31 December 2007

၂၀၀၇ သို့နှုတ်ဆက်ခြင်း


မကြာခင်နာရီပိုင်းဆိုရင် ၂၀၀၇ ခုနှစ်ကုန်ဆုံးလို့ ၂၀၀၈ ကိုဝင်ရောက်ပြီဖြစ်ပါတယ်၊ ကမ္ဘာတလွှား မှာလည်း ဒီအခါသမယကို ကြိုဆိုဖို့ အားလုံးကစိတ်လှုပ်ရှားစွာနဲ့ ပြင်ဆင်နေကြချိန်ပေါ့၊ အရှေ့ဖက် ကျတဲ့ နိုင်ငံတွေက ပထမဦးဆုံး နှစ်သစ်ကို ဦးဦးဖျားဖျား ကြိုဆိုရသလို အနောက်ဖက်က နိုင်ငံတွေ ကလည်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး တခမ်းတနား ကြိုဆိုဖို့ တာစူနေကြတယ်။

၂၀၀၈ ဟာတခါမှ မဝတ်ရသေးတဲ့ ဝတ်စုံသစ်တခုလို သစ်လွင်တောက်ပစွာနဲ့ ဘီဒိုထဲက ထွက်လာ ဖို့ အပြန့်သားအစန့်သား သွေးကြီးနေလေရဲ့၊ ၂၀၀၇ ကတော့ကျိုးကြေနေတဲ့ခေါက်ရိုးတွေနဲ့ နွမ်းလျ မှိန်မွဲလို့...၊ မကြာခင်မှာ အဟောင်းပုံထဲကို သွားရတော့မှာမို့ ဝမ်းနည်းရိပ်တွေ သမ်းနေမလားပဲ၊ သူလည်း လွန်ခဲ့တဲ့ ရက်ပေါင်း ၃၆၅ ရက်တုန်းက အခု ၂၀၀၈ လိုနေရာမျိုးမှာပေါ့၊ တခမ်းတနားနဲ့ ငယ်ဂုဏ်ငယ်သွေး ကြွနေခဲ့သေးတယ်လေ၊ တကမ္ဘာလုံးကလူတွေကလည်း သူ့ကိုကြိုဆိုခဲ့ကြတာမှ တကယ့်ကို လှိုက်လှိုက်လှဲလှဲ...၊ အခုတော့လည်း ၂၀၀၆ နောက်ကို သူလိုက်ရတော့မှာပေါ့၊ နောက် နှစ်ဒီလို အချိန်မှာဆိုရင်တော့ ၂၀၀၈ လည်းသူ့နောက်လိုက်လာရမှာ အသေအချာပါပဲ။

၂၀၀၇ မှာအကောင်အထည်ဖေါ်ဖို့ ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကလည်း တပုံတခေါင်း၊ နိုင်ငံတွေက ပရောဂျက်တွေ အမျိုးမျိုးချကြသလို လူတစ်ဦးချင်းစီကလည်း နှစ်သစ်မှာတော့ဖြင့် ဒါလုပ်မယ်၊ ဒါတော့ဖြင့် မလုပ်တော့ဘူး၊ ဒီဟာကိုတော့ ရှောင်တော့မယ် စသဖြင့် တစ်ဦးချင်း သံဓိဌာန်တွေချ ကြ၊ အချင်းချင်း ကတိကဝတ်တွေပေးကြနဲ့ပေါ့၊ အောင်မြင်သွားတဲ့ လူတွေရှိသလို ဒုံရင်းပြန်ရောက် တဲ့သူတွေလည်း အများကြီးပါပဲ။

အားလုံးကတော့ နှစ်သစ်ကို ဝင်ရောက်ခွင့်ရလို့ ပျော်ကြတာများပါတယ်၊ ရောဂါဝေဒနာ ခံစားနေရ တဲ့လူတွေက နှစ်သစ်တခုကို မြင်တွေ့ခွင့်ရလို့ ဝမ်းသာကြသလို အကျဉ်းကျနေတဲ့လူတွေကလည်း လွတ်ရက်နီးလာလို့ ပျော်ကြပြန်တယ်၊ အနောက်နိုင်ငံတွေမှာတော့ ဖြတ်သန်းခဲ့တဲ့ တနှစ်တာ အတွင်း အောင်မြင်မှု၊ ရှေ့နှစ်က ယူဆောင်လာမယ့် အောင်မြင်မှုတွေအတွက် ရှန်ပိန် ကိုယ်စီနဲ့ အသီးသီးနှုတ်ခွန်းဆက်ကြလေ့ ရှိပါတယ်၊ ကိုယ့်ရဲ့ အစီအစဉ်နဲ့ အနေအထားပေါ် မူတည်လို့ ပျော်ရွှင်မှု ဒီဂရီတော့ အနည်းအများ ကွာကောင်းကွာနိုင်ပါတယ်၊ တချို့ကလည်း ‘နှစ်သစ်ဖြစ်ဖြစ် နှစ်ဟောင်းဖြစ်ဖြစ် မထူးပါဘူးကွာ’ ဆိုတဲ့လူတွေရှိသလို နှစ်တွေ ဘယ်လိုပဲသစ်သစ် အဟောင်း အတိုင်း ဆက်မိုက်နေဦးမယ့် သူတွေလည်းရှိဦးမှာပါပဲ။

ကျနော်တို့ကမ္ဘာကြီးရဲ့ ကျန်းမာရေးကရော...၊ အားလုံးကဝိုင်းဝန်းတည့်မတ်နေပေမယ့် တကယ်ပဲ ထူထူထောင်ထောင် ဖြစ်လာရဲ့လား? နေရာများစွာမှာ စစ်မက်တွေ ဆက်လက်ဖြစ်ပွားဆဲ၊ အသေခံ ဗုံးခွဲမှုတွေ ဆက်ရှိနေဆဲ၊ အကြမ်းဖက်လုပ်ငန်းတွေ တိုးလာနေဆဲ၊ သဘာဝပတ်ဝန်းကျင် အရည်အသွေးတွေ ဆက်ပြီးကျဆင်းလာနေဆဲ၊ ဖြေရှင်းဖို့ကြိုးစားနေတဲ့ ကြားကနေ ပိုပိုပြီး ရှုပ်လာတဲ့ နိုင်ငံတကာ ပဋိပက္ခတွေ အကျပ်အတည်းတွေနဲ့ ကမ္ဘာကြီးကတော့ နာတာရှည် လူမမာ ကြီးလို တရှောင်ရှောင်နဲ့ပါပဲ။



video

ကျနော်တို့အားလုံး စုပေါင်းပိုင်ဆိုင်တဲ့ တခုတည်းသော ကမ္ဘာကြီးပါ၊ နေထိုင်ရာ လောကကြီးကို ကျေးဇူးမကန်းဘဲ ပြန်လည်ပေးဆပ်ဖို့က အယောက်စီတိုင်းရဲ့တာဝန်ပါပဲ၊ ကျနော်တို့ရဲ့ကလေးငယ် တွေလွတ်လပ်စွာ ရယ်မောနိုင်ဖို့၊ မိခင်တွေရဲ့ သားချော့တေးတွေ ငြိမ်းချမ်းစွာ ဆက်လက်စီးဆင်း စေဖို့၊ ယမ်းငွေ့တွေကြားက ကတုတ်ကျင်းတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ဖို့ပစ်ဖို့၊ အဖေနဲ့အကိုရဲ့ လက်တွေသေနတ်ခလုတ်ကို မညှစ်ရဘဲ ပေါ့ပါးစွာပျိုးကြဲနိုင်ဖို့...၊ ............ နိုင်ဖို့၊ .......... နိုင်ဖို့၊ ကျနော်တို့ ကြိုးစားကြရဦးမှာပါ။

လူတိုင်းကတော့ ငြိမ်းချမ်းရေး လိုချင်ကြမှာချည်းပါပဲ၊ ငြိမ်းချမ်းချင်လို့ စစ်တိုက်နေရတယ် ဆိုတဲ့ စကားရှိပေမယ့် တိုက်နေတဲ့ အဲဒီစစ်တွေအားလုံးဟာ ငြိမ်းချမ်းခြင်းနဲ့ ဝေးနေဆဲပါပဲ၊ အုံလိုက်ကျင်း လိုက် လက်နက်ကိုင် တိုက်ကြတဲ့ စစ်ပွဲတွေကအစ တစ်ဦးနဲ့တစ်ဦး ကတောက်ကဆ ဖြစ်ရတဲ့ လက်နက်မဲ့ စစ်ပွဲသေးသေးလေးတွေအဆုံး အားလုံးဟာ ပူလောင်ပင်ပန်းစွာနဲ့ နွမ်းလျစေပါတယ်။

အခုလို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မကြာခင်ကျရောက်တော့မယ် နှစ်သစ်အတွက် လူတိုင်းဟာ ကိုယ်စီကိုယ်ငှ ရင်ခုန်နေကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်၊ လာမယ့်နှစ်မှာ အကောင်းဆုံး တွေရယူဖို့၊ အကောင်းဆုံးတွေ ပေးဆပ်ဖို့၊ စိတ်သစ်လူသစ်နဲ့ အသက်ရှင်ဖို့၊ ယုံကြည်ချက် မျှော်မှန်း ချက်တွေ တည်ဆောက်ကြလို့ပေါ့၊ ဒီနေ့မှာ ကျနော်တို့ရဲ့ ကမ္ဘာကြီးဟာ ရင်ခုန်သံ အတိုးအကျယ် တွေနဲ့ ဆူညံမြည်ဟည်းနေမှာ သေချာပါတယ်၊ နေထိုင်ရာဒေသတွေ၊ အသားအရောင်တွေ ဘယ်လိုပဲကွဲပြားပါစေ... အကောင်းဆုံးဖြစ်ဖို့ ဆိုတဲ့ ဦးတည်ချက်အောက်မှာ ရင်ခုန်သံတွေဟာ တရောင်တည်း, တစည်းချက်တည်း ခုန်နေပါလိမ့်မယ်။

ရင်ခုန်သံတွေ ထပ်တူကျတဲ့ ဒီလိုနေ့မှာ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ကျနော်နှစ်သက်တဲ့ သီချင်းလေးနဲ့အတူ နှစ်သစ်အတွက် ခွန်းဆုချွေလိုက်ပါတယ်၊ ဘယ်သူရေးခဲ့တယ်ဆိုတာ မမှတ်မိ ပေမယ့် ကွယ်လွန်သူ ဂီတပညာရှင် ကိုငှက်သီဆိုထားခဲ့တဲ့ သီချင်းဟောင်းလေး တစ်ပုဒ်ပါ၊ ကျနော် တို့အားလုံးရဲ့ ကမ္ဘာကြီး ပိုမိုသာယာစေဖို့ ရှေ့ရှုရင်း ပိုမိုငြိမ်းချမ်းလာတဲ့ ပျော်ရွှင်ဖွယ်ရာ နှစ်သစ် ဖြစ်ပါစေ ခင်ဗျား။ ။


ညီလင်းသစ်
၃၁ ဒီဇင်ဘာ၊ ၂၀၀၇

27 December 2007

လူလေးရဲ့ကဗျာ

သားကလေးဟာ
ကျနော် တဝက်စိုက်ပျိုးခဲ့တဲ့
သစ်ပင်ပေါက်ကလေးဖြစ်တယ်၊

သားကလေးဟာ
ပါဒတွေ အစဉ်တစိုက်တိုးလာမယ့်
ကဗျာလေးတစ်ပုဒ်လည်းဖြစ်တယ်၊

သားကလေးမှာ
ဆုတ်စရာ
ပြက္ခဒိန်တစ်စောင်တောင် မရှိသေးပါဘူး၊

သားကလေးဟာ
ရွေးချယ်ခွင့်မရှိဘဲ ရောက်လာခဲ့ရတဲ့
ဒီလောကကြီးကို မသိဘူး၊

သားကလေးဟာ ဂျော့ခ်ျဘုရှ်ကို မသိဘူး၊
အိုစမာဘင်လာဒင် ကိုမသိဘူး၊
သားကလေးဟာ ငရန်မန်ကန်းကို မသိဘူး၊
ရန်းဒတ်ခ်ကို မသိဘူး၊
သားကလေးဟာ ဘစ်ခ်ဘင်န်သီအိုရီကို မသိဘူး၊
ရီလေတစ်ဗီတီကို မသိဘူး၊

သားကလေးဟာ
မသိ၊ နားမလည်ခြင်းတွေ
ရာနှုန်းပြည့်နီးပါးနဲ့ နေထိုင်သူဖြစ်တယ်၊
သူ့ရဲ့ခေါင်းသေးသေးလေးထဲမှာ
သေချာသိတာဆိုလို့
အဖေ့ရဲ့စကားသံနဲ့
အမေ့ရဲ့ကိုယ်ငွေ့ရနံ့တို့ပဲ ရှိရဲ့။

ရုပ်ဝတ္ထုလိုအပ်မှုတွေ
များပြားလွန်းတဲ့
ဒီလောကကြီးထဲမှာ
သားကလေးလိုအပ်တာ
သိပ်များများစားစား မရှိပါဘူး၊

ဆာလောင်မှုတွေကို
မောင်းထုတ်မယ့်
အမေ့ရဲ့နို့ချိုတွေနဲ့
အိပ်စက်ခြင်းတွေကို
ယူဆောင်လာပေးမယ့်
အဖေ့ရဲ့လက်မောင်းတစုံရယ်ဆို ရပြီ၊

ရှိခြင်းနဲ့ မရှိခြင်း
သိခြင်းနဲ့ မသိခြင်း
ပိုင်းဖြတ်ထားတဲ့ ဒီကမ္ဘာထဲ
သားကလေးကတော့
ဗိုက်ဆာရင်ငိုမယ်...၊
အိပ်ချင်ရင်ငိုမယ်...၊

ဟန်ဆောင် ပရိယာယ်
တွက်ချက်မှုတွေ မပါဘဲ
တကယ့်အရိုးခံ မျက်ရည်တွေနဲ့
ငိုမယ်...၊
ပြီးတော့
သူ့ရဲ့ လိုအင်သေးသေးလေး
ပြည့်သွားတဲ့အခါ
နှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးပြီး
အိပ်ပျော်သွားလိမ့်မယ်၊

အဲဒီ မျက်ရည်မခြောက်တခြောက်
ပါးပြင်လေးတွေပေါ့...
ကျနော့်ရဲ့ခြေထောက်တွေကို
ဟောဒီ ကမ္ဘာမြေကြီးထဲ
မြဲမြံစွာ အမြစ်တွယ်စေခဲ့တာ။ ။


ညီလင်းသစ်
၂၇ ဒီဇင်ဘာ၊ ၂၀၀၇

(သားလေးသူရိယအတွက်...)

17 December 2007

3 Ships...


တနင်္ဂနွေတစ်ပတ်တော့ ပြီးသွားပြန်ပါပြီ၊ ဒ်ီတပတ်မှာ ကျနော်ဘလော့ဂ်တွေ လိုက်မလည်ဖြစ်ပါဘူး၊ အချိန် တော်တော်များများမှာ အပြင်ရောက်နေလို့ပါ...။

စနေနေ့က ကျနော်အရင်းနှီးဆုံး သူငယ်ချင်းမလေးရဲ့ သားကလေးမွေးနေ့ကို သွားဖြစ်ပါတယ်၊ သူ့သားကလေး ရဲ့အသက်(၂)နှစ်ပြည့် မွေးနေ့လေးက ရင်းနှီးတဲ့သူငယ်ချင်းတချို့နဲ့ သိုက်သိုက်ဝန်းဝန်းပါပဲ၊ မဆုံဖြစ်ကြတဲ့ လူတွေပြန်တွေ့တဲ့အခါတိုင်း ပြောစရာတွေက ဟိုတစ်စ ဒီတစ်စ မကုန်နိုင်မခန်းနိုင်နဲ့ပေါ့၊

အဲဒီမှာ ကျနော့်မိတ်ဆွေ တစ်ယောက်က ပြောပါတယ်၊ သူ့ဆီမှာ သုံးတဲ့ လျှပ်စစ်ပစ္စည်းတော်တော်များများက အမှိုက်ပုံ တွေကနေ ကောက်လာတာဖြစ်ကြောင်းနဲ့ ဒီနည်းနဲ့ ငွေကုန်ကြေးကျမများဘဲ သူအတော် အဆင်ပြေ နေတဲ့ အကြောင်းပါ၊ ဒီတိုင်းပြည်မှာ ကိုယ်အသုံးမလိုတဲ့ ပစ္စည်းတွေကို စွန့်ပစ်ဖို့ (၂)လတခါ ရက်သတ်မှတ် ထားပါတယ်၊ အဲဒီရက်မှာ ခြွင်းချက်အနည်းငယ်ကလွဲလို့ ထုထည်ကြီးမားတဲ့ ပစ္စည်းတွေအားလုံးကို စွန့်ပစ်နိုင် ပါတယ်၊ စွန့်ပစ်ရမယ့်ရက် မတိုင်မီ် ညနေရောက်ရင်တော့ လမ်းဘေးတွေမှာ ပစ္စည်းအဟောင်းပုံတွေကို တွေ့ရ ပါတော့တယ်။

ကျိုးပဲ့နေတဲ့ ပစ္စည်းတွေ ရှိပေမယ့် အများအားဖြင့်တော့ အသစ်ဝယ်လို့ စွန့်ပစ်လိုက်တဲ့ အဟောင်းတွေနဲ့ ကိုယ် အသုံးမလိုတော့လို့ စွန့်ပစ်ကြတဲ့ အရာတွေများပါတယ်၊ အဲဒီမှာ ကုတင်၊မွေ့ယာမှစ၍ မီးပူ၊ဆိုဖာထိုင်ခုံ အလယ် ပန်းကန်ခွက်ယောက်အဆုံး အားလုံးကို တွေ့ရပါတယ်၊ နောက်တနေ့မနက်မှာတော့ မြို့နယ်စည်ပင်သာယာ က အဲဒီပစ္စည်းတွေကို လာကြုံးသွားလေ့ ရှိပါတယ်၊

ကျနော်ဒီနိုင်ငံကို ရောက်ခါစက အဲဒီလိုစွန့်ပစ်ပစ္စည်းတွေကို လာကောက်တဲ့လူ သိပ်မရှိပါဘူး၊ ဒါပေမယ့် လွန်ခဲ့ တဲ့(၆)လလောက်ကစ,လို့ အဲဒီလိုညနေရောက်ပြီဆိုရင် လမ်းတွေထဲမှာ လှည့်လည်ပြီး ကိုယ်အသုံးတည့်မယ့် ပစ္စည်းရှာသူတွေ တဖြည်းဖြည်းများလာတာကို သတိပြုမိပါတယ်၊ တချို့ဆို ကားကြီးကားငယ် အသွယ်သွယ်နဲ့ ကိုလှည့်ပတ်ရှာဖွေနေတာပါ၊ ကျနော်ကတော့ ဒီအလေ့အထကို ကြိုဆိုပါတယ်၊ ကိုယ်တိုင်လည်း သွားရင်းလာ ရင်းအသုံးတည့်တာမြင်ရင်တော့ ကောက်လာဖို့ ဝန်မလေးပါဘူး၊ စောစောကပြောတဲ့ကျနော့်မိတ်ဆွေဆို သူသုံး တဲ့ကွန်ပျူတာကအစ အဲဒီလိုကောက်လာတာပါ၊ သူက သူ့မှာ ကောက်လာတဲ့ အမ်ပလီဖိုင်ယာ(၃)လုံးတောင်ရှိ နေလို့ ကျနော့်ကိုတောင်တစ်လုံး မျှနေပါသေးတယ်။

အနောက်တိုင်းလူမှုအဖွဲ့အစည်းက Consumer Society ဖြစ်ပါတယ်၊ အများစုက သုံးနိုင်တဲ့အခြေအနေရှိသလို ကုန်ပစ္စည်းထုတ်လုပ်မှုကလည်း ဖောဖောသီသီနိုင်တယ်၊ ဒီတော့ မလိုအပ်ဘဲ ဝယ်တာတွေက အတော်လေး များပါတယ်၊ ကုန်ထုတ်စွမ်းအားက လူ့စွမ်းအားအရင်းအမြစ်ထက် ပိုကြီးတဲ့အတွက်ကြောင့်လည်း ပစ္စည်းတစ်ခု ပျက်ရင် အသစ်ထပ်ဝယ်တာက ပြင်ဆင်ရတာထက် ပိုသက်သာပါတယ်၊ အဲဒီလို အလွန်အကျွံ ထုတ်လုပ်မှုတွေကြောင့် ပစ္စည်းတွေဟာ ဖျက်ဆီးဖို့မနိုင်တော့ဘဲ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေပြီး Ecological system ကိုမမောက်ကမ ဖြစ်စေပါတယ်၊ ဒါတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တွေမှစ၍ အတော်များများက သုံးစွဲမှု (Consumption)ကိုလျှော့ချဖို့ ပြောလာချိန်မှာ အခုလို အမှိုက်ကောက်တဲ့ Recycling စနစ်လေးက လူမှုဘဝဟန်ချက်ညီစေဖို့ တဖက်တလမ်းက အထောက်အကူ ပြုပါတယ်၊ ကျနော့် မိတ်ဆွေကတော့ ဆက်ပြီးကောက်သွားဦးမယ်လို့ ပြောသွားပါတယ်။

ဟိုရောက်ဒီရောက်နဲ့ စကားတွေကောင်းနေကြသလို အိမ်ရှင်သူငယ်ချင်းကလည်း ဟင်းချက်ကောင်းပါတယ်၊ ကျနော် တို့ကို ဒန်ပေါက်နဲ့ဧည့်ခံလို့...၊ ကျနော်တို့ဆီမှာ အိန္ဒိယစားသောက်ဆိုင်က နည်းရတဲ့အထဲမှာ ဒန်ပေါက် လည်းမရောင်းပါဘူး၊ ဒီတော့အားလုံးက ကြက်လျှာစွန်း ဒန်ပေါက်ဆိုင်က အထူးအော်ဒါရထားတဲ့အလား မြိန်ရေ ယှက်ရေနဲ့ အားပေးကြတာပေါ့၊ အိမ်ရှင်သူငယ်ချင်းလည်း အတော်လေး ဒါနမြောက်သွားပါတယ်။

ပြီးတော့ အပြင်ဖက်ရာသီဥတုလည်း ကိုယ့်ဖက်ခပ်ပါပါဆိုတော့ နေ့လည်ခင်းဟာ ဝိုင်နီတွေ ရီဝေဝေနဲ့...၊ ကျနော်ကလည်း ဆရာနေဝင်းမြင့်နဲ့ တခြားဟာသာ မတူရင်ရှိမယ်၊ ဝိုင်ကြိုက်တာတော့ တထေရာတည်းပါပဲ၊ ဝိုင်က နှစ်မချို့ပေမယ့် အပြစ်ဖို့စရာတော့ မရှိပါဘူး၊ ကျနော်တို့ထဲက သူငယ်ချင်းတစ်ယောက်က စပျစ်ခင်းတွေ ဝေဝေဆာဆာ စိုက်ပျိုးတဲ့ တောင်ပေါ်ဒေသမှာ နေတာပါ၊ သူကလည်း ရေမြေလိုက်သွားတယ် ထင်ပါရဲ့..၊ ဝိုင်တွေ တစ်လုံးပြီးတစ်လုံးဖွင့်လို့၊ တတ်နိုင်ရင် စပျစ်ခင်း တခုလုံးကို ပါးစပ်ထဲမှာတင် ကဇော်ဖောက်ပြီး မျိုချ မယ့်ပုံမျိုး...။

ဘယ်လိုပဲဖြစ်ဖြစ် မွေးနေ့ရှင် (၂)နှစ်သားကလေးတော့ ပျော်မပျော် မသိပါဘူး၊ ဧည့်သည် လူကြီးတွေကတော့ အတော်လေး ပျော်ခဲ့တာ အသေအချာပါ၊ တခါတရံမှာ စာအုပ်တွေနဲ့ တိတ်ဆိတ်စွာနေရတာ ချမ်းမြေ့ဖွယ် ကောင်းသလို တခါတလေတော့ ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ စကားလက်ဆုံကျ ရတာလည်း နှစ်လိုဖွယ်ရာပါပဲ၊ တကယ်တော့ လူဟာ ships (၃) ships လိုအပ်ပါတယ်၊ Friendship, Fellowship နဲ့ Companionship တို့ပါ၊ အထီးတည်းနေတဲ့ သတ္တဝါတွေ မဟုတ်လို့လည်း ဒီ ships တွေ တနည်းမဟုတ် တနည်းလိုအပ်လေ့ရှိပါတယ်၊ အဲဒီနေ့မှာ ကျနော်ကတော့ ဒန်ပေါက်ကမ်းခြေကနေ အဲဒီ ship သုံးစင်းနဲ့ ဝိုင်ပင်လယ်ထဲ ရွက်လွှင့်ခဲ့ပါတော့ တယ်။ ။


ညီလင်းသစ်
၁၇ ဒီဇင်ဘာ၊ ၂၀၀၇

(မွေးနေ့ကျရောက်တဲ့ မောင်ရာဇာနဲ့အတူ မိငယ်ကို ဒီပို့စ်လေးနဲ့ နှုတ်ဆက်လိုက်ပါတယ်...)

