08 September 2014

မြန်မာစကားသည် တို့စကား


သားကလေး ဒီနှစ်ပထမတန်း စ,တက်လို့ သုံးရက်မြောက်နေ့ အိမ်ကိုပြန်လာတော့ သူ့ရဲ့အာဂျင်ဒါထဲမှာ အတန်းပိုင်ဆရာမရဲ့ မှတ်ချက်လေးတခု ပါလာခဲ့တယ်၊ ဒီ အာဂျင်ဒါက ကျောင်းမှာ ကလေးတွေဘာသင်ရလဲ၊ ဘာတွေ အိမ်စာပေးလိုက်သလဲ၊ စတာတွေကို ဖော်ပြဖို့အပြင် မိဘနဲ့ဆရာ ဆက်သွယ်ဖို့အတွက် ရေးစရာရှိရင် ရေးဖို့လည်း ဖြစ်ပါတယ်၊ အဲဒီမှာ ပါလာတဲ့မှတ်ချက်လေးက Bonjour (ဘွန်ရှူး) ကို မြန်မာလို ဘယ်လိုရေးသလဲဆိုတာ ကျေးဇူးပြု၍ ရေးပေးပါ-တဲ့၊ ဒါနဲ့ အဲဒီမှတ်ချက်လေးရဲ့ အောက်မှာပဲ Bonjour ကို မြန်မာလို “မင်္ဂလာပါ” လို့ ရေးပါတယ် ဆိုပြီး မြန်မာစာလုံး မင်္ဂလာပါ ကို ရေးလိုက်တဲ့အပြင် သီးသန့် A4 စာရွက်တရွက်မှာလည်း စာရွက်အပြည့်နီးပါး မင်္ဂလာပါ-လို့ စာလုံးအကြီးကြီး ကျနော် ရေးပေးလိုက်တယ်၊ ဒါ့အပြင် အဲဒီစာလုံးတွေကို ဘယ်လိုရေးတယ်ဆိုတာကို မြှားလေးတွေနဲ့လည်း ပြပေးထားလိုက်တယ်၊ ဥပမာ-“မ” ကို တဆက်ထဲ ဆွဲတာ မဟုတ်ဘဲ ဘယ်ဖက်က အောက်ဖက်အလယ်ထိ တခါဆွဲ၊ ညာဖက်ကနေ အောက်ဖက်ကိုဆွဲပြီးမှ အလယ်က အဆံသတ်ရပြီး ရေးရတယ် ဆိုတာကိုပေါ့၊ နောက်ရက်တွေ သားကို ကျောင်းလိုက်ပို့တော့ အဲဒီအတန်းပိုင်ဆရာမက ကျနော့်ကိုလာနှုတ်ဆက်ပြီး “မင်္ဂလာပါ” စာလုံးကို သေသေချာချာ ရေးပေးတဲ့အပြင် ရေးနည်းပါ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း တခုတ်တရ လာပြောတယ်၊ A4 စာရွက်နဲ့ ကျနော် ရေးပေးလိုက်တဲ့ “မင်္ဂလာပါ” ကိုလည်း ပလပ်စတစ်လောင်းပြီး စာသင်ခန်းနံရံမှာ ကပ်ထားပါတယ်-တဲ့…၊

တကယ်တော့ အခုလိုမျိုး ရေးပေးရတာ သား ပထမတန်း ရောက်မှ မဟုတ်ပါဘူး၊ သူ မူကြိုတက်ကတည်းက ဆရာမတယောက်က ရေးပေးပါဆိုလို့ ကျနော် ရေးပေးခဲ့ဖူးတယ်၊ အဲဒါကိုလည်း အခန်းထဲမှာ ကပ်ထားတာ တွေ့ခဲ့ရတယ်၊ ဒီ ဆရာမတွေရဲ့ ရည်ရွယ်ချက်က အတန်းထဲက တခြားဘာသာစကား ပြောတဲ့ကလေးတိုင်းကို အဲဒီသက်ဆိုင်ရာ ဘာသာစကားရဲ့ နှုတ်ခွန်းဆက် စကားလေးကို ရေးခိုင်းပြီး မတူကွဲပြားတဲ့ အသံထွက်တွေ၊ ရေးပုံရေးနည်းတွေကို ကလေးတို့ကို ရှင်းပြ၊ နားလည်စေဖို့ ဖြစ်ပါတယ်၊ ကျနော်သိသလောက် သားရဲ့ အတန်းထဲမှာ ပြင်သစ်စကားအပြင် အင်္ဂလိပ်စကားပြော၊ အီတာလျံ စကားပြော၊ ဂျာမန်စကားပြော၊ ရုရှားစကားပြော၊ စပိန်စကားပြောတဲ့ ကလေးတွေ ရှိပါတယ်၊ ဒီကလေးတွေကို ပြင်သစ်စာ သင်ပေးတဲ့အခါ ကမ္ဘာပေါ်မှာ ပြင်သစ်စာအပြင် ဟောဒီလို တခြားစကားတွေလည်း ပြောကြ၊ ရေးကြတယ်ဆိုတာ သိစေဖို့ ဖြစ်ပါတယ်၊ ဒီလိုနည်းအားဖြင့် ကလေးတွေဟာ ကွဲပြားမှုတွေ အတူယှဉ်တွဲ ရှိနေတဲ့အကြောင်း အခုအရွယ်ကတည်းက နားလည်စေမှာဖြစ်သလို အခြား ဘာသာစကားတွေကိုလည်း လေးစား၊ တန်ဖိုးထားတတ်စေဖို့ ပါပဲ…၊

ဒီအဖြစ်အပျက်လေးကို တွေးနေရင်းနဲ့ ဟိုတလောဆီက မမေ (မေဓာဝီ)နဲ့ အွန်လိုင်းမှာ အမှတ်မထင် စကားပြောဖြစ်တုန်း သူပြောသွားတဲ့ စကားတွေက ခေါင်းထဲရောက်လာတယ်၊ သူ့ကျောင်းက ကလေးတွေထဲမှာ မြန်မာစကားကို မပြောတတ်တဲ့ မြန်မာကလေးတွေ အများကြီးပဲ ဆိုတဲ့အကြောင်း၊ ကလေးတွေရဲ့ မိဘတွေကိုယ်တိုင်က အဖေမြန်မာ၊ အမေမြန်မာ၊ မွေးကတည်းက အခုချိန်ထိ နေလာတာကလည်း မြန်မာပြည်မှာ၊ နိုင်ငံခြားလည်း အလည်အပတ်သဘောမျိုးတောင် မသွားခဲ့ပါဘဲနဲ့ မြန်မာစကားကို နားမလည်တဲ့အကြောင်း၊ အိမ်မှာလည်း အင်္ဂလိပ်လိုပဲ ပြောကြတဲ့အကြောင်း၊ အဲဒီကလေးတွေကို မြန်မာစာသင်တဲ့အခါ အင်္ဂလိပ်စကားကိုသုံးပြီး ရှင်းပြရတဲ့အကြောင်း စတာတွေ ပြောပြတယ်၊ ကျနော့်မှာ ကိုယ့်နားကို ကိုယ်မယုံနိုင်အောင် ပါပဲ၊ အခုခေတ်မှာ ကိုယ့်နာမည်ကိုတောင် ကိုယ် မြန်မာလို မရေးတတ်တော့တဲ့ မြန်မာလူမျိုး ကလေးငယ်တွေ များလာနေပြီ ဆိုတဲ့အကြောင်း မြန်မာပြည်က သူငယ်ချင်းတချို့ကလည်း ပြောဖူးတယ်၊ ဒါ့အပြင် စင်္ကာပူမှာနေပြီး မြန်မာစကား မပြောတတ်တော့တဲ့ မြန်မာကလေးငယ်တွေအကြောင်း ညီမလေးဇွန် (ဇွန်မိုးစက်) ရေးဖူးတဲ့ ပို့စ်တပုဒ်မှာလည်း ဖတ်ခဲ့ရဖူးတယ်၊

