23 September 2011

ချစ်သောဧရာဝတီ ...


နီးနီးကပ်ကပ်၊ ရင်းရင်းနှီးနှီး နောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဧရာဝတီပါ...၊


Photobucket
ပထမ မြန်မာနိုင်ငံတော်ရဲ့ နှလုံးသားဗဟို တည့်တည့်က ဧရာဝတီ...၊


Photobucket
ဧရာဝတီပေါ်မှာမွေး၊ ဧရာဝတီပေါ်မှာကြီး၊ ဧရာဝတီပေါ်မှာပဲ ရှင်သန် ကြီးရင့်ခဲ့တယ် ...၊


Photobucket
ဧရာဝတီရယ် စီးဆင်းပါ ... ...၊


Photobucket
ပျော်ရွှင် ငြိမ်းချမ်းခြင်းတို့ ပေါင်းဆုံခွင့်ပေးပါ... ...၊


Photobucket
အို.. ချစ်သော ဧရာဝတီ....၊


ဧရာဝတီကို ညှိုးရော်၊ ခြောက်ခန်းစေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်၊ အားလုံးရဲ့ ဧရာဝတီ အသက်ဓာတ် ပြင်းပြစွာ ဆက်လက် ရှင်သန်စီးဆင်း ပါစေ...။ ။


ညီလင်းသစ်
၂၃ စက်တင်ဘာ၊ ၂၀၁၁

16 September 2011

ရှေ့သွားနောက်လိုက်


ဟောဒီ ကမ္ဘာမှာ တာဝန်မဲ့မှုတွေ များလှတယ်၊
တာဝန်မဲ့မှုတွေက တာဝန်ဆိုတာ ချိုနဲ့လားလို့ ပြန်မေးရလောက်အောင်ကို မဲ့ကြတယ်၊
ဟောဒီ ကမ္ဘာမှာ လက်လွတ်စပယ် နိုင်မှုတွေလည်း များလှတယ်၊
လက်လွတ်စပယ်ဆိုတာ စံပယ်ပန်းလို မြတ်နိုးကောင်းတဲ့ အရာမဟုတ်ဘူး၊
တာဝန်မဲ့မှုနဲ့ လက်လွတ်စပယ် တို့ဟာ နဖူးစာ ရွာလည်ပြီး လင်မယား ဖြစ်လာတယ်၊
ရပ်ကွက်ထဲမှာ ပရမ်းပတာတွေနဲ့ အိမ်နီးချင်း ဖြစ်တယ်၊
အဲဒီ ပရမ်းပတာတွေက ရွာရိုးကိုးပေါက် လျှောက်တယ်၊
“အိမ်နီးချင်းရဲ့ မြက်ဟာ ပိုပြီးစိမ်းတယ်” လို့ အာသာငမ်းငမ်းနဲ့ ပြောတယ်၊
“သူတပါး အိမ်တွင်းရေး မစွက်ဘူး” ဆိုပြီး မှင်နဲ့မောင်းနဲ့ ဟန်ကိုယ့်ဖို့ လုပ်သေးတယ်၊
ဒါပေမယ့် 'လက်ဆောင်' ဆိုရင် နားရွက်ထောင်တယ်၊
ချမ်းသာဖို့ဆိုရင် ဘနဖူး သိုက်တူးဖို့ ဝန်မလေးဘူး၊
သူတို့ ရပ်ကွက်က အဲဒီလို ...၊

တာဝန်မဲ့မှုဟာ သမိုင်းအမွေအနှစ်ကို စိတ်ဝင်စားချင် ယောင်ဆောင်တယ်၊
တဖက်ကလည်း ကိန်းဂဏန်းတွေကို စိတ်တွက်,တွက်နေတယ်၊
လက်လွတ်စပယ်ကတော့ ရာခိုင်နှုန်းပုစ္ဆာတွေကို အလွတ်ရတယ်၊
ရေစုန်ရေဆန် မေးခွန်းတွေကို စပေါ့တ်ရိုက်ထားတယ်၊
တာဝန်မဲ့မှုက 'ချောင်းကိုပစ်၍ မြစ်ကိုရှာ' လို့ တတွတ်တွတ် ရွတ်တယ်၊
လက်လွယ်စပယ်က 'မြသားငယ်တဲ့ ရေယမုန်..' လို့ အစချီပြီး ဟန်နဲ့ပန်နဲ့ ကဗျာရွတ်တယ်၊

တာဝန်မဲ့မှုဟာ မာန်တက်တယ်၊
သူ့လောက် ဘယ်သူမှ မသိဘူးလို့ သွေးနားထင်ရောက်တယ်၊
လက်လွတ်စပယ်ကတော့ မကုန်တဲ့ ၁၅၀၀ ဟာ
အချစ်တော့ မဟုတ်နိုင်ဘူးလို့ တွေးတယ်၊
မကုန်မှတော့ ရောင်းစားမှာပေါ့လို့လည်း ဈေးတွက်,တွက်တယ်၊
တာဝန်မဲ့မှုက “မျိုးကန်းတယ်” ဆိုတာကို မသိဘူး၊
“မိန်းမရေ.. မင်းသိလား” လို့ လက်လွယ်စပယ်ကို လှမ်းမေးတယ်၊
လက်လွယ်စပယ်က “ရှင်သိစရာ မလိုပါဘူး၊ အဲဒါ Trade secret” လို့ ခပ်တည်တည်နဲ့ ပြန်ဖြီးတယ်၊
သူတို့လင်မယားက အမြဲဒီလို ...၊

တာဝန်မဲ့မှုဟာ နေကာမျက်မှန် အမည်းကြီးကို ကောက်တပ်တယ်၊
ထိန်လင်းနေတဲ့ မီးရောင်တွေအောက်မှာ ညကို နေ့အောက်မေ့လို့-တဲ့၊
တဆက်တည်း မှိုရတဲ့ မျက်နှာနဲ့ စာရွက်ပေါ်မှာ တစုံတရာကို ချရေးလိုက်တယ်၊
ပြီးတော့ လက်လွတ်စပယ်ကို ...
“မင်းရေးတယ်လို့ ပြောလိုက်..၊ ငါရေးတယ်ဆို မကောင်းဘူး ဖြစ်မယ်” လို့ ပြောလိုက်တယ်၊
လက်လွတ်စပယ်က ...
“ဟုတ်တာပေါ့၊ ရောဂါဆန်းတွေနဲ့ ဆက်ဆံတဲ့အခါ သတိထားရင် အကောင်းဆုံးပဲ” လို့ ပြန်ပင့်တယ်၊
သူတို့လင်မယားက နောက်မဆုတ်တမ်း အဲဒီလို ...။ ။


ညီလင်းသစ်
၁၆ စက်တင်ဘာ၊ ၂၀၁၁

14 September 2011

ခုတလောဆီမှာ …


ပြီးခဲ့တဲ့ ရက်တွေမှာ အိပ်နေတာ နည်းနည်းကြာနေတဲ့ ဘလော့ဂ်တွေဆီ သွားလည်ပြီး နှိုးစက်နာရီလေးတွေ လက်ဆောင် လိုက်ပေးတယ်၊ ထကြပါ ပေါ့လေ၊ သူများ ထချင်မှန်း မသိ၊ မထချင်မှန်း မသိနဲ့၊ အတင်းကြီးပဲ၊ အလိုက်ကန်းဆိုး မသိတတ်ပုံများ...၊ အဲဒီလို အပေးကောင်းလို့ နှိုးစက်နာရီ အားလုံးကုန်သွားပြီး ကိုယ့်အတွက်တောင် မကျန်တော့ဘူး၊ အဲဒါကြောင့် အခုမှပဲ လူးလဲထလာရတာ..၊ အင်း.. နေတောင် အတော်မြင့်နေပါ ပေါ့လား၊း)

