16 December 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၇)


ရှမ်းပြည်ရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ နာမည်ကျော် ၅ ရက်ဈေးကို ကလောမှာရှိနေတုန်း ကြုံလိုက်ရတယ်၊ ၅ ရက်ဈေးမှာမှ သတင်းကျွတ်မတိုင်ခင် ဈေးဖြစ်လို့ ပုံမှန် ၅ ရက်ဈေးတွေထက်ကို ပိုစည်ပါတယ်၊ မြို့အနီးဝန်းကျင်မှာ ရှိတဲ့ ရွာတွေက ပလောင်တွေ၊ ပအို့ဝ်တွေ အပါအဝင် မြေပြန့် အနယ်နယ်၊ အရပ်ရပ်က ဈေးလာရောင်းကြသူတွေနဲ့ ဈေးဟာ တိုးမပေါက်အောင် စည်ကားလှတယ်…၊


ဒေသထွက်ကုန်တွေဖြစ်တဲ့ ပဲပုတ်မျိုးစုံ၊ ချင်း၊ ဂျူးမြစ်၊ စိမ်းစားဥ၊ အာလူး… စတာတွေက လတ်လတ်ဆတ်ဆတ်မို့ မြင်ရတာနဲ့ စားချင်စရာ၊ အပေါ်ယံ ဇိမ်ခံပစ္စည်းတွေ မပါဘဲ နေ့စဉ်ဘဝမှာ တကယ့်ကိုလိုအပ်တဲ့ အခြေခံ လူ့အသုံးအဆောင်တွေကို စိတ်ဝင်တစားနဲ့ ဝယ်ယူနေကြတဲ့ တောသူတောင်သားတွေက ကိုယ့်အာရုံနဲ့ကိုယ်၊ ကိုယ့်တွက်ချက် တိုင်းတာမှုနဲ့ကိုယ်…၊


ဈေးထဲမှာ ဟိုငေးဒီငေးနဲ့ လျှောက်နေတုန်း ကျယ်ကျယ်လောင်လောင်နဲ့ ပြောနေတဲ့ အသံတစ်သံကို ကြားရတယ်၊ လူမမြင်ရဘဲ ခပ်လှမ်းလှမ်းကတည်းက ကြားနေရတဲ့ အသံကို စူးစိုက်နားထောင်လိုက်တော့ ပြက္ခဒိန်၊ သင်္ကြန်စာနဲ့ ၇ ရက်သားသမီး ဟောစာတမ်း ရောင်းနေတဲ့အသံ ဖြစ်နေတယ်၊ နောက်ဆုံး အသံထွက်နေတဲ့ နေရာနဲ့ အနီးဆုံးကို ရောက်နေပေမယ့်လည်း အသံရှင်ဈေးသည်ကို ကျနော့်မှာ ချက်ချင်း မတွေ့နိုင်ဘူး ဖြစ်နေသေးတယ်၊ ဟိုဟိုဒီဒီ လိုက်ကြည့်တော့မှ ခါးမှာ ဆောင်းဘောက်စ်အသေးလေး ချိတ်ထားပြီး ပါးစပ်နားကပ်ထားတဲ့ မိုက်ခရိုဖုန်းနဲ့ ပြောနေတဲ့ ဟောဒီလူငယ်လေးကို တွေ့ရတော့တယ်၊ သဘောကျသွားလို့ ဖြတ်ကနဲ ဓာတ်ပုံရိုက်ဖြစ်လိုက်တယ်၊ ဟုတ်တယ်လေ…၊ ကျနော်တို့ ခပ်ငယ်ငယ်က သိခဲ့ရတဲ့ ဟောစာတမ်း ရောင်းသူတွေဆိုတာက မောင်ဗမာ စက်ဘီးပေါ်မှာ အော်လံကြီးချိတ်၊ ပြီးမှ သစ်သားတန်းတွေရိုက်၊ ကြိုးတန်းတွေ ဆွဲပြီး အဲဒီစက်ဘီးနဲ့ အရပ်တကာလှည့်လို့ ကြားရသူအပေါင်း နားကွဲစေလောက်တဲ့ မိုက်ခရိုဖုန်းသံ တဂွီဂွီနဲ့ ရောင်းကြတာကိုး၊ အခုတော့ ဒီမှာ သူ့အနီးဝန်းကျင်က အလွန်ဆုံး လူ ၂၀ လောက်ပဲ ကြားရလောက်တဲ့ မိုက်ခရိုဖုန်းသံ ကြည်ကြည်လင်လင်နဲ့ ၂၁ ရာစုရဲ့ Hi-tech ဈေးသည်လေးက ပေါ့ပေါ့ပါးပါး…၊


