04 April 2011

ကျနော်နှင့် ညီလင်းသစ်


ညက အိပ်ရာဝင်တာ နောက်ကျလို့ အခုမနက်ထတော့ လူက မလန်းဆန်း၊ မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်နဲ့ အတင်းကုန်းရုန်းထပြီး ရေချိုးခန်းထဲကို ဝင်လိုက်တယ်၊ စိတ်က အိပ်ရာပေါ်မှာ အိပ်ပြီး ကျန်ခဲ့တယ်၊ ခြေထောက်တွေကတော့ သားသတ်ရုံကို သွားနေတဲ့ နွားအိုတစ်ကောင်လို ဆုတ်ဆုတ်ဆိုင်းဆိုင်း...၊ မျက်နှာသစ် ကြွေဘေစင် ကို လက်ကလှမ်းကိုင်ထားပြီး မျက်လုံးပိတ်ရက်သားနဲ့ ငူငူကြီး မတ်တပ်ရပ် နေမိပြန်တယ်၊ ရှေ့က မှန်ထဲမှာ ကိုယ့်ပုံက ဘယ်လောက်များ ဆိုးနေလိုက်မလဲ၊ ဆိုးဆိုး မဆိုးဆိုး ... အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့တောင် မျက်လုံး မဖွင့်ချင်၊ ဘယ်လိုဆိုတာလည်း မသိချင်၊ ဆယ်စုနှစ် ၃ ခုခွဲမက ကိုယ့်ကိုယ်ကို ပြန်မြင်ဖူးနေပြီပဲ၊ အခု တမနက် မျက်လုံးဖွင့် မကြည့်လည်း ဘာမှ အရေးမကြီး...၊ ဒီလိုနဲ့ပဲ ရသလောက် တစ်မိနစ်ကလေးမှာ ဒီအတိုင်း ငြိမ်ငြိမ်လေး ဆက်ရပ်နေမိတယ်၊

ဒါပေမယ့် အလုပ်တာဝန်တွေနှင့် လေးလံပိကျနေတဲ့ တနေ့တာက ရှေ့မှာ စောင့်နေတယ် မဟုတ်လား၊ ဒီလို ရပ်နေလို့ ဘယ်ပြီးမှာလဲ၊ ဒါနဲ့ အားတင်းပြီး ရေဘုံဘိုင်က ရေအေးအေးနဲ့ အရင်ဆုံး ခေါင်းငုံ့ မျက်နှာသစ် ပစ် လိုက်တယ်၊ ဇက်ပိုးကိုပါ နှစ်ချက်လောက် ဖြောင်းကနဲနေအောင် ရိုက်ထည့်လိုက်တော့ မျက်လုံး တော်တော် ကျယ်သွားပြီး စိတ်လည်း လန်းဆန်းလာတယ်၊ မျက်နှာပေါ်က ရေတွေကို သပ်ချလိုက်ပြီးတော့ ခေါင်းကို ပြန်မတ်၊ မှန်ထဲကို ကြည့်လိုက်တော့ မျက်နှာမှာ ရေစက်လက်နဲ့ လူတစ်ယောက်က နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးပြီး ပြုံးတယ်ဆိုရုံ ပြုံးကြည့်နေတယ်၊ ကျနော်လည်း ပြန်ကြည့်နေတုန်းမှာပဲ သူက ...

"ဘယ်လိုလဲကွ၊ အတော်မှ လန်းဆန်းသွားရဲ့လား"လို့ စကား စလိုက်တယ်၊

ကျနော် အံ့သြသွားတယ်၊ မှန်ထဲမှာ မြင်နေရတာ ကျနော်...၊ ဒါပေမယ့် အဲဒီစကားကိုတော့ ကျနော်ပြောတာ မဟုတ်ဘူး၊ မျက်လုံးတွေ ပိုလို့ကျယ်သွားတယ်၊

"မအံ့သြပါနဲ့ကွာ၊ ခုနက စကားကို ငါတကယ်ပဲ ပြောလိုက်တာပါ၊ မင်းရဲ့ ပုံရိပ်ကို ပြန်မြင်နေတာ မဟုတ်ဘူး"

ဒီတခါတော့ သေချာသွားပြီ၊ သူကပဲ ဆက်ပြောတာ၊ ကျနော့် နားနဲ့လည်း ဆတ်ဆတ်ကြားလိုက်ရတယ်၊ မှန်ထဲက ကျနော့်ပုံရိပ်က ကျနော့်ကို စကားပြောနေတာ...၊ ရုတ်တရက် ကျနော် ကြက်သေ,သေနေတယ်၊ ဘာလဲ...၊ ဘာတွေ ဖြစ်နေတာလဲ၊ ဒါ အိပ်မက်လား၊ ငါ ကောင်းကောင်း မနိုးသေးတာလား၊ ပါးစပ် အဟောင်းသားနဲ့ ယောင်ယမ်းပြီး ကျနော် ကိုယ့်ပါးကို ကိုယ်ပြန်ကိုင်ရင်း ကြောင်ကြည့်နေမိတယ်၊ သူကပဲ ဆက်ပြောပြန်တယ်၊

"ဒီမှာ...၊ ဘာမှ ရှည်ရှည်ဝေးဝေး လျှောက်တွေးမနေနဲ့၊ မင်းက ငါ့ကို မင်းပုံရိပ်ပဲ ထင်နေခဲ့တယ် မဟုတ်လား၊ အေး..အဲဒီလိုဆို ငါကလည်း မင်းကို ငါ့ရဲ့ပုံရိပ်လို့ ထင်ချင် ထင်နိုင်တာပဲကွ၊ မှန်ရဲ့ ဘယ်အခြမ်းက ပုံရိပ်စစ်၊ ဘယ်အခြမ်းက ပုံရိပ်ယောင်ဆိုတာ မင်းက ဘယ်လောက်များ သေချာနေလို့လဲ၊ Virtual reality ဆိုတာ အခု နောက်ပိုင်းမှာ တချိန်လုံး ကြားနေရတာ မင်းလည်း အသိပါကွာ၊ ဒီလိုလုပ်..၊ စကားပြောရတာ အဆင်ပြေအောင် ငါ့ကိုမင်းရဲ့ ကိုယ်စောင့်နတ်လို့ အလွယ်မှတ်ချင်မှတ်လိုက်၊ ငါကမင်း၊ မင်းကငါ ပေါ့ကွာ၊ ဟုတ်လား..."

