16 March 2014

ဦးဖိုးကျား၊ မယ်ဒုက္ခနှင့် ၁၂ နှစ်သား အပ်ကလေးတစ်ချောင်း


မနေ့က မြို့ထဲကိုသွားပြီး ဈေးဆိုင်တွေမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ဖြစ်ပါတယ်၊ မြို့ထဲဖက်ကို မရောက်ဖြစ်တာက လနဲ့ချီပြီး ကြာနေတာက တစ်ကြောင်း၊ ရာသီဥတုက သာသာယာယာနဲ့ ခြေခင်းလက်ခင်း သာတာက တစ်ကြောင်း၊ အသုံးတည့်တာလေးဘာလေး တွေ့ရင်လည်း ဝယ်ရတာပေါ့လေ ဆိုပြီး window shopping လုပ်ချင်တာက တစ်ကြောင်း ဆိုပြီး ထွက်လာခဲ့တယ်၊ ဒီလိုနဲ့ Shopping mall ကြီးတစ်ခုထဲမှာ နေကာမျက်မှန်တွေ အများကြီး ခင်းကျင်းရောင်းချနေတာ သွားတွေ့ရော…၊ အဲဒီတော့မှ ကျနော့်မှာ နေကာမျက်မှန်တစ်လက် လိုအပ်နေတာ သွားသတိရမိတယ်၊ အရင် ကျနော်တပ်နေကျ မျက်မှန်က ညီအစ်မ ၂ ယောက်ကြောင့် ပွန်းပဲ့ပျက်စီးသွားခဲ့လို့ မျက်မှန်ကောင်းကောင်း မရှိဘဲ ဖြစ်နေခဲ့တာ၊ အဲဒီညီအစ်မကလည်း နှယ်နှယ်ရရ မဟုတ်ဘဲ ပုဂံက နာမည်ကြီးတွေပေါ့…၊ တခြားတော့ မဟုတ်ပါဘူး၊ ဓမ္မရံကြီး ဘုရားရဲ့ တောင်ဖက်မှာ ကပ်ရပ်ရှိတဲ့ ဂူနီညီအစ်မပါ၊ ပုဂံသားတွေက ဂူနီညီအစ်မလို့ ခေါ်တဲ့ အဲဒီဘုရားနှစ်ဆူကို ပြီးခဲ့တဲ့တစ်ခေါက် ပုဂံကိုသွားတုန်းက ရောက်ခဲ့တယ်၊ မြောက်ဂူနီ ဘုရားပေါ်က လျှောက်လမ်းထောင့်တွေမှာ အပေါ်ကစေတီရံလေးတွေနဲ့ မုခ်ဦးပုံစံ ထောင့်ချိုးနိမ့်နိမ့်လေးတွေ ရှိပါတယ်၊ အဲဒီ မုခ်ဦးတစ်ခုအောက်ကို ဖြတ်အဝင်မှာ ကျနော့်ခေါင်းပေါ်မှာ တင်ထားတဲ့ မျက်မှန်က မျက်နှာကြက်အုတ်နံရံနဲ့ ပွတ်မိပြီး ပျက်စီးသွားခဲ့တာ ဆိုပါတော့…၊ အဲဒီကတည်းက မျက်မှန်တစ်လက်တော့ ကြုံရင်ဝယ်အုံးမှ ဆိုပြီး စဉ်းစားထားတာ အခုတော့ တံဆိပ်မျိုးစုံ၊ မျက်မှန်မျိုးစုံ ရောင်းနေတာနဲ့မှ တည့်တည့်တိုးမိပါလေရော…၊