အမှန်က ဒီလိုဗျ၊ ပြီးခဲ့တဲ့ တစ်ပတ်က ကျနော် နည်းနည်းနေမကောင်း ဖြစ်နေခဲ့တာ...၊ တညနေ ဒိုဂျို (dojo)က အပြန်မှာ ချွေးနဲ့ ပြန်ပြီး အအေးမိသွားပုံ ရတယ်၊ အိမ်ရောက်တော့ နည်းနည်း ချမ်းစိမ့်စိမ့်နဲ့..၊ ဒါပေမယ့် ဒီလိုပဲ နေလိုက်တယ်၊ ည အိပ်ခါနီးကျတော့ ကိုယ်တွေ လက်တွေပါ ကိုက်ချင် သလိုလို..၊ အင်း.. သေချာသလိုတော့ ရှိလာပြီ၊ တုပ်ကွေးများလား မသိဘူး ဆိုပြီး ကျနော် ဝမ်းသာသွားတယ်၊ တကယ်ပါ..၊ နေမကောင်း မဖြစ်တာ အတော်ကြာတော့ တခါတလေလေး မအီမသာ ဖြစ်ရင်ကောင်းမှာလို့ တွေးနေတတ်တာ..၊ ဥပမာ- တုပ်ကွေးလိုမျိုး ကွေးနေရတာ ဘယ်လောက်မိုက်သလဲ၊ ဒူးဆစ်၊ တံတောင်ဆစ်တွေမှာ တဖျင်းဖျင်းနဲ့၊ လက်ချောင်းတွေကလည်း အားမရှိ လို့ လက်သီးတောင် တင်းတင်းမဆုပ်နိုင်..၊ အဲဒီလို ဖီလင်မျိုးကို ကျနော် ကြိုက်တယ်၊ အဲဒါကြောင့် ဝမ်းသာမိသလိုလို ဖြစ်သွားတာ..၊ အဲ..ခေါင်းတွေကိုက်၊ အဖျားတွေ အရမ်းကြီးနေ တာတော့ သိပ်မလိုချင်ဘူး၊ ဒီလိုနဲ့ အိပ်မပျော်ခင်မှာဘဲ လည်ချောင်းတွေပါ နာလာတာ သတိ ထားလိုက်မိတယ်..၊ အိုကေ.. သေချာပြီ၊ Welcome on board မစ်စတာ တုပ်ကွေး...၊

ကျနော် ခပ်ငယ်ငယ်တုန်းက နေမကောင်းဖြစ်လို့ ကိုယ်ပူရှိန် အရမ်းတက်တဲ့အခါ ကယောင်ကတမ်း ဖြစ်လေ့ ရှိပါတယ်၊ အဖျားကြီးတဲ့အခါတိုင်း မြင်ရတတ်တဲ့ မြင်ကွင်းတစ်ခုကို ကျနော်အခုထိ မှတ်မိနေတယ်၊ အဲဒါက ပေါင်မုန့်လိုလို အလုံးကြီးတစ်ခု...၊ ဂျုံကြမ်းနဲ့ နယ်ထားသလို အညိုပုပ်ရောင် ပေါင်မုန့်ကြမ်းကြီး တစ်လုံးက ဟိုး.. အဝေးတနေရာကနေ ကျနော့်မျက်နှာနား တဖြည်းဖြည်း နီးလာလေ့ ရှိတယ်၊ တကယ်တမ်း နီးလာတော့ မျက်နှာပြင်မှာ ဆူးချွန်တွေ ပါတဲ့ အမည်းရောင် အလုံးကြီးတစ်ခု ဖြစ်သွားလေ့ ရှိတယ်၊ ဆေးပညာ စာအုပ်တွေ မှာ ဗိုင်းရပ်စ်တွေကို ဆွဲထားတဲ့ပုံနဲ့ အတော်ဆင်ပါတယ်၊ အဲဒီကောင်ကြီး ကျနော့်မျက်နှာနား ကပ်လာတဲ့အခါ ကျနော်အမြဲတမ်း ကယောင်ကတမ်းနဲ့ ကြောက်လန့်တကြား အော်ဟစ်လေ့ ရှိတယ်၊ နောက်ပိုင်းမှာ အရမ်းအဖျားကြီးတာမျိုး မဖြစ်တော့လို့ အဲဒီ ပေါင်မုန့်ကြီးကို မတွေ့ရတော့ပေမယ့် သူပါဝင်ခဲ့တဲ့ ဇတ်ဝင်ခန်းတွေ ကို မှတ်မိနေဆဲပါပဲ၊ သူကတော့ ကျနော် အကြီးအကျယ် နေထိုင်မကောင်း ဖြစ်မယ့်အချိန်ကို ကန့်လာကာ နောက်ကွယ် တနေရာကနေ ပုန်းအောင်းရင်း စောင့်ဆိုင်းနေမယ် ထင်ပါရဲ့...၊

ဒါနဲ့ နောက်တနေ့မနက် နိုးလာတဲ့အချိန်မှာ ကျနော့်တကိုယ်လုံးဟာ ကိုင်ရိုက်ထားသလို ညောင်းညာနေခဲ့ တယ်၊ ကိုယ်ပူရှိန်များ ရှိနေ မလားလို့ မျှော်လင့်ချက်ကလေး နည်းနည်းနဲ့ အဖျားတိုင်းကြည့်တော့ ပုံမှန်ပဲ၊ ကျနော် နည်းနည်းစိတ်ညစ်သွားတယ်၊ အဖျားသွေးရှိရင် အလုပ်ကနေ ခွင့်ယူဖို့ ကြံစည်ထားတာကိုး၊ အခုတော့ နည်းနည်းပါးပါး ကိုက်ခဲရုံလောက်နဲ့ ခွင့်ယူဖို့ လိပ်ပြာမသန့်တာနဲ့ အလုပ်သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်၊ အလုပ်မှာ ပင်ပန်းပြီး ဖျားချင် ဖျားလာမှာပေါ့၊ မဟုတ်ဘူးလား...၊ အဲဒီလို အတွေးနဲ့ အလုပ်သွားတယ်၊ အလုပ်မှာ ချမ်းစိမ့်စိမ့် ထပ်ဖြစ်လာပြီး ဒီတခါတော့ နှာပါချေလာတယ်၊ ဟုတ်လာပြီ..၊ ဟုတ်လာပြီ...၊ ဒါနဲ့ ညနေ အိမ်ပြန်ရောက်လို့ အဖျားတိုင်း ကြည့်တော့ ဒုံရင်းက ဒုံရင်းပဲ၊ အပူချိန်က ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် ဝန်းကျင်မှာပဲ ရှိနေတယ်၊ ငါ့နှယ်နော်...၊ အဖျားလေး နည်းနည်းလောက် များ ရှိမလားလို့ မျှော်လင့်ကာမှ...၊

ဖတ်ဖူးတဲ့ မဂ္ဂဇင်း ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရမိတယ်၊ ဘယ်သူ ရေးခဲ့မှန်းတော့ မမှတ်မိတော့ပါဘူး၊ ဇတ်လမ်းကို မှတ်မိသလောက် ပြောရရင် တခါတုန်းက လူတစ်ယောက်ဟာ သင်္ကြန်တွင်းမှာ လူတွေရေပက်၊ ပျော်ပါးကြတာ၊ အုပ်စုလိုက် လည်ပတ်၊ အော်ဟစ်ကြတာ တွေကို နည်းနည်းမှ ကြည့်မရဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ဒီလို ရေတွေနဲ့ လောင်းနေတာဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ သူကယူဆတယ်၊ ဒီလိုနဲ့ သင်္ကြန်တွင်း တစ်ရက်မှာ သူအပြင်ကို သွားရဖို့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတော့တယ်၊ သူက လုံးဝ ရေအစို မခံချင်ဘူး၊ ကိစ္စကလည်း မဖြစ်မနေ သွားကို သွားရမယ့် ကိစ္စ...၊ ဒါနဲ့ သူလည်း တထိတ်ထိတ်နဲ့ပဲ ထွက်လာခဲ့တယ်၊ လမ်းမှာ သူ့ကို ရေပက်ဖို့ ပြေးလာတဲ့ ကလေးတစ်ယောက်ကို ပထမဦးဆုံး တွေ့တယ်၊ ကလေး သူ့အရှေ့ရောက်တော့ သူက လက်ကာပြ လိုက်တယ်၊ ရုတ် တရက်ဆိုတော့ ကလေးလည်း ကြောင်သွားတယ်၊ အဲဒီလို ကြောင်သွားတာကို အခွင့်ကောင်း ယူပြီး ကလေး,လေးရဲ့ ရေခွက်ကို ပုတ်ချပစ်ပြီး သူထွက်လာလိုက်တယ်၊ ကလေးက အနောက်မှာ ငိုပြီး ကျန်နေခဲ့ ချိန်မှာ သူက အောင်နိုင်သူ တစ်ယောက်လို လှစ်ကနဲ ပြုံး လိုက်တယ်၊

