30 January 2011

မျှော်တိုင်းမှန်းရည် ဝေးလှသည်


ကျနော် ဓါတ်ပုံပညာကို စ,ပြီး ဝါသနာပါတော့ အဖေပြောဖူးတာလေး သွားသတိရတယ်၊ 'လူတစ်ယောက်ကို မုန်းရင် သူ့ကို ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ' တဲ့၊ အဖေ အဲဒီစကား ပြောတုန်းက ဒစ်ဂျစ်တယ်လ် ကင်မရာတွေ မပေါ်သေး ပါဘူး၊ ဒီတော့ ဟုတ်တာပေါ့၊ ကင်မရာအသစ်နဲ့ မျောက်အုန်းသီးရ ဖြစ်မယ်၊ ဟိုရိုက်ဒီရိုက် လုပ်မယ်...၊ ပြီးတော့ ကိုယ့်လက်ရာလေး သိချင်တော့ ဖလင်ကနေ ဓါတ်ပုံကူးမယ်၊ မကြိုက်တော့ ထပ်ရိုက်မယ်၊ ထပ်ကူးမယ်၊ ထပ်ရိုက်မယ်၊ ဒီလိုနဲ့ မျောက်သူ့အမေရိုက် (အဲ) ဂျာအေး သူ့အမေရိုက် ဖြစ်မယ်ပေါ့၊

ကျနော် ပထမဆုံး DSLR ကင်မရာတစ်လုံး စ,ဝယ်တော့ အဲဒီစကားလေး ပြန်ကြားပြီး နဲနဲတော့ တွန့်သွားသေးတယ်၊ ပြီးတော့မှ ကိုယ့်ကိုယ်ကို ပြန်အားပေးပြီး ဒီလို ဝယ်ပစ်လိုက်တယ်၊ ထားလိုက်စမ်းပါ၊ အခုက ဒစ်ဂျစ်တယ်လ်ခေတ်၊ ဖလင်ခေတ်လို ပိုက်ပိုက် မကုန်တော့ဘူး၊ ရိုက်... မကြိုက်ရင်ပြန်ဖျက်၊ ဒါပဲပေါ့၊ ကင်မရာ တစ်လုံးဝယ်...တသက်သုံး...၊ လာထား...၊

အင်း... လက်တွေ့မှာတော့ အဲဒီလို မဟုတ်ခဲ့ဖူးဗျာ၊ ကျနော်လည်း အဲဒီ သတ္တဝါလိုပဲ အုန်းသီးတွေ တစ်လုံးပြီးတစ်လုံး ခူးချင်နေမိတယ်၊ ဒီလိုနဲ့ ကျနော် အဲဒီ တွင်းနက်ကြီးထဲ ပြုတ်ကျသွားတယ် ဆိုပါစို့ဗျာ...၊ ဒါပေမယ့် ပြောကြတယ် မဟုတ်လား၊ ဝါသနာပါတာသာ လုပ်၊ ဘယ်တော့မှ မမှားဘူး-တဲ့၊ အင်း... နဲနဲတော့ ချင့်ချိန်ပေါ့လေ...နော့၊ :)

ဒီလိုနဲ့ ကျနော့်ကို ပထမဆုံး အလုပ်အပ်မယ့်သူ ပေါ်လာတယ်၊ ကျနော်တို့ရဲ့ သူငယ်ချင်းပါပဲ၊ သူက Elke Berr...၊ Elke က ကျောက်မျက် ပညာရှင်ပါ၊ မြန်မာပြည်ကို အကြိမ်ကြိမ်လာပြီး ကျောက်တွေ ဝယ်ဖူးတယ်၊ အခု မဂ္ဂဇင်းတစ်စောင်မှာ ထည့်ဖို့ ဓါတ်ပုံတွေလိုတော့ ကျနော့်ကို အကူအညီတောင်းတယ်၊ အလကားမတ်တင်းတော့ မဟုတ်ဘူး၊ ပရောဖက်ရှင်နယ်လ် ဆန်ဆန် ပြောရရင် ကျနော်နဲ့ အလုပ်,လုပ်မယ်ပေါ့ (အဟဲ)၊ အရင် သူသုံးနေကျ ဓါတ်ပုံဆရာနဲ့ ဘာဖြစ်လို့ ဆက်မလုပ်လဲတော့ မသိဘူး၊ ကျနော် အလုပ်လက်ခံလိုက်တယ်၊

တကယ့်ကို ရိုးရိုးသားသား ပြောရရင် ကျောက်မျက်ရတနာတွေကို ကျနော် ဓါတ်ပုံ မရိုက်ချင်ပါဘူး၊ ခက်လည်း ခက်သလို ကျနော်လည်း မကျွမ်းကျင်ဘူး၊ (ပြီးတော့ ကျနော်က တဖိတ်ဖိတ်လက်နေတဲ့ စိန်တစ်ပွင့်ထက်စာရင် မော်ဒယ်လ်တစ်ယောက်ရဲ့ မျက်ဝန်း တောက် တောက်တစုံကို ပိုပြီး စိတ်ဝင်စားတယ်..အဟဲ၊ ဤကား စကားချပ်။) ဒါပေမယ့် တခါမှမလုပ်ဖူးလို့ စမ်းကြည့်ချင်တာနဲ့ လက်ခံလိုက်တယ်၊ ဒါက အဲဒီတုန်းက ရိုက်ထားတာတွေထဲက တချို့ပါ၊ ကျနော့်ရဲ့ပိုက်ဆံအိတ်လေးကို နဲနဲ ပိုဖောင်းလာစေတဲ့ ဓါတ်ပုံတချို့လို့ ဆိုပါစို့..၊ ကိုယ်ရဲ့ ဝါသနာဥယျာဉ် ကနေ ပထမဆုံး ရောင်းတန်းဝင်အပွင့်လေး ပွင့်လာတော့ ကျနော့်ဘလော့ဂ်ကို မကြာမကြာ လာလည်လေ့ရှိတဲ့ ညီအစ်ကို၊ မောင်နှမတွေကို သတိရမိသေးတယ်၊ သူတို့သာ အနားမှာရှိရင် အထိမ်းအမှတ် အနေနဲ့ ကျနော် မုန့်ဝယ်ကျွေးမိမှာပဲ၊ တကယ်ပါ...။ ။ :)


(၁)
Photobucket


(၂)
Photobucket


(၃)
Photobucket


(၄)
Photobucket


(၅)
Photobucket


(၆)
Photobucket


(၇)
Photobucket


(၈)
Photobucket


ကျောက်နာမည်တွေတော့ ကျနော့်ကို မမေးကြနဲ့နော်...၊ ကျနော်က ကျောက်ဆို ဦးကျောက်လုံးနဲ့ ကိုကြီးကျောက် လောက်ပဲ သိတာ...၊ ဒါကတော့ Elke Berr ရဲ့ ဝက်ဘ်ဆိုဒ် ပါ...။ ။


ညီလင်းသစ်
၃၀ ဇန်နဝါရီ၊ ၂၀၁၁

27 January 2011

ချစ်သူအတွက် မရည်ရွယ်သော...စိန်


တနေ့ ညနေက ဆင်န်မနာ (Seminar) တစ်ခု သွားဖြစ်တယ်၊ ဆင်န်မနာဆိုတာထက် ပါမောက္ခ တစ်ယောက်ရဲ့ မိတ်ဆက်လက်ချာ (Inaugural lecture) ဆိုရင် ပိုမှန်ပါတယ်၊ အမှန်အတိုင်း ပြောရရင် အဲဒီလက်ချာကို တက်ဖို့ ကျနော် စိတ်မပါ,ပါဘူး၊ တစ်အချက်က အလုပ်တွေ ထားခဲ့ပြီး သွားရမှာရယ်၊ နှစ် အချက်က ကိုယ်နဲ့ သိပ်မဆိုင်တာရယ် ကြောင့်ပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ ရက်လောက် ကတည်းက ကျနော်တို့ ဌာနရဲ့ ဌာနမှူးက အားလုံးကို နှစ်ရက်တစ်ကြိမ်လောက် မေးလ်ပို့ပြီး ဒီပွဲကို လာဖြစ်အောင် လာကြဖို့ နှိုးဆော်နေတာနဲ့ ကျနော်လည်း အများနည်းတူ သွားလိုက်ရတယ်၊ ဌာနမှူးက အတင်းတက်ခိုင်း နေတာလည်း အကြောင်းရှိတယ်၊ အဲဒီ ပါမောက္ခက အခြားမြို့ တစ်မြို့မှာရှိတဲ့ ရေအရင်းအမြစ်ဌာနရဲ့ အရေးပါတဲ့ အကြီးအကဲ တစ်ယောက်ပါ၊ ကျနော်တို့ ဌာနနဲ့ အဲဒီဌာနတို့ ပူးပေါင်းသုတေသန လုပ်ဖို့ လျာထားတဲ့ ပရောဂျက်တွေ အများကြီး ရှိပါတယ်၊ အခု ဒီလက်ချာဟာ အဲဒီပရောဂျက်တွေ အားလုံးရဲ့ အစ နိဒါန်းလည်း ဖြစ်ပါတယ်၊ ဒါ့ကြောင့် သူက ဆင်န်မနာကို အားလုံးတက်ပြီး စည်စည်ကားကားလေးနဲ့ အဲဒီ ပါမောက္ခကို ကြိုဆိုစေချင်တာပါ၊

လက်ချာက ညနေ ၅ နာရီ ၁၅ တိတိမှာ စ,တယ်၊ ဟောပြောတဲ့ ပါမောက္ခက Ms. Janet Hering တဲ့၊ သူက ခေသူတော့ မဟုတ်ဘူး၊ ကောနဲလ်တက္ကသိုလ်ကနေ B.Sc ယူ၊ ဟားဗတ်ကနေ M.Sc ယူပြီး အမ်အိုင်တီမှာ Ph.D ယူလာ ခဲ့သူပါ၊ မိတ်ဆက်ပေးတဲ့ ကျနော်တို့ ဌာနမှူးက မစ္စဂျဲနက်ရဲ့ လုပ်သက်နဲ့ ပညာရေးအကြောင်း ပြောပြလို့ သိရတာပါ၊ ပြီးတဲ့အခါ လက်ချာ စ,ပါတယ်၊ မိတ်ဆက်လက်ချာတို့ ထုံးစံအတိုင်း ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ အသေးစိတ် အကြောင်းအရာတွေ၊ စာရင်းအင်းတွေ သိပ်မပါဘဲ လူအများ နားလည်နိုင်မယ့် ခေါင်းစဉ်မျိုးတွေ ရွေးပြောကြတာပါပဲ၊ ဒီလိုပွဲတွေရဲ့ အဓိက ရည်ရွယ်ချက်က ပါမောက္ခကို လူတွေ သိသွားစေဖို့ပဲလေ၊ ပွဲပြီးတော့ ဝိုင်လေး တစ်ခွက်၊ နှစ်ခွက်သောက်၊ ဟိုဟာဒီဟာလေး စား၊ ဟိုလူနဲ့ စကားတစ်ခွန်းပြော၊ ဒီလူနဲ့ စကားတစ်ခွန်းပြောနဲ့ ပြန်လာကြတာ များပါတယ်၊

မစ္စဂျဲနက်ရဲ့ လက်ချာက ရေရဲ့ ကွာလတီ အကြောင်းပါ၊ ရေအရင်းအမြစ် ဌာနကဆိုတော့ ဒါပဲ ဖြစ်ရမှာပေါ့၊ အရင်တုန်းက လူတွေက ၇၀ ပြည့်လွန် နှစ်တွေအထိ မြစ်ချောင်း၊ အင်းအိုင်တွေက ရေကိုပဲ အဓိကထား သောက်သုံး ကြတဲ့အကြောင်း၊ နောက်ပိုင်းမှာ လူဦးရေကတိုး၊ လေထု၊ ရေထု ညစ်ညမ်းမှုတွေက များလာ တော့ အဝီစိတွင်း၊ ရေတွင်း စတာတွေကတဆင့် မြေအောက်ရေကို သုံးလာကြတဲ့ အကြောင်း၊ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော်များများက မြေအောက်ရေဟာ သန့်ရှင်းပြီး ညစ်ညမ်းမှု မရှိဘူးလို့ ထင်နေခဲ့ကြတဲ့ အကြောင်း၊ သိပ်မကြာသေးခင်ကမှ ဒီရေမှာလည်း ညစ်ညမ်းမှုတွေ စနေပြီလို့ သတိပြုမိ သွားတဲ့အကြောင်းတွေ ပြောသွားတယ်၊ အဲဒီမှာမှ မြေအောက်ရေထဲက "စိန်" အကြောင်း ပြောပါတယ်၊ ခေါင်းစဉ် မှာပါတဲ့ ချစ်သူအတွက် မဟုတ်သော စိန်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစိန်က "diamond" မဟုတ်ဘဲ အာဆင်န်းနစ် (Arsenic) စိန်ဒြပ်စင် အဆိပ် ဖြစ်နေလို့ပါပဲ၊

