23 January 2011

ရွာကလေးရဲ့ နေဝင်ချိန်


'ဒီညနေစောင်းမှာ အဆင်ပြေရင် ဓါတ်ပုံသွားရိုက်ဖို့ စဉ်းစားထားတယ်' လို့ ကျနော်ပြောလိုက်တော့ သူတို့ အားလုံး လှမ်းကြည့်ကြတယ်၊ သူတို့ဆိုတာက သူငယ်ချင်း လင်မယားနှစ်ယောက်နဲ့ မအိမ်သူပါ၊ ကျနော့်ဆီ က ဒီလိုစကားကြားရလို့ သိပ်တော့ မအံ့သြကြပါဘူး၊ ဘာမှလည်း ထူးခြားဟန် မပြကြဘူး၊ ပြုံးပြီးပဲ ကြည့်နေ ကြတယ်၊ ' ဖြစ်တယ် မဟုတ်လား ' လို့ကျနော် ထပ်မေးတော့ ' ဖြစ်တာပေါ့၊ သွားသာသွား ပါ ' တဲ့၊ အိုကေ ဆိုပြီး ကျနော်ဝမ်းသာသွားတယ်၊ အမှန်တော့ မေးသာမေးတာပါ၊ ကျနော့်ကို သူတို့တားမှာ မဟုတ်ဘူးဆို တာ သိပြီးသား...၊ ဒါပေမယ့် ဒီလိုမျိုး ဧည့်သည်တွေနဲ့ အတူတကွ ရှိရမယ့်အချိန်မှာ ကျနော်တစ်ယောက် တည်း ထွက်သွားဖို့ကလည်း မကောင်းဘူး မဟုတ်လား၊ တခါတခါမှာ မိသားစု၊ လူမှုရေးနဲ့ တဦးတည်းဆန္ဒ သုံးပွင့်ဆိုင်ကို ဟန်ချက်ညီအောင် ထိန်းရတာ နဲနဲမောတယ်၊ ဒါပေမယ့် ဒီနေ့အထိတော့ ကံကောင်းပါတယ်၊ ပရော်ဖက်ရှင်နယ်မဟုတ်၊ ဘာမဟုတ်နဲ့ ဓါတ်ပုံတွေ လျှောက်,လျှောက်ရိုက်နေတာ မအိမ်သူက ဘာမှ မပြောခဲ့ဘူး၊ ကျနော့်ဖက်ကလည်း သူ့ နားလည်မှုကို အလွဲသုံးစား မလုပ်မိဖို့ သတိထားနေရတာပေါ့လေ..၊

ဒီတောင်ပေါ် ရောက်တဲ့နေ့ကတည်းက တညနေလောက်တော့ Sunset ဓါတ်ပုံ ရိုက်ရရင်ကောင်းမယ်လို့ ကျနော် စိတ်ကူးထားခဲ့တယ်၊ နေရောင်အနေအထား၊ တိမ်၊ location စတာတွေကို ကြည့်တော့ မဆိုးလှဘူး၊ ဒါပေမယ့် သူတို့သားအမိ နှစ်ယောက်ထဲထားပြီး ဓါတ်ပုံသွား ရိုက်ဖို့လည်း မလုပ်ချင်ဘူး၊ အဲဒီလို အခြေ အနေမှာ သူငယ်ချင်းလင်မယား ရောက်လာခဲ့တော့ ကျနော်က အခွင့်အရေးကို ရအောင်ယူလိုက်တာပါ၊