အခုချိန်ထိကို ကျနော် စကားတခွန်းမှ မပြောမိသေးဘူး၊ အံ့သြတယ်၊ ပြီးတော့ ကြောင်တောင်တောင် ဖြစ်နေတယ်၊ သူနဲ့ကျနော် တပုံစံထဲ ချွတ်စွပ်တူတယ်၊ သူ ပြောသလို သူကကျနော်၊ ကျနော်က သူပေါ့၊ တခု လေးပဲ ကွဲတာက မှန်ထဲက..အဲ.. မှန်ရဲ့ အခြားတဖက်က သူက ဆံပင်ကို ညာဖက်ခွဲတယ်၊ ကျနော်က ဘယ်ခွဲပါ၊ ဒါပဲကွာတယ်၊ သူ့ကို ညီလင်းသစ် ညာခွဲလို့ပဲ အလွယ်ခေါ်ရမယ် ထင်တယ်၊

"အေး..ငါအခု လာတာက မင်းနဲ့ ဘလော့ဂ်အကြောင်း ပြောမလို့ကွ"...၊

ဘလော့ဂ်ဆိုတော့ ကျနော့်နားရွက်တွေ ထောင်လာတယ်၊ စိတ်ဝင်စားသွားတယ်၊

"ဘလော့ဂ်အကြောင်း...? ဘာများ ပါလိမ့်ဗျာ"...၊

သူက ဟက်ကနဲ တချက်ရယ်ရင်း ...

"အေးပေါ့ကွာ၊ အခုတော့လည်း မင်းက မသိချင် ယောင်ဆောင်တော့မှာပေါ့၊ စာရေးသက်လေးလည်း နဲနဲတော့ ရလာမှပဲကိုးကွ၊ ငါ့မှာသာ ဒီဘလော့ဂ်ကို မင်း တစ်နှစ်လောက်လုပ်ပြီး ရပ်သွားမယ် ထင်လို့ အမှုမဲ့ အမှတ်မဲ့ နေ,နေတာ၊ အခုတော့ ငါထင်တာနဲ့ တခြားစီ...၊ ဆိုတော့ ဒီအကြောင်း မင်းနဲ့ တေ့တေ့ဆိုင်ဆိုင် ပြောဖို့လိုလာပြီ ဆိုပါတော့၊ ဒါနဲ့ နေစမ်းပါဦးကွ၊ ဒီဘလော့ဂ်ကို မင်းဘယ်တုန်းက စ,လုပ်ခဲ့တာလဲ"

"၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ထဲက ရက်တစ်ရက်မှာပါ"

"အရင်တုန်းက ဘလော့ဂ်တွေနဲ့ အခုဘလော့ဂ်တွေ...၊ ဘာကွာသလဲ"

"အရေအတွက်...၊ အရင်တုန်းက ဘယ်လိုလုပ်ရသလဲဆိုတာ အခုလောက် မကျယ်ပြန့်သေးတော့ လုပ်တဲ့ သူနည်းတယ်၊ အခုတော့ လက်ဆင့်ကမ်း ဖြန့်ဝေတာတွေကြောင့် ဘလော့ဂ်မျိုးစုံ၊ အကြောင်းအရာမျိုးစုံပါပဲ၊ ပိုပြီးတော့ စည်ကားလာတာပေါ့ဗျာ"

"ကဲ..တဲ့တိုးမေးမယ်ကွာ၊ မင်းဘာဖြစ်လို့ ဘလော့ဂ်ရေးသလဲ"

မှုန်ကုပ်ကုပ်နဲ့ ကျွဲမြီးတိုနေတဲ့ သူ့ပုံစံကြောင့် ကျနော်ရယ်ပြီး တခွန်း ပြန်ပြောလိုက်တယ်၊

"လက်စသတ်တော့ ခင်ဗျားက ကျနော့်ကို လာဗျူးနေတာကိုးဗျ"

သူက ချက်ချင်းပဲ ...

"အောင်မာ..၊ မင်းက ငါ့ကိုများ ခင်ဗျားတွေ၊ ကျနော်တွေနဲ့...၊ မင်းဘလော့ဂ်က ကွန်မန့်တွေကို ရီပလိုင်း ပြန်နေတယ်များ ထင်နေလား"လို့ ဘုပြောတယ်၊ မထီတရီလည်း စိုက်ကြည့်နေသေးတယ်၊

ကျနော်က သူ့ပုံစံနဲ့ သူ့အပြောကို ဂရုမစိုက်ဘဲ သူမေးတာကိုပဲ ခပ်အေးအေး ပြန်ဖြေလိုက်တယ်၊

"ဘာ့ကြောင့်ရယ်လို့ အထူးအထွေ မရှိပါဘူးဗျာ၊ တခြား ဘလော့ဂါတွေလိုပဲ စာရေးစာဖတ် ဝါသနာပါတယ်၊ ဘလော့ဂ်တစ်ခုကို ဘယ်လို တည်ဆောက်ရတယ်ဆိုတာ စေတနာထားပြီး ရှင်းပြကြတဲ့ ပုဂ္ဂိုလ်တွေကြောင့် ဘလော့တစ်ခု လုပ်ဖြစ်တယ်၊ စိတ်ကူးတည့်ရာတွေ ရေးတယ်၊ ဒါပါပဲ၊ ကျနော့်စာတစ်ပုဒ်မှာ ရေးခဲ့ဖူးသလို ပေါ့၊ ဘာဖြစ်လို့ ဘလော့ဂ်ရေးသလဲ ဆိုတဲ့ မေးခွန်းဟာ တောင်တက်သမား တစ်ယောက်ကို ဘာဖြစ်လို့ တောင်တွေ လိုက်တက်နေတာလဲ-လို့ မေးတာနဲ့ ခပ်ဆင်ဆင်ပါပဲ၊ ဖြေစရာ များများစားစား မရှိပါဘူး၊ ခင်ဗျား သိချင်ရင် ကိုယ်တိုင်တက်ကြည့်လိုက်၊ တခါတည်း စွဲချင်စွဲသွားမယ်၊ ဒါမှမဟုတ် တခါတည်း လန်ချင်လည်း လန်သွားလိမ့်မယ်"

"တော်ပါပြီကွာ၊ စမ်းတော့ မစမ်းပါရစေနဲ့၊ မင်းကို ကြည့်ရတာနဲ့တင် လုံလောက်နေပါပြီ..."

