13 February 2014

ဒီမိုကရေစီကျင့်စဉ်နှင့် အချုပ်အခြာအာဏာ


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆွစ်ဇာလန်မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒမဲပေးပွဲမှာ အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့တဲ့ ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်၊ Against the mass immigration ဆိုတဲ့ လူစုလူဝေးနဲ့ ပြောင်းရွှေ့ အခြေချတာကို ဆန့်ကျင်တဲ့ ရလဒ်ပါ၊ ဆွစ်ဇာလန်နိုင်ငံထဲကို အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံခြားသားပေါင်းစုံ ဝင်ထွက်အခြေချလာမှုဟာ များသထက် များလာတဲ့ အတွက် အဲဒီလို လူတွေအများကြီး ဝင်လာနေမှုအား ကန့်ကွက်ခြင်းကို လက်ခံပါသလား ဆိုတဲ့ မေးခွန်းကို မဲဆန္ဒခံယူပွဲမှာ မဲခွဲပြီး ဖြေကြရတာ ဖြစ်ပါတယ်၊ မဲပေးခွင့်ရှိတဲ့ ဆွစ်လူမျိုးတွေရဲ့ ၅၀.၃ ရာခိုင်နှုန်းက Yes လက်ခံပါတယ်လို့ မဲပေးခဲ့ကြတဲ့အတွက် လက်ရှိပြဌာန်းထားတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြန်ပြီး ပြင်ဆင်ရတော့မှာပါ၊ အဲဒီလို လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြင်မယ်ဆိုရင် အရင်ဦးဆုံး ထိပ်တိုက်တွေ့မှာက ဆွစ်ဇာလန်နိုင်ငံနဲ့ ဥရောပသမဂ္ဂ အီးယူနိုင်ငံတွေ အကြားမှာ သဘောတူထားခဲ့တဲ့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ဟာ ထိခိုက်တော့မှာ ဖြစ်ပါတယ်၊ အဲဒါကြောင့် လောလောဆယ် ဘရပ်ဆဲလ်မှာ ကျင်းပနေတဲ့ အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအပါအဝင် ဥရောပနိုင်ငံအတော်များများမှာ ဒီအကြောင်းကို သုံးသပ်ဆွေးနွေးရင်း အခြေအနေတွေဟာ လှုပ်ခတ်နေတာ ဖြစ်ပါတယ်၊ လက်ရှိ မြန်မာနိုင်ငံမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်မို့ အခြေခံဥပဒေကို တချိန်လုံး ပြင်ဆင်ဖြည့်စွက်နေတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ အတွေ့အကြုံနဲ့ ဖြစ်စဉ်ကို တစေ့တစောင်း အကဲခတ်ကြည့်ရ အောင်ပါ..၊

ပထမဦးဆုံး ဆွစ်ဇာလန်နိုင်ငံရဲ့ မဲပေးပုံစနစ်အကြောင်းကို နည်းနည်းလောက် ပြောချင်ပါတယ်၊ အရွယ်ရောက်ပြီး မဲပေးခွင့်ရှိတဲ့ ဆွစ်နိုင်ငံသားတိုင်းဟာ initiative နဲ့ referendum ဆိုတဲ့ လူထုဆန္ဒခံယူပွဲဆိုင်ရာ စကားလုံး ၂ လုံးနဲ့ မရင်းနှီးချင်ဘဲ နေလို့မရပါဘူး၊ အကြောင်းက နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီ ဆိုပြီးတစ်နှစ်မှာ ၄ ကြိမ် မဲပေးကြရလို့ ပါပဲ၊ မဲပေးကြတဲ့ ကိစ္စတွေက ရပ်ကွက်ကျေးရွာအဆင့်၊ ပြည်နယ်အဆင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုအဆင့် ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်၊ ဆွစ်ဇာလန်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ ပေါင်းစုပြီး ဖယ်ဒရယ်ဖွဲ့စည်းပုံနဲ့ ရပ်တည်တဲ့ နိုင်ငံဖြစ်တဲ့အလျောက် commune လို့ခေါ်တဲ့ ရပ်ကွက်တိုင်းဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့အတူ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေကို မဲခွဲဆုံးဖြတ်ခိုင်းရတဲ့ ကိစ္စရပ်တွေ ရှိတတ်ပါတယ်၊ ဥပမာ- ရပ်ကွက်ထဲမှာ အမှိုက်ခွန်တွေ ပြောင်းလဲကောက်ခံတာ၊ ရပ်ကွက်က မူလတန်း၊ အလယ်တန်း ကျောင်းကို အသစ်ပြန်ဆောက်တာ၊ လူအိုရုံအသစ် ဆောက်တာ၊ ပန်းခြံဆောက်တာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်တာ စတဲ့ ကိစ္စရပ်မျိုးတွေမှာ ရပ်ကွက်အသီးသီးက ကိုယ့်စံနှုန်းနဲ့ကိုယ် မဲပေးပွဲတွေ ကျင်းပကြတယ်၊