ခွင့်ပြုမိန့်ကျတော့ လိုအပ်တာတွေ ကျနော်စစ်ကြည့်တယ်၊ ကင်မရာထဲမှာ ဓါတ်ခဲအား အပြည့်၊ မနေ့ကမှ သွင်းထားပြီးသား၊ အေးလွန်းတဲ့ အခြေအနေမှာ ဓါတ်ပုံရိုက်ရင် ဓါတ်ခဲကုန်တာ မြန်တတ်လို့ ဒီတောင်ပေါ်ကို လာကတည်းက အားသွင်းစက်ပါ ယူလာခဲ့တယ်၊ သေချာအောင် နှစ်ရက်တခါ အားပြန်သွင်းတယ်၊ ပြီးတော့ Backup ကင်မရာကို စစ်တယ်၊ သူကတော့ ဒီရောက်ထဲက တခါမှ မသုံးရသေးဘူး၊ ဓါတ်ခဲကိုလည်း အား အပြည့် သွင်းထားပြီးသား..၊ အရေးပေါ်အခြေအနေ အတွက် ပူစရာမလို..၊ ညနေမှာ အဓိကသုံးမယ့် မှန်ဘီလူးကို သန့်ရှင်းရေးလုပ်တယ်၊ လိုရမယ်ရ ယူသွားမယ့် မှန်ဘီလူးတွေကို စစ်တယ်၊ ရေစိုရင် သုတ်ရ မယ့်အဝတ်၊ ကင်မရာနဲ့ သုံးချောင်းထောက် တွဲတဲ့ Quick-release ပြား၊ လက်နှိပ်ဓါတ်မီး အငယ်စား၊ စတာ တွေကို အားလုံး စစ်ဆေးလိုက်တယ်၊ ပြီးတော့ အားလုံးကို ကျောပိုးအိတ်ထဲ ထည့်ပြီး ဇစ်ပ် ပိတ်လိုက်ချိန်က နေ့လယ် ၂ နာရီခွဲ..၊ ညနေ နေဝင်ချိန်မှာ ဓါတ်ပုံရိုက်ရန်အသင့်...၊ အရင်ရက်တွေက ကျနော်လေ့လာထား သလောက် နေက ညနေ ၅ နာရီ ၁၀ မိနစ်မှာ ဝင်တယ်၊ ဒီတော့ ၄ နာရီ ၁၅ လောက် ဒီကထွက်ရင်ရပြီ ဆိုပြီး အေးအေးဆေးဆေးနဲ့ စကားပြော၊ ရီမော နေခဲ့တယ်၊

တကယ်တမ်း ဘန်ဂလိုက ကျနော်စ,ထွက်တော့ ၄ နာရီ ခွဲနေပြီ၊ ဒီကြားထဲ မမျှော်လင့်တာက ဖြစ်လာသေး တယ်၊ ကျနော်တို့ ငှားထားတဲ့ ski နဲ့ဖိနပ်ကို ပြန်အပ်ဖို့ပါ၊ ပထမတော့ နောက်တစ်ရက် ဆက်ငှားဖို့ပဲ၊ နောက်တော့မှ မနက်ဖြန် မစီးဖြစ်တာ သေချာတော့ အသွားမှာ ဝင်အပ်ခဲ့ဖို့ ဖြစ်လာတော့တယ်၊ ကျနော်သွား ရမှာလည်း အဲဒီဆိုင်ရှေ့က ဖြတ်ရမှာပါပဲ၊ ဒါက ပြဿနာ မရှိဘူး၊ ပြဿနာက လူတွေ...၊ ဒီအချိန်ဆို အဲဒီ ဆိုင်မှာ ski ပြန်လာအပ်တဲ့ လူတွေ၊ နောက်ရက်အတွက် စရန်သတ်တဲ့ လူတွေနဲ့ ပြည့်နေလိမ့်မယ်၊ ဒါပေမယ့် အခု အပြင်ထွက်မယ့် ကံဆိုးသူမောင်ရှင်ကလည်း ကျနော်တစ်ယောက်ထဲ..၊ ဆိုတော့ ကျောမှာ ကင်မရာအိတ်ကိုပိုး၊ အဲဒီအိတ်မှာ Tripod ကိုချိတ်၊ ပခုံးပေါ်မှာ ski နဲ့တုတ်တံကိုထမ်း ညာဖက်လက်နဲ့ထိန်း ကိုင်၊ ဘယ်လက်က ski boots အလေးကြီးကိုဆွဲပြီး ဘန်ဂလိုရှေ့က နှင်းဖုံးကွင်းပြင်ကျယ်ကြီးကို ဖြတ်ဆင်း သွားလိုက်တယ်၊ ဒီတခါတော့ အငဲရဲ့ ' ဒီကွင်းပြင်ကြီးပေါ် တို့လျှောက်ဖူးတယ် 'ကို မဆိုနိုင်တော့ဘူး၊ အသက်ကိုပဲ မနည်းလု ရှူနေရတယ်..၊