13 December 2007

နှင်းတောင်တွေပေါ်မှာ

သူ ငယ်စဉ်ကလေးဘဝတုန်းက နှင်းဆိုတာရေခဲ သေတ္တာ အအေးခန်းထဲက ရေခဲမှုန်တွေလို နေမှာပဲလို့ တွေး ကြည့်ဖူးသည်၊ နှင်းတွေနဲ့ပတ်သက်လို့ သူ များများ စားစား မသိပါ၊ အပူပိုင်းဒေသက လူတစ်ယောက်ပီပီ သူ့ ပတ်ဝန်းကျင်နှင့် သိပ် အကျွမ်းမဝင်လှသော နှင်းကို မြင်ဖူးချင် ထိတွေ့ဖူးချင်ခဲ့သည်၊ အဲဒီလို စိတ်ကူးယဉ် ကြည့်ခဲ့ရတဲ့နှင်းကို ပထမဆုံးအကြိမ် သူ မြင်ခွင့် ရတာကတော့ တခုသောနွေရာသီမှာဖြစ်လေသည်။

ဒီနိုင်ငံကို သူရောက်လာတဲ့အချိန်က ဥရောပရဲ့ နွေ ရာသီဆိုတော့ နှင်းအကြောင်းက သူ့ခေါင်းထဲမှာ သိပ်မရှိပါ၊ ဒါပေမယ့် သူ ရောက်ပြီးသိပ်မကြာခင်မှာပဲ တောင် ပေါ်ကိုအလည်သွားဖို့ အကြောင်းဖန် လာခဲ့သည်၊ တောင်တန်းတွေ ပေါများသည့်နိုင်ငံ ဖြစ်သည့် အလျောက် တနှစ်ပတ်လုံး နှင်းဖုံးနေတဲ့တောင်တွေလည်း အတော်များသား၊ အဲဒီတောင်တန်းတွေထဲမှာမှ သူ ရောက် သွားခဲ့တာက မီတာ ၃၀၀၀ ကျော်အမြင့်ရှိတဲ့ နှင်းဖုံး တောင် တစ်ခုပါ၊ အဲဒီတောင်ကြောပေါ်မှာတော့ နှင်းက ဆယ့်နှစ်ရာသီပတ်လုံး ရှိသတဲ့။

သူ စီးလာသော တောင်ပေါ်တက်သည့် Cable car တံခါးပွင့်သွားချိန်မှာတော့ အိပ်မက်ထဲက နှင်းကို တကယ် တွေ့လိုက်ရတော့သည်၊ သူ့ မျက်စိရှေ့မှာ အဖြူရောင်နှင်းပြင်ကျယ်ကြီးက တပြန့်တပြောနှင့် မျက်စိတဆုံး...၊ အသက် (၃၀) ဝန်းကျင်လူတစ်ယောက်က သူ့ဘဝမှာ ပထမဆုံး တွေ့ရတဲ့နှင်းကို လက်တဆုပ်စာ ကောက်ယူ လိုက်ပြီး တအံ့တသြနဲ့ ချေမွနေမိသည်၊ နောက်တော့ နှင်းတွေကို အဆုပ်လိုက် အဆုပ်လိုက်လုံးယူကာ ကလေး တစ်ယောက်လို သူမြူးတူး ဆော့ကစားနေမိတော့သည်၊ ပြီးတော့ စိတ်လှုပ်ရှား ရင်ခုန်လျက် မယုံနိုင်ဖြစ်နေ သေးသည်၊ ကျောင်းတုန်းက စာထဲမှာသာ သင်ဖူးသော အဲ့လ်ပ်စ် (Alpes) တောင်တန်းတွေပေါ်ကို သူတကယ် ရောက်နေလေသည်၊ ဥရောပရဲ့ အမြင့်ဆုံးတောင်တန်းတွေလေ...။

နှင်းပေါ်မှာလမ်းလျှောက်လို့ ခဏအကြာမှာတော့ အံ့သြစရာကောင်းစွာ သူ ပူအိုက်လာတော့သည်၊ တောင်ပေါ် သွားဖို့ ပြင်တုန်းက နှင်းတောထဲမှာဆိုတော့ ချမ်းမှာပဲဆိုပြီး အနွေးထည်သုံးလေးထပ် သူဝတ်လာခဲ့သည်၊ ဒါပေ မယ့် သူတွေးထားတာနဲ့ ဆန့်ကျင်စွာ ရာသီဥတုက ပူအိုက်နေခဲ့သည်၊ အင်းလေ..နှင်းတောင်ပေါ်မှာပေမယ့် နွေရာသီကိုး၊ ဒီတော့ တထပ်ပြီးတထပ် ချွတ်လာလိုက်တာ နောက်ဆုံး ကိုယ်ပေါ်မှာဝတ်ထားတဲ့ တီရှပ်ပဲ ကျန် တော့သည်၊ အဲဒီတီရှပ်ကလည်း ချွေးစို့နေပြီ၊ သူကတော့ နှင်းပေါ်မှာပေမယ့် ချွေးစို့နေရသည့် အဖြစ်ကိုပဲ အံ့သြ နေမိသည်၊ နောက်တခုက နေရောင်...၊ နှင်းပြင် အဖြူရောင်က ရောင်ပြန်ဟပ်လာသည့် နေရောင်က သူ့မျက်စိ ကို အလွန်ဒုက္ခပေးပါသည်၊ သူ့မှာနေကာမျက်မှန် လည်းမပါ၊ နှင်းပေါ်မှာ အလင်းပြန်လာသည့် နေရောင်က ဒီလောက်မျက်စိကျိန်းလိမ့်မယ်လို့ သူတခါမှ မစဉ်းစားခဲ့...၊ မတတ်နိုင်တော့...၊ ရသလောက်သာ မျက်စိကို မှေးကျဉ်းထားရတော့သည်။


အဲဒီလို ပထမဆုံး နှင်းတွေနဲ့သူ ဆုံစည်းခဲ့ရပုံက ချွေးလေးတစိုစိုနှင့် သိပ်တော့အေးအေးချမ်းချမ်း မဟုတ်ခဲ့ပေ၊ ဒါပေမယ့် ဆောင်းကာလရောက်လာတဲ့ အခါမှာတော့ မြေပြင်မှာရှိနှင့်ပြီးသား နှင်းတွေသာမကပဲ မိုးပေါ်က ကျလာတဲ့ နှင်းတွေနဲ့ပါ သူရင်းနှီးခဲ့ ရတော့သည်၊ အဲဒီအခါမှာတော့ ရာသီဥတုက တကယ်ပဲ အေးမြလှပါသည်၊ ခပ်ဖွဲဖွဲ ကျလာတတ်သည့် နှင်းမှုန်လေးတွေရော, အဖတ်လိုက်ကျလာတတ်သည့် နှင်းဖတ်တွေရော အားလုံးကို သူ မြင်ခဲ့ရသည်၊ အစမှာတော့ မြင်မြင်သမျှ အရာရာက သူ့အတွက်အဆန်းတကြယ်ချည်းပဲ ဖြစ်နေခဲ့သည်၊ ပြီးတော့ အေးတဲ့ရာသီဥတုကို လည်းသူကြိုက်ပါသည်၊ အအေးကြိုက်လွန်းသည့်အတွက် တခါတရံအပူချိန် ၄-၅ ဒီဂရီစင်တီဂရိတ်အထိ သူအနွေးထည်မဝတ်၊ ဒီနိုင်ငံသား သူ့မိတ်ဆွေတွေကပင် တအံ့တသြနှင့်မချမ်းဘူးလား ဟုမေးယူရသည်၊ သူကလည်း ‘ကျနော့်နိုင်ငံက နေရောင်ခြည်တွေကို ခန္ဓာကိုယ်ထဲမှာ သိုမှီးလာတာဗျ’ဟုရွှတ် နောက်နောက်ပြန်ဖြေမြဲ...။

သူ့အတွက်ကတော့ မြို့ကြီးပြကြီးတွေမှာ သိပ်သိပ်သည်းသည်းကျဆင်းလာသည့် နှင်းဖတ်များက အမှန်ပင် ရင်ခုန်စရာ ကောင်းပါသည်။ မြို့ပြရဲ့တိုးတက်ထွန်းကားမှုတွေ၊ မီးပွိုင့်တွေ၊ မိုးမျှော်တိုက်ကြီးတွေပေါ်ကို ငြိမ်း ချမ်းတိတ်ဆိတ်သည့် နှင့်ပွင့်များ တဖွဲဖွဲနှင့်ကျလာပုံက သူ့အတွက် ဘယ်တော့မှမရိုးနိုင်သော မြင်ကွင်း တခုပဲ ဖြစ်သည်၊ သို့သော် ထိုရင်ခုန်မှုရဲ့ နောက်ဆက်တွဲက နဲနဲတော့စိတ်ညစ်စရာပင်၊ ကားဘီးတွေမှာ လမ်းမချော် အောင် သံချိန်းကြိုးတွေတပ်ရတာ၊ လမ်းတွေမှာ နှင်းခြစ်ကားနဲ့ အမြဲမပြတ် ရှင်းနေရတာ၊ မြန်နှုန်း လျှော့ချရလို့ ကားတွေ အမြန်မမောင်းနိုင်ဘဲ လမ်းတွေပိတ်ကုန်တာ၊ လမ်းတွေမှာ ပုံနေတဲ့နှင်းတွေက ပျော်ကျ လာတဲ့အခါ နေရာတိုင်းမှာ ရေစပ်စပ်နဲ့ ဖြစ်ကုန်တာ စသဖြင့် ကသိကအောက်ဖြစ်စရာလေးတွေ တော့ရှိသည်၊ ပြီးတော့ ကားဒဏ်လူဒဏ် ကြားမှာ နှင်းတွေခမျာ သိပ်ကြာကြာ ဖြူမနေနိုင်ပါ၊ ခပ်ညစ်ညစ် ဖြစ်ကုန်တတ်ကြသည်၊ နောက်တော့လည်းအဲဒီ နှင်းတွေ လွင့်ပါးကွယ်ပျောက် သွားတာပါပဲ။


တောင်ပေါ်ကနှင်းတွေကတော့ တဆောင်းတွင်းလုံး အေးမြဖြူဖွေး နေလေ့ရှိပါသည်၊ အဲဒီတောင်ပေါ်ကနှင်းတွေ အကြောင်းကို သိပ်မကြာခင်မှာ သူပိုသိလာခဲ့သည်၊ အကြောင်းက မထင်မှတ်ပါဘဲ နှင်းလျှောစီးစခန်း စ်ခုကို သူရောက်သွားခဲ့သည်၊ အဲဒီမှာ တစ်ပတ်ကြာနေခဲ့တဲ့ကာလအတွင်း သူ့တသက်တခါမှတွေးမထားတဲ့ နှင်းလျှော စီးခြင်းကို သူ သင်ကြားခွင့် ရခဲ့လေသည်၊ သူတည်းခိုသည့်နေရာက Ski လို့ခေါ်သည့် နှင်းလျှောစီးခြင်းအတွက် မတတ်သေးသူတွေကို အခမဲ့ သင်ပေးသလို တတ်ပြီးသား သူ တွေကိုလည်း ကျွမ်းကျင်မှုအလိုက် အတူအကွစီး နိုင်ဖို့ အုပ်စုလေးတွေ ဖွဲ့ပေး တဲ့ဝန်ဆောင်မှုရှိသည်၊ သူက လည်း သူနေတဲ့မြို့ကနေ ဆောင်းတွင်းတစ်ရာသီစာ ငှါးလာတဲ့ ski တစ်စုံနှင့် တက်ကြွနေသည်။

အစမှာတော့သူက ဒီအသက်ဒီအရွယ်ရောက်မှ ကလေးတွေနဲ့အတူ သင်ရလိမ့်မည်ဟု တွေးထားခဲ့သည်၊ ဒါပေ မယ့်သူ့လို လုံးဝမစီးတတ်သူတွေ အတော်များတာကိုတွေ့လိုက်တော့ အားတက်သွားခဲ့သည်၊ သင်ပေးမည့် ဆရာက အဆင့်သင့်ပြင်ဖို့ ပြောတော့ သူလည်း အများလုပ်တာကြည့်ပြီး ski ပြားတွေကို ဖိနပ်မှာတပ်လိုက် သည်၊ ဒါပေမယ့် ski ပေါ်တက် လိုက်သည်နှင့် မစီးတတ်သူတို့ ထုံးစံအတိုင်း လျှောကနဲထွက်သွားတော့သည်၊ ဒီတော့အရှိန် လျှော့ဖို့အတွက် ကိုယ်ခန္ဓာကို နောက်ဖက်ယိုင်လိုက်သည်၊ အဲဒါက မဟာအမှားပါပဲ၊ အကြောင်း က ကိုယ်ခန္ဓာရဲ့ အလေးချိန်က ski ပြားပေါ်မှာမရှိတော့ဘဲ ski ပြားနှစ်ခုက အထိန်းအကွပ်မဲ့ကာ အချင်းချင်း ချိတ်မိပြီး သူ လဲကျလေသည်။ ပထမတော့ သူနဲနဲရှက်သွားပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့အဖွဲ့ကလူတွေ တစ်ယောက်ပြီးတစ်ယောက် အားလုံးလဲကုန်တာမြင်တော့ သူစိတ်သက်သာရာ ရသွားခဲ့သည်၊ နောက်တော့ လည်း ဒီလိုလဲကျတာ အဆန်းမဟုတ်တော့ဘဲ သူ့အတွက်ပျော်စရာ တခုပင်ဖြစ်လာခဲ့သည်။

ခဏအကြာမှာ သင်တန်းဆရာက ဘရိတ်အုပ်နည်းကို သင်ပေးပါသည်၊ မစီးတတ်ခင်မှာ အကောင်းဆုံးဘရိတ် အုပ်နည်းကတော့ ski ကို ထယ်သွားပုံစံ ရှေ့ဖက်မှာစုလျက် နောက်ဖက်ကိုကားလိုက်ခြင်းပင် ဖြစ်သည်၊ ထယ် ထိုးသည်ဟု ခေါ်သည်၊ ဒီနည်းနဲ့ ski က ရပ်ချင်သည့်နေရာမှာ တိကနဲရပ်သည်၊ ဘယ်လိုရပ်ရလဲ ဆိုတာသူသိ သွားတော့ စီးရင်းအရှိန်လေး နဲနဲရလာရင် ရပ်လိုက်၊ ပြီးတော့ဆက်စီးလိုက်နဲ့ သူ အားတက်လာလေသည်၊ ဒါနဲ့ နှင်းဆင်ခြေလျှော ပြေပြေလေးတွေမှာ စီးလိုက်၊ မြန်လာရင် ထယ်ထိုးပြီး ရပ်လိုက်နှင့် ‘အင်း..လယ်ထဲ မှာသာဆို ရင်တော့ ထွန်ရေးညက်လောက်ပြီ’ ဟု သူတွေးနေလေသည်။

ဒီလိုနှင့် အကြိမ်တော်တော်များများ လဲကျအပြီးမှာတော့ သူကျွမ်းကျင်စွာ ski စီးတတ်သွားတော့သည်၊ ထိုအခါ အများသူငါလို စီးဖို့အတွက် နှင်းတောင်တွေပေါ်ကို သူတက်ခဲ့သည်၊ တောင်တွေပေါ်မှာ ski စီးရာလမ်း ကြောင်း ကို (၃)မျိုးခွဲ ထားလေ့ရှိပါသည်၊ အပြာရောင်,အနီရောင်နှင့် အနက်ရောင်ဖြစ်သည်၊ အပြာရောင် လမ်းကြောင်း ကဆင်ခြေလျှော ပြေပြေလေးတွေနှင့်ဖြစ်ကာ အနီကသူ့ထက်ပိုမတ်ပြီး အနက်ရောင် လမ်း ကြောင်းကတော့ အမတ်ဆုံးနှင့် အခက်ဆုံးဖြစ်သည်၊ ဒီလမ်းကြောင်းတွေကို သိဖို့အတွက် လမ်းရဲ့ တဖက်တချက်မှာ အဲဒီ အရောင်တွေနဲ့ တုတ်တိုင်တွေစိုက်ထား လေ့ရှိပါသည်၊ သူက ပထမတော့ အပြာရောင် လမ်းကြောင်းပေါ်မှာ မရဲ တရဲစမ်းစီးရင်း တဖြေးဖြေးနှင့် အနီရောင်ကိုပါ သူစီးရဲလာခဲ့သည်၊ နောက်တော့ တချို့အနက်ရောင် လမ်း ကြောင်း တွေကိုပါ စီးဖြစ်တော့သည်။

လောလောလတ်လတ် ကျထားကာစ နှင်းထုတွေပေါ်မှာ ski စီးရတာသူကြိုက်ပါသည်၊ Powder snow လို့ခေါ် ကြသည့် ထိုနှင်းမျိုးတွေက တကယ့်ကို နုနုမွမွလေးဖြစ်သည်၊ ပြီးတော့မနက်ခင်းမှာ စီးလို့ပိုကောင်းသည်ဟု သူ ထင်သည်၊ နေ့ခင်းပိုင်းရောက်ရင်တော့ နေသာသည့်ရက်ဆိုရင် နှင်းတွေကနဲနဲ အရည်ပျော်လို့ ski ပြားတွေကို ဆွဲထားသလို ဖြစ်တတ်ပြီး၊ နေရောင်မရဘဲ အအေးပိုသည့်အခါဆိုရင်တော့ နှင်းဖတ်တွေက တချို့နေရာတွေမှာ ရေခဲပြင်လို မာချင်ချင်။ ထိုအခါ ချော်လဲဖို့ ရာခိုင်နှုန်းပိုများပါသည်၊ နှစ်စဉ်နှစ်တိုင်း ski ကြောင့်ဒဏ်ရာရသူတွေ ကိုသူမြင်ဖူးနေသည့်အတွက် သူချော်မလဲချင်ပါ၊ ပြီးတော့ ကြောက်သည်ပဲဆိုဆို သတ်မှတ်ထားသော ski လမ်း ကြောင်းအတွင်းမှသာ သူစီးပါသည်၊ ကျွမ်းကျင်နေသည့် တချို့လူငယ်တွေက တောင်စောင်း၊ လျှိုမြောင်ထဲမှာ ခဲရာခဲဆစ် စီးတတ်ကြသည်၊ ထိုအခါ နှင်းတောင်ပြိုမှုတွေ မကြာခဏဖြစ်ပြီး အသက်ဆုံးကြရသည်။

Ski ဖြင့်တောင်အောက်ရောက်လာသောအခါ တောင်ပေါ်ကို Chair lift ဟုခေါ်သော ကြိုးတပ်ခုံများ ဖြင့်ပြန် တက်ကြရသည်၊ ထိုအတွက် နေ့တဝက်စာ သို့မဟုတ် တနေ့စာလက်မှတ် ဝယ်ရသည်၊ ထိုလက်မှတ်ကို အဝင်ဝ မှ စက်ထဲထည့်ရင်း တံခါးပွင့်လာသောအခါ ရောက်လာသောထိုင်ခုံပေါ် ထိုင်လိုက်သွားရုံပင်...၊ ထိုခုံတွေ မှာထိုင်ရင်း တောင်ပေါ်ကို တရွေ့ရွေ့တက်နေစဉ်တိုင်းမှာ မြန်မာပြည်မှ သူငယ်ချင်းများကို သူ သတိရလေ သည်၊


သူ့တိုင်းပြည်မှာလည်း ဒီလိုနှင်းတောင်တွေရှိတာ သူသိပါသည်၊ အိမ်နီးချင်း တိုင်းပြည်တွေမှာမရှိသည့် နှင်းဖွေး ဖွေးအလှတို့ဖြင့် သဘာဝလက်ဆောင်မွန်ကို ရထားသည့် အရှေ့တောင်အာရှက ချစ်စရာတိုင်းပြည်ကလေး...။ ဒီနှင်းတောင်တွေပေါ်မှာ ski စခန်းတွေ ဖွင့်လှစ်နိုင်ရင် ဘယ်လောက်ကောင်းမလဲဟု သူမကြာခဏ စိတ်ကူး ယဉ် ကြည့်ဖူးသည်၊ ပိုက်ဆံတတ်နိုင်သည့် အာရှကတိုင်းပြည်တချို့ နှင်းလျှောစီးစခန်းအတုတွေ ဆောက်နေကြချိန် မှာ သူ့တိုင်းပြည်က သဘာဝနှင်းတောင်တွေကတော့ လူရာသိပ်မဝင်နိုင်သေး၊ ဒီလိုစခန်းတွေသာ ရှိလာရင် သူ့ တိုင်းပြည်ကလူတွေ ဘယ်လောက်ပျော်ရွှင် ဂုဏ်ယူလိုက်မလဲ၊ အားလုံးကလည်း အထိုက်အလျောက် သုံးနိုင် စွဲနိုင်လို့၊ ဆောင်းရာသီမှာ အလုပ်ကခွင့်တွေယူ..ပူတာအိုကိုတက်ကြ၊ ski စခန်းတွေမှာ အပန်းဖြေကြ၊ ပြည်ပက ski လာစီးမယ့် ခရီးသွား တွေနဲ့ လည်း စည် ကားပြီး နိုင်ငံခြားဝင်ငွေတွေ ပိုရကြ...၊ အတွေးတွေထဲမှာ နစ်မျောရင်း သူ့နှုတ်ခမ်းတွေပင် အလိုလို ကွေးညွှတ် ကာ ပြုံးနေမိသည်။

ရုတ်တရက် သုတ်ကနဲတိုက်လိုက်သော ဆောင်းလေအေးအေးကြောင့် သူလန့်သွားပြီး သူ့စိတ်ကူးထဲမှ နှင်း လျှောစီးစခန်းလေးမှာလည်း တစစီပြိုကျ ပျောက်ကွယ်သွားတော့သည်၊ ဆောင်းလေက သူမေ့ထားချင်သော အဖြစ်မှန်တွေကို သူ့အပေါ်တိုက်ခတ် သွန်ချလိုက်သဖြင့် သူဖိစီးလေးလံသွားသည်၊ အင်း..တနေ့နေ့ ပေါ့လေ..။ သူ မှုတ်ထုတ်လိုက်သော သက်ပြင်းငွေ့နွေးနွေးက နှုတ်ခမ်းဝမှာတင် အေးစက်သောဆောင်းလေရဲ့ ရက်ရက် စက်စက် ချေဖျက်ခြင်းကို ခံလိုက်ရသည်၊ လောလောဆယ်တော့ တောင်ပေါ်တရွေ့ရွေ့ တက်နေသည့် ထိုင်ခုံ ပေါ်မှနေ၍ နှင်းလျှောစီးသူတွေဖြင့် ပြည့်နေသည့် နှင်းတောင်တွေကိုကြည့်ကာ သူ့တိုင်းပြည်မှ လည်ပတ်သူမဲ့ နှင်းတောင်တွေကို သူသတိရနေမိလေသည်။ ။


ညီလင်းသစ်
၁၂ ဒီဇင်ဘာ၊ ၂၀၀၇

11 December 2007

တင်ချင်ပါသော်လည်း...


