27 March 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၃)


ကျနော်တို့ရဲ့ မြန်မာပြည် ခရီးစဉ်က ဒီလိုပါ၊ ရန်ကုန်မှာ တစ်ပတ်နေမယ်၊ ပြီးရင် ပုဂံကို သွားမယ်၊ ပြီးရင် ရန်ကုန်ကိုပဲ ပြန်လာပြီး ပြန်တဲ့အထိ နေမယ်၊ ဒါပါပဲ..၊ မြန်မာပြည်ကို တစ်လနီးပါး သွားပြီးတော့ ရန်ကုန်နဲ့ ပုဂံ နှစ်ခုထဲ လည်ခဲ့ရသလားလို့ နှမြောစိတ်နဲ့ တွေးမယ်ဆိုရင် တွေးလို့ ရပါတယ်၊ ဒါပေမယ့် ဒီခရီးရဲ့ အဓိက ရည်ရွယ် ချက်က မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့က အဓိကဖြစ်လို့ ဒီလိုပဲ စီစဉ်လိုက်တာပါ၊ မဟုတ်ရင် ကျနော်တို့ပါ တိုးရစ်စ်လုပ်ပြီး တပြည်လုံး ပတ်နေရင် နေသွားတာတော့ တစ်လနီးပါး ရှိပါရဲ့၊ ဘယ်သူနဲ့မှ ဟုတ်တိပတ်တိ တွေ့လိုက်ရမှာ မဟုတ်ဘူး၊ ပြီးတော့ ကျနော်တို့ သူငယ်ချင်းတွေ အများစုက ခရီးသွားလုပ်ငန်းထဲမှာ လုပ်ကြသူ၊ ဧည့်လမ်းညွှန် စတာတွေ များပါတယ်၊ ဒီအချိန် သူတို့အားလုံးက ဧည့်သည်ကျလို့ တစ်ပတ်ပြီး တစ်ပတ် ခရီးသွားနေတာကို ကိုယ်က ရန်ကုန်ကနေ ထိုင်စောင့်မှ အားလုံးနဲ့ တွေ့ဖို့ ဖြစ်နိုင်မှာပါ၊ နောက်ဆုံး တစ်ချက်ကတော့ ရေအင်မတန် ကြိုက်တဲ့ သားအတွက်ပါပဲ၊ သူ့ရဲ့ ပထမဦးဆုံး မြန်မာပြည် ခရီးစဉ်ဟာ သူဘာမှ မသိတဲ့၊ မခံစားတတ်တဲ့ အရာတွေ ကြားမှာပဲ ကုန်ဆုံးတာထက် သူ နှစ်သက်ရာ ရေကူးကန်လေးနဲ့ တွဲပြီး ဟန်ချက် ညီစေသင့်တယ် မဟုတ်လား...၊


ဒီလိုနဲ့ပဲ မနက်တိုင်း နီးပါး၊ တခါတလေ ညနေပိုင်းတွေပါ ရေကူး ဖြစ်တယ်၊ အင်းယားလိတ်ကို ရွေးတဲ့ အချက်တစ်ခုကလည်း ရေကူးကန် ကြောင့်ပါပဲ၊ ကျနော် သိသလောက် လောလောဆယ် ရန်ကုန်မှာ ကလေးရေကူးကန် ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့ ဟိုတယ်က အင်းယားလိတ် တစ်ခုပဲ ရှိပါတယ်၊


အဲဒီမှာ မနက်တိုင်း ရေကူး လာ,လာသင်တဲ့ ကလေးတွေနဲ့ သားနဲ့ အဖော်ရ သွားတယ်၊ ကလေးချင်း ဆိုတော့ ချက်ချင်း ရင်းနှီးသွား ကြတယ်၊ စကားတွေ အများကြီး ပြောစရာ မလိုဘဲ တစ်ယောက်က ဘယ်လို ကစားချင်လဲ ဆိုတာ နောက်တစ်ယောက်က ခဏချင်းမှာ သဘော ပေါက်တယ်၊ အခုလို ကလေးချင်း ကစားတဲ့အခါ သားအတွက် မြန်မာ ဝေါဟာရ အသစ်တွေ ပိုတိုးပြီး မြန်မာလိုလည်း ပိုပြောလာတယ်၊ ဒီခရီးကနေ ကျနော် အလိုချင်ဆုံး အကျိုးအမြတ် ကလည်း အဲဒါပါပဲ..၊


ရွှေဂုံတိုင် မီးပွိုင့်...၊ ဒီမီးပွိုင့်ကို ဖြတ်တိုင်း အနည်းဆုံး ၂ ခါ ရပ်ရတယ်၊ ဘယ်အချိန် သွားသွား ယာဉ်ကြောက အမြဲပဲ ကြပ်နေလေ့ ရှိပါတယ်၊ ရန်ကုန်မှာက အခု ကားတွေ အရမ်းများလာတော့ ယာဉ်ကြောတွေက တမြို့လုံးလိုလို ကြပ်ပြီး ခပ်နှေးနှေးပဲ မောင်းနေကြ ရတယ်၊ အဆိုးဆုံး လမ်းဆုံ ၄ ခုဖြစ်တဲ့ ရွှေဂုံတိုင်၊ လှည်းတန်း၊ တာမွေနဲ့ ဘုရင့်နောင် တို့မှာ ဂုံးကျော်တံတား ထိုးဖို့ လုပ်နေပါပြီ၊ ကျနော်တို့ ရှိနေစဉ်မှာ ကိုပဲ ပန္နက်တွေ စ,ရိုက် နေတာ တွေ့ခဲ့ရတယ်၊


'ခိုင်ခိုင်ကျော်' ရဲ့ အခင်းအကျင်း...၊ ဘယ်ဆိုင်တွေမှာ သွားစားချင်လဲလို့ သူငယ်ချင်း တစ်ယောက်က မေးတော့ ကိုတီဇက်အေ ဘလော့ဂ်မှာ မြင်ခဲ့ဖူးတဲ့ ဒီနာမည်လေးက ခေါင်းထဲ ရောက်လာခဲ့တယ်၊ ဒါနဲ့ တက္ကသိုလ် ရိပ်သာလမ်းက ဆိုင်ကိုပဲ သွားဖြစ်ပါတယ်၊ ဟင်းအမယ် အတော်စုံတယ်၊ ဝန်ထမ်းအင်အား များလို့ ဝန်ဆောင်မှု မြန်တယ်၊ စားသုံးသူတွေလည်း အများကြီး ပါပဲ၊ မသိရင် အလှူများ ပေးနေသလားလို့ အောက်မေ့ရတယ်၊ ဒါပေမယ့် ဆိုင်နေရာ အထိုက်အလျောက် ကျယ်လို့ စားပွဲတွေ တော်တော်များများ ရှိတယ်၊ စားလို့ ကောင်းတယ်..၊


နှုတ်ခမ်းမွှေးနဲ့ ခန့်ခန့်ကြီး ကူးတတ်တဲ့ အဲဒီကောင်ကို မစားရတာ ကြာပြီ...၊


တလားဗီးယား (ထင်တာပဲ..)၊ ငါးစားရင် ဥာဏ်ကောင်းတယ် ဆိုပေမယ့် ဥာဏ်ကောင်းဖို့ စားခဲ့တဲ့ ငါးနာမည်ကို မမှတ်မိဘူး၊ ကဲ... ဖြစ်ပုံများ...၊း)


တဂ်ပို့စ်တွေမှာ အစားချင်ဆုံး ဟင်းတစ်ခွက်ဆိုပြီး ဘလော့ဂါတွေ တော်တော်များများက သူ့ကို သတိတရရှိ ကြတယ်၊ ဒါပေမယ့် သူ့ကို တမ်းတသူတွေ များပေမယ့်လို့.. ကျနော်နဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါ မာနကြီးပုံ မရပါဘူး၊ အခုလို ပိပိပြားပြားနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ် ပါပဲ၊ သြော်.. ချဉ်ပေါင်၊ ချဉ်ပေါင်...၊


သူ့ကိုလည်း ချန်ထားခဲ့လို့ ဘယ်ဖြစ်မလဲ၊ မြန်မာ ထမင်းဆိုင်တွေရဲ့ စရိုက်လက္ခဏာ တစ်ခုပဲဟာ..၊

