25 June 2014

ဒုတိယမ္ပိ ခြင်္သေ့လည်ပြန်...


ခြင်္သေ့ကျွန်းကလေးကို ဒုတိယအကြိမ် သွားခဲ့တာ ပြန်ရောက်လို့ ရက်ပေါင်းများစွာ ကြာပြီးမှပဲ အဲဒီအကြောင်းကို တကယ်ချရေးဖြစ်တော့တယ်၊ ဒါပေမယ့် တစ်ဖက်ကကြည့်တော့လည်း လေယာဉ်လက်မှတ်ကို ဝယ်ထားပြီး ၇ လကျော် ကြာမှပဲ လေယာဉ်ကို တကယ်စီးဖြစ်ခဲ့တာဆိုတော့ ခရီးစဉ်တစ်ခုမှာ စောင့်ဆိုင်းရတာတွေက Before ရော၊ After ရောအတွက် အကျုံးဝင်တယ်လို့ပဲ ဆိုရမလား မသိ…၊ လေယာဉ်လက်မှတ်က ပရိုမိုးရှင်းကာလ ဈေးချရောင်းနေချိန်မှာ ဝယ်ဖြစ်လိုက်တာပါ၊ ဟိုအရင် ပို့စ်တစ်ခုမှာ ကျနော်ရေးခဲ့သလိုပဲ၊ ပုံမှန်ဈေးထက် တဝက်လောက် နည်းတဲ့လက်မှတ်ကို တွေ့တာနဲ့ မရည်ရွယ်ထားပါဘဲ ဒီခရီးလေးကို စီစဉ်ဖြစ်သွားခဲ့တယ်၊ စင်္ကာပူလေကြောင်းက ကျနော့်အိမ်နဲ့ ပိုနီးတဲ့ ဂျီနီဗာ လေဆိပ်မှာ မဆိုက်ပါဘူး၊ ၃ နာရီလောက် ရထားနဲ့သွားရတဲ့ ဇူးရစ်မြို့ကနေပဲ ထွက်ပါတယ်၊ အဲဒါကြောင့် မနက် ၁၀ နာရီခွဲမှာထွက်မယ့် လေယာဉ်ကိုစီးဖို့အတွက် အိမ်ကနေ မနက် ၅ နာရီမှာ စ,ထွက်ရတယ်၊ ဒီလိုနဲ့ ဆောင်းတွင်းရဲ့ အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ မြူခိုးဝေဝေ မနက်ခင်းလေးတစ်ခုကို ပုခုံးမှာလွယ်ပိုးရင်း မိတ်ဆွေတွေ ရှိရာဆီကို ကျနော်ထွက်လာ ခဲ့တော့တယ်…၊


အနောက်ကနေ အရှေ့ကိုသွားရတဲ့ ၁၂ နာရီကြာခရီးမှာ လေယာဉ်ပေါ်မှာပဲ မိုးချုပ်ပါတယ်၊ ကျနော့်အရှေ့က တီဗီကလေးရဲ့ မျက်နှာပြင်ပေါ်မှာတော့ ထုနဲ့ထည်နဲ့ စောင့်ကြိုနေတဲ့ အမှောင်ထုထဲကို လေယာဉ်ကလေးက တရွေ့ရွေ့ ဝင်တိုးနေလေရဲ့…၊ ခရီးဆုံးဖြစ်တဲ့ ကျွန်းကလေးပေါ်မှာတော့ အာဂန္တုကျွန်းသားတွေက အိပ်မောကျနေကြရောပေါ့…၊