ဆိုင်ရောက်တော့ ထင်တဲ့အတိုင်းပဲ၊ လူတွေ လူတွေဆိုတာ.. အရင် သမဝါယမခေတ်က ပြည်သူ့ဆိုင် ကာဘော်လစ်ဆပ်ပြာ ပေးနေသလား မှတ်ရ၊ ဒီလူတန်းကြီး ကုန်တဲ့အထိ စောင့်နေရင်တော့ sunset ဓါတ်ပုံ မပြောနဲ့ sunrise ဓါတ်ပုံ ရိုက်နိုင်ရင်တောင် ကံကောင်း၊ ဒါနဲ့ ကျနော်လည်း ဟောလီးဝုဒ် မုဒ်သွင်းပြီး 'တဆိတ်လောက်ဗျာ၊ အရေးကြီးလာလို့ပါ၊ စိတ်မရှိကြပါနဲ့' လို့ အော်ဟစ်၊ အနီးမှာ ရှိတဲ့ ဆိုင်ဝန်ထမ်းကို 'ဒါ ပြန်လာအပ်တဲ့ ski တွေပဲ၊ ဒီအတိုင်းထားခဲ့ရင် ဖြစ်တယ် မဟုတ်လား ကိုယ့်လူ' လို့ ပြောပြီး သူခေါင်းညိတ် ပြတာတောင် မစောင့်ဘဲ အတင်း ပြန်ထွက်လာခဲ့ရတယ်၊

ကျနော် ရွေးချယ်ထားတဲ့ နေရာရောက်တော့ တောင်စွယ် နေမကွယ်မီလေးပါပဲ၊ တော်သေးတယ်၊ ဘယ် ပါးကွက်သားကမှ ကျနော့်ကို စောင့်မနေခဲ့လို့..၊ ဒါနဲ့ tripod ကို အမြန်ဆင်၊ ကင်မရာကို တင်ပြီး Test shots လေးငါးပုံလောက် ခပ်သွက်သွက်လေး ရိုက်လိုက်တယ်၊ ကျောပိုးအိတ်ကို အောက်ချမလို့ ဘေးဘီကြည့် လိုက်တော့ ပတ်ပတ်လည် နှင်းချည့်ပဲ၊ ဘယ်မှ ချစရာမရှိလို့ ဒီအတိုင်းပဲ ဆက်လွယ်ထား ရတယ်၊ အိမ်တွေ အတော်များများကတော့ မီးတွေ စ,ထွန်းစ ပြုနေပြီ၊ ဒါနဲ့ နေဝင်ခါစ အချိန်လေးမှာ settings ပေါင်းစုံနဲ့ ပုံတွေ ဆက်တိုက် ရိုက်နေလိုက်တယ်၊ ခုနတုန်းကတော့ ပြေးလိုက်လွှားလိုက်နဲ့ ဆိုတော့ မောပြီး လူက အိုက် တောင် နေသေးတယ်၊ အခုကျမှ ပြန်ချမ်းလာတယ်၊ ဒီမှာက ညနေစောင်းတာနဲ့ အပူချိန်က သုညအောက် ၈ ကနေ ၁၀ လောက်အထိကို တန်းကျသွားတာ၊ ခြေအိတ်အထူနဲ့ ဖိနပ်အထူ ဝတ်ထားတဲ့ကြားက ခြေထောက်က လည်း ပို,ပိုအေးလာတယ်၊ လက်ချောင်းတွေက အဆိုးဆုံးပဲ၊ ကျနော်ဒီကို ရောက်တော့ သာမန် ski စီးတဲ့ လက်အိတ်ပဲ ပါလာတယ်၊ အဲဒီလက်အိတ်ကို ချွတ်လိုက်၊ ရိုက်လိုက်၊ အခုပြန်ဝတ်လိုက်၊ အခုပဲ ပြန်ချွတ် ရိုက်လိုက်နဲ့..၊ ဘယ်လိုမှ မဖြစ်တာနဲ့ လိုအပ်ရင် လက်ချောင်း တွေ ဖွင့်လို့ရတဲ့ လက်အိတ် တစုံ ဝယ်လိုက်ရ တယ်၊ အဲဒီ လက်အိတ်နဲ့ကျ အတော်ပဲ၊ ဒါပေမယ့် သူလည်း လက်ချောင်းတွေ ဖွင့်ထား တာကြာရင် အေးလွန်းတာနဲ့ ကင်မရာ ခလုတ်တွေပေါ်မှာ လက်ချောင်းတွေက ထုံကျင်နေပြန်ရော..၊ ခလုတ်ကို ထိထားသလား၊ နှိပ်မိ နေသလားတောင် မသိရဘူး၊ ဒါနဲ့ နောက်ထပ် အသားကပ်လက်အိတ် လို မျိုး တစုံ ထပ်ဝယ်ရပြန်ရော..၊ အခု အဲဒီ လက်အိတ် နှစ်ထပ်ဝတ်ထားတာတောင် လက်ချောင်းတွေက တဖြေးဖြေးနဲ့ အေးလာတယ်၊ အေးလွန်းလို့ ပင်အပ် သေးသေးလေးတွေနဲ့ ထိုးသလို စူးကနဲ၊ စူးကနဲ နဲ့ အတော်နာပါတယ်၊