သိပ်မကြာဘူး၊ အရှေ့မှာ ကောင်မလေး သုံးလေးယောက် ရေခွက်လေးတွေနဲ့ စောင့်နေတာ တွေ့ရတယ်၊ ဒါပေမယ့် အဲဒီရှေ့ မရောက်ခင်မှာဘဲ လမ်းချိုးလေး တစ်ခုထဲ ချိုးဝင်ပြီး သူ ရှောင်ထွက်နိုင်ခဲ့တယ်၊ လမ်းမကြီးပေါ် ပြန်တက်ပြီး သိပ်မကြာခင် ကောင်လေးနှစ်ယောက် ရေပြွတ်လေးတွေနဲ့ ပြေးလာတာကို မျက်စိထဲ ရိပ်ကနဲ မြင်လိုက်လို့ သူ ထွက်ပြေးတယ်၊ ကလေးနဲ့လူကြီး ခြေလှမ်းချင်း ကွာတော့ ဟိုကောင်လေး နှစ်ယောက်လည်း မကျေမနပ်နဲ့ ကျန်ခဲ့တယ်၊ အဲ.. သူကတော့ အတော်လေး ကျေနပ်နေတယ်၊ အခုထိ ရေမစို သေးဘူး မဟုတ်လား၊ အဲဒီနောက်ပိုင်းမှာတော့ သူ့အတွက် 'အန္တရာယ်' သိပ်မရှိတော့ဘူး၊ ခပ်လှမ်းလှမ်းမှာ ကလေးတသိုက် ရေပြွတ်တွေနဲ့ အပြန်အလှန်ထိုး၊ နို့ဆီခွက်တွေနဲ့ ခွက်စောင်းခုတ်နေ ကြတာတွေကို လှမ်းကြည့်ရင်း သူလည်း စိတ်ထဲမှာ ပျော်သလိုလို ဖြစ်လာတယ်၊ ရှိတဲ့နေရာမှာ ခဏရပ်ပြီး လူတွေကို လိုက်ကြည့်တယ်၊ ရေပက်ခံ ကားတွေက ဆူညံအော်ဟစ်လို့၊ လမ်းသွားလမ်းလာ တွေကလည်း တပြုံးပြုံးနဲ့၊ လူတိုင်းလူတိုင်းရဲ့ မျက်နှာမှာ ပျော်ရွှင်ခြင်း သက်သက်ကိုသာ တွေ့နေရတယ်၊ အဲဒီအပျော်တွေက အခုဆို သူ့ကို လုံးလုံးလျားလျား ကူးစက်သွားလို့ သူလည်း ပျော်လာတယ်၊ အဲဒီမှာပဲ သူ တခုသတိထားမိ သွားတယ်၊ လူတွေအားလုံးက စိုစိုရွှဲရွှဲနဲ့ ပြုံးနေပေမယ့် သူကတော့ ခြောက်ခြောက်သွေ့သွေ့ကြီးနဲ့ ပြုံးနေရတာ..၊ စိုရွှဲနေတဲ့ တလောကလုံးရဲ့ အလယ်မှာ သူက တစ်ဦးတည်း ခြောက်သွေ့လို့...၊ သူ့စိတ်တွေ တမျိုးဖြစ်သွားတယ်၊ လောကနဲ့ သူနဲ့အကြားမှာ စည်းခြားနေသလို ခံစားရတယ်၊ သူက အခြေအနေ အချိန်အခါအလိုက် အများနည်းတူ စီးမျောမနေဘဲ တစ်ယောက်ထဲ ကန့်လန့်ကြီး တင်ကျန်နေခဲ့ သလိုပဲ၊ သူ လူတွေနဲ့ တသားတည်း ဖြစ်ချင် လာခဲ့ပြီ...၊ ရေစိုခံချင် နေခဲ့ပြီ ...၊

အဲဒီအခိုက်မှာပဲ ဆယ်နှစ်လောက်ရှိမယ့် ကောင်မလေးတစ်ယောက် ရေပုံးလေးနဲ့ ပြေးလာတာ တွေ့တယ်၊ ဒီတခါတော့ သူ ထွက်မပြေးဘဲ မသိချင်ယောင်ဆောင်ပြီး တဖက်ကို လှည့်နေခဲ့တယ်၊ ဒါပေမယ့် ကောင်မလေးက သူ့ကို ကျော်သွားပြီး ခပ်လှမ်းလှမ်းက ကောင်လေးတစ်ယောက်ကို သွားလောင်းတယ်၊ သူ နည်းနည်းတော့ ရှက်သွားတယ်၊ ဒါနဲ့ ဆက်လျှောက်လာရင်း ရေပြွတ်တွေနဲ့ ကလေးတအုပ် မျက်နှာချင်းဆိုင် ကနေ လာနေတာ တွေ့ပြန်ရော၊ ကလေးတွေကို အဝေးကြီးကနေ သူပြုံးပြထားရင်း ဆက် လျှောက်လာတယ်၊ ဒါပေမယ့် နီးတော့မှ ကလေးတွေက တဖက်လမ်းက တခြားကလေးအုပ်ကို ရေပြွတ်ချင်း ပြိုင်ထိုးဖို့ လမ်းကူး သွားလို့ သူ 'ဟာ' သွားတယ်၊ စိတ်ဓါတ်လည်း ကျသွားတယ်၊ ရေစိုချင်ပါတယ် ဆိုမှ ဘယ်သူမှ မပက်ကြဘူး၊ အဲဒီတုန်းမှာ အုန်းလက်မဏ္ဍပ်တစ်ခုကို ခပ်ဝေးဝေးမှာ သွားတွေ့တယ်၊ ရေပုံးတွေ၊ ရေပိုက်တွေ ကိုယ်စီနဲ့..၊ သူ ဝမ်းသာအားရ ချီတက်သွားတယ်၊ ဒီတခါလောက် သေချာတာ ဘယ် ရှိတော့မှာလဲ ဆိုတဲ့ အားတက်မှုတွေနဲ့..၊ အနားရောက်တော့ မဏ္ဍပ်ရှေ့ ဆင်းလျှောက်ဖို့ ကြံနေတုန်း ရေပက်ခံကားတစ်စင်း ဝင်လာတာနဲ့ သူ လက်လျှော့ လိုက်ရတယ်၊ ကိစ္စ မရှိဘူး၊ မဏ္ဍပ်အနောက်က ပတ်လျှောက်လည်း တစ်ယောက်ယောက်တော့ လှမ်းပက်မှာပဲ ဆိုပြီး သူ ကွေ့လျှောက်လာတယ်၊ ရင်တွေလည်း ခုန်လို့..၊ ဒါပေမယ့် မဏ္ဍပ်သာ ကျော်သွားတယ် ဘယ်သူမှ လှမ်းမပက်ဘူး၊ မဏ္ဍပ်ဘေးမှာ ရပ်စောင့် နေတယ်၊ ဒါလည်း ဘယ်သူမှ လာမပက်ကြဘူး၊ အားလုံးက ကားတွေကိုပဲ မဲနေကြတယ်၊ သူ အကြီးအကျယ် ဝမ်းနည်းသွားတယ်၊ ဘေးနားမှာ ရေတွေ တဗွမ်းဗွမ်း လောင်းနေကြပေမယ့် သူကတော့ ခြောက်ခြောက်ကြီး..၊ ဒီလောက်သေချာတဲ့ မဏ္ဍပ်လို နေရာမှာတောင် မစိုခဲ့ဘူး ဆိုတော့ သူ့စိတ်ထဲမှာ အပယ်ခံ၊ အကျဉ်ခံလို့ ခံစားလိုက်ရတယ်၊ လူတွေက သူ့ကို ရေမလောင်း ချင်ကြတော့ဘူးလား၊ သူ လက်လျှော့လိုက်တယ်၊ ခေါင်းငိုက်စိုက်ချပြီး ဝမ်းနည်းပက်လက်နဲ့ လျှောက်လာတုန်း ဗွမ်းကနဲ အသံနဲ့အတူ သူ့တကိုယ်လုံးကို ရေတွေ စိုသွားတယ်၊ ရုတ်တရက် ရေအေးအေးနဲ့ အပက်ခံရလို့ လန့်ဖျပ်ပြီး မော့ကြည့်လိုက်တော့ ရေပက်ခံ ကားပေါ်က တစ်ယောက်က သူ့ကို လက်ပြသွားတယ်၊ သူ အရမ်းပျော်သွားတယ်၊ အခုမှ လောကကြီးနဲ့သူ တသားတည်း ဖြစ်သွားခဲ့တာကိုး...၊

