30 June 2011

စာမျက်နှာသစ် ဖွင့်မယ်ဆိုရင်...


ဒီပို့စ်နဲ့ ပတ်သက်ပြီး ပထမဦးဆုံး စကားပလ္လင် ခံထားချင်တာက ကျနော်ဟာ Web developer မဟုတ်သလို HTML, CSS စတဲ့ ကုဒ်တွေနဲ့လည်း မရင်းနှီးပါဘူး၊ ကွန်ပြူတာကို အများသူငါ သိသလောက်ပဲ သိတဲ့ End user တစ်ယောက်ပါ၊ ဒါပေမယ့် ဘလော့ဂ်တွေ လိုက်ဖတ်ရင်း သတိထားမိတာလေး တစ်ခုရှိတာနဲ့ သုံးချင်သူတွေ သုံးရအောင်ဆိုပြီး ကျနော်သိထားတဲ့ နည်းပညာ အပိုင်းအစ သေးသေးလေး တစ်ခုကို ဝေမျှဖို့ အကြံဖြစ်လာပါတယ်၊ အခု ဒီပို့စ်မှာ ဝေမျှမယ့် နည်းပညာပိုင်းဟာ နားလည်တတ်ကျွမ်း သူတွေအတွက် မဟုတ်ဘဲ ကျနော့်လို သာမန်ကွန်ပြူတာ သုံးစွဲသူတွေ အတွက်သာ ရည်ရွယ်ပါတယ်၊ ကျနော့်ဟာ ပို့ချသူ၊ ရှင်းလင်းပြောပြသူ အဆင့်မှာ မရှိပေမယ့်လို့ ဘဝတူ ဘလော့ဂါတွေ အတွက် ပိုပြီးအဆင်ပြေစေဖို့ ဆိုတဲ့ စိတ်အခြေခံ တခုတည်းနဲ့သာ ရေးရခြင်း ဖြစ်ပါတယ်၊ ကဲ..စ,လိုက်ကြရအောင်လား..။

ကျနော်တို့ ပို့စ်တွေ ရေးကြတဲ့အခါ မကြာခဏ ဆိုသလို အခြားဝက်ဘ်ဆိုဒ်တစ်ခု၊ ဒါမှမဟုတ် ကိုယ်ရေးခဲ့ဖူးတဲ့ ပို့စ်ရဲ့ အခြားစာမျက်နှာ တစ်ခုကို ညွှန်းတဲ့ လင့်ခ်တွေ ထည့်ကြလေ့ ရှိပါတယ်၊ ဒါမှသာ စာဖတ်သူက စိတ်ဝင်စားရင် Reference ပေးထားတဲ့ ဆိုဒ်တွေကို ဆက်ဖတ်တာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အခြားပို့စ်အဟောင်း တစ်ခုကို သွားဖတ်တာဖြစ်ဖြစ် လုပ်လို့ရမှာပါ၊ အဲဒီတော့ စိတ်ဝင်စားတဲ့ စာဖတ်သူ တစ်ယောက်က ဆက်ပြီး ဖတ်ချင်လို့ ပေးထားတဲ့ လင့်ခ်တစ်ခုကို နှိပ်ပြီဆိုပါစို့၊ အဲဒီအခါ မူလဖတ်နေတဲ့ စာမျက်နှာကနေ လင့်ခ်ပေးထားတဲ့ စာမျက်နှာသစ်ကို ရောက်သွားမယ်၊ အဲဒီ စာမျက်နှာ အသစ်မှာ ဖတ်နေရင်းနဲ့လည်း တခြား စိတ်ဝင်စားစရာ လင့်ခ်တွေ တွေ့ရင် စာဖတ်သူက ဆက်ပြီး နှိပ်ရင်း၊ နှိပ်ရင်းနဲ့ မူလဖတ်နေခဲ့တဲ့ ပထမဦးဆုံး ကိုယ့်ရဲ့ စာမျက်နှာနဲ့ အဝေးကြီးကို ရောက်သွားပြီ၊ ကိုယ့်ကို မေ့သွားပြီ၊ မမေ့လို့ ပြန်လာချင်တယ် ဆိုသည့်တိုင် အင်တာနက် ကွန်နက်ရှင် မကောင်းတဲ့နေရာကနေ ဖတ်ရတဲ့သူဆို ခန္တီပါရမီ စာမေးပွဲ ဖြေရမှာတော့ သေချာပြီ၊ ဒါကတစ်ချက်...၊

နောက်တစ်ချက်က အကိုးအကား Reference အနေနဲ့ ပေးထားတဲ့ လင့်ခ်တွေဆို ပိုဆိုးပါတယ်၊ ဖတ်တဲ့သူက ကိုယ်ရေးထားတာ ဖတ်လို့မဆုံးသေးခင်မှာပဲ မရှင်းတာရှိလို့ ကျမ်းညွှန်းလင့်ခ်ကို တချက်ဖတ်ကြည့်မယ်၊ စာမျက်နှာပြောင်းသွားမယ်၊ သိချင်တာတွေ့လို့ ကိုယ့်ပို့စ်ကို ပြန်ဖတ်မယ်၊ Back arrow ပြန်နှိပ်မယ်၊ ကွန်နက်ရှင် မကောင်းရင် စောင့်ရမယ်၊ ကိုယ့်စာမျက်နှာ ပြန်ရောက်ပြီး ဆက်ဖတ်မယ်၊ နောက်တခါ Ref. ထပ်ပြီး ကြည့်ဖို့ ထပ်နှိပ်မယ်၊ စာမျက်နှာထပ်ပြောင်းမယ်၊ ပြန်လာမယ်၊ ထပ်စောင့်ရမယ်၊ ထပ်နှိပ်မယ်..၊ ဒီလိုအခြေအနေမှာ ကျနော်တို့ စာကို အေးအေးဆေးဆေး မဖတ်နိုင်တော့ပါဘူး၊ ဆိုတော့ အဲဒီလို မဖြစ်ရအောင် ပေးထားတဲ့ လင့်ခ်တွေကို ဘယ်နှခုပဲ နှိပ်နှိပ်..၊ ကိုယ့်ရဲ့မူလ စာမျက်နှာက မပျောက်ဘဲ ဒီအတိုင်း ရှိနေပြီး အဲဒီအပေါ်မှာ လင့်ခ်ပေးထားတဲ့ စာမျက်နှာတွေက အသစ်၊ အသစ် ထပ်ပွင့်လာရင် ပိုပြီး မကောင်းဘူးလား၊ စာဖတ်သူက ကိုယ့်ရဲ့ မူလစာကို အဆုံးထိ အေးအေးဆေးဆေး ဆက်ဖတ်လို့ ရတယ်၊ ဘာ အသွားအပြန်မှ မရှိဘူး၊ အခြား စာမျက်နှာတွေနဲ့ တိုက်ပြီး ဖတ်ချင်ရင်လည်း ဟိုတဖက်၊ ဒီတဖက် ယှဉ်ပြီးဖတ်လို့ ရတယ်၊ နောက်ဆုံး ကွန်နက်ရှင် မကောင်းတဲ့ နေရာကနေ ဖတ်ပါစေဦး..၊ ပေးထားတဲ့ လင့်ခ်က ပွင့်မလာသေးခင် မူလစာကို ဆက်ဖတ်ရင်း စောင့်နေလို့ရသေးတယ်၊ ကဲ..ပန်းလည်း လှစေ၊ ပျားလည်း ဝစေ မဟုတ်ဘူးလား၊ အဲဒီလို ဖြစ်အောင်လုပ်ဖို့က တကယ့်ကို လွယ်လွယ်လေးပါ၊ ပို့စ်တင်တဲ့ စာမျက်နှာမှာ HTML ကုဒ်လေးတစ်ခု ထည့်ပေးရုံ ပါပဲ...၊ အောက်မှာပြထားတဲ့ နည်းအတိုင်း လုပ်လို့ ရပါတယ်၊

နမူနာ အနေနဲ့ ကျနော် တလောက တင်ခဲ့တဲ့ ကျူးလစ်ဥယျာဉ်ဆိုတဲ့ ပို့စ်လေးကို ယူပြီး စမ်းကြည့်ရအောင်၊ ဒီပို့စ်မှာ တခါတုန်းက ကျူးလစ်ပန်းတွေကို ရိုက်ခဲ့တဲ့ ပို့စ်တစ်ခုကို ညွှန်းတဲ့လင့်ခ်ကို တခါက ဆိုတဲ့ အပြာရောင် စာလုံးအောက်မှာ ထည့်ထားပါတယ်၊

Photobucket

ပို့စ်ရေးဖို့ တခါတည်းပဲ ရိုက်ရိုက်၊ Word မှာရိုက်ပြီး ကော်ပီလုပ်တင်တင် ရေးစရာရှိတာ ရေးပါတယ်၊ ပြီးသွားတော့ ညွှန်းချင်တဲ့ပို့စ်ရဲ့ စာမျက်နှာကို web browser အသစ်မှာဖွင့်တယ်၊ URL လိပ်စာကို ကော်ပီကူးတယ်၊ ဒီအထိက ကျနော်တို့အားလုံး လုပ်နေကျပါပဲ၊ ဘာမှ အသစ်အဆန်း မပါသေးပါဘူး၊ အောက်မှာ ပြထားသလို blogger editing page မှာ လုပ်ပါတယ်၊ နံပါတ် ၁ အနီနဲ့ ဝိုင်းထားတဲ့ Compose tab အောက်မှာ တခါက ဆိုတဲ့ စာသားကို highlight လုပ်တယ်၊ နံပါတ် ၂ Link ကိုနှိပ်ပြီးတော့ ခုနက ကော်ပီကူးထားတဲ့ web address ကိုထည့်ပါတယ်၊

