29 June 2014

မမြင်ရသော ဆေးဝါးများ


တနေ့က သတင်းတပုဒ်မှာ ဗြိတိန်နိုင်ငံကို ရေထွက်ပစ္စည်းပို့ကုန်တွေ တင်ပို့တဲ့ မြန်မာကုမ္ပဏီတခုကို မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဒဏ်ငွေဆယ်သိန်း ချမှတ်ပြီးတော့ ပြည်ပနိုင်ငံ ကုန်တင်ပို့ခွင့်ကိုလည်း ၆ လ ပိတ်လိုက်တဲ့အကြောင်း ဖတ်လိုက်ရပါတယ်၊ အကြောင်းကတော့ အဲဒီကုမ္ပဏီက တင်ပို့တဲ့ ဘာလချောင်ကြော်တွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ ပဋိဇီဝဆေးတမျိုးဖြစ်တဲ့ ကလိုရိုဖယ်နကောလ် အကြွင်းအကျန်တွေ တွေ့ရတယ်ဆိုတဲ့အကြောင်း ဗြိတိန်နိုင်ငံဖက်က အကြောင်းကြားခဲ့လို့ ဖြစ်ပါတယ်-တဲ့၊ ဒီဖြစ်စဉ်မှာ အဲဒီဘာလချောင်ကြော်တွေ တင်ပို့တဲ့ ကုမ္ပဏီအနေနဲ့ ဘယ်လောက်အထိ တာဝန်ရှိသလဲလို့ ကျနော်စဉ်းစားကြည့်မိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ကလိုရိုဖယ်နကောလ် အပါအဝင် တခြားပဋိဇီဝဆေးတွေကို ပုဇွန်မွေးမြူရေး၊ ငါးမွေးမြူရေး လုပ်ငန်းတွေမှာ အတော်များများက သုံးကြလို့ ဖြစ်ပါတယ်၊ ဆိုတော့ ဘာလချောင်ကြော်တွေကို အဲဒီကုမ္ပဏီက ကိုယ်တိုင် ထုတ်လုပ်တယ်ပဲ ထားအုံး၊ သူတို့ဝယ်တဲ့ ပုဇွန်ခြောက်တွေထဲမှာ ကလိုရိုဖယ်နကောလ်က ပါလာပြီးသားဆိုရင် ဘယ်လောက်ပဲ သန့်ရှင်းအောင် ထုတ်လုပ်ထုတ်လုပ် ဘယ်လိုမှ မတတ်နိုင်ပါဘူး၊ ပုဇွန်ခြောက်တွေမှာ အဲဒီလို ဆေးတွေပါတယ်ဆိုတဲ့အကြောင်း ကုမ္ပဏီက လူတွေတောင် သိချင်မှသိလိမ့်မယ်၊ အဲ... ပုဇွန်တွေက သူတို့ကိုယ်ပိုင် မွေးမြူရေးကန်က လာတယ်ဆိုရင်တော့ တမျိုးပေါ့လေ၊

ဟုတ်ပါတယ်...၊ ဒီလိုမျိုး ပြဿနာက အခုမှသာ မြန်မာနိုင်ငံအနေနဲ့ လူသိရှင်ကြား ကြုံရတာဖြစ်ပေမယ့် ဥရောပမှာတော့ ဒါဟာ အသစ်အဆန်း မဟုတ်တော့ပါဘူး၊ ပဋိဇီဝဆေးလို့ ခေါ်တဲ့ antibiotics ဆေးတွေကို ငါးကန်တွေ၊ ပုဇွန်ကန်တွေမှာ ထည့်ကြတာ အစဉ်အလာအရ အတော်ကြာပါပြီ၊ အထူးသဖြင့် ငါးကန်၊ ပုဇွန်ကန် အကြီးကြီးတွေတူးပြီး စီးပွားဖြစ် မွေးမြူရေးတွေ လုပ်တဲ့အခါမှာပါ၊ အဲဒီမှာ ငါးတွေ၊ ပုဇွန်တွေ မသေကြေအောင်၊ အထွက်နှုန်းကောင်းအောင် ထည့်ကြတယ်၊ ဒါပေမဲ့ အဲဒီလိုထည့်လိုက်တဲ့၊ ကျွေးလိုက်တဲ့ ပဋိဇီဝဆေးတွေဟာ ငါးတွေပုဇွန်တွေအပြင် တခြားဘယ်လိုမျိုး သက်ရောက်နိုင်သလဲ ဆိုတာတော့ လူတွေက သေချာမသိခဲ့ကြဘူး၊ ဒီလိုနဲ့ ဒီဖက်နှစ်ပိုင်းတွေမှာ sensitivity အရမ်းမြင့်တဲ့ ဓာတ်ခွဲခန်းသုံး စက်တွေကို ထုတ်လုပ်လာခဲ့ကြတယ်၊ ဇတ်လမ်းက အဲဒီမှာ စတာပါပဲ...၊ antibiotics ပဋိဇီဝ ဆေးတွေကို ငါးတွေ၊ ပုဇွန်တွေ စားလိုက်ရင် ကြေပျက်ပြီး ဘာမှမကျန်တော့ဘူးလို့ အရင်က ကျနော်တို့ ထင်ထားခဲ့တာ မှားနေမှန်း သိလာရတယ်၊ ပိုပြီးအားကောင်းတဲ့ ဓာတ်ခွဲခန်း စက်တွေရဲ့ တွေ့ရှိချက်တွေထဲမှာ antibiotics အကြွင်းအကျန်တွေဟာ ငါး၊ ပုဇွန်တွေရဲ့ အသားတွေထဲမှာ ကျန်နေတာ အံ့သြစရာ တွေ့နေရတယ်...၊

၂၀၀၇ ခုနှစ်တုန်းက ဆွစ်ဇာလန်နိုင်ငံကို အိန္ဒိယက တင်သွင်းတဲ့ "Dragon" တံဆိပ် ရေခဲရိုက်ပုဇွန်တွေကို ဓာတ်ခွဲကြည့်တဲ့အခါ Furazolidone ဆိုတဲ့ ပဋိဇီဝဆေး အကျန်တွေကို တွေ့ရတယ်၊ Furazolidine ဆိုတာက Nitrofuran အမျိုးအစားမှာပါတဲ့ antibiotic ဖြစ်ပြီးတော့ တိရိစ္ဆာန်ဆေးကုသရေးတွေမှာ တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်၊ ဒါပေမယ့် အဲဒီ Furazolidone ဟာ ကင်ဆာဖြစ်စေတဲ့ အကြောင်းအချက်တွေကို တွေ့လာရလို့ ဥရောပနဲ့ အမေရိကားမှာ ပိတ်ပင်လိုက်တယ်၊ အာဖရိကနဲ့ အာရှက နိုင်ငံတွေမှာတော့ ဆက်ပြီး သုံးနေခဲ့ကြတုန်းပဲ၊ အဲဒါကြောင့် အိန္ဒိယက လာတဲ့ ပုဇွန်တွေထဲမှာ ဆက်ပြီးတွေ့နေရတာ ဖြစ်ပါတယ်၊ အဲဒါနဲ့ မရှေးမနှောင်းမှာပဲ ဗီယက်နမ်ကလာတဲ့ ပုဇွန်တွေမှာလည်း ပဋိဇီဝဆေးတွေ ပါတယ်ဆိုတာ ဓာတ်ခွဲခန်းတွေက ဖော်ထုတ်နိုင်ခဲ့ ကြတယ်၊ အဲဒါကြောင့် ဗီယက်နမ်က ပုဇွန်တင်သွင်းခွင့်ကို ဆွစ်ဇာလန်မှာ ပိတ်ပင်ခဲ့တယ်၊ အဲဒီလို ပြဿနာတွေ ဖြစ်လာလို့ နောက်ဆုံးမှာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က သူတို့နိုင်ငံတွေက ပုဇွန်ကန်တွေမှာ တားမြစ်ထားတဲ့ ပဋိဇီဝဆေးတွေကို မသုံးရလို့ အမိန့်ထုတ်လိုက်ပြီးတော့ ရေထွက်ကုန်တွေကိုလည်း ဥရောပကို မတင်ပို့ခင်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ခဲ့ရတယ်၊