ဒီတော့မှ ပတ်ဝန်းကျင်ကို သေချာ သတိထားကြည့်တော့ အတော်မှောင်နေပြီ၊ နာရီကတော့ ၆ နာရီထိုးလု ထိုးခင်ပဲ ရှိသေးတယ်၊ တကယ်က မြေပြင်မှာ နှင်းတွေက အလင်းပြန်လို့ ညက ပုံမှန်ထက် ပိုလင်းပါတယ်၊ ဒါပေမယ့် ဒါက လူ့မျက်လုံး အတွက်ပါ၊ ကင်မရာအတွက်ကတော့ အလင်းက မလုံလောက်တော့ဘူး၊ အထူး သဖြင့် နေဝင်ခါစမှာ ပြောကြလေ့ရှိတဲ့ Golden hour, Magic hour တို့ ကုန်ဆုံးသွားပြီ၊ ကျနော်လည်းနေရာ သုံး၊ လေးနေရာလောက် ပြောင်းရိုက်ပြီးပြီ ဆိုတော့ ပြန်ဖို့ ပြင်ရတော့တယ်၊ အပြန်ခရီးကတော့ တောက်လျှောက် အတက်ချည်းပဲ ဆိုတော့ အလာတုန်းကထက် ပိုမောပါတယ်၊ လှုပ်ရှားလိုက်လို့ ခြေတွေ၊ လက်တွေ ပြန်နွေးလာပေမယ့် လူကပင်ပန်း လှပြီ၊ ဗိုက်လည်း ဆာလှပြီ၊ ခုနတုန်းက ဓါတ်ပုံရိုက်ဖို့ စိတ်စော နေလို့ ဘာမှမသိဘူး၊ ဒီအချိန် shutter bus လည်း မရှိတော့ဘူး၊ ဆိုတော့ လျှောက်ပေတော့ ကုန်းကြောင်း..၊ ကုန်းတက်ကို တဖြည်းဖြည်း ပြန်တက်လာ ရင်း ဆရာကြီး ဒေါက်တာသန်းထွန်း ရေးခဲ့ဖူးတဲ့ ပုဂံခေတ် ငါးရာ့ငါးဆယ်ဇတ်က (ထင်ပါတယ်)စကားစုလေး ခေါင်းထဲ ရောက်လာခဲ့တယ်၊ သွားစရာ ခရီးကား ဝေးသေး၏၊ ခြေသာလျှင် ယာဉ်ရှိကုန်၏ ဆိုတာပါ...။ ။


Photobucket
(Canon 5DmkII + 24-105mm f/4 L, 24mm, f/16, 2.5 sec, iso1600, self-timer)

Test-shots ရိုက်အပြီးမှာ ပထမဦးဆုံး ရိုက်ဖြစ်တဲ့အထဲက တစ်ပုံပါ၊ ကောင်းကင်ကအလင်းရယ်၊ တောင်တန်းရဲ့ မှောင်ရိပ်ကျတဲ့အပိုင်းရယ်၊ နှင်းရဲ့အလင်းပြန်တဲ့ နေရာရယ်.. ဒီသုံးခုနဲ့ မီးပွင့်လေးတွေ စ,လင်းလာတဲ့ ရွာကလေးကို အချိုးညီညီ ရံစေချင်ခဲ့တာ...၊ အပြေးအလွှားနဲ့မို့ ကျနော့်စိတ်ကူးထဲမှာ မြင်ယောင်ထားခဲ့တဲ့ ပုံကို မမှီပါဘူး၊



