14 September 2011

ခုတလောဆီမှာ …


ပြီးခဲ့တဲ့ ရက်တွေမှာ အိပ်နေတာ နည်းနည်းကြာနေတဲ့ ဘလော့ဂ်တွေဆီ သွားလည်ပြီး နှိုးစက်နာရီလေးတွေ လက်ဆောင် လိုက်ပေးတယ်၊ ထကြပါ ပေါ့လေ၊ သူများ ထချင်မှန်း မသိ၊ မထချင်မှန်း မသိနဲ့၊ အတင်းကြီးပဲ၊ အလိုက်ကန်းဆိုး မသိတတ်ပုံများ...၊ အဲဒီလို အပေးကောင်းလို့ နှိုးစက်နာရီ အားလုံးကုန်သွားပြီး ကိုယ့်အတွက်တောင် မကျန်တော့ဘူး၊ အဲဒါကြောင့် အခုမှပဲ လူးလဲထလာရတာ..၊ အင်း.. နေတောင် အတော်မြင့်နေပါ ပေါ့လား၊း)

အမှန်က ဒီလိုဗျ၊ ပြီးခဲ့တဲ့ တစ်ပတ်က ကျနော် နည်းနည်းနေမကောင်း ဖြစ်နေခဲ့တာ...၊ တညနေ ဒိုဂျို (dojo)က အပြန်မှာ ချွေးနဲ့ ပြန်ပြီး အအေးမိသွားပုံ ရတယ်၊ အိမ်ရောက်တော့ နည်းနည်း ချမ်းစိမ့်စိမ့်နဲ့..၊ ဒါပေမယ့် ဒီလိုပဲ နေလိုက်တယ်၊ ည အိပ်ခါနီးကျတော့ ကိုယ်တွေ လက်တွေပါ ကိုက်ချင် သလိုလို..၊ အင်း.. သေချာသလိုတော့ ရှိလာပြီ၊ တုပ်ကွေးများလား မသိဘူး ဆိုပြီး ကျနော် ဝမ်းသာသွားတယ်၊ တကယ်ပါ..၊ နေမကောင်း မဖြစ်တာ အတော်ကြာတော့ တခါတလေလေး မအီမသာ ဖြစ်ရင်ကောင်းမှာလို့ တွေးနေတတ်တာ..၊ ဥပမာ- တုပ်ကွေးလိုမျိုး ကွေးနေရတာ ဘယ်လောက်မိုက်သလဲ၊ ဒူးဆစ်၊ တံတောင်ဆစ်တွေမှာ တဖျင်းဖျင်းနဲ့၊ လက်ချောင်းတွေကလည်း အားမရှိ လို့ လက်သီးတောင် တင်းတင်းမဆုပ်နိုင်..၊ အဲဒီလို ဖီလင်မျိုးကို ကျနော် ကြိုက်တယ်၊ အဲဒါကြောင့် ဝမ်းသာမိသလိုလို ဖြစ်သွားတာ..၊ အဲ..ခေါင်းတွေကိုက်၊ အဖျားတွေ အရမ်းကြီးနေ တာတော့ သိပ်မလိုချင်ဘူး၊ ဒီလိုနဲ့ အိပ်မပျော်ခင်မှာဘဲ လည်ချောင်းတွေပါ နာလာတာ သတိ ထားလိုက်မိတယ်..၊ အိုကေ.. သေချာပြီ၊ Welcome on board မစ်စတာ တုပ်ကွေး...၊

ကျနော် ခပ်ငယ်ငယ်တုန်းက နေမကောင်းဖြစ်လို့ ကိုယ်ပူရှိန် အရမ်းတက်တဲ့အခါ ကယောင်ကတမ်း ဖြစ်လေ့ ရှိပါတယ်၊ အဖျားကြီးတဲ့အခါတိုင်း မြင်ရတတ်တဲ့ မြင်ကွင်းတစ်ခုကို ကျနော်အခုထိ မှတ်မိနေတယ်၊ အဲဒါက ပေါင်မုန့်လိုလို အလုံးကြီးတစ်ခု...၊ ဂျုံကြမ်းနဲ့ နယ်ထားသလို အညိုပုပ်ရောင် ပေါင်မုန့်ကြမ်းကြီး တစ်လုံးက ဟိုး.. အဝေးတနေရာကနေ ကျနော့်မျက်နှာနား တဖြည်းဖြည်း နီးလာလေ့ ရှိတယ်၊ တကယ်တမ်း နီးလာတော့ မျက်နှာပြင်မှာ ဆူးချွန်တွေ ပါတဲ့ အမည်းရောင် အလုံးကြီးတစ်ခု ဖြစ်သွားလေ့ ရှိတယ်၊ ဆေးပညာ စာအုပ်တွေ မှာ ဗိုင်းရပ်စ်တွေကို ဆွဲထားတဲ့ပုံနဲ့ အတော်ဆင်ပါတယ်၊ အဲဒီကောင်ကြီး ကျနော့်မျက်နှာနား ကပ်လာတဲ့အခါ ကျနော်အမြဲတမ်း ကယောင်ကတမ်းနဲ့ ကြောက်လန့်တကြား အော်ဟစ်လေ့ ရှိတယ်၊ နောက်ပိုင်းမှာ အရမ်းအဖျားကြီးတာမျိုး မဖြစ်တော့လို့ အဲဒီ ပေါင်မုန့်ကြီးကို မတွေ့ရတော့ပေမယ့် သူပါဝင်ခဲ့တဲ့ ဇတ်ဝင်ခန်းတွေ ကို မှတ်မိနေဆဲပါပဲ၊ သူကတော့ ကျနော် အကြီးအကျယ် နေထိုင်မကောင်း ဖြစ်မယ့်အချိန်ကို ကန့်လာကာ နောက်ကွယ် တနေရာကနေ ပုန်းအောင်းရင်း စောင့်ဆိုင်းနေမယ် ထင်ပါရဲ့...၊

