16 December 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၇)


ရှမ်းပြည်ရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ နာမည်ကျော် ၅ ရက်ဈေးကို ကလောမှာရှိနေတုန်း ကြုံလိုက်ရတယ်၊ ၅ ရက်ဈေးမှာမှ သတင်းကျွတ်မတိုင်ခင် ဈေးဖြစ်လို့ ပုံမှန် ၅ ရက်ဈေးတွေထက်ကို ပိုစည်ပါတယ်၊ မြို့အနီးဝန်းကျင်မှာ ရှိတဲ့ ရွာတွေက ပလောင်တွေ၊ ပအို့ဝ်တွေ အပါအဝင် မြေပြန့် အနယ်နယ်၊ အရပ်ရပ်က ဈေးလာရောင်းကြသူတွေနဲ့ ဈေးဟာ တိုးမပေါက်အောင် စည်ကားလှတယ်…၊


ဒေသထွက်ကုန်တွေဖြစ်တဲ့ ပဲပုတ်မျိုးစုံ၊ ချင်း၊ ဂျူးမြစ်၊ စိမ်းစားဥ၊ အာလူး… စတာတွေက လတ်လတ်ဆတ်ဆတ်မို့ မြင်ရတာနဲ့ စားချင်စရာ၊ အပေါ်ယံ ဇိမ်ခံပစ္စည်းတွေ မပါဘဲ နေ့စဉ်ဘဝမှာ တကယ့်ကိုလိုအပ်တဲ့ အခြေခံ လူ့အသုံးအဆောင်တွေကို စိတ်ဝင်တစားနဲ့ ဝယ်ယူနေကြတဲ့ တောသူတောင်သားတွေက ကိုယ့်အာရုံနဲ့ကိုယ်၊ ကိုယ့်တွက်ချက် တိုင်းတာမှုနဲ့ကိုယ်…၊


ဈေးထဲမှာ ဟိုငေးဒီငေးနဲ့ လျှောက်နေတုန်း ကျယ်ကျယ်လောင်လောင်နဲ့ ပြောနေတဲ့ အသံတစ်သံကို ကြားရတယ်၊ လူမမြင်ရဘဲ ခပ်လှမ်းလှမ်းကတည်းက ကြားနေရတဲ့ အသံကို စူးစိုက်နားထောင်လိုက်တော့ ပြက္ခဒိန်၊ သင်္ကြန်စာနဲ့ ၇ ရက်သားသမီး ဟောစာတမ်း ရောင်းနေတဲ့အသံ ဖြစ်နေတယ်၊ နောက်ဆုံး အသံထွက်နေတဲ့ နေရာနဲ့ အနီးဆုံးကို ရောက်နေပေမယ့်လည်း အသံရှင်ဈေးသည်ကို ကျနော့်မှာ ချက်ချင်း မတွေ့နိုင်ဘူး ဖြစ်နေသေးတယ်၊ ဟိုဟိုဒီဒီ လိုက်ကြည့်တော့မှ ခါးမှာ ဆောင်းဘောက်စ်အသေးလေး ချိတ်ထားပြီး ပါးစပ်နားကပ်ထားတဲ့ မိုက်ခရိုဖုန်းနဲ့ ပြောနေတဲ့ ဟောဒီလူငယ်လေးကို တွေ့ရတော့တယ်၊ သဘောကျသွားလို့ ဖြတ်ကနဲ ဓာတ်ပုံရိုက်ဖြစ်လိုက်တယ်၊ ဟုတ်တယ်လေ…၊ ကျနော်တို့ ခပ်ငယ်ငယ်က သိခဲ့ရတဲ့ ဟောစာတမ်း ရောင်းသူတွေဆိုတာက မောင်ဗမာ စက်ဘီးပေါ်မှာ အော်လံကြီးချိတ်၊ ပြီးမှ သစ်သားတန်းတွေရိုက်၊ ကြိုးတန်းတွေ ဆွဲပြီး အဲဒီစက်ဘီးနဲ့ အရပ်တကာလှည့်လို့ ကြားရသူအပေါင်း နားကွဲစေလောက်တဲ့ မိုက်ခရိုဖုန်းသံ တဂွီဂွီနဲ့ ရောင်းကြတာကိုး၊ အခုတော့ ဒီမှာ သူ့အနီးဝန်းကျင်က အလွန်ဆုံး လူ ၂၀ လောက်ပဲ ကြားရလောက်တဲ့ မိုက်ခရိုဖုန်းသံ ကြည်ကြည်လင်လင်နဲ့ ၂၁ ရာစုရဲ့ Hi-tech ဈေးသည်လေးက ပေါ့ပေါ့ပါးပါး…၊


မြန်မာပြည်ကို မလာခင်တုန်းက မိုးလေဝသအခြေအနေနဲ့ ပတ်သက်ပြီးတော့ စဉ်းစားမိတယ်၊ အောက်တိုဘာဆိုတာ မိုးကုန်ပြီဆိုပေမယ့် ခရီးစဉ်အတွင်းမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ မိုးမိချင် မိနိုင်တယ်-လို့၊ တကယ်တမ်း ရောက်လာတော့ မိုးအုံ့တဲ့ရက်တွေနဲ့ ကြုံရပေမယ့် မိုးရွာတာမျိုးတော့ မရှိခဲ့ပါဘူး၊ အနည်းဆုံးတော့ ရန်ကုန်ဟာ ခြောက်သွေ့၊ နွေးထွေးမှုတွေနဲ့ ကြိုဆိုခဲ့တယ်လို့ ဆိုရမှာပေါ့၊ ဒါပေမယ့် ကလောရောက်တဲ့ အခါမှာတော့ စွတ်စိုအေးမြမှုတွေနဲ့ တည့်တည့်ကြီးကို တိုးရတော့တယ်…၊ ကလောဈေးရှေ့မှာ ပက်ပင်းတိုးတာဖြစ်လို့ “မေမြို့မိုး” မဟုတ်ပေမယ့် အစိုးမရတာချင်းမှာတော့ သူလည်း အတူတူပါပဲ၊ ရွာနေလိုက်တာ တအုန်းအုန်း၊ တခြိမ့်ခြိမ့်နဲ့ တော်တော်နဲ့ကို မစဲနိုင်ခဲ့ဘူး…၊


ရာသီဥတု သာယာတဲ့နေ့မှာတော့ သားက ဖောင်တော်ဦးဘုရား ဈေးဆိုင်က ဝယ်လာတဲ့ လေးခွကို စမ်းဖို့ လက်တပြင်ပြင်နဲ့…၊


အမှန်တော့ လေးခွကို စမ်းချင်နေတာ သားတစ်ယောက်ထဲတော့ မဟုတ်ပါဘူး…၊း) တော်သေးတယ်၊ ဆိုင်ကယ်စီးရင် ခမောက်ဆောင်းဖို့ လိုတယ်ဆိုတာ အဲဒီနေ့က လက်တွေ့ ပညာပေးတာမျိုး ဖြစ်မသွားလို့…၊း))


သီတင်းကျွတ်လပြည့် ညမှာတော့ သိမ်တောင်ပေါ်ကို သွားဖြစ်တယ်၊ မြို့ကြီးတွေမှာလို မစည်ကားပေမယ့် ကလောမြို့ရဲ့ သီတင်းကျွတ်ညကလည်း တပိုင်တနိုင် ဆီမီးတိုင်လေးတွေနဲ့…၊ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေရဲ့ ခြေထောက်ကြားထဲကို ဗျောက်အိုး ပစ်ထည့်ပြီး အချင်းချင်း သဘောတကျနဲ့ ရယ်နေကြတဲ့ လူငယ်အုပ်စုလေးတွေလည်း တွေ့ရတယ်၊ ဆယ်ကျော်သက်တို့ သဘာဝ မိန်းကလေးတွေကို စ,နောက်ကြတာ မဆန်းပေမယ့် တဖက်သားရဲ့ ထိတ်လန့်၊ စိုးရွံ့မှုကို ဟားစရာအနေနဲ့ ရယ်မောပစ်တာကတော့ မစာနာရာကျတဲ့ လုပ်ရပ်လို့ပဲ ကျနော်မြင်ပါတယ်၊


သူငယ်ချင်း မိသားစုက ဖိတ်ကျွေးတဲ့ ညစာပါ၊ သူတို့က စားသောက်ဆိုင်တွေမှာ မကြာခဏ စားရလေ့ရှိတဲ့ အသားဟင်းတွေ မပါစေဘဲ ငါးဟင်း၊ ငါးကြော်၊ ကန်စွန်းရွက်ကြော်၊ ကြက်ဟင်းခါးသီးကြော်၊ အညာငရုတ်သီးထောင်း စတာတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားတာမို့ အမှတ်တရဖြစ်ခဲ့တဲ့ ညစာတစ်နပ်ပါပဲ၊


ဒီတစ်ခေါက် ရန်ကုန်မှာ ဟံသာဝတီအဝိုင်းကို ဖြတ်တိုင်း ယာဉ်ထိန်းရဲ ၂ ယောက်က အချိန်ပြည့် ရှင်ပေးနေရတာ သတိပြုမိတယ်၊ ပုံမှန်ဆို အားလုံးသိကြတဲ့အတိုင်း အဝိုင်းပတ်ယာဉ်က ဦးစားပေးပါ၊ ဒါပေမယ့် ဟံသာဝတီအဝိုင်းလို ကားများလှတဲ့ နေရာမှာတော့ ယာဉ်ကြောတစ်ခုထဲက ဦးစားပေးဖြစ်နေရင် ကျန်တဲ့ဖက်တွေမှာ လမ်းပိတ်ကုန်တာမို့ အခုလို ရှင်းပေးနေရတာပါပဲ၊ အပေါ်ပုံထဲက ဦးထောင်ဘိုအဝိုင်းမှာတော့ အဲဒီလို ယာဉ်ထိန်းရဲ မတွေ့မိဘဲ လျင်သူမောင်းစတမ်း စနစ်နဲ့ သွားနေကြလို့ အမြဲလိုလို ကားပိတ်နေတာ တွေ့ရတယ်၊ တက်စီသမားတွေက တောင်ဥက္ကလာ၊ သာကေတ၊ သင်္ကန်းကျွန်း စတဲ့မြို့နယ်တွေဖက်က လှည့်ပတ်မောင်းကြရလို့ လမ်းအသစ်တွေ အများကြီးတော့ သိခဲ့ရတယ်…၊း)