Photobucket

ပြီးတဲ့အခါ ခုန Compose tab ဘေးမှာရှိတဲ့ Edit HTML tab ကိုနှိပ်ပါ၊ အဲဒီအခါ ကိုယ် highlight လုပ်ပြီး ရွေးထားခဲ့တဲ့ စာလုံးရဲ့ရှေ့မှာ ကူးထည့်လိုက်တဲ့ web address ရဲ့ HTML ကို တွေ့ပါလိမ့်မယ်၊ ကျနော့်ဆီမှာတော့ (a href="http://nyilinnthit.blogspot.com/2009/06/special-tulips.html") လို့ပေါ်ပါတယ်၊ ဒါက မူလစာမျက်နှာကို အစားထိုးပြီး ပွင့်တဲ့ HTML ကုဒ်ပါ၊ ဆိုတော့ ဒီကုဒ်ရဲ့နောက်ဆုံး မျက်တောင်အပိတ် (closed inverted corma ") နဲ့ ဒီ ) လက်သည်းကွင်း အပိတ်လေးရဲ့ ကြားမှာ target="new" ဆိုတာလေး ရိုက်ထည့်ပေးလိုက်ပါ၊ အဲဒီအခါ မူလ HTML လိပ်စာဟာ အခုလို ဖြစ်သွားပါလိမ့်မယ်၊ (a href="http://nyilinnthit.blogspot.com/2009/06/special-tulips.html"target="new")၊ အောက်က ပုံမှာလည်း ကြည့်လို့ရပါတယ်၊ ဒီနမူနာ စာကြောင်းကို အောက်ပုံထဲကလို ထောင့်ချွန်ကွင်း အဖွင့်အပိတ်တွေနဲ့ ရေးရင် Text editor က HTML ကုဒ်အနေနဲ့ ယူတာကြောင့် လက်သည်းကွင်း ( ) နဲ့ အစားထိုးရေးထားပါတယ်၊

Photobucket

ဒါဆိုရင် ပြီးပါပြီ၊ ပို့စ်ကို publish လုပ်ပြီး လင့်ခ်မြှုပ်ထားတဲ့ စာလုံးကို နှိပ်ကြည့်ပါ၊ အောက်ဖက်ကပုံလို မူလစာမျက်နှာ အပေါ်မှာ နောက်ထပ် စာမျက်နှာအသစ်လေး ပွင့်လာပါလိမ့်မယ်၊

Photobucket

ကိုယ့်ဖက်က စာလုံးလေး ၂ လုံးပဲ ရိုက်ထည့်လိုက်ရပေမယ့် စာဖတ်သူအတွက်တော့ အများကြီး ပိုအဆင်ပြေ သွားတယ်၊ လွယ်တယ် မဟုတ်လား၊ ဟမ်.. ဘာတွေ ရေးထားမှန်းလည်း မသိဘူး ဆိုရင်တော့ ကျနော့်ရဲ့ တင်ပြပုံ ညံ့ဖျင်းလို့ပါပဲ၊ ဒီအကြောင်းကို နည်းပညာပို့စ်တွေ ရေးတဲ့ ဘလော့ဂါတစ်ယောက်ယောက်က ရှင်းပြပြီးသား ဖြစ်ချင်လည်း ဖြစ်မှာပါ၊ အခု ကျနော်ပြောတာထက် ပိုကောင်းတဲ့ နည်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ပါ၊ ဒီစာကို ဖတ်မိတဲ့ တစ်ယောက်လောက်က 'အင်း..မဆိုးပါဘူး၊ အဆင်ပြေတဲ့အခါ သုံးကြည့်တာပေါ့' လို့ စိတ်ကူးလေး ဖျပ်ကနဲ ပေါ်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ...။ ။


ညီလင်းသစ်
၂၉ ဇွန်၊ ၂၀၁၁

24 June 2011

မီယာဇာကီနှင့် ကျနော်တို့မိသားစု


ကမ္ဘာကျော် ကာတွန်းရုပ်ရှင် ဂျပန်ဒါရိုက်တာတစ်ဦး ဖြစ်တဲ့ မီယာဇာကီ (Hayao Miyazaki) ကို ကျနော်သိခဲ့တာ အခုဆိုရင် သုံးလေးနှစ်တော့ မကတော့ပါဘူး၊ မထင်မှတ်ဘဲနဲ့ သူ့ရဲ့ ကာတွန်းကားတစ်ခုကို ကြည့်မိသွားရာကနေ တခြားလက်ရာ တွေကိုလည်း တစ်ခုပြီးတစ်ခု တဖြည်းဖြည်းချင်း ကြည့်ဖြစ်သွားတယ်၊ သူ့ရဲ့ Spirited Away ဆိုတဲ့ ဇတ်ကားက ၂၀၀၂ ခုနှစ်မှာ အကောင်းဆုံး Best Animated Feature ဆု ရခဲ့ဖူးပါတယ်၊ ကျနော် ပထမဦးဆုံး စ,ကြည့်ဖူးတာကလည်း အဲဒီ ဇတ်ကားပါပဲ၊ ဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ကားတွေကတဆင့် သူ့အကြောင်း၊ သူ အလုပ်လုပ်ပုံကို သတိထား လေ့လာဖြစ် ခဲ့ပါတယ်...၊

မီယာဇာကီဆိုတဲ့ နာမည်ကို ကျနော်ပထမဆုံး စ,ပြီး ကြားဖူးတာက လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်လောက်ကပါ၊ နေရောင်ခြည် ခပ်နွေးနွေး ဖြာကျနေတဲ့ ဆောင်းဦးပေါက် နေ့တစ်နေ့မှာ မအိမ်သူက အိမ်ကို ဒီဗီဒီတစ်ချပ် ယူလာခဲ့တယ်၊ မီယာဇာကီရဲ့ Castle in the sky ဆိုတဲ့ ဇတ်ကား...၊ ဘယ်လိုကဘယ်လို သူရှာတွေ့လာသလဲတော့ မပြောတတ်ပါဘူး၊ မီယာဇာကီဆို တာ နာမည်ကြီး ဒါရိုက်တာဖြစ်ကြောင်း၊ သူ့ရဲ့ ဇတ်ကားတွေက သူများနဲ့မတူကြောင်း၊ တချို့ဆို ခဏခဏ ပြန်ကြည့်ချင် လောက်အောင် ကောင်းကြောင်း ဖွဲ့နွဲ့ပြောပြပြီး ကျနော့်ကို လာကြည့်ဖို့ ခေါ်တယ်၊ ပြီးတော့ ပြောပြောဆိုဆိုနဲ့ ဧည့်ခန်းမှာ အဲဒီ Castle in the sky ကိုကြည့်ဖို့ လုပ်နေတယ်၊ ဒါပေမယ့် ကျနော်ကတော့ အင်းမလုပ် အဲမလုပ်ပဲ နေလိုက်တယ်၊ ပထမ တစ်ချက်က ကျနော်စာမေးပွဲဖြေဖို့ စာကျက်နေရလို့ပါ၊ အဲဒီတုန်းက နောက်ဆုံးနှစ် စာမေးပွဲအတွက် အလုပ်ရှုပ်နေတဲ့ အချိန်ပေါ့၊ ဒုတိယ တစ်ချက်ကတော့ အမှန်ပြောရရင် ဂျပန် မန်ဂါ ကာတွန်းရုပ်တွေကို ကျနော် သိပ်မကြိုက်ပါ ဘူး၊ ဥရောပ နိုင်ငံတိုင်းလိုလိုမှာ ဒီ မန်ဂါကာတွန်းတွေ အရမ်းခေတ်စားနေပေမယ့် ကျနော်က သူတို့ရဲ့ sketch ကို သိပ်ခံစား လို့ မရတာပါ၊ ဒါနဲ့ပဲ မအိမ်သူ ကျေနပ်အောင် ဇတ်ဝင်ခန်း တစ်ခန်းလောက်ပဲ ကြည့်ပြီး အခန်းထဲပြန်လာ စာကျက်နေခဲ့တယ်၊ သူကတော့ အသက်မရှူ၊ မျက်တောင်မခတ်ဘဲ ကြည့်ပြီး ကျန်ခဲ့လေရဲ့...၊