သူကပြောရင်း ကျနော့်ကို ကြည့်တယ်၊ ကျနော်က သွားတိုက်ဆေးနဲ့ သွားပွတ်တံ ထားတဲ့ ခွက်ကို လက်လှမ်းလိုက်ရင်း သူဘာများ ဆက်မလဲလို့ အသာစောင့်နေလိုက်တယ်၊

"မင်း ဘယ်သူ့စာတွေ ဖတ်ဖြစ်သလဲ၊ ဘယ်လိုစာတွေ ဖတ်သလဲ"

"ဖတ်ဖြစ်တာတော့ အစုံပါပဲ၊ ကျနော် စာမရွေးပါဘူး၊ အချိန်ရရင် ရသလို အားလုံးကို လိုက်ဖတ်ဖြစ်ပါတယ်၊ အရင်တုန်းကတော့ အဖတ်နည်းပေမယ့် အခုတော့ တော်တော်ဖတ်နေတယ်၊ တခု ကြားဖြတ်ပြောရရင် ကျနော်က တခါတခါ အပြောင်းအလဲတချို့ကို လုပ်ဖို့ နှောင့်နှေးတတ်တယ်ဗျ၊ ဥပမာ- blog roll...၊ သူများ ဘလော့ဂ်တွေမှာ ကိုယ်ဖတ်နေကျ ဘလော့ဂ်တွေကို ဘလော့ဂ်ရိုးလ်မှာ တင်ထားတော့ အသစ်တက်တာနဲ့ ချက်ချင်းသိ၊ ချက်ချင်းဖတ်လို့ ရတာပေါ့ဗျာ၊ ဒါကို ကျနော်မြင်နေပေမယ့် ကိုယ့်ဘလော့ဂ်မှာတော့ တော်တော်ကြာတဲ့ အထိ မလုပ်ဖြစ်ဘူး၊ ဘလော့ဂ်တွေကို ကွန်ပြူတာထဲက book-mark ထဲမှာပဲ သိမ်းပြီး အဲဒီကနေ ကလစ်လုပ်ပြီး ဖတ်တယ်၊ ဆိုတော့ ဘယ်သူတွေက ဘာတွေရေးနေမှန်းလဲ မသိ၊ ကိုယ်ကလည်း ကောင်းကောင်း မရောက်ဖြစ်နဲ့ပေါ့ဗျာ၊ အခုတော့လည်း ဘလော့ဂ်ရိုးလ်နဲ့ အဆင်ကိုပြေလို့၊ အဲဒီတုန်းက တော့ ဘာလို့မလုပ်ခဲ့မှန်း ကိုယ့်ဟာကိုယ်လည်း မသိပါဘူးဗျာ၊ ပျင်းနေတာပဲ ဖြစ်မယ် ထင်ပါတယ်..."

"အခုတော့ မင်းက လျှောက်ဖတ်နေပြီဆိုတော့ မင်းဆီကိုလည်း လာကြသူတွေ ရှိမှာပေါ့၊ လုပ်ပါဦး၊ စာလာ ဖတ်သူတွေနဲ့ ထားခဲ့ကြတဲ့ မှတ်ချက်တွေအကြောင်း..."

"အင်း...ကျနော့်ဆီကို စာလာဖတ်သူ အရေအတွက်တော့ အခုနောက်ပိုင်း ပိုများလာတယ်လို့ ပြောလို့ရမယ် ထင်တယ်၊ ဟိုးအရင်တုန်းကတော့ ဘလော့ဂ်လေးကို ဘယ်သူမှ မသိသလောက်ပါပဲ၊ အဲဒီတုန်းကတော့ အမြဲပုံမှန် လာဖတ်နေတာဆိုလို့ မမီးငယ် ဆိုတဲ့ အမ,လေးကို ကျနော်သတိထားမိတယ်၊ နောက်တော့ ညီမ နန္ဒာ၊ ကိုယ့်ကိုယ်ကို ဂျီးဒေါ်လို့ ခေါ်တဲ့သူ... စသဖြင့်ပေါ့ဗျာ၊ ဒီဖက်ပိုင်းမှာတော့ သံယောဇဉ် ကြီးတတ်တဲ့ ညီငယ် မောင်မျိုး၊ နာမည်ကြီး မမေဓာဝီ မှစလို့ ဂျာမနီက ညီမ၊ အမတွေ..၊ ပြောရရင် အများကြီးပေါ့လေ၊ ဒီလို နာမည်တွေနဲ့ပြောရတာ နဲနဲတော့ စိုးရိမ်တယ်ဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တဲ့သူတွေကို မဖော်ပြမိရင် တချို့လည်း စိတ်ကောင်းမှာ မဟုတ်ဘူးလေ၊ အခုကိုပဲ ကျနော် နာမည်မပြောမိတဲ့ သူတွေ အများကြီး ကျန်နေမှာ သေချာပါတယ်၊ သူတို့ကိုလည်း ဗွေမယူပါနဲ့လို့ တလက်စတည်း တောင်းပန်ရတော့ မှာ ပါပဲဗျာ၊ ကွန်မန့် မချန်ခဲ့ဘဲ လာတတ်သူများလည်း ရှိကောင်းရှိနိုင်ပါတယ်၊ ကျနော်လည်း အမြဲတမ်း ကွန်မန့်တွေ မရေးဖြစ်ပါဘူး၊