ဒါနဲ့ မျက်မှန်တွေကို အလျင်းသင့်သလို ကြည့်နေတုန်း ကျနော့်နောက်ဖက်နားကနေ စကားသံတစ်ခုကို ကြားလိုက်ရတယ်၊ “သမီး… ဒီဦးထုပ်လေးဆို ဘယ်လိုနေမလဲ” တဲ့…၊ မြန်မာလို ပြောလိုက်တာ…၊ ဒီလောက် ပြင်သစ်စကားသံတွေ ဆူညံနေတဲ့ shopping mall ကြီးထဲမှာ အဲဒီမြန်မာစကားသံ တစ်ခွန်းက ကျနော့်နားထဲ တန်းတန်းမတ်မတ်ကို ဝင်လာခဲ့တယ်၊ ကမန်းကတန်း လှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ သားအမိနှစ်ယောက်ကို တွေ့လိုက်ရတယ်၊ အနီိးအနားမှာလည်း အာရှသူဆိုလို့ သူတို့နှစ်ယောက်ပဲ ရှိလေတော့ ခုန မြန်မာစကားပြောလိုက်တာ သူတို့ပဲလို့ ကျနော်အတပ် သိလိုက်တယ်၊ တိုက်ဆိုင်ပုံများတော့ မျက်မှန်တွေကြည့်နေတဲ့ မြန်မာတစ်ယောက်နဲ့ ဦးထုပ်တွေကြည့်နေတဲ့ မြန်မာသားအမိ နှစ်ယောက်…၊ ရှားရှားပါးပါး မြန်မာစကားသံ ကြားလိုက်ရတာဆိုတော့ လူမှုရေးတွေဘာတွေ ဂရုစိုက်မနေတော့ဘဲ သူတို့ကိုကျနော် လှည့်ကြည့်လှည့်ကြည့် လုပ်နေမိတယ်၊ ခဏကြာတော့ သူတို့နှစ်ယောက်အဲဒီနားက အခွာမှာ ကျနော့်ကို သတိထားမိသွားပုံ ရတယ်၊ တစ်ချက်နှစ်ချက် ပြန်ကြည့်ပြီး တခြားကို ထွက်သွားကြတယ်…၊

ဘာလုပ်ရင်ကောင်းမလဲလို့ ကျနော်စဉ်းစားကြည့်တယ်၊ ဒီအတိုင်းကြီး သွားနှုတ်ဆက်လိုက်ရမလား၊ 'အစ်မတို့က မြန်မာလူမျိုးတွေလား? ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ' ဆိုရင် ဘယ်လိုလုပ်မလဲ၊ လူဆိုတာ အမျိုးမျိုးရှိနိုင်တယ် မဟုတ်လား၊ မြန်မာတွေနဲ့ မသိချင်တဲ့ မြန်မာလူမျိုးတွေအကြောင်း ကျနော်ကြားဖူးတယ်၊ တစ်ခါမှ မသိဖူးတဲ့ သူတွေကို မြန်မာစကား ပြောတယ်ဆိုတာလေး တစ်ခုထဲနဲ့ အစိမ်းသက်သက် သွားနှုတ်ဆက်လိုက်ဖို့ သင့်တော်ရဲ့လား? တက္ကသိုလ်မှာ ဆိုရင်တော့ အဲဒီလိုမျိုး စကားလာပြောတဲ့ သူကို ကျောင်းသူတွေက 'ဟယ်… ဘလိုင်းကြီး လာရောနေတယ်တော့' ဆိုပြီး ဟားလွှတ်လိုက်မှာ အသေအချာပဲ…၊ အင်းလေ… အခုက တက္ကသိုလ်မှာမှ မဟုတ်တာ…၊ ကျနော် လျှောက်တွေးနေမိတယ်၊ မျက်မှန်တွေကိုလည်း ဆက်မကြည့်ဖြစ်တော့ဘဲ ခဏကြာတော့ လှည့်ထွက်လာလိုက်တယ်၊ အဲဒီမှာပဲ ခုနကတုန်းက သားအမိကို ခပ်လှမ်းလှမ်းက အိတ်တွေရောင်းတဲ့ စင်နားမှာ ထပ်တွေ့ရပြန်တယ်၊ ဒီတစ်ခါတော့ ရှည်ရှည်ဝေးဝေး ဆက်ပြီးတွေးမနေတော့ဘဲ သူတို့ရှိရာဆီ ကျနော်ဦးတည် လိုက်တယ်၊ အကယ်၍ အခြားမြန်မာ တစ်ယောက်က လာနှုတ်ဆက်တာကို မသိချင်လို့ လှည့်ထွက်သွားရင်လည်း ဘာဖြစ်လဲ၊ ဒါဟာ သူတို့အခွင့်အရေးပဲ မဟုတ်လား၊ ဆောရီးပါဗျာ ဆိုပြီး ကျနော်ပြန်လှည့်လာရုံ ပါပဲ၊