မနက်အစောကြီး ဝေလီဝေလင်းမှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နားကနေ ဖြတ်ပျံတော့ A380 Airbus ထဲမှာ အိမ်လွမ်းစိတ်လေး တရိပ်ရိပ်တက်လာခဲ့တယ်၊ ကြိုးကြာငှက်တွေရဲ့ ပျံသန်းမှုမျိုးနဲ့ဆို ရန်ကုန်က ကျနော့်ရဲ့ အောက်ဖက်နားမှာ နီးနီးကလေးရယ်…၊ တဆက်ထဲမှာ MH370 ကိုလည်း သတိရသွားတယ်၊ ဒီလေယာဉ်ကြီး ပျောက်သွားခဲ့တာက ပူပူနွေးနွေးပဲ ရှိသေးတဲ့အချိန်၊ အခုနေသာ ကျနော်စီးနေတဲ့ လေယာဉ်လည်း ညာဖက်ကို ချိုးချလိုက်မယ်ဆိုရင် MH370 ပျံသန်းခဲ့တယ်ဆိုတဲ့ လမ်းကြောင်းထဲကို ရောက်သွားမှာပဲ၊ MH370 ရဲ့နောက်ဆုံးအချိန်မှာတော့ ကိုယ့်ရှေ့က တီဗီကို ကျနော့်လိုမျိုး အေးအေးသက်သာ ထိုင်ကြည့်နေတဲ့သူ ရှိခဲ့မယ် မထင်ဘူး၊ အဲဒီလေယာဉ်ပေါ်က ခရီးသည်တွေရဲ့ နောက်ဆုံးအချိန်ကို ကိုယ်ကိုယ်တိုင် လေယာဉ်တစင်းပေါ်မှာ လိုက်ပါသွားရင်း စဉ်းစားကြည့်တဲ့အခါ အတော့်ကို ထိတ်လန့်ကြေကွဲစရာ ကောင်းလှတယ်…၊


ခရီးရောက်မဆိုက် Jurong ငှက်ဥယျာဉ်ကို သွားလည်ဖြစ်တယ်၊ ငှက်ကြီးဝံပိုတွေ၊ ငှက်ကြီးတုံးစပ်တွေနားမှာ ဒီပုံလေးရိုက်ဖြစ်ပါတယ်၊ ငှက်ချင်းတူပေမယ့် တချို့က ကင်မရာမှန်ဘီလူးရှေ့မှာ တောင်ပံတဖြန့်ဖြန့်နဲ့ ချီချီကြွကြွ၊ တချို့ကတော့ ရပ်တန့်ငေးမောရတဲ့ ပရိတ်သတ်သက်သက်…၊


ငှက်ရုံတခုရှေ့မှာ တွေ့မိတဲ့ ဒီပန်းပုရုပ်ကို သဘောကျလို့…၊ ပလာစတာရုပ်တု ထင်တာပဲ၊ သဘောကျတာက သူ့ရဲ့အပြုံးကိုပါ၊ အာဖရိကတို့၊ အိန္ဒိယတို့က ကျေးလက်တွေမှာ ရေခပ်ပြန်လာတဲ့ ကလေးမလေးတွေ ရှိပါရောလား၊ လမ်းမှာ တခါတလေ တိုးရစ်တွေနဲ့တိုးလို့ ဓာတ်ပုံတွေဘာတွေ အရိုက်ခံရတဲ့အခါ အဲဒီလိုကလေးမလေးတွေ ပြုံးလေ့ရှိတဲ့ အပြုံးမျိုး…၊ ကိုယ့်ကိုချိန်ထားတဲ့ ကင်မရာကြီးရှေ့မှာ ပြုံးတာတော့ ကြိုးစားပြုံးတာပဲ၊ ဒါပေမယ့် ရှက်ရွံ့ဟန်လေးစွက်နေတဲ့ အပြုံးမျိုး…၊း)


ခပ်လှမ်းလှမ်းမှာ ချကျွေးထားတဲ့ ငှက်ပျောသီးတွေကို ချောင်းနေတဲ့ ဒီငှက်ကလေးရဲ့ ဖျတ်လတ်နိုးကြားမှုနဲ့ ပတ်ဝန်းကျင်အပေါ် သတိနဲ့ နေပုံကို သဘောကျမိတယ်၊ သူ့ခြေထောက်က ကိုယ်ပိုင်နံပါတ်ကွင်း ကလေးသာမပါရင် ဓာတ်ပုံက ပိုပြီးသဘာဝ ကျမှာပါ၊


“ အချစ် ဆိုသည်မှာ ”…၊


♫♫♪ အဆွေးဆုံးအတွေးများ ငါခံစား မင်းသိမှာပါ xxxxx ငါလေ တယောက်ထဲ အထီးကျန်… ♪♪♫


အောက်ချင်း၊ ကြက်တူရွေး၊ ကတ္တဝါ စတဲ့ငှက်တွေနဲ့ပြတဲ့ High Flyers Show နဲ့ စွန်၊ သိမ်း၊ ဇီးကွက် စတဲ့အသားစား ငှက်တွေနဲ့ပြတဲ့ Kings of the Skies Show နှစ်ခုကိုလည်း ကြည့်ဖြစ်ခဲ့ပါတယ်…၊