ဒါနဲ့ နောက်တနေ့မနက် နိုးလာတဲ့အချိန်မှာ ကျနော့်တကိုယ်လုံးဟာ ကိုင်ရိုက်ထားသလို ညောင်းညာနေခဲ့ တယ်၊ ကိုယ်ပူရှိန်များ ရှိနေ မလားလို့ မျှော်လင့်ချက်ကလေး နည်းနည်းနဲ့ အဖျားတိုင်းကြည့်တော့ ပုံမှန်ပဲ၊ ကျနော် နည်းနည်းစိတ်ညစ်သွားတယ်၊ အဖျားသွေးရှိရင် အလုပ်ကနေ ခွင့်ယူဖို့ ကြံစည်ထားတာကိုး၊ အခုတော့ နည်းနည်းပါးပါး ကိုက်ခဲရုံလောက်နဲ့ ခွင့်ယူဖို့ လိပ်ပြာမသန့်တာနဲ့ အလုပ်သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်၊ အလုပ်မှာ ပင်ပန်းပြီး ဖျားချင် ဖျားလာမှာပေါ့၊ မဟုတ်ဘူးလား...၊ အဲဒီလို အတွေးနဲ့ အလုပ်သွားတယ်၊ အလုပ်မှာ ချမ်းစိမ့်စိမ့် ထပ်ဖြစ်လာပြီး ဒီတခါတော့ နှာပါချေလာတယ်၊ ဟုတ်လာပြီ..၊ ဟုတ်လာပြီ...၊ ဒါနဲ့ ညနေ အိမ်ပြန်ရောက်လို့ အဖျားတိုင်း ကြည့်တော့ ဒုံရင်းက ဒုံရင်းပဲ၊ အပူချိန်က ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် ဝန်းကျင်မှာပဲ ရှိနေတယ်၊ ငါ့နှယ်နော်...၊ အဖျားလေး နည်းနည်းလောက် များ ရှိမလားလို့ မျှော်လင့်ကာမှ...၊

ဖတ်ဖူးတဲ့ မဂ္ဂဇင်း ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရမိတယ်၊ ဘယ်သူ ရေးခဲ့မှန်းတော့ မမှတ်မိတော့ပါဘူး၊ ဇတ်လမ်းကို မှတ်မိသလောက် ပြောရရင် တခါတုန်းက လူတစ်ယောက်ဟာ သင်္ကြန်တွင်းမှာ လူတွေရေပက်၊ ပျော်ပါးကြတာ၊ အုပ်စုလိုက် လည်ပတ်၊ အော်ဟစ်ကြတာ တွေကို နည်းနည်းမှ ကြည့်မရဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ဒီလို ရေတွေနဲ့ လောင်းနေတာဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ သူကယူဆတယ်၊ ဒီလိုနဲ့ သင်္ကြန်တွင်း တစ်ရက်မှာ သူအပြင်ကို သွားရဖို့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတော့တယ်၊ သူက လုံးဝ ရေအစို မခံချင်ဘူး၊ ကိစ္စကလည်း မဖြစ်မနေ သွားကို သွားရမယ့် ကိစ္စ...၊ ဒါနဲ့ သူလည်း တထိတ်ထိတ်နဲ့ပဲ ထွက်လာခဲ့တယ်၊ လမ်းမှာ သူ့ကို ရေပက်ဖို့ ပြေးလာတဲ့ ကလေးတစ်ယောက်ကို ပထမဦးဆုံး တွေ့တယ်၊ ကလေး သူ့အရှေ့ရောက်တော့ သူက လက်ကာပြ လိုက်တယ်၊ ရုတ် တရက်ဆိုတော့ ကလေးလည်း ကြောင်သွားတယ်၊ အဲဒီလို ကြောင်သွားတာကို အခွင့်ကောင်း ယူပြီး ကလေး,လေးရဲ့ ရေခွက်ကို ပုတ်ချပစ်ပြီး သူထွက်လာလိုက်တယ်၊ ကလေးက အနောက်မှာ ငိုပြီး ကျန်နေခဲ့ ချိန်မှာ သူက အောင်နိုင်သူ တစ်ယောက်လို လှစ်ကနဲ ပြုံး လိုက်တယ်၊

