31 January 2012

မှန်ပြောင်းထဲက ကျွန်းကလေး


ဖြတ်သန်းလာသော နှစ်တွေများလာသည်နှင့် အမျှ ကျနော်၏ အာရုံဝင်စားမှုကို ပိုပိုပြီး သိမ်းပိုက်၊ လွှမ်းမိုး လာသော နိုင်ငံလေး တစ်နိုင်ငံ ရှိပါသည်၊ လွန်ခဲ့သော အစောပိုင်း နှစ်တွေဆီကတော့ ထိုနိုင်ငံလေးနှင့် ပတ်သက်ပြီး မှတ်မှတ်ထင်ထင် အကြောင်းများ မရှိ၊ အထူးအထွေ သတိပြုမိတာမျိုး မရှိဘဲ ကုန်လွန်ခဲ့သည်၊ နိုင်ငံလေးက တကယ်တော့ ကျွန်းနိုင်ငံလေး တစ်ခုသာ ဖြစ်သော်လည်း သူ့သြဇာနှင့် လွှမ်းမိုးမှုက နယ်ပယ် အတော်များများမှာ သက်ရောက်မှု ရှိပါသည်၊ ထိုကျွန်းကလေးမှာ ဒေသတွင်း နိုင်ငံတွေအတွက် အတုယူစရာတွေ ရှိသလို၊ ခပ်ဝေးဝေးက နိုင်ငံကြီးတွေ အတွက်လည်း အလေးဂရုပြု ဆက်ဆံရမည့် အကြောင်းတရားတို့ ရှိသည်၊ ခြင်္သေ့ကျွန်း ဟုလည်း ခေါ်ကြသည့် ထိုနိုင်ငံဆီမှာ ကျွန်းသူ၊ ကျွန်းသားတပိုင်း ဖြစ်နေကြသူများနှင့် မိတ်ဆွေဖြစ်လာရသည့်အခါ သူတို့နေထိုင်ရာ ထိုနိုင်ငံကလေးကို ကျနော် တစေ့တစောင်း စိတ်ဝင်စား လာမိပါတော့သည်၊

စင်္ကာပူ နိုင်ငံကို သာမန်ကာလျှံကာ အဆင့်မှ ကျော်လွန်ကာ နည်းနည်းလေး တိုးပြီး သိခဲ့ရချိန်က ကျနော့်အသက် ၁၅ နှစ်ခန့်မှာ ဖြစ်သည်၊ ကျနော်တို့ အားလုံး ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေ အဖြစ်နှင့် စာသင်ကြား နေကြချိန်မှာ ကျနော်တို့အထဲမှ သူငယ်ချင်းတစ်ယောက်က စင်္ကာပူသွားပြီး အလုပ်လုပ်တော့မည်ဟု ဆိုသောအခါ အားလုံးက စိတ်ဝင်တစား ဖြစ်ကုန်ကြသည်၊ ထိုသူငယ်ချင်းက ရှစ်တန်းနှစ်ခါကျ၍ ကျောင်းထွက်ထားရပြီး ဟိုဟိုဒီဒီ စိတ်လေနေသည့်အချိန်မှာ သူ့ဦးလေးရှိရာ စင်္ကာပူသို့ အလုပ်သွားလုပ်ဖို့ အိမ်က ပို့လိုက်ခြင်း ဖြစ်သည်၊ အဲသည်ကာလက နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်မည့် ထိုသူငယ်ချင်းသည် ကျနော်တို့အတွက်တော့ ကိုလံဘတ်စ် အလား...၊ နယ်ပယ်သစ် အတွေ့အကြုံသစ် များကို မြည်းစမ်းရတော့မည့် သူ့ကို ကျနော်တို့က အားကျခဲ့ကြ ပါသည်၊ သည်လိုနှင့် သူထွက်သွားခဲ့သည်၊ နောက်ပိုင်း အချိန်အနည်းငယ် ကြာတော့လည်း ကျနော်တို့၏ ကိုလံဘတ်စ်ကို မေ့သွားပြီး အဖြူအစိမ်းဝတ် ဘဝတွေထဲမှာ ပြန်ပြီး အနည်ထိုင်သွား ကြသည်၊ သည်လိုနှင့် တစ်နှစ်ခွဲလောက် အကြာမှာ ထိုသူငယ်ချင်း ပြန်ရောက်လာခဲ့သည်၊ သွားတုန်းက လေယာဉ်ဖြင့် သွားခဲ့ပြီး ပြန်လာတော့ အကြောင်းမကြား ဘာမကြား စက်လှေဖြင့် ပြန်ရောက်လာခဲ့သည်၊ ဘယ်လိုများ ပါလိမ့်၊ ကျနော်တို့ကတော့ ထုံးစံအတိုင်း တအံ့တသြ...၊ ကြည့်ရတာ သိပ်တော့ အဆင်ပြေခဲ့ပုံ မရ..၊

“ အော့ချတ်လမ်းမကြီး စည်ပုံများကွာ...၊ မင်းတို့ကို မြင်စေ့ချင်တယ်...”

သူ့အပြောမှာ ကျနော်တို့က ပါးစပ်အဟောင်းသား၊ သူ မကြာခဏ ပြောတတ်သည့် အော့ချတ်လမ်းမ ဆိုတာ ကျနော်တို့ ရန်ကုန်မြို့က အနော်ရထာလမ်းလို များလား...၊

ကျနော်တို့တတွေ ဆယ်တန်းအောင်လို့ ဘယ်ဆီဘယ်ဝယ် မသိရသည့် တက္ကသီလာ နေ့ရက်များကို စောင့်ဆိုင်းနေတုန်းမှာ နောက်သူငယ်ချင်း တစ်ယောက်က စင်္ကာပူသို့ ထွက်သွားပြန်သည်၊ သူ့ဆီကတော့ အော့ချတ်လမ်းမဆိုသည့် နာမည်တစ်ခုထက်ပိုပြီး သိလာရသည်၊ ကျွန်းနိုင်ငံလေး၏ ရာသီဥတု အခြေအနေ၊ အလှအပ၊ လူတွေရဲ့ ဆက်ဆံပုံ၊ သူ့အလုပ်ရဲ့ သဘောသဘာဝ စသဖြင့်...၊ မြူမဆိုင်း ပါဘဲနှင့် ရှေ့ကို လှမ်းမြင်နိုင်စွမ်း မရှိသည့် ဝိုးတဝါး နေ့ရက်တွေထဲ ပိတ်မိနေသည့် ကျနော်တို့အားလုံးက စင်္ကာပူက သင်္ဘောကျင်းတစ်ခုမှာ အလုပ်လုပ် နေသည့် ထိုသူငယ်ချင်းကို အားကျနေခဲ့ကြ ပြန်သည်၊ အဲသည်ကာလက အီးမေးလ်တို့၊ ဂျီတော့ခ်တို့ မရှိသည့်ကာလ ဆိုတော့ စာတိုက်မှ ရံဖန်ရံခါ ရောက်လာတတ်သည့် သူ့စာလေးတွေထဲမှာ စာကြောင်းတွေအကြား ခြင်္သေ့ကျွန်းကို မြုပ်ချည်ပေါ်ချည် မြင်ခဲ့ရသည်၊

နောက်ပိုင်း ကျနော် သည်နိုင်ငံကို ရောက်လာသည့်အခါ စင်္ကာပူနှင့် တစထက်တစ ပိုပြီး ကျွမ်းဝင် လာခဲ့သည်၊ လက်ရှိနေရာက မြန်မာနိုင်ငံမှာ ရှိစဉ်ကထက်စာလျှင် စင်္ကာပူဆိုသော ကျွန်းကလေးနှင့် အဝေးကြီးမှာ ဖြစ်သော်လည်း သတင်းနှင့် နည်းပညာတို့ လွတ်လွတ်လပ်လပ် အပြိုင်းအရိုင်း ရှင်သန်နေသော ဒေသဖြစ်၍ ကျွန်းကလေး အကြောင်းကို ပိုပြီး သိခဲ့ရသည်၊ သူများတကာထက် နောက်ကျမှ လွတ်လပ်ရေး ရသော်လည်း အားလုံးကို ဖြတ်တက်ပြီး ရှေ့တန်းရောက်လာ ခဲ့သည့် ကျွန်းကလေး၊ သဘာဝ အရင်းအမြစ် ဘာမှမရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ်ကို ကောင်းကောင်း အသုံးချတတ်သည့် ကျွန်းကလေး၊ ဆင်းရဲသည့် ပတ်ဝန်းကျင် တိုင်းပြည်တို့မှ ယိုစိမ့်စီးထွက် လာသည့် ပညာတတ် ဦးနှောက်တို့ စီးဝင်ရှင်သန်ရာ ကျွန်းကလေး...၊

မနေ့တစ်နေ့က ကျနော်နေထိုင်ရာ မြို့ထုတ် သတင်းစာ တစ်စောင်ထဲတွင် စင်္ကာပူနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ် ပါလာခဲ့သည်၊ ဆောင်းပါးခေါင်းစဉ်က ‘ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် တူသောနိုင်ငံ’ တဲ့၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုတွေကို အသားပေးဖို့ စင်္ကာပူအစိုးရက တဖက်က နိုင်ငံရေး တည်ငြိမ်မှုကို ဦးစားပေးသလို တဖက်ကလည်း အခွန်နှင့်ပတ်သက်ပြီး အများကြီး လျှော့ချကာ ဆွဲဆောင်ခဲ့သည်၊ စားသုံးသူ အသိုင်းအဝိုင်း ဖွံ့ဖြိုးစေရေးအတွက် စင်္ကာပူအခေါ် GST (Goods and Services Tax)၊ ဥရောပအခေါ် တန်ဖိုးဆောင်းအခွန် (VAT) ကိုလည်း ၇ ရာခိုင်နှုန်းမှာ ထားခဲ့သည်၊ ဘဏ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း အစရှိသည်တို့မှာ စနစ်ကျသော မူများချမှတ်ထား ခဲ့သည်၊ တိုင်းပြည်ကလေးက လူဦးရေ ၅ သန်း ဝန်းကျင်ခန့်သာ ရှိသော်လည်း နှယ်နှယ်ရရတော့ မဟုတ်၊ ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံး ငွေကြေးဈေးကွက်၊ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ကာစီနို လောင်းကစား ဈေးကွက်၊ ကမ္ဘာ့ တတိယ အကြီးဆုံး ရေနံ၊ ဓါတ်ငွေ့ သန့်စင်ရာဌာန အစရှိသည့် ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသည်၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများအတွက် ဘဏ္ဍာရေး အရန်ငွေ ၂၃၂ ဘီလျံဒေါ်လာ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် အရန်ငွေ ၁၄၁ ဘီလျံဒေါ်လာ သီးသန့်ထားရှိသည်၊

" စင်္ကာပူရဲ့ အုပ်ချုပ်ပုံက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ တူတယ်ဗျ၊ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဝန်ထမ်းတွေ အားလုံး မခိုမကပ် အလုပ်,လုပ်ရတယ်၊ တော်သူတွေအတွက် နေရာရှိမယ်၊ အခွင့်အရေးတွေ အများကြီး ပေးထားတယ်၊ ကုမ္ပဏီတစ်ခုမှာ အုပ်ချုပ်ရေးပိုင်းက အကြီးအကဲတွေ ဘယ်လိုမျိုး အခွင့်ထူးတွေ ရကြသလဲဆိုတာ သိတယ်မဟုတ်လား.."