ကွန်မန့်နဲ့ ပတ်သက်လို့ ပြောရရင်တော့ ကွန်မန့်တွေကို ကျနော်တကယ် တန်ဖိုးထားပါတယ်၊ တခြားသော မိတ်ဆွေ ဘလော့ဂါတွေလိုပါပဲ၊ ကွန်မန့်တွေရတော့လည်း ပျော်တာပေါ့ဗျာ၊ တတ်နိုင်သလောက်လည်း ကွန်မန့်တွေကို ကျနော်ပြန် ဖြစ်ပါတယ်၊ ကျနော့်အမြင်ကတော့ ဘလော့ဂိုစဖီးယားက ခင်မင်မှုပေါ်မှာ အများကြီး အခြေခံပါတယ်၊ ဥပမာ၊ ပရောဖက်ရှင်နယ်လ် စာရေးဆရာ တစ်ယောက်ဆိုပါတော့ဗျာ၊ သူရေးတဲ့ စာတွေကို ကျနော်ကြိုက်ရင် ဝယ်ဖတ်မယ်၊ သိမ်းမယ်၊ သူ့ကို လေးစားမယ်၊ သူပေးတဲ့ မက်ဆေ့ခ်ျ၊ သူ့ရဲ့ အတွေး၊ အရေးတွေကို မှတ်သားမယ်၊ စာရေးဆရာနဲ့ စာဖတ်သူကြားက relationship က အဲဒီလို...၊ အဲဒီဆရာရဲ့ လက်ကျလာရင်၊ ကျနော်အကြိုက် မတွေ့တော့ရင် သူ့စာတွေ မဝယ်တော့ဘူး၊ မဖတ်တော့ဘူး၊ ဘလော့ဂါနဲ့ စာဖတ်သူကျတော့ ရင်းနှီးခင်မင်မှုနဲ့ သွားတာလေ၊ ဘလော့ဂ်တွေမှာ သူ့အကြောင်း၊ ကိုယ့် အကြောင်း အနည်းနဲ့အများတော့ သိနေကြတာပါပဲ၊ သူ့စာတွေ ဖတ်ရင်းနဲ့ သူ့ကိုပါ အထိုက်အလျောက် သိလာတော့ အင်တာနက် ကွန်ယက်တွေနဲ့ အပြိုင် သံယောဇဉ် ကွန်ယက်တွေလည်း ဖြစ်တည်လာတယ် လို့ ထင်တာပါပဲ၊ ဒီလိုနဲ့ စာတွေကို ချစ်သောမျက်စိနဲ့ ကြည့်မိ၊ ကိုယ်ချင်းစာသောစိတ်တို့နဲ့ ဖတ်မိတာပါပဲ၊ ကွန်မန့်တွေမှာက အပြန်အလှန် ဆွေးနွေးတာတွေအပြင် ဒီလိုဟာတွေကိုပါ မြင်ရတတ်ပါတယ်"

စကားကို ဖြတ်လိုက်ပြီးတော့ သွားပွတ်တံပေါ်မှာ သွားတိုက်ဆေးကို ကျနော် ညှစ်ချလိုက်တယ်၊ ပြီးတော့ ခံတွင်းစိုသွားအောင် ရေတငုံနဲ့ ပါးလုပ်ကျင်းလိုက်တယ်၊ ညီလင်းသစ်ညာခွဲကို လှမ်းကြည့်လိုက်တော့ ငြိမ်နေတာ တွေ့တယ်၊ သူ တခုခုကို တွေးနေပုံပဲ၊ ကျနော်လည်း သွားပွတ်တံကို ပါးစပ်ထဲ ထည့်လိုက်ပြီး တော့ သွားစ,တိုက်တယ်၊ ခဏကြာမှ သူက ...

"မင်း ဘယ်လိုစာတွေ ရေးသလဲ၊ ဘာအကြောင်း ရေး(ချင်)လဲ"

"ဘယ်လိုစာတွေ ရေးသလဲ ဆိုတာကတော့ ဘလော့ဂ် ထိပ်ဆုံးမှာ တင်ထားသလိုပါပဲ၊ ကဗျာ၊ အတွေး၊ ဝေမျှတာ၊ အက်ဆေး... စိတ်ကူးတည့်ရာ ပါပဲဗျာ၊ ကဗျာတွေ အရမ်းရေးချင်ပေမယ့် ဦးနှောက်က ထွက်မလာတော့ဘူး ဖြစ်နေတယ်ဗျ၊ အခုနောက်ပိုင်းတော့ ဓါတ်ပုံတွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ ပါ လုပ်ချင်လာတယ်"လို့ သွားပွတ်တံကို ပါးစောင်မှာငုံရင်း ကျနော်ဖြေလိုက်တယ်၊

သူက မေးသင့်၊ မမေးသင့် ချိန်သလို လုပ်နေပြီးမှ ...

"သား အကြောင်းလည်း ရေးတယ်နော်"လို့ မေးပြော,ပြောတယ်၊

ကျနော် သူ့ကို လှမ်းကြည့်လိုက်တယ်၊ သူ့ မျက်ဝန်းတွေ နူးညံ့နေသလိုပဲ၊ သေချာတာကတော့ သူ့လေသံ တွေ အများပြီး ပျော့ပြောင်းသွားပြီ...၊ ကျနော်က ပါးစပ်ထဲက သွားတိုက်ဆေးတွေကို ထွေးလိုက်ရင်း ...

"ဘလော့ဂ်ဆိုတာက ၂ ရက်၊ ၃ ရက်တခါ ဆိုသလို ပို့စ်တွေ တင်နေဖြစ်တော့ စိတ်ကူးယဉ်တွေ၊ သုတတွေ အပြင် ကိုယ့်အကြောင်းတွေပါ တဖြည်းဖြည်း ရေးဖြစ်လာတော့တာပါပဲ၊ ဒီလိုနဲ့ပဲ ကိုယ့်မိသားစု၊ ကိုယ့် သူငယ်ချင်း၊ ကိုယ့်ပတ်ဝန်းကျင် အကုန်လုံး ပါလာတော့တာ ပါပဲဗျာ..."