ဒီ စိန် အာဆင်န်းနစ်က မြေဆွေးတွေကြောင့် မြေအောက်ရေကြောတွေ ထဲမှာ သဘာဝအလျောက် ရှိနေ တတ်ပါတယ်၊ ပါဝင်နှုန်း အနည်းနဲ့ အများပဲ ကွာပါတယ်၊ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ အရှေ့တောင်အာရှ က အာဆင်န်းနစ် ပါဝင်နှုန်း မြင့်တဲ့ ဒေသတစ်ခုပါ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒီပြဿနာကို အရင်ဆုံး ကြုံတွေ့၊ ခံစား လိုက်ရပါတယ်၊ ၇၀ နဲ့ ၈၀ ပြည့်လွန် ကာလတွေမှာ သူ့နိုင်ငံသားတွေ ကန်ရေ၊ ချောင်းရေတွေထဲက ဘက်တီးရီးယား ပိုးတွေကြောင့် ဒုက္ခရောက်ကြတော့ ဘင်္ဂလားဒေ့ရှ် အစိုးရက တုံကင်တွေကို စီမံကိန်းနဲ့ တူးပေးပါတယ်၊ အားလုံး ဝမ်းသာကြတယ်၊ ဒါပေမယ့် အာဆင်န်းနစ်ကို ဘယ်သူမှ မစစ်ခဲ့ကြဘူး၊ အင်ဆင်န်းနစ်ဟာ ကင်ဆာရောဂါ၊ အရေပြားရောဂါ၊ အစရှိတဲ့ ရောဂါပေါင်းစုံကို ဖြစ်စေနိုင်ပါတယ်၊ အခု ဗီယက်နမ်မှာလည်း သောက်ရေတွေထဲမှာ အာဆင်န်းနစ် ပါဝင်နှုန်း မြင့်တဲ့အကြောင်းတွေ ကြားရတယ်၊ ထိုင်းတောင်ပိုင်းနဲ့ ဘန်ကောက် ကျောက်ဖုရား မြစ်ထဲမှာလည်း အာဆင်န်းနစ် ပါဝင်နှုန်း မြင့်တယ်လို့ ပြော ကြပါတယ်၊ ဒါပေမယ့် လူတွေက ရေသန့်ဘူး အသောက်များလို့ ပြဿနာတော့ သိပ်မရှိဘူးလို့ သိရတယ်၊

မစ္စဂျဲနက် ပြသွားတဲ့ ဆလိုက်တွေထဲမှာ မြန်မာနိုင်ငံ မြေပုံလည်း တွေ့လိုက်ရတယ်၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်တော့ စိုးရိမ်ရတဲ့ အနေအထား မရှိပါဘူး၊ တပြည်လုံးမှာ အာဆင်န်းနစ် ပါဝင်နှုန်း အများဆုံး ဒေသက မြစ်ဝကျွန်းပေါ်ပါပဲ၊ ဒါပေမယ့် ကျနော် အမှတ်မမှားဘူးဆိုရင် ပါဝင်နှုန်းက ၁၀ မိုက်ခရိုဂရမ်/လီတာ (10 µg/L) အောက်မှာပဲ ရှိပါတယ်၊ ဒါက W.H.O ကသတ်မှတ်ထားတဲ့ စံနှုန်းပါ၊ အလွယ်မှတ်မယ်ဆိုရင် ရေ ၁ လီတာ ထဲက ၁၀ မိုက်ခရိုဂရမ် ဆိုတာ အိုလံပစ် ရေကူးကန်ကြီးထဲက သကြားခဲ ၁၀ ခဲပါပဲ၊ ၃,၇၅၀,၀၀၀ လီတာ ရေထုကြီးထဲက သကြားခဲလေး ၁၀ ခဲက ဘာမှ မဟုတ်သယောင် ထင်ရပေမယ့် အဲဒီ ပမာဏထက် ကျော်လာရင်တော့ လူအတွက် အန္တရာယ် ရှိနိုင်တယ် ဆိုတဲ့ သဘောပါပဲ၊

တဆက်တည်း ကျနော် စဉ်းစားမိတာက မြန်မာနိုင်ငံက ရေအရင်းအမြစ် ဌာနအနေနဲ့ ဘယ်လိုမျိုး စစ်တမ်း တွေကောက်ပြီး ဘယ်လို အစီအမံတွေနဲ့ မြစ်တွေ၊ ချောင်းတွေ၊ မြေအောက်ရေတွေကို စစ်ဆေးနေသလဲ ဆိုတာကိုပါ၊ ကျနော်ဖတ်တဲ့ သတင်းတွေထဲမှာတော့ သိပ်မတွေ့ဖူး ပါဘူး၊ ဒါပေမယ့် ကျနော်ကသာ အသိ အမြင် မနှံ့စပ်တာဖြစ်ပြီး သူတို့ကတော့ တကယ်ပဲ စစ်ဆေး၊ စောင့်ကြည့်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကျနော် မြန်မာပြည် တစ်ခေါက်ပြန်တုန်းကတော့ အပြန်မှာ ရေနမူနာတချို့ ပြန်သယ်လာခဲ့သေးတယ်၊ ကျနော့်အိမ်ကရယ်၊ ဧရာဝတီမြစ်ကရယ်၊ အင်းလေးကန်ကရယ်...၊ ဒါပေမယ့် အဲဒီတုန်းက ကျနော်က ကျောင်းတက်တုန်းပဲ ဆိုတော့ အာဆင်န်းနစ်ကို ဘယ်လို ဓါတ်ခွဲရမယ် ဆိုတာ မသိသေးတာနဲ့ သာမန် ရေ အရည်အသွေး စစ်တာလောက်ပဲ လုပ်နိုင်ခဲ့တယ်၊ အာဆင်န်းနစ် ဘယ်လောက် ပါသလဲ ဆိုတာ တထိုင်တည်း စမ်းသပ်လို့ရတဲ့ ကိရိယာတွေ ရှိပါတယ်၊ ဒါပေမယ့် အဲဒါတွေနဲ့ အိမ်ပြန်သွား ရင် အိမ်မရောက်ဘဲ တခြားနေရာ ရောက်ဖို့ ပိုများတယ်၊ :)

မစ္စဂျဲနက်ရဲ့ လက်ချာမှာ သုံးထားတဲ့ ကိုးကားစာတမ်းတွေက မြန်မာနိုင်ငံရဲ့ အာဆင်န်းနစ် ပါဝင်နှုန်းကို ဘယ်လိုလုပ် ရှာထားသလဲတော့ ကျနော်မသိပါဘူး၊ သုတေသန ဂျာနယ်တို့၊ ဘာတို့မှာများ စာတမ်းရေး ထားတာမျိုး ရှိမလား မသိဘူး၊ ကျနော်ကတော့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အဲဒီ အချက်အလက်တွေ မှန်ပါ စေလို့ပဲ ဆုတောင်းပါတယ်၊ အခုခေတ်မှာက အာဆင်န်းနစ် လိုမျိုး လူကို ဒုက္ခပေးမယ့် အရာတွေ အများကြီး အစားအသောက်တွေ ထဲမှာ၊ ရေတွေထဲမှာ ပါဝင်နေပါတယ်၊ လက်ဖက်လေး တရိုးလောက် ကိုက်မယ့် အရေး အော်ရာမင်း (Auramine) ဆိုးဆေးဝါ ပါနေရတာနဲ့၊ အကြော်လေးနဲ့ ထမင်းစားမလို့ပြင်တော့ ဆီအိုးထဲ ရေသန့်ဘူးတွေ ထည့် ကြော်လိုကြော်၊ ကဲ, ဘာမှ မရှိလို့ ငါးပိနဲ့ပဲ ထမင်းစားမယ် ဆိုမှ ရိုဒါမင်း (Rhodamine) ဆိုးဆေးနီ ဆိုးထား ရတာနဲ့...၊ ရေသောက် ဗိုက်မှောက်နေတော့မယ် ဆိုရင်တောင်မှ ဟော, အခုလည်း အာဆင်န်းနစ် စိန်တဲ့၊ မြန်မာလူမျိုးတွေက ပစ္စည်းဥစ္စာ ချို့ငဲ့ ကြပေမယ့် သူတို့ကို အဲဒီစိန်တော့ မပိုင်ဆိုင်စေချင် ပါဘူး...။ ။

Ref: http://en.wikipedia.org/wiki/Arsenic


ညီလင်းသစ်
၂၇ ဇန်နဝါရီ၊ ၂၀၁၁

23 January 2011

ရွာကလေးရဲ့ နေဝင်ချိန်


'ဒီညနေစောင်းမှာ အဆင်ပြေရင် ဓါတ်ပုံသွားရိုက်ဖို့ စဉ်းစားထားတယ်' လို့ ကျနော်ပြောလိုက်တော့ သူတို့ အားလုံး လှမ်းကြည့်ကြတယ်၊ သူတို့ဆိုတာက သူငယ်ချင်း လင်မယားနှစ်ယောက်နဲ့ မအိမ်သူပါ၊ ကျနော့်ဆီ က ဒီလိုစကားကြားရလို့ သိပ်တော့ မအံ့သြကြပါဘူး၊ ဘာမှလည်း ထူးခြားဟန် မပြကြဘူး၊ ပြုံးပြီးပဲ ကြည့်နေ ကြတယ်၊ ' ဖြစ်တယ် မဟုတ်လား ' လို့ကျနော် ထပ်မေးတော့ ' ဖြစ်တာပေါ့၊ သွားသာသွား ပါ ' တဲ့၊ အိုကေ ဆိုပြီး ကျနော်ဝမ်းသာသွားတယ်၊ အမှန်တော့ မေးသာမေးတာပါ၊ ကျနော့်ကို သူတို့တားမှာ မဟုတ်ဘူးဆို တာ သိပြီးသား...၊ ဒါပေမယ့် ဒီလိုမျိုး ဧည့်သည်တွေနဲ့ အတူတကွ ရှိရမယ့်အချိန်မှာ ကျနော်တစ်ယောက် တည်း ထွက်သွားဖို့ကလည်း မကောင်းဘူး မဟုတ်လား၊ တခါတခါမှာ မိသားစု၊ လူမှုရေးနဲ့ တဦးတည်းဆန္ဒ သုံးပွင့်ဆိုင်ကို ဟန်ချက်ညီအောင် ထိန်းရတာ နဲနဲမောတယ်၊ ဒါပေမယ့် ဒီနေ့အထိတော့ ကံကောင်းပါတယ်၊ ပရော်ဖက်ရှင်နယ်မဟုတ်၊ ဘာမဟုတ်နဲ့ ဓါတ်ပုံတွေ လျှောက်,လျှောက်ရိုက်နေတာ မအိမ်သူက ဘာမှ မပြောခဲ့ဘူး၊ ကျနော့်ဖက်ကလည်း သူ့ နားလည်မှုကို အလွဲသုံးစား မလုပ်မိဖို့ သတိထားနေရတာပေါ့လေ..၊

ဒီတောင်ပေါ် ရောက်တဲ့နေ့ကတည်းက တညနေလောက်တော့ Sunset ဓါတ်ပုံ ရိုက်ရရင်ကောင်းမယ်လို့ ကျနော် စိတ်ကူးထားခဲ့တယ်၊ နေရောင်အနေအထား၊ တိမ်၊ location စတာတွေကို ကြည့်တော့ မဆိုးလှဘူး၊ ဒါပေမယ့် သူတို့သားအမိ နှစ်ယောက်ထဲထားပြီး ဓါတ်ပုံသွား ရိုက်ဖို့လည်း မလုပ်ချင်ဘူး၊ အဲဒီလို အခြေ အနေမှာ သူငယ်ချင်းလင်မယား ရောက်လာခဲ့တော့ ကျနော်က အခွင့်အရေးကို ရအောင်ယူလိုက်တာပါ၊