“ခုနတုန်းက မြန်မာစကား ပြောသံကြားလိုက်လို့ ကျနော်လာနှုတ်ဆက်တာပါ…”၊ အဲဒီစကား တစ်ခွန်းကို ကျနော်အေးအေးဆေးဆေးပဲ ပြောလိုက်တယ်၊ အဲဒီနောက်မှာတော့ အရာရာဟာ အဆင်ပြေချောမွေ့စွာနဲ့ သူ့အလိုလို စီးဆင်းသွားတော့တယ်၊ ခင်မင်ပြီး ဖော်ရွေတဲ့ မြန်မာလူမျိုး သားအမိနှစ်ယောက်နဲ့ shopping mall ကြီးရဲ့ အလယ်မှာ ကျနော် စကားတွေ ပြောဖြစ်ခဲ့တယ်၊ မြန်မာစကားသံ ကြားရလို့ အံ့သြသွားရတဲ့ အကြောင်း၊ ဒီနိုင်ငံလေးမှာ မြန်မာလူမျိုးတွေ အများကြီး မရှိတဲ့အကြောင်း၊ အခုလို မတော်တဆ ဆုံရတာကို ဝမ်းသာမိကြောင်း၊ ဒီကို ရောက်နေတာ ကြာပြီလား စသဖြင့်နဲ့ ထွေရာလေးပါး ပြောဖြစ်ကြတယ်၊ ကျနော် အံ့သြသွားရတဲ့ တစ်ချက်က စကားစ,ပြောလို့ သုံးလေးခွန်းလောက် အရောက်မှာပဲ သူတို့က ကျနော့်ကို 'ကိုညီလင်းသစ်လား' ဆိုပြီး မေးလိုက်တာကိုပါ၊ ကျနော်နဲ့သိတဲ့ မြန်မာမိတ်ဆွေ တစ်ချို့ကလွဲရင် ကျနော့်စာတွေကို ဖတ်သူတွေထဲမှာ ဒီနိုင်ငံထဲက မပါဘူးလို့ ကျနော်က တွေးထင်ထားတာကိုး…၊ ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးတွေနဲ့ မတော်တဆ ဆုံရတာ ဝမ်းသာရသလို သူတို့က ကျနော့်ဘလော့ဂ်ကိုပါ သိနေတယ်ဆိုတော့ ထပ်ဆင့်ဝမ်းမြောက်ရပါတယ်၊ လမ်းသွားရင်းနဲ့ တခြားမြန်မာတွေနဲ့ ဆုံတဲ့အကြောင်းကို ကျနော်က အခုလို တခုတ်တရ ရေးနေတော့ မလေးရှားတို့၊ စင်္ကာပူတို့၊ ဂျပန်တို့က လူတွေက ဒါများ အဆန်းလုပ်လို့ကွာ ဆိုပြီး ပြုံးချင်မလားပါပဲ၊ ကျနော့်အတွက်တော့ တကယ့်ကို အဆန်းပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ ကျနော်နေထိုင်တဲ့ ၁၂ နှစ်အတွင်းမှာ အသိမိတ်ဆွေလည်း မဟုတ်၊ ချိန်းထားတာလည်း မဟုတ်ဘဲ တခြားမြန်မာတွေကို အခုလို မတော်တဆဆုံဖြစ်တာ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်လို့ပါပဲ…၊