သိပ်မကြာဘူး၊ အရှေ့မှာ ကောင်မလေး သုံးလေးယောက် ရေခွက်လေးတွေနဲ့ စောင့်နေတာ တွေ့ရတယ်၊ ဒါပေမယ့် အဲဒီရှေ့ မရောက်ခင်မှာဘဲ လမ်းချိုးလေး တစ်ခုထဲ ချိုးဝင်ပြီး သူ ရှောင်ထွက်နိုင်ခဲ့တယ်၊ လမ်းမကြီးပေါ် ပြန်တက်ပြီး သိပ်မကြာခင် ကောင်လေးနှစ်ယောက် ရေပြွတ်လေးတွေနဲ့ ပြေးလာတာကို မျက်စိထဲ ရိပ်ကနဲ မြင်လိုက်လို့ သူ ထွက်ပြေးတယ်၊ ကလေးနဲ့လူကြီး ခြေလှမ်းချင်း ကွာတော့ ဟိုကောင်လေး နှစ်ယောက်လည်း မကျေမနပ်နဲ့ ကျန်ခဲ့တယ်၊ အဲ.. သူကတော့ အတော်လေး ကျေနပ်နေတယ်၊ အခုထိ ရေမစို သေးဘူး မဟုတ်လား၊ အဲဒီနောက်ပိုင်းမှာတော့ သူ့အတွက် 'အန္တရာယ်' သိပ်မရှိတော့ဘူး၊ ခပ်လှမ်းလှမ်းမှာ ကလေးတသိုက် ရေပြွတ်တွေနဲ့ အပြန်အလှန်ထိုး၊ နို့ဆီခွက်တွေနဲ့ ခွက်စောင်းခုတ်နေ ကြတာတွေကို လှမ်းကြည့်ရင်း သူလည်း စိတ်ထဲမှာ ပျော်သလိုလို ဖြစ်လာတယ်၊ ရှိတဲ့နေရာမှာ ခဏရပ်ပြီး လူတွေကို လိုက်ကြည့်တယ်၊ ရေပက်ခံ ကားတွေက ဆူညံအော်ဟစ်လို့၊ လမ်းသွားလမ်းလာ တွေကလည်း တပြုံးပြုံးနဲ့၊ လူတိုင်းလူတိုင်းရဲ့ မျက်နှာမှာ ပျော်ရွှင်ခြင်း သက်သက်ကိုသာ တွေ့နေရတယ်၊ အဲဒီအပျော်တွေက အခုဆို သူ့ကို လုံးလုံးလျားလျား ကူးစက်သွားလို့ သူလည်း ပျော်လာတယ်၊ အဲဒီမှာပဲ သူ တခုသတိထားမိ သွားတယ်၊ လူတွေအားလုံးက စိုစိုရွှဲရွှဲနဲ့ ပြုံးနေပေမယ့် သူကတော့ ခြောက်ခြောက်သွေ့သွေ့ကြီးနဲ့ ပြုံးနေရတာ..၊ စိုရွှဲနေတဲ့ တလောကလုံးရဲ့ အလယ်မှာ သူက တစ်ဦးတည်း ခြောက်သွေ့လို့...၊ သူ့စိတ်တွေ တမျိုးဖြစ်သွားတယ်၊ လောကနဲ့ သူနဲ့အကြားမှာ စည်းခြားနေသလို ခံစားရတယ်၊ သူက အခြေအနေ အချိန်အခါအလိုက် အများနည်းတူ စီးမျောမနေဘဲ တစ်ယောက်ထဲ ကန့်လန့်ကြီး တင်ကျန်နေခဲ့ သလိုပဲ၊ သူ လူတွေနဲ့ တသားတည်း ဖြစ်ချင် လာခဲ့ပြီ...၊ ရေစိုခံချင် နေခဲ့ပြီ ...၊

အဲဒီအခိုက်မှာပဲ ဆယ်နှစ်လောက်ရှိမယ့် ကောင်မလေးတစ်ယောက် ရေပုံးလေးနဲ့ ပြေးလာတာ တွေ့တယ်၊ ဒီတခါတော့ သူ ထွက်မပြေးဘဲ မသိချင်ယောင်ဆောင်ပြီး တဖက်ကို လှည့်နေခဲ့တယ်၊ ဒါပေမယ့် ကောင်မလေးက သူ့ကို ကျော်သွားပြီး ခပ်လှမ်းလှမ်းက ကောင်လေးတစ်ယောက်ကို သွားလောင်းတယ်၊ သူ နည်းနည်းတော့ ရှက်သွားတယ်၊ ဒါနဲ့ ဆက်လျှောက်လာရင်း ရေပြွတ်တွေနဲ့ ကလေးတအုပ် မျက်နှာချင်းဆိုင် ကနေ လာနေတာ တွေ့ပြန်ရော၊ ကလေးတွေကို အဝေးကြီးကနေ သူပြုံးပြထားရင်း ဆက် လျှောက်လာတယ်၊ ဒါပေမယ့် နီးတော့မှ ကလေးတွေက တဖက်လမ်းက တခြားကလေးအုပ်ကို ရေပြွတ်ချင်း ပြိုင်ထိုးဖို့ လမ်းကူး သွားလို့ သူ 'ဟာ' သွားတယ်၊ စိတ်ဓါတ်လည်း ကျသွားတယ်၊ ရေစိုချင်ပါတယ် ဆိုမှ ဘယ်သူမှ မပက်ကြဘူး၊ အဲဒီတုန်းမှာ အုန်းလက်မဏ္ဍပ်တစ်ခုကို ခပ်ဝေးဝေးမှာ သွားတွေ့တယ်၊ ရေပုံးတွေ၊ ရေပိုက်တွေ ကိုယ်စီနဲ့..၊ သူ ဝမ်းသာအားရ ချီတက်သွားတယ်၊ ဒီတခါလောက် သေချာတာ ဘယ် ရှိတော့မှာလဲ ဆိုတဲ့ အားတက်မှုတွေနဲ့..၊ အနားရောက်တော့ မဏ္ဍပ်ရှေ့ ဆင်းလျှောက်ဖို့ ကြံနေတုန်း ရေပက်ခံကားတစ်စင်း ဝင်လာတာနဲ့ သူ လက်လျှော့ လိုက်ရတယ်၊ ကိစ္စ မရှိဘူး၊ မဏ္ဍပ်အနောက်က ပတ်လျှောက်လည်း တစ်ယောက်ယောက်တော့ လှမ်းပက်မှာပဲ ဆိုပြီး သူ ကွေ့လျှောက်လာတယ်၊ ရင်တွေလည်း ခုန်လို့..၊ ဒါပေမယ့် မဏ္ဍပ်သာ ကျော်သွားတယ် ဘယ်သူမှ လှမ်းမပက်ဘူး၊ မဏ္ဍပ်ဘေးမှာ ရပ်စောင့် နေတယ်၊ ဒါလည်း ဘယ်သူမှ လာမပက်ကြဘူး၊ အားလုံးက ကားတွေကိုပဲ မဲနေကြတယ်၊ သူ အကြီးအကျယ် ဝမ်းနည်းသွားတယ်၊ ဘေးနားမှာ ရေတွေ တဗွမ်းဗွမ်း လောင်းနေကြပေမယ့် သူကတော့ ခြောက်ခြောက်ကြီး..၊ ဒီလောက်သေချာတဲ့ မဏ္ဍပ်လို နေရာမှာတောင် မစိုခဲ့ဘူး ဆိုတော့ သူ့စိတ်ထဲမှာ အပယ်ခံ၊ အကျဉ်ခံလို့ ခံစားလိုက်ရတယ်၊ လူတွေက သူ့ကို ရေမလောင်း ချင်ကြတော့ဘူးလား၊ သူ လက်လျှော့လိုက်တယ်၊ ခေါင်းငိုက်စိုက်ချပြီး ဝမ်းနည်းပက်လက်နဲ့ လျှောက်လာတုန်း ဗွမ်းကနဲ အသံနဲ့အတူ သူ့တကိုယ်လုံးကို ရေတွေ စိုသွားတယ်၊ ရုတ်တရက် ရေအေးအေးနဲ့ အပက်ခံရလို့ လန့်ဖျပ်ပြီး မော့ကြည့်လိုက်တော့ ရေပက်ခံ ကားပေါ်က တစ်ယောက်က သူ့ကို လက်ပြသွားတယ်၊ သူ အရမ်းပျော်သွားတယ်၊ အခုမှ လောကကြီးနဲ့သူ တသားတည်း ဖြစ်သွားခဲ့တာကိုး...၊