ဆိုင်ထဲမှာ ရေအင်တုံရယ်၊ ကျောက်ပြင်ရယ်၊ သနပ်ခါးတုံးရယ် ချိတ်ဆွဲ ပြထားတယ်၊ နိုင်ငံခြားသား တွေလည်း အမြဲလိုလို လာစားကြတော့ မြန်မာ့သနပ်ခါးကို မိတ်ဆက်ပေးတဲ့ စိတ်ကူးကောင်း ပါပဲ၊ ဝန်ထမ်းလေးတွေ အားလုံးလိုလို ကလည်း သနပ်ခါးလေးတွေ ကိုယ်စီနဲ့..၊ သားက အဲဒါကို စိတ်ဝင်စား သွားတယ်၊ အမှန်တော့ ကျောက်ပြင်နဲ့ သနပ်ခါးတုံးကို သူသိပါတယ်၊ အိမ်မှာ သူ့အတွက် ကျနော်ဝယ်ထားပေး ပေမယ့် တခါမှ မလိမ်းဖြစ် သေးဘူး၊ အခု ဒီမှာ အားလုံးက သနပ်ခါးနဲ့ ဆိုတော့ သူလည်း လိမ်းချင်တယ် ဖြစ်သွားရော...၊


ဝန်ထမ်းညီလေးက ဝမ်းသာအားရနဲ့ သွေးပေးပါတယ်၊ ပြီးတော့ ရော့..လိမ်း ဆိုတော့ သားက မလိမ်းတတ်တာနဲ့ ကျနော်ကပဲ အဲဒီ ညီလေးကို နည်းနည်းလောက် လိမ်းပေးဖို့ အကူအညီ တောင်းလိုက်ရတယ်၊


သနပ်ခါး မခြောက်တခြောက်မှာ သူ့မျက်နှာ နည်းနည်းတင်းလာလို့ မနေတတ်ဘူး ဖြစ်နေတာ..၊ ဒါပေမယ့် ခဏလည်း ကြာရော ပူပြင်းတဲ့ ရန်ကုန်နေ အောက်မှာ သူ့မျက်နှာက အေးနေတာကို သူ့ဟာသူ သဘောကျလို့ မဆုံးဘူး ဖြစ်နေခဲ့တယ်..၊


ရန်ကုန်ရောက်ပြီး ၅ ရက်လောက်နေမှ မြို့ထဲဖက်ကို ရောက်ဖြစ်တော့တယ်၊ မြို့ထဲကို ပထမဦးဆုံး ဆူးလေဘုရားလမ်း တလျှောက် ဝင်လာတဲ့ အချိန်မှာ ရင်ဘတ်ထဲ အမျိုးအမည် ခွဲခြားရ ခက်တဲ့ ခံစားမှုလေးတခု ဖြတ်ပြေးသွားတယ်၊ တကယ့်ကို သိမ်သိမ်မွေ့မွေ့လေး...၊


ရန်ကုန် ရောက်နေတာတော့ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းကပဲ၊ ဒါပေမယ့် အခုမှ သူ့ရဲ့ နှလုံးသား ဗဟိုတည့်တည့်ကို ရောက်လာခဲ့တာ..၊ ဘယ်လိုပြောရမလဲ၊ ကိုယ်နဲ့ ကျောင်းမှာ နှစ်စ ကတည်းက တခန်းတည်း အတူတူတက်တဲ့ ကောင်မလေး တစ်ယောက်ကို မြင်နေ၊ သိနေ ပေမယ့် တကယ်တမ်း ချစ်သူ ဖြစ်တော့မှ သူ့အနားမှာ ပထမဦးဆုံး ကပ်ထိုင်တဲ့အခါ ရလိုက်တဲ့ ရင်ခုန်မှု မျိုးပေါ့..၊ ချစ်သောရန်ကုန်.. မင်းဘေးမှာ ကိုယ် ရောက်နေခဲ့ပြီ..၊


တစ်ရက်မှာတော့ အင်းယားလမ်းထဲက Happy မှာ သွားစားဖြစ်တယ်၊ ဒါကိုတော့ ကျနော် အရင်က မကြားဖူးဘူး၊ သူငယ်ချင်း တစ်ယောက် ခေါ်သွားတာနဲ့ ရောက်သွားတာ..၊ ခေမရဌ်ရဲ့ အနောက်မှာ ရှိပါတယ်၊ ရှမ်းစာ၊ ကချင်စာ စတဲ့ ရိုးရာစာတွေ အဓိက ရောင်းတယ်၊ ဆိုင်းဘုတ်မှာ ရေးထားသလိုပဲ၊ ခေါက်ဆွဲနဲ့ ပတ်သက်တာတွေ အများကြီး ရပါတယ်၊


ဒါက ဂဏန်းပျော့ကြော်.. (လာပြန်ပြီ ဒီဂဏန်းပျော့)၊ ဟုတ်တယ်ဗျာ၊ ဂဏန်းပျော့က ဆိုင်တိုင်း လိုလိုမှာ ခလုတ်တိုက်တယ်၊ ဂဏန်းပျော့ စားတာများလို့ အပြန် လေယာဉ်ပေါ် အိမ်သာ ထ,အသွားမှာ ဘေးတိုက် လျှောက်နေမိတယ်၊ ပထမ ကိုယ့်ဟာကိုယ် လန့်သွားတယ်၊ သေချာပြီ၊ ဒါ ဂဏန်းစားလို့ ဘေးတိုက် လျှောက်နေမိပြီပေါ့၊ နောက်မှ စိတ်နဲ့ကိုယ် အသာလေး ပြန်ကပ်ပြီး သတိထား ကြည့်မှ ဘယ်ဟုတ်မလဲ၊ လေယာဉ်မယ်တွေ တစ်ယောက်ပြီး တစ်ယောက် ဖြတ်နေလို့ သူတို့နဲ့ မတိုက်မိအောင် ကိုယ်ကို တစောင်းလှည့်ပြီး လျှောက်နေရတာ..၊ ဟူး.. လူကို ထူပူသွား တာပဲ..၊း)


ဒါက ရှမ်းခေါက်ဆွဲ (လို့ ထင်တာပဲ)၊ သိပ်တော့ မမှတ်မိ တော့ဘူး၊ ခေါက်ဆွဲ အထူးပြုဆိုင် မှာစားလို့ ခေါက်ဆွဲ ဆိုတာတော့ သေချာတယ်၊


အင်း..ဒါလည်း မေ့တေ့တေ့ပဲ၊ ကြာဇံနဲ့ ဝက်သားနဲ့ ဘာဆိုလား...၊ ကျနော့်မလဲ မမှတ်မိတာတွေ၊ ထင်တာပဲတွေ၊ မေ့တေ့တေ့တွေ များနေတယ်၊ ဒါတောင် ငါးတွေ စားထားသေးတာ နော်..၊း)


အဲ.. ဒါတော့ မှတ်မိတယ်၊ ယိုးဒယား ငါးပိ ထမင်းကြော်..၊ ရက်စ်..၊ ကြိုက်လို့ ၂ ခါ ထပ်စားတယ်၊ ပြီးတော့ အက်စ်ပရက်ဆို ဒပ်ဘယ်လ် ရှော့ သောက်ပလိုက်တယ်၊ မြန်မာပြည်မှာ ယိုးဒယား ထမင်းကြော် စားပြီး အီတာလျံ ကော်ဖီသောက်တယ်၊ ဒါမှ ဂလိုဘယ်လိုက် မဇေးရှင်း သေးဘူး ဆိုရင် ဘယ်ဟာကများ ရှင်းဦးမှာလဲ... ကဲ..၊


အာရ်စီတူး နားကနေ ဖြတ်တော့ ဘာရယ်မဟုတ် လွမ်းသွားပြန်ရော..၊ ဒါတောင် ကျနော်က တစ်နှစ်ပဲ တက်ခဲ့တာပါ၊ အသွင်အပြင်တွေ ပြောင်းသွားပေမယ့် တက္ကသိုလ်ရဲ့ အငွေ့အသက် တွေက နှစ်တွေ အကြာကြီးကို စွဲနေဦးမယ် ထင်ပါရဲ့...၊


ပြောကြစတမ်း ဆိုရင် သူက ငယ်ချစ်ဦးပါ၊ အခု စန်းပွင့်နေတဲ့ 'ကျား' တို့၊ 'ကရဝိတ်' တို့ ဘယ်သူမှ မရှိသေးခင်မှာ ရင်ကိုအေးမြ စေခဲ့သူ...၊ အလှမ်းမဝေးတဲ့ မန္တလေး...၊ ငယ်သံယောဇဉ် ကြောင့်မို့ ကျနော် သူနဲ့ပြန်ဆုံ ပါတယ်၊ ဒါပေမယ့် သူ ပြောင်း - လဲ - သွား - ခဲ့ - ပြီ..၊


"နေဝင်ချိန်တွေကို ငါတစ်ယောက်တည်း မက်မက်စက်စက် ထိုင်ကြည့်ခဲ့တယ်..."