ဒီလိုနဲ့ ကျနော် စာမေးပွဲတွေပြီးလို့ အေးအေးလူလူ ရှိနေတဲ့အချိန်မှာ မီယာဇာကီက သတိမပြုလို့ မရလောက်အောင်ပဲ ကျနော်တို့အိမ်ကလေးထဲ ဝင်လာခဲ့တော့တယ်၊ Castle in the sky နဲ့ သူ့ရဲ့ ရာနှုန်းပြည့် ပရိတ်သတ် ဖြစ်သွားတဲ့ မအိမ်သူက မီယာဇာကီရဲ့ ဇတ်ကား တွေကို ဟိုတစ၊ ဒီတစ လိုက်စုဆောင်း ပါတော့တယ်၊ တခါတလေ အပြင်က ပြန်လာရင် ဝယ်လာတာမျိုး၊ တခါတလေ အင်တာနက်ကနေ amazon.com မှာ လှမ်းဝယ်တာမျိုး၊ တခါတလေ ဘယ်သူ့ဆီကမှန်းမသိ ငှားလာတာမျိုး စသဖြင့်နဲ့ မီယာဇာကီရဲ့ ခြေရာတွေက ကျနော်တို့ ရဲ့ အိမ်ကလေးအနှံ့ တဖြည်းဖြည်း စွဲထင်လာခဲ့တယ်၊ တိုတိုပြောရရင်တော့ မီယာဇာကီရဲ့ ရင်တွင်းဖြစ်ရိုက်ချက်မှာ ကျနော်လည်း မျောသွား တော့တယ်၊ မြင်ပါများတော့ ယဉ်ဆိုသလို မန်ဂါ ကာတွန်းရုပ်တွေကလည်း အရင်ကလောက် မျက်စိထဲမှာ ထောင့်မနေတော့ဘူး၊


Photobucket

ဟိုတနေ့ကတော့ သားကလေးကပါ မီယာဇာကီရဲ့ KiKi's Delivery Service ဆိုတဲ့ ကာတွန်းကားလေးကို ကြည့်ဖို့ ပူဆာတယ်၊ ပုံမှန်ဆိုရင် သားကို ကျနော်တို့က ကာတွန်းဇတ်လမ်း အရှည်ကြီးတွေ မပြပါဘူး၊ Episodes လေးတွေပါတဲ့ ဇတ်ကားမျိုးပဲ ကြည့်ခွင့်ပေးတယ်၊ ၃ နှစ်ခွဲအရွယ် ကလေးတစ်ယောက်က တနေ့မှာ နာရီဝက်၊ မိနစ် ၄၀ လောက် တီဗီ ကြည့်ရရင်ပဲ တော်သင့်နေပြီ မဟုတ်လား၊ ဒါပေမယ့် အဲဒီနေ့က အားလပ်ရက်လည်း ဖြစ်နေတော့ အထူးအခွင့်အရေး အနေနဲ့ သူ့ကို ကြည့်ခွင့်ပေးလိုက်တယ်၊ ပြီးတော့ ကျနော်က မီးပူ တိုက်စရာလည်း ရှိနေတယ်လေ၊ မီးပူတိုက်ရတာကို ကျနော် ကြိုက်ပါတယ်၊ အိမ်မှာ ရှိသမျှ အဝတ်အစားတွေအားလုံး မီးပူတိုက်တာက ကျနော့်တာဝန်ပါ၊ ဆိုတော့ တစ်ပတ်စာ အဝတ်တွေ မီးပူတိုက်ရင်း အဲဒီ KiKi's Delivery Service ကို သားနဲ့အတူ ထပ်ပြီး ကြည့်ဖြစ်ပြန်ပါတယ်၊ မအိမ်သူက စ,လိုက်တာ အခုတော့ တမိသားစုလုံး မီယာဇာကီ ပရိတ်သတ် တဖြည်းဖြည်း ဖြစ်လာနေပြီ၊ ဇတ်လမ်းကို သိပြီးသားဖြစ်လို့ ဒီတစ်ခေါက်မှာ နည်းပညာပိုင်းကို အဓိကထားပြီး ကြည့်တယ်၊ အဲဒီလို ကြည့်လေလေ မီယာဇာကီရဲ့ အသေးစိတ်နိုင်မှုကို မြင်လေလေပါပဲ၊

ပထမဆုံး ပြောရမှာက ဇတ်အိမ်တည်ဆောက်ပုံ...၊ သူ့ရဲ့ ဇတ်ကားတွေမှာ တကားဆို ဆိုသလောက် ဘယ်ကဘယ်လိုများ အတွေးတွေ ရခဲ့ပါလိမ့်လို့ ကျနော် အမြဲတွေးမိတယ်၊ ပထမဆုံး ကြည့်မိတဲ့ Spirit Away မှာ သရဲ မြို့တော်က စားသောက်ဆိုင်တန်းမှာ စားစရာတွေ မှာစားမိတဲ့ ကလေးမလေးတစ်ယောက်ရဲ့ အကြောင်းက စ,တယ်၊ အဲဒီထဲမှာ ပြိတ္တာလိုလို၊ နာနာဘာဝလိုလို၊ ကျပ်လိုလို အကောင်တွေကို ဆွဲထားတာများ တကယ် လက်ဖျားခါစရာပါပဲ၊ ကျနော်တို့ ကြည့်ဖူးနေကျ ရုပ်ရှင်တွေထဲက သရဲတွေ လို မဟုတ်ဘဲ သီးသန့်ခွဲထွက်တဲ့ စတိုင်နဲ့ ဆွဲထားခဲ့တယ်၊ မကောင်းဆိုးဝါး အကောင်တွေက ကြည့်ကာစ,မှာ ကြောက်စရာ ကောင်းတာမျိုး မဟုတ်ဘူး၊ ဒါပေမယ့် တစိမ့်စိမ့်နဲ့ အော်ဂလီဆန်ချင်စရာ ကောင်းလာစေတယ်၊ နောက်ဆုံး ကြည့်ဖြစ်တဲ့ Ponyo ကားမှာလည်း ပင်လယ်ထဲက စုန်းလိုလို အကောင်တွေ၊ ပင်လယ်နတ်သမီး၊ လေနတ်သား စတဲ့ ဇတ်ရုပ်တွေကို ဆွဲထားတာ ကျနော့်အတွက်တော့ ရင်သပ်ရှုမော ဖြစ်ရတယ်၊

ဒုတိယ ပြောစရာကတော့ မီယာဇာကီရဲ့ အလင်းကို နိုင်နင်းမှုပါပဲ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေမှာ အလင်းဟာ အင်မတန် အရေးပါသလို သူ့ရဲ့ ဇတ်ကားတွေမှာလည်း တန်းတူ အလေးပေးထားတယ်၊ နေရောင်အောက်မှာ လူရဲ့ အရိပ်ကျပုံ၊ လေတိုက်တဲ့ လမ်းကြောင်း၊ မြက်ပင်တွေက လှုပ်ရှားပုံ၊ အခန်းထဲက ဖုန်မှုန့်တွေကို လေနဲ့မှုတ်လိုက်လို့ ပြန့်ကျဲပြီး ပြန်ကျလာတဲ့ပုံ..၊ တကယ့်ကို အများကြီးပါ၊ အခန်းထောင့်မှာ ကျနေတဲ့ မထင်မှတ်တဲ့ အရိပ်သေးသေးလေးက အစ အလင်းနဲ့ ပတ်သက်ရင် ဟာကွက်မရှိအောင် စေ့စပ်လှတယ်၊ သေသေချာချာ လိုက်ကြည့်လေ လေ၊ မြင်လေလေ၊ သူ့ရဲ့ အရည်အချင်းကို အံ့သြမိလေလေ ပါပဲ၊ တကယ့်ကို စိတ်ရှည်ရှည်နဲ့ အချိန်ယူထားခဲ့တာ...၊

တတိယ ပြောစရာကတော့ အသံပိုင်း ဆိုင်ရာ နိုင်နင်းမှုပါ၊ ရုပ်ရှင်ကား တစ်ကားမှာ အသံဟာ အင်မတန် အရေးပါ,ပါတယ်၊ ဥပမာ- ကြောက်စရာ ကောင်းလွန်းတဲ့ သရဲကား တစ်ကားကို အသံပိတ်ပြီး ကြည့်မယ်ဆိုရင် မူလ ကြောက်တာထက် ၅၀% လောက်ပဲ ကြောက်စရာ ကောင်းပါလိမ့်မယ်၊ ဒီလို အခန်းကဏ္ဍကို မီယာဇာကီက ကောင်းကောင်း နားလည်နိုင်နင်းတယ်၊ သစ်ရွက်ကလေးကို နင်းမိတဲ့အသံ၊ မြက်ရိုင်းပင်လေးတွေကို လေတိုးသွားတဲ့ အသံ၊ ဂါဝန်အနားစ တဖျတ်ဖျတ် လွင့်နေတဲ့အသံ ပါးပါးလေး..၊ အစရှိသဖြင့် အသံတွေကို အပိုအလို မရှိ သုံးနိုင်တယ်၊ နောက်ပြီးတော့ သူ့ကို သဘောကျတာက အော်ခက်စ်ထရာတွေကို ရေရေလည်လည် ခိုင်းစားနိုင်မှုပါ၊ ကျနော်က နဂိုကတည်းက orchestra သံစုံတီးဝိုင်းတွေကို ကြိုက်တယ်၊ အဲဒီမှာ တူရိယာအစုံပါတယ်၊ မြိုင်တယ်၊ ခန့်တယ်၊ ကြီးကျယ်တယ်၊ မှော်ဓါတ် အပြည့်ပါတယ်၊ မီယာဇာကီရဲ့ ကားတွေမှာ အော်ခက်စ်ထရာကို ကောင်းကောင်းသုံးလေ့ ရှိပါတယ်၊ တီးဝိုင်းတခုလုံးကို သုံးတဲ့အခါ ရှိသလို ဒီသံစဉ် တစ်ခုတည်းကိုပဲ ဇတ်ဝင်ခန်းအလိုက် တယော၊ စန္ဒရား၊ ကလဲရီနက်၊ ဂစ်တာ သူ့နေရာနဲ့သူ အလှည့်ကျ သုံးသွားတာဟာ သူ့ဇတ်ကားတွေရဲ့ ပံ့ပိုးမှု တရပ်ပါပဲ၊