ဇတ်လမ်းက ဒီလို အတိအကျကြီး မဟုတ်ပေမယ့် အဲဒီသဘောပါပဲ၊ အခုလည်း အပူချိန်တိုင်း ပြဒါးတိုင်ကို မျှော်လင့်တကြီးနဲ့ ကြည့်မိတဲ့ ကျနော့်မျက်လုံးတွေက မဏ္ဍပ်ပေါ်က ဘယ်သူကများ သူ့ကို ရေနဲ့ လှမ်းပက်လိုက် ပါ့မလဲလို့ မျှော်လင့်တကြီး ရှာနေမိတဲ့ အဲဒီလူရဲ့ မျက်လုံးတွေနဲ့ တူနေမယ် ထင်ပါရဲ့...၊ အာဂန္တုအဖျား ဆိုတာ မပြည့်စုံတဲ့ လောကနဲ့ အားနည်းတဲ့ လူသားကို တသားတည်း ဆက်စပ်၊ သတိရစေမယ့် တံတားကလေး တစ်ခု များ ဖြစ်လေမလား..၊

နောက်ဆုံးတော့ အဖျားမရှိလိုက်ဘဲ နှာစေးပြီးတော့ပဲ ကျန်ခဲ့တယ်၊ နှာစေးနေတုန်းက သူငယ်ချင်းတွေကို သတိရလိုက် သေးတယ်၊ ကျနော်တို့ အချင်းချင်းကြားမှာ တစ်ယောက်ယောက် နှာစေးနေပြီဆိုရင် မြင်လည်းမြင်နေ၊ သိလည်း သိသာနေလျက်နဲ့ 'မင်း နှာစီး(စေး) နေတာလား' လို့ မေးတတ်ကြတယ်၊ အကြောင်းမသိ ရင်တော့ သနားလို့မေးတာ၊ ဆေးမြီးတိုလေး ပေးချင်လို့ မေးတာလို့ ထင်ချင်စရာပါပဲ၊ အဲဒါကို 'အေးကွာ၊ နှာစီးနေတယ်' လို့များ ဖြေမိလို့ကတော့ နာပြီပဲ၊ အဲဒါဆိုရင် 'သြော်..ဟုတ်လား၊ အေးကွာ.. ကားသမား တွေကတော့ ကားစီးတာပဲကွ' လို့ ဆက်ပြောလိမ့်မယ်၊ ကားစီးတာက ကားသမား ဆိုတော့ နှာစီးတာက... ....၊ အဲ.. 'နှာစီး'တာကို ရေးတဲ့အတိုင်း 'နှာစေး' လို့ပဲ အသံထွက်ချင် မိတော့တယ်၊ ကျနော်က အလုပ်ကို စက်ဘီးနဲ့သွားတာမို့ ကားလည်းမစီးသလို နှာလည်း မစေးတော့ပါဘူး...။ ။း)


ညီလင်းသစ်
၁၄ စက်တင်ဘာ၊ ၂၀၁၁

36 comments:

Anonymous said...

ကဲ
ဖျားမှာလား
မဖျားဘူးလား

:p

ညီ

Nyi Linn Thit said...

"ကဲ..ဖျားရဲရင် ဖျားကြည့်စမ်း" ဆိုတာ သွားသတိရတယ်..၊း)

Anonymous said...

I'll give you my regular visitor"Flu".I really hate it.It comes to me especially on Friday evening.Are you sure not"hnarsae"..:D
GD

ဘေဘီ said...

ကျမတော့ စနိုးရာသီဆို နှစ်တိုင်းဖျားတယ်။
င်္ူFlu ကာကွယ်ဆေးထိုးပြီး နောက်တပတ်ဆို ဖျားနေကျ
ဒီနှစ် ကိုညီ့ဆီ ပါဆယ်ပို့လိုက်မယ်နော် :P

မေငြိမ်း said...

တို့ကတော့ နှိုးစက်လည်း မနိုင်တော့ဘူးထင်ပါရဲ့ ညီလင်းရေ..။ ကိုယ့်ကျောင်းစာတဘက်.. ဆယ်ကျော်သက်သမီးတဘက်.. အရွယ်မရောက်သေးတဲ့သားငယ်လေးတဘက်.. ကိုယ့်ကွန်မျူနတီအတွက် လုပ်ပေးနေတဲ့ မြန်မာစာကျောင်းမှာ စာသင်ရတာတဘက်...
ရှိသေးရင် နည်းနည်းပေးပါလို့သာ တောင်းချင်တော့တယ်.. အချိန်.. အချိန်.. အချိန်....

Mon Petit Avatar said...

တခါတလေ ဘာရယ်မဟုတ် သိပ်ဖျားချင်တယ်။ အခုတော့ ခေါင်းကိုက်လိုက် ဆေးသောက်လိုက် allergy ဖြစ်လိုက် ဆေးသောက်လိုက်နဲ့ လည်နေတယ်။ သားလေးရယ် မအိမ်သူရယ် ကိုမကူးပါဘူးနော်?