ညနေပိုင်းကျတော့ အိမ်မှာ သားကို ရေချိုးပေးဖို့ ပြင်တယ်၊ သူက ရေချိုးကြွေဇလုံထဲမှာ ဆော့ပြီး ရေချိုးနေတာကို စောင့်ပေးရင်း ကျနော်က အနားမှာရှိတဲ့ စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်တော့ ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုများ ဖြစ်နေတယ်၊ အဲဒီထဲမှာ 'မယ်ဒုက္ခ' ဆိုတဲ့ဝတ္ထုလေးကို ဖတ်ဖြစ်ပါတယ်၊ မယ်ဒုက္ခဆိုတာက အင်မတန်မှ ဆင်းရဲပြီး ကံခေလွန်းတဲ့ ရိုးရိုးအအ တောသူမလေး တစ်ယောက်အကြောင်းကို ဖွဲ့ထားတာပါ၊ အဲဒီတောသူမလေးက သူ့ရွာကိုပြန်ဖို့ ပိုက်ဆံလည်းကုန်၊ လမ်းလည်းပျောက် ဖြစ်နေတုန်း ဦးဖိုးကျားတို့နဲ့ တွေ့မိတယ်၊ စိတ်စေတနာကောင်းရှိပြီး လူတစ်ဖက်သားကို အမြဲကူညီတတ်တဲ့ အမျိုးသားပညာဝန်နဲ့ သူ့မိတ်ဆွေတွေက ကောင်မလေးကို အစားအသောက်တွေ ကျွေးမွေး၊ အဝတ်အစားတွေ ဆင်ပေးကြတယ်၊ မိတ်ဆွေတစ်ချို့က သူတို့အိမ်မှာ နေဖို့ခေါ်ပေမယ့် ရိုးသားတဲ့ တောသူမလေးက သူ့ရွာကိုပဲ ပြန်ချင်တယ်ဆိုတာနဲ့ နောက်တစ်နေ့မှာ ဦးဖိုးကျားတို့က ဘူတာရုံကိုလိုက်ပို့ပြီး ရထားပေါ် တင်ပေးလိုက်တဲ့အကြောင်း ဖွဲ့ထားတာပါ၊ ကိုယ်တွေ့ဝတ္ထုများရဲ့ ထုံးစံအတိုင်း အဆုံးမှာ morality ကို ရေးတဲ့အခါ “နောက်ဆုံး၌ တွေ့ကြုံကြ၊ ကွဲကြ၊ ကွေကွင်းကြရမည်တည်း၊ တရားနှင့် ဖြေရ၏” ဆိုတဲ့တစ်ချက်ကိုလည်း ထည့်ရေးထားတယ်၊ သံသရာတစ်ကြောက လောကခရီးသွားတွေ ဆိုတော့လည်း ဆုံတွေ့ကြ၊ ကွေကွင်းကြရတာ ဓမ္မတာပါ၊ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်မျိုးတွေနဲ့ ကြုံရတဲ့အခါ ကျနော်တို့ မြန်မာလူမျိုးတွေက လူ့ပြည်ကအပ်တစ်ချောင်းနဲ့ နတ်ပြည်ကအပ်တစ်ချောင်း ဆုံတဲ့အဖြစ်လို့ ဆိုလေ့ ရှိကြတယ် မဟုတ်လား၊ ခရီးသွားဟန်လွှဲ ခဏတာလေးပဲဆုံပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက် ကြတာဆိုပေမယ့် မြန်မာလူမျိုးနှစ်ယောက်နဲ့ အမှတ်မထင် ဆုံလိုက်ရတဲ့အဖြစ်ဟာ ကျနော့်အတွက်တော့ ၁၂ နှစ်ကြာမှ အပ်ကလေးတစ်ချောင်း ကောက်ရတဲ့အဖြစ်လို့ပဲ ဆိုချင်ပါတော့တယ်…။ ။


ညီလင်းသစ်
၁၆ မတ်၊ ၂၀၁၄

13 March 2014

ခြင်္သေ့လည်ပြန်...