ကျနော်လည်း ပို့စ်အသစ်မတင်ဖြစ်တာ နဲနဲတောင်ကြာသွားပြီ၊ ပုံမှန်ဆိုရင် အနည်းဆုံး ၃-၄ ရက်တခါတော့ တင်နိုင်အောင် ကြိုးစားမယ်လို့ စိတ်ကူးထားတာပါ၊ ဒါပေမယ့် အခုတော့ အတန်ငယ်ကြန့်ကြာနေလေရဲ့..၊ ဘာ့ကြောင့်ဆိုတာ ရှင်းပြပါ့မယ်။

ကျနော့်မှာ စာရေးဖို့အချိန် အတော်ရှားပါးရတဲ့အထဲ ရတဲ့အချိန်လေးမှာလည်း အခုတလောအခြားဟာတွေလုပ် နေလို့ပါ၊ တခြားဟာဆိုတာ တခြားတော့မဟုတ်ပါဘူးဗျာ..Video Editing ကိုပြောတာပါ၊ ပြောရရင်တော့ ကျနော့်ရဲ့ ရောက်တတ်ရာရာ ဝါသနာတွေထဲမှာ ဗီဒီယိုတည်းဖြတ်တာလည်း တစ်ခုအပါအဝင်ဗျ၊ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာတွေ့ရလေ့ရှိတဲ့ ထူးထူးဆန်းဆန်းတည်းဖြတ်တာတွေ၊ အထူးပြုလုပ်ချက် Special Effects တွေ ကိုကျနော် ဝါသနာပါ,ပါတယ်၊ အထူးသဖြင့် ကွန်ပျူတာနဲ့လှည့်စားထားတဲ့ ရိုက်ချက်တွေကိုလေ့လာဖို့ စိတ်ဝင် စားတယ်ပေါ့လေ၊ ဥပမာ-The Lord of the Rings တို့၊ Harry Potter တို့ထဲက Effects တွေပေါ့။

အခုလုပ်နေတာကတော့ ဒီဗီဒီလေးတွေလုပ်ဖို့အတွက် ရိုးရိုးတည်းဖြတ်မှုပါ၊ ကျနော့်မှာ မွေးနေ့တို့၊ မိတ်ဆုံပွဲတို့၊ ဟိုပွဲဒီပွဲတို့မှာ တနှစ်ပတ်လုံးရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုအပိုင်းအစတွေ ရှိပါတယ်၊ ပြီးတော့ကျနော့်သားငယ်လေး မွေးကတည်းကနေ အခုသူ (၃)လပြည့်တဲ့အထိ မှန်မှန်ရိုက်ထားခဲ့တဲ့ clips တွေလည်းရှိတယ်၊ အဲဒါတွေကို လုပ်နေတာပါ၊ တကယ်ဆိုရင်ဒါတွေကို မှန်မှန်လေးလုပ်လာခဲ့ရမှာ...၊ ဒါပေမယ့်ကျနော်က အလုပ်တွေရှုပ်လိုက်၊ အရှုပ်တွေလုပ်လိုက်၊ မယောင်ရာဆီလူးလိုက်၊ နေ့ရွှေ့ညရွှေ့လုပ်လိုက်နဲ့...အခုကျမှ သိမ်းကျုံးပြီးတွန်းနေရတာ။

နောက်ပြီး ကျနော်က ပြီး,ပြီးရောလည်း မလုပ်ချင်ပြန်ဘူး၊ ကိုယ်တတ်သလောက် Effects လေးတွေနဲနဲ ထည့် ချင်သေးတယ်၊ ဒီတော့ ပုံမှန်လုပ်ရတဲ့ အခန်းအကူးအပြောင်းဆက်တာ၊ စာတန်းတွေထည့်တာ၊ နောက်ခံသီချင်း dubbing လုပ်တာ၊ နောက်ခံစကားပြော narration ထည့်တာတွေအပြင်ကို ဖြတ်ညှပ်ကပ် တွေထပ်လုပ်ရတော့ အချိန်အများကြီး ပိုကုန်ပါတယ်၊ ဘေးထွက်အကျိုးဆက်ကတော့ ကျနော့်ဘလော့ဂ်လေးမှာ အသစ်တင်ဖို့ နှောင့်နှေးတာပါပဲ၊ ကျနော့်ဆီကိုရောက်လာပြီးမှ ‘ဟင်း..တခါလာလည်းဒီပို့စ်ပဲ’ဆိုပြီး စိတ်ပျက်လက်ပျက်ပြန် သွားရမယ့် မိတ်ဆွေသူငယ်ချင်းတွေကို အားနာလှပါတယ်၊ ဒါ့ကြောင့်တဖက်ကလည်း တနေ့နဲနဲ ကျနော်ရေးနေပါတယ်၊ နောက်တစ်ရက် နှစ်ရက်ဆိုရင်တော့ အသစ်တစ်ပုဒ် ပြီးတန်ကောင်းပါရဲ့...။


ညီလင်းသစ်
၁၁ ဒီဇင်ဘာ၊ ၂၀၀၇

05 December 2007

ကျနော်နှင့်ဈေးဆစ်ခြင်း


ကျနော်မလုပ်ချင်ဆုံး အလုပ်တွေထဲကတစ်ခုကတော့ ဈေးဆစ်ခြင်းပါပဲ၊ ဈေးဆစ်ရမှာကို ကျနော် အင်မတန်ဝန်လေး သလို ဈေးဆစ်လည်းမကျွမ်းကျင်ပါဘူး၊ ဒါ့ကြောင့်လည်း ဈေးဆစ်ပြီးမှ ဝယ်ရမယ့်နေရာ တွေကို တတ်နိုင်သလောက် ရှောင်ပါတယ်၊ မတတ်သာလို့ ပစ္စည်းတခုကို ဈေးဆစ်ပြီးဝယ်ရတော့မယ်ဆိုရင် ကျနော်တကယ်ကို စိတ်ညစ်ရပြီ၊ အကြောင်းကတော့ ကိုယ်ဆစ်လိုက်တာများ, များသွားမလားဆိုပြီး အား နာနေရသလို တဖက်ကလည်း ကိုယ်ဆစ်လိုက်တာ နည်းသွားလို့ မတန်တဆပေးလိုက် ရမှာကို စိုးရိမ်နေရ လို့ပါပဲ။

ကျနော်ငယ်စဉ်တုန်းက အမေခိုင်းလို့ ဈေးသွားဝယ်ရတိုင်း အဆီအငေါ် မတည့်စွာနဲ့ ပြန်လာရတာများပါတယ်၊ ကျနော်က ဈေးသည်ပြောတဲ့ ဈေးအတိုင်းဝယ်ချလာတော့ အိမ်ရောက်တဲ့အခါ ပြဿနာဖြစ်တော့တာပါပဲ၊ အမေက ကျနော် မတန်တဆပေးခဲ့ရလေခြင်း ဆိုပြီးနှမြောနေတဲ့အခါ ကျနော်ကလည်း အပြစ်လုပ်မိသူ တစ်ယောက်လို စိတ်လက်မအီမသာ ဖြစ်ရစမြဲ၊ နောက်တော့ ကျနော့်ကို တခုခုသွားဝယ်ခိုင်းတိုင်း အမေက ဈေးဆစ်ဖို့ သတိ ပေးရသလို ခန့်မှန်းခြေဈေးနှုန်းကိုလည်း ပြောရလေ့ရှိပါတယ်၊ ဒီလိုဆိုရင်တော့ အမေပြောတဲ့ ဈေးအတိုင်း မဆစ်တတ်ဆစ်တတ်နဲ့ဆစ်ရင်း နဲနဲအဆင်ပြေပါတယ်။

ဒါပေမယ့် တခါတခါ ကျနော့်အရိပ်အကဲ ကိုကြည့်ပြီး ဈေးသည်က ‘ဟုတ်တယ်၊ အဲဒါအရင်ကဈေး..အခုအဲဒီ ဈေးနဲ့မရတော့ဘူး၊ ဈေးတက်သွားပြီ’ လို့ဆိုလိုက်တဲ့အခါ ကျနော်တွေဝေသွားတတ်ပါတယ်၊ ‘သူငါ့ကို ဈေးတင် ရောင်းမလို့များလား’လို့တွေးပြီး ဈေးသည်ကိုလှမ်းကြည့်တဲ့အခါ ကျင့်သားရနေတဲ့ ဈေးသည်တွေက မျက်နှာ သေတွေနဲ့၊ ကျနော့်လို ကလေးတစ်ယောက်က ဘယ်လိုမှ အကဲမခတ်နိုင်ပါဘူး။ မဝယ်ဘဲ ပြန်သွားရင်လည်း အမေက ကြိုက်မှာမဟုတ်...၊ ဒီလိုနဲ့ သူပြောတာ ဟုတ်မှာပါပဲလေ ဆိုပြီးဝယ်လိုက်တဲ့အခါ အိမ်ရောက်တော့ ‘အင်း...ငါ့သားတော့ နှပ်ချခံလိုက် ရပြန်ပြီ’ ဆိုတာနဲ့ အမြဲတိုးပါတယ်၊ အဲဒီလို အခါတိုင်းမှာဈေးနဲနဲ ပိုပေးရလို့ နှမြောတဲ့ ခံစားမှုထက် ဈေးသည်ရဲ့ မဟာဗျူဟာအောက်မှာ သတိထား အကဲခတ်နေရဲ့သားနဲ့ နှပ်ပစ်ခံလိုက် ရလို့ မချိတင်ကဲဖြစ်ရတဲ့ ခံစားမှုက ပိုပါတယ်၊ ကျနော့်နောက်ဖက်မှာ ‘မင်းနုပါသေးတယ်ကွာ’ဆိုတဲ့ အသာစီး အပြုံးနဲ့ ကျန်ရစ်ခဲ့မယ့် ဈေးသည်ရဲ့မျက်နှာကြီးကို မြင်မိတဲ့အခါ ပိုပြီးတော့တောင် ဒေါသထွက်ရ ပါသေးတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါ ဈေးဆစ်ခြင်းတွေနဲ့ ဝေးသထက်ဝေးအောင် ကျနော်နေခဲ့ပါတယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ လူနေမှုစနစ်ထဲမှာ ခိုင်မာစွာအမြစ်တွယ် ပျံ့နှံ့နေတဲ့ ဒီဈေးဆစ်ခြင်းနဲ့ မဆုံစည်းရအောင် ကြာကြာ နေဖို့တော့ မဖြစ်နိုင်ပါဘူး၊ မလွှဲမရှောင်သာလို့ ဈေးဆစ်ရရင်တော့ တတ်နိုင်သလောက် ကျနော်ကြိုးစားပြီး ဆစ် ပါတယ်၊ ဒါပေမယ့် ဈေးတည့်လို့ဝယ်လိုက်ပြီးတဲ့အခါတိုင်း ‘ဒီပစ္စည်းက တကယ်ပဲဒီလောက် တန်ရဲ့လား?ငါဆစ် တာနည်းများ နည်းသွားလား?’ဆိုတဲ့ အတွေးတွေနဲ့ စိတ်မောရပြန်ပါတယ်။

ဒါနဲ့ ဒီလိုမဖြစ်ရအောင် ပစ္စည်းတစ်ခုမဝယ်ခင် အကြမ်းဖျင်း ဈေးနှုန်းသိရဖို့ ကြိုပြီးလေ့လာရတာလည်း အလုပ် တခုလိုဖြစ်လာပါတယ်၊ အဲဒီလိုလေ့လာတဲ့အခါ ဈေးမေး ဈေးဆစ်ပြီးမှ မဝယ်ပြန်တော့ ဈေးသည် တချို့ရဲ့ မျက်စောင်း နဲ့အတူ နောက်ဆက်တွဲ ကောင်းချီးအပေါင်းကိုလည်း ဈေးမဆစ်ရဘဲနဲ့ ရရှိတတ်ပါသေးတယ်။

အဲဒီအခါဘာ့ကြောင့် သတ်သတ်မှတ်မှတ် တခွန်းဈေးနဲ့ မရောင်းနိုင်တာလဲ? ဘာဖြစ်လို့ တခါနဲ့တခါ မတူတဲ့ ဈေးအမျိုးမျိုးပြောကြတာလဲ? လို့ကျနော် ဥာဏ်မှီသလောက် စဉ်းစားကြည့်ပါတယ်၊ အကြောင်းအချက်တွေက တော့အများကြီးပါပဲ၊ ကုန်ပစ္စည်းချင်းအတူတူ ဝယ်ရတဲ့ ဒိုင်မတူလို့၊ ကုန်စည်ဒိုင် တူပြန်တော့လည်း သယ်ယူပို့ ဆောင်ရေး စရိတ်စက မတူလို့၊ လမ်းမှာပေးရတဲ့ ဘာကြေးညာကြေးတွေ အမျိုးမျိုးပြောင်းနေလို့၊ ဒီ့အပြင် ရွှေဈေးတက်လို့၊ ဒေါ်လာဈေးတက်လို့၊ ဓါတ်ဆီဈေးတက်လို့ စသဖြင့် စသဖြင့် အများကြီးပါပဲ၊ အခြေအနေတွေ ကအမျိုးမျိုးပြောင်း၊ စီးပွားရေးက ကျပ်သထက်ကျပ်လာ စတဲ့အခြေအနေတွေအောက်မှာ ဈေးသည်တွေခမျာ ၁၀ တန်တဲ့ပစ္စည်းကို ၂၀ နဲ့ရောင်းဖို့ သူသူကိုယ်ကိုယ် ဆန္ဒရှိကြလိမ့်မယ်လို့ ကျနော်တွေးကြည့် မိပါတယ်၊

စီးပွားရေးဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာမို့ တည်ငြိမ်ပြီး အခြေခိုင်တဲ့ စီးပွားရေးစနစ် ဖြစ်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်ရမယ်ဆိုတာ ကျနော်တို့အားလုံး အသိပါပဲ၊ ပြောရရင်တော့ ကျနော်တို့တွေဟာ မြို့ပတ်ရထား စီးနေရသလို ပါပဲ၊ ဘယ်အကြောင်းပဲပြောပြော, ဘာတွေပဲလုပ်လုပ် နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်ဆိုက်တာ ပါပဲ။

ကျနော် ဧည့်လမ်းညွှန်လုပ်ခဲ့စဉ်တုန်းက ဧည့်သည်တွေမေးသမျှထဲမှာ မဖြေချင်ဆုံး မေးခွန်းတခုကတော့ ဈေးဆစ်တဲ့အခါ ဘယ်လောက်ရာခိုင်နှုန်း ဆစ်ရမလဲ ဆိုတာပါပဲ၊ တဖက်က ဈေးရောင်းသူက ကိုယ့်လူမျိုး အချင်းချင်းဖြစ်ပြီး တဖက်ကဈေးဝယ်သူက ကျနော့်ကို ယုံကြည်စိတ်ချလို့ အားကိုးတကြီး တိုင်ပင်တဲ့ ကျနော့်ရဲ့ ဧည့်သည်၊ တကယ်တော့ ဘယ်လောက်ဈေးတင် ရောင်းတယ်ဆိုတာ ပစ္စည်းအမျိုးအစားပေါ် မူတည်နေတဲ့ အကြောင်း ကျနော် ရှင်းပြရပါတယ်၊ ဒါပေမယ့် ဘယ်နေရာမှာဈေးဆစ်သင့်ပြီးတော့ ဘယ်လောက် ဆစ်သင့် တယ်...ဘယ်နေရာမှာ တော့ဖြင့် ဈေးမဆစ်သင့်ဘူး ဆိုတာသူတို့တွေ ဘယ်လိုမှ နားမလည်နိုင်ပါဘူး၊ တခါက ကျနော့်ဧည့်သည် အမျိုးသမီးတစ်ယောက်က ဈေးထဲမှာ ဗန်းကလေးရှေ့ချပြီး တရော်ကင်ပွန်း ခေါင်းလျှော်ရည် တစ်ထုပ်(၅)ကျပ်နဲ့ ရောင်းနေတဲ့ အမယ်အိုဆီမှာ အတင်းဈေးဆစ်နေလို့ ကျနော်မျက်လုံးပြူး မျက်ဆံပြူးနဲ့ ဝင်ရှင်းရဖူးပါတယ်။

အမှန်တော့ ဈေးဆစ်ခြင်းနဲ့ မယဉ်ပါးတဲ့ ဧည့်သည်တွေ အလွန်တော့လည်း မဟုတ်ပါဘူး၊ နိုင်ငံခြားသား ဧည့် သည်အလာများတဲ့ နေရာတွေမှာ အမှတ်တရပစ္စည်း၊ ကြေးသွန်းပစ္စည်း၊ မြေဖုတ်ပစ္စည်း အစရှိတဲ့ ပစ္စည်းလေး တွေရောင်းသူ အများစုကတော့ တော်တော်များများကို ဈေးတင်ရောင်းတတ်ကြပါတယ်၊ အကြောင်းသိဖြစ်တဲ့ ကျနော်တို့တွေတောင် တခါတရံ မျက်လုံးပြူးရလောက်အောင် ဈေးတင်ထားကြပါတယ်၊ ဒါတွေနဲ့ ကြုံလာတဲ့ ဧည့်သည်တစ်ယောက်က ပစ္စည်းတိုင်းဟာ ဒီလိုပဲဈေးတင်ထားလိမ့်မယ်လို့ တွက်ဆတတ် ကြပါတယ်၊ ဈေးဆစ် ဖို့ဆိုတာ ကုန်ပစ္စည်းဈေးကွက်ကို နားလည်မှု၊ ဝယ်နေကျဖြစ်မှု၊ ပေါက်ဈေးကို အထိုက်အလျောက်သိမှု စတာ တွေလည်းလိုအပ်ပါတယ်၊ ဒါတွေကိုမသိတဲ့အတွက်နိုင်ငံခြားသားဧည့်သည်တွေက ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင် အင်မတန် စိတ်ရှုပ်ရကြောင်း ဈေးဆစ်ရတဲ့ဒုက္ခကို ကျနော့်ရှေ့မှာ ညည်းတွားကြပါတယ်၊ ဈေးဆစ်ခြင်းကို မကြိုက်တဲ့ ကျနော့်အတွက် ထပ်ပြီးတော့ အနေခက်ရပြန်ပါရော...။

ဈေးဆစ်တာနဲ့ပတ်သက်ပြီး အမှတ်ရစရာလေးတခုက တခါမှာတော့ ကျနော့်ဧည့်သည်(၂)ယောက်နဲ့ မြေနီကုန်း ကနေမြို့ထဲသွားဖို့ Taxi ငှါးစီးပါတယ်၊ ကားတစ်စင်း ထိုးရပ်လာတော့ ကျနော်ကသွားမယ့်နေရာ ကားဆရာ ကိုပြောတယ်၊ သူကကျနော့် နောက်မှာရပ်နေကြတဲ့ နိုင်ငံခြားသားစုံတွဲဆီ တချက်ကြည့်လိုက်ပြီး ဈေးပြော ပါတယ်၊ သူပြောတဲ့ဈေးက ပုံမှန်ပေါက်ဈေးထက် (၅)ဆ ကျော်ကျော်ကိုများနေတာ၊ ဒါနဲ့ ကျနော်က......

“ အကိုရာ..ဒီခရီးနဲ့ ဒီခရီး..အဲဒီလောက် မရှိပါဘူး ” လို့ပြောလည်းပြောရော သူကကျနော့်ကို ရန်လိုတဲ့
အကြည့်နဲ့ ကြည့်ပြီး...၊

“ နိုင်ငံခြားသားတွေပဲကွ၊ သူတို့တတ်နိုင်တာပဲ၊ မင်းက ဘာဖြစ်လို့ ကြားထဲက ဈေးဝင်ဆစ်နေရတာလဲ? မင်းတို့ လိုကောင်တွေကြောင့် တိုင်းပြည်မတိုးတက်တာ၊ ကိုယ့်မြန်မာ အချင်းချင်း ရိုင်းပင်းမှုကိုမရှိဘူး ” ဆိုပြီး စိတ်ဆိုး မာန်ဆိုးနဲ့ ကားကို တရကြမ်းမောင်းထွက်သွားပါတယ်။

ကျနော့်မှာ အံ့သြလွန်းလို့ ကြက်သေ,သေပြီး ကျန်ရစ်ခဲ့ပါတယ်၊ သူပြောတဲ့ မတရားဈေးကို မပေးတာနဲ့ အချင်း ချင်းရိုင်းပင်းမှုနဲ့ ကျနော်ဘယ်လိုမှ ဆက်စပ်လို့မရပါဘူး၊ ဧည့်သည်စုံတွဲကတော့ ပြုံးစစနဲ့ ‘ငါတို့ပါရင်တော့ မင်း ဈေးပိုပေးဖို့သာပြင်ထား’လို့နောက်နေပါတယ်၊ တကယ်တော့ သူတို့မြန်မာပြည်ကို ခဏခဏလာဖူးပြီးတော့ ဘယ်ခရီးကို ဘယ်လောက်ပေးရတယ်ဆိုတာ သိကြပါတယ်၊ (၅)ဒေါ်လာလောက် ပိုပေးရတယ်ဆိုတာ သူတို့အ တွက်ဘာမှ မဖြစ်ပါဘူးဆိုတာနဲ့ပဲ ကျနော်တို့ မတရားယူသင့် ပါရဲ့လား? တဖက်သားရဲ့ မသိနားမလည်မှုပေါ်မှာ ခုတုံးလုပ်ပြီး ရလာတဲ့ငွေတွေနဲ့ ကျနော်တို့ တကယ်ပဲ လိပ်ပြာသန့်စွာ နေနိုင်ရဲ့လား?