Anonymous said...

ရာသီပြောင်းရင် အဲံ့လိုဖြစ်တတ်ကြတယ်ထင်တယ်..။
နှာစေးတာမျိုး


ပေါက်

မောင်မျိုး said...

ဒီပို့စ်လေးဖတ်ပြီး အငယ်တုန်းက ဖျားချင်တာကို သတိသွားရမိတယ် ဖျားရင် မိဘ ၊ညီအစ်ကိုမောင်နှမတွေက ဂရုစိုက်တယ် ပြီးတော့ နေကောင်းတဲ့အချိန်မှာ မစားရတဲ့ အစားသောက်တွေကိုလည်း နေမကောင်းဖြစ်တဲ့အခါကျ အစားကောင်းတွေ အများကြီးစားရတာကိုးးးး))

အခုတော့ မဖျားချင်တော့ပါဘူး ဖျားရင် လူက အိမ်လွမ်းနာပိုကျတာကိုးးး(

ကောင်းမွန်ဝင်း said...

နေမကောင်းပျောက်ပြီး နလံထစ အခြေအနေကို ကျွန်မက ကြိုက်တယ်။

ခံတွင်းလိုက်အောင် လူကြီးတွေက ဟိုဟာကျွေးဒီဟာကျွေးစီစဉ်ပေးကြတယ်မို့လား။

အခုကော (ဖျားချင်သောရောဂါ နဲ့ နှာစေးတာ)သက်သာသွားပြီလား။

ကိုညီလင်းသစ်ဖျားရင် မအိမ်သူ စိတ်ညစ်မှာတော့ မတွေးမိဘူးပေါ့လေ။

အိပ်ချင်ယောင်ဆောင်နေတဲ့
နှိုးစက်ရသူတစ်ဦး

Anonymous said...

ကိုညီလင်းသစ် ရေ

နေကောင်းကျမ်းမာ ချမ်းသာစွာ နဲ့ စာတွေ အများကြီး ရေးနိုင်ပါစေ စောင့်မျှော်နေပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး

Anonymous said...

ဖျားရင်ခွင့်ရမယ်လေ အိမ်မှာ ဇိမ်နဲ့ကွေးပြီးဆန်ပြုတ်သောက်ရတာကိုကြိုက်တယ်...။

ခင်တဲ့
မိုးငွေ့

မြသွေးနီ said...

ကိုညီလင်းသစ်ရေ...
ကျွန်မကတော့ အဖျားဆို သိပ်ကြောက်တယ်။ မဖျားတာလည်း အတော်ကြာနေပြီ။ နေမကောင်းချိန် အနားရတာထက် နေပြန်ကောင်းရင် တင်လာမယ့် အလုပ်ကြွေးတွေကို ကြောက်တတ်လို့ မဖျားအောင် အမြဲဂရုစိုက်နေမိတယ်။
နေကောင်းကျန်းမာစွာ စာတွေ ရေးနိုင်ပါစေရှင်..။

သက်ဝေ said...

ဘုရားရေ... ဖျားချင်ရတယ်လို့ပဲ ကိုညီလင်းရယ်... ကိုယ်ကတော့ အပူမိလည်း ဖျား... အအေးမိလည်း ဖျား... နေပူလဲ ဖျား... မိုးမိလဲ ဖျား... မကြာခဏ ဖျားတတ်သူမို့ ဖျားရမှာကို သိပ်ကြောက်တယ်...
အတတ်နိုင်ဆုံး မဖျားအောင်ပဲ နေပါ ကိုညီလင်းရေ...

ဒါနဲ့ စကားမစပ် ပို့လုဆဲဆဲ နှိုးစက်နာရီလေး ပြန်ယူသွားတယ်နော်...း))

မေဓာဝီ said...

ကျမလဲညက ခေါင်းတွေကိုက်ပြီး နှာပိတ်သလို ဖြစ်နေလို့ ဖျားတော့မလားမသိဘူးဆိုပြီး လန့်သွားတယ်။ ငယ်ငယ်ကတော့ ကိုယ့်ကိုဂရုစိုက်ခံချင်လို့ရယ် ကျောင်းမတက်ချင်တာရယ်ကြောင့် ဖျားချင်ခဲ့တာ။ ခုချိန်မှာ ဖျားလဲ အနားမှာ ဘယ်သူမှ မရှိတဲ့အပြင် ကျောင်းတဖက် အလုပ်တဖက်မို့ ဖျားရမှာ ကြောက်နေပြီ။

ဘာပဲဖြစ်ဖြစ် အာရောဂျံ ပရမံ လာဘံ ... တဲ့ ကိုညီလင်းရေ ... ကျန်းမာရေးဂရုစိုက်ပါ။ နှာစေးတယ်ဆိုတော့ ...
ယုန်ကလေး နှာစေးသလို ဖြစ်နေတာလား တွေးမိသေးတယ်။ :))

မဒမ်ကိုး said...

အောင်မလေး အကိုရယ် ဒီမှာဖျားနေတာ လာယူပါ လာယူပါ ဖျားချင်ရင် .
အဲလိုဆုအတောင်းကောင်းလို့လေ
မဒိုးကန်တော့အီစိမ်သွားတာပဲး(

blackroze said...

ကိုညီလင်းသစ်ရေ

အကိုရေးထားတာဖတ်ပြီး
ဟိုနားကကိုက်လာသလိုလို
ဒီနားကနာလာသလိုလို
ဖြစ်သွားတယ်..
အရေးအသားတော်ပါ့ရှင်..

by the way
တခါတလေ..C-box ကိုဖြုတ်ထားရင်
ကောင်းမလားလို့ အကိုရေ..

Anonymous said...