ဇတ်လမ်းက ဒီလို အတိအကျကြီး မဟုတ်ပေမယ့် အဲဒီသဘောပါပဲ၊ အခုလည်း အပူချိန်တိုင်း ပြဒါးတိုင်ကို မျှော်လင့်တကြီးနဲ့ ကြည့်မိတဲ့ ကျနော့်မျက်လုံးတွေက မဏ္ဍပ်ပေါ်က ဘယ်သူကများ သူ့ကို ရေနဲ့ လှမ်းပက်လိုက် ပါ့မလဲလို့ မျှော်လင့်တကြီး ရှာနေမိတဲ့ အဲဒီလူရဲ့ မျက်လုံးတွေနဲ့ တူနေမယ် ထင်ပါရဲ့...၊ အာဂန္တုအဖျား ဆိုတာ မပြည့်စုံတဲ့ လောကနဲ့ အားနည်းတဲ့ လူသားကို တသားတည်း ဆက်စပ်၊ သတိရစေမယ့် တံတားကလေး တစ်ခု များ ဖြစ်လေမလား..၊

နောက်ဆုံးတော့ အဖျားမရှိလိုက်ဘဲ နှာစေးပြီးတော့ပဲ ကျန်ခဲ့တယ်၊ နှာစေးနေတုန်းက သူငယ်ချင်းတွေကို သတိရလိုက် သေးတယ်၊ ကျနော်တို့ အချင်းချင်းကြားမှာ တစ်ယောက်ယောက် နှာစေးနေပြီဆိုရင် မြင်လည်းမြင်နေ၊ သိလည်း သိသာနေလျက်နဲ့ 'မင်း နှာစီး(စေး) နေတာလား' လို့ မေးတတ်ကြတယ်၊ အကြောင်းမသိ ရင်တော့ သနားလို့မေးတာ၊ ဆေးမြီးတိုလေး ပေးချင်လို့ မေးတာလို့ ထင်ချင်စရာပါပဲ၊ အဲဒါကို 'အေးကွာ၊ နှာစီးနေတယ်' လို့များ ဖြေမိလို့ကတော့ နာပြီပဲ၊ အဲဒါဆိုရင် 'သြော်..ဟုတ်လား၊ အေးကွာ.. ကားသမား တွေကတော့ ကားစီးတာပဲကွ' လို့ ဆက်ပြောလိမ့်မယ်၊ ကားစီးတာက ကားသမား ဆိုတော့ နှာစီးတာက... ....၊ အဲ.. 'နှာစီး'တာကို ရေးတဲ့အတိုင်း 'နှာစေး' လို့ပဲ အသံထွက်ချင် မိတော့တယ်၊ ကျနော်က အလုပ်ကို စက်ဘီးနဲ့သွားတာမို့ ကားလည်းမစီးသလို နှာလည်း မစေးတော့ပါဘူး...။ ။း)


ညီလင်းသစ်
၁၄ စက်တင်ဘာ၊ ၂၀၁၁

05 September 2011

သော့


Photobucket

နှစ်ပေါင်း အတော်ကြာ ပျောက်နေခဲ့သော သော့လေးတစ်ချောင်းကို တမြန်နေ့က မထင်မှတ်ဘဲ ပြန်တွေ့ မိပါသည်၊ မုတ်ဆိတ်ရိတ်သည့် ဂျုတ်ထည့်ထားသော သံခွက်ကလေးထဲမှာ ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်၊ မထင်မှတ်သည့် အချိန် မထင်မှတ်သည့် နေရာမှာ တွေ့လိုက်ရသည့် အတွက် သူ အံ့သြသွား မိသည်...၊ ထို့နောက် တဆက်တည်း ကြောင်းကျိုးဆက်နွယ်မှုကို စဉ်းစားမိပြန်သည်၊ ထိုခွက်ထဲမှာ ဘယ်အချိန် ကတည်းက ဒီသော့လေး ရောက်နေခဲ့သလဲ...၊ ဘယ်လိုက ဘယ်လို ရောက်နေတာလဲ၊ တစ်ယောက်ယောက်ကများ ထည့်ထားခဲ့တာလား...၊ မေးခွန်းတွေ မေးမိပါသည်၊

ဤသော့လေးကို တခါတုန်းက သူ အသည်းအသန် လိုက်ရှာခဲ့ ဖူးသည်၊ ဘီဒိုတွေ အံဆွဲတွေ ထဲမှာ၊ စာအုပ်စင်တွေ ပေါ်မှာ၊ အခြား သော့တွဲတွေ ထားလေ့ရှိသည့် နေရာမှာ၊ တံခါးရွက်တွေ အနောက်က သံချိတ်တွေ ပေါ်မှာ၊ အစရှိသဖြင့်...၊ ပုံမှန်အားဖြင့် သော့တစ်ချောင်း ရှိ နေနိုင်သည့် နေရာမှန်သမျှ သူလိုက်ရှာ ခဲ့ပါသည်၊ ထိုနေရာတွေမှာ မတွေ့ရသည့်အခါ ပုံမှန်အားဖြင့် သော့တစ်ချောင်း ရှိမနေနိုင်သော နေရာတွေမှာပါ ဆက်ပြီး ရှာခဲ့သည်၊ သို့ဖြင့် အိပ်ရာခင်း၊ ခေါင်းအုံးစွပ်များ၊ အင်္ကျီအဝတ်အစား များသာ ထားသောနေရာမှ အစ၊ မီးဖိုချောင် ထဲက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ထားသည့် ဘီဒိုပုလေးအလယ်၊ ဝိုင်ပုလင်းများ၊ တိုလီမုတ်စ ပစ္စည်းများသာ ထားတတ်သော မြေအောက် cellar ခန်းထဲအဆုံး တအိမ်လုံး နီးပါး လိုက်ရှာခဲ့သည်၊ ဘယ်မှာမှ မတွေ့ခဲ့...၊ သူ စိတ်ဓါတ်ကျသွား သလို အတော်လေးလည်း မခံချိမခံသာ ဖြစ်သွားမိသည်၊ သူသည် ပုံမှန်အားဖြင့်ဆိုလျှင် စေ့စပ်သေချာသူ တစ်ယောက်ဖြစ်ပါသည်၊ ပစ္စည်းတစ်ခုကို တနေရာမှာ ထားလိုက် မိပြီဆိုလျှင် ထိုနေရာကို မေ့မသွားအောင် ပြန်မှတ်မိနိုင်မည့် နည်းမျိုးစုံဖြင့် မှတ်လေ့ရှိသည်၊ ယခု ဤသော့လေးနှင့်ကျမှ လက်မှိုင်ချခဲ့ရခြင်း ဖြစ်သည်၊ မတတ်နိုင်တော့၊ ဒါဟာ ဇရာရဲ့ ပထမဆုံး လက်သီးပုန်းကြောင့် မှတ်ဥာဏ်တွေ ချို့ယွင်းကုန်ခြင်း များလား...၊