ပြန်ကာနီး တစ်ရက်မှာတော့ ဘုရားတက်ဖြစ်ပါတယ်၊ နေဝင်ပြီးစ အချိန်ဖြစ်လို့ ဘုရားပေါ်မှာ ပြည်တွင်းဘုရားဖူးကော၊ ပြည်ပတိုးရစ်တွေပါ တဖြည်းဖြည်းနဲ့ ရှင်းသွားခဲ့တယ်၊ ဘယ်အချိန်ပဲ ရောက်ရောက် မပြောင်းလဲဘဲ အေးချမ်းမြဲ၊ အေးချမ်းနေတဲ့ နေရာတွေထဲမှာ ဘုရားရိပ်၊ တရားရိပ်က ထိပ်ဆုံးကပါ၊ အဲ… နိုင်ငံခြားသားတွေအတွက် ဘုရားဝင်ကြေးကတော့ ၅ ဒေါ်လာကနေ ၈ ဒေါ်လာ ဖြစ်သွားခဲ့ပြီ၊ အရင် ၅ ဒေါ်လာ ဝင်ကြေး အစပိုင်းခေတ်တုန်းက ၅ ဒေါ်လာပေးပြီးရင် တစ်နေ့ကို ဘယ်နှစ်ကြိမ်တက်တက်၊ တက်ခွင့်ရှိတယ်၊ ဆိုတော့ တချို့နိုင်ငံခြားသားတွေက မနက်ဖက် အရုဏ်တက်မှာ ဘုရားလာဖူးပြီး ညနေပိုင်းမှာ sunset အတွက် နောက်တစ်ခေါက် ထပ်လာတတ်ကြတယ်၊ အထူးသဖြင့် FIT လို့ခေါ်တဲ့ ကျောပိုးအိတ်ခရီးသွားတွေပါ၊ နောက်ပိုင်း အဲဒီလိုတွေ များလာတော့ ၅ ဒေါ်လာဟာ တစ်ကြိမ်သာဝင်ခ ဆိုပြီး သတ်မှတ်လိုက်တယ်၊ အခု ဝင်ကြေးသစ်ဖြစ်တဲ့ ၈ ဒေါ်လာကိုတော့ ဟိုးအရင်အတိုင်း တစ်နေ့ကို ဘယ်နှစ်ခေါက်တက်တက် တက်ခွင့်ရှိပါတယ်လို့ ဆိုတယ်၊ ဝင်ကြေးပေးတဲ့အခါ အင်္ကျီမှာကပ်ရတဲ့ စတစ်ကာတစ်ခုရယ်၊ အထင်ကရ နေရာတွေကို ညွှန်ပြထားတဲ့ ဒီဇိုင်းသစ်နဲ့ ဘုရားမြေပုံတစ်ခုရယ် ပေးပါတယ်…၊


အရင်တစ်ခေါက်က လိုပဲ၊ ဒီတစ်ခေါက်မှာလည်း သားက ဘုရားမှာ မီးပူဇော်ဖို့ စိတ်အားထက်သန် နေခဲ့တယ်၊


ရွှေတိဂုံစေတီ ပတ်ပတ်လည်က စေတီရံတွေကို အနီးကပ်လေ့လာကြည့်ရင် စိတ်ဝင်စားစရာ ကောင်းတဲ့ စေတီတွေ အများကြီးရှိတာ တွေ့ရမှာပါ၊ စေတီရဲ့ အလှူရှင်နဲ့ တည်ထားခဲ့တဲ့ ခုနှစ်သက္ကရာဇ်တွေကို လေ့လာကြည့်ရတာ ရှေးဟောင်းအနုပညာတန်ဖိုး၊ သမိုင်းတန်ဖိုးကို နားလည်စေပါတယ်၊ အဲဒီထဲက တစ်ဆူကတော့ အပေါ်ကပုံမှာပါတဲ့ စေတီပါ၊ စေတီပေါ်မှာ ရေးထိုးထားတဲ့ အလှူ့ဒါယကာ နာမည်ကိုတွေ့ရင် ဘာ့ကြောင့်စိတ်ဝင်စားဖို့ ကောင်းသလဲဆိုတာ သဘောပေါက်မှာပါ၊ ဒါ့အပြင် အောက်ခံကျောက်ပြားဖြူ ၃ ချပ်ပေါ်မှာ သားသမီးမြေးမြစ်တွေရဲ့ နာမည်တွေနဲ့ ဆက်ပြီး ပြုပြင်မွမ်းမံတဲ့ ခုနှစ်တွေကိုလည်း ရေးထိုးထားတယ်၊ ဒီစေတီရံလေး တစ်ဆူရဲ့ ရှေ့မှာတင်ပဲ သမိုင်းအဖြစ်အပျက်တွေ၊ သံဝေဂရစရာတွေ၊ လူတစ်ဦးရဲ့ လုပ်ဆောင်ချက်နဲ့ သူ့မိသားစုဝင်တွေအပေါ် သက်ရောက်မှု… စသဖြင့် တွေးတောစရာတွေ အများကြီး ရှိပါတယ်၊ ၁၉၅၁ မှာ တည်ထားခဲ့တယ်ဆိုတော့ ကြိုးပေးခံရအပြီး ၃ နှစ် အကြာမှာလို့ မှတ်ယူရပါတယ်…၊


အရင်တစ်ခေါက်ကော အခုတစ်ခေါက်ပါ မြို့ပြင်မှာ တည်းတာဆိုတော့ ဟိုပစ္စည်း၊ ဒီပစ္စည်းလေး ဝယ်ချင်တဲ့အခါ ၉ မိုင်က North Point ကိုပဲ မကြာခဏ သွားဖြစ်တယ်၊ Ocean မှာက လိုချင်တာအားလုံး ရတတ်သလို လူလည်းအရမ်းမများလို့ သဘောကျ ပါတယ်…၊


North Point က “ပန်းစွယ်တော်”မှာ ထမင်းသုပ်စားရင်း ̔လက်ဖက်ရည် ရလား̕ မေးတော့ မရပေမယ့် တစ်ဖက်ဆိုင်က မှာပေးပါတယ်၊ ပိုက်ဆံရှင်းမယ်ဆိုတော့ ဆိုင်နာမည်၊ ဖုန်းနံပါတ်၊ စားပွဲထိုးနာမည်၊ မှာယူတဲ့ အစားအစာ စတာတွေပါတဲ့ စာရွက်လေးတစ်ရွက် အခုလို လာပေးတယ်၊ စာရွက်ပေါ်က လက်ဖက်ရည်တစ်ခွက် ဈေးနှုန်းကို ကြည့်ပြီး ကျနော် လက်ဖက်ရည်ကို ပထမဦးဆုံး သောက်ဖူးတဲ့အချိန်နဲ့ သူ့ရဲ့ဈေးနှုန်းကို ဖြတ်ကနဲ အမှတ်ရလိုက်မိတယ်၊ လူကြီးတွေ သောက်,သောက်နေတဲ့ လက်ဖက်ရည်ဆိုတာကို ၄ တန်းနှစ်မှာ ပထမဦးဆုံးအကြိမ် သောက်ဖူးပြီးတော့ အဲဒီတုန်းက တစ်ခွက်ကို တစ်မတ် (၂၅ ပြား) ပေးရပါတယ်၊ ကျနော်သာ အဲဒီအချိန်တုန်းက အဖေ့ကို “အဖေ.. သားတို့အခုသောက်နေတဲ့ တစ်မတ်တန် လက်ဖက်ရည်တစ်ခွက်ဟာ နောင်နှစ်ပေါင်း ၂၈ နှစ်ကြာတဲ့အခါ ၃၅၀ ကျပ်ဖြစ်သွားလိမ့်မယ်”လို့ ပြောခဲ့မယ်ဆိုရင် အဖေက “သားရယ်.. စာတွေကျက်တာလည်း ကျက်ပေါ့၊ ဒါပေမယ့် နားနားနေနေနဲ့ ဦးနှောက်ကိုလည်း အနားပေးဦး၊ စိတ်ဖိစီးမှု မများစေနဲ့၊ အခု ခေါင်းတွေဘာတွေ မူးနေလား? နေရတာ ဘယ်လိုနေလဲ?” ဆိုပြီး ကျနော့်ကို စိုးရိမ်တကြီးနဲ့ ပြန်မေးလိမ့်မယ် ထင်ပါရဲ့…၊း)


ဘာပဲဖြစ်ဖြစ်ပါ၊ လက်ဖက်ရည်တွေ ဈေးတက်သွားသည့်တိုင်၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာသည့်တိုင်၊ ကားတွေကြပ်သထက် ကြပ်လာသည့်တိုင်၊ အဆင့်အတန်း မှီ၊ မမှီဆိုတာထက် ငွေများများရဖို့ပဲ ရည်ရွယ်ပြီး ဆောက်ထားတဲ့ တိုက်ခန်းတွေ များနေသည့်တိုင်၊ လူနင်းလျှောက်ဖို့က လွဲရင် ကျန်တာအကုန်ဖြစ်နေတဲ့ လမ်းဘေးပလက်ဖောင်းတွေ နေရာအနှံ့ ဖြစ်နေသည့်တိုင်၊ လမ်းဘေးအစားအစာ တွေနဲ့ မနက်စာညစာ 2-in-1 စားဖြစ်နေသည့်တိုင်၊ အလယ်အလတ်တန်းစား အလွှာဆိုတာ မျိုးတုန်းကာနီး မျိုးစိတ်တစ်ခုလို သတ်မှတ်ရတော့မတတ် ဖြစ်လာသည့်တိုင်…၊ တီဗီအင်တာနာတိုင်တွေ၊ ဂြိုဟ်တုစလောင်းတွေနဲ့ ငါးရိုးနင်၊ ကွန်ချက်မိ ဖြစ်နေတဲ့ ဟောဒီရန်ကုန်မြို့ကြီးကို ချစ်မြတ်နိုးနေဆဲ ပါပဲ…၊ နေညိုအမှောင်ရောက်တဲ့ ညတွေရဲ့ တစ်ဖက်က ရွှေအိုရောင်တောက်မယ့် နေ့တွေဟာ ချစ်သောရန်ကုန်အတွက် တချိန်ချိန်မှာ ရှိကိုရှိလာရဦး မှာပါ…၊