ပထမဆုံးဘလော့လာလည်ပြီး
ကျန်းမာပါစေ တောင်းဆုချွေခဲ့ပါသည်
း)


မောင်ဘကြိုင်

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလည်း ဖြစ်နိုင်မယ်ဆိုရင် အကြိးကျယ်ကြိး အိပ်ရာထဲ ခွေနေခွင့်ရအောင် ဖျားချင်နေတယ်အကို :):) အဖျားပျောက်ပြိး ပြန်လည် ကျန်းမာလာတယ်ဆိုလို့ ဝမ်းသာရပါတယ်...အကို
ကောင်းသောနေ့လေး ဖြစ်ပါစေလို့..
ဆန္ဒပြုရင်း..

jasmine(တောင်ကြီး) said...

အဲမြဲတမ်းဖျားတာတွေ၊ နာကျင်တာတွေ
ခံစားရလွန်းတော့ ဖျား ဆိုတဲ့ အသံ
ကိုတောင်မကြားချင်တော့ပါဘူး
စိတ်နာနေသလိုပဲ...ကိုယ့်သူငယ်ချင်းတွေ
အားလုံးကိုလဲ ကျန်းမာရေးကောင်းစေချင်တယ်။
ခင်မင်တဲ့ jasmine

Nyi Linn Thit said...

ဂျီးဒေါ် ...
တုပ်ကွေးက သောကြာနေ့ ညနေမှာ ပုံမှန် ရောက်လာတယ်ဆိုတော့ ဂျီးဒေါ်ဆီမှာ weekend လာ,လာလည်တဲ့ တုပ်ကွေးများလား....၊း)

မဘေဘီ ...
ကျေးဇူးပါဗျာ..၊ အခုလို စေတနာ အပြည့်နဲ့ ရက်ရောတာ..၊း)

အမမေငြိမ်း ...
အမပျောက်နေတာ အတော်ကြာနေတော့ ဒီလိုပဲ ဖြစ်ရမယ်လို့ ထင်တော့ထင်သား အမရဲ့..၊ အမရဲ့ ဘလော့ဂ်မှာ စီဘောက်စ်လည်း ဖြုတ်ထားပြန်တော့ လာလာလည်ပေမယ့် နှုတ်မဆက်ခဲ့ရဘူး..၊း(

Mon Petit Avatar ...
ဟား..ဖျားချင်သူ တစ်ယောက်နဲ့တော့ တွေ့ပြီ၊း) ဘယ်နေမလဲဗျာ၊ ကူးတာပေါ့၊ ဒါပေမယ့် ဘယ်သူမှ မဖျားကြပါဘူး၊ နှာစေး ချောင်းဆိုးတာ သက်သက်ပဲ..၊

ပေါက် ...
အခုက နွေလယ်ခေါင်ကြီးမှာ ထ,ဖြစ်နေလို့ လူတောင် အူကြောင်ကြောင်နဲ့ရယ်...၊

မောင်မျိုး ...
အင်း..ညီတော့ ဆေးပေးမီးယူ လိုနေပြီမှတ်တယ်၊း) ဖျားတဲ့နာတဲ့အခါ အိမ်လွမ်းတာ လျော့ပြီး အိမ်သူကို လွမ်းတာ ပိုလာလိမ့်မယ်...ဟားဟား၊

မ,ကောင်းမွန်ဝင်း ...
ဟုတ်တယ်နော်၊ အဖျားပျောက်စ အခြေအနေမှာ ကိုယ်က ဘုရင်ပဲ၊ သူ စိတ်ညစ်လားတော့ မသိပါဘူး၊ ဒါဟာ ဟောလီးဒေးယူဖို့ လိုနေတဲ့ လက္ခဏာလို့တော့ ပြောတာပဲ..၊း)

မရွှေစင်ဦး ...
အမ ပို့သသော မေတ္တာကြောင့် ကျန်းခန့်သာပြီး ဒေါင်ဒေါင်မြည် ကျန်းမာလျက် ရှိပါကြောင်း...၊း)

မမြသွေးနီ ...
အဲ.. အဲဒါတော့ အမှန်ပဲဗျ၊ အလုပ်ပြန်တက်ရင် အကြွေးတွေ တပြုံတခေါင်းကြီးကို ရှင်းရတာ မသက်သာဘူး..၊ အိပ်ရာထဲ ကွေးနေခဲ့တဲ့ အချိန်တွေကို မေ့သွားစေလောက် အောင်ပဲ...၊

မသက်ဝေ ...
နှာစေးတာနဲ့တင် ရပ်သွားတော့လည်း မဖျားတာပဲ ကောင်းပါတယ်လေလို့ အခုတော့ စပျစ်သီး ချဉ်လိုက်ပြီဗျ..၊ ဟူး.. တော်သေးတယ်၊ အချိန်မီလေး နိုးလာလို့...၊း)

မမေဓာဝီ ...
ဟုတ်ပါတယ် မမေရေ.၊ ဖျားခါစ ရှိန်းတိန်းဖိန်းတိန်း ဖြစ်တဲ့ ခံစားမှုလေးပဲ ဟုတ်သယောင်ယောင်နဲ့ နောက်ပိုင်းမှာ ကျန်ခဲ့မယ့် နှာစေး၊ ချောင်းဆိုး၊ အလုပ်ပျက်၊ ကျောင်းပျက် စတာတွေက စိတ်ညစ်စရာပါ၊ နှာစေးတာက နားရွက်မထောင်ဘဲ တကယ်စေးတာပါဗျာ...၊း)

မဒမ်ကိုး ...
အဲ.. အဲဒီလောက်ကြီးတော့လည်း မဖြစ်သေးဘူး ထင်တယ်ဗျ၊ ကျနော်က မိုးပေါ်ထောင်ပစ်တာ လောက်ပဲ လိုချင်မိတာ..၊း)

ညီမ blackroze ...
ညီမရဲ့ ခံစားမှု အာရုံတွေ မြင့်တက်လာတဲ့ သဘော ထင်တယ်..၊း) C-box အတွက် သတိပေးတာ ကျေးဇူးပါ ညီမရေ..၊

