16 March 2014

ဦးဖိုးကျား၊ မယ်ဒုက္ခနှင့် ၁၂ နှစ်သား အပ်ကလေးတစ်ချောင်း


မနေ့က မြို့ထဲကိုသွားပြီး ဈေးဆိုင်တွေမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ဖြစ်ပါတယ်၊ မြို့ထဲဖက်ကို မရောက်ဖြစ်တာက လနဲ့ချီပြီး ကြာနေတာက တစ်ကြောင်း၊ ရာသီဥတုက သာသာယာယာနဲ့ ခြေခင်းလက်ခင်း သာတာက တစ်ကြောင်း၊ အသုံးတည့်တာလေးဘာလေး တွေ့ရင်လည်း ဝယ်ရတာပေါ့လေ ဆိုပြီး window shopping လုပ်ချင်တာက တစ်ကြောင်း ဆိုပြီး ထွက်လာခဲ့တယ်၊ ဒီလိုနဲ့ Shopping mall ကြီးတစ်ခုထဲမှာ နေကာမျက်မှန်တွေ အများကြီး ခင်းကျင်းရောင်းချနေတာ သွားတွေ့ရော…၊ အဲဒီတော့မှ ကျနော့်မှာ နေကာမျက်မှန်တစ်လက် လိုအပ်နေတာ သွားသတိရမိတယ်၊ အရင် ကျနော်တပ်နေကျ မျက်မှန်က ညီအစ်မ ၂ ယောက်ကြောင့် ပွန်းပဲ့ပျက်စီးသွားခဲ့လို့ မျက်မှန်ကောင်းကောင်း မရှိဘဲ ဖြစ်နေခဲ့တာ၊ အဲဒီညီအစ်မကလည်း နှယ်နှယ်ရရ မဟုတ်ဘဲ ပုဂံက နာမည်ကြီးတွေပေါ့…၊ တခြားတော့ မဟုတ်ပါဘူး၊ ဓမ္မရံကြီး ဘုရားရဲ့ တောင်ဖက်မှာ ကပ်ရပ်ရှိတဲ့ ဂူနီညီအစ်မပါ၊ ပုဂံသားတွေက ဂူနီညီအစ်မလို့ ခေါ်တဲ့ အဲဒီဘုရားနှစ်ဆူကို ပြီးခဲ့တဲ့တစ်ခေါက် ပုဂံကိုသွားတုန်းက ရောက်ခဲ့တယ်၊ မြောက်ဂူနီ ဘုရားပေါ်က လျှောက်လမ်းထောင့်တွေမှာ အပေါ်ကစေတီရံလေးတွေနဲ့ မုခ်ဦးပုံစံ ထောင့်ချိုးနိမ့်နိမ့်လေးတွေ ရှိပါတယ်၊ အဲဒီ မုခ်ဦးတစ်ခုအောက်ကို ဖြတ်အဝင်မှာ ကျနော့်ခေါင်းပေါ်မှာ တင်ထားတဲ့ မျက်မှန်က မျက်နှာကြက်အုတ်နံရံနဲ့ ပွတ်မိပြီး ပျက်စီးသွားခဲ့တာ ဆိုပါတော့…၊ အဲဒီကတည်းက မျက်မှန်တစ်လက်တော့ ကြုံရင်ဝယ်အုံးမှ ဆိုပြီး စဉ်းစားထားတာ အခုတော့ တံဆိပ်မျိုးစုံ၊ မျက်မှန်မျိုးစုံ ရောင်းနေတာနဲ့မှ တည့်တည့်တိုးမိပါလေရော…၊

