားကတော့ အဲဒီမှာ စိတ်ကြိုက်ပေါ့၊ စီးစရာတွေ များလွန်းလို့ သူ့မှာ ဘာရွေးရမှန်းတောင် မသိဘူးဆိုပဲ၊ ဒါပေမယ့် ကျနော်တို့ကတော့ တစ်ရက်ကို ယာဉ် ၂ စီးထက် ပိုမငှားပေးပါဘူး၊ တန်ဖိုးထားတတ်တဲ့ စိတ်လေး လျော့သွားမှာ စိုးလို့၊


Photobucket
ဒီ မော်တော်ဆိုင်ကယ်လေးကိုတော့ သူ အတော်ကြိုက်သွားတယ်၊ သူက အားလုံးထဲမှာ တော်တော်မြန်တယ်၊ ညနေ ကစားလို့ပြီးရင် ကားတွေ၊ ဆိုင်ကယ်တွေကို သံကြိုးနဲ့ သော့ပြန်ခတ်၊ ဘက်ထရီအားသွင်းတဲ့ ဓါတ်ကြိုးကို ပြန်တပ်၊ သော့ကို reception က ပုံးလေးထဲမှာ သွားပြန်ထည့်ရပါတယ်၊


Photobucket
ဟိုတယ်ရဲ့ တဖက်ခြမ်း တောင်ခြေ၊ ကုန်းမြင့်မှာ ဆောက်ထားတဲ့ Chalet အိမ်လေးတွေနဲ့ ထင်းရူးတောပါ၊ အရင်တုန်းက ဆွစ်ရိုးရာ chalet တွေမှာ အုတ်၊ အင်္ဂတေ သိပ်မပါပေမယ့် အခုနောက်ပိုင်းတော့လည်း တော်တော်များများ သုံးလာကြပါပြီ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အိမ်တွင်းအပူပေး စနစ်က မီးလင်းဖို တစ်ခုပဲ ရှိပါတယ်၊ အခုတော့ လျှပ်စစ် heater ရေပူရေအေး၊ ဂျာကူဇီ၊ တချို့ chalet ဆို အိမ်တွင်း ရေကူးကန်နဲ့ဘာနဲ့၊ နောက်ပိုင်း အိမ်တွေက အရောင်တင်ဆီသုတ်ထားတဲ့ သစ်သားအရောင်တွေနဲ့ပေမယ့် တချို့တွေကတော့ ရှေးယခင် အတိုင်း ရေနံလို ဆေးတမျိုးသုတ်ထားတဲ့ အမည်းရောင် အတိုင်းပါပဲ၊ ဒီလို အိမ်အမည်းလေးတွေကို မြင်တော့ မြန်မာပြည်က ရေနံချေး ဝနေတဲ့ အိမ်ကလေးတွေကို သတိရမိတယ်၊


Photobucket
အဲဒီ တဖက်ခြမ်းကပဲ နွားအုပ်တအုပ်ကို zoom နဲ့ ဆွဲရိုက်ထား ကြည့်တာ..၊ သူတို့က အတော်လေးတော့ လှမ်းပါတယ်၊ ဒါပေမယ့် လေသင့်တာက တကြောင်း၊ နွားတွေလည်ပင်းမှာ ဆွဲထားတဲ့ သံခလောက်ကြီးတွေက အသံကျယ်လွန်းတာ တကြောင်းဆိုတော့ အဝေးကြီးကနေ နွားအုပ်ကိုကြားရတယ်၊ ဒါ့ကြောင့်လည်း တောင်ပေါ်စားကျက်တွေမှာ တစ်လ ကိုးသီတင်း ဒီလိုပဲ လွှတ်ထားပေမယ့် သိပ်ခဲခဲယဉ်းယဉ်း မရှာရဘဲ ပြန်တွေ့တာဖြစ်မယ်၊


Photobucket
ကျနော်တို့ နေခဲ့တဲ့ အခန်းလေးက ရိုးရိုးစင်းစင်းလေးပါပဲ၊ အိပ်ခန်းတစ်ခန်းနဲ့ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ထိုင်ခုံ မွေ့ရာတစ်ခုပါတဲ့ ဧည့်ခန်း....၊ ဒါပါပဲ၊ ဧည့်ခန်းမှာ လိုင်း ၆ လိုင်းပဲ ဖမ်းလို့ရတဲ့ ရေဒီယိုလေး တစ်လုံးရှိတယ်၊ တီဗီ မရှိဘူး၊ အခမဲ့ WiFi စနစ်တော့ ရှိတယ်၊ အဲဒီမှာ နေတုန်း ဘလော့ဂ်လည်းမရှိ၊ တီဗီလည်း မကြည့်၊ သတင်းစာလည်း (ရွာထဲ သွားမဝယ်လို့) မရှိနဲ့..၊ ပုံမှန်ကျင်လည်ရာ လောကနဲ့ အဆက်အသွယ် ပြတ်နေခဲ့တယ်၊ ညဆိုလည်း ဘာမှလုပ်စရာ မရှိလို့ စာအုပ်လေး တစ်အုပ်ဖတ်ပြီး ၁၀ နာရီမထိုးခင် ထူးထူးဆန်းဆန်း အိပ်ရာတွေဘာတွေတောင် ဝင်ဖြစ်လို့...၊ တကယ့်ကျေးလက် ပါပဲ၊ မိုးလင်း အိပ်ရာထတော့ ဧည့်ခန်း ပြူတင်းပေါက်က အရင်ဆုံး တွေ့ရတာ က နှင်းဖုံးတောင်တန်းတွေ...၊

ဒီမှာနေတုန်း ကောင်းတာတခုက အားလုံးက ကိုယ့်လိုပဲ ကလေးတွေပါတဲ့ မိသားစုတွေ ဆိုတော့ ကိုယ့်ကလေး ပြေးလွှားအော်ဟစ်နေလည်း အားနာစရာ မလိုတာပါပဲ၊ ငိုတဲ့ကလေး၊ ဆူညံတဲ့ကလေး၊ တချိန်လုံး လျှောက်ပြေးနေတဲ့ကလေး၊ ကလေးပေါင်းစုံကို တွေ့ရဖို့ လူကြီးတိုင်းက အဆင်သင့်ဖြစ်တဲ့ စိတ်တွေနဲ့ လာခဲ့ကြမှာကိုး၊ ဒီမှာနေတုန်း မကောင်းတာကတော့ ကော်ဖီပဲ၊ ရေရေလည်လည် ညံ့တယ်၊ ၃ ရက်ဆက်တိုက် ဝတ်ထားတဲ့ ခြေစွပ်ကို ရေစိမ်ပြီး သောက်ရသလိုပဲ၊ ကျနော် သိရသလောက် အရင်တုန်းက ဒီအခန်းတွေမှာ ကော်ဖီမှုန့်ကနေ ပေါင်းခံပြီး အိုးလိုက်ဖျော်ရတဲ့ စက်တွေထားပေးတယ်၊ ဧည့်သည်တွေက ကိုယ့်ကော်ဖီမှုန့်နဲ့ ကိုယ်လာခဲ့၊ အခုတော့ Nespresso လို ဗူးလေးတွေ ထည့်ရတဲ့ စက်တွေ ထားပေးတယ်၊ Nespresso တော့မဟုတ်ဘူး၊ ဘာတံဆိပ်မှန်းတောင် မမှတ်မိ တော့ဘူး၊ ဒီလောက်အရသာ ဆိုးဝါးတဲ့ကော်ဖီ ဒီကမ္ဘာလောကရဲ့ တခြား ဘယ်နေရာမှာမှ ရှိနိုင်တော့မယ်လို့ မထင်ဘူး၊ အဲဒီလောက်တောင်...၊ တော်သေးတာ တခုက ဘူတာရုံတွေမှာ တွေ့ရတတ်တဲ့ ကော်ဖီစက်မျိုး တစ်ခု reception အရှေ့မှာ ထားပေးတယ်၊ ပိုက်ဆံ ထည့်ပြီးဝယ်ရတဲ့ တော်ရိလျော်ရိ ကော်ဖီ..၊ ဒါပေမယ့် အဲဒီစက်ထဲက ကော်ဖီကတောင် သူတို့ဆီက ဝယ်ထားရတဲ့ ဗူးလေးတွေထဲက ကော်ဖီထက် အများကြီး ပိုကောင်းနေသေးတယ်၊ ကဲ..ဘယ်လောက်များ ဆိုးသလဲ ဆိုတာ...၊ ကျနော့်မှာ ကော်ဖီကောင်းကောင်း တစ်ခွက်နဲ့ အဲ့လ်ပ်စ် တောင်တန်းတွေကို ခံစားမလို့ဟာ ရုပ်ရှင်ရုံထဲ ရောက်ပြီးမှ နေကြာစေ့ထုပ် မေ့ကျန်ခဲ့သလို အဖြစ်မျိုး...၊ ပိတ်ကားကြီးကြည့်ပြီး နှုတ်ခမ်းပဲ သပ်နေရတော့ မလိုလို၊ ဖြစ်ပုံများ ပြောပါတယ်...။ ။


ညီလင်းသစ်
၃၀ ဧပြီ၊ ၂၀၁၁

စာကြွင်း။ ။ အနီးအနားကို လျှောက်သွားတဲ့ ပုံတွေကိုတော့ နောက်တစ်ပို့စ်မှာ တင်ပါ့မယ်..။

20 April 2011

ခရီးသွားရန် ရှိသည်...