မြန်မာပြည်ကို မလာခင်တုန်းက မိုးလေဝသအခြေအနေနဲ့ ပတ်သက်ပြီးတော့ စဉ်းစားမိတယ်၊ အောက်တိုဘာဆိုတာ မိုးကုန်ပြီဆိုပေမယ့် ခရီးစဉ်အတွင်းမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ မိုးမိချင် မိနိုင်တယ်-လို့၊ တကယ်တမ်း ရောက်လာတော့ မိုးအုံ့တဲ့ရက်တွေနဲ့ ကြုံရပေမယ့် မိုးရွာတာမျိုးတော့ မရှိခဲ့ပါဘူး၊ အနည်းဆုံးတော့ ရန်ကုန်ဟာ ခြောက်သွေ့၊ နွေးထွေးမှုတွေနဲ့ ကြိုဆိုခဲ့တယ်လို့ ဆိုရမှာပေါ့၊ ဒါပေမယ့် ကလောရောက်တဲ့ အခါမှာတော့ စွတ်စိုအေးမြမှုတွေနဲ့ တည့်တည့်ကြီးကို တိုးရတော့တယ်…၊ ကလောဈေးရှေ့မှာ ပက်ပင်းတိုးတာဖြစ်လို့ “မေမြို့မိုး” မဟုတ်ပေမယ့် အစိုးမရတာချင်းမှာတော့ သူလည်း အတူတူပါပဲ၊ ရွာနေလိုက်တာ တအုန်းအုန်း၊ တခြိမ့်ခြိမ့်နဲ့ တော်တော်နဲ့ကို မစဲနိုင်ခဲ့ဘူး…၊


ရာသီဥတု သာယာတဲ့နေ့မှာတော့ သားက ဖောင်တော်ဦးဘုရား ဈေးဆိုင်က ဝယ်လာတဲ့ လေးခွကို စမ်းဖို့ လက်တပြင်ပြင်နဲ့…၊


အမှန်တော့ လေးခွကို စမ်းချင်နေတာ သားတစ်ယောက်ထဲတော့ မဟုတ်ပါဘူး…၊း) တော်သေးတယ်၊ ဆိုင်ကယ်စီးရင် ခမောက်ဆောင်းဖို့ လိုတယ်ဆိုတာ အဲဒီနေ့က လက်တွေ့ ပညာပေးတာမျိုး ဖြစ်မသွားလို့…၊း))


သီတင်းကျွတ်လပြည့် ညမှာတော့ သိမ်တောင်ပေါ်ကို သွားဖြစ်တယ်၊ မြို့ကြီးတွေမှာလို မစည်ကားပေမယ့် ကလောမြို့ရဲ့ သီတင်းကျွတ်ညကလည်း တပိုင်တနိုင် ဆီမီးတိုင်လေးတွေနဲ့…၊ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေရဲ့ ခြေထောက်ကြားထဲကို ဗျောက်အိုး ပစ်ထည့်ပြီး အချင်းချင်း သဘောတကျနဲ့ ရယ်နေကြတဲ့ လူငယ်အုပ်စုလေးတွေလည်း တွေ့ရတယ်၊ ဆယ်ကျော်သက်တို့ သဘာဝ မိန်းကလေးတွေကို စ,နောက်ကြတာ မဆန်းပေမယ့် တဖက်သားရဲ့ ထိတ်လန့်၊ စိုးရွံ့မှုကို ဟားစရာအနေနဲ့ ရယ်မောပစ်တာကတော့ မစာနာရာကျတဲ့ လုပ်ရပ်လို့ပဲ ကျနော်မြင်ပါတယ်၊


သူငယ်ချင်း မိသားစုက ဖိတ်ကျွေးတဲ့ ညစာပါ၊ သူတို့က စားသောက်ဆိုင်တွေမှာ မကြာခဏ စားရလေ့ရှိတဲ့ အသားဟင်းတွေ မပါစေဘဲ ငါးဟင်း၊ ငါးကြော်၊ ကန်စွန်းရွက်ကြော်၊ ကြက်ဟင်းခါးသီးကြော်၊ အညာငရုတ်သီးထောင်း စတာတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားတာမို့ အမှတ်တရဖြစ်ခဲ့တဲ့ ညစာတစ်နပ်ပါပဲ၊


