09 April 2015

နိမ့်သော မြန်မာ့စီးပွားရေးထဲက မြင့်သော သမ္မတအကြံပေး


အလဲဗင်းမီဒီယာ စာစောင်ထဲမှာပါတဲ့ ဆောင်းပါးရှင်နေထွန်းနိုင်ရဲ့ “မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရဲ့ စီးပွားရေးအကြံပေးဦးမြင့်က ပြန်လှန်ရေးထားတဲ့ အိတ်ဖွင့်ပေးစာကို ဖတ်ရပါတယ်၊ အဲဒီအိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းမှာ စာဖတ်သူတွေကြား အတော်လေးပွဲဆူသွားခဲ့ရတယ်၊ ပွဲဆူရတဲ့ အကြောင်းရင်းက အိတ်ဖွင့်ပေးစာပါ အကြောင်းအရာတွေဟာ နိုင်ငံတော်သမ္မတရဲ့ အကြံပေး၊ ပညာရှင်ဆိုသူတယောက် ရေးသင့်တဲ့ အဆင့်အတန်းထက် များစွာနိမ့်နေလို့ပဲ ဖြစ်ပါတယ်…၊

နေထွန်းနိုင်ရဲ့ ဆောင်းပါး အလဲဗင်းမီဒီယာမှာ ပါလာကတည်းက ကျနော်စိတ်ဝင်တစားနဲ့ ဖတ်ဖြစ်ပါတယ်၊ ခေါင်းစဉ်က မြန်မာ့စီးပွားရေးနဲ့ကို ချီလာတာဆိုတော့ နည်းနည်းကြီးကျယ်တဲ့ ဆောင်းပါးတပုဒ်လို့ ဆိုနိုင်သလို နိုင်ငံတခုရဲ့ စီးပွားရေးကိစ္စဖြစ်လို့ ရေးမယ်ဆိုရင် အတော်လေးလည်း ကျယ်ပြန့်ပါတယ်၊ ဒါပေမယ့် ကြီးကျယ်တဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်စွာပဲ နေထွန်းနိုင်က ကိန်းဂဏန်း၊ အချက်အလက် စုံစုံလင်လင်နဲ့ ပြည့်ပြည့်စုံစုံ ရေးသွားခဲ့တယ်၊ အာရှဘဏ်၊ ကမ္ဘာ့ဘဏ် စတာတွေရဲ့ အစီရင်ခံစာ အကိုးအကားတွေလည်း ပါ,ပါတယ်၊ နှစ်ရက်၊ သုံးရက်လောက် အကြာမှာတော့ စီးပွားရေးအကြံပေး ဦးမြင့်က နေထွန်းနိုင်ကို နာမည်တပ်ပြီး အိတ်ဖွင့်ပေးစာ ပြန်ပေးတယ်၊ မြန်မာပြည်ရဲ့ စီးပွားရေး ပြိုလဲနိုင်သလား ဆိုတော့ ဒါဟာ သမ္မတရဲ့ စီးပွားရေးအကြံပေးဖြစ်တဲ့ သူ့မှာ ဖြေရမယ့်တာဝန်ရှိတယ်လို့ ယူဆပြီး ပြန်ဖြေသလား၊ ဒါမှမဟုတ် သမ္မတက ခင်ဗျားတခုခုတော့ လုပ်ပါဦး-လို့ ပြောလို့ပဲ တာဝန်တရပ်အနေနဲ့ ပြန်ရေးသလား၊ ဦးမြင့်ပဲ သိမှာပါ…၊

ဘယ်လိုကြောင့်ပဲ ရေးရေး… ဦးမြင့်ရဲ့ ပေးစာဟာ ဆောင်းပါးအပေါ် လွဲမှားစွာ တုံ့ပြန်ထားတဲ့ စာတစောင်ဖြစ်နေတာ တွေ့ရပါတယ်၊ မူရင်းဆောင်းပါးမှာ အချက်အလက်၊ အကိုးအကားပေါင်းများစွာနဲ့ ရေးထားပေမယ့်လည်း ဦးမြင့်ရဲ့ ပြန်ဖြေပုံဟာ တိတိကျကျ ပြန်ချေပတာ၊ အကြောင်းအကျိုး ပြန်ရှင်းလင်းတာမျိုး မရှိဘဲ အပေါ်ယံဆန်လွန်းလှတယ်၊ မြန်မာ့စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အရေးကြီး အချက်အလက်တွေကို အဓိကထား မပြောဘဲ အင်္ဂလိပ်စာ အသုံးအနှုန်းပေါ်မှာ ဝေဖန်တာ၊ စကားနာထိုးတာဆန်ဆန် ရေးသားတာ စတာတွေက ပိုများနေခဲ့တယ်၊ ဒါမျိုးကို ဒီလိုရေးရတယ်၊ ခင်ဗျားရေးတဲ့ အဲဒီ အသုံးအနှုန်းကို နားမလည်ဘူး၊ ဒါကတော့ အင်မတန်ညံ့ဖျင်းတဲ့ အင်္ဂလိပ်စာ အရေးအသားဖြစ်တယ်၊ recession, depression, economic collapse စတဲ့ စကားလုံးတွေကို ခင်ဗျား ဘယ်လိုမျိုး နားလည်ထားလို့လဲ စတာမျိုးတွေအထိ ဦးမြင့်ဟာ ရေးခဲ့တယ်၊ အင်္ဂလိပ်လို ရေးထားတဲ့ မူရင်းပေးစာရော၊ အလဲဗင်းက မြန်မာပြန်ထားတဲ့ ဘာသာပြန်ကိုရော ကျနော်ဖတ်ကြည့်ပါတယ်၊ နှစ်ခုစလုံးမှာ စီးပွားရေးပညာရှင်ရဲ့ ပညာမာနကို ထင်ထင်ရှားရှား တွေ့ရတယ်၊ ဒီလို အင်္ဂလိပ်စာ အသုံးအနှုန်းမျိုး၊ စီးပွားရေးဗဟုသုတမျိုးလောက်နဲ့ လာမရေးနဲ့လို့ ပြောချင်ပုံရတယ်၊ သူကိုယ်တိုင် သမ္မတကို အကြံဥာဏ်တွေ ပေးပြီး ဖွံ့ဖြိုးအောင်လုပ်နေတဲ့ တိုင်းပြည်တခုရဲ့ စီးပွားရေးဟာ ချွတ်ခြုံကျနေတယ်၊ စီမံခန့်ခွဲမှုအလွဲတွေ များနေတယ်၊ ပြိုလဲပြီး ပျက်သုဉ်းမယ့် အလားအလာတွေ ရှိနေတယ်လို့ ဆန်းစစ်၊ သုံးသပ်ထားတဲ့ ဆောင်းပါးကို ဦးမြင့်ဟာ ကြိုက်ပုံမရတာ သေချာပါတယ်၊ ကျနော်တို့လုပ်နေတာကို မကြိုက်လို့ ထွက်ပေးရမယ်ဆိုလည်း ကျနော်တို့နေရာ အစားထိုးနိုင်မယ့် လူတွေရဲ့ နာမည်လေးတွေ တဆိတ်လောက် ပြောပါဦး ဆိုတဲ့ လူကြီးမဆန်တဲ့ အသုံးမျိုးတွေလည်း သုံးခဲ့တယ်…၊