ပင်နီဆူလာကတော့ မရောက်လို့ ဘယ်ဖြစ်မလဲ…၊ လူတွေ သိပ်မများသေးတဲ့ ပင်နီဆူလာရဲ့ မနက်ခင်းတွေဟာ တမျိုးလေး နှစ်လိုဖွယ်ကောင်းတယ်၊


ဘယ်သူနဲ့မှ ချိန်းထားတာမရှိတဲ့အတွက် ပင်နီဆူလာရဲ့ အထပ်တိုင်းကိုတက်ပြီး ဆိုင်ခန်းအားလုံးကို ကျနော် အေးအေးလူလူ လျှောက်ကြည့်ဖြစ်ပါတယ်၊ တနေရာမှာတော့ ဟောဒီဆံပင်ညှပ်ဆိုင်ကို သဘောကျလို့ ရပ်ကြည့်နေမိတယ်၊ ဒီကျွန်းကလေးပေါ်က မြန်မာတွေအတွက် ဝန်ဆောင်မှုကတော့ ဆံပင်ညှပ်ဆိုင်ကအစ ရှိတာကိုး…၊ ဆံပင်ညှပ်ဆိုင်မှ မြန်မာလိုတောင် မဟုတ်ဘူး၊ မွန်လိုကော ရှမ်းလိုကော တွေ့မိတယ်၊ ဆံပင်ညှပ်ဆိုင်ရှေ့မှာ ခြေသည်းထိုင်ညှပ်နေတဲ့ အမကြီးက သူ့ဆိုင်ကိုရပ်ကြည့်နေတဲ့ ကျနော့်ကို ဆံပင်ညှပ်မယ့်သူလို့ ထင်သွားလား မသိဘူး၊ “ဘယ်လိုပုံစံ ညှပ်ချင်လဲ မောင်လေး၊ ဒီဇိုင်းမျိုးစုံ ရှိတယ်၊ လာလေ…” လို့ လှမ်းခေါ်တယ်၊ ကျနော်ကလည်း “ဆံပင်တော့ မညှပ်တော့ပါဘူး အမရယ်၊ ဖြစ်နိုင်ရင် အမရဲ့ဆိုင်ကို အမှတ်တရ ဓာတ်ပုံတပုံလောက်ပဲ ရိုက်ချင်တာပါ၊ ရမလားခင်ဗျ” လို့ မေးပြီး ဟောဒီပုံလေးကို ရိုက်ခဲ့လိုက်တယ်…၊


ပင်နီဆူလာမှာ ဟိုတခေါက်လာကတည်းက သတိထားမိပြီး သဘောကျနေခဲ့တာ တခုရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ စက်လှေကားတွေမှာ ကပ်ထားတဲ့ ဟောဒီစာတန်းပါ၊ ကျေးဇူးပြု၍ ဘေးကပ်ရပ်ပါ-တဲ့၊ ကြည့်တော့ သူ့စက်လှေကားကဖြင့် ကျဉ်းကျဉ်းလေးရယ်…၊ တယောက်နဲ့တယောက် အလွယ်တကူ ကျော်တက်လို့ရမှာ ကျနေတာပဲ၊ ကျနော်လိုက်ကြည့်မိသလောက်လည်း ဘယ်သူမှ လှေကားပေါ်မှာ ဘေးကနေ အတင်းဖြတ်မတက်ကြပါဘူး၊ တယောက်ပဲရပ်စီးလို့ရတဲ့ စက်လှေကားမှာ အားလုံးလိုလိုကလည်း တယောက်စီပဲ ရပ်စီးကြတာပါပဲ၊း) ဒါမှမဟုတ် စက်လှေကားထိပ်မှာ ပိတ်မရပ်ပါနဲ့ လို့များ ပြောချင်သလားပဲ၊ စက်လှေကားပေါ်မှာ ကပ်ထားတာဖြစ်တဲ့အတွက် ကျနော်ကတော့ စက်လှေကားစီးရင် ဘေးကပ်ရပ်ဖို့ ပြောတာလို့ပဲ နားလည်မိတာပါပဲ…၊ (တကယ့်အမှန်ကတော့ စက်လှေကားစီးရင် ဘေးအစွန်းနား သိပ်မကပ်ပါနဲ့လို့ သတိပေးထားတာပါ…)းD


