27 January 2011

ချစ်သူအတွက် မရည်ရွယ်သော...စိန်


တနေ့ ညနေက ဆင်န်မနာ (Seminar) တစ်ခု သွားဖြစ်တယ်၊ ဆင်န်မနာဆိုတာထက် ပါမောက္ခ တစ်ယောက်ရဲ့ မိတ်ဆက်လက်ချာ (Inaugural lecture) ဆိုရင် ပိုမှန်ပါတယ်၊ အမှန်အတိုင်း ပြောရရင် အဲဒီလက်ချာကို တက်ဖို့ ကျနော် စိတ်မပါ,ပါဘူး၊ တစ်အချက်က အလုပ်တွေ ထားခဲ့ပြီး သွားရမှာရယ်၊ နှစ် အချက်က ကိုယ်နဲ့ သိပ်မဆိုင်တာရယ် ကြောင့်ပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ ရက်လောက် ကတည်းက ကျနော်တို့ ဌာနရဲ့ ဌာနမှူးက အားလုံးကို နှစ်ရက်တစ်ကြိမ်လောက် မေးလ်ပို့ပြီး ဒီပွဲကို လာဖြစ်အောင် လာကြဖို့ နှိုးဆော်နေတာနဲ့ ကျနော်လည်း အများနည်းတူ သွားလိုက်ရတယ်၊ ဌာနမှူးက အတင်းတက်ခိုင်း နေတာလည်း အကြောင်းရှိတယ်၊ အဲဒီ ပါမောက္ခက အခြားမြို့ တစ်မြို့မှာရှိတဲ့ ရေအရင်းအမြစ်ဌာနရဲ့ အရေးပါတဲ့ အကြီးအကဲ တစ်ယောက်ပါ၊ ကျနော်တို့ ဌာနနဲ့ အဲဒီဌာနတို့ ပူးပေါင်းသုတေသန လုပ်ဖို့ လျာထားတဲ့ ပရောဂျက်တွေ အများကြီး ရှိပါတယ်၊ အခု ဒီလက်ချာဟာ အဲဒီပရောဂျက်တွေ အားလုံးရဲ့ အစ နိဒါန်းလည်း ဖြစ်ပါတယ်၊ ဒါ့ကြောင့် သူက ဆင်န်မနာကို အားလုံးတက်ပြီး စည်စည်ကားကားလေးနဲ့ အဲဒီ ပါမောက္ခကို ကြိုဆိုစေချင်တာပါ၊

လက်ချာက ညနေ ၅ နာရီ ၁၅ တိတိမှာ စ,တယ်၊ ဟောပြောတဲ့ ပါမောက္ခက Ms. Janet Hering တဲ့၊ သူက ခေသူတော့ မဟုတ်ဘူး၊ ကောနဲလ်တက္ကသိုလ်ကနေ B.Sc ယူ၊ ဟားဗတ်ကနေ M.Sc ယူပြီး အမ်အိုင်တီမှာ Ph.D ယူလာ ခဲ့သူပါ၊ မိတ်ဆက်ပေးတဲ့ ကျနော်တို့ ဌာနမှူးက မစ္စဂျဲနက်ရဲ့ လုပ်သက်နဲ့ ပညာရေးအကြောင်း ပြောပြလို့ သိရတာပါ၊ ပြီးတဲ့အခါ လက်ချာ စ,ပါတယ်၊ မိတ်ဆက်လက်ချာတို့ ထုံးစံအတိုင်း ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ အသေးစိတ် အကြောင်းအရာတွေ၊ စာရင်းအင်းတွေ သိပ်မပါဘဲ လူအများ နားလည်နိုင်မယ့် ခေါင်းစဉ်မျိုးတွေ ရွေးပြောကြတာပါပဲ၊ ဒီလိုပွဲတွေရဲ့ အဓိက ရည်ရွယ်ချက်က ပါမောက္ခကို လူတွေ သိသွားစေဖို့ပဲလေ၊ ပွဲပြီးတော့ ဝိုင်လေး တစ်ခွက်၊ နှစ်ခွက်သောက်၊ ဟိုဟာဒီဟာလေး စား၊ ဟိုလူနဲ့ စကားတစ်ခွန်းပြော၊ ဒီလူနဲ့ စကားတစ်ခွန်းပြောနဲ့ ပြန်လာကြတာ များပါတယ်၊