သေသေချာချာ အားထုတ်ပြီး သုံးသပ်၊ ရေးသားထားတဲ့ ပုဂ္ဂလိကသတင်းစာ ဆောင်းပါးတပုဒ်ကို လျစ်လျူမရှုဘဲ အရေးတယူ တုံ့ပြန်တာကတော့ ကျနော်တို့ ကြိုဆိုရမှာပါ၊၊ ဒါပေမယ့် ဦးမြင့်လွဲသွားတဲ့ အချက်က သူ ဦးတည်ရေးနေတာက ပါရဂူဘွဲ့ယူမယ့် သုတေသနစာတမ်းတစောင် မဟုတ်ဘဲ အများပြည်သူဖတ်ဖို့ ရေးထားတဲ့ ယေဘုယျဆောင်းပါးတပုဒ်ဆိုတာ မေ့သွားတဲ့ အချက်ပါပဲ၊ ဒါ့ကြောင့်လည်း ဦးမြင့်ရဲ့ ပေးစာမှာ ပါမောက္ခတွေ ရေးလေ့ရှိတဲ့ မှတ်ချက်ရေးနည်းမျိုးနဲ့ ပြန်ရေးထားတာ တွေ့ရတာပါ၊ စကားလုံးတွေ အသေအချာရွေးဖို့၊ ဝေါဟာရ ရင်းမြစ်တွေကို သေချာနားလည်ဖို့ စတာတွေက ပါရဂူဘွဲ့ စာတမ်းတွေအတွက် အရေးကြီးမှာဖြစ်ပေမယ့် အများပြည်သူဖတ်တဲ့ သတင်းစာမျိုးအတွက်တော့ အံမဝင်ပါဘူး၊ အထူးသဖြင့် ပြည်သူလူထုက ဦးမြင့်လို့ ပညာရှင်တယောက်ဆီက မြန်မာ့စီးပွားရေး မပြိုလဲနိုင်တဲ့ အကြောင်း၊ ရှေ့လျှောက် အလားအလာက ဘာ၊ ရေတိုရေရှည်မှာ ရလာမယ့် အကျိုးဖြစ်ထွန်းမှုတွေက ဘယ်လို စတဲ့ရှင်းပြမှုမျိုးကို မျှော်လင့်နေတဲ့ အချိန်မှာ အခုလို အဆီအငေါ် မတည့်တဲ့ ပေးစာက သူ့ကို လူထုနဲ့ ဝေးကွာသွားစေပါတယ်၊ နဂိုကတည်းကမှ စီးပွားရေးကျပ်တည်းလို့ မောပန်းနေကြတဲ့ လူတွေကို အနှစ်သာရပိုင်းမှာ လျော့ရဲရဲနိုင်တဲ့ ပေးစာတစောင်က ပိုပြီးတော့ ဒေါသတွေသာ ထွက်စေခဲ့တယ်၊ ဒါ့ကြောင့်လည်း အလဲဗင်းမီဒီယာရဲ့ ဖေ့စ်ဘွတ်ခ်က ဆောင်းပါးအောက်မှာ ဦးမြင့်အပေါ် မညှာမတာ ဝေဖန်၊ ဆဲဆိုထားတဲ့ မှတ်ချက်တွေအများကြီး တွေ့ရတာ ဖြစ်ပါတယ်၊ ဦးမြင့်ဟာ စီးပွားရေးဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်နှံ့စပ်တဲ့ ပညာရှင်တယောက် ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ ဒါပေမယ့် ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး လက်တွေ့နဲ့ ကင်းကွာတဲ့ တုံ့ပြန်ပြောဆိုပုံတွေ၊ လူထုအတွက် အကျိုးရှိမယ့် ရှင်းလင်း၊ တင်ပြမှုတွေ မရှိခဲ့တဲ့အတွက် လူထုက သူ့ကို စိတ်ပျက်သွားကြတာပါ၊

နေထွန်းနိုင်ရဲ့ ဆောင်းပါးမှာ ပါတဲ့အချက်အလက်တွေအားလုံး မှန်ချင်မှ မှန်လိမ့်မယ်၊ သူ့ရဲ့ သုံးသပ်ချက်တွေဟာလည်း ပြည့်စုံချင်မှ ပြည့်စုံလိမ့်မယ်၊ ဒါပေမယ့် သူဟာ ဒီဆောင်းပါးကို လူထုအပေါ် စေတနာထားစိတ်နဲ့ ရေးခဲ့တာသေချာတယ်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအတွက် တတပ်တအားပါဝင်စိတ်နဲ့ ရေးခဲ့တာ ထင်ရှားပါတယ်၊ အဲဒီအတွက် လူထုက သူ့ဖက်မှာ ရပ်တည်ကြတယ်၊ စိတ်မပျက်ဖို့ ဝိုင်းအားပေးကြတယ်၊ မှားနေတာကို မှားနေတဲ့အကြောင်း၊ မကောင်းတာကို မကောင်းတဲ့အကြောင်း ထောက်ပြပေးမယ့် ဆောင်းပါးတွေ ဆက်ရေးဖို့ တိုက်တွန်းကြတယ်၊ တကယ်တော့ အသက်ငယ်တာ၊ ကြီးတာ၊ ပညာ များများတတ်တာ၊ နည်းနည်းတတ်တာထက် ရပ်တည်ချက်မှန်ကန်တာ၊ စေတနာပါတာ၊ ပြတ်ပြတ်သားသားနဲ့ အလုပ်ပြီးမြောက်တာမျိုးကိုပဲ ပြည်သူလူထု ပိုပြီးအလိုရှိတယ်ဆိုတာ သင်ခန်းစာယူစရာ ဖြစ်ပါတယ်…။ ။


ညီလင်းသစ်
၉ ဧပြီ၊ ၂၀၁၅

06 March 2015

အိုးမည်းအသုတ်ခံရတဲ့ ရန်ကုန်


မြင်ရတဲ့ မြင်ကွင်းတွေက ဘယ်လိုမှကို ကြည့်မကောင်းဘူး၊ တက်လာတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ အားလုံးမှာ နိုင်လိုမင်းထက်ဝါဒ၊ အကြမ်းဖက်ဝါဒ တွေကိုပဲ တွေ့နေရတယ်၊ ဒီမိုကရေစီ ယဉ်ကျေးမှုကို ဖော်ဆောင်နေပါတယ် ဆိုတဲ့ နိုင်ငံတနိုင်ငံရဲ့ အကြီးဆုံးမြို့ အလယ်ခေါင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေက ရိုင်းစိုင်းကြမ်းကြုတ်မှုရဲ့ ပြယုဂ်သက်သက်ပဲ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး၊ ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံတွေမှာ သုံးခဲ့ကြတဲ့၊ မြန်မာပြည်ရဲ့ အရင်ခေတ် စစ်အစိုးရ အာဏာပိုင်တွေလည်း သုံးခဲ့ကြတဲ့ ခါးပိုက်ဆောင် လက်မရွံ့ လူမိုက်တွေကို ဒီနေ့လို ကာလအထိ တွေ့နေရတာဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး၊