အီစတာပိတ်ရက်နဲ့ ဒီစနေ၊ တနင်္ဂနွေပေါင်းပြီး ခရီးတိုလေးတခု သွားဖို့ရှိပါတယ်၊ အိမ်ကနေ ၂ နာရီသာသာ လောက်မောင်းရင် ရောက်တဲ့ ပြည်တွင်းခရီးလေးပါပဲ၊ ကလေးတွေအတွက် ကစားစရာနေရာတွေ ဆောက်ထားတဲ့ ရွာကလေးတစ်ခုကို သွားမှာဆိုတော့ သားက အတော်ပျော်နေတယ်၊ တနင်္လာနေ့မှာ ပြန်ရောက်မှာပါ၊ ဝမ်းသာနေတာက နောက်တနေ့ အင်္ဂါကနေ ကြာသပတေးနေ့အထိ ကျနော် ခွင့် ၃ ရက်ထပ်ယူထားတာကိုပါ၊ အမှန်တော့ ဘာမှ အထွေအထူး မဟုတ်ပါဘူး၊ မနှစ်က ခွင့်လက်ကျန် ၄ ရက် ရှိသေးလို့ အကုန်ဖြတ်တဲ့ သဘောပါပဲ၊ ဧပြီလကုန်အထိမှ မယူရင် အဲဒီခွင့်တွေအားလုံး ဆုံးမှာဆိုတော့ ယူလိုက်တာပေါ့..၊

ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ လျှောက်ရိုက်မယ်၊ Editing လုပ်မယ်၊ သွားချင်တဲ့ နေရာလေးတွေ စာရင်းတို့ထားတယ်၊ တစ်ယောက်ထဲ လွတ်လွတ် လပ်လပ် သွားရမှာမို့ ပျော်နေပါတယ်၊ ရာသီဥတု သာယာဖို့ပဲ မျှော်လင့်ပါတယ်၊ ဒါနဲ့ စကားမစပ် ပြီးခဲ့တဲ့ ပို့စ်မှာ ကွန်မန့်ချန်ခဲ့တဲ့ ညီအစ်ကို၊ မောင်နှမတွေထဲက ဘယ်နှစ်ယောက်လောက်များ စိတ်ပညာကို သင်ဖူး၊ လေ့လာဖူးသလဲ-လို့ ကျနော် တွေးနေမိတယ်၊ သေချာတာကတော့ အားလုံးဟာ စိတ်ဓါတ်မြှင့်တင်ရေးဌာန တွေမှာ ကောင်းကောင်းအလုပ်ရနိုင်တယ် ဆိုတာပါ၊

မြန်မာကားတချို့ထဲကလို ပြောရရင်တော့ ကျနော်က ချောင်းတွေ တဟွတ်ဟွတ် ဆိုးပြီး တုန်တုန်ချိချိနဲ့ "သားတို့ သမီးတို့ရယ်...၊ အခုလို အားပေးကြတာလေ... အဘတော့ သိပ်ကို ဝမ်းသာရသကွယ်၊ ဒါပေမယ့် ဒီကင်မရာ၊ ဒီမှန်ဘီလူးနဲ့တော့ အဘ ဒီတောင်ကို ကျော်နိုင်တော့ မယ် မထင်ပါဘူးကွယ်၊ ဟိုဖက်တောင်ရောက်လည်း ပုံတွေက ဒီ့ထက်ပိုပြီး ကောင်းမှာ မဟုတ်ပါဘူးကွယ်..."ဆိုပြီး ခေါက်ကနဲ ဇက်ကျိုးကျ၊ အဲဒီအချိန် နောက်ခံ နှဲသံက ဆွေးဆွေးမြေ့မြေ့ပေါ်လာ...၊ အဲ..အဲဒီလို ဖြစ်မှာပေါ့လေ...၊း) ပြောချင်တာက ဒီမှန်ဘီလူးနဲ့တော့ ကျနော်ရိုက် နိုင်တဲ့ အကောင်းဆုံး ငွေလဝန်းက အဲဒါပဲ ဖြစ်ကောင်းဖြစ်မှာပါ၊ ကိစ္စတော့ မရှိပါဘူး၊ ခင်အောင်မြင့် ကဗျာထဲကလို 'ပန်း မပွင့်ရင်တောင် အရွက်လှဖို့' ကြိုးစားခဲ့ချင်တဲ့ ဆန္ဒရှိပါတယ်၊ စိတ်ဓါတ်လည်း မကျပါဘူး၊ ဒါပေမယ့် ဝိုင်းဝန်းအားပေး၊ စိတ်ဓါတ်မြှင့်တင်ပေးတဲ့ ကွန်မန့်တွေ ဖတ်လိုက်ရတော့ လူက စတီးရွိုက်ဆေးပြား စားလိုက်မိသလိုပဲ၊ မီတာ ၁၀၀ ကို ၅ စက္ကန့်နဲ့တောင် ပြေးချင်ပြေးနိုင်မယ့် ပေါ့ပါးမှုမျိုးနဲ့...၊ တကယ်ပဲ ပျော်ရွှင်ရလို့ အားလုံးကို ကျေးဇူးတင်ကြောင်း တကန်တက ပြောပါရစေ၊ ပြန်လာတဲ့အခါ ဆုံကြဦးမယ်လေ....နော။ ။းD


ညီလင်းသစ်
၂၀ ဧပြီ၊ ၂၀၁၁

19 April 2011

လတစင်းရဲ့ ညခင်းအလင်္ကာ


" ရှေရီ...၊ ဟိုမှာကြည့်ပါဦး၊ လှလိုက်တာ..."

မအိမ်သူက ပြောလည်းပြော၊ အပြင်ဖက်ကိုလည်း လက်ညှိုးထိုးပြလို့ ကမန်းကတန်း လှည့်ကြည့်လိုက်တယ်၊ အပြင်ဖက်မှာ တွေ့လိုက် ရတာက တက်သစ်စ ငွေလဝန်း...၊ သစ်ပင် အုပ်ဆိုင်းဆိုင်းတွေရဲ့ အပေါ်မှာ အခုမှ ထွက်ပေါ်လာခါစ လှလှပပ၊ ကြွကြွရွရွ...၊ ဟုတ်တယ်...၊ လှလိုက်တာ...၊ လဝန်းက အကြီးကြီး မဟုတ်ပေမယ့် တိမ်ကင်းစင်တဲ့ နောက်ခံ ကောင်းကင်ပြာနဲ့၊ ရှေ့က သစ်ပင်အုပ် ခပ်မှောင်မှောင်နဲ့ အတော်ပဲ လိုက်ဖက်တယ်၊ ခဏလောက်ကြာအောင် ကြည့်ပြီးတော့ ရှေ့ဖက်ပြန်လှည့်ပြီး ညစာ ဆက်စားဖြစ်တယ်၊ ဒါပေမယ့် စိတ်က ချက်ချင်းပဲ ပျံ့လွင့်သွားခဲ့ပြီ...၊

ကျနော်က ဝရန်တာကို ထွက်တဲ့ မှန်တံခါးပေါက်ကို ကျောပေးထိုင်ပြီး ညစာ, စားနေတာပါ၊ နောက်ကျောဖက်မှာ ခုနက မြင်လိုက်ရတဲ့ လအကြောင်းကို ဆက်တွေးနေမိတယ်၊ လှလိုက်တာ...၊ ဓါတ်ပုံထွက်ရိုက်ရင် ကောင်းမလား မသိဘူး၊ ချက်ချင်းပဲ ပြန်စဉ်းစားတယ်၊ ဟာ.. ဒီမှာ စားရင်းသောက်ရင်း တန်းလန်းကြီးဟာကို..၊ ဘယ့်နှယ်...၊ ပြီးတော့ အရင်ကလည်း ​လ,ကို ဓါတ်ပုံတွေ ရိုက်ဖူးတာပဲ၊ မလွယ်တဲ့အပြင် ပုံတွေထွက်လာတော့လည်း ဘာမှ ကောင်းကောင်းကန်းကန်း ရှိတာမဟုတ်ဘူး၊ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ လမင်းကို ကျနော် ဓါတ်ပုံတွေ ရိုက်ဖူးတယ်၊ ဘယ်လိုရိုက်ရိုက် တခါမှ စိတ်တိုင်းမကျခဲ့ဘူး၊ အခုရိုက်ရင်လည်း ဒီလိုပဲ လာမှာပဲ၊ ထမင်းစားပျက်တာပဲ အဖတ် တင်မယ်...၊ ဒါနဲ့ သုံးလေးလုတ် ဆက်စားတယ်၊

အဲဒီမှာ တခုကို သွားတွေးမိပြန်တယ်၊ နေဦး...၊ အရင်က ရိုက်ခဲ့တာက 450D ကင်မရာနဲ့...၊ crop sensor လည်းဖြစ်၊ pixel density လည်း မကောင်းဆိုတော့ ပုံထွက်က ဘယ်မိုက်မှာလဲ၊ အခုတော့ 5DmarkII ရှိနေပြီပဲ၊ သူ့ကို သုံးပြီး လ,ကို တခါမှ မရိုက်ဖူးသေးဘူး၊ အဲဒီ argument လည်း ရသွားရော ညစာကို ဆက်စားလို့ မရချင်တော့ဘူး၊ ဘေးမှာတော့ မအိမ်သူက ဘာတွေလည်း မသိဘူး... ပြောနေသေး တယ်၊ ကျနော်က ကြားတချက်၊ မကြားတချက်နဲ့...၊ အဲဒီလို ထိုင်နေရင်းနဲ့လည်း ကျောဖက်မှာ လမင်းကြီးက ကောင်းကင်ကို တရွေ့ရွေ့ တက်လာနေပြီလို့ ခံစားနေရတယ်၊ ကောင်းကင်ထက်မှာ အတော်လေး မြင့်သွားရင် အလင်းတွေ ဖြာသွားပြီး ဓါတ်ပုံရိုက်လို့ မကောင်းတော့ ပါဘူး၊ ဆုံးဖြတ်ချက် ချလိုက်တယ်၊ အိုခေ..ရိုက်မယ်၊

"အင်း..အဲ.. ကိုယ် အပြင်ထွက်ပြီး လ,ကို ဓါတ်ပုံရိုက်လိုက်ဦးမယ်၊ ရပါတယ်နော်.."

ပြောပြောဆိုဆိုနဲ့ ခက်ရင်းကိုချ၊ စားလက်စ စပါဂက်တီကိုထားပြီး ထ,ရပ်လိုက်တယ်၊ ကင်မရာ သွားယူဖို့ ထွက်လာတော့ မအိမ်သူက...