မင်္ဂလာပါခင်ဗျာ…၊ ပြီးခဲ့တဲ့ ပို့စ်မှာ ကျနော်ရေးခဲ့သလိုပဲ ခြင်္သေ့ကျွန်းကလေးဆီကို ဒုတိယအကြိမ် သွားဖို့အကြောင်းက မရည်ရွယ်ပါဘဲနဲ့ ဖြစ်လာခဲ့ပါတယ်၊ ပထမတစ်ခေါက် သွားခဲ့တဲ့အချိန်ကနေ တွက်ရင် တစ်နှစ်ကျော်ကျော် အကြာမှာ အခု ဒုတိယ ခရီးစဉ်က ဖြစ်လာတာပါ၊ တိုတိုတုတ်တုတ် ပြောရရင်တော့ ပထမတစ်ခေါက်ခရီးစဉ်အတွက် ကျနော်ရေးခဲ့သလိုပဲ... ခြင်္သေ့ကျွန်းကလေးမှာ နေကြတဲ့ စာရေးသူ၊ စာဖတ်သူ၊ စာ ရေးလည်းမရေး ဖတ်လည်းမဖတ်သူ၊ ကျနော့်ကို သိသူ၊ ကျနော်က သိသူ၊ ကျနော့်ကိုလည်း မသိ၊ ကျနော်ကလည်း မသိသူ... ဘယ်သူနဲ့မဆို ဆုံဖို့ အသင့်ပါပဲ...၊

ဆိုတော့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁ ရက်နေ့အတွင်း ပင်နီဆူလာ ပလာဇာတဝိုက်မှာ Lowepro Vertex 200 AW ကင်မရာအိတ်ကြီိးကို ကျောပိုးပြီး ဟိုငေးဒီငေးနဲ့ လျှောက်နေတဲ့ ဂျင်းဘောင်းဘီဝတ် လူတစ်ယောက်ကို မတော်တဆများ တွေ့မိခဲ့ရင် လှမ်းသာခေါ်လိုက်ပါ၊ ကော်ဖီလေးတစ်ခွက်လောက် သောက်ရင်းဖြစ်ဖြစ်၊ ချဉ်ပေါင်ကြော်တစ်ပွဲလောက် မှာစားရင်းဖြစ်ဖြစ်... ခင်ခင်မင်မင် စကားစမြည် ပြောကြရအောင်လေ...။ ။


ညီလင်းသစ်
၁၃ မတ်၊ ၂၀၁၄

01 March 2014

ကျွန်းမှာချည်သောကြိုး


“စင်္ကာပူအဲလိုင်းက လျှော့ဈေးတွေချနေတာ တွေ့ပြီးပြီလား၊ ဇူးရစ်ကနေ စင်္ကာပူကို ဘယ်လောက်မှ မရှိဘူး”…၊

အိပ်ခန်းထဲမှ ထွက်လာသော မအိမ်သူ၏အသံကြောင့် ကွန်ပျူတာမျက်နှာပြင်မှာ စူးစိုက်ထားခဲ့သော အာရုံတို့က ပျံ့လွင့်သွားခဲ့သည်၊ ရုတ်တရက် လှမ်းပြောတာမို့ စင်္ကာပူလေကြောင်းနှင့် လျှော့ဈေး လို့တော့ ကြားလိုက်မိသည်၊ ကျန်တာက ဘာမှန်း မသဲကွဲလိုက်၊ ထို့ကြောင့် ဖတ်လက်စ ဆောင်းပါးမှ မျက်နှာကို အသာခွာကာ သေချာစေရန် လှမ်းမေးမိသည်၊