ဆန္ဒပြတယ်၊ သပိတ်မှောက်တယ်၊ အဓိကရုဏ်းဖြစ်တယ် ဆိုတာတွေက ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း ဖြစ်နေကျ ကိစ္စတွေပါပဲ၊ အဲဒီလို လူထုနဲ့ ရဲနဲ့ ထိပ်တိုက်တိုးတဲ့အခါ လူစုလူဝေး ဖြိုခွင်းမှုဆိုတာ ဖြစ်လေ့ ရှိတာပဲ၊ ဖြစ်စဉ်နဲ့ လူစုလူဝေးပေါ်မူတည်လို့ ရဲက ဝိုင်းဝန်းညှပ်ပိတ်ပြီး ဖမ်းတာရှိမယ်၊ ရေပိုက်နဲ့ လူစုခွဲတာရှိမယ်၊ မျက်ရည်ယိုဗုံး သုံးတာရှိမယ်၊ ဒိုင်းနဲ့တွန်း ဒုတ်နဲ့ရိုက်တာ ရှိမယ်၊ နောက်ဆုံး ရာဘာကျည်နဲ့ ပစ်တာရှိမယ်၊ ဒါပေမယ့် ဘယ်လိုနည်းကိုပဲ သုံးသုံး ယူနီဖောင်းဝတ်ထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကပဲ ပေါ်ပေါ်တင်တင် ကိုင်တွယ်လေ့ရှိပါတယ်၊ ဘယ်ကခေါ်လာမှန်းမသိရတဲ့ အရပ်ဝတ်နဲ့ လူတွေက လုပ်ပိုင်ခွင့်အပြည့် ရထားတဲ့အလား ဆန္ဒပြပြည်သူကို ဆွဲရမ်း၊ တွန်းထိုး လုပ်တာမျိုးတွေ မရှိဘူး၊ ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့အခါ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာကို အလေးထားပြီး ကိုင်တွယ်ဆောင်ရွက်တတ်အောင် အီးယူက ရဲတွေကိုယ်တိုင် မြန်မာ့ရဲတွေကို သင်တန်းတွေ စဉ်ဆက်မပြတ်ပေးခဲ့တာ၊ ပေးနေတာ ကျနော်တို့ သတင်းတွေထဲမှာ မမြင်ချင်မှ အဆုံးပါ၊ ဟော… အခု တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အခါ အဲဒီပညာတွေ ဘယ်ရောက်သွားသလဲ၊

အသက်အရွယ်စုံ၊ ပုံသဏ္ဍန်မျိုးစုံ၊ ခက်ထန်တဲ့စရိုက်မျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ လူအုပ်ကြီးတွေကို မြန်မာပြည်သူတွေ မြင်နေရ၊ ကြားနေရတာ အတော့်ကိုများနေပါပြီ၊ အဲဒီလူတွေကို တခါတလေမှာ ဒေါသထွက်နေသော လူအုပ်ကြီးလို့ သုံးနှုန်းမယ်၊ တခါတလေမှာတော့ တာဝန်သိ လုပ်သားပြည်သူလို့ သုံးနှုန်းမယ်၊ ပေါ်ချင်တဲ့အချိန် ပေါ်လာမယ်၊ ပျောက်ချင်တဲ့အချိန် ပျောက်သွားမယ်၊ ရိုက်မယ်၊ နှက်မယ်၊ သတ်မယ်၊ မီးရှို့မယ်၊ မင်းမဲ့စရိုက်တွေ လုပ်မယ်၊ ဒါပေမဲ့ ဟုတ်တိပတ်တိ အရေးယူခံရတယ်ဆိုတာတော့ ကြားရမှာ မဟုတ်ပါဘူး၊ အရင်စစ်အာဏာရှင် လက်ထက်ကတည်းက ခြောက်လှန့်ခဲ့တဲ့ အဲဒီ လူစုလူဝေး အိပ်မက်ဆိုးကြီးကို ပြည်သူတွေက ဆက်မမက်ချင်တော့ဘူး၊ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပါတယ်ဆိုတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်လိုမှကို မမြင်ချင်တော့ဘူး၊

ဒီနေ့ ဖြစ်သွားတဲ့ အဖြစ်အပျက်မှာ ဆန္ဒပြသူတွေကို အဓိက ဖြိုခွင်းသူတွေဟာ ရဲတွေသာဆိုရင် မြင်ရသူတွေအဖို့ ဒီလောက်ခံပြင်းမယ် မထင်ဘူး၊ အခုတော့ ရန်ကုန်မြို့ရဲ့ အသည်းနှလုံးတည့်တည့်ပေါ်မှာ၊ ဆူးလေဘုရားရဲ့ အရိပ်အောက်မှာ၊ နိုင်ငံတကာရဲ့ မျက်လုံးပေါင်းများစွာ အရှေ့မှာ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာတွေ အကြမ်းဖက်ကြတာ အကျည်းတန်လွန်း လှတယ်၊ ပုဆိုးချက်ပြုတ်၊ အင်္ကျီကြယ်သီးပြုတ်၊ လက်မောင်းမှာ ဆေးမှင်ကြောင်၊ မိုက်ကန်းကန်းရုပ်တွေက “တာဝန်” တို့၊ “စည်းကမ်း” တို့ စတဲ့ လက်မောင်းပတ်တွေ ပတ်ပြီး မိန်းမပျိုလေးတွေပါမချန် ဆွဲလွဲနေကြတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ၊ အထူးသဖြင့် တကယ်တာဝန်ရှိတဲ့ ရဲကို တာဝန်မပေးဘဲ ပြည်သူလူထု အရေခြုံထားတဲ့ လူတွေကို မတန်မရာ “တာဝန်” လက်ပတ်တွေနဲ့ ပွဲထုတ်နေသူတွေဟာ ပွင့်လင်းမြင်သာမှု ရှိရတဲ့၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူတွေ ပါပဲ…။ ။