ဒါနဲ့ မျက်မှန်တွေကို အလျင်းသင့်သလို ကြည့်နေတုန်း ကျနော့်နောက်ဖက်နားကနေ စကားသံတစ်ခုကို ကြားလိုက်ရတယ်၊ “သမီး… ဒီဦးထုပ်လေးဆို ဘယ်လိုနေမလဲ” တဲ့…၊ မြန်မာလို ပြောလိုက်တာ…၊ ဒီလောက် ပြင်သစ်စကားသံတွေ ဆူညံနေတဲ့ shopping mall ကြီးထဲမှာ အဲဒီမြန်မာစကားသံ တစ်ခွန်းက ကျနော့်နားထဲ တန်းတန်းမတ်မတ်ကို ဝင်လာခဲ့တယ်၊ ကမန်းကတန်း လှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ သားအမိနှစ်ယောက်ကို တွေ့လိုက်ရတယ်၊ အနီိးအနားမှာလည်း အာရှသူဆိုလို့ သူတို့နှစ်ယောက်ပဲ ရှိလေတော့ ခုန မြန်မာစကားပြောလိုက်တာ သူတို့ပဲလို့ ကျနော်အတပ် သိလိုက်တယ်၊ တိုက်ဆိုင်ပုံများတော့ မျက်မှန်တွေကြည့်နေတဲ့ မြန်မာတစ်ယောက်နဲ့ ဦးထုပ်တွေကြည့်နေတဲ့ မြန်မာသားအမိ နှစ်ယောက်…၊ ရှားရှားပါးပါး မြန်မာစကားသံ ကြားလိုက်ရတာဆိုတော့ လူမှုရေးတွေဘာတွေ ဂရုစိုက်မနေတော့ဘဲ သူတို့ကိုကျနော် လှည့်ကြည့်လှည့်ကြည့် လုပ်နေမိတယ်၊ ခဏကြာတော့ သူတို့နှစ်ယောက်အဲဒီနားက အခွာမှာ ကျနော့်ကို သတိထားမိသွားပုံ ရတယ်၊ တစ်ချက်နှစ်ချက် ပြန်ကြည့်ပြီး တခြားကို ထွက်သွားကြတယ်…၊

ဘာလုပ်ရင်ကောင်းမလဲလို့ ကျနော်စဉ်းစားကြည့်တယ်၊ ဒီအတိုင်းကြီး သွားနှုတ်ဆက်လိုက်ရမလား၊ 'အစ်မတို့က မြန်မာလူမျိုးတွေလား? ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ' ဆိုရင် ဘယ်လိုလုပ်မလဲ၊ လူဆိုတာ အမျိုးမျိုးရှိနိုင်တယ် မဟုတ်လား၊ မြန်မာတွေနဲ့ မသိချင်တဲ့ မြန်မာလူမျိုးတွေအကြောင်း ကျနော်ကြားဖူးတယ်၊ တစ်ခါမှ မသိဖူးတဲ့ သူတွေကို မြန်မာစကား ပြောတယ်ဆိုတာလေး တစ်ခုထဲနဲ့ အစိမ်းသက်သက် သွားနှုတ်ဆက်လိုက်ဖို့ သင့်တော်ရဲ့လား? တက္ကသိုလ်မှာ ဆိုရင်တော့ အဲဒီလိုမျိုး စကားလာပြောတဲ့ သူကို ကျောင်းသူတွေက 'ဟယ်… ဘလိုင်းကြီး လာရောနေတယ်တော့' ဆိုပြီး ဟားလွှတ်လိုက်မှာ အသေအချာပဲ…၊ အင်းလေ… အခုက တက္ကသိုလ်မှာမှ မဟုတ်တာ…၊ ကျနော် လျှောက်တွေးနေမိတယ်၊ မျက်မှန်တွေကိုလည်း ဆက်မကြည့်ဖြစ်တော့ဘဲ ခဏကြာတော့ လှည့်ထွက်လာလိုက်တယ်၊ အဲဒီမှာပဲ ခုနကတုန်းက သားအမိကို ခပ်လှမ်းလှမ်းက အိတ်တွေရောင်းတဲ့ စင်နားမှာ ထပ်တွေ့ရပြန်တယ်၊ ဒီတစ်ခါတော့ ရှည်ရှည်ဝေးဝေး ဆက်ပြီးတွေးမနေတော့ဘဲ သူတို့ရှိရာဆီ ကျနော်ဦးတည် လိုက်တယ်၊ အကယ်၍ အခြားမြန်မာ တစ်ယောက်က လာနှုတ်ဆက်တာကို မသိချင်လို့ လှည့်ထွက်သွားရင်လည်း ဘာဖြစ်လဲ၊ ဒါဟာ သူတို့အခွင့်အရေးပဲ မဟုတ်လား၊ ဆောရီးပါဗျာ ဆိုပြီး ကျနော်ပြန်လှည့်လာရုံ ပါပဲ၊