ဒီတစ်ခေါက် ရန်ကုန်မှာ ဟံသာဝတီအဝိုင်းကို ဖြတ်တိုင်း ယာဉ်ထိန်းရဲ ၂ ယောက်က အချိန်ပြည့် ရှင်ပေးနေရတာ သတိပြုမိတယ်၊ ပုံမှန်ဆို အားလုံးသိကြတဲ့အတိုင်း အဝိုင်းပတ်ယာဉ်က ဦးစားပေးပါ၊ ဒါပေမယ့် ဟံသာဝတီအဝိုင်းလို ကားများလှတဲ့ နေရာမှာတော့ ယာဉ်ကြောတစ်ခုထဲက ဦးစားပေးဖြစ်နေရင် ကျန်တဲ့ဖက်တွေမှာ လမ်းပိတ်ကုန်တာမို့ အခုလို ရှင်းပေးနေရတာပါပဲ၊ အပေါ်ပုံထဲက ဦးထောင်ဘိုအဝိုင်းမှာတော့ အဲဒီလို ယာဉ်ထိန်းရဲ မတွေ့မိဘဲ လျင်သူမောင်းစတမ်း စနစ်နဲ့ သွားနေကြလို့ အမြဲလိုလို ကားပိတ်နေတာ တွေ့ရတယ်၊ တက်စီသမားတွေက တောင်ဥက္ကလာ၊ သာကေတ၊ သင်္ကန်းကျွန်း စတဲ့မြို့နယ်တွေဖက်က လှည့်ပတ်မောင်းကြရလို့ လမ်းအသစ်တွေ အများကြီးတော့ သိခဲ့ရတယ်…၊း)


ပြန်ကာနီး တစ်ရက်မှာတော့ ဘုရားတက်ဖြစ်ပါတယ်၊ နေဝင်ပြီးစ အချိန်ဖြစ်လို့ ဘုရားပေါ်မှာ ပြည်တွင်းဘုရားဖူးကော၊ ပြည်ပတိုးရစ်တွေပါ တဖြည်းဖြည်းနဲ့ ရှင်းသွားခဲ့တယ်၊ ဘယ်အချိန်ပဲ ရောက်ရောက် မပြောင်းလဲဘဲ အေးချမ်းမြဲ၊ အေးချမ်းနေတဲ့ နေရာတွေထဲမှာ ဘုရားရိပ်၊ တရားရိပ်က ထိပ်ဆုံးကပါ၊ အဲ… နိုင်ငံခြားသားတွေအတွက် ဘုရားဝင်ကြေးကတော့ ၅ ဒေါ်လာကနေ ၈ ဒေါ်လာ ဖြစ်သွားခဲ့ပြီ၊ အရင် ၅ ဒေါ်လာ ဝင်ကြေး အစပိုင်းခေတ်တုန်းက ၅ ဒေါ်လာပေးပြီးရင် တစ်နေ့ကို ဘယ်နှစ်ကြိမ်တက်တက်၊ တက်ခွင့်ရှိတယ်၊ ဆိုတော့ တချို့နိုင်ငံခြားသားတွေက မနက်ဖက် အရုဏ်တက်မှာ ဘုရားလာဖူးပြီး ညနေပိုင်းမှာ sunset အတွက် နောက်တစ်ခေါက် ထပ်လာတတ်ကြတယ်၊ အထူးသဖြင့် FIT လို့ခေါ်တဲ့ ကျောပိုးအိတ်ခရီးသွားတွေပါ၊ နောက်ပိုင်း အဲဒီလိုတွေ များလာတော့ ၅ ဒေါ်လာဟာ တစ်ကြိမ်သာဝင်ခ ဆိုပြီး သတ်မှတ်လိုက်တယ်၊ အခု ဝင်ကြေးသစ်ဖြစ်တဲ့ ၈ ဒေါ်လာကိုတော့ ဟိုးအရင်အတိုင်း တစ်နေ့ကို ဘယ်နှစ်ခေါက်တက်တက် တက်ခွင့်ရှိပါတယ်လို့ ဆိုတယ်၊ ဝင်ကြေးပေးတဲ့အခါ အင်္ကျီမှာကပ်ရတဲ့ စတစ်ကာတစ်ခုရယ်၊ အထင်ကရ နေရာတွေကို ညွှန်ပြထားတဲ့ ဒီဇိုင်းသစ်နဲ့ ဘုရားမြေပုံတစ်ခုရယ် ပေးပါတယ်…၊


အရင်တစ်ခေါက်က လိုပဲ၊ ဒီတစ်ခေါက်မှာလည်း သားက ဘုရားမှာ မီးပူဇော်ဖို့ စိတ်အားထက်သန် နေခဲ့တယ်၊