ညီလင်းသစ်
၅ မတ်၊ ၂၀၁၅

08 January 2015

ကျိုးသွားခဲ့သော ပုံဆွဲခဲတံများ


ဒီနေ့မနက်က ပါရီမြို့က သတင်းစာတိုက်တခုမှာ အကြမ်းဖက်သတ်ဖြတ်မှုတခု ဖြစ်သွားခဲ့တယ်၊ မနက် ၁၁ နာရီခွဲလောက်မှာ Charlie Hebdo ဆိုတဲ့ သတင်းစာတိုက်ထဲကို မျက်နှာဖုံးစွပ် သေနတ်သမား နှစ်ယောက်က ဝင်လာပြီးတော့ အစည်းအဝေးလုပ်နေတဲ့ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ပစ်သတ်သွားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုပါ၊ အဲဒီသတ်ဖြတ်မှုမှာ သတင်းစာတိုက်ရဲ့ နာမည်ကြီး ကာတွန်းဆရာ ၄ ယောက် အပါအဝင် လူ ၁၂ ယောက် အသက်ပေးလိုက်ရတယ်၊ အစည်းအဝေးခန်းထဲက ပြန်ထွက်လာတဲ့ သေနတ်သမား ၂ ယောက်ကို ကျန်တဲ့အဖော် တယောက်က ကားပေါ်ကနေ စောင့်နေတယ်၊ ပြီးတော့ သူတို့ ၃ ယောက် မောင်းထွက်သွားတယ်၊ မလှမ်းမကမ်းက လမ်းပေါ်ကို ရောက်တော့ ရဲတွေနဲ့ ပစ်ခတ်မှုတွေထပ်ဖြစ်တယ်၊ အဲဒီမှာ ရဲတယောက်က ဒဏ်ရာနဲ့ လဲသွားတဲ့အခါ သူ့ဆီကို သေနတ်သမား ၂ ယောက်က လျှောက်သွားပြီး ခေါင်းကို အနီးကပ်တေ့ပြီး သွေးအေးအေးနဲ့ ပစ်သတ်လိုက်ပြန်တယ်၊ ပြီးတော့ နောက်ထပ်ရောက်လာတဲ့ ရဲတွေကို ခြေရာဖျောက်ပြီး မောင်းပြေးသွားခဲ့တယ်…၊

Charlie Hebdo ဆိုတာက ၁၉၇၀ ပြည့်နှစ်ကတည်းက ထောင်ထားတဲ့ အပတ်စဉ်ထုတ် သတင်းစာတိုက်ဖြစ်ပါတယ်၊ သူ့ရဲ့ ထူးခြားချက်ကတော့ ပွဲဆူစေတတ်တဲ့ သရော်စာ ဆောင်းပါးတွေ၊ ကာတွန်းတွေကို ရဲရဲတင်းတင်း ဖော်ပြရဲတဲ့ အချက်ပါ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဝန်းကျင်က အဖြစ်အပျက်တွေ၊ လူပုဂ္ဂိုလ်တွေကို satire ပုံစံမျိုးစုံနဲ့ ကာတွန်းတွေရေးသလို ဘာသာရေးနဲ့ ပတ်သက်လာရင်လည်း လက်မရှောင်ပါဘူး၊ ၂၀၀၅ ခုနှစ်မှာ ဒိန်းမတ်သတင်းစာ တစောင်က အစ္စလာမ်ဘာသာနဲ့ တမန်တော်မိုဟာမက် အကြောင်းကို ကာတွန်း ၁၂ ပုံဆွဲပြီး ဖော်ပြတဲ့အခါ အာရပ်ကမ္ဘာနဲ့ မွတ်ဆလင်နိုင်ငံတချို့မှာ အတော်လေးပွဲဆူသွား ခဲ့တယ်၊ အဲဒီကာတွန်းတွေကို Charlie Hebdo သတင်းစာကလည်း ပြန်ဖော်ပြလိုက်လို့ အစွန်းရောက်မွတ်ဆလင်တွေရဲ့ အငြိုးထားခြင်းကို အဲဒီကတည်းက ခံခဲ့ရတယ်၊ နောက်ပိုင်းမှာ သတင်းစာတိုက်ကို ခြိမ်းခြောက်တဲ့စာတွေ၊ မေးလ်တွေ မကြာခဏဆိုသလို ရောက်လာတတ်ပေမယ့် Charlie Hebdo ကတော့ သူ့ရဲ့မူအတိုင်း ဖော်ပြစရာ ရှိတာကို ဆင်ဆာမဖြတ်ဘဲ ဖော်ပြမြဲပဲ၊ တိုက်ရဲ့ ကာတွန်းဆရာတွေကလည်း သရော်စရာပေါ်လာရင် အစ္စလာမ်သော၊ မိုဟာမက်သော မရှောင်ဘဲ ရဲရဲဝံ့ဝံ့ ဆွဲမြဲ ဆွဲနေခဲ့တယ်၊ ဒီနေ့မနက်မှာတော့ သူတို့ နှစ်ပေါင်းများစွာ ကြားနေခဲ့တဲ့ ခြိမ်းခြောက်မှုဟာ တကယ့်ကျည်ဆံတွေ အဖြစ်နဲ့ သတင်းစာတိုက်ရဲ့ အစည်းအဝေးခန်းထဲကို ဝင်ရောက်လာခဲ့တော့တာ ဖြစ်ပါတယ်၊

အကြမ်းဖက်မှုလေ့လာသူ သုတေသီတွေရဲ့ အဆိုအရ သေနတ်သမား ၂ ယောက်ဟာ သေသေချာချာ လေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေလို့ ဆိုတယ်၊ သတင်းစာတိုက်ရဲ့ အစည်းအဝေးအချိန်ကို အတိအကျ သိနေသလို အစည်းအဝေးခန်းထဲကို ဝင်လာတဲ့အခါမှာလည်း ကာတွန်းဆရာတွေရဲ့ နာမည်တွေကို ခေါ်ပြီးမှ တယောက်ချင်းစီကို အေးအေးဆေးဆေး ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါ့အပြင် သူတို့ရဲ့ အကြမ်းဖက် လှုပ်ရှားမှုကို မှတ်တမ်းတင်ဖို့ ရင်ဘတ်မှာလည်း GoPro ကင်မရာတွေကို လွယ်ထားခဲ့တယ်လို့ ဆိုတယ်၊ သတင်းစာတိုက်အနီးမှာ နေထိုင်သူတယောက်က လျှပ်တပြက်ရိုက်ထားတဲ့ ဗီဒီယိုထဲမှာလည်း သေနတ်သမားတွေရဲ့ လှုပ်ရှားမှုဟာ သွေးအေးပြီး တိကျ၊ သပ်ရပ်တာ တွေ့ရတယ်၊ လူ ၁၂ ယောက်ကို လောလောလတ်လတ် သတ်ထားလို့ စိတ်လှုပ်ရှားနေတဲ့ ကမူးရှူးထိုး အမူအရာတွေ မတွေ့ရဘူး၊ လမ်းပေါ်မှာ ရဲတွေနဲ့ ရင်ဆိုင်ပစ်တဲ့အခါမှာလည်း သူတို့ရဲ့ AK-47 မောင်းပြန်သေနတ်တွေကို ထိချင်ရာထိ သဘောမျိုး အတွဲလိုက် ဆွဲပစ်တာမဟုတ်ဘဲ ပစ်မှတ်ကို အတိအကျ ချိန်ပြီးမှ တတောင့်ချင်းပစ်တာ တွေ့ရပါတယ်၊ အစည်းအဝေးစားပွဲက လူတွေအားလုံးကို ပစ်ပြီးချိန်မှာ သေနတ်သမားတွေက ငါတို့ဟာ အယ်လ်ကိုင်ဒါက ဖြစ်တယ်-လို့ ကြွေးကြော်ခဲ့တဲ့အကြောင်း စားပွဲအောက်ကို ဝင်ပုန်းလိုက်နိုင်တဲ့ သတင်းထောက်အမျိုးသမီး တယောက်က ပြန်ပြောပြပါတယ်၊