ခွင့်ပြုမိန့်ကျတော့ လိုအပ်တာတွေ ကျနော်စစ်ကြည့်တယ်၊ ကင်မရာထဲမှာ ဓါတ်ခဲအား အပြည့်၊ မနေ့ကမှ သွင်းထားပြီးသား၊ အေးလွန်းတဲ့ အခြေအနေမှာ ဓါတ်ပုံရိုက်ရင် ဓါတ်ခဲကုန်တာ မြန်တတ်လို့ ဒီတောင်ပေါ်ကို လာကတည်းက အားသွင်းစက်ပါ ယူလာခဲ့တယ်၊ သေချာအောင် နှစ်ရက်တခါ အားပြန်သွင်းတယ်၊ ပြီးတော့ Backup ကင်မရာကို စစ်တယ်၊ သူကတော့ ဒီရောက်ထဲက တခါမှ မသုံးရသေးဘူး၊ ဓါတ်ခဲကိုလည်း အား အပြည့် သွင်းထားပြီးသား..၊ အရေးပေါ်အခြေအနေ အတွက် ပူစရာမလို..၊ ညနေမှာ အဓိကသုံးမယ့် မှန်ဘီလူးကို သန့်ရှင်းရေးလုပ်တယ်၊ လိုရမယ်ရ ယူသွားမယ့် မှန်ဘီလူးတွေကို စစ်တယ်၊ ရေစိုရင် သုတ်ရ မယ့်အဝတ်၊ ကင်မရာနဲ့ သုံးချောင်းထောက် တွဲတဲ့ Quick-release ပြား၊ လက်နှိပ်ဓါတ်မီး အငယ်စား၊ စတာ တွေကို အားလုံး စစ်ဆေးလိုက်တယ်၊ ပြီးတော့ အားလုံးကို ကျောပိုးအိတ်ထဲ ထည့်ပြီး ဇစ်ပ် ပိတ်လိုက်ချိန်က နေ့လယ် ၂ နာရီခွဲ..၊ ညနေ နေဝင်ချိန်မှာ ဓါတ်ပုံရိုက်ရန်အသင့်...၊ အရင်ရက်တွေက ကျနော်လေ့လာထား သလောက် နေက ညနေ ၅ နာရီ ၁၀ မိနစ်မှာ ဝင်တယ်၊ ဒီတော့ ၄ နာရီ ၁၅ လောက် ဒီကထွက်ရင်ရပြီ ဆိုပြီး အေးအေးဆေးဆေးနဲ့ စကားပြော၊ ရီမော နေခဲ့တယ်၊

တကယ်တမ်း ဘန်ဂလိုက ကျနော်စ,ထွက်တော့ ၄ နာရီ ခွဲနေပြီ၊ ဒီကြားထဲ မမျှော်လင့်တာက ဖြစ်လာသေး တယ်၊ ကျနော်တို့ ငှားထားတဲ့ ski နဲ့ဖိနပ်ကို ပြန်အပ်ဖို့ပါ၊ ပထမတော့ နောက်တစ်ရက် ဆက်ငှားဖို့ပဲ၊ နောက်တော့မှ မနက်ဖြန် မစီးဖြစ်တာ သေချာတော့ အသွားမှာ ဝင်အပ်ခဲ့ဖို့ ဖြစ်လာတော့တယ်၊ ကျနော်သွား ရမှာလည်း အဲဒီဆိုင်ရှေ့က ဖြတ်ရမှာပါပဲ၊ ဒါက ပြဿနာ မရှိဘူး၊ ပြဿနာက လူတွေ...၊ ဒီအချိန်ဆို အဲဒီ ဆိုင်မှာ ski ပြန်လာအပ်တဲ့ လူတွေ၊ နောက်ရက်အတွက် စရန်သတ်တဲ့ လူတွေနဲ့ ပြည့်နေလိမ့်မယ်၊ ဒါပေမယ့် အခု အပြင်ထွက်မယ့် ကံဆိုးသူမောင်ရှင်ကလည်း ကျနော်တစ်ယောက်ထဲ..၊ ဆိုတော့ ကျောမှာ ကင်မရာအိတ်ကိုပိုး၊ အဲဒီအိတ်မှာ Tripod ကိုချိတ်၊ ပခုံးပေါ်မှာ ski နဲ့တုတ်တံကိုထမ်း ညာဖက်လက်နဲ့ထိန်း ကိုင်၊ ဘယ်လက်က ski boots အလေးကြီးကိုဆွဲပြီး ဘန်ဂလိုရှေ့က နှင်းဖုံးကွင်းပြင်ကျယ်ကြီးကို ဖြတ်ဆင်း သွားလိုက်တယ်၊ ဒီတခါတော့ အငဲရဲ့ ' ဒီကွင်းပြင်ကြီးပေါ် တို့လျှောက်ဖူးတယ် 'ကို မဆိုနိုင်တော့ဘူး၊ အသက်ကိုပဲ မနည်းလု ရှူနေရတယ်..၊

ဆိုင်ရောက်တော့ ထင်တဲ့အတိုင်းပဲ၊ လူတွေ လူတွေဆိုတာ.. အရင် သမဝါယမခေတ်က ပြည်သူ့ဆိုင် ကာဘော်လစ်ဆပ်ပြာ ပေးနေသလား မှတ်ရ၊ ဒီလူတန်းကြီး ကုန်တဲ့အထိ စောင့်နေရင်တော့ sunset ဓါတ်ပုံ မပြောနဲ့ sunrise ဓါတ်ပုံ ရိုက်နိုင်ရင်တောင် ကံကောင်း၊ ဒါနဲ့ ကျနော်လည်း ဟောလီးဝုဒ် မုဒ်သွင်းပြီး 'တဆိတ်လောက်ဗျာ၊ အရေးကြီးလာလို့ပါ၊ စိတ်မရှိကြပါနဲ့' လို့ အော်ဟစ်၊ အနီးမှာ ရှိတဲ့ ဆိုင်ဝန်ထမ်းကို 'ဒါ ပြန်လာအပ်တဲ့ ski တွေပဲ၊ ဒီအတိုင်းထားခဲ့ရင် ဖြစ်တယ် မဟုတ်လား ကိုယ့်လူ' လို့ ပြောပြီး သူခေါင်းညိတ် ပြတာတောင် မစောင့်ဘဲ အတင်း ပြန်ထွက်လာခဲ့ရတယ်၊

ကျနော် ရွေးချယ်ထားတဲ့ နေရာရောက်တော့ တောင်စွယ် နေမကွယ်မီလေးပါပဲ၊ တော်သေးတယ်၊ ဘယ် ပါးကွက်သားကမှ ကျနော့်ကို စောင့်မနေခဲ့လို့..၊ ဒါနဲ့ tripod ကို အမြန်ဆင်၊ ကင်မရာကို တင်ပြီး Test shots လေးငါးပုံလောက် ခပ်သွက်သွက်လေး ရိုက်လိုက်တယ်၊ ကျောပိုးအိတ်ကို အောက်ချမလို့ ဘေးဘီကြည့် လိုက်တော့ ပတ်ပတ်လည် နှင်းချည့်ပဲ၊ ဘယ်မှ ချစရာမရှိလို့ ဒီအတိုင်းပဲ ဆက်လွယ်ထား ရတယ်၊ အိမ်တွေ အတော်များများကတော့ မီးတွေ စ,ထွန်းစ ပြုနေပြီ၊ ဒါနဲ့ နေဝင်ခါစ အချိန်လေးမှာ settings ပေါင်းစုံနဲ့ ပုံတွေ ဆက်တိုက် ရိုက်နေလိုက်တယ်၊ ခုနတုန်းကတော့ ပြေးလိုက်လွှားလိုက်နဲ့ ဆိုတော့ မောပြီး လူက အိုက် တောင် နေသေးတယ်၊ အခုကျမှ ပြန်ချမ်းလာတယ်၊ ဒီမှာက ညနေစောင်းတာနဲ့ အပူချိန်က သုညအောက် ၈ ကနေ ၁၀ လောက်အထိကို တန်းကျသွားတာ၊ ခြေအိတ်အထူနဲ့ ဖိနပ်အထူ ဝတ်ထားတဲ့ကြားက ခြေထောက်က လည်း ပို,ပိုအေးလာတယ်၊ လက်ချောင်းတွေက အဆိုးဆုံးပဲ၊ ကျနော်ဒီကို ရောက်တော့ သာမန် ski စီးတဲ့ လက်အိတ်ပဲ ပါလာတယ်၊ အဲဒီလက်အိတ်ကို ချွတ်လိုက်၊ ရိုက်လိုက်၊ အခုပြန်ဝတ်လိုက်၊ အခုပဲ ပြန်ချွတ် ရိုက်လိုက်နဲ့..၊ ဘယ်လိုမှ မဖြစ်တာနဲ့ လိုအပ်ရင် လက်ချောင်း တွေ ဖွင့်လို့ရတဲ့ လက်အိတ် တစုံ ဝယ်လိုက်ရ တယ်၊ အဲဒီ လက်အိတ်နဲ့ကျ အတော်ပဲ၊ ဒါပေမယ့် သူလည်း လက်ချောင်းတွေ ဖွင့်ထား တာကြာရင် အေးလွန်းတာနဲ့ ကင်မရာ ခလုတ်တွေပေါ်မှာ လက်ချောင်းတွေက ထုံကျင်နေပြန်ရော..၊ ခလုတ်ကို ထိထားသလား၊ နှိပ်မိ နေသလားတောင် မသိရဘူး၊ ဒါနဲ့ နောက်ထပ် အသားကပ်လက်အိတ် လို မျိုး တစုံ ထပ်ဝယ်ရပြန်ရော..၊ အခု အဲဒီ လက်အိတ် နှစ်ထပ်ဝတ်ထားတာတောင် လက်ချောင်းတွေက တဖြေးဖြေးနဲ့ အေးလာတယ်၊ အေးလွန်းလို့ ပင်အပ် သေးသေးလေးတွေနဲ့ ထိုးသလို စူးကနဲ၊ စူးကနဲ နဲ့ အတော်နာပါတယ်၊

ဒီတော့မှ ပတ်ဝန်းကျင်ကို သေချာ သတိထားကြည့်တော့ အတော်မှောင်နေပြီ၊ နာရီကတော့ ၆ နာရီထိုးလု ထိုးခင်ပဲ ရှိသေးတယ်၊ တကယ်က မြေပြင်မှာ နှင်းတွေက အလင်းပြန်လို့ ညက ပုံမှန်ထက် ပိုလင်းပါတယ်၊ ဒါပေမယ့် ဒါက လူ့မျက်လုံး အတွက်ပါ၊ ကင်မရာအတွက်ကတော့ အလင်းက မလုံလောက်တော့ဘူး၊ အထူး သဖြင့် နေဝင်ခါစမှာ ပြောကြလေ့ရှိတဲ့ Golden hour, Magic hour တို့ ကုန်ဆုံးသွားပြီ၊ ကျနော်လည်းနေရာ သုံး၊ လေးနေရာလောက် ပြောင်းရိုက်ပြီးပြီ ဆိုတော့ ပြန်ဖို့ ပြင်ရတော့တယ်၊ အပြန်ခရီးကတော့ တောက်လျှောက် အတက်ချည်းပဲ ဆိုတော့ အလာတုန်းကထက် ပိုမောပါတယ်၊ လှုပ်ရှားလိုက်လို့ ခြေတွေ၊ လက်တွေ ပြန်နွေးလာပေမယ့် လူကပင်ပန်း လှပြီ၊ ဗိုက်လည်း ဆာလှပြီ၊ ခုနတုန်းက ဓါတ်ပုံရိုက်ဖို့ စိတ်စော နေလို့ ဘာမှမသိဘူး၊ ဒီအချိန် shutter bus လည်း မရှိတော့ဘူး၊ ဆိုတော့ လျှောက်ပေတော့ ကုန်းကြောင်း..၊ ကုန်းတက်ကို တဖြည်းဖြည်း ပြန်တက်လာ ရင်း ဆရာကြီး ဒေါက်တာသန်းထွန်း ရေးခဲ့ဖူးတဲ့ ပုဂံခေတ် ငါးရာ့ငါးဆယ်ဇတ်က (ထင်ပါတယ်)စကားစုလေး ခေါင်းထဲ ရောက်လာခဲ့တယ်၊ သွားစရာ ခရီးကား ဝေးသေး၏၊ ခြေသာလျှင် ယာဉ်ရှိကုန်၏ ဆိုတာပါ...။ ။