တကယ်တမ်းပြောရရင် ဒီတစ်ခေါက်ခရီးစဉ်က ၂ ပတ်ပဲ ကြာတဲ့အပြင် ကျနော်တို့ကလည်း ဟိုနားဒီနား သွားချင်ခဲ့သေးတာဆိုတော့ အတော့်ကို ကသောကမျော၊ ကတိုက်ကရိုက်၊ ကသုတ်ကရက်၊ ကသီလင်တ၊ ဖုတ်ပူမီးတိုက်၊ အလောသုံးဆယ် နိုင်ခဲ့တယ်လို့ ဆိုရမှာပါ၊ ဒီလိုဖြစ်နိုင်တယ်လို့လည်း အစောကြီးကတည်းက ကြိုတွေးထားခဲ့ပေမယ့် အချိန်က ဒီလောက်ပဲ ရတာရယ်၊ အတွေ့အကြုံ ရအောင်ရယ် ဆိုပြီး စီစဉ်ဖြစ်သွားခဲ့တယ်၊ ၂ ပတ်ဆိုတာ တကယ့်ကို ခဏလေးနဲ့ ကုန်သွားခဲ့တယ်၊ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ဆရာကျော်သောင်းနဲ့ ဆရာမောင်မောင်သိုက်တို့ရဲ့ ပန်းချီကားကြီးကို နှုတ်ဆက်ရမယ့်အချိန်ဟာ ရောက်လာခဲ့တယ်၊ ရွှေတိဂုံစေတီတော်ကြီး နောက်ခံမှာ ကရဝိက်ဖောင်တော်နဲ့အတူ နှစ်ပါးသွား မင်းသား၊ မင်းသမီး၊ မောင်ရင်လောင်းတွေ၊ မိဘပြည်သူတွေက အိုးစည်၊ ဆိုင်းဝိုင်းတွေနဲ့ မြူးပျော်ပြီး ကျန်ခဲ့လိမ့်မှာပေါ့၊ ဒီလို ပျော်ရွှင်မှုတွေဟာ လေဆိပ်ထဲက နံရံထက်တင် မကဘဲ လမ်းတွေပေါ်ကိုပါ မကြာခင်မှာ တကယ်ပဲ စီးဆင်းရောက်လာနိုင်စေဖို့ ကျနော် မျှော်လင့်ပါတယ်၊ ပန်းချီကားထဲက ကောင်းကင်မှာတော့ တိမ်ဖြူ၊ တိမ်ဆုပ်တို့က ဖွေးဖွေးအုပ်အုပ်နဲ့ ခရီးနှင်လို့…။ ။

(ဟောဒီ နောက်ဆုံးပိုင်းအထိ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးခဲ့ကြတဲ့ ညီအစ်ကို၊ မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ…)


ညီလင်းသစ်
၁၆ ဒီဇင်ဘာ၊ ၂၀၁၃

09 December 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၆)


ကလောမှာနေလိုက် မကွေရွာက ဆင်စခန်းကိုဆင်းသွားလိုက် လုပ်နေရာကနေ တစ်ရက်မှာတော့ အင်းထဲကိုသွားဖြစ်ခဲ့ပါတယ်၊ နဂိုတုန်းက စဉ်းစားတာကတော့ အင်းထဲမှာ တစ်ညတော့ဖြစ်ဖြစ် အိပ်မယ်လို့…၊ ဒါပေမယ့် သူငယ်ချင်းတွေက အလုပ်များနေလို့ သူတို့အလုပ်တွေပစ်ပြီး အင်းထဲတစ်ညလိုက်အိပ်ဖို့ ပြောဖို့မသင့်တာရယ်၊ ဈေးတွေတက်နေတဲ့ အင်းလေးဟိုတယ်ခ တစ်ရက်သက်သာလည်း မနည်းဘူးလို့ တွေးမိတာရယ်ကြောင့် နေ့ချင်းပြန်ခရီးပဲ သွားလိုက်တော့တယ်၊


မော်က ဟိုတယ်ကနေဘာမှ မစားခဲ့နဲ့…၊ အောင်ပန်းက အကောင်းဆုံး ရှမ်းခေါက်ဆွဲဆိုင်မှာ မနက်စာစားမယ်-လို့ ဆိုတာကြောင့် ကော်ဖီတစ်ခွက်တောင် မသောက်ဘဲ ဒီအတိုင်းထွက်လာခဲ့တယ်၊ အောင်ပန်းက ဆိုင်ရှေ့ရောက်တော့မှ သီတင်းကျွတ်လပြည့် အဖိတ်နေ့ဖြစ်လို့ ဆိုင်ပိတ်ပါတယ်-တဲ့၊ အဲဒါနဲ့ပဲ အကြိမ်ပေါင်းများစွာ ရောက်ဖူးနေကျ၊ ကားတိုင်းလိုလို ရပ်နေကျဖြစ်တဲ့ “ချယ်ရီ” မှာပဲ မနက်စာ စားလိုက်ရတော့တယ်၊ ချယ်ရီကတော့ အရင်အတိုင်းပါပဲ..၊ အစားအသောက်နဲ့ ဝန်ဆောင်မှုက သိသိသာသာ မတိုးတက်၊ သိသိသာသာလည်း မဆုတ်ယုတ်ဘဲ ရှိနေတယ်လို့ မြင်ပါတယ်၊


ဟဲဟိုးလွင်ပြင်ဟာ ဟိုး… အရင်ကအတိုင်း ဘာမှမပြောင်းလဲဘူး၊ အောက်တိုဘာကောင်းကင်ရဲ့ မိုးသားတိမ်လိပ်တွေကြားမှာ သက်ငြိမ်ပန်းချီကား တစ်ချပ်နှယ်…၊ ကားခေါင်းခန်းကနေ မြင်ရသမျှ မြင်ကွင်းတွေကို ကြည့်ရင်း ဧည့်လမ်းညွှန်လုပ်ခဲ့တဲ့ အချိန်တွေကို ကျနော် ပြန်သတိရနေမိတယ်၊ သိပ်မကြာခင်ဆို ဒီဖက်မှာ ပန်းနှမ်းခင်းတွေက ဝင်းဝင်းဝါဝါ ပွင့်ကြတော့မယ်၊ အထူးသဖြင့် ပင်းတယသွားတဲ့လမ်းဖက်ရယ်၊ အောင်ပန်းနဲ့ ဟဲဟိုးကြား တစ်ကြောရယ်မှာ ကောင်းကင်ပြာနဲ့ ပန်းနှမ်းခင်း အဝါတို့ဟာ ကြည့်သူတွေရဲ့ စိတ်ကို ညွတ်နူးစေတယ်၊ တိုးဂိုက်လုပ်ကာစ အစောပိုင်းကာလတွေတုန်းက ဒီဖက်လမ်းပိုင်းတွေမှာ သွားနေတဲ့အခါ running commentary အနေနဲ့ ဘာအကြောင်းတွေကိုများ ဧည့်သည်တွေကို ပြောရပါ့မလဲလို့ စိုးရိမ်နေခဲ့ရဖူးတယ်၊ အလုပ်ရဲ့ သဘောသဘာဝကိုက စကားပြောရတဲ့ အလုပ်ဖြစ်လို့ အခြေအနေ၊ အချိန်အခါအလိုက် အကြောင်းအရာတစ်ခုမဟုတ် တစ်ခုကို အဆင်သင့် ပြောနေနိုင်ဖို့၊ ရှင်းပြနေနိုင်ဖို့ လိုတာကိုး…၊


ရွှေရန်ပြေ ဘုန်းကြီးကျောင်းကလည်း ဘာမှမပြောင်းဘဲ အရင်လိုပါပဲ၊ အင်းထဲအဝင် နောက်ကျနေလို့ ကျောင်းပေါ်တော့ မတက်ဖြစ်ခဲ့ဘူး၊ ကျောင်းပေါ်မှာ အရင်ကတော့ လူ့တစ်ရပ်ကျော်တဲ့ သင်ပုန်းကြီးတွေနဲ့ နိုင်ငံတကာက တိုးရစ်အလှူရှင်တွေရဲ့ နာမည်တွေကို မြေဖြူနဲ့ ရေးထားတယ်၊ ဒါကိုမြင်တဲ့ နိုင်ငံခြားသား အတော်များများကလည်း အနားက အလှူခံပုံးထဲကို ၅ ဒေါ်လာမျိုး၊ ၁၀ ဒေါ်လာမျိုးသွားထည့်၊ ပြီးတော့ သူတို့ရဲ့ နာမည်တွေကို နိုင်ငံအမည်၊ အလှူငွေပမာဏနဲ့အတူ ကျောက်သင်ပုန်းမှာ ဝင်ဝင်ရေးသွားကြလေ့ ရှိပါတယ်၊ ရှားပါးရှေးဟောင်း ကျောင်းတစ်ခုကို လှူချင်တာလည်းပါ၊ ငါတို့လည်း ဒီကိုရောက်ခဲ့တယ်ဆိုတာ အမှတ်တရ ရေးချင်တာလည်း ပါမယ်ထင်ပါရဲ့…၊


ဖောင်တော်ဆိပ်ကတော့ အရင်ကနဲ့ သိပ်မတူတော့ဘူး၊ Tour ကုမ္ပဏီဆိုင်းဘုတ်တွေ တပ်ထားတဲ့ စက်လှေတွေ အများကြီးရပ်ထားတယ်၊ Tour ကုမ္ပဏီတွေကလည်း အရင်က တစ်ခါမှ မကြားဖူးတဲ့ နာမည်အသစ်တွေ အများကြီးပါပဲ၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကတော့ စက်လှေတွေမှာ တပ်ကြတဲ့ ကုမ္ပဏီနာမည်တွေက ၁၀ ခုတောင်မှ မပြည့်ချင်ဘူး၊ ရေကလည်း အရင်ထက်စာရင် ပိုကျသွားတယ်၊ လှေပေါ်ကိုတက်ဖို့ လှေကားထစ်တွေ ပိုပြီးဆင်းလိုက်ရတယ်…၊