ပြင်သစ်တနိုင်ငံလုံးသာမက ဥရောပတိုက် တခုလုံး တုန်လှုပ်၊ ခြောက်ခြားသွားကြတဲ့ ဒီအဖြစ်အပျက်အပေါ်ကို လူတွေတုံ့ပြန်ပုံမှာ စိတ်ဝင်စားစရာကောင်းတဲ့ ၂ ချက်ကို တွေ့ရပါတယ်၊ ပထမတချက်က အစွန်းရောက် အကြမ်းဖက်မှုနဲ့ အစ္စလာမ်ဘာသာကို ခွဲခြားမြင်ကြတာပါ၊ နိုင်ငံ့ခေါင်းဆောင်တွေက လူထုကို အားပေးစကားပြောတဲ့ မိန့်ခွန်းတွေထဲမှာ ဒီအဖြစ်အပျက်ကြောင့် ဘာသာရေးတခုလုံးကို သိမ်းကျုံး ရမ်းကားတာမျိုး မလုပ်ကြဖို့ သတိပေးကြသလို လမ်းပေါ်က လူတွေကလည်း ပြင်သစ်နိုင်ငံမှာ ကာလရှည်ကြာကတည်းက အတူယှဉ်တွဲ ရှိနေခဲ့တဲ့ မွတ်ဆလင်တွေအပေါ် ရန်လိုမုန်းတီးတဲ့ စကားမျိုးတွေ မပြောကြပါဘူး၊ အစ္စလာမ်ဘာသာနဲ့ မိုဟာမက်ကို လှောင်ပြောင်တဲ့ ကာတွန်းတွေဆွဲလို့ လာသတ်တဲ့ လူသတ်သမားတွေဟာ အစ္စလာမ်ဘာသာကို ကာကွယ်သူတွေ ဖြစ်တယ်ဆိုတာ ၉၉ ရာခိုင်နှုန်း သေချာသလို သေနတ်သမားတွေ ကားပေါ်အတက်မှာလည်း ဘုရားသခင်သည် ကြီးမြတ်တော်မူ၏-လို့ အဓိပ္ပါယ်ရတဲ့ Allahu Akbar ဆိုတဲ့ အာရပ်စကားကို အော်သွားခဲ့ကြပါတယ်၊ ဒါပေမယ့် ဒီလူတွေဟာ စစ်သွေးကြွအစွန်းရောက် မွတ်ဆလင်တွေ ဖြစ်ပြီးတော့ ငြိမ်းချမ်းစွာနေ,နေကြတဲ့ အခြားသော အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ လူအများစုကြီးက နားလည်ကြတဲ့အတွက် အစ္စလာမ်မုန်းတီးရေး၊ မွတ်ဆလင်ဆန့်ကျင်ရေး စကားမျိုးတွေ ပြောတာ မကြားရပါဘူး၊ ဖယောင်းတိုင်လေးတွေထွန်းပြီး တိုးတိုးတိတ်တိတ်ပဲ စုဝေးနေကြသလို ဒေါသထွက်နေသော လူအုပ်ကြီးတွေ ရောက်လာတာမျိုးလည်း မရှိပါဘူး၊

နောက် ဒုတိယတချက်ကတော့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် လူတိုင်းနီးပါးက ဒါဟာ သူများဘာသာကို သွားစော်ကားလို့ လူ ၁၂ ယောက်ပြန်ပြီး အသတ်ခံရတာလို့ ခပ်တိမ်တိမ် မတွေးဘဲ ဒီကိစ္စဟာ ပြင်သစ်နိုင်ငံ၊ ပြင်သစ်လူမျိုးတွေ ယုံကြည်ကျင့်သုံးတဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ကို တားဆီး၊ ပိတ်ပင်ဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ မြင်ကြတဲ့ အချက်ပါပဲ၊ အထူးသဖြင့် နိုင်ငံအတွက် အရေးကြီးလှတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးတဲ့လုပ်ရပ်လို့ မြင်ကြတဲ့အတွက် မြို့ကြီးတွေမှာ ထောင်သောင်းနဲ့ချီတဲ့ လူတွေဟာ ရင်ပြင်တွေ၊ လမ်းဆုံလမ်းခွတွေမှာ မွန်းလွဲပိုင်းက စပြီးတော့ ငြိမ်းချမ်းစွာနဲ့ စုဝေးဆန္ဒထုတ်ဖော် ကြပါတယ်၊ လူအများစုရဲ့ လက်ထဲမှာလည်း အနက်ရောင်စာရွက်ပေါ်မှာ အဖြူရောင်စာလုံးနဲ့ ရေးထားတဲ့ Je suis Charlie ဆိုတဲ့ စာရွက်တွေကိုလည်း ကိုင်ထားကြပါတယ်၊ I am Charlie လို့ အဓိပ္ပါယ်ရတဲ့ အဲဒီစာတန်းရဲ့ သဘောကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးပိတ်ပင်ဖို့ ကြိုးစားလာမယ်ဆိုရင် ငါတို့လည်း Charlie Hebdo လိုပဲ နာကျင်ခံစားရတယ်၊ တသားထဲရှိတယ် ဆိုတဲ့ သဘောပါပဲ၊ အသတ်ခံရတဲ့ ကာတွန်းဆရာတွေထဲက တယောက်ဖြစ်တဲ့ Charb ကတော့ “မလှုပ်မယှက်ထိုင်ပြီး အသက်ရှင်နေရမယ့်အစား မတ်တပ်ရပ်ပြီး သေတာကမှ ပိုပြီးကောင်းသေးတယ်” လို့ တခါတုန်းက ပြောခဲ့ဖူးပါတယ်၊ ထောင်နဲ့သောင်းနဲ့ချီတဲ့ ပြင်သစ်လူမျိုးတွေ လမ်းတွေပေါ်မှာ ဆန္ဒထုတ်ဖော် စုဝေးနေတဲ့ မြင်ကွင်းတွေကိုကြည့်ရင်း ဟိုတလောဆီက မြန်မာပြည်ကသတင်းထောက် ကိုပါကြီး အသတ်ခံရတုန်းကလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒါဟာ နိုင်ငံသားအခွင့်အရေးကို ထိပါးတဲ့ကိစ္စ၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးပိတ်ပင်တဲ့ကိစ္စပဲ-လို့ ပြည်သူ ဘယ်နှစ်ယောက်လောက်ကများ တွေးနေမိနိုင်မလဲ၊ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ကို တည်ဆောက်ဖို့ပဲဖြစ်ဖြစ်၊ ရှိပြီးသားကို ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ် လုပ်ကြတဲ့အခါ မရှိမဖြစ် လိုအပ်တာကတော့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုပဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အဖြစ်အပျက်တွေ၊ ပုံရိပ်တွေက ပြောပြနေပါတော့တယ်…။ ။


ညီလင်းသစ်
၇ ဇန်နဝါရီ၊ ၂၀၁၅

01 December 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၅)



B&W Photo Challenge Day-5: "Living with the songs"