ဘာရယ် မဟုတ်ပါဘူး၊ ဒီဓါတ်ပုံကို ခေါင်းစဉ် ပေးချင်လာလို့...၊း) တကယ်တော့ ဒီနေဝင်ချိန် ဓါတ်ပုံက ဘာမှ မဟုတ်သေး ပါဘူး၊ ရှေ့လာမယ့် ပို့စ်မှာ နေဝင်ချိန်တွေ၊ နေထွက်ချိန်တွေ အရမ်းလှတဲ့ နေရာတစ်ခုကို သွားကြရအောင်..၊ ဟုတ်ပါတယ်..၊ ပုဂံပါ..၊ ရှေ့လာမယ့် ပို့စ်မှာ ကျနော်နဲ့အတူ ပုဂံကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂၇ မတ်၊ ၂၀၁၂

21 March 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၂)


လမ်းမှာတုန်းက ကျနော်စဉ်းစားထား တာက ရန်ကုန်လေဆိပ်ကို လေယာဉ် ဆိုက်တဲ့အခါ လေယာဉ်ပြူတင်း ကနေ ဓါတ်ပုံလေး တစ်ပုံ၊ နှစ်ပုံလောက် ရိုက်မယ်လို့...၊ ဒါပေမယ့် စင်ကာပူလေဆိပ်က စ,ထွက်ကတည်းက သားကလေးက အိပ်ပျော်သွားလိုက်တာ ရန်ကုန်လေဆိပ် ရောက်တာလည်း မနိုးသေးဘူး၊ ကျနော့် ပေါင်ပေါ်မှာ အဆန့်သားကို မလှုပ်မယှက်နဲ့..၊ ဒါနဲ့ပဲ ဓါတ်ပုံကိစ္စကို လက်လျှော့လိုက်ရ တော့တယ်၊ လေယာဉ်ပေါ်မှာ ရှိသမျှ လူတွေ အကုန်ဆင်းသွား ပြီးမှ ကျနော်တို့ ဆင်းတယ်၊ သားကို လမ်းလျှောက်ခိုင်းဖို့ ဘယ်လိုမှ နှိုးလို့မရတာနဲ့ ကျနော်တို့ တစ်ယောက်တလှည့်စီ ချီလာရတယ်၊ လေဆိပ်ထဲက လဝက ကောင်တာမှာ တိုးရစ်စ်တွေ အများကြီး တန်းစီနေတာ တွေ့တယ်၊ ရန်ကုန်လေဆိပ်မှာ တိုးရစ်စ်တွေ ဒီလောက်များတာ တခါမှ မတွေ့ဖူးဘူး၊ ကျနော်တို့ မတိုင်ခင် တခြား လေယာဉ်တစ်စင်းလည်း ဆိုက်ထားတော့ ခရီးသည်တွေ ဆိုတာ လေဆိပ်မှာ ပျားပန်းခပ်ပဲ၊

လေဆိပ်အသစ်က ဖွင့်ကာစတုန်းက အရင်အဟောင်းနဲ့ ယှဉ်တော့ ကြီးသလိုလို ထင်ရတယ်၊ အခုတော့ လေယာဉ်လေး ၂ စင်းက ခရီးသည်တွေနဲ့တင် ပြည့်လုလုပဲ..၊ စာရွက်စာတမ်း ကိစ္စတွေအားလုံး အဆင်ပြေ ပါတယ်၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေလည်း ပြောဆို၊ ဆက်ဆံတာ တကယ့်ကို ချိုချိုသာသာနဲ့..၊ ဒီတခါတော့ မြန်မာခရီးသည်တွေလည်း တိုးရစ်စ်တွေလိုပဲ ကောင်တာရှေ့မှာ တားထားတဲ့ လိုင်းအနောက်မှာ စည်းကမ်း ရှိရှိ ရပ်စောင့်ပြီး တစ်ယောက်ပြီးမှ တစ်ယောက် ကောင်တာကို သွားကြတာ သတိပြုမိတယ်၊ အရင်တုန်းကလို ပြုံပြီး တိုးနေတာမျိုး မရှိတော့ဘူး၊ ဒီလို အခြေအနေတွေ မြင်ရတာ တကယ်ပဲ စိတ်ချမ်းသာစရာ ကောင်းပါတယ်၊ ကျနော်တို့ကို အဖေနဲ့အမေ လာကြိုကြတယ်၊ သူတို့ရဲ့ မြေးကလေး ကတော့ အဖိုးနဲ့အဖွားကို ထ,မကြည့်နိုင်ဘူး၊ ကျနော့် ပုခုံးပေါ်မှာ တရှူးရှူးနဲ့ အိပ်မောကျတုန်း..၊ ရန်ကုန်ရဲ့ လေနွေးနွေးတွေဟာ လေဆိပ်တံခါးက ထွက်ထွက်ခြင်းမှာပဲ တကိုယ်လုံးကို ပက်ဖြန်း၊ ပုတ်နှိုးလိုက်တယ်၊ ဒါဟာ ကျနော်သိတဲ့ ရန်ကုန်မှ ရန်ကုန်အစစ် ပါပဲ..၊ အခုတော့ ကျနော့် တကိုယ်လုံးလည်း ပူနွေးလို့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်နေခဲ့ ပြီပေါ့...၊


ကျနော်တို့ အင်းယားလိတ် ဟိုတယ်မှာ တည်းဖြစ်ပါတယ်၊ မနှစ်က ဇူလိုင်လ ကတည်းက ကြိုပြီး အခန်းဘွတ်ကင် လုပ်ထားခဲ့လို့သာ အဆင်ပြေတာလို့ ပြောရမှာပါပဲ၊ ကျနော်တို့ ရောက်တဲ့ အချိန်မှာ ဟိုတယ်က ရှိသမျှ အခန်းတွေ အကုန်ပြည့်နေပြီလို့ သိရတယ်၊

နောက်တစ်နေ့ မနက် ၆ နာရီ လောက်မှာ ကျနော် နိုးလာခဲ့တယ်၊ တကယ်ဆို jet lag နဲ့ဘာနဲ့ နေမြင့်မှ နိုးသင့်ပေမယ့် အဲဒီမနက်ကတော့ လန်းလန်းဆန်းဆန်းကို နိုးလာတယ်၊ ဒါနဲ့ ဝရန်တာကို ထွက်ပြီး ငှက်ကလေးတွေ သီချင်းဆိုသံကို နားထောင်နေ မိတယ်..၊


ဝရန်တာကနေ မြင်ရသမျှ သစ်ပင်တွေ၊ ဝါးပင်တွေကို လိုက်ငေးရင်း သဘာဝ တရားထဲမှာ လုံးဝကို နှစ်မြုပ်၊ ပျော်ဝင် ပစ်လိုက်တယ်၊ မနက် ၆ နာရီရဲ့ အပူချိန်ဟာ မပူ၊ မအေးနဲ့ တကယ့်ကို နေလို့ကောင်းရုံ ပါပဲ၊ တဖက်ကို လှမ်းကြည့်လိုက်တော့ dining room...၊