“စင်္ကာပူအဲလိုင်းလေ…၊ အခု သူတို့ ပရိုမိုးရှင်းကာလ အနေနဲ့ ခရီးစဉ်တစ်ချို့ကို ဈေးတွေလျှော့ပြီး ရောင်းနေတယ်၊ အဲဒီမှာ စင်္ကာပူလည်း ပါတယ်၊ ဒီကနေ စင်္ကာပူကို လက်မှတ်ခက နည်းနည်းလေးရယ်...”၊

ပုံမှန်ဈေး၏ ထက်ဝက်ခန့်သာ ရှိသောဈေးနှုန်းကို ကြားလိုက်ရတော့ တကယ်ပဲ အံ့သြသွားရသည်၊ လေကြောင်းလိုင်းတစ်ခု အနေဖြင့် အခုလောက်အထိ ဈေးချရောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးထင် မထားဖူးခဲ့…၊ အမြဲတမ်းလိုလို ထောင်ဂဏန်းအထက်မှာသာ ရှိတတ်သော လေယာဉ်ခကို ယခုလို အင်အားချိနဲ့သော ကိန်းဂဏန်းများအဖြစ် မြင်ရသည်က အမှန်ပဲ စိတ်ဝင်စားဖို့ ကောင်းပါသည်၊ စိတ်က ဖတ်လက်စ ဆောင်းပါးမှာ မရှိတော့…၊ ဒါသာအမှန်ဆိုရင်တော့ ကြားနေကျ မဟုတ်တဲ့ ဈေးပဲ…၊

“ဟုတ်ကော ဟုတ်ရဲ့လား၊ ဘယ်မှာ တွေ့တာလဲ…”

ယုံတစ်ဝက် မယုံတစ်ဝက်စိတ်ဖြင့် လှမ်းမေးမိသည်၊ ဘယ်ကနေဘယ်လိုများ သူမ ကြံကြံဖန်ဖန် တွေ့လာပြန်ပါလိမ့်…၊

“ဟုတ်တယ်…၊ အခုပဲ KrisFlyer သတင်းလွှာမှာ ပါလာတာ…၊ ဒီမှာ လာကြည့်ပါလား…”

ကွန်ပျူတာကို ဘေးမှာအသာချထားခဲ့လိုက်ပြီး အိပ်ခန်းဆီ လျှောက်သွားရင်း သူမ ကြည့်နေသည့် တက်ဘလက်မျက်နှာပြင်ကို ကြည့်လိုက်တော့ ဟုတ်သည်၊ အာရှမှ စင်္ကာပူ၊ ဘန်ကောက် အပါအဝင် ဥရောပမှ မြို့တစ်ချို့ကို ပြေးဆွဲမည့် ခရီးစဉ်များအား အထူးလျှော့ဈေးကာလ သတ်မှတ်ပြီး ပရိုမိုးရှင်း လုပ်နေသည့် သတင်းကို တွေ့ရသည်၊

“ဒီဈေးကတော့ တကယ့်ကို ကြုံတောင့်ကြုံခဲ သက်သာတဲ့ ဈေးပါလား၊ အတော့်ကို စိတ်ဝင်စားစရာပဲ…”

“အင်းလေ… အဲဒါ ပြောတာပေါ့၊ ဈေးက ဒီလောက်သက်သာနေတာ၊ ရှေရီ စင်္ကာပူကို ပြန်မသွားချင်ဘူးလား…?“

စင်္ကာပူ…၊ လွန်ခဲ့သည့် တစ်နှစ်က ရောက်ခဲ့ဖူးသော ကျွန်းကလေး…၊ ချစ်ခင်ရသော ရေးဖော်၊ ဖတ်ဖော် ညီအစ်ကို၊ မောင်နှမတစ်ချို့နှင့် ကိုယ်တိုင်ကိုယ်ကျ ဆုံခဲ့ဖူးရာ ကျွန်းကလေး…၊ ဒီကျွန်းကလေးဆီကို ပြန်လာဖို့ စိတ်ဆန္ဒ ရှိခဲ့ပေမယ့် ဘယ်အချိန်လောက် မှာဖြင့် နောက်တစ်ခေါက် ပြန်လာမယ်ဟု ကြိုတင်တွေးထားခြင်း မရှိတာ ဝန်ခံရပါမည်၊ အခုတော့ မအိမ်သူက မေးနေခဲ့ပြီ၊ ပြန်မသွားချင်ဘူးလား-တဲ့…၊