အဲဒီလို အဖြစ်တွေကြားရတဲ့အခါ ကျနော် အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်…၊ ကာလံဒေသံအရ အခုခေတ်မှာ အင်္ဂလိပ်စကား၊ တရုတ်စကား၊ တခြားဘာသာစကား တွေကို သင်ရမယ်ဆိုတာ ကျနော်တို့ ငြင်းလို့မရတဲ့ အမှန်တရားပါ၊ နိုင်ငံရပ်ခြားမှာ နေတဲ့ ကလေးတွေအဖို့ သက်ဆိုင်ရာနိုင်ငံအလိုက် ဘာသာစကား အမျိုးမျိုးကို ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာ ပြောနေ၊ ကြားနေရသလို မြန်မာပြည်မှာ နေ,နေတဲ့ ကလေးတချို့ကလည်း အင်တာနေရှင်နယ်ကျောင်း၊ ပုဂ္ဂလိကကျောင်း အမျိုးမျိုးမှာတက်ပြီး ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်နေ၊ ပြောနေရတယ်၊ ဒါဟာ ခေတ်ရဲ့ လိုအပ်ချက်အလျောက်၊ နိုင်ငံတွေရဲ့ နယ်နိမိတ်မျဉ်းတွေ မှိန်လာတဲ့အလျောက်၊ ကမ္ဘာ့ ပထဝီနိုင်ငံရေးအရွေ့တွေ အလှမ်းကျယ်လာတဲ့အလျောက် ဖြစ်လာတဲ့ ကိစ္စပါ၊ အင်္ဂလိပ်စကားပဲသင်သင်၊ ပြင်သစ်စကားပဲသင်သင်၊ တရုတ်စကားပဲသင်သင်… ဘာသာစကားဆိုတာ များများပြောတတ်လေလေ၊ ကိုယ့်အတွက် အကျိုးရှိလေလေပါပဲ၊ သိပ်ကောင်းပါတယ်၊ ဒါပေမယ့် အဲဒီဘာသာစကားတွေက ကိုယ့်ရဲ့ မိခင်ဘာသာစကားအပေါ် လွှမ်းမိုး၊ အစားထိုးလာမယ်ဆိုရင် ကျနော်တို့အားလုံး ခဏလောက်ရပ်တန့်ပြီး ဆန်းစစ်ဖို့ လိုပါလိမ့်မယ်၊ ကိုယ့်ရဲ့ သား ဒါမှမဟုတ် သမီးက အိမ်မှာလည်း ကိုယ့်ကို အင်္ဂလိပ်စကား ဒါမှမဟုတ် တခြားဘာသာစကားနဲ့ ပြန်ပြောတာတွေ များလာပြီဆိုရင်တော့ ကျနော်တို့ တဦးချင်းစီရဲ့ ယဉ်ကျေးမှုဆိုင်ရာ သတိပေးခေါင်းလောင်းသံဟာ ကျယ်ကျယ်လောင်လောင် မြည်နေပြီပဲ ဖြစ်ပါတယ်၊ ဒီခေါင်းလောင်းသံကို အကြားသင့်ဆုံး၊ နားစိုက်ထောင်ဖို့ တာဝန်အရှိဆုံး လူတွေကတော့ မိဘတွေပါပဲ…၊

ကျနော့်ရဲ့ သားကလေး လူ့လောကကို ရောက်လာတော့မယ်လို့ သိလိုက်ရတဲ့ အချိန်ကစလို့ တကယ်တမ်းမွေးလာတဲ့ အချိန်အထိ ဒီကလေးကို ဘယ်ဘာသာစကားနဲ့ ပြောရမလဲလို့ တခါမှယောင်လို့ ကျနော် မတွေးမိခဲ့ဘူး၊ မြန်မာလူမျိုး အဖေတယောက်ရဲ့ နှုတ်က သူ့သားအတွက် ထွက်လာမယ့်စကားဟာ မြန်မာစကားပဲ ဖြစ်ရမယ်ဆိုတာ ကျနော့်အတွက်တော့ နှစ်ခါပြန် စဉ်းစားစရာတောင် မလိုတဲ့ သေချာမှုပါပဲ၊ တကယ်တမ်းမှာလည်း သားကလေးမွေးလို့ တရက်သားအရွယ်ကတည်းက အခု ၇ နှစ်အရွယ်အထိ တလျှောက်လုံး မြန်မာလိုပဲ ကျနော်ပြောခဲ့တယ်၊ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ်၊ ဘယ်သူတွေ အရှေ့မှာပဲ ဖြစ်ဖြစ် သားကို ကျနော် မြန်မာလိုပဲ ပြောတယ်၊ ကျနော့်အဖို့ မိတ်ဆွေတွေနဲ့ ပြင်သစ်လို ပြောချင်ပြောနေမယ်၊ အင်္ဂလိပ်လို ပြောချင်ပြောနေမယ်၊ အဲဒီလို ပြောနေရင်းက သားကို စကားလှည့်ပြောပြီ ဆိုတာနဲ့ ကျနော့်နှုတ်ကနေ အလိုအလျောက် ပြောင်းပြီး ထွက်လာတာက မြန်မာစကားပဲ၊ ဒီအတွက် တကူးတက အားထုတ်စရာ မလိုပါဘူး၊ သားကလေး ခပ်ငယ်ငယ် အစောပိုင်းရက်တွေတုန်းကတော့ ကျနော် တခုစဉ်းစားထားခဲ့တယ်၊ အကယ်၍ လူတွေကြားထဲမှာ သူတို့နားမလည်တဲ့ မြန်မာစကားကို ကျနော်ကသားနဲ့ ပြောနေလို့ မယဉ်ကျေးတဲ့အသွင် ဆောင်နေမယ်ဆိုရင်လည်း အဲဒီအတွက် တောင်းပန်ပြီး ဆက်တော့ ပြောရမှာပဲ-လို့…၊ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိ အဲဒီလိုမျိုး တခါမှ တောင်းပန်စရာ မလိုခဲ့ပါဘူး၊ ကျနော်ကသားကို မြန်မာလို ပြောလိုက်တာနဲ့ ပတ်ဝန်းကျင်ကလူတွေက မသိမသာတမျိုး၊ သိသိသာသာတဖုံ ကြည့်လေ့ရှိကြတယ်၊ ရင်းနှီးတဲ့လူတချို့က အဲဒါ ဘာစကားလဲ-လို့ လာမေးတတ်ကြတယ်၊ အဲဒီလို အမေးခံရတိုင်း “မြန်မာစကား” လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျနော် အမြဲပြန်ဖြေ ခဲ့တယ်၊ အဲဒီလိုအချိန်တိုင်းမှာ သားကိုကြည့်တဲ့ အဲဒီလူတွေရဲ့ အကြည့်တွေထဲမှာ အားကျတဲ့အရိပ်တွေ အမြဲတွေ့ရတတ်ပါတယ်၊ တချို့ကတော့ နှုတ်ကနေကို ဖွင့်ပြောကြတယ်၊ “ခင်ဗျားရဲ့ သားလေး ကံကောင်းလိုက်တာ၊ အခုလိုငယ်ငယ်ကတည်းက ဘာမှအားထုတ်စရာ မလိုဘဲ ဘာသာစကားတခုကို ပြောခွင့်ရနေတာ…” တဲ့…၊

တကယ်တမ်းပြောရရင် သားနဲ့ မြန်မာလိုပြောရတာ အမြဲတမ်းတော့ မလွယ်ကူပါဘူး၊ သူ့ပတ်ဝန်းကျင်မှာ မြန်မာစကားပြောသူဟာ ကျနော်တယောက်ထဲ ဖြစ်နေတဲ့အခါ ကျနော့်ဖက်က တခါတလေမှာ လိုအပ်တာထက်ပိုပြီး အားစိုက်ခဲ့ရတယ်၊ သူကြားနေကျ ပြင်သစ်စကားသံတွေထက် မကျော်ရင်တောင် အနည်းဆုံး မလျော့အောင်တော့ ကျနော် ကြိုးစားခဲ့တယ်၊ အားလုံးသိကြတဲ့အတိုင်း ကလေးဆိုတာမျိုးက သူ့အနီးမှာ လူနှစ်ယောက် အချီအချ ပြောနေတဲ့ စကားသံတွေကို နားထောင်ပြီး စကားလုံးအသစ်တွေ အများကြီးကို သင်ယူကြလေ့ ရှိပါတယ်၊ သူ့ကို တိုက်ရိုက်စကား ပြောတဲ့အခါ အဲဒီစကားထဲကနေ စကားလုံးအသစ် တလုံးကို မှတ်မိမယ်ဆိုရင် သူ့ကို တိုက်ရိုက်မပြောဘဲ အခြားလူနှစ်ယောက် ပြောနေသံကို နားစွင့်ရင်းနဲ့ စကားလုံးအသစ် သုံးလုံးကို ပိုပြီးမှတ်မိပါတယ်၊ ဒါပေမယ့် အဲဒီလို ပတ်ဝန်းကျင်မျိုးကို သားအတွက် ကျနော် မဖန်တီးပေးနိုင်ဘူး၊ တနိုင်ငံလုံးပေါင်းမှ မြန်မာဦးရေ စုစုပေါင်း တရာတောင်မရှိတဲ့ နိုင်ငံငယ်လေးတခုမှာ နေထိုင်ရတဲ့အတွက် မြန်မာစကားသံတွေ ဝေဝေစည်စည် ကြားခွင့်ဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ၊ ဆိုတော့ မြန်မာစကားကို ကျနော့်သား များနိုင်သမျှ များများကြားရအောင် ကျနော်ကပဲ ပြောရတော့တယ်၊ အဲဒီလို ပြောတဲ့အခါ တခါတလေ မလိုအပ်တဲ့ အခြေအနေတွေမှာတောင် ပြောခဲ့ရတယ်၊ ဥပမာ-သူကြည့်နေတဲ့ ကာတွန်းဇတ်ကားလေးထဲမှာ ပြောလိုက်တဲ့ ပြင်သစ်စကားတခွန်းကို သူလည်း ကောင်းကောင်းနားလည်ပါလျက် ကျနော်က စကားပြန်ပုံစံနဲ့ မြန်မာလို ထပ်ပြောတာမျိုး၊ သူ့အမေက ပြင်သစ်လို ပြောလိုက်တဲ့ စကားတခွန်းကိုပဲ ကျနော်က မြန်မာလိုပြန်ပြီး ထပ်ပြောတာမျိုးပေါ့၊ အဲဒီလို ပြောခြင်းအားဖြင့် ဝေါဟာရအသစ်တွေ သူ ဖလှယ်ယူနိုင်ဖို့ ကျနော် မျှော်လင့်ခဲ့တယ်၊