ဘဏ်လုပ်ငန်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်နေသည့် ဆွစ်လူမျိုးတစ်ယောက်က ဆိုသည်၊ လက်ရှိ စင်္ကာပူ ဝန်ကြီးချုပ်၏ လစာကို သိရသည့်အခါ ထိုသူပြောတာ လွန်သည်ဟု ကျနော်မထင်မိပါ၊ တစ်နှစ်ကို လစာဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈ မီလျံဒေါ်လာဖြင့် ဝန်ကြီးချုပ် လီရှင်လွန်းက ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အကြီးအကဲနေရာကို ရရှိထားသည်၊ အမေရိကန် သမ္မတ အိုဘားမားပင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄ သိန်းဖြင့် လီရှင်လွန်း အနောက်မှာ မျက်နှာငယ်နေ ရသည်၊ ယခင်နှစ်များ၏ စီးပွားပျက်ကပ်မှ အလျင်အမြန် ပြန်ပြီး နာလန်ထူနိုင်ဖို့ ယခုနှစ် ၂၀၁၂ မှာတော့ ဝန်ကြီးချုပ်က သူ့လစာကို ရာခိုင်နှုန်းများစွာ လျှော့ယူမည်ဟု ဆိုသည်၊ ဒါတောင် ၁.၆ မီလျံဒေါ်လာ ဝင်ငွေရှိနေ သေးသည်၊

တစ်ရက်မှာ ကျနော့်ထံ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က မေးလ်ပို့လာ ခဲ့သည်၊ သူလည်း အခု စင်္ကာပူမှာ အလုပ်,လုပ်နေပြီ ဆိုသည့်အကြောင်း လှမ်းပြောခြင်း ဖြစ်သည်၊ နောက်ထပ် သူငယ်ချင်းတစ်ယောက် စင်္ကာပူ စီးကြောင်းထဲကို ခုန်ချသွားတာက ဘာမှအံ့သြစရာ မဟုတ်သော်လည်း ကျနော်ဘယ်လိုမှ မထင်မှတ်ထားသော သူငယ်ချင်းများ၊ မသိတသိ မိတ်ဆွေများ အားလုံးလိုလို စင်္ကာပူမှာ ရောက်နေကြပြီဟု ဆိုသောအခါ ကျနော် တကယ်ပင် အံ့သြခဲ့ရ တော့သည်၊ ကျနော်နှင့် တစ်ကျောင်းတည်းထွက် အဆိုပါ ပုဂ္ဂိုလ်များက စင်္ကာပူမှာ ကျောင်းသားဟောင်းများ အသင်းကိုပင် ဖွဲ့ထားလိုက်သေး သည်တဲ့၊ လူအင်အား တောင့်ပုံများတော့...၊

အဲ့လ်ပ်စ် တောင်တန်းများပေါ်မှာ မေးတင်ထားသော ဤနိုင်ငံကလေးသို့ ရောက်ခါစ အစောပိုင်း နှစ်များမှာ အခြားသော မြန်မာလူမျိုးများ နည်းတူ ကျနော်လည်း မြန်မာစာပေ၊ မြန်မာ့အစားအစာ တို့ကို လွမ်းဆွတ်၊ တမ်းတခဲ့ဖူး ပါသည်၊ တစ်ရက်မှာ ဗီယက်နမ် ဆိုင်ကလေးတစ်ဆိုင်ကို အမှတ်မထင် တွေ့လိုက်မိသည့်အခါ သဲကန္တာရထဲမှာ အိုအေစစ် တွေ့လိုက်သည့် ကုလားအုတ်တစ်ကောင် အလား အလွန်အမင်း ပျော်သွားခဲ့သည်၊ စင်စစ် ဆိုင်လေးက ခပ်သေးသေးသာ ဖြစ်သည်၊ ထုံးစံအတိုင်း ပုလင်းဖြင့် ထည့်ထားသော အစားအစာတွေကပဲ ခပ်များများ၊ အသီးအရွက် ဆိုလို့ လက်တစ်ဖောင်သာသာ စင်လေး ၃ ခုပေါ်မှာ တင်ထားသော ဘူးသီးကလေး၊ ကန်စွန်းစည်းကလေး၊ နံနံပင်ကလေး..၊ သည်လောက်ပဲ ရှိသည်၊ သို့ပေမယ့် ဒါကိုပဲ ကျနော့်မှာ ပျော်တပြုံးပြုံး..၊ များမကြာမီ တစ်ရက်မှာတော့ စင်္ကာပူမှ သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောဖြစ်ကြသောအခါ သူတို့ဆီမှာ ရနိုင်သော အစားအစာများ အကြောင်း သိလိုက်ရတော့ ကျနော်၏ ဗီယက်နမ် ဆိုင်ကလေးကို နွားခြေရာခွက်အလားသာ မြင်မိတော့သည်၊

ကျနော့်မှာ အလုပ်မှ အငြိမ်းစားယူထားပြီး အရှေ့တောင်အာရှ တိုင်းပြည်များကို ချစ်မြတ်နိုးသည့် ဆွစ်လူမျိုး မိတ်ဆွေတစ်ဦး ရှိသည်၊ အငြိမ်းစား ဝန်ထမ်းပီပီ ပိုနေသော အချိန်တွေမှာ ဘယ်လိုနည်းနှင့် အရှေ့တောင်အာရှ နိုင်ငံတွေကို သွားလို့ရမလဲဟု အမြဲလိုလို ကြံစည်အားထုတ် နေတတ်သူ ဖြစ်သည်၊ တစ်ရက်မှာတော့ စင်္ကာပူက တက္ကသိုလ်တစ်ခုမှ ဆရာတစ်ယောက်နှင့် အဆက်အသွယ်ရ သွားသည်၊ ထိုဆရာက ဆွစ်ဇာလန်က တက္ကသိုလ်တစ်ခုမှာ ၆ လလောက် စာလာသင်ဖို့ ရှိနေသည်၊ ထိုအတောအတွင်း မိသားစုပါ ခေါ်ထားချင်သည်၊ ဒါကိုကြားတော့ ကျနော့်မိတ်ဆွေအတွက် ရေငတ်တုန်း ဘီယာစတေရှင်ထဲမှာ နှစ်လုံးထီပေါက်ထားသည့် သူငယ်ချင်းကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာသွားသည်၊ သူတို့နှစ်ယောက် နှစ်ဦးသဘောတူ စင်္ကာပူက တိုက်ခန်းနှင့် ဆွစ်ဇာလန်က အိမ်ကို ၆ လစာ လဲလိုက်ကြသည်၊ သူ့မိန်းမလည်း အလုပ်ကနေ ၆ လခွင့်ယူပြီး သူနှင့်အတူ လိုက်သွားတော့သည်၊

" ငါတကယ် သွားနေချင်တာက မင်းတို့ မြန်မာပြည်ကိုကွ၊ မင်းလည်း သိပါတယ်၊ အဲဒီတိုင်းပြည်ကို ငါ ဘယ်လောက် သဘောကျသလဲ ဆိုတာ..၊ ဒါပေမယ့် မြန်မာပြည်မှာ အခုလို လွယ်လင့်တကူ သွားနေဖို့တော့ မဖြစ်နိုင်ဘူးလေ၊ ပြီးတော့ ဒီမှာလည်း မဆိုးပါဘူးကွာ၊ မြန်မာပြည်အတိုင်း အစားအသောက်တွေ အကုန်ရတယ်ကွ..."

အဲသည်လို အစချီပြီး ကျနော့်ဆီကို ဓါတ်ပုံတချို့ ပို့လာခဲ့သည်၊ သူ့ ဓါတ်ပုံတွေက ငါးခြောက်တောင်း ကြီးတွေ၊ လမ်းပေါ်မှာ အချဉ်ပေါင်းရောင်းသည့် လက်တွန်းလှည်းတွေ၊ ဘီယာပုလင်းတွေ၊ ရန်ကုန် ညဈေးတန်းလိုမျိုး လမ်းပေါ်မှာ ကြော်လှော်၊ စားသောက်နေကြသည့် ဆိုင်တွေဖြစ်သည်၊ 'မင်းအလွမ်း ပြေဖို့' ဟု ကျောဖက်မှာ စာတန်းထိုးထားသည့် ဓါတ်ပုံကိုမြင်တော့ ကျနော့်မှာ အူတက်မတတ် ရယ်မိပါသည်၊ ပင်နီဆူလာမှာ အုပ်စုဖွဲ့ ရပ်နေကြသည့် မြန်မာလူမျိုးများ...၊ အရယ်ရပ်သည့်အခါ အမြဲလိုလို ကြားနေရသည့် ပင်နီဆူလာ ဆိုသည်ကို မြင်ဖူးသည်ရှိအောင် စေ့စေ့စပ်စပ် ကြည့်မိသည်၊ နောက်.. ရပ်နေသည့် မြန်မာလူမျိုး တို့၏ မျက်နှာများ...၊ ထိုဓါတ်ပုံကလေးကို ကြည့်ရင်း အခုမှသာ မြင်ဖူးရသည့် ပင်နီဆူလာကို ကျနော် အာရုံခံ မှန်းဆ၊ စိတ်ကူးယဉ်ကြည့် နေခဲ့သည်ဟု ဆိုလျှင် ယုံကြည်စေချင် ပါသည်၊