Photobucket
(Canon 5DmkII + 24-105mm f/4 L, 24mm, f/16, 2.5 sec, iso1600, self-timer)

Test-shots ရိုက်အပြီးမှာ ပထမဦးဆုံး ရိုက်ဖြစ်တဲ့အထဲက တစ်ပုံပါ၊ ကောင်းကင်ကအလင်းရယ်၊ တောင်တန်းရဲ့ မှောင်ရိပ်ကျတဲ့အပိုင်းရယ်၊ နှင်းရဲ့အလင်းပြန်တဲ့ နေရာရယ်.. ဒီသုံးခုနဲ့ မီးပွင့်လေးတွေ စ,လင်းလာတဲ့ ရွာကလေးကို အချိုးညီညီ ရံစေချင်ခဲ့တာ...၊ အပြေးအလွှားနဲ့မို့ ကျနော့်စိတ်ကူးထဲမှာ မြင်ယောင်ထားခဲ့တဲ့ ပုံကို မမှီပါဘူး၊



Photobucket
(Canon 5DmkII + 24-105mm f/4 L, 24mm, f/16, 5 sec, iso1600, self-timer)

ပုံရဲ့ အပေါ်ဖက် တောင်အမြွှာနှစ်လုံး အောက်နားမှာ မီးလင်းနေတဲ့ အမြင့်ဆုံး အိမ်အစုလေးက ကျနော်ဆင်းလာခဲ့တဲ့ နေရာပါ၊ ဒီမှာ မြင်ရသလို ငှက်တပျံစာ တဖြောင့်တည်း အကွာအဝေးက နီးသယောင် ထင်ရပေမယ့် သုညအောက် ၁၀ ဒီဂရီ အနေအထားနဲ့ မီတာ ၁၄၃၀ အမြင့်မှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံက နှေးကွေး၊ လေးလံလွန်းလှတယ်၊ ရွာကလေး ကတော့ တနေ့တာ ski စီးခဲ့သူတွေ ရှင်းသွားလို့ ငြိမ်သက်၊ တိတ်ဆိတ်သွားတဲ့ တောင်ခြေမှာ ညဦးနဲ့ အတူ တိုးတိုး တိတ်တိတ်...၊



Photobucket
(Canon 5DmkII + 24-105mm f/4 L, 24mm, f/22, 30 sec, iso1600, self-timer)

ဒီတစ်ပုံကို ရိုက်တော့ ၅ နာရီနဲ့ ၄၁ မိနစ် ရှိပါပြီ၊ နေဝင်သွားခဲ့တာ နာရီဝက် ကျော်သွားခဲ့ပြီ၊ ရှုခင်းဓါတ်ပုံ ရိုက်တဲ့ ဆရာတွေ အပြောအရတော့ နေဝင်ပြီး ၁၅ မိနစ်နဲ့ ၂၅ မိနစ်အကြားမှာ ခင်ဗျားအတွက် ဓါတ်ပုံရိုက်ဖို့အချိန် ၆ မိနစ် ရပါတယ်-တဲ့၊ အဲဒီ ၆ မိနစ်အတွင်းမှာ အကောင်းဆုံပုံတွေကို ရအောင်ရိုက်ယူပါ-တဲ့၊ အမှန်ပဲ၊ ဒီပုံဆို နောက်ကျနေလို့ ကင်မရာ အလင်းတံခါးကို စက္ကန့် ၃၀ ကြာအောင်တောင် ဖွင့်ထားခဲ့ရတယ်၊ အင်း...ရွေးထားတဲ့ location ကို နေမဝင်မီ မိနစ်ပိုင်းအလိုမှာ ကျနော်ရောက်သွားခဲ့တယ်၊ ဒါ နောက်ကျတယ်၊ နေဝင်ပြီး golden hour မှာရော၊ magic hour မှာပါ ကျနော် တောက်လျှောက် ရိုက်နေတယ်၊ ဒါပေမယ့် ရှုထောင့် (angle of shoot) ရွေးချယ်တာမှာ အများ ကြီးလိုသွားတယ်၊ ဒီထက်ပိုကောင်းတဲ့ angle တွေရှိတာ အသေအချာပါ၊ ပြင်ဆင်မှုအပိုင်းနဲ့ အတွေ့အကြုံမှာ အားနဲခဲ့ ပေမယ့် ကျနော့် ညီအစ်ကို၊ မောင်နှမတွေနဲ့အတူ ဝေမျှလိုက်ပါတယ်၊ ဝေဖန်၊ အကြံပြုစရာ ရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောခဲ့လိုက်ပါဗျာ၊ ပုံတွေကို လာကြည့်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...။ ။


ညီလင်းသစ်
၂၃ ဇန်နဝါရီ၊ ၂၀၁၁

21 January 2011

သားနဲ့ နှင်းလျှောစီးသင်တန်း


ကျနော်တို့ တောင်ပေါ်သွားဖို့ရက် နီးလာတဲ့အချိန်မှာ တနေ့ နှင်းလျှောစီးတဲ့အကြောင်း စကားပြောဖြစ်ကြတယ်၊ အဲဒီမှာ သားက သူလည်း ski စီးချင်တယ်လို့ ပြောလာတယ်၊ ကျနော်နဲ့ မအိမ်သူနဲ့ တစ်ယောက်မျက်မှာ တစ်ယောက်ကြည့်ပြီး ဘယ်လိုလဲလို့ မျက်လုံးချင်း စကားပြောကြတယ်၊ အမှန်တော့ သားအသက်က ၃ နှစ်နဲ့ ၄ လပဲ ရှိသေးတော့ နဲနဲတော့ ငယ်သေးတယ်၊ ဒါပေမယ့် တဖက်က ပြန်ကြည့်ရင်လည်း ဒီလိုသင်ခြင်းအားဖြင့် ဘာမှ ကြီးကြီးမားမား ထိခိုက်နိုင်စရာ အကြောင်းလည်း မရှိပါဘူး၊ ပြီးတော့ ဆွစ်လူမျိုးတွေက ski နဲ့အတူကို မွေးလာကြတဲ့ လူတွေ...၊ မအိမ်သူက အစ ကျနော်သိတဲ့ လူတွေအားလုံး ၄ နှစ်နဲ့ ၅ နှစ်လောက်မှာ နှင်းလျှောစီး စ,သင်ခဲ့ကြတဲ့ သူတွေချည်းပါပဲ၊ ဒီလိုနဲ့ပဲ ခရစ္စမတ် အားလပ်ရက်အတွင်း သားကလေး ski စီးသင်ဖို့ ဖြစ်လာခဲ့တော့တယ်...၊


Photobucket
မသွားခင် တစ်ပတ်အလိုမှာ သားအတွက် ski ကို သွားငှားကြတယ်၊ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ski ကို ဆောင်းရာသီ တစ်ခုလုံးစာ ငှားလို့ရပါတယ်၊ ဒီလိုငှားရင် တောင်ပေါ်စခန်းရောက်မှ တစ်ရက်စာ ငှားတာထက် အများကြီး ပိုသက်သာတယ်၊ Ski နဲ့အတူ ဖိနပ်၊ ဦးထုပ် တွဲပြီး ငှားတယ်၊ ကလေးဖြစ်တဲ့အတွက် ski တုတ်တံ မလိုပါဘူး၊ မျက်မှန်ကိုတော့ တကိုယ်ရေကျန်းမာရေး အကြောင်းကြောင့် ငှားလို့မရပါဘူး၊ ကိုယ့်ဟာကိုယ် ဝယ်ရတယ်၊


Photobucket
Ski သင်တန်းကို အိမ်ကနေပဲ အင်တာနက်ကနေ စာရင်းသွင်းလိုက်တယ်၊ တစ်ပတ် ၄ ရက်၊ တစ်ရက် ၁ နာရီခွဲ...၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း နှစ်ချိန်မှာ ကျနော်တို့ မနက်ပိုင်းကို ယူလိုက်တယ်၊ သားက ကလေးတို့ထုံးစံ... ငှားလာတဲ့ နေ့ကစ,လို့ ski ကို လက်က မချချင်တော့ဘူး၊ အိမ်ရာထဲတောင် ယူအိပ်မယ် လုပ်နေလို့ မနည်း တားထားရသေးတယ်၊


Photobucket
သင်တန်းက မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲအထိ ဖြစ်ပါတယ်၊ ကျနော်တို့ တည်းတဲ့ ဘန်ဂလိုကနေ နှင်းဖုံးကွင်းပြင် ကြီးကိုဖြတ်၊ ရွာလမ်းမပေါ် ရောက်ပြီဆိုရင် အခမဲ့ shutter bus တွေ စီးရုံပါပဲ၊ နာရီဝက် တစ်စီးရှိတယ်၊ နှင်းလျှောစီး သင်တန်းက ကလေးတွေအတွက် သီးသန့်လုပ်ထားတဲ့ snow park ထဲမှာ လုပ်တာကိုး၊ အဲဒီ နှင်းဥယျာဉ်က ရွာအဝင်မှာ ဆိုတော့ ၅ မိနစ်လောက် ကားစီးရပါတယ်၊ သင်တန်း စ,စချင်း ၁၅ မိနစ်လောက် သွေးပူလေ့ကျင့်ခန်း လုပ်ကြရတယ်...၊ ski ဖိနပ်ကြီးတွေက ကျပ်လည်းကျပ်၊ လေးလည်းလေးတာမို့ ဒါဟာအရေးကြီးပါတယ်၊


Photobucket
သားက သွေးပူလေ့ကျင့်ခန်း လုပ်တာကို စိတ်မဝင်စားဘူး၊ အတန်းစဖို့ လူစစ်၊ ပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ ခပ်လှမ်းလှမ်းမှာ ဆရာမတစ်ယောက်က 'စိန်ပြေးတမ်း ကစားမယ်၊ သူ့ကိုလိုက်ဖမ်း၊ ဘယ်သူအရင်မိမလဲ ကြည့်ရအောင်' ဆိုပြီး ထွက်ပြေးတော့ ကလေးတွေက အော်ဟစ်ပြီး လိုက်ဖမ်းကြတယ်၊ ဒါကို သားက မျက်မှောင် ကြုတ်ပြီး ကြည့်နေတယ်၊ သူ နားမလည်ဘူး၊ ski သင်ဖို့လာတာ ဘာဖြစ်လို့ သူ့နေ့ကလေးထိန်းကျောင်းက ကစားနည်း မျိုးတွေ ကစားနေကြတာလဲလို့ တွေးနေပုံရတယ်၊ ပြီးတော့ တစ်ယောက်တည်း ပြန်လှည့်လာပြီး ကွင်းစပ်မှာပုံထားတဲ့ သူ့ ski ကို သူ့ဟာသူ လာယူပြီး စီးမယ်လုပ်နေလို့ နည်းပြတစ်ယောက်က ပြန်လာဆွဲခေါ်ပြီး ရှင်းပြနေရတယ်၊ ကျနော်တို့က ခပ်လှမ်းလှမ်းက ကြည့်နေရင်း ရီနေရတယ်၊ နောက်တော့ အဲဒီနည်းပြကပဲ သူ့ကိုတွဲပြီး နဲနဲစီးခိုင်းလိုက်လို့ ကျေနပ်သွားတယ်၊