ဒီ အင်းသားတံငါတွေကို မြင်တော့ ကျနော်ပြုံးမိတယ်၊ အကြောင်းကတော့ ကျနော်အလုပ်,လုပ်ခဲ့တဲ့ တစ်လျှောက်မှာ ညောင်ရွှေလှေဆိပ်ကနေ အင်းကျယ်ကြီးထဲ ရောက်ရောက်ချင်း အခုလိုနေရာမှာ ငါးဖမ်းတဲ့တံငါ အတော့်ကို တွေ့ရခဲလို့ပါ၊ အင်းပြင်ကျယ်ရဲ့ အရပ်မျက်နှာ ပေါင်းစုံကလာတဲ့ လှေတွေဟာ ညောင်ရွှေကိုသွားဖို့ ဟောဒီချောင်းဝမှာ စုပြုံဝင်ကြရလို့ ဒီနေရာဟာ တစ်ချိန်လုံး ဆူညံနေတတ်တဲ့ နေရာပါ၊ ပြီးတော့ အင်းထဲမှာက အများအားဖြင့် ပုဆိုးဝတ်ထားတဲ့ တံငါတွေပဲ တွေ့ရတာများပြီး ရှမ်းဘောင်းဘီနဲ့ဆိုတာ ရှားပါတယ်၊ တစ်ခါတစ်လေ ရှမ်းဘောင်းဘီဝတ်တဲ့ တံငါဆိုရင်တောင်မှ အခုလို ပင်နီရောင်ဘောင်းဘီ မဟုတ်တဲ့အပြင် ဘောင်းဘီရဲ့ ခါးအနားစ မှာလည်း အခုနောက်ပိုင်း အလှတပ်ကြတဲ့ အထက်ဆင့်ပုံစံ အနားပတ်နဲ့ မဝတ်နိုင်ကြရှာ ပါဘူး၊ ဘာပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ များလာတဲ့ အခုလိုကာလမှာ မော်ဒယ်လ်အလုပ်ဆိုတာလည်း လိုမှာပဲမဟုတ်လား၊ ဓာတ်ပုံကို စိတ်ကြိုက်ဆင်ရိုက်ချင်တဲ့ သူတွေအဖို့ အဆင်ပြေနိုင်တာမို့ သဘောကျစရာပါ၊ ကျနော်တို့ ဖြတ်သွားတဲ့နေရာကတော့ ဝေးနေတဲ့အပြင် အချိန်လည်း မရလို့ သူတို့ဆီတော့ တကူးတက မသွားဖြစ်တော့ဘဲ အဝေးကနေပဲ တစ်ပုံလောက် လှမ်းရိုက်ဖြစ်ခဲ့တယ်၊


သတင်းတွေထဲမှာ တစ်ချိန်လုံး ဖတ်နေရတဲ့ အင်းလေးကန်အရှေ့ဖက် ဟိုတယ်ဇုန်တူးဖော်ရေးက အခုလိုတကယ်တမ်း မြင်လိုက်ရချိန်မှာ ရှော့ခ် ဖြစ်စေတာတော့ အမှန်ပါ၊ သစ်ပင်စိမ်းစိမ်းတွေ ကြားထဲမှာ ထင်းထင်းကြီးဖြစ်နေတဲ့ မြေစေးနီနီတွေကြောင့်လည်း ပိုပြီး သတိပြုမိစရာ ဖြစ်နေတယ်၊ ပတ်ဝန်းကျင်ရဲ့ တောတောင်ရေမြေ အနေအထားနဲ့ အံမဝင်တဲ့ ထိုးထိုးထောင်ထောင် ဟိုတယ်တွေ ပေါ်မလာပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ့် အဖြစ်…၊


ကဲ… ဒါကမှ မော်ဒယ်လ်မဟုတ်တဲ့ သဘာဝအင်းသား အစစ်…၊း) ဘဝမိုးကောင်းကင်ဆိုတာက တစ်ချိန်လုံး လင်းချင်းနေတာမျိုး မဟုတ်ဘဲ တိမ်သားတွေ ထူထပ်နေတာမျိုး ရှိချင်ရှိမယ်၊ ဒါပေမယ့် မိန်းမရယ် သမီးလေးရယ်နဲ့အတူ ကွမ်းလေးတစ်မြုံ့မြုံ့နဲ့ အေးရာအေးကြောင်းပဲ တစ်ချက်ချင်း လှော်နေခဲ့လည်း ခရီးကတော့ ဖြေးဖြေးချင်း ရောက်သွားမှာပဲ မဟုတ်လား…၊


ဖောင်တော်ဦးဘုရားရဲ့ ခြေရင်းအထိ လှေကပ်နိုင်သေးတာ တွေ့ရလို့ အခိုက်အတန့်အနေနဲ့တော့ စိတ်ချမ်းသာရပါတယ်၊ ဒါပေမယ့် ဒါဟာ မိုးကုန်ကာစ အောက်တိုဘာလမို့လို့ အခုလို သွားလို့လာလို့ အဆင်ပြေနေသေးတာလို့ ဒေသခံတွေက ပြောပြပါတယ်၊ ဧပြီ၊ မေလောက် ဆိုရင်တော့ ရေက ဆိုးဆိုးဝါးဝါးကို ကျနေတုန်းပဲလို့ သိရပါတယ်၊ ဖောင်တော်ဦးဘုရား အနီးတဝိုက်မှာတော့ သဲစုပ်စက်တွေ၊ မြေကော်စက်တွေနဲ့ ကန်ကြမ်းပြင်ကို ဆည်မြောင်းဌာနက ပြုပြင်နေတာ တွေ့ရတယ်၊


ဘုရားက ဆင်းတုတော်တွေ ဖောင်တော်နဲ့အတူ အင်းလေးတစ်ခွင် ဒေသစာရီ ကြွချီနေတဲ့ ကာလဖြစ်လို့ ပုံမှန်အချိန်မှာ မြင်နေကျ ဆင်းတုတော် ၅ ဆူတော့ မဟုတ်ပါဘူး၊ ဒီလိုအချိန်မှာတော့ ကျောင်းမှာပဲ သီတင်းသုံးဖို့ ချန်ခဲ့ရတဲ့ ရုပ်ပွားတော်က အလယ်မှာ ပြောင်းရွှေ့ စံပြီးတော့ အခြားရုပ်ပွားတော်တွေက ပတ်လည်မှာ ဖြစ်ပါတယ်၊


ဘုရားရဲ့အောက်ဖက်က ဆိုင်တန်းလေးတစ်ခုမှာ သားက သူလိုချင်နေတဲ့ လေးခွတစ်လက် ရလိုက်တယ်၊ ဒီမှာရှိစဉ်ကတည်းက သူ့ကိုလေးခွတစ်လက် လုပ်ပေးဖို့ ပြောနေပေမယ့် သားရေကြိုးက လွယ်လွယ်ကူကူ ရှာမရလို့ ကျနော်ကလည်း လုပ်မပေးဖြစ်ဘူး၊ အခု လေးခွအိမ်က အောက်ချင်းငှက်ပုံစံတောင် ထွင်းထားသေးတော့ သူ့အကြိုက်ပေါ့…၊ အဲဒီလေးခွနဲ့ ဘုရားရင်ပြင်က ခိုတွေကို လိုက်ပစ်မယ် လုပ်နေလို့ ကျနော့်မှာ အတော့်ကို ဟန့်ထားရသေးတယ်၊ ဘုရားဖူးတွေက ဟိုဖက်မှာ ခိုစာကျွေးလိုက်၊ သူနဲ့ ထွန်းထွန်းသားနဲ့က ဒီဖက်ကနေ ခိုအုပ်တွေထဲ ပြေးဝင်ပြီး ခြောက်လှန့်လိုက်၊ နှစ်ယောက်သား သဘောတွေကျပြီး ရယ်နေလိုက်နဲ့…၊


အင်းလေးမှာ အရင်တုန်းက လှေအကြီးတွေပဲ စက်တပ်ပြီး မောင်းကြတယ်၊ တရုတ်ကလာတဲ့ အင်ဂျင်ကြီးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ပြုပြင်ထားတဲ့ စက်နဲ့…၊ အခုတော့ တသက်လုံး လက်နဲ့၊ ခြေနဲ့ပဲ လှော်ကြတဲ့ လှေငယ်လေးတွေကိုပါ အင်ဂျင်အသေးတွေတပ်ပြီး မောင်းလာကြတာ ဒီတစ်ခေါက်မှာ သတိထားမိတယ်၊ လိုရာခရီးကို မြန်မြန်ဆန်ဆန် ရောက်တဲ့အတွက် ဒေသခံတွေကတော့ သဘောကျဖို့ များပါတယ်၊ ဒါပေမယ့် ကန်ရေပြင် ပိုပြီးညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ စတာတွေနဲ့အတူ ကမ္ဘာမှာပါ ထင်ရှားတဲ့ ခြေထောက်နဲ့ လှေလှော်တဲ့အတတ်ပါ ပျောက်ကွယ်သွားမှာ စိုးရပါတယ်…၊


ကျနော်အလုပ်,လုပ်တုန်းကတော့ ပိုးရက်ကန်း၊ ချည်ရက်ကန်းတွေ ပြဖို့ ဧည့်သည်တွေကို အင်းပေါခုံက မနန်းမြဦးဆိုင်ကို ခေါ်သွားလေ့ ရှိပါတယ်၊ အခု ဒီတစ်ခေါက်တော့ သူငယ်ချင်း သွားနေကျဖြစ်တဲ့ ကိုသန်းလှိုင်ဆီကို သွားဖြစ်တယ်၊ ဝယ်သူတွေက အထဲမှာ ဝယ်ခြမ်းနေကြတုန်း ကျနော်ကတော့ အိမ်ကပြင်လေးပေါ် ထွက်ထိုင်ပြီး ဆူညံလှတဲ့ တဒိုင်းဒိုင်း စက်လှေသံတွေ မကြားရဘဲ အခိုက်အတန့်လေး တိတ်ဆိတ်နေတဲ့ ရေပေါ်ရွာကလေးကို ခံစားနေမိတယ်၊