တဖက်ကလည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်ကြီးများ အတွက် စင်္ကာပူဆိုသော ကျွန်းကလေးက စီးပွားရေးလုပ်ဖို့ အကောင်းဆုံး သုခဘုံ ဖြစ်နေသလောက် အောက်ခြေမှာ ရုန်းကန်လှုပ်ရှား ရသည့် မြန်မာလူမျိုးတို့ အတွက်တော့ ပူလောင်မွန်းကျပ်ရသည့် နေရာတစ်ခု ဖြစ်နေခဲ့တာ ကျနော်တို့ လက်မခံချင်လို့ မရသော အရှိတရား တစ်ခုလည်း ဖြစ်သည်၊ သည်ဖက်နှစ်ပိုင်းတွေမှာ အနှိမ်ခံ၊ ခေါင်းပုံ အဖြတ်ခံနေရသည့် လူငယ်လေးတွေ၊ အမျိုးသမီးငယ်လေးတွေရဲ့ သောကမီးတွေက ပေါက်ကွဲဖို့ မစွမ်းသာ သေးသည့် မီးတောင်တစ်ခုက ချော်ရည်တွေအလား ပွက်အန်၊ ဆူဝေ ကျလာတာ တွေ့နေရသည်၊ တခါတရံမှာ အားပေးစကားလေး တစ်ခွန်း၊ အကူအညီလေး တစ်ခုတောင်မှ အထောက်အကူ မပြုနိုင်သည့် အဖြစ်က ရင်နာစရာ ကောင်းပါသည်၊ အပေါင်းလက္ခဏာ ဆောင်သော ဂုဏ်ထူးဝိသေသ များစွာကို ပိုင်ဆိုင်သည့် ခြင်္သေ့ကျွန်းလေးသည် များစွာသော မြန်မာတို့အတွက်တော့ နှလုံးစိတ်ဝမ်း ဘယ်တော့မှ မချမ်းမြေ့နိုင်မည့် နေရာတစ်ခုသာ ဖြစ်နေလိမ့်မည်၊ ထိုသောအခါ နာကျင်ဆင်းရဲစွာဖြင့် အိမ်ပြန်သွားခဲ့ကြသော ဇတ်လမ်းများကို ကျနော်တို့ ကြားခဲ့ကြရ ပါသည်၊ ကုမ္ပဏီတစ်ခုနှင့် တူသည်ဆိုသော စင်္ကာပူ နိုင်ငံရေးစနစ်သည် ၄င်း၏ တည်ငြိမ်ရေး၊ စီးပွားရေးကို ထိပါးလာမည် ဆိုပါက နိုင်ငံတွင်း နေထိုင်သူများကို ကုမ္ပဏီ ဝန်ထမ်းများကဲ့သို့ ကျပ်တည်းစွာ စည်းမျဉ်းများထုတ်လျက် အုပ်ချုပ်အရေးယူမည်မှာ သေချာပေသည်၊ လူ့အခွင့်အရေး ဆိုသည်မှာ တစ်ဦးချင်းစီ၏ ဝင်ငွေ၊ ဝယ်ခြမ်း စားသောက်နိုင်မှု၊ ကျပ်တည်းမြားမြောင်လှသော စည်းကမ်းများကြားတွင် ရှိပါသလား၊ Freedom House လို၊ Economist သတင်းစာလို အဖွဲ့အစည်းတွေကတော့ စင်္ကာပူနိုင်ငံ၏ ဒီမိုကရေစီ စနစ်ကို 'တစိတ်တပိုင်းသာ လွတ်လပ်သော' ဟု ဒီမိုကရေစီ ညွှန်းကိန်းတွေမှာ ဆိုကြသလို စင်္ကာပူအစိုးရကိုလည်း 'hybrid regime' ဟု ခေါ်ဝေါ်သတ်မှတ် ခဲ့ကြသည်၊

" အနောက်နိုင်ငံ ကျောင်းတွေက ဆရာ၊ ဆရာမတွေ အနေနဲ့ ကျောင်းသားကို ရိုက်နှက်ဆုံးမဖို့ ဘာဖြစ်လို့ အကြောက်အကန် ငြင်းကြရသလဲ ဆိုတာ ကျနော့်အနေနဲ့ ဘယ်တုန်းကမှ နားမလည် နိုင်ခဲ့ဘူး၊ ကျနော်နဲ့ သူငယ်ချင်းတွေဆို ရိုက်နှက်ဆုံးမတာ ခံခဲ့ရတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာကျင်ပါဘူး "

အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယုကတော့ သူ့စာအုပ်တွေမှာ အခွင့်သင့်သလို ရေးခဲ့သည်၊ ရိုက်နှက်ခြင်းဟာ လူကိုပြန်ပြီး တည့်မတ်စေနိုင်တယ်ဟု ယုံကြည်သည့် လီကွမ်ယူက စင်္ကာပူဥပဒေမှာ ပြဌာန်းထားသည့် ကြိမ်ဒဏ်နှင့် ပတ်သက်လာတိုင်း ကာကွယ်ပြောဆို ခဲ့သည်၊ သို့သော် ကမ္ဘာ့ယဉ်ကျေးမှု တွန်းတိုက်မိခြင်း အကြားမှာ လွတ်လပ်မှုကို တိုး၍ရှာဖွေလာသည့် ခြင်္သေ့ကျွန်းပေါ်မှ မျိုးဆက်သစ်တို့ အတွက် စင်္ကာပူအစိုးရ၏ ဥပဒေများက ပြန်လည်သုံးသပ်ချင်စရာ ဖြစ်လာနေခဲ့သည်၊ စင်္ကာပူ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး စတင်ပြဌာန်းသည့် အချိန်မှစ၍ အမြဲလိုလို အပြတ်အသတ် အနိုင်ရခဲ့သည့် လူထုလှုပ်ရှားမှုပါတီ (PAP) က ယမန်နှစ် ရွေးကောက်ပွဲ များတွင် လူကြိုက်များမှု လျော့ကျသွားပြီး ပြိုင်ဖက် အလုပ်သမားပါတီ (WP) က မဲအရေအတွက် တိုး၍အနိုင်ရခဲ့သည်မှာ အများသူငါ မမျှော်လင့်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်သည်၊

ကျနော့်အနေဖြင့် ကိုယ်ပိုင်ထုထည် သေးငယ်သော်လည်း အရိပ်ကျမှု ကြီးမားသည့် အဆိုပါ ကျွန်းကလေးသို့ သွားရောက်နိုင်ဖို့ အခါများစွာ အိပ်မက်ခဲ့ဖူး ပါသည်၊

" ဒီတစ်ခေါက် မြန်မာပြည် ပြန်တယ်ဆိုတော့ နောက်တစ်ခေါက်မှာ စင်္ကာပူသွားမယ် "

သို့သော် အဆိုပါ နောက်တစ်ခေါက်သည် နှစ်များစွာကြာမှ တကြော့ပြန်လာလေရာ မရောက်ဖြစ်တာ ကြာသော မြန်မာပြည်သို့ပင် ခြေဦးလှည့်လိုက် ရပြန်ပါသည်၊ ယခုအချိန်ထိတော့ ချန်ဂီ၏ တံခါးများသည် ကျနော့်အတွက် ပိတ်ထားဆဲပင် ဖြစ်သည်၊ ထရန်စစ်အတွက် သုံးလေးခါ ရောက်ခဲ့ဖူးသော်လည်း လေဆိပ်တံခါးများ၏ ဟိုမှာဖက်ကို မထွက်ရဘဲ တစ်နှစ်ကို မိုးရေချိန် ၉၂ လက်မကျော်ကျော် ရတတ်သည့် စိုထိုင်းထိုင်း ကျွန်းကလေးပေါ်ကနေ ဆက်လက် ပျံသန်းခဲ့ရ သည်ချည်းသာ ဖြစ်ပါသည်၊ ကျွန်းကလေးပေါ်ကို ကျနော် လေးစားရသော စာရေးဆရာတွေ ခေါက်တုံ့ခေါက်ပြန် လာပြီး ဟောကြပြောကြ လုပ်နေကြသည့်အခါ ငေးမောအားကျ ရုံကလွဲ၍ ဘာမှမတတ်နိုင်ခဲ့၊ အရောက်သွားချင်စိတ်ကို ချိုးနှိမ်လျက် စေတနာ သဒ္ဒါပေါက်သူ တစ်ယောက်ယောက်က ပြန်လည်ပြောပြမည့် ဟောပြောပွဲ အကြောင်းလေးကို လှန်လှောရှာဖွေ နေရသည်၊

စင်စစ် ဤကမ္ဘာတွင် လည်ပတ်စရာ နေရာများ ပေါလှပါသည်၊ သွားစရာနေရာတွေ တပုံတခေါင်းကြီး အထဲကမှ ဤကျွန်းကလေးကို ဘာ့ကြောင့် စိတ်ကူးနေရသလဲဟု ဖာသာစောကြော မိသည်၊ သူ့လောက်နီးနီး လှသော၊ သူ့ထက် ပိုလှသော၊ သာယာသော နေရာတွေ များစွာရှိပါလျက် ခြင်္သေ့ကျွန်း ကလေးဆီကိုသာ စိတ်ရောက်ရသော အဖြစ်သည် ကျနော်ခင်မင်ရသော သူငယ်ချင်းများ၊ ကွဲကွာနေသော မိတ်ဆွေများ၊ တခါမှ လူချင်းမမြင်ဖူးသည့် ဘလော့ဂါများ၊ စာဖတ်သူများကို တွေ့ချင်စိတ်ကြောင့်လည်း ဖြစ်လိမ့်မည်ဟု ထင်ပါသည်၊ ပြောကြကြေးဆိုလျှင် ကျနော် တွေ့ချင်၊ ဆုံချင်သော သူတွေက ကမ္ဘာအနှံ့မှာ တပြန့်တလျား ရှိနေကြသည်၊ သက်ဆိုင်ရာ ဒေသအသီးသီးမှာ ဖြစ်ထွန်း၊ ထစ်ချုန်းလျှက် ကိုယ့်မိုးရေချိန်နှင့်ကိုယ် ရွာနေကြသူများ ဖြစ်ပါသည်၊ ထိုအထဲမှာမှ စင်္ကာပူ ဆိုသည့် ကျွန်းကလေးက ကျနော် စိုစွတ်ခံချင်သည့် မိုးစက်များ အများဆုံး ကျသည့် နေရာဖြစ်သည့်အလျောက် မိုးများရာ ရေခံချင်သည့် သဘောသာ ဖြစ်ပါသည်။ ကျနော့်အဖြစ်က ပုဂ္ဂိုလ်ခင်လို့ ဒေသမင်တာ များလား...၊

ကျနော်ကတော့ ယခုအချိန်အထိ စင်္ကာပူဆိုသည့် အသံကြားလျှင် နားစွင့်လိုက်မြဲ ဖြစ်သည်၊ ကျနော် ရှိသည့်နေရာမှ မြင်ရသလောက် လိုက်ကြည့်စမြဲ ဖြစ်သည်၊ သို့သော် ကျနော်သိသော၊ ကြားသော၊ မြင်သော ခြင်္သေ့ကျွန်းကလေးက ဝေးကွာလှသည့်အလျောက် ကျနော်သိသော အသိက ဝိုးတဝါးအသိ၊ ကြားသော အကြားက ရောထွေးသောအကြား၊ မြင်သောအမြင်က ရှုပ်ထွေးသောအမြင် ဖြစ်ကောင်းဖြစ်နိုင် ပါသည်၊ သူတို့နေထိုင်ရာ ကျွန်းအကြောင်း ပြောပြနေသည့်ကျနော့်ကို ခင်မင်ရသော အာဂန္တု ကျွန်းသူ၊ ကျွန်းသားတွေက ပြုံးနေကြမည်လား မသိပါ...။ ။


ညီလင်းသစ်
၃၀ ဇန်နဝါရီ၊ ၂၀၁၂

Ref: http://en.wikipedia.org/wiki/Singapore

24 January 2012

နှင်းများမှိုင်းဝေ...