တကယ်တမ်း ပြောရရင်တော့ ပဋိဇီဝဆေးတွေရဲ့ တည်တံ့မှုဟာ အတော့်ကို အံ့သြစရာကောင်းသလို ရေရှည်အတွက်လည်း စိုးရိမ်စရာ ကောင်းပါတယ်၊ အမေရိကား၊ တက္ကဆက်ပြည်နယ်က မြေအောက်ရေတချို့မှာ antibiotics ပဋိဇီဝဆေး အကြွင်းအကျန်တွေ ပါနေတာကို ဓာတ်ခွဲစစ်ဆေးမိလို့ ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာ လိုက်ရှာတော့ နွားခြံတွေကနေ အရင်းခံတာ သွားတွေ့ရတယ်၊ နွားခြံတွေမှာ နွားတွေကျန်းမာရေးကောင်းဖို့ ပဋိဇီဝဆေးတွေ တိုက်တယ်၊ အဲဒီနွားတွေက အညစ်အကြေးစွန့်တဲ့အခါ မစင်နဲ့အတူ မြေကြီးပေါ်ကို ပဋိဇီဝဆေး အကြွင်းအကျန်တွေ ရောက်သွားတယ်၊ မိုးရွာတဲ့အခါဖြစ်ဖြစ်၊ ရေနဲ့ဆေးကြောလိုက်တဲ့အခါ ဖြစ်ဖြစ် အဲဒီ ပဋိဇီဝ အကြွင်းအကျန်တွေက မြေကြီးထဲကို စိမ့်ဝင်ပြီး နောက်ဆုံးမှာ မြေအောက်ရေကြောထဲအထိ ရောက်သွားတာ ဖြစ်ပါတယ်၊ ကြည့်ပါဦး…၊ ဆေးတစ်ခုဟာ ဘယ်လောက်ဝေးဝေးအထိ ရောက်သွားသလဲဆိုတာ…၊ ဒါဆိုရင် လူတွေမှာကော အဲဒီလိုတွေ ဖြစ်နိုင်သလားလို့ မေးစရာရှိပါတယ်၊ ဟုတ်ပါတယ်...၊ လူတွေကြောင့်လည်း မြစ်ချောင်း၊ အင်းအိုင်တွေ၊ မြေအောက်ရေတွေထဲမှာ ပဋိဇီဝ ဆေးကြွင်းဆေးကျန်တွေ ပျံ့နှံ့နေပါတယ်၊

ကျနော် လက်ရှိအလုပ်လုပ်နေတဲ့ ဓာတ်ခွဲခန်းရဲ့ ပရောဂျက်တခုက ရေတွေထဲက ပဋိဇီဝဆေးတွေကို ဓာတ်ခွဲသုတေသန လုပ်ရတဲ့ ပရောဂျက်ပါ၊ အိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံတွေကနေ စီးဆင်းလာတဲ့ ရေတွေကို ဓာတ်ခွဲကြည့်တဲ့အခါ အဲဒီရေတွေထဲမှာ ပဋိဇီဝဆေးတွေဖြစ်တဲ့ Norfloxacin, Ciprofloxacin, Metronidazol, Sulfamethoxazol စတာတွေအပြင် သာမန် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Paracetamol, Diclofenac, Ibuprofen စတာတွေကိုလည်း တွေ့ရတယ်၊ တချို့ဆေးတွေက သူ့ဟာနဲ့သူ သဘာဝအတိုင်း ခပ်မြန်မြန်ပျောက်ပျက်သွားပေမယ့် တချို့ဆေးတွေကတော့ အလိုအလျောက်ကြေပျက်နှုန်း biodegradation rate က အရမ်းနှေးပါတယ်၊ အဲဒီအခါ မြစ်ချောင်းတွေထဲမှာ၊ မြေအောက်ရေတွေထဲမှာ အဲဒီလိုဆေးတွေရဲ့ မော်လီကျူးတွေ တဖြေးဖြေးနဲ့ များလာဖို့ပဲ ရှိတာပေါ့၊ ဆိုးတာက အဲဒီလို ဆေးမော်လီကျူးတွေ ပါနေပေမယ့်လည်း ရေဟာ အရောင်၊ အနံ့၊ အရသာ ဘာမှမထူးခြားပါဘူး၊ ဓာတ်ခွဲခန်းမှာသာ ထိရောက်တဲ့နည်းစနစ်တွေနဲ့ ဓာတ်ခွဲမကြည့်ရင် ဘယ်လိုမှမသိနိုင်ပါဘူး၊ ဆိုတော့ သာမန်လူကောင်းတစ်ယောက်ဟာ အဲဒီလို ဆေးတွေ၊ မော်လီကျူးတွေ အများကြီးပါနေတဲ့ရေကို နှစ်ပေါင်းများစွာ သောက်နေခဲ့မယ်ဆိုရင် ရေရှည်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ လောလောဆယ် ဘယ်သူမှ အတိအကျမပြောနိုင် ပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုမှကောင်းမှာ မဟုတ်တာတော့ သေချာပါတယ်၊