ရွှေတိဂုံစေတီ ပတ်ပတ်လည်က စေတီရံတွေကို အနီးကပ်လေ့လာကြည့်ရင် စိတ်ဝင်စားစရာ ကောင်းတဲ့ စေတီတွေ အများကြီးရှိတာ တွေ့ရမှာပါ၊ စေတီရဲ့ အလှူရှင်နဲ့ တည်ထားခဲ့တဲ့ ခုနှစ်သက္ကရာဇ်တွေကို လေ့လာကြည့်ရတာ ရှေးဟောင်းအနုပညာတန်ဖိုး၊ သမိုင်းတန်ဖိုးကို နားလည်စေပါတယ်၊ အဲဒီထဲက တစ်ဆူကတော့ အပေါ်ကပုံမှာပါတဲ့ စေတီပါ၊ စေတီပေါ်မှာ ရေးထိုးထားတဲ့ အလှူ့ဒါယကာ နာမည်ကိုတွေ့ရင် ဘာ့ကြောင့်စိတ်ဝင်စားဖို့ ကောင်းသလဲဆိုတာ သဘောပေါက်မှာပါ၊ ဒါ့အပြင် အောက်ခံကျောက်ပြားဖြူ ၃ ချပ်ပေါ်မှာ သားသမီးမြေးမြစ်တွေရဲ့ နာမည်တွေနဲ့ ဆက်ပြီး ပြုပြင်မွမ်းမံတဲ့ ခုနှစ်တွေကိုလည်း ရေးထိုးထားတယ်၊ ဒီစေတီရံလေး တစ်ဆူရဲ့ ရှေ့မှာတင်ပဲ သမိုင်းအဖြစ်အပျက်တွေ၊ သံဝေဂရစရာတွေ၊ လူတစ်ဦးရဲ့ လုပ်ဆောင်ချက်နဲ့ သူ့မိသားစုဝင်တွေအပေါ် သက်ရောက်မှု… စသဖြင့် တွေးတောစရာတွေ အများကြီး ရှိပါတယ်၊ ၁၉၅၁ မှာ တည်ထားခဲ့တယ်ဆိုတော့ ကြိုးပေးခံရအပြီး ၃ နှစ် အကြာမှာလို့ မှတ်ယူရပါတယ်…၊


အရင်တစ်ခေါက်ကော အခုတစ်ခေါက်ပါ မြို့ပြင်မှာ တည်းတာဆိုတော့ ဟိုပစ္စည်း၊ ဒီပစ္စည်းလေး ဝယ်ချင်တဲ့အခါ ၉ မိုင်က North Point ကိုပဲ မကြာခဏ သွားဖြစ်တယ်၊ Ocean မှာက လိုချင်တာအားလုံး ရတတ်သလို လူလည်းအရမ်းမများလို့ သဘောကျ ပါတယ်…၊


North Point က “ပန်းစွယ်တော်”မှာ ထမင်းသုပ်စားရင်း ̔လက်ဖက်ရည် ရလား̕ မေးတော့ မရပေမယ့် တစ်ဖက်ဆိုင်က မှာပေးပါတယ်၊ ပိုက်ဆံရှင်းမယ်ဆိုတော့ ဆိုင်နာမည်၊ ဖုန်းနံပါတ်၊ စားပွဲထိုးနာမည်၊ မှာယူတဲ့ အစားအစာ စတာတွေပါတဲ့ စာရွက်လေးတစ်ရွက် အခုလို လာပေးတယ်၊ စာရွက်ပေါ်က လက်ဖက်ရည်တစ်ခွက် ဈေးနှုန်းကို ကြည့်ပြီး ကျနော် လက်ဖက်ရည်ကို ပထမဦးဆုံး သောက်ဖူးတဲ့အချိန်နဲ့ သူ့ရဲ့ဈေးနှုန်းကို ဖြတ်ကနဲ အမှတ်ရလိုက်မိတယ်၊ လူကြီးတွေ သောက်,သောက်နေတဲ့ လက်ဖက်ရည်ဆိုတာကို ၄ တန်းနှစ်မှာ ပထမဦးဆုံးအကြိမ် သောက်ဖူးပြီးတော့ အဲဒီတုန်းက တစ်ခွက်ကို တစ်မတ် (၂၅ ပြား) ပေးရပါတယ်၊ ကျနော်သာ အဲဒီအချိန်တုန်းက အဖေ့ကို “အဖေ.. သားတို့အခုသောက်နေတဲ့ တစ်မတ်တန် လက်ဖက်ရည်တစ်ခွက်ဟာ နောင်နှစ်ပေါင်း ၂၈ နှစ်ကြာတဲ့အခါ ၃၅၀ ကျပ်ဖြစ်သွားလိမ့်မယ်”လို့ ပြောခဲ့မယ်ဆိုရင် အဖေက “သားရယ်.. စာတွေကျက်တာလည်း ကျက်ပေါ့၊ ဒါပေမယ့် နားနားနေနေနဲ့ ဦးနှောက်ကိုလည်း အနားပေးဦး၊ စိတ်ဖိစီးမှု မများစေနဲ့၊ အခု ခေါင်းတွေဘာတွေ မူးနေလား? နေရတာ ဘယ်လိုနေလဲ?” ဆိုပြီး ကျနော့်ကို စိုးရိမ်တကြီးနဲ့ ပြန်မေးလိမ့်မယ် ထင်ပါရဲ့…၊း)