မီယာဇာကီကို feminist လို့ပြောကြတယ်၊ သူ့ကား အားလုံးနီးပါးလိုလိုမှာ အဓိက ဇတ်ကောင်တွေက ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေပါ၊ ဒီ မိန်းကလေး ဇတ်ရုပ်တွေကို ရဲရင့်ထက်မြက်တဲ့၊ အပြင်ပန်း နုနယ်ပေမယ့် စိတ်ဓါတ်မာကျောတဲ့ အသွင်မျိုး ဖန်တီးပေးထားလေ့ ရှိတယ်၊ မီယာဇာကီက မိန်းမသားတွေ တန်းတူ အခွင့်အရေး ရမှသာလျှင် တိုးတက်ငြိမ်းချမ်းတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ထားသူပါ၊ ဒါ့ကြောင့်လည်း အမျိုးသမီးတွေ ဦးဆောင်တဲ့ အကျပ်အတည်း ဖြေရှင်းမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ နှီးနွယ်တဲ့ အကြောင်းတွေကို သူ့ရဲ့ ကားတွေမှာ တွေ့ရတတ်တာပါ၊ သူ့ရဲ့ ဇတ်ကားတွေကို လူကြီးရော ကလေးပါ ကြည့်နိုင်တယ် ဆိုပေမယ့် လောလောဆယ်တော့ သားကို KiKi's Delivery Service တစ်ကားပဲ ကြည့်ခွင့်ပေးထားတယ်၊ မအိမ်သူနဲ့ ကျနော်အပြင် အခု သားကပါ သူ့ရဲ့ ပရိတ်သတ် ဖြစ်ချင်ချင်ပါ၊ တဆိတ်ရှိ 'ကီကီ ကြည့်မယ်' လို့ လုပ်တတ်နေပြီ၊ ကျနော့်ရဲ့ ရည်ရွယ်ရင်းက မီယာဇာကီရဲ့ အကြောင်းကို ရေးဖို့ မဟုတ်သလို သူ့ရဲ့ ဇတ်ကားတွေကို ရီဗျူးလုပ်ဖို့လည်း မဟုတ်ပါဘူး၊ အာရှရဲ့ Walt Disney လို့ တင်စားခံရတဲ့ ဂျပန် ဒါရိုက်တာတစ်ယောက် ကျနော်တို့မိသားစုရဲ့ နှလုံးသားတွေကို သိမ်းကြုံးယူသွားခဲ့တဲ့ အကြောင်းလေး ပြောပြချင်ရုံ သက်သက်ပါ၊ အကယ်၍ စာဖတ်သူ တစ်ယောက်တလေကများ မီယာဇာကီကို မသိသေးဘူး ဆိုရင်တော့ အောက်မှာရှိတဲ့ ဝီကီ အညွှန်းမှာ သူ့ရဲ့ ဇတ်ကားစာရင်း ပါ,ပါတယ်၊ ကြုံကြိုက်တဲ့အခါ တခါလောက်တော့ အနည်းဆုံး ကြည့်ဖြစ်အောင် ကြည့်,ကြည့်ပါ၊ မီယာဇာကီ ဆိုတာ ဘယ်လိုဖြစ်လာတာလဲလို့ တွေ့ပါလိမ့်မယ်...။ ။


Ref: Hayao Miyazaki


ညီလင်းသစ်
၂၅ ဇွန်၊ ၂၀၁၁

17 June 2011

ကျူးလစ်ဥယျာဉ်


တလောဆီက အီစတာ ပိတ်ရက်မှာ အိမ်နဲ့သိပ်မဝေးတဲ့ မြို့ကလေးက ကျူးလစ်ပန်းပြပွဲကို သွားဖြစ်ပါတယ်၊ အဲဒီတုန်းက အီစတာ ပိတ်ရက်နဲ့ ချိန်ကိုက်ပြီး မနှစ်က ကျန်နေတဲ့ ခွင့်လက်ကျန် ၄ ရက်ကို ယူလိုက်တယ်၊ ကျနော့်အလုပ်မှာက ခွင့်လက်ကျန်တွေကို ဧပြီလကုန် နောက်ဆုံးထားပြီး ယူရင်ယူ၊ မယူရင် အဆုံးပါပဲ၊ ဒါနဲ့ အီစတာပိတ်ရက် ခရီးထွက်လို့ အပြီးမှာ မအိမ်သူက အလုပ်ပြန်တက်၊ သားက နေ့ကလေးထိန်းကျောင်း ပြန်သွား လုပ်နေတဲ့ အချိန်မှာ ကျနော်က ကင်မရာ လွယ်ပြီး ပန်းခြံကို အေးအေးဆေးဆေး ထွက်ခဲ့လိုက်ပါတယ်...၊

ဒီကျူးလစ်ပန်း ပြပွဲကို ကျနော် တခါက လည်း ဓါတ်ပုံရိုက်ဖူးပါတယ်၊ ဒါပေမယ့် ဒီတခေါက်တော့ ဗီဒီယိုရိုက်ဖို့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာ...၊ အဓိက,က ကင်မရာရဲ့ Full HD Resolution ကို စမ်းကြည့်ချင်တာပါ၊ ဒီကင်မရာက ဓါတ်ပုံကင်မရာ ဆိုပေမယ့် နာမည်ကြီး ပရို ဗီဒီယို ဒါရိုက်တာ တချို့ကတောင် ဒီကင်မရာကို သုံးပြီး ဗီဒီယိုတွေ ရိုက်လာကြတယ်၊ Lens ကောင်ကောင်းနဲ့ဆိုရင် selective focus တွေ အများကြီး သုံးလို့ရတဲ့အတွက် စိတ်ဝင်စားစရာ ပါပဲ၊ ဒီလိုနဲ့ပဲ အောက်ဖက်က ဗီဒီယိုလေး ဖြစ်လာခဲ့ပါတယ်၊

ဒီအထဲမှာ ပါတဲ့ ကျူးလစ်ပန်းတွေကို ဧပြီလလယ်ကနေ မေလလယ်အထိ နှစ်စဉ် ပြသ,လေ့ ရှိပါတယ်၊ ဆောင်းတွင်းကတည်းက ကြိုပြီး စိုက်ထားခဲ့တဲ့ ကျူးလစ်တွေက နွေဦးရဲ့ နေရောင်ခြည် နွေးနွေးနဲ့အတူ အပြိုင်းအရိုင်း ထွက်လာတဲ့အခါ တကယ်ပဲ သာယာတဲ့ ကျူးလစ်ဥယျာဉ်ကြီးတခု ဖြစ်လာပါတော့တယ်၊ မြင်နေကျတွေရော ရှားရှားပါးပါးတွေပါ အတော်လေး အမျိုးအစား စုံပါတယ်၊ မြို့ကလေးရဲ့ အုပ်ချုပ်သူတွေကတော့ သူတို့မြို့ရဲ့ အစဉ်အလာတခု အဖြစ် ဂုဏ်ယူစွာနဲ့ အခမဲ့ ပြသတာ ဖြစ်ပါတယ်၊ ကျနော့်အတွက် ကံကောင်းချင်တော့ အဲဒီနေ့ကလည်း လေပြေလေးက သွဲ့သွဲ့လေး တိုက်နေတာမို့ ပန်းတွေက “သေ” မနေဘူး၊ လေညှင်းရဲ့ တေးသွားမှာ ကကြိုးဆင်နေခဲ့တယ်၊ ခံစားကြည့်ပါဦး...။ (ဗီဒီယိုပေါ်က Play တြိဂံလေးကို နှိပ်လိုက်တဲ့အခါ အောက်ဖက် ဘောင်ပေါ်၊ ညာဖက်နားလေးမှာ Resolution ရွေးဖို့ ပေါ်လာပါလိမ့်မယ်၊ အဲဒီမှာရှိတဲ့ 360p ဆိုတာကို နှိပ်၊ ပေါ်လာတဲ့ menu ထဲက အပေါ်ဆုံး 720p HD ဆိုတာကို ရွေးပြီးကြည့်ရင် ပိုပြီး ကြည်လင် ပြတ်သားပါတယ်)