Photobucket
(Canon 5DmkII + 24-105mm f/4 L, 24mm, f/16, 5 sec, iso1600, self-timer)

ပုံရဲ့ အပေါ်ဖက် တောင်အမြွှာနှစ်လုံး အောက်နားမှာ မီးလင်းနေတဲ့ အမြင့်ဆုံး အိမ်အစုလေးက ကျနော်ဆင်းလာခဲ့တဲ့ နေရာပါ၊ ဒီမှာ မြင်ရသလို ငှက်တပျံစာ တဖြောင့်တည်း အကွာအဝေးက နီးသယောင် ထင်ရပေမယ့် သုညအောက် ၁၀ ဒီဂရီ အနေအထားနဲ့ မီတာ ၁၄၃၀ အမြင့်မှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံက နှေးကွေး၊ လေးလံလွန်းလှတယ်၊ ရွာကလေး ကတော့ တနေ့တာ ski စီးခဲ့သူတွေ ရှင်းသွားလို့ ငြိမ်သက်၊ တိတ်ဆိတ်သွားတဲ့ တောင်ခြေမှာ ညဦးနဲ့ အတူ တိုးတိုး တိတ်တိတ်...၊



Photobucket
(Canon 5DmkII + 24-105mm f/4 L, 24mm, f/22, 30 sec, iso1600, self-timer)

ဒီတစ်ပုံကို ရိုက်တော့ ၅ နာရီနဲ့ ၄၁ မိနစ် ရှိပါပြီ၊ နေဝင်သွားခဲ့တာ နာရီဝက် ကျော်သွားခဲ့ပြီ၊ ရှုခင်းဓါတ်ပုံ ရိုက်တဲ့ ဆရာတွေ အပြောအရတော့ နေဝင်ပြီး ၁၅ မိနစ်နဲ့ ၂၅ မိနစ်အကြားမှာ ခင်ဗျားအတွက် ဓါတ်ပုံရိုက်ဖို့အချိန် ၆ မိနစ် ရပါတယ်-တဲ့၊ အဲဒီ ၆ မိနစ်အတွင်းမှာ အကောင်းဆုံပုံတွေကို ရအောင်ရိုက်ယူပါ-တဲ့၊ အမှန်ပဲ၊ ဒီပုံဆို နောက်ကျနေလို့ ကင်မရာ အလင်းတံခါးကို စက္ကန့် ၃၀ ကြာအောင်တောင် ဖွင့်ထားခဲ့ရတယ်၊ အင်း...ရွေးထားတဲ့ location ကို နေမဝင်မီ မိနစ်ပိုင်းအလိုမှာ ကျနော်ရောက်သွားခဲ့တယ်၊ ဒါ နောက်ကျတယ်၊ နေဝင်ပြီး golden hour မှာရော၊ magic hour မှာပါ ကျနော် တောက်လျှောက် ရိုက်နေတယ်၊ ဒါပေမယ့် ရှုထောင့် (angle of shoot) ရွေးချယ်တာမှာ အများ ကြီးလိုသွားတယ်၊ ဒီထက်ပိုကောင်းတဲ့ angle တွေရှိတာ အသေအချာပါ၊ ပြင်ဆင်မှုအပိုင်းနဲ့ အတွေ့အကြုံမှာ အားနဲခဲ့ ပေမယ့် ကျနော့် ညီအစ်ကို၊ မောင်နှမတွေနဲ့အတူ ဝေမျှလိုက်ပါတယ်၊ ဝေဖန်၊ အကြံပြုစရာ ရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောခဲ့လိုက်ပါဗျာ၊ ပုံတွေကို လာကြည့်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...။ ။


ညီလင်းသစ်
၂၃ ဇန်နဝါရီ၊ ၂၀၁၁

15 comments:

Nyi said...

ဒီရွာကမီးတွေထိန်ထိန်ညီးလို့ အဆန်းနော် :p

linn said...

အောက်ဆုံးတပုံကို ပိုကြိုက်တယ် .. အပေါ်ပုံနှစ်ပုံရဲ့  ပြာပုံက မျက်စိနည်းနည်းစူးလို့ ....

mie nge

Soe Mya Nandar Thet Lwin (Borros Roxo) said...