Photobucket
သားက ski ကို အခုကောက်ဝတ်၊ အခုစီး လို့ထင်နေပုံရတယ်၊ ဒါပေမယ့် တကယ်တမ်း သင်တန်းလည်းစ,ရော သူ သဘောပေါက်သွား တော့တယ်၊ ကုန်းမြင့်လေးပေါ်ကနေ နည်းပြတစ်ယောက်က ဒူးကိုနဲနဲ ညွှတ်ထား၊ ဒူးပေါ်မှာ လက်ကိုတင်ထား၊ ski ရဲ့ လားရာကို ထိန်းဖို့ ကိုယ်ကို ရှေ့ကိုနဲနဲ ကိုင်းထား... စသဖြင့် ရှင်းပြပြီး လွှတ်ပေးလိုက်တယ်၊ လမ်းကြောင်းက တိုတိုလေးပေမယ့် ရှေ့နားမှာ ဆီးဖမ်းမယ့် နည်းပြဆီကို သား ရောက်မလာပါဘူး၊ ညာဖက်ကို စောင်းထွက်သွားလိုက်၊ ဘယ်ဖက်ကို ကွေ့ဆင်းသွားလိုက်နဲ့...၊ တခါမှာ တစ်ပတ်လည်ပြီး နောက်ပြန်တောင် ဆင်းသွားသေးတယ်...၊


Photobucket
ဘယ်လိုပဲဖြစ်ဖြစ် သားအပါအဝင် ကလေးတွေကတော့ ပျော်နေကြတာပါပဲ၊ လဲတဲ့သူက လဲ၊ တစ်ယောက်နဲ့တစ်ယောက် တွန်းတဲ့လူက တွန်းနဲ့၊ အများစုက သားထက်ကြီးပုံရတယ်၊ တချို့မိဘတွေ ပြောသံအရလည်း မနှစ်ကတည်းက သင်ထားဖူးတဲ့ ကလေးတွေလည်း ပါတယ်၊ သူတို့တွေကတော့ ငြိမ်ငြိမ်လေး ထိန်းပြီး စီးနိုင်ကြတယ်၊


Photobucket
သားကတော့ ပထမဆုံး ဆိုပေမယ့် နဲနဲမှ မလျှော့ဘူး၊ လူလစ်တာနဲ့ တဖက်ခြမ်းက ၇ နှစ်၊ ၈ နှစ်အရွယ် အကြီးတန်း တွေ သင်တဲ့နေရာကို ပြေးတော့တာပဲ၊ အဲဒီမှာ တောင်ကုန်းကိုတက်ဖို့ Tire-fesse လို့ခေါ်တဲ့ လက်နဲ့ ကိုင်လိုက်သွား ရတဲ့ စက်သီးကြိုးတန်းနဲ့ ခုန်ဖို့ ကမူအငယ်လေးတွေ ရှိတော့ ဒါကို သူက စိတ်ဝင်စားသွားတာ၊ သူ့စိတ်ထဲ လွယ်တယ်များ မှတ်နေလား မသိပါဘူး၊ ဆရာမတစ်ယောက်က သွား,သွား ပြန်ဖမ်းလာရတယ်...၊ :D


Photobucket
နောက်ပိုင်းမှာ သင်တန်းသားလည်း များလာတော့ တခါစီးရဖို့အရေး၊ အကြာကြီး စောင့်နေရတာမျိုးလည်း ဖြစ်လာတယ်၊ ကလေး ၂၀ လောက်နဲ့ နည်းပြက ၅ ယောက်ထဲဆိုတော့ ခရီးက သိပ်မတွင်ဘူး၊ ဒါပေမယ့်လည်း ဒါကို ကျနော်တို့ မျှော်လင့်ထားပြီးသားပါ၊ ဒီနှစ် နှင်းလျှောစီး သင်တန်းကနေ ski ပြားကို ဝတ်ပြီး ချော်မလဲအောင် လမ်းလျှောက် နိုင်ပြီဆိုရင်ပဲ တော်လှပြီ၊ အဓိက,က ski ဖိနပ်က ဘယ်လိုရှိတယ်၊ အဲဒီဖိနပ်မှာ ski တပ်လိုက်ရင် ဘယ်လို feeling ရှိလဲဆိုတာ သူ့ကို သိစေချင်ရုံ သက်သက်ပါပဲ၊ ဒါတောင် သူက တောင်ပေါ်ကို cable car နဲ့တက်ပြီး ski နဲ့ပြန်ဆင်းလာမလို့ တောင်းဆိုနေသေးတယ်၊ :)

သင်တန်း ပထမနေ့ကတည်းက သင်တန်းမှူးက ပြောတယ်၊ မိဘတွေ ရပ်ကြည့်မနေရင် ကလေးတွေက သူတို့စကား ပိုနားထောင်ပြီး သင်ရတာ ပိုမြန်ပါတယ်-တဲ့၊ ဒီတော့ သင်တန်းစ,ရင် ခဏတဖြုတ်စောင့်ကြည့်၊ ပြီးရင်တော့ သင်တန်း မပြီးခင် ၁၀ မိနစ်အလိုလောက်မှာ ပြန်လာတာက သူတို့ကို ကူညီရာရောက်သလို ကလေးတွေအတွက်လည်း ပိုပြီး အကျိုးရှိပါတယ်-တဲ့၊ ဒါနဲ့ မိဘတွေလည်း ရွာထဲပြန် ဝင်လည်တဲ့သူလည်၊ ကော်ဖီဆိုင် သွားထိုင်တဲ့လူထိုင်နဲ့...၊ ကျနော်တို့လည်း ၁ နာရီဝန်းကျင်လောက် စိတ်လွတ်၊ ကိုယ်လွတ် လည်ပတ်လို့ ရသွားတယ်၊


Photobucket
သင်တန်းက ၁၁ နာရီခွဲမှာ ပြီးတော့ တစ်ရက်မှာ ဘန်ဂလိုမပြန်ဘဲ အဲဒီရှေ့က စားသောက်ဆိုင်လေးမှာပဲ နေ့လယ်စာ စားဖြစ်ပါတယ်၊ ဆိုင်လေးက ရေခဲပြင် စကိတ်စီးတဲ့ကွင်းနဲ့ တွဲဖွင့်ထားတော့ သားက Ice skate စီးမယ် လုပ်ပြန်ရော၊ ဒါနဲ့ ဖိနပ်ငှားတဲ့ ကောင်တာမှာ ဖိနပ်သွားငှားပြီး သူကျေနပ်အောင် ၁ နာရီလောက် ပေးစီးဖြစ်တယ်၊ ကလေးတွေအတွက် လက်ကိုင်ရင်း စီးဖို့ တန်းလေးတွေ ရှိနေ လို့ သူ့အတွက် နဲနဲအဆင်ပြေ သွားတယ်၊


Photobucket
ski စီးတုန်းက အပြားဆိုတော့ မြေပြန့်ဆိုတာနဲ့ ရပ်နေလို့ရတယ်၊ ဒီမှာက steel blade တစ်ချောင်းတည်းပေါ်မှာ ရပ်ရတာမို့လို့ အစပိုင်းတုန်းက သူ့အတွက် တမျိုးဖြစ်နေတယ်၊ နောက်ပိုင်းကျမှ ခြေလှမ်းလေး တစ်လှမ်း၊ နှစ်လှမ်း လှမ်းနိုင်သွားတယ်၊ ဒီ Ice skating ကိုလည်း သူက မြင်မြင်ချင်း လွယ်တယ်ပဲ အောက်မေ့လိုက်သလား မသိပါဘူး၊ တကယ်စီးတော့ သူထင်တာနဲ့ လွဲနေတော့ သူ့ မျက်နှာပေါ်မှာ အံ့သြတဲ့ အရိပ်အယောင်လေးတွေ ကျနော် မကြာခဏ သတိထားမိတယ်..၊

ဒီတောင်ပေါ်ခရီးကို ပြန်ရောက်,ရောက်ချင်း ရေးဖို့ပါပဲ၊ ကွန်ပြူတာပျက်သွားတာနဲ့ အခုထိကြာသွားရတာ..၊ ဒီခရီးစဉ်နဲ့ ဓါတ်ပုံတွေကို 'တင်ပါတော့ဗျို့' လို့ စိတ်ဝင်တစားနဲ့ စောင့်ဆိုင်းမေးမြန်းနေခဲ့တဲ့ ညီအစ်ကို၊ မောင်နှမတွေကို ကျေးဇူး တင်ပါတယ်၊ ကဲ...ပုံတွေလည်း အများကြီး ထပ်တင်လိုက်ပါတယ်ခင်ဗျား..။ ။


ညီလင်းသစ်
၂၁ ဇန်နဝါရီ၊ ၂၀၁၁

19 January 2011

တောင်ပေါ်မှာ ၂၀၁၀ ကိုထားရစ်ခဲ့


ပြီးခဲ့တဲ့နှစ်ရဲ့ နောက်ဆုံးတစ်ပတ်မှာ ကျနော်တို့မိသားစု ခရီးထွက်ဖြစ်ပါတယ်၊ ခရစ္စမတ်နေ့ကနေ နှစ်ဆန်း တစ်ရက်နေ့အထိ တောင်ပေါ်မှာ သွားနေဖြစ်တယ်၊ နှစ်တိုင်းလိုလို ဒီလိုကာလမှာ တနေရာရာကို ကျနော်တို့ သွားလေ့ရှိပါတယ်၊ ဒါပေမယ့် သိပ်ဝေးဝေးလံလံ တော့လည်း မဟုတ်ပါဘူး၊ အများအားဖြင့် တောင်ပေါ်မှာ Chalet တစ်လုံးငှားပြီး သွားနေဖြစ်တာပါပဲ၊ ဆွစ်ဇာလန်မှာက ခရစ္စမတ်နဲ့ နှစ်သစ်ကူးကြားက ရုံးပိတ်ရက် မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော့်အလုပ်ကတော့ Lab တစ်ခုလုံး နားလည်မှုနဲ့ ဒီလိုကာလမှာ ဘယ်သူမှ အလုပ်မလုပ်ကြဘူး၊ မအိမ်သူကတော့ ခွင့်ယူပါတယ်၊ ဒီလိုမျိုး ခရီးတွေထွက်ဖို့ကိုလည်း သူပဲ ရှာလေ့၊ ဖွေလေ့ရှိပါ တယ်၊ အင်တာနက်မှာ၊ မဂ္ဂဇင်းပေါင်းစုံထဲမှာ၊ သတင်းစာကြော်ငြာတွေမှာ အစရှိသဖြင့်ပေါ့၊ ဒီလို ရှာဖွေတာမျိုး ကျနော်လည်း အရင်က လုပ်လေ့ရှိပေမယ့် ဒီလို အပန်းဖြေခရီး ရှာတာ၊ လေကြောင်းခရီး ရှာ တာ၊ သွားစရာ destination ရှာတာ မျိုးတွေမှာတော့ အမှန်အတိုင်း ပြောရရင် သူက ကျနော့်ထက် ပိုမြန် တယ်၊ ကျနော်တွေ့ထားတာတွေထက် သူတွေ့တာတွေက ဈေးပိုသက်သာလေ့ ရှိတယ်၊ တကယ်တော့ လည်း သိပ်မဆန်းပါဘူး၊ သူက ဒီ field ထဲမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့ဖူးတာကိုး၊ ဆိုတော့ ဒီလိုကိစ္စတွေမှာ ကျနော်က သူ့ကိုပဲ လွှဲပေးထားလိုက်တော့တယ်၊ ဟုတ်တယ်လေ..၊ အချင်းချင်းတွေ တမိုးတည်းအောက် ဘာဖြစ်လို့ ပြိုင်နေမှာလဲ၊ ကျွမ်းကျင်ရာ လိမ္မာပဲဥစ္စာ...၊

အခုလည်း ဒီခရီးကို သူပဲ စီစဉ်တာပါ၊ တကယ်တော့ ၂၀၁၀ ဒီဇင်ဘာမှာ သွားဖို့ကို ၂၀၀၉ ဒီဇင်ဘာကတည်း က ကြိုပြီး ဘွတ်ကင်လုပ်ထားခဲ့ရတာ...၊ အဲဒီတုန်းက မှတ်မိသေးတယ်၊ ကျနော်ကတောင် 'ဟင်..ဒီလောက် အစောကြီးထဲက လုပ်ဖို့လိုသလား' လို့တောင် မေးလိုက်သေးတယ်၊ သူက 'အားလုံးနီးပါး ပြည့်နေပြီ၊ အခုထဲ ကလုပ်ထားမှ ရမှာ' လို့ပြန်ပြောတယ်၊ တိုတိုပြောရရင် အခန်းငှားဖြစ်သွားတယ်ပေါ့၊ အခုတော့လည်း ဤခရီး နီးသလား မေးရပြီ၊ သွားခဲ့တဲ့ တောင်ပေါ်ရွာလေးနာမည်က "Leysin" (လေဇန်း) တဲ့...၊