Camera:
Canon 5D mark II, camera native frame rate 25 fps

Lenses:
Canon EF 24-105mm f/4 L IS USM
Canon EF 70-200mm f/2.8 L IS USM

Editing Software:
Adobe After Effects CS3
Adobe Premiere Elements 9


ညီလင်းသစ်
၁၇ ဇွန်၊ ၂၀၁၁

10 June 2011

ကက်ပ်တိန် အသစ်ကျပ်ချွတ်


မနေ့က သင်္ဘောမောင်းခွင့် လိုင်စင်စာမေးပွဲ ဖြေရတယ်၊ ရေးဖြေနဲ့ လက်တွေ့ နှစ်ပိုင်းရှိတဲ့ အနက်မှာ ရေးဖြေကို လွန်ခဲ့တဲ့ ၁ လက အောင်ပြီးသွားလို့ ဒီတခါ ဖြေတာက လက်တွေ့ပါ၊ စာမေးပွဲ စစ်တဲ့ဆရာနဲ့အတူ မော်တော်တစ်စင်းကို မောင်းပြရတယ်၊ ကမ်းကပ်နည်း မျိုးစုံ ကပ်ပြရတယ်၊ အရှေ့တည့်တည့်၊ အနောက်နဲ့၊ ဘယ်နဲ့၊ ညာနဲ့ စသဖြင့်ပါ၊ ဒါ့အပြင် ရေလယ်မှာ ရှိတဲ့ ဘောကွင်း တိုင်တစ်ခုမှာ လေကိုဆန်ပြီး ရပ်ပြခိုင်းတယ်၊ ဒါတွေရပြီဆိုမှ ရေနက်ပိုင်းကို ထွက်ပါတယ်၊ အဲဒီမှာ စပိဒ်ဘုတ်ကို အရှိန်မလျှော့ဘဲ ဘယ်ကွေ့၊ ညာကွေ့ ၃၆၀ ဒီဂရီ ကွေ့ခိုင်းတယ်၊ အရှိန်နဲ့ သွားနေတဲ့ မော်တော်ကို ဘယ်လောက် နိုင်နိုင်နင်းနင်း ကွေ့နိုင်သလဲဆိုတာ ကြည့်ဖို့...၊ အဲဒါပြီးတော့မှ ရေထဲကျသွားတဲ့ လူကို ဆယ်တဲ့ လေ့ကျင့်ခန်း လုပ်ပြရပါတယ်၊

မော်တော်ပေါ်မှာ လူတရပ်သာသာ ရှိတဲ့ ဖော့တုံးလို တိုင်တစ်တိုင် ရှိပါတယ်၊ အထဲမှာတော့ ခဲသီးတွေကို အလေးချိန် မျှအောင် ထည့်ထားလို့ ရေထဲပစ်ချလိုက်ရင် တစ်ဝက်က ပေါ်တယ်၊ လူ ရေထဲကျရင် ရင်ဘတ်အထက် ပေါ်နေတဲ့ ပုံစံမျိုးပေါ့၊ ကျနော်က မော်တော်ကို အရှေ့ဖက်ကြည့်ပြီး အရှိန်နဲ့ မောင်းနေတုန်းမှာ စာမေးပွဲစစ်တဲ့ ဆရာက မော်တော် နောက်ဖက်သွားပြီး အဲဒီဖော့တိုင်ကို ရေထဲပစ်ချလိုက်ပါတယ်၊ ပါးစပ်ကလည်း “လူ ရေထဲကျသွားပြီ” လို့ အော်လိုက်တယ်၊ အဲဒီလို အော်တာဟာ ဒီလေ့ကျင့်ခန်းရဲ့ အစပါပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို အော်လိုက်တာကနေ ၁ မိနစ်အတွင်း ဖော့တိုင်ကို ပြန်ဆယ်ဖို့လိုတယ်၊ ကျော်သွားရင် အမှတ်လျော့ရင်လျော့၊ မဟုတ်ရင် စာမေးပွဲ တခါတည်း ကျပါလိမ့်မယ်၊ ဆိုတော့ ဒီအသံ ကြားတာနဲ့ တပြိုင်နက် မော်တော်ကို ချက်ချင်း ဂငယ်ကွေ့ ပြန်ကွေ့ရတယ်၊ တဆက်ထဲ ဘယ်ဖက်က လေတိုက်နေသလဲ ကြည့်ရပါတယ်၊ လူဆယ်တဲ့ အခြေခံ စည်းမျဉ်းမှာ လူကို လေကြောင်းကနေ မော်တော်နဲ့ကာပြီး ဆယ်ဖို့ သတ်မှတ်ထားလို့ပါ၊ ဒီတော့ လေကို မော်တော်ရဲ့ အနောက်ဖက်ကနေ တိုက်တဲ့ အနေအထားမျိုးရောက်အောင် ပြင်ယူပြီးတာနဲ့ မနှေးလွန်း၊ မမြန်လွန်းဘဲ ရေထဲမှာ ပေါလောပေါ်နေတဲ့ ဖော့တိုင်ဆီကို ချဉ်းကပ်ရတယ်၊ မော်တော်နဲ့ ဖော့တိုင်နဲ့ မော်တော်တပြန်စာ အကွာရောက်ရင် မော်တော်ကို ကွေ့ချလိုက်ပြီး ဘေးတိုက်ချဉ်းကပ်၊ ဖော့တိုင်နဲ့ ၃ ပေလောက် အကွာမှာတော့ စက်သတ်ပြီး လေကြောင်းက တွန်းတဲ့ အရှိန်နဲ့ မော်တော်နဲ့ ဖော့တိုင်နဲ့ ထိတဲ့အခါ ဆယ်ယူရပါတယ်၊ ဖော့တိုင် မော်တော်ပေါ် ရောက်တဲ့အခါ အခြေခံ ရှေးဦးသူနာ ပြုစုနည်းကို ပြောပြရတယ်၊ ပြီးတော့ လိုအပ်ရင် ဆက်ရမယ့် အရေးပေါ် ဖုန်းနံပါတ်တွေနဲ့ လာကယ် မယ့် သူတွေကို ညွှန်ပြဖို့ မော်တော်ရဲ့ တည်နေရာကို ပြောရတယ်၊ အဲဒါပြီးရင်တော့ ဒီလေ့ကျင့်ခန်း ပြီးပါပြီ၊ စာမေးပွဲရဲ့ ၆၀ ရာခိုင်နှုန်းက ဒီအပေါ်မှာ အမှတ်ပေး ပါတယ်...၊

ဆိပ်ကမ်းထဲ ပြန်ဝင်ပြီးလို့ မူလနေရာ ပြန်အရောက်မှာတော့ နောက်ဆုံး အနေနဲ့ ကြိုးချည်နည်း အချို့ လုပ်ပြရပါတယ်၊ တခါတလေ ရေလယ်မှာ ကျောက်ဆူး အတင်၊ အချလုပ်ပုံ၊ ရေကြောင်းပြ မြေပုံ၊ ခရီးအကွာအဝေးနဲ့ ဦးတည်ရာ တွက်ချက်ပုံ စတာတွေပါ မေးတတ်ပေမယ့် မနေ့က ကျနော်ဖြေခဲ့ရတာတော့ ဒီလောက်ပါပဲ၊ ဖြေချိန် စုစုပေါင်း ၁ နာရီလောက် ကြာပါတယ်၊ ပြီးတာနဲ့ စစ်တဲ့ဆရာက အောင်တယ် ရှုံးတယ် ချက်ချင်းပြောတယ်၊ ဖြေနေတုန်းမှာ ကျနော် အမှားအနည်းငယ် လုပ်လိုက်မိလို့ stress က ချက်ချင်းတက်လာ သေးတယ်၊ စာမေးပွဲ စကတည်းက တည်ငြိမ်အောင် ထား,ထားတဲ့ စိတ်က တခါထဲ ယောက်ယက်ခတ်သွားလိုက်တာ မော်တော်နောက်က လှိုင်းတွေလိုပဲ၊ stress များလေလေ လူက ပိုပြီး ပူလောင်လေလေနဲ့ စိုးရိမ်စိတ်တွေကလည်း မြင့်တက်လာတယ်၊ စာမေးပွဲဆိုတာတော့ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမြဲတမ်း ဒီလိုပဲ ထင်ပါရဲ့၊ ဒါပေမယ့် ကျနော် အောင်ပါတယ်...၊

ဒီ သင်္ဘောလိုင်စင် ဖြေဖို့ ဖြစ်လာရတာကလည်း အလုပ်ကြောင့်ပါပဲ၊ ကိုယ့်ဟာနဲ့ကိုယ်ဆို စိတ်တောင် ကူးမိမှာ မဟုတ်ဘူး၊ ကျနော့် ဓါတ်ပုံ တွေထဲ မကြာခဏ ပါလေ့ရှိတဲ့ ရေကန်ကြီးကို သုတေသန လုပ်ဖို့ လွန်ခဲ့တဲ့ အပတ်မှာ ရုရှားက ရေငုပ်သင်္ဘော ၂ စင်း ရောက်လာပါတယ်၊ လူ ၆ ယောက် ၇ ယောက်လောက် စီးလို့ရတဲ့ အသေးစား ရေငုပ်သင်္ဘော တွေပါ၊ Mir-1 နဲ့ Mir-2 လို့ အမည်ရတယ်၊ ဒီသင်္ဘောတွေက ငယ်ပေမယ့် ရေအောက် မီတာ ၆၀၀၀ (၁၉၆၈၅ ပေ) အနက်ထိ ငုပ်နိုင်တယ်လို့ ဆိုတယ်၊ Mir-1 က နာမည်ကျော် Titanic ဇတ်ကား ရိုက်ဖို့အတွက် တိုင်တန်းနစ် သင်္ဘောကြီး ဆီ ငုပ်ဖို့ ဒါရိုက်တာ James Cameron က သုံးခဲ့ပါသေးတယ်၊ ပြီးတော့ ကမ္ဘာ့အနက်ဆုံး ရေချို ကန်ဖြစ်တဲ့ ဆိုက်ဘေးရီးယားက Lake Baikal မှာ ရေအောက်သုတေသန အတွက်လည်း သုံးခဲ့ဖူး ပါသေးတယ်၊