အခု ဘာလချောင်ကြော်ထဲမှာ တွေ့တယ်ဆိုတဲ့ ကလိုရိုဖယ်နကောလ်ကိုလည်း ဥရောပနိုင်ငံတွေမှာတော့ သိပ်မသုံးကြတော့ပါဘူး၊ အထူးသဖြင့် သောက်ဆေး၊ ထိုးဆေးအနေနဲ့ ရှောင်ကြတာများပါတယ်၊ အကြောင်းကတော့ ကလိုရိုဖယ်နကောလ်ဟာ ရိုးတွင်းချဉ်ဆီတွေကို ပျက်ဆီးစေတဲ့အပြင် လူကီးမီးယားခေါ်တဲ့ သွေးကင်ဆာကိုလည်း ဖြစ်စေတဲ့အတွက်ကြောင့်ပါ၊ အဲဒါကြောင့် အခုလို ဘာလချောင်ကြော်ထဲမှာ တွေ့တယ်ဆိုတော့ မူလကလိုရိုဖယ်နကောလ် မဟုတ်တော့ဘဲ ဓာတ်ပြိုကွဲပြီးသား အကြွင်းအကျန် ဖြစ်သည့်တိုင် ဘေးထွက်ဆိုးကျိုးက ကြီးမားလို့ ဗြိတိန်က အာဏာပိုင်တွေက အရေးတယူအကြောင်းကြားတာလို့ ကျနော် ယူဆပါတယ်၊ တီထွင်မှုတွေဟာ ကောင်းပေမယ့် တခါတလေမှာ သူနဲ့အတူ ဘေးထွက်ဆိုးကျိုးတွေ လိုက်ပါလာလေ့ ရှိပါတယ်၊ နေမကောင်းတဲ့လူတွေအတွက် တီထွင်လိုက်တဲ့ ဆေးဝါးတွေဟာ နေကောင်းနေတဲ့ လူတွေကိုပါ ရေရှည်မှာ ဒုက္ခပေးနိုင်မယ့် အလားအလာတွေ လတ်တလော သုတေသနပြုချက်တွေအရ တွေ့နေရတယ်၊ လောလောဆယ်မှာတော့ မြစ်တွေ၊ ချောင်းတွေထဲမှာ ပျံ့နှံ့ပျော်ဝင်နေတဲ့ ဆေးတွေဟာ လူအတွက် အန္တရာယ်ရှိတဲ့အဆင့်လို့တော့ မသတ်မှတ်ကြသေးပါဘူး၊ ဒါပေမယ့် ဒါဟာလတ်တလော အနေအထားအရပဲ ဖြစ်ပြီးတော့ နှစ်တွေအများကြီး ကြာတဲ့အခါ ဘယ်လိုတွေသက်ရောက်မလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး၊ အဲဒါကြောင့် ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာ ဒီအတွက် စီမံကိန်းတွေချပြီးတော့ လုပ်ဆောင်နေကြတယ်၊ အထူးသဖြင့် ရေထဲကနေ ဆေးအကြွင်းအကျန်တွေ၊ မော်လီကျူးတွေ ဖယ်ရှားဖို့အတွက် ရေဆိုးစက်ရုံ၊ ရေသန့်စက်ရုံတွေမှာ ခေတ်မီနည်းစနစ်တွေ တပ်ဆင်ဖို့ ပြင်ဆင်နေကြတယ်၊ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း သုတေသနဘတ်ဂျက်ကို လုံလုံလောက်လောက် တိုးမြှင့်ပြီး ထိထိရောက်ရောက်စစ်ဆေးဖို့၊ ခေတ်မီနည်းစနစ်တွေ၊ စက်ပစ္စည်းတွေ ပါဝင်တဲ့ ဓာတ်ခွဲခန်းတွေ ဖွင့်လှစ်ဖို့ အချိန်ရောက်နေပါပြီ၊ ဒါဟာ အခုဘာလချောင် ပြဿနာလို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ မျက်နှာမပျက်စေဖို့ ဆိုတာထက် ကိုယ့်နိုင်ငံသားတွေကို ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ။


ညီလင်းသစ်
၂၉ ဇွန်၊ ၂၀၁၄

25 June 2014

ဒုတိယမ္ပိ ခြင်္သေ့လည်ပြန်...


ခြင်္သေ့ကျွန်းကလေးကို ဒုတိယအကြိမ် သွားခဲ့တာ ပြန်ရောက်လို့ ရက်ပေါင်းများစွာ ကြာပြီးမှပဲ အဲဒီအကြောင်းကို တကယ်ချရေးဖြစ်တော့တယ်၊ ဒါပေမယ့် တစ်ဖက်ကကြည့်တော့လည်း လေယာဉ်လက်မှတ်ကို ဝယ်ထားပြီး ၇ လကျော် ကြာမှပဲ လေယာဉ်ကို တကယ်စီးဖြစ်ခဲ့တာဆိုတော့ ခရီးစဉ်တစ်ခုမှာ စောင့်ဆိုင်းရတာတွေက Before ရော၊ After ရောအတွက် အကျုံးဝင်တယ်လို့ပဲ ဆိုရမလား မသိ…၊ လေယာဉ်လက်မှတ်က ပရိုမိုးရှင်းကာလ ဈေးချရောင်းနေချိန်မှာ ဝယ်ဖြစ်လိုက်တာပါ၊ ဟိုအရင် ပို့စ်တစ်ခုမှာ ကျနော်ရေးခဲ့သလိုပဲ၊ ပုံမှန်ဈေးထက် တဝက်လောက် နည်းတဲ့လက်မှတ်ကို တွေ့တာနဲ့ မရည်ရွယ်ထားပါဘဲ ဒီခရီးလေးကို စီစဉ်ဖြစ်သွားခဲ့တယ်၊ စင်္ကာပူလေကြောင်းက ကျနော့်အိမ်နဲ့ ပိုနီးတဲ့ ဂျီနီဗာ လေဆိပ်မှာ မဆိုက်ပါဘူး၊ ၃ နာရီလောက် ရထားနဲ့သွားရတဲ့ ဇူးရစ်မြို့ကနေပဲ ထွက်ပါတယ်၊ အဲဒါကြောင့် မနက် ၁၀ နာရီခွဲမှာထွက်မယ့် လေယာဉ်ကိုစီးဖို့အတွက် အိမ်ကနေ မနက် ၅ နာရီမှာ စ,ထွက်ရတယ်၊ ဒီလိုနဲ့ ဆောင်းတွင်းရဲ့ အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ မြူခိုးဝေဝေ မနက်ခင်းလေးတစ်ခုကို ပုခုံးမှာလွယ်ပိုးရင်း မိတ်ဆွေတွေ ရှိရာဆီကို ကျနော်ထွက်လာ ခဲ့တော့တယ်…၊


အနောက်ကနေ အရှေ့ကိုသွားရတဲ့ ၁၂ နာရီကြာခရီးမှာ လေယာဉ်ပေါ်မှာပဲ မိုးချုပ်ပါတယ်၊ ကျနော့်အရှေ့က တီဗီကလေးရဲ့ မျက်နှာပြင်ပေါ်မှာတော့ ထုနဲ့ထည်နဲ့ စောင့်ကြိုနေတဲ့ အမှောင်ထုထဲကို လေယာဉ်ကလေးက တရွေ့ရွေ့ ဝင်တိုးနေလေရဲ့…၊ ခရီးဆုံးဖြစ်တဲ့ ကျွန်းကလေးပေါ်မှာတော့ အာဂန္တုကျွန်းသားတွေက အိပ်မောကျနေကြရောပေါ့…၊