ပင်နီဆူလာရဲ့ ဝင်ပေါက်ညာဖက်မှာ Fujifilm ဆိုတဲ့ ဓာတ်ပုံဆိုင်တဆိုင် ရှိပါတယ်၊ ဆိုင်ရှေ့ ကျနော်ဖြတ်တော့ “ဘာလိုချင်လဲ၊ ဘာရှာလဲ၊ ကြည့်ပါ” လို့ ဝန်ထမ်းတယောက်က လှမ်းခေါ်တယ်၊ ကျနော်က လှည့်တောင်မကြည့်ပါဘူး၊ ဒါပေမယ့် နောက်တခေါက် ဖြတ်ချိန်မှာ ပုံထဲက ဟောဒီချာတိတ်က ပုခုံးမှာလွယ်ထားတဲ့ ကျနော့်ကင်မရာကို ငုံ့ကြည့်ပြီး “ဘာမှန်ဘီလူး တပ်ထားတာလဲ” လို့ စိတ်ဝင်တစားနဲ့ မေးတယ်၊ ကျနော်က 16-35 mm လို့ ဖြေလိုက်တော့ “ဟား...ကောင်းတာပေါ့၊ Version 2 ထင်တယ်နော်” ဆိုပြီး စကားဆက်တယ်၊ ကျနော်က “ဟုတ်တယ်၊ Version 2” ဆိုပြီး စကားထောက်ပေးလိုက်တော့ “16-35 mm ကို ဘယ်လိုကင်မရာမျိုးမှာ တပ်သုံးနေပါလိမ့်” ဆိုပြီး ဆက်လာပြန်တယ်၊ အဲဒီလို သူတခွန်း၊ ကိုယ်တခွန်းနဲ့ ပြောနေလိုက်တာ သတိထားမိချိန်ကျတော့ ကျနော်က သူ့ဆိုင်ထဲကို ရောက်ပြီးသား ဖြစ်နေရော…၊ ဒီလူငယ်လေးက သူဈေးရောင်းချင်တာကို ရှေ့တန်းမတင်ဘဲ ကျနော်နဲ့ ဓာတ်ပုံအကြောင်း၊ ကင်မရာပစ္စည်းတွေအကြောင်း အတော်ကြာကြာ ပြောပြီးမှ ကျနော်ဘာလိုအပ်နေလဲ ဆိုတာကို သိအောင်လုပ်ယူခဲ့တယ်၊ ကျနော်က “မင်း အတော့်ကို ပါးနပ်တဲ့ကောင်ပဲ၊ မကြာခင် ဆိုင်မန်နေဂျာ ဖြစ်လိမ့်မယ်ထင်တယ်” လို့ ပြောလိုက်တော့ ရှက်ကိုးရှက်ကန်းနဲ့ သူ မနေတတ်ဘူး ဖြစ်သွားတယ်၊ သူ့ရဲ့ ဈေးရောင်းနည်းကို သဘောကျသွားလို့ ကျနော်လည်းသူ့ဆိုင်ကနေ မှန်ဘီလူး filter တွေ၊ LCD ဖုံးတဲ့ film တွေ ဝယ်ဖြစ်သွားတယ်၊ သူ့နာမည်က Kelbim လို့ခေါ်ပါတယ်၊ မလေးရှားကနေ အလုပ် လာလုပ်တာ၊ ပင်နီဆူလာနဲ့ မနီးမဝေးမှာ အခန်းလေးတခန်း ယူထားပြီး စနေ၊ တနင်္ဂနွေကျမှ မလေးကို ပြန်တယ်၊ အသက် ၂၅ နှစ်မှာ အလုပ်တော်တော်များများ လုပ်ဖူးနေခဲ့ပြီ၊ အားလပ်ရက်တွေမှာ စင်္ကာပူနဲ့ယှဉ်ရင် ဈေးသက်သာတဲ့ ဖူးခက်ကို သွားလည်ရတာ သဘောကျတဲ့ မလေးလူငယ်လေးက ကျနော်ထွက်လာချိန်မှာတော့ ခြင်္သေ့ကျွန်းကလေးရဲ့ လူနေမှုစရိတ် မြင့်မားတဲ့အကြောင်း ညည်းတွားပြီး ကျန်ခဲ့လေရဲ့…၊


“အင်းလေး” မှာ စားဖြစ်ခဲ့တဲ့ ချဉ်ပေါင်ကြော် တခွက်…၊ ချဉ်ပေါင်ဟာ ဘယ်အချိန်ပြန်တွေ့တွေ့ ချဉ်ပြုံးချဉ်ပြုံးနဲ့ အရင်တုန်းကလို အရသာရှိဆဲ…၊း)