“အင်း ဟုတ်တော့ဟုတ်တယ်…၊ ဒီလောက်သက်သာတဲ့ ဈေးနှုန်းကို တွေ့ပြီးမှ ကိုယ်နဲ့မဆိုင်သလို လွှတ်ပေးလိုက်ရမယ်ဆိုရင်လည်း နှမြောစရာ…”

အခုလို ရုတ်တရက်ကြီး ဆိုင်းမဆင့်ဗုံမဆင့် ဆုံးဖြတ်ဖို့ဆိုသည်က သိပ်တော့မလွယ်…၊ ကိုယ့်ရဲ့ စိတ်ရင်းဆန္ဒရယ်၊ မိသားစုနဲ့တာဝန်တွေရယ် အကြားမှာ အဖြေက တိကျရေရာမှု မရှိလှ…၊

“တကယ်ပြောတာ…၊ ဒီလို ဈေးသက်သာတဲ့ အခွင့်အရေးက ရဖို့သိပ်မလွယ်ဘူး၊ ဆိုတော့ သွားချင်တယ်ဆိုရင် သွားသာသွား…၊ အိမ်အတွက်က ဘာမှပူစရာ မလိုပါဘူး…”

အတွေးတို့ မဆုံးခင်မှာပဲ မအိမ်သူက ထပ်ပြီးတိုက်တွန်းပြန်သည်၊ စိတ်ထဲက ဇဝေဇဝါဖြစ်မှုတို့က နေရောင်နွေးနွေးအောက်မှာ လွင့်ပါးကုန်သည့် မြူနှင်းတို့နှယ်…၊ မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်း ငြိမို့ သိပ်မကြာခင်မှာပဲ ဆုံးဖြတ်ချက်က ကျသွားခဲ့သည်၊ သူမ၏ နားလည်၊ စာနာမှုတို့ အတွက် ကျေးဇူးတင်မိပါသည်၊

တကယ့်ကို မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်ကိန်း…၊ ထိုသို့ဖြင့် တစ်နှစ်ကျော်ကျော်အကြာမှာ ခြင်္သေ့ကျွန်းကလေးပေါ်သို့ နောက်တစ်ကြိမ် ပြန်ရောက်ဖို့ ဖြစ်လာခဲ့လေတော့သည်၊


++++++++++++++++++++++++++++++++++++++++++++++++++++++++++++++


တစ်နှစ်ဆိုသည့် အချိန်က ပြောင်းလဲမည်ဆိုလျှင် အရာများစွာ ပြောင်းလဲဖို့အတွက် ကောင်းစွာလုံလောက်ပါသည်၊ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်နေသည့် မြန်မာနိုင်ငံနှင့်အတူ လိုက်ပါရွေ့မျောရင်း နိုင်ငံသား အချို့တို့၏ နေ့စဉ်ဘဝတို့လည်း ပြောင်းလဲခဲ့ရသည်၊ ဤသို့ဖြင့် ကျွန်းကလေးမှာ ဆုံတွေ့ခဲ့ဖူးသော အာဂန္တု ကွှန်းသူ၊ ကျွန်းသားတစ်ချို့ မရှိကြတော့…၊ တစ်ချို့က အိမ်ပြန်ကုန်ကြသလို တစ်ချို့ကတော့ အခြားနိုင်ငံတွေကို ရောက်သွားကြသည်၊ ဆုံခဲ့ဖူးသူ တစ်ချို့နှင့် မတွေ့နိုင်တော့သလို ခြင်္သေ့ကျွန်းကလေးမှာ တွေ့ကြုံရမည့် အနေအထားတို့ကလည်း အရင်တစ်ခေါက်ကနှင့် တူမည်မထင်ပါ၊ မနှစ်တုန်းက ကျွန်းကလေးပေါ် ရောက်တုန်းရောက်ခိုက်မှာ စာပေဟောပြောပွဲ ကျင်းပသည့်ရက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံခဲ့ရသေးသည်၊ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ နားထောင်ခွင့်ရသည့် ရှားရှားပါးပါး အခွင့်အရေး တစ်ခုမို့ များစွာ ကျေနပ်ဝမ်းမြောက်ခဲ့ရသည်၊ ယခုတစ်ကြိမ်မှာတော့ နတ်ပြည်မှ အပ်တစ်ချောင်းက လူ့ပြည်မှအပ်ကို ဆုံနိုင်တော့မည် မထင်…၊