အခုဆို ကန်ထဲမှာ တရုတ်အင်ဂျင်တပ် စက်လှေတွေအပြင် ဂျပန်အင်ဂျင်တပ် စပိဘုတ်တွေကိုပါ တွေ့လာရတယ်၊ နေ့ချင်းညချင်း အသီးသီးဖွင့်လိုက်ကြတဲ့ စားသောက်ဆိုင်တွေကလည်း ပိုပိုပြီး များလာတယ်၊ ဖွံ့ဖြိုးလာတဲ့ tourism ကိုမှီပြီး ဟိုတယ်တွေရယ်၊ အဲဒီ ဟိုတယ်တွေမှာ လစာကောင်းတဲ့ အလုပ်ကို လုပ်လာကြတဲ့ အင်းသူ၊အင်းသားတွေလည်း များလာကြတယ်၊ ဒါပေမယ့် ဆင်းရဲ့ချို့တဲ့ရှာကြတဲ့ အင်းသူအင်းသားတွေကလည်း အရင်အတိုင်း တပုံကြီးပါပဲ၊ ငွေကိုရေလို သုံးနေကြသူတွေက လက်တစ်ကမ်းမှာ သွားလာနေကြပေမယ့် ရေပေါ်မှာ ငွေတွင်းနက် နေကြတဲ့ ဘဝများစွာကလည်း အင်းထဲမှာ မျောပါနေ ကြတယ်၊ ပျဉ်စပ် လှေကလေးကို တက်လေး တစ်ချောင်းနဲ့လှော်ရင်း ဝါးထရံကာ ရေပေါ်အိမ်လေးတွေ ကြားမှာ ဖြတ်သွားဖြတ်လာနဲ့…၊


ရှေးခေတ် ဗမာဘုန်းကြီးကျောင်းတွေလို ထောင့်မှန်စတုဂံပုံ မဟုတ်ဘဲ စတုရန်းပုံစံ လေးထောင့်ကျကျ ရှမ်းဘုန်းကြီးကျောင်းတွေကို ကျနော် သဘောကျတယ်၊ အများအားဖြင့် အလယ်မှာက ဗုဒ္ဓဆင်းတုတော်တွေ ရှိမယ်၊ ဘေးပတ်လည်မှာတော့ ဆရာတော်တွေ ကျိန်းတဲ့အခန်းတွေနဲ့ ကိုရင်တွေ၊ ကျောင်းသားတွေရဲ့ အခန်းတွေ…၊ အဲဒီလို အမိုးမြင့်မြင့်နဲ့ ကျယ်ပြောလှတဲ့ ဘုန်းကြီးကျောင်းတွေကို ရှမ်းပြည်တောင်ပိုင်းရဲ့ တခြားနေရာတွေနည်းတူ အင်းထဲမှာလည်း မကြာခဏ တွေ့ရတတ်ပါတယ်၊ အဲ... သံကွင်းထဲကို ခုန်တတ်တဲ့ကြောင်တွေ၊ အဲဒီကြောင်တွေကို လာကြည့်တဲ့တိုးရစ်တွေနဲ့ တချိန်လုံး ရှုပ်နေတတ်တဲ့ ငါးဖယ်ကျောင်း ကိုတော့ မဝင်ဖြစ်တော့ဘူး…၊


ခရမ်းချဉ်သီးတွေ အဓိကစိုက်တဲ့ ရေခြံတွေဖက်ကိုလည်း ဖြတ်မောင်းခဲ့တယ်၊ ရေခြံကတော့ ခရမ်းချဉ်သီး ဆွတ်သူတွေနဲ့ အရင်အတိုင်းပါပဲ၊ အင်းလေးကန်တဝိုက်က သစ်ပင်တွေ ပြုန်းတီးရတဲ့ အချက်တွေထဲမှာ ခရမ်းချဉ်သီးထည့်ဖို့ သေတ္တာတွေကို ထုတ်လုပ်တာကြောင့်လည်း ပါ,ပါတယ်၊ အခုနောက်ပိုင်းမှာ တောထဲကိုဝင်ရင် လက်ကိုင် လျှပ်စစ်လွှတွေနဲ့ သစ်ပင်တွေကို တစ်ထိုင်ထဲဖြတ်၊ နေရာတင် တစ်ထိုင်ထဲ သေတ္တာရိုက်ပြီး ရောင်းဖို့အဆင်သင့် အနေအထားနဲ့ ထုတ်လုပ်လာကြတယ်လို့ သိရပါတယ်၊ သစ်ပင်ကို အဆင်အခြင်မဲ့ ခုတ်ဖို့ပဲသိပြီး ပြန်မစိုက်ကြရင်တော့ သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ၊ ကန်ရဲ့ ရေဝေရေလဲ ဒေသမှာ သစ်ပင်တွေ နည်းသွားတာကြောင့် အင်းလေးကန်တစ်ခုလုံး ဘယ်လိုဆိုးကျိုးတွေနဲ့ ကြုံနေရသလဲဆိုတာ ကျနော်တို့ စိတ်မကောင်းစွာနဲ့ မြင်နေကြရတယ် မဟုတ်လား…၊ ခရမ်းချဉ်ခင်းတွေပေါ်မှာလည်း ပိုးသတ်ဆေးတွေကို အတိုင်းအဆနဲ့ လိုသလောက်ပဲ ထည့်ဖို့ ပညာပေးမှုတွေ လိုသလို ခရမ်းချဉ်စိုက်ခင်းတွေကြားက ရေမှာ ပိုးသတ်ဆေး ပါဝင်နှုန်းကို ဓာတ်ခွဲစစ်ဆေးဖို့လည်း လိုပါတယ်၊


ညောင်ရွှေ ဖောင်တော်ဆိပ်ကို အပြန်မှာတော့ “ကေလာ” ရွာထဲကနေ ဖြတ်ပြန်လာခဲ့တယ်၊ ကေလာရွာက အမြဲလိုလို စည်ကားနေတဲ့ ရွာတစ်ရွာပါပဲ...၊ ရွာလယ်က ရေလမ်းတစ်လျှောက်မှာ ဖြတ်သွားဖြတ်လာသူတွေ၊ ဈေးသည်တွေ၊ တံငါသည်တွေ ပြတ်တယ်ဆိုတာ မရှိဘူး...၊


“ကေလာ” ရွာဖြတ်တိုင်း လှေလှော်နေတဲ့ ကလေးတွေကို အမြဲလိုလို တွေ့ရတတ်တယ်၊ ကျောင်းတက်၊ ကျောင်းဆင်းချိန်ဆိုရင် အဖြူအစိမ်းနဲ့ ကျောင်းသားလေးတွေလည်း တွေ့ရတယ်၊ ကျောင်းစိမ်းလုံချည်ကို လက်တစ်ဖက်နဲ့ မနိုင်မနင်းမ,ပြီး ခြေထောက်တစ်ဖက်ထဲနဲ့ လှေလှော်နေကြတဲ့ ၇ နှစ်၊ ၈ နှစ်အရွယ် ကျောင်းသားလေးတွေကို မြင်ရတဲ့အခါ ကြည်နူးအေးချမ်းမှုကို ခံစားရလေ့ ရှိပါတယ်၊ ဒီတစ်ခေါက်မှာတော့ ညနေဖက်ဖြစ်လို့ ကျောင်းသားလေးတွေ မတွေ့ရဘဲ လှေကို ကျွမ်းကျွမ်းကျင်ကျင် လှော်နေကြတဲ့ ကလေးမလေး ၃ ယောက်ပဲ တွေ့ခဲ့တယ်၊ တစ်ခါတုန်းက ကြည့်ဖူးတဲ့ မွန်ဂိုဒေသ စတက်ပ်မြက်ခင်းပြင်တွေ ပေါ်က ရွှေ့ပြောင်းသွားလာတတ်သူတွေအကြောင်း documentary မှာ ကလေးတိုင်းလိုလိုက ငယ်ငယ်လေးကတည်းက မြင်းကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ကြတာ တွေ့ရတယ်၊ အခုလည်း ဒီလိုပါပဲ၊ ရန်ကုန်လိုနေရာက ဒီအရွယ်ကလေးတွေဆို လှေလှော်ဖို့ မပြောနဲ့၊ ဒီလို လှေသေးသေးလေးပေါ်မှာ ထိုင်နေဖို့တောင် ကြောက်ချင်ကြောက်နေမှာ ဖြစ်ပေမယ့် ဒီက ကလေးတွေကတော့ ရေပေါ်မှာ မွေးလာသူတွေပီပီ ကျွမ်းကျင်စွာနဲ့ လှော်တတ်ကြပါတယ်...၊

ကလောကိုတော့ အဲဒီနေ့ညဖက် ၇ နာရီခွဲလောက်မှ ပြန်ရောက်ဖြစ်တယ်...။ ။

(ဖတ်ရတာ ငြီးငွေ့စရာ ကောင်းလာပြီလားတော့ မသိဘူး၊ သိပ်မကြာခင်မှာ အဆုံးသတ်ပါတော့မယ်...)