အများအားဖြင့် ‘ငါတို့က ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာ၊ သမ္မာအာဇီဝ အလုပ်လုပ်နေတာ’လို့ပြော တတ်ကြပါတယ်၊ ဒါဆိုရင် ရိုးသားသန့်စင်တဲ့ ရောင်းဝယ်မှုကို မတော်လောဘ မစွက်စေသင့်ပါဘူး၊ လူရည်မလည်မှု၊ မသိနားမလည်မှု၊ ဈေးဆစ်မကျွမ်းကျင်မှုတွေကို အခွင့်ကောင်းမယူသင့်ပါဘူး၊ တကယ်ဆိုရင် ပန်းလည်းလှစေ၊ ပျားလည်းဝစေ ဖြစ်ရမှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ဈေးဆစ်ခြင်းနဲ့ ကြားခံထားတဲ့ အရောင်းအဝယ်စနစ်ကြီး ထဲမှာ မှင်သေမှု၊ လူကဲခတ်တတ်မှု၊ ပါးနပ်လိမ္မာမှု တွေကတော့ ရောပြွမ်းနေမှာပါပဲ၊ အဲဒီထဲမှာမှ အမှန်ကို ပြောမှာလား? မုသာဝါဒနဲ့ အရောင်းအဝယ် ချိန်ခွင်လျှာကို ထိန်းညှိမှာလား? ဆိုတာ ကတော့ တဦးချင်းစီရဲ့ ကိုယ်ကျင့် တရားနဲ့ပဲ ဆိုင်ပါလိမ့်မယ်၊ သေချာတာကတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျနော်တို့ဆက်ပြီး ဈေးဆစ် နေကြရဦး မှာပါပဲ။ ။


ညီလင်းသစ်
၅ ဒီဇင်ဘာ၊ ၂၀၀၇

30 November 2007

ချစ်သောဒီဇင်ဘာ


ဒီဇင်ဘာရောက်ခဲ့ပြန်ပါပြီ။

(၁၂)လရာသီထဲမှာ ဒီဇင်ဘာဟာ ကျနော်မြတ်နိုးတဲ့ လတွေထဲက တခုပါ၊ ဘယ်အသက်အရွယ်ထဲက ဒီဇင်ဘာ ကိုထူးထူးခြားခြားပိုပြီး နှစ်သက်နေခဲ့တာလည်းဆိုတာ မမှတ်မိပေမယ့် ဒီဇင်ဘာရောက်ရင် ရင်ခုန်သံတွေ ကျယ်လောင်မြန်ဆန်လာတာတော့ အသေအချာပါပဲ၊ ဒီဇင်ဘာရဲ့ မနက်ခင်းတွေမှာ ဆွတ်ပျံ့ကြည်လင်ခြင်း တွေနဲ့ နိုးထလာရသလို ညနေခင်းတွေမှာတော့ လွမ်းမောတမ်းတခြင်းတွေနဲ့ တနေ့တာကို နှုတ်ဆက် ကျန်ရစ် ရပြန်ပါတယ်၊ ကြည့်လိုက်ပါဦး...ဟိုးရှေ့မှာရွှေအိုရောင်ခေါင်းလောင်းထိုးသံတွေနဲ့ လာနေတာဒီဇင်ဘာပေါ့။

ကျနော်နေထိုင်ခဲ့ရာ ဝန်းကျင်လေးမှာဒီအချိန်ဆိုရင် ဒီဇင်ဘာကို ကြိုဆိုဖို့လူငယ်တွေ ရင်ခုန်တက်ကြွနေ လောက်ပြီပေါ့၊ အင်းစိန်မြို့နယ်အပိုင်ထဲမှာပါတဲ့ ဒီရပ်ကွက်လေးထဲမှာ ဒီဇင်ဘာကိုကြိုဆိုတဲ့ အစဉ်အလာလေး တခုရှိပါတယ်၊ ဘယ်သူကဘယ်တုန်းက စလိုက်တာမှန်းမသိတဲ့ ဒီကြိုဆိုပွဲလေးဟာ လူငယ်တွေအတွက်တော့ နွေးနွေးထွေးထွေးရှိလှပါတယ်၊ နိုဝင်ဘာ(၃၀)ရက်ရောက်ရင် ညဦးပိုင်းကတည်းက ကျနော်အပါအဝင် သူငယ်ချင်းတွေက ဟိုတစုဒီတစုနဲ့ စိတ်လှုပ်ရှားနေလေ့ ရှိပါတယ်၊ တခြားလူငယ်တွေလည်း လက်ဖက်ရည်ဆိုင်တွေမှာ၊ နီးစပ်ရာ အိမ်တွေမှာ စုရုံးစုရုံးနဲ့ပေါ့၊ ဒီလိုနဲ့ စောင့်စားနေခဲ့တဲ့ ညသန်းခေါင်(၁၂)နာရီ ထိုးတာနဲ့တပြိုင်နက်အားလုံးက‘Sweet December’လို့အော်ကြပါတယ်၊ ဒီအချိန်လူငယ်တွေ အားလုံးက လမ်းတွေပေါ်မှာ ‘Goodbye November,Sweet December’လို့အော်ဟစ်နှုတ်ခွန်းဆက်ကြ၊ တဖွဲ့နဲ့ တဖွဲ့ တွေ့ရင် လည်းပျော်ရွှင်စွာ ဖက်ယမ်းနှုတ်ဆက်ကြလို့ အေးမြခြင်းတွေ ဆောင်ကြဉ်းလာတဲ့ဒီဇင်ဘာကို ရင်ဖွင့်ကြိုခဲ့ကြ တာပေါ့၊

ငွေစကြေးစ နဲနဲရွှင်တဲ့နှစ်တွေမှာ ကျနော်နဲ့သူငယ်ချင်းတွေဟာ ကိုယ့်စရိတ်နဲ့ကိုယ် စာရွက်တွေ၊ ရောင်စုံခဲတံ တွေဝယ်ပြီး ‘Sweet December’ဆိုတဲ့စာလုံးကို ဒီဇိုင်းအမျိုးမျိုးဆွဲလို့ အိမ်တွေမှာလိုက်ကပ်ကြတာပေါ့၊ နောက်ရက်တွေမှာ လမ်းတကာလှည့်ကြည့်ရင်း ဘယ်သူ့ဒီဇိုင်းကဘယ်လို၊ ဘယ်သူကတော့ ပုံဆွဲတော်တယ် စသဖြင့် ဝေဖန်ငြင်းခုန်ရင်း ဒီဇင်ဘာကိုဖွင့်လှစ်ခဲ့ကြတာလေ၊ အိမ်တွေကလည်း သေသေချာချာ အချိန်ယူဆွဲ ထားမှန်းသိတော့ စာရွက်တွေကို ဆုတ်ဖြဲမပစ်ပါဘူး၊ တခုတော့ရှိပါတယ်...ညသန်းခေါင်အချိန် ကျနော်တို့အော် ဟစ်တဲ့အသံတွေကြောင့် လူကြီးတွေခမျာအိပ်ရေးပျက်ရလို့ သိပ်တော့မကျေနပ်ကြဘူး၊ ဒါပေမယ့် တစ်နှစ်မှာ တခါ ဖြစ်လို့လည်း ဘယ်သူကမှ ထူးထူးထွေထွေ ဆူတာပူတာမရှိပါဘူး၊ ကျနော်တို့ကတော့ တကယ်ကို ပျော်ခဲ့ကြပါတယ်၊ လွမ်းရပါတယ် Sweet December ရေ......။

နောက်ပြီး အများအားဖြင့် ဒီဇင်ဘာလထဲမှာ ကရင်နှစ်သစ်ကူးပွဲတော် ကျရောက်လေ့ရှိပါတယ်၊ ကျနော် ချစ်တဲ့ဒီဇင်ဘာဟာ ဒီပွဲတော်နဲ့များတိုက်ဆိုင်လိုက်လို့ကတော့ အလှပေါ်အယဉ်ဆင့် သွားပြီပေါ့၊ အဲဒီလို ရက်တွေဆိုရင်တော့ အင်းစိန်အာလိန်ငါးဆင့် ဘုရားမှာကျင်းပလေ့ရှိတဲ့ ကရင်နှစ်သစ်ကူးပွဲကိုသွားဖို့ လူက ခြေလှမ်း တပြင်ပြင်နဲ့ဖြစ်နေပြီ၊ ပွဲတော်တရားဝင်ဖွင့်လှစ်တဲ့ရက် မတိုင်ခင်ညမှာတော့ ကျနော်နဲ့ သူငယ်ချင်း တွေက အိပ်စက်ခြင်း တွေကိုသော့ခတ်သိမ်းဆည်းလို့ တညလုံးမအိပ်ဘဲ အရုဏ်တက်ကို စောင့်ကြပါတယ်၊

လမ်းထိပ်ကအုတ်ခုံလေးပေါ်မှာ ဂစ်တာတီး၊သီချင်းဆိုရင်း အေးမြခြင်းတွေသောက်သုံးလို့ ဒီဇင်ဘာရဲ့ ရင်ခွင်ထဲ မှာကျနော်တို့တတွေ တိုးဝှေ့သာယာခဲ့ ကြတာပေါ့၊ ကရင်လူမျိုးအများစု နေထိုင်တဲ့ရပ်ကွက်ဖြစ်တဲ့အတိုင်း မနက်(၄)နာရီခွဲ (၅)နာရီထိုးလောက်မှာတော့ လူကြီးလူငယ်အသီးသီးက အာလိန်ငါးဆင့်က အလံတင်ပွဲကို သွားဖို့ ထွက်လာကြတယ်၊ ကျနော်တို့ကလည်း ကျနော်တို့ရဲ့ဂီတဖျော်ဖြေပွဲကိုရပ်လို့ ကရင်နှစ်သစ်ကူးပွဲတော် ကိုချီတက်ကြတာပေါ့၊ အဲဒီလိုသွားတဲ့အခါ ကျနော်တို့အမြဲလိုလို လမ်းလျှောက်သွားလေ့ ရှိပါတယ်၊ မဆိုစလောက်ပဲ အေးမြတဲ့ ရန်ကုန်ဆောင်းရဲ့ နံနက်စောစော မြူနှင်းမှုန်တွေကြားမှာ (၄၅)မိနစ်သာကြာတဲ့ လမ်းလျှောက်ချိန်လေးဟာ နုသစ်လတ်ဆတ်ခြင်းအတိပြီးလို့ ငြိမ်းချမ်းတိတ်ဆိတ်နေလေ့ ရှိပါတယ်၊ အိပ်မှုံစုံမွှား နိုးထလာတဲ့ ဒီဇင်ဘာမနက်ခင်းကတော့ ကလေးတစ်ယောက်လိုအပြစ်ကင်းပြီး၊ လုံမပျိုတစ်ယောက်လိုချစ်စရာ ကောင်းနေပြန်ရော...။

ဒီနောက်ပိုင်းရက်တွေမှာတော့ ကရင်နှစ်သစ်ကူးပွဲတော်ကို ရက်ခြားဆိုသလို ကျနော်ရောက်သွားတတ်ပါတယ်၊ အဲဒီမှာ ကျနော်ကြိုက်နှစ်သက်တဲ့ အစီအစဉ်တခုက မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲပါ၊ ကျနော်တို့ကလေးဘဝတုန်း ကတော့ ကရင်နှစ်သစ်ကူးပွဲရဲ့ လက်ဝှေ့ပြိုင်ပွဲတွေမှာ သမန်းကျားတို့၊ ဘနှစ်တို့က နာမည်ကြီးပေါ့၊ ငယ်သေးလို့ အဖေကကြည့်ခွင့် မပြုပေမယ့် ပွဲတော်ရဲ့လေထဲမှာ ပျံ့လွင့်လာတဲ့ လက်ဝှေ့ဗိန်းမောင်းဟာ ကျနော့်ကို နတ်ဖမ်း သလိုဖမ်းစားလေ့ ရှိပါတယ်၊ ဒီဇင်ဘာရဲ့ ကြယ်စုံတဲ့ကောင်းကင်ယံအောက်က ပွဲခင်းလေးထဲမှာ အချိန်တွေက ကျနော်တို့ရဲ့ ငယ်ဘဝတွေကိုသယ်ဆောင်ပြီး မီးခိုးငွေ့တွေနဲ့အတူ တလူလူလွင့်လို့၊ ဒီအကြောင်းတွေ တွေးမိတဲ့အခါတိုင်း သက်လုံကောင်းလှတဲ့အလွမ်းတွေက လက်ဝှေ့သမားတစ်ယောက်ရဲ့ လျှင်မြန်ခြင်းမျိုးနဲ့ ကျနော့်ကို အရှိုက်ထိုး အနိုင်ယူသွားလေ့ရှိပါတယ်၊

အေးချမ်းတိတ်ဆိတ်တဲ့ ဒီဇင်ဘာညချမ်းတွေမှာ အမှတ်ရစရာ နောက်တခုကတော့ ခရစ္စမတ်သီချင်းသံတွေပါ၊ ကျနော်နေထိုင်ကြီးပြင်းခဲ့ရာ ရပ်ကွက်လေးအတွင်းမှာ ‘Carol Singing’လို့ခေါ်တဲ့ ဒီနှုတ်ခွန်းဆက်တေးသံတွေ ဟာဒီဇင်ဘာ လလယ်လောက်ကစလို့ တစ်အိမ်တက်ဆင်း ပျံ့လွင့်နေလေ့ ရှိပါတယ်၊ ငွေနှင်းမှုန်ပုဝါပါးကို ထိုးခွဲ ထွက်လာတဲ့ ဟော်လိုဂစ်တာသံတလွင်လွင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဓမ္မတေးသံသာက နရီစည်းချက်နဲ့အညီခုန်နေတဲ့ ဒီဇင်ဘာရဲ့ အသည်းနှလုံးပါပဲ၊ အေးစက်တဲ့ညတွေမှာ ဂစ်တာတီးရတာ လက်ချောင်းထိပ်ဖျားလေးတွေ နာကျင် လို့မသက်သာပါဘူး၊ ဒါပေမယ့် ပျော်ရွှင်ကြည်နူးမှု ဒီရေလှိုင်းတွေအောက်မှာ နာကျင်မှုတွေဟာ အရည်ပျော် သွားတာချည်းပါပဲ၊

ဒီနိုင်ငံမှာတော့ ခရစ္စမတ်ကာလရောက်ရင် သစ်ပင်တွေ၊ အဆောက်အဦးတွေ၊ လမ်းမီးတိုင်တွေ မှစ၍အရာရာ ကိုအလှဆင်ထားတတ်ကြပါတယ်၊ ဒါ့အပြင် ခရစ္စမတ်ဈေးလို့ ခေါ်တဲ့သစ်သားအိမ်လေးတွေနဲ့ ယာယီဈေးလေး တွေကလည်း ချစ်စရာလေးတွေပါ၊ အဲဒီမှာ တပိုင်တနိုင်ချက်ထားကြတဲ့ စားသောက်ဖွယ်ရာတွေ၊ ကိုယ်ပိုင် အိမ် တွင်းမှုလုပ်ငန်းက ထွက်တဲ့ထွက်ကုန် ကြီးကြီးသေးသေးမျိုးစုံနဲ့ စည်စည်ကားကားပါပဲ၊ ဒါပေမယ့် ကျနော် ကတော့ ဒီအလှအပတွေ နောက်ကွယ်က စီးပွားရေးတွက်ချက်မှုတွေကိုပဲ မြင်နေမိတယ်၊ တစ်ဦးနဲ့တစ်ဦး နှုတ် ခွန်းဆက်ကြတဲ့ ‘Carol Singing’တေးသံတွေဆိတ်သုန်းလို့ ဒီဇင်ဘာဟာ အသံဝင်နေတဲ့ လူမမာတစ်ယောက်နဲ့ တူလှပါတယ်၊ ဒါပေမယ့် ကိုယ့်ရင်ခုန်သံနဲ့ကိုယ် ဒီဇင်ဘာကို ဖြတ်သန်းနေကြတာပဲ မဟုတ်လား၊ ကိုယ့်ကျောင်း နဲ့ကိုယ့်ဂါထာ ကိစ္စသာဖြစ်လို့ ဘာမှပြောစရာ မရှိပါဘူး၊

တေးရေးဆရာညီညီသွင် ကတော့ အဝေးရောက်သားတစ်ယောက်က ဒီဇင်ဘာလမှာ သူ့ကိုမျှော်နေရှာမယ့် တံခါးဝကအမေအိုကို မြင်ယောင်ပြီး မျက်ရည်လည်ရတဲ့အကြောင်း သီချင်းလေးဖွဲ့ခဲ့ပါတယ်၊ ဒီလိုမျက်ရည် လည်ရတဲ့ အဝေးရောက်သားတွေ အများကြီးရှိမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ တကယ်တော့ဒီဇင်ဘာ ဟာ ကျနော့်ဆီကို ပျော်ရွှင်မှုတွေ၊ ရင်ခုန်မှုတွေ တပွေ့တပိုက်သယ်လာသလို လွမ်းဆွတ်ခြင်းတွေ တပုံတပင် ကိုလည်းထားခဲ့တတ်ပါတယ်၊ တမင်တကာ ချန်ရစ်ခဲ့တဲ့ မေ့ထားခဲ့ခြင်းတွေကို သူကသတိတရနဲ့ သယ်လာ တတ်သေးသလို ကျနော်သတိရချင်တာတွေကိုတော့ သူ့ရဲ့ခပ်ဖွဲဖွဲ မြူနှင်းမှုန်တွေအောက်မှာ မေ့လျော့စေသူပါ၊ ဒီဇင်ဘာဟာတိတ်ဆိတ်ငြိမ်သက်မှုတွေကိုကျနော့်နားထဲမှာ ဆူညံပဲ့တင်ထပ်နေအောင် ထိုးနိုင်တဲ့ခေါင်းလောင်း တလုံးဖြစ်သလို ချမ်းစိမ့်အေးမြမှုတွေနဲ့ ကျနော့်ရဲ့သွေးတွေကို ဆူပွက်စေတဲ့ မီးလင်းဖိုတခုလည်းဖြစ်ပါတယ်၊ ဒီဇင်ဘာဟာ အကြိမ်ပေါင်းများစွာ ဆိုပေမယ့် ကျနော်ဘယ်တော့မှ အလွတ်ရမှာမဟုတ်တဲ့ သီချင်းလေးတစ်ပုဒ် ပဲဖြစ်ပါတော့တယ်။ ။


ညီလင်းသစ်
၃၀ နိုဝင်ဘာ၊ ၂၀၀၇

28 November 2007

ခဲတံများ


ကျနော်တို့အားလုံး ခဲတံတွေနဲ့ရင်းနှီးကြပါတယ်၊ ငယ်စဉ်ကာလ ကျောင်းနေတဲ့ အရွယ်ကစ,လို့ နောက်ဆုံး လုပ်ငန်းခွင်ထဲရောက်တဲ့အထိ ခဲတံအမျိုးမျိုးကို ကိုင်ဖူးကြပါတယ်၊ အရောင်စုံ အရွယ်စုံခဲတံ ပေါင်းစုံကို သုံးပြီး အသိပညာ၊ အတတ်ပညာမျိုးစုံကို သင်ကြားခဲ့ကြတယ်၊ ပူပင်စရာသိပ်မရှိလှတဲ့ ကျောင်းသားဘဝ တုန်းက ရိုးစင်းလှတဲ့ နေ့စဉ်ဘဝတွေထဲမှာ ဒီခဲတံလေးတွေကလည်း အဖော်မွန်ပါပဲ၊ ကြီးပြင်းလာတော့လုပ်ကိုင်ရာ လုပ်ငန်းအလိုက် ခဲတံသုံးရမယ့်နေရာ နည်းပါးသွားတတ်ကြပေမယ့် ကျနော်တို့အားလုံးရဲ့ ငယ်ဘဝကောက် ကြောင်းတွေထဲမှာ ခဲခြစ်ရာတွေ ပါဝင်ခဲ့ဖူးတာတော့ ငြင်းမရပါဘူး၊

ကလေးဘဝ ကျောင်းနေရမယ့်အရွယ် မရောက်သေးခင် ကျနော်ပထမဆုံးစပြီး ရင်းနှီးရတာက ဘောပင်ပါ၊ ကလေးတို့သဘာဝ ဟိုဟိုဒီဒီရေးခြစ်ချင်တော့ အဖေနဲ့အမေက ကျနော့်ကို စာရွက်တချို့နဲ့ ဘောပင်တစ်ချောင်း ပေးပါတယ်၊ အဲဒီမှာ ကျနော်က ရုပ်ပုံလည်းမဟုတ်၊ စာလည်းမဟုတ်၊ ဂဏန်းသင်္ချာလည်းမဟုတ်တဲ့ မျဉ်း ကြောင်းတွေကို တောင်ခြစ်မြောက်ခြစ် လျှောက်ခြစ်ပါတယ်၊ တောင်ခြစ်မြောက်ခြစ် ဆိုပေမယ့် တကယ်တော့ ကျနော်က ဘယ်အရပ်ကတောင်၊ ဘယ်အရပ်ကမြောက်မှန်းတော့ အဲဒီအရွယ်တုန်းကသိတာမဟုတ်ပါဘူး၊ ဒါပေမယ့် ပြောရိုးပြောစဉ် တောင်ခြစ်မြောက်ခြစ် ခြစ်တယ်ပဲထားပါတော့၊ ဘာတွေရေးခြစ်နေတာလဲ ဆိုတာ မသိပေမယ့် အရေး မကြီးပါဘူး၊ စာရွက်ပေါ်မှာ ဘောပင်နဲ့ အရာထင်အောင်ဆွဲနိုင်ရင် ကျေနပ်သွားတာပါပဲ၊ အရေးမပါပေမယ့် အရာထင်ရင်ပျော်တတ်တဲ့ ကလေးဘဝကိုး၊ နောက်တော့ ရောင်စုံခဲတံ...၊ ဒီလောကရဲ့ အရောင်တွေ အကြောင်းကို ဘာမှမသိသေးခင် ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ့်စိတ်ကြိုက်အရောင်တွေ ဖန်တီး ရတာဟာ ကလေးတစ်ယောက်အတွက် ကြည်နူးဖို့ကောင်းလှပါတယ်၊

ကျောင်းနေရမယ့် အရွယ်ရောက်လာတော့ ကျောင်းလွယ်အိတ်၊ ကျောင်းဝတ်စုံ၊ စာအုပ်၊ ကွန်ပါဗူး စသဖြင့် စိတ် လှုပ်ရှားစွာနဲ့ ပြင်ဆင်ရတဲ့ အသစ်အဆန်းတွေထဲမှာ ခဲတံလေးတွေလည်း ပါဝင်ပါတယ်၊ တချို့ခဲတံတွေက ရုပ်ပုံ လေးတွေနဲ့၊ တချို့ကတော့ဗြောင်...၊ ဒီခဲတံလေးတွေနဲ့ ဝလုံးလေးတွေ၊ နောက်တော့ ကကြီး,ခကွေး၊ နောက်တော့ စာကြောင်းတိုလေးတွေ၊ တဖြည်းဖြည်းနဲ့ အရေးကျင့်ခဲ့ကြလို့ပေါ့၊ ငယ်ငယ်ကတည်းက ကျနော့်မှာ စာရေးရင် ဖိရေးတတ် တဲ့အကျင့်ရှိပါတယ်၊ စာ,စရေးတတ်ကတည်းက ဒီလိုပဲရေးတတ်ခဲ့တာ အခုထိပါပဲ၊ သတိ ထားရေးရင် အစမှာတော့ ဟုတ်သလိုလိုနဲ့ စာကြောင်းနှစ်ကြောင်းလောက် ရေးပြီးတာနဲ့ အလိုလိုဖိရေးမိလျက် သားဖြစ်နေတတ်ပါတယ်၊ ကျနော့်စာအုပ်တွေမှာဆိုရင် တဖက်ကဖိရေးထားလို့ အခြားတဖက်မှာ ဖောင်းကြွစာ လုံးတွေလို အမြဲပေါ်နေတတ်ပါတယ်၊ မသိရင် ဖိတ်စာအလားပါ၊