ကျွန်းကလေးဆီ မရောက်ခင် ဆက်တိုက်ရွာနေခဲ့သော မိုးက ကျွန်းကလေးပေါ် ရောက်သည့်နေ့မှ စပြီး လုံးဝတိတ်သွားကာ သွားလာလည်ပတ်သမျှ နေရာတိုင်းက ခြောက်သွေ့၊ သာယာနေခဲ့သည့် အဖြစ်ကို ပြန်ပြီး သတိရမိသည့်အခါ ပြုံးမိသည်၊ ရာသီဥတုနှင့် ပတ်သက်ပြီး တစ်ကြိမ်ကံကောင်းဖူးလျှင် နောက်တစ်နှစ်မှာလည်း ဆက်ပြီး ကံကောင်းတတ်ပါသလား? ဒါလည်း သိပ်တော့ မသေချာပါ၊ အခုအချိန်မှာ တွေးကြည့်နေတာထက် နောက်တစ်လ အကြာမှာ ပြေးကြည့်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မည်၊ ခုံတစ်လုံးပေါ်မှာ ငြိမ်သက်စွာ ထိုင်ပြီး ပြန်ပြောင်းတွေးတောသည့် အခါကျတော့လည်း တစ်နှစ်ဆိုသည်က မနေ့တစ်နေ့ကအတိုင်း…၊ လူများ၊ လမ်းများ၊ ရနံ့များက ရစ်ဝဲဝေ့ပျံ့ကာ စိတ်အာရုံမှာ အစီအရီ ပေါ်လာကြသည်၊

တကယ်တော့ ပြောင်းလဲခြင်းတရားတို့ဖြင့် ရစ်ပတ်ရံခွထားသော လောကမို့ ကျွန်းကလေးဆီမှာ ကြုံရမည့် အပြောင်းအလဲတို့ကလည်း သဘာဝကျပါသည်၊ အခြေအနေ၊ အချိန်အခါတို့က တစ်နှစ်စာပိုပြီး အိုမင်းသွားသည့်တိုင် ချစ်ခင်လေးစားရသော စာရေးဖော်၊ စာဖတ်ဖော် မောင်နှမတစ်ချို့နှင့်တော့ဖြင့် နုပျိုလန်းဆန်းစွာ တွေ့နိုင်ကောင်းသည်ဟု အနည်းဆုံးတော့ မျှော်လင့်မိပါသည်၊ ကျွန်းကလေးကကော…? အရင်တစ်ခေါက်ကလိုပဲ နွေးထွေးဖော်ရွေစွာ ကြိုဆိုတတ်သည့် ကျွန်းကလေးအဖြစ် ရှိနေဆဲလား? ရောက်ဖူးနေသည့် ခရီးတစ်ခု ဖြစ်သည့်တိုင် သွားရတော့မည် ဆိုသည့်အခါ စိတ်လှုပ်ရှား၊ ပျော်ရွှင်ရတာက ဓမ္မတာပဲ ဖြစ်ပါလိမ့်မည်…။ ။


ညီလင်းသစ်
၁ မတ်၊ ၂၀၁၄