ဘာပဲဖြစ်ဖြစ်ပါ၊ လက်ဖက်ရည်တွေ ဈေးတက်သွားသည့်တိုင်၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာသည့်တိုင်၊ ကားတွေကြပ်သထက် ကြပ်လာသည့်တိုင်၊ အဆင့်အတန်း မှီ၊ မမှီဆိုတာထက် ငွေများများရဖို့ပဲ ရည်ရွယ်ပြီး ဆောက်ထားတဲ့ တိုက်ခန်းတွေ များနေသည့်တိုင်၊ လူနင်းလျှောက်ဖို့က လွဲရင် ကျန်တာအကုန်ဖြစ်နေတဲ့ လမ်းဘေးပလက်ဖောင်းတွေ နေရာအနှံ့ ဖြစ်နေသည့်တိုင်၊ လမ်းဘေးအစားအစာ တွေနဲ့ မနက်စာညစာ 2-in-1 စားဖြစ်နေသည့်တိုင်၊ အလယ်အလတ်တန်းစား အလွှာဆိုတာ မျိုးတုန်းကာနီး မျိုးစိတ်တစ်ခုလို သတ်မှတ်ရတော့မတတ် ဖြစ်လာသည့်တိုင်…၊ တီဗီအင်တာနာတိုင်တွေ၊ ဂြိုဟ်တုစလောင်းတွေနဲ့ ငါးရိုးနင်၊ ကွန်ချက်မိ ဖြစ်နေတဲ့ ဟောဒီရန်ကုန်မြို့ကြီးကို ချစ်မြတ်နိုးနေဆဲ ပါပဲ…၊ နေညိုအမှောင်ရောက်တဲ့ ညတွေရဲ့ တစ်ဖက်က ရွှေအိုရောင်တောက်မယ့် နေ့တွေဟာ ချစ်သောရန်ကုန်အတွက် တချိန်ချိန်မှာ ရှိကိုရှိလာရဦး မှာပါ…၊


တကယ်တမ်းပြောရရင် ဒီတစ်ခေါက်ခရီးစဉ်က ၂ ပတ်ပဲ ကြာတဲ့အပြင် ကျနော်တို့ကလည်း ဟိုနားဒီနား သွားချင်ခဲ့သေးတာဆိုတော့ အတော့်ကို ကသောကမျော၊ ကတိုက်ကရိုက်၊ ကသုတ်ကရက်၊ ကသီလင်တ၊ ဖုတ်ပူမီးတိုက်၊ အလောသုံးဆယ် နိုင်ခဲ့တယ်လို့ ဆိုရမှာပါ၊ ဒီလိုဖြစ်နိုင်တယ်လို့လည်း အစောကြီးကတည်းက ကြိုတွေးထားခဲ့ပေမယ့် အချိန်က ဒီလောက်ပဲ ရတာရယ်၊ အတွေ့အကြုံ ရအောင်ရယ် ဆိုပြီး စီစဉ်ဖြစ်သွားခဲ့တယ်၊ ၂ ပတ်ဆိုတာ တကယ့်ကို ခဏလေးနဲ့ ကုန်သွားခဲ့တယ်၊ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ဆရာကျော်သောင်းနဲ့ ဆရာမောင်မောင်သိုက်တို့ရဲ့ ပန်းချီကားကြီးကို နှုတ်ဆက်ရမယ့်အချိန်ဟာ ရောက်လာခဲ့တယ်၊ ရွှေတိဂုံစေတီတော်ကြီး နောက်ခံမှာ ကရဝိက်ဖောင်တော်နဲ့အတူ နှစ်ပါးသွား မင်းသား၊ မင်းသမီး၊ မောင်ရင်လောင်းတွေ၊ မိဘပြည်သူတွေက အိုးစည်၊ ဆိုင်းဝိုင်းတွေနဲ့ မြူးပျော်ပြီး ကျန်ခဲ့လိမ့်မှာပေါ့၊ ဒီလို ပျော်ရွှင်မှုတွေဟာ လေဆိပ်ထဲက နံရံထက်တင် မကဘဲ လမ်းတွေပေါ်ကိုပါ မကြာခင်မှာ တကယ်ပဲ စီးဆင်းရောက်လာနိုင်စေဖို့ ကျနော် မျှော်လင့်ပါတယ်၊ ပန်းချီကားထဲက ကောင်းကင်မှာတော့ တိမ်ဖြူ၊ တိမ်ဆုပ်တို့က ဖွေးဖွေးအုပ်အုပ်နဲ့ ခရီးနှင်လို့…။ ။