သူ ခေါင်းတညိတ်ညိတ် လုပ်နေတယ်၊ ပြီးမှ

"ဘလော့ဂ်ရဲ့ ကောင်းကွက်နဲ့ ဆိုးကွက်က..."

ဒီမေးခွန်းကို ကြားတော့ ကျနော်ရယ်ချလိုက်တာ သွားတိုက်ဆေး သီးမလိုတောင် ဖြစ်သွားတယ်၊ ပြီးတော့မှ မျက်နှာပိုးသတ်ရင်း ...

"ကောင်းကွက်ကတော့ မိတ်ဆွေတွေ တိုးတယ်၊ စိတ်ဖြေစရာ၊ ရင်ဖွင့်စရာ ဖြစ်တယ်၊ အကြောင်းအရာ တခုကို မရေးခင် သေချာအောင် references ပြန်ကြည့်ရတော့ ပိုလေ့လာဖြစ်တယ်၊ သူများရေးတာတွေကနေ သုတ၊ ရသ ရတယ်ဗျာ၊ အင်း...ဆိုးကွက်ကတော့ အချိန်ပေး ရတယ်၊ အိပ်ရေးပျက်တယ်၊ အခုကိုပဲ ခင်ဗျားကို ကျနော် အိပ်ချင်မူးတူးနဲ့ စကားပြောနေတာလေ..."လို့ ရယ်ချင်စိတ်ကို ထိန်းထားရတဲ့ မျက်နှာနဲ့ ကျနော် ဖြေလိုက်တယ်၊

ကျနော့်အဖြေလည်း ကြားရော သူ တဟားဟားနဲ့ အော်ရယ်တယ်၊ ကျနော်လည်း လိုက်ရယ်မိတယ်၊ ကျနော်နဲ့ သူ့ကြားမှာ အဖုအထစ်တွေ မရှိတော့သလိုပဲ၊ မှန်ရဲ့ တဖက်ခြမ်းက ညီလင်းသစ်ညာခွဲက မှန်ရဲ့ အခြားတဖက်ခြမ်းက ညီလင်းသစ်ဘယ်ခွဲကို နားလည်သွားပုံပါပဲ၊ ရေချိုးခန်းထဲ လောလောလတ်လတ် ရလိုက်တဲ့ ရင်းနှီးကျွမ်းဝင်မှု အငွေ့တွေက ရယ်သံတွေကနေတဆင့် မှန်ကိုတောင် အခိုးရိုက်သွားတယ်၊ သူက မှန်ကို ပြန်ကြည်သွားအောင် လက်တဖက်နဲ့ သုတ်လိုက်ပြီး ...

"အခု ငါ့နေရာမှာ မင်းဘလော့ဂ်ကို လာလည်နေကျ သူငယ်ချင်းတွေဆိုရင် မင်း ဘာများပြောချင်မလဲ"လို့ မေးတယ်၊

"လူချင်း မတွေ့ဖူးကြ(သေး)ပေမယ့် အခုလို ဘလော့ဂ်တွေမှာ အချင်းချင်း ခင်မင်ရတာ ပျော်ပါတယ်-လို့၊ ပြီးတော့ ကျနော့်အတွက်က သား အိပ်သွားမှ၊ ညပိုင်း ၁၀ နာရီ ၁၁ နာရီလောက်မှ ဘလော့ဂ်လုပ်ဖြစ်တာမို့ ၂ ရက်တခါ၊ ၃ ရက်တခါမှပဲ အသစ်တင်နိုင်ပါတယ်၊ ဒါတောင် အတင်းကြိုးစားရတာ...၊ အဲဒါကြောင့် ကျနော့်ကို စိတ်ရှည်ကြဖို့ ပြောမိမယ် ထင်ပါတယ်ဗျာ"လို့ ကျနော် ဖြေလိုက်တယ်၊ တဆက်တည်းပဲ ခေါင်းငုံ့ ပြီး ရေဘုံဘိုင်က ရေနဲ့ ပါးလုပ်ကျင်းလိုက်တယ်၊ အဲဒီအခိုက်မှာပဲ ကျနော့် နောက်ဖက်ကနေ ကပ်ပြီး...

"ရှေရီ.. ဘယ်သူနဲ့ စကားပြောနေတာလဲ၊ စောစောစီးစီး.."လို့ အသံကြားလိုက်တော့ လန့်သွားတယ်၊

လှည့်ကြည့်လိုက်တော့ မအိမ်သူ...၊ စူးစမ်းတဲ့ အကြည့်တွေနဲ့ ကျနော့်ကို ကြည့်နေတယ်၊ ဒါနဲ့ ...

"မဟုတ်ပါဘူး၊ သီချင်းလေး တပိုဒ် ပါးစပ်ထဲရောက်လာလို့ ညည်းကြည့်နေတာပါ"လို့ ရောချလိုက်ရတယ်၊

ပြီးတော့ ကမန်းကတန်း ရှေ့ပြန်လှည့်ပြီး မှန်ထဲကြည့်လိုက်တော့ တစုံတရာကို ရှာဖွေနေပုံရတဲ့ ကျနော့် မျက်လုံးတွေကိုပဲ တွေ့လိုက် ရတယ်...။ ။


ညီလင်းသစ်
၃ ဧပြီ၊ ၂၀၁၁

စာကြွင်း။ ။ ညီငယ် မောင်မျိုး တဂ်ထားတဲ့ 'ဗျူး' အကြောင်း ပို့စ်ပါ၊ မေးခွန်းတွေက သူ လိုချင်တဲ့အတိုင်း တတ်နိုင်သလောက် ယူထားပါ တယ်၊ နဲနဲ နောက်ကျပေမယ့် သူ နားလည်မယ်လို့ မျှော်လင့်ပါတယ်...။ :)

28 comments:

လပြည့်ရိပ် said...