အခု ဒီက Leman lake ကို အဲဒါ ၂ စင်းသုံးပြီး နိုင်ငံ ၆ နိုင်ငံက သိပ္ပံပညာရှင်တွေ ပါတဲ့အဖွဲ့က ၂ လကြာလောက် သုတေသန လုပ်ပါ လိမ့်မယ်၊ ဘယ်လ်ဂျီယံ မြောက်ပိုင်းကို ကျနော် တိုးရစ်စ် အနေနဲ့ သွားတုန်းက အဲဒီမှာ ပြထားတဲ့ စစ်တပ်သုံး ရေငုပ်သင်္ဘော တစ်စီးထဲတော့ ရောက်ခဲ့ဖူးတယ်၊ စိတ်ဝင်စားဖို့ ကောင်းတာမှန်ပေမယ့် အထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့မို့ အကျဉ်းအကျပ်ကြောက် Claustrophobia ရောဂါ ရှိရင်တော့ အထဲဝင်ဖို့ ခက်ပါလိမ့်မယ်၊ အခု ဒီရေငုပ်သင်္ဘောတွေ ကိုတော့ ကျနော့်လို ပါမွှားက စီးရမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ရေငုပ် သင်္ဘောက ကျနော်တို့ ဌာန Lab အတွက် လိုအပ်တဲ့ ရေနမူနာ၊ ကန်အောက်ခြေက မြေနမူနာ ယူတဲ့နေ့တွေမှာ တပြိုင်နက်ထဲ ရေမျက်နှာ ပြင်နဲ့ အပေါ်ယံ သိပ်မနက်တဲ့ နေရာတွေကနေ မော်တော်တစ်စီးနဲ့ ကျနော်တို့ကလည်း နမူနာတွေ ယူဖို့ စီစဉ်ထားတယ်၊ အဲဒါဟာ ကျနော် သင်္ဘောလိုင်စင် လျှောက်ရခြင်းရဲ့ အကြောင်းရင်းပါပဲ၊

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဌာနဒါရိုက်တာက ကျနော့်ဆီလာပြီး “ရေငုပ်သင်္ဘော ပရောဂျက်တွေက လာမယ့် ၂ ပတ်လောက်ဆို စ,တော့မှာ ဆိုတော့ မင်းအနေနဲ့ ဒီ သင်္ဘောလိုင်စင် စာမေးပွဲကို တခါတည်း မအောင်ရင်တော့ ကမောက်ကမတွေ ဖြစ်ကုန်မယ် ထင်တယ်ကွ” ဆိုပြီး နောက်သလိုလို၊ အတည်လိုလိုနဲ့ ပရက်ရှာတွေ ပေးသွားသေးတယ်၊ အခုတော့ ကျနော် စာမေးပွဲ အောင်သွားတာမို့ ဟင်းကနဲ သက် ပြင်း တစ်ခုနဲ့ အတူ ပေါ့ပါး သွားပါတယ်..။ ။း)


ညီလင်းသစ်
၁၀ ဇွန်၊ ၂၀၁၁

08 June 2011

ဒိန်ခဲပေါ်က တနင်္ဂနွေ


ပြီးခဲ့တဲ့ တနင်္ဂနွေက မရောက်တာ ကြာနေပြီဖြစ်တဲ့ သင်္ဘောဆိပ်ကို သွားဖြစ်ပါတယ်၊ ရေကန် ပတ်ပတ်လည်မှာ သင်္ဘောကပ်တဲ့ ဆိပ်ခံငယ် လေးတွေ အများကြီး ရှိပေမယ့် အခုလို သင်္ဘောကျင်းနဲ့ တွဲနေတဲ့ ဆိပ်ကမ်းကတော့ သိပ်မရှိ ပါဘူး၊ သင်္ဘောဆိပ်တို့ ထုံးစံ အဲဒီ အနီး တဝိုက်မှာ ကမ်းနားတလျှောက် လမ်းလျှောက်သူတွေနဲ့ စည်ကားတယ်၊ အဲဒီ မနက်မှာလည်း ရာသီဥတုက သာယာပါတယ်၊ ဒါနဲ့ပဲ ရောက်ဖြစ်ပြန်တယ် ဆိုပါတော့...၊


Photobucket
ဒီလမ်းတလျှောက် တော်တော်ဝေးဝေးကို လျှောက်လို့ရတယ်၊ ခြေညောင်းရင် တွေ့တဲ့ခုံမှာ ထိုင်ပြီး မျက်စိကို အစာကျွေးလို့ ရတယ်၊ ရှုခင်းတွေ ကြည့်တာကို ပြောပါတယ်၊း) မျက်စိညောင်းလာရင်တော့ ခြေထောက်ကို တလှည့် အလုပ်ပေးပြီး ဆက်လျှောက်ပေါ့...၊


Photobucket
တော်တော် လှမ်းလှမ်းမှာတော့ မြက်ခင်းပြင် အကျယ်ကြီးတခု ရှိတယ်၊ မြက်ခင်းတနေရာမှာ ကလေးကစားကွင်း လေးလည်း ရှိတာနဲ့ ကျနော်တို့ သွားလိုက်တယ်၊ အဲဒီ မြက်ခင်းပြင်ပေါ်မှာ ကျနော် ဖြတ်သွားဖြတ်လာ မြင်ပြီး စိတ်ဝင်စားနေတာက အပေါ်ပုံမှာ တွေ့ရတဲ့ ထိုင်းတော်ဝင်မိသားစု ဇရပ်ပါပဲ၊ အနီးကပ် သွားကြည့်ချင်နေတာ အခုမှပဲ ရောက်ဖြစ်တယ်၊ ရှေ့မှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ ၂၀၀၆ မှာ သီရိဒုံက လာဖွင့်ပေးတယ်လို့ သိရပါတယ်၊ ဇရပ်ဆို ပေမယ့် အထဲမှာ ဘာမှ မရှိပါဘူး၊ ယုတ်စွအဆုံး သောက်ရေအိုးကွဲလေး တစ်လုံးတောင် မတွေ့မိဘူး...၊း)


Photobucket
ဇရပ်ပေါ်က မျက်နှာကြက်မှာ ရေးထားတာပါ၊ ဆိုတဲ့အတိုင်း ဘူမိဘော ဘုရင်ရဲ့ နန်းသက် ၆၀ ပြည့်နှစ်နဲ့ ထိုင်း-ဆွစ်ဇာလန် ချစ်ကြည်ရေး ၇၅ နှစ်ပြည့် အထိမ်းအမှတ်....၊ ဘူမိဘော ဘုရင်က ဒီ Lausanne မြို့လေးကို အတော် သံယောဇဉ် ရှိတယ်လို့ ပြောကြတယ်၊ သူ့အသက် ၆ နှစ်အရွယ် ၁၉၃၃ မှာ သူ့မယ်တော် မင်းသမီးနဲ့အတူ ဒီမြို့လေးကို ရောက်လာခဲ့တယ်၊ ပြီးတော့ ဒီမှာပဲ ကျောင်းတက်သွားခဲ့တယ်၊ တက္ကသိုလ်မှာတော့ သူတက်ခဲ့တဲ့ မှတ်တမ်းတွေ ကျန်ရစ်ပါတယ်၊ အနုပညာ၊ ဥပဒေ ဘာသာရပ်နဲ့ နိုင်ငံရေးသိပ္ပံတို့မှာ ထူးချွန်တယ်လို့ သိရပါတယ်၊


Photobucket
အဲဒီ မြက်ခင်းပြင်ကြီးကနေ နောက်ပြန်လှည့်ပြီး လျှောက်လာတော့ အိုလံပစ် ပြတိုက်ရှေ့ကို ရောက်ပါတယ်၊ Lausanne မြို့ရဲ့ အာဏာပိုင်တွေကတော့ သူတို့မြို့ကို အိုလံပစ်မြို့တော်လို့ ဂုဏ်ယူစွာနဲ့ ပြောကြလေ့ ရှိတယ်၊ အိုလံပစ် ကောင်စီရဲ့ ရုံးချုပ်နဲ့ အိုလံပစ်ပြတိုက် ရှိလို့ပါ၊ ဒါက ပြတိုက်ရဲ့ အဝင်ဝ ဖြစ်ပါတယ်..၊


Photobucket
ဒီမြို့လေးကို ရောက်လာတဲ့ တိုးရစ်စ်တွေရဲ့ ပထမဦးဆုံး လည်ပတ်ရာ နေရာလည်း ဖြစ်ပါတယ်..၊



Photobucket
မျက်နှာချင်းဆိုင်မှာတော့ အဲ့လ်ပ်စ် (Alps) တောင်တန်းတွေ...၊ နေရောင်ရှိပေမယ့် တိမ်တွေမှာ မိုးငွေ့လည်း သမ်းနေခဲ့တယ်၊