“ခုနတုန်းက မြန်မာစကား ပြောသံကြားလိုက်လို့ ကျနော်လာနှုတ်ဆက်တာပါ…”၊ အဲဒီစကား တစ်ခွန်းကို ကျနော်အေးအေးဆေးဆေးပဲ ပြောလိုက်တယ်၊ အဲဒီနောက်မှာတော့ အရာရာဟာ အဆင်ပြေချောမွေ့စွာနဲ့ သူ့အလိုလို စီးဆင်းသွားတော့တယ်၊ ခင်မင်ပြီး ဖော်ရွေတဲ့ မြန်မာလူမျိုး သားအမိနှစ်ယောက်နဲ့ shopping mall ကြီးရဲ့ အလယ်မှာ ကျနော် စကားတွေ ပြောဖြစ်ခဲ့တယ်၊ မြန်မာစကားသံ ကြားရလို့ အံ့သြသွားရတဲ့ အကြောင်း၊ ဒီနိုင်ငံလေးမှာ မြန်မာလူမျိုးတွေ အများကြီး မရှိတဲ့အကြောင်း၊ အခုလို မတော်တဆ ဆုံရတာကို ဝမ်းသာမိကြောင်း၊ ဒီကို ရောက်နေတာ ကြာပြီလား စသဖြင့်နဲ့ ထွေရာလေးပါး ပြောဖြစ်ကြတယ်၊ ကျနော် အံ့သြသွားရတဲ့ တစ်ချက်က စကားစ,ပြောလို့ သုံးလေးခွန်းလောက် အရောက်မှာပဲ သူတို့က ကျနော့်ကို 'ကိုညီလင်းသစ်လား' ဆိုပြီး မေးလိုက်တာကိုပါ၊ ကျနော်နဲ့သိတဲ့ မြန်မာမိတ်ဆွေ တစ်ချို့ကလွဲရင် ကျနော့်စာတွေကို ဖတ်သူတွေထဲမှာ ဒီနိုင်ငံထဲက မပါဘူးလို့ ကျနော်က တွေးထင်ထားတာကိုး…၊ ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးတွေနဲ့ မတော်တဆ ဆုံရတာ ဝမ်းသာရသလို သူတို့က ကျနော့်ဘလော့ဂ်ကိုပါ သိနေတယ်ဆိုတော့ ထပ်ဆင့်ဝမ်းမြောက်ရပါတယ်၊ လမ်းသွားရင်းနဲ့ တခြားမြန်မာတွေနဲ့ ဆုံတဲ့အကြောင်းကို ကျနော်က အခုလို တခုတ်တရ ရေးနေတော့ မလေးရှားတို့၊ စင်္ကာပူတို့၊ ဂျပန်တို့က လူတွေက ဒါများ အဆန်းလုပ်လို့ကွာ ဆိုပြီး ပြုံးချင်မလားပါပဲ၊ ကျနော့်အတွက်တော့ တကယ့်ကို အဆန်းပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံမှာ ကျနော်နေထိုင်တဲ့ ၁၂ နှစ်အတွင်းမှာ အသိမိတ်ဆွေလည်း မဟုတ်၊ ချိန်းထားတာလည်း မဟုတ်ဘဲ တခြားမြန်မာတွေကို အခုလို မတော်တဆဆုံဖြစ်တာ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်လို့ပါပဲ…၊