ပုံ ၁:

မှိုင်းညို့ညို့ ကောင်းကင်အောက်မှာ တောင်တန်းတွေကို နောက်ကွယ်ပြုလို့ အလင်းပြန်နေတဲ့ ဖွေးဖွေးလှုပ် နှင်းတွေနဲ့ ဟိုတစ၊ ဒီတစ လင်းလက်လာတဲ့ မီးပွင့်လေးတွေနဲ့ အတူ ရွာကလေးက သက်ငြိမ်ပန်းချီကား တချပ်လို သက်ဝင်နေတယ်။

မှောင်ရီပျိုးစ အချိန်မှာ ရွာရဲ့အရှေ့မှာ ရှိနေတဲ့ ရိုးတံပြိုင်းပြိုင်းနဲ့ အထီးကျန်နေရရှာတဲ့ သစ်ပင်ကြီးက လွမ်းမောစရာကောင်းသလို နှင်းထုကြားမှာ အံခဲရပ်တည်နေတဲ့ သူ့ရဲ့ ကြံ့ကြံ့ခံစွမ်းအင်ကို ထင်ဟပ်ပေါ်လွင်နေစေတယ်။


ပုံ ၂:

အဆုံးအစမရှိတဲ့ မိုးကုပ်စက်ဝိုင်းကြီးရဲ့ အောက်မှာ တောင်ညိုတောင်တန်းတွေ သွယ်တန်းလို့ ပျိုးပြပြ မီးပွင့်တွေနဲ့အတူ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရွာကလေးဟာ ဖြူဖြူဖွေးဖွေး နှင်းထုတွေရဲ့ ကြားမှာ ညဦးနဲ့အတူ တိုးတိတ်စွာ ကျော်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေလို့ လွမ်းဆွတ်ဖွယ် ကဗျာတပုဒ်ကို ဖတ်ရပြီး ရင်ထဲ သဲ့ကျန်ခဲ့တဲ့ ရသကို ပေးစေတယ်။


ပုံ ၃:

နေဝင်ချိန် ဆည်းဆာမှာ ရွာတန်းကလေးက ဆွစ် ရိုးရာဆန်ဆန် သစ်သား Chalet အိမ်ကလေးတွေရဲ့ မီးပွင့်လေးတွေကနေ တန်ပြန်ထင်ဟပ်တဲ့ အလင်းတန်းတို့နဲ့ အတူ ဖြူဖွေးနေတဲ့ နှင်းတိုနဲ့ ယောယှက်ထားတာဟာ ပနံ့သင့် လှပနေပြီး ကြည်နူးလွမ်းဆွတ်စေတဲ့ ခံစားချက်ကို တပြိုင်နက်ထဲ ယှဉ်တွဲ ရစေပြန်တယ်။

ဆွစ်ဇာလန်နိုင်ငံရဲ့ အရောင်စုံ ပန်းချီကားဆန်ဆန် လှပ ကြည်နူးလွမ်းမောစေတဲ့ ရှု့ခင်းတွေကို ချစ်ခင်နှစ်သက် တန်ဖိုးထားတတ်လို့ ကိုညီလင်းသစ် ဖန်တီးတဲ့ အနုပညာကို ပွင့်ပွင့်လင်းလင်းနဲ့ အပြည့်အဝ ခံစားသွားပါတယ်။

အခုလို ဝေမျှလို့ ကျေးဇူးတင်ပါတယ်ရှင်။

ခင်မင်လေးစားစွာ

နန္ဒာ

မေငြိမ်း said...

ပင်ပန်းရကျိုးတော့ နပ်တယ်ထင်ပါတယ်.. ညီလင်းရေ..။ အစ်မလည်း အောက်ဆုံးက ပုံကို သဘောအကျဆုံး။ ယူပုံက အနုပညာဆန်တယ်။ ၃ပုံလုံးကတော့ တကယ့် အနှစ်တွေချည်းပါပဲ။ အေးချမ်းငြိမ်သက်တာက Theme လို တွေ့တယ်။
ဖြန့်ဝေတဲ့အတွက် ကျေးဇူးပါ။

Phyo Evergreen said...