ရတနာဂီရိမှာ အိမ်နိမ့်စံဘဝနဲ့ ဖြတ်သန်းနေရတုန်း ကြိုက်လွန်းလို့ သွေးပေါင်တွေတက်တဲ့အထိ သီပေါမင်း ခဏခဏစားခဲ့လေ့ရှိတဲ့ ဟင်းတခွက်ကို ရတနာဂီရိရဲ့ ဟိုးအရှေ့တောင်ဖက်ယွန်းယွန်းဆီက ကျွန်းပိစိကလေးပေါ်မှာ ကျနော်လည်း စားခဲ့တယ်…၊


ခြင်္သေ့ကျွန်းကလေးကတော့ လွန်ခဲ့တဲ့တနှစ်က အတိုင်း မပြောင်းမလဲပါပဲ၊ ပူပြင်းတဲ့ နေရောင်အောက်မှာ မလှုပ်မယှက်ရပ်နေကြတဲ့ မိုးမျှော်တိုက်တာတွေ အစီအရီနဲ့…၊ ထို့အတူပဲ အဲဒီတိုက်တာတွေကြားမှာ ကျင်လည်နေထိုင်ကြတဲ့ ချစ်ခင်ရသော မိတ်ဆွေတွေကလည်း အရင်အတိုင်း မပြောင်းမလဲပါပဲ၊ ကျနော်သိကျွမ်းဖူးတဲ့ လူအရေအတွက် နည်းသွားတာကလွဲရင် ခင်မင်ဖော်ရွေမှုကတော့ တကယ့်ကိုပဲ အရင်အတိုင်း တည်တံ့ခိုင်မာစွာ ထုနဲ့ထည်နဲ့ ရှိနေဆဲ…၊ အဲဒါကြောင့်လည်း ကျယ်ပြောပါတယ်ဆိုတဲ့ နေရာတွေအများကြီးကို ကျော်ပြီး ဟောဒီကျွန်းသေးသေးလေးဆီကိုပဲ ကျနော် ဒုတိယမ္ပိ ထပ်ရောက်ဖြစ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ…။ ။


ညီလင်းသစ်
၂၅ ဇွန်၊ ၂၀၁၄

13 comments:

Anonymous said...

တတိယမ္ပိ....မျှော်


ညီ

Anonymous said...

stand clear of the side means stand away from the sides

Anonymous said...

နောက်တစ်ခေါက်တော့ အမိမြန်မာပြည်မှာ စိတ်တိုင်းကျဧည့်ခံခွင့်ရတဲ့သူဖြစ်ချင်တယ်အကိုရေ

စိန်စိန်တင် တဖြစ်လဲ တင်သိန်းအေး :P

ညိုလေးနေ said...

ဒီဘလောဂ်ဂါကြီးနှယ် ဆွေးတာတောင် လွတ်လွတ်လပ်လပ် မဆွေးရဘူး :'(

တောက်တဲ့ကြီး ကိုယ်စား ပြောပေးတာပါ အစ်ကို :P

မြသွေးနီ said...

ကိုညီရေ...
ဓာတ်ပုံတွေက ထုံးစံအတိုင်း သေသပ်၊ လှပ၊ ကင်မရာ အယူအဆကောင်းကောင်းနဲ့မို့ ကြည့်မ၀ပါပဲ။ ဘလော့လဲ အသစ်မရေးဖြစ်တော့ ကွန်မန့်တွေ မတွေ့တာ ကြာပေမဲ့ သတိရကြောင်းပါ။

Anonymous said...

ခြေထောက်က အဝါလိုင်းကိုကျော်ပြီး ဘေးဖက် သိပ်ကပ်အောင် မရပ်ရပါ။ ခြေထောက်ညှပ်ပါတတ်ပါသည်။

မိုးငွေ့........ said...

ထုံးစံအတိုင်း အစ်ကို့ခရီးသွားပို့စ်တွေက စိတ်ဝင်စားစရာဓါတ်ပုံတွေစုံစုံလင်လင်နဲ့ ဆွဲဆောင်လွန်းတဲ့အရေးအသားတွေကို ဖတ်ရှုတွေးငေးသွားခဲ့ပါတယ်...း)

ညီလင်းသစ် said...

ညီ…
လေယာဉ်လက်မှတ်ခတွေ လိုက်ကြည့်ဦးမယ်ဗျာ…၊

Anonymous…
Oh yes.. of course! That's the meaning. Why didn't I think about that? :) Thanks for the correction anyhow!