ညနေပိုင်းကျတော့ အိမ်မှာ သားကို ရေချိုးပေးဖို့ ပြင်တယ်၊ သူက ရေချိုးကြွေဇလုံထဲမှာ ဆော့ပြီး ရေချိုးနေတာကို စောင့်ပေးရင်း ကျနော်က အနားမှာရှိတဲ့ စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်တော့ ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုများ ဖြစ်နေတယ်၊ အဲဒီထဲမှာ 'မယ်ဒုက္ခ' ဆိုတဲ့ဝတ္ထုလေးကို ဖတ်ဖြစ်ပါတယ်၊ မယ်ဒုက္ခဆိုတာက အင်မတန်မှ ဆင်းရဲပြီး ကံခေလွန်းတဲ့ ရိုးရိုးအအ တောသူမလေး တစ်ယောက်အကြောင်းကို ဖွဲ့ထားတာပါ၊ အဲဒီတောသူမလေးက သူ့ရွာကိုပြန်ဖို့ ပိုက်ဆံလည်းကုန်၊ လမ်းလည်းပျောက် ဖြစ်နေတုန်း ဦးဖိုးကျားတို့နဲ့ တွေ့မိတယ်၊ စိတ်စေတနာကောင်းရှိပြီး လူတစ်ဖက်သားကို အမြဲကူညီတတ်တဲ့ အမျိုးသားပညာဝန်နဲ့ သူ့မိတ်ဆွေတွေက ကောင်မလေးကို အစားအသောက်တွေ ကျွေးမွေး၊ အဝတ်အစားတွေ ဆင်ပေးကြတယ်၊ မိတ်ဆွေတစ်ချို့က သူတို့အိမ်မှာ နေဖို့ခေါ်ပေမယ့် ရိုးသားတဲ့ တောသူမလေးက သူ့ရွာကိုပဲ ပြန်ချင်တယ်ဆိုတာနဲ့ နောက်တစ်နေ့မှာ ဦးဖိုးကျားတို့က ဘူတာရုံကိုလိုက်ပို့ပြီး ရထားပေါ် တင်ပေးလိုက်တဲ့အကြောင်း ဖွဲ့ထားတာပါ၊ ကိုယ်တွေ့ဝတ္ထုများရဲ့ ထုံးစံအတိုင်း အဆုံးမှာ morality ကို ရေးတဲ့အခါ “နောက်ဆုံး၌ တွေ့ကြုံကြ၊ ကွဲကြ၊ ကွေကွင်းကြရမည်တည်း၊ တရားနှင့် ဖြေရ၏” ဆိုတဲ့တစ်ချက်ကိုလည်း ထည့်ရေးထားတယ်၊ သံသရာတစ်ကြောက လောကခရီးသွားတွေ ဆိုတော့လည်း ဆုံတွေ့ကြ၊ ကွေကွင်းကြရတာ ဓမ္မတာပါ၊ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်မျိုးတွေနဲ့ ကြုံရတဲ့အခါ ကျနော်တို့ မြန်မာလူမျိုးတွေက လူ့ပြည်ကအပ်တစ်ချောင်းနဲ့ နတ်ပြည်ကအပ်တစ်ချောင်း ဆုံတဲ့အဖြစ်လို့ ဆိုလေ့ ရှိကြတယ် မဟုတ်လား၊ ခရီးသွားဟန်လွှဲ ခဏတာလေးပဲဆုံပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက် ကြတာဆိုပေမယ့် မြန်မာလူမျိုးနှစ်ယောက်နဲ့ အမှတ်မထင် ဆုံလိုက်ရတဲ့အဖြစ်ဟာ ကျနော့်အတွက်တော့ ၁၂ နှစ်ကြာမှ အပ်ကလေးတစ်ချောင်း ကောက်ရတဲ့အဖြစ်လို့ပဲ ဆိုချင်ပါတော့တယ်…။ ။


ညီလင်းသစ်
၁၆ မတ်၊ ၂၀၁၄

23 comments:

Anonymous said...

အဲ့ဒီအပ်ပဲ နောက်သိပ်မကြာခင် ကောက်ရဦးမယ်တဲ့ ဗေဒင်က ဟောပါတယ်....

ညီ

စူးနွယ်လေး said...

ကျမလည်း ချိန်းမထားတဲ့ ဗမာတယောက်ယောက်နဲ့ တခါမှ အဲလို မကြုံဆုံ ဖူးသေးဘူး :)

ညီလင်းသစ် said...

ညီ...
♫♫♪ တို့နှစ်ယောက်ထက်ပဲ ဗေဒင်ဆရာဟာ ပိုသိနိုင်မလား xxx တကယ်ဆို တို့ရှေ့ရေးမို့... ♪♪♫းD

မစူးနွယ်...
ကျော်ဟိန်းက အကြွေးဇတ်ကားထဲမှာ "ဆယ်နှစ်၊ ဆယ်နှစ်" လို့ မျက်လုံးကြီးပြူးပြီး ပြောသွားတယ်၊ ကျနော်ကတော့ ၁၂ နှစ်တောင်ဗျာ...၊ မစူးနွယ်ကော...?း)

Ma Tint said...