ဒုတိယပုံလေးကိုကြည့်ရင်း လွမ်းသလို အထီးကျန်ဆန်သလိုခံစားရတယ်..။ အစ်ကိုရေးထားတာကြောင့်လဲပါမယ်..။

တတိယပုံကိုကြိုက်ပေမယ့် အထီးတည်းနေတဲ့သစ်ခြောက်ပင်လေးကိုပဲ သနားမိနေတယ်..း)

တောင်တွေနှင်းတွေနဲ့ ရွာကလေးဟာသိပ်ချစ်စရာကောင်းတယ်..။ မအိပ်ခင်လာဖတ်မိတာ ကံကောင်းတယ်... ညကျအိပ်မက်လှလှမက်နေတော့မှာသေချာတယ်..။

မောင်မျိုး said...

ရေခဲပြင် ဖွေးဖွေး
ညမှောင်မှောင်နဲ့ ပြီးတော့ တိုက်ခန်းတွေကြားက တိုးထွက်လာတဲ့ အလင်းရောင် အရမ်းလှတယ် အစ်ကို ဓာတ်ပုံ အကြောင်းနားမလည်တဲ့ ကျနော် ခု အစ်ကိုရိုက်တဲ့ ပုံလေးတွေကြည့်ပြီး ခဏခဏ ကို လာလာကြည့်နေမိတယ် ကျေးဇူးပါ ။

လပြည့်ရိပ် said...

ပထမပုံ ကို ပိုသဘောကျမိတယ်။ နှင်းပြင်ရဲ့ အဆုံးသတ်လိုင်းနဲ့ ရွာလေးတည်နေတဲ့ တောင်ကုန်းမြင့်မြင့်ရယ်၊ ကောင်းကင်ရယ်က ထက်ဝက်နီးပါးအချိုးကျနေလို့။ နောက်ပြီး horizontal တွေချည်းဖြစ်နေတဲ့ view ရဲ့ အနားသတ်မှာ vertical သစ်ပင်က dominance ဖြစ်နေသလိုပဲ။ ဒုတိယပုံမှာက နှင်းပြင်ရဲ့ အချိုးက ပိုများသွားတယ် ထင်တယ်။ မီးတွေနဲ့လင်းလက်နေတဲ့ ရွာလေးရဲ့ အလှက တပိုင်းတစဖြစ်နေသလိုပဲ။ ရွာလေးကို ပိုအသားပေးလိုက်ရင် နှင်းတောင်တွေရဲ့ အလှက view ထဲမှာ ဝေးသွားမလားပဲ။ တတိယပုံကတော့ နဲနဲ အချိန်စောလိုက်ရင် ပိုပီပြင်သွားမယ်ထင်တယ်။ အိမ်လေးတွေရဲ့ 3 Dimension ပိုပေါ်သွားမလားလို့။ မြင်သလောက်ဝေဖန်ကြည့်မိတာပါ။ အားပေးလျှက်...

Vista said...

လှလွန်းလို့ အသက်ရှုမှားသွားတယ်

စူးနွယ်လေး said...

မဝေဖန်တတ်ဘူး ဓါတ်ပုံတွေအားလုံးလှတယ်

Nyi Linn Thit said...

Nyi ...
ဟုတ်ပဗျာ၊ အင်း..မိုးတွင်း ဘီလူးချောင်း ရေပြည့်တုန်း မို့ ထင်ပါရဲ့ဗျာ..၊း)

မ mie nge ...
စိတ်မကောင်းပါဘူးဗျာ၊ နောက်ဆို ခေါင်းစဉ်အောက်မှာ
'သတိ နေကာမျက်မှန် တပ်၍ကြည့်ရန်' လို့ ထည့်ရမယ် ထင်တယ်..၊ :D

နန္ဒာ ...
Wow..တကယ့် အသေးစိတ် ပါပဲလား၊ နဲနဲတောင် မြောက်ချင်ချင် ဖြစ်သွားတယ်..၊ ကျေးဇူးနော်..၊ :)

ဟုတ်ကဲ့ အမမေငြိမ်း ...
ငြိမ်လည်း ငြိမ်သက်သလို အေးလွန်းလို့လည်း ချမ်းခဲ့ရ တယ်ခင်ဗျ၊ မေးတောင် တဂတ်ဂတ် ရိုက်လို့...၊ :)