သို့နှင့် နံရံပေါ်က ပြက္ခဒိန်တွေသာ တစ်စောင်ပြီးတစ်စောင် အမှိုက်ပုံးထဲသို့ ရောက်သွားခဲ့ပြီး လွန်ခဲ့သော တစ်ရက်ကမှ စောစောက ပြောခဲ့သည့် သံခွက်ကလေးထဲမှာ မရှာဘဲနှင့် သွားတွေ့ခဲ့ခြင်း ဖြစ်သည်၊ သူ မုတ်ဆိတ်ရိတ်သည့် ဂျုတ်ကို ထိုသံခွက်လေးထဲမှာ ထည့်ပြီး သုံးလာတာကပဲ နှစ်ပေါင်း မနည်းတော့...၊ ပထမတော့ ထိုသံခွက်ထဲမှာ ဂျုတ်နှင့် အပိုဘလိတ်ဓားကဒ် တွေပဲ ရှိသည်၊ နောက်ပိုင်းမှာ လက်သည်းညှပ်၊ လက်သည်းတိုက်သည့် ကျားလျှာ၊ မျက်လုံးမှာ ဆွဲသည့် အိုင်းလိုင်နာခဲတံ၊ ခဲတံချွန်စက်၊ ဇာဂနာ၊ ဆံပင်ညှပ်သည့် ကလစ်၊ ဘောပင် အစရှိသည့် သူနှင့် သိပ်မဆိုင်သော ပစ္စည်းများပါ ရောက်လာသောအခါ သူ့ သံခွက်ကလေးက ပြည့်ကျပ် သွားခဲ့သည်၊ သူကလည်း မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ရိတ်စရာ ရှိသည့်အခါ ယူရိတ်၊ ပြီးသည့်အခါ ဂျုတ်ကို ခွက်ထဲ ပြန်ထည့်သည်မှ လွဲ၍ ခွက်ထဲကို တခါမှ သေသေချာချာ မကြည့်မိခဲ့...၊ ယခု မတွေ့တော့ပါဘူးဟု သူထင်ထားခဲ့သည့် သော့လေးက ထိုသံခွက်ထဲမှာ ပစ္စည်းတွေကြား ညပ်လျက်...၊သော့ကလေးကို ခွက်ထဲမှ နှိုက်ယူလိုက်သည့် ခဏမှာပဲ သူ့စိတ်ကလည်း သူရှိနေသည့် မျက်နှာသစ် ကြွေဘေစင် အရှေ့မှ နေ၍ ကီလိုမီတာ ရှစ်ထောင်ကျေုာ်ခန့် ဝေးကွာသော မင်းနေပြည်တော်ဟောင်း တစ်ခုသို့ တမုဟုတ်ချင်း ဝေ့ဝိုက်ထွက်ခွာ သွားတော့သည်၊

အဲဒီတုန်းက သူနှင့် ချစ်သူတို့ မန္တလေး ဈေးချို နာရီစင်အနီးက အရှေ့အနောက်တန်းသည့် လမ်းလေး တစ်လမ်းထဲမှာ လမ်းလျှောက် နေခဲ့ချိန် ဖြစ်သည်၊ လမ်းကလေးသည် မန္တလေးမြို့၏ အခြားသော လမ်းများနည်းတူ နေရောင်ခြည် ခပ်ပြင်းပြင်းအောက်မှာ ပျင်းရိငြီးငွေ့စွာ တိတ်ဆိတ် ငိုက်မြည်း နေခဲ့သည်၊ လမ်းဘေးမှာတော့ တိုလီမုတ်စ၊ ပစ္စည်းအတိုအထွာ ပေါင်းစုံကို ဗန်းလေးတွေထဲမှာ ထည့်ရောင်းသည့် ဈေးဆိုင်လေးတွေ ရှိသည်၊ စကားတပြောပြောနှင့် လျှောက်လာကြရင်းမှ ထိုကဲ့သို့သော ဈေးဆိုင်လေး တစ်ဆိုင်ရှေ့မှာ သူမက 'ခဏကြည့်ရအောင်'ဟု ပြောပြောဆိုဆိုဖြင့် ရပ်လိုက်သည်၊ ရုတ်တရက်မို့ သူ လည်း ပြောလက်စ စကားတန်းလန်းဖြင့် ကြောင်တောင်တောင် ဖြစ်သွားပြီး ရောယောင် ရပ်လိုက်ရသည်၊ သူတို့နှစ်ယောက် သူ့ ဆိုင်ရှေ့မှာ ရပ်လိုက်တာမြင်တော့ ဆိုင်ရှင် အိန္ဒိယနွယ်ဖွား အမျိုးသားက ခုံပုလေးမှာ ထိုင်နေရာက ဝမ်းသာအားရ ထရပ်သည်၊

" ကြည့်ပါ...၊ ဘာ အလိုရှိပါသလဲ... "

သည်တော့မှ ခင်းကျင်းထားသည့် ဗန်းကလေးထဲကို သူ ကြည့်မိသည်၊ ဗန်းထဲမှာက သော့ခလောက်၊ သော့တံ အဟောင်းများ၊ ဝက်အူလှည့်များ၊ မူလီ အပိုင်းအစများ၊ သံတိုသံစများ၊ စာရွက်ညှပ်သည့် ကလစ်များ စသည့် အတိုအထွာ များစွာ...၊ သူ အနည်းငယ် အံ့သြသွားခဲ့သည်၊ ဒီလို ပစ္စည်းတွေထဲက သူမ ဘာများ လိုချင်လို့ ပါလိမ့်ဟု မျက်မှောင်ကြုတ်လျက် အပြေးအလွှား စဉ်းစားကြည့် မိသည်၊ သူ့ အတွေး မဆုံးမီ မှာပင် သူမက ...

" ဒီသော့တံလေးတွေ ကြည့်ရအောင်.." ဟု ဆိုင်ရှင်ကို လှမ်းပြောလိုက်သည်၊

သူမ ညွှန်ပြရာသို့ ကြည့်လိုက်တော့ ရှေးခေတ်က သုံးခဲ့သည့် ရိုးတံရှည်ရှည်နှင့် အခေါင်းပေါက် ပါသည့် သော့တံများ...၊ သော့တွေက အခုခေတ် တရုတ်လုပ် သော့တွေနှင့်စာလျှင် ရှည်လျားပြီး အနည်းငယ်လည်း လေးလံမည့်ပုံ ပေါ်သည်၊ ဆိုင်ရှင်က သံချောင်းနှင့် တွဲထားသည့် အမျိုးအစားတူ သော့တံ အတွဲကြီးတစ်ခု လှမ်းပေးသည်၊ သူမက သံချောင်းနှစ်ခုကို ချိတ်ထားသည့် နေရာမှ ဖြုတ်လိုက်ပြီး သော့တံတချို့ကို သံကွင်းထဲမှ ဖြုတ်ကြည့်နေသည်၊ ဆိုင်ရှင် အိန္ဒိယ အမျိုးသားက သူတို့ကို အကဲခတ် ကြည့်နေရင်း ပါးစပ်ထဲမှ ကွမ်းသွေးတွေ နောက်ဖက်ကို ပျစ်ကနဲ လှည့်ထွေးလိုက်ပြီး သူ့ပစ္စည်းတွေကို တချက် အမွှမ်းတင် လိုက်သည်၊

" ဒါတွေက ဟိုးအရင်တုန်းက သုံးခဲ့တဲ့ သော့တွေ..၊ အခုခေတ်မှာ တွေ့ဖို့ မလွယ်တော့ဘူး " ...၊

သူမော့ကြည့်လိုက်တော့ ဆိုင်ရှင်က သူ့ကိုယ်သူ ဆော့သ်ဘီ လေလံခန်းမ,မှ ရှေးဟောင်းပစ္စည်း အကဲဖြတ် အရာရှိအလား မျက်နှာထားက ခပ်တင်းတင်း...၊ ဤသော့များသည် ရှေးဟောင်းသော့များ ဖြစ်ကြောင်း သူရော သူမ, သာမက မြင်သမျှ လူတိုင်းကပင် သိနိုင်ပါသည်၊ သည်လူ့နှယ် သူ့ပစ္စည်းတွေ၏ တန်ဖိုးကို မြှင့်တင်ဖို့ သည့်ထက်ကောင်းသည့် စကား ရှာမတွေ့ဘူး ထင်ပါရဲ့...၊ သူမက ဆိုင်ရှင်ကို ဘာမှ ပြန်မပြောဘဲ သော့တံ လေးငါးချောင်းကိုသာ အပြန်ပြန် အလှန်လှန် ကြည့်နေသည်၊ သူကလည်း ဘေးမှာ တိတ်တဆိတ် အသာရပ်ကြည့်ရင်း ထိုသော့တံတွေနှင့် ဖွင့်ရမည့် သော့ခလောက်များကို ဘာရယ်မဟုတ် ရှာဖွေနေမိသည်၊ လင်ဗန်းထဲမှာ သော့ခလောက် သုံးလေးလုံးလောက်တော့ တွေ့မိသည်၊ သို့သော် အချို့က သံချေးများ တက်နေသည့်အပြင် အားလုံးကလည်း အရောရော အထွေးထွေး...၊ သော့ခလောက်နှင့် သူ့သော့တံ အတွဲကို ရှာတွေ့ဖို့ လွယ်မည် မထင်ပါ၊ နေစမ်းပါဦး..၊ တွေ့ပြီပဲ ထား၊ ဒီလို သော့အဟောင်းအမြင်း တွေကို ဘာလုပ်ရမှာတုန်း၊ စဉ်းစားနေရင်းမှ သူ သိချင်လာမိသည်၊ သူမကို လှည့်မေးရန် စကား စ,မလို့ ပြင်ဆဲ သူမက လက်ထဲမှ သော့ ၂ ခုကို ပြရင်း...