၅ ရက်မြောက်နေ့အတွက် နောက်ဆုံးဓာတ်ပုံကို တင်လိုက်ပါတယ်၊ သီချင်းတွေနဲ့ နေထိုင်တဲ့အခါ တခြား ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး ဆိုရင်တောင်မှ… အနည်းဆုံးတော့ စိတ်မညစ်ရမှာ သေချာပါတယ်၊ (အဲ… ဘေးနားက လူတွေအတွက်တော့ မပြောတတ်ဘူးပေါ့)းD ဟောဒီ အဖြူအမည်း ဓာတ်ပုံပြပွဲမှာ ပါဝင်ခွင့်ရလို့ ဝမ်းသာရသလို ကျနော့်ကို ဖိတ်ခေါ်ခဲ့တဲ့ တီတင့်၊ မမေ၊ ညီမမိုးနဲ့ ညီမဇွန် တို့ကိုလည်း ကျေးဇူးတင်ပါတယ်…။

ဖေ့စ်ဘွတ်ခ်က B&W Challenge ရဲ့ကောင်းမှုနဲ့ ကျနော်လည်း ပို့စ်တွေ ၅ ပုဒ်ကို ဆက်တိုက်ဆိုသလို တင်ဖြစ်သွားတယ်၊ ပြောရရင် ဘလော့ဂ်ကို စရေးကတည်းက ၅ ရက်ဆက်တိုက် ပို့စ်တွေတင်ဖြစ်တာ အခုအကြိမ်ဟာ ပထမဦးဆုံးပါပဲ၊ ဒီဓာတ်ပုံတွေ၊ စာကြောင်းတွေကို ဖေ့စ်ဘွတ်ခ်မှာ မြင်ပြီး၊ ဖတ်ပြီးပေမယ့်လည်း ဘလော့ဂ်မှာဆက်ပြီး အားပေးတဲ့ ညီအစ်ကိုမောင်နှမ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်၊ ဂစ်တာတီး၊ သီချင်းဆိုတဲ့ အချိန်တွေမှာ ခေါင်းထဲကို တခါတလေ ရောက်လာတဲ့ စကားလေးတခွန်း ရှိပါတယ်၊ ထူးအိမ်သင် ရေးခဲ့တဲ့ စာကြောင်းလေးတခုပါ၊ ကျနော် အမှတ်မမှားရင် သူ့သီချင်းစာအုပ် ပေါင်းချုပ်မှာ ရေးခဲ့တာ ထင်ပါတယ်၊ အခု အဲဒီစာသားလေးနဲ့ပဲ ဘလော့ဂ်ရဲ့ အဖြူအမည်း စိန်ခေါ်ပွဲကိုလည်း အဆုံးသတ်ပါရစေ၊ “တီးရင်း၊ ဆိုရင်း၊ နားဆင်ရင်း ချစ်ခြင်းမေတ္တာအကြောင်း ငြိမ်းချမ်းစွာ သင်ကြားနိုင်ပါစေ” လို့…။ ။


ညီလင်းသစ်
၃၀ နိုင်ဝင်ဘာ၊ ၂၀၁၄

29 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၄)



B&W Photo Challenge Day-4: "For better, for worse, for richer, for poorer…"

ဟောဒီ စတုတ္ထနေ့ ဓာတ်ပုံအတွက်တော့ ဘာမှ အထွေအထူး မပြောတော့ပါဘူး၊ ခေါင်းစဉ်ရယ်၊ ဓာတ်ပုံရယ်နဲ့တင် ကြည့်သူ ကိုယ်စီတိုင်းဟာ ကိုယ်ပိုင် အဓိပ္ပါယ် သတ်မှတ်ချက်တွေနဲ့ အသီးသီး ပြည့်စုံ နေနိုင်တဲ့ အတွက်ကြောင့်ပါ…၊ ဒီ ဓာတ်ပုံရဲ့ အိုင်ဒီယာက ကျနော့်ရဲ့ ကိုယ်ပိုင် အိုင်ဒီယာတော့ မဟုတ်ပါဘူး၊ တခါတုန်းက အင်တာနက်မှာ တွေ့မိရင်း စိတ်ကူးလေးကို သဘောကျတာနဲ့ မှတ်ထားပြီး ပြန်စမ်းကြည့်ထား တာပါ၊ စာအုပ်တအုပ်၊ လက်စွပ်လေး ၂ ကွင်း၊ Flash မီးလေး တပွင့်ကို သူ့နေရာနဲ့သူ ချထားလိုက်တဲ့အခါ လက်စွပ်လေး ၂ ကွင်း နောက်ကွယ်မှာ ခိုင်ခိုင်မာမာ ရှိနေတဲ့ အရာနှစ်ခုက အရိပ်အဖြစ်နဲ့ ပေါ်လာကြတယ်…၊ နည်းစနစ်ပိုင်းက ရိုးရှင်းပေမယ့် အဓိပ္ပါယ်အားဖြင့်တော့ လေးနက်တဲ့ setting တခုမို့ စမ်းကြည့်ဖို့ ကျနော် စိတ်ကူးမိခဲ့တာ ဖြစ်ပါတယ်၊ ကျနော့်လိုပဲ ပြန်ပြီး စမ်းရိုက်ထားတဲ့ ပုံတွေလည်း အများအပြားရှိနေတာကြောင့် ဒီ အိုင်ဒီယာရဲ့ မူလပိုင်ရှင်က ဘယ်သူမှန်းမသိလို့ ခရက်ဒစ်တော့ မပေးနိုင်ပါဘူး၊

တခါတုန်းက မင်္ဂလာဆောင်တခုမှာ သူတို့သားနဲ့ သူတို့သမီးရဲ့ လက်စွပ်တွေကို ဘူးလေးနဲ့ သယ်လာပေးရတဲ့ ring boy ကလေးငယ်က ရုတ်တရက် ထွက်ပြေးသွားလို့ လူတွေက လိုက်ဖမ်းရင်း အလုပ်ရှုပ်သွားဖူးတယ်၊ ပုံမှန်ဆိုရင်တော့ ဘုရားရှစ်ခိုးကျောင်းမှာ ဆောင်တဲ့ မင်္ဂလာဆောင်တွေမှာ သူတို့သားနဲ့ လူပျိုရံက ဟိုးအရှေ့မှာ ကြိုပြီးစောင့်နေရတယ်၊ အချိန်ကျတဲ့အခါ ring boy ကောင်လေးက လက်စွပ်တွေထည့်ထားတဲ့ ဘူးလေးနဲ့အတူ ဘုရားကျောင်း လျှောက်လမ်းအတိုင်း ဝင်လာမယ်၊ သူ့နောက်မှာ flower girls ကောင်မလေးတွေက ပန်းခြင်းတွေနဲ့ လိုက်လာမယ်၊ သူတို့နောက်မှာက အပျိုရံ…၊ နောက်ဆုံးမှာမှ သူတို့သမီးက သူ့အဖေနဲ့တွဲပြီး ဘုရားကျောင်းထဲ ဝင်လာမယ်၊ ခုနက ပြောတဲ့ ring boy ကောင်လေးကတော့ လျှောက်လမ်းအတိုင်း ဝင်လာနေရင်းနဲ့ ဘေးတဖက်တချက်က ဝိုင်းကြည့်နေတဲ့ လူတွေကိုပဲ လန့်သွားတာလား၊ ဒါမှမဟုတ် bow tie တွေ suit တွေ ဝတ်ထားရတာကို ကျဉ်းကျပ်လာလို့ လွတ်လွတ်လပ်လပ် ခုန်ပေါက်ထွက်ပြေးသွားတာလားတော့ မသိဘူး၊ ရုတ်တရက် နောက်လှည့်ပြေးသွားလို့ ကလေးမိဘတွေနဲ့ အနီးအနားက လူတချို့က လိုက်ဖမ်းခဲ့ရဖူးတယ်၊ မဟုတ်လို့ကတော့ ကလေးနဲ့အတူ လက်စွပ် ၂ ကွင်းလည်း တခါထဲပါသွားလို့ သူတို့သားနဲ့ သူတို့သမီးအဖို့ လဲလှယ်စရာ ဘာအထိမ်းအမှတ် ပစ္စည်းမှမရှိတော့ဘဲ အတော်လေး အကြပ်ရိုက်သွားမှာ သေချာတယ်…၊