ဒီပိုစ့် တည်ဆောက်ပုံ အိုင်ဒီယာက တကယ် အိပ်ချင်မူးတူး အိပ်ရာထခါစမှာ ရတာလား။ မျက်လုံးထဲကို ကွင်းကွင်းကွက်ကွက် ပေါ်အောင်ရေးနိုင်တယ်။ သွားတိုက်ရင်းနဲ့ပြောတော့ အာလုတ်သံကြီးပါနေမှာပေါ့နှော်။ :)

Anonymous said...

စောစောကတည်းက ပုံမှန်လာဖတ်နေကျ အမ လေး ကို စာရင်းထည့်ထားပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ် ... နောက်ပြီး ကွန်မန့်တွေပြန်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ....

mie nge

ကျောက်ကျောက်မိုးဗျူး said...

tag post ကို အဲလိုမျိုးလေး ရေးတာကြိုက်သဗျ..
အရင်က tag post တွေဆိုရင် မူလတန်းဖတ်စာအုပ်ဖတ်ရသလိုပဲ..
သင်၏ကြောင်လေးအမည်ဖေါ်ပြပါ...
ကျမ၏ကြောင်လေးအမည်မှာ ပူစီ ဟုခေါ်ပါသည်။
....အဲလို ရေးတာတွေဖတ်ဖတ်နေရတာ တော်တော်စိတ်ကုန်တာ..ကျနော် ၂၀၁၂ tag တာ ကို သရော်လိုက်တာ..ကျနော့ ဘလော့မှာ ဆဲသံတွေ ပွက်ပွက်ညံသွားတာပဲ..

Mon Petit Avatar said...

စာအရေးအသားကလဲကောင်း အတွေးကလဲကောင်း ဆိုတော့ ဖတ်ရတာမြောသွားတယ်ကိုညီလင်းသစ်။

puff said...

ညာခွဲ ကိုညီလင်းသစ်လည်း Blog ရေးတော့မယ်နဲ့ တူတယ် :)

Anonymous said...

Pls keep on writing. We like most of your post.

lynn

မောင်မျိုး said...

အစ်ကို ကြာနေတာ သေချာ အချိန်ပေးရေးနေတာကြောင့်ကိုးး) တော်တော် ဖတ်လို့ကောင်းတယ် အိုင်ဒီယာလေးလည်းကြိုက်တယ် ။

ချစ်သော မျက်စိနဲ့ ကြည့်လို့ပဲဖြစ်မှာပါ ဘာရေးရေးဖတ်ကောင်းနေတယ် ဆိုတာ ။ ကျနော် အစ်ကို့ဘလော့မှာ သဘောကျတာလေးက ရီပလိုင်းပြန်တာလေး ကိုကြိုက်တယ် ပို့စ်ဟောင်းတွေကို ငါပေးထားတဲ့ ကော့မန့်ကို အစ်ကို ဘာများပြန်ဖြေထားသလဲဆိုပြီးတော့လည်း ပြန်ပြန်ကြည့်ဖြစ်တယ် ကိုယ်လည်း ကော့မန့်တွေကိုပြန်မှပဲလေလို့ စိတ်ထဲရှိပေမယ့် ပျင်းတာနဲ့ပဲ မပြန်ဖြစ်တော့ပါဘူး။

ဒီဘလော့မှာ ဘလော့ဂိုစပီးယားနဲ့ ပက်သက်တဲ့ချစ်စရာပို့စ်လေးတွေနဲ့ သားအကြောင်းတွေကို စိတ်ဝင်စားတယ် နောက်လည်းများများရေးပါအုံး အချစ်အကြောင်းတွေတော့ ဖတ်ရခဲတယ်ကော why ? :P

ရေးပေးတာကျေးဇူးပါ အစ်ကို ဒါနဲ့ ရှေရီ ဆိုတာ ဘာကိုပြောတာလဲ ဆရာမဂျူး ရဲ့ စာတစ်ပုဒ်ထဲမှာ အဲ့တာလေးဖတ်ဖူးသလိုပဲ ။

ရှေရီ= မောင် (သို့) ယောက်ျား (သို့) အချစ် :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိ
တစ်ပုဒ်လုံးဖတ်လိုက်တာ စကားတစ်လုံးဘဲ စွဲပြီးကျန်ခဲ့တယ်.. ဘာအဓိပ္ပါယ်ပါလိမ့်လို့ သိချင်မိသွားလို့လေ။ မောင်မျိုးပြောတဲ့ ရှေရီ ဆိုတာလေးပေါ့။ ခေါ်လို့ကောင်းသလို နားထောင်လို့လည်း ကောင်းမဲ့ အသံမျိုးလေးဘဲနော်
အဓိပ္ပါယ်လဲ သိပ်လှမယ်လို့ထင်တယ်။
အင်တာဗျူးပုံစံကတော့ သိပ်လှတယ်. သမရိုးကျ ရေးဟန်ကနေ ဖောက်ထွက်လိုက်တဲ့ စတိုင်ဘဲ
ကိုညီလင်းသစ် အိုင်ဒီယာတွေသိပ်ကောင်းတယ်..
ဒါကြောင့်လည်း မအိမ်သူက ရှေရီလို့ အမြတ်တနိုးခေါ်တာ ဖြစ်မယ်း)
ဟုတ်တယ်ဟုတ်

နေ၀ဿန် said...

ကိုညီလင်းသစ်တောင် အသက် ၃၅ နှစ်ကျော်နေပြီကိုး.. (ဒီထဲက ကောက်နုတ်ချက်.. :D).. ဒါနဲ့ ဘလော့ခ်နဲ့မဆိုင်တာ စပ်စုဦးမယ်.. မအိမ်သူက မြန်မာလူမျိုးလား.. ဟိုနေ့က ကလေးလေးက ဘိုရုပ်လေးမို့... အဟဲ... (နေ၀ဿန်က စပ်စုသန်တယ်. အစ်ကိုရေ..)


ခင်မင်လျက်
နေ၀ဿန်

ခနွဲ said...

အိုင်ဒီယာလေးကတော့ တော်တော်လန်းတာပဲ။ ဗျူးဆိုတဲ့ တက်ဂ် ကို ရေးနေတာကိုပဲ သူမတူအောင် ရေးတက်တယ်။

rose of sharon said...