အဲဒီမှာ ကျနော်နဲ့ခဲတံတွေကြားက ပထမဆုံးပဋိပက္ခ စတော့တာပါပဲ၊ ကျနော့်ရဲ့ဖိရေးတဲ့ဒဏ်ကို သူတို့မခံနိုင် ပါဘူး၊ လောလောလတ်လတ်ချွန်ထားတဲ့ ခဲတံတစ်ချောင်းဟာ စာတစ်မျက်နှာရေးလို့ မဆုံးခင်မှာပဲ ဖျောက်ကနဲ ကျိုးသွားလေ့ရှိပါတယ်၊ ဒီတော့ပြန်ချွန်...ဆက်ရေး...တခါထပ်ကျိုး၊ ဒီလိုနဲ့ကျနော့်ရဲ့ ခဲတံတွေဟာသူများနဲ့ ယှဉ်ရင် စောစီးစွာတိုသွားလေ့ရှိပါတယ်၊ သူတို့ခမျာမှာ ခဏခဏအချွန်ခံရလို့ နာကျင်ရသလောက် စာလုံးရေ များများစားစားလည်း မရေးနိုင်ဘဲ သက်ဆိုးမရှည်ရှာကြပါဘူး၊ ကျနော်အကိုင်အတွယ် မတတ်ပုံများ...။

နောက်တခုက ခဲတံချွန်စက်...၊ ချွန်စက်ကို ကျနော်သိပ်မကြိုက်ပါဘူး၊ အကြောင်းကတော့ ချွန်စက်တွေက ခဲတံကို မြိနေအောင်ချွန်လို့ပါပဲ၊ အဲဒီတော့ ဖိရေးတတ်တဲ့ကျနော်နဲ့ တွေ့တဲ့အခါ စာရွက်တွေပေါက်ကုန်တော့ တာပါပဲ၊ ဒါ့ကြောင့်ခဲတံကို ဓါးနဲ့ချွန်တာ ကျနော်ပိုကြိုက်ပါတယ်၊ ဒါပေမယ့် ကလေးဘဝတုန်းက ကျနော်တို့ ဓါးကိုင်ခွင့် မရှိပါဘူး၊ ဒီလိုနဲ့ ကျနော့်ရဲ့ ခဲတံချွန်ရတဲ့ တာဝန်ဟာ အဖေ့ပေါ်ကျရောက်သွား ပါတော့တယ်၊ အဖေ ချွန်တဲ့ခဲတံတွေကို ကျနော်ကြိုက်ပါတယ်၊ အဖေက မချွန်ခင်မှာ ခဲတံပတ်ပတ်လည် ဓါးနဲ့ အရာပေးပြီး ဝိုင်းလိုက် ပါတယ်၊ ပြီးမှခဲတံတွေကို စိတ်ရှည်လက်ရှည် ချွန်တယ်၊ ကျနော် ဖိရေးတတ်မှန်းသိလို့လည်း ခဲဆံတွေကို သိပ် မချွန်ပါဘူး၊ ဒီတော့ တစ်မျက်နှာနဲ့ ကျိုးမယ့်ခဲတံဟာ နှစ်မျက်နှာလောက်တော့ ရေးလို့ရတာပေါ့၊ ပြီးရင်တော့ ကျိုးပြန်တာပါပဲ၊

အဲဒီပြဿနာကို အထိုက်အလျောက်ရှင်းပေးလိုက် တာကတော့ ‘ခွေးတံဆိပ်’ ခဲတံပါ၊ ဒီခဲတံက အနက်ရောင် တမျိုးထဲရှိပြီးတော့ တံဆိပ်က ‘Sphinx’ လို့ခေါ်တဲ့ ဂရိမနုသီဟ အရုပ်ပါ၊ ကျနော်တို့ကလေးတွေကတော့ ခွေးတံဆိပ်လို့ အလွယ်ခေါ်လိုက်တာပါပဲ၊ ဒီခဲတံရဲ့ခဲသားက အင်မတန်မာတယ်၊ တော်ရုံတန်ရုံနဲ့ မကျိုးပါဘူး၊ သူနဲ့ကျမှပဲ ကျနော်လည်းတော်တော်အဆင်ပြေသွားတယ်၊ ဒါတောင်တခါတခါ ကျိုးတတ်သေးတယ်၊

ဖိရေးတဲ့အတွက် ဖြစ်ရတဲ့နောက် ပြဿနာတခုက ခဲဖျက်ပါ၊ ကျောင်းမနေရသေးခင်ကတော့ ကြိုက်တာကို ကြိုက်သလိုခြစ်...ပြန်ဖျက်စရာမလိုပါဘူး၊ ကျောင်းသားဖြစ်လာတော့ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူလာရပြီ၊ တာဝန်နဲ့တွဲပြီး ပါလာတတ်တာက အမှားပါ၊ ဒီတော့မှားရေးရင် ပြန်ဖျက်ပေါ့၊ ဒါပေမယ့် ကျနော့်လိုဖိရေးတတ်တဲ့ လူတစ်ယောက်အဖို့ ခဲဖျက်နဲ့ ဘယ်လိုဖျက်ဖျက် အရာတော့အမြဲတမ်း ကျန်နေခဲ့တာချည်းပါပဲ၊ မလိုအပ်ဘဲ အားစိုက်ခဲ့မိတဲ့အတွက် မှားရင်တောင် အဲဒီအမှားက သူများတွေထက် ပိုလို့နက်ရှိုင်းခဲ့ရပါတယ်၊

ဒီလိုနဲ့ ခဲတံတွေနဲ့ကျနော်ဟာ နီးလျက်နဲ့ တဖြေးဖြေးဝေးလာခဲ့ပါတော့တယ်၊ တချို့သူငယ်ချင်းတွေက တိုနေတဲ့ ခဲတံလေးတွေကို လွှင့်မပစ်ရက်လို့ လက်ကိုင်ရလွယ်အောင် မြဝတီဘောပင်အဖုံး၊ ဒါမှမဟုတ် ဝါးဆစ်ရိုးလေး စွပ်ပြီးရေးနေကြချိန်မှာ ကျနော်ကဘောပင်တွေကို မျက်စောင်းထိုးနေခဲ့တာပေါ့၊ ဘယ်တော့မှ ချွန်စရာမလိုတဲ့ ဘောပင်တွေလေ...၊ ဝယ်ပြီးတာနဲ့ တန်းရေးရုံပဲ၊ ဘယ်လောက်ကောင်းလိုက်သလဲ...၊ ဒါနဲ့ပဲ ဘောပင်နဲ့ ရေးရဖို့ ကျနော်မျှော်လင့် စောင့်စားနေခဲ့တဲ့ နေ့ရက်တွေဟာ ငါးတန်းတက်တဲ့ နှစ်မှာရောက်လာပါတော့တယ်၊

မှတ်မှတ်ရရ ပထမဆုံးကျောင်းတက်တဲ့နေ့...ကွန်ပါဗူးထဲမှာ ဘောပင်(၄)ချောင်းနဲ့ လူကသွေး တကြွကြွနဲ့ပေါ့၊ အခုချိန်ကစပြီး ငါလည်းတခြား လူကြီးတွေလိုပဲ ဘောပင်နဲ့ရေးလို့ ရပြီ၊ မှုံမှုံမွဲမွဲ ခဲရောင်တွေအစား အဆင် အသွေးစိုတဲ့ အပြာရောင်စာလုံးလေးတွေ မွေးဖွားတော့မယ်၊ တဖက်ကဒီလို ပျော်နေပေမယ့် တဖက်ကလည်း ‘ဘောပင်နဲ့ တကယ်ပဲရေးရတော့မှာလား’ လို့မယုံမရဲနဲ့၊ ဒါနဲ့ ဘေးဘီကို ကြည့်လိုက်တော့ ကျနော့်ထက် (၂)နှစ် လောက်ကြီးတဲ့ နှစ်ကျအကိုကြီး တစ်ယောက်ကိုတွေ့လိုက်တယ်၊ ‘အင်း...ဒီမေးခွန်းကို အမေးသင့်ဆုံး လူဟာ သူပဲ’ လို့တွေးလိုက်ပြီး၊ ‘အကို...ကျနော်တို့ စာတွေကိုဘောပင်နဲ့ရေးရမှာလား’ လို့မေးလိုက်ပါတယ်၊ ဒီတော့သူ ကဘုကြည့်,ကြည့်ပြီး ‘ဘောပင်နဲ့မရေးလို့ မင်းကဘာနဲ့ ရေးချင်လို့လဲ’ တဲ့၊ ဟား...ကြည့်စမ်း၊ ဘယ်လောက် သေချာလိုက်တဲ့ အဖြေလဲလို့၊ ပျော်လိုက်တာ.....။

ဒီလိုနဲ့ (၅)တန်းကျောင်းသား ကျနော်ဟာ အစပိုင်းရက်တွေမှာ စာရေးဖို့ကို အင်မတန်မှ စိတ်အားထက်သန် နေခဲ့ပါတယ်၊ ဘောပင်ပေါင်းစုံကို အမျိုးမျိုးပြောင်းရေးလို့ ကျနော့်ရဲ့လက်ဟာ ဇောင်းကလွတ်တဲ့ မြင်းတစ်ကောင်လို စာရွက်တွေပေါ်မှာ ခုန်ပေါက်ကဆုန်စိုင်း နေခဲ့တာပေါ့၊ ဒါပေမယ့် မကြာခင်မှာပဲ အဲဒီမြင်းဟာ ခွာလိပ်လာခဲ့ ပါတော့ တယ်၊ အမှားမကင်းတဲ့ လူသားပီပီ ကျနော့်စာအုပ်ဟာ မှားတဲ့စာလုံးတွေကို ခြစ်ထားတာတွေနဲ့ ပွလို့၊ သိပ်မြင်မကောင်းတော့ နည်းလမ်းရှာရင်းနဲ့ မှင်ဖျက်ဆေးရည် သုံးရကောင်းမှန်း သိလာရော၊ ဒါပေမယ့် ဒါကလည်းသိပ်တော့ မဟန်ပါဘူး၊ အထူးသဖြင့် ဆရာမ စာခေါ်ချိန်ဆို အဆိုးဆုံး..၊ မှားလို့ဖျက်၊ မှင်ကမခြောက်သေးတော့ အပေါ်ကထပ်ရေးလို့မရ၊ လိုက်မမှီမှာစိုးလို့ ချန်ခဲ့ပြီးကျော်ရေး၊ ဒီလိုနဲ့ မှင်ဖျက်ဆေးရည် အဖြူကွက်တွေက ဟိုတကွက် ဒီတကွက်နဲ့။

ရက်တွေကြာလာတဲ့ အခါမှာတော့ ဘောပင်တွေအကြောင်းကို ကျနော် တစတစနဲ့ ပိုသိလာခဲ့ပါတော့တယ်၊ ဝယ်ပြီးတာနဲ့ တန်းရေးရုံပဲလို့ ကျနော်အထင်ကြီးထားတဲ့ ဘောပင်တချို့ဟာ ဟိတ်ဟန်ကြီးတခွဲသားနဲ့ မှင်က လိုက်တချက်, မလိုက်တချက်၊ နောက်ပြီး ရေးလို့ကောင်းတုန်း အမှတ်တမဲ့နဲ့ လွတ်ကျသွားလို့ မှင်ချောင်းတည့် တည့်နဲ့များ ကျလိုက်လို့ကတော့ သွားပြီပဲ၊ တခါတလေ ရေးရင်းတန်းလန်း မှင်ကုန်သွားရတာလည်း တမှောင့်၊ ကျနော် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတဲ့ ဘောပင်တွေက မထင်မှတ်တဲ့ ရှုထောင့်တွေကနေ ကျနော့်ကို စိတ် ဒုက္ခမျိုးစုံ ပေးလာခဲ့ပါတယ်၊ ဘောပင်တွေနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျမှုတွေက များသထက်များလာတဲ့အခါ ငယ်စဉ်ဘဝကတည်းက ရင်းနှီးခဲ့တဲ့ ခဲတံတွေကို ပြန်သတိရလာပါတော့တယ်၊ ကြည့်စမ်း.....ဒီနေရာမှာ ခဲတံလေးတွေဆို ဘယ်လောက်ကောင်းမလဲ၊ သူတို့မှာ မှင်မလိုက်တဲ့ ပြဿနာမရှိဘူး၊ လွတ်ကျသွားရင်လည်း အလွန်ဆုံးခဲဆံ ကျိုးရုံပေါ့၊ ပြန်ချွန်ပြီး ဆက်ရေးရုံပဲ၊ ရုတ်တရက်ခဲဆံ ကုန်တယ်ဆိုတာလည်း မရှိဘူး၊ ခဲတံတို လာပြီဆိုရင် သတိမထားချင်လို့ မရအောင်ကိုသိသာတာ၊ ဒါဆိုရင် အသစ်လဲလိုက်ရုံပါပဲ၊

စာအုပ်တွေထဲမှာ စိတ်တိုင်းမကျတဲ့ ဘောပင်တွေနဲ့ ရေးနေရတဲ့ ကျနော်ဟာ ဘဝစာမျက်နှာတွေပေါ်မှာလည်း မှင်မလိုက်တဲ့နေ့ရက်တွေ၊ လွတ်ကျသွားလို့ ဆက်ရေးလို့မရတဲ့နေ့ရက်တွေ၊ မပြောမဆို မှင်ကုန်သွားတဲ့နေ့ရက် တွေကို စိတ်တိုင်းမကျစွာ ဆက်ပြီးရေးသား နေရတုန်းပါပဲ၊ မြင်နေရတဲ့ စာအမှားတွေကို မှင်ဖျက်ဆေးရည်နဲ့ မမြင် ရအောင်ဖျက်လိုက်ပေမယ့် မမြင်ရတဲ့ဘဝအမှားတွေကိုတော့ တစ်ယောက်ထဲ ဆက်ပြီးမြင်နေရတုန်းပါပဲ၊ ဒီလို အဖြစ်တွေ ဆင့်ကာဆင့်ကာ စီလာတဲ့အခါမှာတော့ ခဲတံတွေကို ကျနော်နာကျင်စွာ လွမ်းဆွတ်နေတတ် ခဲ့ပါပြီ၊

အခုချိန်ခါမှာတော့ ခဲတံတွေနဲ့ ပိုလို့ဝေးရာ ကွန်ပျူတာစာလုံးတွေကြားကို ကျနော်တရွေ့ရွေ့နဲ့ တိုးဝင်လျှောက် သွားနေမိပါတယ်၊ စာရိုက်ဖို့ ချွန်စရာမလိုတဲ့ လက်နှိပ်ခုံက ဘယ်လိုရိုက်ရိုက် ဒီအရွယ်၊ ဒီအရောင်၊ ဒီစာလုံးပါပဲ၊ ဖိရိုက်လည်း တဖက်မှာဖောင်းကြွစာလုံး မထင်ပါဘူး၊ အပြုံးအရယ် တစက်မှမရှိတဲ့ လူတစ်ယောက်နဲ့ စကားပြောရသလိုပါပဲ၊ တိုးတက် မြန်ဆန်ဖို့ ဦးနှောက်ရဲ့ တီထွင်ထားမှုတွေ နောက်ကို ကျနော့်နှလုံးသားက အဆင်မကျစွာလိုက်ပါရင်းနဲ့ သူဆွတ်ပျံ့ လှိုက်ခုန်ဖူးရာ အတိတ်ကာလဆီကို သမင်လည်ပြန် စောင်းငဲ့ကြည့်လို့၊ အခုအချိန်မှာ ကျနော်အလိုချင်ဆုံးကတော့ ခဲတံလေးတစ်ချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်တဲ့အခါ ဖြစ်ပေါ်လာမယ့် လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်အကြားက နွေးထွေးမှုလေးပဲ ဖြစ်ပါတယ်။ ။


ညီလင်းသစ်
၂၈ နိုဝင်ဘာ၊ ၂၀၀၇

22 November 2007

ထိုလက်ထပ်ပွဲ


လက်ထပ်ထိမ်းမြားပွဲတွေကို ကျနော်တို့အားလုံးလိုလို သွားဖူးကြပါတယ်၊ တချို့ကလည်း ဒီလိုပွဲမျိုးတွေက ပကာသနတွေများလို့, ဟန်ဆောင်မှုတွေများလို့ ရှောင်လေ့ရှိတယ်ဆိုရင် တောင်မှ အနည်းဆုံးတော့ မျက်နှာနာမှာစိုးလို့၊ လူမှုရေးအရ ဘယ်လိုမှ မကောင်း တတ်လို့ စသဖြင့် မသွားမဖြစ် သွားရတာတွေ ရှိတတ်ပါတယ်၊ ဆိုလိုတာက မတူညီကြတဲ့လူသားနှစ်ဦး လောကရဲ့ လမ်းအသွယ်သွယ်ကို တူညီတဲ့စိတ်အခြေခံနဲ့ အတူလျှောက်မယ့်အကြောင်း ကြေညာ တဲ့ ဒီပွဲမျိုးတွေကို ကျနော်တို့ ဖြတ်သန်းကြဖူးပါတယ်၊

မင်္ဂလာပွဲတွေဟာ တဦးချင်းစီရဲ့ ခံယူချက်၊ ငွေကြေးတတ်နိုင်မှု စတာတွေပေါ် မူတည်လို့ တရားသူ ကြီးရှေ့မှောက် လက်မှတ်ထိုးတဲ့ အကျဉ်းရုံးပွဲ၊ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးပွဲ၊ ဘုရားကျောင်းမှာ ကျင်းပတဲ့ပွဲ၊ ဟိုတယ်ကြီးတွေမှာ ဧည့်ခံတဲ့ပွဲ စသည်အားဖြင့် ကွဲပြားပါတယ်၊ သတို့သားနဲ့ သတို့သမီး တွေကလည်း ရှေ့သွားနောက်လိုက် အင်မတန်လိုက်ဖက် တာတွေရှိသလို အပုနဲ့ အရှည်၊ အပိန်နဲ့အဝ၊ အဖြူနဲ့အမဲ အပြင်ပန်းအားဖြင့် သိပ်မလိုက်ဖက်တာတွေ လည်းရှိပါတယ်၊ ဒီလိုလက်ထပ်ပွဲတွေ အများကြီးထဲမှာမှ အခု ကျနော်ပြောပြချင်တဲ့ ဒီလက်ထပ်ပွဲလေးကတော့ တော်တော်လေးကို ထူးဆန်းပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ လူတစ်ယောက်က ခွေးတစ်ကောင် ကို လက်ထပ်တဲ့ပွဲ ဖြစ်နေလို့ ပါပဲ၊

တကယ်ပါ၊ လူသားစင်စစ် တစ်ယောက်က ခွေးတစ်ကောင်ကို တရားဝင် လက်ထပ်ခဲ့တာပါ၊ ကြားရ သူတိုင်းက တအံ့တသြနဲ့ စိတ်ဝင်စားကြလို့ပေါ့၊ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက ဒီလက်ထပ်ပွဲ ရဲ့နောက်ကွယ်က အကြောင်းလေးပါ၊ သူကဘာဖြစ်လို့ ခွေးကိုမှ လက်ထပ်ရတာလဲ? ဘာလဲ...သူ့ကို ကြိုက် မယ့်အမျိုးသမီး မရှိလို့လား? မဟုတ်ပါဘူး၊ ဇတ်လမ်းလေးကတော့ ဒီလိုပါ၊

ဆဲလ်ဗာကူးမားဟာ အသက် (၃၄) နှစ်အရွယ်ရှိ ဟိန္ဒူအမျိုးသားတဦးဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံ၊ တမီလ်ပြည်နယ်မှာရှိတဲ့ နာဒုဆိုတဲ့ ရွာကလေးမှာနေထိုင်ပါတယ်၊ လယ်ယာလုပ်ငန်းနဲ့ အသက်မွေး တဲ့ဒီဟိန္ဒူလူငယ်လေးဟာ လွန်ခဲ့တဲ့ (၁၅) နှစ်က သူ့လယ်ထဲမှာ ခွေးနှစ်ကောင်ကို သတ်လိုက်ပါ သတဲ့၊ အပြစ်ပေးတဲ့အနေနဲ့ သတ်လိုက်ပြီးတဲ့နောက်မှာ သူကအဲဒီခွေးနှစ်ကောင်ကို သစ်ပင်တစ် ပင်မှာ ကြိုးနဲ့ ချိတ်ဆွဲပြီး ထားခဲ့ပါတယ်၊ ဒီအဖြစ်အပျက် ပြီးတော့ ဆဲလ်ဗာကူးမားက နေ့တဓူဝ အလုပ်တွေဆက်လုပ်ရင်း အေးအေးဆေးဆေးပေါ့၊ ဒါပေမယ့် သူထင်သလောက်တော့ မအေးဆေး ခဲ့ပါဘူး၊

ရက်အနည်းငယ် အကြာမှာ သူ့အနေနဲ့ ဆိုင်းမဆင့်ဗုံမဆင့် စကားပြောရာမှာ ခက်ခဲလာပြီးတော့ စကားထစ်လာပါ တယ်၊ နောက်တော့ လုံးလုံး ဆွံအသွားရော၊ သိပ်မကြာခင် အကြားအာရုံ လည်းချို့တဲ့လာပြီးတော့ နားမကြားတော့ပါဘူး၊ ပိုဆိုးတာက လေဖြတ်သလိုဖြစ်လာပြီး လမ်းပါ လျှောက်လို့ မရတော့ တာပါပဲ၊ သန်သန်မာမာ လယ်သမားလူငယ်ဟာ ရက်ပိုင်းအတွင်းမှာပဲ ဒုက္ခိတလုံးလုံး ဖြစ်သွား ပါတော့တယ်၊

ဆရာဝန်တွေနဲ့ သူပြကြည့်ပါတယ်၊ ရိုးရိုးကုရော အထူးကုရော ကောင်းမယ်ထင်တဲ့ ဆရာဝန်မှန် သမျှနဲ့ ပြတယ်၊ ဆရာဝန်တွေသာ စုံသွားတယ်၊ ထူးဆန်းတဲ့ ဒီရောဂါကို ဘယ်သူမှ မကုနိုင်ကြဘူး၊ မကုနိုင်ရုံမက ဘာ့ကြောင့်ဖြစ်တယ် ဆိုတာတောင် ရှင်းမပြနိုင်ကြဘူး၊ ဆဲလ်ဗာကူးမားလည်း ငွေ ကုန်လူပန်းပေါ့၊ အဲဒီလို စိတ်ဓါတ်တွေကျပြီး ကယ်ရာကူရာမဲ့ ဖြစ်နေချိန်မှာ ကယ်တင်ရှင် ပေါ်လာ ပါတယ်၊ ဗေဒင်ဆရာ တစ်ယောက်ပါ၊