" ဒါ ဘယ်လောက်လဲ " ဟု ဆိုင်ရှင်ကို မေးလိုက်သည်၊

" ၃၀၀ ပဲ ပေးပါ "

သူမ,က ခဏ စဉ်းစားလိုက်ရင်း ...

" ၂၀၀ ပေးမယ် " ဟု ဈေးဆစ်လိုက်သည်၊

ထိုစကားကို ကြားတော့ သူ့စိတ်ထဲမှ ပြုံးမိသည်၊ သူက ဈေးဆစ်ရ တော့မည်ဆို အင်မတန် ဝန်လေးသလောက် သူမကတော့ ဈေးဆစ်ရတာ ပျော်သည်ဟု သူ့ကို ပြောဖူးသည်၊ သူ ယုံပါသည်၊ ဒါက တကယ့်ဈေးအမှန်ကို ခန့်မှန်းရင်း ကိုယ်နဲ့ ဈေးသည်ရဲ့အကြားက စိတ်အားပြိုင်မှု တမျိုးပဲ မဟုတ်လား၊ အခုလည်း ဒီလူတွေ ဈေးကို ပိုပြောလိမ့်မည်ဆိုတာ သူတို့ နှစ်ယောက်လုံး သိပါလျက် သူက စဉ်းစားတုန်း ရှိသေး သူမက ကောက်ခါငင်ကာ ဆစ်ချလိုက်သည်၊ ဆိုင်ရှင် အိန္ဒိယ အမျိုးသားက ...

" မရပါဘူး " ဟု ပြောရင်း ခေါင်းခါသည်၊ တဆက်တည်း မချိပြုံး ပြုံးရင်း ဆံပင်ကို တချက်သပ်လျက် အဝေးကို ခပ်ဆွေးဆွေး လှမ်းကြည့် လိုက်သည်၊ သူ့ကိုယ်သူ မိမိချစ်သူ သူဌေးသားနောက် ပါသွားခါနီး ရီဝေစွာ လွမ်းသွားသည့် အခန်းကို သရုပ်ဆောင်နေသည့် မင်းသား ရှရွတ် ခန်းများ အောက်မေ့နေလား မသိ၊ သူ့သော့တွေကို ဒီလို ဈေးနှိမ်သည့်အတွက် ကြေကွဲရပါသည် ပေါ့လေ...၊

ထိုစကားကို ကြားသည့်အခါ သူမက 'ဒါဆိုလည်း ပြီးရောလေ' ဟုဆိုလျက် သူ့လက်ကိုဆွဲပြီး 'လာ.. သွားရ အောင်' ဟု လှည့်ထွက် လာသည်၊ သူတို့ လေးငါးလှမ်းလောက်ပဲ လှမ်းရသေး၊ အနောက်ဖက်မှ ...

" လာ..လာ၊ အဲဒီဈေးပဲ ပေးခဲ့ ..." ဟု လှမ်းခေါ်သည်၊

သူမက ကျေနပ်စွာပြုံးရင်း 'တွေ့တယ် မဟုတ်လား' ဟု အဓိပ္ပါယ်ပါသော အကြည့်ဖြင့် သူ့ကို လှည့်ကြည့်သည်၊ ဆိုင်ရှင်၏ စိတ်ကို သူမ ကြိုပြီး ဖတ်နိုင်ခဲ့သည် မဟုတ်လား၊ သို့နှင့် ရှေးဟောင်း သော့လေး ၂ ချောင်းကို သူမက လက်ထဲမှာ ဆုပ်ကိုင်ရင်း သူတို့ ဆက်လျှောက်လာ ခဲ့သည်၊ အတော်လှမ်းလှမ်း ရောက်မှ သူမက ...

" ဒီသော့တွေက တို့နဲ့သူနဲ့ တစ်ယောက်တစ်ချောင်းစီ ယူဖို့ ... " ဟု ပြောပြောဆိုဆိုနှင့် သူ့ကို သော့တံတစ်ခု လှမ်းပေးသည်၊

'သော့ဆိုတာက တခုခုကို ခတ်ပြီး သိမ်းဖို့ မဟုတ်လား၊ တို့ရဲ့ ချစ်ခြင်းတွေကို ဒီသော့တွေနဲ့ အတူ တသက်လုံးစာ ခတ်သိမ်းထားမယ်လေ' ဟု ပြုံးပြီးပြောသည်၊ မန္တလေး၏ နေရောင်ခြည်သည် မျက်ဝန်းတွေကို အရည်ပျော်စေလောက်အောင် ပူပြင်းသလား မသိ၊ ထိုစကားကို ပြောစဉ်မှာ သူမ၏ မျက်ဝန်းတို့ စိုလဲ့နေခဲ့သည်၊ သူ့ ဘယ်ဖက်ရင်အုံမှာတော့ တင်းကနဲ ဖြစ်သွားသည့် ခံစားမှုနှင့်အတူ ချောက်ကနဲ သော့ခလောက်သံ ကြားလိုက်မိ သလိုလို...၊

" တကယ့်ကို ချစ်စရာ ကောင်းလွန်းတဲ့ စိတ်ကူးလေးပါပဲ၊ ကျေးဇူး တင်ပါတယ်ကွာ " ... ...၊

သော့ကလေးကို လှမ်းယူပြီး ကြည့်လိုက်တော့ သော့ပေါ်မှာ 1500 ဟု ထွင်းထားတာ တွေ့ရသည်၊ သော့ကို ထုတ်လုပ်စဉ်က ဘယ်လို အဓိပ္ပါယ်နှင့် ထွင်းထားထွင်းထား..၊ သည်လို အချိန်မှာ အလိုအပ်ဆုံး ကိန်းဂဏန်းတစ်ခုက ဒီဂဏန်းအပြင် တခြား ဘာများ ရှိနိုင်ဦးမှာလဲ၊ သူ သော့လေးကိုသာ ပြုံးပြီး ငုံ့ကြည့် နေမိသည်၊ အခြား ဘာကိုမှ မမြင်တော့၊ နားထဲမှာလည်း အခြားဘာသံမှ မကြားတော့၊ မန္တလေးမြို့သည် နေ့ခင်းကြောင်တောင်၌ပင် ဤမျှ တိတ်ဆိတ်မှန်း သူတခါမှ သတိမထားမိခဲ့၊ အင်မတန် ပြင်းထန်သော ဗုံးတစ်လုံး ဘေးနားမှာ ကပ်ပြီး တုန်ခါပေါက်ကွဲ သွားသလို နားထဲမှာ အသံမဲ့...၊ တကယ်တော့ အချစ်ဆိုတာ လူတိုင်းလူတိုင်းက အသေခံ ဖောက်ခွဲရေးသမားတွေလို ဘယ်ဖက်ရင်အုံမှာ လိုလိုလားလား ချည်ချင်ကြတဲ့ အပြင်းထန်ဆုံး ဗုံးကလေး တစ်လုံးပဲ မဟုတ်လား...၊

စိတ်မှတ်မဲ့ဖြင့် လက်က ရင်ဘတ်ကို ယောင်ရမ်း စမ်းမိသည့် အချိန်မှာတော့ သူက မန္တလေးမြို့လယ်ခေါင်မှာ မဟုတ်တော့ဘဲ သူ့အိမ်က မျက်နှာသစ် ကြွေဘေစင်ရှေ့ကို ပြန်ရောက်နေ ခဲ့သည်၊ လွန်ခဲ့သော ဆယ်စုနှစ် ကျော်ကျော်မှ အဖြစ်အပျက်များသည် ယခုတိုင် ပြတ်သားစွာ ထင်ကျန်နေတုန်း...၊ ချစ်သူကကော...၊ ဒီအကြောင်းတွေကို သူ့လိုပဲ သတိရနေမလား၊ မန္တလေးမြို့မှာ သော့ခတ်ခဲ့တဲ့ ချစ်ခြင်းတွေကို တွေ့နိုင်ပါဦးမလား၊ ပြန်တွေးမိတော့ သူ့စိတ်ထဲ ပါးပါးလျလျကလေး လွမ်းမိသွားသည်၊ အလွမ်းက လေအဝှေ့မှာ မျက်နှာပြင်ကို ပိုးပုဝါစလေး တစ်စ ပွတ်တိုက်ကြည်စယ် သွားသလိုမျိုး ...၊