မနက်အစောကြီး ဝေလီဝေလင်းမှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နားကနေ ဖြတ်ပျံတော့ A380 Airbus ထဲမှာ အိမ်လွမ်းစိတ်လေး တရိပ်ရိပ်တက်လာခဲ့တယ်၊ ကြိုးကြာငှက်တွေရဲ့ ပျံသန်းမှုမျိုးနဲ့ဆို ရန်ကုန်က ကျနော့်ရဲ့ အောက်ဖက်နားမှာ နီးနီးကလေးရယ်…၊ တဆက်ထဲမှာ MH370 ကိုလည်း သတိရသွားတယ်၊ ဒီလေယာဉ်ကြီး ပျောက်သွားခဲ့တာက ပူပူနွေးနွေးပဲ ရှိသေးတဲ့အချိန်၊ အခုနေသာ ကျနော်စီးနေတဲ့ လေယာဉ်လည်း ညာဖက်ကို ချိုးချလိုက်မယ်ဆိုရင် MH370 ပျံသန်းခဲ့တယ်ဆိုတဲ့ လမ်းကြောင်းထဲကို ရောက်သွားမှာပဲ၊ MH370 ရဲ့နောက်ဆုံးအချိန်မှာတော့ ကိုယ့်ရှေ့က တီဗီကို ကျနော့်လိုမျိုး အေးအေးသက်သာ ထိုင်ကြည့်နေတဲ့သူ ရှိခဲ့မယ် မထင်ဘူး၊ အဲဒီလေယာဉ်ပေါ်က ခရီးသည်တွေရဲ့ နောက်ဆုံးအချိန်ကို ကိုယ်ကိုယ်တိုင် လေယာဉ်တစင်းပေါ်မှာ လိုက်ပါသွားရင်း စဉ်းစားကြည့်တဲ့အခါ အတော့်ကို ထိတ်လန့်ကြေကွဲစရာ ကောင်းလှတယ်…၊


ခရီးရောက်မဆိုက် Jurong ငှက်ဥယျာဉ်ကို သွားလည်ဖြစ်တယ်၊ ငှက်ကြီးဝံပိုတွေ၊ ငှက်ကြီးတုံးစပ်တွေနားမှာ ဒီပုံလေးရိုက်ဖြစ်ပါတယ်၊ ငှက်ချင်းတူပေမယ့် တချို့က ကင်မရာမှန်ဘီလူးရှေ့မှာ တောင်ပံတဖြန့်ဖြန့်နဲ့ ချီချီကြွကြွ၊ တချို့ကတော့ ရပ်တန့်ငေးမောရတဲ့ ပရိတ်သတ်သက်သက်…၊


ငှက်ရုံတခုရှေ့မှာ တွေ့မိတဲ့ ဒီပန်းပုရုပ်ကို သဘောကျလို့…၊ ပလာစတာရုပ်တု ထင်တာပဲ၊ သဘောကျတာက သူ့ရဲ့အပြုံးကိုပါ၊ အာဖရိကတို့၊ အိန္ဒိယတို့က ကျေးလက်တွေမှာ ရေခပ်ပြန်လာတဲ့ ကလေးမလေးတွေ ရှိပါရောလား၊ လမ်းမှာ တခါတလေ တိုးရစ်တွေနဲ့တိုးလို့ ဓာတ်ပုံတွေဘာတွေ အရိုက်ခံရတဲ့အခါ အဲဒီလိုကလေးမလေးတွေ ပြုံးလေ့ရှိတဲ့ အပြုံးမျိုး…၊ ကိုယ့်ကိုချိန်ထားတဲ့ ကင်မရာကြီးရှေ့မှာ ပြုံးတာတော့ ကြိုးစားပြုံးတာပဲ၊ ဒါပေမယ့် ရှက်ရွံ့ဟန်လေးစွက်နေတဲ့ အပြုံးမျိုး…၊း)


ခပ်လှမ်းလှမ်းမှာ ချကျွေးထားတဲ့ ငှက်ပျောသီးတွေကို ချောင်းနေတဲ့ ဒီငှက်ကလေးရဲ့ ဖျတ်လတ်နိုးကြားမှုနဲ့ ပတ်ဝန်းကျင်အပေါ် သတိနဲ့ နေပုံကို သဘောကျမိတယ်၊ သူ့ခြေထောက်က ကိုယ်ပိုင်နံပါတ်ကွင်း ကလေးသာမပါရင် ဓာတ်ပုံက ပိုပြီးသဘာဝ ကျမှာပါ၊


“ အချစ် ဆိုသည်မှာ ”…၊


♫♫♪ အဆွေးဆုံးအတွေးများ ငါခံစား မင်းသိမှာပါ xxxxx ငါလေ တယောက်ထဲ အထီးကျန်… ♪♪♫


အောက်ချင်း၊ ကြက်တူရွေး၊ ကတ္တဝါ စတဲ့ငှက်တွေနဲ့ပြတဲ့ High Flyers Show နဲ့ စွန်၊ သိမ်း၊ ဇီးကွက် စတဲ့အသားစား ငှက်တွေနဲ့ပြတဲ့ Kings of the Skies Show နှစ်ခုကိုလည်း ကြည့်ဖြစ်ခဲ့ပါတယ်…၊


ပင်နီဆူလာကတော့ မရောက်လို့ ဘယ်ဖြစ်မလဲ…၊ လူတွေ သိပ်မများသေးတဲ့ ပင်နီဆူလာရဲ့ မနက်ခင်းတွေဟာ တမျိုးလေး နှစ်လိုဖွယ်ကောင်းတယ်၊


ဘယ်သူနဲ့မှ ချိန်းထားတာမရှိတဲ့အတွက် ပင်နီဆူလာရဲ့ အထပ်တိုင်းကိုတက်ပြီး ဆိုင်ခန်းအားလုံးကို ကျနော် အေးအေးလူလူ လျှောက်ကြည့်ဖြစ်ပါတယ်၊ တနေရာမှာတော့ ဟောဒီဆံပင်ညှပ်ဆိုင်ကို သဘောကျလို့ ရပ်ကြည့်နေမိတယ်၊ ဒီကျွန်းကလေးပေါ်က မြန်မာတွေအတွက် ဝန်ဆောင်မှုကတော့ ဆံပင်ညှပ်ဆိုင်ကအစ ရှိတာကိုး…၊ ဆံပင်ညှပ်ဆိုင်မှ မြန်မာလိုတောင် မဟုတ်ဘူး၊ မွန်လိုကော ရှမ်းလိုကော တွေ့မိတယ်၊ ဆံပင်ညှပ်ဆိုင်ရှေ့မှာ ခြေသည်းထိုင်ညှပ်နေတဲ့ အမကြီးက သူ့ဆိုင်ကိုရပ်ကြည့်နေတဲ့ ကျနော့်ကို ဆံပင်ညှပ်မယ့်သူလို့ ထင်သွားလား မသိဘူး၊ “ဘယ်လိုပုံစံ ညှပ်ချင်လဲ မောင်လေး၊ ဒီဇိုင်းမျိုးစုံ ရှိတယ်၊ လာလေ…” လို့ လှမ်းခေါ်တယ်၊ ကျနော်ကလည်း “ဆံပင်တော့ မညှပ်တော့ပါဘူး အမရယ်၊ ဖြစ်နိုင်ရင် အမရဲ့ဆိုင်ကို အမှတ်တရ ဓာတ်ပုံတပုံလောက်ပဲ ရိုက်ချင်တာပါ၊ ရမလားခင်ဗျ” လို့ မေးပြီး ဟောဒီပုံလေးကို ရိုက်ခဲ့လိုက်တယ်…၊