ထို့အတူပဲ ပြည်နယ်အဆင့်ကလည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆုံးအဖြတ်တွေမှာ ပြည်နယ်မှာ နေကြတဲ့သူတွေကို မဲပေးပြီး ဆုံးဖြတ်ခိုင်းတယ်၊ ဥပမာ- ပြည်နယ်ဆေးရုံသစ်ကြီး ဆောက်တာ၊ ဓာတ်ဆီ ဆိုင်တွေနဲ့ တွဲဖွင့်တဲ့ ကုန်စုံဆိုင်တွေမှာ အရက်၊ ဘီယာ ရောင်းချခွင့် ပြုသင့်၊ မပြုသင့် စတာမျိုးတွေ ဖြစ်ပါတယ်၊ တတိယနဲ့ အမြင့်ဆုံးအဆင့် ဖြစ်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုအဆင့် မဲပေးပွဲတွေကတော့ အခြေခံဥပဒေကို ပြင်တဲ့ ဆန္ဒခံယူပွဲတွေ ဖြစ်နေလေ့ ရှိပါတယ်၊ အထက်မှာ ပြောခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စဟာ အခြေခံဥပဒေပါ ပုဒ်မတွေကို ပြဌာန်းဖို့ ဖြစ်ပါတယ်၊ နိုင်ငံမှာ ရေးဆွဲပြဌာန်းထားတဲ့ အခြေခံဥပဒေပါ စည်းမျဉ်း၊ ဥပဒေတစ်ခုခုဟာ ခေတ်ကာလ၊ အခြေအနေနဲ့ မလျော်ညီတော့ဘူး၊ ဒါမှမဟုတ် မူလသတ်မှတ်ချက်အတိုင်း လိုက်နာဖို့ မဖြစ်နိုင်တော့ဘူးဆိုရင် ပါတီတစ်ခုခုက ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုခုက ဖြစ်စေ ဦးဆောင်ပြီး အဲဒီဥပဒေကို ဖျက်သိမ်းဖို့၊ ပြင်ဆင်ဖို့ လက်မှတ်ကောက်ခံမယ်၊ သတ်မှတ်ထားတဲ့ လက်မှတ်အရေအတွက် ရတဲ့အခါ လွှတ်တော်ကို တင်လိုက်ပြီးတော့ ဖက်ဒရယ်အဆင့် referendum voting ဆိုပြီး တိုင်းသူပြည်သားတွေက မဲခွဲဆုံးဖြတ် ကြပါတယ်၊ အများစုက ပြင်ဖို့ ဒါမှမဟုတ် အစားထိုးဖို့ မဲပေးတယ်ဆိုရင် ဥပဒေကို ပြင်ဖို့ အတည်ဖြစ်ပါတယ်၊ initiative ကျတော့ အခြေခံဥပဒေမှာ နဂိုမူလက မပါတဲ့ ဥပဒေအသစ်တစ်ခုကို ထပ်တိုးချင်တဲ့အခါ လူထုလက်မှတ် ကောက်ခံပြီး ခုနကလိုပဲ လွှတ်တော်ကနေတဆင့် တတိုင်းပြည်လုံး မဲခွဲရတာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆွစ်လူမျိုးတွေ မဲခွဲပြီး လက်ခံခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေက direct initiative အမျိုးအစား ဖြစ်ပါတယ်၊