ကိုဘကြိုင် ...
ကြိုဆိုပါတယ်ဗျာ၊ လာလည်တာ ကျေးဇူး တင်ပါတယ်၊

ညီမ အိန်ဂျယ်လ်လှိုင် ...
အေးဗျာ၊ အခုတော့ ကောင်းသောနေ့လေးတွေ ပြန်ပြီး ပိုင်ဆိုင်နေပါပြီ...၊း)

တောင်ကြီးက မစံပယ် ...
အမြဲတမ်း နေမကောင်း ဖြစ်နေမယ်ဆိုရင်တော့ စိတ်နာမိမှာကို နားလည်ပါတယ်ဗျာ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုညီလင်းသစ်ရေးမှ ငယ်ငယ်တုန်းက ဖျားရင်သိပ်ပျော်တာကို သတိရသွားတယ်
ဘာလို့ဆို ကျွန်မက ဆန်ပြုတ်ကြိုက်တော့ ဖျားရင် ဆန်ပြုတ်သောက်ရမယ်ဆိုပြီး ပျော်တာလေ။
ကြီးလာတော့ အဲလိုမဖျားတာကြာတော့ တခါတလေ ဖျားကြည့်ချင်စိတ်ပေါက်တယ်
ဘာလို့ဒီလောက်ကျန်းမာနေပါလိမ့်လို့။
တူနေပြီ။
ခုတော့ ဖျားချင်တော့ပါဘူး
အဝေးမှာဆိုတော့ ဖျားလဲ ဂရုစိုက်မဲ့ မိသားစု မရှိတော့ အားငယ်တယ်ဗျ

ထူးခြားတွေ့ကြုံ အဖုံဖုံ said...

အော်...ထူးထူးဆန်းဆန်းပါလား ဒကာတော် ဖျားချင်တယ်ဆိုလို့။ ဒါကို ကြည့်သောအားဖြင့် အလုပ်ခွင့်ကို တစ်ခါမှလည်း လိမ်မလျှောက်ခဲ့ဘူး။ နောင်လည်း ဘယ်တော့မှာမဟုတ်ဘူးဆိုတာကို သိသာပါတယ်နော်။

အော်...နှာစီးတယ်ဆိုလို့ ဘုန်းဘုန်း ငယ်ငယ်ပိစိကွေးလေးတုန်းက ရန်ကုန်စရောက်တဲ့အချိန်ပေါ့ ခေါင်းကိုက်တာကိုကြည့်ပြီး နှာစီးတာကိုလည်း နှာကိုက်တယ်လို့ ပြောတော့ ဆွမ်းခံအိမ်က ဒကာမတွေ ရယ်နေပါရောလား။ အဲဒါကို သွားသတိရမိတယ်။

ကျန်းမာပျော်ရွှင်ပါစေ ကိုညီလင်းသစ်ရေ။

တောက်ပကြယ်စင် said...

မှားသွားပြန်ပြီ ဒကာတော် ခုနတုန်းက မေဓာဝီဆိုဘ်မှာလည်း တစ်ခါမှားပြီးပြီ။ အီးမေးလ်လိပ်စာလေ။ တောက်ပကြယ်စင်နော်။

မအိမ်သူ said...

ဟုတ်တယ်ကိုညီလင်းသစ်ရေ တခါတလေမှာ ကိုယ်လက်မအီမသာလေးဖြစ်ပြီး နေမကောင်းထိုင်မကောင်းလေးနဲနဲဖြစ်ရတာလဲ အရသာတမျိုးပဲ။ ကြီးကြီးကျယ်ကျယ် Serious မျိုးတော့လဲ မဖြစ်ချင်ပါဘူး။ အလုပ်အကိုင်လေးလဲ သိပ်မပျက် တရက်နှစ်ရက်လောက်လေး အိပ်ယာထဲခွေပြီး အနားရတဲ့ ဖီလင်မျိုးကိုတော့လဲ တခါတလေမှာ တောင့်တမိတတ်ကြတာ လူတွေရဲ့သဘာဝပဲထင်ပါရဲ့။ ကိုညီလင်းသစ်ပြောတဲ့ မဂ္ဂဇင်းဝတ္ထုတိုလေး ဖတ်ခဲ့ဖူးတယ်။ မဂ္ဂဇင်းနဲ့ရေးတဲ့သူနာမည်တော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် အဲဒီဇာတ်လမ်းလေးကိုတော့ မှတ်မိနေတုန်း။ သင်္ကြန်ကိုနောက်ခံထားပြီးရေးထားပေမယ့် လူတွေမှာဖြစ်တတ်တဲ့ အချိန်နဲ့အမျှပြောင်းတတ်တဲ့ လူ့အလိုဆန္ဒလေးတွေနဲ့ စရိုက်သဘာဝလေးတွေကို ပါးပါးလေးရေးပြသွားလို့ ကြိုက်မိတဲ့ဇာတ်လမ်းလေးမို့လို့ပါ။

Shinlay said...

ဂရုစိုက်ပါ။

MGTHANT said...

တနဂ်နွေလိုမျိုး ဖျားလာပြီးဆိုရင် လွှတ်ကုန်ဝမ်းသာတာ.. လိပ်ပြာသန့်သန့်နဲ့ ဆေးခွင့်ရတော့မှာမို့ :D
ကိုညီလင်းသစ် ကျန်းမာပါစေ

barnay said...

ခုမှပဲ အဖျားကို လိုချင်နေတဲ့သူကိုကြားဖူးတော့တယ်း)
ဖျားတာ မကောင်းဘူးဆိုတာ ဖျားမှသိတာ နောက်ပြီး ကျန်းမာနေတဲ့ တန်ဖိုးကိုလည်း နေမကောင်းမှ နားလည်တာ ..း) .. ။ အစဉ်ကျန်းမာပါစေဗျာ ..