ပင်နီဆူလာမှာ ဟိုတခေါက်လာကတည်းက သတိထားမိပြီး သဘောကျနေခဲ့တာ တခုရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ စက်လှေကားတွေမှာ ကပ်ထားတဲ့ ဟောဒီစာတန်းပါ၊ ကျေးဇူးပြု၍ ဘေးကပ်ရပ်ပါ-တဲ့၊ ကြည့်တော့ သူ့စက်လှေကားကဖြင့် ကျဉ်းကျဉ်းလေးရယ်…၊ တယောက်နဲ့တယောက် အလွယ်တကူ ကျော်တက်လို့ရမှာ ကျနေတာပဲ၊ ကျနော်လိုက်ကြည့်မိသလောက်လည်း ဘယ်သူမှ လှေကားပေါ်မှာ ဘေးကနေ အတင်းဖြတ်မတက်ကြပါဘူး၊ တယောက်ပဲရပ်စီးလို့ရတဲ့ စက်လှေကားမှာ အားလုံးလိုလိုကလည်း တယောက်စီပဲ ရပ်စီးကြတာပါပဲ၊း) ဒါမှမဟုတ် စက်လှေကားထိပ်မှာ ပိတ်မရပ်ပါနဲ့ လို့များ ပြောချင်သလားပဲ၊ စက်လှေကားပေါ်မှာ ကပ်ထားတာဖြစ်တဲ့အတွက် ကျနော်ကတော့ စက်လှေကားစီးရင် ဘေးကပ်ရပ်ဖို့ ပြောတာလို့ပဲ နားလည်မိတာပါပဲ…၊ (တကယ့်အမှန်ကတော့ စက်လှေကားစီးရင် ဘေးအစွန်းနား သိပ်မကပ်ပါနဲ့လို့ သတိပေးထားတာပါ…)းD


ပင်နီဆူလာရဲ့ ဝင်ပေါက်ညာဖက်မှာ Fujifilm ဆိုတဲ့ ဓာတ်ပုံဆိုင်တဆိုင် ရှိပါတယ်၊ ဆိုင်ရှေ့ ကျနော်ဖြတ်တော့ “ဘာလိုချင်လဲ၊ ဘာရှာလဲ၊ ကြည့်ပါ” လို့ ဝန်ထမ်းတယောက်က လှမ်းခေါ်တယ်၊ ကျနော်က လှည့်တောင်မကြည့်ပါဘူး၊ ဒါပေမယ့် နောက်တခေါက် ဖြတ်ချိန်မှာ ပုံထဲက ဟောဒီချာတိတ်က ပုခုံးမှာလွယ်ထားတဲ့ ကျနော့်ကင်မရာကို ငုံ့ကြည့်ပြီး “ဘာမှန်ဘီလူး တပ်ထားတာလဲ” လို့ စိတ်ဝင်တစားနဲ့ မေးတယ်၊ ကျနော်က 16-35 mm လို့ ဖြေလိုက်တော့ “ဟား...ကောင်းတာပေါ့၊ Version 2 ထင်တယ်နော်” ဆိုပြီး စကားဆက်တယ်၊ ကျနော်က “ဟုတ်တယ်၊ Version 2” ဆိုပြီး စကားထောက်ပေးလိုက်တော့ “16-35 mm ကို ဘယ်လိုကင်မရာမျိုးမှာ တပ်သုံးနေပါလိမ့်” ဆိုပြီး ဆက်လာပြန်တယ်၊ အဲဒီလို သူတခွန်း၊ ကိုယ်တခွန်းနဲ့ ပြောနေလိုက်တာ သတိထားမိချိန်ကျတော့ ကျနော်က သူ့ဆိုင်ထဲကို ရောက်ပြီးသား ဖြစ်နေရော…၊ ဒီလူငယ်လေးက သူဈေးရောင်းချင်တာကို ရှေ့တန်းမတင်ဘဲ ကျနော်နဲ့ ဓာတ်ပုံအကြောင်း၊ ကင်မရာပစ္စည်းတွေအကြောင်း အတော်ကြာကြာ ပြောပြီးမှ ကျနော်ဘာလိုအပ်နေလဲ ဆိုတာကို သိအောင်လုပ်ယူခဲ့တယ်၊ ကျနော်က “မင်း အတော့်ကို ပါးနပ်တဲ့ကောင်ပဲ၊ မကြာခင် ဆိုင်မန်နေဂျာ ဖြစ်လိမ့်မယ်ထင်တယ်” လို့ ပြောလိုက်တော့ ရှက်ကိုးရှက်ကန်းနဲ့ သူ မနေတတ်ဘူး ဖြစ်သွားတယ်၊ သူ့ရဲ့ ဈေးရောင်းနည်းကို သဘောကျသွားလို့ ကျနော်လည်းသူ့ဆိုင်ကနေ မှန်ဘီလူး filter တွေ၊ LCD ဖုံးတဲ့ film တွေ ဝယ်ဖြစ်သွားတယ်၊ သူ့နာမည်က Kelbim လို့ခေါ်ပါတယ်၊ မလေးရှားကနေ အလုပ် လာလုပ်တာ၊ ပင်နီဆူလာနဲ့ မနီးမဝေးမှာ အခန်းလေးတခန်း ယူထားပြီး စနေ၊ တနင်္ဂနွေကျမှ မလေးကို ပြန်တယ်၊ အသက် ၂၅ နှစ်မှာ အလုပ်တော်တော်များများ လုပ်ဖူးနေခဲ့ပြီ၊ အားလပ်ရက်တွေမှာ စင်္ကာပူနဲ့ယှဉ်ရင် ဈေးသက်သာတဲ့ ဖူးခက်ကို သွားလည်ရတာ သဘောကျတဲ့ မလေးလူငယ်လေးက ကျနော်ထွက်လာချိန်မှာတော့ ခြင်္သေ့ကျွန်းကလေးရဲ့ လူနေမှုစရိတ် မြင့်မားတဲ့အကြောင်း ညည်းတွားပြီး ကျန်ခဲ့လေရဲ့…၊


“အင်းလေး” မှာ စားဖြစ်ခဲ့တဲ့ ချဉ်ပေါင်ကြော် တခွက်…၊ ချဉ်ပေါင်ဟာ ဘယ်အချိန်ပြန်တွေ့တွေ့ ချဉ်ပြုံးချဉ်ပြုံးနဲ့ အရင်တုန်းကလို အရသာရှိဆဲ…၊း)


ရတနာဂီရိမှာ အိမ်နိမ့်စံဘဝနဲ့ ဖြတ်သန်းနေရတုန်း ကြိုက်လွန်းလို့ သွေးပေါင်တွေတက်တဲ့အထိ သီပေါမင်း ခဏခဏစားခဲ့လေ့ရှိတဲ့ ဟင်းတခွက်ကို ရတနာဂီရိရဲ့ ဟိုးအရှေ့တောင်ဖက်ယွန်းယွန်းဆီက ကျွန်းပိစိကလေးပေါ်မှာ ကျနော်လည်း စားခဲ့တယ်…၊