မဲပေးစရာ ကိစ္စတွေက ရပ်ကွက်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စတဲ့အဆင့်တိုင်းမှာ အမြဲတမ်းရှိနေတတ်တာ မျိုးတော့ မဟုတ်ပါဘူး၊ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပြည်ထောင်စုအဆင့် ဆန္ဒခံယူပွဲတွေက အများအားဖြင့် တစ်နှစ်မှာ ၂ ကြိမ်၊ ၃ ကြိမ်လောက်တော့ တွေ့ရတတ်ပါတယ်၊ ဒီနေရာမှာ အလျင်းသင့်လို့ မဲပေးပုံ၊ မဲပေးနည်းကိုလည်း အနည်းငယ် ပြောပါရစေ၊ တစ်ချိန်လုံး မဲပေးနေကြတဲ့ နိုင်ငံ ဖြစ်တဲ့အလျောက် မဲရုံတွေမှာသာ မဲသွားပေးရမယ်ဆိုရင် ဘယ်သူမှ အလုပ်ကောင်းကောင်း လုပ်ရတော့မှာ မဟုတ်ပါဘူး၊ ဒါ့ကြောင့် မဲဆန္ဒရှင်တွေက စာတိုက်ကနေတဆင့် မဲထည့်ကြပါတယ်၊ မဲပေးရမယ့်ရက် မတိုင်ခင် ၃ ပတ်လောက် အလိုမှာ မဲပေးခွင့်ရှိသူတိုင်းရဲ့ အိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးရုံးက စာတိုက်ကနေတဆင့် မဲလက်မှတ်တွေ ပို့လိုက်ပါတယ်၊ အဲဒီ မဲလက်မှတ်တွေနဲ့အတူ စာအုပ်ငယ်လေး တစ်အုပ် ပါလေ့ရှိပါတယ်၊ အဲဒီစာအုပ်ငယ်လေးထဲမှာ မဲပေးရမယ့် မေးခွန်းတွေက ဘာလဲ၊ ဘာ့ကြောင့်အခုလို မဲပေးဖို့ ဖြစ်လာရတာလဲ၊ Yes လို့ ပေးလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်၊ No လို့ ပေးလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်၊ initiative တို့ referendum တို့ကို ဦးဆောင်တင်သွင်းခဲ့တဲ့ ပါတီ၊ အဖွဲ့အစည်းရဲ့ မဲဆွယ်စည်းရုံး ရှင်းပြချက်၊ အစိုးရအဖွဲ့ရဲ့ ရပ်တည်ချက်သဘောထားနဲ့ တိုက်တွန်းချက် စတာတွေ အပြည့်အစုံ ပါ,ပါတယ်၊ ဒါ့အပြင် အထင်ကရ ပါတီတွေရဲ့ Yes or No မဲအဖြေတွေကို တင်ပြထားတဲ့ စာရွက်လေး တစ်ရွက်လည်း ပါလေ့ရှိတယ်၊ ရည်ရွယ်ချက်က ကိုယ် လေးစား၊ နှစ်သက်တဲ့ ပါတီတွေရှိခဲ့ရင် သူတို့ရဲ့ ရွေးချယ်မှု၊ ရပ်တည်မှုကို သိနိုင်အောင်ပါ၊ အဲဒါတွေနဲ့အတူ မဲလက်မှတ်တွေ ပြန်ထည့်ပေးရမယ့် စာအိတ်တစ်အိတ်ရယ်၊ မဲဆန္ဒရှင်ရဲ့ မွေးနေ့ ရက်စွဲနဲ့ လက်မှတ်ထိုးရမယ့် မဲပေးခွင့်ကဒ် တစ်ခုရယ် ပါ,ပါတယ်၊ တကယ်တော့ အဲဒီမဲပေးခွင့်ကဒ်က မဲပေးသူ အရေအတွက်ကို စာရင်းအင်း လုပ်ဖို့နဲ့ အတည်ပြုဖို့ သက်သက်ပါ၊ ဘယ်သူတွေ ဘယ်မဲပေးသလဲ ဆိုတာ မှတ်တမ်းတင်ဖို့ မဟုတ်ပါဘူး၊ ဆွစ်ဇာလန်ရဲ့ popular voting စနစ်က လျှို့ဝှက်မဲပေးစနစ်ပါ၊ အဲဒါကြောင့် ရပ်ကွက်ရုံးက ပို့လိုက်တဲ့ စာအိတ်ဟာ ဖောက်ပြီးသည့်တိုင် နောက်တစ်ကြိမ် ထပ်ပြီး အသုံးပြုနိုင်တဲ့ စာအိတ်မျိုးကို အသုံးပြုပါတယ်၊ အထဲမှာ ပါလာတဲ့ စာအိတ်အသစ်ထဲမှာ မဲပြားစာရွက်တွေထည့်၊ အဲဒီစာအိတ်ကို ပိတ်ပြီး မူလစာအိတ်ကြီးထဲထည့်၊ ပြီးတော့မှ မဲပေးခွင့်ကဒ်ကို အတူထည့်၊ ပြီးရင် အဲဒါတွေ အားလုံးကို စာတိုက်ကနေ ပို့လိုက်ရုံပါပဲ၊ စာအိတ်ရတဲ့ အချိန်ကနေ စပြီး မဲရေတွက်မယ့်နေ့ မနက် ၁၁ နာရီအထိ ကြိုက်တဲ့အချိန်မှာ မဲစာရွက်တွေ ပို့ပေးလို့ ရပါတယ်၊ မဲရေတွက်တဲ့ နေ့မှာတော့ မနက် ၁၁ နာရီကနေ စပြီး လက်ခံရရှိသမျှ မဲစာရင်း ရလဒ်ကို သက်ဆိုင်ရာ ရပ်ကွက်အသီးသီးကနေ ပြည်နယ်တွေရဲ့ မဲရုံဌာနတွေကို ပို့ပေးပါတယ်၊ ညပိုင်း ၇ နာရီခွဲ တီဗီသတင်း ကြေညာချိန်မှာတော့ တစ်နိုင်ငံလုံးရဲ့ မဲစာရင်း ရလဒ်ဟာ အတည်ပြုပြီးသား ဖြစ်နေပြီ ဖြစ်လို့ တရားဝင် ကြေညာပေးပါတယ်၊ အခုနောက်ပိုင်းမှာတော့ အခုလို စာတိုက်ကနေ ပေးပို့တဲ့ စနစ်အပြင် အွန်လိုင်းမဲပေးစနစ်၊ SMS နဲ့ မဲပေးစနစ် စတာတွေကိုပါ တချို့ နေရာတွေမှာ စမ်းသပ်လာကြတာ တွေ့ရပါတယ်…၊