ဗေဒင်ဆရာကတော့ ဘာ့ကြောင့်ဖြစ်တယ် ဆိုတာ ရှင်းပြရုံတင်မကဘူး၊ ဘယ်လို ကုရမယ်ဆိုတာ ပါ တန်းပြောပါတယ်၊ ပိုင်ပိုင်နိုင်နိုင် ပါပဲ၊ သူ့အပြောအရ လွန်ခဲ့တဲ့ (၁၅) နှစ်က ဆဲလ်ဗာကူးမား သတ်ခဲ့တဲ့ ခွေးနှစ်ကောင်ရဲ့ ဝိညာဉ်တွေဟာ သူ့ကိုပြုစား ထားသတဲ့၊ ဒါ့ကြောင့် သူဒါတွေ ဖြစ်နေ တာတဲ့၊ အဲဒီခွေးသရဲနှစ်ကောင်ရဲ့ ကျိန်စာကိုဖျက်ဖို့ တခုတည်းသော နည်းလမ်းက ခွေး တစ် ကောင်နဲ့သူလက်ထပ်ရမယ်တဲ့၊ ဆဲလ်ဗာကူးမားကတော့ အားကိုးပါရစေဆရာရယ်ပေါ့၊ ဗေဒင်ဆရာ ရဲ့မျက်နှာကလည်း ခပ်တင်းတင်း၊ တပြားမှ မလျှော့နိုင်ဘူး ဆိုတဲ့ ပုံစံနဲ့။


ဒီနေရာမှာ ကျနော်တခုပြောချင်တာက လူ့ရဲ့ အားကိုးရှာစိတ်ပါ၊ ကျောက်ခေတ်ကာလ ကတည်းက ဒီစိတ်ဟာ လူသားတွေဆီမှာ ရှိပါတယ်၊ နေနတ်သားကိုးကွယ်မှု၊ မီးနတ်သားကိုးကွယ်မှု စသဖြင့် အားကြီးတဲ့အရာလို့ ထင်တဲ့အခါမျိုး၊ ကျိုးကြောင်းဆက်နွယ်မှု ရှုထောင့်ကနေရှင်းမပြ တတ်တဲ့အခါ မျိုးတွေမှာ ဒီစိတ်ဟာ ပေါ်လာတတ်ပါတယ်၊ ဒီအခါမှာ ဗေဒင်လက္ခဏာ မှစ၍ သဘာဝလွန်၊ စိတ်နယ်လွန်နယ်ပယ် တွေထဲမှာ ကျွမ်းဝင်သူတွေကို အားကိုးမိတတ်ကြပါတယ်၊ လူ့ရဲ့ သဘာဝ ကိုက မြင်နိုင်တဲ့အရာထက် မမြင်နိုင်တဲ့ အရာတွေကို ပိုစိတ်ဝင်စားပါတယ်၊ မမြင်နိုင်တဲ့အရာ ဆိုတာမှာ မျက်စိနဲ့ မမြင်ရတာရော, ကြိုပြီး မသိမမြင်နိုင်တဲ့ အနာဂါတ်မှာ ဖြစ်မယ့် အကြောင်းအရာရော နှစ်ခုလုံး ပါဝင်ပါတယ်၊ ဒီစိတ်ဖြစ်ပေါ် ခြင်းဟာ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်းနဲ့ မဆိုင်ပါဘူး၊ ဒါ့ကြောင့်လယ် သမားတစ်ယောက်ဆီမှာ ရှိနိုင်သလိုမျိုး တိုင်းပြည်ခေါင်းဆောင် လို့ဆိုတဲ့ လူတချို့ဆီမှာလည်း ဒီလို အားကိုးရှာစိတ်တွေ ရှိနေတာ ကျနော်တို့အားလုံး အသိပါပဲ၊

ဒါနဲ့ ဆက်ပြောရရင် ဆဲလ်ဗာကူးမားလည်း လက်ထပ်ဖို့အတွက် ပြင်ဆင်ပါတယ်၊ သူ့အနေနဲ့ လက်ထပ်ရမယ် ဆိုလည်း ထပ်ရုံပေါ့၊ ဒါက အကြောင်းမဟုတ်ပါဘူး၊ ဒါပေမယ့် တွေ့ကရာ ခွေးနဲ့တော့ သူလက်မထပ်ချင်ပါဘူး၊ ဒါ့ကြောင့် သူနှစ် သက်နိုင်မယ့် ခွေးပျိုမလေးကို ရှာရပါတယ်၊ ခွေးကို မွေးဖို့မဟုတ်ဘဲ လက်ထပ်ဖို့ရှာတဲ့ အခါမှာ ထင်သလောက် မလွယ်ကူပါဘူး၊ နောက်ဆုံးမှာ တော့သူငယ်ချင်း တစ်ယောက်ရဲ့ ကောင်းမှုနဲ့ အသက် (၄) နှစ်အရွယ် သတို့သမီးလောင်းကို ရှာတွေ့သွားပါတော့တယ်၊ အဲဒီတစ်ကောင်ကြွက် သတို့သမီးလောင်းကို သူတို့ ‘ဆဲလ်ဗီ’ လို့နာမည် ပေးလိုက်ကြပါတယ်၊

ဒီလိုနဲ့ တိမ်ပြာတဲ့ တနင်္ဂနွေတနေ့မှာ စိတ်လှုပ်ရှားမှု အသီးသီးကို ထိုးခွဲလို့ မင်္ဂလာပွဲလေးဟာ ပေါ်ပေါက်လာပါတော့တယ်၊ ဒီပွဲမှာ ဆဲလ်ဗာကူးမားတစ်ယောက်တော့ စိတ်လှုပ်ရှား ရင်ခုန်နေလိမ့် မယ်လို့ ကျနော် တွေးကြည့်မိပါတယ်၊ သတို့သမီးက သူ့ကို ကြင်ကြင်နာနာမှ ဆက်ဆံပါ့မလား? တော်ကြာ လူပုံအလယ်မှာ စိတ်နောက်ပြီးကိုက်လိုက်မှ ဒုက္ခလို့ သူတွေးကောင်း တွေးနေနိုင်ပါ တယ်၊ ခွေးပျိုမလေးကို ဟိန္ဒူထုံးတမ်းစဉ်လာအရ ဆာရီတထည် ခြုံပေးပါတယ်၊ ပြီးတော့ ပန်းကုံး တကုံးစွပ်ပါတယ်၊ သတို့သမီးရဲ့ ဆင်ယင်မှုကတော့ ဒီလောက်ပါပဲ၊ တတ်နိုင်တဲ့ တချို့မင်္ဂလာ ဆောင်တွေမှာလို စိန်ဆံထိုးတွေ၊ စိန်နားကပ်တွေ၊ စိန်ဘယက်တွေ၊ စိန်လက်စွပ်တွေနဲ့ တဖိတ်ဖိတ် တောက်နေတဲ့ စိန်စီသော သတို့သမီး မဟုတ်ပါဘူး၊

အချိန်ကျတော့ ‘ဇနီးမောင်နှံလောင်း’ ကိုဟိန္ဒူဘုရားကျောင်းကို ခေါ်သွားကြပါတယ်၊ အဲဒီမှာ ဘုရား ကျောင်းရဲ့ အကြီးအကဲက သူတို့ကို လက်ထပ်ပေးလိုက် ပါတော့တယ်၊ လက်ထပ်ပွဲမှာ ဆဲလ်ဗာ ကူးမားရဲ့ သူငယ်ချင်းက အမှတ်တရစကား ပြောတဲ့အခါ သူ့သူငယ်ချင်းဟာ ကျိန်စာကိုချေဖျက်ဖို့ အတွက်သာ ဒီခွေးကိုလက်ထပ်ရကြောင်းနဲ့ အခြေအနေတွေ အားလုံးပုံမှန် ပြန်ဖြစ်သွားတဲ့အခါ တကယ့်သတို့သမီး တစ်ယောက်နဲ့ ပေါင်းဖက်ဖို့ ရည်မှန်းထားပါတယ် လို့အားလုံးကို ရှင်းပြသွား ပါတယ်၊ လက်ထပ်ပြီးတဲ့အခါ ဘာဆက်ဖြစ်သေးလဲ? ဆဲလ်ဗာကူးမားရဲ့ ကျိန်စာကော ပြယ်သွား လား? နောက်ပိုင်း ဇတ်လမ်းကိုတော့ ကျနော်တို့ ဆက်မသိရပါဘူး၊

ဒီဇတ်လမ်းမှာ ဆဲလ်ဗာကူးမား ဆိုတဲ့လယ်သမား လူငယ်လေးကို ကျနော်တို့ ရှုထောင့်ပေါင်းစုံ ကနေ ခံစားကြည့်လို့ ရပါတယ်၊ ခွေးတစ်ကောင်ကို လက်ထပ်သူဆိုပြီး ကျနော်တို့ ရယ်မောပစ် လိုက်လို့ ရပါတယ်၊ အဲဒီလို ဝိုင်းရယ်ကြမယ့် လူတွေလည်း နည်းမှာမဟုတ်ဘူးလို့ ကျနော် ခန့်မှန်းကြည့် ပါတယ်၊ ဒါမှမဟုတ် ‘တကယ်ရူးလဲ ရူးတဲ့ကောင်ပါပဲကွာ၊ စဉ်းစားဆင်ခြင်ဥာဏ် ကလည်းနဲပါဘိ’ လို့ စုပ်တသပ်သပ်နဲ့ ခေါင်းယမ်းနေလို့ လည်းရပါတယ်၊ ‘အယူသည်း လွန်းတဲ့ ကောင်ပဲ’ လို့ မှတ်ချက်ချလို့ ရသလို ‘နဲနဲမှ အရှက်နဲ့ သိက္ခာရှိတဲ့ ကောင်မဟုတ်ဘူး၊ ခွေးကိုများ လက်ထပ်ရ တယ်လို့’ ဆိုပြီး မညှာမတာ အပြစ်တင်လို့လည်း ရပါတယ်၊ ဒါကတော့ တဦးချင်းစီရဲ့ ရှုထောင့် ရွေး ချယ်မှုနဲ့ ချဉ်းကပ်ပုံ စိတ်အခြေခံပေါ်မှာ ပဲမူတည်ပါလိမ့်မယ်၊

ဒါပေမယ့် စဉ်းစားကြည့်ရင် ဒီခွေးနှစ်ကောင်ကို သတ်မှုဆိုတဲ့ ပြစ်မှုကျူးလွန်တဲ့ နေ့ကနေ (၁၅) နှစ်လုံးလုံး သူဘယ် လောက်စိတ်ဆင်းရဲ နေခဲ့ရမလဲ? အမည်တပ်လို့ မရတဲ့ ရောဂါတွေကလည်း တခုပြီးတခု၊ ငွေတွေ လည်းကုန်၊ အားကိုးရမယ့်သူ ကလည်းမရှိနဲ့၊ သူတကယ်ကို ပင်ပန်းတကြီး ဖြတ်သန်းခဲ့ရမှာပါ၊ နောက်ဆုံး ကုသနည်းကို တွေ့ပြန်တော့လည်း လုပ်ရမှာက အငိုလွယ် သလောက် အရှိုက်ခက်တဲ့ ကိစ္စ၊ ပြီးတော့ တကယ် ပျောက် မပျောက်ဆိုတာလည်း ဘယ်သူက အာမခံမှာလဲ? အားလုံးက ဝိုင်းဟား လိုက်ကြမယ့်ဖြစ်ခြင်း၊ လူကြီးလူငယ်မရွေး သွားလေရာမှာ ဝိုင်းစ, မှာကတော့ အသေအချာပါပဲ၊ ဒီကိစ္စတွေပြီးပြန်တော့ သူ့ကိုလက်ထပ်ရဲမယ့် အမျိုးသမီး ကော ရှိပါဦးမလား? ဒါတွေကို တွေးကြည့် လိုက်တော့ ဒီဆုံးဖြတ်ချက်ကို သူလွယ်လွယ်နဲ့ ချခဲ့မှာ မဟုတ်တာတော့ သေချာပါတယ်၊

ဘာပဲဖြစ်ဖြစ် ဆဲလ်ဗာကူးမားကတော့ ဒါဟာ သူကျူးလွန်ခဲ့တဲ့ အပြစ်ရဲ့ အဖိုးအခကို ပြန်ပေးဆပ်ရ ခြင်းပဲလို့ ခံယူပြီး အားလုံးရဲ့ မျက်လုံးတွေကို ရင်ဆိုင်သွားခဲ့ပါတယ်၊ ဒီလောကမှာ ခွေးနှစ်ကောင် ကိုသတ်မှု ဆိုတာထက် အများကြီး ပိုကြီးလေးတဲ့ လူသတ်မှုတွေ ကျူးလွန်နေကြသူတွေ ရှိပါတယ်၊ တကယ့်ကို ရခဲလှတဲ့ လူ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့ကြတဲ့ တန်ဖိုးရှိလူသားတွေပါ၊ ဒီလူသား တွေကို လူမဆန်စွာ သတ်ခဲ့ကြတဲ့ ‘လူတွေ’ ရှိပါတယ်၊ သူတို့တွေကကော..... စိုက်ပျိုးခဲ့တာတွေ အတွက် ပြန်ရိပ်သိမ်းရမယ့် အချိန်ရောက်လာရင် ဆဲလ်ဗာကူးမားလောက် သတ္တိရှိပါ့မလား? ကျနော် သိချင်လှပါတော့တယ်။ ။


ညီလင်းသစ်
၂၂ နိုဝင်ဘာ၊ ၂၀၀၇

19 November 2007

ငရုတ်သီးစားခြင်း


ငရုတ်သီး စားတဲ့ လူတစ်ယောက်ကို ဘာဖြစ်လို့ ငရုတ်သီးစားရတာလဲလို့ မေးရင် ‘ ကြိုက် လို့ ’ ဆိုတာအပြင် သူ့မှာတခြား အဖြေ များများစားစား ရှိမယ် မထင်ပါဘူး၊ ဆရာဝန်က စားခိုင်း ထားလို့ ကျန်းမာရေးအတွက် ငရုတ်သီးစား နေတယ် လို့ပြောတဲ့လူ ကျနော်တော့ မတွေ့ဖူး သေးပါ ဘူး၊ ဒီကိစ္စက တဦးချင်းစီရဲ့ အကြိုက်နဲ့ပဲ ဆိုင်ပါတယ်၊ ဒါပေမယ့် ငရုတ်သီး မစားသူတွေက ဒီလောက် အဝင်လည်းဆိုး၊ အထွက်လည်းဆိုးပြီး ပူစပ်ပူလောင် နိုင်တဲ့အရာကို ဘာလို့စားရတာလဲ လို့ မေးပြော, ပြောလာရင် ‘ အဟီး....ကြိုက်တာကိုးဗျ ’ လို့ ရယ်ကျဲကျဲ နေလိုက်ရုံကလွဲရင် တုံ့ပြန် စရာ တခြားနည်းလမ်း သိပ်မရှိပါဘူး၊ အဲဒီလို ပြန်လည်ချေပ ပိုင်ခွင့် သိပ်မရှိတဲ့ ငရုတ်သီး စားသူတွေ ထဲမှာ ကျနော်လည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။

ဒီကမ္ဘာပေါ်မှာ ငရုတ်သီးကို အခြေခံ ဟင်းလျာအဖြစ် ဟင်းပွဲ တော်တော်များများ မှာ ထည့်စားတဲ့ လူမျိုးတွေ အများကြီးရှိပါတယ်၊ ထင်ရှားတဲ့ နိုင်ငံတွေက တော့ အာရှမှာဆို ထိုင်း, အိန္ဒိယ, သီရိလင်္ကာ၊ အာဖရိကမှာ ဆင်စွယ်ကမ်းရိုးတန်း, ဆေနေဂေါလ်, နိုင်ဂျီးရီးယား အစရှိတဲ့ နိုင်ငံတော်တော်များများ၊ လက်တင်အမေရိကမှာ ဆိုရင် မက္ကဆီကို, ပီရူး, ဘိုလီးဗီးယား စတဲ့ နိုင်ငံ တွေပါ၊ ကျနော်မသိတဲ့ နိုင်ငံတွေလည်း အများကြီး ရှိပါသေးတယ်၊ ငရုတ်သီးကို ပထမဦးဆုံး စပြီး စိုက်ပျိုးခဲ့တဲ့ နေရာကတော့ မက္ကဆီကိုနဲ့ ဘိုလီးဗီးယား နိုင်ငံတွေပါ၊ (၁၅) ရာစုနှစ်ကုန်ပိုင်းမှာ တော့ နယ်မြေသစ်ရှာဖွေသူ ခရစ္စတိုဖာ ကိုလံဘတ်စ်က ဘိုလီးဗီးယား ကုန်းပြင်မြင့်က ငရုတ်သီးတွေကို ဥရောပကို သယ်ဆောင်လာခဲ့ ပါတယ်၊ ဒီကမှတဆင့် တကမ္ဘာလုံး ကို တဖြည်းဖြည်း ပြန့်နှံ့ သွားခဲ့ တာပါ၊

ငရုတ်သီး စားတဲ့ လူမျိုးတွေအများကြီး ရှိသလိုပဲ ငရုတ်သီးမျိုးကွဲ တွေလည်း အများကြီး ရှိပါတယ်၊ အခြေခံအားဖြင့် ငရုတ်သီးမျိုးကွဲ (၅) ခုရှိပြီး အဲဒီမျိုးကွဲ တခုစီရဲ့အောက်မှာ မျိုးစိတ်လေး တွေ အများကြီး ရှိပါတယ်၊ ပုံသဏ္ဌာန်ဆိုရင်လည်း အတို၊ အရှည်၊ အပု၊ အလုံး မျိုးစုံရှိသလို အရောင်အားဖြင့် အနီ၊ ပန်းရောင်၊ အစိမ်း၊ အဝါ မှစ၍ တော်တော်စုံပါတယ်၊ တချို့က သိပ်မစပ်ပေ မယ့် တချို့ကတော့ အမလေး, အဘလေး အော်နေရလောက်အောင် စပ်ပါတယ်၊ ဒီ ငရုတ်သီး ပေါင်းစုံထဲကမှ ကျနော်တခါက စားခဲ့ဖူးတဲ့ ငရုတ်သီး တခုအကြောင်း ပြောပြချင်ပါတယ်၊ အဲဒီ ငရုတ်သီး ရဲ့နာမည်က ‘ ဟာဘာနေရို ’ (habanero) လို့ ခေါ်ပါတယ်၊ သူက တခြားတော့ မဟုတ် ပါဘူး၊ ကျနော်တို့ မြန်မာတွေ သိကြတဲ့ ‘ ကုလားအော် ’ ပါပဲ၊

အဲဒီနေ့က ဈေးမှာ ကုလားအော်သီးတွေ ကျနော်တွေ့တယ်၊ ခါတိုင်းလည်းတွေ့နေကျပါပဲ၊ ဒါပေမယ့် အဲဒီနေ့က ကျနော် ကုလားအော်သီး စားဖူးလားလို့ ပြန်စဉ်းစားကြည့်တော့ ဝိုးတိုးဝါးတား နဲ့ စားဖူးသလိုလို, မစားဖူးသလိုလို၊ ဒါနဲ့ စမ်းကြည့်ဦးမယ် ဆိုပြီး တခါချက်စာ ဝယ်ပါတယ်၊ သူ့ အရသာကိုသာ မမှတ်မိပေမယ့် ကုလားအော်သီး ဘယ်လိုစပ်တယ် ဆိုတာ ကျနော်သိပါတယ်၊ ဒါ့ ကြောင့် သူနဲ့အတူ ရောချက်စားဖို့ ဇုကီနီ (Zucchini) လို့ ခေါ်တဲ့ အသီးကိုပါ ဝယ်တယ်၊ ဒီဇုကီနီ က အရွယ်အစားနဲ့ ပုံသဏ္ဌာန်ကတော့ သခွားသီးနဲ့ တူပြီးတော့ အရသာကတော့ ဂေါ်ရခါးသီး နဲ့ ခပ်ဆင်ဆင်ပါပဲ၊ သူ့အားကိုးနဲ့ ကုလားအော်သီးကို အစပ်လျှော့ချဖို့ ပြင်နေတာပါ၊

အိမ်ရောက်တော့ နှစ်ခုစလုံးကို အနေတော် ပါးပါးလှီးပြီးတော့ ရောကြော်ပါတယ်၊ ဒီမှာတင် ပဲ ကုလားအော်သီးက ဇာတိပြပါတော့တယ်၊ ဟင်းအိုးက ထွက်တဲ့အငွေ့ထဲမှာ ငရုတ်သီးအနံ့က တဖြည်းဖြည်းနဲ့ နေရာယူလာပြီး စ, မွှန်လာရော၊ ခဏအကြာမှာတော့ မီးဖိုချောင် တခုလုံးဟာ ငရုတ်သီး အနံ့တွေနဲ့ မွှန်ထူသွားပါ တော့တယ်၊ ကျနော့်မှာ အိမ်နီးချင်းတွေပါ ညှော်မှာ စိုးလို့ ပြတင်း ပေါက်ကို မဖွင့်ရဲဘဲ မီးဖိုပေါ်က လေစုပ်ပန်ကာ ကိုသာ အဆုံးထိ ဖွင့်ထားရပါတယ်၊ ခဏနေတော့ ကျနော်ပါ မွှန်လာပြီး နှာချေပါတော့တယ်၊ (၆) ခါတိတိ ဆက်တိုက်ပါပဲ၊ ကုလားအော်ငရုတ်သီး နံ့တွေနဲ့ တင်းကျမ်းပြည့်နေတဲ့ မီးဖိုချောင်လေးဟာ အဓိကရုဏ်းကာလမှာ မျက်ရည်ယိုဗုံး အလုံး (၂၀) လောက်အကြဲခံထားရတဲ့ နေရာတခုအလား မွှန်ထူ, စပ်လောင်လို့၊ ကျနော်လည်းမျက်ရည်တွေဝဲရင်း‘ အင်း..ကုလားအော်ကတော့ တာထွက်ကထဲက ဆော်ပြီဟေ့ ’ လို့ တွေးမိပါတယ်၊

စားတဲ့အခါမှာတော့ အားပါးပါး...စပ်လိုက်တာ ဆိုတာ မပြောပါနဲ့တော့၊ ကုလားအော် ဆိုတာ စ၊လယ်၊ဆုံး စပ်ခြင်း (၃)ပါးနဲ့ ပြည့်စုံတဲ့ ငရုတ်သီး ပဲလို့ ကျနော်အသိအမှတ် ပြုလိုက်ရပါတော့တယ်၊ ဒါတောင် ကျနော်ကငရုတ်သီးဖတ်ကို နဲနဲပဲစားပြီး ဇုကီနီ တွေပဲဖိစားတာပါ၊ ဒါလည်းသိပ်တော့ မထူးပါဘူး၊ အကြောင်းကတော့ ဇုကီနီခမျာ သူ့မူလ အရသာပျောက်ပြီး နေ့ချင်းညချင်း ငရုတ်သီးလုံးလုံး ဖြစ်သွားလို့ပါပဲ၊ စားနေတဲ့ အချိန်မှာလည်း ကျနော့်ပါးစပ်က မီးတောင်ဝတစ်ခုလို အခုပဲ ချော်ရည်တွေစီးလာတော့မတတ် ပူစပ်နေတာပါပဲ၊ အမှန်က ဒီငရုတ်သီးက စပ်တယ်ဆိုတာထက် ပူတာပါ၊ ဒါတောင်နှမြောတာနဲ့ နောက်တရက် ကျနော်ဆက်စားပြီး မတတ်နိုင်တဲ့အဆုံး ကျန်တာကို သွန်ပစ်လိုက်ရပါတယ်၊