ထိုအခိုက်မှာပဲ ရေချိုးခန်းတံခါး ပွင့်သွားသည်၊ လှည့်ကြည့်လိုက်တော့ အိပ်ချင်မူးတူး မျက်လုံးတွေနှင့် မအိမ်သူ...၊ 'ညက အိပ်လို့ကောင်းရဲ့ လား'ဟု သူ နှုတ်ဆက်လိုက်သည်၊ သွားပွတ်တံပေါ် သွားတိုက်ဆေး ညှစ်ရင်း 'အင်း'ဟု မပွင့်တပွင့် ဖြေရင်းမှ ဘေစင်ပေါ် တင်ထားသည့် သံခွက်ကလေးကို တွေ့သွားတော့ 'ဘလိတ်ဓား အသစ် လိုက်ရှာနေတာလား' ဟု မေးသည်၊ 'မဟုတ်ပါဘူး' ဟု ပြန်ဖြေရင်း သော့ကလေး အကြောင်း ပြောပြလိုက်ရင် ကောင်းမလားဟု သူ စဉ်းစားနေမိသည်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ဒါဟာ သိသင့်တဲ့ ကိစ္စပါပဲဟု တွေးရင်း ...

" ဒီမှာ ကြည့်ပါဦး ... " ဟု လက်ထဲမှ သော့ကလေးကို သူ ပြလိုက်သည်၊

" ဟင် ... ဘယ်က ပြန်တွေ့တာလဲ "

သူမ အိပ်ချင်ပြေသွားဟန် တူသည်၊ သူက သံခွက်ကလေးကို လက်ညှိုးထိုးပြ လိုက်ရင်း သိချင်နေတာ တခုကိုလည်း မေးလိုက်သည်၊

" ဒီသော့လေး ရခဲ့တုန်းက အကြောင်းကို ပြန်စဉ်းစားနေတာ၊ သိချင်နေမိတာက အဲဒီတုန်းက ဒီသော့လေးနဲ့ ခတ်ပြီး သိမ်းခဲ့တဲ့ အရာတွေ ဟာ အဲဒီတုန်းကအတိုင်း ရှိသေးလား ဆိုတာ ... "

သူက စကားကို အဆုံးထိ မဆက်ဘဲ တဝက်မှာပင် တမင် ဖြတ်ချထားလိုက်သည်၊ မအိမ်သူက သွားပွတ်တံကို ရေဘုံဘိုင်အောက်မှာ ရေစွတ်လိုက်ရင်း ...

" ဘယ်လို ထင်လို့လဲ ... " ဟု ပြုံးစစနှင့် ပြန်မေးသည်၊ တခုခုကို အတည် မဖြေချင်တဲ့ အခါတိုင်း အဲဒီလို နောက်တီးနောက်တောက် မျက်နှာပေးမျိုးကို သူမဆီမှာ တွေ့ရနေကျ...၊

" ကိုယ်ထင်တာတော့ ဒီအတိုင်းပါပဲ၊ ဒါပေမယ့် ကာယကံရှင်ဆီက confirmation ရတော့ ပိုကောင်းတာပေါ့ " ... ၊

သူမက ချက်ချင်း ပြန်မဖြေဘဲ သုံးလေးချက်လောက် သွားဆက်တိုက် နေလိုက်သေးသည်၊ ဘယ်လိုများ ဖြေရင် ကောင်းမလဲလို့ စဉ်းစားနေတာ များလား၊ ပြီးတော့ သွားတိုက်ဆေး အမြှုပ်တွေကို ကြွေဘေစင်လေး ထဲမှာ အသာ ထွေးချလိုက်ရင်း ရေတငုံဖြင့် ပလုပ်ကျင်းလိုက်ပြီးမှ ...

" အဲဒီအရာတွေကို ဖွင့်ဖို့သော့က တစ်ချောင်းတည်းပဲ ရှိတဲ့အပြင် အဲဒီသော့ပိုင်ရှင် ကိုယ်တိုင်တောင်မှ သူ့သော့ကို ဘယ်နားထားမိမှန်း မသိဖြစ်နေခဲ့တာ မဟုတ်လား၊ ဆိုတော့ ဒီမနက်မှ ပြန်တွေ့တဲ့ သော့တစ်ချောင်းနဲ့ ခတ်ထားခဲ့တဲ့ အရာတွေက အဲဒီတုန်းကအတိုင်း အရာမယွင်းပါပဲရှင် " ဟု ကြည်ကြည်စင်စင် ပြန်ဖြေသည်၊

သူ ပြုံးလိုက်သည်၊ ရေချိုးခန်းလေးထဲမှာ သိင်္ဂါရ မြစ်တစ်စင်း ဖြတ်စီးသွားလေသည် ...။ ။


ညီလင်းသစ်
၎ စက်တင်ဘာ၊ ၂၀၁၁

02 September 2011

အက်ဒီဆင် မသိနိုင်ခဲ့ခြင်းများ


ပြဿနာက မနေ့တုန်းက စ,တယ်၊ သိပ် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ မနေ့ မနက်က လင်းအားကြီး အချိန်လောက်မှာ ကျနော့် အလုပ်မှာ လုပ်ငန်းသုံး အင်ဗာတာ တစ်လုံး ရှောခ့်ရပြီး မီးလောင်သွားတယ်၊ မီးသတ်တွေ အချိန်မီ ရောက်လာပြီး ငြိမ်းလိုက်လို့ ဘာမှ မဆုံးရှုံးပါဘူး၊ မီးလောင်တဲ့ အချိန်မှာ လုံခြုံရေးတွေပဲ ရှိလို့ ဘယ်သူမှတောင် မသိလိုက်ဘူး၊ လူတွေက မနက် အလုပ်ကို ရောက်တဲ့အချိန် ကျန်နေခဲ့တဲ့ ညှော်နံ့ရမှ သိကြတာ...၊ ရုံးခန်းတွေ၊ ဓါတ်ခွဲခန်းတွေ မှာလည်း ပုံမှန်အတိုင်း မီးက ဆက်လာနေ တယ်၊

ဒါပေမယ့် မနက် ၉ နာရီလောက်မှာ ဌာနတွင်း လျှပ်စစ်အဖွဲ့က အားလုံးကို အီးမေးတစ်စောင် ပို့လာတယ်၊ ကြာသပတေး၊ သောကြာ ဒီ ၂ ရက်မှာ အလုပ်တွေကို ပုံမှန်အတိုင်း ဆက်လုပ်လို့ ရတဲ့အကြောင်း၊ ဒါပေမယ့် သောကြာနေ့ ညနေက စနေနေ့ မနက် အတွင်းမှာတော့ အင်ဗာတာမှာ လဲလှယ်တပ်ဆင် စရာတွေ ရှိတဲ့အတွက် အဆောက်အဦး တစ်ခုလုံးမှာ ရှိသမျှ မီးတွေအားလုံး ဖြတ်မယ်ဆိုတဲ့ အကြောင်း-ပါ၊ အဲဒီမှာ ဇတ်လမ်းက စ,တာပါပဲ...၊