Anonymous said...

I really like your writing. We all have those feeling sometimes. You will get sick when you dont want to get sick and you will not get sick when you want to. This is human nature.
Thanks for the blog.
SarChitThu (Canada)

Nyi Linn Thit said...

မချော ...
မချောနဲ့ ကျနော်နဲ့ကတော့ တူနေပြန်ပြီဗျို့...၊ Great minds think alike ဆိုတာ ဒါပဲ ဖြစ်ရမယ်..ဟားဟား၊

ဘုန်းဘုန်းတောက် ...
တင်ပါ့..၊ မရတာကို လိုချင်မိတဲ့ လူ့ဆန္ဒလေးပါ ဘုရား..၊ အခုတော့လည်း သဘောထားအမှန်တွေ သိပါပြီဘုရား၊း)

မအိမ်သူ ...
အဲဒီ ဝတ္ထုလေးကို မအိမ်သူလည်း ဖတ်ဖူးတာပဲလား..၊ ဟုတ်တယ်ဗျ၊ လူ့လောကနဲ့ ထပ်တူကျချင်တဲ့ လူတစ်ယောက် အကြောင်း ပါးပါးလေး ပြသွားနိုင်လို့ ကျနော်လည်း မှတ်မိနေတာ...၊

မ,ရှင်လေး ...
ဟုတ်ကဲ့...၊

မောင်သန့် ...
ဟုတ်တယ်ဗျ၊ ဖျားရမယ့် ရက်ကို စိတ်ကြိုက်ရွေးပါ ဆိုရင် ကျနော်လည်း တနင်္ဂနွေကိုပဲ ယူမှာ..၊ သောကြာ တော့ မလိုချင်ဘူး...၊း)

(ကို)ဘာနေ ...
ကျနော့်မလည်း ဖျားနာခြင်းရဲ့ တန်ဖိုးကို ကျန်းမာနေမှ သိတာလို့ ပြင်ပြောရမယ့် ကိန်းပါပဲဗျာ..၊း)

SarChitThu (Canada)
That's right! We all want what we don't have usually. Agree.! :) Btw, thanks for your visit, too!

မင်းဧရာ said...

ကျန်းမာရေးတော့ ဂရုစိုက်ပါ အကိုကြီးရ
အလုပ်နားရတာ ဟုတ်သလိုလိုရှိပေမယ့်
အခံရသိပ်ခက်တယ် ကျွန်တော်ဖြင့် ဖျားမှာကို ကြောက်လွန်းလို့။

အပြုံးပန်း said...

အဲဒီလို ဖျားချင်ရတဲ့ အရသာကို ကောင်းကောင်းကြီးသိတယ်၊

အခုတော့ ဒီကမှာလည်း နည်းနည်းစနေပြီ။
:)

ညီရဲ said...

သင်္ကြန်ဆိုတာ တကယ်ပျော်စရာကောင်းတဲ့ ပွဲတော်တစ်ခုပါ။ သင်္ကြန်နဲ့ဝေးဝေးနေနေတဲ့သူ ကတော့ အထီးကျန်နေမှာပေါ့...။ ဒါသဘာဝကျပါတယ်လေ။

ချစ်ကြည်အေး said...

ကိုညီလင်းသစ်ရေ....
အမလည်း အဲလိုပဲ၊ တော်ရုံလောက်ဆို ရုံးသွားလိုက်တာပဲ။ စိတ်ထဲကတော့ ဖျားပါစေ ဆုတောင်းတာ၊ အဖျားမရှိဘဲ မအီမသာနဲ့တင် ရပ် ရပ်နေလို့။ ခက်နေတယ် ဟဟဟား...
ဘာပဲဖြစ်ဖြစ် ကျန်းမာတာ ကောင်းတယ်။ ဂရုစိုက်ပါ...

ကြယ်စင်အလင်း said...

အိမ်ကနေထွက်လာပြီးနောက်ပိုင်း တခါမှမဖျားတော့ဘူး။ ၃ နှစ်ကျော်သွားပြီ။ ဖျားလဲမဖျားရဲဘူး။ ဖျားရင်ဂရုစိုက်မယ့်သူမရှိတော့ မဖျားအောင်နေနေရတယ်။ ဒါတောင် တခါတလေ အလုပ်သွားရမှာပျင်းလာရင် ဆေးခန်းသွားပြီ ဆရာဝန်ကို အမ်စီပေးဖို့တောင်းရတယ်။ဗိုက်နာတယ် ခေါင်းနာတယ် အကြောင်းပြပြီးတော့..ဟီး။ ဒီကဆရာဝန်တွေကလဲ အထာသိပြီးသားမို့လို့ထင်တယ် ဘာမှမေးစစ်မနေဘူး။း)

ညိမ်းနိုင် said...

ဟုတ်ပါ့အကိုရာ....ဖျားရင်ကွေးရတာသိပ်အရသာရှိတာ
ကလား....:) ကျွန်တော်လည်းမဖျားဘူးဗျာ...၊တလောက
အမေနဲ့ဖုံးပြောတော့ ကျမ်းမာရေးဂရုစိုက်ဖို့ပြောတော့ ဖျား
ချင်လို့တောင်မဖျားပါဘူးအမေရာ...လို့တောင်ညည်းယူရ
တဲ့အထိပဲဗျိုး.......:)))

san htun said...

စလုံးမှာတုန်းကတော့ ဖျားလည်းမဖျားဘဲနဲ့  MC ယူဖူးတယ်...စလုံးတွေဆို တလတရက်လောက် MC ယူတယ်...MC တွေ မရှင်းပစ်ရင် နှမြောစရာကြီးတဲ့...နေမကောင်း မဖြစ်ချင်ဘူးအကိုရေ...တယောက်တည်း နံရံကို ကြည့်နေရမှာ..ဖျားချင်တဲ့ ကိုညီ့ဆန္ဒ ပြည့်ဝပါစေနော်...