မနက်စောစော ဖွင့်ကာစမို့ ထင်တယ်၊ လူရှင်းနေ သေးတယ်၊ ဒီလို သာယာတဲ့ မနက်ခင်း တစ်ခုကို အခုလို ဝရန်တာလေး ပေါ်ကနေပဲ မြင်ကွင်း အကန့်အသတ်နဲ့ ကုန်ဆုံးပစ်လိုက် ရမယ်ဆိုရင် ဘယ်လောက် နှမြောစရာ ကောင်းလိုက်မလဲ၊ အဲဒီလို အတွေးဝင်လာလို့ အခန်းထဲ ပြန်ဝင်၊ ညဝတ် အင်္ကျီလဲ၊ ခပ်မြန်မြန် သွားတိုက်ပြီး ကင်မရာဆွဲလို့ အောက်ဖက် ဆင်းလာလိုက်တယ်၊ ကျနော် ဟိုတယ်အပြင်ဖက် အရောက်မှာပဲ နေထွက်လာတာနဲ့ ကြုံလိုက်တယ်...၊


သိပ်တော့ မလှပါဘူး၊ ဒါပေမယ့် ဒါဟာ ရန်ကုန်က ကျနော့်ကို ပေးခဲ့တဲ့ ပထမဦးဆုံး sunrise ပဲ မဟုတ်လား၊ အုန်းလက်ကြားကနေ ရနိုင်သလောက်လေး ကျနော်ခံစား ခဲ့တယ်..၊ ခဏကြာမှ ဟိုတယ်တစ်ပတ် လမ်းလျှောက် ပါတယ်၊


အင်းယားရေပြင်ကတော့ အအိပ်မက်တဲ့ မိန်းမပျို တစ်ယောက်လို လှလှပပနဲ့ အိပ်မောကျနေတုန်း ပါပဲ၊ သူနိုးသွားမှာ စိုးတာနဲ့ ကျနော်လည်း သူ့ဘေးကနေ ခြေသံဖွဖွနဲ့ပဲ အသာလျှောက်ခဲ့တယ်၊ ကန်တွေရဲ့ ရေပြင်ငြိမ် အလှဟာ သဘောကျစရာ ကောင်းပါတယ်၊


ဒီလိုမျိုး အုန်းပင်တွေ၊ ထန်းပင်တွေကို အစီအရီ မမြင်ရတာ ကြာပါပြီ၊ ကျနော် ထိုင်ငေးနေ မိတယ်၊ မနက်ခင်းဟာ မြူပုဝါပါးလေး ခြုံသိုင်းလို့ စင်စင်ကြယ်ကြယ်နဲ့ လှလိုက်တာ...၊

အတော်လေးကြာမှ အခန်းထဲကို ပြန်တက်လာ ခဲ့တယ်၊ ဟိုသားအမိက အဲဒီတော့မှ လူးလူးလွန့်လွန့်နဲ့ ခပ်ဖြေးဖြေး နိုးလာကြတယ်၊ သူတို့ အဆင်သင့် ဖြစ်တော့ ကျနော်တို့ မနက်စာ သွားစားကြ ပါတယ်၊


ဒါ ရန်ကုန်မှာ ကျနော့်ရဲ့ ပထမဦးဆုံး မနက်စာရဲ့ ပထမဦးဆုံး ခွက်ပါပဲ၊ သေချာတာ ပေါ့ဗျာ၊ မုန့်ဟင်းခါးက လွဲလို့ ဘာများ ဖြစ်နိုင်ဦးမှာလဲ..၊ အင်းယားလိတ်မှာ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို မနက်စာ အတွက် တနေ့တမျိုး ချက်ပါတယ်၊ အဲဒီနေ့က မသိလို့ အဲဒီလို ပန်းကန်လုံးလေးနဲ့ စားခဲ့ရတာ..၊ နောက်နေ့မှာတော့ မရတော့ဘူး၊ မုန့်ဟင်းခါး စားတိုင်း ဟင်းချိုသောက်တဲ့ ပန်းကန်လုံး ခပ်ကြီးကြီးကို တောင်းပြီး ထည့်စား တော့တယ်၊ ဘာရမလဲ..၊ လူကိုများ တိုးရစ်စ် အောက်မေ့လို့...၊း)


မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ အပြင် အခုလို ဆန်ပြုတ်လည်း ရပါတယ်၊ သိပ်တော့ မကြိုက်ဘူး၊ ကျနော်က အာရှ အစားအစာ မြင်သမျှ စားကြည့်မယ်ဆိုတဲ့ စိတ်နဲ့မို့ မြည်းကြည့်တာ၊ နောက်ရက်တွေမှာ မစားတော့ဘူး၊ ကျန်တာကတော့ ဟိုတယ်တွေထုံးစံ international breakfast ပါပဲ..၊ တကူးတက စာမဖွဲ့လောက် ပါဘူး၊

မိဘတွေအိမ် သွားရင်းနဲ့ သားက လမ်းမှာ ဆိုက်ကားတွေ တွေ့သွားတယ်၊ သူ တခါမှ မမြင်ဖူးဘူး၊ ဘယ်လို ခေါ်မှန်းလဲ မသိဘူး၊ သူသိတာက စက်ဘီးအနောက်မှာ တပ်ပြီး ဆွဲရတဲ့ သူစီးနေကျ လှည်းကလေး..၊ ဆိုက်ကားကို သူ စိတ်ဝင်စားတာနဲ့ ကျနော်လည်း ပေးစီးလိုက်တယ်..၊


သူတို့ မြေးအဖိုးနှစ်ယောက် ဆိုက်ကားတစ်စီး ငှားပြီး ရွာရိုးကိုးပေါက် လျှောက်စီးကြတယ်..၊ Sightseeing by trishaw ပေါ့လေ...၊း)


ဒါကတော့ အမေ့လက်ရာ နေ့လယ်စာပါ၊ ရိုးရိုးလေးပါပဲ၊ မေတ္တာဟာ အလျားအနံ မရှိဘူး၊ ဘာညာ ပြောကြပေမယ့် အရသာတော့ ရှိမယ်ထင်တယ်၊ အမေ့မေတ္တာ ထည့်ချက်တဲ့အခါ လူစားတဲ့ ဟင်းပေမယ့် နတ်သုဒ္ဓါ ဖြစ်,ဖြစ်သွား တတ်တယ်၊ သားသမီးတွေ အဖို့ အသက်တွေ ကြီးလာလေလေ၊ အမေတွေရဲ့ လက်ရာဟာ ပိုပြီး အရသာ ရှိလေ လေပဲ ဖြစ်မယ် ထင်ပါရဲ့ဗျာ...၊

ညနေပိုင်းမှာတော့ ရွှေဂုံတိုင် မီးပွိုင့်အလွန်က 'ရွှေကောင်း' မှာ ဟော့ပေါ့တ် သွားစားကြတယ်၊ အရင်တုန်းက ကျနော်သိတဲ့ ဟော့ပေါ့တ်က Summit Parkview ဟိုတယ်က ကိုကာဆူကီ ဟော့ပေါ့တ်ပါ၊ အခုတော့ ဒီလိုမျိုး ဟော့ပေါ့တ်ဆိုင်တွေ အတော်များလာတာ သတိထား မိတယ်၊


တစ်အိုးထဲမှာပဲ အစပ်နဲ့ အချိုကို တဝက်စီ ထည့်လို့ရအောင် လုပ်ထားတယ်၊ ဟင်းရည်က ကြက်သားဟင်းရည်ပါ၊ အရည်ထဲ ထည့်ဖို့ ဟင်းတွေကတော့ အတော်လေး စုံပါတယ်၊ အသားစုံ၊ အရွက်စုံ အပြင် ပင်လယ်စာတွေပါ ရတယ်၊ ပန်းကန်ပြားလေး တွေထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်၊ ဈေးက တစ်ပန်းကန် ၄၀၀ လောက်ကနေ ၁၂၀၀ လောက်အထိ ရှိပါတယ်၊ တစ်ပန်းကန် ၄၀၀ ဆိုတာ မများဘူး ထင်ရပေမယ့် ဘာမှ သိပ်မပါ ပါဘူး၊ ဒီတော့ ပန်းကန်တွေ ခပ်များများမှာဖို့ လိုပါတယ်၊ ဆိုတော့ ဝိုင်းရှင်းတဲ့ အခါ ကျသင့်ငွေလည်း မြင့်ပြီပေါ့၊