ခြင်္သေ့ကျွန်းကလေးကတော့ လွန်ခဲ့တဲ့တနှစ်က အတိုင်း မပြောင်းမလဲပါပဲ၊ ပူပြင်းတဲ့ နေရောင်အောက်မှာ မလှုပ်မယှက်ရပ်နေကြတဲ့ မိုးမျှော်တိုက်တာတွေ အစီအရီနဲ့…၊ ထို့အတူပဲ အဲဒီတိုက်တာတွေကြားမှာ ကျင်လည်နေထိုင်ကြတဲ့ ချစ်ခင်ရသော မိတ်ဆွေတွေကလည်း အရင်အတိုင်း မပြောင်းမလဲပါပဲ၊ ကျနော်သိကျွမ်းဖူးတဲ့ လူအရေအတွက် နည်းသွားတာကလွဲရင် ခင်မင်ဖော်ရွေမှုကတော့ တကယ့်ကိုပဲ အရင်အတိုင်း တည်တံ့ခိုင်မာစွာ ထုနဲ့ထည်နဲ့ ရှိနေဆဲ…၊ အဲဒါကြောင့်လည်း ကျယ်ပြောပါတယ်ဆိုတဲ့ နေရာတွေအများကြီးကို ကျော်ပြီး ဟောဒီကျွန်းသေးသေးလေးဆီကိုပဲ ကျနော် ဒုတိယမ္ပိ ထပ်ရောက်ဖြစ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ…။ ။


ညီလင်းသစ်
၂၅ ဇွန်၊ ၂၀၁၄

16 June 2014

လူကျွံဘော...


ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ စပြီဆိုရင်ပဲ လူကျွံဘောနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာတွေက တပါတည်း တွေ့လာရတော့တာ ပါပဲ၊ လူကျွံဘောဆိုတာက ထိထိမိမိသာ အသုံးချတတ်မယ်ဆိုရင် ကိုယ့်အသင်းရဲ့ ဂိုးပေါက်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်၊ အများအားဖြင့် အလယ်တန်း၊ ဒါမှမဟုတ် တောင်ပံကနေ အဝေးကန်ဘောတွေ ဖြတ်တင်ပေးတဲ့အခါမှာ လူကျွံဘော ဖမ်းကစားတတ်ကြတယ်၊ အထူးသဖြင့် လျင်မြန်ပြီး အပြေးသန်တဲ့ ရှေ့တန်းတိုက်စစ်မှူးတွေကို ဟန့်တားရာမှာ လူကျွံဘောက အတော်လေးအသုံးတည့် ပါတယ်၊

မြန်မာ့ဘော်လုံးလောကမှာ တခေတ်တခါတုန်းကတော့ လူကျွံဘော ဖမ်းကစားတာကို အရည်အချင်းတရပ်လို့ မမြင်ကြပါဘူး၊ ပွဲတပွဲမှာ နောက်တန်းလူတွေ နှစ်ခါသုံးခါလောက် လူကျွံဘော ဖမ်းကစားလိုက်တာနဲ့ “အာ… ဒီကောင်တွေတော့ လုပ်လာပြီ၊ ဟိုဖက်တိုက်စစ်မှူးကို မလှုပ်နိုင်အောင် ကပ်ကစားမယ်၊ မလိမ်မခေါက်နိုင်အောင် ပိတ်ကစားမယ်ဆိုတာ မရှိဘူး၊ ထစ်ကနဲရှိ လူကျွံဘော ဖမ်းဖို့ပဲ သိတယ်၊” စသဖြင့် ပြောတတ်ကြပါတယ်၊ ဘော်လုံးကိုယူဖို့ အင်နဲ့အားနဲ့ ပြေးထွက်လာတဲ့ တိုက်စစ်မှူးက စည်းကြပ်ဒိုင်ရဲ့ အလံနဲ့အတူ ကွင်းလယ်ဒိုင်ရဲ့ ခရာမှုတ်သံအောက်မှာ ဆန့်ငင်ဆန့်ငင်နဲ့ ရပ်လိုက်ရတော့ ပွဲကြည့်ပရိတ်သတ်အနေနဲ့ မချင့်မရဲ ဖြစ်တာလည်း ပါမှာပေါ့လေ၊ ဘယ်လိုပဲဖြစ်ဖြစ် လူကျွံဘောဖမ်းဖို့ ဆိုတာ နောက်တန်းလူတွေက တတန်းထဲရပ်ပြီး တညီတညာထဲ တက်နိုင်ဆုတ်နိုင်မှ ရတာပါ၊ အဲဒီထဲမှာ တစ်ယောက်လောက်ရဲ့ ခြေထောက်ဖြစ်ဖြစ်၊ ပုခုံးဖြစ်ဖြစ်က ကျွံထွက်ပြီး ကျန်ခဲ့လို့ကတော့ ပြီးပြီပဲ၊ လူကျွံဘော အထမမြောက်တော့ဘဲ ဟိုဖက်တိုက်စစ်မှူးအတွက် အဆီးအတားမရှိ ဂိုးသမားနဲ့ တယောက်ချင်းကန်သွင်းဖို့ အခွင့်ရသွားလိမ့်မယ်၊ ကျနော်ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ မြန်မာအသင်းတွေရဲ့ လူကျွံဘောတွေမှာတော့ တဖက်အသင်းရဲ့ တိုက်စစ်မှူးက သိသိသာသာကြီး ကျွံထွက်နေတာမျိုးတွေ အတွေ့ရများပေမယ့် ဒီဖက်ခေတ် ပွဲတွေမှာတော့ တကယ့်ကို မဆိုစလောက်ကလေး၊ ပုခုံးစွန်းလေးဖြစ်ဖြစ်၊ လက်ဖမိုးလေးဖြစ်ဖြစ်လောက်ပဲ ကျွံနေကြတာ တွေ့ရတယ်၊ စင်တီမီတာ စကေးလ်လောက်ပဲ ရှိလိမ့်မယ်…၊

အခြားသော အရာများစွာလိုပဲ ဘော်လုံးရဲ့ အရွေ့နဲ့ ကစားကြပုံတွေက ပြောင်းလဲလာတော့ လူကျွံဘောဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့ အချက်ကလည်း မကြာခဏဆိုသလို အငြင်းပွားစရာ ဖြစ်လာရတယ်၊ လူကျွံဘော ဖြစ်မဖြစ်ကို ကြည့်ပေးရတဲ့ စည်းကြပ်ဒိုင်အတွက် အထောက်အကူဖြစ်အောင် ဘော်လုံးကွင်း မြက်ခင်းကို အစင်းကျားရိတ်ပေးတာမျိုး၊ နည်းပညာကို အသုံးချပြီး ကင်မရာတွေနဲ့ ပြန်ကြည့်တာမျိုး စတာတွေ လုပ်ပေမယ့်လည်း ပွဲကစားနေတုန်း စက္ကန့်ပိုင်းအတွင်းမှာ ဆုံးဖြတ်ရတာမို့ အမှားအယွင်းတွေကတော့ ဆက်ပြီးရှိနေဦးမှာ ပါပဲ၊