"အင်း..ငါမပြောမိရင် အကောင်းသား၊ သူ့ဟာနဲ့သူဆို ဘာမှ တွေ့မှာတောင် မဟုတ်ဘူး"လို့ အရယ်တဝက်နဲ့ ပြောရင်း ကျန်ခဲ့တယ်၊ ပြီးတော့...

"ဒါပဲနော်..၊ ဒီကတော့ စောင့်ပြီးစားနေမှာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် ဆက်စား" တဲ့...၊

"ရတယ်၊ ရတယ်...၊ ပြီးမှ ဆက်စားလိုက်မယ်" လို့ လှမ်းအော်ရင်း ကင်မရာကို မှန်ဘီလူး အမြန်တပ်၊ ထရိုင်ပေါ့ထ်ကို ထုတ်ပြီး ဝရန်တာကို ထွက်လိုက်တယ်၊

လ,က ခုနကနဲ့စာရင် အတော်တောင် မြင့်နေပြီ၊ ထရိုက်ပေါ့ထ်နဲ့ ကင်မရာကို အမြန်ဆုံးဆင်ပြီး ရိုက်ချလိုက်တယ်၊ Exposure အမျိုးမျိုး ပြောင်းရိုက်တယ်၊ Focal length အမျိုးမျိုး ပြောင်းရိုက်တယ်၊ Shutter release remote မရှိသေးတာ နာတယ်ကွာလို့ ပြောရင်း timer နဲ့ပဲ ရိုက်ရတယ်၊ ကင်မရာ မလှုပ်အောင် mirror lock-up လုပ်ပြီး ရိုက်တယ်၊ ကောင်းမယ်ထင်တာ..၊ စိတ်ကူးထဲမှာ ပေါ်လာတဲ့ နည်းတွေ အကုန်သုံးပြီး ရိုက်တယ်၊ ၁၅ မိနစ်လောက် ကြာပြီးမှ ထမင်းစားပွဲကို ပြန်လာပြီး ညစာ ဆက်စားတယ်၊ စပါဂက်တီတွေ အေးကုန်ပေမယ့် ရင်ထဲမှာတော့ နွေးနေခဲ့တယ်..၊

xxx လဝန်းလေးနဲ့တူတဲ့ မေ့ကိုလားကွယ် xxx
Photobucket
5DmkII, EF 70-200mm f/2.8L IS USM, 200mm, f/8, 0.3, iso125, self-timer


xxx သန်းခေါင်ယံလမင်း အဝေးမှာ၊ ဒဏ်ရာတွေနဲ့ အိပ်စက်နေ xxx
Photobucket
5DmkII, EF 70-200 f/2.8L IS USM, 200mm, f/11, 1/15, iso125, self-timer, 75% crop


ကွန်ပြူတာထဲကို ပုံတွေ ကူးထည့်လိုက်တော့မှ စိတ်ဓါတ်ကျသွားတယ်၊ ပုံတွေက ကျနော်မျှော်လင့်ထားသလောက် မကောင်းပါဘူး၊ နည်းပညာပိုင်း အားနည်းတာလည်း ပါမှာဖြစ်သလို ကိရိယာပိုင်းလည်း လိုနေခဲ့တာ...၊ ကျနော့်မှာ ရှိတဲ့ အရှည်ဆုံး focal length က ၂၀၀ မီလီမီတာ ပဲ ရှိပါတယ်၊ ပြီးတော့ extension tube လည်း မရှိဘူး၊ တကယ်ဆိုရင် wildlife photography မှာသုံးတဲ့ 300 mm, 400 mm မှန်ဘီလူးကြီးတွေနဲ့ ရိုက်ရမှာ..၊ ပထမတော့ ဒီပုံတွေကို မတင်တော့ဘူးလို့ ထားလိုက်တာပါပဲ၊ တနေ့ အဲဒီလို မှန်ဘီလူးတွေနဲ့ ရိုက်တဲ့ အခါကျမှ တင်မယ်ပေါ့..၊ ဒါပေမယ့် ကျနော်က wildlife photography ကို စိတ်မဝင်စားပါဘူး၊ ဆိုတော့ အဲဒီမှန်ဘီလူးတွေလည်း ဘယ်တော့မှ ဝယ်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ဒီဘလော့ဂ်ပေါ်မှာလည်း ဘယ်တော့မှ လ,သာစရာ အကြောင်း မရှိတော့ပါဘူး၊ ဒါနဲ့ပဲ အသင့်တော်ဆုံး ၂ ပုံကို တင်လိုက်ပါတယ်၊ ပြီးခဲ့တဲ့ ပို့စ်က Sunrise ဆိုတော့ တဆက်တည်း ဒီပို့စ်က Moonrise ပေါ့၊ ဒုတိယပုံက ၇၅% ပုံကြီး ချဲ့ထားတာပါ၊ Lens က မကြီးတော့ ပုံကိုပဲ အကြီးချဲ့ ရတော့တာပေါ့လေ..၊ ဒီလို ရိုက်ခဲ့တာကို အမှတ်တရ ရှိစေဖို့သာ ရည်ရွယ်တာမို့ အရည်အသွေး မကောင်းတဲ့ ပုံတွေကို သည်းခံပြီး ကြည့်သွားကြပါ-လို့.....။ ။


ညီလင်းသစ်
၁၉ ဧပြီ၊ ၂၀၁၁

18 April 2011

နှစ်သစ်မင်္ဂလာ


ဒီနေ့မနက် အစောကြီး ထပြီးတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အနေနဲ့ နေထွက်ချိန် sunrise ဓါတ်ပုံ ရိုက်ဖြစ်ပါတယ်၊ ရေကန်ဘေး မှာ တမေ့တမော အိပ်နေတဲ့ မြို့ကလေးပေါ်ကို ပထမဦးဆုံး နေရောင်ခြည်တွေ ဖြာကျလာတာကို ရိုက်မယ်လို့ စဉ်းစားပြီးတော့ ကန်စပ်ကို ဆင်းလာခဲ့တယ်၊ ဟိုရောက်တော့ ဘယ်သူမှ မရှိဘူး၊ တနင်္ဂနွေမနက်ဆိုတော့ အားလုံးက အေးအေးဆေးဆေး အိပ်နေကြပုံ ပါပဲ၊ စိတ်ကြိုက်နေရာ တစ်ခုကို ရွေးပြီးတော့ tripod ကိုထောင်၊ ကင်မရာဆင်ပြီး test shots တွေ ရိုက်လိုက်တယ်၊ exposure စိတ်ကြိုက် ရတော့မှ အလင်းရောင် အပြောင်းအလဲကို စောင့်ရင်း အေးအေးဆေးဆေး ရိုက်ပါတယ်၊ ဒီရက်ပိုင်း နေသာတယ် ဆိုပေမယ့် မနက်ပိုင်း တွေမှာ တော်တော်အေးနေတုန်းပါပဲ၊ လက်တွေကို ကင်မရာ ပေါ်မှာ တချိန်လုံး မတင်ထားနိုင်ဘူး၊ ရိုက်လိုက်.. အိတ်ထဲပြန်နှိုက်ထားလိုက်... လုပ်နေရတယ်၊ မနက်စောစောမှာ ပတ်ဝန်းကျင်တခုလုံး အေးမြလန်းဆန်းပြီး ငှက်ကလေးတွေရဲ့ သီချင်းသံတွေနဲ့ တကယ်ပဲ ချမ်းမြေ့ ကျက်သရေ ရှိလှပါတယ်..၊

ကျနော့်ဘလော့ဂ်လေးကို လာလည်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအားလုံးကို ငြိမ်းချမ်း၊ သာယာတဲ့ နှစ်သစ်ဖြစ်ပါစေလို့ နှုတ်ခွန်းဆက် ပါတယ်ခင်ဗျား....။ ။


Sunrise over Lausanne (HDR)
Photobucket
HDR of 6 photos Ev -1/0/+1 combined in Photoshop CS3


Sunrise over Lausanne
Photobucket
5DmarkII, EF 24-105 f/4L IS USM, 75mm, f/8, 1/640, iso400


ညီလင်းသစ်
၁၇ ဧပြီ၊ ၂၀၁၁

11 April 2011

ချစ်တတ်သူတို့ပြောတဲ့ အချစ်အကြောင်း ...


လွန်ခဲ့တဲ့ ရက်တွေတုန်းက ဘလော့ဂ်တော်တော်များများမှာ အချစ်အကြောင်းပြောသံတွေ ဆူညံသွားခဲ့တယ်၊ မသက်ဝေက တဂ်လိုက်လို့ အမျိုးမျိုးသော အချစ်အကြောင်းကို ဘလော့ဂါတွေက ရှုထောင့်များစွာကနေ ပြောပြခဲ့ကြ ပါတယ်၊ ချစ်တတ်သူတို့ ပြောတဲ့ အချစ်အကြောင်းကို ကျနော် လက်လှမ်းမှီသလောက် လိုက်ဖတ်ဖြစ်ပါတယ်၊ တယောက်တမျိုး မရိုးရအောင် အားလုံးက ပြောသွားခဲ့ကြလို့ တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းသလို ဖတ်ပြီးတိုင်းမှာ လည်း အတွေးတွေနဲ့ ကျန်ရစ်ခဲ့တယ်၊ အချစ်အကြောင်းဟာ တသက်စာ ပြောမကုန်ပါဘူး၊ အချစ်အကြောင်းတွေ ဖတ်လို့ ပြီးတော့ ရင်ထဲမှာ သီချင်းလေး တစ်ပုဒ်ရောက်လာခဲ့တယ်၊ ဒါနဲ့ ဂစ်တာနဲ့ ဟာမိုနီကာကို ယူပြီး အဲဒီသီချင်းလေးကို ဆိုညည်းဖြစ်ပါတယ်၊ တော်တော်များများလည်း သိပါလိမ့်မယ်၊ စောခူဆဲ ရေးခဲ့ပြီး ကိုငှက်ကြီး ဆိုခဲ့တဲ့ 'အချစ်ဆိုသည်မှာ' ဆိုတဲ့ သီချင်းလေးပါပဲ၊ အချစ်အကြောင်းကို သီချင်းလေးက ပြောတယ်၊ အဲဒီသီချင်းလေး အကြောင်းကိုတော့ အခု ဒီဗီဒီယိုလေးက ပြောပြပါလိမ့်မယ်၊ အချိန်ရရင် နားထောင်သွားပါဦး....လို့။ ။