Photobucket
ခရစ္စမတ်နေ့ မနက်ဟာ နှင်းတွေနဲ့ ဖွေးနေခဲ့တယ်၊ မှတ်မှတ်ရရ ၂၄ ရက်နေ့က တညလုံးနှင်းတွေ ကျနေခဲ့တော့ ဒီနှစ်မှာ ထူးထူးဆန်းဆန်း White Christmas ဖြစ်သွားတယ်၊ ယူသွားတဲ့ ပစ္စည်းတွေကတော့ မြင်တဲ့အတိုင်း အစုံပါပဲ၊ ပန်းသီးဖျော်ရည်ပုံး၊ ထင်းချောင်းတွေ၊ အာလူး၊ ဝိုင်သေတ္တာ၊ ဘာတွေ ဘယ်လိုများနေမှန်းကို မသိတော့ဘူး၊ အိမ်အပြီး ပြောင်းတာကျနေတာပဲ၊ သားရဲ့ sledge အတွက်တောင် နေရာ သိပ်မကျန်ချင်ဘူး၊ တကယ်တော့ Leysin မှာအကုန် ရပါတယ်၊ ဒါပေမယ့် ကျနော်တို့နေမယ့် နေရာက တောင်ကုန်းပေါ်မှာဆိုတော့ တခုခုလိုရင် ရွာထဲကို ခဏခဏ ဆင်းဝယ်နေရာမှာ စိုးလို့...၊


Photobucket
ရွာထဲက လမ်းမ တနေရာ..၊ Leysin က ပင်လယ်ရေမျက်နှာပြင် မီတာ ၁၄၀၀ ကျော်ကျော်မှာ ရှိပါတယ်၊  အဲလ့်ပ်စ် (Alps) တောင်တန်းပေါ်က ရွာကလေးပါ၊ ကျနော်တို့နေတဲ့ မြို့ကနေ ၄၅ မိနစ်လောက် ကားမောင်းသွားရင် ရောက်တယ်၊ နှင်းက တစ်ရက်ကြိုပြီး ကျထားတာဆိုတော့ လမ်းမတွေအားလုံး ဖုံးနေခဲ့တယ်၊ ဒါပေမယ့် နှင်းရှင်းစက်တွေနဲ့ နှင်းကျပြီးတိုင်း ရှင်းလေ့ ရှိပါတယ်၊ ကျနော်တို့ ကားထားရမယ့် ကားပါကင်ကတော့ လမ်းမ,ကနေ နဲနဲမတ်မတ် တက်ရတယ်၊ ဒါ့ကြောင့် ဒီ Chalet တွေကိုလာတဲ့ ကားအားလုံး ပါကင်လမ်းကို မတက်မီ ကားဘီးတွေကို ချိန်းကြိုးတပ်ပါလို့ သတိပေးကြတယ်၊ ကျနော်တို့ ရောက်သွားလို့ ကြည့်လိုက်တော့ တပ်တဲ့ကား သိပ်မရှိပါဘူး၊ ဒီလိုပဲ မောင်းနေကြတာပဲ၊ ဒါပေမယ့် မအိမ်သူ က စိုးရိမ်နေတာရယ်၊ သားလည်း ပါလာတာရယ်ကြောင့် ကျနော်လည်း ချိန်းကြိုးတပ်ပြီး မောင်းလိုက်တယ်၊


Photobucket
ကျနော်တို့ နေခဲ့တဲ့ Chalet က တတိယမြောက်ပါ၊ တကယ်တော့ ဒီအိမ်လေးတွေက ဆွစ်ရိုးရာဆန်ဆန် သစ်သား Chalet တွေတော့ မဟုတ်ပါဘူး၊ အဲဒီရိုးရာ အိမ်တွေက သစ်သားသက်သက်နဲ့ပဲ ဆောက်ကြတာ များတယ်၊ အခုအိမ်လေးတွေကတော့ အုတ်တဝက်ဆိုတော့ ရိုးရာမဆန်ပေမယ့် နေရာကောင်းလို့ ရွေးဖြစ် ပါတယ်၊ အားလုံးပေါင်း ဘန်ဂလို အလုံး ၂၀ ရှိပါတယ်၊ ပုံထဲမှာ ဓါတ်ပုံဆရာရဲ့ အရိပ်ပါနေလို့ သိပ်မမိုက်ဘူး၊ ပထမ photoshop မှာ clone out လုပ်ဦး မလို့ပဲ၊ နောက်တော့လည်း ဒီလိုပဲ ထားဖြစ်သွားတယ်၊ စိတ်မရှိပါနဲ့ဗျာ...၊ :D


Photobucket
ဘန်ဂလိုရှေ့ ဝရန်တာကနေ မြင်ရတဲ့ မြင်ကွင်းပါ၊ ကျနော်တို့က တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့ Ski slope ရဲ့ လမ်းကြောင်းတည့်တည့်ပေါ်မှာ ရှိတာမို့ ski စီးတဲ့သူတွေ အတော်ကြိုက်တဲ့ နေရာဖြစ်ပါတယ်၊ တောင်ပေါ်ကိုတော့ အဲဒီ Teleférique cable car တွေနဲ့ တက်ကြတယ်၊ ခပ်လှမ်းလှမ်းက ski slope သေးသေးလေးကတော့ ski သင်တဲ့ သူတွေ စီးလေ့ရှိတဲ့ နေရာဖြစ်ပါတယ်၊


Photobucket
ဒီမြင်ကွင်းကိုပဲ zoom နဲ့ ရိုက်ထားတာပါ၊ ကျနော်တို့ဆီမှာ ဆောင်းတွင်းဆိုရင် အဲ့လ်ပ်စ်တောင်တန်းတွေပေါ်မှာ ကောင်းကင်ပြာပြာနဲ့ ကြည်လင်သာယာသလောက် ကျနော်တို့နေတဲ့ တောင်ခြေ ရေကန်စပ်မှာတော့ တိမ်စိုင်တွေ ဖုံးအုပ်နေတတ်တယ်၊ အဲဒီတိမ်တွေ ပေါ်ကျော်ပြီး အခုလို တောင်ပေါ်ရောက်လာတော့ ရှုခင်းက တော်တော်လှပါတယ်၊ တောင်ကြားမှာ မြင်နေရတဲ့ အဲဒီ တိမ်မျှင်တန်းတွေက တနေ့လုံးလိုလိုပဲ ရှိနေခဲ့တယ်၊


Photobucket
တရက်မှာတော့ ကျနော်တို့ တောင်ပေါ်တက်ဖြစ်တယ်၊ တောင်ထိပ်က မီတာ ၂၃၀၀ ကျော်မှာ ရှိပါတယ်၊ ၃၆၀ ဒီဂရီ လည်နေတဲ့ စားသောက်ဆိုင် တစ်ခုရှိတယ်၊ အဝိုင်းပုံစံ ဆောက်ထားပြီးတော့ အပေါ်ထပ်မှာ တဖြည်းဖြည်းချင်း လည်နေတဲ့ tarrace တစ်ခုလုပ်ထားတယ်၊ စားသုံးသူတွေက ကိုယ့်စားပွဲမှာကိုယ်ထိုင်ရင်း ရှုခင်းကို တပတ်လုံးအပြည့် ကြည့်နိုင်အောင် လုပ်ပေးထားတာပါ၊ ပေးရတာနဲ့ ရတဲ့ အစားအသောက် ကွာလတီကတော့ မတန်ပါဘူး၊ ကျနော်တို့က တော့ နေ့လည်စာ,စားပြီးမှ တက်လာတော့ အဲဒီမှာ ရေတောင် သွားမသောက်ခဲ့ဘူး၊ သားက ကြည့်ချင်တယ်ဆိုလို့ ပိုက်ဆံထည့်ကြည့်ရတဲ့ မှန်ပြောင်းပဲ သွားကြည့်ခဲ့တယ်၊


Photobucket
ကျနော်တို့ နေခဲ့တဲ့ တစ်ပတ်လုံးလိုလို သာယာပေမယ့် တောင်ပေါ်တက်တဲ့ နေ့ကျမှပဲ တိမ်ထူနေခဲ့တယ်၊ သားက ဘန်ဂလိုကနေ cable car တွေကို နေ့စဉ်မြင်နေရတော့ စီးချင်လို့ တချိန်လုံး ပူဆာနေခဲ့တယ်၊ စီးရမယ်လို့ ကတိပေး လိုက်တဲ့ နေ့ကျမှ မြင်ကွင်းက မကောင်းဘူး၊ ဒါပေမယ့် သူကတော့ ပျော်နေခဲ့တယ်၊ သာယာတဲ့နေ့ဆိုရင် ဟိုးရေကန်အစွန်းက ကျနော်တို့နေတဲ့မြို့ကို ဒီနေရာကနေ လှမ်းမြင်ရပါတယ်၊


Photobucket
တောင်ပေါ်ရောက်လာရင်တော့ တခြားတောင်ကြောတွေပေါ်အထိ ski စီးလို့ရအောင် လမ်းကြောင်းတွေ အများကြီး ရှိပါတယ်၊ တောင်ကြား valley ထဲကိုဆင်းလိုက်၊ chair lift နဲ့ပြန်တက်လာလိုက်၊ စသဖြင့် ကိုယ်အဆင်ပြေသလို စီးလို့ရတယ်၊ နောက်ဆုံး ရွာထဲကို ပြန်ဆင်းတဲ့ လမ်းကြောင်းတလျှောက် လိုက်သွားရင်တော့ ကျနော်တို့တည်းတဲ့ ဘန်ဂလို အစုကို ရောက်ပါတယ်၊ ကျနော်ကတော့ တမနက်ခင်းပဲ ski စီးဖြစ်လိုက်တယ်၊ မအိမ်သူက နေ့လယ်ပိုင်း စီးတယ်၊ တယောက်တလှည့် ကလေးထိန်းရင်းနဲ့...၊ ကျန်တဲ့ ရက်တွေမှာက သား ski သင်တဲ့နေရာကို အဖော်လိုက်သွား ပေးနေလို့၊ သားကို အဲဒီမှာ ski သင်ဖို့ ကျနော်တို့ စီစဉ်ပေးထားတယ်၊ သူ ski သင်တဲ့ အကြောင်းကို နောက်ပို့စ်မှာ သီးသန့်ရေးဖို့ စိတ်ကူးထားလို့ ဒီမှာ အသေးစိတ် မရေးတော့ပါဘူး၊


Photobucket
ဒါကတော့ အစ်ဂလူးဘား (Igloo bar)ပေါ့၊ ခပ်သေးသေးပါပဲ၊ တောင်ပေါ်ကို cable car နဲ့ရောက်လာရင် ညာဖက်မှာ ဆောက်ထားတယ်၊ အထဲမှာ စားပွဲရှည် ၆ လုံးလောက် ခင်းထားတယ်၊ ထိုင်ခုံတွေပေါ်မှာ သိုးရေ ခင်းထားပေးတယ်၊ အများဆုံး ရောင်းရတာတော့ ဝိုင်ပူ ပါပဲ၊ ဈေးလည်းသက်သာသလို အယ်လ်ကိုဟောအနည်းငယ်၊ အပူဓါတ် အနည်းငယ်ဆိုတော့ တော်တော်သောက်ကြတယ်၊ ဒီ အစ်ဂလူးကို နဲနဲစိတ်ဝင်စားလို့ မေးကြည့်တော့ လေဘော်လုံး အကြီးနဲ့ ဆောက်တာလို့ ဆိုတယ်၊ ဘော်လုံးကြီးကို လေထိုး၊ သူ့အပေါ်ကနေ နှင်းအတုတွေဖြန်း၊ တချိန်တည်းမှာ သိပ်သွားအောင် ရေပိုက်တွေနဲ့ ဖြန်း၊ ခိုင်လောက်ပြီဆိုမှ ဘော်လုံးကို လေလျှော့ပြီး ပြန်ထုတ်လိုက်တာပါ၊ လူ ၃ ယောက်နဲ့ဆောက်တာ ၈ နာရီကြာတယ် လို့ဆိုတယ်၊ နံရံထုက ၁ မီတာဝန်းကျင် ရှိပါတယ်၊