၁၂နှစ်ကြာမှ တန်ဘိုးရှိတဲ့ အပ်ကလေးတစ်ချောင်း ကောက်ရခဲ့တဲ့ မောင်ညီလင်းအတွက် ကျေနပ်စရာပါ။
ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဇာတ်လမ်းတွေကို အရမ်းကြိုက်တယ်။ တီတင့် ငယ်စဉ်က မြန်မာစာမှာ သင်္ခန်းစာတစ်ခုအနေနဲ့ သင်ရဘူးတယ်... ဦးဖိုးကျားကြောင့် အမြင်မှန်ရသွားတဲ့ ကောလိပ်ကျောင်းသား မောင်သောင်းအကြောင်း ဒီကနေ့အထိ ခေါင်းထဲစွဲနေတယ်

မေတ္တာဖြင့်
တီတင့်

မြသွေးနီ said...

ကျွန်မလဲ တစ်ည သားနဲ့ညဈေးလျှောက်တုန်း စုံတွဲတစ်တွဲက ကလေးမလေးက ကားလမ်းအကူးမှာ မကူးတော့ပဲ သူတို့ကို ကျော်သွားတဲ့ ကျွန်မကို လှမ်းခေါ်တယ်။ အန်တီက မြသွေးနီမဟုတ်လား..တဲ့။
အဲ့လိုမျိုး ဆုံမိကြရင် တွေ့တာနဲ့ နှစ်ဘက်လုံး အံ့သြ၀မ်းသာသွားမယ်.. စကားတွေ အများကြီးပြောဖြစ်ကြမယ်... ကိုညီက ဆွစ်လိုနိုင်ငံမျိုးမှာ ရှားရှားပါးပါးတွေ့ရတာ.. ဒီထက်ပိုတာက ကိုယ့်ဘလော့ကို ဖတ်နေတဲ့သူဖြစ်နေတယ်...
ထပ်တူခံစားလို့ရတယ်...ကိုညီရေ...

Anonymous said...

စလုံးရောက်ကာစမှာ မြန်မာတွေကိုများတွေ့ရင် သိပ်
ပျော်ပေါ့..။သိပ်မကြာခင်မှာတော့ ရိုးသွားတာပါပဲ...။
အင်း....အဲ့သာက စလုံးကိုး..ဗျနော်....။
ကိုညီတို့တိုင်းပြည်မယ်ကျတော့ ဘာပဲပြောပြော ၁၂နှစ်
အတွင်းမှာမှ ကောက်ရမိတဲ့ အပ်ကလေးတစ်ချောင်းက
တကယ့်ကို အဖိုးတန်ပါတယ်ဗျာ...နော့...၊
စကားမစပ်....ခုမှ လက်ကျန်စာရင်းရှင်းတမ်းဖွင့်ရ
တယ်ဗျာ...၊ဒါတောင်ကတိုက်ကရိုက်ပဲ...မြက်ရိတ်
သမားကတော့ ရင်ဘတ်ချင်းထပ်တူကျရဲ့....၊
တကျွန်းကိုတစ်ခေါက်သွားဖြစ်ဦးမယ်ဆိုတော့လည်း
မဆုံရလေခြင်းလို့ နှမြောမိသလို၊ကိုယ်လိုအမှားအယွင်း
တွေနဲ့ ဧည့်ထောက်ခံမယ့်သူနဲ့ ကိုညီတစ်ယောက်လွဲ
ရမှာမို့ ၀မ်းသာမိပါရဲ့.... :)။

ကညိမ်း

စူးနွယ်လေး said...

ဟာ ဟ.. clever ကိုညီ...
ကိုညီလင်း ကြုံရင်ဖြင့် ကျမလည်း ကြုံသင့်တာပေါ့ :D

စံပယ်ချို said...

နောင်လဲ ချစ်စရာကောင်းလှတဲ့ မြန်မာလူမျိုးတွေနဲ့
အမြဲတွေ့ပါစေလို့-----

Anonymous said...

အင်း..ဒါခြေခင်းလက်ခင်းသာယာတာကစတာဘဲ။
နို့ မို့ ရင်အဲကိုသွားဖြစ်မှာမဟုတ်ဘူး။
မသွားဖြစ်ရင်တွေ့ ဖြစ်မှာမဟုတ်ဘူး။
ဒါပေမဲ့ဆုံရမဲ့ကံရှိရင်
အကြောင်းကြောင်းနဲ့ ဆုံဖြစ်အုန်းမှာပါလေ။
အိုင်အိုရာ

မဒမ်ကိုး said...

အပ်တွေထပ်ဆုံကြဦးမယ့်အခွင့်အရေးကိုမျှော်နေပါတယ်အကိုရေ .