ညီလင်းသစ်
၁၁ ဧပြီ၊ ၂၀၁၁

06 April 2011

နှစ်သက်မိရာ တနေ့တာ


လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီမှာ ကျန်ခဲ့တဲ့ ဟိုးအရင် ဘဝတွေတုန်းက တနေ့တာ ဖြတ်သန်းမှုဆိုတာ လေထဲမှာ သင်းပျံ့နေတဲ့ ကောက်သင်းရနံ့လေးတွေ၊ နားစည်မှာ လာရောက် ရိုက်ခတ်တတ်တဲ့ ရွာဦးစေတီက ဆည်းလည်းသံ ခပ်လွင်လွင်လေးတွေ၊ မြင်လွှာမှာ နူးညံ့စွာ ပေါ်လာတတ်တဲ့ စိမ်းစိမ်းစိုစို လယ်ကန်သင်းတွေနဲ့ အနည်းနဲ့အများ ရိုးရိုး ရှင်းရှင်း ငြိမ်းငြိမ်း ချမ်းချမ်း ရှိနေခဲ့မှာ သေချာပါတယ်၊ ဒီဖက်ခေတ်လို တိုးတက်မှုတွေ တိုးဝှေ့၊ တွန်းတိုက်နေတဲ့ ကာလမှာတော့ တနေ့တာ ဖြတ်သန်းမှုထဲမှာ အရောင်တွေ၊ အရိပ်တွေ အများကြီး ပြောင်းသွားသလို အမောတွေကိုလည်း တော်တော်များများ သယ်ပိုးခရီးနှင်နေ ကြရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ်ဘဝ ​ရုန်းကန်လှုပ်ရှား ရတာတွေထဲမှာ တစိမ့်စိမ့်နဲ့ ကြိုက်နှစ်သက်တာတွေ ရှိသလို ပြေးရင်းလွှားရင်း ဖြတ်ကနဲ ကြိုက်မိတာတွေလည်း ရှိမှာပါ၊ လူဆိုတာက ကိုယ်ကျင်လည်ရာ ဝန်းကျင်မှာ နှစ်သက်တာလေးတွေ ရှိတဲ့အခါ အခိုက်အတန့်လေးပဲ ဖြစ်စေဦးတော့၊ ဘဝဟာ နေပျော် တယ်လို့ ထင်မိကြတာမျိုး မဟုတ်လား၊ တကယ်တော့ ဘာကို ကြိုက်သလဲဆိုတာက အရေးမကြီးပါဘူး၊ ကြိုက်တတ်တဲ့ စိတ်ကလေး၊ အသိအမှတ်ပြု နှစ်သက်တတ်တဲ့ စိတ်ကလေး ရှိနေဖို့က ပိုပြီး အရေးကြီးတာပါ၊ မသက်ဝေ တဂ်လာတဲ့ Daily likes ဆိုတဲ့ ပို့စ်လေး ဖြစ်ပါတယ်...၊


# အိပ်ရာထ နှိုးစက်ကို အလျော့တွက်နဲ့ ပေးပြီး နှိုးစက်သံ ကြားကြားချင်း မထဘဲ ၅ မိနစ်လောက် ဆက်အိပ်ခွင့်ရတဲ့ အိပ်တဝက်၊ နိုးတဝက် အဲဒီ အခိုက်အတန့်လေးကို ကြိုက်တယ်၊

# ရေတဖန်ခွက် သောက်တဲ့အခါ တညလုံး ခြောက်သွေ့နေတဲ့ အာခေါင်၊ ရင်ခေါင်း၊ အူနံရံတလျှောက် ရေအေးအေး တွေ စီးကျသွားတာကို ခံစားရတာ ကြိုက်တယ်၊

# အိပ်ရာထထချင်းမှာ ခေါင်းလောင်းပြီး ရေချိုးရတာကို ကြိုက်တယ်၊ ဆေးကြော်ငြာတွေမှာ တွေ့ရတဲ့ before and after ခြားနားချက်လိုပဲ လူက ချက်ချင်း လန်းဆန်းသွားလို့...၊

# ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီတွေ ဝတ်ရတာကြိုက်တယ်၊ တကူးတက ဖြီးသင်နေစရာ မလိုဘဲ ခေါင်းလိမ်းဆီ ခရင်မ် လက်ညှိုးတကော်နဲ့ ဆံပင်တွေကို လက်နဲ့သပ်လိုက်ရတာ ကြိုက်တယ်၊

# အလုပ်ကို ၅ မိနစ်အတွင်း ရောက်သွားတာကို ကြိုက်တယ်၊ ကျောင်းတက်ခဲ့တုန်းက အသွား ၁ နာရီခွဲ၊ အပြန် ၁ နာရီခွဲ အချိန်ပေးခဲ့ရတာ ကို ပြန်တွေးလေ အခုလို အလုပ်နဲ့အိမ်နဲ့ နီးတာကို ပိုပြီး နှစ်သက်လေပါပဲ၊

# မနက် ၇ နာရီခွဲမှာ အလုပ်စလို့ ရသလို ၁၀ နာရီခွဲမှ စလို့ရတဲ့ လွတ်လပ်မှုကိုလည်း ကြိုက်တယ်၊

# ဘာမှ မလုပ်ခင် ဘလော့ဂ်တကိုက် ကော်ဖီတကျိုက်နဲ့ လျှောက်လည်ရတာကို ကြိုက်တယ်၊

# ဓါတ်ခွဲခန်းထဲမှာ သီချင်းဖွင့်ထားပြီး ဘယ်သူနဲ့မှ စကားပြောစရာ မလိုဘဲ အလုပ်လုပ်ရတာ ကြိုက်တယ်၊

# မနက် ၁၁ နာရီခွဲမှာ ကင်န်တင်း ဖွင့်ဖွင့်ချင်း နေ့လယ်စာ သွားစားရတာကြိုက်တယ်၊ (၁၂ နာရီလောက်ဆို အတန်းတွေ ဆင်းပြီး ကျောင်းသားတွေနဲ့ ကင်န်တင်းက ပြည့်ပြည့်သွားတတ်လို့...)

# တစ်ယောက်ထဲ စားတဲ့အခါ မှန်ပြတင်းနားမှာ ထိုင်၊ ကော်ရစ်ဒါက လမ်းသွားလမ်းလာတွေကို ငေး၊ တွေးချင်ရာတွေးပြီး ထမင်းစားရတာ ကြိုက်တယ်၊

# အလုပ်စားပွဲ ပြန်ရောက်တော့ အက်စပရက်ဆို တစ်ခွက်နဲ့အတူ ဘလော့ဂ်တွေကို အချိုတည်းရတာ ကြိုက်တယ်၊

# စောစောအိမ်ပြန်လို့ရအောင် analysis တွေ လုပ်စရာမရှိတဲ့ နေ့လယ်ခင်းတွေကို ကြိုက်တယ်၊

# အိမ်ရောက်ရောက်ချင်း ဖိနပ်နဲ့ ခြေစွပ်ချွတ်လိုက်တဲ့အခါ ရတဲ့ ပေါ့ပါးလွတ်လပ်မှုကို ကြိုက်တယ်၊ (အလုပ်က ဖိစီးမှု တွေက အဲဒီ ဖိနပ်၊ ခြေစွပ်တို့နဲ့အတူ ကျွတ်ပြီး အိမ်ဝမှာပဲ ကျန်ခဲ့တယ်လို့ ခံစားရတယ်)

# မအိမ်သူ ညစာပြင်နေတုန်း သားနဲ့ အေးအေးဆေးဆေး ကစားရတာကို ကြိုက်တယ်၊

# ည ၉ နာရီ မထိုးခင် သားအိပ်ပျော်သွားလေ့ ရှိတဲ့ ညတွေကို ကြိုက်တယ်၊ ကျနော့်အတွက် စာဖတ်ဖို့၊ တီဗီကြည့်ဖို့၊ ဘလော့ဂ်ရေးဖို့ အချိန်ပိုရလို့...၊း)

# တခါတလေ ရုပ်ရှင်ကောင်းကောင်း တစ်ခုကြည့်နေတုန်း မအိမ်သူက 'ရေခဲမုန့် စားမလား'လို့ (သူစားချင်တိုင်း) လာလာ အဖော်စပ်ပြီး မေးတာကို ကြိုက်တယ်၊ (ကိုယ့်ဟာကိုယ်ဆိုလည်း ကျနော်က ဘယ်တော့မှ ရေခဲမုန့်စားဖို့ သတိတရ မရှိတတ်ပါဘူး)

# ည ၁၂ နာရီ မထိုးခင်မှာ လေးလံပိကျ လာတဲ့ မျက်ခွံတွေကို ကြိုက်တယ်၊ ဒါပေမယ့် ဒါဟာ တကယ့်ကိုပဲ အင်မတန် ရှားတောင့်ရှားပါး နိုင်လှတဲ့ အဖြစ်ပါ...၊း)