ကိုဖြိုး ...
ကျနော်လည်း အဲဒီ ဒုတိယပုံကို ကြိုက်တယ်၊ နောက်ဆို ပုံတွေကို ဆင်ဆင်ခြင်ခြင် တင်မှ၊ အိပ်မက်ဆိုးတွေ မက်နေရင် ကျနော့်အပြစ် ဖြစ်နေဦးမယ်...အဟဲ၊

မောင်မျိုးရေ ...
ကျေးဇူး တင်ပါတယ်ဗျာ....၊

လပြည့်ရိပ် ...
သေသေချာချာကို မှတ်ချက်ပေးသွားလို့ ကျေးဇူးတင် ပါတယ်၊ ပထမပုံမှာ ကျနော်မကြိုက်တာက သစ်ပင်ရဲ့ ဘယ်ဖက်က ရွာအဝင် ဆိုင်းဘုတ်ပါ၊ ဒီမှာ သိပ်မသိသာ ပေမယ့် ပုံအကြီးမှာဆိုရင် မီးအရမ်းလင်းတယ်၊ သူ့တစ်ခုတည်းက ကျန်တဲ့မီးပွင့်လေးတွေကို လွှမ်းမိုးလွန်း တယ်၊ သစ်ပင်ကလည်း ကောက်ကြောင်းတစ်ခုလုံး မပေါ်လိုက်ဘူး၊ ဒုတိယပုံမှာတော့ နှင်းပြင်က subject မို့ တမင် အများကြီး ယူတာပါ၊ ရွာက သူ့ကို အားဖြည့်ဖို့ ပါ၊ နှင်းတောထဲက ရွာပိစိလေး ပေါ့လေ...၊ တတိယပုံ ကတော့ composition ကို ကျနော်ကြိုက်ပေမယ့် tone မမှန်လို့ နှမြောစရာ ဖြစ်သွားတယ်၊ ဖြစ်ပုံက ကျနော် ရိုက်ခါနီးမှ ဘယ်ဖက်မှာ ကပ်နေတဲ့အိမ်က အိမ်အပြင်မီး ဖွင့်လိုက်တယ်၊ ဒါ့ကြောင့် ပုံမှာကြည့်ရင် အရှေ့ဖက်က နှင်းတွေက ဖြူရမယ့်အစား tungsten မီးရောင်ထွက်နေ တာပေါ့၊

Vista ...
အဲဒီလောက်တောင် ပဲလားဗျာ...၊ :)

(မ)စူးနွယ်လေး ...
လှတယ်လို့ ဆိုတာလည်း ဝေဖန်တဲ့ မှတ်ချက်ပဲလေ ... နော့၊ လာကြည့်လို့ ကျေးဇူးတင်ပါတယ်...။

သက်ဝေ said...

ကိုညီလင်းကသာ Angle ယူတာ အများကြီးလိုသွားတယ် ပြောနေ...
ပုံတွေက လှလွန်းလို့ ဘာပြောရမှန်းတောင် မသိ အကြာကြီး အကြာကြီး ကြည့်သွားပါ၏...

Nyi Linn Thit said...

အမသက်ဝေ ...
အင်း... ဒီလို ကြံဖန်ချီးမွမ်းတော့လည်း ကျေးဇူးအများ ကြီးတင်ပါတယ်လို့ ဆိုရမှာပေါ့လေ...၊း)

TZA said...

လှတယ်ဗျို့၊ ဒါပေမဲ့ ပထမပုံနဲ့ ဒုတိယပုံရဲ့ အပြာရောင်တွေကို သိပ်မကြိုက်ဘူး။ google earth ရဲ့ kml နဲ့ဖြစ်ဖြစ် ဓာတ်ပုံရိုက်တဲ့နေရာကို ဖော်ပြပေးရင် သိပ်ကောင်းမှာ.. (ထီပေါက်ရင် သွားလို့ရတာပေါ့လေ :p)

လင်းလက်ကြယ်စင် said...

မြို့ကလေးက ချစ်စရာလေး .. ။ ဓာတ်ပုံလေးတွေကတော့ ပြောစရာမလိုအောင် အမြဲလှ :)

Anonymous said...

အောက်ဆုံးပုံကြိုက်တယ်...