ကျနော်တို့ ၂ ခါ သွားစားဖြစ် ပါတယ်၊ ပထမ တခါက ၅ ယောက်ဝိုင်း..၊ ငါးသောင်း ကျပါတယ်၊ ဒုတိယ တခါက ၇ ယောက်ဝိုင်း..၊ ခြောက်သောင်း ကျတယ်၊ လက်ရှိပေါက်ဈေးနဲ့ဆို ဒေါ်လာ ၆၀ နဲ့ ၇၅ ဒေါ်လာလောက် ရှိပါတယ်၊ ဒါကို တွက်ကြည့်ပြီး မအိမ်သူက မျက်လုံးပြူး သွားတယ်၊ မြန်မာပြည်မှာ လူတွေက ၂ နာရီလောက် အတွင်း ငွေဒီလောက် သုံးနေကြ ပြီလားလို့ မေးတယ်၊ လွန်ခဲ့တဲ့ ၁၅ နှစ်.. သူနေခဲ့တဲ့ အချိန်တုန်းကနဲ့ ယှဉ်ရင်တော့ လန့်မယ်ဆိုလည်း လန့်လောက်စရာ ပေါ့လေ၊ ဒါပေမယ့် သူကသာ လန့်နေတာ...၊ အဲဒီ ဆိုင်အကြီးကြီး ထဲမှာ စားပွဲတိုင်းလိုလို လူကအပြည့်...၊


ဘာရယ် မဟုတ်ပါဘူး၊ ဆိုင်းဘုတ်ကို သဘောကျလို့ ရိုက်လာတာ..၊ 'ရွှေကောင်း' ကို အင်္ဂလိပ်လို ပြန်ထားတာ မမိုက်ဘူးလား...၊း)

နောက်တစ်နေ့ မှာတော့ My Garden မှာ သွားစား ဖြစ်ပါတယ်၊ အမှန်တော့ ကျနော်တို့လည်း ကိုယ့်ဟာကိုယ်ဆို ဆိုင်တွေ ရောက်ဖြစ်မှာ မဟုတ်ပါဘူး၊ အခုက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် လာဖိတ်ကြတာနဲ့ ဟိုဆိုင်၊ ဒီဆိုင် နည်းနည်း ရောက်ဖြစ်တဲ့ သဘောပါ..၊ My Garden ကတော့ Mon Petit Avatar ရဲ့ဘလော့ဂ်မှာ ဖတ်ရ ကတည်းက သွားကြည့်ချင် နေတာဆိုတော့ အတော်ပဲ ဖြစ်သွားတယ်၊ Summit Parkview ရဲ့ အရှေ့မှာ ရှိပါတယ်၊ ဆိုင်က အတော်လေး ကျယ်တယ်၊ စားပွဲတွေ၊ ထိုင်ခုံတွေကို သေသေချာချာ လုပ်ထားတယ်၊ ပူပြင်းတဲ့ နေ့လယ်ခင်း တွေမှာ အေးအေးလူလူ ထိုင်လို့ ကောင်းပါတယ်၊ ညဖက်တွေဆို အနောက်ဖက်မှာ unplugged ဖျော်ဖြေမှုလည်း ရှိတယ်၊ မြန်မာစာ၊ အနောက်တိုင်းစာ ရတယ်၊ အဲ.. ဈေးကတော့ နည်းနည်း များပါတယ်၊


ဂဏန်းပျော့ ဟင်းပါ၊ ရန်ကုန်က နာမည်ကြီး ဆိုင်တွေမှာ အဲဒီ ဂဏန်းပျော့ရတာ သတိထား မိတယ်၊ အရင်ကတော့ ဂဏန်းပျော့ဆိုတာ တသက်နဲ့တကိုယ် မကြားဖူး ခဲ့ပေါင်ဗျာ..၊ စားလို့တော့ ကောင်းတယ်..၊


ပြည်ကြီးငါးသုပ် ကတော့ အတော်လေး စားကောင်းတယ်၊ ဘယ်ကလာတဲ့ ပြည်ကြီးငါးလဲတော့ မသိဘူး..၊း)


ဂဏန်းပျော့ဟင်း၊ ဆူကာရွက်ကြော်၊ ကန်စွန်းရွက်ကြော်နဲ့ ပြည်ကြီးငါးသုပ် ပါပဲ..၊ အဲ.. ဖန်ခွက်ထဲက အဝါရောင် အရည်ကတော့ 'ကျား' တံဆိပ် ရေနွေးကြမ်းပါ..၊းP

ကဲ..ပုံတွေနဲ့ စာတွေကို ခပ်စိပ်စိပ်လေး ကြည့်ချင်၊ ဖတ်ချင်တယ် ဆိုလို့ တင်လိုက်ပါပြီဗျာ..၊ တစ်ပုံနဲ့ တစ်ပုံ သဟဇာတ ဖြစ်၊ မဖြစ်လည်း မစစ်နိုင် တော့ဘူး၊ ခရီးစဉ်မှာ တတ်နိုင်သလောက် ရက်စဉ်အတိုင်း ရေးဖို့ စဉ်းစားထားပေမယ့် တခါတလေလည်း ဓါတ်ပုံတွေ အဆက်အစပ်ကို ဦးစားပေးပြီး တင်ဖြစ်တာ မျိုးလည်း ရှိ ပါမယ်..၊ ဖြစ်တယ် မဟုတ်လား..၊း)

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂၁ မတ်၊ ၂၀၁၂

19 March 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၁)


ကျနော့်ရဲ့ သားကလေး အသက် သုံးနှစ်ခွဲကျော်လို့ ၄ နှစ်ထဲ ဝင်စ,ပြုလာတဲ့အခါ သူ လသားအရွယ် ကတည်းက ကျနော်စဉ်းစားထားတဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖေါ်ဖို့ အချိန်ကျပြီလို့ ကျနော် သတ်မှတ်လိုက် ပါတယ်၊ အဲဒါကတော့ သားကလေးကို ကျနော် မွေးဖွားကြီးပြင်းခဲ့ရာ အရှေ့တောင်အာရှက ချစ်စရာ နိုင်ငံလေးနဲ့ မိတ်ဆက်ပေးဖို့ပဲ ဖြစ်ပါတယ်၊ အဲဒီလို သွားမယ်လို့ ဆုံးဖြတ်လိုက် ပြီးတဲ့နောက်မှာ ခရီးစဉ်အတွက် ပြင်ဆင်မှုတွေ စ,လုပ်ပါတယ်၊ ပထမဦးဆုံးက ဘယ်အချိန် သွားမှာလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေရှာတာပါ၊ ဖြစ်နိုင်ခြေ နှစ်ခု၊ သုံးခုလောက် စဉ်းစားပြီးတော့ နောက်ဆုံးမှာ သူ့အသက် ၄ နှစ်ခွဲလည်းဖြစ်၊ ရာသီဥတုလည်း သာသာယာယာ ရှိ တတ်တဲ့ ဖေဖော်ဝါရီလကို ကျနော်တို့ ရွေးချယ်လိုက် ပါတယ်၊ ဆိုတော့ ဒီခရီးစဉ်ဟာ ဖေဖော်ဝါရီလမှာ ကျရောက်တဲ့ ကျနော့်ရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် ဆိုရင်လည်း မမှားပါဘူး၊