Photobucket
ခပ်လှမ်းလှမ်းမှာတော့ ပြင်သစ်ဖက်အခြမ်းကို သွားမယ့် သင်္ဘောတစ်စင်းက ကမ်းကနေခွာဖို့ ပြင်နေခဲ့ပြီ၊ ဒီဖက်အခြမ်း မှာက လစာနှုန်းထား ပိုမြင့်တော့ ပြင်သစ်ဖက်ကနေ အလုပ်လာလုပ်တဲ့ သူတွေ ပိုပိုများလာတယ်၊ ဆွစ်မှာ လစာပိုရသလောက် ပြင်သစ်မှာ သုံးစွဲရတာ ဈေးပိုသက်သာလို့ ဒီလို အလုပ်လာလုပ်တဲ့ သူတွေအတွက် တန်ပါတယ်၊ များများဝင်ပြီး နဲနဲပဲ ထွက်တာပေါ့လေ၊ ဒီဖက်က ဆွစ်တွေမှာသာ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတာ..၊ အခွန်အတုတ်၊ အိမ်ငှားခ၊ ကုန်ဈေးနှုန်း စတာတွေကြားမှာ စုမိဆောင်းမိဖို့ ဆိုတာ အချိန် အတော်လိုပါတယ်၊


Photobucket
နွေရာသီလည်း တဖြည်းဖြည်း နီးလာပြီဆိုတော့ ခြေနင်းလှေကလေးတွေလည်း ကန်ထဲမှာ စတွေ့လာရပြီ...၊ အဲဒီလို လှေတစ်စင်းနဲ့ ရေနက်ပိုင်းကို နင်းသွားပြီး အဲဒီမှာ ရေကူးရတာ သဘောကျစရာ ကောင်းတယ်၊


Photobucket
အိမ်ပြန်ရောက်တော့ နေ့လယ်စာကို ရားကလက် (raclette) စားဖြစ်ပါတယ်၊ အပြင်ဖက်မှာတော့ ခုနက မိုးငွေ့ဆင်နေ တဲ့ တိမ်တွေက ရွာချဖို့ ပြင်နေပြီ၊ ဒါပေမယ့် ကျနော်တို့ ဝရန်တာမှာ စားဖို့ ဆက်ပြင်ခဲ့တယ်...၊ ဒိန်ခဲပြား တွေကို ပျော်အောင် အပူပေးတဲ့ မီးဖိုကိုဖွင့်၊ တွဲဖက်စားတဲ့ အချဉ်ပုလင်းတွေကို နေရာချ၊ ဝိုင်ပုလင်းကို ဖွင့်အပြီးမှာတော့ တနင်္ဂနွေ နေ့လယ်စာအတွက် အဆင်သင့် ဖြစ်သွားပြီ...၊း)


Photobucket
ဒီနိုင်ငံမှာ မကြာခဏ စားကြတဲ့ အစားအစာ ၂ မျိုးရှိပါတယ်၊ တစ်ခုက Fondue နဲ့ နောက်တစ်ခုက Raclette ပါ၊ ၂ ခုစလုံးက ချိစ်ကို အခြေခံတဲ့ အစားအစာပါပဲ၊ ချိစ် အမျိုးအစားတော့ မတူပါဘူး၊ Fondue က အများအားဖြင့် ပေါင်မုန့်နဲ့ စားတယ်၊ ပေါင်မုန့် ကို တဖဲ့,ဖဲ့၊ ခက်ရင်းရှည် ထိပ်မှာချိတ်၊ စားပွဲအလယ်က မီးပေးထားတဲ့ ဒိန်ခဲအိုးထဲကို ထည့်မွှေပြီး စားလေ့ရှိတယ်၊ တခြား အဆာပလာတွေ မပါတော့ မြန်မာလူမျိုး အများစုကတော့ သိပ်မကြိုက်ကြဘူး၊ Raclette ကတော့ အာလူးနဲ့ အဓိက တွဲစားတယ်၊ ပြီးတော့ ဘေးမှာ အရံစားစရာတွေနဲ့ ဆိုတော့ မြန်မာပါးစပ်အတွက် အဝင်မဆိုးဘူးလို့ ဆိုရမယ် ထင်တယ်၊ ဒီ ချိစ်အစားအစာ ၂ ခုလုံးကို ဝိုင်ဖြူနဲ့ တွဲဖက်လေ့ ရှိပါတယ်၊ ဝိုင်နီ မသောက်ကြပါဘူး၊ အေးနိုင်သမျှ အေးအောင်ထားတဲ့ ဝိုင်ဖြူကို မကြိုက်ရင်တော့ ရေနွေးကြမ်းနဲ့ စားနိုင်ပါတယ်၊ ရေတော့ မသောက်ဖို့ ပြောကြတယ်၊ ဗိုက်အောင့်ဖို့ အလားအလာ များလို့တဲ့...၊


Photobucket
ကျပ်တင် ဝက်ပေါင်ခြောက်၊ gherkin အသေးစား သခွားသီးချဉ်၊ baby corn ပြောင်းဖူးချဉ်၊ ကြက်သွန်ဖြူချဉ်၊ မှို၊ အပူပေးထားတဲ့ ရားကလက် ဒိန်ခဲပြား၊ ကျပ်တင် အမဲသားလွှာနဲ့ အာလူးပြုတ်တို့ ဖြစ်ပါတယ်၊ အခွံနွှာရမှာ ပျင်းလို့ ကျနော်က အာလူးကို အခွံနဲ့ စားပစ်လိုက်တယ်၊ စကားမစပ် အဲဒီလို ပန်းကန်ထဲက အာလူးအခွံတွေကို ပြင်သစ်လို ခေါ်တာ အရမ်းကဗျာဆန်တယ်၊ La robe des champs ကွင်းထဲက ဂါဝန်-တဲ့၊ အာလူးက စိုက်ခင်းထဲမှာ တုန်းက သူဝတ်ခဲ့တဲ့ ဂါဝန်နဲ့အတူ ပန်းကန်ထဲအထိ ရောက်လာတယ်ပေါ့လေ၊း) နေ့လယ်စာ စားနေတုန်းမှာပဲ မိုးကတော့ ကောင်းကောင်းကို ရွာနေခဲ့ပြီ၊ ဝရန်တာမှာ ဆိုတော့ လေအဝေ့မှာ တချက်တချက် စိမ့်ကနဲ ဖြစ်,ဖြစ်သွားတယ်၊ ပန်းကန်ထဲမှာတော့ ပူပူနွေးနွေး အရည်ပျော် ဒိန်ခဲတွေနဲ့အတူ အာလူးပျိုလေးတွေက ဝတ်လစ်စလစ် မဖြစ်ဘဲ လုံလုံခြုံခြုံ သိမ်းသိမ်းထုပ်ထုပ်....။ ။


ညီလင်းသစ်
၈ ဇွန်၊ ၂၀၁၁

01 June 2011

ဘိုက်ခ်တူဝပ်ခ် ...


မေလထဲကို ဝင်လာပြီဆိုရင်ပဲ ဒီစကားလုံးကို အလုပ်မှာ စပြီးကြားရပြီ၊ ပိုစတာတွေကို ကြော်ငြာသင်ပုန်းတွေမှာ တွေ့လာ ရပြီ၊ သိပ်မကြာခင် မှာပဲ အီးမေးလ်တွေ ရောက်လာတတ်ပါတယ်၊ ဘိုက်ခ်တူဝပ်ခ် (Bike to work) ဆိုတာက သူ့နာမည် ကြည့်ရုံနဲ့ကို သိနိုင်တဲ့ အလုပ်ကို စက်ဘီးနဲ့ သွားဖို့ လှုပ်ရှားမှုပါ၊

ဘိုက်ခ်တူဝပ်ခ် လှုပ်ရှားမှု ကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက စတင်ပြီးတော့ အခုအချိန်မှာတော့ စာတိုက်၊ အာမခံ ကုမ္ပဏီ စတဲ့ အခြား အဖွဲ့အစည်းတွေကလည်း ပံ့ပိုးလာကြပါတယ်၊ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပါ၊ အလုပ်ကို စက်ဘီးနဲ့ သွားခြင်းအားဖြင့် မော်တော်ကားက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို လျှော့ချနိုင်မယ်၊ ဓါတ်ဆီ၊ ဒီဇယ် စတဲ့ လောင်စာစွမ်းအင်တွေကို အလွန်အမင်း သုံးစွဲနေရတာကိုလည်း လျှော့ချနိုင်မယ်၊ ပြီးတော့ ကီလိုကယ်လိုရီ တွေလည်း လျော့စေမှာဖြစ်လို့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်မယ်၊ စသဖြင့်ပါပဲ...၊ ဒီ ဘိုက်ခ်တူဝပ်ခ် အဖွဲ့က ဆွစ်ဇာလန် တနိုင်ငံလုံးက ကုမ္ပဏီတွေ၊ ကျောင်းတွေ၊ အစိုးရရုံးတွေကို ဆက်သွယ်ပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်လာဖို့ နှိုးဆော်လေ့ ရှိပါတယ်၊