အရေးအသားကိုနှစ်သက်မိပါတယ်... စိတ်ကူးကောင်းတယ်...

Angelhlaing(May everybody be happy and healthy! said...

ဗျူးလေးကို သူများမတူပဲ ထူးထူးခြားခြားလေး တင်ပြသွားတဲ့ အကိုရေ တော်လိုက်တာနော်..
တော်သေးတယ် မမအိမ်သူ ဝင်လာလို့ အဟီး..:D
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ချစ်ကြည်အေး said...

မနက် အိပ်ရာမထခင်ကတည်းက ဖတ်ခဲ့တာ...။ ခုမှ ပြန်လာဖတ် မန့်ရတယ်...:) အတွေးဆန်းကလေးနဲ့ ဗျူးပါပဲ၊ တခုပဲ လိုတယ် ကိုညီလင်းသစ်နဲ့ မအိမ်သူ အကြောင်း....
ရွာမှာဆို အဲသလို ကိုယ်ရေးကိုယ်တာဗျူးတွေက ပို Juicy ဖြစ်တာကလား....(အချွန်နှင့် မ သွား၏)

Nyi Linn Thit said...

လပြည့်ရိပ် ...
ဟင့်အင်း..အိပ်ရာ ဝင်ခါနီးမှာ ရတာ၊ အာလုတ်သံတင် ဘယ်ကမလဲ၊ ပါးစပ်မှာလည်း သွားတိုက်ဆေးတွေ ပေကျံလို့..၊း)

မ mie nge ...
ဟုတ်ကဲ့..၊ ဒါဆိုလည်း ဝမ်းမြောက်ရကြောင်းပါဗျား၊း)

ကျောက်ကျောက်မိုးဗျူး ...
သွားလိုက်တော့.. နင်သွားလိုက်တော့... အာ... ရှုပ်ကုန် ပြီဗျာ၊ ကိုကြီးကျောက်လည်း ၂၀၁၂ tag ကို ဝေဖန်လို့ ကမ္ဘာမပျက်ခင် ဘလော့ဂ်ပါ ပျက်မယ့်ကိန်း ထင်တယ်၊း) ဒီတဂ်ပို့စ်ကလည်း အခုလိုရေးဖို့ ရေးကွက်လေး လည်း ရှိနေလို့ပါဗျာ၊ မဟုတ်ရင်တော့လည်း မူလ format အတိုင်းပေါ့...၊း)

Mon Petit Avatar ...
ကျေးဇူးတင်ပါတယ်ဗျာ..၊

puff ...
အင်း.. အဲဒါဆိုရင်တော့ ကျနော်သာလျှင် မူလပထမ အစစ်အမှန် ဖြစ်ကြောင်း တရားစွဲရမှာပဲ...၊း)

lynn ...
thank you for your encouragement..!

မောင်မျိုး ...
အသက်ကြီးလာတော့ အချစ်အကြောင်းပြောရမှာ သိပ်တော့ မလွယ်ဘူးဗျ၊ ဒါပေမယ့် လာမှာပါ..အဟဲ၊ ရှေရီက ညီဖြေထားတဲ့ အတိုင်းပါပဲဗျာ...၊း)

မချော ...
ကျေးဇူးပါဗျို့...၊ အင်း, ရှေရီကတော့ သူသူငါငါ ရေလဲ သုံးတဲ့ စကားပါပဲလေ၊ ကြိုက်သလိုသာ မြန်မာမှု ပြုပါ တော့...၊း)

ကိုနေဝဿန် ...
တကယ်တော့ ၃၆ တောင် ကျော်ပြီဗျ..၊း) မအိမ်သူက ဆွစ်လူမျိုးပါ၊

ခနွဲ ...
ကျေးဇူးပါဗျာ၊ ကျနော် ရေးတတ်လို့ မဟုတ်ပါဘူး၊ ဒီတဂ်လေးကိုက ဒီလိုရေးဖို့ ရေးကွက်လေး ရှိနေလို့ပါ၊

rose of sharon ...
စခုပ်စတား....၊ ဒါမှမဟုတ်လည်း တာပလု အားကြီး လော..း)

Angelhlaing ...
ဟုတ်တယ် ညီမရေ၊ သူကတော့ ကျနော် အခန်းပျက် သွားပြီလို့ ထင်မှာပဲ...။း)

Anonymous said...

Mon chéri ဆိုတာ ချောကလက် နာမည်လေ :P

စူးနွယ်လေး

Nyi Linn Thit said...

အမချစ်ကြည်အေး ...
ဟုတ်ကဲ့..၊ မောင်မျိုးကလည်း အဲဒီ အကြောင်းကိုပဲ ရေးဖို့ ဖိအားပေးနေတယ်ဗျ၊း) ဒါနဲ့ ကျနော်လည်း နဲနဲချင်းတော့ စရေးနေပါပြီ၊ အချွန်တွေက မြိနေတဲ့အခါ တခါတလေ ထိုးလို့ထိုးမှန်း မသိဘူးဗျ...၊း)

Nyi Linn Thit said...

မစူးနွယ် ...
ဟုတ်တယ်၊ သင်းပျံ့ချိုအီတယ်ပေါ့၊ meine liebling လည်း ကောင်းတာပဲ..အဟဲ၊

Baby taster said...

အိုင်ဒီယာလန်းတယ် ညီလင်းသစ် ဘယ်ခွဲလား
တော်သေးတယ် ညာပေါင်းမဖြစ်တာ ဟဟား
ကိုယ့်မျက်နှာကိုဆယ်စုနှစ်၃ခုခွဲမက မြင်ဖူးနေတာပဲ
ဆိုတာလေး သဘောကျမိတယ်။ မအိမ်သူက ဟန်နီလို့
ခေါ်တာနေမှာပေါ့ ပြောကြည့်တာ. မှတ်မှတ်ရရ Macro photography ဆိုတဲ့ ပို့စ်ကနေ စပြီးဖတ်လာတာ ပထမတော့ ပန်းတွေလှလို့ဝင်လာတာပါ။ နောက်တော့ သားလေးရဲ့ ပေပွနေတဲ့ ပုံလေးကို မြင်ပြီး အမြဲလာကြည့်ဖြစ်တယ်။ ဒီဘလောဂ့်ကို အရင်က လာဖြစ်တာက ပုံတွေကြည့်ချင်လို့ နောက်မှ စာဖတ်ဖြစ်တယ်။ စာကလည်းတမျိုး ဖတ်လို့ ကောင်းနေပြန်တယ်

Iora said...