တခါတော့ သားအသက် ၄ နှစ်ကျော်ကျော်လောက်မှာ ကျနော့်ကိုမေးတယ်၊ “ဖေဖေက တခြားလူအားလုံးကို ပြင်သစ်လို ပြောပေမယ့် သားကိုကျတော့ ဘာဖြစ်လို့ အမြဲတမ်းမြန်မာလို ပြောတာလဲ”တဲ့၊ သူဆိုလိုတာက သူလည်းပြင်သစ်လို ပြောနေပြီ၊ ကျနော်ကလည်း ပြောတတ်ရဲ့သားနဲ့ ဘာဖြစ်လို့ ခက်အောင် မြန်မာလိုပြောနေတာလဲ-ပေါ့၊ အဲဒီအသက်အရွယ်မှာ သားက ကျနော်ပြောတဲ့ မြန်မာစကားတချို့ကို ပြင်သစ်လို ပြန်,ပြန်ဖြေဖို့ ကြိုးစားလာတဲ့ ကာလလည်း ဖြစ်ပါတယ်၊ ကျနော်သူ့ကို ဖြေးဖြေးချင်းပဲ ပြန်ဖြေလိုက်တယ်၊ “သားသားရဲ့ အဖေက မြန်မာ…၊ ဖေဖေ့ကို မြန်မာပြည်ဆိုတဲ့ ဟိုးအဝေးကြီးက နိုင်ငံမှာ မွေးခဲ့တာ၊ အဲဒီနိုင်ငံက အခု သားနေ,နေတဲ့ ဒီနိုင်ငံလိုပဲ သာယာတဲ့ တောတောင်တွေရှိတယ်၊ ဒါပေမယ့် လူတွေနေပုံက ဒီနိုင်ငံကနဲ့ မတူဘူး၊ အဝတ်အစားတွေ မတူဘူး၊ ပြောတဲ့စကားတွေ မတူဘူး၊ အဲဒီလိုမတူတဲ့ မြန်မာစကားကို ပြောချင်လို့ ဖေဖေ့ကို သင်ပေးဖို့လာပြောတဲ့လူတွေ ရှိတယ်၊ သူတို့က ပိုက်ဆံတောင် ပေးအုံးမှာ…၊ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေက ဒီနိုင်ငံက စကားလည်း နားလည်တယ်၊ ဟိုနိုင်ငံက စကားလည်း နားလည်တဲ့ အတွက်ပဲ၊ အခု သားသားက မြန်မာစကားပြောဖို့ ဖေဖေ့ကို ပိုက်ဆံတပြားမှ ပေးစရာမလိုဘူး၊ ဖေဖေပြောသမျှကို စာအုပ်တွေနဲ့လည်း လိုက်မှတ်စရာမလိုဘူး၊ အခုလို ကစားရင်း၊ စားရင်း၊ အတူနေရင်း ပြောနေတာနဲ့ကို သားသားက ပြောတတ်သွားမှာ၊ မြန်မာအဖေကမွေးတဲ့ သားလည်း ဖေဖေ့လိုပဲ မြန်မာစကားကို ပြောတတ်အောင်လို့ သားကို အမြဲတမ်းမြန်မာလို ပြောတာ”…၊ ကျနော် အဲဒီလိုပြောလိုက်တော့ သူများက ခဲရာခဲဆစ်လုပ်နေရတာကို သူက လွယ်လွယ်နဲ့ရတယ်လို့ တွေးမိသွားလို့ လားတော့ မသိဘူး၊ နည်းနည်းတော့ ကျေနပ်သွားပုံပဲ၊ နောက်လည်း အဲဒီလိုမေးခွန်းမျိုး မမေးတော့ဘူး၊

မြန်မာစကားနဲ့ ပတ်သက်လာရင် သားက ဒီဘာသာစကားပေါ်မှာ အထင်သေးစိတ်ဖြစ်မသွားအောင် ကျနော် အမြဲပဲ သတိထားခဲ့တယ်၊ သူနဲ့ မြန်မာလိုပြောနေရင်းနဲ့ တခြား အင်္ဂလိပ်စကားတွေ၊ ပြင်သစ် စကားတွေ ညှပ်ပြီးမပြောမိအောင် အထူးသတိထားရတယ်၊ သူ့အမြင်မှာ မြန်မာစကားဟာ ဝေါဟာရဆင်းရဲတယ်လို့ မထင်ရလေအောင် သူရှေ့မှာ စကားလုံးတိုင်းကို မြန်မာလိုပြောနိုင်အောင် ကျနော်ကြိုးစားပါတယ်၊ အဲဒီလို အကြိုးစားလွန်လို့ တီဗီကို ရုပ်မြင်သံကြားလို့ ခပ်တောင့်တောင့်ကြီး ပြောမိတာမျိုး၊ ဗီဒီယိုဂိမ်းကို ဗီဒီယိုကစားစက်လို့ အတင်းဖြစ်ညှစ် ဘာသာပြန်တာမျိုးတွေ ဖြစ်လာမှ ကိုယ့်ဟာကိုယ် ပြန်ဘရိတ်အုပ်ရတယ်၊ တကယ်တော့ အဲဒီလောက်ကြီး တင်းတင်းကျပ်ကျပ် လုပ်နေတာထက်စာရင် လူတကာပြောတဲ့ပုံစံ၊ အရှိကို အရှိအတိုင်း ပြောတဲ့ပုံစံကပဲ ပိုကောင်းမယ်ဆိုပြီး ပြန်လျှော့ရပါတယ်၊ ဒီလိုနဲ့ ပထမဦးဆုံးအကြိမ် သားကို မြန်မာပြည်ခေါ်သွားတော့ တခြားကလေးတွေနဲ့ မြန်မာလို ပြောနိုင်တာ၊ သူ့ပတ်ဝန်းကျင်ကလူတွေ ပြောသမျှ သူနားလည်နေတာ၊ သူ့ အဖိုးအဖွားတွေနဲ့ ပြောနိုင်တာတွေကို သဘောတွေကျပြီး သူ ပျော်နေခဲ့တယ်၊ ဒီနိုင်ငံကို အခုမှ ရောက်ဖူးတာ ဖြစ်ပေမယ့် ဒီကလူတွေနဲ့ သူ အပြန်အလှန် ပြောနိုင်တာကို ဂုဏ်ယူနေပုံရတဲ့ သားကိုကြည့်ပြီး ကျနော်မေးလိုက်တယ်၊ “သားသား မွေးကတည်းက အခုအချိန်ထိ ဖေဖေ ဘာဖြစ်လို့ မြန်မာလိုပဲ ပြောခဲ့တာလဲဆိုတာ သားအခု သိပြီလား”လို့…၊ သားက “ဟုတ်ကဲ့…” ဆိုပြီး ကျေကျေနပ်နပ် ပြန်ဖြေတယ်၊

တကယ်တော့ ကျနော်ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ မြန်မာပြည်က ရွယ်တူကလေးတွေလောက်တော့ သားက သွက်သွက်လက်လက် မပြောနိုင်ပါဘူး၊ ပြီးတော့ ကလေးချင်းပြောတဲ့ မင်းနဲ့ငါနဲ့ အသုံးအနှုန်းမျိုးတွေ ကိုလည်း သူ မကျွမ်းကျင်ဘူး၊ သူရဲ့ အဓိက မြန်မာစကားပြောဖက်က အဖေဖြစ်နေလို့ သူ့ရဲ့ ဝေါဟာရက တချို့နေရာတွေမှာ အကန့်အသတ် ရှိပါတယ်၊ ဒါပေမယ့် ဒါဟာ စိတ်ပျက်စရာတော့ မဟုတ်ပါဘူး၊ နောက်ပိုင်း သူ့ကို စာပါသင်တဲ့အခါ မြန်မာ့လူနေမှုဘဝကို တွဲသင်ရင်းနဲ့ စကားလုံးအသစ်တွေ ထပ်တိုးအောင် လုပ်ယူလို့ရပါတယ်၊ အဓိက,က ဇွဲရှိဖို့နဲ့ စိတ်ရှည်ဖို့ပဲ လိုတာပါ၊ အထူးသဖြင့် သားရဲ့ မြန်မာစကားသင်ကြားမှုမှာ ကျနော်ဟာ နောက်ဆုံးခံတပ် ဖြစ်တဲ့အတွက် ဘယ်တော့မှ အလံကျမသွားစေဖို့က ကျနော့်အတွက် အရေးအကြီးဆုံးပါပဲ၊