ကျနော့်ရဲ့ တနေ့တာက ဖတ်ရတာ ပျင်းရိငြီးငွေ့စရာများ ကောင်းနေမလားပဲ၊ ဒါပေမယ့် ဒါဟာ တနင်္လာကနေ သောကြာ အတွင်း ကျနော်အများဆုံး ဖြတ်သန်းလေ့ရှိတဲ့ ယေဘုယျ ပုံစံပါပဲ၊ ပြင်သစ်လူမျိုးတွေ ပြောလေ့ရှိတဲ့ အီဒီယမ် တစ်ခု ရှိပါတယ်၊ métro, boulot, dodo တဲ့၊ métro ကတော့ subway ပါ၊ boulot က အလုပ်၊ dodo က အိပ်တာ...၊ မြို့ပြ လူတန်းစား ဘဝက တနေ့တနေ့ ရထားပေါ်မှာနဲ့ အလုပ်မှာ အချိန်ကုန်၊ အိမ်ရောက်တော့ ပင်ပန်းပြီးအိပ်၊ နောက်တနေ့ ဒီလိုပဲ ပြန်စ,နဲ့ လုံးလည်ချာလည် လိုက်နေတာကို ဆိုချင်တာပါ၊ Stuck in a rut ဆိုတာနဲ့ ခပ်ဆင်ဆင်ပါပဲ၊ ပုံစံကျပြီး ထပ်ပြန်တလဲလဲ ဖြစ်စဉ်တွေနဲ့ဆိုရင်တော့ နေ့စဉ်ဘဝက အနှေးနဲ့အမြန် ငြီးငွေ့စရာ ဖြစ်လာမှာပါပဲ၊ တနေ့တာ ဖြတ်သန်းမှုမှာ နှစ်သက်မိတာလေးတွေကို နှစ်သက်ကြောင်း သတိလေးထားပြီး ကြည့်နိုင်မယ်ဆိုရင် ဒါဟာလည်း ဘဝကို နေပျော်အောင် နေကြည့်ဖို့ အခြေခံပဲ ဖြစ်မလားလို့ တွေးနေမိပါတယ်...။ ။


ညီလင်းသစ်
၆ ဧပြီ၊ ၂၀၁၁

04 April 2011

ကျနော်နှင့် ညီလင်းသစ်


ညက အိပ်ရာဝင်တာ နောက်ကျလို့ အခုမနက်ထတော့ လူက မလန်းဆန်း၊ မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်နဲ့ အတင်းကုန်းရုန်းထပြီး ရေချိုးခန်းထဲကို ဝင်လိုက်တယ်၊ စိတ်က အိပ်ရာပေါ်မှာ အိပ်ပြီး ကျန်ခဲ့တယ်၊ ခြေထောက်တွေကတော့ သားသတ်ရုံကို သွားနေတဲ့ နွားအိုတစ်ကောင်လို ဆုတ်ဆုတ်ဆိုင်းဆိုင်း...၊ မျက်နှာသစ် ကြွေဘေစင် ကို လက်ကလှမ်းကိုင်ထားပြီး မျက်လုံးပိတ်ရက်သားနဲ့ ငူငူကြီး မတ်တပ်ရပ် နေမိပြန်တယ်၊ ရှေ့က မှန်ထဲမှာ ကိုယ့်ပုံက ဘယ်လောက်များ ဆိုးနေလိုက်မလဲ၊ ဆိုးဆိုး မဆိုးဆိုး ... အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့တောင် မျက်လုံး မဖွင့်ချင်၊ ဘယ်လိုဆိုတာလည်း မသိချင်၊ ဆယ်စုနှစ် ၃ ခုခွဲမက ကိုယ့်ကိုယ်ကို ပြန်မြင်ဖူးနေပြီပဲ၊ အခု တမနက် မျက်လုံးဖွင့် မကြည့်လည်း ဘာမှ အရေးမကြီး...၊ ဒီလိုနဲ့ပဲ ရသလောက် တစ်မိနစ်ကလေးမှာ ဒီအတိုင်း ငြိမ်ငြိမ်လေး ဆက်ရပ်နေမိတယ်၊

ဒါပေမယ့် အလုပ်တာဝန်တွေနှင့် လေးလံပိကျနေတဲ့ တနေ့တာက ရှေ့မှာ စောင့်နေတယ် မဟုတ်လား၊ ဒီလို ရပ်နေလို့ ဘယ်ပြီးမှာလဲ၊ ဒါနဲ့ အားတင်းပြီး ရေဘုံဘိုင်က ရေအေးအေးနဲ့ အရင်ဆုံး ခေါင်းငုံ့ မျက်နှာသစ် ပစ် လိုက်တယ်၊ ဇက်ပိုးကိုပါ နှစ်ချက်လောက် ဖြောင်းကနဲနေအောင် ရိုက်ထည့်လိုက်တော့ မျက်လုံး တော်တော် ကျယ်သွားပြီး စိတ်လည်း လန်းဆန်းလာတယ်၊ မျက်နှာပေါ်က ရေတွေကို သပ်ချလိုက်ပြီးတော့ ခေါင်းကို ပြန်မတ်၊ မှန်ထဲကို ကြည့်လိုက်တော့ မျက်နှာမှာ ရေစက်လက်နဲ့ လူတစ်ယောက်က နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးပြီး ပြုံးတယ်ဆိုရုံ ပြုံးကြည့်နေတယ်၊ ကျနော်လည်း ပြန်ကြည့်နေတုန်းမှာပဲ သူက ...

"ဘယ်လိုလဲကွ၊ အတော်မှ လန်းဆန်းသွားရဲ့လား"လို့ စကား စလိုက်တယ်၊

ကျနော် အံ့သြသွားတယ်၊ မှန်ထဲမှာ မြင်နေရတာ ကျနော်...၊ ဒါပေမယ့် အဲဒီစကားကိုတော့ ကျနော်ပြောတာ မဟုတ်ဘူး၊ မျက်လုံးတွေ ပိုလို့ကျယ်သွားတယ်၊

"မအံ့သြပါနဲ့ကွာ၊ ခုနက စကားကို ငါတကယ်ပဲ ပြောလိုက်တာပါ၊ မင်းရဲ့ ပုံရိပ်ကို ပြန်မြင်နေတာ မဟုတ်ဘူး"

ဒီတခါတော့ သေချာသွားပြီ၊ သူကပဲ ဆက်ပြောတာ၊ ကျနော့် နားနဲ့လည်း ဆတ်ဆတ်ကြားလိုက်ရတယ်၊ မှန်ထဲက ကျနော့်ပုံရိပ်က ကျနော့်ကို စကားပြောနေတာ...၊ ရုတ်တရက် ကျနော် ကြက်သေ,သေနေတယ်၊ ဘာလဲ...၊ ဘာတွေ ဖြစ်နေတာလဲ၊ ဒါ အိပ်မက်လား၊ ငါ ကောင်းကောင်း မနိုးသေးတာလား၊ ပါးစပ် အဟောင်းသားနဲ့ ယောင်ယမ်းပြီး ကျနော် ကိုယ့်ပါးကို ကိုယ်ပြန်ကိုင်ရင်း ကြောင်ကြည့်နေမိတယ်၊ သူကပဲ ဆက်ပြောပြန်တယ်၊

"ဒီမှာ...၊ ဘာမှ ရှည်ရှည်ဝေးဝေး လျှောက်တွေးမနေနဲ့၊ မင်းက ငါ့ကို မင်းပုံရိပ်ပဲ ထင်နေခဲ့တယ် မဟုတ်လား၊ အေး..အဲဒီလိုဆို ငါကလည်း မင်းကို ငါ့ရဲ့ပုံရိပ်လို့ ထင်ချင် ထင်နိုင်တာပဲကွ၊ မှန်ရဲ့ ဘယ်အခြမ်းက ပုံရိပ်စစ်၊ ဘယ်အခြမ်းက ပုံရိပ်ယောင်ဆိုတာ မင်းက ဘယ်လောက်များ သေချာနေလို့လဲ၊ Virtual reality ဆိုတာ အခု နောက်ပိုင်းမှာ တချိန်လုံး ကြားနေရတာ မင်းလည်း အသိပါကွာ၊ ဒီလိုလုပ်..၊ စကားပြောရတာ အဆင်ပြေအောင် ငါ့ကိုမင်းရဲ့ ကိုယ်စောင့်နတ်လို့ အလွယ်မှတ်ချင်မှတ်လိုက်၊ ငါကမင်း၊ မင်းကငါ ပေါ့ကွာ၊ ဟုတ်လား..."

အခုချိန်ထိကို ကျနော် စကားတခွန်းမှ မပြောမိသေးဘူး၊ အံ့သြတယ်၊ ပြီးတော့ ကြောင်တောင်တောင် ဖြစ်နေတယ်၊ သူနဲ့ကျနော် တပုံစံထဲ ချွတ်စွပ်တူတယ်၊ သူ ပြောသလို သူကကျနော်၊ ကျနော်က သူပေါ့၊ တခု လေးပဲ ကွဲတာက မှန်ထဲက..အဲ.. မှန်ရဲ့ အခြားတဖက်က သူက ဆံပင်ကို ညာဖက်ခွဲတယ်၊ ကျနော်က ဘယ်ခွဲပါ၊ ဒါပဲကွာတယ်၊ သူ့ကို ညီလင်းသစ် ညာခွဲလို့ပဲ အလွယ်ခေါ်ရမယ် ထင်တယ်၊

"အေး..ငါအခု လာတာက မင်းနဲ့ ဘလော့ဂ်အကြောင်း ပြောမလို့ကွ"...၊

ဘလော့ဂ်ဆိုတော့ ကျနော့်နားရွက်တွေ ထောင်လာတယ်၊ စိတ်ဝင်စားသွားတယ်၊

"ဘလော့ဂ်အကြောင်း...? ဘာများ ပါလိမ့်ဗျာ"...၊

သူက ဟက်ကနဲ တချက်ရယ်ရင်း ...