Photobucket
အစားအသောက်ပုံတော့ သိပ်မရိုက်ဖြစ်ခဲ့ဘူး၊ ဒါက New Year Eve မှာ အဆာပြေစားခဲ့တာပါ၊ ဘန်ဂလိုထဲမှာ မီးလင်းဖိုလေး တစ်ခုလည်းရှိတော့ သားက သိပ်သဘောကျတယ်၊ ကျနော် မီးမွှေးရင် သူကထင်းယူပေးရတာနဲ့၊ သတင်းစာ စက္ကူရှာပေးတာနဲ့၊ မီးခြစ်ကိုလည်း တချိန်လုံး ခြစ်ချင်နေတယ်၊ အဲဒီနေ့မှာ ကျနော်တို့မိတ်ဆွေ လင်မယား နှစ်ယောက်လည်း ရောက်နေခဲ့တယ်၊ မိတ်ဆွေ အမျိုးသမီးက မပေါ့မပါးကြီးနဲ့မို့ ဒီတောင်ပေါ်ခရီးကို အဆင်မပြေရင် မလာခဲ့နဲ့ ဆိုတာ ရောက်လာသေးတယ်၊ ဒါ့ကြောင့် လူကြီး ၄ ယောက်ပေမယ့် ဝိုင်ခွက်က ၃ ခွက်ထဲ ရှိတာပါ၊ ကိုယ်ဝန်သည်နဲ့ သားက သစ်သီး ဖျော်ရည်သောက်ကြတယ်၊


Photobucket
ဒီမှာ ပြောစရာရှိတာဆိုလို့ ရွာထဲ တခုခု သွားဝယ်ရတဲ့ဟာပဲ ရှိပါတယ်၊ ဒီလောက် ကားအပြည့်ထည့်ထားတာတောင် ဆပ်ပြာလုံးဝ ပါမလာဘူး၊ နောက်နေ့ကျတော့ ရွာထဲကို သွားဝယ်တယ်၊ ရွာက ဟိုးခပ်လှမ်းလှမ်း အောက်ခြေမှာ မြင်နေရတဲ့ အိမ်စုစုလေးတွေပါ၊ တခုခုလိုတိုင်း အဲဒီ ကွင်းပြင်ကြီးဖြတ်ပြီး သွား,သွားဝယ်ရတယ်..၊ တရက် ကျနော် တစ်ယောက်တည်း ဈေးသွားဝယ်ပြီး အပြန် ညနေ ခပ်မှောင်မှောင်မှာ အငဲရဲ့ 'ဒီကွင်းပြင်ကြီးပေါ် တို့လျှောက်ဖူးတယ်' ကို အော်ဆိုပစ်လိုက်တယ်၊ :D


Photobucket
ကျနော် ကင်မရာစမ်းရင်း ရိုက်ဖြစ်လိုက်တာပါ၊ သားက အဲဒီမှာ သိပ်ပျော်တယ်၊ နှင်းတွေထဲမှာ sledge စီးရတာ၊ မီးလင်းဖိုမှာ မီးမွှေးရတာ၊ နေ့ကလေးထိန်းကျောင်း သွားစရာမလိုဘဲ အဖေ၊ အမေနဲ့ တစ်ပတ်လုံးနေရတာ...၊ ကျနော် တို့အတွက်လည်း အဆင်ပြေပါတယ်၊ ည ၈ နာရီလောက်ဆို သူမျက်လုံး စင်းလာပြီ၊ အိမ်မှာဆို ၈ နာရီခွဲမှာ မနည်း သိပ်နေရတာ...၊ ပင်လယ်ရေမျက်မှာပြင် အမြင့်မှာဆိုတော့ သူ့ရဲ့ ခန္ဓာဗေဒက တုံ့ပြန်တာ ပြောင်းလဲသွားပုံပါပဲ၊ ၁ ရက် နေ့မနက် ပြန်လာတော့ သူက သိပ်မပြန်ချင်ဘူး၊ နောက် ဘယ်တော့ ပြန်လာဦးမှာလဲ ဆိုတာပဲ တမေးမေးနဲ့..၊ တကယ်တမ်း ပြန်ဆင်းလာတော့လည်း ၁၀ မိနစ်လောက်အတွင်းမှာပဲ စိတ်ပြေလက်ပျောက် ဖြစ်သွားတယ်၊ ၂၀၁၀ ရဲ့ နောက်ဆုံး တစ်ပတ်တာကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ မြန်မြန်ဆန်ဆန် ကုန်သွားခဲ့တော့တယ်...။ ။


ညီလင်းသစ်
၁၉ ဇန်နဝါရီ၊ ၂၀၁၁

15 January 2011

ကဲ, အခုမှပဲ....

ကျနော့်ရဲ့ကွန်ပြူတာအသစ် တပ်ဆင်ခြင်းအမှုကိစ္စ ဒီနေ့မှပဲ အားလုံးပြီးပါတယ်၊ စာလာဖတ်တဲ့ လူတွေက တော့ ထင်မလားပဲ... OS ဆင်မယ်၊ Drivers တွေပြန်ထည့်မယ် ဆိုပြီး ဘယ်ပျောက်သွားပြန်တာလဲ-လို့၊ ဖြစ်ပုံက ဒီလိုပါ...၊

ပြီးခဲ့တဲ့ပို့စ်မှာ ရေးခဲ့သလို ကျနော်ကွန်ပြူတာအသစ်တစ်လုံး ဝယ်ပါတယ်၊ အိမ်ရောက်တော့ Operating System ထည့်၊ လိုအပ်တဲ့ Drivers တွေထည့်နဲ့ပေါ့၊ OS က Windows 7 ဆိုတော့ ဘယ်အချိန် ဘယ် ဆော့ဖ်ဝဲနဲ့ ပြဿနာထ,တက်မလဲလို့ ရင် တထိတ်ထိတ်နဲ့...၊ ကျနော်သုံးနေကျ ဆော့ဖ်ဝဲတွေအားလုံးကို အဆင်ပြေပြေနဲ့ ထည့်လို့ရသွားတယ်၊ ဒါနဲ့ Printer ကိုလည်းတပ်ရော.. compatible မဖြစ်ဘူးဆိုပြီး လက်မခံပါဘူး၊ ဘယ်လိုပဲလုပ်လုပ် မရဘူး၊ ဒါနဲ့ Microsoft ရဲ့ ဆိုဒ်မှာ သွားကြည့်တော့ ကျနော့်ရဲ့ Printer ကတကယ်ပဲ Windows 7 နဲ့ compatible မဖြစ်ပါဆိုပြီး ပြောထားတယ်၊ Printer တွေအများစုက W7 နဲ့ အဆင်ပြေပါတယ်၊ အနည်းစုသာ...၊ ကျနော့်ဟာက အဲဒီအနည်းစုထဲမှာ ပါနေတော့ ဘယ်လိုမှ သုံးလို့မရ တော့ဘူး၊ နဲနဲတော့ အောင့်သက်သက်နဲ့...၊ ဘယ့်နှယ်.. ကွန်ပြူတာတစ်လုံးပျက်လို့ နောက်တစ်လုံးဝယ် တာ Printer တစ်လုံးပါ အပိုဆုံးရှုံးရမယ့်ပုံ ဖြစ်နေပြီ၊ ဘယ်တတ်နိုင်မလဲ၊ Printer အတွက်နဲ့တော့ W7 ကနေ XP ကို ပြန်မဆင်းချင်တော့ဘူး၊ ရှိစေတော့....၊

ဒါနဲ့ လိုအပ်တာတွေ ဆက်တပ်ဖို့ အစီအစဉ်ဆွဲနေတုန်း မော်နီတာနဲ့ စက်က ကွန်နက်ရှင်သိပ်မကောင်း သလို ဖြစ်နေတာ သတိထားမိတယ်၊ လေ့လာကြည့်တော့ ကျနော့်မော်နီတာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက် က ထုတ်ထားခဲ့တာ၊ အခုနောက်ပိုင်းသုံးလာကြတဲ့ digital cable တွေအတွက်ပါ input ပလပ်ပေါက်ပါပေ မယ့် HD quality အစရှိတဲ့ နောက်ပိုင်းနည်းပညာတွေကို မပို့ပေးနိုင်ဘူး၊ အထူးသဖြင့် ကွန်ပြူတာဖွင့်ချိန် မှာ ဘာမှမပေါ်ဘူး၊ Reset ခလုတ်ပြန်,ပြန်နှိပ်ပြီး ဖွင့်မှရတယ်၊ သိပ်တော့ မဟုတ်သေးဘူး၊ ဒီအတိုင်းဆို မော်နီတာအဟောင်းကြောင့် ကွန်ပြူတာအသစ် ပျက်သွားနိုင်တယ်၊ ဒါနဲ့ပဲ သူနဲ့လိုက်ဖက်မယ့် မော်နီတာ တစ်လုံး သွား,ထပ်ဝယ်လိုက်ရပြန်ရော...၊ ရှိစေတော့...၊

ဒါနဲ့ ကွန်ပြူတာကို ဘီဒိုထဲထည့်ဖို့လုပ်တယ်၊ အိမ်မှာက ကွန်ပြူတာအတွက် ဘီဒိုအသေးလေးတစ်လုံး ရှိပါတယ်၊ ကျနော်တို့မသုံးတဲ့အချိန်မှာ အဲဒီဘီဒိုလေးထဲမှာ တခါးပိတ်ထားလေ့ ရှိပါတယ်၊ အခုအဲဒီထဲကို ထည့်ဖို့လုပ်တော့ ကွန်ပြူတာက မဆံ့ပြန်ဘူး၊ ဟုတ်တယ်... ကျနော်အခုဝယ်လိုက်တဲ့ကောင်က နဲနဲပိုကြီး နေတာကိုး၊ ဟိုဖက်လှည့်ထည့်ကြည့် ဒီဖက်လှည့်ထည့်ကြည့်..ဘယ်လိုမှ မရဘူး၊ နောက်ဆုံးတော့ အဲဒီ ဘီဒိုရဲ့နောက်ဖက်နံရံကို ဖောက်ပစ်လိုက်တယ်၊ မှတ်ပလား....ဟင်း၊ ဘီဒိုက မတန်မရာဈေးနဲ့ ကွန်ပြူတာကိုများ လာယှဉ်ချင်ရတယ်လို့...၊ ဒီ ကွန်ပြူတာ နေရာရဖို့က အရေးကြီးတာကိုး၊ ရှိစေတော့...၊