မနှစ်က ခရစ်စမတ်နဲ့ နှစ်သစ်ကူးအကြား အလုပ်ပိတ်ရက်တွေ အတွင်းမှာ မထင်မှတ်ဘဲ နှင်းတောထဲကို ရောက်သွားဖြစ်ပါတယ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တုန်းက မိတ်ဆွေမိသားစု အိမ်တစ်အိမ်ကို သွားလည်ရင်းနဲ့ သူတို့အိမ်နဲ့ သိပ်မဝေးတဲ့ နှင်းလျှောစီး စခန်းကလေးကို ရောက်သွားခဲ့တယ်၊ အဲဒီနေ့က ကျနော်တို့ နေတဲ့နေရာမှာ ကောင်းကင်က အုံ့မှိုင်းရုံပဲ ရှိခဲ့ပေမယ့် သူတို့အိမ်ကတော့ တောင်စွယ်အမြင့်ပိုင်းမှာ ရှိလို့ နှင်းတွေတဖွဲဖွဲ ကျနေခဲ့တယ်၊ ဒီဆောင်းတွင်းမှာ နှင်းတွေ သုံးလေးခါ ကျပေမယ့် မနှစ်ကလို ရက်ဆက်မဟုတ်လို့ တင်မကျန်ခဲ့ဘူး၊ နောက်တစ်နေ့ ပျော်ဆင်းသွားတာ များပါတယ်၊ နှင်းလျှောစီး စခန်းကလေး ရှိတဲ့နေရာက Paccots လို့ခေါ်ပါတယ်၊ ကျနော်တို့ အိမ်ကနေဆို အနီးဆုံးစခန်းဖြစ်ပြီးတော့ နာရီဝက် မရှိတရှိလောက် သွားလိုက်ရင် ရောက်ပါတယ်၊


ဒီ Paccots နှင်းလျှောစီး စခန်းက အဲ့လ်ပ်စ် (Alps) တောင်တန်းရဲ့ တောင်စွယ်တစ်ခုပေါ်မှာ ရှိတဲ့ စခန်းအသေးလေးပါ၊ လူတွေက ဒီစခန်းကို အိမ်ကနေ ထသွားထလာ နှင်းလျှောစီး စခန်းအဖြစ် လာကြလေ့ ရှိပါတယ်၊ ပင်မ အဲ့လ်ပ်စ်တောင်တန်းကြီး ပေါ်က စခန်းတွေကတော့ တစ်ခုနဲ့တစ်ခု ဆက်နေကြတဲ့ စခန်းကြီးတွေ ဆိုတော့ အဲဒီမှာ ဟိုတယ် ဒါမှမဟုတ် လုံးချင်း chalet အိမ်လေးတွေမှာ တစ်ပတ်ဆယ်ရက် နေပြီး နှင်းလျှောစီးကြ၊ လမ်းလျှောက်ကြပါတယ်၊ ပုံရဲ့ ညာဖက် အပေါ်ထောင့်က တောင်ကုန်းလေးလိုမျိုးကနေ ထင်းရှူးတောကို ဖြတ်ပြီး ဆင်းလာရတဲ့ လမ်းကြောင်းပြေပြေလေးတွေ များပါတယ်၊


ကျနော်တို့ တောင်စောင်းလေးပေါ် ရောက်တဲ့အချိန်မှာပဲ နှင်းမှုန်လေးတွေ ထပ်ကျလာတယ်၊ မနက်ခင်း တုန်းကတော့ နှင်းပွင့်တွေ အဆုပ်လိုက်ကျထားလို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လတ်လတ်ဆတ်ဆတ် နှင်းထုထဲကို ခြေထောက်ကျွံဝင်သွားတယ်၊ နှင်းတွေ တဖွဲဖွဲ ကြဲချနေတဲ့ ကောင်းကင်ကတော့ မှုန်မှိုင်းမှိုင်းနဲ့ ကြည်ကြည်လင်လင် မရှိလှပါဘူး..၊


ဒီ နှင်းလျှောစီး စခန်းလေးမှာလည်း အခြားအခြားသော စခန်းတွေမှာလိုပဲ sledge စီးဖို့ တောင်စောင်းမှာ လုပ်ထားပေးပါတယ်၊ တောင်ကုန်းလေးထိပ်ကို ရောက်တော့ လူတွေ သိပ်မရှိတာ သတိထားမိတယ်၊ ဒီ sledge လမ်းကြောင်းက ခပ်တိုတိုဆိုတော့ ကလေးတွေပဲ အစီးများ ပါတယ်၊


သားလည်း မိတ်ဆွေရဲ့ သမီးကလေးနဲ့အတူ sledge ပေါ်မှာ ဆင်းလာဖို့ အဆင်သင့်..၊ Sledge မရှိတဲ့ လူတချို့က မီးဖိုချောင်သုံး အမှိုက်အိတ် အမည်းတွေ ယူလာပြီး စီးကြတယ်၊ အဲဒီ အမှိုက်အိတ်ပေါ်ထိုင်၊ အရှေ့ဖက် ထောင့်စွန်းနှစ်ဖက်ကို အသာဆွဲမထားပြီး ခြေထောက်ကြွလိုက်တာနဲ့ လျှောကနဲ ဆင်းသွားပါလေရော၊ အရမ်း မြန်ပါတယ်၊ အဲ.. ဘရိတ်အုပ်ချင်ရင်တော့ နှင်းတောထဲကို လှဲအိပ်ပြီးအုပ်မှ ရပါတယ်..၊


ဒီ sledge လေးက သားရဲ့ ၂ နှစ်ပြည့်တုန်းက မွေးနေ့လက်ဆောင်အဖြစ် ရထားတာပါ၊ အဲဒီတုန်းကတော့ ဟုတ်တိပတ်တိ မစီးတတ်သေးဘူး၊ ကျနော်က အနောက်ကထိုင် လက်ကိုင်ကို ထိန်းပြီး မောင်းပေးရတယ်၊ အခုတော့ သူတစ်ယောက်တည်း စီးတတ်သွားပြီ၊ တောင်ကုန်းပေါ်မှာ တက်လိုက်ဆင်းလိုက်နဲ့ သူ့ဟာသူ တစ်ယောက်တည်း စီးနေရာကနေ တခါမှာ ကျနော့်ကိုလည်း သူ့အနောက်က လိုက်စီးပါ ဆိုတာနဲ့ ကျနော်လည်း အသာဝင်ထိုင်လိုက်တယ်၊ အဲဒီတော့ သားက လက်ကိုင်ကိုတော့ သူ့ဖာသာသူ ကိုင်မယ်-တဲ့၊ အိုကေပေါ့..၊ ကျနော်လည်း ပေးကိုင်လိုက်တယ်၊ စလည်း ဆင်းလာရော တဖြည်းဖြည်းနဲ့ အရှိန်က များလာတယ်၊ အရှိန် များလာပေမယ့် သားက လက်ကိုင်ကို လက်မတုန်ဘဲ ထိန်းထားနိုင်ပါတယ်၊ sledge ကလည်း ဖြောင့်ဖြောင့်တန်းတန်း သွားတုန်း..၊ ဒါပေမယ့် အဲဒီမှာ ကျနော်က အစိုးရိမ်လွန်ပြီး ခြေထောက်နှစ်ဖက်ကို ဘယ်ညာဆန့်ထုတ်၊ နှင်းပေါ်ကိုနင်းပြီး ဘရိတ်အုပ်ဖို့ လုပ်မိတယ်၊ အဲဒါဟာ အကြီးအကျယ် မှားတာပါပဲ၊ အရှိန်နဲ့ သွားနေတဲ့အခါ ခြေထောက်ရဲ့ ဘယ်ဖိအားနဲ့ ညာဖိအားက မတူပါဘူး၊ ဆိုတော့ သူ့ဟာသူ တည့်တည့်သွားနေတဲ့ sledge ဟာ ဖိအားများသွားတဲ့ ညာဖက်ကို ရုတ်တရက် ကွေ့ထွက်သွားပြီး တစ်ပတ်လည်ပြီး မှောက်ပါလေရော..၊ ကျနော်တို့ သားအဖလည်း တောင်စောင်းမှာ တစ်ပတ်ကျွန်းပြန် ကျတယ်..၊ အဖြစ်အပျက်က အရမ်းမြန်တယ်၊ ကျနော်က ကင်မရာအိတ်ကို ကျောမှာလွယ်ထားလို့ ပက်လက် မကျအောင် လက်တစ်ဖက်နဲ့ ထောက်ပြီး ထိန်းတယ်၊ နောက်လက်တစ်ဖက်ကတော့ ကျနော့်ရဲ့ ခြေထောက်ကြားမှာ ရောက်နေတဲ့ သားကို ခေါင်းမထိအောင် လှမ်းကိုင်ဖို့ ကြိုးစားကြည့်ပါတယ်၊ အဲဒီလို ပုံမကျပန်းမကျနဲ့ မှောက်သွားပေမယ့် နှင်းထုက အတော်လေးထူတာမို့ ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး၊ တကိုယ်လုံး နှင်းမှုန်တွေ ဖွေးနေတဲ့ မျောက်ဖြူနှစ်ကောင်လို ကျနော်တို့ တဟားဟား ရယ်ရင်း ပြန်ထ,လာနိုင် ခဲ့ပါတယ်၊


Sledge လျှောစီးတဲ့အခါ စိတ်ညစ်စရာ တစ်ခုကတော့ အတက်ပါ၊ Ski တွေအတွက်က ထိုင်ခုံတွေ၊ ကေဘယ်လ်ကားတွေ၊ ခြေထောက်ချိတ်ပြီး လိုက်သွားရတဲ့ ချိတ်တွေ အမျိုးမျိုးရှိလို့ တောင်ပေါ်ကို သက်သောင့်သက်သာနဲ့ ပြန်တက်နိုင်ပေမယ့် sledge အတွက်ကတော့ အများအားဖြင့် ဘာမှမရှိပါဘူး၊ အခုလိုပဲ ခြေကျင်ပြန်တက်ပေရော့..၊ အဆင်းက ရွှတ်ကနဲ ရောက်သွားပေမယ့် အတက်ကတော့ ခြေသလုံးတဝက် မြုပ်နေတဲ့ နှင်းထဲမှာ တကယ့်ကို လေးတိလေးကန်...၊ ကျနော်တို့ အဖေ ၂ ယောက်က sledges တွေကို အရှေ့က ကြိုးနဲ့ဆွဲ၊ ကလေး ၂ ယောက်က နောက်ကနေ အိပဲ့အိပဲ့နဲ့တက်..၊ အံမယ်..အဲဒီလို ကျနော်တို့ရဲ့ အနောက်ကနေ တက်နေတာကို အခွင့်ကောင်းယူပြီး သူတို့က နှင်းတွေကို ကောက်ကောက်စားသေးတာ..၊ အဲဒီလို ၁၀ ခေါက်လောက်လည်း တက်လိုက်ရော.. ကလေး ၂ ယောက်လည်း အတော်လေးကို ပြိုင်းသွားပါလေရော..၊း)


သွားတုန်းကတော့ နှင်းလူတစ်ကောင်လောက် လုပ်မလားဆိုပြီး ယူလာတဲ့ ဂေါ်ပြား..၊ ဒါပေမယ့် တောင်စောင်းပေါ် ရောက်ကတည်းက ပြန်တဲ့အထိ သူလည်း စိုက်ထားတဲ့ နေရာမှာပဲ အခုလို ငုတ်တုတ်မေ့သွားတယ်..၊

ဒီနှင်းတွေကတော့ ဒီနှစ်ဆောင်းတွင်းအတွက် နောက်ဆုံး ထိတွေ့ခြင်းပဲ ဖြစ်မယ်ထင်ပါတယ်၊ မကြာခင်မှာ ကျနော်တို့ ခရီးရှည်ကြီးတစ်ခု ထွက်ဖို့အစီအစဉ် ရှိပါတယ်၊ ခရီးကနေ ပြန်ရောက်တဲ့အခါ ဆောင်းတွင်းက ကုန်သလောက် ဖြစ်နေပြီဆိုတော့ နှင်းနဲ့ မဆုံနိုင်တော့ဘူး၊ ဒါပေမယ့် အပြင်တခါထွက်ဖို့အရေး အဝတ်တွေ အထပ်ထပ်ကို မပြီးနိုင်မစီးနိုင် ဝတ်နေရတာကြောင့် ပဲကြီးတလှေချက်လောက် ကြာတတ်တဲ့ ဆောင်းတွင်းက လွန်မြောက်ပြီး ပုရစ်ဖူးလေးတွေ ဝေမယ့် နွေဦးကို တွေ့ရမှာ ဆိုတော့လည်း ဝမ်းမြောက်စရာပါပဲ...။ ။


ညီလင်းသစ်
၂၄ ဇန်နဝါရီ၊ ၂၀၁၂

15 January 2012

ကြယ်တွေစုံတဲ့ည...