ညီလင်းသစ်
၉ ဒီဇင်ဘာ၊ ၂၀၁၃

02 December 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၅)


ကလောရောက်ပြီး နောက်တစ်ရက်နေတော့ သူငယ်ချင်းတွေဖြစ်တဲ့ ထွန်းထွန်းနဲ့မော်တို့ ဖွင့်ထားတဲ့ဆင်စခန်းကို သွားလည်ကြတယ်၊ ကလောဇာတိဖြစ်တဲ့ ထွန်းထွန်းက ငယ်ငယ်လေးကတည်းက တောတောင်ရေမြေကို ချစ်မြတ်နိုးသလို ကျနော်တို့နဲ့ tourism လောကထဲမှာမဆုံခင် ကလောမှာ trekking guide လည်း လုပ်ခဲ့သေးတယ်၊ အခု သူတို့ ဆင်စခန်းလုပ်နေတာ ၃ နှစ်ထဲတောင် ရောက်လာပေမယ့် ကျနော်တို့ကလည်း တစ်ခါမှ မရောက်နိုင်ဘူး ဖြစ်နေခဲ့တယ်၊ ဒီတစ်ခေါက်မှပဲ အဲဒီအတွက်ကို သီးသန့်အချိန်ပေးပြီး သွားဖြစ်ပါတော့တယ်…၊


ထွန်းထွန်းတို့ရဲ့ ဆင်စခန်းက ကလောကို တက်လာတဲ့လမ်းမှာ ရှိပါတယ်၊ ကလောအတက်မှာရှိတဲ့ နန့်ပန်တစ်ရွာကြီးရဲ့ အလွန် မကွေဆိုတဲ့ ရွာကလေးနားက တောထဲမှာ ဖွင့်ထားတယ်၊ ကလောမြို့ထဲကနေ ဆင်စခန်းကို ပြန်ဆင်းသွားတော့ လမ်းတလျှောက်က ရေယား၊ ဝက်ဖြူရေ စတဲ့ရွာလေးတွေမှာ ခြံထွက်အသီးအနှံတွေကို အိမ်ဆိုင်လေးတွေဖွင့်ပြီး တပိုင်တနိုင် ရောင်းနေကြတယ်၊ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းကအတိုင်း မပြောင်းမလဲပါပဲ၊ ဖရုံသီး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ကျွဲကောသီး၊ ရှောက်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး… အစုံပဲ တွေ့ရတယ်၊ ကလောကနေ စခန်းအထိ ၄၅ မိနစ်လောက် မောင်းသွားရပါတယ်၊


ဆင်စခန်းရဲ့ နာမည်က Green Hill Valley (Elephant Camp with Re-plantation) ဖြစ်ပြီးတော့ မကွေသစ်တောကြိုးဝိုင်းရဲ့ အစပ်မှာ တည်ရှိပါတယ်၊ ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ ကညင် စတဲ့အပင်တွေ၊ ငှက်ပျော၊ သင်္ဘော၊ နာနတ် စတဲ့ သီးပင်စားပင်တွေ၊ ပန်းပင်တွေရဲ့ အလယ်မှာ ပုံစံခပ်ရိုးရိုးနဲ့ ဝါးအိမ်လေးဆောက်ထားတယ်၊ လမ်းလျှောက်ချင်တဲ့ ဧည့်သည်တွေက ကလောအထွက်နားကနေ ၃ နာရီလောက် trekking လျှောက်ပြီး စခန်းကိုလာကြသလို တချို့ကျတော့လည်း ကားနဲ့ပဲ တိုက်ရိုက်လာကြတယ်၊ စခန်းရဲ့ အကျယ်က ၄၆ ဧကလောက်တော့ ရှိပါတယ်၊


ဘယ်လိုပဲလာလာ စခန်းကိုရောက်တဲ့အခါတော့ ဟောဒီ ဝါးအိမ်လေးထဲမှာပဲ နေ့လယ်စာ စားကြလေ့ရှိတယ်၊ မျက်စိတဆုံး မြင်နေရတဲ့ ရှမ်းရိုးမတောင်တန်းတွေ၊ သစ်တောသစ်ပင် စိမ်းစိမ်းတွေကို နေ့လယ်စာစားရင်း ခံစားနိုင်ပါတယ်၊ အလင်းရောင် ကောင်းကောင်း ရအောင်ရယ်၊ မြင်ကွင်းရှင်းအောင်ရယ် ရည်ရွယ်ပြီးတော့ အမိုးမပါတဲ့ ဝရန်တာပုံစံ ရင်ပြင်လေးတစ်ခု ဆောက်ထားတဲ့ ထွန်းထွန်းနဲ့မော်ရဲ့ အိုင်ဒီယာကို ကျနော်သဘောကျသွားတယ်၊ အဲဒီ ဝရန်တာလေးက ဝါး ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ကော်ဖီပူပူလေး သောက်ရတဲ့ အရသာက မမေ့နိုင်စရာပါပဲ…၊


ဒီကိုလာကြတဲ့ ဧည့်သည်တွေအဖို့ နေ့လယ်စာ စားပြီးတဲ့အခါ စခန်းအနီးပတ်ဝန်းကျင်မှာ လမ်းလျှောက်တာ၊ ဆင်တွေကို သွားကြည့်ပြီး အစာကျွေးတာ၊ ဆင်တွေကို စမ်းချောင်းလေးထဲမှာ ရေချိုးပေးတာ၊ ဒေသဖွံ့ဖြိုးရေးအတွက် သစ်ပင်တွေ စိုက်ပျိုးတာ စတာတွေ လုပ်နိုင်ပါတယ်၊ ကျနော့်သူငယ်ချင်း လင်မယားက တိုးဂိုက်လုပ်ခဲ့ကြသူတွေပီပီ mass tourism ကို တတ်နိုင်သလောက် ရှောင်ချင်ကြသူတွေပါ၊ ကားကြီးကားငယ်တွေ မပြတ်ဝင်ထွက်သွားလာပြီး ဧည့်သည်တွေ တရုန်းရုန်းနဲ့ ဖြစ်နေတာဟာ စခန်းတည်ရှိရာ ဝန်းကျင်အတွက်ရော၊ စခန်းထဲက ဆင်တွေအတွက်ပါ မကောင်းပါဘူး၊ အဲဒီလို အခြေအနေတွေ ဖြစ်လာခဲ့မယ်ဆိုရင် သဘာဝအတိုင်း အေးအေးချမ်းချမ်းနဲ့ ရှိနေတဲ့ အနေအထားတွေ ပျောက်ဆုံးကုန်မှာ ဖြစ်သလို ဆင်တွေကလည်း ဆက်ကပ်တွေထဲက ဆင်တွေအတိုင်း လူတွေကို ပြစားဖို့သက်သက်ပဲ ဖြစ်သွားတော့မှာ အသေအချာပါ၊ ဒါ့ကြောင့်မို့ သူတို့စခန်းမှာ တစ်နေ့ကို အလွန်ဆုံး ဧည့်သည် ၂၀ ဝန်းကျင်လောက်ပဲ လက်ခံပါတယ်၊


အဲဒီနေ့က ချာပါတီနဲ့ ကြုံခဲ့တယ်…၊း)


ဝါးအိမ်ကလေးကနေ ၅ မိနစ်လောက် ဆင်းသွားတဲ့အခါ တံတားလေးတစ်ခု ဖြတ်ပြီးတာနဲ့ ဆင်တွေထားတဲ့ စခန်းကိုရောက်ပါပြီ၊ ဆင်ဦးစီးတွေက မိသားစုလိုက် လာနေကြတာဖြစ်လို့ မိသားစုတစ်စုစီအတွက် အိမ်ကလေးတစ်လုံးစီလည်း ရှိပါတယ်၊ ယောက်ျားတွေက ဆင်တွေနဲ့ အလုပ်,လုပ်၊ မိန်းမတွေက အိမ်မှုကိစ္စလုပ်ရင်း ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေစိုက်၊ ကလေးတွေကတော့ အနားက မကွေရွာလေးမှာ ကျောင်းတက်ကြတယ်၊ ထွန်းထွန်းနဲ့မော်က ဆင်တွေရော၊ ဆင်ဦးစီးတွေရဲ့ မိသားစုတွေကိုပါ အတော်လေး ဂရုစိုက်ပါတယ်၊


စခန်းမှာ လောလောဆယ် ဆင် ၇ ကောင် ရှိပါတယ်၊ ညာဖက်အစွန်ဆုံး ဆင်ပေါက်လေးကလွဲလို့ ကျန်တဲ့ ဆင်အားလုံးက မြန်မာ့သစ်လုပ်ငန်းမှာ သစ်ဆွဲခဲ့ကြတဲ့ ဆင်တွေပါ၊ ဒီဆင်တွေက အနာတရဖြစ်လို့၊ ဒါမှမဟုတ် အသက်ကြီးလာလို့ အလုပ်မလုပ်နိုင်တော့ဘဲ အငြိမ်းစား အပေးခံထားရသူတွေ…၊ ဒီလိုဆင်တွေကို တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ဖို့ရယ်၊ ဖြစ်နိုင်သလောက် သူတို့ သဘာဝအတိုင်း တောထဲမှာ နေထိုင်ပါစေလို့ရယ် ရည်ရွယ်ပြီး ထွန်းထွန်းတို့က ဒီစခန်းကို ဖွင့်ခဲ့တာ ဖြစ်ပါတယ်၊ သဘာဝကို ချစ်မြတ်နိုးတဲ့ သူတို့လင်မယားရယ်၊ လုပ်သက်အတွေ့အကြုံ အများကြီးရှိတဲ့ မော့်ဦးလေး ဆင်ဆရာဝန်ရယ် ပူးပေါင်းမိကြတဲ့အခါ Green Hill Valley ဆိုတဲ့ ဆင်စခန်းလေးတစ်ခု ပေါ်ပေါက်လာခဲ့ တော့တယ်၊ မော့်ဦးလေးက မြန်မာပြည်မှာ ဆင်တွေအတွက် မေထုန်မဲ့ သားစပ်ခြင်းကို ပထမဦးဆုံး စတင်ခဲ့သူလို့လည်း သိရတယ်…၊


ကျနော်တို့ ရောက်သွားတော့ ဆင်တွေက ဆင်ဦးစီးတွေနဲ့အတူ တန်းစီပြီး နှုတ်ဆက်ကြတယ်၊ သစ်ဆွဲဆင်တွေ ဖြစ်လို့ လူနဲ့ ယဉ်ပါးပါတယ်၊ ကြိုက်သလို ကိုင်တွယ်၊ ပွတ်သပ်ကြည့်လို့ ရတယ်၊ ခဏကြာတော့ ဆင်တွေကို ငှက်ပျောသီးကျွေးဖို့ လုပ်တယ်၊ ဆင်ရဲ့ ခန္ဓာကိုယ်ကြီးတွေနဲ့ ယှဉ်လိုက်တော့ ဖီးကြမ်းငှက်ပျောသီးတစ်လုံး ကျွေးရတာ သူတို့ကို သက်သက်လာနောက်နေသလိုတောင် ဖြစ်နေပြီလို့ ကျနော့်စိတ်ထဲ အားတုံ့အားနာနဲ့ တွေးနေမိတယ်၊ ပုံရဲ့ ရှေ့ဆုံးမှာ မြင်ရတဲ့ ဆင်ပေါက်လေးက ဖိုးချစ်လို့ ခေါ်ပါတယ်၊ အဲဒီကောင်လေးက သူ့ဘေးက ဆင်ကြီးတွေဖက်ကို အတင်းလိုက်ဖိပြီး သူတစ်ကောင်တည်း ငှက်ပျောသီးအများဆုံးရအောင် နှာမောင်း တဖြန့်ဖြန့်နဲ့…၊ မိဘတွေ၊ ဦးလေး၊ အဒေါ်တွေရဲ့ မုန့်တွေကိုပါ အတင်းလိုက်လုစားတဲ့ လူသား ကလေးငယ်လေး တစ်ယောက်လိုပါပဲ…၊ အဲဒီ ဖိုးချစ်လေးကို ကျနော် မြင်မြင်ချင်း ချစ်သွားတယ်…၊