ဟိုးအရင်တုန်းက အယူအဆအရတော့ လက်ထပ်လက်စွပ်တွေမှာ စိန်တို့၊ ကျောက်သံပတ္တမြားတို့ ဘာမှမပါစေဘဲ ရွှေသက်သက်နဲ့ပဲ ရိုးရိုးမောင်းကွင်းပုံစံ လုပ်ကြပါတယ်၊ ရှုပ်ထွေးမှုတွေ၊ အဆောင်အယောင်တွေ မပါဘဲ ရှင်းလင်းတဲ့ နှစ်ကိုယ်တူဘဝကို ရည်ညွှန်းချင်တယ်လို့ ယူဆရပါတယ်၊ အခုနောက်ပိုင်း လက်စွပ်တွေမှာတော့ အရစ်ဖော်တာတွေ၊ ဖောင်းကြွပုံစံ လိုင်းတွေဖော်တာတွေ အပြင် စိန်ပွင့်၊ ပတ္တမြားပွင့် သေးသေးလေးတွေ မြှုပ်တာမျိုးတွေပါ လုပ်လာကြတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ရိုးရိုးမောင်းကွင်း ဖြစ်စေ၊ စိန်တွေကျောက်တွေ ပါသည်ဖြစ်စေ၊ လက်ထပ်လက်စွပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ… အတူတကွ ယှဉ်တွဲနေထိုင်သွားမယ့် သူစိမ်းနှစ်ယောက်အဖို့ အရေးအကြီးဆုံးက တဦးအပေါ်တဦး နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုနဲ့ ငဲ့ညှာထောက်ထားမှုတွေပဲ ဖြစ်ပါတယ်၊ အဲဒီလို အချက်အလက်တွေနဲ့ ထွန်းညှိလိုက်မှသာ လက်စွပ်လေး ၂ ကွင်းက ထွက်လာမယ့် အရိပ်တွေဟာ အပေါ်ကဓာတ်ပုံထဲကလို ဖြစ်နေလိမ့်မယ်လို့ ကျနော်ယုံကြည်မိ ပါတယ်…။ ။


ညီလင်းသစ်
၂၉ နိုဝင်ဘာ၊ ၂၀၁၄

28 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၃)



B&W Photo Challenge Day-3: "In the mist…"

တတိယနေ့ ဓာတ်ပုံကတော့ မြူခိုးဝေတဲ့ မနက်ခင်းတခုပါ…၊ မြူနှင်းတွေ သိပ်သိပ်သည်းသည်း ကျနေတဲ့ မနက်ခင်းတခုမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရေကန်နားဆီကို ကျနော်တယောက်ထဲ ထွက်လာခဲ့တယ်…၊ စောစောစီးစီး ငါးရှာထွက်တဲ့ တံငါသည် ၃ ယောက်နဲ့ ဆုံမိတာကလွဲရင် ပတ်ဝန်းကျင် တခုလုံးဟာ ငှက်ကလေး တကောင်တလေတောင်မှ မရှိဘဲ ချမ်းချမ်းစီးစီးမှာ အိပ်မောကျနေတုန်းပါပဲ၊ လိုချင်တဲ့ ဓာတ်ပုံတချို့ ရိုက်ပြီးတဲ့အခါ ကန်စပ်က ကျောက်တုံးတွေပေါ်မှာ ထိုင်ရင်း အအိပ်ကြီးနေတဲ့ မနက်ခင်းကို ကျနော် စိမ်ပြေနပြေပဲ ထိုင်ကြည့်နေလိုက်တယ်၊ အေးမြတဲ့ ဖြူလွလွ ပိုးပုဝါ တစရဲ့ အောက်က မနက်ခင်းဟာ အဲဒီနေ့က တကယ်ပဲ “သက်ငြိမ်” ဆန်နေခဲ့တယ်…။

မြူတွေ၊ နှင်းတွေအကြောင်း ပြောပေမယ့် တကယ်တော့ ဒီဓာတ်ပုံကို ပြီးခဲ့တဲ့မေလ နွေဦးရာသီမှာ ရိုက်ခဲ့တာပါ၊ ရုံးပိတ်ရက် ၂ ရက်ရယ်၊ စနေ၊ တနင်္ဂနွေရယ်ပေါင်းပြီး စုစုပေါင်းအားလပ်ရက် ၄ ရက်ရတုန်းက ပြင်သစ်မှာရှိတဲ့ camping site တခုကို ကျနော်တို့ သွားလည်ဖြစ်ပါတယ်၊ မေလဆိုတာက နွေဦးရာသီထဲ အတော်ကို ရောက်နေပြီဖြစ်လို့ ပုံမှန်ဆိုရင် သိပ်မအေးတော့ပါဘူး၊ ဒါပေမယ့် အဲဒီရက်တွေတုန်းကတော့ မနက်ခင်းတိုင်းမှာ မြူခိုးတွေ သိုင်းဝိုင်းလွှမ်းခြုံလို့ နေမထွက်လာသေးခင်မှာ ချမ်းစိမ့်စိမ့်နဲ့…၊ တရက်မှာတော့ ကျန်တဲ့လူတွေ ဇိမ်နဲ့ကွေးနေတုန်း ကျနော်တယောက်တည်း ကင်မရာဆွဲပြီး ထွက်လာလိုက်တယ်၊ Camping site က ရေကန်ကြီး တခုရဲ့ ဘေးနားမှာ ဆိုတော့ ရေကန်ပေါ်မှာ မြူတွေ ဆိုင်းနေလောက်တယ်ဆိုပြီး အဲဒီဖက်ကို သွားကြည့်လိုက်တာ မှန်သွားတယ်၊ လူသူလေးပါး ကင်းရှင်းပြီး တိတ်ဆိတ်အေးချမ်းလှတဲ့ မနက်ခင်းဟာ တကယ်ပဲ နှစ်လိုဖွယ်ရာ ကောင်းပါတယ်၊ ရေကန်ဝန်းကျင်မှာ ဓာတ်ပုံရိုက်လိုက်၊ အေးအေးလူလူ ထိုင်လိုက်၊ လမ်းလျှောက်လိုက်နဲ့ အချိန်တော်တော်ကြာကြာ ကျနော်နေခဲ့တယ်၊ အဖြူအမည်း စိန်ခေါ်ပွဲအတွက် ရည်ရွယ်ပြီး ကျန်တဲ့ဓာတ်ပုံတွေကို သီးသန့်ရိုက်တင်ခဲ့ပေမယ့် အခုဒီပုံလေးကတော့ အရင်ကရိုက်ထားပြီးသား ဖြစ်လို့ တခုထဲသော ခြွင်းချက်လည်း ဖြစ်ပါတယ်…။