ပြီးခဲ့တဲ့ သောကြာနေ့ဟာ ကျနော့်အတွက်တော့ အလုပ်တာဝန်ကို ကျေနပ်စွာ လစ်ဟင်းစေခဲ့တဲ့ နေ့တစ်နေ့ပါပဲ၊ အဲဒီနေ့ မနက် အလုပ်စားပွဲကို ရောက်ရောက်ချင်းပဲ ကွန်ပြူတာဖွင့်၊ ကော်ဖီတစ်ခွက် အမြန်ပြေးဖျော်ပြီး မထတမ်း ထိုင်နေခဲ့ လိုက်တယ်၊ ကိုယ်သိသမျှ ပြည်တွင်း၊ ပြည်ပ သတင်းဆိုဒ်ပေါင်း များစွာကို တလှပ်လှပ်ခုန်နေတဲ့ ရင်ဘတ်ကြီးနဲ့ လိုက်ဖတ်တယ်၊ ညကတည်းက မယုံတဝက်၊ ယုံတဝက် ဖြစ်နေတဲ့ စိတ်တွေဟာ ကြည်နူးကျေနပ်ခြင်း နဲ့အတူ ပေါ့ပါး လွတ်လပ်သွားတယ်၊ တချို့စာသားတွေ၊ ဓါတ်ပုံတွေကို ဖတ်မိ၊ ကြည့်မိတဲ့အခါ အမြင်တွေ ဝေဝါးသွားတယ်၊ မျက်မှန်ကို ချွတ်ပြီး မျက်လုံးတွေကို လက်ခုံနဲ့ ခပ်မြန်မြန် သုတ်တယ်၊ လက်ခုံက မျက်စိရှေ့မှာ ကွယ်နေလို့ စက္ကန့်ပိုင်းလေး မဖတ်လိုက်ရ၊ မမြင်လိုက်ရ မှာကို အစိုးရိမ်ကြီး စိုးရိမ်နေပုံမျိုးနဲ့...၊ အဆင်ပြေချင်တော့ အဲဒီမနက်က ဘယ်သူမှ ကျနော့် စားပွဲကို မလာဘူး၊ အားလုံးက အေးအေးဆေးဆေးနဲ့ တိတ်ဆိတ်လို့..၊ ဖတ်မိသမျှ ကွန်မန့်တွေကနေ မြန်မာလူမျိုး အားလုံးရဲ့ အပျော်တွေ ကျနော့်စားပွဲပေါ်ကို လျှံကျလာခဲ့တယ်၊

ကျနော်လည်း ကွန်ပြူတာရှေ့မှာ တစ်ယောက်တည်း ပြုံးနေမိတယ်၊ မြန်မာတမျိုးသားလုံးနဲ့ ဆိုင်တဲ့ အရေးတွေမှာ ကျနော်တို့တတွေ အခုလို ပျော်ရွှင်အားတက်စရာ စိတ်ခံစားမှုမျိုးနဲ့ မကြုံရတာ ကြာလှပြီ မဟုတ်လား..၊ လူဟာ ကြည်နူးကျေနပ်ခြင်းတွေနဲ့ ပြည့်နေတဲ့အခါ ပုံမှန်လုပ်နေကျ အလုပ်တွေကို အာရုံဝင်စားမှု ကျသွားတယ်၊ ကိစ္စမရှိဘူး၊ ကျနော် ကိုယ့်ကိုယ်ကို ခွင့်ပြုလိုက်တယ်၊ ဒါဟာ နတ်က,ရာ ကြည့်မောတဲ့ ကိစ္စမဟုတ်ဘူး၊ အပြောင်အပျက် ဖတ်နေတဲ့ သာမန်အဖြစ်အပျက် မဟုတ်ဘူး၊ ဒါဟာ တမျိုးသားလုံးရဲ့ အရေးဖြစ်တယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ ဝမ်းမြောက်မှု ဖြစ်တယ်၊ စနစ်တစ်ခုရဲ့ ထင်ရှားတဲ့အရွေ့ ဖြစ်တယ်၊ ကမ္ဘာက စောင့်ကြည့်၊ အာရုံစိုက်နေရတဲ့ ရှေ့တစ်လှမ်းတက်မှု ဖြစ်တယ်၊ ဒီလောက် အရေးကြီးတဲ့ ဖြစ်စဉ်မှာ အချိန်နဲ့တပြေးညီ လိုက်ပါစီးမျောမိလို့ လုပ်စရာရှိတဲ့ အလုပ်တချို့ လစ်ဟင်းသွားရတာ ထိုက်တန်တယ်လို့ ကျနော်ခံယူပါတယ်၊ ဒီလိုနဲ့ သောကြာနေ့ တမနက်ခင်းလုံး ကျေနပ်စွာနဲ့ကို ကျနော် တာဝန်ပေါ့လျော့ ပစ်လိုက်တယ်..၊

ပျော်ရွှင်ကြည်နူးနေတဲ့ စိတ်တွေဟာ သောကြာနေ့ညနေ အိမ်ပြန်တဲ့အခါ ကျနော်နဲ့အတူ လိုက်ပါလာကြ ပြန်တယ်၊ မြန်မာ့နိုင်ငံရေးဟာ ဘာပဲပြောပြော အားတက်စရာတစ်ခု ထပ်တွေ့ရပြန်ပါပြီ၊ ဆယ်စုနှစ်တွေများစွာ ချီပြီး မှောင်မည်းနေတဲ့ ကောင်းကင်ဟာ ကြည်လင်လာခဲ့ပြီ၊ အဲဒီကောင်းကင်မှာ ကြယ်တွေ စုံနေပြီ၊ တိမ်ညိုတိမ်မည်းတွေ ဖုံးအုပ်နေခဲ့လို့ လင်းတခါ၊ မှိန်တလှည့် ဖြစ်နေခဲ့ရတဲ့ ကြယ်တွေအားလုံးဟာ တစ်လုံးပြီးတစ်လုံး ထင်းကနဲ၊ ထင်းကနဲနဲ့ ကောင်းကင်အနှံ့ ပါပဲ၊ ကျနော်ရှိတဲ့ အရပ်က ကောင်းကင်ကို စိတ်မှတ်မဲ့ မော့ကြည့်မိတော့ ကြယ်တွေကို တွေ့ရတယ်၊ အရင်ရက်တွေတုန်းက မိုးရွာပြီး၊ တိမ်စိုင်တွေ ဖုံးနေခဲ့ပေမယ့် ဒီသောကြာနေ့မှာတော့ ထူးထူးခြားခြား ကြည်လင်လို့ ပါလား...၊

ဒီလိုနဲ့ ဟောဒီ ၁၃ ရက်၊ သောကြာနေ့ အမှတ်တရ ကြယ်တွေကို ဓါတ်ပုံရိုက်ကြည့်ဖို့ ကျနော်ကြိုးစား မိပါတယ်၊ အစီအစဉ် ကြိုမဆွဲထားလို့ မြင်ကွင်းကောင်းမယ့် နေရာကိုတော့ မသွားဖြစ်ပါဘူး၊ ကျနော့်အိမ်ရဲ့ ဝရန်တာကနေပဲ ရသလောက် ကြိုးစားကြည့်တယ်၊ မနှစ်က နိုဝင်ဘာ ကြယ်မိုးရွာတုန်းက တစ်ခါရိုက်ဖြစ်လို့ ဒီဟာက ကျနော့်ရဲ့ ဒုတိယ အကြိမ် ကြိုးစားမှုပါ၊ ပုံထွက်လာတော့ စိတ်ညစ်သွားတယ်၊ ရလဒ်က ကျနော် မျှော်လင့်ထားတာရဲ့ ဟိုးအောက်ဖက်မှာ၊ ကြယ်တွေကို တခါတည်းနဲ့ အောင်အောင်မြင်မြင် ရိုက်နိုင်တဲ့လူက ရှားတယ်ဆိုတာ အမှန်ပါပဲ၊ ဘာပဲဖြစ်ဖြစ် ဒီသောကြာနေ့အတွက်တော့ အမှတ်တရပေါ့...၊



ဒီပုံက ၁ နာရီနဲ့ ၂၆ မိနစ်ကြာပါတယ်၊ ကြယ်လေးတွေက ကြီးကြီးပဲဖြစ်ဖြစ်၊ သေးသေးပဲဖြစ်ဖြစ် ၁ နာရီခွဲလောက် အချိန်လေးအတွင်းမှာကို တော်တော်ဝေးဝေး ခရီးရောက်ကြတယ်၊ ကြယ်တွေစုံတဲ့ ကောင်းကင်ကို မော့ကြည့်ရင်း ကျနော်တို့ဆီက ပြည်သူလူထုကို ချစ်တဲ့ ကြယ်တွေလည်း လွတ်လပ်ပွင့်လင်းစွာနဲ့ ခရီးဆက်နိုင်ပါစေလို့ ကျနော် တိုးတိုးလေး ဆန္ဒပြုမိတယ်၊ သေချာပါတယ်၊ ဟိုး..ကောင်းကင်မှာ လင်းနေတဲ့ အဲဒီကြယ်တွေရဲ့ အလင်းဟာ ရင်ဘတ်တွေ များစွာထဲအထိ ဖြာကျနေမယ်ဆိုတာ...။ ။