သွားမယ့်ရက်ကို ရွေးပြီးတော့ ဒုတိယအဆင့် အနေနဲ့ လေယာဉ်လက်မှတ်တွေ စုံစမ်းကြည့်ပါတယ်၊ ဒါကတော့ ရှင်း ပါတယ်၊ သွားရိုးသွားစဉ် လမ်းကြောင်းအတိုင်း ထိုင်းနဲ့ စင်ကာပူ လေကြောင်းနှစ်ခုကို ယှဉ်ကြည့်ပြီး ဈေးပိုသက်သာတဲ့ စင်ကာပူ လေကြောင်းကိုပဲ ယူလိုက်တယ်၊ ကာတာလေကြောင်း၊ အဲမရိတ် လေကြောင်း စတာတွေနဲ့ ဒိုဟာဖက်ကနေ ပတ်သွားရင် စင်ကာပူထက် ဈေးပိုသက်သာတာ မှန်ပေမယ့် ကလေးတဖက်နဲ့ ဆိုတော့ လေယာဉ် ၂ ဆင့် ပြောင်းစီးရတဲ့ ကိစ္စ၊ လေဆိပ်တွေမှာ အချိန်ပို စောင့်ရတဲ့ ကိစ္စ တွေကို ရှောင်ချင် တာလည်း ပါ,ပါတယ်၊ ဒီလိုနဲ့ မနှစ်က ဇူလိုင်လဆန်း ကတည်းက လေယာဉ်လက်မှတ်တွေ ဝယ်ထားလိုက်တယ်၊ သွားမယ့်ရက် ကပ်လာရင် ဈေးတွေတက်လာနိုင်တယ် ဆိုတဲ့ စိတ်ကူးနဲ့ ခပ်စောစောပဲ ဝယ်လိုက်တယ်၊ တစ်ယောက်ကို ဒေါ်လာ ၁၅၀၀ ပေးရပါတယ်၊ အဲဒီမှာ ဆန္ဒစောတဲ့ အကျိုးကို ခံစားရတာပါပဲ..၊ ကျနော်တို့ လက်မှတ်လည်း ဝယ်ပြီးရော ၂ ပတ်လောက် အကြာမှာ စင်ကာပူ လေကြောင်းက အထူးလျှော့ဈေးကာလ ကြေညာလိုက်ပြီးတော့ လက်မှတ်တွေ ဈေးချ ရောင်းပါတော့တယ်၊ ကျနော်တို့ ဝယ်ခဲ့တဲ့ ၁၅၀၀ တန် လက်မှတ်ကို ၁၀၀၀ ကျော်ကျော်နဲ့ ချလိုက်တယ်၊ ၃ ယောက်စာ ဆိုတော့ ၁၅၀၀ နီးပါးလောက် သက်သာမယ့် ကိစ္စ...၊ အဲဒါလည်း မြင်ရော.. လူလည်း အတော်လေး နင်သွားတယ်၊ လက်မှတ်ဖိုးကလည်း အွန်လိုင်းကနေ ဝယ်တာ ဆိုတော့ တခါတည်း ချေပြီးနေပြီ၊ ဒါနဲ့ ရလိုရငြား လေကြောင်းကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ရှင်းပြကြည့် သေးတယ်၊ ထင်တဲ့အတိုင်းပဲ..၊ ဘာမှ လုပ်ပေးလို့ မရပါဘူး-တဲ့၊ ဝယ်ပြီးသား ဖြစ်နေလို့ အခုလျှော့ဈေး ကာလနဲ့ အကြုံးမဝင် ပါဘူး-တဲ့၊ ဒါနဲ့ နောက်တစ်ကြိမ် ဒါမျိုး မဖြစ်ရအောင် စင်ကာပူ လေကြောင်းက ဘယ်လတွေမှာ အခုလို လျှော့ဈေးကာလ သတ်မှတ်လေ့ ရှိသလဲလို့ မေးတော့ အဲဒါဟာ လေကြောင်းရဲ့ အထူးလျှို့ဝှက် ပေါ်လစီမို့ ပြောပြလို့ မရပါဘူး-တဲ့၊ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ၊ လျှော့ဈေးကာလ သိထားရင် အဲဒီအချိန်ပဲ စောင့်ပြီး လေယာဉ်လက်မှတ်တွေ ဝယ်နေကြတော့ မှာပေါ့..၊

ဒီလိုနဲ့ အလုပ်ကနေလည်း ခွင့်တစ်လ ယူပြီးပြီ၊ သွားဖို့၊ နေဖို့၊ လိုအပ်တာတွေ အားလုံးကိုလည်း စီစဉ်ပြီးသွားတဲ့ အခါ ဖေဖော်ဝါရီလ ရောက်ဖို့ကိုပဲ လက်ချိုးရေပြီး စောင့်နေရတော့တယ်၊ သွားခါနီး ရက်ပိုင်းတွေမှာ ကျနော်စိတ်လှုပ်ရှား နေခဲ့တယ်၊ ၂၀၀၉ ခုနှစ်တုန်းက တစ်ယောက်တည်း မြန်မာပြည်ကို တစ်ခေါက် ပြန်ဖြစ်ပါသေးတယ်၊ အဲဒီတုန်းက မသွားခင် တစ်ရက်မှာမှ ခရီးဆောင်အိတ် ပြင်ပြီး အေးအေးဆေးဆေးပဲ ထွက်သွားခဲ့တာ..၊ အခုတော့ မိသားစုနဲ့ သွားမှာမို့လား မသိဘူး၊ စိတ်တွေက အတော်လေး လှုပ်ရှားတယ်၊ ပြီးတော့ ၄ နှစ်ခွဲအရွယ် သားလေးနဲ့ ၁၅ နာရီလောက် လေယာဉ်စီးပြီး အဝေးကြီး သွားရမယ့် ခရီး...၊ အိပ်ခန်းနဲ့ ဧည့်ခန်းထဲမှာတော့ ခရီးဆောင် အိတ်တွေက မသွားခင် နှစ်ပတ်လောက် အလိုကတည်းက ကြမ်းပြင်ပေါ်မှာ ပိုးလိုးပက်လက်..၊ အိတ်ကလည်း ကြည့်ဦး..၊ ကျနော်တို့ မိသားစု သုံးယောက်အတွက်ကို checked luggage ၃ လုံး၊ hand-carry ၃ လုံး..၊ ပုံမှန်အားဖြင့် ခရီးသွားရင် ပေါ့ပေါ့ပါးပါး သွားရတာကို ကြိုက်ပေမယ့် အခုက မိသားစုနဲ့ဆိုတော့ လိုလိုမယ်မယ်ဆိုပြီး ယူရတဲ့ ပစ္စည်းတွေနဲ့ သေတ္တာက ၃ လုံး ဖြစ်သွားရတာပါ၊ သားအတွက် ဆေး၊ ရှေးဦး သူနာပြု ပစ္စည်း စတာတွေကပဲ သေတ္တာတဝက်လောက် နေရာယူချင်နေတာကိုး...၊



ဒါက မြန်မာပြည် ခရီးစဉ်အတွက် ကျနော်သယ်သွားခဲ့တဲ့ ကင်မရာအိတ်ပါ၊ အဓိကသုံးမယ့် ကင်မရာတစ်လုံး၊ back-up ကင်မရာတစ်လုံး၊ အထွေထွေ lens တစ်ခု၊ tele lens တစ်ခု၊ 50 mm prime lens တစ်ခု၊ flash နှစ်ခု၊ light diffuser တစ်ခု၊ RF flash trigger သုံးခု၊ interval shutter release တစ်ခု၊ ဘက်ထရီ charger နှစ်ခု၊ Air blower နှစ်ခုနဲ့ တိုလီမုတ်စတွေ ပါဝင်ပါတယ်၊ ဒီအိတ်က ခရီးသွားတုန်းလွယ်ဖို့ ကျောပိုးအိတ်ပါ၊ သူ့ချည်းပဲ အလေးချိန်က ၁၁ ကီလို ရှိပါတယ်၊ ဆိုတော့ နေ့စဉ် ဟိုဟိုဒီဒီ သွားရင် သုံးဖို့အတွက် နည်းနည်းတော့ လေးတယ်၊ ဒါနဲ့ ဘေးတိုက်လွယ်တဲ့ အိတ်အလတ် တစ်လုံးကိုပါ သယ်ရပြန်တယ်၊ ဒီကျောပိုးအိတ်နဲ့တင် ကျနော့်အတွက် hand-carry က ပြီးသွားလို့ အဲဒီ ဘေးတိုက်အိတ်ကို လွယ်သွားလို့ မရတော့ဘူး၊ ဒါနဲ့ သေတ္တာတစ်လုံးထဲကို အသာလေး ထိုးထည့်လိုက်တယ်၊ ဒါကိုမြင်တော့ မအိမ်သူက မျက်စောင်းထိုးတယ်၊ သိပ်တော့ ကြည်ပုံ မရဘူး၊ ကျနော့်ဘေးတိုက်အိတ်က သူ့သေတ္တာထဲမှာ နေရာတော်တော် ယူသွားတာကိုး၊ ဟိုး အရင်တုန်းကတော့ ဒီတစ်ခေါက် မြန်မာပြည်သွားရင် tripod တစ်ခုတော့ သယ်ဖြစ်အောင် သယ်သွားမယ်လို့ ရည်ရွယ်ထားပေမယ့် အခု ကင်မရာအိတ် ၂ လုံးနဲ့တင် ကျနော့်ဝန်ထုပ်ဝန်ပိုးက ကြီးမားနေပြီ၊ tripod ပါ သယ်မယ်ဆိုရင်တော့ မအိမ်သူက ဗီတိုနဲ့ ပယ်မှာ သေချာသလောက်ပဲ၊ သြော်.. ဇနီးမယား၊ သမီးသားနဲ့ ခရီးသွားရတော့လည်း သယ်ချင်တာ သယ်လို့မရ...ဟူး.. ...၊