အဲဒီ (၂) ရက်က စပ်လွန်းလို့ ထမင်းစားပြီးတိုင်း သကြားလုံးတွေ၊ ချောကလက်တွေစား ပြီး နို့ပါ သောက်ရပါတယ်၊ တကယ်တော့ ငရုတ်သီးမှာ ကက်ပ်ဆိုင်စင် (Capsaicin) လို့ခေါ်တဲ့ မော်လီကျူး ပါရှိပါတယ်၊ ငရုတ်သီးစပ်တယ် ဆိုတာသူ့ကြောင့် စပ်တာပါ၊ အဲဒီ ကက်ပ်ဆိုင်စင် မော်လီကျူးက ငရုတ်စေ့တွေထဲမှာ ပိုစုနေပြီး ငရုတ်သားထဲမှာတော့ နည်းပါတယ်၊ ဒါ့ကြောင့် ငရုတ်စေ့က ငရုတ် သားထက် ပိုစပ်တာပါ၊ မျက်ရည်ယိုဗုံး တွေထဲမှာလည်း ဒီမော်လီကျူးကိုပဲ ပြန် ဖော်စပ်ပြီး ထည့်ကြတာပါ၊ ကက်ပ်ဆိုင်စင်ရဲ့ သဘာဝက lipid လို့ခေါ်တဲ့ အဆီဓါတ်နဲ့ လွယ်ကူ စွာပေါင်းစပ် ဓါတ်ပြုလွယ်ပါတယ်၊ ဒါ့ကြောင့် ငရုတ်သီးစပ်ရင် ဒီကက်ပ်ဆိုင်စင်ကို ခြေဖျက်ဖို့ အတွက် lipid အဆီဓါတ်ပါတဲ့ ခရင်မ်၊ ဒိန်ခဲ၊ ချောကလက်၊ နို့ စတာတွေကိုစားဖို့ လိုပါတယ်၊ ရေသောက်တာက အစပ်မပြေပါဘူး၊

ဒီလောကမှာ စပ်တဲ့၊ ပူတဲ့ ငရုတ်သီးတွေ အများကြီးပါ၊ အဲဒီငရုတ်သီးတွေကို ဘယ်သူက ဘယ်လောက်စပ်တယ်, ဘယ်သူက ဘယ်သူ့ထက်ပိုစပ်တယ်လို့ ကွဲကွဲပြားပြား ပြောနိုင်ဖို့ သုံးတဲ့ ပေတံရှိပါတယ်၊ စကိုးဗီးလ် စံညွှန်း (Scoville scale) လို့ခေါ်ပါတယ်၊ Wilbur Scoville ဆိုတဲ့ ဆေး ဝါးကျွမ်းကျင်သူက ၁၉၁၂ မှာဒီ စကေးလ် ကိုထွင်ခဲ့တာပါ၊ သူ့နည်းက ရှင်းရှင်းလေးပါပဲ၊ ပထမ ငရုတ်သီး (၁) ဂရမ်ကို ထောင်း၊ ပြီးတော့ ရေ (၁၀) လီတာထဲမှာ ထည့်ဖျော်ပါတယ်၊ ငရုတ်သီး နဲ့ ရေအချိုးက ၁း ၁၀၀၀၀ ပေါ့၊ ဒီဖျော်ရည်ကို လူ (၅) ယောက်စီ ပါဝင်တဲ့အဖွဲ့လေး တွေကို မြည်းခိုင်းပါတယ်၊ စပ်ရင် ရေရော၊ စပ်သေးရင် ရေထပ်ရောနဲ့ နောက်ဆုံးလုံးဝ အစပ်ပျောက်တဲ့ အထိ ရေရောပါတယ်၊ ဒီတော့ ရေအများဆုံး ရောရတဲ့ ငရုတ်သီးဟာ အစပ်ဆုံးပေါ့၊ ပြီးတော့မှ လွယ်ကူအောင် (၀) ကနေ (၁၀) အထိစကေးလ်လုပ်ပြီး ရေရောမှုအလိုက် အဆင့်သတ်မှတ်တာပါ၊ (၀) ကလုံးဝ မစပ်တာ၊ (၁၀) ကတော့အစပ်ဆုံးပေါ့လေ၊ ဟုတ်ကဲ့....ကျနော်စားခဲ့တဲ့ ကုလား အော်သီး က ရေရောယူနစ် ၃၅၀ ၀၀၀ နဲ့အဆင့် (၁၀) ချိတ်တဲ့ ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးပါပဲ၊

တကယ်တော့ ငရုတ်သီးတွေမှာ ကောင်းတာလေးတွေလည်းရှိပါတယ်၊ ဆေးပညာရှုထောင့် ကကြည့်ရင် ငရုတ်သီးက တံတွေးနဲ့ အစာခြေရည်ကို ထွက်စေတဲ့ အတွက်ကြောင့် အစာခြေမှုကို အထောက်အကူပြုတယ်၊ ငရုတ်သီးက သွေးကြောတွေကို ကျယ်စေတဲ့ အတွက်ကြောင့် သွေးဖိ အားကိုကျစေတယ်၊ သွေးကိုကြည်စေတယ်၊ နှလုံးသွေးကြောပိတ်ခြင်းကနေ ကာကွယ်စေတယ်၊ ငရုတ်ရွက်ကို အုံ့ပေးရင် လေးဖက်နာ သက်သာတယ်၊ ငရုတ်သီးမှာ ဗီတာမင် စီ၊ ဘီဝမ်းနဲ့ ဘီတူး တို့လည်းပါဝင်ပါတယ်၊ တန်ဆေး လွန်ဘေး ဆိုပြီးစားရင်တော့ မဆိုးပါဘူး၊

ဘာပဲဖြစ်ဖြစ်ပါ၊ ကျနော်စားခဲ့တဲ့ ‘habanero’ ခေါ် ‘ကုလားအော်’ သီးကတော့ တကယ့် ကို စပ်တာအမှန်ပါပဲ၊ ကျနော်ကတော့ ‘ကုလားအော်’ အစား ‘ကမ္ဘာ့လူမျိုးအကုန်အော်’ လို့သာ နာမည် ပြောင်းလိုက်ချင်တော့တာပါပဲ၊ အခုအချိန်မှာတော့ ကျနော်နဲ့ ကုလားအော်က တခန်းရပ် ဇတ်လမ်း ဖြစ်သွားပါပြီ၊ ဒါပေမယ့် ဈေးသွားတိုင်းမှာတော့ ကုလားအော်သီးတွေကို မကြာခဏဆိုသလို တွေ့ရ တတ်တုန်း ပါပဲ၊ တွေ့တိုင်းလည်း သူတို့က ‘ဘယ်လိုလဲ ကိုယ့်လူ...ကျုပ်တို့ကို ဝယ်စားဦးလေဗျာ’ လို့ ဈေးဗန်းထဲကနေ ထီမထင်အပြုံးတွေနဲ့ မျက်စပစ်မြဲ၊ ကျနော်ကလည်း ‘အင်း...လောလော ဆယ်တော့ ဝယ်ဖို့အစီအစဉ် မရှိသေးဘူးဗျာ’ ဆိုပြီး အချိန်သိပ်မရတဲ့ပုံနဲ့ ဈေးဗန်းရှေ့ကနေ ခပ်သုတ်သုတ်ဖြတ်လျှောက်မြဲ။ ။


ညီလင်းသစ်
၁၉ နိုဝင်ဘာ၊ ၂၀၀၇

06 November 2007

ကျေးဇူးစကား...


ကျနော့်ဘလော့ဂ်လေးတော့တဖြည်းဖြည်းနဲ့အသက်ဝင်လာပါပြီ၊ လိုအပ်တာတွေအများကြီး ရှိနေ သေးပေမယ့် ပို့စ်လေးတွေ စ,တင်လို့ရပြီပေါ့၊ ဘယ်လိုပီတိဖြစ်ရတယ်ဆိုတာပြောမပြတတ်အောင် ပါပဲ၊


စ, လုပ်ခါစတုန်းက... ကျနော်လည်းအများသူငါလို စမ်းတဝါးဝါးနဲ့ပါပဲ၊ အချိန်ပေးပြီးလေ့လာ, အချိန်ယူပြီး တဆင့်ချင်းလုပ်လာခဲ့ပါတယ်၊ IT နဲ့သိပ်မယဉ်ပါးတဲ့ကျနော့်လို လူတစ်ယောက်ကို အခုလိုမြန်မာဘလောဂ့်တစ်ခုလုပ်တတ်လာအောင် အစ,စ အရာရာကူညီခဲ့တဲ့လူတွေရှိပါတယ်၊ သူတို့တွေကတော့...... မန္တလေးသားကြီးကိုမောင်လှ, ရန်ကုန်သားလေးကိုညီလင်းဆက်, Saturngod, ကိုရန်အောင်, ကိုချမ်းမြစိုး အစရှိသူတို့ပါပဲ၊


သူတို့တွေရဲ့အကူအညီသာမပါရင် ဒီဘလောဂ့်လေးဟာ ရှိနေစရာအကြာင်းမရှိပါဘူး၊ သူတို့တွေရဲ့ ကိုယ်ပိုင်အချိန်တွေကိုပေးပြီး စိတ်ဝင်စားသူတွေလုပ်တတ်လာအောင် သေသေချာချာ အချိန်ယူ ရှင်းပြပေးထားတဲ့ စေတနာကိုကျနော် တကယ်လေးစားပါတယ်၊ ဒီလူတွေရဲ့ကျေးဇူးကို ဒီပို့စ်လေးနဲ့အတူ ကျနော်လှိုက်လှိုက်လှဲလှဲ မှတ်တမ်းပြုပါတယ်၊


ကျနော်မသိပေမယ့် ဒီလိုစေတနာရှေ့ထားပြီး ကိုယ့်ရဲ့ပညာကိုဝေမျှတဲ့လူတွေ အများကြီးရှိပါတယ်၊ နည်းပညာနဲ့ပတ်သက်ရင် ဒီလောက်ပိတ်ဆို့ဟန့်တားနေတဲ့ကြားကနေ မရ, ရအောင်ကူညီပေးခဲ့ကြ သူတွေပါ၊


ဒီကြားထဲ ကျနော်က (၂) ခါမှားလိုက်သေးတယ်၊ ပထမတစ်ခါက Setting တွေပြင်ရင်းနဲ့ဖြစ်တာ... ဘလောဂ့်လေးအကောင်အထည်ပေါ်လာလို့ ဝမ်းသာခါစရှိသေး, (၂) ရက်အကြာမှာပျက်သွားရော၊ ပျက်တာမှ စာမျက်နှာပေါ်မှာဘာမှမကျန်အောင်ကို ပျက်သွားတာ၊ နဲနဲတော့လေသွားတယ်၊ ဘယ်တတ်နိုင်မလဲ... တစ် ကပြန်စပေါ့၊


နောက်တစ်ခါက တပတ်အကြာမှာဖြစ်တာ... Template ထဲမှာ Coding တွေပြင်ရင်းနဲ့ ဘာက ဘယ်လိုဖြစ်သွားတယ်မသိပါဘူး, Error message တွေတက်လာပါလေရော၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ နဲနဲ လည်သွားပြီ၊ စောစောစီးစီး Back-up ကူးထားလိုက်တော့ သိပ်မဆုံးရှုံး တော့ဘူး၊


ဘာပဲဖြစ်ဖြစ်ပါ.....ကျနော့်ရဲ့ဘလောဂ့်လေးဟာ အိမ်ကလေးတစ်လုံးလို့ ဆိုကြပါစို့၊ လောလောဆယ် အမိုး, အကာ နဲ့ အခင်းကတော့ ပြီးသွားပါပြီ၊ အထဲမှာ အခန်းတွေ ကာဖို့ရှိသေးတယ်၊ ပရိဘောဂ တွေလိုသေးတယ်၊ ပန်းချီကားတွေ, ခန်းဆီးတွေ, အိုးခွက်တွေ လိုသေးတယ်၊ အပြင်မှာ ပန်းပင် တွေ, ခြံစည်းရိုးတွေ, ဝင်းတံခါးတွေလိုသေးတယ်၊ ဒါတွေကို တဖြည်းဖြည်းတော့ ဖြည့်သွားရမှာပါပဲ၊


အဲဒီအိမ်လေးဟာ ဘာခမ်းနားမှုမှ မရှိပေမယ့် လာလည်မယ်ဆို လည်လို့ရနေပါပြီ၊ ဒီလိုအနေ အထားလေးမှာကိုပဲ လာလည်သွားတဲ့ ဧည့်သည်တွေရှိပါတယ်၊ သူတို့အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရင်းနဲ့ နောက်လဲလာလည်ဖို့ ဖိတ်ခေါ်ပါရစေ။


အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။ ။
ညီလင်းသစ်
၆ နိုဝင်ဘာ၊ ၂၀၀၇

ပဟေဠိဖွက်တဲ့သရဲတစ်ကောင်

ဒီရက်ပိုင်းဘလော့ဂ်တော်တော်များများမှာ သရဲအကြောင်းတွေဖတ်ရပါတယ်၊ ကိုယ်ပိုင်အတွေ့ အကြုံတွေ, ကြားဖူးနားဝရှိတာတွေ, သရဲအစစ်တွေ, သရဲအတုတွေ စုံလို့ပါပဲ၊ ဝီစကီသောက် တဲ့ သရဲနဲ့ ဝက်ခြံဗရဗျစ်နဲ့သရဲတောင် ပါလိုက်သေးတယ်၊ ဟယ်လိုဝင်းပွဲတော်ကိုအကြောင်းပြုပြီး ဘလော့ဂါတွေရဲ့ စင်္ကြန်မှာ သရဲတွေလမ်းသလားချိန်ပေါ့၊ အဲဒီ လျှောက်ပြန်သံပေး လုပ်နေတဲ့ထဲက တစ်ကောင်က ကျနော့်ကိုများဝင်ပူးသွားလား မသိဘူး... ကျနော့်ရဲ့ လက်တွေဟာ နတ်ဝင်သည် လို တဆတ်ဆတ်တုန်လာပြီး တခါတုန်းက ဆုံခဲ့ဖူးတဲ့သရဲတစ်ကောင် အကြောင်းကို ချရေးဖြစ်ပါ တော့တယ်၊

x x x x x

လွန်ခဲ့တဲ့ (၆)နှစ်လောက်တုန်းက ဖြစ်ခဲ့တာပါ၊ ဒါပေမယ့် ဒီအကြောင်းကိုပြန်တွေးတိုင်း ဒီနေ့အထိနားမလည်နိုင်သေးပါဘူး၊ အားလုံးရဲ့အမြင်မှာတော့ ကျနော်သရဲခြောက်ခံလိုက်ရတာပါ၊ ဒါပေမယ့် ကျနော်ကတော့ အဲဒီလိုမယူဆချင်ပါဘူး၊ ဒါဖြင့် သရဲခြောက်ခံရတာမဟုတ်ရင်ဘာလဲလို့ တစုံတယောက်ကမေးလာခဲ့မယ်ဆိုပါစို့၊ ကျနော့်မှာအဖြေမရှိပါဘူး၊ ဇဝေဇဝါနဲ့အတော်ထူးဆန်းတဲ့ အဖြစ်အပျက်ပါ၊

အဲဒီကာလတွေတုန်းက ကျနော်ကအလုပ်တာဝန်နဲ့မကြာခဏ ခရီးထွက်ရပါတယ်၊ မြို့ တော်တော်များများကို လှည့်ပတ်သွားလာရတဲ့ကျနော်ဟာ ဟိုတယ်, တည်းခိုခန်း အတော်များများ မှာတည်းခိုဖူးပါတယ်၊ အများအားဖြင့် အားလုံးနီးပါးက သူ့ဟာနဲ့သူ ကောင်းမွန်ပြီး အဆင်ပြေပါ တယ်၊ ကျနော့်အတွက်က အိပ်ရာအပြင်အဆင် သန့်ပြန့်ရင်ပြီးတာပါပဲ၊ ဟိုဟာဖြစ်မှ, ဒီဟာဖြစ်မှ ရယ်မဟုတ်ပါဘူး၊ ကျနော့်အဖေကတော့ မကြာခဏမှာလေ့ရှိပါတယ်၊

“ မင်း ဟိုတယ်တွေ ရောက်လို့အိပ်ရင် ဘုရားရှိခိုး, ဆုတောင်းပြီးမှအိပ်ကွ၊ အခန်းထဲမှာ ကိုယ့် အရင်က ဘယ်လိုလူစားမျိုးတွေ တည်းသွားမှန်း သိနိုင်တာ မဟုတ်ဘူး ” တဲ့၊

အဖေ့ကို ကျနော်ချစ်ပါတယ်၊ ဒါပေမယ့် အဖေ့စကားကို မြေဝယ်မကျတော့နားမထောင်ဖြစ် ပါဘူး၊ မေ့သွားရတာနဲ့, အလုပ်ပင်ပန်းရတာနဲ့, စာဖတ်ရင်းနဲ့ငိုက်သွားရတာနဲ့ ကျနော့်အတွက် ဘုရားရှိခိုး ပြီးမှအိပ်ရာဝင်တဲ့ ညတွေက နည်းပါးလွန်းပါတယ်၊

ဒီလိုနဲ့တခါမှာတော့ ပုဂံမြို့ရဲ့ နာမည်ကြီးဟိုတယ်တစ်ခုကို ကျနော်ရောက်လာပါတယ်၊ အလုပ်ကိစ္စနဲ့အဲဒီမှာ (၂) ည တည်းခိုဖို့ပါ၊ ကျနော်တို့ရဲ့ လုပ်ငန်းသဘောအရ မိုးလင်းကတဲက ထွက်လိုက်တာ ဟိုတယ်ကိုညမိုးချုပ်, ညစာ စားပြီးမှပြန်ရောက်လေ့ ရှိပါတယ်၊ ရောက်ရင်လည်း သိပ်မကြာခင်မှာ အိပ်ရာဝင်ဖြစ်ပါတယ်၊ အမြဲလိုလို နွမ်းနယ်နေတတ်တော့ စာဖတ်ရင်တောင် သိပ် ကြာကြာမဖတ်နိုင်ပါဘူး၊ အဲဒီဟိုတယ်မှာ ကျနော်မကြာခဏတည်းဖူးပါတယ်၊ ဒါ့ကြောင့် ကိုယ့်အိမ် ကိုယ့်ယာလိုပဲ သက်တောင့်သက်သာနဲ့နေရတာအဆင်ပြေပါတယ်၊ ပထမညမှာ ထုံးစံအတိုင်း ကျနော်နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပါတယ်၊ မိုးလင်းတော့ ကြည်ကြည်လင်လင်နဲ့ နိုးလာပြီး ဒုတိယတစ်ရက်တာ အလုပ်စ, ပါတယ်၊

အဲဒီ ဒုတိယနေ့မှာ တစ်နေ့တာ, တာဝန်ပြီးလို့ ညပိုင်းမှာ ဟိုတယ်ကိုပြန်ရောက်လာပါ တယ်၊ ည (၉) နာရီခွဲလောက်တော့ ရှိပါပြီ၊ ဟိုတယ် ဧည့်ကြိုမှာ ရင်းနှီးနေတဲ့ ဝန်ထမ်း
ကောင်မလေးကို နှုတ်ဆက်ဖြစ်ပါတယ်၊ ကျနော်ကတောင် ကျနော့်အသိတွေထဲက ဟိုတယ်မှာ လက်ရှိဘယ်သူတည်းနေသလဲ လို့မေးလိုက်ပါသေးတယ်၊ ဟုတ်ပါတယ်... ကျနော်တို့လုပ်ငန်းတူ သူငယ်ချင်းတွေက ခရီးသွားရင်း တည်းခိုခန်းတွေမှာ မကြာခဏဆိုသလို ဆုံတတ်ကြပါတယ်၊ အဲဒီ ညမှာတော့ ဧည့်သည်သိပ် မများကြောင်းနဲ့, ကျနော်သိပ်မရင်းနှီးတဲ့ သူတွေသာရှိကြောင်း ကောင်မလေးက ပြန်ဖြေပါတယ်၊

ဒါနဲ့ ကျနော်လည်းသူ့ကိုနှုတ်ဆက်ပြီး ကိုယ့်အခန်းရှိရာ လာခဲ့ပါတယ်၊ အဲဒီအချိန်အထိ ကျနော့်ဘဝမှာ မေ့ပျောက်လို့မရနိုင်မယ့် ထူးဆန်းတဲ့ အဖြစ်အပျက်တခု အဲဒီည, အဲဒီအခန်းထဲမှာ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိပါဘူး၊ အခန်းထဲရောက်တော့ အဝတ်အစားလဲ, နောက်တစ်နေ့ က ဟိုတယ်ကထွက်မယ့်နေ့ဖြစ်လို့ ပစ္စည်းတွေသိမ်းပါတယ်၊ ကိုယ်လက်သန့်စင်ပြီး စာတစ်ပိုဒ် လောက်ဖတ်ဖို့ ပြင်ရင်း စီးကရက်ကို မီးညှိပါတယ်၊

တကယ်တော့ အခန်းထဲမှာ ဆေးလိပ်မသောက်သင့်မှန်း ကျနော်သိပါတယ်၊ ဒါပေမယ့် အပြင်ထွက်ရမှာ ပျင်းတာရယ်, စာဖတ်ရင်းနဲ့သောက်ချင်တာရယ်ကြောင့် ကျနော်အခန်းထဲမှာပဲ သောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ခဏအကြာမှာ ဆေးလိပ်ကို ကုတင်ဘေးက စားပွဲပုလေးပေါ်မှာ ရှိတဲ့ ပြာခွက်ထဲမှာ ထိုးချေရင်း ကျနော် မီးပိတ်, အိပ်ရာဝင်လိုက်ပါတော့တယ်၊ အဲဒီ ဒုတိယညမှာ လည်း ကျနော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါတယ်၊ အေးအေးဆေးဆေးပါပဲ၊ မိုးလင်းလာတော့ ကုတင်ပေါ်မှာ ထထိုင်လိုက်ရင်း ဘာရယ်မဟုတ်ဘဲ ဆေးလိပ်ပြာခွက်ဆီ အကြည့်ကရောက်သွားပါ တယ်၊ အဲဒီမှာ ကျနော်အရမ်း အံ့သြသွားပါတယ်၊ ပြာခွက်ထဲမှာ ဆေးလိပ်ပြာရော, စီးကရက်အစီခံ တွေရော တစ်ခုမှ မရှိပါဘူး၊ ဘယ်လိုဖြစ်တာပါလိမ့်? ညကပဲ မှတ်မှတ်ရရ ငါစီးကရက်တစ်လိပ် သောက်သေးတာပဲ၊

ဆေးလိပ်ပြာခွက်က ဖန်အကြည်သားနဲ့လုပ်ထားတာပါ၊ ပြာရော, အစီခံတွေရော မရှိတဲ့ အပြင်သေသေချာချာ ရေနဲ့ဆေးကြောထားသလိုပြာခွက်ကလေးက သန့်ရှင်းလို့..... ကျနော့် စိတ်ထဲမှာလည်း ထင့်ကနဲဖြစ်သွားပါတယ်၊ ဒါနဲ့ ဘေးဘီလည်းကြည့်လိုက်ရော ကုတင်ပေါ်က ထ, ခုန်မိမတတ် ကျနော်ခေါင်းနားပန်းကြီးသွားပါတော့တယ်၊ မြင်ရတဲ့မြင်ကွင်းက ဘယ်လိုမှယုံနိုင်စရာ မရှိပါဘူး၊ ဆေးလိပ်ပြာတွေနဲ့ စီးကရက်အစီခံတွေက ကျနော့်ကုတင်ပေါ်, ခြေရင်းဖက်မှာ ပုံလျက် သားကလေးပါ၊ ကျနော်လည်း လန့်ဖြန့်ပြီးကုတင်ပေါ်ကခုန်ဆင်း, အခန်းအလယ်ခေါင်မှာ မတ်တပ်ရပ်မိလျက်သား ဖြစ်သွားပါတော့တယ်၊ အဲဒီနေရာကနေ ကျနော့်ကုတင်ခြေရင်းဖက်က ဆေးလိပ်ပြာတွေနဲ့ အစီခံတွေကို ကြက်သေ, သေရင်းကြည့်နေမိပါတယ်၊ တပြိုင်တည်း ကြက်သီး မွေးညှင်းတွေထ, လာပြီး ချွေးစေးတွေလည်း ပြန်လာပါတယ်၊ လုံးဝ မျှော်လင့်မထားတော့ ကျနော် လည်းတော်တော်လေး တုန်လှုပ်သွားပြီး “ ကျနော် သရဲအခြောက်ခံရပါပြီဗျို့ ” လို့ အော်ဟစ်ပြီး အပြင်ကို ကြောက်လန့်တကြား ထွက်ပြေးမိတော့မလို ဖြစ်သွားပါတယ်၊ တိတ်ဆိတ်နေတဲ့ မနက်ခင်းမှာ ကျနော့်နှလုံးခုန်သံကို ကျနော်ပြန်ကြား နေရပါတယ်၊

အဲဒီအချိန် စိတ်ကိုမနည်း ပြန်တင်းယူရပါတယ်၊ ... ငြိမ်ငြိမ်ထားစမ်း... မင်းစိတ်ကိုငြိမ်ငြိမ် ထားစမ်း၊..... ဘာမှမဖြစ်ဘူး... ဘာမှမရှိဘူး၊ အခုမိုးလင်းနေပြီ..... အပြင်မှာလူတွေသွားလာနေပြီ၊ အခန်းထဲမှာလည်း နေရောင်တွေလင်းလို့...... ဟုတ်ပြီ... အသက်ကိုပြင်းပြင်းရှူ..... အသက်ကိုပြင်းပြင်းရှူ..... ဟုတ်လာပြီ၊ ဟုတ်လာပြီ..... စိတ်ကို စုထား.................