"အေးပေါ့ကွာ၊ အခုတော့လည်း မင်းက မသိချင် ယောင်ဆောင်တော့မှာပေါ့၊ စာရေးသက်လေးလည်း နဲနဲတော့ ရလာမှပဲကိုးကွ၊ ငါ့မှာသာ ဒီဘလော့ဂ်ကို မင်း တစ်နှစ်လောက်လုပ်ပြီး ရပ်သွားမယ် ထင်လို့ အမှုမဲ့ အမှတ်မဲ့ နေ,နေတာ၊ အခုတော့ ငါထင်တာနဲ့ တခြားစီ...၊ ဆိုတော့ ဒီအကြောင်း မင်းနဲ့ တေ့တေ့ဆိုင်ဆိုင် ပြောဖို့လိုလာပြီ ဆိုပါတော့၊ ဒါနဲ့ နေစမ်းပါဦးကွ၊ ဒီဘလော့ဂ်ကို မင်းဘယ်တုန်းက စ,လုပ်ခဲ့တာလဲ"

"၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ထဲက ရက်တစ်ရက်မှာပါ"

"အရင်တုန်းက ဘလော့ဂ်တွေနဲ့ အခုဘလော့ဂ်တွေ...၊ ဘာကွာသလဲ"

"အရေအတွက်...၊ အရင်တုန်းက ဘယ်လိုလုပ်ရသလဲဆိုတာ အခုလောက် မကျယ်ပြန့်သေးတော့ လုပ်တဲ့ သူနည်းတယ်၊ အခုတော့ လက်ဆင့်ကမ်း ဖြန့်ဝေတာတွေကြောင့် ဘလော့ဂ်မျိုးစုံ၊ အကြောင်းအရာမျိုးစုံပါပဲ၊ ပိုပြီးတော့ စည်ကားလာတာပေါ့ဗျာ"

"ကဲ..တဲ့တိုးမေးမယ်ကွာ၊ မင်းဘာဖြစ်လို့ ဘလော့ဂ်ရေးသလဲ"

မှုန်ကုပ်ကုပ်နဲ့ ကျွဲမြီးတိုနေတဲ့ သူ့ပုံစံကြောင့် ကျနော်ရယ်ပြီး တခွန်း ပြန်ပြောလိုက်တယ်၊

"လက်စသတ်တော့ ခင်ဗျားက ကျနော့်ကို လာဗျူးနေတာကိုးဗျ"

သူက ချက်ချင်းပဲ ...

"အောင်မာ..၊ မင်းက ငါ့ကိုများ ခင်ဗျားတွေ၊ ကျနော်တွေနဲ့...၊ မင်းဘလော့ဂ်က ကွန်မန့်တွေကို ရီပလိုင်း ပြန်နေတယ်များ ထင်နေလား"လို့ ဘုပြောတယ်၊ မထီတရီလည်း စိုက်ကြည့်နေသေးတယ်၊

ကျနော်က သူ့ပုံစံနဲ့ သူ့အပြောကို ဂရုမစိုက်ဘဲ သူမေးတာကိုပဲ ခပ်အေးအေး ပြန်ဖြေလိုက်တယ်၊

"ဘာ့ကြောင့်ရယ်လို့ အထူးအထွေ မရှိပါဘူးဗျာ၊ တခြား ဘလော့ဂါတွေလိုပဲ စာရေးစာဖတ် ဝါသနာပါတယ်၊ ဘလော့ဂ်တစ်ခုကို ဘယ်လို တည်ဆောက်ရတယ်ဆိုတာ စေတနာထားပြီး ရှင်းပြကြတဲ့ ပုဂ္ဂိုလ်တွေကြောင့် ဘလော့တစ်ခု လုပ်ဖြစ်တယ်၊ စိတ်ကူးတည့်ရာတွေ ရေးတယ်၊ ဒါပါပဲ၊ ကျနော့်စာတစ်ပုဒ်မှာ ရေးခဲ့ဖူးသလို ပေါ့၊ ဘာဖြစ်လို့ ဘလော့ဂ်ရေးသလဲ ဆိုတဲ့ မေးခွန်းဟာ တောင်တက်သမား တစ်ယောက်ကို ဘာဖြစ်လို့ တောင်တွေ လိုက်တက်နေတာလဲ-လို့ မေးတာနဲ့ ခပ်ဆင်ဆင်ပါပဲ၊ ဖြေစရာ များများစားစား မရှိပါဘူး၊ ခင်ဗျား သိချင်ရင် ကိုယ်တိုင်တက်ကြည့်လိုက်၊ တခါတည်း စွဲချင်စွဲသွားမယ်၊ ဒါမှမဟုတ် တခါတည်း လန်ချင်လည်း လန်သွားလိမ့်မယ်"

"တော်ပါပြီကွာ၊ စမ်းတော့ မစမ်းပါရစေနဲ့၊ မင်းကို ကြည့်ရတာနဲ့တင် လုံလောက်နေပါပြီ..."

သူကပြောရင်း ကျနော့်ကို ကြည့်တယ်၊ ကျနော်က သွားတိုက်ဆေးနဲ့ သွားပွတ်တံ ထားတဲ့ ခွက်ကို လက်လှမ်းလိုက်ရင်း သူဘာများ ဆက်မလဲလို့ အသာစောင့်နေလိုက်တယ်၊

"မင်း ဘယ်သူ့စာတွေ ဖတ်ဖြစ်သလဲ၊ ဘယ်လိုစာတွေ ဖတ်သလဲ"

"ဖတ်ဖြစ်တာတော့ အစုံပါပဲ၊ ကျနော် စာမရွေးပါဘူး၊ အချိန်ရရင် ရသလို အားလုံးကို လိုက်ဖတ်ဖြစ်ပါတယ်၊ အရင်တုန်းကတော့ အဖတ်နည်းပေမယ့် အခုတော့ တော်တော်ဖတ်နေတယ်၊ တခု ကြားဖြတ်ပြောရရင် ကျနော်က တခါတခါ အပြောင်းအလဲတချို့ကို လုပ်ဖို့ နှောင့်နှေးတတ်တယ်ဗျ၊ ဥပမာ- blog roll...၊ သူများ ဘလော့ဂ်တွေမှာ ကိုယ်ဖတ်နေကျ ဘလော့ဂ်တွေကို ဘလော့ဂ်ရိုးလ်မှာ တင်ထားတော့ အသစ်တက်တာနဲ့ ချက်ချင်းသိ၊ ချက်ချင်းဖတ်လို့ ရတာပေါ့ဗျာ၊ ဒါကို ကျနော်မြင်နေပေမယ့် ကိုယ့်ဘလော့ဂ်မှာတော့ တော်တော်ကြာတဲ့ အထိ မလုပ်ဖြစ်ဘူး၊ ဘလော့ဂ်တွေကို ကွန်ပြူတာထဲက book-mark ထဲမှာပဲ သိမ်းပြီး အဲဒီကနေ ကလစ်လုပ်ပြီး ဖတ်တယ်၊ ဆိုတော့ ဘယ်သူတွေက ဘာတွေရေးနေမှန်းလဲ မသိ၊ ကိုယ်ကလည်း ကောင်းကောင်း မရောက်ဖြစ်နဲ့ပေါ့ဗျာ၊ အခုတော့လည်း ဘလော့ဂ်ရိုးလ်နဲ့ အဆင်ကိုပြေလို့၊ အဲဒီတုန်းက တော့ ဘာလို့မလုပ်ခဲ့မှန်း ကိုယ့်ဟာကိုယ်လည်း မသိပါဘူးဗျာ၊ ပျင်းနေတာပဲ ဖြစ်မယ် ထင်ပါတယ်..."

"အခုတော့ မင်းက လျှောက်ဖတ်နေပြီဆိုတော့ မင်းဆီကိုလည်း လာကြသူတွေ ရှိမှာပေါ့၊ လုပ်ပါဦး၊ စာလာ ဖတ်သူတွေနဲ့ ထားခဲ့ကြတဲ့ မှတ်ချက်တွေအကြောင်း..."

"အင်း...ကျနော့်ဆီကို စာလာဖတ်သူ အရေအတွက်တော့ အခုနောက်ပိုင်း ပိုများလာတယ်လို့ ပြောလို့ရမယ် ထင်တယ်၊ ဟိုးအရင်တုန်းကတော့ ဘလော့ဂ်လေးကို ဘယ်သူမှ မသိသလောက်ပါပဲ၊ အဲဒီတုန်းကတော့ အမြဲပုံမှန် လာဖတ်နေတာဆိုလို့ မမီးငယ် ဆိုတဲ့ အမ,လေးကို ကျနော်သတိထားမိတယ်၊ နောက်တော့ ညီမ နန္ဒာ၊ ကိုယ့်ကိုယ်ကို ဂျီးဒေါ်လို့ ခေါ်တဲ့သူ... စသဖြင့်ပေါ့ဗျာ၊ ဒီဖက်ပိုင်းမှာတော့ သံယောဇဉ် ကြီးတတ်တဲ့ ညီငယ် မောင်မျိုး၊ နာမည်ကြီး မမေဓာဝီ မှစလို့ ဂျာမနီက ညီမ၊ အမတွေ..၊ ပြောရရင် အများကြီးပေါ့လေ၊ ဒီလို နာမည်တွေနဲ့ပြောရတာ နဲနဲတော့ စိုးရိမ်တယ်ဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တဲ့သူတွေကို မဖော်ပြမိရင် တချို့လည်း စိတ်ကောင်းမှာ မဟုတ်ဘူးလေ၊ အခုကိုပဲ ကျနော် နာမည်မပြောမိတဲ့ သူတွေ အများကြီး ကျန်နေမှာ သေချာပါတယ်၊ သူတို့ကိုလည်း ဗွေမယူပါနဲ့လို့ တလက်စတည်း တောင်းပန်ရတော့ မှာ ပါပဲဗျာ၊ ကွန်မန့် မချန်ခဲ့ဘဲ လာတတ်သူများလည်း ရှိကောင်းရှိနိုင်ပါတယ်၊ ကျနော်လည်း အမြဲတမ်း ကွန်မန့်တွေ မရေးဖြစ်ပါဘူး၊