Popular initiative အနေနဲ့ တင်သွင်းလာတဲ့ နိုင်ငံခြားသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်နေတာကို ကန့်ကွက်တဲ့ဖက်က နိုင်သွားတဲ့အတွက် မကြာခင်မှာ ဆွစ်ဇာလန်အစိုးရအနေနဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး တိကျတဲ့ စည်းမျဉ်းတွေ ရေးဆွဲရတော့မှာ ဖြစ်ပါတယ်၊ ဥရောပသမဂ္ဂ ပေါ်ပေါက်လာကတည်းက ဆွစ်ဇာလန်နိုင်ငံရဲ့ မဲဆန္ဒခံယူပွဲတွေမှာ အီးယူကို ဝင်ရောက်ဖို့ မကြာခဏ မဲဆွယ်ကြပေမယ့် တစ်ခါမှတော့ မအောင်မြင်ခဲ့ပါဘူး၊ ဘေးပတ်ဝန်းကျင်က ပြင်သစ်၊ ဂျာမဏီတို့လို နိုင်ငံကြီးတွေနဲ့ တန်းညှိတဲ့အခါ မတူညီတဲ့ စီးပွားရေးအခြေအနေတွေကြောင့် သူတို့တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားသွားမှာ ဆွစ်လူမျိုး အများစုက စိုးရိမ်ကြတယ်၊ မြန်မာနိုင်ငံထက် ၁၅ ဆလောက် ပိုငယ်ပြီး လူဦးရေ ၈ သန်းသာ နေထိုင်တဲ့ နိုင်ငံငယ်လေးတစ်ခု အနေနဲ့ကြည့်ရင် အခြေခံ မတူညီတဲ့ တိုင်းပြည်တွေ အများကြီးပါဝင်တဲ့ အီးယူအဖွဲ့ထဲ ကြားညပ်သွားမှာကို စိုးရိမ်တာဟာ သဘာဝကျပါတယ်၊ ဒါပေမယ့် ၂၀၀၂ ခုနှစ်မှာတော့ bilateral agreement ဆိုတဲ့ မူတစ်ခုကို ဆွစ်နဲ့ အီးယူနိုင်ငံတွေအကြား ချမှတ်နိုင်ခဲ့တယ်၊ ဒီ အပြန်အလှန် သဘောတူညီမှုအရ အီးယူအဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွစ်ဇာလန်အကြား အတားအဆီးမရှိ ဝင်ထွက်သွားလာခွင့် ရလာကြတယ်၊ ဗီဇာမလိုတော့ဘဲ ရက်ရှည်နေထိုင်လို့ ရလာသလို အလုပ်အကိုင်ရှိမယ်ဆိုရင် နိုင်ငံတွင်းမှာ နေထိုင်ခွင့်ပါမစ်လည်း ရမှာဖြစ်ပါတယ်၊ ဒီလိုနဲ့ ဆွစ်ဇာလန်မှာ လာပြီးအလုပ်လာလုပ်သူတွေ တဖြေးဖြေးနဲ့ များလာပေမယ့် စိုးရိမ်စရာအခြေအနေတော့ မဟုတ်ခဲ့ဘူး၊ ဒါပေမယ့် ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ် နောက်ပိုင်းမှာတော့ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန် စတဲ့နိုင်ငံတွေကနေ လာရောက်အခြေချသူတွေ သိသိသာသာကို များလာခဲ့တယ်၊ တစ်နှစ်အတွင်း ဝင်ရောက်နေထိုင်သူဟာ ၈၀'၀၀၀ လောက် ဖြစ်လာတဲ့ အထိပါပဲ၊

အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဆွစ်ဇာလန်ရဲ့ အခြေခံလစာက မြင့်မားတဲ့အတွက် အလုပ်လုပ်ချင်သူတွေ များတယ်၊ ဈေးကွက်မှာ အလုပ်သမား များလာတဲ့အတွက် ဝင်ရောက်အခြေချသူတွေဟာ ဆွစ်နိုင်ငံသားတွေထက် လစာကို အများကြီးလျှော့ယူပြီး အလုပ်ရဖို့ ကြိုးစားလာကြတယ်၊ တဖက်မှာလည်း ကုမ္ပဏီတွေက wage dumping လို့ခေါ်တဲ့ ထိုက်သင့်တဲ့ လုပ်အားခမပေးတော့ဘဲ ဈေးကစားတာတွေ ရှိလာခဲ့တယ်၊ ဒါ့အပြင် နေထိုင်သူ များလာတဲ့အတွက် အိမ်ဈေး၊ မြေဈေးတွေ တက်လာတယ်၊ အခန်းငှားခတွေ ဈေးကြီးသထက် ကြီးလာခဲ့တယ်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ လူတွေ မနိုင်မနင်း ဖြစ်လာတာမျိုးတွေ ရှိလာတယ်၊ ဒီလိုအခြေအနေတွေ အောက်မှာ လက်ယာပါတီတစ်ခုဖြစ်တဲ့ Swiss People's Party ကနေဦးဆောင်ပြီး အထက်မှာပြောခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေသစ် ပြဌာန်းဖို့ တင်သွင်းလိုက်တာ ဖြစ်ပါတယ်၊