အလျင်အမြန်ကို ရွေ့လျားပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ ကူးလူးဆက်သွယ်မှုတွေကလည်း တနှစ်ထက်တနှစ် ပိုပိုများလာတယ်၊ အဲဒီအခါ ဘာသာစကားတွေလည်း အချင်းချင်း ပွတ်တိုက်မိကုန်ကြတာ သဘာဝကျသလို နိုင်ငံတကာသုံး ဘာသာစကားတွေကို မသင်လို့ မရတော့တဲ့ ခေတ်ကိုလည်း ကျနော်တို့ တဖြေးဖြေးနဲ့ ဝင်ရောက်လာနေရတယ်၊ အဲဒီအခါ ဘာသာစကားတခု တည်တံ့ဖို့ဆိုတာ နောင်လာမယ့် မျိုးဆက်တွေက အဲဒီဘာသာစကားအပေါ် ဘယ်လောက်အလေးထား ထိန်းသိမ်းမလဲဆိုတဲ့အပေါ် မူတည်မှာပါပဲ၊ ဒီနေ့လိုခေတ်ကာလမှာ မိဘတွေက ကိုယ့်ရဲ့သားသမီးကို မြန်မာစကားကို ချစ်တတ်လာအောင် ဘယ်လိုသင်ပေးမလဲ ဆိုတာက တကယ့်ကိုစိန်ခေါ်မှု တရပ်ပါ၊ မြန်မာပြည်က ကျနော့်သူငယ်ချင်းတယောက်ကတော့ သူ့ကလေးအတွက် အိမ်မှာ မြန်မာစာဆရာ သီးသန့်ခေါ်သင်ပေးနေတာ တွေ့ရတယ်၊ သူ့သားလေးတက်တဲ့ အင်ဒိုနီးရှားကျောင်းမှာ မြန်မာစာ သင်မပေးတဲ့အခါ သူ့နည်းသူ့ဟန်နဲ့ အဲဒီကွက်လပ်ကို ဖြည့်တဲ့သဘောပါပဲ၊ ဒီစကားကို မပြောတတ်လည်း ဘာအရေးလဲ၊ မြန်မာစာမတတ်ဘဲ မြန်မာပြည်မှာလာနေ၊ မြန်မာတွေနဲ့ အလုပ်,လုပ်ပြီး အောင်မြင်နေတဲ့ နိုင်ငံခြားသားတွေမှ အများကြီးလို့ တချို့က ပြောကောင်းပြောချင်မှာပါ၊ မှန်ပါတယ်…၊ မြန်မာစကား မပြောတတ်ပေမယ့်လည်း ဘဝမှာ ကျရှုံးမှာမဟုတ်ပါဘူး၊ လူ့ဘဝမှာ အောင်မြင်ဖို့၊ ကြီးပွားချမ်းသာဖို့၊ မြန်မာပြည်မှာ နေနိုင်ဖို့ မြန်မာစကား ပြောတတ်စရာ မလိုပါဘူး၊ ဒါဖြင့်ရင် ဘာဖြစ်လို့ မြန်မာစကား ပြောသင့်တာလဲ? ရှည်လျားတဲ့ သမိုင်းကြောင်းရှိသလို ဝေါဟာရကြွယ်တဲ့၊ သီးခြားဖြစ်တည်မှု ဝိသေသ လက္ခဏာရှိတဲ့ မြန်မာစကားလို ဘာသာစကားတခုကို ပြောနိုင်တာဟာ ဘိုးဘွားတွေ လက်ဆင့်ကမ်းထားခဲ့တဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကို ထိန်းသိမ်းရာရောက်လို့ကို မြန်မာမှန်ရင် မြန်မာစကားကို ပြောတတ်သင့်ပါတယ်၊ အမွေအနှစ်ကို ထိန်းသိမ်းတယ်ဆိုတာ လူ့တန်ဖိုး၊ လူ့သမိုင်းကြောင်းကို နားလည်တဲ့ လူယဉ်ကျေးတို့ရဲ့ လူသားတာဝန်ပါ၊ လူတိုင်းကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် သွားကြမှာပါပဲ၊ ပြေးရင်းလွှားရင်းနဲ့ အလွယ်တကူ သင်ယူတတ်မြောက်နိုင်တဲ့ ကျနော်တို့ရဲ့ ကလေးတွေကို မြန်မာစကား အမွေအနှစ်တရပ် ပေးနိုင်ဖို့ ကြိုးစားတာ၊ သူတို့လေးတွေ အဲဒီစကားအပေါ် ချစ်ခင်တန်ဖိုးထားတတ်လာစေဖို့ ကြိုးစားတာဟာ ယဉ်ကျေးမှုကို အခြေခံတဲ့၊ ပြည့်စုံကြွယ်ဝတဲ့ နှလုံးသားတစုံ ထုဆစ်ပေးလိုက်တဲ့ လုပ်ရပ်လို့ပဲ ကျနော်နားလည် ယုံကြည်မိပါတယ်…။ ။


ညီလင်းသစ်
၈ စက်တင်ဘာ၊ ၂၀၁၄

37 comments:

Ma Tint said...

မောင်ညီလင်းရေးခဲ့တဲ့"မြန်မာလူမျိုး အဖေတယောက်ရဲ့ နှုတ်က သူ့သားအတွက် ထွက်လာမယ့်စကားဟာ မြန်မာစကားပဲ ဖြစ်ရမယ်ဆိုတာ ကျနော့်အတွက်တော့ နှစ်ခါပြန် စဉ်းစားစရာတောင် မလိုတဲ့ သေချာမှုပါပဲ" တီတင့်လေးစား အားကျမိတာတွေထဲက တစ်ချက်ပေါ့ကွယ်... ဒီပို့စ်လေးကို တီတင့်ညီမလေးကို ဖတ်ခိုင်းရမယ် ...

Anonymous said...

My boy is 2.5 years old only and we talk Myanmar language exclusively at home. :) When he started his child care at 2 years old, he was struggling with English and Chinese at school. The teacher extended her help to learn some basic myanmar language from me to ease his separation anxiety. I really appreciate her help. Now, he knows when to switch languages to different people. Your post remind me that experience. Thank you brother. :)

Anonymous said...

Oops. Sorry. I already shared it to my FB and I informed it to you. :D
I hope you don't mind it. :)

Anonymous said...

I am impressed both thar thar and you.
Keep going.
Iora

ညိုလေးနေ said...

လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ် အစ်ကို :)

မိုးငွေ့........ said...

အစ်ကိုက တကယ်ဖခင်တာဝန်ကျေပွန်ပါတယ်..လေးလဲလေးစားတယ်..။ ဒီမှာ သူငယ်ချင်းတွေအများစု သူတို့ရဲ့သားသမီးတွေကို အင်္ဂလိပ်ကျောင်းထားတယ် မြန်မာလိုမရေးတတ် မဖတ်တတ်ကြဘူး..။ အဲလိုကြားရတော့ တကယ်အံ့သြမိတယ် မြန်မာပြည်မှာနေပြီး မြန်မာစာမတတ်ဘူးဆိုတော့လေ..။ ဒီပို့စ်ဟာ မြန်မာလိုမရေးတတ် မဖတ်တတ်တာ တော်တော်များလာတဲ့ ကလေးတွေရဲ့မိဘအတွက် တကယ့်ကိုသိသင့်သိထိုက်တဲ့ အဖိုးတန်တဲ့ ပို့စ်လေးပါပဲ...။

Anonymous said...

Really appreciate..
Please let me share on my FB.
Thanks.

Anonymous said...

ဒီလိုအတွေးမျိုးမြန်မာမိဘတိုင်းမှာရှိရင်သိပ် ကောင်း မှာနော်။

မြသွေးနီ said...

မြန်မာဖခင်တစ်ယောက်ဖြစ်တဲ့ ကိုညီရဲ့ အားထုတ်မှုကို အသိအမှတ် မပြုပဲ မနေနိုင်ပါဘူး ကိုညီရေ။ စစချင်းအပိုဒ်ရဲ့အဆုံးက “ ကွဲပြားမှုတွေ အတူယှဉ်တွဲ ရှိနေတဲ့အကြောင်း အခုအရွယ်ကတည်းက နားလည်စေမှာဖြစ်သလို အခြား ဘာသာစကားတွေကိုလည်း လေးစား၊ တန်ဖိုးထားတတ်စေဖို့ ပါပဲ…၊ ” ဆိုတဲ့ စာသားလေးက တစ်ပုဒ်လုံးရဲ့ အနှစ်သာရပါပဲ။ မိသားစု စိတ်ချမ်းသာ ကိုယ်ကျန်းမာပျော်ရွှင်ပါစေ။

မြသွေးနီ said...

မြန်မာဖခင်တစ်ယောက်ဖြစ်တဲ့ ကိုညီရဲ့ အားထုတ်မှုကို အသိအမှတ် မပြုပဲ မနေနိုင်ပါဘူး ကိုညီရေ။ စစချင်းအပိုဒ်ရဲ့အဆုံးက “ ကွဲပြားမှုတွေ အတူယှဉ်တွဲ ရှိနေတဲ့အကြောင်း အခုအရွယ်ကတည်းက နားလည်စေမှာဖြစ်သလို အခြား ဘာသာစကားတွေကိုလည်း လေးစား၊ တန်ဖိုးထားတတ်စေဖို့ ပါပဲ…၊ ” ဆိုတဲ့ စာသားလေးက တစ်ပုဒ်လုံးရဲ့ အနှစ်သာရပါပဲ။ မိသားစု စိတ်ချမ်းသာ ကိုယ်ကျန်းမာပျော်ရွှင်ပါစေ။

မြသွေးနီ said...