ကွန်မန့်နဲ့ ပတ်သက်လို့ ပြောရရင်တော့ ကွန်မန့်တွေကို ကျနော်တကယ် တန်ဖိုးထားပါတယ်၊ တခြားသော မိတ်ဆွေ ဘလော့ဂါတွေလိုပါပဲ၊ ကွန်မန့်တွေရတော့လည်း ပျော်တာပေါ့ဗျာ၊ တတ်နိုင်သလောက်လည်း ကွန်မန့်တွေကို ကျနော်ပြန် ဖြစ်ပါတယ်၊ ကျနော့်အမြင်ကတော့ ဘလော့ဂိုစဖီးယားက ခင်မင်မှုပေါ်မှာ အများကြီး အခြေခံပါတယ်၊ ဥပမာ၊ ပရောဖက်ရှင်နယ်လ် စာရေးဆရာ တစ်ယောက်ဆိုပါတော့ဗျာ၊ သူရေးတဲ့ စာတွေကို ကျနော်ကြိုက်ရင် ဝယ်ဖတ်မယ်၊ သိမ်းမယ်၊ သူ့ကို လေးစားမယ်၊ သူပေးတဲ့ မက်ဆေ့ခ်ျ၊ သူ့ရဲ့ အတွေး၊ အရေးတွေကို မှတ်သားမယ်၊ စာရေးဆရာနဲ့ စာဖတ်သူကြားက relationship က အဲဒီလို...၊ အဲဒီဆရာရဲ့ လက်ကျလာရင်၊ ကျနော်အကြိုက် မတွေ့တော့ရင် သူ့စာတွေ မဝယ်တော့ဘူး၊ မဖတ်တော့ဘူး၊ ဘလော့ဂါနဲ့ စာဖတ်သူကျတော့ ရင်းနှီးခင်မင်မှုနဲ့ သွားတာလေ၊ ဘလော့ဂ်တွေမှာ သူ့အကြောင်း၊ ကိုယ့် အကြောင်း အနည်းနဲ့အများတော့ သိနေကြတာပါပဲ၊ သူ့စာတွေ ဖတ်ရင်းနဲ့ သူ့ကိုပါ အထိုက်အလျောက် သိလာတော့ အင်တာနက် ကွန်ယက်တွေနဲ့ အပြိုင် သံယောဇဉ် ကွန်ယက်တွေလည်း ဖြစ်တည်လာတယ် လို့ ထင်တာပါပဲ၊ ဒီလိုနဲ့ စာတွေကို ချစ်သောမျက်စိနဲ့ ကြည့်မိ၊ ကိုယ်ချင်းစာသောစိတ်တို့နဲ့ ဖတ်မိတာပါပဲ၊ ကွန်မန့်တွေမှာက အပြန်အလှန် ဆွေးနွေးတာတွေအပြင် ဒီလိုဟာတွေကိုပါ မြင်ရတတ်ပါတယ်"

စကားကို ဖြတ်လိုက်ပြီးတော့ သွားပွတ်တံပေါ်မှာ သွားတိုက်ဆေးကို ကျနော် ညှစ်ချလိုက်တယ်၊ ပြီးတော့ ခံတွင်းစိုသွားအောင် ရေတငုံနဲ့ ပါးလုပ်ကျင်းလိုက်တယ်၊ ညီလင်းသစ်ညာခွဲကို လှမ်းကြည့်လိုက်တော့ ငြိမ်နေတာ တွေ့တယ်၊ သူ တခုခုကို တွေးနေပုံပဲ၊ ကျနော်လည်း သွားပွတ်တံကို ပါးစပ်ထဲ ထည့်လိုက်ပြီး တော့ သွားစ,တိုက်တယ်၊ ခဏကြာမှ သူက ...

"မင်း ဘယ်လိုစာတွေ ရေးသလဲ၊ ဘာအကြောင်း ရေး(ချင်)လဲ"

"ဘယ်လိုစာတွေ ရေးသလဲ ဆိုတာကတော့ ဘလော့ဂ် ထိပ်ဆုံးမှာ တင်ထားသလိုပါပဲ၊ ကဗျာ၊ အတွေး၊ ဝေမျှတာ၊ အက်ဆေး... စိတ်ကူးတည့်ရာ ပါပဲဗျာ၊ ကဗျာတွေ အရမ်းရေးချင်ပေမယ့် ဦးနှောက်က ထွက်မလာတော့ဘူး ဖြစ်နေတယ်ဗျ၊ အခုနောက်ပိုင်းတော့ ဓါတ်ပုံတွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ ပါ လုပ်ချင်လာတယ်"လို့ သွားပွတ်တံကို ပါးစောင်မှာငုံရင်း ကျနော်ဖြေလိုက်တယ်၊

သူက မေးသင့်၊ မမေးသင့် ချိန်သလို လုပ်နေပြီးမှ ...

"သား အကြောင်းလည်း ရေးတယ်နော်"လို့ မေးပြော,ပြောတယ်၊

ကျနော် သူ့ကို လှမ်းကြည့်လိုက်တယ်၊ သူ့ မျက်ဝန်းတွေ နူးညံ့နေသလိုပဲ၊ သေချာတာကတော့ သူ့လေသံ တွေ အများပြီး ပျော့ပြောင်းသွားပြီ...၊ ကျနော်က ပါးစပ်ထဲက သွားတိုက်ဆေးတွေကို ထွေးလိုက်ရင်း ...

"ဘလော့ဂ်ဆိုတာက ၂ ရက်၊ ၃ ရက်တခါ ဆိုသလို ပို့စ်တွေ တင်နေဖြစ်တော့ စိတ်ကူးယဉ်တွေ၊ သုတတွေ အပြင် ကိုယ့်အကြောင်းတွေပါ တဖြည်းဖြည်း ရေးဖြစ်လာတော့တာပါပဲ၊ ဒီလိုနဲ့ပဲ ကိုယ့်မိသားစု၊ ကိုယ့် သူငယ်ချင်း၊ ကိုယ့်ပတ်ဝန်းကျင် အကုန်လုံး ပါလာတော့တာ ပါပဲဗျာ..."

သူ ခေါင်းတညိတ်ညိတ် လုပ်နေတယ်၊ ပြီးမှ

"ဘလော့ဂ်ရဲ့ ကောင်းကွက်နဲ့ ဆိုးကွက်က..."

ဒီမေးခွန်းကို ကြားတော့ ကျနော်ရယ်ချလိုက်တာ သွားတိုက်ဆေး သီးမလိုတောင် ဖြစ်သွားတယ်၊ ပြီးတော့မှ မျက်နှာပိုးသတ်ရင်း ...

"ကောင်းကွက်ကတော့ မိတ်ဆွေတွေ တိုးတယ်၊ စိတ်ဖြေစရာ၊ ရင်ဖွင့်စရာ ဖြစ်တယ်၊ အကြောင်းအရာ တခုကို မရေးခင် သေချာအောင် references ပြန်ကြည့်ရတော့ ပိုလေ့လာဖြစ်တယ်၊ သူများရေးတာတွေကနေ သုတ၊ ရသ ရတယ်ဗျာ၊ အင်း...ဆိုးကွက်ကတော့ အချိန်ပေး ရတယ်၊ အိပ်ရေးပျက်တယ်၊ အခုကိုပဲ ခင်ဗျားကို ကျနော် အိပ်ချင်မူးတူးနဲ့ စကားပြောနေတာလေ..."လို့ ရယ်ချင်စိတ်ကို ထိန်းထားရတဲ့ မျက်နှာနဲ့ ကျနော် ဖြေလိုက်တယ်၊

ကျနော့်အဖြေလည်း ကြားရော သူ တဟားဟားနဲ့ အော်ရယ်တယ်၊ ကျနော်လည်း လိုက်ရယ်မိတယ်၊ ကျနော်နဲ့ သူ့ကြားမှာ အဖုအထစ်တွေ မရှိတော့သလိုပဲ၊ မှန်ရဲ့ တဖက်ခြမ်းက ညီလင်းသစ်ညာခွဲက မှန်ရဲ့ အခြားတဖက်ခြမ်းက ညီလင်းသစ်ဘယ်ခွဲကို နားလည်သွားပုံပါပဲ၊ ရေချိုးခန်းထဲ လောလောလတ်လတ် ရလိုက်တဲ့ ရင်းနှီးကျွမ်းဝင်မှု အငွေ့တွေက ရယ်သံတွေကနေတဆင့် မှန်ကိုတောင် အခိုးရိုက်သွားတယ်၊ သူက မှန်ကို ပြန်ကြည်သွားအောင် လက်တဖက်နဲ့ သုတ်လိုက်ပြီး ...

"အခု ငါ့နေရာမှာ မင်းဘလော့ဂ်ကို လာလည်နေကျ သူငယ်ချင်းတွေဆိုရင် မင်း ဘာများပြောချင်မလဲ"လို့ မေးတယ်၊

"လူချင်း မတွေ့ဖူးကြ(သေး)ပေမယ့် အခုလို ဘလော့ဂ်တွေမှာ အချင်းချင်း ခင်မင်ရတာ ပျော်ပါတယ်-လို့၊ ပြီးတော့ ကျနော့်အတွက်က သား အိပ်သွားမှ၊ ညပိုင်း ၁၀ နာရီ ၁၁ နာရီလောက်မှ ဘလော့ဂ်လုပ်ဖြစ်တာမို့ ၂ ရက်တခါ၊ ၃ ရက်တခါမှပဲ အသစ်တင်နိုင်ပါတယ်၊ ဒါတောင် အတင်းကြိုးစားရတာ...၊ အဲဒါကြောင့် ကျနော့်ကို စိတ်ရှည်ကြဖို့ ပြောမိမယ် ထင်ပါတယ်ဗျာ"လို့ ကျနော် ဖြေလိုက်တယ်၊ တဆက်တည်းပဲ ခေါင်းငုံ့ ပြီး ရေဘုံဘိုင်က ရေနဲ့ ပါးလုပ်ကျင်းလိုက်တယ်၊ အဲဒီအခိုက်မှာပဲ ကျနော့် နောက်ဖက်ကနေ ကပ်ပြီး...