ညီမ

ဒိုးကန်

ရင်လှိုင်း said...

အဝေးကြီးမှာဆိုတော့ အပ်လေးကို တွေ့ တာ ပျော်နေတာပေါ့...။ ချစ်စရာ အပ်တွေ အများကြီးနဲ့ တွေ့ ပါစေ.....။

ဆွေလေးမွန် said...

ဟုတ်ပမြန်မာစကားပြောသံကြားရင် လှည့်လှည့်ကြည့်ကြည့်ရတာအမော..
တစ်ချို့ကျတောံလဲ မကြိုက်သလို တစ်ချို့ကျတော့လှိုက်လှိုက်လှဲလှဲပြန်နှုတ်ဆက်
ကြတယ်။

Anonymous said...

မြန်မာတွေနဲ့ ဆုံရတာဆိုရင် အင်း ၀မ်းသာစရာပဲဆိုတာလောက်နဲ့ ပြီးသွားမှာပေမယ့် ကိုညီလင်းသစ် လားလို့ အမေးခံရတာ ဖတ်လိုက်ရတော့ အကိုနဲ့ ထပ်တူအံ့သြကြည်နူးစိတ်က ချက်ချင်းပျံ့နှံ့လာတယ်.။ ဘယ်လောက် ပျော်ရွှင်စရာကောင်းလိုက်ပါလိမ့်..။
ကောင်းပါ့မလား သင့်ပါ့မလား ဒွိဟနဲ့ ဖြစ်နေရာက နှုတ်ဆက်ဖြစ်လိုက်တဲ့ ဆုံးဖြတ်ချက်က သိပ်ကို မှန်သွားခဲ့တာပဲကို :))

ညီမလေး

ညီလင်းသစ် said...

တီတင့်...
ဟုတ်တယ် တီတင့်ရ၊ အဲဒီ 'အခမဲ့ ကူလီထမ်းခြင်း၏ အကျိုး' ကို ကျနော်တောင် ဟိုတစ်နေ့က ပြန်ဖတ်ဖြစ်နေ သေးတယ်၊ ဒီလူကြီးရဲ့ အရေးအသားကို သိပ်သဘောကျနေတယ်...၊း)

အစ်မမြသွေး...
ဒီလောက် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေ ကြားထဲမှာ အစ်မမြသွေးကို မှတ်မိတာဆိုတော့ ကျနော့်အစ်မက တကယ့်ကို ဆယ်လစ်ဘရစ်တီ ပဲဗျို့...၊းD

ကညိမ်း...
ကညိမ်းမလဲ တစ်ခါထဲကို ပျောက်သွားလိုက်တာ အခုမှပဲ ပြန်ပေါ်လာတော့တယ်၊း) အခုတစ်ခေါက်မှာတော့ စလုံးမှာ ကညိမ်းမရှိတော့ဘူး ဆိုပြီး ကျနော်လည်း သတိရနေတာဗျ၊

မစူးနွယ်...
ကျနော်တို့လည်း MI6 က စုံထောက်တွေ စကားပြောသလို ဖြစ်နေပြီနဲ့ တူတယ်နော်...၊းD

မစံပယ်...
ဆုတောင်းပေးတာ ကျေးဇူးပါဗျာ...၊

မအိုင်အိုရာ...
အသေအချာပေါ့ဗျာ...၊ ကောက်ရိုးပုံထဲ အပ်ရှာတွေ့တဲ့ အစက ခြေခင်းလက်ခင်း သာတာက စတာပဲ၊း)

ညီမဒိုးကန်...
စိတ်ချ...၊ ဒီတစ်ခါတော့ အပ်ချည်လုံးနဲ့တကွကို လာခဲ့ဦးမှာ...၊းD

ရင်လှိုင်း...
ဟုတ်တယ်ဗျာ...၊ ကြုံတောင့်ကြုံခဲ မဟုတ်လား၊ အရေအတွက်နည်းရင် တခုတ်တရ ဖြစ်တတ်တာမျိုးက ဟောဒီကမ္ဘာရဲ့ ထုံးစံလိုတောင် ဖြစ်နေပြီ ထင်ပါရဲ့လေ...၊း)

မဆွေလေးမွန်...
ကျနော်သာ မြန်မာစကားပြောသံ ခဏခဏ ကြားရတဲ့ အရပ်မှာ နေရမယ်ဆိုရင်တော့ နောက်ကြည့်မှန်ပါတဲ့ ဦးထုပ်တစ်လုံးတော့ တီထွင် မိမယ်ထင်တယ်ဗျ...၊း)

ညီမလေး...
အဲဒါကြောင့်လည်း ကျနော့်လို လူတွေအတွက်တော့ 'ပြေးကြည့်တာက တွေးကြည့်တာထက် ပိုမှန်တယ်' ဆိုတဲ့စကား ပေါ်လာတာ ဖြစ်မယ်ဗျ...။းD

မောင်မျိုး said...