မစ္စဂျဲနက်ရဲ့ လက်ချာက ရေရဲ့ ကွာလတီ အကြောင်းပါ၊ ရေအရင်းအမြစ် ဌာနကဆိုတော့ ဒါပဲ ဖြစ်ရမှာပေါ့၊ အရင်တုန်းက လူတွေက ၇၀ ပြည့်လွန် နှစ်တွေအထိ မြစ်ချောင်း၊ အင်းအိုင်တွေက ရေကိုပဲ အဓိကထား သောက်သုံး ကြတဲ့အကြောင်း၊ နောက်ပိုင်းမှာ လူဦးရေကတိုး၊ လေထု၊ ရေထု ညစ်ညမ်းမှုတွေက များလာ တော့ အဝီစိတွင်း၊ ရေတွင်း စတာတွေကတဆင့် မြေအောက်ရေကို သုံးလာကြတဲ့ အကြောင်း၊ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော်များများက မြေအောက်ရေဟာ သန့်ရှင်းပြီး ညစ်ညမ်းမှု မရှိဘူးလို့ ထင်နေခဲ့ကြတဲ့ အကြောင်း၊ သိပ်မကြာသေးခင်ကမှ ဒီရေမှာလည်း ညစ်ညမ်းမှုတွေ စနေပြီလို့ သတိပြုမိ သွားတဲ့အကြောင်းတွေ ပြောသွားတယ်၊ အဲဒီမှာမှ မြေအောက်ရေထဲက "စိန်" အကြောင်း ပြောပါတယ်၊ ခေါင်းစဉ် မှာပါတဲ့ ချစ်သူအတွက် မဟုတ်သော စိန်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစိန်က "diamond" မဟုတ်ဘဲ အာဆင်န်းနစ် (Arsenic) စိန်ဒြပ်စင် အဆိပ် ဖြစ်နေလို့ပါပဲ၊

ဒီ စိန် အာဆင်န်းနစ်က မြေဆွေးတွေကြောင့် မြေအောက်ရေကြောတွေ ထဲမှာ သဘာဝအလျောက် ရှိနေ တတ်ပါတယ်၊ ပါဝင်နှုန်း အနည်းနဲ့ အများပဲ ကွာပါတယ်၊ ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ အရှေ့တောင်အာရှ က အာဆင်န်းနစ် ပါဝင်နှုန်း မြင့်တဲ့ ဒေသတစ်ခုပါ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒီပြဿနာကို အရင်ဆုံး ကြုံတွေ့၊ ခံစား လိုက်ရပါတယ်၊ ၇၀ နဲ့ ၈၀ ပြည့်လွန် ကာလတွေမှာ သူ့နိုင်ငံသားတွေ ကန်ရေ၊ ချောင်းရေတွေထဲက ဘက်တီးရီးယား ပိုးတွေကြောင့် ဒုက္ခရောက်ကြတော့ ဘင်္ဂလားဒေ့ရှ် အစိုးရက တုံကင်တွေကို စီမံကိန်းနဲ့ တူးပေးပါတယ်၊ အားလုံး ဝမ်းသာကြတယ်၊ ဒါပေမယ့် အာဆင်န်းနစ်ကို ဘယ်သူမှ မစစ်ခဲ့ကြဘူး၊ အင်ဆင်န်းနစ်ဟာ ကင်ဆာရောဂါ၊ အရေပြားရောဂါ၊ အစရှိတဲ့ ရောဂါပေါင်းစုံကို ဖြစ်စေနိုင်ပါတယ်၊ အခု ဗီယက်နမ်မှာလည်း သောက်ရေတွေထဲမှာ အာဆင်န်းနစ် ပါဝင်နှုန်း မြင့်တဲ့အကြောင်းတွေ ကြားရတယ်၊ ထိုင်းတောင်ပိုင်းနဲ့ ဘန်ကောက် ကျောက်ဖုရား မြစ်ထဲမှာလည်း အာဆင်န်းနစ် ပါဝင်နှုန်း မြင့်တယ်လို့ ပြော ကြပါတယ်၊ ဒါပေမယ့် လူတွေက ရေသန့်ဘူး အသောက်များလို့ ပြဿနာတော့ သိပ်မရှိဘူးလို့ သိရတယ်၊