"ရှေရီ.. ဘယ်သူနဲ့ စကားပြောနေတာလဲ၊ စောစောစီးစီး.."လို့ အသံကြားလိုက်တော့ လန့်သွားတယ်၊

လှည့်ကြည့်လိုက်တော့ မအိမ်သူ...၊ စူးစမ်းတဲ့ အကြည့်တွေနဲ့ ကျနော့်ကို ကြည့်နေတယ်၊ ဒါနဲ့ ...

"မဟုတ်ပါဘူး၊ သီချင်းလေး တပိုဒ် ပါးစပ်ထဲရောက်လာလို့ ညည်းကြည့်နေတာပါ"လို့ ရောချလိုက်ရတယ်၊

ပြီးတော့ ကမန်းကတန်း ရှေ့ပြန်လှည့်ပြီး မှန်ထဲကြည့်လိုက်တော့ တစုံတရာကို ရှာဖွေနေပုံရတဲ့ ကျနော့် မျက်လုံးတွေကိုပဲ တွေ့လိုက် ရတယ်...။ ။


ညီလင်းသစ်
၃ ဧပြီ၊ ၂၀၁၁

စာကြွင်း။ ။ ညီငယ် မောင်မျိုး တဂ်ထားတဲ့ 'ဗျူး' အကြောင်း ပို့စ်ပါ၊ မေးခွန်းတွေက သူ လိုချင်တဲ့အတိုင်း တတ်နိုင်သလောက် ယူထားပါ တယ်၊ နဲနဲ နောက်ကျပေမယ့် သူ နားလည်မယ်လို့ မျှော်လင့်ပါတယ်...။ :)

01 April 2011

ခဏတာ နှုတ်ဆက်ခြင်း


ကျနော် ဘလော့ဂ်ရေးတာ ခဏနားပါမယ်၊ အမှန်အတိုင်း ပြောရရင် အခုတလော နဲနဲ အရှိန်ရနေတာမို့ အခုလို နားရတော့မယ်ဆိုတော့ တကယ် စိတ်မကောင်းဘူး၊ ဒါပေမယ့် ကျနော့်လက်မှာ ဒဏ်ရာရသွားလို့ စာရိုက်ရင် တော်တော် နာနေတာနဲ့ ရပ်ထားရမှာပါ...၊ ဒီတစ်ပုဒ် ကိုတော့ အတင်းကြိုးစားပြီး ရိုက်လိုက်ပါတယ်၊

ဖြစ်ပုံက ဒီလို၊ မနက်က အလုပ်ကို စက်ဘီးနဲ့သွားတယ်၊ အလုပ်မှာ အရေးကြီးတာတခု ရှိလို့ ကျနော် တစ်ယောက်တည်း စောစောသွားတာ၊ မအိမ်သူနဲ့သားက နောက်ကျမှ သွားကြမှာ..၊ အိမ်ရှိတဲ့ လမ်းသွယ်လေး ကနေ ကားလမ်းမကြီးပေါ်ကို အတက်မှာ ကျနော့်စက်ဘီးနဲ့ ကားတစ်စီးနဲ့ ချိတ်မိသွားတယ်၊ အဲဒီနေရာမှာ အမြန်နှုန်းကို ကီလိုမီတာ ၃၀ သတ်မှတ်ထားတယ်၊ အဲဒီလို သတ်မှတ်ထားရင် လမ်းဆုံတွေမှာ ညာဖက် ကလာတဲ့ ယာဉ်က ဦးစားပေးပါ၊ ကျနော် လမ်းမကြီးပေါ် အတက်မှာ ဘယ်ဖက်ကနေ ဆလွန်းကားတစ်စီး လာနေတယ်၊ နဲနဲလှမ်းတယ်၊ ပြီးတော့ ကျနော်က သူ့ညာဖက်က ဆိုတော့ ကျနော့်ကို ဦးစားပေးရမှာ၊ ဒီလိုတွေး ပြီး စက်ဘီးကို အရှိန်နဲ့ နင်းလိုက်တယ်၊ အဲဒီမှာ ဖြစ်သွားတာ... ... ...၊

မျက်လုံးထောင့်မှာ ရိပ်ကနဲလည်း မြင်၊ နားထဲမှာလည်း ဘရိတ်ဖမ်းသံ “ကျွီ” ဆိုတာကြီးလည်း ကြား၊ စက်ဘီး လက်ကိုင်က ရမ်းထွက်သွား ပြီး ကျနော် တပတ်လည်ပြီး ပြုတ်ကျတယ်၊ လူက ထူပူသွားပြီး အရမ်းလန့်သွား တယ်၊ တော်သေးတယ်၊ သတိတော့ လစ်မသွားလို့၊ ချက်ချင်း ထရပ်ကြည့်တယ်၊ ရတယ်၊ ရပ်လို့ ရတယ်၊ စက်ဘီးကတော့ ခပ်လှမ်းလှမ်းမှာ ကောက်ကွေးနေပြီ၊ ကားကလည်း မလှမ်းမကမ်းမှာ ရပ်ထားပြီး ကားပေါ်က သက်လတ်ပိုင်း လူတစ်ယောက် ဆင်းလာတယ်၊ သူလည်း အတော်လန့်ပြီး ပျာနေပုံပဲ၊ ကျနော့်ဆီကို ပြေးလာပြီး ဘာဖြစ်သွားသေးလဲ-ပဲ မေးနေတယ်၊ ကျနော်က ချက်ချင်း စကားမပြောနိုင်ဘူး၊ ကတုန်ကယင်ကြီးကို ဖြစ်နေတာ၊ အဖြစ်အပျက်က မြန်လွန်းတယ်၊ အဲဒီအချိန်မှာပဲ ညာဖက် လက်ကောက်ဝတ်က စ,နာလာတယ်၊ တစတစ နဲ့ကို ပိုနာလာတယ်၊ မလှမ်းမကမ်းမှာ တပတ်ရစ်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်၊ အဲဒီက လူလည်း ရောက်လာပြီး လာကြည့်တယ်၊ ဒါနဲ့ သူ့ဆိုင်မှာပဲ ကျနော့်စက်ဘီးကို ထားခဲ့ဖို့ ပြောပြီး ကျနော့်ကိုတိုက်တဲ့ ကားပိုင်ရှင်က ဆေးရုံကို လိုက်ပို့ပါတယ်၊ ကားပေါ်မှာ ထိုင်နေရင်း ဆေးရုံအသွားမှာ စိတ်နဲနဲ ပြန်ငြိမ်လာလို့ တခြားဘယ်နေရာတွေ နာနေသေးလဲလို့ စမ်းကြည့်တယ်၊ ဘယ်ဖက်ဒူး နဲနဲ ပွန်းသွားတာက လွဲလို့ တခြားဘာမှ မဖြစ်ဘူး၊ ကားက စက်ဘီး ရှေ့ဘီးကို တိုက်လိုက်လို့ လက်ကိုင်က ရမ်းပြီး ကျနော်လည်း ဟန်ချက်ပျက်၊ လဲကျတယ် ထင်တာပဲ၊ ကားက မောင်းလာတာ အရမ်းကြီး မမြန်လို့ တော်သေးတာပေါ့၊

တိုတိုပြောရရင် ဆေးရုံမှာ ဓါတ်မှန်ရိုက်တယ်၊ မကျိုးဘူး၊ လက်ကောက်ဝတ်မှာ အဆစ်လွဲသွားတယ်လို့ ပြောတယ်၊ ဆေးလိမ်းပြီး ပတ်တီးစည်းပေးတယ်၊ သောက်ဆေး တချို့ပေးလိုက်တယ်၊ ဘာမှ စိုးရိမ်စရာ မရှိဘူး၊ ဒါပေမယ့် ဒီနေ့တနေ့ တော့ အိမ်မှာ အနားယူနိုင်ရင် ကောင်းတယ်-တဲ့၊ ကားသမားက ကျနော့်ကို အိမ်လိုက်ပို့ ပေးတယ်၊ အထပ်ထပ်လည်း တောင်းပန်နေသေးတယ်၊ ကျနော်လည်း ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်တော့ အမှုတွေဘာတွေ ဖွင့်မနေတော့ပါဘူး၊ အိမ်ရောက်တော့ မအိမ်သူကို ဖုန်းဆက်၊ ရှင်းပြပြီး စိတ်မပူဖို့ ပြောလိုက် တယ်၊ အလုပ်ကို ဖုန်းဆက်၊ အတိုချုပ် ရှင်းပြပြီး ဒီနေ့ မလာတော့ဘူးလို့ ပြောတယ်၊ ပြီးတော့ ဘလော့ပေါ်က ညီအကို မောင်နှမတွေကို သတိရလို့ ဒီစာလေး ရေးလိုက်တာပါ၊ ဟုတ်တယ်လေ...၊ ဒီနေ့က ဧပြီလ ၁ ရက်နေ့၊ ဒီလို ပို့စ်မျိုးတွေ ရှိနိုင်တယ်၊ သတိထားနေနော်-ဆိုပြီး သူတို့ကို သတိပေးရဦးမယ်လေ၊ ပျော်ရွှင်ပါစေ ခင်ဗျား...။ ။:D


ညီလင်းသစ်
၁ ဧပြီ၊ ၂၀၁၁

ဖြည့်စွက်ချက်။ ။ ဒီပို့စ်ဟာ April fool လုပ်တာ သက်သက်ပါ၊ ဘလော့ဂိုစဖီးယား အတွင်းက မောင်နှမတွေအကြား ခင်မင်ရာ ခင်မင်ကြောင်း နောက်တဲ့ သဘောပါပဲ၊ ဘယ်သူ့ကိုမှ အရူးလုပ်ဖို့ မရည်ရွယ်ဘဲ ဒီနေ့လေးမှာ အားလုံးကို ချစ်ခင်စွာ အမှတ်ရနေမိတဲ့ ပြယုဂ်သက်သက်ပါ ခင်ဗျား...။