ညာခွဲကိုညီလင်းသစ်ကနောက်ဆုံးတော့ဘယ်ခွဲကိုညီလင်းသစ်ကို အရှုံးပေးသွားရပုံဘဲ။ ဒီတော့လည်းအိပ်ရေးတွေဆက်ပျက်နေဦးမှာပေါ့။
ကျမလည်းအခုထိမအိပ်ဘဲလည်နေတုန်း...
အိုင်အိုရာ

မောင်မျိုး said...

အဖြေမှန်ကို ညီသိပြီ ဟဟား

ရှေရီ = အချစ် တဲ့ ကျနော့်အစ်ကိုပြောပြတာ ကြည်နူးစရာလေးဗျာ အူတွေတောင်ယားတယ် ဟိဟိ ။

မောင်လေး said...

အိုင်ဒီယာလေးကို အရမ်းသဘောကျသွားတယ်...မိုက်တယ်
ဗျ...၊ကျွန်တော်လည်း ပို့စ်တွေကို အဲ့လိုလမ်းကြောင်းလေး
ခွဲရေးချင်တာ...ရေးတတ်ဘူးဗျ...ဟီး...၊၂၀၀၇ ထဲကရေး
တယ်လား...သိခဲ့ဘူးဗျ...:)))

Nyi Linn Thit said...

မဘေဘီ ...
Macro photography ကတည်းက လာလည်ဖူးတာကိုး၊ နဲနဲတောင် ကြာနေပြီပဲ၊ အဲဒါကြောင့် မိတ်ဟောင်း၊ ကျွမ်းဟောင်းလိုပါပဲလို့ အောက်မေ့နေတာ...၊း)

မအိုင်အိုရာ ...
အစစ်ပဲဗျာ၊ အကယ်၍ ညာခွဲကသာ ဘယ်ခွဲကို convince လုပ်နိုင်ခဲ့ရင် ကျနော်လည်း ရှေ့လျှောက် အိပ်ရေးဝဖို့ပဲဗျ...၊ အခုတော့...၊း(

မောင်မျိုး ...
ဟား..ဟား..ဟား၊ ညီ့ဆီမှာ အဲဒီလို ပွင့်လင်းတာလေး တွေက သဘောကျဖို့ ကောင်းတယ်ဗျ..၊းD

ကိုမောင်လေး ...
ဒါကလည်း ရမ်းသမ်းမှန်းသမ်းနဲ့ ဖြစ်သွားတာပါဗျာ၊ အထွေအထူးတော့ မဟုတ်ပါဘူး၊း)

ကောင်းမွန်ဝင်း said...

ပို့စ်မပြောနဲ့ ကော်မန့်တွေနဲ့တင် အရမ်းကို ပြည့်စုံနေတာပါလား။

နောက်ကျမှဝင်လာဖတ်တော့ စုံနေအောင်သိရတယ်နော်။

အလုပ်ရယ်၊ သားလေးတစ်ယောက်ရယ်ရှိတာရယ်၊ ဘလော့ဂ်ရေးတာရယ် (အမှန်က အခြားအရာတွေလည်းရှိသေးတယ်နော်) စိတ်သွားတိုင်းကိုယ်မပါနိုင်ဘူးဆိုတာ တကယ်ပါပဲ။

သွားတိုက်ရင်းစကားများများပြောတတ်တာလည်း ကျွမ်းကျင်မှုတစ်ခုပဲနော်။း)

Nyi Linn Thit said...

မ,ကောင်းမွန်ဝင်း ...
ဘလော့ဂ်တွေမှာတော့ ကိုယ့်အကြောင်း၊ သူ့အကြောင်း တွေက သိနေမှာပါပဲဗျာ၊ သွားတိုက်ရင်း စကားပြောခြင်း ဟာလည်း တကယ်တော့ အတတ်ပညာတခုဗျ..၊း)

သက်ဝေ said...

မှန်ရှေ့မှာရပ်ရင်း မှန်ထဲမှာတွေ့နေရတဲ့ ပုံရိပ်နဲ့ စကားပြောတဲ့ ပိုစ့်မျိုး ရေးကြည့်ဖူးတယ်... ရေးပြီးမှ အားမရတာနဲ့ မတင်ဖြစ်တော့ဘူး...
အခု ကိုညီလင်းရေးသွားတာ သပ်ရပ်လိုက်တာ... ပြီးတော့ ဘလော့ဂ်နဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေလည်း ပြည့်ပြည့်စုံစုံပါနေတယ်...
ဒါကြောင့် ဒီပိုစ့်လေးကို ကြိုက်တယ်...း))

ကြိုက်တာလေးတွေလည်း ရေးအုံးနော်...း))

Nyi Linn Thit said...

မသက်ဝေရေ ...
ကျေးဇူးပါဗျာ၊ မသက်ဝေက အားမရဘူးဆိုပေမယ့် ကောင်းမှာပါ၊ ဆင်ပိန်ကျွဲလောက်-ဆိုတဲ့ စကားပုံလေး သွားသတိရတယ်၊း) ရှိနေသေးရင် တင်ပါဦး...။

Anonymous said...

Lovely interview!Thanks for your time and imagination for polar bear.I've been at Montreux for two days.I pushed the lap top away and just enjoyed the beauty of nature:)
Gyidaw

Nyi Linn Thit said...

ဂျီးဒေါ် ...
Montreux က အရမ်းလှတယ်၊ ကျနော်လည်း ကြိုက်တယ်၊ တခါတခါ ဘလော့ဂ်နဲ့ အဝေးမှာ အဲဒီလို သုံးလေးရက်လောက် သွားနေရတာလည်း ကောင်းတယ်..။