မြန်မာဖခင်တစ်ယောက်ဖြစ်တဲ့ ကိုညီရဲ့ အားထုတ်မှုကို အသိအမှတ် မပြုပဲ မနေနိုင်ပါဘူး ကိုညီရေ။ စစချင်းအပိုဒ်ရဲ့အဆုံးက “ ကွဲပြားမှုတွေ အတူယှဉ်တွဲ ရှိနေတဲ့အကြောင်း အခုအရွယ်ကတည်းက နားလည်စေမှာဖြစ်သလို အခြား ဘာသာစကားတွေကိုလည်း လေးစား၊ တန်ဖိုးထားတတ်စေဖို့ ပါပဲ…၊ ” ဆိုတဲ့ စာသားလေးက တစ်ပုဒ်လုံးရဲ့ အနှစ်သာရပါပဲ။ မိသားစု စိတ်ချမ်းသာ ကိုယ်ကျန်းမာပျော်ရွှင်ပါစေ။

မောင်မျိုး said...

အစ်ကိုက အရမ်းတော်တာပဲ လေးစားတယ်
ကျမသား ကျနော့် သား ၊ သမီးက အင်္ဂလိပ်လိုပဲ ပြောတတ်တော့တာ မြန်မာလိုမပြောတတ်တော့ဘူးလို့ ဂုဏ်ယူသံနဲ့ပြောတဲ့ မိဘနဲ့ တစ်ခြားဆီပဲ မြင်ဖူးတယ် ဒီမှာလည်း မြန်မာလိုပြောရမှာရှက်တဲ့ ခလေး မြန်မာလို မပြောစေချင်တဲ့မိဘ ။

ဘာသာစကားတိုင်းကတော့ စိတ်ဝင်စားစရာတွေပါကြီးပါပဲ နိုင်ငံခြားသားတွေ မြန်မာစာ စကားကို လေ့လာနေကြတဲ့အချိန် မြန်မာလေးတွေက မပြောချင်တော့တာကြားရတာ စိတ်မကောင်းစရာပါပဲ ။

ညီလည်း သင်တန်းပြီးရင်တော့ စာသင်တဲ့ အတွေ့ကြုံလေး ရေးအုံးမှပဲး)

စူးနွယ်လေး said...

ကျမလည်း ကိုညီလင်းနဲ့ တသဘောတည်းပါပဲ။ ဗမာပြည်မှာ နေသူတွေ သည်လောက်လွယ်လွယ်နဲ့ မိခင်ဘာသာစကား တတ်ရမယ့်အရေးကို လက်လွှတ်ပစ်တာ ဝမ်းနည်းစရာပဲနော်...နားမလည်ဘူး။ နိုင်ငံခြားမှာ နေသူတွေလည်း အခု ကိုညီလင်း လုပ်သလို ကြိုးစားရင်လည်း ရတာပဲဟာ။ အမှန်ကတော့ ခက်တယ်ဆိုပေမယ့် လုပ်ချင်စိတ်ရှိမှု မရှိမှု အပေါ်မှာ တည်ပါတယ်။ ဘာတွေ ဘယ်လိုအကြောင်းပြပြ တကယ်လိုချင်တဲ့အရာ တခုအတွက် နည်းလမ်းနဲ့ အချိန်ဆိုတာ အမြဲ ရှာတွေ့တယ်။
နောက်တခုလည်း ကိုညီလင်းနဲ့ တသဘောတည်းပဲ။ မလိုအပ်ဘဲ တခြားဘာသာဝေါဟာရတွေ ညှပ်သုံးတာလေ။ ကျမလည်း ဘလော့ဂ်စရေးကတည်းက မလိုအပ်တဲ့ အင်္ဂလိပ်ဝေါဟာရတွေကို ညှပ်မသုံးအောင် သတိထားတယ်။ မုန့်ဖုတ်တဲ့အကြောင်းဖြစ်ဖြစ် ရေးတဲ့အခါ ပါဝင်ပစ္စည်းတွေကိုလည်း ဒီကအခေါ်အဝေါ်တွေအပြင် ကိုယ်သိသလောက် ဗမာအမည်တွေပါ ရေးပေးတယ်။ yeast တဆေး ဘာညာ စသည်ဖြင့်။ ဒီကအခေါ်အဝေါ်ကို ရေးရတာက ဒီမှာ ရှာဝယ်တဲ့အခါ လွယ်အောင် ရေးရတာ။တချို့အသုံးအနှုန်းတွေ (အင်္ဂလိပ်လို စာလုံးမပေါင်းတတ်သူတွေတောင် အသံထွက် သုံးနေတဲ့ စာလုံးမျိုးတွေ၊ ကိုယ်က ဗမာလိုရေးရင် တမျိုး ကြီးဖြစ်နေမယ့် ဟာမျိုးတွေကိုသာ ညှပ်သုံးမိရင်သုံးမိမယ်။ သားလေး ဗမာလိုနားလည်တာ သိရတော့ ကိုညီလင်း အားထုတ်မှုကို ချီးကျူးလေးစားမိပါတယ်။ အရင်ပို့စ်တွေလည်း လာဖတ်တယ်နော်။ :)

blackroze said...

ဟုတ်တယ်အကိုေ၇..
တချို့တွေများမြန်မာကလာတာ...အဖေရော အမေရော
မြန်မာ ပြည်သားစင်စစ် မွေးလာတဲ့ကလေးက
မြန်မာပြည်ကို မသွားချင်ရတာနဲ့
မြန်မာ ဆိုင်ကဟာကို မစားချင်ရတာနဲ့
မြန်မာစကားကို လုံးဝနားမလည်ရတာနဲ့
ကြားရမြင်ရတာ အသည်းယားလွန်းတယ်အကို ရေ..

မြတ်ကြည် said...

လွယ်တော့ မလွယ်ဘူးနော်။ အဲဒီမလွယ်တဲ့ကြားကပဲ သားသေးကို အခုထိ တတ်မြောက်အောင် သင်ပေးနိုင်တာ ချီးကျူးတယ်။

စံပယ်ချို said...

ပြောရမယ်ဆိုရင်တော့အများသားပါပဲ
ဂျက်တို့နားမှာရှိတဲ့ တိုင်းရင်းသားတစုဆိုရင်
မြန်မာစကားပြောတာကိုပိတ်ပင်တယ်
သူတို့ ကိုယ်ပိုင်ဘာသာစကား(စာ)ကိုအပတ်တိုင်းသင်ပေးပြီး အဲတာကိုပဲပြောခိုင်းတယ်
အမြင်မတော်သလိုခံစားလရတယ်
သူတို့ရဲ့ လူမျိုးစုကိုလဲနားမလည်နိုင်အောင်ပဲဖြစ်မိတယ်
အဲဒီထဲမှာ မြန်မာပြည်ကနေ ဘွဲ့ရပြီးလာတဲ့သူတွေအများကြီးပဲ ကိုညီလင်းရဲ့ သားလေးကိုတော့ တွေ့ဖူးချင်နေတာ ဟိုးး.....အရင်ကတဲကလေ ခုတော့ပိုပြီးတွေ့ဖူးချင်မိပြီ ကံဆုံခွင့်ရခဲ့ရင်နော်

ဇွန်မိုးစက် said...