ဇွန်လ ကို စက်ဘီးဖြင့် အလုပ်သွားခြင်း လအဖြစ် သတ်မှတ်ပါတယ်၊ ဒီနေ့က ပထမဆုံးနေ့ပေါ့၊ လိုက်နာရမှာတွေက ကိုယ့် လုပ်ဖော်ကိုင်ဖက် တွေကို ညှိပြီး အဖွဲ့ဝင် ၄ ယောက်ပါတဲ့ အဖွဲ့လေးတစ်ခု ဖွဲ့ရမယ်၊ အဖွဲ့အစည်းနဲ့ဆိုတော့ တစ်ယောက်,ယောက်က စက်ဘီးနဲ့လာဖို့ ပျင်းလာရင်တောင် အချင်းချင်းအားပေးလို့ ရအောင်ပါ၊ အလုပ်ကို အတူလာစရာ၊ ပြန်စရာ မလိုပါဘူး၊ အဲဒီလို အဖွဲ့,ဖွဲ့ပြီးရင် ဘိုက်ခ်တူဝပ်ခ် ဝက်ဘ်ဆိုဒ်မှာ တစ်ယောက်ချင်းစီက အကောင့်ဖွင့်ပြီး စာရင်းသွင်းရမယ်၊ ပြီးရင် ဇွန်လ အလုပ်တက်ရက်ရဲ့ ၅၀% ကို စက်ဘီးစီးပြီး အလုပ်ကို အသွားအပြန် လုပ်ဖို့ပါပဲ၊ ကိုယ်က ရက် ၂၀ အလုပ်,လုပ်တယ်ဆိုရင် အနည်းဆုံး ၁၀ ရက်မှာ စက်ဘီးနဲ့ အလုပ်သွားဖို့ပေါ့၊ ဇွန်လကုန် မှာတော့ အဲဒီဝက်ဘ်ဆိုဒ်ရဲ့ ပြက္ခဒိန်မှာ ဘယ်နှရက် စီးဖြစ်ခဲ့လဲ ဆိုတာ စာရင်းသွင်းဖို့လိုတယ်၊ အဲဒီအခါ အပြန်အလှန် အနေနဲ့ သူတို့က ၅၀% စီးခဲ့သူတွေကို ကံစမ်းမဲ ဖောက်ပေးပါလိမ့်မယ်၊ အဖွဲ့လိုက်ဆုကော တစ်ဦးချင်းဆုတွေပါ စီစဉ်ထားပါတယ်၊

တကယ်တော့ ကျနော့်အလုပ်မှာ စက်ဘီးနဲ့ အလုပ်လာကြသူတွေ အများကြီးပါပဲ၊ တချို့ဆို တနှစ်ပတ်လုံး မိုးရွာ,ရွာ၊ နှင်းကျ,ကျ ဝတ္တရား မပျက်ပါပဲ၊ အများစုက ကံစမ်းမဲ ပေါက်ဖို့ဆိုတာထက် အခုလို ရက်ကလေး သတ်သတ်မှတ်မှတ် နဲ့ဆိုတော့ တွန်းအားတစ်ခု ရတာမို့ ပါဝင်ကြတဲ့ သဘောပါ၊ ဒီနှစ်မှာတော့ ဌာနပေါင်းစုံက စာရင်းသွင်း ကြတာ ၁၀၇ ဖွဲ့ရှိတယ်လို့ သိရတယ်၊ စက်ဘီးနဲ့ အလုပ်တက်တယ် လို့ ယေဘုယျ ပြောပေမယ့်လည်း အကယ်၍ မိုးရွာတဲ့ နေ့တွေမှာ လမ်းလျှောက်ပြီး လာလို့ရပါတယ်၊ စက်ဘီး မစီးချင်ရင် စကိတ်စီးပြီး လာလို့လည်း ရတယ်၊ အခြေခံ ရည်ရွယ်ချက်က ကိုယ့်ရဲ့ ခြေထောက်ကြွက်သားကို အသုံးပြုပြီး အလုပ်သွားဖို့ပါပဲ...၊

ကြုံလို့ စက်ဘီးနဲ့ ပတ်သက်တာတခု ပြောချင်ပါတယ်၊ အရာရာကို အာမခံ insurance ထားကြတဲ့ ဒီနိုင်ငံမှာ စက်ဘီးအတွက် သူတပါး ထိခိုက်မှု အာမခံလည်း ထားရပါတယ်၊ ကိုယ့်စက်ဘီးက တယောက်,ယောက်ကို တိုက်မိလို့ ဖြစ်စေ၊ သူများ ကားကို ခြစ်မိသွားလို့ ဖြစ်စေ၊ ကိုယ့်စက်ဘီးကြောင့် ဖြစ်သွားတဲ့ ထိခိုက်မှုတွေကို အဲဒီ အာမခံ ကုမ္ပဏီက လျော်ပေးပါလိမ့်မယ်၊ အာမခံ ထားဖို့အတွက်ကတော့ လွယ်ပါ တယ်၊ စာတိုက်မှာ အဲဒီအာမခံ စတစ်ကာလေး တစ်ခုဝယ်ပြီးတော့ စက်ဘီးမှာ ကပ်ထားလိုက်ရုံ ပါပဲ၊ မထားမနေရ ဆိုပေမယ့် ဈေးတော့ မကြီးပါဘူး၊ ၄ ဒေါ်လာလောက်ပဲ ပေးရတယ်၊ အဲဒီစတစ်ကာ မရှိရင် ရဲက ဒဏ်ငွေ ၄၀ ဆောင်ခိုင်းလို့ ရတယ်၊ ဒါပေမယ့် အက်ဆီးဒင့် မဖြစ်သရွေ့တော့ ဘယ်သူကမှ လိုက်စစ် မနေပါဘူး၊ ပြောရရင်တော့ အခြား သူတပါးထိခိုက်မှု အာမခံ တွေလည်း ထားနေကြရတော့ ဒီစက်ဘီးအတွက် ဘယ်သူမှ ထပ်ပြီး အလုပ်မရှုပ်ချင်ကြလို့ ဒီဥပဒေကို မကြိုက်ကြဘူး၊ ဒါနဲ့ ဟိုတလောက ရက်ဖရင်ဒမ် မဲပေးပွဲမှာ vote no လုပ်လိုက်တာနဲ့ ရှေ့နှစ်က စပြီး ထားစရာ မလိုတော့ပါဘူး၊

ဒီတခေါက်မှာတော့ ကျနော်လည်း ဘိုက်ခ်တူဝပ်ခ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျနော့်အိမ်နဲ့ အလုပ်က ၁၀ မိနစ်လောက်ပဲ ဝေးတာဆိုတော့ မလုပ်နိုင်စရာ မရှိပါဘူး၊ ဟိုအရင် ကျောင်းတက်တုန်းက ဆိုရင်တော့ ဒီလိုမျိုး လုပ်ဖို့က လွယ်မယ်မထင်ဘူး၊ တခြားမြို့မှာ သွားတက်ရတာ ဆိုတော့ အိမ်ကနေ ဘတ်စ်ကားနဲ့ ဘူတာရုံသွား၊ အဲဒီမှာ ရထားစီး၊ နောက်တစ်မြို့ ရောက်ရင် ဘတ်စ်ကားပြောင်းစီးပြီး သွားခဲ့ရတယ်၊ အသွား ၁ နာရီခွဲ နီးပါး၊ အပြန် ၁ နာရီခွဲ နီးပါး အချိန်ကုန်ပါတယ်၊ အခုတော့ အလုပ်နဲ့အိမ်က နီးနီးလေးမို့ အဲဒီအချိန်တွေ ကုန်စရာ မလို တော့ဘူး၊

ကျနော်တို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းက စက်ဘီးစီးတတ်ချင် လွန်းတာနဲ့ ကိုယ့်မုန့်ဖိုးထဲက စုပြီး စက်ဘီးငှားစီး ကြပါတယ်၊ ၈ နှစ်၊ ၉ နှစ် အရွယ်လောက်ကပေါ့၊ အဲဒီတုန်းက BMX စက်ဘီးတွေ ခေတ်စားနေတဲ့ အချိန်၊ BMX ဗီဒီယို တွေထဲက ကလေးဇတ်လိုက်တွေကလည်း ရှေ့ဘီးထောင်လိုက်၊ နောက်ဘီးထောင်လိုက်နဲ့ ဆိုတော့ အားကျတာနဲ့ ငှားစီးကြတယ်၊ ဘရိတ်မကောင်း၊ ဘာမကောင်းနဲ့ သံချေးတွေနဲ့ ရုပ်တောင် သိပ်မထွက်တော့တဲ့ BMX တွေပါပဲ၊ ဒါပေမယ့် ကျနော်တို့တတွေ ပျော်ခဲ့ကြတယ်၊ ၂ ခါလောက် ဒူးပြဲသွားပြီးတော့လည်း အားလုံး စက်ဘီးစီးတတ် သွားကြတယ်၊ တက္ကသိုလ်နေဝင်းရဲ့ စာအုပ်ထဲမှာ ကျနော်တို့ ဗိုလ်ချုပ်က စက်ဘီး မစီးတတ်ဘူးလို့ ဖတ်ဖူးတယ်၊ ဆရာနေဝင်းမြင့်လည်း စက်ဘီးမစီးတတ် ပါဘူး၊ သူက ဒီတခုတော့ ဗိုလ်ချုပ်နဲ့ တူတယ်လို့ သူ့စာတွေထဲမှာ အရွှန်းဖောက်ပြီး ရေးတတ် တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် အလုံပိတ် ကားအကောင်းစားကြီး ထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထုတ်ပြီး တဝီးဝီး သွားနေတာထက်စာရင် ချောက်ချက်ချောက်ချက် စက်ဘီးကလေးကိုပဲ လေကလေး တချွန်ချွန်နဲ့ အေးအေးလူလူ စီးချင်ပါတယ်...။ ။


ညီလင်းသစ်
၁ ဇွန်၊ ၂၀၁၁