ညီလင်းသစ်
၁၅ ဇန်နဝါရီ၊ ၂၀၁၁

07 January 2012

ဖြတ်သန်းမိရာ တစ်နေ့တာ


ဘလော့ဂါ အသိုင်းအဝိုင်းမှာ ပုံစံချထားတဲ့ အကြောင်းတစ်ခုတည်းကိုပဲ ဝိုင်းပြီးရေးကြတဲ့ တဂ်ပို့စ်ယဉ်ကျေးမှု အမြစ်တွယ် နေတာ အခုဆိုရင် အတော်လေးတောင် ကြာပါပြီ၊ တဂ်ပို့စ် တော်တော်များများက ကိုယ်ကဒီလို၊ သူကရော ဘယ်လိုလဲ ဆိုတဲ့ အမြင်၊ အတွေ့အကြုံခြင်း ဖလှယ်တာမို့ စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ရေးတဲ့သူ အချင်းချင်းကြား ခင်မင်မှုကို အရင်းတည်ပြီး တဂ်ကြတာမို့ (အများအားဖြင့်) အချင်းချင်း မမြင်ဖူးကြတဲ့ လူတွေအကြား မမြင်ရတဲ့ သံယောဇဉ်ကြိုးကို တစ်ရစ်တင်းစေတဲ့ အပြုအမူလည်း ဖြစ်ပါတယ်၊ အဲ.. တခါတလေမှာ မလူးသာမလွန့်သာ ရှိတဲ့ တဂ်ပို့စ်တွေလည်း ရှိတာပေါ့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ရေးသူတွေကတော့ အဆင်ပြေတဲ့အခါ ရေးလိုက်ကြတာ ပါပဲ၊ အခုလည်း ညီမ Blackroze က သူ့ရဲ့တစ်နေ့တာကို ပြောပြပြီး ကျန်တဲ့ အကို၊ အမ၊ ညီမတွေရဲ့ တစ်နေ့တာ ဖြတ်သန်းမှု ကရော.. ဘယ်လိုပါလဲ-တဲ့၊ ကျနော့်ရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွေ ကတော့ အများအားဖြင့် ခပ်ရိုးရိုးပါပဲ၊ သူ့ပုံစံအတိုင်း အမေး၊ အဖြေနဲ့ ရေးလိုက်ပါတယ်...၊

အိပ်ရာက နိုးနိုးချင်း အရင်ဆုံး ဘာလုပ်သလဲ၊
အရင်ဆုံး လုပ်တာက ငှက်ဆိုးထိုးသံလို မရပ်မနားအော်နေတဲ့ နှိုးစက်က Snooze ခလုတ်ကို နှိပ်ဖို့ ကြိုးစားတာပါ၊ အဲဒါမှ အလျော့တွက်နဲ့ နောက်ထပ် ငါးမိနစ်လောက် ဆက်နှပ်နေလို့ ရမှာကိုး...၊

မနက်စာကို ဘယ်လိုအစားအစာ စားရတာ ကြိုက်ပါသလဲ၊
တခြားလူတွေလို မုန့်ဟင်းခါး ပါပဲ၊ ဒါကိုမှ ထပ်ကွန့်ရရင် မုန့်ဖတ်ကို အလုံးသေးသေးလေးတွေ စားချင်တယ်၊ ငှက်ပျောအူ ၂ ဖတ်လောက် ထည့်ချင်တယ်၊ ဈေးထဲကဝယ်တဲ့ ရောင်းတမ်း ငရုတ်သီးမှုန့် မဟုတ်ဘဲ အိမ်လှော်မှုန့် ထည့်မယ်၊ နံနံပင် ထည့်မယ်၊ ဒါလောက်ဆိုရင် လုံလောက်ပါပြီ...၊

လောလောဆယ် နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ... ...၊
ပေါင်မုန့် မီးကင်ပြီး ထောပတ်သုတ်၊ Nutella ဒါမှမဟုတ် သစ်သီးယို တစ်ခုခု သုတ်...၊
အချိန်မရတဲ့ ရက်တွေမှာတော့ Cereal bar တွေကို တက်သုတ်ရိုက် ကိုက်ပါတယ်...၊

နေ့လယ်စာကို ဘယ်လိုနေရာမျိုးမှာ စားရတာ ကြိုက်ပါသလဲ၊
♫♪ Somewhere over the rainbow... ♪♫ =)
နောက်တာပါဗျာ၊ အဲဒီ သီချင်းလေးကလည်း ရုတ်တရက် ခေါင်းထဲ ရောက်လာလို့ပါ၊ မျောလွင့်တိမ်ပေါ် တက်စားချင်တဲ့ ကိုညိမ်းနိုင်ကို အားကျမခံပေါ့ဗျာ၊ အတည်ဖြေရရင်တော့ ဘယ်နေရာပဲ ဖြစ်ဖြစ် ရပါတယ်၊ တစ်ပတ်မှာ နှစ်ရက်လောက်တော့ ကွန်ပြူတာရှေ့မှာ ဆင်းဒဝစ်ခ်ျ တစ်ခုနဲ့ ဘလော့ဂ်တွေဖတ်ရင်း စားဖြစ်တယ်၊

အခုလက်ရှိ အစားချင်ဆုံး ဟင်းကို ပြောပြပါ..၊
ချဉ်ပေါင်ရွက်ကြော်...၊ ဟုတ်တယ်ဗျ၊ မစားရတာ အတော်ကြာပါပြီဗျာ၊ ဒီက အာရှဆိုင်တွေမှာလည်း ချဉ်ပေါင်ရွက် ရောင်းကို မရောင်းကြဘူး...၊ ဟူး... ...

အလုပ်မှာ ကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ၊
သုံးခွက်...၊ မနက်မှာ ၉ နာရီမှာ နို့နည်းနည်းနဲ့ ပုံမှန်ကော်ဖီ၊ နေ့လယ် ၁ နာရီနဲ့ ၄ နာရီမှာတော့ အက်စ်ပရက်ဆို ခပ်ပြင်းပြင်း..၊
What else?

ညနေစာကို ဘယ်မှာ စားတတ်ပါသလဲ၊
အိမ်မှာပဲ စားပါတယ်၊ နှစ်ပတ်မှာ တစ်ခါလောက်တော့ ပီဇာညနေခင်း လုပ်ကြတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ပီဇာ ၃ ခုကို ဖုန်းနဲ့မှာ၊ ဝိုင်တစ်ပုလင်း ဖောက်ပြီး ဧည့်ခန်းက တီဗီရှေ့မှာ ကြမ်းပြင်ပေါ်ထိုင်ပြီး စားကြတာပါ၊ သားအတွက်ကတော့ အချိုရည် တစ်ခုခုပေါ့လေ၊ ကြည့်ဖြစ်တာတော့ သားကို ဦးစားပေးပြီး သူကြည့်ချင်တဲ့ ကာတွန်းကား တစ်ကားကားပါပဲ၊ ဒီလို ပီဇာ ညနေခင်းတွေကို အများအားဖြင့် တစ်ပတ်တာ ကုန်ဆုံးတဲ့ သောကြာနေ့ ညနေမှာ လုပ်ကြပါတယ်၊ တစ်ပတ်လုံး ပင်ပန်းခဲ့သမျှ relax လုပ်တဲ့ သဘောပါပဲ..၊

ညစာစားရင်းနဲ့ အများဆုံး စဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ...၊
ဘာမှကို မစဉ်းစား ဖြစ်ပါဘူးဗျာ၊ ဒီလိုပဲ မိသားစုနဲ့ စကားပြောလိုက်၊ သားကို ကောင်းကောင်းစားဖို့ ပြောလိုက်၊ ပေါက်ကရတွေ လုပ်နေရင် နည်းနည်းလောက် ဟန့်လိုက်နဲ့..၊ စဉ်းစားဖို့တောင် အချိန်မရပါဘူး၊

အလုပ်ဆင်းတဲ့ အချိန်မှာ ခံစားချက်...၊
အထွေအထူး မရှိပါဘူး၊

အိမ်ပြန်ရောက်ရောက်ချင်း ဘာအရင် လုပ်တတ်သလဲ၊
ဖိနပ်ချွတ်ပြီး လက်ဆေးပါတယ်၊ ကလေးကို အပြင်က ပြန်လာတိုင်း လက်ဆေးရမယ် ပြောထားလို့ နမူနာကောင်း ပြရအောင် ကိုယ်ကစပြီး ဆေးပြတာပါ၊ အဲဒီလို မဆေးပြရင်လည်း သူ့ကို လက်သွားဆေး-လို့ ပြောတဲ့အခါ အဲဒီဆရာလေးက ပြန်,ပြန် ထောက်တယ်ဗျ..၊

ဒုတိယ လုပ်မိတာလေး...၊
စာတိုက်ပုံးထဲ လာထည့်သွားတဲ့ စာတွေ၊ ငွေတောင်းခံလွှာတွေ၊ ကြော်ငြာစာရွက်တွေ၊ မဂ္ဂဇင်းတွေကို စစ်ဆေး၊ အမျိုးအစားခွဲ၊ လွှင့်ပစ်စရာရှိ လွှင့်ပစ်ပါတယ်၊

ညမအိပ်ခင် ကော်ဖီသောက်တတ် ပါသလား၊
အိမ်မှာ ညစာစားတဲ့အခါတော့ မသောက်ပါဘူး၊ အဲ.. စားသောက်ဆိုင်မှာ ဆိုရင်တော့ ညစာစားပြီးရင် အက်စ်ပရက်ဆို တစ်ခွက် သောက်တယ်၊ အိပ်ပျော်ပါတယ်၊ George Clooney လို အယောင်ယောင် အမှားမှားတွေ မဖြစ်ပါဘူး..၊

ညအိပ်ရာထဲ ဝင်ဝင်ချင်းအချိန် ဘာအရင်ဆုံး လုပ်ပါသလဲ၊
ဂွမ်းစောင် အထူကြီးကိုခြုံ၊ ရင်ဘတ်ပေါ်မှာ လက်ချင်းယှက်၊ မျက်စိမှိတ်ပြီး ငြိမ်ငြိမ်လေး နေပါတယ်၊

အိပ်မပျော်တဲ့ ညတွေမှာ ဘာလုပ်သလဲ၊
ကျနော် မှတ်မိသလောက်တော့ အိပ်မပျော်တဲ့ ညရယ်လို့ မရှိပါဘူး၊ အထူးသဖြင့် ဘလော့ဂ်တစ်ခု ပိုင်ဆိုင်လာပြီး နောက်ပိုင်းမှာ အိပ်ချိန်တွေ နည်းလာတတ်တော့ ခေါင်းချလိုက်တာနဲ့ တုံးကနဲပါပဲ၊

တအား စိတ်ဓါတ်ကျလာတဲ့ အခါမျိုး၊ စိတ်အားငယ်တဲ့ အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ၊
အခုထိတော့ အကြီးအကျယ် စိတ်ဓါတ်ကျတာမျိုး၊ စိတ်အားငယ်တာမျိုး မဖြစ်ဖူးသေးဘူးဗျ၊ အဲ.. သတိရစိတ်၊ လွမ်းစိတ်တွေတော့ ဖြစ်ဖူးတယ်၊ အဲဒီလို အခါဆိုရင်တော့ ဂစ်တာကောက်ကိုင်ပြီး သီချင်းတွေ အများကြီး ဆိုပစ်လိုက်တယ်၊