အဖေမြန်မာ၊ အမေမြန်မာက မွေးတဲ့ကလေးတွေဟာ တခြားအကြောင်းပြတွေ မလိုဘဲနဲ့ တို့မိခင်၊ ဖခင်ရဲ့ဘာသာစကားဖြစ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် မြန်မာစာကို သင်တင့်၊ တတ်သင့်ပါတယ်အစ်ကို။
ဆစ်ဒနီမှာတုန်းက မြန်မာမိသားစုတွေစုပြီး ပျော်ပွဲစားထွက်ကြတယ်။ ကလေးတွေကတော့ ထုံးစံအတိုင်း အင်္ဂလိပ်လိုပဲ ပြောကြာတာပဲ။ အဲဒီမှာ မိဘအများစုက ကလေးတွေကို မြန်မာလိုပြောပေမယ့် တချို့ (အထူးသဖြင့် အဖေတွေ) က ကိုယ့်သားသမီးကို အင်္ဂလိပ်လိုပဲ ပြောနေတာတွေ့ရတယ်။ တကယ်ဆို မြန်မာအသိုင်းအ၀ိုင်းမှာ မြန်မာလိုပြောလို့ ဘယ်သူကမှ အထင်သေးမှာလည်း မဟုတ်ပါဘူး။ ဇွန်ကသာ ဘာကြောင့်သူတို့မြန်မာလို မပြောရတာလည်းဆိုတာကို စောဒကတက်ချင်နေမိတာ။ ကလေးတွေက ဆယ်ကျော်သက်အရွယ်ရောက်လို့ အင်္ဂလိပ်စကားလည်း တကယ့်သြစီသံနဲ့ ပြောတတ်နေပါပြီ။ အင်္ဂလိပ်စကားမပြောတတ်မှာလည်း စိတ်မပူရတော့ပါဘူး။ အဲ… ပြောတဲ့အဖေရဲ့ အင်္ဂလိပ်စာကသာ သိပ်မကောင်းတာ။ အဲဒီမှာ ကလေးမိဘ (အမေ) တစ်ယောက်နဲ့ ဇွန်စကားပြောကြည့်တယ်။ သူ့သမီးလေးတွေကလည်း အိမ်မှာအဖေနဲ့ဆိုရင် မြန်မာလိုထက် အင်္ဂလိပ်လိုပိုအပြောများတာတဲ့၊ သူနဲ့ကျတော့ သူက ကလေးတွေကို ပြောထားတယ်၊ သမီးတို့ အင်္ဂလိပ်လိုပြောရင် မေမေ နားမလည်ဘူး၊ ဒီတော့ မြန်မာလိုပဲ ပြောပါဆိုပြီးတော့တဲ့။
အစ်ကို့လို အဖေမျိုးက ရှားမယ်ထင်ပါတယ်။ ဒါကြောင့် ဇွန်က ဘာသာစကားနဲ့ပတ်သက်လာရင် ကြုံရင်ကြုံသလို အစ်ကိုတို့မိသားစုအကြောင်း အထင်ကရရှိတဲ့ ဥပမာအနေနဲ့ အမြဲထည့်ပြောလေ့ရှိတယ်။ ကလေးရှိတဲ့ နီးစပ်ရာမိတ်ဆွေသူငယ်ချင်းတွေကိုလည်း အိမ်မှာနေရင် မြန်မာလိုပဲ ပြောပေးဖို့၊ တတ်နိုင်သလောက် မြန်မာစာသင်ပေးဖို့ ဇွန် အမြဲတိုက်တွန်းတတ်တယ်။
လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်က နယူးဇီလန်ကို ပြောင်းရွှေ့အခြေချနေထိုင်ခဲ့တဲ့ မြန်မာကပြားမိသားစုက မွေးလာတဲ့ကလေးက မြန်မာလို ကောင်းကောင်းပြောတတ်တာကို ဇွန်တွေ့ဖူးတယ် အစ်ကို။ သူ့မိဘနှစ်ပါးလုံး မြန်မာအင်္ဂလိပ် ကပြားတစ်ဝက်စီဖြစ်လို့ အိမ်မှာ မြန်မာလိုရော ဘိုရောပါ ညှပ်ပြောတဲ့အကျင့်ရှိတယ်။ ဒါပေမယ့် အဲဒီ့ကလေးမွေးလာတဲ့အချိန်ကစပြီး အဖေရောအမေပါ အင်္ဂလိပ်လို လုံးဝမပြောတော့ဘဲ မြန်မာလိုပဲ ပြောခဲ့ကြတော့ ကလေးက မြန်မာလူဦးရေမရှိသလောက် အရမ်းနည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရပေမယ့်လည်း မြန်မာလို ကောင်းကောင်းတတ်သွားခဲ့တာပါပဲ။ အဲလိုကလေးမျိုး၊ နောက် အစ်ကို့သားလေးလို ကလေးမျိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆုံတွေ့ခဲ့ဖူးလို့လားမသိဘူး မြန်မာပြည်မှာပဲနေပြီး မြန်မာမိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မြန်မာကလေး မြန်မာစာမတတ်တာကို ဘယ်လိုမှ လက်မခံနိုင်အောင် ဖြစ်နေတာ။
မြန်မာစာကို တတ်ချင်လွန်းလို့ အခက်အခဲတွေကြားက တခုတ်တရနဲ့ သင်ယူနေကြတဲ့ နိုင်ငံခြားသားတွေရဲ့ ဗွီဒီယိုကို ယူကျူဗ်မှာ ကြည့်ရတဲ့အခါတိုင်း ဘာဖြစ်လို့များ မြန်မာဖြစ်တဲ့ တို့လူမျိုးကျမှ မြန်မာစာကို မတတ်ချင်၊ မသင်ချင်၊ မပြောချင်ရတာလည်းဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်မေးမိတယ်။
မြန်မာပြည်က ရှားပါးတိရစ္ဆာန်နဲ့ သစ်တော၊ ဒီရေတောတွေ၊ သယံဇာတတွေ အစဉ်တစိုက် စောင့်ရှောက်ထိန်းသိမ်းဖို့ အမြော်အမြင်နည်းပါးခဲ့တဲ့ လူတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်ရသလိုမျိုး မြန်မာစာကို မြန်မာလူမျိုးတွေကြောင့်ပဲ အလွယ်တကူနဲ့ မကွယ်ပျောက်စေချင်ဘူး။
ဒီတော့ အစ်ကိုရေ… လိုဇန်းမြို့မှာရှိတဲ့ နောက်ဆုံးခံတပ်ကြီး မပြိုလဲ၊ မယိုင်နဲ့ဘဲ ကြံ့ကြံ့ခံနိုင်အောင် ဇွန်တို့ ၀ိုင်းပြီး ထောက်ကူဖေးမပေးရမှာပေါ့။ ဒါကြောင့် သားသားကိုသင်ပေးဖို့ မြန်မာစာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းသင်ထောက်ကူပစ္စည်းတွေ လိုအပ်လာတဲ့အခါ အချိန်မရွေး ဇွန်တို့ကို ပြောပါနော်။ မြန်မာစာအတွက် ဇွန်တတ်နိုင်တဲ့နေရာကနေ ကူညီပေးဖို့ အမြဲအဆင့်သင့်ပါ။း)

မေဇင် said...

လေးစားပါတယ် ကိုညီလင်းသစ်။

မေဓာဝီ said...

ဒီပို့စ်လေး ခုမှ ဖတ်ဖြစ်တယ် ကိုညီလင်းရေ … ။ မမေလဲ မြန်မာစာဆို “ဟင်” ချင်ကြတဲ့ အသိုင်းအဝိုင်းက ကလေးတွေကို သင်နေရတာ တခါတလေ စိတ်ပျက် (စိတ်ဓာတ်ကျ) မိတယ်။ သူတို့လေးတွေကို မြန်မာစာ ချစ်မြတ်နိုးတတ်အောင် မမေတို့ (ဆရာ/ဆရာမတွေ) လုပ်ပေးနိုင်တာက စာသင်ခန်းထဲက အချိန်လေး တချိန်လောက်ပါပဲ။ ကိုညီလင်းပြောသလို မိဘတွေက အဓိက အရေးကြီးတာပါ။
အခုက ဘယ်လိုဖြစ်နေသလဲဆိုတော့ ကလေးတွေက ကိုယ့်စကားနားထောင်ပြီး မြန်မာစာဖတ်နေရင်တောင် မိဘတွေက မြန်မာစာအရေးမကြီးဘူး မအောင်လဲ ရတယ်ဆိုတဲ့ အတွေးမျိုးတွေ ခေါင်းထဲကို နေ့စဉ်နဲ့အမျှ ထည့်နေတော့ မခက်ဘူးလား။
သူတို့လေးတွေကို ကိုညီလင်းရဲ့ ဒီဆောင်းပါးလေးအကြောင်း ပြောပြချင်ပါတယ်။ ကိုညီလင်း ခွင့်ပြုမယ် ဆိုရင်ပေါ့။

Anonymous said...

ကိုညီလင်းသစ်ရဲ. သားသားကို မြန်မာစကားကျွမ်းကျင်အောင် ပြောတတ်ဖို. သင်ပေးတဲ့စိတ်ကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ အများအားဖြင့် ကလေးတွေက မိခင်စကားကို ပိုအားသန်ကြတယ်လေ။ (အမေတွေက သား၊သမီးနဲ. နီးစပ်မှု ပိုရှိကြတာကိုး)။ သားသားကလဲ သားလိမ္မာလေးပါ။ ကြံရင် သားသားရဲ. ထွားလာတဲ့ ပုံလေးတွေလဲ တင်ပေးပါအုန်း။ သားသားပြောတဲ့ ချစ်စဖွယ် ဗမာသံလေးကိုလဲ နားထောင်ကြည့်ချင်မိပါရဲ.။

Anonymous said...

လေးစားပါတယ်ကိုညီလင်းသစ်.
I have two daughters and they both can speak burmese very well. Unfortunately I could not teach them how to write burmese language. I am still proud of my daughters for speaking burmese language.

စာချစ်သူ(Canada)

ရွှေအိမ်စည်မေ said...