ပုံမှန် ရုံးခန်းတွေအတွက် မီးဖြတ်တာဟာ ဘာမှ ပြဿနာ မရှိပေမယ့် ဓါတ်ခွဲခန်းတွေ အတွက်တော့ မီးဟာ မရှိမဖြစ်ပါ၊ ဓါတ်ခွဲခန်း အများစုမှာက analytical devices လို့ ခေါ်ကြတဲ့ စက်တွေ ရှိပါတယ်၊ အဲဒီစက်တွေကို လေးငါးနှစ် တောက်လျှောက် မပိတ်ဘဲ ထားကြ တယ်၊ ဒါပေမယ့် အခုလို အရေးရယ် အကြောင်းရယ်၊ ပိတ်ရမယ် ဆိုတော့လည်း ဘာအရေးလဲ၊ ပိတ်လိုက်ရုံပေါ့၊ အဲဒါက ဒီလောက် အကြောင်း မဟုတ်သေးဘူး၊ တကယ့် အရေးအကြီးဆုံးက ရေခဲသေတ္တာတွေနဲ့ freezers အအေးခန်းတွေ ပါပဲ၊ အအေးခန်းတွေထဲမှာ ဓါတ်ခွဲ ပစ္စည်း နမူနာတွေ၊ စံအဖြစ် အတိမ်းအစောင်း မခံတဲ့ ဒြပ်ပေါင်းတွေ၊ အပူချိန်ကို sensitive ဖြစ်တဲ့ ဓါတုဗေဒ ပစ္စည်းတွေ၊ အကြိမ်ကြိမ် ပြန်ပြီး ဓါတ်ခွဲဖို့အတွက် လပေါင်းများစွာ သိမ်းထားရတဲ့ ရေနမူနာ၊ မြေနမူနာတွေ အများကြီး ရှိပါတယ်၊ တချို့တွေကို သုညအောက် ၂၀ ဒီဂရီမှာ သိမ်းပြီးတော့ အချို့ကိုတော့ သုညအောက် ၈၅ ဒီဂရီမှာ သိမ်းတယ်၊

အမှန်တော့ မီးဖြတ်မယ့် အချိန်က ဒီနေ့ညနေ ၆ နာရီကနေ မနက်ဖြန် စနေနေ့မနက် ၈ နာရီ အထိပါပဲ၊ ဒါပေမယ့် ပစ္စည်း တော်တော် များများက အဲဒီလောက် အချိန်လေး အတွင်းမှာကိုပဲ မြင့်တက်လာတဲ့ အပူချိန်ကြောင့် ယိုယွင်းပျက်စီးတာ၊ အရည်အသွေး မတိကျတော့ တာတွေ ဖြစ်နိုင်ပါတယ်၊ ဒီတော့ အရေးအကြီးဆုံး freezer အအေးခန်းတွေကို မီးဆက်ပြီး ပေးထားဖို့ လုပ်ကြရတော့တယ်၊ မီးက ကျနော် တို့ဌာန ရှိတဲ့ အဆောက်အဦး တစ်ခုထဲမှာပဲ ဖြတ်မှာဆိုတော့ ဘေးနားက အခြားအဆောက်အဦး တွေကနေ မီးကြိုးတွေ သွယ်ကြပါတယ်၊ ဒါပေမယ့် ရှိသမျှ freezer တွေ အကုန်လုံးကို မီး မသွယ်နိုင်လို့ နီးစပ်ရာ freezer အအေးခန်း အချင်းချင်း ပစ္စည်းတွေ ပေါင်းထားကြရ ပြန်တယ်၊ ဒီလိုနဲ့ ဓါတုဗေဒ ပစ္စည်းတွေ ရွှေ့တဲ့လူနဲ့..၊ တယုတယ မွေးထားတဲ့ ဗိုင်းရပ်စ်တွေကို အိမ်ပြောင်းတဲ့ လူနဲ့..၊ ရေနမူနာ ပုလင်းတွေ ကို သယ်တဲ့လူနဲ့..၊ freezer တွေ ရှိရာဆီ ဓါတ်ကြိုးသွယ်တဲ့ လူနဲ့ ...၊ အတော်များများလည်း အလုပ်တွေ ရှုပ်သွား ကြတယ်၊

လျှပ်စစ်မီးဟာ ဖွံ့ဖြိုးပြီးသား ကမ္ဘာ့ လူနေမှုစနစ် မှာတော့ မရှိမဖြစ်လို့ ဆိုရလောက်အောင် အရေးပါ,ပါတယ်၊ ကျနော်တို့ အားလုံးရဲ့ နေ့စဉ် အိမ်သုံး၊ လုပ်ငန်းသုံး ပစ္စည်းတွေ အားလုံးလိုလိုဟာ လျှပ်စစ်စွမ်းအားနဲ့ပဲ လည်ပတ်ကြတယ်၊ ဒါ့ကြောင့်လည်း လျှပ်စစ်ရရှိဖို့ နည်းမျိုးစုံနဲ့ ထုတ်လုပ်ဖို့ ကြိုးစားလာကြတယ်၊ ရေအားလျှပ်စစ် အတွက် မြစ်တွေ၊ ချောင်းတွေကို စတေးပြီး ရေကာတာတွေ ဆောက်ဖို့ ကြိုးပမ်းလာကြ တယ်၊ သဘာဝ ပတ်ဝန်းကျင်အတွက် တချက်ကလေးမှ မစဉ်းစားဘဲ ရတဲ့နေရာကနေ ထုတ်ယူမယ် ဆိုတဲ့ ကိုယ့်ဖို့ပဲ ကြည့်တဲ့ နိုင်ငံကြီး တွေ ရှိလာသလို အဲဒီနိုင်ငံကြီးတွေရဲ့ သြဇာစက်ကွင်းမှာ ဝါးမျိုစုပ်ယူ ခံရတဲ့ နိုင်ငံငယ်လေးတွေလည်း အများကြီး ဖြစ်လာတာပါပဲ၊ အခုထိကတော့ Sustainable Development ဆိုတဲ့ တာရှည်ခံ ဖွံ့ဖြိုးမှု ဆိုတာ မသိသေးတဲ့ သူတွေ အများကြီးပဲ ရှိနေသလို သိပြီးသား သူတွေကလည်း ကိုယ့် အကျိုးစီးပွား နဲ့ ပတ်သက်လာလို့ကတော့ နှာစေးနေလိုက်ကြဖို့ ဝန်မလေး ကြပါဘူး၊

ကိုယ့်လက်ထက်မှာ သုံးနေတဲ့ သဘာဝ အရင်းအမြစ်၊ လူလုပ် အရင်းအမြစ် တွေကို လက်ရှိ ကိုယ့်မျိုးဆက် အတွက်ရော၊ နောင်လာမယ့် မျိုးဆက် အတွက်ပါ ရေရှည်သုံးနိုင်အောင် ခြိုးခြံချွေတာခြင်းဟာ တာရှည်ခံ ဖွံ့ဖြိုးမှု (SD) ပါပဲ၊ ရိုးရိုးလေး တွေးကြည့်လို့ ရပါတယ်၊ ကိုယ့် အတွက် အကုန်မသုံးဘဲ နောက်လူတွေ အတွက်ပါ ချန်ခဲ့မယ် ဆိုတာ တကိုယ်ကောင်းစိတ် ကင်းတဲ့၊ ကိုယ်ချင်းစာ မျှတတဲ့ စိတ်ထားလေးပဲ မဟုတ်လား၊ မလိုအပ်ဘဲ ရေဘုံဘိုင်ကို ဖွင့်မထားတာ၊ အိမ်သာသုံး စက္ကူလိပ်ကို လက်ထဲ ပါလာသလောက် ဆွဲမဖြတ်ဘဲ အတိုင်းအဆနဲ့ သုံးတာ၊ မလိုတဲ့ အခန်းတွေမှာ မီးတွေပိတ်တာ၊ အမှိုက်တွေကို ခွဲခြားပြီး နေရာတကျ စွန့်ပစ်တာ၊ ကွန်ပြူတာတို့၊ တီဗီတို့ကို ပိတ်တဲ့အခါ stand-by မှာ မထားဘဲ မီးနီကလေး လုံးဝမှိတ်တဲ့အထိ ပါဝါခလုတ်ကို အပြီးပိတ်တာ စတာတွေက ကျနော်တို့ တစ်ယောက်စီ လုပ်နိုင်တဲ့ တာရှည်ခံ ဖွံ့ဖြိုးမှုပါပဲ၊ Think globally, act locally လို့လည်း ဆိုကြတယ် မဟုတ်လား၊ အခုက ကမ္ဘာနဲ့ချီပြီး တွေးနေတာတော့ မဟုတ်ပါဘူး၊ ပစ္စည်းတွေကို ဟိုရွှေ့ဒီရွှေ့ လုပ်လို့အပြီး၊ အိမ်မပြန်ခင်လေးမှာ ခေါင်းထဲရောက်လာတဲ့ စိတ်ကူးဖြတ်စ တချို့ကို ဖမ်းဆုပ်ထားလိုက် မိတာ သက်သက်ပါပဲ...။ ။


ညီလင်းသစ်
၂ စက်တင်ဘာ၊ ၂၀၁၁