(ဟောဒီ နောက်ဆုံးပိုင်းအထိ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးခဲ့ကြတဲ့ ညီအစ်ကို၊ မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ…)


ညီလင်းသစ်
၁၆ ဒီဇင်ဘာ၊ ၂၀၁၃

23 comments:

Anonymous said...

ကြည့်နေတုန်း ဗြုန်းဆိုပြီးတက်လာတယ်

ညီ

Anonymous said...

လေးဂွပစ်ပုံပစ်နည်း လွဲနေတယ် လက်မက အပေါ်ကနေရမှာ ကိုညီလင်းက သေချာသင်မပေးတာ..
မနေနိုင်လို့ နောက်တခေါက်လာပြောမိ.:P

ညီ

AMK said...

nice posts bro

Anonymous said...

အိမ်ပြန်ခါနီးဆိုတော့ အိမ်ကိုပိုလွမ်းသွားတာပဲ ဆက်ဖတ်ချင်သေးတယ် ကိုညီလင်းသစ်ရေ .. သားသားနဲ့ မအိမ်သူ လေးဂွပစ်နေပုံက ချစ်စရာ :))))

Anonymous said...

လက်ဖက်ရည်တစ်ခွက် တစ်မတ်ကို သဘောကျသွားပါ၏
AA

Anonymous said...

ဟင်..ပြီးပြီလား။
ဆက်ေ၇းပါအုန်း။
ပုံတွေကျန်အုန်းမှာပါ။ တင်ပါအုန်း။
ကြည့်လို့ ဖတ်လို့ တောင်မ၀သေးဘူး။း)
အိုင်အိုရာ

မိုးငွေ့........ said...

ခရီးစဉ်နှစ်ပတ်တိတိအထိ ကသောကမျောနဲ့ အဆင်ပြေစွာအချိန်ကုန်သွားတဲ့အတွက် ထိုက်တန်ပျော်ရွှင်သောခရီးစဉ်တစ်ခုအဖြစ်အဆုံးသတ်ဖြစ်ခဲ့တာ ကြည်နူးစရာပါ အစ်ကို မောလည်းမောတာပေါ့ ဒါပေမယ့်မမောဘူးပေါ့...။

Anonymous said...

ချည်တိုင်လေးကနေ ပြန်သွားတော့မယ့် နောက်ဆုံးပိုစ့်မို့လားမသိ၊ ဖတ်ပြီး လွမ်းသွားတာပဲ။ သားအမိနှစ်ယောက် လေးခွပစ်နေတဲ့ပုံကို သဘောအကျဆုံးပဲ။
ငြိမ်း

Anonymous said...

Oops! 90% of the last picture resembles the pic I posted a year ago. :P

စူးနွယ်လေး said...

ခရီးစဉ်က ကပျာကကသီ တက်သုတ်ရိုက် ပါလား.. အတော့်ကို မျက်ကလဲဆန်ပျာ ဖြစ်ခဲ့မှာပဲ.. :P ဟိ.. မေ့လုလု ဖြစ်နေတဲ့ စကားလုံးလေးတွေ လျှောက်သုံးကြည့်တာပါ... ဘယ်လိုပဲဖြစ်ဖြစ် ကိုညီလင်း များများသွားခဲ့တော့ ကျမတို့တွေ များများ ဖတ်ရတာပေါ့

စံပယ်ချို said...

မျော်နေတုန်းသူရောက်လာတယ်ဆိုသလိုပါပဲ
ဂျက်တို့တောင်ကြီးတို့ညောင်ရွှေတို့လဲ ခုချိန်ထိအောင်၅ ရက်ဈေးပဲလေ လွမ်းလိုလဲကောင်း အစားအစာတွေကြည့်ပြီး သရေတွေလဲကျ ပုံတွေကြ့်ပြီး ပြန်လဲပြန်ချငိမိတယ်
တနေနေ့ပေါ့လေ..................