မစ္စဂျဲနက် ပြသွားတဲ့ ဆလိုက်တွေထဲမှာ မြန်မာနိုင်ငံ မြေပုံလည်း တွေ့လိုက်ရတယ်၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်တော့ စိုးရိမ်ရတဲ့ အနေအထား မရှိပါဘူး၊ တပြည်လုံးမှာ အာဆင်န်းနစ် ပါဝင်နှုန်း အများဆုံး ဒေသက မြစ်ဝကျွန်းပေါ်ပါပဲ၊ ဒါပေမယ့် ကျနော် အမှတ်မမှားဘူးဆိုရင် ပါဝင်နှုန်းက ၁၀ မိုက်ခရိုဂရမ်/လီတာ (10 µg/L) အောက်မှာပဲ ရှိပါတယ်၊ ဒါက W.H.O ကသတ်မှတ်ထားတဲ့ စံနှုန်းပါ၊ အလွယ်မှတ်မယ်ဆိုရင် ရေ ၁ လီတာ ထဲက ၁၀ မိုက်ခရိုဂရမ် ဆိုတာ အိုလံပစ် ရေကူးကန်ကြီးထဲက သကြားခဲ ၁၀ ခဲပါပဲ၊ ၃,၇၅၀,၀၀၀ လီတာ ရေထုကြီးထဲက သကြားခဲလေး ၁၀ ခဲက ဘာမှ မဟုတ်သယောင် ထင်ရပေမယ့် အဲဒီ ပမာဏထက် ကျော်လာရင်တော့ လူအတွက် အန္တရာယ် ရှိနိုင်တယ် ဆိုတဲ့ သဘောပါပဲ၊

တဆက်တည်း ကျနော် စဉ်းစားမိတာက မြန်မာနိုင်ငံက ရေအရင်းအမြစ် ဌာနအနေနဲ့ ဘယ်လိုမျိုး စစ်တမ်း တွေကောက်ပြီး ဘယ်လို အစီအမံတွေနဲ့ မြစ်တွေ၊ ချောင်းတွေ၊ မြေအောက်ရေတွေကို စစ်ဆေးနေသလဲ ဆိုတာကိုပါ၊ ကျနော်ဖတ်တဲ့ သတင်းတွေထဲမှာတော့ သိပ်မတွေ့ဖူး ပါဘူး၊ ဒါပေမယ့် ကျနော်ကသာ အသိ အမြင် မနှံ့စပ်တာဖြစ်ပြီး သူတို့ကတော့ တကယ်ပဲ စစ်ဆေး၊ စောင့်ကြည့်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကျနော် မြန်မာပြည် တစ်ခေါက်ပြန်တုန်းကတော့ အပြန်မှာ ရေနမူနာတချို့ ပြန်သယ်လာခဲ့သေးတယ်၊ ကျနော့်အိမ်ကရယ်၊ ဧရာဝတီမြစ်ကရယ်၊ အင်းလေးကန်ကရယ်...၊ ဒါပေမယ့် အဲဒီတုန်းက ကျနော်က ကျောင်းတက်တုန်းပဲ ဆိုတော့ အာဆင်န်းနစ်ကို ဘယ်လို ဓါတ်ခွဲရမယ် ဆိုတာ မသိသေးတာနဲ့ သာမန် ရေ အရည်အသွေး စစ်တာလောက်ပဲ လုပ်နိုင်ခဲ့တယ်၊ အာဆင်န်းနစ် ဘယ်လောက် ပါသလဲ ဆိုတာ တထိုင်တည်း စမ်းသပ်လို့ရတဲ့ ကိရိယာတွေ ရှိပါတယ်၊ ဒါပေမယ့် အဲဒါတွေနဲ့ အိမ်ပြန်သွား ရင် အိမ်မရောက်ဘဲ တခြားနေရာ ရောက်ဖို့ ပိုများတယ်၊ :)