ဆွစ်ဇာလန်ရဲ့ ဒီမိုကရေစီစနစ်က တိုက်ရိုက်ဒီမိုကရေစီ ဖြစ်ပါတယ်၊ အချုပ်အခြာအာဏာဟာ လူထုကနေ တိုက်ရိုက်ဆင်းသက်တာကို တကယ်ပဲ လက်တွေ့မြင်ရတဲ့ နေရာလည်း ဖြစ်ပါတယ်၊ စနေနေ့တွေမှာ ဈေးဆိုင်တွေက ညနေ ၅ နာရီပိတ်မယ့်အစား ၆ နာရီအထိ ဖွင့်ရေး၊ စားသောက်ဆိုင်တွေထဲမှာ ဆေးလိပ်လုံးဝ မသောက်ရေး၊ ဓာတ်ဆီဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ကုန်စုံဆိုင်တွေကို တနင်္ဂနွေနေ့ပါ ဖွင့်ခွင့်ပြုရေး၊ ရပ်ကွက်တိုင်းမှာ နေ့ကလေးထိန်းကျောင်းတစ်ခု ထားပေးရေး စတဲ့ လက်တွေ့ကျတဲ့ ကိစ္စရပ်တွေတိုင်းမှာ ပြည်သူလူထုက မဲပေးပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်၊ နိုင်ငံသားတစ်ဦးစီဟာ သူတို့နိုင်ငံရဲ့ အရေးကို အမြဲတမ်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆုံးဖြတ်ခွင့်ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်၊

အခု လူဝင်မှုကြီးကြပ်ရေး ကိစ္စကတော့ အစိုးရအဖို့ အင်မတန် ဘေးကျပ်၊ နံကျပ်ဖြစ်မယ့် ကိစ္စပါပဲ၊ ဥရောပတိုက်အလယ်မှာ ရှိတဲ့ နိုင်ငံငယ်လေးဖြစ်လို့ အီးယူနိုင်ငံတွေနဲ့ စီးပွားရေးလုပ်တာ၊ ကူးလူးဆက်ဆံ တာတွေကို ပစ်ပယ်လို့ မဖြစ်ပါဘူး၊ အရင်အတိုင်း ဗီဇာလိုအပ်တဲ့ စနစ်ကို ပြန်သွားပြန်ရင်လည်း လုပ်ငန်းမတွင်ကျယ်တာတွေ ဖြစ်လာမယ်၊ ဒီလို အခက်အခဲတွေကြားထဲမှာ နိုင်ငံသားတွေရဲ့ အခွင့်အလမ်းလည်း မထိခိုက်၊ တိုင်းပြည်ရဲ့ စီးပွားရေး၊ သံတမန်ရေးလည်း မယိုယွင်းစေမယ့် နည်းလမ်းတစ်ခုကို သူတို့ရှာရတော့မှာ ဖြစ်ပါတယ်၊ တကယ်တမ်း ပြောရရင်တော့ အခုလို နိုင်ငံခြားသားတွေ ဝင်ထွက်မှုများလာလို့ လူမှုအခြေအနေတွေ ပြောင်းလဲတာဟာ ဆွစ်ဇာလန်တစ်ခုတည်းသာ မကဘဲ အီးယူနိုင်ငံတွေမှာလည်း ဖြစ်နေကြတာပါ၊ အင်္ဂလန်မှာဆိုရင် လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ဖွင့်ပေးလိုက်ပြီး နောက်ပိုင်းမှာ နိုင်ငံခြားသား ဝင်ရောက်မှုက ၁၀ နှစ်အတွင်း ၉၀၀'၀၀၀ အထိ ဖြစ်လာခဲ့တယ်၊ ဒါဟာ မူလ သူတို့မှန်းထားတာထက် ၁၀ ဆကျော် ပိုများနေတယ်လို့ ဆိုတယ်၊ ထို့အတူပဲ စပိန်မှာ အလုပ်လက်မဲ့နှုန်းဟာ ၂၅ ရာခိုင်နှုန်းလောက်အထိ တက်လာတာ၊ ဂရိနိုင်ငံကို စီးပွားပျက်ကပ်ကနေ ဆွဲထုတ်ဖို့ ဂျာမဏီကနေ ငွေကြေးအလုံးအရင်းနဲ့ ထောက်ပံ့ရလို့ ဂျာမန်တွေ ညည်းတွားကြတာ၊ ပြင်သစ်မှာ ပိုလန်က အလုပ်သမားတွေနဲ့ ပြည့်နေလို့ ပြင်သစ်လူမျိုးတွေ အလုပ်ရှားပါးကုန်တာ စတာတွေနဲ့ ဥရောပသမဂ္ဂကြီးလည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကြပ်အတည်းတွေ တွေ့နေရတယ်၊ တချို့နိုင်ငံတွေဆိုရင် ဆွစ်ဇာလန်ရဲ့ ပုံစံကိုအတုယူပြီး အီးယူကနေ ပြန်ထွက်ဖို့အထိ ပြောဆိုလာကြတာတွေ ရှိလာတယ်၊