ချစ်ကြည်အေး said...

ကိုညီလင်းသစ်ရေ....ပုံတွေကတော့ အမြဲကောင်းနေတာမို့ မပြောတော့ပါဘူး။ မအိမ်သူလေးဂွပစ်နေတဲ့ ဘယ်လက်ကိုင်ပုံလေးက ချစ်စရာလေးနော်.....ဟဟဟ။ သတိရတယ်ဗျိုးးးးး။ တွေ့ခွင့်ရခဲ့တာ ခဏလေးပေမဲ့ ခင်စရာကောင်းတယ်။ ဟက်ဟက်ပက်ပက် စကားလက်ဆုံအတွက် အမှတ်ထင်ထင်ဖြစ်စေခဲ့ကြောင်း မအိမ်သူကို ပြောပြလိုက်ပါနော်း)

သိ င်္ဂါ ရ said...

အရာရာ ဟာ အရာရာ က နေ တဖြေးဖြေးတရွေ့ရွေ့

ဝေးကွာ ...

နေ့တွေက အရင်လို အရင်အတိုင်း မပြောင်းလဲစွာ ... :)

မီးမီးငယ် said...

က​လော​ဈေးထဲမှာဘာစားခဲ့လဲ
ဘကြီး​တော်​သူတ​ယောက်​ (^_^)
အမျိုး​တွေလည်းများတာ.ဟီး
ဈေးပတ်​လိုက်​တယ်​...
ဒီလို ​ဈေး​နေ့မျိုး​တွေရှိတဲ့​နေရာကိုသွားတယ်
အောင်​ပန်း က​လော မိုင်း​သောက်​ ​ညောင်​​ရွှေ ​ရွှေ​ညောင်
အဲဒီ​မြိုံရဲ့​ဈေး​​နေ့ကိုအမြဲ​ရောက်​တယ်
လွန်​ခဲ့​သော ၃၀ နှစ်​​ကျော်​က​ပေါ့...
တကယ်​လွမ်းစရာ​ပေးတဲ့ဘ​လော့​လေးပါဘဲ...
ကျေးဇူးပါပဲ လူခဲ....☺

ညီလင်းသစ် said...

ညီ…
အဲဒါ မော်ဒန်လေးခွပစ်နည်းဗျ..၊ အသစ်လေ.. အသစ်..၊း)

AMK…
Thanks a lot…!

အမည်ဝှက်စာဖတ်သူ…
အိမ်ပြန်ရတော့မယ်ဆိုတော့ နောက်ဆို လွမ်းစရာ မလိုတော့ဘူးပေါ့..၊း)

AA…
တကယ်ကို ရှိခဲ့ဖူးတဲ့ အဖြစ်တွေပေါ့ဗျာ…၊း)

မအိုင်အိုရာ…
ပြီးပြီဗျ…၊း) ပုံတွေကတော့ ကျန်သေးတယ်ဆိုပေမယ့် ခရီးစဉ် တစ်ခုလုံး ခြုံမိတဲ့ပုံတွေ တင်ထားတာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် အစအဆုံး လိုက်ပါအားပေးတာ တကယ့်ကို ကျေးဇူးပါဗျာ..၊

ညီမမိုး…
ဟုတ်တယ်ဗျာ၊ မောလည်းမောသလို မမောလည်း မမောပါဘူးလေ၊ ဒါနဲ့ ̔ကသောကမျော̔ ရဲ့ စာလုံးပေါင်းအမှန်ကို ရေးပြခဲ့လို့ ကျေးဇူးနော် ညီမ…၊း)

ငြိမ်း…
အရာရာမှာ အဆုံးသတ်ဆိုတာ ရှိတယ်မဟုတ်လားဗျာ..၊း) အားပေးခဲ့တဲ့ ကွန်မန့်တွေအတွက် ကျေးဇူးပါနော်..၊

Anonymous…
Really…? Where can I see that pic? :)

မစူးနွယ်…
မစူးနွယ် ဖြည့်ပေးလိုက်တော့ ပိုတောင် ပြည့်စုံသွားပြီ၊း) အခုတလော ကွန်မန့်တွေ ရေးခဲ့လို့လည်း ကျေးဇူး…၊