မြန်မာပြည်မှာ သားသားနဲ့ဆုံတော့ မမေကထင်တယ်..အရုပ်လေးပြပြီး Do you like it? ဆိုတော့ သားလေးက ကြောင်ကြည့်နေတယ်..။ အဲ့ဒီ့အခါ အစ်ကိုက 'သား ကြိုက်လား တဲ့' သားလေးဘက် ငုံ့ကြည့်ရင်း ပြောတယ်..။ ဒီတော့မှ သားလေးက ခေါင်းခါပြတယ်..။ သူမကြိုက်ပါဘူးပေါ့လေ..။
ညီမတို့တွေ သဘောတကျနဲ့ ရယ်ကြတယ်..ဟယ် မြန်မာလို နားလည်တယ်တော့လို့လည်း တစ်ယောက်တစ်ပေါက် ရေရွတ်ကြတယ်..။
ညီမ စိတ်ထဲလည်း ဘယ်လိုကြည်နူးမှုလေးမှန်းမသိအောင် ကြည်နူးရင်းပြုံးနေမိတယ်..။
ချစ်စရာကောင်းတဲ့သားလေး.. သူ့ကို မြန်မာလိုပြောလို့ရတာပဲ..သူ နားလည်တယ်...ကြည့်စမ်း သူပြောနိုင်တယ်ဆိုပြီး ကျေနပ်ပီတိဖြစ်လိုက်ရတာ..။
ဒါပေမယ့် တကယ့်လက်တွေ့စကားနည်းတဲ့ ညီမက ကလေးကို စကားပြောချင်လာအောင် ချော့မြှုမပြောတတ်ပြန်ဘူး..။
နောက်တော့ အစ်ကိုတို့ စကားပြောတာတွေပဲ လိုက်ကြည့်နေမိတယ်..။
သားနဲ့ ပြောတဲ့အခါတိုင်း မြန်မာလို ပြော ပြောနေတာလည်းသိလိုက်ရတယ်..။ တကယ့်ကို လှိုက်လှိုက်လှဲလှဲ လေးစားပါတယ် အစ်ကို...။
ညီမတို့ ရုံးမှာ အဖေမြန်မာ အမေမြန်မာက မွေးတဲ့ သမီးလေးတစ်ယောက်က သူ့ကို အင်္ဂလိပ်လို ပြောမှနားလည်တယ်..။ အင်တာနေရှင်နယ်စကူးမှာ ကျောင်းထားတာကိုး..။
ဒါကို သူ့မိဘတွေက ကလေးက မြန်မာလိုနားမလည်ဘူးရယ်လို့ ဂုဏ်ယူစွာပြောလေ့ရှိတယ်..။
ဒါမျိုးတွေ မြန်မာပြည်ရဲ့ လူကုံထံအသိုင်းအဝိုင်းမှာ ဒီလိုမျိုးတွေက များသထက် များလာတာပါပဲ အစ်ကိုရယ်...။
တန်ဖိုးရှိလှတဲ့ ဆောင်းပါးတစ်စောင်ကို ရေးပေးတဲ့ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို...။
မြန်မာပြည်က စာအုပ်စာတမ်းလိုအပ်တာရှိရင်လည်းပြောပါ..။
ညီမ တတ်နိုင်သလောက် ကူညီပါ့မယ်..။

ရွှေအိမ်စည်မေ said...

ကလေးတွေဟာ ကွဲပြားမှုတွေ အတူယှဉ်တွဲ ရှိနေတဲ့အကြောင်း အခုအရွယ်ကတည်းက နားလည်စေမှာဖြစ်သလို အခြား ဘာသာစကားတွေကိုလည်း လေးစား၊ တန်ဖိုးထားတတ်စေဖို့ ပါပဲ…၊

သိပ်သဘောကျတဲ့ စကားပါပဲ..။ (y)

ညီလင်းသစ် said...

တီတင့်…
ဟုတ်ကဲ့ပါ…၊ ကဲ.. အကြွေးတော့ ဆပ်လိုက်ပြီနော်၊း) အမြဲတမ်း မပျက်မကွက်နဲ့ လာအားပေးတဲ့ အတွက်လည်း ကျေးဇူးပါ ခင်ဗျ…၊

Anonymous…
It's all my pleasure. I am sure you must have been smiling by recalling those memories while reading my post. Well done for your boy…! :)

Anonymous…
No, I don't mind. Not at all…! Please do!

Ma Iora,
Thank you sis! I appreciate your encouragement! :)

ညီမညိုလေး…
ခုလို အားပေးတဲ့ အတွက်လည်း ကျေးဇူး ညီမရေ…၊း)

ညီမမိုး…
ဟုတ်ပါတယ်၊ တကယ်ကတော့ မိဘတွေရဲ့ လိုအပ်ချက်ပါပဲ၊ မြန်မာစကားကိုဘာ့ကြောင့် လေးစား၊ တန်ဖိုးထားရမယ် ဆိုတာ မိဘတွေက အရင်သိမှ ကလေးတွေကို ပြန်ပြောနိုင်မှာ မဟုတ်လား၊ အခုတော့ဖြင့်…၊

Anonymous (2)…
Thanks a lot! Yes, please do as you wish! :)

အမည်ဝှက်စာဖတ်သူ…
ဟုတ်တယ်ဗျာ၊ ကလေးတွေကို မြန်မာစကား ပြောတတ်စေဖို့ မိဘတွေက တကယ်ပဲ အခရာ ကျပါတယ်…၊

အစ်မမြသွေး…
ကျေးဇူးတင်ပါတယ် အစ်မရေ…၊ အစ်မတို့ မိသားစုလည်း ချစ်စရာကောင်းတဲ့ သားပြည့်နဲ့အတူ ကျန်းမာပျော်ရွှင် ပါစေလို့ ဆုတောင်းပါတယ်နော်…၊

ညီငယ်မောင်မျိုး…
ညီကတော့ အချင်းချင်းတွေကို လုပ်နေပြန်ပြီ၊း) မတော်ပါဘူးဗျာ၊ ဒီလိုပဲ လုပ်နိုင်တာလေးတွေကို လိုက်လုပ်ကြည့်နေတာ…၊ ဟုတ်ပြီ…၊ သင်တန်းပြီးအောင် မစောင့်နဲ့လေ၊ အခုကိုပဲ ရေးလို့ ရနေပြီ မဟုတ်လား..၊း)

မစူးနွယ်…
သိပ်မှန်တာပေါ့ဗျာ၊ တကယ်လိုချင်ရင် နည်းလမ်းနဲ့အချိန် ဆိုတာ အမြဲရှာတွေ့တာပဲ၊ တကယ့်ကို သေသေချာချာ လေးလေးနက်နက် တွေးကြည့်မယ်ဆိုရင် မြန်မာပြည်မှာနေပြီး မြန်မာစကားကို တမင်မပြောဘဲနေတာဟာ ဘယ်လောက် ကြီးမားတဲ့ ဆုံးရှုံးမှုလဲဆိုတာ သူတို့ တချိန်ကျ သဘောပေါက်မှာပါ…၊

ညီမပစ်ပစ်…
အင်းလေ… ဒါတွေက ဖက်ရှင်တခုလိုတောင် ဖြစ်လာနေတဲ့ သဘောများလား မသိဘူးနော်…၊

မမြတ်ကြည်…
မလွယ်တာတော့ တကယ့်ကို မလွယ်တာဗျ…၊း) တခါတခါ အတော့်ကို ပင်ပန်းတယ်…၊း)

မစံပယ်…
အင်း… သူတို့လည်း မြန်မာပြည်တွင်းမှာ ရှိတုန်းက လူမျိုးစု ပဋိပက္ခတွေနဲ့ ကြုံခဲ့ဖူးတယ်နဲ့ တူပါရဲ့ဗျာ…၊ ပိတ်ပင်တဲ့အထိ ဆိုရင်တော့လည်း သိပ်တော့ မကောင်းဘူးပေါ့လေ…၊

ညီမလေးဇွန်…
Wow… တခါမှမရေးစဖူး ကွန်မန့်အရှည်ကြီးနဲ့…၊း) ပို့စ်တပုဒ်တောင် လုပ်လို့ရတယ်၊ ဟုတ်တယ်၊ ဇွန်ပြောသွားတာတွေ အားလုံးကို သဘောတူတယ်၊ ဘာဖြစ်လို့များ တချို့တွေက အဲဒီလို တလွဲဆံပင် ကောင်းချင်နေရတာလဲ မသိဘူးလို့ တခါတလေ တွေးမိတယ်၊ မွေးရာပါ ရလာတဲ့ တန်ဖိုးရှိတဲ့ အခွင့်အရေးတရပ်ကို အကြောင်းမဲ့ ဖြုန်းတီးပစ်ချင်ကြတာ စိတ်မကောင်းစရာပါပဲ၊ သင်ထောက်ကူအတွက်လည်း ကျေးဇူး…၊ စိတ်ချ..၊ နောင်မှာ လိုကို လိုမှာ၊ အဲဒီအခါ ပြောမယ်နော်…၊း)

မမေဇင်…
ကျေးဇူး တင်ပါတယ်ခင်ဗျာ…၊ ဘလော့ဂ်ကို လာလည်တဲ့ အတွက်လည်း ကြိုဆိုပါတယ်နော်…၊

မမေ…
အဲဒါကတော့ ဆိုးလွန်းပါတယ်ဗျာ…၊ ကလေးကို မြေတောင်မြှောက်ပေးရမယ့်အစား အခုတော့ မိဘကိုယ်တိုင်က လွဲမှားတဲ့ အတွေးအခေါ်တွေ သွင်းပေးနေတာ…၊ စိတ်မပျက်ဘဲ တတ်နိုင်သလောက် သူတို့လေးတွေကို သင်သာ သင်ပေးပါ မမေရာ၊ ဒီဆောင်းပါးကိုလည်း မမေအတွက် အထောက်အကူ ဖြစ်မယ့်နေရာတိုင်းမှာ ကြိုက်သလို သုံးနိုင်ပါတယ်…၊

အမည်ဝှက်စာဖတ်သူ (၂)…
ဟုတ်တယ်ဗျ၊ ကျနော်လည်း အဲဒါမျိုး ကြားဖူးတယ်၊ အမေတွေရဲ့ စကားကို ကလေးတွေက ပိုတတ်လွယ်တယ် ဆိုတာ၊ သားရဲ့ ဓာတ်ပုံတော့ ရှေ့လာမယ့် ပို့စ်တခုခုမှာ တင်ဖြစ်မယ် ထင်ပါတယ်၊ အကြောင်း တိုက်ဆိုင်တဲ့အခါ အသံဖိုင် လုပ်ဖို့လည်း ကြိုးစားကြည့်ပါဦးမယ်၊ ကွန်မန့် အတွက်လည်း ကျေးဇူးပါနော်…၊