ကျနော်တို့ ခရီးစဉ်က ဒီလိုပါ၊ အိမ်ကနေ တစ်ရက်ကြိုပြီး လေယာဉ်စီးရမယ့် Zurich မြို့ကို ရထားနဲ့သွား၊ အဲဒီမှာ လေယာဉ်ကွင်းနားက ဟိုတယ်မှာ တစ်ညအိပ်၊ နောက်တစ်နေ့ မနက်မှ လေယာဉ်စီး..၊ လေယာဉ်က မနက် ၁၀ နာရီခွဲ ထွက်တာဆိုတော့ အစောကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အိမ်ကနေ လေယာဉ်ကွင်းကို ၃ နာရီ နီးပါးလောက် ရထားစီးရတော့ အဲဒီမနက်မှ ထွက်လာရင် အထုပ်အပိုးတွေနဲ့ ပြေးဟယ်၊ လွှားဟယ် ဖြစ်မှာစိုးတာကြောင့် အေးအေးဆေးဆေး တစ်ရက်ကြိုလာပြီး လေယာဉ်ကွင်းနားမှာ လာအိပ်ဖြစ်တာပါ၊ နောက်တစ်နေ့ Check-in ဝင်တော့ ကျနော်တို့ checked luggage တစ်လုံးစီက ၂၃ ကီလို ရှိတဲ့အပြင် hand-carry တစ်လုံးစီကလည်း ၁၂ ကီလိုလောက်စီ ရှိနေပြန်တယ်၊ ကောင်တာက ဝန်ထမ်းအမျိုးသမီးလေးက 'အိုး..နည်းနည်းတော့ များတယ်နော်' လို့ မျက်ခုံးပင့်တယ်၊ ဟုတ်တော့လည်း ဟုတ်တယ်၊ စင်ကာပူ လေကြောင်းရဲ့ သတ်မှတ်ချက်အရ တစ်ယောက်ကို checked luggage ၂၀ ကီလိုနဲ့ hand-carry ၇ ကီလိုပဲ သယ်ခွင့် ရှိတာကိုး..၊ ဒါပေမယ့် ကျနော်ကတော့ မလျှော့ဘူး၊ အင်္ဂလိပ်ခေတ်က အရေးပိုင်မင်း မျက်နှာပေါက်မျိုးနဲ့ ခပ်တည်တည်ပဲ ရပ်နေလိုက်တယ်၊ ဒီတော့ သူကလည်း extra weight ဖိုး မတောင်းပါဘူး၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ကောင်းသောခရီး ဖြစ်ပါစေ-လို့တောင် နှုတ်ဆက်လိုက် သေးတယ်..၊



ဒီတခါတော့ အင်မတန် ကြီးပါတယ်ဆိုတဲ့ Airbus A-380 နှစ်ထပ်လေယာဉ်နဲ့ သွားရပါတယ်၊ တကယ်လည်း ကြီးပါတယ်၊ လေယာဉ်ထဲ ဝင်တာကအစ တံခါးပေါက် ၃ ပေါက်နဲ့...၊ Suite ခရီးသည် တွေက အပေါ်ထပ်တက်ဖို့ တစ်ပေါက်၊ Business က တစ်ပေါက်နဲ့ Economy က တစ်ပေါက်..၊ အဆင့်အတန်း ခွဲပုံများ.. တံခါးတောင် အရင်ကလို တစ်ပေါက်တည်း မသုံးရတော့ဘူး၊ အပေါ်ပုံမှာ တွေ့တဲ့အတိုင်း လေယာဉ်ခုံတွေကို အရင် Boeing 747 တွေမှာလို ၃-၄-၃ ပဲ ဆက်ထားတယ်၊ ဒါပေမယ့် တလိုင်းနဲ့တလိုင်းကြား ခြေထောက်ဆန့်ဖို့ ပိုကျယ်တယ်၊ overhead locker တွေက ပိုမြင့်တယ်၊ တီဗီ system တွေ ပိုအဆင့်မြင့် လာတယ်၊ အံ့သြစရာ အကောင်းဆုံးကတော့ ငြိမ့်ညောင်းမှု ပါပဲ၊ လေယာဉ်ကြီးက ပိုကြီးပေမယ့် သူ့ထက်ငယ်တဲ့ လေယာဉ်တွေထက် ပိုပြီး ညက်ညောပါတယ်၊ take off မှာ ပြူတင်းပေါက်ကသာ ကြည့်မနေရင် လေယာဉ် မြေကြီးက ခွာသွားတာ သိလိုက်မှာတောင် မဟုတ်ဘူး၊ landing မှာလည်း လေယာဉ်ဘီးနဲ့ မြေကြီးထိပုံက ထိတယ်ဆိုတာ သိလိုက်ရရုံ လေးပဲ၊ စင်ကာပူအဲလိုင်းရဲ့ service ကတော့ အရင်ကတည်းက ကောင်းပြီးသားမို့ အထူးပြောစရာ မရှိပါဘူး၊

ကျနော်တို့က ခရီးမသွားခင် အစောကြီးကတည်းက ကြိုပြီး သူစီးရမယ့် လေယာဉ်ပုံစံမျိုး သားကို ပြထားတယ်၊ သားက တီဗီနဲ့ ရီမုတ်ကွန်ထရိုးလ်ကို သူတစ်ဦးတည်း မောင်ပိုင်ရမယ့် အဖြစ်ကို အဲဒီကတည်းက သဘောကျလို့ ..၊ အခု လေယာဉ်ပေါ်လည်း ရောက်ရော.. ဘာပြောကောင်းမလဲ၊ ကာတွန်းကားတွေ ဆက်တိုက်ကြည့်မယ် လုပ်နေလို့ မနည်း နား,နားပြီး ကြည့်ခိုင်းရတယ်၊ ပေးထားတဲ့ တီဗီပရိုဂရမ် စာအုပ်လေးထဲမှာတော့ ရုပ်ရှင် ဇတ်ကားက ၁၄၀၊ တီဗီစီးရီးစ်က ၁၇၀ ရှိတယ်လို့ ရေးထားတယ်၊ ဇူးရစ်ကနေ စင်ကာပူအထိ လေယာဉ်ပျံသန်းချိန် ၁၂ နာရီ အတွင်းမှာ ၄ နှစ်ခွဲအရွယ် ကလေးတစ်ယောက်အတွက် လုပ်စရာက သိပ်များများစားစား မရှိပါဘူး၊ တီဗီကြည့်ရင်ကြည့်၊ မကြည့်ရင် ပုံပြင်နားထောင်၊ မထောင်ရင် ရုပ်ပုံတွေ ရောင်စုံခြယ်..ဒါပဲ၊ နေ့ခင်းပိုင်း လေယာဉ်ဆိုတော့ အိပ်ချင်စိတ်လည်း မရှိဘူး၊ ကျနော်တို့ကလည်း သူ့ကို ဒီသုံးမျိုးပဲ တလှည့်စီ လုပ်ခိုင်းနေခဲ့ ရတယ်၊ စင်ကာပူ စံတော်ချိန် မနက် ၆ နာရီ မထိုးခင်လေးမှာ ချန်ဂီကို ရောက်ပါတယ်၊