မစံပယ်…
ရှမ်းပြည်မှာက လွမ်းမယ်ဆိုရင် လွမ်းစရာတွေချည်း ပါပဲလေ၊ အဲဒီ တစ်နေ့နေ့ အမြန်ဆုံး ရောက်ပါစေဗျာ…၊

အစ်မချစ်…
ဆုံခဲ့ရချိန်က တိုတောင်းပေမယ့် တကယ့်ကို အမှတ်ထင်ထင်ပါပဲဗျာ..၊ အစ်မတို့ကိုလည်း သတိရနေပါတယ်၊

သိ င်္ဂါ ရ…
တကယ့်ကို အဲဒီအတိုင်း ပါပဲလေ…၊း)

မမီးမီးငယ်…
ကလောဈေးထဲမှာ ဟင်းထုပ်စားရတာ ကြိုက်တယ်၊ ၅ ရက် ဈေးတွေထဲမှာတော့ ကျနော်က ကလောဈေး၊ အောင်ပန်းဈေး၊ နန့်ပန်ဈေးနဲ့ တောင်တိုဈေး တွေကို သဘောကျတယ်ဗျ၊ စာလာဖတ်လို့လည်း ကျေးဇူးတင်ပါတယ်နော်…။

Vista said...

thank you for all the posts and awesome pics .. !!

ဇွန်မိုးစက် said...

စာကြွေးတွေ လာရှင်းသွားတယ် အစ်ကို။း)

Ma Tint said...

တိုတောင်းတဲ့ ခရီးစဉ်လေးဖြစ်ပေမယ့် ရောက်လေရာ အရပ်ဒေသတိုင်းလိုလို စိတ်ဝင်စားအောင် ပုံတွေနဲ့အတူ ဖေါ်ညွှန်းထားတာ မှတ်လောက်စရာပါ။ မိနစ်ပိုင်းလေးသာဆုံခွင့်ရခဲ့ပေမယ့် ချစ်စရာကောင်းတဲ့ မိသားစုလေးမို့ အမှတ်တရလေးပါ မောင်ညီလင်းရေ။

မေတ္တာဖြင့်
တီတင့်

ပစ်ပစ် said...

အကိုရေ
စာလာဖတ်သွားတယ်..
ကလောမြို့ရဲ့ အေးချမ်းမှု့လေးနဲ့
နောက်ဆုံး ပြန်ခါနီးရန်ကုန်ကိုနှုတ်ဆက်
လိုက်ရတဲ့ အနေအထားလေးအထိပါ
အသေချာ လိုက်ခံစားသွားတယ် အကိုရေ
တချိန်မှာတော့ ညီမ ငယ်ငယ်ကထဲက
စိတ်ကူးထားတဲ့အတိုင်း
အေးချမ်းမှု့ နေရာဒေသလေးမှာ
ထာဝရ နေထိုင်ခွင့်ရပါလို၏ လို့လည်း
ပိုဆုတောင်းမိတယ်...
လှုပ်စစ်မီးရောင် ထိန်ထိန်လင်းပြီး
ကွန်ပြုတာ တချက်ချက် သုံးနိုင်တဲ့
နေရာကနေ
လရောင်အောက်က
ိတိတ်ဆိတ်မှု့လေးကို ပြန်တမ်းတ
ခံစားမိတယ်..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ပို့စ်နဲ့ပုံရိပ်တွေကို ဖတ်ကြည့်ရင်း လိုက်ပါလွှင့်မျောသွားမိတယ်

rose of sharon said...

၅ရက်ကပ်လွဲသွားတယ်ကွယ်... North pointကိုသာ၂၄ရက်မတိုင်ခင်စောလာဖြစ်ခဲ့ရင် မိသားစုလိုက်ဆုံဖြစ်ကြမှာ :(

Sint Si said...

Nice!!!!!!!

မြသွေးနီ said...

ခရီးသွားပို့စ်က အဆုံးသတ်သွားတော့ ကိုညီလည်း အနားရပြီပေါ့။ ခရီးသွားရင်း၊ အပမ်းဖြေရင်း၊ မိတ်ဆွေများနဲ့ဆုံရင်း၊ ဓာတ်ပုံများရိုက်ရင်း ဗဟုသုတတွေ မျှဝေပေးတဲ့ ကိုညီရဲ့ခရီးသွားပို့စ်လေးကို အစမှအဆုံး တစ်ခေါက်ပြန်ဖတ်သွားမိတယ်။ ကိုညီတို့ မိသားစုအေးချမ်းပျော်ရွှင်စွာ ခရီးတွေ မကြာမကြာ ထွက်နိုင်ကြပါစေ..။