မြန်မာတွေနည်းတဲ့နိုင်ငံမှာ အဲ့လိုလေး မြန်မာစကားသံလေးကြားရတာက အံ့သြ၀မ်းသာစရာပဲ အစ်ကိုတွေးစိတ်ပူတဲ့ အချက်လေးတွေကလည်း ဟုတ်နေသားး)


ကိုညီလင်းသစ် လားလို့ မေးတော့ ရှက်ကိုးရှက်ကန်ူလေး မဖြစ်သွားဘူးလေ ။

မိုးငွေ့........ said...

အစ်ကိုဖြစ်သွားတဲ့ ၀မ်းသာပီတိမှုမျိုးကို ဖမ်းဆုပ်လိုက်မိပါတယ်...။

ပစ်ပစ် said...

ဟုတ်ပအကိုရေ
ပစ်လည်းရောက်စက အဲလိုဘဲ မြန်မာစကားသံကြားရင်
သိပ်ပျော်တာ..အတင်းကိုလိုက် နှုတ်ဆက်တတ်တယ်..

ဒါပေမဲ့လည်း တချို့သော လူတွေက သိတဲ့အတိုင်းဘဲ
မြန်မာလို့ ပြောရမှာ ကြောက်သလိုလို လုပ်ပြတတ်တဲ့
သူတွေ တွေ့မိလာတဲ့အခါမှာတော့
နှုတ်ဆိတ်သွားခဲ့တာကြာပေါ့လေ...

ဟန်ကြည် said...

တိုင်းခြားပြည်ခြားမှာ ကိုယ့်နိုင်ငံသားတစ်ယောက်နဲ့ ဆုံတဲ့ဖြစ်ရပ်မျိုးကို ကိုယ်တွေ့မကြုံဖူးပေမင့် တွေးကြည့်တာနဲ့တင် အတော်ကြည်နူးဖို့ကောင်းတယ် ကိုညီလင်းသစ်ရေ...

Anonymous said...

အဲ့ဒါနဲ့ပဲ မျက်မှန် မ၀ယ်ခဲ့လိုက်ရဘူပေါ့ .... :D

နော်ခိုင် said...

ဦအောင်ကိုလတ် ရေး/ဆို တဲ့ သီချင်းလေးလားမသိဘူး၊ ကိုညီလင်းသစ် ပို့စ်လေးဖတ်ပြီး သွားသတိရမိတယ်။ ဘာတွေလုပ်လုပ် ဘယ်ကိုရောက်ရောက် မင်းအမြဲ မှတ်ပါ မင်းမြန်မာ ဆိုတာလေး။ မြန်မာကို ချစ်မှ မြန်မာ စစ်မှာပေါ့။နော့ ကိုညီ။

Raymond.Kyaw Minn Naing said...

probably some side effects of pure homesickness force you in second time, and its turn out to be good, well...., now you are a celebrity, sort of, just kidding..haha :P

rose of sharon said...

ဒီလိုနိုင်ငံမျိုးမှာ မြန်မာချင်းဆုံဖို့ဆိုတာရယ်... ကိုယ်နဲ့ကိုယ့်ဘလော့ကိုသိနေသူဖြစ်နေဖို့ရယ်ဆိုတာ အတော်ကိုအံ့သြဘို့ကောင်းတာနော်....
ကြည်နူးပီတိတွေကို မျှဝေခံစားသွားပါတယ်...

Anonymous said...

http://moemaka.blogspot.com/2013/10/than-win-hlaing-articles.html


ကိုယ်တွေ့ဝတ္ထုများ က နိုင်ငံခြားဝတ္ထုကို မြန်မာမှုပြုထားတာလို့ ပြောသံကြားဘူးတယ် သိတဲ့သူများပြောကြပါအုံးခင်ဗျာ