အပြင်သွားတဲ့အခါ အမြဲတမ်း သတိထားပြီး ယူတတ်တဲ့ ပစ္စည်း...၊
တယ်လီဖုန်း၊ ပိုက်ဆံအိတ်၊ အိမ်သော့...၊ ဆောင်းတွင်းမှာ ဆိုရင်တော့ နှုတ်ခမ်းဆိုးဆေးတောင့် တစ်ခု အပိုပါတယ်၊ လှချင်ပချင် လို့ရယ် မဟုတ်ရပါဘူးဗျာ၊ အစတုန်းက မသုံးဘူးဗျ၊ တတ်နိုင်သလောက် ပေတေပြီး နေသေးတယ်၊ ဒါပေမယ့် လပေါင်းများစွာ အေးနေတဲ့ ရာသီဥတု အောက်မှာ နှုတ်ခမ်းတွေ တချိန်လုံးကွဲပြီး နာနေတာနဲ့ အခုတော့ သတိထားပြီး ယူနေရတယ်..၊

မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ...၊
ကျနော့်ကို ဖြစ်လာစေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ အမေ...၊ ကျနော်က ဖြစ်စေတဲ့ မိသားစုထဲမှာ ဆိုရင်တော့ သား...၊

သူစိမ်းတွေထဲမှာ မိမိ အယုံကြည်ရဆုံးသူ...၊
ဒါကတော့ ရှင်းပါတယ်၊ အိမ်ထောင်ဖက်ပါ..၊

အလုပ်ထဲမှာ ကိုယ်အခင်ဆုံးသူ ...၊
အလုပ်ထဲမှာတော့ ကျောင်းတုန်းက ရခဲ့တဲ့ ခင်မင်မှုမျိုးတွေ မရတော့ဘူးဗျ၊ အားလုံးနဲ့ ရင်းနှီးတယ်၊ လုပ်ဖော်ကိုင်ဖက်၊ တစ်ယောက်အကြောင်း တစ်ယောက် အထိုက်အလျောက်သိတဲ့ မိတ်ဆွေ သုံးလေးယောက် ရှိတယ်၊ ဒါ့ထက်တော့ မပိုပါဘူး၊ တခါတခါ အီရန်၊ တရုတ်၊ ကုလား၊ မက္ကဆီကန် စတဲ့ ဥရောပ ပြင်ပကလူတွေ အလုပ်မှာ ကိုယ့်အဖွဲ့နဲ့ကိုယ် စားကြ၊ သွားကြတာ မြင်ရင် အားကျမိတယ်၊ ဒါပေမယ့် တစ်ယောက်တည်းနေတာ အတော်လေးကို အသားကျနေ ပါပြီ...၊း)

ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေထဲက အကြိုက်ဆုံး ပစ္စည်းလေးတစ်ခု...၊
5D mark II ကင်မရာ...၊

လက်ဆောင်ရထားတဲ့ အထဲက အကြိုက်ဆုံး ပစ္စည်းလေးတစ်ခု...၊
ရှားတောင့်ရှားပါး ရဖူးတဲ့ လက်ဆောင်ထဲမှာတော့ Givenchy Pi ရေမွှေးပုလင်းလေးကို သဘောကျတယ်၊

ကိုယ်ပတ်သက်ဖူးတဲ့ သူတွေထဲမှာ ကိုယ့်ကိုနားလည်၊ ခွင့်လွှတ်ပေးနိုင်ဆုံးသူ..၊
အားပါး...၊ ဒီမေးခွန်းကတော့ ၂၀ မှတ်တန် ထင်တယ်၊ အင်း..အဲဒါဖြေရမယ် ဆိုရင်တော့ ကျနော်ပတ်သက်ခဲ့တဲ့ လူတွေအပေါ်မှာ ကျနော်က ပေးခဲ့တဲ့ ဒုက္ခ၊ သောက၊ စိတ်ဆင်းရဲမှု အပြင်းအပျော့၊ အကြိမ်အရေအတွက် အဲဒါတွေကို အရင် တန်းညှိပြီးမှပဲ သူတို့ရဲ့ တုံ့ပြန်မှုကို အချိုးချရမယ် ထင်တာပဲဗျ..၊

အခုလောလောဆယ် အဖြစ်ချင်ဆုံး ဆန္ဒ...၊
ကြယ်မိုးရွာတာကို ဓါတ်ပုံကောင်းကောင်း ရိုက်ချင်နေတယ်...၊


တကယ်တမ်း ပြောရရင် တစ်နေ့တာ ဖြတ်သန်းမှု ဆိုပေမယ့် အလုံးစုံကို အသေးစိတ်ထားတာ မဟုတ်သလို နေ့စဉ်ဘဝ ဖြတ်သန်းမှုနဲ့ မဆိုင်တဲ့ ယေဘုယျ မေးခွန်းတွေလည်း ပါ,ပါတယ်၊ ဖြည့်မယ်ဆိုရင် အများကြီး ရှိပါသေးတယ်၊ အဲဒါကြောင့်လည်း 'ရေဘယ်နှစ်ခါ ချိုးလဲ၊ ရေချိုးရင်း သီချင်းဆိုသလား၊ အိမ်သာဘယ်နှစ်ခါ တက်လဲ၊ တက်ရင်းနဲ့ရော စာဖတ်လား' စတာတွေလည်း ရေးပါဗျို့လို့ 'စ' ချင်သူ တစ်ယောက်က ကွန်မန့်တစ်ခုမှာ ရွှတ်နောက်နောက် ရေးသွားခဲ့တာ ဖြစ်မယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ဒီလိုတွေ ရေးတာက ကလေးဆန်တယ်လို့ မြင်မယ်ဆို မြင်နိုင်သလို ဘလော့ဂါ အချင်းချင်းအကြား၊ ဘလော့ဂါနဲ့ စာဖတ်သူအကြား ပိုပြီး သိလာ၊ ရင်းနှီးလာစေတဲ့ ပို့စ်လေးပဲလို့ မြင်မယ် ဆိုလည်း ရပါတယ်၊ ဒါက တစ်ဦးချင်းရဲ့ စိတ်အခြေခံနဲ့ ချဉ်းကပ်ပုံပေါ်ပဲ မူတည်မှာပါ၊ ကျနော်ကတော့ ဒီမေးခွန်းလေးတွေ ဖြေနေရင်းနဲ့ ကိုးတန်း၊ ဆယ်တန်းလောက်တုန်းက နွေကျောင်းပိတ်ကာနီး အပြန်အလှန်၊ အမှတ်တရ ရေးခဲ့ကြတဲ့ အော်တိုစာအုပ်လေးတွေကို ဖြတ်ကနဲ မြင်နေခဲ့ပါတယ်...။ ။


ညီလင်းသစ်
၇ ဇန်နဝါရီ၊ ၂၀၁၂

04 January 2012

ပစ္စုပ္ပန် တည့်တည့်မှာ ...


အခုဆိုရင် ၂၀၁၂ စခဲ့တာ သုံးလေးရက်တောင် ရှိလာခဲ့ပါပြီ၊ နှစ်သစ်ဟာ စကတည်းက သွက်သွက်လက်လက်၊ လျင်လျင် မြန်မြန်နဲ့ကို ဝင်လာခဲ့တယ်၊ ဒီနှစ်အစမှာ သေခြင်းတရားကို ပိုပြီး တွေးမိတယ်၊ အကြောင်းက ၂၀၁၁ အကုန်မှာ ထင်ရှားသူတွေ၊ ကျနော့်ပတ်ဝန်းကျင်က လူတွေ ရုတ်တရက် ကွယ်လွန်ခဲ့ကြတယ်၊ ခရစ်စမတ် မတိုင်ခင်လေးမှာ ကျနော်တို့အပေါ် ကျေးဇူးမကင်းတဲ့ ဘကြီးတစ်ယောက် ဆုံးသွားတယ်၊ အဖေ့ရဲ့ အကိုပါ၊ အသုဘအမီ သွားဖို့ ကျနော်အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် အဆင်မပြေလို့ နောက်ဆုံးမှာ လက်လျှော့လိုက်ရတယ်၊ သိပ်မကြာဘူး၊ ရင်းနှီးတဲ့ သူငယ်ချင်းရဲ့အမေ ဆုံးသွားတယ်၊ ပြီးတော့ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေ ဆုံးသွားပြန်တယ်၊ ကင်ဂျူံအီ၊ ဗားကလပ်ဟာဗဲလ်၊ ဒေါက်တာနေဝင်းမောင် အစရှိတဲ့ ထင်ရှားသူ အချို့ လည်း ထွက်သွားကြတယ်၊ ဒီလူတွေဟာ ၂၀၁၁ ရဲ့ နောက်ဆုံးရက်ပိုင်း အတွင်းမှာ အချိန်သိပ် မကွာဘဲ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကွယ်လွန်ခဲ့ကြ သူတွေပါ၊ ပြီးတော့ ကျနော့်ဘကြီး အပါအဝင် အများစုက နှလုံးနဲ့ ဆက်နွယ်ပြီး ဆုံးကြတာ...၊ အမောဖောက်တယ်၊ အသက်ရှူလို့ မရတော့ဘူး၊ သိပ်မကြာခင် သေဆုံးတယ်၊ ဒါပဲ၊ သိပ်မြန်ပါတယ်၊ နှစ်သစ်ထဲကို ကျနော်တို့နဲ့အတူ လိုက်ပါကာနီးလေး ဖြစ်ပြီးတော့မှ ကျန်ရစ်ခဲ့ကြတာ...၊ နာရေး သတင်းတွေ ဆက်တိုက် ကြားနေခဲ့ရတာက တကြောင်း၊ ကိုယ်တိုင်လည်း အသက်တစ်နှစ် ပိုကြီးလာပြီလို့ တွေးမိတာက တကြောင်းဆိုတော့ ဘယ်သူ့အတွက်မဆို အချိန်မရွေး ရောက်လာနိုင်တဲ့ သေခြင်းတရား အကြောင်း မကြာခဏ တွေးမိခဲ့ပါတယ်...၊

ကျနော့်အလုပ်ကတော့ ခရစ်စမတ်နဲ့ နှစ်သစ်ကူး အကြား တစ်ပတ်လုံး ပိတ်ပါတယ်၊ ဒီနှစ်မှာတော့ ဘယ်မှ အထွေအထူး မသွားဖြစ်ဘဲ အိမ်မှာပဲ အေးအေးဆေးဆေး နားနေဖြစ်တယ်၊ မနက်ဆို နိုးတဲ့အချိန်မှ ထတယ်၊ နှိုးစက်မပါဘဲ အိပ်ရေးဝလို့ သူ့အလိုလို နိုးထရတာ တကယ်ပဲ ကျေနပ်စရာ ကောင်းပါတယ်၊ ပြီးတော့ မိသားစုကို အချိန်ပေးတယ်၊ အထူးသဖြင့် သားနဲ့ ကစားဖြစ်တယ်၊