ညီမဒိုးကန်…
စင်္ကာပူက တင်သိန်းအေးပြီိးတော့ မြန်မာပြည်က စိန်စိန်တင် ကိုလည်း ပြန်တွေ့ချင်ပါတယ်ဗျာ…၊း)

ညီမညိုလေး…
အဲဒီ တောက်တဲ့ကလည်း ဝင်ခလုတ်၊ ထွက်ခလုတ် နေရာမှာမှ အပီအပြင်ကို ဆွေးနေတာကိုးဗျ…၊း)

အစ်မမြသွေး…
ဟုတ်တယ်နော်၊ ကျနော်တို့တွေ အရေးကျဲကုန်ကြပေမယ့် သတိရခြင်းတွေ ကျန်သေးလို့ တော်သေးတာပေါ့…၊း)

အမည်ဝှက်စာဖတ်သူ…
ဟုတ်တာပေါ့..၊ ရိုးရိုးရှင်းရှင်းလေးကို ကျနော်က ခက်အောင် လျှောက်တွေးနေတာ…၊ ကျေးဇူး…၊းD

ညီမမိုး…
ထုံးစံအတိုင်း ခင်ခင်မင်မင် လာလည်လို့လည်း ကျေးဇူး တင်ပါတယ် ညီမရေ…။း)

ဇွန်မိုးစက် said...

ဇွန့်လို လေယာဉ်ပျံသန်းရာလမ်းကြောင်းကို တစိုက်မတ်မတ် ကြည့်တတ်တဲ့အကျင့်ရှိတဲ့ MH370 ပေါ်က ခရီးသည်တွေ လမ်းကြောင်းပြောင်းသွားချိန်မှာ ဘယ်လောက်ထိတ်လန့် တုန်လှုပ်ကြရမလဲဆိုတာ မကြာခဏ တွေးကြည့်ဖူးတယ်။ :(
စင်္ကာပူမှာအကြာကြီးနေပြီးမှ ဂျူးရောင်းငှက်ပန်းခြံကို တစ်ခါမှမရောက်ဖြစ်လိုက်လို့ ဓာတ်ပုံတွေအတွက် ကျေးဇူးပါ အစ်ကို။ (ဓာတ်ပုံတွေ ကြည့်ချင်လွန်းလို့ ညည့်နက်သန်းခေါင်ထိ အကြာကြီး စောင့်ပြီး ဖတ်ရတာ)
ချဉ်ပေါင်ကြော်ဆိုလို့ ကနေ့ပဲ ညိုလေးအတွက် လူကြုံထည့်ပေးလိုက်တာ။ သူကတော့ တစ်ယောက်တည်း စားမပစ်ဘူးလို့ထင်တာပဲ အစ်ကိုရေ။ :P

စံပယ်ချို said...

ကိုညီလင်းရေ---
ဗဟုသုတရစေတဲ့စာနဲ့ ပုံလေးတွေအတွက်ကျေးဇူးပါရှင် စာလဲဖတ်လို့ကောင်းပြီးပုံတွေကလဲရှယ်ပါပဲ

Shinlay said...

ဆံပင်ညှပ်ဆိုင်မှာ ခေါင်းလျှော်ဘူးတယ်။
အချိန်ရရင် တနေ့ တော့ ၀င်ဖြစ်အုံးမှာပါ။
အခုတော့ ကိုညီရေးတာဖတ်ပြီး အလွမ်းဖြေရအုံးမယ်။

ညီလင်းသစ် said...

ညီမလေးဇွန်…
ဟော.. ဂျူရောင်းကို တခါမှ မရောက်ဖူးလိုက်ဘူးလား? ဓာတ်ပုံတွေပေါ်ဖို့ အကြာကြီး စောင့်ခဲ့ရတယ်ဆိုတော့ အားနာလိုက်တာ၊ ကျေးဇူးလည်း တင်ပါတယ်၊ ချဉ်ပေါင်ကြော် စားရတဲ့ ညိုလေးတော့ ကံကောင်းတာပေါ့…၊း)

မစံပယ်…
လတွေ၊ နှစ်တွေပြောင်းပေမယ့်လည်း အရင်လိုပဲ ခင်ခင်မင်မင် အလည်လာနေဆဲမို့ ကျေးဇူးပါဗျာ…၊း)

အစ်မရှင်လေး…
ကြည့်စမ်း… အစ်မက အဲဒီမှာတောင် ခေါင်းလျှော်ဖူးတာကိုး၊း) ကျနော်လည်း နောက်တခါဆို ဝင်ပြီး စမ်းကြည့်ဦးမှ…။

Thwin said...

I can not read your post with my computer.