တကယ်တော့ အခုပြောခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ဖို့ မဲပေးပွဲမှာ ဒီအဆိုကို တင်သွင်းတဲ့ Swiss People's Party တစ်ခုကလွဲရင် တခြားဘယ်ပါတီကမှ လက်မခံခဲ့သလို အစိုးရတစ်ဖွဲ့လုံးလည်း လက်မခံခဲ့ပါဘူး၊ သူတို့အားလုံးက မဲဆွယ်ရေးကာလတွေမှာ ဒီအဆိုကို လက်မခံကြပါနဲ့လို့ တစ်ချိန်လုံး တဖွဖွပြောနေခဲ့တဲ့ ကြားက ဆွစ်လူထုက လက်ခံပါတယ်ဆိုပြီး မဲပေးခဲ့ကြတာ ဖြစ်ပါတယ်၊ မဲရလဒ်တွေ ထွက်လာတော့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ̔ဒီအဖြေအတွက် စိတ်ပျက်မိတယ်၊ ဒါပေမယ့် ဒါဟာ လူထုက သူတို့ခံစားနေရတဲ့ အတိုင်း ဆန္ဒကို ထုတ်ဖော်ခဲ့တာဖြစ်လို့ လေးစားရမယ်၊ အကောင်အထည် ဖော်ပေးဖို့ တာဝန်ရှိတယ်̕ လို့ ဆိုကြတယ်၊ ဒီမိုကရေစီဆိုတာ ဒါပါပဲ၊ အနည်းစုကို ထောက်ထားညှာတာပြီး အများစုရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်၊

ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေထဲမှာ နိုင်ငံတိုင်းကတော့ သူတို့နဲ့ကိုက်ညီမယ့် စံချိန်၊ စံညွှန်းတွေကို အဓိကထား ဖော်ဆောင်မှာပါ၊ ဒါပေမယ့် ဘယ်လိုပုံစံပဲဖြစ်ပါစေ၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးတဲ့ တိုင်းပြည်တစ်ပြည်မှာတော့ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ပါတယ်၊ အစိုးရဆိုတာက ပြည်သူလူထု ပေးထားတဲ့ လစာကိုယူပြီး လူထုရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်ပေးရတဲ့ အကျိုးဆောင်ဝန်ထမ်း သက်သက်သာ ဖြစ်ပါတယ်၊ သူတို့စိတ်နဲ့ မတွေ့တိုင်း ပြည်သူကို ကြိမ်းမောင်းဆဲဆိုခွင့်လိုင်စင် ရထားသူတွေ မဟုတ်ပါဘူး၊ အခြေခံဥပဒေ ဆိုတာဟာလည်း လူထုအတွက် တကယ်အကျိုးပြုမယ့် ဥပဒေတွေပဲ ဖြစ်သင့်ပါတယ်၊ အဲဒီလိုမှ မဟုတ်ရင်တော့ ပြည်သူလူထုဟာ သူတို့နဲ့ ကိုက်ညီမယ့်၊ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေသစ်ကို တောင်းဆိုခွင့်၊ ရေးဆွဲပြဌာန်းခွင့် ရှိရမှာ ဖြစ်ပါတယ်…။ ။


ညီလင်းသစ်
၁၃ ဖေဖော်ဝါရီ၊ ၂၀၁၄

10 comments:

Anonymous said...