အတန်ငယ်စိတ်သက်သာရာရမှ အခန်းထဲကို မျက်လုံးကစားကြည့်ပါတယ်၊ ပစ္စည်းအားလုံး ပုံမှန်ပါပဲ၊ ဘာမှခြေရာလက်ရာ မပျက်ပါဘူး၊ ကျနော့်ရဲ့ ခရီးဆောင်အိတ်ကလည်း မနေ့ညက အတိုင်း ထုပ်ပိုးထားလျက်၊ တခန်းလုံးကမနေ့ညက အိပ်ရာမဝင်မီက အတိုင်းပါပဲ၊ ကွဲပြားနေတာဆိုလို့ သေသေချာချာ ဆေးကြောထားတဲ့ ဖန်အကြည်ဆေးလိပ်ပြာခွက် ကလေးရယ်, ကုတင်ခြေရင်း အိပ်ရာခင်း ဖြူဖြူပေါ်မှာ သေသေချာချာပုံထားတဲ့ ပြာတွေနဲ့ စီးကရက်အစီခံ (၃) ခုရယ်၊ (၂) ခုကကျနော်ပထမနေ့က သောက်ထားတာ, တစ်ခုက မနေ့ညကဟာ.........

ဘာဖြစ်သွားတာလဲ? ဒါဟာသရဲခြောက်တာလား? အခန်းရဲ့အလယ်ခေါင်မှာ ရပ်လျက်သား နဲ့ကျနော်အပြင်းအထန် အဖြေရှာကြည့်ပါတယ်၊ မအိပ်ခင်ဘာတွေထူးခြားသေးလဲ? စဉ်းစားစမ်း၊ ဥပမာ-ခွေးတွေအူနေသလား? မအူပါ၊ ဘာခွေးအူသံ, ခွေးဟောင်သံမှ ကျနော်မကြားခဲ့ပါဘူး၊ မနေ့ညက လပြည့်ညလား, ဒါမှမဟုတ် လကွယ်ညလား? မဟုတ်ပါ၊ သာမန်လဆန်းရက် တစ်ရက်ပါပဲ၊ ဒါဖြင့် ထူးထူးခြားခြား တိတ်ဆိတ်နေတာမျိုးရှိလား? အင်း, ဒါတော့ရှိတယ်၊ ဒါပေမယ့် ဒီဟိုတယ်ဟာ ဒီလိုပဲ အမြဲတိတ်ဆိတ် အေးချမ်းနေတတ်တာပဲ၊ မနေ့ညကမှ ထူးပြီး ပိုတိတ်မနေပါဘူး၊ လေမတိုက်ဘဲ ခန်းဆီးလှုပ်သွားတာမျိုးတွေရော ရှိလား? မရှိပါ၊ ကျနော်က ပြတင်းတံခါးကို အသေပိတ်ထားပြီး လေအေးစက်ဖွင့်ထားသောကြောင့် ဘာခန်းဆီးမှ မလှုပ်ပါ၊

ဒီလိုနဲ့ ဒါသရဲခြောက်တာမဟုတ်ဘူးလို့ ကျနော်တွေးလိုက်ပါတယ်၊ မဖြစ်နိုင်ဘူး၊ ဒါ, သရဲ ခြောက်တာလုံးဝမဟုတ်ဘူး၊ ဒါ, သာမန်အဖြစ်အပျက်ပဲ၊ ကဲ....ဟုတ်ပါပြီ၊ ဒါပေမယ့် အဲဒီသာမန် အဖြစ်အပျက်ကဘယ်လိုဖြစ်ပျက်သွားတာလဲ? ဒီတော့တခါ ကျနော်သေသေချာချာ ပြန်စဉ်းစား ကြည့်ပါတယ်၊ ညတုန်းက ငါ့ဟာငါအိပ်မက်ထဲမှာ ယောင်ပြီးလမ်းထလျှောက်ရင်း သွန်မိတာများ လား? မဖြစ်နိုင်ပါ၊ ကျနော့်မှာ အိပ်နေစဉ်ယောင်ယမ်းပြီး ထ, လမ်းလျှောက်တဲ့အလေ့ မရှိပါဘူး၊ မိဘ သူငယ်ချင်းအသိုင်းအဝိုင်းမှာ ကျနော်အဲဒါမျိုးလုပ်တတ်တယ်လို့ ဘယ်သူကမှ မပြောဖူးပါဘူး၊ ဒါဖြင့် လေအေးစက်အရှိန်ကြောင့် လွင့်သွားတာများလား? ဒါလည်းမဟုတ်နိုင်ပါဘူး၊ လေအေးစက်
က ကုတင်ခေါင်းရင်းမှာမဟုတ်ပါ၊ အခန်းရဲ့ဟိုးတဖက်ခြမ်း နံရံမှာ ကုတင်နဲ့အပြိုင်ရှိတာပါ၊ ပြီးတော့ စက်ကဖွင့်တယ်ဆိုရုံလေး ဖွင့်ထားပြီး လေထွက်ပေါက်ကလည်း အောက်ကိုစိုက်ထားတာ ပါ၊

ပြီးတော့ ပြာတွေကလေတိုက်လို့ပြန့်ကျဲနေပုံမျိုးမဟုတ်ပါဘူး၊ သေသေချာချာပုံပြီးမှ အပေါ်ကနေ စီးကရက်အစီခံ (၃) ခုစိုက်ထားတဲ့ပုံစံပါ၊ နောက်တခု ထူးဆန်းတာက တညလုံးလုံး ကျနော်အိပ်ခဲ့တာတောင် ကျနော့်ခြေထောက်နဲ့ ပြာတွေ မတော်တဆ မထိမိခြင်းပါပဲ၊ ဘယ်လိုမှစဉ်းစားလို့ မရတာနဲ့ ကျနော်လက်လျှော့လိုက်ပါတယ်၊ တနေ့တာအတွက် ပြင်ဆင်ရမှာ ကလည်းရှိသေးတယ်၊ ရေမချိုးခင်မှာ “ အင်း..... ဒီပြာတွေတော့ရှင်းပစ်ခဲ့မှပါပဲ၊ တော်ကြာဟိုတယ် က ငါ့ကို အိပ်ရာပေါ်ပြာသွန်ရလောက်တဲ့အထိ စိတ်မနှံ့ဘူးထင်သွားမှဖြင့်.... ” လို့တွေးမိပြီး ပြာတွေနဲ့ အစီခံတွေကို အူကြောင်ကြောင်နဲ့ အမှိုက်ပုံးထဲသွန်လိုက်ရပါတယ်၊

x x x x x

ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖြစ်ပါဘူး၊ ဒီလိုနဲ့ရက်ပေါင်း (၂၀) လောက်အကြာမှာ ကျနော်တို့သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြပါတယ်၊ စကားစမြည်ပြောကြတော့ ထုံးစံအတိုင်း ဟိုရောက်လိုက်, ဒီရောက်လိုက်နဲ့ လူစုံ, အကြောင်းစုံပါပဲ၊ အဲဒီမှာ ကျနော်လည်း ကျနော့် အကြောင်းပြောဖို့ဆုံးဖြတ်လိုက်ပါတယ်၊

“ မင်းတို့ကို ငါကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တခု ပြောပြမယ်..... ”

အားလုံးရဲ့မျက်လုံးတွေက ကျနော့်အပေါ်ရောက်လာကြတယ်၊ ပြီးတော့ ကျနော် ပြောတာကို စိတ်ဝင်တစားနဲ့ နားထောင်နေကြတယ်၊ ကျနော့်စကားလည်းဆုံးရော ဆန်းထွန်းက မေးလိုက်ပါတယ်၊

“ အဲဒီအခန်း နံပါတ်က ........ မဟုတ်လား? ”

ကျနော်အံ့သြသွားတယ်၊ ဒီကောင်ဘယ်လိုသိတာပါလိမ့်?၊ တပြိုင်နက်ထဲမှာ ကျနော်တစုံတခုကို ဆက်စပ်တွေးမိသွားတယ်၊ ဆန်းထွန်းနဲ့ ကျနော်နဲ့က ခရီးမှာ မကြာခဏ ဆုံဖူးပါတယ်၊ ပုဂံက အဲဒီဟိုတယ်မှာလည်း တခါဆုံပါတယ်၊ ဒီတုန်းက “ ငါ တစ်ယောက်တည်း ပျင်းလို့ကွ ” ဆိုပြီး သူ, ကျနော့်အခန်းထဲ လာအိပ်ပါတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာပြန်ကြားရတာ
က သူ အဲဒီဟိုတယ်ရောက်တိုင်း အဖော် တစ်ယောက်ယောက်နဲ့ အခန်းမျှနေဖို့ ကြိုးစားတယ်တဲ့၊ ကျနော်တို့တောင် ရယ်ဖြစ်ကြပါသေးတယ်၊ ကျနော်တို့ထဲမှာ ဆန်းထွန်းက အလွန်သရဲကြောက် တတ်သူပါ၊ ကြည့်စမ်း..... ဒါဖြင့် ဒီကောင် ဒီအခန်းအကြောင်းသိနေတာပေါ့၊ ငါ့ကိုတောင် ကြိုမပြောဘူး၊ ဒါပေမယ့် ချက်ချင်းပဲ ကျနော်ပြန်တွေးမိသွားတယ်၊ အဲ.... နေဦး, ငါကြိုသိထားရင် ဘာမှ မဟုတ်ခင်ကတည်းက ကြိုပြီး ကြောက်နေရဦးမယ်၊ အခုလိုကမှ တော်သေးတယ်၊ ကျနော် အတွေးတွေနဲ့ ရှုပ်နေတုန်း........ ဆန်းထွန်းက ဆက်ပြောပါတယ်၊

“ အဲဒီ အခန်းက နာမည်ကြီးတယ်ကွ ” တဲ့၊

ဒီ့နောက်မှာတော့ တစ်ယောက်တစ်ပေါက် ဝေဖန်သံတွေ, ထင်မြင်ယူဆချက်တွေ, ကောက်ချက်ဆွဲသံတွေနဲ့ ဆူညံနေပါတော့တယ်၊ သူတို့အားလုံး လိုလိုကတော့ ကျနော် သရဲခြောက်ခံလိုက်ရတယ် လို့တညီတညွတ်ထဲ ပြောကြပါတယ်၊ ကျနော်ကတော့ အဲဒီလို ခံယူ လိုက်ဖို့ ဝန်လေးနေတုန်းပါပဲ၊ တကယ်တော့ ကျနော့်စိတ်ထဲမှာ သရဲခြောက်တယ် ဆိုတာ ခန်းဆီးစ လှုပ်တာတို့, တံခါးလာခေါက်တာတို့, ရေဘုံဘိုင် သူ့အလိုလိုပွင့်တာတို့, အိပ်နေတုန်း စောင်တွေ လာဆွဲချတာတို့, မီးတွေ ပိတ်လိုက်, ဖွင့်လိုက်ဆော့တာတို့ ဒါမျိုးတွေ ဖြစ်ရမယ်လို့ မျှော်လင့်ထားမိလို့ ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် သရဲဆိုတာ သူခြောက်ချင်သလို ခြောက်မှာပေါ့၊ ဘယ်စည်းမျဉ်း စည်းကမ်းမှ လိုက်နာနေစရာမလိုပါဘူး၊ သရဲတွေဆီမှာလည်း ဟိုကွေ့ ဟိုတက်နဲ့ ခြောက်, ဒီကွေ့ဒီတက်နဲ့ခြောက် ဆိုတာမျိုးတွေ ရှိချင်ရှိနေမှာပါပဲ၊ သူစိတ်ကူးရတဲ့ အတိုင်းပေါ့၊ ကျနော်ကသာ သရဲကို ပုံစံခွက်ထဲသွင်းဖို့ ကြိုးစားနေမိတာ၊ တကယ်တော့ သရဲက ကျနော်ဖတ်ဖို့ ရေးထားတဲ့ စာအုပ်တစ်အုပ်မှ မဟုတ်ဘဲ၊

ဒါနဲ့ ကျနော် သရဲအခြောက်ခံရတယ်ဆိုတဲ့ ရှုထောင့်ကနေ ပြန်စဉ်းစားကြည့်တော့ ကျနော့် ကိုခြောက်တဲ့ သရဲဟာ ဘယ်သူလဲဆိုတာ သိချင်လာပြန်ရော၊ ပုဂံမြို့မှာဆိုတော့ ဧကန္တ ပုဂံခေတ် က မကျွတ်ဘဲ ကျန်နေတဲ့ သရဲတစ်ကောင်များလား? ဒါဆိုရင်တော့ သူ စီးကရက်ဆိုတာ သိမှာ မဟုတ်ဘူး၊ ဒါ့ကြောင့် ကျနော့်ဆေးလိပ်တိုတွေနဲ့ လာဆော့တာနေမှာ၊ အင်း-သရဲဟာ လူ့ဘဝတုန်း က အခန်းသန့်ရှင်းရေး ဝန်ထမ်းလည်း ဖြစ်နေနိုင်တာပဲ၊ ဒါ့ကြောင့် ဆေးလိပ်တိုတွေကို လွှင့်ပစ်တာနေမှာ၊ ဒီအတွေးကိုချက်ချင်းပဲ ကျနော်စောဒက တက်မိပါတယ်၊ ဟင်-ဒါဆိုရင် အမှိုက်ပုံးထဲ ပစ်ရမှာပေါ့၊ အခုတော့ စည်းမရှိ, ကမ်းမရှိနဲ့၊ ဒါပေမယ့် တဆက်ထဲမှာ သရဲက ကျနော့်ကို လာခြောက်နေတာ, ကျနော့်အခန်းကို သန့်ရှင်းရေးလာလုပ်ပေးနေတာ မဟုတ်ဘူးလို့ တွေးမိသွားပါတယ်၊ ဟုတ်တယ်..... အမှိုက်ပုံးထဲဆိုရင် ကျနော်မြင်မှာ မဟုတ်ဘူး၊ ဒါဆိုရင်သူ့ အတွက်ပျော်စရာမကောင်းတော့ဘူး၊ ဒါ့ကြောင့် အိပ်ရာပေါ်ပုံတာပဲနေမှာ၊ နေပါဦး, အဲဒီသရဲဟာ ကျနော့်ကို ဆေးလိပ်မသောက်စေချင်တဲ့ စေတနာနဲ့လုပ်တာများလား? ဥပမာ-သူဟာလူ့ဘဝတုန်း ကဆရာဝန် ဒါမှမဟုတ် အဆုတ်ကင်ဆာနဲ့ကွယ်လွန်ခဲ့သူတဦးဦး ဆိုရင်ပေါ့၊ ဒါဆိုရင် အဲဒီညတုန်းက သရဲက ဘာတွေများစဉ်းစားနေမှာပါလိမ့်၊ “ အင်း..... ဒီကောင်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့် အဆုတ်ကို ကိုယ်ဖျက်ဆီးနေတာပဲ ” လို့များ ကရုဏာဒေါသနဲ့ ကျနော့်ကို ငုံ့ကြည့်နေမှာလား? အမလေး..... အဲဒီမြင်ကွင်းကို မြင်ယောင်ကြည့်တော့ ကျောထဲကအေးကနဲ စိမ့်သွားပြီး ကျနော် လန့်သွားပါတယ်၊ ဒါနဲ့ အဲဒီအတွေးတွေကို ရပ်ပြီး ဒီအတိုင်းပဲထားလိုက်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတော့တယ်၊

x x x x x

အခုတော့လည်းကြာခဲ့ပါပြီလေ၊ ကျနော်လည်း ဆေးလိပ်ဖြတ်လိုက်တာ အတော်ကြာသွားပါပြီ၊ ဒါပေမယ့် ဆေးလိပ်ပြာတွေ, အစီခံတွေနဲ့ပြည့်နေတဲ့ ပြာခွက်တွေကို အမှတ်မထင် မြင်တိုင်း ကျနော့်ဆေးလိပ်ပြာတွေကို သူ့သဘောနဲ့သူ သွန်သွားတဲ့ တခါတုန်းက သရဲတစ်ကောင်ကို ရံဖန်ရံခါ သတိရနေတုန်းပါပဲ။ ။


ညီလင်းသစ်
၎ နိုဝင်ဘာ၊ ၂၀၀၇


31 October 2007

ပဉ္စလက်မြား

“ အပိုမပြောစမ်းပါနဲ့ ” တဲ့၊
အဲဒါ
ငါ့နှလုံးသားရဲ့ဗဟိုချက်ကို
ထုတ်ချင်းခတ်သွားတဲ့
ကောင်မလေးရဲ့ မြားတစ်စင်းပေါ့ ။

စောင့်ခဲ့ဖူးတယ်...
အဲဒီနှုတ်ခမ်း အဖူးအငုံလေးဆီက
ပွင့်ကျလာတဲ့စကားတွေ
ရနံ့တွေ စိုလက်လို့
တစ်ပွင့်မကျန်
ငါ, ကောက်သိမ်းခဲ့တယ်၊
ဟောဒီ ရင်ဘတ်ကြီးတခုလုံး
လေးလံ, ပိကျလာတဲ့အထိလေ ။

ကောင်မလေးရေ...
တကယ်တော့ ငါဟာ
အပိုမပြောမိအောင်
ကိုယ့်ကိုယ်ကို
မီးပေါင်လျှော့ထားရတဲ့
စက်ခေါင်းတစ်ခုပါ၊
ဘူတာစဉ် ဆုံးတဲ့အထိတော့
ငါ့ကို စီးသွားလှည့်ပါကွယ် ။ ။

ညီလင်းသစ်
၃၀ မေ ၂၀၀၇

24 October 2007

စတုတ္ထမြောက် မိုးတိမ်


အဲဒီညမှာ လရောင်ဟာ
ဟောဒီကန်ထဲ ရှက်သွေးဖြာနေလိုက်ပုံများ
ငယ်ချစ်ဦးနဲ့  ခိုးရာလိုက်တော့မယ့် 
သမီးပျိုလေးအတိုင်း ၊

ယစ်မူးပါစေကွယ်....
ခမျာမှာ ဆုံနိုင်ခွင့်တွေက
တိုရေရှားရေ နိုင်လွန်းလို့ ပါ ၊

ဒီလိုညမျိုးမှာ
အဝေးတောင်တန်းတွေ ဆီက
သီချင်းသစ်ကို ကြားရရဲ့ ၊
ငါ့ကိုလည်း သင်ပေးပါ..
ရင်ထဲက အဆုပ်လိုက်, အခဲလိုက် အလွမ်းတွေအတွက်
ငါ သီဆိုပါရစေကွယ် ၊

မပွင့်ရရင်လည်း နေပါစေ
အဖူး, အငုံ အဖြစ်နဲ့ 
ငါဆက်ပြီး ရိုးသားနေပါ့မယ်..
ယဉ်ပါးနေကျ
ဟောဒီ သိင်္ဂရ မြစ်တစင်းရဲ့
နံဘေးမှာပေါ့  ။ ။


ညီလင်းသစ်

အဦး အစ...


ပထမဆုံး ကွန်ပျူတာနဲ့ ကျွန်တော် စမ်းရေးကြည့်တဲ့ မြန်မာစာကြောင်းလေး ဖြစ်ပါတယ်။
ရေးလေ့ရေးထ မရှိတော့ တော်တော့်ကို ခဲရာခဲဆစ် ရေးခဲ့ရပါတယ်...။ ဒီကြားထဲ မြန်မာကီးဘုတ်
ကို အလွတ်မရသေးတော့ တချက်ကြည့်လိုက်, တလုံးရိုက်လိုက်, မှားရင်ပြန်ဖျက်လိုက်, အတူတွဲနှိပ်ရမယ့် ခလုတ်တွေရှာကြည့်လိုက်နဲ့  တကယ့်ကို ထော့ကျိုး ထော့ကျိုး ပါပဲ၊ ခရီးကတော့ စထွက် ခဲ့ပါပြီ။

ရှေ့လျှောက်...ရေးချင်တာလေးတွေလည်းရှိတော့ အတော့်ကို အချိန်ပေး, အားထုတ်ပြီး ခရီးဆက် ရဦးမှာပါ။ စ,စချင်းတော့ဒီလိုပေါ့... နောက်တော့လည်း မုဆိုး စိုင်သင် ဆိုသလို အဆင်ပြေသွား မှာပါ လို့  ကိုယ့်ကိုယ်ကို အားပေးရင်း ဆက်လျှေက်လာခဲ့ ပါ့ မယ်.......။


ညီလင်းသစ်