Canada က စာချစ်သူ…
There is no doubt that you are proud of your smart daughters. :) Let alone writing, being able to speak Myanmar language is already great for those living abroad. Good job! :)

ညီမသူသူ…
ညီမက မှတ်ဥာဏ် ကောင်းလိုက်တာ…၊ အခုမှ ကျနော်လည်း ပြန်မှတ်မိလာတယ်၊ ဟုတ်တယ်…၊ အဲဒီလို ပြောနေကြတာကို ပြန် အမှတ်ရသွားပြီ၊း) အင်း… ဂုဏ်မယူသင့်တဲ့ နေရာမှာ တလွဲတွေ ဂုဏ်ယူနေကြတာ သေချာတွေးကြည့်ရင် ရှက်စရာ ကောင်းသလို အဲဒီလို တလွဲဂုဏ်တွေကို မြင်နေတဲ့ ကလေးအဖို့လည်း မကောင်းနိုင်ပါဘူး၊ စာအုပ်စာတမ်း အကူအညီအတွက်လည်း ကျေးဇူးပါ ညီမသူသူရေ…၊ လိုအပ်ရင် ပြောမယ်နော်၊ နောက်ထပ် ကွန်မန့်တခုနဲ့ သီးသန့် ထပ်ပြီး အားပေးတဲ့အတွက်လည်း ဒုတိယမ္ပိ ကျေးဇူး…။း)

Sonata Cantata said...

အမေရိကန်မှာ နေကြတဲ့ သူငယ်ချင်းတယောက်ကတော့ သူ့သားကို အမြဲ မြန်မာလိုပဲ ပြောတယ်။ သားက နားတော့လည်တယ် ဒါပေမဲ့ အင်္ဂလိပ်လိုပဲ ပြန်ပြောတယ်။ အမေကလည်း ပေကပ်ပြီး မြန်မာလိုပဲ သားကို ပြောတယ်။
သားအမိ နှစ်ယောက် စကားပြောရင် တခြမ်းစီ ဖြစ်နေတဲ့ လွဲချော်မှုလေးက အခုတော့ တည့်မတ်သွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အမေရိကားသွားတော့ မိန့်ခွန်းတခုမှာ မြန်မာလို ပြောရမယ်လို့ ပြောလိုက်ကတည်းက သူ့သားက မြန်မာလို ကြိုးစားပြောတော့တာပါ တဲ့။
၁၅နှစ်ကြာ နားရည်ဝထားတော့ ကလေးကိုယ်တိုင်က ပြောချင်တဲ့စိတ်လေး ထည့်လိုက်တဲ့အခါ အဆင်ပြေ ချောမွေ့သွားပါတော့တယ်။
ကိုညီလင်းသစ်ရဲ့ မိန့်ခွန်း..:P အဲ..ပို့စ်ကြောင့်လည်း ထွက်ပေါ်လာမည့် ကလေးတို့ရဲ့ မြန်မာစကားသံလေးတွေကို ကြိုဆိုရင်း...

San Htun said...

ကိုညီလင်းကိုတော့ မချီးကျူးဘဲ မနေနိုင်ဘူး...မြန်မာမိဘ မြန်မာပြည်မှာနေပြီး မြန်မာစကား မပြောတတ်တဲ့ကလေးတွေ တွေ့ ရတာ ဝမ်းနည်းစရာပဲ..

Anonymous said...

ကိုညီလင်း ရဲ့ စာတွေအမြဲဖတ်တဲ့ သူပါ..ကျမရဲ့ သားကိုလည်း အမြဲကိုယ့်ဘာသာစကားပဲ ကြိုးစားပြီး ပြောပါတယ်..ဒါပေမဲ့ ကျောင်းမှာသင်ယူရတာက ၃ ဘာသာ ၊ အိမ်မှာ ကသူ့ အဖေ နဲ့  အမေ က တဘာသာစီ ဆိုတော့ ၅ ဘာသာကို သူလက်ခံ နေ ရတော့ လေ အခုသားက နားလည်ပေမဲ့ အင်္ဂလိပ်လို ပဲပြန်ပြော တော့တယ်..ကျမ သားက ကိုညီလင်းသားထက် တစ်လကြီးပါ တယ်..အစ်ကို့  ကိုအားကျတယ်..သူ့ အဖေကစကားနဲ တာလည်းပါမှာပေါ့လေ..

ထွယ်

rose of sharon said...

ဟုတ်တယ်နော်...မိခင်သို့မဟုတ်ဖခင်ကမြန်မာဖြစ်ရက်နဲ့ခလေးကမြန်မာစကားနားမလည်တာတကယ်တော့ရှက်စရာကောင်းတယ်...

Htoo Htoo said...

ကိုညီလင်းရေ ကျွန်မလဲ ကလေးတွေကို မြန်မာမိဘက မွေးလာပြီး မြန်မာစကား မပြောတတ်၊ မြန်မာစာ မတတ်မှာ စိုးရိမ်မိတဲ့ အမေ တစ်ယောက်ပါ။ အဖေရော အမေပါ မြန်မာဖြစ်လျက်သားနဲ့ သမီးလေးတွေ မြန်မာစာမတတ်ဘူး ဆိုတဲ့အဖြစ်ကို လက်မခံနိုင်လို့ ကြိုးစားပြီးသင်ပေးပါတယ်။ ဒါပေမယ့်မှန်မှန်မသင်ဖြစ်တော့ သူငယ်တန်းကနေ ၁ တန်းဖတ်စာအုပ် တက်လိုက်၊ မေ့လိုက်၊ သူငယ်တန်းပြန်ဆင်းလိုက်နဲ့ပါပဲ။ ဒီနှစ် မြန်မာပြည်ပြန်တော့ သမီးတွေဖတ်နိုင်မယ့် စိတ်ဝင်စားမယ့် စာအုပ်လေးတွေ သွားတွေ့ပါတယ်။ စိတ်ကူးချိုချိုအနုပညာ စာပေက ထုတ်တာပါ။ ခေတ်ဘုန်းသစ် ရေးပါတယ်။ ကလေးကြိုက်ဖတ်စာ ဆိုပြီး သူငယ်တန်းသင်ခန်းစာတွေအလိုက် ခွဲထားပေးတာပါ။ ကလေးတွေပျော်ပြီး ဖတ်ကြတယ်။ ကိုညီလင်းရဲ့ သားလေးအတွက် မြန်မာပြည်ကမှာလို့ရအောင် ပြောပြတာပါ။

Yin said...

Excellent Article.

kophone said...

Bravo Ko Nyi Linn Thit :)

Anonymous said...

What a thoughtful farther, Ko Nyi.
I always love to read your post and your posts always give somethings to the reader.

Amber said...

I respect you. Always gives something for the reader to remember. Good job....

kophone said...

let me share on FB

Sint Si said...

အားကျပါတယ် ။ ကျနော်လည်း သမီး ၂ ယောက်ကို မြန်မာပြည် အလည်ခေါ်ပြီး ကလေးချင်း အပြန်အလှန် ပြောနိုင်အောင် ကြိုးစား မလို့ ။

Ma Win Myint said...

I like so much this post specially. Let me share please. Thank you.

Khin Hla Aung said...

ငါ့ဘက်မှာ တစ်ယောက်တိုးလာတယ်လို့ခံစားရပြီးအားတက်
မိပါတယ်။ ကိုယ်က ဘာသာပြန်တဲ့အလုပ်ကိုလုပ်စားနေတဲ့
သူတစ်ယောက်လည်းဖြစ်သလို အလွတ်သင်အင်္ဂလိပ်
ဘာသာစကားဆရာမလည်းဖြစ်တော့ ကိုယ့်မြန်မာလူမျိုး
ကလေးတွေကိုသင်ပေးတဲ့အခါတိုင်းမှာ အင်္ဂလိပ်လိုအသုံး
အနှုန်းနဲ့မြန်မာလိုအသုံးအနှုန်းတွေကို နှိုင်းယှဉ်ပြ ခြားနားပြ
ပြီးမြန်မာစကားပျောက်မသွားဘဲ အင်္ဂလိပ်စာနဲ့စကားပါ
တတ်သွားရအောင် အတတ်နိုင်ဆုံးကြိုးစားပြီးသင်ပေးနေ
ပေမယ့်လည်း တချို့မြန်မာလူမျိုးမိဘတွေက လုံးဝ သဘော
မကျတဲ့အပြင်ကန့်ကွက်တာမျိုးတောင်ရှိပါတယ်။ ကိုယ့်ယုံ
ကြည်ချက်ကိုလည်းဘယ်လိုမှမစွန့်လွှတ်နိုင်ပြန်တော့ တွေ့ ကြုံနေရတဲ့အခြေအနေအတွက် စိတ်ပျက်မိပေမယ့်လည်း
ကိုယ်နဲ့သဘောထားချင်းတူတဲ့သူရှိနေသေးတယ်ဆိုတာ
သိလိုက်ရလို့ ကျေနပ်သွားတာတော့အမှန်ဘဲ။