သိပ်မြင့်သွားပြီ :P

ညီ

Anonymous said...

နိုင်ငံသားတစ်ဦးစီဟာ သူတို့နိုင်ငံရဲ့ အရေးကို အမြဲတမ်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆုံးဖြတ်ခွင့်ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်၊

တိုင်းပြည်တစ်ပြည်မှာတော့ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ပါတယ်

အဲဒီလိုမှ မဟုတ်ရင်တော့ ပြည်သူလူထုဟာ သူတို့နဲ့ ကိုက်ညီမယ့်၊ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေသစ်ကို တောင်းဆိုခွင့်၊ ရေးဆွဲပြဌာန်းခွင့် ရှိရမှာ ဖြစ်ပါတယ်…။ ။

အဲ့ဒီစကားလုံးတွေကို မြန်မာပြည်မှာလည်း မြင်ချင်လိုက်တာဗျာ။

ညီ

San Htun said...

နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံး...

Aung Htut said...

စာပို့ စနစ်ရော၊ သူ့ရဲ့ စစ်တပ်ဖွဲ့စည်းပုံလေးရောပါ ကြိုက်မိတယ် အကို... Direct ဒီမိုကိုလည်း ကြိုက်တယ်... ဒါနဲ့ ဆွစ် က ပထမရော၊ ဒုတိယ ကမ္ဘာစစ်မှာပါ.. ဘယ်နိုင်ငံရဲ့ သိမ်းပိုက်ခြင်းကို မခံခဲ့ရဘူးနော်.... ဟုတ်တယ်မလားဟင်..

ရွှေအိမ်စည် said...

အောက်ဆုံးပိုဒ်......

နောင်ဘ၀ မြန်မာပြည်မှာ လူမဆိုထား..အရာဝတ္တုတောင် ပြန်မဖြစ်ချင်ပါ :'(

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဖတ်ရှု လေ့လာ မှတ်သားသွားပါတယ်ရှင်။

Anonymous said...

ဘယ်တော့များမှ မြန်မာနိုင်ငံလည်း အဲဒီလို ဖြစ်လာမည်မသိ...

သက်ဝေ said...

သိပ်မြင့်သွားပြီ :P

အန်တီ

Anonymous said...

Thanks for sharing your knowledge.
While i was reading your last paragraph I suddenly remember a person who has been popular in the media in these days because of his speech to the villagers.
Iora

ညီလင်းသစ် said...

ညီ…
အချိန်အကြာကြီး ပစ်ထားပြီးမှ ပြန်ရေးပေမယ့်လည်း ပထမဦးဆုံး ကွန်မန့်လာပေးလို့ ကျေးဇူးဗျ…၊း))

ညီမစန်းထွန်း…
ဟုတ်…၊

ကိုအောင်ထွဋ်…
အဲ… တကယ့်မေးခွန်းနဲ့တော့ တွေ့နေပြီ၊း) ပထမကမ္ဘာစစ်တော့ မသိဘူးဗျ၊ ဒုတိယကမ္ဘာ စစ်မှာတော့ ဆွစ် စစ်သားတွေကို တခြားနိုင်ငံတွေအတွက် စစ်ကူလွှတ်ပေးရတာ ကြားဖူးပေမယ့် နိုင်ငံက သိမ်းပိုက်ခံရတယ်လို့တော့ ကျနော် သိမထားဘူး၊

ညီမသူသူ…
အဲဒီလောက်တောင်မှ ပဲလားဗျာ…၊း)

မမြတ်ပန်းနွယ်…
စာလာဖတ်တာ ကျေးဇူးပါဗျာ၊

အမည်ဝှက်စာဖတ်သူ…
တာဝန်သိမှုနဲ့ တာဝန်ရှိမှု တထပ်ထဲ ကျတဲ့နေ့…း)

အစ်မသက်ဝေ…
“အစ်မ” အဆင့်ကနေ “အန်တီ” အဆင့်ကို မြင့်သွားတာ ပြောတာလား…၊း))

Ma Iora…
Indeed, you got the point right there, sis. :D