ဒုတိယ လေယာဉ်ဖြစ်တဲ့ silk air ရဲ့ departure lounge...၊ ကျနော်တို့ ရောက်တဲ့အချိန်မှာ ဘယ်သူမှ မရှိ သေးသလို တံခါးလည်း မဖွင့်သေးပါဘူး၊ ဒါနဲ့ အဲဒီအခန်း ရှေ့မှာပဲ ထိုင်စောင့်နေ ကြတယ်၊ သိပ်မကြာခင်မှာပဲ ခရီးသည်တွေ အလျှိုလျှို ရောက်လာကြတယ်၊ တိုးရစ်စ်တွေ ပါသလို မြန်မာလူမျိုးတွေလည်း အများကြီးပါပဲ၊ မြန်မာစကားသံတွေ ကြားလာရတဲ့ အခိုက်မှာပဲ ကျနော့်ရင်ခုန်သံတွေ နွေးလာခဲ့တယ်၊ ဒီလိုမျိုး မြန်မာစကားကို လူတွေအများကြီးက ပြောနေကြတာမျိုး မကြားရတာ ကြာပြီမဟုတ်လား..၊ သားကတော့ အခုအချိန်ထိ လန်းလန်းဆန်းဆန်းပဲ၊ လူတွေကြား လျှောက်ပြေးနေတယ်၊ ကျနော်က သူ့ကို ငြိမ်ငြိမ်နေဖို့ မြန်မာလို လှမ်းဟန့်တော့ အနီးက လူငယ်တချို့က လှမ်းကြည့်တယ်၊ ပြီးတော့ ကျနော့်ကို တလှည့်၊ သားကို တလှည့်၊ မအိမ်သူကို တလှည့်ကြည့်ပြီး သူတို့ ဇဝေဇဝါ ဖြစ်နေကြ ပုံပါပဲ..၊ ကျနော်လည်း အဲဒီတော့မှ တွေးမိတယ်၊ ကိုယ်ပြောမယ့် စကားကို နားလည်တဲ့သူဟာ အခုအချိန်က စ,ပြီး သားတစ်ယောက်တည်း မဟုတ်တော့ဘူး-လို့..၊ ဆွစ်ဇာလန်မှာ တုန်းကတော့ ဘာအရေးလဲ..၊ ကျနော်ကသားကို လူကြားထဲမှာ ပြောချင်တာ ပြောလို့ရတယ်၊ ဘယ်သူမှ နားမလည်ဘူးလေ..၊

လေယာဉ်ထွက်ချိန်မှာတော့ သားက အတော်လေး ပင်ပန်းနေပြီ၊ ဆွစ်စံတော်ချိန် အရလည်း ည ၁၂ နာရီခွဲလောက် ရှိနေပြီ ဆိုတော့ သူငိုက်လာပြီ၊ ဒါတောင် တီဗီဘယ်မှာလဲလို့ လိုက်ရှာ နေသေးတယ်၊ 'ဒီလေယာဉ်မှာ ခုနကလိုမျိုး တီဗီ မပါဘူး' လို့ ပြောလိုက်မှ မကျေမနပ်နဲ့ ငြိမ်သွားတယ်၊ သူ့ မျက်လုံးတွေကတော့ နီရဲလို့..၊ ခဏအကြာမှာတော့ လုံးဝကို အိပ်မောကျသွား တော့တယ်၊ ဘယ်လိုပဲ လှုပ်လှုပ် မနိုးတော့ဘူး၊ လေယာဉ်ခရီးစဉ် တဝက်လောက်မှာ ကျနော့်နှာဝမှာ အနံ့တစ်ခု ရလာတယ်၊ ပထမ ဘာအနံ့မှန်း ခွဲလို့ မရဘူး၊ ပီပီပြင်ပြင် ကြီးလည်း မဟုတ်ဘူး၊ ရတချက် မရတချက်နဲ့..၊ တဖြည်းဖြည်းနဲ့ ဒီအနံ့ကို သိသလို ဖြစ်လာတယ်၊ ဟုတ်တယ်၊ ရင်းနှီးနေကျ အနံ့တစ်ခုပဲ၊ ဘာနံ့ပါလိမ့်၊ တချိန်က သိကျွမ်းဖူးပြီးတော့ မရတာ ကြာနေတဲ့ အနံ့တစ်ခုပဲ၊ ဟိုဟိုဒီဒီ မသိမသာ ကြည့်ရင်း စဉ်းစားနေတုန်း မအိမ်သူနဲ့ အကြည့်ချင်း ဆုံတယ်၊ သူလည်း ဘာနံ့ပါလိမ့်လို့ စဉ်းစားနေတဲ့ အကြည့်မျိုး..၊ အဲဒီ စက္ကန့်ပိုင်းလေးမှာပဲ ကျနော်တို့ နှစ်ယောက်စလုံး တပြိုင်တည်း သိသွားပြီး ပါးစပ်ကနေ လွှတ်ကနဲ ထွက်သွားတယ်၊ ကွမ်းနံ့... ...၊ ဟုတ်တာပေါ့၊ ဒါ.. ကွမ်းနံ့မှ ကွမ်းနံ့ အစစ်ပဲ၊ ကြည့်စမ်း..၊ ဘယ်သူများ စားနေပါလိမ့်၊ ကျနော် လိုက်ကြည့်မိ သလောက်တော့ ဘယ်သူမှ ပါးစပ်လှုပ်တာ မတွေ့ရဘူး၊ အလုံပိတ်ထားတဲ့ လေယာဉ်ထဲမှာ ကွမ်းနံ့က သင်းသင်းလေး ပျံ့လွင့်နေခဲ့တယ်၊ ကျနော်က ကွမ်းစားသူ မဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာ့ရေ၊ မြန်မာ့မြေဆီ သွားနေတဲ့ ခရီးမှာ ဒီကွမ်းနံ့လေးက ကျနော့်ကို တရင်းတနှီး ကြိုဆိုနေခဲ့ သလို ခံစားရတယ်..၊ အမြင်အာရုံတွေ မလာခင်မှာ ရနံ့ကတော့ ဆီးကြိုနေ ခဲ့ပြီ..၊

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၁၉ မတ်၊ ၂၀၁၂

14 March 2012

ပြန်ရောက်ပါပြီ...


အားလုံးပဲ မင်္ဂလာပါ၊ ကျနော်မြန်မာပြည် ခရီးစဉ်ကနေ မနေ့က ပြန်ရောက်ပါတယ်၊ စုစုပေါင်း ၂၄ ရက် နေခဲ့တယ်၊ အားလုံး ချောချောမောမောပါပဲ..၊ ကြုံတွေ့မှတ်သား လာတာတွေ နဲ့အတူ ဓါတ်ပုံတွေလည်း အများကြီး ရိုက်လာခဲ့တယ်..၊ ဒီလောက်ဆိုရင် ရှေ့လျှောက် ကျနော်တင်မယ့် ပို့စ်တွေဟာ ဘာအကြောင်းဖြစ်မလဲလို့ ခန့်မှန်းလို့ ရနေလောက်ပါပြီ...၊း)

ကျနော် မြန်မာပြည်မှာ ရှိနေတုန်း Schedule နဲ့တင်ခဲ့တဲ့ မွေးနေ့ပို့စ်လေးမှာ မွေးနေ့ဆုတောင်း၊ နှုတ်ခွန်းဆက်ကြတဲ့ ညီအစ်ကို၊ မောင်နှမတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊ ကိုယ့်ဘလော့ဂ်လေးကို အချိန်ရခိုက်လေးမှာ ပြန်ဝင်ကြည့်တုန်း ခပ်နှေးနှေးကွန်နက်ရှင်ရဲ့ အဆုံးမှာ တစ်ခုပြီးတစ်ခု ပေါ်လာတဲ့ အဲဒီကွန်မန့်လေးတွေဟာ တကယ့်ကိုပဲ ကြည်နူးစရာပါ၊ ၃၇ ဒီဂရီဆိုတဲ့ အပူချိန်ကိုတောင် မေ့သွားစေလောက်အောင် အေးမြတယ်ဆိုရင် ပိုတယ်လို့ မယူဆ စေချင်ပါဘူး..၊

ဒီနေ့ပဲ အလုပ်ပြန်ဝင်တာမို့ လာမယ့်ရက်တွေမှာ ဓါတ်ပုံတွေကို စီစဉ်ပြီးတာနဲ့ တဖြည်းဖြည်းချင်း တင်သွားဖို့ စိတ်ကူးရှိပါတယ်၊ ဒီပို့စ်လေးနဲ့အတူ ခဏတာ ဝေးခဲ့တဲ့ ဘလော့ဂ်ရေးသူ၊ ဘလော့ဂ်ဖတ်သူ ညီအစ်ကို၊ မောင်နှမ အားလုံးကို ပြန်လည် နှုတ်ဆက်ပါတယ်...။


ညီလင်းသစ်
၁၄ မတ်၊ ၂၀၁၂