ဒါနဲ့တင်ပြီးပြီလားဆိုတော့ မဟုတ်ပြန်ဘူး၊ မြန်မာစာဖောင့် သွင်းဖို့လုပ်တော့ ပြဿနာတက်ပြန်ရော၊ ပထမဆုံး စာဖတ်ဖို့ ဇော်ဂျီကို သွင်းလိုက်တယ်၊ အိုကေ...၊ စာရေးဖို့အတွက် ကီးဘုတ် Installer ကိုလည်း သွင်းရော ဘာဖြစ်တယ်မသိဘူး၊ Install လုပ်လို့မရဘူး၊ နှစ်ခါသုံးခါ ပြန်လုပ်တယ်၊ မရဘူး၊ ကျနော့်မှာလည်း တခြားဇော်ဂျီ လက်ကွက် မရှိဘူး၊ ဒါနဲ့ အင်တာနက်မှာ ဟိုရှာဒီရှာ လုပ်တော့ ဖိုင်တစ်ခု သွားတွေ့တယ်၊ ဇော်ဂျီဆိုဒ်က ပါပဲ၊ ဒါနဲ့ သူ့ကိုပဲ သွင်းကြည့်တော့ အဆင်ပြေသွားတယ်၊ ဟူး...ဆို သက်ပြင်းချပြီး အင်း..အခုမှပဲ..လို့ ပြောမလို့ကြံကာ ရှိသေး၊ စီပုံးနဲ့ ကွန်မန့်တွေမှာ မြန်မာလို ရေးလို့မရသေးတာ သွား,သတိရတယ်၊ ဟုတ်တာပေါ့၊ အင်တာနက် Browser ကို မြန်မာလိုမှ မပြောင်းရသေးတာပဲ၊ ဒါနဲ့ အရင်တုန်းက ပြောင်းခဲ့တာကို ပြန်စဉ်းစားတော့ ခပ်ရေးရေး ပေါ်လာတယ်၊ ဒါပေမယ့် ခက်နေတာက အဲဒီမှာထည့်ဖို့ ကျနော့်မှာ *CSS ဖိုင် မရှိတော့ဘူး၊ အဲဒီဖိုင်ကို ဘယ်လိုရေးထားတယ် ဆိုတာလည်း မမှတ်မိတော့ဘူး၊ အင်း...ခက်တော့နေပြီ၊ ကိုယ်ဟာကိုယ် စမ်းရေးကြည့်တယ်၊ မရဘူး၊ အင်တာနက်မှာ ရှာကြည့်တယ်၊ မတွေ့ဘူး၊ အတော်စိတ်လေသွားတယ်၊ ကိုယ်ရေးချင်တာကို word မှာရေးပြီး ကော်ပီကူး၊ တင်ရင်တော့ ရတာပေါ့၊ ဒါပေမယ့် ဒါကလည်း ရေရှည်မှာ မဟုတ်သေးဘူး၊ ရက်တွေ ကုန်သွားပြန်တယ်၊ လွန်ခဲ့တဲ့ ညဦးပိုင်းကတော့ ကြံရာမရတဲ့အဆုံး ကွန်ပြူတာထဲက ရှိသမျှဖိုင်တွေ တခုပြီးတခု ဖွင့်ရှာကြည့်တယ်၊ အဲဒီမှာ စေတန်ဂေါ့ရဲ့ ဘလော့ဂ်လုပ်နည်း ဖိုင်လေး သွားတွေ့တယ်၊ ဟိုး..ကျနော် ဘလော့ဂ် လုပ်ခါစတုန်းက ကူးထားခဲ့တာ...၊ ဒီဖိုင်လေး ရှိနေတာ မေ့တောင်နေပြီ၊ အဲဒီမှာမှ သူပြထားတဲ့ *CSS ဖိုင်မျိုး အမြန်ရေးပြီး တင်ကြည့်တော့....အိုကေ..၊

ကဲ...အခုတော့ ဒုက္ခမိုးတွေ စဲသွားတဲ့အကြောင်း ဒီပို့စ်ကို ရေးမယ်ဆိုပြီး စ,ရေးတော့ အောက်ကမြစ်တို့၊ တချို့တချောင်းငင်၊ ဟထိုး စ,တာတွေက နေရာပြောင်းနေတာ သွားတွေ့တယ်၊ ဒါနဲ့ ကျနော် install လုပ်ထားတဲ့ ဇော်ဂျီကီးဘုတ်ရဲ့ ဗားရှင်းကို ပြန်ကြည့်တော့ ၂၀၀၇ ဖြစ်နေတယ်၊ ကျနော် အရင်သုံးနေကျက ၂၀၀၅ ပါ၊ ဆိုတော့ ခပ်မြန်မြန် ရိုက်ဖို့အတွက် ကီးဘုတ် layout ကို တခါဖွင့်ပြီး ရိုက်ရပြန်တယ်၊ မိုးစဲပြီ အောက်မေ့တာ.. တိမ်တိုက်ပါးပါးလေး ကျန်သေးတာကိုး၊ ကီးဘုတ်ခလုတ် သုံးလေးခုက လွဲရင် ကျန်တာက ဘာမှအပြောင်းအလဲ မရှိလို့ တော်သေးတယ်၊ သူများတွေက ယူနီကုတ် ပြောင်းဖို့ ပြောနေကြချိန်မှာ ကျနော်က ဇော်ဂျီနဲ့ ကျင့်သားရဖို့ ပြန်လုပ်နေရတုန်း....၊ ရှိစေတော့.....၊

ဒါတွေက တစ်ရက်ထဲမှာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး၊ ဥပမာ၊ ဘီဒိုဖောက်တာဆိုရင် ကျနော်အလုပ်က ပြန်ရောက်တာ နောက်ကျတာနဲ့၊ လိုအပ်တဲ့ ကိရိယာ မရှိတာနဲ့ တော်တော်နဲ့ မလုပ်ဖြစ်ဘူး၊ ဒီလိုနဲ့ ရက်တွေက ရွေ့လျားသွားကြတယ်၊ အခုတော့ အားလုံးအဆင်ပြေသွားပုံ ပါပဲ၊ ဆိုတော့ ဒီပို့စ်လေးနဲ့ မိတ်ဆွေတွေကို ပြန်နှုတ်ဆက်ရင်း 'ကဲ..အခုမှပဲ...' လို့ သက်ပြင်းချလိုက် ပါတယ်၊ အင်း...အသက်လေးတော့ အောင့်ထားနေမိတုန်း ပဲဗျာ...။ ။


ညီလင်းသစ်
၁၅ ဇန်နဝါရီ၊ ၂၀၁၁

04 January 2011

ဒါကို ဒီလိုရှင်းတယ် ...


ဒီခေါင်းစဉ်က မနေ့ကပို့စ် ခေါင်းစဉ်ရဲ့ အဆက်ပါ၊ ဆိုတော့ ဒီပို့စ်ကလည်း မနေ့ကပို့စ်ရဲ့အဆက် (သို့မဟုတ်) update ပေါ့...၊

ကွန်ပြူတာကို ဘယ်လိုမှ ပြန်ဖွင့်မရတဲ့အဆုံး စိတ်လေသွားတယ်၊ ဒီတစ်ခါတော့ ဒင်းနဲ့လမ်းအခွဲပဲလို့ စိတ်ပိုင်း ဖြတ်လိုက်ပြီး ဒီနေ့မနက်ပဲ အသစ်တစ်လုံး သွားဝယ်လိုက်တယ်၊ စိတ်ကြီးပုံကအဲဒီလို....၊ :D

ညီငယ်မောင်မျိုးပြောသလိုပဲ ဒီတစ်ကြိမ် ကွန်ပြူတာပျက်တာဟာ အသစ်ဝယ်ဖို့ဖြစ်လာတာပဲလို့ မှတ်ယူပါတယ်၊ ဒီနေ့ညနေအိမ်ရောက်တာနဲ့ OS install လုပ်မယ်၊ Drivers တွေအားလုံး install လုပ်မယ်၊ Editing software တွေအားလုံး install လုပ်မယ်၊ ဇော်ဂျီကို ပြန်ပြီးဖိုဝင်ခိုင်းမယ်၊ Backup disk ထဲက ဖိုင်တွေအားလုံးကို စက်ထဲ ပြန်ကူးထည့်မယ်၊ အင်တာနက်ချိတ်မယ်၊ အချိန်ကျန်သေးရင် တောင်ပေါ်မှာရိုက်လာတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ကင်မရာထဲကနေ စက်ထဲ ပြောင်းထည့်မယ်၊

Windows 7 ကိုမသုံးဖူးသေးဘူး၊ Intel i7 ကိုမသုံးဖူးသေးဘူး၊ RAM ကို ၁ ဂစ်ထက်ကျော်ပြီး မသုံးဖူးသေးဘူး၊ ဒီနေ့ညနေ စမ်းသပ်ကြည့်ရမယ့်ဟာတွေအတွက် အခုထဲကကြိုပြီး ကျနော် စိတ်လှုပ်ရှားနေတယ်၊ ပြင်သစ် စကားပုံ တစ်ခုရှိပါတယ်၊ " Après la pluie, le beau temps " တဲ့၊ တိုက်ရိုက်ပြန်ရင်တော့ " After the rain, the pleasant weather " လို့ အဓိပ္ပါယ်ရပါတယ်၊ သာယာတဲ့ ရာသီဥတုနဲ့အတူ ကျနော်အမြန်ဆုံး ပြန်လာနိုင် မယ်လို့ မျှော်လင့်ပါတယ်....။ ။ :)


ညီလင်းသစ်
၎ ဇန်နဝါရီ၊ ၂၀၁၁

03 January 2011

စ,ပုံက ဒီလို


ကျနော်တို့ တောင်ပေါ်ကနေ တနေ့က ပြန်ရောက်ပါတယ်၊ ခရစ်စမတ်နေ့ ၂၅ ရက်တည်းကနေ ဇန်နဝါရီ ၁ ရက် နေ့အထိ တစ်ပတ်ကြာသွားနေဖြစ်တယ်၊ အားလုံးအဆင်ပြေပြေနဲ့ ပျော်ဖို့လည်းကောင်းပါတယ်၊

အိမ်ရောက်တော့ နောက်တစ်ရက်မှာ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ကျနော့်ကွန်ပြူတာကိုလည်း သန့်ရှင်းဖို့ စိတ် ကူးပေါ်လာတယ်၊ ကွန်ပြူတာထဲမှာ ဖုန်တွေအတော်များနေပုံရတယ်၊ ဖုန်တွေနဲ့ ပိတ်နေတော့ စက်က ခဏခဏ ပူလာလေ့ရှိတယ်၊ စက်ပူ လာတာနဲ့ အထဲကပန်ကာက လည်တော့ တဝူးဝူးနဲ့ နားငြီးတယ်၊ ဒါကို မနှစ်ကတည်း က လုပ်မလို့ဟာ မလုပ် ဖြစ်လိုက်ဘူး၊ အခုတော့ နှစ်သစ်မှာ ကွန်ပြူတာလေးလည်း သန့်ရှင်းပါစေပေါ့လေ...၊

စက်ကိုဖွင့်ပြီး ဖုန်စုပ်စက်နဲ့ စုပ်ထုတ်ပစ်လိုက်တယ်၊ ပန်ကာကိုလည်း ဖြုတ်ပြီး ဒလက်တွေကအစ သေချာပွတ် တိုက် သန့်ရှင်းလိုက်တယ်၊ တစ်နာရီနီးပါးအကြာ စိတ်ကြိုက်သန့်ရှင်းအပြီး ပြန်တပ်တော့ ကွန်ပြူတာက ဖွင့်လို့ မရတော့ဘူး၊ လျှပ်စစ်ဝင်ကြောင်းပြတဲ့ မီးပွင့်လေးပဲ မှိတ်တုတ်မှိတ်တုတ်နဲ့...၊ တကယ်ဆို ပလပ်တပ်လိုက်တာ နဲ့ အဲဒီမီးက တဖြောင့်တည်းလင်းပြီး ပါဝါခလုတ် တန်းနှိပ်ရုံပဲ၊ အခုတော့ ဘာမှလုပ်လို့မရဘူး၊ သွားပြီ...၊ ထင်တာတော့ သန့်ရှင်းရေးလုပ်တာများပြီး အထဲက Circuit တခုခုကို ထိသွားပုံပဲ၊ အရင်ကလည်း ၄ လတစ်ခါ လောက် အခုလို သန့်ရှင်းရေး လုပ်နေကျပါ၊ အခုကျမှ.... ....၊

ကျနော် တော်တော်စိတ်ညစ်သွားတယ်၊ တောင်ပေါ်သွားခဲ့တဲ့အကြောင်း ရေးဖို့၊ ရိုက်လာခဲ့တဲ့ ပုံတွေတင်ဖို့ အားခဲထားတာ အခုတော့ ကြန့်ကြာဦးတော့မယ်၊ အခုတော့ ဒီကွန်ပြူတာကိစ္စရှင်းဖို့ အရင်လုပ်ရဦးမယ်၊ အခု လည်း ဒီစာကို အလုပ်ကနေ Word ဖွင့်ပြီးရေး၊ ကော်ပီလုပ်ပြီး တင်လိုက်တာပါ၊ တော်သေးတယ်၊ အဲဒီစက်ထဲမှာ ဇော်ဂျီသွင်းထားမိလို့...၊ အင်း... ၂၀၁၁ ကတော့ စိန်ခေါ်မှုတွေနဲ့ စ,လိုက်ပြီဗျို့ ...။ ။ :(


ညီလင်းသစ်
၃ ဇန်နဝါရီ၊ ၂၀၁၁