ကမ္ဘာ့ဖလားပွဲနဲ့ တိုက်ဆိုင်စွာပဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာလည်း လူကျွံဘောတွေ အများကြီးတွေ့နေရတယ်၊ ဒီလို နိုင်ငံရေး လူကျွံဘောဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး၊ ဆယ်စုနှစ်တွေ အများကြီးချီပြီးတော့ကို အမြစ်တွယ်နေတဲ့ ဓလေ့လိုဖြစ်နေပြီ၊ ဒါပေမယ့် ကျွံပုံကျွံနည်းတော့ ကွာလာတယ်၊ ဟိုးအရင်တုန်းကတော့ ကျွံတာက သိသိသာသာကြီး ကျွံတာမျိုး၊ တယောက်ထဲ ကျွံတာတင်မကဘဲ အုပ်စုလိုက်၊ အသင်းလိုက်အဖွဲ့လိုက်ကို အတုံးလိုက်၊ အတစ်လိုက်ကြီး ကျွံနေကြတာ…၊ ပြောရရင် လူပြိန်းကျွံနည်းပေါ့…၊ ရွာဘော်လုံးပွဲမှာ ဝင်ကစားတဲ့ လူမိုက်လို “ဟေ့.. ငါလူကျွံတယ်၊ ဘယ်ကောင် ဘာပြောချင်လဲ” ဆိုတဲ့ ပုံစံမျိုး…၊ ဒီဖက်ခေတ်မှာကျတော့ ကစားပုံတွေက ပိုပြီးရှုပ်ထွေးလာသလို စင်တီမီတာသာသာလောက်ပဲ ကျွံတာမျိုးတွေနဲ့ ဆက်ရွေ့လာတယ်၊ တချို့လူကျွံဘောတွေဆို တကယ့်ကို ပါးပါးလေးတွေ…၊ ကျွံလို့ကျွံနေမှန်း မသိလိုက်ဘဲ ဂိုးပေးလိုက်ရတဲ့ အဖြစ်တွေ အများကြီးရှိပါတယ်၊ မြန်ဆန်ပြီး အကွက်စိပ်တဲ့ မြန်မာ့နိုင်ငံရေး တိုက်စစ်တွေကြားမှာ ဘယ်ဟာကလူကျွံဘော ဖြစ်တယ်၊ ဘယ်ဟာကတော့ ဖြစ်မှန်းမသိအောင် ဖောက်ထွက်ဖို့ ကြိုးစားနေတယ်ဆိုတာ သေသေချာချာကို မျက်ခြေမပြတ် ကြည့်ထားနိုင်မှ သိမှာပါ၊ မဟုတ်ရင်တော့ ပွဲပြီးသွားမှ သိလိုက်ရတဲ့အခါ မချိတင်ကဲ ဖြစ်ကျန်ခဲ့ရုံကလွဲလို့ ပြင်ဖို့ဆိုတာကတော့ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး…။ ။


ညီလင်းသစ်
၁၆ ဇွန်၊ ၂၀၁၄

12 June 2014

ရွာပါစေလေ...


ဘလော့ဂ်မှာ စာရေးသားခြင်းနှင့် ကင်းကွာနေခဲ့သည့် ကာလများအတွင်းက ကျနော် မကြာခဏ နားထောင်နေဖြစ်သည့် သီချင်းကလေးတပုဒ်အကြောင်း ပြောပြချင်ပါသည်။ သီချင်းကလေးက နိုင်ငံတကာ ဈေးကွက်တွေမှာ ထင်ရှား၊ လူသိများလှသည့် နာမည်ကြီး သီချင်းတော့ မဟုတ်၊ ဆွစ်တေးဂီတအဖွဲ့ တဖွဲ့ဖြစ်သည့် Gotthard အဖွဲ့၏ သီချင်းဖြစ်သည်၊ ဆွစ်ဇာလန်နိုင်ငံမှ တေးဂီတအဖွဲ့များသည် နိုင်ငံတကာဈေးကွက်တွင် ကမ္ဘာနှင့်ချီပြီး ထင်ရှားသည့်အဖွဲ့မျိုး မရှိသလောက် ရှားပါသည်၊ အလွန်ဆုံး ဥရောပနိုင်ငံများ အကြားတွင် ကြားဖူးနားဝ ရှိတာမျိုးလောက်ပဲ ဖြစ်ချင်ဖြစ်မည်၊ သည်ကြားထဲ ပြင်သစ်လို သီဆိုသည့် အဖွဲ့တွေ၊ ဂျာမန်လို သီဆိုသည့်အဖွဲ့တွေနှင့် ကွဲနေလိုက်သေးသည်၊ ဤသို့သော အကြောင်းအချက်တွေ ကြားထဲကမှ အင်္ဂလိပ်လို သီဆိုထားသော အဆိုပါ သီချင်းကလေးကို ကြားမိခဲ့ခြင်း ဖြစ်ပါသည်၊ သီချင်းကလေး နာမည်က "Let it rain" တဲ့…၊

ကျနော် အလုပ်လုပ်သော ဓာတ်ခွဲခန်းတခုထဲမှာ ရေဒီယိုလေး တလုံးရှိသည်၊ တိတ်ဆိတ်သော ဓာတ်ခွဲခန်းထဲမှာ ကိုယ့်အာရုံနှင့်ကိုယ် အလုပ်လုပ်ရင်း ရေဒီယို နားထောင်ရခြင်းကို ကျနော် နှစ်သက်ပါသည်၊ သို့နှင့် ရေနမူနာများကို ပီအိပ်ခ်ျတိုင်းဖို့ လုပ်နေသော နေ့လယ်ခင်းတခုမှာ "Let it rain" သီချင်းကလေးကို ရေဒီယိုမှ အမှတ်မထင် ကြားလိုက်မိခဲ့ခြင်း ဖြစ်သည်၊ Gotthard အဖွဲ့၏ ပင်တိုင်အဆိုတော် Steve Lee ၏ အက်ရှရှအသံနှင့်အတူ Let it rain သီချင်းက ကျနော့်ကို တခဏချင်းမှာ ဖမ်းစားလိုက်သည်၊ လုပ်လက်စအလုပ်ကို ခဏလေးချထားလိုက်ပြီး နားစိုက်ထောင်လိုက်တော့ Let it rain ထဲမှာ ကျနော့် တကိုယ်လုံး “စို” သွားတော့သည်၊ "♫♪ နာကျင်ပင်ပန်းရမှုတွေဟာ ငါတို့ အရှုံးပေး ထွက်ပြေးရလောက်အောင်တော့ မဟုတ်သေးပါဘူး… ♪♪♫”