ကျနော့်သားနဲ့ ထွန်းထွန်းရဲ့သားက ရက်ပိုင်းပဲ အသက်ကွာတဲ့ ရွယ်တူတွေပါ၊ ကျနော်က ဖိုးချစ်ကို ချစ်သလို သူတို့ ၂ ယောက်ကိုလည်း စခန်းက ဆင်ဦးစီးတွေက ဝိုင်းပြီးချစ်ကြတာနဲ့ ဆင်ပေါ်ကို ခေါ်တင်ပြီး စီးစေတယ်၊ သားက ဆင်ရဲ့ ကျောဗလာပေါ်မှာ ထိုင်ပြီး အကြောက်အလန့်မရှိ ပျော်နေလေရဲ့…၊


တကယ်တော့ Green Hill Valley မှာ ဆင်တွေကို စီးဖို့ မတိုက်တွန်းကြပါဘူး၊ တချို့ ဆင်စခန်းတွေမှာ လုပ်ကြသလို ကလေးလူကြီး အားလုံးက ဆင်တွေပေါ်ကို တစ်ယောက်ပြီးတစ်ယောက်တက်၊ ခေါက်တုံ့ခေါက်ပြန် စီးကြတာမျိုးကို ထွန်းထွန်းတို့က မလုပ်ချင်ကြဘူး၊ ဆင်တွေက တခြား မြင်းတို့၊ ကုလားအုတ်တို့လို လူတွေအချိန်မရွေး စီးနိုင်တဲ့ သတ္တဝါမျိုးတွေ မဟုတ်ကြပါဘူး၊ သဘာဝချင်း မတူတာကို လျစ်လျူရှုပြီး အတင်းတက်စီးနေကြမယ် ဆိုရင် ဒီဆင်တွေရဲ့ ဘဝက အတော်လေး စိတ်ဆင်းရဲဖို့ ကောင်းနေတော့မှာ သေချာပါတယ်၊ အားကောင်းမောင်းသန် အချိန်တုန်းက သစ်တွေဆွဲခဲ့ရတယ်၊ အခုကျပြန်တော့ လူတွေကို တစ်ယောက်ပြီးတစ်ယောက် ကျောပေါ်တင်ရင်း တစ်နေကုန် ခေါက်တုံ့ခေါက်ပြန် လျှောက်ဖို့ ခိုင်းနေဦးမယ် ဆိုရင် တကယ်ပဲ အကြင်နာမဲ့ရာကျတဲ့ လုပ်ရပ်ပါပဲ…၊ အဲဒါကြောင့် ဆင်တွေရဲ့ ကျောပေါ်ကိုတောင် က,မတင်ဘဲ ဒီအတိုင်းထားတာပါ…၊


ဆင် ၇ ကောင်ရှိရာမှာ ပုံထဲမှာမြင်ရတဲ့ စွယ်စုံကြီးနဲ့ ဆင်ပေါက်လေး ဖိုးချစ်တို့ နှစ်ကောင်က အထီးဖြစ်ပြီးတော့ ကျန်တာတွေကတော့ အမတွေပါ၊ အံမယ်… သစ်ဆွဲဆင်တွေဆိုပြီး လျှော့တော့မတွက်နဲ့၊ သူတို့က အပျံစား နာမည်တွေကိုယ်စီနဲ့…၊ ကြည့်ပါဦး…၊ ဆင်မတွေ နာမည်က ရှုလေးခင်-တဲ့၊ ဆွေမိုးမေ-တဲ့၊ ယုမိုးယဉ်-တဲ့၊ ဝင်းမမ၊ ထွန်းမမ-တဲ့၊ စွယ်စုံဆင်ထီးကြီးကျတော့ သောင်းကန်ဌေး-တဲ့၊ အငယ်ဆုံး ဖိုးချစ်လေးကိုတော့ မွေးကတည်းက အားလုံးကချစ်ကြလို့ ဖိုးချစ်လို့ ခေါ်တာပါ-တဲ့၊ အသက်အားဖြင့်တော့ အငယ်ဆုံး ၄ နှစ်ခွဲကနေ အကြီးဆုံး ၆၀ အတွင်း ရှိကြတယ်…၊


ခဏနေတော့ ဆင်တွေကိုခေါ်ပြီး မလှမ်းမကမ်းက စမ်းချောင်းလေးမှာ ရေသွားချိုးပေးကြတယ်၊ ဆင်စခန်းရဲ့ တည်နေရာက ရှမ်းရိုးမတောင်တန်းတွေ ရှိတယ်ဆိုပေမယ့် မီတာ ၄၀၀ အမြင့်လောက်ပဲ ရှိလို့ ရာသီဥတု ပူပါတယ်၊ ဒါ့ကြောင့် ဆင်တွေကလည်း ရေသွားချိုးရမယ်ဆိုရင် အင်မတန်မှပျော်…၊ အလှည့်မကျသေးလို့ မချိုးရသေးတဲ့ ကောင်တွေကတော့ အပူသက်သာအောင် ကျောပေါ်ကို မြေမှုန့်တွေ နှာမောင်းနဲ့ ပစ်,ပစ်တင်ပြီး ကျန်ခဲ့လေရဲ့၊ စမ်းချောင်းလေးက အနက်ဆုံးနေရာမှ ခါးသာသာလောက်ပဲ ရှိပြီးတော့ ရေကလည်း အတော်လေး ကြည်လင်ပါတယ်၊ ဆင်တွေကို ရေထဲ လှဲမအိပ်ခိုင်းခင် အပူရှပ်မှာစိုးလို့ အရင်ဆုံး ရေတိုက်ပါတယ်၊ လူအတိုင်းပဲ…၊း)


ဆင်တွေ ရေထဲ ရောက်,ရောက်ချင်း သားကလည်း ရေထဲလိုက်ဆင်းရင်း “ဒီလောက်ကြီးတဲ့ အကောင်တွေကို ဘယ်လိုများ ရေချိုးပေးမှာလဲလို့ စူးစမ်းတဲ့အကြည့်မျိုးနဲ့ စိတ်ဝင်တစား ကြည့်နေတယ်”၊ ဆင်ဦးစီးတွေက ချောင်းရေတွေကို လက်ခုပ်နဲ့ခပ်ပြီး ဆင်ကိုယ်ပေါ်ကို ပက်ပြလိုက်တော့မှ သူ သဘောကျသွားပြီး မရပ်မနားကို ဆင့်သင်္ကြန် ကျတော့တာပဲ၊ ဒီဆရာလေးက နဂိုကတည်းကမှ အဲဒီလို ရေလိုက်ပက်ရတာ ဝါသနာက ခပ်ပါပါဆိုတော့ အခုလိုမျိုး သူ့ဘယ်လောက်ပက်ပက် ထွက်မပြေး၊ ပြန်မပြောတဲ့ ဆင်နဲ့လည်း ကျရော… ဘာပြောကောင်းမလဲ…၊ ရေပက်လိုက်၊ အုန်းဆံဖတ်နဲ့ တိုက်ပေးလိုက်နဲ့…၊ တစ်ခါ ထွန်းထွန်းရဲ့ သားကလည်း သူနဲ့ ဝါသနာတူ၊ စရိုက်တူဆိုတော့ ပြန်ဖို့ကို မနည်းပြောယူ ရတယ်…၊


စမ်းချောင်းလေးကနေ စခန်းကို အပြန်မှာတော့ ကျနော်နဲ့သားက ရှေ့ဆုံးကနေ စွယ်စုံ သောင်းကန်ဌေးကို စီး၊ ထွန်းထွန်းရဲ့သားနဲ့ သူ့ဦးလေးက တခြားဆင်တစ်ကောင်ကို စီးပြီး ပြန်လာခဲ့ကြတယ်…၊ မူလက ဆင်စီးဖို့ ကျနော် မရည်ရွယ်ပါဘူး၊ “အသက်ကြီးလျှင် ဆင်စီးပါ” ဆိုတဲ့ ကြော်ငြာစာသားကို သတိရနေတာလည်း ပါမှာပေါ့၊း) ဒါပေမယ့် ထွန်းထွန်းကိုယ်တိုင်က အတင်းတိုက်တွန်းနေတာနဲ့ သားနဲ့အတူ စီးဖြစ်သွားတာ…၊ စမ်းချောင်းလေးအတိုင်း ကျောက်တုံးတွေပေါ်က ဖြတ်လာတော့ ဆင်ဦးစီးလေးက ပြောရှာတယ်၊ “အစ်ကို.. ဘာမှ မစိုးရိမ်နဲ့၊ ဆင်တွေက သူတို့လဲကျမှာ၊ အသားနာမှာ အင်မတန်သိတဲ့ အကောင်တွေ၊ မသေချာရင် သူတို့ဘယ်တော့မှ ရှေ့မတိုးဘူး”တဲ့…၊ သောင်းကန်ဌေးက အင်းစိန်၊ မင်းဓမ္မကုန်းက နာမည်အရှည်ကြီးရှိတဲ့ ကောင်တွေနဲ့ အသားအရေချင်း မတူပေမယ့်လို့ ကျနော့်စိတ်ထဲမတော့ ဟိုးရှေးတုန်းက ဆင်စီးပြီး ပြည်တော်ဝင်ခန်းဆိုတာ ဒါမျိုးများလား-လို့ ရွှတ်နောက်နောက် တွေးနေမိတယ်…၊