ညီလင်းသစ်
၂၈ နိုဝင်ဘာ၊ ၂၀၁၄

27 November 2014

အဖြူအမည်း စိန်ခေါ်ပွဲ (၂)



B&W Photo Challenge Day-2: "Frames & Shadows"

ဒုတိယနေ့ အဖြူအမည်း ဓာတ်ပုံလေးကို (အနည်းငယ်နောက်ကျသော်လည်း ၂၄ နာရီမကုန်ခင်မှာ) တင်လိုက်ပါတယ်၊ တခါတလေမှာ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေက ဘောင်တွေ၊ အရိပ်တွေ ကြားမှာ ဝေဝါး၊ ရောထွေးနေတာမျိုး ကျနော်တို့ ကြုံရတတ်ပါတယ်၊ ဘယ်ဟာက အစစ်အမှန်၊ ဘယ်ဟာက အရိပ်အယောင်၊ ဘယ်ဟာက ပိုပြီး ကြည်လင်တဲ့အမြင်၊ ဘယ်ဟာ ကျဉ်းမြောင်းတဲ့ အနားသတ်ဘောင် ဆိုတာတွေက ရုတ်တရက်ကြည့်ရင် ရှုပ်ထွေး နေတာမျိုးပေါ့….၊ နားလည်သွားချိန်မှာတော့ အရာရာဟာ သူ့နေရာနဲ့သူ ရှိနေတယ်ဆိုတာ ကျနော်တို့ မြင်ရလေ့ ရှိပါတယ်…။

ကျနော် ၁၀ တန်းအောင်ပြီးတဲ့ တရက်မှာ ရွှေဘုံသာလမ်းထဲက မျက်မှန်ဆိုင်တဆိုင်ကို ညီမနဲ့အတူ လိုက်သွားဖြစ်တယ်၊ ညီမလေးက ခေါင်းမူးမူး နေတတ်တာနဲ့ မျက်စိစမ်းရအောင် သွားတာပါ၊ အဲဒီမှာ ကျနော်လည်း ခရီးသွားဟန်လွှဲ ဝင်စမ်းကြည့်တော့ ကျနော့်မျက်စိက astigmatism နည်းနည်းရှိနေတာ သွားတွေ့တယ်၊ မျက်စိသူငယ်အိမ် စောင်းတယ်လို့ ခေါ်မလားပဲ...၊ အဲဒါကို ပြန်တည့်ပေးထားတဲ့ မျက်မှန်တပ်မယ်ဆိုရင် မျက်စိက focus ဖြတ်ရတာ ပိုပြီး ကြည်လင်တိကျမယ်ပေါ့၊ ဒါနဲ့ ကျနော်လည်း မျက်မှန်တလက် လုပ်ဖြစ်လိုက်ပါတယ်၊ အဝေးမှုန်လည်း မဟုတ်၊ အနီးမှုန်လည်း မဟုတ်တဲ့ ကျနော့်မျက်လုံးတွေက မျက်မှန်မပါဘဲလည်း ကားမောင်း၊ စာဖတ်၊ ကွန်ပြူတာသုံး စတာတွေ အားလုံးကို လုပ်နိုင်ပေမယ့် မျက်မှန်လေး တဆင့်ခံထားရင် မြင်ကွင်းတွေက ပိုရှင်းပါတယ်၊ ဒီလိုနဲ့ ကျနော့်မျက်လုံးတွေကို ဘောင်ခတ်ထားမယ့် အရာတခုဟာ မျက်နှာပေါ်ကို ရောက်လာခဲ့တယ် ဆိုပါတော့...၊

ဒီနိုင်ငံကို ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာပြည်ကို ပြန်တော့ ရောက်တုန်းရောက်ခိုက် ဆိုပြီး မျက်စိပြန် စမ်းကြည့်မိတယ်၊ ဘာမှ အတိုးအလျော့ မရှိဘဲ အရင်အတိုင်းပဲ၊ ဒါနဲ့ မြန်မာပြည်မှာ မျက်မှန်တွေက ပိုပေါပါတယ်လေ ဆိုပြီး နောက်ထပ် ၃ လက် လုပ်လာခဲ့တယ်၊ နောက်ပိုင်းနှစ်တွေမှာတော့ ၂ နှစ်တခါ၊ ၃ နှစ်တခါ ဆိုသလို ဒီနိုင်ငံမှာပဲ မျက်စိစမ်းဖြစ်ပါတယ်၊ စမ်းတိုင်းလည်း ဟိုးအရင် ၂၂ နှစ်ကအတိုင်း မျက်စိက ဘာမှမပြောင်းလဲပါဘူး၊ ဒီ stigmatism နဲ့ ဒီ correction အတိုင်း...၊ အဲ... ပြောင်းလဲတာကတော့ မျက်မှန်ကိုင်းတွေပါ၊ ကျနော်က မျက်စိတခါစမ်းတိုင်း မျက်မှန်တလက် ဝယ်ဖြစ်သွားတာက များတာကိုး၊ ဒီလိုနဲ့ ကျနော့်မျက်လုံးတွေက astigmatism အပေါ် သစ္စာရှိပေမယ့် မျက်မှန်တွေ ထည်လဲနဲ့ ဖြစ်လာခဲ့တယ်၊ တခါမှာတော့ အိမ်ကိုလာလည်တဲ့ ညီမတယောက်နဲ့ မျက်မှန်တွေအကြောင်း စကားစပ်မိရင်း ကျနော့်မျက်မှန်တွေအကြောင်း သူသိသွားခဲ့တယ်၊ အဲဒီအခါ ကျနော့်ကို ပြုံးစိစိနဲ့ ကြည့်ရင်း အစ်ကိုက မျက်မှန်တွေ အများကြီးနဲ့ ပဲများနေတာ အခုမှပဲ သိတော့တယ်-လို့ စ,သွား ခဲ့တယ်၊ အခု ဖေ့စ်ဘွတ်ခ်က B&W Challenge အတွက် ဓာတ်ပုံရိုက်ဖို့ စဉ်းစားတဲ့အခါ လွန်ခဲ့တဲ့ ၂၂ နှစ်တာ ကာလကတည်းက ကျနော့်မျက်လုံးတွေ အရှေ့မှာ ရှိနေခဲ့တဲ့ အမျိုးမျိုးသော ဘောင်တွေကို ကင်မရာရဲ့ ချောင်းကြည့်ပေါက်လေးက တဆင့် ကြည့်ဖြစ်သွားခဲ့ ပါတယ်...။


ညီလင်းသစ်
၂၇ နိုဝင်ဘာ၊ ၂၀၁၄