သားက ၄ နှစ်ခွဲ ရှိလာပြီဆိုတော့ ရှေ့နှစ်မှာဆို ကျောင်းတက်ရတော့မယ်၊ မူကြိုဆိုပေမယ့် သင်အံ၊ ရွတ်ဆို ရတာတွေ ရှိလာမယ်၊ သူ့ သူငယ်ချင်းတွေ ရှိလာမယ်၊ နောက်ထပ် ၁ နှစ်၊ ၂ နှစ်ဆို ကျောင်းသားကလေး ဖြစ်လို့ ကျောင်းသားရဲ့ ဝတ္တရားတွေပါ ရှိလာတော့မယ်၊ ကလေးဘဝ ကုန်ဆုံးရချိန်တွေက သေချာတွေးကြည့်ရင် မြန်လွန်းပါတယ်၊ အထူးသဖြင့် ကြည့်စရာ၊ ရှုစရာ၊ ဖတ်စရာ၊ မှတ်စရာ၊ နားထောင်စရာတွေ များလွန်းလှတဲ့ သတင်းခေတ်က မိသားစုတွေအဖို့ မိဘနဲ့ သားသမီးအကြားမှာ အချိန်တွေက နည်းသထက် နည်းပါးလာလေ့ ရှိတယ်၊ ၂၄ နာရီ ကြည့်လို့ရတဲ့ တီဗီချန်နယ်လ် ပေါင်းများစွာ၊ အင်တာနက်၊ ဗီဒီယိုဂိမ်း၊ လူမှုရေး၊ အိမ်တွင်း ဗာဟီရကိစ္စ ဒါတွေကို ဖယ်လိုက်တဲ့အခါ အဖေတစ်ယောက်အတွက် သူ့သားကို ပေးဖို့ အချိန်ဘယ်လောက်များ ကျန်နေနိုင်ပါ သေးသလဲ...၊

ဇတ်လမ်းလေး တစ်ခုကို ကျနော်တို့အားလုံး ကြားဖူးကြမှာပါ၊ အင်မတန်မှ အလုပ်များတဲ့ စီးပွားရေး လုပ်ငန်းရှင် ဖခင်တစ်ယောက်ကို သူ့သားလေးက မေးတယ်၊ အဖေ့ဝင်ငွေက တစ်နာရီ ဘယ်လောက်လဲ-တဲ့၊ ကိန်းဂဏန်း တွေနဲ့ စိတ်ရှုပ်၊ ညစ်ညူးနေတဲ့ အဖေက သားကို မော့မကြည့်ဘဲ ငွေပမာဏ တစ်ခုကို ပြောလိုက်တယ်၊ ပြီးတော့ လာမရှုပ်စမ်းနဲ့ကွာ-လို့လည်း တဆက်တည်း ငေါက်လိုက်သေးတယ်၊ ခဏကြာတော့ သားကလေးက အဖေပြောတဲ့ ငွေပမာဏအတိုင်း သူ့စုဗူးလေးထဲက အကြွေစေ့လေးတွေ လာပေးရင်း ‘သားနဲ့ ၁ နာရီလောက် ကစားပါနော်’ လို့ ပြောတဲ့ အကြောင်းလေးပါ၊ ဒီလို အဖြစ်မျိုး ကျနော်တို့ အားလုံးမှာ ဖြစ်တတ်ပါတယ်၊ သားက သူနဲ့ကစားဖို့ လာခေါ်တဲ့ တချို့အချိန်တွေမှာ ကျနော် မသွားချင်ဘူး၊ အင်တာနက်မှာ ဖတ်စရာ စာတွေရှိတယ်၊ ဝယ်ထားပြီး မဖတ်ရသေးတဲ့ စာအုပ်တွေလည်း အများ ကြီးရှိသေးတယ်၊ အပြင်ထွက်ပြီး ဓါတ်ပုံတွေ လျှောက်ရိုက်ချင်တယ်၊ ဘလော့ဂ်မှာ စာရေးချင်တယ်၊ ဒါပေမယ့် အထက်က အကြောင်းလေးကို သတိရတဲ့ အခါ ကျနော် စိတ်ပြောင်းသွားလေ့ ရှိပါတယ်..၊

သားလေး တစ်ယောက်ကို လူ့လောကထဲ ခေါ်တုန်းက ခေါ်လာခဲ့ပြီးမှ သူ့အတွက် အချိန်မပေးချင်တဲ့ ဖခင်မျိုး ကျနော် မဖြစ်ချင်ပါဘူး၊ သားအတွက် ငွေတွေ ပုံအောသုံးပြီး ကစားစရာမျိုးစုံ၊ အဝတ်အစား မျိုးစုံ ဝယ်ပေးတာထက် စာရင် သူ့အတွက် ကျနော့်အချိန်တွေ ပေးပြီး အတူကစားဖို့ ပိုပြီး လိုလားပါတယ်၊ ကလေးတစ်ယောက် လူလားမြောက်လာတဲ့အခါ သူ့ရင်ထဲမှာ အမြစ်စွဲ ကျန်ခဲ့မှာက ငယ်ငယ်တုန်းက ကစားခဲ့ရတဲ့ အရုပ်ကလေး တွေ၊ ဝတ်ခဲ့ရတဲ့ အဝတ်အစားတွေ မဟုတ်ပါဘူး၊ သူ့မိဘနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေနဲ့ သူ့အပေါ် ဂရုစိုက်ခဲ့တဲ့ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေကပဲ အစဉ်သဖြင့် ကျန်ရစ်မှာပါ၊ ကလေးတွေအတွက် ကလေးဘဝကို မကြောက်၊ မရွံ့နဲ့ စိတ်ကျေနပ်စွာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ ဖြတ်သန်းခဲ့မှသာ သူတို့ ကြီးလာတဲ့အခါ လောကကို မြင်တဲ့အမြင်တွေက ကြည်လင်၊ မှန်ကန်မှာ ဖြစ်ပါတယ်၊

တကယ်တမ်းမှာတော့ ကလေးသေးသေးလေး တစ်ယောက်အတွက် ပေးရတဲ့အချိန်ဟာ သူ့အသက်၊ သူ့ခန္ဓာ ကိုယ်နဲ့ ပြောင်းပြန်အချိုးကျစွာ ကြီးမား၊ များပြားလှပါတယ်၊ ဒီလိုနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ရဲ့ ကျနော့် ညနေခင်း များစွာဟာ သားရဲ့ Chuggington မီးရထားတွဲလေး တွေထဲမှာ၊ Lightning McQueen ကားနီလေးထဲမှာ၊ Lego အရုပ်ကလေးတွေ ဘေးမှာ၊ Dora, the explorer ရုပ်ပြစာအုပ်တွေ ကြားမှာ ကုန်ဆုံးခဲ့ရတယ်၊ စားသောက်၊ ပြီးစီးလို့ ည ၈ နာရီခွဲမှာ ကျနော်က သူ့ကို ပုံပြင်စာအုပ် ဖတ်ပြ၊ ပြီးတော့ သားချော့တေးတွေ ဆိုပြလို့ သူ အိပ်မော ကျသွားမှပဲ ကျနော့်ရဲ့ လူကြီးဘဝကို ပြန်လည်ရရှိ ပါတယ်၊ သူ့ကို တီဗီရှေ့မှာထား၊ ကာတွန်းကားတွေ ပြထားပြီး ကျနော်တို့ရဲ့ ညနေခင်းတွေကို အပိုင်သိမ်းထားလို့ ရပေမယ့် ဖြစ်နိုင်ရင်တော့ ကျနော်တို့က အဲဒီလို မလုပ်ချင်ပါဘူး၊ တီဗီဟာ ကလေးအတွက် ငြိမ်ဆေးဆိုတာ မှန်ပေမယ့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်ပါတယ်၊ လင်မယား နှစ်ယောက်လုံး ရှိချိန်ဆိုရင်တော့ တစ်ယောက်ယောက်က သားကလေး အတွက် အချိန်ပေးဖို့ ကျနော်တို့ ကြိုးစားကြပါတယ်၊

ဘာပဲဖြစ်ဖြစ် အခုအချိန်ထိ ဖြတ်သန်းခဲ့ရသမျှကို ကျနော် ကျေနပ်ပါတယ်၊ ကျနော်တို့မှာ ကိုယ်ပိုင်ခြံ၊ ကိုယ်ပိုင်အိမ် မရှိပေမယ့် နွေးထွေးတဲ့ မိသားစုလေး ရှိတယ်၊ ဈေးကြီးလွန်းတဲ့ အစားအစာတွေကို ခဏခဏ ဝယ်မစား နိုင်ပေမယ့် သင့်တင့်မျှတတဲ့ အဟာရနဲ့ ကျနော်တို့ ကျန်းမာကြတယ်၊ တန်ဖိုးကြီးတဲ့ ကစားစရာတွေ ဝယ်မပေး နိုင်ပေမယ့် သားရဲ့ စိတ်ကူးဥာဏ်ကို ထက်သန်စေမယ့် ကစားနည်းတွေကို အတူကစားနိုင်တယ်၊ သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေရပြီး ကိုယ့်အတွက် အချိန်တွေ ကျန်သေးတဲ့ အလုပ်ကို လုပ်ရတာလည်း ကျေနပ်စရာ ပါပဲ၊ ပြီးတော့ ရေခံမြေခံ မတူ၊ ယဉ်ကျေးမှု မတူတဲ့ တစ်နေရာစီမှာ မွေးလာခဲ့တဲ့ ဒီ သားလေးရဲ့ အဖေနဲ့အမေဟာ သူ့ကို ပြုစုပျိုးထောင်ရာမှာတော့ တစိတ်တဝမ်းတည်း စိတ်တူ၊ သဘောတူ ရှိကြတဲ့ အဖြစ်ဟာလည်း စိတ်သက်သာရာ ရစေပါတယ်..၊

မောမောနဲ့ အိပ်ပျော်နေတဲ့ သားရဲ့မျက်နှာလေးကို ကြည့်မိတဲ့အခါ သူ့ကိုပေးရလို့ ကုန်သွားတဲ့ အချိန်တွေကို နှမြောစိတ်တွေ လွင့်ပါးကုန်တယ်၊ နောက်ထပ် နှစ်အနည်းငယ်ဆို သားက ကျနော့်ကို သူနဲ့တချိန်လုံး ကစားဖို့ ခေါ်ချင်မှ ခေါ်တော့မယ်၊ သူ့ကို သီချင်းဆိုသိပ်ပါဦး လို့လည်း ပြောချင်မှ ပြောတော့မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာ ရှင်သန်၊ နေထိုင်ပြီး အချိန်တွေကို နောင်တကင်းစွာ၊ ပြည့်ဝကျေနပ်စွာနဲ့ ကုန်ဆုံးစေတာက အကောင်းဆုံးပဲ မဟုတ်လား၊ တစ်နှစ်တစ်နှစ်ဆိုတာ လှစ်ကနဲကို ကုန်သွားတတ်တယ်၊ အခုကိုပဲ ၂၀၁၂ ကို ရောက်လာခဲ့ ပြီလေ...။ ။


ညီလင်းသစ်
၎ ဇန်နဝါရီ၊ ၂၀၁၂