"Let it rain, let it rain xxx till the sun comes back again" တဲ့၊ စတိဗ်က ဆိုသွားခဲ့သည်၊ ကျနော်တို့ဘဝတွေထဲက မိုးထဲရေထဲ ရွှဲရွှဲစိုနေခဲ့သော နေ့ရက်များကို သတိရစရာ၊ ဘယ်တော့မှတိတ်မှာ မဟုတ်ပါဘူးဟု ထင်ရလောက်အောင် တဖွဲဖွဲနှင့် မရပ်မနား ရွာနေခဲ့သော နေ့တွေ…၊ ထို့အတူ တအုံးအုံး တဒိုင်းဒိုင်းနှင့် ထစ်ချုန်း၊ အုံ့မှိုင်းပြီး လျှပ်ပန်းလျှပ်နွယ်တို့ဖြင့် သိပ်သည်းနေခဲ့သော နေ့တွေ…၊ ထိုသို့သော မိုးနေ့များ ကျနော်တို့အားလုံးမှာ ရှိခဲ့ဖူးပါ လိမ့်မည်၊ ကံမကောင်းသော နေ့ရက်များ၊ နာကျင်ညည်းတွား နေရသော နေ့ရက်များကို ဖြတ်သန်းနေစဉ်မှာ လောကသည် မှောင်မိုက်လွန်းလှသည်၊ အလင်းရောင်လေးသော်မှ မမြင်ရသော လှိုဏ်ခေါင်းများသည် ကျနော်တို့အားလုံးအဖို့ ရှည်လျားလှပါသည်၊ သို့သော် ဘယ်လောက်ပဲရှည်လျားရှည်လျား၊ ဘယ်လောက်ပဲ မှောင်မိုက်မှောင်မိုက် အဆုံးမှာတော့ နေရောင်ခြည်တန်းတို့ ပြန်ရောက်လာရစမြဲ…၊ မိုးရေတို့ဖြင့် စိုစွတ်အေးခဲ နေခဲ့သော လမ်းတို့က နွေးထွေးလင်းချင်းသော နေရောင်အောက်မှာ လျှောက်ချင့်စဖွယ် ပြန်ပြီး ဖြစ်လာရစမြဲ…၊ အရေးကြီးသည်က နေအလင်းပွင့်လာမည့် ထိုအချိန်တိုင် စောင့်နိုင်ဖို့ မြဲမြံခိုင်ကျည်သော စိတ်ဓာတ်ဖြစ်သည်၊

အကြောင်းတိုက်ဆိုင်၍ တခါက ကြည့်ဖူးခဲ့သော Best Exotic Marigold Hotel ဆိုသော ရုပ်ရှင်ကားလေးကို သတိရမိပါသည်၊ နောက်ကြောင်းကိုယ်စီ ရှိကြသော အင်္ဂလိပ်ခရီးသွားတို့ အိန္ဒိယနိုင်ငံက ဟိုတယ်တစ်ခုမှာ လာဆုံကြသည့် ဇတ်လမ်းဖြစ်သည်၊ ဟိုတယ်က ဆောက်လက်စတန်းလန်း၊ နေရေးထိုင်ရေးက အဆင်မပြေ၊ သို့သော် ဟိုတယ်ပိုင်ရှင် အိန္ဒိယကောင်လေးက ပျော်ပျော်နေတတ်ပြီး အရာရာကို အကောင်းဖက်ကနေ ကြည့်တတ်သူဖြစ်သည်၊ ထိုကောင်လေး ပြောလေ့ရှိသော စကားလေးတစ်ခွန်းက "Everything's gonna be alright at the end. If it is not alright, then it's not the end" ဟု ဖြစ်သည်၊ “အရာရာဟာ နောက်ဆုံးမှာ အဆင်ပြေသွားပါလိမ့်မယ်၊ အကယ်၍ အဆင်မပြေဘူး ဆိုရင် အဲဒါနောက်ဆုံး မဟုတ်သေးဘူး” ဆိုသော စကားလေးက ကြားရသူတိုင်းအဖို့ 'မင်းပဲ အပြောကောင်း' ဟုဆိုကာ ပြုံးချင်စရာ…၊ သို့သော် အသေအချာ တွေးကြည့်တော့လည်း ထိုစကားစုလေးက မမှားပါ၊ နောက်ဆုံးမှာတော့ အရာတိုင်းဟာ အဆင်ပြေသွားမှာပဲ မဟုတ်လား…၊ နာကျင်မှုတိုင်းအတွက် သက်သာခြင်းအခွင့် ရှိသလို ငိုကြွေးခဲ့ရသော မျက်ဝန်းတိုင်းအတွက်လည်း ပြုံးရယ်နိုင်သော ပါးစပ်တစ်ခု ရှိတာ သေချာပါသည်၊

မိုးတွေရွာနေသည့်တိုင် နေရောင်ခြည်တွေ ပြန်လာမှာပါဟု ပြောခဲ့သော Gotthard အဖွဲ့သား စတိဗ်ကတော့ ကံမကောင်းခဲ့ရှာပါ၊ ၂၀၁၀ ခုနှစ်က အမေရိကားတခွင်မှာ ဂီတဖျော်ဖြေပွဲလှည့်နေတုန်း ယာဉ်တိုက်မှုဖြစ်ကာ ကွယ်လွန်သွားခဲ့သည်၊ နီဗားဒါးပြည်နယ်အနီးက အဝေးပြေးလမ်းဘေးမှာ ခဏတာရပ်တန့် နားနေခိုက် ဖြတ်မောင်းသွားသည့် ကုန်ကားတစီးက ရပ်ထားသည့် သူ့ဆိုင်ကယ်ကို တိုက်မိပြီး ထိုမှတဆင့် ဆိုင်ကယ်ကသူ့ကိုပါ တိုက်ချသွားခဲ့ခြင်း ဖြစ်သည်၊

ဘဝက တကယ့်ကိုပဲ တိုပါသည်၊ သို့သော် ထိုဘဝတိုတိုလေးကိုပင် ကျနော်တို့ မေ့လျော့ပြီး စိတ်ပျက်အားငယ်၊ လက်မှိုင်ချ နေမိသည့် အကြိမ်များစွာ ရှိချင်ရှိနေပြန်သည်၊ စတိဗ် ဆိုသွားခဲ့သလို "Who did say this life will last forever" ဟု မကြာခဏ ကိုယ့်ကိုယ်ကို ပြန်မေးရမတတ်ပင်…၊ မရပ်မနား ရွာသွန်းတတ်သည့် မိုးများနှင့် ကြုံသည့်အခါ ကျနော်တို့၏ စိတ်ဓာတ်များ မိုးရေအောက်မှာ တိုက်စား၊ ဝါးမြိုခြင်း မခံရစေရန် သတိရှိဖို့လိုသည်၊ မိုးစဲသွားသည့် လင်းအရုဏ်နှင့်အတူ နွေးထွေးသည့် နေရောင်ခြည်တန်းများ ဖြာကျနေသော နေ့သစ်များ ကျနော်တို့အတွက် အခိုင်အမာ ရှိနေကြောင်း အမှတ်ရကြဖို့ လိုသည်၊ ပြီးတော့ သီချင်းအဆုံးသတ်မှာ "Have faith in love and please don't cry" ဟု စတိဗ် ဆိုခဲ့သလို ချစ်ခြင်းမေတ္တာအပေါ် ရိုးသားစွာပဲ ယုံကြည်ကြမည်၊ ထိုယုံကြည်မှုကပဲ ကျနော်တို့၏ မျက်ရည်များကို ရပ်တန့်စေလိမ့်မှာ ဖြစ်ပါသည်…။ ။



Video credit: Satyajit Karmakar on Youtube


ညီလင်းသစ်
၁၂ ဇွန်၊ ၂၀၁၄