ဆင်တွေကို ညနေပိုင်းလောက်မှာ တောထဲကို လွှတ်ပါတယ်၊ ဆင်ဦးစီး တစ်ယောက်ချင်းစီက ဆင်တွေကို တစ်နေရာစီ မောင်းသွားပြီးတော့ လွှတ်လိုက်တယ်၊ မနက်ကျတော့ မှတ်ထားခဲ့တဲ့ လမ်းအတိုင်း ပြန်သွားပြီး ဆင်ကောက်ထွက်ကြ ရတယ်၊ ဆင်သွားလမ်းဖြစ် ဆိုတဲ့အတိုင်း သူတို့ဖြတ်သွားခဲ့တဲ့ လမ်းကြောင်းကို အထင်အရှားမြင်ရတာကြောင့် ဆင်ပျောက်နေမှာ မပူရပါဘူး ဆိုပေမယ့် အနည်းဆုံးတော့ တစ်နာရီလောက် လျှောက်သွားရတယ်လို့ ဆိုတယ်၊ တခါတလေလည်း တောင်တွေပေါ်ကို တက်ချင်တက်သွားကြပြန်တယ်၊ ဆင်တွေက တစ်ညလုံးမှာ အပင်တွေချိုး၊ စားသောက်ရင်း တရွေ့ရွေ့နဲ့ သွားနေကြတာ…၊ သူတို့ အစားအများဆုံးကတော့ ဝါးပင်တွေပါ၊ မော့်ဦးလေး ဆင်ဆရာဝန်က သူ့ရဲ့ လုပ်သက်မှာ အင်မတန် ပါးနပ်တဲ့ ဆင်တွေကြုံဖူးတဲ့အကြောင်း ပြောပြတယ်၊ အဲဒီ ပါးနပ်တဲ့ ကောင်တွေက တစ်ညလုံးသစ်ပင်တွေ စားနေရင်းနဲ့ သစ်ရွက်တွေကို သူတို့လည်ပင်းက သစ်သားခလောက်ထဲ သွတ်သိပ်ပြီး ထိုးထည့်ကြတယ်၊ ဒီခလောက်သံကြားရင် လူတွေက သူတို့ကို အဝေးကြီးကတည်းက သိနေတာဆိုတော့ အသံမကြားအောင် လုပ်တာပါ၊ တချို့ကောင်တွေကျတော့ သစ်သားခလောက်ဆိုတာ လည်ပင်းမှာ ဆွဲထားရင် ဟိုဖက်ဒီဖက် လှုပ်ရမ်းပြီး အသံမြည်တာကို သဘောပေါက်ကြတယ်၊ ဒီတော့ အဲဒီလို မလှုပ်ရမ်းနိုင်အောင် နှာမောင်းနဲ့ဆွဲယူပြီး ကုပ်ပေါ်မှာ အသာလေး တင်ထားကြတယ်-တဲ့…၊


ဆင်စခန်းမှာ ဆင်တွေအပြင် တခြားအကောင်တွေလည်း တွေ့ခဲ့ရတယ်၊ ဆင်နဲ့ ယှဉ်လိုက်ရင်တော့ သေးသေးလေးပါ၊ ဒါပေမယ့် မြေပြန့်မှာ မြင်နေကျ မဟုတ်တဲ့ ပင့်ကူတွေဖြစ်လို့ တချို့ကို ဓာတ်ပုံရိုက်လာ ဖြစ်ပါတယ်…၊


ဒီကောင်တွေက ရန်ကုန်မှာ ကျနော်တို့ မြင်နေကျ ပင့်ကူတွေထက် အများကြီး ပိုကြီးသလို အရောင်တွေကလည်း အခုလို ဆန်းဆန်းပြားပြားတွေနဲ့…၊ သတ္တဗေဒနဲ့ ကျောင်းပြီးခဲ့တဲ့ ကျနော်က ဒီပင့်ကူတွေကို ဓာတ်ပုံရိုက်ရုံကလွဲပြီး နာမည်၊ မျိုးစိတ်၊ မျိုးရင်း ဘာမှ မခွဲခြားနိုင်ခဲ့ပါဘူး…၊ (နအဖခေတ် ပညာရေးအကြောင်းတော့ ခရီးသွားပို့စ်မှာ ထည့်မရေးတော့ပါဘူးလေ...နော)း)


ခန္ဓာကိုယ်တင် အရောင်စုံတာ မဟုတ်ပါဘူး၊ ပင့်ကူအိမ်ကိုလည်း အဲဒီလိုမျိုး ဒီဇိုင်းအကွက်လေးတွေနဲ့ ရက်ကြတာ သတိထားမိတယ်၊ အင်းလေးနဲ့နီးလို့ ရက်ကန်းအတတ်တွေ ဓာတ်ကူးသွားတာများလား၊း) ဒီပင့်ကူတွေအားလုံးက သစ်ပင်တွေပေါ်မှာ နေပါတယ်၊ သွားတုန်းလာတုန်းမှာ ဒီလိုကောင်မျိုးတစ်ကောင် ခေါင်းပေါ်ကို ပြုတ်ကျလာလို့ကတော့… လို့ကျနော် ရုတ်တရက်တွေးမိလိုက်တော့ ရိုက်လက်စ ဓာတ်ပုံကို အမြန်ဆုံး အဆုံးသတ်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်…၊း)


စိုက်ပျိုးဖို့အသင့် ကျွန်းပင်ပေါက်ကလေးတွေ…၊ Green Hill Valley ရဲ့ နာမည်အပြည့်အစုံက Elephant Camp and Re-plantation ဆိုတဲ့အတိုင်း လာလည်တဲ့ ဧည့်သည်တွေကို သစ်ပင်စိုက်သွားဖို့ ထွန်းထွန်းတို့က တိုက်တွန်းလေ့ရှိပါတယ်၊ မကွေသစ်တောကြိုးဝိုင်းမှာ အရင်တုန်းက စည်းကမ်းမဲ့သစ်ခုတ်တာ၊ မီးသွေးဖုတ်တာတွေ ရှိခဲ့လို့ သစ်တောတွေ ပြုန်းပါတယ်၊ အဲဒါကြောင့် သူတို့တတ်နိုင်တဲ့ဖက်ကနေ စခန်းအနီးတဝိုက်ကို သစ်ပင်တွေ ပြန်စိုက်တဲ့ အစီအစဉ်လုပ်နေတာ ဖြစ်ပါတယ်၊ အဓိက အားဖြင့်တော့ ကျွန်းနဲ့ ခါတော်မီကို စိုက်ကြတယ်…၊


ကျနော့်ရဲ့ ဆင်ကလေးဖိုးချစ်…၊ တကယ်တော့ ဖိုးချစ်က သနားစရာကောင်းတဲ့ ဆင်ကလေးပါ၊ သူ့ဇာတိက သပိတ်ကျင်းဖက်က…၊ အဲဒီမှာ မြန်မာ့သစ်လုပ်ငန်းကနေ ဆင်ရိုင်းဖမ်းပွဲလုပ်တဲ့အချိန်မှာ ဖိုးချစ်က သူ့အမေနဲ့ ကွဲသွားပြီးတော့ အဖမ်းခံလိုက်ရတယ်၊ သစ်ဆွဲစခန်းမှာ အမေမရှိဘဲနဲ့ ကြီးပြင်းလာရတော့ သူ့ကိုစောင့်ရှောက်မယ့်သူ မရှိဘူး၊ ဒါ့အပြင် တခြားပြဿနာတွေ၊ အကျပ်အတည်းတွေ ကြားမှာ ဖိုးချစ်အတွက်က နေစရာ အဆင်မပြေလှဘူး၊ တောထဲကို ပြန်လွှတ်ရင်လည်း မသွားတတ်၊ မလာတတ်နဲ့ သူ့အတွက် ပိုပြီးတော့တောင် ဒုက္ခတွေ့ဖို့ များတယ်၊ ဒီလိုနဲ့ပဲ ဖိုးချစ်ကလေးကို ဟောဒီ ဆင်စခန်းကို ခေါ်လာခဲ့ကြတော့တာ…၊ ဒီမှာရှိတဲ့ ဆင်မတွေထဲက နှစ်ကောင်က ဖိုးချစ် ရောက်လာကတည်းက သူတို့ရဲ့ သားသမီးရင်းအလား စောင့်ရှောက်၊ အကာအကွယ် ပေးကြတယ်၊ နေ့ပိုင်း စခန်းမှာရှိချိန်မှာ ဖိုးချစ်က သူ့ဦးစီးနဲ့ နေပေမယ့် ညနေဖက်တောထဲကို ပြန်လွှတ်ရင်တော့ အဲဒီဆင်မနှစ်ကောင်ထဲက တစ်ကောင်နဲ့အတူ လွှတ်ပေးရတယ်၊ အဲဒီဆင်မကြီးကပဲ ဖိုးချစ်ကို တစ်ညလုံးအကာအကွယ်ပေး၊ အစာရှာကျွေးနဲ့ စောင့်ရှောက်ပါတယ်၊ အခုတော့ ဖိုးချစ်လေးလည်း ၄ နှစ်ခွဲကျော်လို့ အတော်လေး သန်မာလာတဲ့ ဆင်ပေါက်ကလေး ဖြစ်လာခဲ့ပြီ…၊


ကျွေးသမျှ ငှက်ပျောသီးအကုန် စားချင်နေတဲ့ ဖိုးချစ်၊ သူ့ကို ချစ်ခင်တဲ့ ဆင်မတစ်ကောင်နဲ့ စွယ်စုံကြီး သောင်းကန်ဌေး…၊ သစ်ဆွဲဆင်တွေ ဖြစ်တဲ့အတွက် ဆင်အကြီး ၂ ကောင်ရဲ့ တင်ပါးမှာ ကိုယ်ပိုင်နံပါတ် ထိုးထားတာ တွေ့နိုင်ပါတယ်၊ အကယ်၍ ဖိုးချစ်သာ သပိတ်ကျင်း တစ်နေရာက တောထဲမှာ ဆင်ရိုင်းအုပ်နဲ့အတူ ရှိနေခဲ့ဦးမယ်ဆိုရင် သူ့အမေနဲ့အဖေဘေးမှာ အခုလိုပဲ ပွတ်သီးပွတ်သပ်လုပ်ရင်း လွတ်လပ်စွာပျော်မြူးနေလိမ့်မှာ အသေအချာပါ…။ ။

(အပိုင်း ၆ မှာ ရေလေးမကျသေးခင် အင်းလေးကို အပြေးသွားလိုက်ကြရ အောင်လားဗျာ…)


ညီလင်းသစ်
၂ ဒီဇင်ဘာ၊ ၂၀၁၃