မစ္စဂျဲနက်ရဲ့ လက်ချာမှာ သုံးထားတဲ့ ကိုးကားစာတမ်းတွေက မြန်မာနိုင်ငံရဲ့ အာဆင်န်းနစ် ပါဝင်နှုန်းကို ဘယ်လိုလုပ် ရှာထားသလဲတော့ ကျနော်မသိပါဘူး၊ သုတေသန ဂျာနယ်တို့၊ ဘာတို့မှာများ စာတမ်းရေး ထားတာမျိုး ရှိမလား မသိဘူး၊ ကျနော်ကတော့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အဲဒီ အချက်အလက်တွေ မှန်ပါ စေလို့ပဲ ဆုတောင်းပါတယ်၊ အခုခေတ်မှာက အာဆင်န်းနစ် လိုမျိုး လူကို ဒုက္ခပေးမယ့် အရာတွေ အများကြီး အစားအသောက်တွေ ထဲမှာ၊ ရေတွေထဲမှာ ပါဝင်နေပါတယ်၊ လက်ဖက်လေး တရိုးလောက် ကိုက်မယ့် အရေး အော်ရာမင်း (Auramine) ဆိုးဆေးဝါ ပါနေရတာနဲ့၊ အကြော်လေးနဲ့ ထမင်းစားမလို့ပြင်တော့ ဆီအိုးထဲ ရေသန့်ဘူးတွေ ထည့် ကြော်လိုကြော်၊ ကဲ, ဘာမှ မရှိလို့ ငါးပိနဲ့ပဲ ထမင်းစားမယ် ဆိုမှ ရိုဒါမင်း (Rhodamine) ဆိုးဆေးနီ ဆိုးထား ရတာနဲ့...၊ ရေသောက် ဗိုက်မှောက်နေတော့မယ် ဆိုရင်တောင်မှ ဟော, အခုလည်း အာဆင်န်းနစ် စိန်တဲ့၊ မြန်မာလူမျိုးတွေက ပစ္စည်းဥစ္စာ ချို့ငဲ့ ကြပေမယ့် သူတို့ကို အဲဒီစိန်တော့ မပိုင်ဆိုင်စေချင် ပါဘူး...။ ။

Ref: http://en.wikipedia.org/wiki/Arsenic


ညီလင်းသစ်
၂၇ ဇန်နဝါရီ၊ ၂၀၁၁

8 comments:

Nyi said...

ရေထဲမှာပါဝင်လာမယ့်အဆိပ်တွေရော
ခမ်းခြောက်ပျောက်ဆုံးတော့မယ့် မြစ်ချောင်းတွေရော
အရာအားလုံးကို ငေးမောနေရုံကလွဲပြီး..........

သိင်္ဂါကျော် said...

အာဆင်းနစ်တော့ မသိဘူး.. ခုလောလောဆယ် နေတဲ့ နေရာမှာ ထုံးဓါတ် ပါဝင်နှုန်း အတော်များတဲ့ ရေတွေကို သုံးစွဲနေရတာ.. ကြာရင် ဘာဖြစ်မယ် မသိ..

ချော(အစိမ်းရောင်လွင်ပြင်) said...

တောင်ပေါ်ဒေသမှာတော့ ထုံးဓာတ်များတဲ့ရေတွေကြောင့် လူတိုင်း ကျောက်တည်တဲ့ အန္တရာယ်နဲ့ ကြုံရတယ်.. ကျွန်မဇာတိက တောင်ပေါ်ဆိုတော့ မလွဲမသွေ ကြုံရတဲ့ အဖြစ်တစ်ခုလို ဖြစ်နေတယ်.. လူတိုင်းပိုက်ဆံ မရှိတောင် ကျောက်တော့ ရှိနေတယ်..
ဒီဘလော့ကို ခုမှ ရောက်ဖူးတာ ဒါပေမဲ့ စာတွေရေးထားတာ သဘောကျတယ်.. လင့်ယူသွားပါတယ်..

အိမ့်ချမ်းမြေ့ said...

မလေး စာလာဖတ်သွားပါတယ်။
ဒီပိုစ်တွက်လည်း ကျေးဇူးတင်ပါတယ်။

Phyo Evergreen said...

အဲဒီစိန်ကလည်း အန္တရာယ်ကြီးပါလား...။ သူကလူ့ကိုယ်ထဲမှာ နည်းနည်းစီစုပြီး ကြာလာမှဒုက္ခပေးတယ်ဆိုလားပဲ...။ ရေထဲကအာဆင်းနစ်ကို သန့်စင်ထုတ်လိုက်လို့ရလား... ။

Nyi Linn Thit said...

Nyi ...
ဟုတ်တယ်ဗျာ၊ တခါတခါကျတော့လည်း အဲဒီလိုပဲ မောမောပန်းပန်းနဲ့ ထိုင်နေချင်စိတ်တွေ ပေါက်ရတယ်၊

မသိင်္ဂါကျော် ...
ထုံးဓါတ်များရင်တော့ ကျောက်ကပ်အတွက် သိပ်မကောင်းလှဘူး ထင်တယ်၊ သူကပဲ အားလုံးကို ဒိုင်ခံ စစ်ပေးနေရတော့..၊

မချော ...
ထုံးဓါတ်ကို လျှော့ချဖို့ ရေကို ကျိုပြီးသောက်ရင်ကော နဲနဲများ ပိုသက်သာမလားလို့ စဉ်းစားမိတယ်၊ လာလည်တာ ကျေးဇူးတင်ပါတယ်ဗျာ..၊

မလေး ...
စာလာဖတ်တာ ကျေးဇူးပဲနော်၊ ကျနော်လည်း မလေးဆီကို မကြာခဏ ရောက်ဖြစ်ပါတယ်၊

ကိုဖြိုး ...
ဟုတ်ပါတယ်၊ သူက ရုတ်တရက်ကြီး ဘာမှ ထ,မဖြစ်ပါ ဘူး၊ တဖြည်းဖြည်းနဲ့ ကြာလာမှ အန္တရာယ်က တိုးလာတာ၊ ရေထဲက အာဆင်န်းနစ်ကို ဖယ်ထုတ်တဲ့ နည်းတွေ တော်တော်များများ ရှိပါတယ်၊ အများဆုံး သုံးတဲ့နည်းက Coagulation/Precipitation method ပါ၊ ရေထဲမှာ ပျော်ဝင်နေတဲ့ အာဆင်းနစ် (+3) ကို Iron, Aluminium, Potassium Permangenate စတာတွေ နဲ့ oxidize လုပ်ပြီး မပျော်ဝင်နိုင်တဲ့ အခြေ (+5) ရောက်အောက် လုပ်ယူတယ်၊ ပြီးမှ အနည်ကျလာတဲ့ အာဆင်းနစ်ကို စစ်ယူတဲ့ နည်းပါပဲ၊

PAUK said...

ကျနော်တို့မြို့မှာတော့ ထိုးဘို ဆိုတဲ့ရပ်ကွက်တောင်ရှိတယ်။
အိမ်မှာ ငယ်ကတည်းက ရေကြိုသောက်တဲ့အလေ့ရှိတယ်။
အခုတော့ အိမ်ကရေသန့်သောက်ဖြစ်တယ်။
အပေါ်ကပြောကြသလို ဆွေမျိုးမိတ်ဆွေတွေထဲမှာ ကျောက်တည်သူများတယ်.။

Nyi Linn Thit said...

ပေါက် ...
အင်း..အဲဒီလို ရေကိုကြိုသောက် နိုင်ရင်တော့လည်း အကောင်းဆုံးပေါ့ဗျာ..။